Wednesday, June 17, 2020

ဦးဇောတိက နှင့် (၃) နာရီ

ဦးဇောတိက နှင့် (၃) နာရီ (မိုးမခ) September ၂၉ ၊ ၂၀၁၄ မူရင်းရေးသားသူ - ဖိုးစီ (ရုံးတော) ဖေ့စ်ဘုတ်ပေါ်မှာ အနည်းဆုံး (၁) ပတ် (၂) ကြိမ် လောက်တော့ သူ့ အမည်ကို တွေ့ရတတ်သည်။ သူ့ ဟောကြားချက် အချို့ကို ကောက်နှုတ်၍ ဘောင်လေးခတ်ကာ ရှဲ ကြမည်။ သူ့ ဘွဲ့မှာ ဦးဇောတိက (မဟာမြိုင်တောရ) ဟုလည်း သညာ ပြုကြသေးသည်။ မဟာမြိုင်တောရ ဘယ်နားမှာလဲဆိုတာကိုတော့ ဒီစာရေးသူ သေချာဂန မသိပါ ။ သူ့ နာမည် တဟုန်ထိုး ကျော်ကြားလာတာ ၁၉၉၅ လောက်ဆီက ဖြစ်မည်။ ၁၉၉၆ ဒီဇင်ဘာ အရေးအခင်း အပြီး ကျောင်းများ ပိတ်ထားချိန်ဝယ် သူ့ တရားသံကို စကြားဖူးသည်။ မှတ်မှတ်ရရ မကွေး တက္ကသိုလ် နားက “သပြေညို” ဆိုသော လက်ဖက်ရည်ဆိုင်မှာ။ တရားဟောသံကြားမှာ အင်္ဂလိပ်လိုတွေ ညှပ်ပါလာတာ သတိထားမိပြီး ဒိထက်ပိုသော စိတ်ဝင်စားမှုမရှိခဲ့ပါ။ စကားအချမှာ တနော်,နော် နှင့် ဆုံးသွားတာလေးကိုတာ့ ရှေးရိုးစွဲ သုဓမ္မာကျောင်းမှာ တဘဝလုံးကြီးပြင်းလာခဲ့ရပြီး ကျမ်းသံပေသံများသာ နားအဝင်ရှိခဲ့သော ကျနော့အတွက် နည်းနည်း အောက်ကလိအာ ဖြစ်ခဲ့တာအမှန်ပင်။ တညနေတော့ မကွေးမြို့ အရှေ့ဘက် သစ်ရာကောက်ရွာကို ကျနော် ရောက်နေခဲ့သည်။ နေရာက သူငယ်ချင်း၏ ဦးလေး ဦးစိုးမြင့်ရဲ့ ပွဲရုံထဲမှာ။ ဦးစိုးမြင့် က မြေရှင် သူဌေးသား၊ ကုန်သည်ကြီး အသိုင်းအဝိုင်းကနေ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်စဉ် ကွန်မြူနစ်ဝါဒ စွဲကိုင်ကာ အလံနီ သခင်စိုးကြီး နောက်လိုက်ပြီး တောခိုခဲ့ဖူးသူ။ အလင်းဝင်လာ ပြီးတော့လည်း မိဘလက်ငုတ် ယာအလုပ်သာ လုပ်ပြီး ပွဲရုံကိစ္စတွေ ကို ဘေးကနေ ပွဲကြည့် ပရိသတ်ပမာ မဆိုင်သလို နေတတ်သည်။ အဲဒီညက သူက တန်းလျား တခုပေါ်လှဲကာ အရက်မူးမူး နှင့် တရားနာ လျှက်ရှိသည်။ ကျနော်က သူ့နားအရောက် “ဖိုးစီ၊ နားထောင်စမ်း ဒီဘုန်းကြီး ကသမ်းသရမ်းတွေ လျှောက်ပြောနေတာ”။ “မြတ်စွာဘုရား..”။ ကြိုက်သည်၊ မကြိုက်သည် အပထား ကျနော် ကတော့ အဲသလို ပါးစပ် မသရမ်းဝံ့ပါ။ သို့သော် အလံနီ ကွန်မြူနစ်ကြီး တယောက်က ညွှန်းသည်ဆိုတော့ သေသေချာချာ နာယူ ဖြစ်ခဲ့ပါသည်။ စိတ်ကို ထားတတ်အောင် ထားဖို့ နေတတ်အောင် နေဖို့ ညွှန်ပြနေသော သဘောလို့ နားလည်ရပါသည်။ ရုပ်ဝါဒကို ဦးထိပ်တင်ပြီး အများသဘော (ဘုံသဘော) ကို စောကြော နေသော ဦးစိုးမြင့်က ဒီတရား နားမဝင်တာ မဆန်းပါ။ နောက်ထပ်ပြီးတော့ သူ့ တရားတွေ မနာဖူးခဲ့တော့ပါ။ နောက်ပိုင်းမှာ သူ့ တရားစာအုပ်တွေ ဈေးကွက်အတွင်း ဘက်ဆဲလား စာရင်းဝင်ကာ ပေါက်နေတာ သတိထားမိသည်။ ကြွေစက္ကူအဖုံး၊ အတွင်းသား စက္ကူအချောနှင့် ရောင်းဈေး မသေးလှသော်လည်း အကြိမ်ကြိမ် ပုံနှိပ်နေရသည်ကို မျက်ခြည် မပြတ်ခဲ့ပါ။ သို့သော် ဝယ်လို့တော့ဖြင့် မဖတ်ဖူးခဲ့။ ပညာတတ် အသိုင်းအဝိုင်း အတွင်း သူ့စာတွေ တစုံတရာ အတိုင်းအတာထိ လွှမ်းမိုးမှု ရှိသည်လို့ ကောက်ချက် တခုတော့ ချထားလိုက်သည်။ ၂၀၁၂ အောက်တိုဘာလက ခွင့်နှင့် နေရပ်ပြန် ဖြစ်သည်။ စင်္ကာပူ ပြန်လာတော့နိုဝင်ဘာလ ၃ ရက်။ အကြောင်း တိုက်ဆိုင်စွာ ဦးဇောတိက နှင့် ဘေးချင်းကပ်ပြီး နားလေးဘက်ကြား စကားတွေ ၃နာရီခန့်မျှ ကြာအောင် ပြောခွင့် ရလိုက်လေသည်။ ဖြစ်ချင်တော့ လေယာဉ်ပေါ်ဝယ် seating plan အရ ဆရာတော့် နံဘေးဝယ် ကောင်မလေး ငယ်ငယ်တယောက် နေရာကျသည်။ ကောင်မလေးကဘုန်းကြီးနား မထိုင်ချင်ဘူး ဆိုကာ နေရာချင်းလဲဖို့ လူရှာတော့ ဘေးခုံတန်းမှ ကျနော်က လဲပေးလိုက်ပါသည်။ အနား ရောက်သွားသော်ငြား ကျနော်လူမိုက်က ဆရာတော့်အား မသိခဲ့ပါ။ ခဏကြာတော့ အခါလည်သား, သားတော်မောင် ကိုဖိုးသန့်က စခန်း ထတော့သည်။ လျှောက်လမ်းနှင့် ထိုင်ခုံတွေကြားထဲ ဝင်ချည် ထွက်ချည် ဆော့လေတော့ ကျနော်က ဟန့်သည်။ ထိုအခါ ဆရာတော် ဦးဇောတိက ဟု ကျနော် သိမထားခဲ့သော ဘုန်းကြီးက ကျနော့်ကို ထပ် ဟန့်သည်။ “ကလေး ‘ဆော့’ ပါစေ၊ He is learning everything. Don’t frighten the children“ ဗုဒ္ဓေါ၊ အင်္ဂလိပ်စာတတ် ဘုန်းကြီးပါတကား။ ရွာက သုဓမ္မာ ဂိုဏ်းဝင် ဦးလေး ဘုန်းကြီးအား ကျနော် မျက်လုံးချင်း ဆုံမကြည့်ဝံ့ခဲ့ပါ။ ခုတော့ ခြေထောက်ကြားထဲထိ ဝင်ကာ ထွက်ကာ အနှောင့်အယှက် ပေးနေသော ကလေးကို ဆော့စေရမည်ဟု ဘုန်းကြီးက ဆုံးမနေပြီ။ ပြီးတော့ ကလေးစိတ်ပညာနှင့် ပတ်သက်၍ တော်တော် ရှည်ရှည်ဝေးဝေး ရှင်းပြနေပါသည်။ ဘုန်းကြီးတပါးထံမှ ဘယ်လိုမှ မျှော်လင့်၍ မရနိုင်စကောင်းသည့် တိုးတက်သော အမြင်များကို စိတ်အေးလက်အေး ရှင်းပြနေတော့ ဘုန်းကြီးနှင့် စကားပြောနေရသော အသိပျောက်သွားပီး ရင်းနှီးသော သူ တယောက်ယောက်နှင့် စကားစမြည် ပြောနေရသလိုပင်။ နောက်တော့ ကျနော် စပ်စုချင်လာသည်။ “ဘုန်းဘုန်း ဘယ်ကျောင်းမှာ သီတင်းသုံးမှာပါလဲဘုရာ့”။ တည်းကျောင်းကို သိရလျှင် ဆရာတော့် အဆက်အနွယ် နှင့် နောက်ခံကို အကြမ်းဖျင်း ကျနော်မှန်းလို့ရပါသည်။ “ကျောင်းမှာ မနေဖြစ်ဘူး၊ ဒကာတယောက်က သူ့ အခန်းကို တည်းကျောင်း လှူထားပါတယ်” သြော်.. သူဌေး ဘုန်းကြီးပေပဲ။ “ဘယ်လောက် ကြာမှာပါလဲ ဘုရာ့”။ “3 weeks လောက်မှန်းထားတယ်”။ “အခန့်သင့်လိုက်တာ ဘုရား၊ တပည့်တော် အလှူလုပ်ဖို့ရှိတာ ဘုန်းဘုန်း ပင့်ဦးမှပါပဲ”။ “ဒါတော့ သည်းခံပါ ၊ ဘုန်းကြီး အလှူ မင်္ဂလာတွေ ဆွမ်းစားကြွလေ့ မရှိပါဘူး”။ ရော်၊ ဒီဘုန်းကြီး ငါ့စိတ်၊ သဒ္ဓါနဲ့တော့ အပ်ကျမပ်ကျ ကိုက်နေပါပြီ။ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော ကျနော့ကို အကဲခတ်မိသွား၍ထင့်၊ သူရှင်းပြသည်။ “ဘုန်းကြီးက သွေးချိုရှိတဲ့ အတွက် Sugar Level ကိုအမြဲပဲ Monitoring လုပ် နေရပါတယ်၊ အလှူတွေမှာ က သဒ္ဓါရှိသလောက် ပြင်ဆင်ထားကြ တာဟာ စားလို့မရတာက များပါတယ်၊ ပင့်လို့ ကြွပြီး မှ ဘုန်း မပေးရင်လည်း နှစ်ဖက် စိတ်မကောင်းဘူး။” ကျနော့် စိတ်ထဲမတော့ ဘုန်းကြီးဆီမှာ အခြား အမြင် တချို့ ရှိနေပေသေးလိမ့်ဦးမည်လို့သာ ထင်နေပါသည်။ စကား ပြောရင်း ပြောရင်း ရင်းနှီးလာတော့ သူက “ကိုယ့်ညီ” လို့ ကျနော့် ကိုခေါ်ဝေါ်သုံးစွဲသည်။ ကျနော် စာသင်တိုက်တွေ အထဲ သံဃာတွေကြား ကြီးပြင်းလာတာ ဖြစ်သည်။ ဦးပဇင်းတွေက သံဃာချင်းသာ “ကိုယ့်ညီ” လို့ ခေါ်ကြရိုးရှိသည်။ ထိုစဉ်က သူ့ ကို ဆရာတော် ဦးဇောတိက ပါပဲ လို့ ကြိုသိထားခဲ့ရင်တော့ သူ့ အမြင် သူ့ အတွေး သူ့ အပြော များကို အံ့သြချင်မှ အံသြ ဖြစ်မည်။ စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဖြစ်နေခဲ့သည် မှာတော့ ကျနော် တို့ နိုင်ငံ၏ ထေရဝါဒ ဂိုဏ်းပေါင်းစုံ သာသန ဝန်ထမ်း ရှင်ရဟန်းများ အကြားဝယ် Conservative တွေချည်း ကြီးစိုးနေတယ် ထင်ခဲ့မိတာ ဒီလို ပညာရော၊ အယူရော တိုးတက်လှသည့် ကိုယ်တော်တွေ ရှိပါသေးလား ဆိုပြီး ဝမ်းမြောက် နေခဲ့ခြင်းပင်။ “တပည့်တော် အသက် (၅၅) ထိ မသေသေးရင် မိသားစုကို စွန့်ပြီး နေမယ်လို့ စိတ်ကူးယဉ်ထားတယ်။ ရဟန်းဘောင် ဝင်ဖို့ မဝင်ဖို့တော့ မစဉ်းစားရသေးဘူး၊။” “ကိုယ့်ညီလို သဘောထားပြီး ပြောရရင်တော့ ဘဝကို အချိန်ကာလ နဲ့ ပိုင်းဖြတ်ပြီး အလုပ်လုပ်တာဟာ သိပ်ကောင်းပါတယ်။ ငြိမ်းအေးရာ အရပ်ဆီမှာ တရားရှာလိုခြင်းမှာ မိသားစု နဲ့ အတူတကွဖြစ်ခြင်း တသီးတခြားဖြစ်ခြင်း တွေက အစမှာတော့ အရေးမကြီးလှသေးပါဘူး။” "ဘဝကို ကိုယ်ရော စိတ်ပါ ကျန်းမာအောင်နေပါ။ မိသားစု နဲ့ ထပ်တူကျအောင် ကြိုးစားပါ။ အောင်မြင်ခြင်း ဆိုတာရဲ့ အဓိပ္ပာယ်ကို ကိုယ်တိုင် ပိုင်းဖြတ်ပြီး ဖွင့်ဆိုရတာဖြစ်ပါတယ်”။ “တင်ပါ့၊ တပည့်တော် မှတ်သားထားပါမယ်”။ ကျနော့် စိတ်ထဲမှာ ဒီ လေယာဉ် ခရီးစဉ် (၃) နာရီသာ ကြာမည့် အရေးကို တွေးပြီး အားမလို အားမရ ဖြစ်လာသည်။ သူ့ ဆီက ကလေးပြုစု ပျိုးထောင်ပုံ၊ ကျန်းမာရေး စောင့်ရှောက်နည်း၊ ပညာရေး နှင့် ပတ်သက်သော သဘောထား၊ မိသားစုဘဝ နှင့် တကိုယ်ရေ လွတ်မြောက်မှု ဆိုင်ရာတွေ နာယူခဲ့ရပြီးပါပြီ။ ကျနော့် လောဘက အတောမသတ်သေးပါ။ လူအများနှင့် ဆိုင်သော၊ ခေတ်စနစ်၊ လူမှုဘဝ ရေးရာတွေကို ဘယ်လိုသဘောထားသလဲ ကြားချင်သေးသည်။ ဒီလို ပုဂ္ဂိုလ်တွေသာ စကားတခွန်းပြောရင် လူတွေ အများကြီးအပေါ် influential ဖြစ် မှာ သေချာလှသည်။ ကျနော် စပ်စုခွင့် မသာခင် လေယာဉ်က ချန်ဂီ ရောက်ကြောင်း ကြေညာနေပြီ။ ဆရာတော်လည်း ကျနော့်ကို နောက်ဆုံး ချွေချွတ်ဖို့ အချိန်ရောက်ပြီဟု ဆုံးဖြတ်လိုက်ဟန် ရှိသည်။ “ကိုယ်လဲ အရင်ကတော့ လူတွေအများကြားထဲ မနေချင်လို့ ပျဉ်းမနား ဘက်မှာ တောရ ဆောက်တည်နေခဲ့တယ်၊ နောက်တော့ ခေတ်ပြောင်းပြီး တောရကျောင်းလေးဟာ အလိုလိုနေရင်း မြို့လယ် ရောက်သွားတယ်။ ဒါနဲ့ အခု အင်းစိန်မှာပဲ ကျောင်းကလေးနဲ့ နေဖြစ်တယ် ကိုယ့်ညီ။’’ လေယာဉ်ဆိုက်လို့ လှုပ်ရွသွားသော လူတွေကြားထဲ ကျနော်ပါဝင် မျောရင်း နားထဲမှာ အသံတွေ ပြန်ထပ်လာသည်။ ပျဉ်းမနား တောရ၊ အင်းစိန်၊ အဆင့်မြင့်လှသည့် English လေယူလေသိမ်း၊ အေးချမ်း တည်ငြိမ် လှသည့် စကားပြောဟန်….. “မြတ်စွာဘုရား ကယ်တော်မူပါ၊ ဆရာတော် ဦးဇောတိက ပါတကား..”။ နှုတ်ဆက်ချင်စိတ်ဖြင့် လိုက်ရှာမိတော့ မိသားစု၊ ဝန်စည်စလယ် အထုပ်အပိုးတွေနှင့် ရှေ့တိုးမရ ဖြစ်နေသော ကျနော့်အား အရှုပ်ထဲမှာ ရှင်းအောင်နေဖို့ ဆုံးမခဲ့သော ဆရာတော်က တယောက်တည်းနေ တစိတ်တည်းထားကာ ဟိုး အဝေးက စက်လမ်းပေါ်ဝယ် တရွေ့ရွေ့ ခရီးဆက်နေသည်မှာ ဈာန် ပျံကြွနေသည့်နှယ်။ ။ ဖိုးစီ (ရုံးတော) (ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။ အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် ကြိုးကြား စာများ ရေးသားနေသူလည်း ဖြစ်သည်။) ဖိုးစီ (ရုံးတော) original link