Tuesday, October 16, 2018

မြို့ပွဲစားနှင့် တောပွဲစား - မာန် (တောင်လုံးပြန်)

မြို့ပွဲစားနှင့် တောပွဲစား - မာန် (တောင်လုံးပြန်) ----------------------------------------------------- “အစ်ကိုတင်” လာမယ့် တော်သလင်း လပြည့်နေ့မှာ ကိုရင်မြင့် တီဗွီ လာဝယ်မယ်။ အစ်ကိုတင်ပဲ လိုက်ဝယ် ပေးလိုက်ပါ၊ အပြန်ခါကျတော့မှ တီဗွီ လိုက်တပ်ပေးဖို့ ဆိုပြီး လိုက်လာခဲ့ပါ။ ဣန္ဒြေ မပျက်စေချင်ပါ။ ကျွန်မ မေတ္တာကို နားလည်စေရန် မျှော်လင့်ပါသည်။ သတိရစွာဖြင့် ခင်ခင်မြင့် (၂၉.၈.၀၂) ဇာတ်လမ်းက အဲဒီလို စခဲ့တယ်။ 'ခင်' က ကျွန်တော့်ရဲ့ ရည်းစား။ သူ နေတာက ခရမ်း၊ သုံးခွ ဘက်မှာ။ ကျွန်တော်နဲ့ တွေ့ခဲ့ကြတာ ရန်ကုန်မှာပါ။ စတွေ့စဉ်က သူ တက္ကသိုလ် တက်ဖို့ အဆောင်နေရင်း ဖုန်းရှိတဲ့ ကျွန်တော့်အိမ်မှာ ဖုန်း အဆက်အသွယ် ရှိတိုင်း လာပြောရာက ကျွန်တော်နဲ့ ရင်းနှီးခဲ့ပါတယ်။ နောက်တော့ ချစ်သူတွေ ဖြစ်ကြပါတယ်။ တကယ်တော့ သူနဲ့ ကျွန်တော်ဟာ သူ ကျောင်းပြီး သွားချိန်က စပြီး ကိုယ့်ဘဝကိုယ် လျှောက်ကြဖို့ကလွဲရင် နီးစပ်ဖို့ ခက်လှပါတယ်။ ခရမ်းဘက်မှာလို့ ကျွန်တော် လွယ်လွယ် ပြောလိုက်ပေမယ့် 'ခင်' တကယ်နေတဲ့ ရွာဟာ ခရမ်းမြို့နဲ့ ဆယ်မိုင်ကျော် ဝေးပါတယ်။ နွေမှာ ကား၊ စက်ဘီးနဲ့ သွားလို့ ရတယ်။ မိုးတွင်းမှာတော့ မော်တော်နဲ့မှ သွားလို့ ရတယ်။ ဝန်စည်စလယ် မပါရင်တော့ စက်ဘီးစီးလို့ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ တစ်နာရီကို ရေမိုင် အနည်းငယ် သွားတဲ့ စက်တပ်မော်တော် စီးပြီး ငြီးငွေ့အောင် သွားရတဲ့ ခရီးမျိုးပါ။ ဒီခရီးကို ကျွန်တော် ရောက်ဖြစ်တာလည်း 'ခင့်' ရဲ့ စာကြောင့် ဖြစ်ပါတယ်။ တကယ် မလွယ်ဘူးဗျို့၊ မလွယ်တာကတော့ ကိုရင်မြင့်၊ 'ခင့်' အစ်ကိုဝမ်းကွဲ ဆိုတာ ဟိုးကတည်းက အဆောင်ကို လူကြုံပစ္စည်း လာပို့ရင်း ရင်းနှီးပြီးသားပါ။ တော်တော်တော့ နှံ့စပ်တဲ့ တောပွဲစား တစ်ယောက်ပဲ။ တောပွဲစား ဆိုတာ သိတဲ့အတိုင်း ကွမ်းမပြတ် စားတယ်၊ စပို့ရှပ် ကြိုက်တယ်။ စီးကရက်ကို ဟန်မကျ ပန်မကျ ဖွာတယ်။ စကား ပြောဆိုရင် ဒေါ်လာဈေးက စပြောတတ်တယ်။ ကျွန်တော်နဲ့ ရှစ်နှစ်လောက် ကွာပြီး အသက်က သုံးဆယ့်ငါးနှစ် ဆိုပေမယ့် ကျားကျား လျားလျားနဲ့မို့ ပွဲစား တစ်ယောက်ရဲ့ အင်္ဂါရုပ်တော့ ထွက်နေပါတယ်။ ဒါပေမဲ့ လေသံက မရဘူးဗျ။ ခေါက်ရိုးကျိုးနေတဲ့ အင်္ကျီတစ်ထည် လိုပဲ သူ့လေသံ ကြားလိုက်တာနဲ့ တောပွဲစားမှန်း ချက်ချင်းသိတယ်။ မြို့ပွဲစားက လုပ်ငန်းတစ်ခုကို ဟန်ပန် လုပ်ရတဲ့ အခါ လေသံ ပျော့ပျော့လေးနဲ့ “ဟာ ဒါတော့ ဖြစ်မယ် မထင်ဘူး ခင်ဗျာ” လို့ ပြောတယ်။ ကိုရင်မြင့် ပြောပုံကိုကြည့်။ “အာ” ဆိုတဲ့ လေသံကို အကြာကြီး ဆွဲထားပြီးမှ “ဘယ်ဖြစ်မတုံး” လို့ ပြောချလိုက်ရော။ ဒါကို ဂျစ်ကားတစ်စီး သွားဝယ်တုန်းက ကျွန်တော် လက်တွေ့ ကြုံခဲ့တာပါ။ သူ့ကို နယ်က ဝယ်လက် အနေနဲ့ ကျွန်တော် ခေါ်သွားတယ်။ ကားက ကျွန်တော် ကြည့်ပြီးသား။ ဈေးနှုန်းကို ကျွန်တော် မဆစ်ချင်တာနဲ့ ကိုရင်မြင့် လာတုန်း - “ကားတစ်စီး ဈေးလိုက်ဆစ် ပေးပါလား အစ်ကို၊ ပွဲခ ပေးမယ်” “လုပ်လေကွာ၊ သိပ်ဖြစ်တာပေါ့” “ခဏနေဦး … ဟိုရောက်ရင် အစ်ကိုက နယ်အဝယ် အနေနဲ့ ပြောနော်။ ဝယ်မှာက ကျွန်တော် ဝယ်မှာ။ ဘယ်လောက် ပေးရမယ် ဆိုတာ အခြေအနေ ကြည့်ပြီး ကျွန်တော် ပြောမယ်” “ဟကောင်ရာ ငါ ပေါက်ပါတယ်” “နေဦး၊ ဟိုက ရောင်းချင်လွန်းလို့ ဗိုက်နာနေတာ၊ စွတ်ပေးပြီးမှ မဝယ်ဖြစ်ရင် ပြဿနာ တက်မယ်။ ကားကို သိပ်မကြိုက်တဲ့ ပုံစံမျိုး လုပ်နော်” “ချီးတဲ့မှပဲ၊ ငါ ပိုင်ပါတယ် ကိုယ့်လူရာ၊ ငါ့ကောင်ကလည်း” ထင်တဲ့ အတိုင်းပဲ၊ ဟိုရောက်တော့ ကားပိုင်ရှင်ရှေ့မှာ ပေါက်ကရတွေ ပြောတော့တာပဲ။ သူ့ ငါးကန်တွေ အကြောင်း၊ စပါးဘယ်လောက် စိုက်ထားကြောင်း၊ ဖရဲလည်း ဒီနှစ် ဈေးကောင်းမည် ဖြစ်ကြောင်း၊ ကားကို ဝယ်ချင်လို့ မဟုတ်ကြောင်း၊ အရှေ့ဘက်ရွာက ကောင်တွေကို မခံချင်လို့ လာဝယ်တာ ဖြစ်ကြောင်း၊ ဒီကားမျိုး ဝယ်သွားရင် ကဲ့ရဲ့မှာ စိုးကြောင်းတွေ တရစပ် ပြောတော့တာပါပဲ။ ရောင်းတဲ့သူက ကျွန်တော့်ကို ကြည့်တော့ မျက်စပစ်ပြ လိုက်ရတယ်။ ငကြောင်ပေါ့ဗျာ။ သည်းခံလိုက်ပါ ဆိုတဲ့ သဘော။ သူပြောလို့ မောလောက်တော့မှ ကျွန်တော် ဝင်လို့ ရတော့တယ်။ “ကဲ- အစ်ကို၊ ကားကတော့ မျက်မြင်ပဲ၊ သုံးဆယ့်ငါး တဲ့” “အာ …၊ ဘယ်ဖြစ်လိမ့်မတုန်း” “မဖြစ်ရင်လည်း နေဗျာ၊ ခင်ဗျားကလည်း ဘယ်လိုလူ ခေါ်လာမှန်း မသိဘူး၊ အလုပ်ပျက်တယ်” “နေပါဦး အစ်ကိုရာ၊ ကျွန်တော် ပြောပေးပါ့မယ်။ လာ လာ ကိုရင်မြင့်၊ ကျွန်တော် ရှင်းပြမယ်” ဆိုပြီး ခပ်ဝေးဝေး ခေါ်သွား၊ တိတ်တိတ်လေး နေခိုင်းပြီး ကျွန်တော့်ဘာသာ ဝင်ပြောတော့မှ ဝယ်ဖြစ်တော့တယ်။ အခုလည်း ကြည့် 'ခင်' မှာထားလို့ တီဗွီ လိုက်ဝယ်ပေးရင်း ဆိုင်မှာ စကားများရ ပြန်ရော။ လျှပ်စစ်ပစ္စည်း ဆိုတာ သိကျွမ်းတဲ့လူ ပါမှ ဝယ်လို့ ကောင်းမှန်း ကျွန်တော် သိတယ်။ သူက ဒီလို မဟုတ်ဘူး။ ငါးဆိုင်၊ ခြောက်ဆိုင်လောက် မွှေမယ်။ နောက်ဆုံး ဈေးသက်သာတဲ့ ဆိုင်မှာ ဝယ်မယ်။ ဈေးချင်းတူရင် အရင်ဆုံး မေးတဲ့ ဆိုင်မှာ ဝယ်မယ် တဲ့။ “ဒါဆိုလည်း အစ်ကို့ သဘောပဲ၊ အစ်ကိုဝယ်တဲ့ ပစ္စည်း ကျွန်တော် အာမမခံဘူး” “ဟကောင်ရ၊ ဆိုင်က အာမခံလိမ့်မပေါ့၊ ဒါများကွာ၊ ငါ့တာဝန် ထားစမ်းပါ” သူနဲ့ စကားပြောရင် ဒီလိုပဲ။ ဟကောင်ရ၊ ငါ့ကောင်ရ၊ ကိုယ့်ကောင်ရနဲ့ ဘယ်တော့မှ အကောင်နဲ့ မလွတ်ဘူး။ နယ်မှာ ဆိုင်ကယ်ပွဲစား လုပ်တယ်ဆိုတာ ကျွန်တော် ဘယ်လို ယုံရမှန်းတောင် မသိဘူး။ မြို့လယ်မှာ တီဗွီရောင်းတဲ့ လူတွေ ဆိုတာလည်း ပါးစပ် အာမခံသမားတွေက အများသား။ တကယ်ဝယ်ပြီး ငွေချေတော့မှ အာမခံကတ်ပြား ကုန်နေတာတို့ ၊ နောက်မှ လာယူပါတို့၊ ဖြစ်ရင် ချက်ချင်း လဲပေးပါ့မယ်တို့ လုပ်တော့တာပဲ။ ဒီမှာ ကိုရင်မြင့်က အာမခံကတ် မရရင် မဝယ်ဘူး ဖြစ်ရော။ “ကတ် မပေးရင်တော့ ဆောရီးကွာ၊ ကတ်ထဲမှာ မင်းတို့ ပြောတာတွေ မြန်မာလိုတောင် ထပ်ဖြည့်ခိုင်းဦးမှာ ၊ မရရင် မဝယ်ကူးကွာ” “ဟာ ခင်ဗျား လမ်းဘေးဆိုင်မှာ ဝယ်တာမှ မဟုတ်တာ” “ဒါပေါ့ကွ၊ ငါလည်း လမ်းဘေးက ကောင်မှ မဟုတ်တာ” “ဈေးဆစ်ပြီးရင် ခင်ဗျား ဝယ်ရမှာပေါ့” “မင်းက ဘာအာမခံလဲ” “ဒီဆိုင်ကြီး တစ်ဆိုင်လုံး” “ဟေ … မဝယ်ဘူးကွာ ဘာဖြစ်လဲ” နောက်ဆုံးတော့ ဟိုက ကျွန်တော်တို့ကို မောင်းထုတ်တော့တယ်။ တကယ် မဝယ်နိုင်ရင် ဈေးမဆစ်နဲ့ ဘာညာပေါ့ဗျာ။ သူက ခဲတစ်လုံး ပစ်ထည့်ပြီး ပြေးကြဖို့ ဆွယ်သေးတယ်။ ကြံကြီးစည်ရာဗျာ။ ကျွန်တော် ဘယ်လုပ်ရဲမလဲ။ နောက်ဆုံးတော့ ကျွန်တော့်အသိ ဆိုင်မှာ ကျွန်တော် အာမခံပြီး ဝယ်ပေး လိုက်ရတယ်။ အဲဒီ တီဗွီရယ်၊ ကိုရင်မြင့်ရယ်၊ ခရမ်း ခရီးစဉ်ရယ်ကို ပြန်ပြောရရင် အခုထိ ရင်မောလို့ မဆုံးဘူး။ ရင်မောတာလည်း မပြောနဲ့။ ခရမ်း-ရန်ကုန် ကားဂိတ်မှာ လက်မှတ် ဝယ်မရတာက နံပါတ်တစ် ပြဿနာပါ။ ကားက မီနီဘတ်စ် အမျိုးအစား၊ ထိုင်ခုံတွေ အလယ်နားမှာ ဖြုတ်ထားတာမို့ တီဗွီထိုင်ဖို့ တစ်ခုံပဲ ရတယ်။ လူကတော့ မတ်တတ်ရပ် လိုက်ရတယ်။ စတင် ထွက်ချိန်မှာ မတ်တတ်ရပ် လိုက်တဲ့သူက လေးယောက်တည်းပါ။ သာကေတ တံတားကို လွန်တာနဲ့ တဖြည်းဖြည်း တက်လာ လိုက်ကြတာ သန်လျင်တံတား ရောက်တော့ လူ ဘယ်ညာ လှည့်လို့ မရတော့ဘူး။ နေ့လယ် သုံးနာရီမို့ ကားရပ်ပြီ ဆိုတာနဲ့ အောက်ကရော၊ အပေါ်ကရော၊ ဘေးနှစ်ဖက်ကရော အပူတွေ လှိုက်တက် လာတာများ ပြန်တောင် မတွေးရဲတဲ့ ဒုက္ခမျိုး စစ်စစ်ပါ။ သုံးခွ ရောက်ချိန်မှာ ကျွန်တော် ဘယ်လိုမှ ဆက်မစီး နိုင်တော့ကြောင်း ကိုရင်မြင့်ကို ပြောမိတော့တယ်။ “ဟာ ငါ့ကောင်ရ၊ ရှေ့ဘယ်လောက်မှ မလိုတော့ဘူး။ ကားဆရာရေ၊ ရန်ကုန်က မင်းသား ပါလာတယ်ဗျာ၊ အမြန်ဆွဲလေး လုပ်လိုက်စမ်းပါ” ဝါးခနဲ ရယ်သံတွေနဲ့ အတူ ကျွန်တော့်ကို ဝိုင်းကြည့်လာတော့ အရှက်ကို ကွဲတော့တာပဲ။ ကျွန်တော့် တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ ရွှဲနစ်နေပြီ။ သူကတော့ ကွမ်းလေး ဝါးလိုက်၊ ပြတင်းပေါက်ကို ခေါင်းထုတ်ပြီး ထွေးထုတ်လိုက်၊ သူ့ရှေ့ ထိုင်ခုံက ငါးလုပ်ငန်းသမားကြီး တစ်ဦးနဲ့ ငါးအကြောင်းတွေ ပြောလိုက်နဲ့ ပျော်ပွဲစား ထွက်လာတဲ့ သူလိုပဲ။ ကျွန်တော်နဲ့လည်း မိတ်ဆက် ပေးသေးတယ်။ “ခင်မြင့်လူလေ … ဟင်း … ဟင်း …” တဲ့။ ဟိုလူကြီးက ကျွန်တော့်ကို ကြည့်ပြီး ရယ်တယ်။ ရယ်တယ် ဆိုတာက ကျွန်တော့်ကို တော်တော် စိတ်ရော ကိုယ်ပါ ဒုက္ခရောက်နေတဲ့ လူလို မြင်ပြီး ရယ်တာပါ။ ဒါပေမဲ့ သုံးခွ လွန်လာတော့ သူ့ခုံမှာ ထိုင်ဖို့ နေရာပေး ပါတယ်။ လူလည်း တော်တော်ချောင် သွားပါပြီ။ စိတ်ထဲမှာတော့ 'ခင့်' ကို နားရင်းတွေ အုပ်လိုက်ချင်တယ်။ မြို့မှာ နေတုန်းက သူ ခရမ်းပြန်ဖို့ ကြိုတင်လက်မှတ် သွားသွားဖြတ် ပေးရတာကို ခုမှ သဘောပေါက်တယ်။ သူတို့ကို မေးလိုက်ရင် နှစ်နာရီတည်းပါ။ တစ်အောင့်ပဲ စီးရတာလို့သာ ပြောတယ်။ မတ်တတ်ရပ်ပြီး လူကျပ်ကျပ်နဲ့ လိုက်ရရင် နှစ်ကမ္ဘာလောက် ကြာသလို ဒုက္ခရောက်တာ ထည့်မပြောဘူး။ ခရမ်းရောက်တော့ ကိုယ့်ဆရာက ဆိုက်ကားသမားနဲ့ တီဗွီ တင်ပေးလိုက်တယ်။ “စက်ထဲအိမ်ထိ ပို့ပေး၊ ရော့ သုံးရာယူလိုက်။ ဧည့်သည် ပါလို့ နည်းနည်း မိုးချုပ်မယ် ပြောလိုက်နော်” “တစ်ခါတည်း ရွာသွားမှာ မဟုတ်ဘူးလား” “ငါ့ကောင်ကလည်း အဖြစ်သည်း နေပြန်ပြီ၊ ဒီအချိန် မော်တော် မရှိဘူး” “ငှားသွားမယ်ဗျာ၊ ကျွန်တော် ပေးမယ်” “ဟား … မင့်ခင်မြင့် ဘယ်မှ မပြေးပါဘူးကွာ၊ ငါ့ပြုစုချင်လို့ပါ၊ လာစမ်းပါ” မှန်တာ ပြောရရင် ကျွန်တော်လည်း တစ်ခွက် တစ်ဖလားတော့ ချချင်နေပြီ။ ခရမ်းမှာ ညအိပ် ညနေ နေရင်း လေ့လာချင် စိတ်လည်း ရှိတယ်။ သူက ကျွန်တော့်ကို ခဏစောင့်ဖို့ ပြောရင်း ဈေးဆိုင် တစ်ခုထဲ ဝင်သွားပါတယ်။ ခဏကြာတော့ ဆိုင်ကယ် တစ်စီးနဲ့ ထွက်လာတယ်ဗျ။ “တက် … ကိုယ့်ကောင်ကို အပြတ်ပြုစုမယ်၊ ဟိုဟာတော့ မရဘူးနော်၊ အသောက်ပဲ” “ရလည်း ခင်ဗျားဘာသာ သွားစမ်းပါ၊ ကျွန်တော်တော့ လုံးဝပဲ” “ဒါပေါ့ကွာ၊ ခင်မြင့်က ဒါကြောင့် မင်းကို ရွေးတာကိုး” “တော်တော့ဗျာ၊ ဘီယာဆိုင် မောင်း” ကျွန်တော် စိတ်မကြည်ရင် ဘုကျတတ်တယ်။ ခင်ဗျားတွေ ဘာတွေနဲ့ ပြောလာတတ်တယ်။ သူက ဆိုင်ကယ်မောင်းရင်း ကွမ်းတံတွေး လှမ်းလှမ်းထွေးလို့ နောက်လာစဉ်မှာ စိုးလို့ ရှောင်ရသေးတယ်။ ကားဂိတ်နဲ့ ဘီယာဆိုင်က သိပ်မဝေးလို့ တော်သေးတာပေါ့။ နာရီစင်ကြီး လွန်တာနဲ့ ချိုးကွေ့ရင်း - “တည့်တည့်သွားရင် ဘုရားကြီး ရောက်မယ်၊ ဘုရား ဖူးဦးမှာလား” “နောက်မှဗျာ” “အကြော်လည်း ကောင်းတယ်” “နေပါစေတော့ဗျာ၊ ခင်ဗျား စားချင်ရင် သွားဝယ်၊ ကျွန်တော် ဒီဆိုင်က စောင့်မယ်” * * * တကယ်တော့ ဘုရားကြီး သွားဖို့ ငြင်းလိုက်တာရယ်၊ ဘုရားကြီး ရှေ့က အကြော်ကို ငြင်းလိုက်တာရယ် ဒီနှစ်ခုဟာ အလွန် ကံနည်းသူ ဖြစ်သွားရတယ် ဆိုတာ ကိုရင်မြင့်တို့ နေတဲ့ စက်ထဲ အိမ်ကို ရောက်မှ သိရတော့တယ်။ ခရမ်းမြို့မှာ ဧည့်သည်လာရင် ဘုရားကြီး ပို့တာနဲ့ အကြော် ကြွေးတာနဲ့ နှစ်ခုဟာ ပေါ်ပြူလာ ပဲဗျ။ စက်ထဲအိမ် ဆိုတာက ဆီစက်ဝင်းကြီးထဲမှာ ဆောက်ထားတဲ့ အိမ်ဖြစ်လို့ စက်ထဲအိမ်လို့ ခေါ်တာပါ။ အဲဒီအိမ်မှာ ခင်တို့ မိသားစုထဲက လူတချို့နဲ့ ညီအစ်မဝမ်းကွဲ မိသားစုတွေ နေကြပါတယ်။ သူတို့ ညီအစ်မ တွေရော၊ မောင်ဝမ်းကွဲ တွေရော ကျွန်တော်နဲ့ 'ခင်' သံယောဇဉ် ဖြစ်နေတာကို သိကြပါတယ်။ သဘောတူ ပါတယ်။ နွေးထွေးကြ ပါတယ်။ ဒါပေမဲ့ ခင်တို့ အဖေနဲ့ အမေတော့ မသိကြဘူး။ သူတို့ ရွာမှာ အနေများတယ်။ ခင်တို့ မောင်နှမတွေထဲမှာ ခင်က တတိယမြောက်။ သူ့အောက်မှာ မောင်နဲ့ ညီမ ရှိသေးတယ်။ အမှန်အတိုင်း ပြောရရင် ခင့် အသိုင်းအဝိုင်း ကိစ္စကို ကျွန်တော် ဒီလို မြန်မြန်ကြီး သိသွားချိန်မှာ ခင်နဲ့ လက်တွဲဖို့ ကြိုးစားချင်မိတာပါ။ ကျွန်တော်တို့ သမီးရည်းစား ဖြစ်ခဲ့ကြတာ သုံးနှစ်တာ ကာလမှာ တစ်ခါမှ ခင့်အိမ်ထောင်စု ဇယားကို ကျွန်တော် ထဲထဲဝင်ဝင် မလေ့လာဖြစ်ဘူး။ အဆင်ပြေရင် ယူမယ်လို့ပဲ ခပ်ပေါ့ပေါ့ တွေးတယ်။ မြို့ပွဲစားရဲ့ အကျင့်ပေါ့ဗျာ။ ချစ်တာကတော့ အမှန်ပါ။ ခင်က အချောအလှကြီး မဟုတ်ပေမယ့် သူ့မဟုတ်မခံချင် စိတ်လေးနဲ့ သူ နေထိုင်ပြောဆို ပုံလေးတွေက အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်ဖို့ မခဲယဉ်းဘူး။ မြို့သူတွေ ဆိုရင် “ခေါင်းစား” ရတယ်ဗျာ။ ဟိုဟာ ရှိမှ၊ ဒါပြည့်စုံမှ ယူမယ်တို့၊ ဘာတို့ မဟုတ်လား။ ထားပါတော့၊ ကိုရင်မြင့် အကြောင်း ပြောချင်ပါသေးတယ်။ ပြီးတော့ ခရမ်းမြို့အ ကြောင်း ပြောချင်ပါသေးတယ်။ “အစ်ကို့တို့ မြို့မှာ တည်းခိုခန်း မရှိဘူးလား” “အေး- စင်တင်တေးဂီတ ဆိုင်လည်း မရှိဘူး” “လမ်းတွေက ဘာလို့ ကွေ့ကွေ့ သွားတာလဲ” “အရင်တုန်းက ဒီလိုပဲ” “ဒီဈေးပဲ ဘာဈေးလဲ” “ကမ်းနားဈေး၊ ဟိုရှေ့မှာ တံတား တွေ့လား၊ အဲဒါ 'ဦးရန်နား' တံတား။ သူတို့ မိသားစုတွေချည်း လေးကြိမ်ဆက်တိုက် ပြုပြင်လှူဒါန်း ထားတာ။ ငါတို့ရွာ သွားရင် အဲဒီတံတား အောက်နားမှာ မော်တော်တွေ ရှိတယ်။ ခု မထွက်သေးဘူး၊ နေ့လယ်မှ ထွက်မှာ” “ဆိုင်ကယ်တွေ ပေါတယ်နော်၊ ဈေးကွက်ရှိလား အစ်ကို” “သိပ်ရှိတာပေါ့” ကျွန်တော်နဲ့သူ နံနက်စာ မုန့်ဟင်းခါး လက်သုပ် စားရင်း ပြည်တော်သာ လမ်းထိပ်မှာ ထိုင်နေကြပါတယ်။ ပြည်တော်သာ လမ်းရဲ့ ဆိုင်းဘုတ်ကို အောက်မှာ အောက်ခဲနဲ့ သေသေသပ်သပ်၊ ခိုင်ခိုင်မာမာ ထောင်ထားပြီး ဦးရန်နား+ဒေါ်သိန်း သားသမီးမြေးတစ်စုက ဆောက်လုပ်လှူဒါန်း ထားကြောင်း တွေ့ရပါတယ်။ မြို့လေးကို ကြည့်ရတာ သစ်ပင်တွေ အုပ်ဆိုင်းနေပြီး အဆောက်အအုံ ကြီးကြီးမားမား ဆိုလို့ ဆန်စက်ကြီးတွေ လောက်ပဲ ရှိမယ့်ပုံပါ။ ကျွန်တော်ထိုင်တဲ့ မုန့်ဟင်းခါးလက်သုပ် ဆိုင်လေးနဲ့ မလှမ်းမကမ်းမှာတော့ မြေအောက် ဈေးလေးလို့ ထင်ရတဲ့ ဈေးတန်းလေး တစ်ခုဟာ လမ်းရဲ့ အောက်ဘက် လျှိုထဲမှာ ရှိနေပါတယ်။ “ဒါ ဘာဈေးလဲ အစ်ကို” “သံလမ်းဈေး၊ မနေ့က တို့ဆင်းတဲ့ ကားဂိတ်နားမှာ ဈေးကြီး ရှိသေးတယ်။ ခဏနေရင် သွားတာပေါ့” “ဟေ့လူ ခင်ဗျားကို လိုက်ရှာနေတာ” “မင်းနှမ ဘာဖြစ်လို့လဲ ပြောပါဦး” “မနောက်စမ်း ပါနဲ့ဗျာ၊ ဆရာမ မနေ့က ဆုံးလို့” “အေး- ငါ့ညီမဝမ်းကွဲ တွေလည်း ပြောတယ်၊ ဘယ်လို ဖြစ်တာလဲ” “ရုတ်တရက်ပဲဗျာ၊ နှမြောလိုက်တာဗျာ” ကိုရင်မြင့်ကို တွေ့လို့ နှုတ်ဆက်စကား ဝင်ပြောတဲ့ လူငယ်က ဒီအကြောင်းတွေ ပြောလာတော့ မုန့်ဟင်းခါး စားနေတဲ့ ဦးကြီး တစ်ယောက်ကလည်း ဝင်ပြော လာပါတယ်။ “အေးလေ ပင်စင်လေး ယူပြီး သားသမီးတွေ လုပ်စာ စားရမယ့် အချိန်မှာ ဖြစ်ရတယ်ကွာ။ သေခြင်းတရား ကလည်း ရှေ့နောက်ကို မကြည့်ဘူး” “အေးဗျာ၊ မြို့မကျောင်းမှာ သူအကြာဆုံး ထင်တယ်” “အနည်းဆုံး ၃၅ နှစ် လောက်တော့ ရှိမယ်ကွ၊ ငါ့သား အကြီးကောင် ကျောင်းစအပ် ကတည်းက သူ သင်နေတာ။ ဒီကောင့်အသက် အခု လေးဆယ်ကျော် နေပြီကွ၊ တွက်ကြည့်ပေါ့” “သူ့မျက်နှာလေး ပြုံးနေတာ အခုထိ မြင်တုန်း” သူတို့ ဆက်ပြောတဲ့ စကားတွေထဲမှာ ဒီအကြောင်းတွေပဲ စုပုံ နေပါတယ်။ သားသမီးတွေ လေးယောက်စလုံး အရွယ်ရောက် လာချိန်ထိ မြို့မကျောင်း တစ်ကျောင်းတည်းမှာ ၃၆ နှစ်လုံး ကျောင်းဆရာမ လုပ်ခဲ့တဲ့ ဆရာမကြီး တစ်ဦးဟာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဘဝကို ဇွဲလုံ့လ ရှိရှိနဲ့ ရုန်းကန် နေခဲ့တာလည်း သိရပါတယ်။ သားသမီး လေးယောက်စလုံးကို မိခင်ကောင်း ပီသခဲ့တာတွေ၊ ခင်ပွန်းသည် အပေါ် တာဝန်ကျေခဲ့တာတွေ၊ သားတပည့် မြေးတပည့်တွေ ရတဲ့အထိ ကျောင်းဆရာမ ဘဝနဲ့ ရပ်တည်ခဲ့တာတွေ သိရပါတယ်။ မူလတန်းပြ ဆရာမကနေ အထက်တန်းပြ ဆရာမဖြစ် အောင် ပညာရေးကိုလည်း ဇွဲကောင်းခဲ့သေးတယ်။ သူ့ကို ကျွန်တော် မမြင်ဖူးပေမယ့် အမြဲတမ်း ပြုံးနေတဲ့ ကျောင်းဆရာမကြီးရဲ့ ဟန်ပန်၊ မြို့လှပိုင်းကနေ လျှောက်လာ၊ သီရိမင်္ဂလာလမ်းနဲ့ သံလမ်းဈေးကို ဖြတ်၊ ပြည်တော်သာလမ်းကနေ ဦးရန်နား တံတားကိုကျော်၊ သတိပဋ္ဌာန်လမ်းထဲ ကွေ့ဝင်ပြီး မြို့မကျောင်း ဆိုတဲ့ အထက ၂ ကျောင်းကြီးမှာ ၃၆ နှစ် တာဝန် ထမ်းဆောင် ခဲ့တာကို စဉ်းစားကြည့်ရင်း အံ့မခန်းပါပဲ။ ဝမ်းနည်းစရာ ကောင်းတာက ကျန်းမာရေး ချို့တဲ့ လာချိန်မှာ အနားမယူဘဲ သားသမီးတွေကို နိုင်ငံခြား လွှတ်ခဲ့တယ်။ တကယ် အေးအေးချမ်းချမ်း နေရချိန် အစမှာ ကွယ်လွန် သွားခဲ့ရတာကို သူ့အတွက် စိတ်မကောင်း ဖြစ်နေရပါတယ်။ အိမ်ထောင်သည် မိခင်ဘဝ၊ ကျောင်းဆရာမ ဘဝနဲ့ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့တဲ့ သတ္တိမျိုးကို ကျွန်တော် လေးစားမိပါတယ်။ တောမြို့လေးတွေ အေးချမ်း တည်ငြိမ်တာဟာ ဒါမျိုးလူတွေရဲ့ ပေးဆပ်မှုတွေ ကြောင့်လည်း ပါဝင်ပတ်သက် နေမှာပါ။ ဒီကလူတွေ ကြည့်ရတာ သိပ်စိတ်ရှုပ်စရာ မရှိဘူး။ လယ်သမား၊ ယာသမားနဲ့ မွေးမြူရေးသမား၊ ဒေသခံတွေ တစ်ဦးနဲ့ တစ်ဦး ရစ်ဖွဲ့ ချည်နှောင်ထားတဲ့ ကြိုးထုံးကြီးလို ဖြစ်နေတယ်။ စွပ်ကျယ်အင်္ကျီ ဝတ်ပြီး ကွမ်းတပျစ်ပျစ်နဲ့ ဆိုင်ကယ်စီး နေသူတွေ၊ စက်ဘီးစီး နေသူတွေ၊ ခါးလယ်အထိ ရှည်တဲ့ ဆံပင်ကို မျှော့ကြိုးလေးတွေနဲ့ စည်းပြီး ရိုးရိုးယဉ်ယဉ် သွားနေကြသူတွေ၊ တောသူ တောင်သားတွေ၊ လက်တွန်းလှည်း သမားတွေ၊ ဆိုက်ကားသမားတွေနဲ့ ဈေးလမ်းလေးဟာ ရှုပ်ယှက်ခတ် နေပေမယ့် လူတွေရဲ့ မျက်နှာထားဟာ ပကာသန ကင်းနေတယ်။ မြို့တော်ရဲ့ ဈေးတွေမှာလို နောက်က ခြင်းတောင်းဆွဲတဲ့ အိမ်ဖော်၊ ရှေ့က စိန်တွေ တဖျပ်ဖျပ်နဲ့ ကတော်ကြီးလို မြင်ကွင်းက မတွေ့ရသလောက်ပဲ။ “ဒီမှာ ပုဂ္ဂလိကဘဏ် ရှိလား” “ဟွန်း” ကျွန်တော် မေးတာကို ကွမ်းပြည့်နေတဲ့ သူ့ပါးစပ်က မဖြေနိုင်လို့ “ဟွန်း” ဆိုပြီး ခေါင်းယမ်း ပြပါတယ်။ “ပွဲရုံတွေ ဘယ်မှာလဲဗျ” “ဗျစ် … မြို့လှပိုင်းမှာ ၊ နွေမှ စည်တာ” သူက ပြန်ပြောရင်း မုန့်ဟင်းခါးဖိုး ရှင်းလိုက်ပါတယ်။ သူ ကျွန်တော့်ကို ခေါ်သွားတဲ့ အိမ်က ဗင်ကားတစ်စီး ရောင်းမယ်ဆိုတဲ့ အားကစားကွင်း နားကအိမ် ဖြစ်ပါတယ်။ “မင်းကို ကားတစ်စီး အပ်ထားမယ်၊ ဈေးတည့်ရင် ဆော်ကွာ” “ဘယ်သူ့ကားလဲ” “ငါ့ဦးလေးကား၊ ရောင်းဖို့ ပြောနေတာကြာပြီ” “ရွေ့ဆြဲလား၊ နောက္ဆြဲလား” “ရွေ့ဆြဲကြ” ကျွန်တော်တို့ စကား တပြောပြောနဲ့ လျှောက်လာကြတာ လမ်းသုံးလမ်းလောက် ကွေ့ကာ ကောက်ကာ ကျော်လာကြပါတယ်။ မြို့လေးရဲ့ လမ်းတွေဟာ ချိုင့်ကွက်လေးတွေ၊ ပလက်ဖောင်း မညီမညာလေးတွေ၊ အိမ်ရှေ့ မျက်နှာစာမှာ ဆိုင်အမျိုးမျိုး ထွက်ဖွင့် ထားတာတွေ ကြည့်ပြီး ရောင်းဝယ် ဖောက်ကားမှု ပြည့်စုံမယ်လို့ ခန့်မှန်းမိပါတယ်။ အိမ်တွေ အများစုဟာ ခြံဝင်းကိုပါ ဦးစားပေး ထားကြပါတယ်။ ကားဂိတ်ရှိတဲ့ လမ်းမကြီးနားမှာသာ မျက်နှာစာတွေ အားလုံး ပြည့်ကျပ်နေပြီး ဈေးတန်းလို ဖြစ်နေပါတယ်။ သူနဲ့ လမ်းလျှောက်လာရာ တစ်လျှောက်မှာ “ဟေ့ ဘယ်လဲ”၊ “ဘာတွေ လုပ်နေလဲ”၊ “ဘယ်သွားမလို့လဲ” ဆိုပြီး စက်ဘီးသမား၊ ဆိုင်ကယ်သမားတွေ သူနဲ့ နှုတ်ဆက် သွားကြတာ ဆယ်ဦးလောက် ရှိပါမယ်။ သူက တစ်ယောက်နဲ့ နှုတ်ဆက်ပြီးတာနဲ့ - “သူ့အိမ်က ဆိုင်ကယ် ငါဝယ်ပေး ထားတာ” “သူ့ဆိုင်ကယ် ရောင်းဖို့ စပ်ထားတယ်” ဆိုတဲ့ စကားတွေနဲ့ ကြွားပါတော့တယ်။ ဒါမျိုးတွေက ရိုးနေပြီ။ ကျွန်တော် ကားပွဲစား လုပ်ခဲ့တဲ့ တစ်လျှောက်မှာ လေးနှစ်အတွင်း ကားအစီးပေါင်း ခုနစ်ဆယ်ကျော် ပတ်သက်ဖူးတာမို့ သူပြောတာတွေ ဘာမှ အာရုံမထားဖြစ်ဘူး။ ကားရောင်းမယ့်အိမ် ရောက်တော့ ကားမတွေ့တာနဲ့ ပြန်လာကြပါတယ်။ “အေးကွာ၊ ဒီနေ့မှ ရန်ကုန် သွားရတယ်လို့” “ကိစ္စ မရှိပါဘူးဗျာ၊ အစ်ကိုတွေ့ရင် ကားဂရိတ်နဲ့ ချာစီ မှတ်ထားလိုက်၊ ကားကော ကောင်းရဲ့လား” “ငါ ဝယ်ပေး ထားတာပါကွာ” “ပြီးတာပဲဗျာ၊ အဝယ်တွေ့ရင် အစ်ကို့ကို ဆက်သွယ်လိုက်မယ်” “ဘိလိယက် ထိုးရအောင်” “အာ …” “လာပါကြာ၊ တစ္ပြဲ နွစ္ပြဲပါ” မတတ်နိုင်ဘူး။ မြို့ပွဲစားမှ ဘိလိယက် ဝါသနာပါတာ မဟုတ်ဘူး။ တောပွဲစားလည်း ဝါသနာ ပါတာပဲလေ။ *** “အစ်ကို ရေစဉ်တယ်၊ ဟိုဘက် နည်းနည်းတိုး” “ခဏပါကြာ၊ အေပါ်တက္မလား” “နေပူတယ်၊ ဟိုဘက် တိုးပေး” အဲဒီလောက် စကားလေးကို သူ့နား၊ ကိုယ့်နား ကြားအောင် မော်တော် ပေါ်မှာတော့ အတော် အော်ပြောရပါတယ်။ အင်ဂျင်က ဒီဇယ်အင်ဂျင် ဆိုတော့ နားကွဲမတတ် ဖြစ်နေပြီ။ မော်တော်ဦးပိုင်းက ရေကို ခွဲထုတ်ရင်း လေက ဝင်တိုက်တဲ့ အခါ ရှေ့နားမှာ ထိုင်မိတဲ့ ကျွန်တော့်အတွက် ရေနဲ့ ပက်သလို ခံစားရပြီး သူက ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်လည်း ဖြစ်၊ အတွင်းဘက်လည်း ရောက်တဲ့အပြင် သူ့ဘက်မှာက ပစ္စည်းတွေကို တာလပတ်နဲ့ အုပ်ပေးထားတာမို့ ရေမစဉ်ဘူး။ တော်တော် လည်တဲ့ လူဗျ။ ကျွန်တော့်ကိုတော့ တာလပတ် မရှိတဲ့ ဘက်မှာ နေရာပေးတယ်။ အတွင်းထဲ ဝင်ဖို့ကျတော့ အမျိုးသမီးတွေချည်း ရှိတာမို့ ဝင်လို့ မကောင်းဘူး။ ကျွန်တော် သူ့ကို အတင်း ဝင်တိုးတော့ သူ့ညာဘက် ဘေးက အိတ်ကို ဖယ်ပေးပြီး နည်းနည်း ရွှေ့ပေးပါတယ်။ “ဆေးလိပ် မီးလွင့်မယ်နော်” သူက ဖွာနေတဲ့ ဆေးပေါ့လိပ်ကို လက်နဲ့ အုပ်ရင်း ကျွန်တော့်ကို သတိပေးပါတယ်။ “မီးသတ် လိုက်ပါဗျာ၊ နောက်မှာ အမျိုးသမီးတွေနဲ့” သူက ကျွန်တော့်ကို သူ့အခွင့်အရေး ချိုးဖောက်သူလို ကြည့်ပါတယ်။ ကျွန်တော် သူ့ကို ပြန်ပြောမလို့ ပြင်ချိန်မှာ အထဲက အမျိုးသမီးကြီး သုံးယောက်က ဆေးပေါ့လိပ် သောက်ဖို့ ပြင်ကြပါပြီ။ မော်တော်ပေါ်မှာ “ဆေးလိပ် မသောက်ရ” လို့ ကြေညာ မထားဘူးလေ။ “ဟေ့လူကြီး၊ အေပါ်က ခေါ်နေတယ်” မော်တော်ဦးပိုင်းရဲ့ တာလပတ်ပေါ်မှာ ထိုင်နေတဲ့ ချာတိတ် တစ်ဦးက သူ့ကို လှမ်းပြောတာပါ။ သူက လက်ညှိုးနဲ့ ပါးစပ်ကို တေ့ပြီး အသံမထွက်ဖို့ ချာတိတ်ကို ပြောပေမယ့် အပေါ်က သူ့နာမည်ကို ထပ်ခေါ်တော့ သူနေလို့ မရတော့ဘူး။ “ငါ နည်းနည်း ချလိုက်ဦးမယ်၊ ဒီကောင်တွေ ဇွတ်ကွာ” မသောက်ပါနဲ့လို့ ကျွန်တော် မတားချင်တာ သူ့နေရာလေးကို ကျွန်တော် ထိုင်ချင်လို့ပါ။ ကျွန်တော် တားလည်း သူ သောက်မှာပဲ။ ခဏကြာတော့ ခေါင်မိုးစပ်မှာ သီချင်းဆိုသံတွေ ကြားရပါ တော့တယ်။ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။ အမျိုးသမီးကြီးတွေက သိပ်မကြည်ဘူး။ “သေနာတွေ၊ အကုန် ရေထဲကျကုန်ဦးမယ်” “ဟုတ်ပါ့တော်၊ ကုန်းပေါ်လည်း သောက်၊ ရေထဲလည်း သောက်၊ ဒါကြောင့် မော်တော် မစီးချင်တာ” သူတို့ စကားတွေကို ပြတ်တောင်း ပြတ်တောင်းနဲ့ မော်တော်စက်သံ ကြားက ကြားရတာပါ။ ချောင်းရိုးလေးက သိပ်အကျယ်ကြီး မဟုတ်တဲ့ အပြင် ချောင်းကို ကန့်လန့်ဖြတ် ချထားတဲ့ ငါးဖမ်းပိုက် တွေကြောင့် မကြာခဏ အရှိန်လျှော့ ရပါတယ်။ ပိုက်တန်းတွေ အနား ရောက်ရင် ပိုက်သမားက ပိုက်ကို နှိမ့်ချပေးသလို၊ မော်တော်ကလည်း ဇက်အား မသုံးဘဲ အသာလေး ပိုက်ကို ဖြတ်ကျော် ရပါတယ်။ အဲဒီ ခဏတာလေး အတောအတွင်းမှာပဲ - ငါးသလဲထိုး ရလား၊ ငါးပတ် ရလား၊ ငါးစင်ရိုင်း ရလား၊ ငါးမြွေထိုး ရလား ဆိုတာတွေ မော်တော်ပေါ်က ငါးသည်တွေ လှမ်းမေးသလို ပိုက်သမား ကလည်း အဖြေပေးပါတယ်။ ဈေးနှုန်းတွေတောင် ထည့်ပြောကြသေးတယ်။ ခေါင်မိုးပေါ်က သောက်တော်မူး တွေလည်း ပိုက်သမားနဲ့ အပြန်အလှန် စကားတွေ ပြောကြပါတယ်။ တချို့ ငါးဖမ်းတဲတွေ ရောက်ရင် မော်တော်သမားက ဝယ်လာတဲ့ ဆားအိတ်တို့၊ ကြံစည်းတို့ ချပေးပြီး ဘောက်ချာ ပေးတယ်။ ငါးသမား တင်ပေးလိုက်တဲ့ ငါးဖိုး ရောင်းရငွေနဲ့ ဝယ်လာတဲ့ ပစ္စည်းဖိုး ရှင်းကြပါတယ်။ အဲဒီတဲမျိုး ရောက်ရင် ပိုက်ထောင်သမားကို အပေါ်က လှမ်းပေးတဲ့ ခွက်ရှိသလို ပိုက်သမားရဲ့ ငါးလက်ဆောင် ချက်ပြီးသားလည်း ရောက်သွားတတ်ပါတယ်။ သူတို့ရဲ့ ကုန်စည်ဖလှယ်မှုက ချိန်ခွင် မလိုပါဘူး။ ဒီနေရာမှာ ကံငါးပါးဆိုတာ ဘဝကျင်လည်မှုနဲ့ ချိန်ထိုးရ ခက်လှပါတယ်။ ကျေးလက်ရဲ့ ပွင့်လင်းမှုတွေကို မြို့ပြနဲ့ မြှူဆွယ်လို့ ရနိုင်မယ် မထင်ဘူး။ အင်တာနက်နဲ့ ဖြစ်ဖြစ်၊ ဇိမ်ခံကားတွေနဲ့ ဖြစ်ဖြစ်၊ ခေတ်မီ လူ့အသုံးအဆောင်တွေနဲ့ ဖြစ်ဖြစ်၊ ဒေါက်မြင့်ဖိနပ်နဲ့ ဖြစ်ဖြစ် မြှူဆွယ်လို့ ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က အဲဒါတွေနဲ့ မွန်းကျပ်နေတယ်။ သူတို့က တစ်ခွက် တစ်ဖလားနဲ့ လွတ်လပ်နေတယ်။ မှန်တာ ပြောရရင် 'ခင်' နဲ့ တွေ့ဖို့သာ မဟုတ်ရင် ကျွန်တော် သူတို့နဲ့ ဝင်သောက်မိမှာပါ။ 'ခင်' တို့ ရွာကို ကွေ့ဝင်ချိန်မှာတော့ ချောင်းရိုးလေးဟာ အတော်ကို ကျဉ်းသွားပြီ။ 'ခင်' တို့ အိမ်မှာ မော်တော်ဆိုက်တော့ တီဗွီ ရေထဲ မကျအောင် လူတစ်ယောက် ရေထဲဆင်းပြီး ထမ်းရပါတယ်။ “နိုင်ရဲ့လား၊ ဖြစ်ရဲ့လား၊ ချော်မယ်နော်” ဆိုတဲ့ စိုးရိမ်သံတွေကို မော်တော်ပေါ်မှာ ပါလာသမျှ လူတွေရော။ 'ခင်' တို့ အိမ်သားတွေပါ တစ်ယောက်မကျန် ပြောကြပါတယ်။ ထမ်းတဲ့ လူကလည်း သူထမ်းနိုင်တယ် ဆိုတာကို ခပ်ကြွကြွား ပြောရင်း ထမ်းချသွားပါတယ်။ 'ခင့်' အဖေက ကျွန်တော့်ကို နှုတ်ဆက်ပါတယ်။ “တီဗွီဆရာ အိမ်ပေါ် ကြွပါဗျာ” တဲ့။ 'ခင်' နဲ့ သူ့ညီမက အသံဖွက် (ဝှက်) ပြီး ရယ်တယ်။ ကိုရင်မြင့်က လက်မထောင် ပြတယ်။ ကျွန်တော်တော့ ခေါင်မိုးပေါ်က လူတွေနဲ့ ဆက်လိုက်သွားချင် ပါတော့တယ်။ ဒါပေမဲ့ … အခုတော့ … 'ခင်' နဲ့ ကျွန်တော် မင်္ဂလာရက်မြတ်ကို သတ်မှတ်နိုင်ခဲ့ ပါပြီ။ တောပွဲစားရဲ့ တစ်ခွန်းတည်းသော စကားကြောင့် 'ခင့်' အဖေ သဘောပေါက် သွားတယ်လေ …။ “တီဗွီ ကောင်းကောင်း ကြည့်ချင်ရင် တီဗွီဆရာ အိမ်ခေါ်ထားလိုက်၊ ဒါ ခင်မြင့်လူ” တဲ့။ -------------------- မာန် (တောင်လုံးပြန်) ရွှေအမြုတေ၊ ဩဂုတ်လ၊ ၂၀၀၄။