တေးထပ်၏အစ တည်ပိုဒ် လေ့ကျင့်လိုက
(အခြေခံ တေးထပ် လေ့ကျင့်ဖို့)
=> အမှန်ကား တေးထပ်ကဗျာ အနည်းဆုံး သုံးလေးပုဒ်ခန့် အာဂုံဆောင်ထားရန်ဖြစ်သည်။
ဤစာကား တေးထပ်ကို အစပျိုးစေလို၍သာ ဖြစ်ပါသည်။ စတင်သူများ လေ့ကျင့်ရုံ အတွက်သာ။
=> (တက်၊ခံ၊အုပ်) တချိုးစီအတွက်-
အချိုးစပ်နည်း ဖြစ်၍ တချိုးစီတွင် ရှေ့နောက်ပါဒအဆုံးတို့၌ လေလျော့နှင့် လေပြင်း လွှဲ၍လွှဲ၍ (အသံနိမ့်မြင့်) စပ်ရသည်။
တချိုး၏ တဝက် ဖြစ်သည့် တပါဒ (ပုဒ်ထီးတခုခံ စာတကြောင်း) စီတွင်လည်း အသံကို လေလျော့ လေပြင်း တဝက်စီထားသည်။
ထို လျော့/ပြင်း တွက်ရာ၌ ဝိဘတ်နှင့် ပဒလင်္ကာရ မပါရချေ။
~~~~~
***တို့ဌာနီ- ခင်လေးမောင်***
ရွှေမန်းမြေ ဌာနက
စာသ,လို့ ဆွေမောင်မယ်
ပင့်ဖိတ်လိုက်တယ်။ ။
သာမျိုးငယ် ကြွယ်
ထယ်ဝါတဲ့ မြို့ကြီး။ ။
တံတိုင်း နီကြန်ကြန်နဲ့
ရေကျုံး ကာအရံနဲ့
ခါယမန် အာဏစိုးလို့ရယ်
မိုးခဲ့ ရွှေထီး။ ။
မျှော်လေရာ ရပ်တိုင်းဖြင့်
စံနန်းမြင့် ရဝေဆောင်
ဝင်းခဲ့ ယခေါင်။ ။
ဘုန်းတန်ခိုးရောင်
မပြောင်တော့ မှိန်မှေး။ ။
လဲ့ဝင်းတွေ သည်အခါဖြင့်
`တို့မင်းဆွေ ဘယ်ဆီမှာတဲ့'
လွမ်းဖွယ့် ဟိုရှေး။ ။
အရှေ့ဆီ ခပ်ယွန်းက
မြူသန်းလို့ ရီပြာပြာ
မန်းမြသေလာ။ ။
သုံးလူ့ဆရာ
ရွှေကြာနှုတ် ကြူမွှေး။ ။
တန်ဆောင်း အသွယ်သွယ်နဲ့
ဘုရား အလှယ်လှယ်မို့
အသက်ကယ် ရှည်ချင်စမ်းရင်
လှမ်းခဲ့ကြလေး။ ။
(ခင်လေးမောင်- ဂန္ထလောက)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တြိချိုး သုံးပုဒ်ဖြစ်သည်။ တေးထပ် သုံးပုဒ်၏ (အစ-အချိုးသုံးချိုး) အစတည်ပိုဒ်များအဖြစ် ကာရန်တူ ပြောင်းကြည့်ပါစို့။
(၁) အထက်ကဗျာ-
ရွှေမန်းမြေ ဌာနက
စာသ,လို့ ဆွေမောင်မယ်
ပင့်ဖိတ်လိုက်တယ်။ ။
သာမျိုးငယ် ကြွယ်
ထယ်ဝါတဲ့ မြို့ကြီး။ ။
တံတိုင်း နီကြန်ကြန်နဲ့
ရေကျုံး ကာအရံနဲ့
ခါယမန် အာဏစိုးလို့ရယ်
မိုးခဲ့ ရွှေထီး။ ။
-> တေးထပ်ရိုး၏ အထက်သုံးချိုးပါ တည်ပိုဒ်အဖြစ်-
ရွှေမန်းမြေ ဌာန(ရယ်က)၊
စာစီသ ဆွေမောင်မယ်၊
ပင့်လာကြ သာမျိုးကြွယ်(ငယ်)၊
ခံ့ဝါထည် မြို့ကြီး။
တံတိုင်းက နီကြန်ကြန်(ကွယ်)၊
ရေကျုံးရံ အာဏာရွှေထီး။ ။
(အခြားနည်းလည်း ရပါသေးသည်။)
~~~~~~~~~~
(၂)
မျှော်လေရာ ရပ်တိုင်းဖြင့်
စံနန်းမြင့် ရဝေဆောင်
ဝင်းခဲ့ ယခေါင်။ ။
ဘုန်းတန်ခိုးရောင်
မပြောင်တော့ မှိန်မှေး။ ။
လဲ့ဝင်းတွေ သည်အခါဖြင့်
`တို့မင်းဆွေ ဘယ်ဆီမှာတဲ့'
လွမ်းဖွယ့် ဟိုရှေး။ ။
-> အတွန့်ပါ တေးထပ်ရိုး၏ တည်ပိုဒ်အဖြစ်-
မျှော်လေရာ ရပ်တိုင်းဖြင့်၊
စံနှိုင်းမြင့် ရဝေခေါင်၊
ဝင်းယခင့် တန်ခိုးရောင်ငယ်
မပြောင်တော့ မှိန်မှေး။
လဲ့ထွေဝင်း သည်အခါ၊
တို့ဆွေမင်း ဘယ်ဆီမှာ၊
လွမ်းဖွယ်ရာ ထိုစဉ်ဟိုရှေး။ ။
~~~~~~~~~
=> လေ့ကျင့်ဖို့-
(၃)
အရှေ့ဆီ ခပ်ယွန်းက
မြူသန်းလို့ ရီပြာပြာ
မန်းမြသေလာ။ ။
သုံးလူ့ဆရာ
ရွှေကြာနှုတ် ကြူမွှေး။ ။
တန်ဆောင်း အသွယ်သွယ်နဲ့
ဘုရား အလှယ်လှယ်မို့
အသက်ကယ် ရှည်ချင်စမ်းရင်
လှမ်းခဲ့ကြလေး။ ။ (သေး)
(တေးထပ် အစတွင် `သေး' စသည် သုံးရန်။)
(`လေး' သည် တေးထပ်တွင် ကဗျာအဆုံး သုတ္တံကာရန်သာ ဖြစ်သည်။)
~~~~~~~~~~~~~~~~~~~~~
=> လေ့ကျင့်ဖို့-
***ပိတောက်မယ်- ဇော်ဂျီ***
ရွှေအိုးစည် စလွယ်သိုင်းနဲ့
ဘယ်ကိုင်းလို့ ညာကိုယိုင်
ဗောင်းစ,ကမြိုင်။ ။
သိကြားကိုပြိုင်
မော်နိုင်မဲ့ မောင်ထွေး။ ။
လက်သီးကို တင်ရုံနဲ့
ကိုရင့်ဗုံ အိုးစည်ကြီးရယ်
ဟည်း လှတယ်လေး။ ။
ဟည်းမှာပေါ့ ပျိုလေးဆွေ။ ။
ပိတောက်ဝါ ပျို့နဖူးမှာ
ထူးတဲ့လို့ ဝေ။ ။
ချို ပလေ
အို… မေရဲ့ မျက်နှာပေး။ ။
မြစိမ်း ဆင်ထဘီနဲ့
သီကရီ ရွာဝင်ဝမှာ
မင်း လှလို့လေး။ ။
(ဇော်ဂျီ)
(တချို့အတွက် လိုအပ်မယ် ထင်လို့ပါ)
***အခြေခံ ကဗျာရေးနည်း (၂၀)***
(သံချို လေးချိုး)
လေးချိုးကဲ့သို့ ပိုဒ်ဆက်- ကာရန်ပြန်နှင့် ခွာထောက်ကာရန်သုံးပြီး အချိုးလေးချိုးဖြင့် စာကြောင်းကို အလိုရှိသရွှေ့ စပ်ကြသည်။
စာတကြောင်း (တပါဒ)စီတွင် ပေါ်လွင်သောအသံ အက္ခရာ ၅/၆ လုံး အထားများသည်။
စာတကြောင်းစီတွင် အသံလေးပါးထဲမှ နှစ်ခုကို ရှေ့နောက် နှစ်ပိုင်းခွဲပြီး သုံးရာ၌ ရှေ့စာကြောင်း၏ နောက်ပိုင်းအသံကို နောက်စာကြောင်း၏ ရှေ့ပိုင်းအသံနှင့် ကာရန်စပ်စေရသည်။
အတွန့်အကွန့် စာပိုဒ်များကို လေးချိုးကြီးများ၏ အတွန့်အကွန့်များကဲ့သို့ အလွန် မများစေဘဲ ချိုသာသောအသံ ဖြစ်အောင် စပ်ပါသည်။
=> နမုနာ သံချိုလေးချိုးများ-
(မန်လည်ဆရာတော်နှင့် ဦးကျော်လှ၏ သံချို)
***ဥပုသ်ကို အိပ်လို့သုံးသော်လည်း***
လူ့မသမာ ဝါသနာဆိုးဟာကြောင့်
လူ့ဗလချာ ဗာလာမျိုးငယ်တို့
ရိုးမမှန် တကဏ္ဍငယ်နှင့်
ကျမ်းလာဟန် စာသံချပါလို့
တံငါကို ပမာပြပါတဲ့
ပွဲသီလ အခန်းမှာ။ ။
ဆိုသာဆို မှန်မဟုတ်လေဘူး
ဥပုသ်ကို ဧကန်စောင့်ခဲ့ရင်
စိတ်မစင်ကြယ် တကယ်ပဲ မဖြောင့်သော်လည်း
တအောင့်ငယ် တခါသာပ
မျိုးသမ္မာ ယူမနောတို့မှာ
သေအောင်ဟာ ဘယ်သူစောရှာလိမ့်
သည်ဇောလို မိစ္ဆာများသော်မှ
အပါယ်သို့ တကယ်လားရအောင်
မှားနိုင်ဖို့ရာ။ ။
တံငါသည် နတ်ပြည်သွားငယ်နှင့်
တရားနာ အပါယ်ငုပ်သည်ဟု
ဥပုသ်ကို မပါကျန်သည့်ပြင်
ပါပကံ သဒ္ဒါပြန် တဖန်တက်လို့မို့
မသမာဉာဏ် ဂရာဟာသံ ကြံအနက်ကယ်နှင့်
မိစ္ဆာမှာ ဣဿာဖက်ပြန်ခဲ့
မှားစွက်လို့ အပြစ်ရှာ
ညစ်ရာမှာ ညွန်လူး။ ။
သည်စာဆို ပါယ်ဆင်းသူ အဖော်လိုလို့
ပွဲကြည့်ကို လာစေကြောင်းငယ်နှင့်
မကောင်းဉာဏ် ဝက်ဘီလူးကဲ့သို့
အရူးလို တဉာဏ်ရှာမှ
တံငါကို ပမာပြသော်လည်း
လိမ္မာသူ မယူကြလေနှင့်
သီလသည် ပါယ်မကျပါဘူး
မစားရ အမဲဟာကို
သဲဆုပ်ကာ ပစ်လို့ကြဲသည့်နှယ်
ယူလွဲအောင် သည်စာထုတ်ခဲ့
ဥပုသ်သည် ရွယ်ပျိုအိုတို့မှာ
ဥပုသ်ကို အိပ်လို့သုံးသော်လည်း
ယုတ်ဆုံးစွန် နတ်ရွာပို့ပါသတဲ့
မိတ္တဝိန် ဆိုသူတို့လိုပဲကွယ်
လွဲဖို့ရှိဘူး။ ။
(သံချို- မန်လည်ဆရာတော်ဘုရားကြီး)
(ဦးကျော်လှ၏ သံချို အမှားကို ဖြေသည့်ကဗျာ။)
(မင်းသုဝဏ်)
***ရွှေချိုးဖြူ (သံချို)- မင်းသုဝဏ်***
အစ်ကိုရယ် ကျွန်တော်ပျင်းပါဘိ
သီချင်း ကြူကြူသီလို့
ချစ်ညီကို ပျော်တော်ဆက်ပါတဲ့
မှတ်ချက် နားဝင်ချိုလှ
စာဆိုမောင် ဟုတ်ကဲ့ဗျားသာပ
ထားခဲ့မိ ကတိဝန်။ ။
သီမည် ပြုပြန်တော့
ပုလု ငယ်ရွယ်က
ဘဒွေးထယ် သူ့လယ်တဲမှာပေါ့
တိုင့်အကွယ် ချိုင့်ငယ်နဲ့ဆွဲပါတဲ့
ဖော်ကွဲသူ ချိုးဖြူကလေးကိုလှ
မေးတော့ခါ ပြန်စကားကို
ကြားမိ ဖန်ဖန်။ ။
ချိုးဖြူရယ် မကူတိတ်တော့မလား
တဆိတ် အသင်မြည်တော့
စိတ်အကြည် ကျွန့်နှလုံးမှာလ
ရွှင်ပြုံး ချိုသာလို့
ညိုစရာ ဘာမတွေ့လေဘု
မြိုင်ဓလေ့ အစဉ်တမ်းရယ်နဲ့
ကူစမ်းဗျ ရွှေချိုးမွန်
ကျွန်ပန်တော့ သူပြော။ ။
ခိုင်းပါနဲ့ မောင်
ငယ်ခိုက် ဟိုယခေါင်က
လျှိုမြောင်မှာ အတူတွဲပါလို့
ချစ်ခဲ ဆွေကြင်ဖော်နဲ့
တကြော်ကြော် ကူမဆုံးပါဘု
မောင်ပြုံးလျှင် မယ်ရွှင်တဲ့
တိတ်ယခင် မြင်ယောင်လှသော်ကြောင့်
တေးဆိုလျှင် ဆွေးပိုရပါဘိ
တမ်းတ စိတ်စော။ ။
(သံချိုလေးချိုး- မင်းသုဝဏ်)
***ဘဝကြားက ကဗျာ- တင်မိုး***
ကဗျာကို ဘယ်လိုရေးရပါ့
အတွေးဟာ အရင်လာ၍
အလင်္ကာ နောက်မှသ ရင်လ
လှလေလိမ့် ထင်မိတယ်။ ။
အဘိဓာန် အထွေထွေက
စကားတွေ အခန့်သားကိုလ
ကြွားရအောင် တမင်ယူ၍
ကျမ်းဆူဆူ ကြေတကောရယ်လို့
ဂုဏ် ဒေါသာ ဝိဘာဂတွေနဲ့
သုတဉာဏ် ကိုယ်ထင်ပြချင်လို့
ဆင်သ,တယ် ထိုအခါတော့
ချိုကဗျာ ပျောက်ကာပြေး
မှေးမှိန်လိမ့်မယ်။ ။
စိတ်ဖြူရင် အယူဖြောင့်ပေလိမ့်
အမှောင့်လို ထိုအကြွားကိုတော့
စာနားမှာ မသီစေနှင့်
ဤမြေမှာ လူအများရယ်နှင့်
သွေးသားနှယ် တခင်ခင်ပေါ့
ပတ်ဝန်းကျင် လူမှုရေးဆီသို့
အတွေးကို တမန်စေလိုက်ပါ့
ဉာဏ်အခြွေ အကြံပွင့်ပါလို့
ရင့်ပါလိမ့် အတွေးနယ်
ကြွယ်ပါလိမ့် စာစကား။ ။
တေးဆိုမည့် ကြံ
ဂိုဏ်းဂုဏ်တွေ မှန်မမှန်နဲ့
စာပေတံ အသာချပါလို့
ဘဝမှာ ပျော်ပျော်ဝင်လိုက်ပါ့
သည်အမြင် သည်အကြား
သည်အမှား သည်အမှန်လို့
အမြင်သန် ဉာဏ်သဘောတွေနဲ့
လူတောမှာ အခြေတည်ခဲ့
မှန်သည်ကို ကိုယ်လိုလား
မှားသည်ကို ကိုယ်မလိုတဲ့
စိတ်ဆိုရာ ကဗျာတပုဒ်ပါပဲ
စာအုပ်တွေ တလှန်လှန်
ကာရန်တွေ တလွှားလွှား
အကြွားတွေ တလူလူ
သည်အယူ စွန့်ကာပစ်ရင်လ
တေးကဗျာ တကယ်သစ်ပေလိမ့်
လှစ်ဖွဲ့ကုန် တကား။ ။
(သံချိုလေးချိုး- တင်မိုး)
***အခြေခံ ကဗျာရေးနည်း (၂၁)***
(လွမ်းချင်း အကြောင်း)
အချိုးနှစ်ချိုး ထားရသည်။ အချိုးတခုစီ၏ အဆုံးတို့ကို `လေး' ဟုသာ ဆုံးစေရမည်။
ပိုဒ်တွင်း ကာရန် စပ်ဟပ်ပုံများမှ သံချိုလေးချိုး၏ အောက်နှစ်ချိုးနှင့် အတူတူဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~
[{ (ရှေ့က ပြပြီးဖြစ်သော)
သံချိုလေးချိုး၏ ပိုဒ်တွင်းအစပ်-
စာတကြောင်း (တပါဒ)စီတွင် ပေါ်လွင်သောအသံ အက္ခရာ ၅/၆ လုံး အထားများသည်။
စာတကြောင်းစီတွင် အသံလေးပါးထဲမှ နှစ်ခုကို ရှေ့နောက် နှစ်ပိုင်းခွဲပြီး သုံးရာ၌ ရှေ့စာကြောင်း၏ နောက်ပိုင်းအသံကို နောက်စာကြောင်း၏ ရှေ့ပိုင်းအသံနှင့် ကာရန်စပ်စေရသည်။
အတွန့်အကွန့် စာပိုဒ်များကို လေးချိုးကြီးများ၏ အတွန့်အကွန့်များကဲ့သို့ အလွန် မများစေဘဲ ချိုသာသောအသံ ဖြစ်အောင် စပ်ပါသည်။}]
~~~~~~~~~~~~~~~~~~~~~~
=> နမူနာ လွမ်းချင်း အချို့-
-> လှိုင်ထိပ်ခေါင်တင်
***ဖမ်းပါ့ဖေ-လှိုင်ထိပ်ခေါင်တင်***
ခိုင်အနန်းငယ်နှင့်
ကြိုင်လန်းငယ် ဝတ်ရည်
မြိုင်ခန်းငယ် စည်သည်
ခါတော်မီ တာသင်္ကြန်မှာ
ရွှေလျှံညှာ ရင့်ပြောင်းတယ်လေး။ ။
ရှုတိုင်းသာ
လင်းပြာ သန့်စင်
သိုက်မြုံဝင်လို့
ကျူးယင်ကြော်ငြာ
ရွှေဥသြတို့ ဖော်နှောကာနှင့်
ခရာတဲ့ ကျေးငယ်ကို
ရွှေချိုင့်ဝယ် သည်မယ်မွေးချင်လှ
ဖမ်းပါ့ဖေ ဟန်မနှေးပါနှင့်
ပြေးရော့မယ်လေး။ ။
(လွမ်းချင်း-လှိုင်ထိပ်ခေါင်တင်)
-> ဦးကြီး
***အညာဖွဲ့ တောဓလေ့ လွမ်းချင်းများ***
(ဦးကြီး)
ရွာအရှေ့မှာလ
ဓလေ့ငယ် ဘာသာ
ကောက်စိုက်တဲ့လာ
ချည်ဗလာ မဲပြာပိန်းရယ်နဲ့
အောက်သိမ်းလို့ ခပ်တိုတို
ထဘီကို ရေမရွှဲအောင်ပ
ဝဲပေါက်သည့် သလုံးညိုကို
ပိုကရို လှမ်းတော့သည်လေး။ ။
သနပ်ခါး တကွက်
ရွှံ့တစက်နှင့်
နှုတ်ထွက်တဲ့ သံညီ
စိုက်လယ်ကွင်းဆီက
သီချင်းသံ သီတော့
သူကြီးညီ မြတ်သာဒွန်းရယ်က
ပလွေကို သံချိုမွှမ်းလို့ရယ်
ခွန်းစတယ်လေး။ ။
~~~~~~~~~~~~~~~~
လေပြေငယ် သုတ်ပါလို့
ရွှေဘုတ်ကယ် အိုးအီ
အုံ့မှိုင်းငယ်ရီသည်
နေမှီအောင် တဖော်လှမ်းခဲ့ရ
ကောက်ငန်းက သူပြန်ပုံမှာ
ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့်
ပန်းဝင့်လို့ ရွာကိုဝင်
အမြင် ဆန်းပါဘိတယ်လေး။ ။
ညချမ်းရယ် နေရီ
ချိန်တော်မီ ကေသီပန်းနှင့်
ရေခပ်လမ်းမှာ စခန်းသင့်လို့
ထက်ဆင့်ငယ်မှ နီရောင်
ချည်စိမ်းပေါင်နှင့်
ယဉ်အောင်တောသူ
သနပ်ခါးကိုလှ ကွက်ပါးမှာကူပြီးလျှင်
အမူကြီး ကမ်းကုန်ကို
ဘယ်မြို့ပုံ သာချင်သောရယ်လို့
ပြောကြမယ်လေး။ ။
~~~~~~~~~~~~~~~
ပျော်ပုံက သစ်သနှင့်
ငယ်ချစ်ကယ် လိုက်ခဲ့တော့
အကြိုက်ကတဲ့ တို့တောရွာမှာ
မိုးအကာ ပင်မြင့်ထက်ဆီက
ထန်းရွက်နှင့် ဆင်သည့်အိမ်
ခြုံတင်းတိမ် နွားရေခင်းလို့
ညဉ့်တွင်းကို ပလွေကျော်နှင့်
ဖျော်ပမယ်လေး။ ။
ကိုက်ဖူးငယ် ညွန့်စီ
ချဉ်ပေါင်နီကို
ရာသီဓလေ့
ပုစွန်လုံးကို ခွံဖုံးထေ့လို့
ဓလေ့ငယ် တဆင်
လယ်ကြွက်ကင်နှင့်
တို့ခွင့်ဖရုံ အချိုချက်
ဟင်းဖက်စုံလှ
မင်းပုံထည်ထည်
နေစာပျို့ အစ်ကိုကိုတည်ပမယ်
ဆောင်းနှယ် ဝင့်သည့်ချိန်ကို
ယစ်စည်းစိမ် အဆီဖိန်းလို့
မှိန်းစေ့မယ်လေး။ ။
~~~~~~~~~~~~~~~
မလွမ်းရော့သော်ကော့
ကျွန်းမော့မော့ မြောက်ခွင်
မူးရေယဉ် လက်ယာစီးငယ်နှင့်
မောင်ကြီးတို့ ပျော်တဲ့ရွာ
မြောက်ညာနှင့် တောင်စွယ်လက်ကယ်က
အင်းနှစ်ဖက် ကာတယ်လေး။ ။
တခေါက်ကယ် လမ်းကြုံ
ရွာသဘောကို ပြောမယုံ
ကြုံရင်ဝင်ခဲ့ပါလ နော်အဝေး
နှမပြာဖြူ ရောက်တော်မူလျှင်
မပူချမ်းငြိမ်း အခြင်ရယ်မြေနီး
ထန်းရွက်ကယ် စီးပါတဲ့
မောင်ကြီးအိမ်မှာ
စည်းစိမ်ကိုခံ
ဟင်းချဉ်ပေါင်ဖက် ပြုတ်ဘူးရွက်နှင့်
ပိချက်ရေ ရံပြီးလျှင်
ဆန်ထမင်း ရဲကျော်ကို
ဝန်ကတော်ပုံလောက်ပြေးအောင်
ကျွေးမယ်ပလေး။ ။
~~~~~~~~~~~~~~
ခါတခေါက်
ရွာရောက်ကယ် လှမ်းခဲ့ပ
သာတမ်းနှင့် ရှိစေတော့
အမိတို့ တောရွာအိမ်
သည်ချိန်ကို ပဲစင်အောက်
လပျောက်ဗိုင်းငင်
ရွှေရင်အင်္ကျီသိုင်းလို့
တပိုင်းပေါ် ပိုကရိုနှင့်
အစ်ကိုကို ဗန်းပြလိုက်မယ်လေး။ ။
တဖက်ကယ် မှောင်ကာ
တခြမ်းဟာ နံ့သာလိမ်းကွက်
လရောင်ပြက်မှာ
အသက်ကယ် နှင်းဆောင်
နွားခွံခင်းတဲ့ တလင်းပြောင်မှာ
လရောင်မထင် လူခြေတိတ်ကိုမှ
ရွှေလိပ်ပြာ ရွှင်စေ့မယ်
ဦးရင်တို့ မြို့သူတို့
တို့တောမူ တယ်မကြမ်းပါဘု
ခြေရေကုန် လက်ဆန်ကမ်းချိန်မှ
ဖမ်းပမယ်လေး။ ။
~~~~~~~
အခြေငယ် ကြီးပါဘိ
ရုတ်သီးတောင့်ကိုင်
နှစ်ယောက်ကယ် ထိုင်
ယှဉ်လက်ပြိုင် ကျယ်စပြစ်နှင့်
ဖွယ်သစ်မြေအင်ရံလို့
ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်
ကြွက်နဖားရည်ကျို
အလို စားပုံတင့်ရန်ကော
ခေါင်းမင်း ဆယ်အိမ်ပေမို့
သရေသိန် ကြီးပါဘိတယ်လေး။ ။
စားသောက်ဖွယ်ရာ ပြီးသောအခါ
ချမ်းသာရိပ်ငြိမ်
အခြင်မြေသက်
ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင်
စည်းစိမ်ကြီးရင် ခြေလိမ်တင်လို့
ခုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ
မှောက်ချည်လှန်ချည်
အဆီရယ်ဖိန်း
မှိန်းတော့သည်နှင့်
မကြည်သန်းဝေ
ထည်မင်းပုံ နေပြီးလျှင်
နွားရေပြန့်ပေါ်မှာ
ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ
သူအိပ်တယ်လေး။ ။
~~~~~~~~~~~
ခါတလှည့်
လာခဲ့ပ ကျုပ်တို့ရွာ
ဝေးမကွာ
ပြေးလာလျှင် တာမထောက်ပါဘု
ရွာမြောက်က မန်ကျည်းပင်
ရွာဝင်မှာ ပင်စောင်ချမ်းငယ်နှငိ့
မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ
ကြောက်စရာ မျက်နှာထားပါလို့
ရွာသားတွေ အာဏာကြို့ရ
မင်းပြည်စိုး အိမ်အိုတောင်မှာ
အခေါင်စောက်နှင့် တဲကိုလေး။ ။
ဖျာမလွန် နွားခွံအခင်း
မြေတလင်းမှာ နေ့ခင်းပျော်အင်
လိမ်းကျောက်ပျဉ်နှင့်
ဗိုင်းငင်ဝါဖန်
အိမ်လုံးသာ ညံတော့
သန်းယံချိန်ကျော် သူငယ်ချင်းကိုလ
အပျင်းပြေ ဖျော်ရအောင်
လုံးတော်ပု ပြောင်းဆန်ကို
ပေါင်းလှန်အောင် အဖျော်ဟင်းငယ်နှင့်
ဦးရင်ရေမျိုကျဉ်းအောင်
သွင်းစေ့မယ်လေး။ ။
~~~~~~~~~~~
ခါတလှည့်
လာခဲ့ပ ကျုပ်တို့ဆီ
ရာသီရောက်ကပေါ့
ဖားကင်ခြောက် ကျပ်တင်ဟာကို
ငရုပ်ဝါ စပ်တူထောင်းပါလို့
ဧည့်ကောင်းဖို့ တမင်ဆော်
တို့ကြီးတော် နွေကလှန်းပါတဲ့
ခရမ်းခြောက်ကျိုပုံးရည်
တူနှစ်မည် ဆင်တဲ့ဟင်း
ထမင်း ပုသိမ်ဆင်နှင့်
ကိုရင် ကျွေးချင်လှတယ်လေး။ ။
ပဲနောက်နှင့် ပြောင်းဆန်
ကောက်သားငယ်ရံ
ဝေဖန်နှောယှက် ရောကာချက်လို့
ပြောဖက်ကယ် မမြင်
သြဇာပြွမ်းတဲ့ သုံးလွန်းတင်ကို
ခင်မင်ဖွယ်ရာ သည်ချိန်ကို လာခဲ့ပ
တောရွာသူ ခံ့ပုံကို
အသားကုန် လက်ပြိုင်ဆွဲလို့
နွဲစေ့မယ်လေး။ ။
~~~~~~~~~~~~
မိုးမသောက်ခင်က
ခလောက်ကယ် ဂျောင်ဂျင်
လုပ်ငန်းငယ် ပြင်သည်
ချောင်းရေယဉ် သွင်သွင်စီးပါလို့
ကောက်ကြီးစပါးနှံက
သန်လှတယ်လေး။ ။
သို့အရာမူ
တို့ရွာစရိုက်
ချွေးပြိုက်ပြိုက်ကယ်နှင့်
ကောက်စိုက်မ ဟန်
ထမခံမြေလုပ် အင်စောင်းတုတ်လို့
ဆူးပုတ်ကယ် ရွက်ညို
ဆီ မခတ်သော်လည်း
တလပ်ကယ် ချိုလှတယ်
မင်းပျိုတို့ ခုချိန်ခါကို
စားစရာ ဝါမပြောပါဘူး
ပေါလှတယ်လေး။ ။
(ဦးကြီး)
***ပျို့ဦးရင် အပြန်ခက်ရှာလိမ့်***
သပြေက သီးသနှင့်
ရေကြီးငယ် ဘောင်ဘင်
ထွန်ရေးငယ် ငင်သည်
ပျို့ဦးရင် အပြန်ခက်ရှာလိမ့်
တဖက်က ချောင်းကာသည်
ရွှေညာမှာ ညိုတဲ့မိုးငယ်မို့
ပျိုစိုးတယ်လေး။ ။
ခါးမင်ကြောင်ငယ်
ရွှေသျှောင် ဗယ်ဝှေ့
အမယ်လေး ဆိုတုန်းက
ပျိုပုန်းလို့ တွေ့သူမို့
တနေ့သာသာ တညဉ့်ကွာမူ
ဗျာပါသည်းနှင် တနှစ်ထင်လို့
မရွှင်တ, မျှော်
ရေရှင်တားလို့ ရက်အားပုံ ပေါ်လှချည့်
ချောင်းကျော်တဲ့ လယ်နှယ်ကို
ကိုယ်တာတွယ် မစုံမက်သာဘု
တောတက် ဖေလေး။ ။
~~~~~
***ဆယ်အိမ်မင်း စည်းစိမ်***
စည်းစိမ်ငယ် ကြီးပါဘိ
ရုတ်သီးတောင့် ကိုင်
နှစ်ယောက်ကယ် ထိုင်
ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့်
ဖွယ်သစ် မြေအင်ရံလို့
ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်
ကြွက်နဖား ပုန်းရည်ကျိုသည်
အလိုဗျာ… စားပုံတင့်ပါဘိ
ခေါင်းမင့် ဆယ်အိမ်ပေမို့
အခြေကြီးလှတောင်း ကိုလေး။ ။
စားသောက်ဖွယ်ရာ
ပြီးသောခါဝယ်
ရသာချမ်းငြိမ် အခြင်မြေသက်
ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင်
စည်းစိမ်ကြီးရင် ခြေတင်လိမ်လို့
ခုတင် ကြမ်းပေါက်
သုံးချောင်းထောက်မှာ
ူမှောက်ချည်လှန်ချည် အဆီရယ်ဖိန်း
မှိန်းတဲ့ချည်နှင့်
မကြည် သမ်းဝေ
ထည်မင်းပုံ နေလိုက်တာ
နွားရေပြန့် အပေါ်မှာ
ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ
သူ အိပ်တယ်လေး။ ။
(ဦးကြီး)
~~~~~~~~~~~~~~~~~~
-> ဖိုးတောင်သူ ပျော်ရာရပ်ပေထင့်-
ပင်ခံစပ်ကယ်နှင့်
ဒဟတ်ကယ် ကွင်းမြောင်
ယုန်ပိုက်ငယ် ထောင်သည်
ဖိုးတောင်သူ ပျော်ရာရပ်ပေထင့်
ပတတ်ညို ကြင်ဖော်ရှာလို့
ကျစ်စာစားတဲ့ လပေလေး။ ။
ဂျိုးဂြိမ့်သံငယ်
မိုးသံတလိုက် လေတပြိုက်ကယ်နှင့်
မှိုင်းဝိုက်ကယ် ရီမှုန်
စည် မုရိုးငယ်နှင့်
ငွေမိုးတွေ အုံတော့
နယုန်လ ချိန်နယ်မှာ
လူသူငယ် ရွှေထောင်ချောက်ကယ်နှင့်
တောခြောက်တယ်လေး။ ။
(အမည်မသိစာဆို- ရှေးရေး လွမ်းချင်း)
-> အစပ်နဘေ ရှစ်ပါးမှ ခြင်္သေ့လည်ပြန်စပ်နည်းကို အများဆုံး သုံးကြ၏။
(ဦးကြီး၏ ကဗျာများနှင့် စပ်၍-
ရှေးကဗျာ အများစု ခေါင်းစဉ် မရှိပါ။ ကဗျာတပုဒ်ကို ဖတ်ရာ၌ စာဖတ်သူက ရသခံစားရာတွင် လွတ်လပ်စွာ ခံစားခွင့် ရှိ၏။
ကဗျာကို ဖတ်ခံစားရာ၌ စာအလိုက်ကိုသာမက နိမိတ်ပုံတို့ကိုလည်း ခံစားလို့ရသမျှ ခံစားကြည့်သင့်၏။ ရေးသူ၏ အလိုအကျ မဖြစ်လျှင်လည်း အရေးမကြီးပါ။
ကဗျာတို့တွင် နိမိတ်ပြတို့ ရှိ၏။ ကဗျာပါ နိမိတ်ပုံများကို တွက်ယူပါရန်။ ရှင်းပြရန် အဆင်မပြေပါ။
ဗယ်ဝှေ့့- ဗယ်စောင်းသည် ကာမနှင့်ဆိုင်၏။)
***လေးချိုးလတ်- ရေးပြပါဆိုလို့***
(လျှောက်ရေးထားတာပါ။)
ရှေးစာကဗျာ လေးချိုးလတ်ဆိုတော့
ပေးစာလွာ ရေးပျိုးတတ်စေလို့
ဝေးမျိုးရပ် ဆွေသဟာတွေကို
အိုကွယ်… ရှေးရိုးဟပ် ပါတဲ့ ဖြေသညာ။ ။
တချိုးစီမှာလ
စပျိုးသီ သုံးလေးထားပါလို့
ထုံးရေးသား သုံးချိုးကျန်မှာ
သုံးမှခွန်ပါ။ ။
အက္ခရာ ပ,တ-ချိုးမှာတော့
ဆဋ္ဌသာ ရကြမျိုးသာပ
အစ,ဒု-ချိုး သုံးခြောက်မှန်ပြင်
စတု-ချိုး သုံးလေးပြန်ကာ
ကုံးနောက်ဌာန် လယ်စာပိုဒ်တွေက
တည်ကာလိုက် အက္ခရာတွေ
စီလျက်ပါ စွဲခြောက်လုံး။ ။
ပိုဒ်ဆုံးငယ် သီ
လေးလုံးစီ ဒု,စတု မှန်လို့
တ-ချိုးခံ ကာရန်ပြန်နဲ့
ခွာထောက်ရံ စတု-ချိုးမှာပေါ့
ရေးမျိုး စံထုံး ရယ်မှ
အိုကွယ်… လေးချိုး မှန်ကုံး။ ။
~~~~~~~~~~~~~~~~~~~~
=> စာကြောင်းရေ-
တချိုးစီ၌ စာပိုဒ်ငယ်
-> ပ-ချိုးတွင် ၃/၄ ပိုဒ် အထားများသည်။
-> ကျန် သုံးချိုးတွင် ၃-ပိုဒ်မှ ၇-ပိုဒ် အထားများသည်။
=> အက္ခရာလုံးရေ-
-> ပ-ချိုးနှင့် တ-ချိုး၏ အပိုဒ်တိုင်းကို အက္ခရာခြောက်လုံး အထားများသည်။
-> ဒု-ချိုး၏ အစကို ၃/၆ လုံး ထားကြသည်။
-> စတု-ချိုး၏ အစပိုဒ်ငယ်၌ ၃/၄ လုံး ထားကြသည်။
-> ဒု-ချိုးနှင့် စတု-ချိုးတို့၏ အလယ်ပိုဒ်များကို ၆-လုံး ထားကြသည်။
-> ဒု-ချိုးနှင့် စတု-ချိုးတို့၏ အဆုံးကို ၄-လုံး ထားကြသည်။
****အခြေခံ ကဗျာရေးနည်း (၂၂)***
(ဂုဏ် ဆယ်ပါး- အကျဉ်း)
ကြည်လင် ယဉ်ငြား၊ နက်ထင်ရှား
တင်စား ချုံးချဲ့ပြီ။ ။
နှစ်သက် လေးပင်၊ ဂုဏ်ထူးဆင်
ချိုလွင် ချီချညီ။ ။
ကြည်လင် - ပသာဒဂုဏ်
ယဉ်ငြား - သုခုမာလတာဂုဏ်
အနက်ထင်ရှား - အတ္ထဗျတ္တိဂုဏ်
တင်စား - သမာဓိဂုဏ်
ချုံးချဲ့ - သြဇာဂုဏ်
နှစ်သက် - ကန္တိဂုဏ်
လေးပင် - သိလေသဂုဏ်
ဂုဏ်ထူးဆင် - ဥဒါရတာဂုဏ်
ချိုလွင် - မဓုရတာဂုဏ်
ချီချညီ - သမတာဂုဏ်
-> တနည်း-
၁။ ပသာဒဂုဏ် - ကြည်ညို ဖွယ်ရှိခြင်း
၂။ သြဇာဂုဏ် - သိပ်သည်းလေးနက်ခြင်း
၃။ မဓုရတာဂုဏ် - ချိုသာနာပျော်ဖွယ် ရှိခြင်း
၄။ သမ္မတာဂုဏ် - အသံညီမျှခြင်း
၅။ သုခုမမာလတာဂုဏ်- သိမ်မွေ့နူးညံ့ခြင်း
၆။ သိလေသဂုဏ် - ပြေပြစ်သောပုဒ်ရှိခြင်း
၇။ ဥဒါရတာဂုဏ် - လွန်ကဲသောဂုဏ်ရှိခြင်း
၈။ ကန္တိဂုဏ် - နှစ်သက်ဖွယ် ရှိုခြင်း
၉။ အတ္တဗျတ္တိဂုဏ် - အနက်ထင်ရှားခြင်း
၁၀။ သမာဓိဂုဏ် - တင်စားခြင်း
(အနက်ဖွင့်ပြပုံ ကျမ်းများ၌ အနည်းငယ်ကွဲ၏။)
~~~~~
၁။ စကားနီးစပ်၍ အနက်သိလွယ်သောပုဒ်များဖြင့် ရေးစပ်ထားသော အဖွဲ့မျိုးကို ပသာဓဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုသည်။
ဥပမာ-
ပရိက္ခရာ၊ ဥစ္စာအိမ်ထောင်
ကုန်အောင်ခြွေခြွေ၊ စွန့်ခဲ့ပေ၍
မနေလူရပ်၊ တောသို့ကပ်လည်း
(ပါရမီခန်း)
၂။ စကားလုံးများကို သိပ်သည်းကျစ်လစ်အောင် ပေါင်းစပ်၍ ရေးသားထားသော အဖွဲ့အကျဉ်းကို အကျယ်ချဲ့၍ အကျယ်ကို အကျဉ်းချုံး၍ ရေးသားသော အဖွဲ့မျိုးကို သြဇာဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုသည်။
အနက်- အတ္ထသြဇာ၊ သဒ္ဒါ-သဒ္ဒသြဇာ နှစ်မျိုးရ၏။
ဥပမာ-
သံဝိအစ၊
ဝဓလေးလီ၊ ဌာယီနှစ်ပါး
ပျက်ပွားတည်မှု၊ ကမ္ဘာပြုကို
အနုသန္ဓေ၊ ရွှန်းရွှန်းဝေစိမ့်၊…
(လောကဝိဓူမော်ကွန်း)
၃။ အသံတူဌာန်တူ အက္ခရာများ ပါသည့်ပုဒ်ကို များစွာအသုံးပြု၍ ရေးသားသောအဖွဲ့၊ အက္ခရာတူပုဒ်တို့ကို ထပ်ကာထပ်ကာ အသုံးပြု၍ ရေးသားသော အဖွဲ့မျိုးကို မဓုရတာဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။
ဤတွင်လည်း အသံတူနှင့် အက္ခရာတူ နှစ်မျိုးရ၏။
ဥပမာ-
နီလာပတ္တမြား၊ မြတ်ကိုးပါးလည်း
ဘုရားမြတ်မွန်၊ လာမည်မှန်ဟု
(ဂါထာခြောက်ဆယ်)
၄။ ပါဒတိုင်း၌ အသံနူးညံ့သော သိထိလအက္ခရာများ အညီအမျှထား၍ ဖြစ်စေ၊ အသံကြမ်းတမ်းသော ဓနိတအက္ခရာများ အညီအမျှထား၍ ဖြစ်စေ၊ သို့မဟုတ် နှစ်မျိုး အညီအမျှ စီထား၍ ဖြစ်စေ ရေးသားသော အဖွဲ့မျိုးကို သမတာဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။
၅။ အသံနူးညံ့သော သ်ထိလအက္ခရာ များများသုံး၍ အရွတ်အဆိုခက်သော ပုဒ်များ မပါအောင် ရေးသားသော အဖွဲ့မျိုးကို သုခုမာလတာဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။
၆။ ဌာန်ချင်းနီးသော အက္ခရာများ ပေါင်းစုထားသည့် ပုဒ်မျိုးဖြင့် ရေးသားလျက် ဓနိတအက္ခရာလည်း အနည်းငယ်ပါသော အဖွဲ့မျိုးကို သိလေသဂုဏ်နှင့် ပြည့်စုံသည်ဟု ခေါ်ရသည်။
(အထက် ၃-မျိုးမှာ ပါဠိဘာသာ အဖွဲ့များ၌သာ ထင်ရှားသည်။)
၇။ အလွန်အကျူး ထူးခြားလွန်ကဲခြင်းကို ရေးသားသော အဖွဲ့ကို ဥဒါရတာဂုဏ်နှင့် ပြည့်စုံသည်ဟု ခေါ်ရသည်။
ဥပမာ-
မုန်ညင်းစေ့တွင်း၊ ဝင်၍စင်္ကြံ
သွားစံပပ၊ နေလ ကိုင်မှီ…
(မဃဒေဝ)
၈။ အလွန်အမင်းချီးကျူးမှုကို လူအများ နှစ်သက်အောင် လောကပြောရိုး ပြောစဉ်ထက် မလွန်စေဘဲ ရေးသားသော အဖွဲ့ကို ကန္တိဂုဏ်နှင့် ပြည့်စုံသည်ဟု ခေါ်ရသည်။
ဥပမာ-
တက်ဘို့ဘဝဂ်၊ ကောင်းကင်ကက်ဖြင့်
ချင့်တွက် မနိုင်၊ ဉာဏ်မဏ္ဍိုင်ကို
(ပါရမီတော်ခန်း)
၉။ သဒ္ဒါအနက်အားဖြင့် ဖြည့်စွက်ရန် ဆွဲယူရန် မလိုအောင် ပြည့်စုံထင်ရှားစွာ ရေးသားသော အဖွဲ့ကို အတ္တဗျတ္တိဂုဏ်နှင့် ပြည့်စုံသည်ဟု ခေါ်ရသည်။
ဤ၌လည်း အတ္ထနှင့် သဒ္ဒ နှစ်မျိုးပင်ရ၏။
ဥပမာ-
အဆွေ၌မှာ၊ သက်တရာလျှင်
မနာမဖျား၊ မြင်လိုငြား၏
(မဟာသုတသောမပျို့)
၁၀။ လောကစည်းကမ်းနှင့် မဆန့်ကျင်အောင် တင်စား၍ ရေးသားသော အဖွဲ့ကို သမာဓိဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။
သုဗောဓာလင်္ကာရကျမ်း၌ သမာဓိဂုဏ်ကို တဖန် ခြောက်မျိုးရသည်ဟု ပြ၏။
(က) သက်ရှိသတ္တဝါတို့၏ သဘောကို သက်မဲ့အရာဝတ္ထု၌ တင်စားဆိုခြင်း။
(ခ) ပုံသဏ္ဌာန်ရှိသော ဝတ္ထုတို့၏ သဘောကို ပုံသဏ္ဌာန် မရှိသော အရာ၌ တင်စားခြင်း။
(ဂ) အရသာရှိသော ဝတ္ထု၏ သဘောကို အရသာမရှိသော ဝတ္ထု၌ တင်စားခြင်း။
(ဃ) အရည်၏သဘောကို အရည်မဟုတ်ရာ၌ တင်စားခြင်း။
(င) ပြုလုပ်တတ်သူ၏သဘောကို မပြုလုပ်တတ်သသော အရာ၌ တင်စားခြင်း။
(စ) အစိုင်အခဲဖြစ်သော ဝတ္ထု၏ သဘောကို အစိုင်အခဲ မဟုတ်သော အရာ၌ တင်စားခြင်း။
=> ဝါကျဒေါသ စသော ကဗျာအလင်္ကာဖျက် အပြစ်ဒေါသများ ရှင်းလင်းပြေလျှင်ပင် ဂုဏ်ဆယ်ပါးကို ထိုက်သလို ရလေသည်။
(ကိုး- စာအုပ်စုံ)
***အခြေခံ ကဗျာရေးနည်း (၂၃)***
- ပျို့ အကြောင်း -
လင်္ကာ ရတု စပ်နည်းများကဲ့သို့ အစပ်ခြောက်ပါးဖြင့် လေးလုံးတပါဒ ရေးစပ်သော လေးလုံးစပ် ကဗျာအမျိုးအစားဖြစ်သည်။
၁။ ဘုရားဟောတရားကို တိုက်ရိုက်မှီး၍ စီကုံးခြင်း၊
၂။ (ဘုရားဟော အနည်းငယ်မျှသာပါပြီး) ဘုရားဟော မဟုတ်သော ရှေးကျမ်းများကို မှီး၍ စီကုံးခြင်း၊
၃။ စာဆို၏ ပင်ကိုရေးပျို့-ဟူ၍
အကြမ်းအားဖြင့် ၃-မျိုး ခွဲခြားလေ့လာနိုင်သည်။
-> ဥပမာအားဖြင့် -
၁။
~ ရှင်မဟာသီလဝံသ၏ ဗောဓိနှစ်ပင်_
ဗောဓိညောင်ရွှေ၊ ဗုဒ္ဓဟေအောက်
ဆန်းကြယ်ပေါက်သား၊ ရောင်တောက်ပလ္လင်…
(ဆုတောင်းခန်းပျို့-ရှင်မဟာသီလဝံသ)
ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က
ချက်ရိုင်ပြည့်စုံ၊ နဝဂုဏ်တည့်…
(ပါရမီတော်ခန်းပျို့-ရှင်မဟာသီလဝံသ)၊
~ ရှင်အုန်းညို၏ ဗောဓိပင်_
မဟာဗုဒ္ဓဟေ၊ ဦးထိပ်ဗွေဟု
မြုတေထွတ်ခေါင်၊ မြရိပ်ဆောင်သား
ရွှေညောင်ပင်မင်း၊ ဗောဓိရင်းနှိုက်…
(ဂါထာခြောက်ဆယ်ပျို့-ရှင်အုန်းညို)
၂။
သကျာဝတ၊ ကုမာရဟု
သြဇသာကြည်၊ နှုတ်မွန်ရည်ကြောင့်…
(ဘုံခန်းပျို့)
ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့်
ဟိတတ္ထိက၊ သြဝါဒဖြင့်
ဆုံးမပေးထွေ၊ နားဝင်စေလော့…
(လောကသာရပျို့- ရခိုင်သူမြတ်/ကန်တော်မင်းကျောင်းဆရာတော်???)
၄။ သြဝါဒထူးပျို့၊ ဂမ္ဘီသာရပျို့၊ နန္ဒီသေနပျို့ …
စသည်တို့ ဖြစ်သည်။
~~~~~~~~~~~~~~~~~~~
(ပျို့ ဟူသည်- ကိုးခန်းပျို့ စကားညွှန်း)
ပျို့သည် လေးလုံးစပ် လင်္ကာတမျိုး ဖြစ်သည်။ လင်္ကာဟူသည် ပါဠိဘာသာ ``အလင်္ကကာရ´´ မှ ဆင်းသက်လာ၍ ``တန်ဆာဆင်ခြင်း´´ ဟု အဓိပ္ပာယ်ရ၏။
တန်ဆာဆင်သည် ဟူရာ၌၊ အတ္ထာလင်္ကာရ- အနက် အဓိပ္ပာယ်ဖြင့် တန်ဆာဆင်ခြင်း၊ သဒ္ဒါလင်္ကာရ- အသံဖြင့် တန်ဆာဆင်ခြင်းတို့ကို ဆိုလိုသည်။
မြန်မာစာပေသမိုင်းတွင် ရှေးကျလှသော တောင်တွင်းဆရာတော် ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့ သည်ပင် မူလက ပျို့-ဟု မတွင်ခဲ့ပေ။
ဆရာတော်ကိုယ်တိုင် လင်္ကာ-ဟုသာ အမည်တပ်ခဲ့သည်။ အင်းဝသို့ရောက်မှ ယဉ်ကျေးဘွယ်ရာ ရှိအောင် နန်းတော်သူ နန်းတော်သားတို့က ပျို့-ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်ဟု မှတ်သားရပေသည်။
ကုန်းဘောင်ခေတ် စာဆိုအကျော် မန်လည်ဆရာတော်ဘုရားကြီး ကလည်း ဘုရားလောင်း မဃဒေဝမင်းကြီး၏ ကြောင်းရာ ထုပ္ပတ်ကို ကဗျာလင်္ကာ ဖွဲ့ဆိုပြီးလျှင် ``မဃဒေဝလင်္ကာသစ်´´ ဟု အမည်ပေးခဲ့သည်။
အင်းဝခေတ် ရှင်အဂ္ဂသမာဓိအကျော် ရေးသား ပြုစုခဲ့သော မဃဒေဝမင်းကြီး အကြောင်းကို ပြဆိုရာ ဖြစ်သည့် ``မဂ္ဃဇိုဝ်းခန်းပျို့" ခေါ် ပျို့တစောင် တဖွဲ့ ထင်ရှားရှိပြီး ဖြစ်သဖြင့် သူ၏ကဗျာကို ``လင်္ကာသစ်" ဟု အမည်တပ်ဟန် လက္ခဏာ ရှိပေသည်။
ဤတွင် မန်လည်ဆရာတော်သည် #
ပျို့နှင့်လင်္ကာကို မခွဲခြားဘဲ #
သဘောထပ်တူ ယူကြောင်း ထင်ရှားလေသည်။
စင်စစ်အားဖြင့် မြန်မာစာပေသမိုင်းတွင် ထင်ရှားသော ပျို့ မော်ကွန်း ဧချင်း ရတု အစုစုတို့သည် လင်္ကာမှ ဖြာထွက်လာကြသော အဖွဲ့များသာ ဖြစ်ချေသည်။
စာဆို၏ လက်ထက်၌ ဖြစ်ပျက်သည့် အကြောင်းအရာ တရပ်ကို နှောင်းလူတို့ သိမှတ်ကြစေရန် ရည်သန်ဖွဲ့ဆိုလျှင် #
မော်ကွန်း၊
ဘုရင့်သားတော် သမီးတော်များ၏ ဧယင်မင်္ဂလာ ဆင်ယင် ကျင်းပသည့် ပွဲသဘင်တွင် ကျူးရင့် သီဆိုရန် ရေးစပ်လျှင် #
ဧချင်း၊
ဥတုသုံးလီ၌ သဘာဝဓမ္မ၏ သာယာပုံကို စီကုံးလျှင် #
ရတု ဟူ၍ ခွဲခြားခေါ်တွင်သည့် နည်းတူ၊
အကြောင်းအရာ၊ ဇာတ်ဝတ္ထုပုံပြင် တခုခုကို အသံနှင့် အနက် အဆင်တန်ဆာတို့နှင့် ပြည့်ဝ စုံလင်စေလျက် နှစ်သက်ဘွယ် ကြည်နူးဘွယ် နားဝင်ပီယံဖြစ်ဖွယ် ကောင်းအောင် ပိုဒ်ရေပေါင်း များစွာဖြင့် ခြယ်လှယ်သီကုံးနှုန်း ဖွဲ့ထားသည်ကိုပင် #
ပျို့ ဟု ခေါ်ဆိုလေသည်။
ပျို့- ဟူသော စကားကို ပင်းယခေတ်၌ အစောဆုံး တွေ့ရ၏။ ပင်းယလေးစီးရှင် ကျော်စွာ ခေါ် သီဟသူ လက်ထက် စတုရင်္ဂဗလ အမတ်ကြီးသည် အဘိဓမ္မာ ခဲရာခဲဆစ်တို့ကို ``ရွှေဘဝါးတော်အောက်" အစချီသော ရတုကဗျာဖြင့် ပုဂံမြို့ ရွှေစည်းခုံဘုရားအနီး၌ သီတင်းသုံးတော်မူသော ဆူးတွင်းပစ်ဆရာတော်အား မေးလျှောက်ခဲ့ရာ ဆရာတော်က-
``နှုတ်မင်္ဂလာပျို့ဖြင့် မေးသည်ကို ကဗျာလင်္ကာပျို့ဖြင့်သာ ဖြေလျှင်းပေအံ့" ဟု ပဋိညာဉ် ပြုတော်မူသော စကားရပ်၌ ပါရှိပေသည်။
ပျို့၏ အဓိပ္ပာယ်ကို ပညာရှိအသီးသီးတို့ အမျိုးမျိုး အဖုံဖုံ ကြံဆကြသည်။
ဝေါဟာရလီနတ္ထဒီပနီတွင် ``မနံ ပိနေတီတိ ပျို့" ဟု ဝိဂြိုဟ်ပြုကာ ``ယံ ကဗျံ၊ အကြင် ကဗျာသည်။ မနံ၊ စိတ်ကို။ ပိနေတိ၊ နှစ်သက်စေတတ်၏။ ဣတိ၊ ထို့ကြောင့်။ တံ ကဗျံ၊ ထို ကဗျာသည်။ ပျို့၊ ပျို့မည်၏။" ဟု ဖွင့်ဆိုထားရာ စိတ်နှလုံးကို ယူကျုံး စွဲမက် နှစ်သက်စေတတ်သော အဖွဲ့အနွဲ့မျိုးကို ပျို့- ဟု ဆိုလိုသည်။
ကဗျာဗန္ဓသာရကျမ်းတွင်ကား ပျို့- ဟူသော စကား၏ အနက်ကို ပြည့်ဖြိုးခြင်း၊ ထွန်းပခြင်း၊ နှစ်သက် ကြည်လင်စေခြင်း၊ ကြန်အင်ပြည့်စုံ ကောင်းမြတ်ခြင်း၊ ပျိုငယ်ခြင်း၊ ပျို့အန်ခြင်း၊ ပျို့ကျမ်း ဟူ၍ ၇-မျိုး ခွဲခြား ပြဆိုပြီးလျှင် ဘတ်နာ ကြည့်ရှုသူတို့၏ စိတ်နှလုံးကို ယူကျုံးသည့် အသွင်၊ ကြည်လင် နှစ်သက်စေသော ကဗျာကိုပင် ပျို့- ဟု ခေါ်ဆိုကြောင်း ဖော်ပြလေသည်။
ကဝိဘာရတီကျမ်းကမူ ပျို့-ဟူသည် နှစ်သက် ရွှင်ပျ အားရတင်းတိမ်ခြင်းကို ဖြစ်စေတတ်သော အဖွဲ့ဖြစ်သည်ဟု ဆို၏။
အချို့ပညာရှိတို့က မြန်မာစကား ပို့-မှ ယပင့်တိုးကာ ပျို့- ဖြစ်လာသည်။ ရှေးပုဂံကျောက်စာတို့တွင် ``ပန်ခီ" မှ ``ပန်းချီ"၊ ``စာခီ" မှ ``စာချီ"၊ ``ကီကြ" မှ ``ကျီကြ" အသီးသီး ဖြစ်လာဘိ သကဲ့သို့၊ အသံထွက် ပြော့ပျောင်းစေရန် ယပင့်တိုးလာခြင်း ဖြစ်၍၊ မို့မောက် ပြည့်လျှမ်းခြင်း- ဟု ယူဆကြကုန်သည်။
အချို့ကမူ ပို့ဆောင်အပ်သောကြောင့် ပို့- ဟု ခေါ်ရာမှ ပျို့- ဖြစ်လာသည်ဟု ယူဆကြ၏။
တရား အဆီအနှစ်တို့နှင့် ပြည့်လျှမ်းဖြာစည်၍ နိဗ္ဗာန်ရွှေပြည်သို့ ပို့ဆောင်သော ကဗျာဟု ဆိုလိုဟန် လက္ခဏာ ရှိပေသည်။
ပါဠိသန်သူ အချို့ကလည်း ပီဏ-သဒ္ဒါမှ ပျို့- ဖြစ်လာသည်ဟု ကြံဆကြသည်။ ပီဏ-မှ ပျို့-သို့ ပြောင်းလဲလာရန်မှာ အလှမ်းဝေးသောကြောင့် အတွေးခေါင်လွန်းသည်ဟု ထင်မြင်မိပေသည်။
=> ထို့ကြောင့် ပျို့- ဟူသည်-
အကြောင်းအရာ၊ ဇာတ် ဝတ္ထုပုံပြင် တခုခုကို အသံနှင့် အနက် အဆင်တန်ဆာတို့နှင့် ပြည့်ဝစုံလင်စေလျက် နှစ်သက်ဘွယ် စိတ်ကြည်နူးဘွယ် နားဝင်ပီယံဖြစ်ဘွယ်ကောင်းအောင် ပိုဒ်ရေပေါင်း များစွာဖြင့် ခြယ်လှယ် သီကုံးထားသော အဖွဲ့ပင် ဖြစ်သတည်း။ ။
(ကိုးခန်းပျို့ စကားညွှန်း)
***အခြေခံ ကဗျာရေးနည်း (၂၄)***
(ရသ အကြောင်း)
ဘာဝ ဝိဘာဝ၊ နုဘာဝဟု
ကေဋုဘကျမ်း၊ ခွဲခြမ်းမိန့်ဆို
ဤအလိုဖြင့်၊ ထိုထိုကိစ္စ
မြဲးမြံလှအောင်၊ စိတ္တဝိသေသ်
စိတ်ဖြစ်ထူးလေ့၊ မရွေ့ဖြစ်ငြား
ကြားသူမြင်သူ၊ ဗိုလ်လူသဘော
မနောငြိကပ်၊ သာယာအပ်ကြောင့်
ပညပ်ခေါ်ညီ၊ ဌာယီဘဝ
ရသကိုးပါး၊ ကျမ်းနှိုက်ကြား၏့။
ယောက်ျားမိန်းမ၊ ဘာဝအလိုက်
ချစ်ကြိုက်မြင်ရုံ၊ မဆုံရသေး
အယောဂ တည့်။
ထိုမှနှစ်သက်၊ မနှစ်သက်၍့
ပေါင်းဘက်ကွာကြ၊ သံယောဂ နှင့်
ဝိယောဂ မျိုး၊ ဖြစ်ရိုးမှန်လှ
ကာမယုဒ္ဓ၊ ဓမ္မမည်သိ
သုံးပါးယှိသား၊ ရတိဘာဝ
#သိင်္ဂါရ တည့်။
ရွှင်ပပြုံးရယ်၊ မှတ်ဘွယ် #ဟဿ။
ကြောင့်ကြ သနား၊ ဤနှစ်ပါးကား
မည်ငြားနာမ၊ သောက #ကရုဏာ
ဟူစပါလော့။ - (မှတ်ချက် #သောက ပါ၏)
မျက်ပါဖရုသ်၊ ကြမ်းကြုတ်ကောဓ
#ရုဒြတည့်။
ထိုမှတဝ၊ ယုဒ္ဓဓမ္မ
လှူဒါနနှိုက်၊ လုံ့လရဲးရင့်
မှတ်သင့်ဥဿဟ၊ #ဝီရလည်းဟူ
ကြောက်မူ ဘယ၊ #ဘယာနက ရှင့်။
ထိုမှတအုပ်၊ စက်ဆုပ်ရွံရှာ
ဇိဂုစ္ဆာ နှင့်၊ #ဝိဘစ္ဆာ ခေါ်ပြု
အံ့သြမှုကား၊ မှတ်ရှုဝိမှယ
#အဗ္ဘုတမည်။
ငြိမ်သက်တည်ကို၊ ခေါ်မည်သမ
#သန္တ ဟူငြား၊ ဤကိုးပါးတည့်။
ရှေ့ကား ဘာဝ၊ နောက်ရသဟု
မှတ်ကြ မမှား၊ ထူးမခြားဘူး
တပါးထိုမှ၊ ထို ဘာဝနှင့်
ကိစ္စလျော်ရာ၊ ဆက်ဆံစွာလျက်
ပျောက်ကွယ်ထင်ရှား၊ ရှေးရှုအားဖြင့်
နှစ်ပါးသတ္တိ၊ ဖြစ်လေ့ယှိသား
ဗျဘိစာရီ၊ တွင်ညီ ဘာဝ
သိကြကုန်လော့။
ဒဗ္ဗတည်းဟူ၊ အကြောင်းမူကား
မှတ်ယူသညာ၊ အလဗ္ဗဏ
ဝိဘာဝရှင့်။
ထိုမှအပ၊ ထူးကိစ္စဖြင့်
ဌာနအလင်း၊ ထုံသင်းဂန္ဓ
ထင်ကြောင်း စသား၊ ကာရဏ ဟူပြီ
ဥဒ္ဒီပန၊ အမည်ပြ၏့။
ဖလခေါ်မှု၊ အကျိုးစုကို
အနုဘာဝ၊ သာတှိကဟု
ခေါ်ထအနေ၊ မြဲးမသွေတည့်။
ခွဲးဝေဤမျှ၊ ကျမ်းလာပြတိုင်း
ဘာဝ ငါးဖြာ၊ လွန်သာယာလျက်
ရသာထွေပြား၊ ပုဒ်တိုင်းအားဖြင့်
စာသားချိုမှည့်၊ နှစ်ဆီပြည့်သား
နတ်၏့သုဓာ၊ နတ်သြဇာနှင့်
အလင်္ကာစုံ၊ သဒ္ဒါရုံဖြင့်
မြန့်ဘုံကျွန်းခွင်၊ ထက်ဝန်းရွှင်အောင်
စာပဉ္စင်ကြီး၊ မှုတ်တီးသံညှင်း
ပွဲးစုံကျင်းသည်။
နတ်မင်းသဘင် တူနိုးတည်း။ ။ (ပိုဒ်-၆၁၆)
ဌာယီဘာဝ၊ အကျဉ်းမျှဖြင့်
ပြခဲ့ထင်စွာ၊ ထိုကိုးဖြာ၏့
အင်္ဂါခြံရံ၊ ဆက်ဆံအတူ
ဖြစ်မြဲးဟူ၍့၊ ရှေ့ရှုအထူး
မကျူးလွန်ဘိ၊ ဖြစ်လေ့ယှိသား
ဗျဘိစာရ၊ ဤဘာဝလည်း
ပေါင်းစည်းတွက်ဖွဲ့၊ သုံးဆဲ့သုံးပါး
ပြား၏့ခြင်းရာ၊ လက္ခဏာကို
လင်္ကာသရုပ်၊ ချုပ်၍့တထွေ
ပြညွှန်းပေအံ့။
နိဗ္ဗေ ငြီးငွေ့၊ အောက်မေ့ ပျင်းရိ
အသိပညာ၊ ဣဿာ မိန်းမှိုင်
မအိပ်နိုင်ကျင်၊ အိပ်ချင်ဟန်လုပ်
စိတ်တုန်လှုပ်ဘိ၊ မျက်စိမူးပြာ
ရောဂါ လျှပ်ပေါ်၊ အိပ်ပျော် အားထုတ်
ကြမ်းကြုတ် နွမ်းနယ်၊ အားကွယ် မာန်ကျန်း
ပင်ပန်း ရူးတတ်၊ သေရှက် မိုက်မဲး
ရောင့်ရဲး တည်ကြား၊ ယုံမှား အကြံ
သည်းမခံခြင်း၊ ကြည်ညိုခြင်းနှင့်
ယစ်ခြင်း ထီးကျန်၊ ကျန်းဂန်လာယှိ
ဗျဘိစာရီ၊ မှတ်နည်းမှီလော့။
ထိုပြီတဝ၊ သာတွိကကား
ထမ္ဘမည်ငြား၊ နှစ်ပါးကိုယ်စိတ်
ခတ်ကျိတ်တည်တံ့၊ ခိုင်မာခံ့၏့။
မကြံ့မိန်းမော၊ နစ်မျောမေ့ထ
ပလယမည်ခြင်း၊ မွေးညှင်းကြက်သီး
ဘီးဘီးထကြွ၊ ရောမဉ္စတည့်။
သေဒချွေးထွက်၊ မျက်ရည်စက်ကား
ခေါ်ငြားအဿု၊ ဝေပထု တုန်လှုပ်
ဆင်းရုပ်ဘောက်ပြန်၊ ဝေဝဏ္ဏိယ
မှတ်အပ်စွရှင့်။
ဝိသရမည်၊
မကြည်သံပျက်၊ ဤရှစ်ချက်ဟု
ကျမ်းထွက်အလာ၊ အလင်္ကာနှိုက်
ဆရာသင်္ဃရက်၊ မိန့်မြွက်ဆိုတိုင်း
မလှိုင်းမကျယ်၊ အကျဉ်းသွယ်သည်။
ဝမ်းဝယ်မှတ်ရန် အကျိုးတည်း။ ။ (ပိုဒ်-၆၁၇)
(မဃဒေဝ-နယဒဿနိဂုံး။
သုဗောဓာလင်္ကာရ မြန်မာပြန်။)
~~~~~~~~~~~~~~~~~~~~~~~~~
=> ရသ ကိုးပါးရှိသည်။
ချစ် ရွှင် သနား၊ ကြမ်း ကြောက်ငြား၊
ထူးခြားရဲရင့်လှ။ ။
စက်ဆုပ် ငြိမ်းမှု၊ အံ့သြပြု၊
ကိုးခု စုံရသ။ ။
၁။ ချစ်~ သိင်္ဂါရ ရသ -
ချစ်ခင်နှစ်သက်ခြင်း။
၂။ ရွှင်~ ဟဿ ရသ -
ရယ်ရွှင်ခြင်း။ ဝမ်းမြောက်ခြင်း။
၃။ သနား~ ကရုဏာရသ -
စိုးရိမ်ပူဆွေးခြင်း။
၄။ ကြမ်း~ ရုဒ္ဒ ရသ -
ကြမ်းကြုတ်ခက်ထန်ခြင်း။
၅။ ကြောက်ငြား~ ဘယာနက ရသ -
ကြောက်ရွံ့ခြင်း။
၆။ ထူးခြားရဲရင့်လှ~ ဝီရ ရသ -
ရဲရင့်ခြင်း။ အားထုတ်ခြင်း။
၇။ စက်ဆုပ်~ ဝိဘစ္ဆ ရသ -
စက်ဆုပ်ရွံ့ရှာခြင်း။
၈။ ငြိမ်းမှု~ သန္တ ရသ -
ငြိမ်းအေးခြင်း။
၉။ အံ့သြပြု~ အဗ္ဘုတ ရသ -
အံ့သြခြင်း။
ကိုးခု စုံရသ။ ။
~~
အခြေခံ ကဗျာသဘောအရ- အလင်္ကာဖျက် အပြစ် ဒေါသကင်းသော, နှစ်သက်ဖွယ် စာပေ၊ ကဗျာ စသည်ကို တွေ့မြင် ဖတ်ရှု ဆင်ခြင် နားထောင်ရသဖြင့် ထိုသူတို့၏ စိတ်၌ ခံစားဖြစ်ပေါ်လာသော စာကဗျာ၏ အရသာအထူးသည် ရသ- ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
=> ရသမြောက် အဖွဲ့ဖြစ်ရန်-
၁။ ဘာဝသုံးမျိုး -> (ဌာယီ၊ဗျဘိစာရီ၊ သာတ္တိကာ)၊
၂။ ဝိဘာဝ နှစ်မျိုး -> (အာလမ္ဗဏ၊ ဥဒ္ဒီပန)၊
၃။ အနုဘာဝ တစ်မျိုး- ဟူ၍ (၆)မျိုး ပြည့်စုံစွာ ပါရမည်။
အနည်းဆုံး ဌာယီဘာဝ၊ အာလမ္ဗဏဝိဘာဝ၊ အနုဘာဝ ဤသုံးချက် မဖြစ်မနေပါရမည်။
ချစ်ခြင်း မုန်းခြင်းစသော ဌာယီဘာဝတို့သည် ဝါသနာ (အနုသယအသွင်) ရှိနေရာမှ ဝိဘာဝ၊ အနုဘာဝ၊ ဗျဘိစာရီဘာဝတို့နှင့် ဆက်သွယ်မိ၍ ပီပီပြင်ပြင် ပုံသွင်အဆင့်သို့ ရောက်သောအခါ `ရသ' အမည်ကိုရလေသည်။
ဘာဝ - ဟူသည်ကား ရသဖြစ်အောင်၊ ပျံ့နှံ့အောင်၊ ပေါ်လွင်အောင် ဖန်တီးပေးနိုင်သော စိတ်ဖြစ်ပုံ (ကိုယ်နှုတ်အပါ) အထူးသည် ဘာဝမည်၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁။ ဘာဝ သုံးမျိုး-
နှစ်သက်ဖွယ် ရသကိုးပါး ဖြစ်ရခြင်းကား နှစ်သက်ဖွယ် ဌာယီဘာဝကိုးပါး ဖြစ်ခြင်းကြောင့်တည်း။ ဌာယီဘာဝသည် နှစ်သက်ဖွယ် မဖြစ်က ရသကို မရနိုင်၊ မခံစားနိုင်ပါ။
ဌာယီဘာဝ- ဟူသည်ကား ဆန့်ကျင်ဘက် အခြားဘာဝတခုက ဖုံးကွယ်ဖျက်ဆီး၍ မရနိုင်အောင် မိမိ၏ ပင်ကိုယ်သဘောအတိုင်း ခိုင်မြဲတည်တံ့သော ဘာဝ ဖြစ်သည်။
- ဌာယီဘာဝ ကိုးပါး -
မွေ့လျော် ရွှင်ငြား၊ စိုးရိမ်များ၊
မျက်ပွား အားထုတ်ပြီ။ ။
စက်ဆုပ် ကြောက်လျက်၊ အံ့သြချက်၊
ငြိမ်သက် ကိုးဌာယီ။ ။
၁။ မွေ့လျော်~ ရတိ ဌာယီဘာဝ -
မွေ့လျော်ပျော်ပါးခြင်း။
၂။ ရွှင်ငြား~ ဟာသ ဌာယီဘာဝ -
ရယ်ရွှင်ခြင်း။
၃။ စိုးရိမ်များ~ သောက ဌာယီဘာဝ -
စိုးရိမ်ကြောင့်ကြခြင်း။
၄။ မျက်ပွား~ ကောဓ ဌာယီဘာဝ -
စိတ်ဆိုး အမျက်ထွက်ခြင်း။
၅။ အားထုတ်ပြီ~ ဥဿာဟ ဌာယီဘာဝ -
အားထုတ်ခြင်း။
၆။ စက်ဆုပ်~ ဇိဂုစ္ဆာ ဌာယီဘာဝ -
စက်ဆုပ်ရွံ့ရှာခြင်း။
၇။ ကြောက်လျက်~ ဘယ ဌာယီဘာဝ -
ကြောက်ရွံ့ထိတ်လန့်ခြင်း။
၈။ အံ့သြချက်~ ဝိမှယ ဌာယီဘာဝ -
အံ့သြခြင်း။
၉။ ငြိမ်သက်~ သမ ဌာယီဘာဝ -
ငြိမ်သက်ခြင်း၊ ငြိမ်းအေးခြင်း။
ကိုးဌာယီ။ ။
~~~~~
မွေ့လျော်ပျော်ပါးသော ရတိဌာယီဘာဝ ဖြစ်ချိန် ကြောက်စရာ ဘယဌာယီဘာဝကို မြင်သော်လည်း မကြောက်ဘဲ ပျော်နေခြင်းသည် ခိုင်မြဲတည်တံ့သော ရတိဌာယီဘာဝဖြစ်သည်။
အကယ်၍ ကြောက်ခြင်းသို့ ပြောင်းလဲသွားသော် ဌာယီဘာဝ မခေါ်ဘဲ ဗျဘိစာရီဘာဝ ခေါ်သည်။
ဌာယီဘာဝကို တိုးပွားအောင် မွေးမြူပေးတတ်သော ယာယီခံစားမှု သဘောများဖြစ်သည်။ ဗျဘိစာရီဘာဝသည် မတည်တံ့ဘဲ အမြဲပြောင်းလဲနေသည့် သဘောရှိသည်။
ဌာယီဘာဝ တခုသည် မိမိဆိုင်ရာ ရသ၌သာ ဌာယီဘာဝသဘော ရှိ၍ အခြားရသ တခု၌ ဗျဘိစာရီဘာဝသဘော ရှိလေသည်။ ထို့ကြောင့် ဌာယီဘာဝကိုးခုလုံး ဗျဘိစာရီဘာဝ ပြောင်းနိုင်ခြင်း ဖြစ်သည်။
ဗျဘိစာရီဘာဝသည် မူလ ၃၃-ပါးနှင့် ဌာယီဘာဝကိုးခုမှ ပြောင်းလာသော ဗျဘိစာရီ ၉-ပါးပေါင်း ၄၂-ပါး ရှိသည်။
မူလ ၃၃-ပါး-
ငြီးငွေ့, စဉ်းစား ယုံမှား. ပန်းစွာ၊
ရောင့်ရဲနှစ်သက် တစ်ချက်တွေကာ၊
စိတ်ဆင်းရဲဘိ ပျင်းရိ, ကြမ်းစွာ၊
အိပ်ပျော်, ထိတ်လန့် မခံ့အားမှာ၊
အားထုတ်, အောက်မေ့ ရွှင်မွေ့လန်းဖြာ၊
ငြူစူ, စိတ်ပန်း မှိုင်းခန်းကြုံလာ၊
ဟန်ဆောင်, မာန်ကြွ စိတ်ကဖောက်လာ၊
သည်းမခံလစ် မူးရစ်, ရူးကာ၊
ဟုတ်တိုင်းမှန်သိ မသိ, နိုးလာ၊
ငိုက်မျည်း, လျင်ပြု ရှက်မှု, သေရှာ၊
လောလီ, နာနဲ့ သုံးဆယ့်သုံးဖြာ၊
သရုပ်ရှိ ဗျဘိစာရီပါ။ ။
(အထက် မဃဒေဝ ပိုဒ်-၆၁၇ ကိုလည်း ရှုပါ။)
~~~~~~
ဌာယီဘာဝနှင့် ဗျဘိစာရီဘာဝတို့၏ စိတ်ဖြစ်ပုံအထူး၏ စွမ်းရည်သတ္တိတမျိုးကို သတ္တိကာဘာဝ ခေါ်၏။ လေးလေးနက်နက် တွေးတောဆင်ခြင်ပြီး ကြက်သီးထခြင်း စသည် စိတ်ဖြစ်ပုံအထူး ဖြစ်၏။
ခိုင်မာ တွေဝေ၊ ကြက်သီးနေ၊
ထူးထွေတုန်လှုပ်လာ။ ။
မျက်ရည် ချွေးထွက်၊ ဆင်း သံပျက်၊
ရှစ်ချက်သတ္တိကာ။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂။ ဝိဘာဝ နှစ်မျိုး-
အထက်က ဘာဝသုံးမျိုး စိတ်ဖြစ်ပုံအထူးကို ဖြစ်စေတိုးစေသော အကြောင်းကို ဝိဘာဝခေါ်သည်။
ဌာယီဘာဝကို နှိုးဆွပေးသော ပဓာနအကြောင်း- အလမ္ဗဏာဝိဘာဝနှင့် ဌာယီဘာဝကို အကူအညီပေးသော အခြံအရံအကြောင်း- ဥဒ္ဒီပနဝိဘာဝဟု နှစ်မျိုးရှိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၃။ အနုဘာဝ-
ဌာယီဘာဝ ဗျဘိစာရီဘာဝတို့ကြောင့် ဖြစ်လာသော ကိုယ်နှုတ်အမူအရာတို့သည် (ထိုဘာဝတို့ကို သိကြောင်းဖြစ်၍) အနုဘာဝ မည်၏။
တနည်း- ပြင်ပ ဗဟိဒ္ဓ၌ ပေါ်လာသည့် ဌာယီဘာဝ၏ အကျိုးတရားများကို အနုဘာဝ ခေါ်သည်။
အနုဘာဝ နှစ်မျိုးခွဲနိုင်သည်။ ဟန်ဆောင်ဖုံးကွယ်၍ မရကောင်းသော သဘာဝအကျိုးတရာ ၈-မျိုးကို သာတွိကဘာဝများ ခေါ်ပြီး ဟန်ဆောင်ဖုံးကွယ်၍ ရကောင်းသော အခြားအကျိုးတရားများကို အနုဘာဝခေါ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘာဝ၊ ဝိဘာဝ၊ အနုဘာဝတို့ဖြင့် သိုင်းဝိုင်းချဲ့ထွင် တန်ဆာဆင် ထောက်ကူ၍ နှစ်သက်ဖွယ် သာယာဖွယ်ဖြစ်နေသော ဌာယီဘာဝသည် ရသ-မည်လေသည်။
ရသစာပေ တန်ဖိုးမြင့်သော စာပေများသည် ဂန္ထဝင်စာပေများ ဖြစ်လာလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
=> ဆက်စပ်စာ -
မပဋာ-ကိုဒါသ ဇာတ်တွင် ရွှေပွဲလာတို့သည်…
မပဋာ ပျော်သကဲ့သို့ ပျော်၍၊ မပဋာ ပင်ပန်းသကဲ့သို့ ပင်ပန်း၍၊ ပွဲသိမ်းခါနီးတွင် မပဋာ လွတ်မြောက်သကဲ့သို့ လွတ်မြောက်သည်ဟု အထင်ရှိလာကြရသည်။
မပဋာအတွက် လွမ်းခဲ့ကြရပြီးမှ ဆွေးခဲ့ကြရပြန်သော အကြိတ်အခဲသည် ပွဲသိမ်းခါနီးတွင် ကြေသွားသကဲ့သို့ ဖြစ်လိုက်ကြရသည်။
ဤတွင် ပွဲဦးအလွမ်းကို ပွဲအလယ် အဆွေးက ဖျက်ပြီးနောက် ထိုအဆွေးကို အသောက ထုတေ၍ အဆုံး၌ ပွဲသိမ်းအလွမ်းက ချေပေးခဲ့သည်မှာ ထင်ရှားသည်။
=> တနည်းဆိုရလျှင် ပွဲဦး သိင်္ဂါရရသကို ပွဲလယ် ဘယာနကရသ၊ ရုဒ္ဒရသ၊ ဝိဘစ္ဆရသ၊ ကရုဏာရသတို့က ဖျက်ပြီးနောက် ထိုရသတို့ကို ဟဿရသက ထုတေ၍၊ အဆုံး၌ ပွဲသိမ်း သန္တရသက ချေပေးခဲ့သည်ဟု ဆိုနိုင်သည်။
(ဇော်ဂျီ- ရသစာပေ အဖွင့်နှင့် နိဒါန်း)
ရသ- ဟူသည် ရှိမှု၊ သိမှုနှင့် နှစ်သက်မှုပင် ဖြစ်၏။ မြန်မာစာပေတွင် ရသ-ကို ရသဟုပင် ခေါ်သည်။ သက္ကတစာပေတွင် ရသ-ကို သတ် (ရှိမှု)၊ စိတ် (သိမှု)၊ အာနန္ဒ (နှစ်သက်မှု) ဟူ၍ ခေါ်ဆိုကြသည်။ …
ရသ-ကို ခံစား၍ မရကောင်းချေ။ ခံစားနေစဉ်တွင် ဌာယီဘာဝသာ ဖြစ်သည်။ ရသ-မဟုတ်သေး။ ခံစားပြီးနောက်မှသာ ရသဖြစ်သည်။ ခံစားခြင်း ကြိယာ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် `ရသ' စင်စစ်ဖြစ်သည်။ နောက်ထပ် ခံစားစရာ မလိုတော့ချေ။
ခံစားနေစဉ် ကာလအတွင်းသာ ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်း၊ စက်ဆုပ်ခြင်း စသည့် ဝါသနာ (ဌာယီဘာဝ) များကို သိနေသည်။ ခံစားနေသည်။
ထိုအခိုက်အတန့်ကို စွဲ၍ ရသ-မဟုတ်ပါဘဲလျက် ရသ-ဟု တင်စားကာ ဝါသနာ (ဌာယီဘာဝ) အမျိုးမျိုးကို သိင်္ဂါရရသ၊ ကရုဏာရသ စသည့် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။
အမှန်အားဖြင့် ရသ-စစ်စစ် မဖြစ်သေးသည့် ဝါသနာ (ဌာယီဘာဝ) အဆငိ့တွင်သာ ရှိသော ခံစားမှု အမျိုးမျိုးကို လိုက်၍ ချစ်ခြင်း၊ မုန်းခြင်း စသည့် သဘောအမျိုးမျိုးကို ရနိုင်ပါသည်။
ရသ-စစ်စစ် ဖြစ်ပြီးနောက်တွင် ခံစားမှုသဘော မရှိသည့်အတွက် ချစ်ခြင်း မုန်းခြင်း စသည့် ခံစားမှုကွဲပြားခြင်းများ မရှိတော့ဘဲ ငြိမ်းအေးခြင်းသဘော တမျိုးသာ ရှိပါသည်။
ယင်း ငြိမ်းအေးခြင်း သဘောတမျိုးသည် ချစ်ခြင်းလည်း မဟုတ်၊ မုန်းခြင်းလည်း မဟုတ်၊ ငနားခြင်းလည်း မဟုတ်၊ တင်စားကာ ရသကိုးမျိုး အမည်များဖြင့် ဖော်ပြထားသည့် ခံစားမှုကိုးမျိုးအနက်မှ မည်သည့်ခံစားမှုမျိုးမှ မဟုတ်။ သုခသဘော ရှိသည့် ငြိမ်းအေးခြင်း သဘောမျိုးသာ ဖြစ်သည်။
ယင်းသည်သာ ခံစားမှုအဆင့်ကို လွန်သည့် `ရသ' စစ်စစ် ဖြစ်သည်။ ရသ-စစ်စစ်သည် ကိုးမျိုးမရှိ၊ တစ်မျိုးတည်းသာ ရှိသည်။ တစ်မျိုးတည်း ဆိုသည်မှာလည်း ငြိမ်းအေးခြင်းပင် ဖြစ်သည်။
ရသကိုးမျိုး ဆိုသည်မှာ အခိုက်အတန့် တင်စား၍ ဆိုထားသည့် ဝါသနာ (ဌာယီဘာဝ) ကိုးမျိုးသာ ဖြစ်သည်။ ရသ-စစ်စစ် မဟုတ်ချေ။ ရသ- စစ်စစ် ဖြစ်ချိန်တွင် ခံစားတတ်သည့် ကတ္တားသဘောနှင့် ခံစားအပ်သည့် ကမ္မသဘောဟူ၍ သဘောနှစ်မျိုး ကွဲကွဲပြားပြား မရှိ။
=> ငြိမ်းအေးခြင်းသဘော တစ်မျိုးတည်းသာ ရှိလေသည်။ သုခသဘောရှိသည့် ယင်းငြိမ်းအေးခြင်း (သန္တိ) ကိုမှ (သတ်)ဟူ၍လည်း ဆိုကြသည်။ သိမှု (စိတ်) ဟူ၍လည်း ဆိုကြသည်။ နှစ်သက်မှု (အာနန္ဒ) ဟူ၍လည်း ဆိုကြသည်။
ရသ-သည် နှစ်သက်ဖွယ်ရှိသည် ဆိုသည်မှာ လောကနှစ်သက်ဖွယ် မဟုတ်၊ လောကလွန် နှစ်သက်ဖွယ်ဖြစ်သည်။ လောကလွန် နှစ်သက်ဖွယ်ကိုသာ `ရသ' ဟု ခေါ်ပါသည်။
(ဆရာကြီး ဦးရွှေအောင်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
=> ဆက်စပ်ပို့-
***ရသခံစားပုံ အဆိုအမိန့် မှတ်စု**
ကြားသူမြင်သူ၊ ဗိုလ်လူသဘော
မနောငြိကပ်၊ သာယာအပ်ကြောင့်
ပညပ်ခေါ်ညီ၊ ဌာယီဘဝ
ရသကိုးပါး၊ ကျမ်းနှိုက်ကြား၏့…
(မဃဒေဝ-နယဒဿနိဂုံး။ ပိုဒ်- ၆၁၆)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သဘာဝလောကတွင်… ရသများကို လောကဓံတရား ၈-ပါး၌ သွင်းလိုက်သောအခါ ၄-ပါးသာ နှစ်သက်ဖွယ်ရှိသည်။ ကျန် ၄-ပါးသည် နှစ်သက်ဖွယ်ရှိသည် မဟုတ်။
ရသစာပေလောကတွင်မူ ဤသို့မဟုတ်။ ချစ်ခြင်း၊ မုန်းခြင်း စသော ရသ တို့သည် အားလုံး နှစ်သက်ဖွယ်ချည်းသာ ဖြစ်သည်။ ချစ်ရသည်မှာလည်း စွဲစရာ ဖြစ်သည်။ မုန်းရသည်မှာလည်း တစရာ ဖြစ်သည်။
လောကအတွေ့အကြုံအရ ချစ်ခြင်း = (သိင်္ဂါရရသ) စသည်တို့သည် ကာယကံရှင် ပုဂ္ဂိုလ်၏ လျှို့ဝှက်ကိစ္စ ဖြစ်သည်။ လျှို့ဝှက်ကိစ္စ မှန်သမျှကို လူ့ကျင့်ဝတ်အရ ကြည့်ရှုရန် မသင့်လျော်၊ နားထောင်ရန်လည်း မသင့်လျော်။…
သို့ရာတွင် ရသလောက၌မူ ချစ်ခြင်း= (သိင်္ဂါရရသ) စသည်တို့သည် သူတစ်ပါး၏ ကိစ္စမဟုတ်။ မိမိကိုယ်တိုင် ကိစ္စဖြစ်နေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာကောင်းပေကောင်း ရှားလာတာဟာ ရသစာပေ ကျဆင်းမှုကြောင့်ပဲ။ ရသစာပေ ကျဆင်းခြင်းဟာ လူမျိုးတစ်မျိုး ပျက်စီးဖို့ လမ်းစပဲ။
လူမျိုးတစ်မျိုးကို ယဉ်ကျေးအောင် လုပ်ပေးတာ ရသစာပေမှ လုပ်ပေးနိုင်တာပါ။ ဒီအတတ်ပညာတွေ နည်းပညာတွေဟာ လူကို ယဉ်အောင် လုပ်မပေးနိုင်ဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အလွမ်း အဆွေး အသော ဆိုသည်မှာ အလင်္ကာကျမ်းထွက် #ရသ နှစ်သက်ခြင်း ကိုးပါးပင် ဖြစ်သည်။
စားပွဲပေါ်၌ တင်ထားသော ဖန်ခွက်ကို ရေးပြရာတွင် သိပ္ပံသုတေသီသည် ဖန်ခွက်၏ အမြင့်မည်မျှ၊ လုံးပတ်မည်မျှ စသော အချက်တို့ကို အဓိကထား၍ ရေးပြခြင်း ဖြစ်သည်။
ရသစာရေးဆရာတို့မှာ ထိုသို့မဟုတ်။ ဖန်ခွက်ကို မြင်သော အကြောင်းကြောင့် သူ၌ စိတ်လှုပ်ရှားမှု တစ်ခုခု ဖြစ်လာပြီးနောက်၊ ထိုစိတ်လှုပ်ရှားမှု တစ်ခုခုဖြင့် မြင်သော ဖန်ခွက်ကို အဓိကထား၍ ရေးပြခြင်း ဖြစ်သည်။
=> ထို့ကြောင့် စာရေးဆရာသည် မြင်သည်ကို #
မြင်သည့်အတိုင်းပြန်ရေးပြသည်မဟုတ်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘာဝ၊ ဝိဘာဝ၊ အနုဘာဝတို့ဖြင့် သိုင်းဝိုင်းချဲ့ထွင် တန်ဆာဆင် ထောက်ကူ၍ နှစ်သက်ဖွယ် သာယာဖွယ်ဖြစ်နေသော ဌာယီဘာဝသည် ရသ မည်လေသည်။
(နှစ်သက် သာယာဖွယ် မဖြစ်ပါက ဌာယီဘာဝသည် ရသ မမည်။)
- ဌာယီဘာဝ ကိုးပါး -
မွေ့လျော်, ရွှင်ငြား၊ စိုးရိမ်များ၊
မျက်ပွား, အားထုတ်ပြီ။
စက်ဆုပ်, ကြောက်လျက်၊ အံ့သြချက်၊
ငြိမ်သက် ကိုးဌာယီ။
- ရသ ကိုးပါး -
ချစ်,ရွှင်,သနား၊ ကြမ်း,ကြောက်ငြား၊
ထူးခြား ရဲရင့်လှ။
စက်ဆုပ်,ငြိမ်းမှု၊ အံ့သြပြု၊ ကိုးခု စုံရသ။
(အောက် photo)
~~~~~~~~~~~
- ရသမြောက်အဖွဲ့ -
ဌာယီ, ဗျဘိစာ၊ သာတ္တိကာ၊ သုံးဖြာ ဤဘာဝ။
အာရမ်, ဥဒ္ဒီ၊ စုံအညီ၊ နှစ်လီ ဝိဘာဝ။
အနုဘာဝါ၊ ထည့်လေရာ၊ ခြောက်ဖြာ ပြည့်စုံက။
စိတ်ကောင်းရှိသူ၊ နှစ်သက်မူ၊ ဖွဲ့မူ စုံရသ။
(ရသမြောက် အဖွဲ့ဖြစ်ရန်)
ဘာဝသုံးမျိုး -> (ဌာယီ၊ဗျဘိစာရီ၊ သာတ္တိကာ)၊
ဝိဘာဝ နှစ်မျိုး -> (အာလမ္ဗဏ၊ ဥဒ္ဒီပန)၊
အနုဘာဝ တစ်မျိုး- ဟူ၍ (၆)မျိုး ပြည့်စုံစွာ ပါရမည်။
~~~~~~~
- ဘာဝ သဘော -
စိတ်၏ဖြစ်ပုံ၊ အမျိုးစုံ၊ ထူးတုံ ဘာဝဆို။
သိင်္ဂါ စထွေ၊ ရသတွေ၊ ဖြစ်စေ အစွမ်းကို။
ပညာရှင်များ၊ ရသပွား၊ ထူးခြား ပျံ့နှံ့ပို။
ရသ အရာတွင်၊ ပညာရှင်၊ ပေါ်လွင် သဘောလို။
ရသဖြစ်အောင်၊ ပျံ့နှံ့အောင်၊ ပေါ်လွင်အောင် ဖန်တီးပေးနိုင်သော စိတ်ဖြစ်ပုံ (ကိုယ်နှုတ်အပါ) အထူးသည် ဘာဝမည်၏။
~~~~~~~~
- ဌာယီဘာဝ -
ဆန့်ကျင်ဘာဝ၊ ဖုံးမရ၊ ခိုင်လှ မြဲမြံသော်။
ပင်ကိုယ်အလေ့၊ တည်ကာမွေ့၊ မရွှေ့ ဌာယီခေါ်။
မွေ့ပျော်နေခါ၊ ကြောက်စရာ၊ မလာ ဌာယီနော်။
~~~~~~~~
- ဗ်ဘိစာရီဘာဝ -
ဌာယီရှေးရှု၊ မြှုပ်ပေါ်မှု၊ ခေါ်ပြု ဗျဘိစာ။
မတည်လှုပ်ရှား၊ ရေလှိုင်းလား၊ ထူးခြား ဖြစ်ပေါ်လာ။
ဗျဘိစာရီ၊ မတည်ကြည်၊ စုံစီ များလှစွာ။
ရေလှိုင်းကဲ့သို့ ပေါ်လိုက် ငုပ်လိုက်ဖြင့် ဌာယီဘာဝသို့ ရှေးရှုဖြစ်သော ဘာဝသည် ဗျဘိစာရီဘာဝ မည်၏။
(ဗျဘိစာရီဘာဝ သရုပ် ၃၃-ပါး ရှိသည်။)
ငြီးငွေ့, စဉ်းစား ယံမှား. ပန်းစွာ၊
ရောင့်ရဲနှစ်သက် တစ်ချက်တွေကာ၊
စိတ်ဆင်းရဲဘိ ပျင်းရိ, ကြမ်းစွာ၊
အိပ်ပျော်, ထိတ်လန့် မခံ့အားမှာ၊
အားထုတ်, အောက်မေ့ ရွှင်မွေ့လန်းဖြာ၊
ငြူစူ, စိတ်ပန်း မှိုင်းခန်းကြုံလာ၊
ဟန်ဆောင်, မာန်ကြွ စိတ်ကဖောက်လာ၊
သည်းမခံလစ် မူးရစ်, ရူးကာ၊
ဟုတ်တိုင်းမှန်သိ မသိ, နိုးလာ၊
ငိုက်မျည်း, လျင်ပြု ရှက်မှု, သေရှာ၊
လောလီ, နာနဲ့ သုံးဆယ့်သုံးဖြာ၊
သရုပ်ရှိ ဗျဘိစာရီပါ။ ။
- ဌာယီမှ ဗျဘိစာရီ ပြောင်းပုံ -
ရတီ စသည်၊ ခေါ်ဌာယီ၊ မတည် ပြောင်းလို့လာ။
ဗျဘိစာရိ၊ ခေါ်လေဘိ၊ သတိ ရှိအပ်စွာ။
ချစ်မုန်း မုန်းချစ်၊ ပြောင်းလဲဖြစ်၊ စနစ် ပုံပမာ။
ရတိ စသည်တို့သည် တည်တံ့ချိန် ဌာယီဘာဝ ခေါ်၍ ပြောင်းရွှေ့သော် ဗျဘိစာရီ ခေါ်ရသည်။
(မူလ ဗျဘိစာရီ ၃၃-ပါးနှင့် ဌာယီမှ ပြောင်းသော ဗျဘိစာရီ ၉-ပါး၊ ပေါင်း ဗျဘိစာရီ ၄၂-ပါးထိ ဖြစ်နိုင်သည်။)
~~~~~~~~~
- ဝိဘာဝ -
ဘာဝဖြစ်စေ၊ တိုးပွားစေ၊ ကြောင်းလေ ဝိဘာဝ။
မုချ ပဓာ၊ တိုက်ရိုက်လာ၊ ခေါ်ပါ အာလမ္ဗဏ။
ထောက်ပံ့ခြံရံ၊ တန်ဆာမှန်၊ ခေါ်ရန် ဥဒ္ဒီပန။
ဌာယီဘာဝ၊ ဗျဘိစာရီဘာဝ၊ သတ္တိကာဘာဝ- ဘာဝသုံးမျိုးကို ဖြစ်စေ တိုးပွားစေတတ်သော အကြောင်းသည် ဝိဘာဝ မည်၏။
မုချအကြောင်း (အာလမ္ဗဏဝိဘာဝ)နှင့် အခြံအရံအကြောင်း (ဥဒ္ဒီပနဝိဘာဝ) ဟူ၍ ဝိဘာဝ နှစ်မျိုး ခွဲနိုင်၏။
- အနုဘာဝ -
ဘာဝကျိုးဟူ၊ ကိုယ်နှုတ်မူ၊ ခေါ်ယူ နုဘာဝ။
မီး၏အကျိုး၊ မီးအခိုး၊ သိရိုး မီးရှိမှ။
မီးလျှင် ဘာဝ၊ မီးခိုးက၊ နုဘာဝ ဟုပြ။
ဌာယီဘာဝ ဗျဘိစာရီဘာဝတို့ကြောင့် ဖြစ်လာသော ကိုယ်နှုတ်အမူအရာတို့သည် (ထိုဘာဝတို့ကို သိကြောင်းဖြစ်၍) အနုဘာဝ မည်၏။
->
အကြောင်းများစွာ၊ စိတ်ဖြစ်မှာ၊ ထူးလာ ဘာဝတွင်။
အနုဘာဝ၊ ဝိဘာဝ၊ ဖွင့်ပြ ဖွဲ့ပေါ်လွင်။
~~~~~~
- သာတ္တိကာဘာဝ -
တည်ငြိမ်စိတ်ဓာတ်၊ ဖြစ်စေလတ်၊ ထူးမြတ်စွမ်းသတ္တိ။
လေးနက်လေဘိ၊ အစွမ်းရှိ၊ သာတ္တိကာ- ဟုသိ။
အနုဘာဝါ၊ မဆိုသာ၊ ဌာ,ဗျာ သီးခြားရှိ။
(သာတ္တိကာဘာဝရုပ် ရှစ်ချက်ရှိ၏။)
ခိုင်မာ, တွေဝေ၊ ကြက်သီးနေ၊ ထူးထွေ တုန်လှုပ်လာ။
မျက်ရည်, ချွေူထွက်၊ ဆင်း,သံပျက်၊ ရှစ်ချက် သတ္တိကာ။
~~~~
- ဘာဝါလင်္ကာရ အစဉ် -
၁။ အာလမ္ဗဏဝိဘာဝ -> (ပဓာနအကြောင်း)
၂။ ဥဒ္ဒီပနဝိဘာဝ -> (အခြံအရံအကြောင်း)
၃။ ဌာယီဘာဝ -> (တည်တံ့သောစိတ်ဖြစ်ပုံအထူး)
လက်ရှိအခြေအနေ။
၄။ ဗျဘိစာရီဘာဝ -> (မတည်တံ့သောစိတ်ဖြစ်ပုံအထူး)
ဘာဝ၏ အခြံအရံ။
၅။ သာတ္တိကာဘာဝ -> (စိတ်ဖြစ်ပုံအထူး၏ စွမ်းရည်)
၆။ အနုဘာဝ -> (ဘာဝတို့၏ အကျိုး)
၇။ ရသ -> (နှစ်သက်ဖွယ် သဘော)
မိန်းကလေး -> အာလမ္ဗဏဝိဘာဝ၊
မိန်းကလေး ရုပ်သွင် အသံ တန်ဆာ-> ဥဒ္ဒီပနဝိဘာဝ၊
မိန်းကလေးကို ချစ်စိတ်ဝင်ခြင်း-> ရတိဌာယီဘာဝ၊
မရွှင်လန်း နွမ်းခြင်း-> ဗျဘိစာရီဘာဝ၊
ချစ်ရ ခံစားရခြင်း -> အနုဘာဝ၊
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အနုစာပေရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားချင်ရင် လျှပ်တပျက် အသည်းမှာ ရိုက်ခတ်ပေါ်လာတဲ့ လှုပ်ရှားမှုလေးကို ဖမ်းမိရုံနဲ့တင် မပြီးဘဲ လေ့လာမှု ဆင်ခြင်ဝေဖန်မှု ပြုဖို့လိုကြောင်း ထင်ရှားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာပေလေ့လာရာတွင်-
ရသတန်ဖိုးနှင့် ဘာသာစကားတန်ဖိုးတို့ကို ဖော်ထုတ်ရသည့် အလုပ်သည် #စာပေပညာရှင်၏ #အလုပ် မဖြစ်သင့်ပါလော။
ယင်းသို့ လေ့လာခြင်းသည်ပင် #စာပေပညာရှင်၏ #နယ်ပယ် မဖြစ်သင့်ပါလော။
ကိုး-
မန်လည်ဆရာတော်- မဃဒေဝ
ဦးရွှေအောင်- ရသစာပေ၏ ရသ
ဇေယျ~အရှင်စန္ဒဝရ- အလင်္ကာစံအိမ်
ဇော်ဂျီ- ရသာစာပေ အဖွင့်နှင့် နိဒါန်း
ဦးမြင့်ကြည်- စာပေနှင့်ဂီတ၊ ဂီတနှင့်စာပေ
လူထုစိန်ဝင်း- အတွေးရှင်းအရေးရှင်း စာရှုခင်း
မောင်ခင်မင်- စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း
(မေတ္တာနှလုံး ကိုယ်စီသုံး ချမ်းမြေ့ကြပါစေ။)
***ရသခံစားပုံ အဆိုအမိန့် မှတ်စု**
ကြားသူမြင်သူ၊ ဗိုလ်လူသဘော
မနောငြိကပ်၊ သာယာအပ်ကြောင့်
ပညပ်ခေါ်ညီ၊ ဌာယီဘဝ
ရသကိုးပါး၊ ကျမ်းနှိုက်ကြား၏့…
(မဃဒေဝ-နယဒဿနိဂုံး။ ပိုဒ်- ၆၁၆)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သဘာဝလောကတွင်… ရသများကို လောကဓံတရား ၈-ပါး၌ သွင်းလိုက်သောအခါ ၄-ပါးသာ နှစ်သက်ဖွယ်ရှိသည်။ ကျန် ၄-ပါးသည် နှစ်သက်ဖွယ်ရှိသည် မဟုတ်။
ရသစာပေလောကတွင်မူ ဤသို့မဟုတ်။ ချစ်ခြင်း၊ မုန်းခြင်း စသော ရသ တို့သည် အားလုံး နှစ်သက်ဖွယ်ချည်းသာ ဖြစ်သည်။ ချစ်ရသည်မှာလည်း စွဲစရာ ဖြစ်သည်။ မုန်းရသည်မှာလည်း တစရာ ဖြစ်သည်။
လောကအတွေ့အကြုံအရ ချစ်ခြင်း = (သိင်္ဂါရရသ) စသည်တို့သည် ကာယကံရှင် ပုဂ္ဂိုလ်၏ လျှို့ဝှက်ကိစ္စ ဖြစ်သည်။ လျှို့ဝှက်ကိစ္စ မှန်သမျှကို လူ့ကျင့်ဝတ်အရ ကြည့်ရှုရန် မသင့်လျော်၊ နားထောင်ရန်လည်း မသင့်လျော်။…
သို့ရာတွင် ရသလောက၌မူ ချစ်ခြင်း= (သိင်္ဂါရရသ) စသည်တို့သည် သူတစ်ပါး၏ ကိစ္စမဟုတ်။ မိမိကိုယ်တိုင် ကိစ္စဖြစ်နေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာကောင်းပေကောင်း ရှားလာတာဟာ ရသစာပေ ကျဆင်းမှုကြောင့်ပဲ။ ရသစာပေ ကျဆင်းခြင်းဟာ လူမျိုးတစ်မျိုး ပျက်စီးဖို့ လမ်းစပဲ။
လူမျိုးတစ်မျိုးကို ယဉ်ကျေးအောင် လုပ်ပေးတာ ရသစာပေမှ လုပ်ပေးနိုင်တာပါ။ ဒီအတတ်ပညာတွေ နည်းပညာတွေဟာ လူကို ယဉ်အောင် လုပ်မပေးနိုင်ဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အလွမ်း အဆွေး အသော ဆိုသည်မှာ အလင်္ကာကျမ်းထွက် #
ရသ နှစ်သက်ခြင်း ကိုးပါးပင် ဖြစ်သည်။
စားပွဲပေါ်၌ တင်ထားသော ဖန်ခွက်ကို ရေးပြရာတွင် သိပ္ပံသုတေသီသည် ဖန်ခွက်၏ အမြင့်မည်မျှ၊ လုံးပတ်မည်မျှ စသော အချက်တို့ကို အဓိကထား၍ ရေးပြခြင်း ဖြစ်သည်။
ရသစာရေးဆရာတို့မှာ ထိုသို့မဟုတ်။ ဖန်ခွက်ကို မြင်သော အကြောင်းကြောင့် သူ၌ စိတ်လှုပ်ရှားမှု တစ်ခုခု ဖြစ်လာပြီးနောက်၊ ထိုစိတ်လှုပ်ရှားမှု တစ်ခုခုဖြင့် မြင်သော ဖန်ခွက်ကို အဓိကထား၍ ရေးပြခြင်း ဖြစ်သည်။
=> ထို့ကြောင့် စာရေးဆရာသည် မြင်သည်ကို #
မြင်သည့်အတိုင်းပြန်ရေးပြသည်မဟုတ်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘာဝ၊ ဝိဘာဝ၊ အနုဘာဝတို့ဖြင့် သိုင်းဝိုင်းချဲ့ထွင် တန်ဆာဆင် ထောက်ကူ၍ နှစ်သက်ဖွယ် သာယာဖွယ်ဖြစ်နေသော ဌာယီဘာဝသည် ရသ မည်လေသည်။
(နှစ်သက် သာယာဖွယ် မဖြစ်ပါက ဌာယီဘာဝသည် ရသ မမည်။)
- ဌာယီဘာဝ ကိုးပါး -
မွေ့လျော်, ရွှင်ငြား၊ စိုးရိမ်များ၊
မျက်ပွား, အားထုတ်ပြီ။
စက်ဆုပ်, ကြောက်လျက်၊ အံ့သြချက်၊
ငြိမ်သက် ကိုးဌာယီ။
- ရသ ကိုးပါး -
ချစ်,ရွှင်,သနား၊ ကြမ်း,ကြောက်ငြား၊
ထူးခြား ရဲရင့်လှ။
စက်ဆုပ်,ငြိမ်းမှု၊ အံ့သြပြု၊ ကိုးခု စုံရသ။
(အောက် photo)
~~~~~~~~~~~
- ရသမြောက်အဖွဲ့ -
ဌာယီ, ဗဘြိစာ၊ သာတ်တိကာ၊ သုံးဖွာ ဤဘာဝ။
အာရမ်, ဥဒ္ဒီ၊ စုံအညီ၊ နှစ်လီ ဝိဘာဝ။
အနုဘာဝါ၊ ထည့်လေရာ၊ ခြောက်ဖြာ ပြည့်စုံက။
စိတ်ကောင်းရှိသူ၊ နှစ်သက်မူ၊ ဖွဲ့မူ စုံရသ။
(ရသမြောက် အဖွဲ့ဖြစ်ရန်)
ဘာဝသုံးမျိုး -> (ဌာယီ၊ဗျဘိစာရီ၊ သာတ္တိကာ)၊
ဝိဘာဝ နှစ်မျိုး -> (အာလမ္ဗဏ၊ ဥဒ္ဒီပန)၊
အနုဘာဝ တစ်မျိုး- ဟူ၍ (၆)မျိုး ပြည့်စုံစွာ ပါရမည်။
~~~~~~~
- ဘာဝ သဘော -
စိတ်၏ဖြစ်ပုံ၊ အမျိုးစုံ၊ ထူးတုံ ဘာဝဆို။
သိင်္ဂါ စထွေ၊ ရသတွေ၊ ဖြစ်စေ အစွမ်းကို။
ပညာရှင်များ၊ ရသပွား၊ ထူးခြား ပျံ့နှံ့ပို။
ရသ အရာတွင်၊ ပညာရှင်၊ ပေါ်လွင် သဘောလို။
ရသဖြစ်အောင်၊ ပျံ့နှံ့အောင်၊ ပေါ်လွင်အောင် ဖန်တီးပေးနိုင်သော စိတ်ဖြစ်ပုံ (ကိုယ်နှုတ်အပါ) အထူးသည် ဘာဝမည်၏။
~~~~~~~~
- ဌာယီဘာဝ -
ဆန့်ကျင်ဘာဝ၊ ဖုံးမရ၊ ခိုင်လှ မြဲမြံသော်။
ပင်ကိုယ်အလေ့၊ တည်ကာမွေ့၊ မရွှေ့ ဌာယီခေါ်။
မွေ့ပျော်နေခါ၊ ကြောက်စရာ၊ မလာ ဌာယီနော်။
~~~~~~~~
- ဗ်ဘိစာရီဘာဝ -
ဌာယီရှေးရှု၊ မြှုပ်ပေါ်မှု၊ ခေါ်ပြု ဗျဘိစာ။
မတည်လှုပ်ရှား၊ ရေလှိုင်းလား၊ ထူးခြား ဖြစ်ပေါ်လာ။
ဗျဘိစာရီ၊ မတည်ကြည်၊ စုံစီ များလှစွာ။
ရေလှိုင်းကဲ့သို့ ပေါ်လိုက် ငုပ်လိုက်ဖြင့် ဌာယီဘာဝသို့ ရှေးရှုဖြစ်သော ဘာဝသည် ဗျဘိစာရီဘာဝ မည်၏။
(ဗျဘိစာရီဘာဝ သရုပ် ၃၃-ပါး ရှိသည်။)
ငြီးငွေ့, စဉ်းစား ယံမှား. ပန်းစွာ၊
ရောင့်ရဲနှစ်သက် တစ်ချက်တွေကာ၊
စိတ်ဆင်းရဲဘိ ပျင်းရိ, ကြမ်းစွာ၊
အိပ်ပျော်, ထိတ်လန့် မခံ့အားမှာ၊
အားထုတ်, အောက်မေ့ ရွှင်မွေ့လန်းဖြာ၊
ငြူစူ, စိတ်ပန်း မှိုင်းခန်းကြုံလာ၊
ဟန်ဆောင်, မာန်ကြွ စိတ်ကဖောက်လာ၊
သည်းမခံလစ် မူးရစ်, ရူးကာ၊
ဟုတ်တိုင်းမှန်သိ မသိ, နိုးလာ၊
ငိုက်မျည်း, လျင်ပြု ရှက်မှု, သေရှာ၊
လောလီ, နာနဲ့ သုံးဆယ့်သုံးဖြာ၊
သရုပ်ရှိ ဗျဘိစာရီပါ။ ။
- ဌာယီမှ ဗျဘိစာရီ ပြောင်းပုံ -
ရတီ စသည်၊ ခေါ်ဌာယီ၊ မတည် ပြောင်းလို့လာ။
ဗျဘိစာရိ၊ ခေါ်လေဘိ၊ သတိ ရှိအပ်စွာ။
ချစ်မုန်း မုန်းချစ်၊ ပြောင်းလဲဖြစ်၊ စနစ် ပုံပမာ။
ရတိ စသည်တို့သည် တည်တံ့ချိန် ဌာယီဘာဝ ခေါ်၍ ပြောင်းရွှေ့သော် ဗျဘိစာရီ ခေါ်ရသည်။
(မူလ ဗျဘိစာရီ ၃၃-ပါးနှင့် ဌာယီမှ ပြောင်းသော ဗျဘိစာရီ ၉-ပါး၊ ပေါင်း ဗျဘိစာရီ ၄၂-ပါးထိ ဖြစ်နိုင်သည်။)
~~~~~~~~~
- ဝိဘာဝ -
ဘာဝဖြစ်စေ၊ တိုးပွားစေ၊ ကြောင်းလေ ဝိဘာဝ။
မုချ ပဓာ၊ တိုက်ရိုက်လာ၊ ခေါ်ပါ အာလမ္ဗဏ။
ထောက်ပံ့ခြံရံ၊ တန်ဆာမှန်၊ ခေါ်ရန် ဥဒ္ဒီပန။
ဌာယီဘာဝ၊ ဗျဘိစာရီဘာဝ၊ သတ္တိကာဘာဝ- ဘာဝသုံးမျိုးကို ဖြစ်စေ တိုးပွားစေတတ်သော အကြောင်းသည် ဝိဘာဝ မည်၏။
မုချအကြောင်း (အာလမ္ဗဏဝိဘာဝ)နှင့် အခြံအရံအကြောင်း (ဥဒ္ဒီပနဝိဘာဝ) ဟူ၍ ဝိဘာဝ နှစ်မျိုး ခွဲနိုင်၏။
- အနုဘာဝ -
ဘာဝကျိုးဟူ၊ ကိုယ်နှုတ်မူ၊ ခေါ်ယူ နုဘာဝ။
မီး၏အကျိုး၊ မီးအခိုး၊ သိရိုး မီးရှိမှ။
မီးလျှင် ဘာဝ၊ မီးခိုးက၊ နုဘာဝ ဟုပြ။
ဌာယီဘာဝ ဗျဘိစာရီဘာဝတို့ကြောင့် ဖြစ်လာသော ကိုယ်နှုတ်အမူအရာတို့သည် (ထိုဘာဝတို့ကို သိကြောင်းဖြစ်၍) အနုဘာဝ မည်၏။
->
အကြောင်းများစွာ၊ စိတ်ဖြစ်မှာ၊ ထူးလာ ဘာဝတွင်။
အနုဘာဝ၊ ဝိဘာဝ၊ ဖွင့်ပြ ဖွဲ့ပေါ်လွင်။
~~~~~~
- သာတ်တိကာဘာဝ -
တည်ငြိမ်စိတ်ဓာတ်၊ ဖြစ်စေလတ်၊ ထူးမြတ်စွမ်းသတ္တိ။
လေးနက်လေဘိ၊ အစွမ်းရှိ၊ သာတ္တိကာ- ဟုသိ။
အနုဘာဝါ၊ မဆိုသာ၊ ဌာ,ဗျာ သီးခြားရှိ။
(သာတ္တိကာဘာဝရုပ် ရှစ်ချက်ရှိ၏။)
ခိုင်မာ, တွေဝေ၊ ကြက်သီးနေ၊ ထူးထွေ တုန်လှုပ်လာ။
မျက်ရည်, ချွေူထွက်၊ ဆင်း,သံပျက်၊ ရှစ်ချက် သတ္တိကာ။
~~~~
- ဘာဝါလင်္ကာရ အစဉ် -
၁။ အာလမ္ဗဏဝိဘာဝ -> (ပဓာနအကြောင်း)
၂။ ဥဒ္ဒီပနဝိဘာဝ -> (အခြံအရံအကြောင်း)
၃။ ဌာယီဘာဝ -> (တည်တံ့သောစိတ်ဖြစ်ပုံအထူး)
လက်ရှိအခြေအနေ။
၄။ ဗျဘိစာရီဘာဝ -> (မတည်တံ့သောစိတ်ဖြစ်ပုံအထူး)
ဘာဝ၏ အခွံအရံ။
၅။ သာတ္တိကာဘာဝ -> (စိတ်ဖြစ်ပုံအထူး၏ စွမ်းရည်)
၆။ အနုဘာဝ -> (ဘာဝတို့၏ အကျိုး)
၇။ ရသ -> (နှစ်သက်ဖွယ် သဘော)
မိန်းကလေး -> အာလမ္ဗဏဝိဘာဝ၊
မိန်းကလေး ရုပ်သွင် အသံ တန်ဆာ-> ဥဒ္ဒီပနဝိဘာဝ၊
မိန်းကလေးကို ချစ်စိတ်ဝင်ခြင်း-> ရတိဌာယီဘာဝ၊
မရွှင်လန်း နွမ်းခြင်း-> ဗျဘိစာရီဘာဝ၊
ချစ်ရ ခံစားရခြင်း -> အနုဘာဝ၊
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အနုစာပေရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားချင်ရင် လျှပ်တပျက် အသည်းမှာ ရိုက်ခတ်ပေါ်လာတဲ့ လှုပ်ရှားမှုလေးကို ဖမ်းမိရုံနဲ့တင် မပြီးဘဲ လေ့လာမှု ဆင်ခြင်ဝေဖန်မှု ပြုဖို့လိုကြောင်း ထင်ရှားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာပေလေ့လာရာတွင်-
ရသတန်ဖိုးနှင့် ဘာသာစကားတန်ဖိုးတို့ကို ဖော်ထုတ်ရသည့် အလုပ်သည် #
စာပေပညာရှင်၏ #
အလုပ် မဖြစ်သင့်ပါလော။
ယင်းသို့ လေ့လာခြင်းသည်ပင် #
စာပေပညာရှင်၏ #
နယ်ပယ် မဖြစ်သင့်ပါလော။
ကိုး-
မန်လည်ဆရာတော်- မဃဒေဝ
ဦးရွှေအောင်- ရသစာပေ၏ ရသ
ဇေယျ~အရှင်စန္ဒဝရ- အလင်္ကာစံအိမ်
ဇော်ဂျီ- ရသာစာပေ အဖွင့်နှင့် နိဒါန်း
ဦးမြင့်ကြည်- စာပေနှင့်ဂီတ၊ ဂီတနှင့်စာပေ
လူထုစိန်ဝင်း- အတွေးရှင်းအရေးရှင်း စာရှုခင်း
မောင်ခင်မင်- စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း
Subscribe to:
Post Comments (Atom)
-
ဓဇဂ္ဂသုတ် (ပါဠိ + အနက်) ၁။ ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌမဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ၊ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်...
-
ဂုဏ်တော် ကွန်ချာ ၁၊ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ ...
-
ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေ by ဒီဇိုင်း မျိုးဆွေသန်း အဖေဆုံးတာ ၂၀၁၃ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ညက ဆိုတော့ ၄ နှစ်ပြည့်ပြီ။ သားတွေအ...
No comments:
Post a Comment