Wednesday, August 6, 2014

အဖြစ်ဆိုးမှရုန်းထနိုင်ခဲ့သူနှင့် တွေ့ဆုံခြင်း

အဖြစ်ဆိုးမှရုန်းထနိုင်ခဲ့သူနှင့် တွေ့ဆုံခြင်း

ဒီရက်ပိုင်းမှာ ၀ယ်ထားတဲ့စာအုပ်လေးတွေ ပျောက်တော့ ရက်အတော်ကြာ ကြီး အတော်လေးကို စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ တစ်အုပ်ကို ဘလောဂ် မှာ ကြွားခဲ့ဖူးတဲ့ လွှတ်တော် စာအုပ်၊ နောက်စာအုပ်တွေက မှတ်စုစာအုပ်၊ အထူတွေ ချည်းပဲဆိုတော့ မပျောက်လောက်ဘူးထင်တာ၊ကိုယ်ကိုတိုင်က လည်း အဲဒီလောက် စိတ်အနှောင့်အယှက်ဖြစ်လိမ့်မယ်မထင်ဘူး။ ခရီးတွေ အဲလောက် ထွက်ပြီး အပ်တို တစ်ချောင်းတောင်အကျန်မခံ၊အပျောက် မခံပဲဖြစ်တော့ နဂို ရှိခဲ့တဲ့ လျော့တိလျော့ရဲ အကျင့် ပျောက်သွားပြီလို့ ထင်ခဲ့တာ။ တစ်ခါတစ်လေ နဂိုအကျင့်တွေက ပြန်ပြန်ပေါ်တတ်တယ်ဆိုတာ။ အခုတော့ စိတ်လျော့လိုက်ပါပြီ။ အဲဒီ လွှတ်တော်စာအုပ်ကိုပဲ အသစ်ဝယ်လိုက် တယ်။ နောက် မှတ်စုတွေက စိတ်ထဲမှာပဲ ကျန်လိမ့်မယ်လို့ ယူဆ လိုက်ပါ တယ်။ စာအုပ်အတွက် အဲဒီလောက် ခံစားရရင် ဘဝအတွက်ဆိုရင် ဘယ်လိုနေ မလဲ နော်။စိတ်လျှော့ လက်ခံတတ်ဖို့တော့ လိုတာပေါ့။ အောက်ကတော့ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးပါ။ ရည်ညွှန်းချက်နဲ့ နည်းနည်းတော့ ဆိုင် လိမ့်မယ် ထင်ပါတယ်..

aunty-thit သူ့ကို ရံဖန်ရံခါဆိုသလို သူ့မောင် လေး နေအိမ်သို့ အလည်လာသည့် အချိန် တွင် တွေ့ရတတ်သည်။ တစ်ခါတလေ သူ့အမေနှင့် စာရေးသူတို့အိမ် သို့ အလည်လာ တတ်သည်။

သူ့ကို မြင်လိုက်မိသည်တွင် လွန်ခဲ့သည့် ၁၅ နှစ်ကျော်က သူတွေ့ကြုံခဲ့သည့် အဖြစ် အပျက်ဆိုး၊သူ့မိသားစု မဆိုထားနှင့် အနီးအနားဝန်းကျင်ထိ ရိုက်ခတ်သွား သည့် အဆို ပါ အခိုက်အတန့်ကာလ ရှည်ကို သတိရမိသည်။

အဖြစ်အပျက်သည် မန္တလေးဆေးတက္ကသိုလ်သမိုင်းတွင် အဆိုးဝါးဆုံးအဖြစ်အပျက်ဟု ဆိုရပေလိမ့်မည်။၁၉၉၆ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့ သူ ကလေးအထူးကုစာမေးပွဲ မဖြေဆို ခင် နှစ်လအလိုတွင် ဖြစ်ပွားခဲ့သည်။ ဇာတိတစ်ရပ်တည်း၊ သူ့အဖေဖြစ်သူကို လည်း ဖခင်ရင်းတမျှ ကြည်ညိုသူ၊သူ ကိုယ်တိုင်လည်း ကလေးအထူးကု အမျိုးသမီးဆရာဝန်ဖြစ်သူက သူ့ အခန်းသို့ ဒေါက်တာခင်သစ်နှင်းအား ခေါ်ဆောင်ကာ စာရွက်တစ်ရွက် ပေးဖတ်ခိုင်းပြီး သူစာရွက်ကို ငုံ့ဖတ်နေစဉ် သူ့မျက်နှာကို ထိုဆရာဝန် က အက်စစ်ဖြင့် ပက်ခဲ့ခြင်းဖြစ်သည်။

သတင်းတချို့တို့ အဆက်မပြတ်ကြားနေဆဲမှာပင် သူ့ဆီက သူရေးသမျှ ဆောင်းပါးကို လက်ဆောင်အဖြစ် ရရှိခဲ့သည်။ သူ့ဆောင်းပါးနှင့် ပတ်သက်ပြီး ဖုန်းပြောပြဖြစ် ခဲ့သည့်နောက်ခံစားချက်တစ်ခုဖြစ်တည်ခဲ့သည်ကသူ၏အင်အားပြည့်လှသည့် အသံ ကို ဖြစ်သည်။ များမကြာမီပင်သူရေးခဲ့သည့် ဆောင်းပါး များကို စု ကာ ‘မမြင်ရ တဲ့ မြင်ကွင်း များ’ အမည် ဖြင့် စာအုပ်ထုတ် ခဲ့သည်။

မိတ်ဆက်ပွဲကို နိုဝင်ဘာလလယ်လောက်က ကျင်းပခဲ့သည်။ လွန်ခဲ့သည့် ၁၅ နှစ်ဝန်းကျင်ကကဗျာဆရာကြီး ဦးတင်မိုးက ဒေါက်တာ ခင်သစ်နှင်းထံ လူနာမေးလာခဲ့စဉ် စာရေးဟု အကြံပေးခဲ့ကြောင်း၊ ၁၅ ပုဒ် လောက်ထိ အကြမ်းရော အချောရော မိမိဘာသာ လက်ရေးဖြင့် ရေးဖြစ်ကြောင်း၊နောက်ပိုင်းကျတော့ အကြမ်း ပဲ ရေးလိုက်ကာ အချောကိုတော့ ကလေးတွေက ရေးပေးကြောင်း သူက ဆိုသည်။

“သူငယ်ချင်းလည်းဖြစ်၊ ဖခင်ရဲ့တပည့်လည်းဖြစ်တဲ့ အရင် ဖားကန့်မြို့နယ်၊ အခုတော့ တွန်းဇံမြို့နယ်ကို ရောက်နေတဲ့ ဆရာဝန်ကြီးနဲ့ အဖေ့ အကြောင်း၊ ဆေးလောက အကြောင်း နဲ့ ရောက်တတ်ရာရာ ပြောဖြစ်ကြ တယ်။ ပြောရင်းနဲ့ စာရေးဖို့ သူက တိုက်တွန်းခဲ့တာ။ ကံအားလျော်စွာပဲ မောင်လေးရဲ့ သားလေးက ဒီမှာ ဘဘ ကဗျာလေး တီသစ်အတွက် ရေးခဲ့တာ ထင်တယ်ဆိုပြီး မေမေ့ကို လာပြတာ။ ၁၉၉၈ မေလထုတ် မင်္ဂလာမောင်မယ် စာစောင်ထဲမှာ ပါတယ်။ အဓိဋ္ဌာန် ကဗျာလေးပေါ့။ မေမေက အဲဒီကဗျာ လေး အန်တီသစ်ဆီ ယူလာတယ်။ စာအုပ်က ကြွေတော့မှာလေ။ မှန် ပေါင်လေး သွင်းလိုက်တယ်။ ဒီ အကြောင်းကို စိတ်ထဲထိထိရှရှ ဖြစ်သွား တယ်။ အဲဒီမှာစာစရေးဖြစ်တာပါပဲ။

“နောက် ဖေဖေ့မိတ်ဆွေ ကဗျာ ဆရာ၊ စာရေးဆရာကြီး ဘဘ ဦးအံ့မောင်၊ စာရေးဆရာကြီး ၀ဏ္ဏသီရိနဲ့ အန်တီသစ် ဆရာကြီး ဒေါက်တာ ဦးအောင်ကြီး တို့ကို ပြဖြစ်တယ်။ မိဘ လို ဆရာတွေလေ။ဖေဖေဆုံးပြီး ကတည်းက အန်တီ သစ်ကို စောင့်ရှောက်ခဲ့ကြတာ သားသမီးလိုပါပဲ။ ဘဘဦးအံ့မောင်ဆိုရင် ကဗျာကို ဌာန် ကရိုဏ်းကျကျ ရွတ်ဆိုပြတာ။ စာဆက်ရေးဖို့လည်း တိုက်တွန်းခဲ့တာ။ ဆရာကြီး ဦးအောင်ကြီးကတော့ သူ့ ဇနီး မမဂျူးကို စာအုပ်ထုတ်ဖို့ တိုက်တွန်းရမယ်၊ အမှာ စာ ရေးပေးရမယ်လို့ ပြောတယ်။ ဆရာကြီး ၀ဏ္ဏသီရိကတော့ စာအုပ်ဖြစ်ဖို့အစ အဆုံးလုပ်ပေးသွားတာ။ ရးတာနဲ့ထုတ်တာစု စုပေါင်း နှစ်နှစ်ကျော်ကျော် လောက်ကြာ မယ်ထင်တယ်”ဟု စာအုပ်ထုတ်ဝေဖြစ်သည့်အကြောင်း စီကာပတ်ကုံး သူပြောပြ သည်။

နို၀င်ဘာ ၁၂ မှာ စာအုပ်မိတ်ဆက်ပွဲ လုပ်ဖြစ်ခဲ့ပြီး အလင်းတန်း ၊ ပဲ့တင်သံနှင့် စံတော်ချိန်တို့မှာထိုအကြောင်း ရေးသားထားသည့် ဆောင်းပါးများ ပါရှိကြောင်း သူက ဆိုသည်။

“စဖြစ်တုန်းကတော့မထူမတ်နိုင်ပါဘူး။သွားပြီလို့ထင်ပေမယ့် ဆေးကု ပေးတဲ့ဆရာတွေ ကတော်တော် အားပေးနိုင်တာပဲ။ ဒီမျက်လုံး ပြန် ကောင်းလာပြီး နောက် သုံးလလောက် ကြာရင်စာမေးပွဲဖြေနိုင်မယ်လို့ ထင်တဲ့ အထိ အားပေးနိုင်ကြတယ်။ ကိုယ်က လည်း အဟုတ်ထင်ခဲ့တာဖြစ်ခဲ့တာက အထူးကု စာမေးပွဲ ဖြေဖို ့နှစ်လအလို။ ကိုယ့်စိတ်ထဲ သုံးလလောက်ကြာရင် ပြန်ကောင်းပြီး ဒီဇင်ဘာ ပုံမှန်ဖြေရတဲ့ စာမေးပွဲကို မဝင်နိုင်ရင်တောင် နောက်ဆက်တွဲ ဆပ်ပလီ စာမေးပွဲမှာရောပြီးဖြေနိုင်လိမ့်မယ်လို့ တွက် ထား တာ။ ခွဲစိတ်ခန်းက အခါခါ ၀င်ရတယ်။ အနံ့ကို စွဲနေတော့တာ။ ခွဲခန်းက ထွက်ရင် မခံနိုင်လောက်အောင် လှိုက်လှိုက်ပြီးတော့ အန်တာ။

“ကြားကာလမှာတော့ ဖေဖေရဲ့ ချစ်သမီးသို့ စာအုပ်ကို ဖတ်ရတာ ရေကိုမရေနိုင်ဘူး။ စိတ်ထွေလာတိုင်း ဒီစာအုပ်ဖတ်ရတယ်။ တကယ်တမ်း ကျတော့ ရင်ဆိုင် သွားနိုင်တဲ့အပိုင်း ရှိတယ်။ ဒီဘဝကို တွယ်ကပ်နေတဲ့ တဏှာ ရှိနေလို့ နေမှာပေါ့။ မသေရဲဘူးလေ။ ကိုယ့်ထက် ဆိုးတဲ့သူတွေ ဒီလိုပဲ ရပ်တည်ကြရတာ။ “လူတွေမှာ မမြင်နိုင်တဲ့ စိတ်စွမ်းအားတွေ ရှိကြတယ်။ ပထမတော့ တော်တော်ပြိုကျသွား တာပေါ့။ နောက်တစ်ခုက ကိုယ်ပြိုကျသွားရင် ကိုယ့် ဘေးပတ်ဝန်းကျင် အထူး သဖြင့် ဖေဖေနဲ့မေမေ ပြိုလဲသွားမှာလေ။ သူတို့က ဒီသမီးအတွက် အင်မတန်ကျေနပ် ကြည်နူးနေတဲ့ အချိန်မှာ ဖြုန်းခနဲဆို ဖြစ်လိုက်တော့ သွေးပျက်တာပေါ့။

“အထူးသဖြင့် မေမေနဲ့ ဖေဖေ မှာ မေမေက စိတ်မာတယ်။ ဖေဖေက ခွဲစိတ်ဆရာဝန်ဆိုပေမယ့် ကဗျာဆရာ လည်း ဖြစ်တော့ စိတ်က ပျော့တယ်။နုတယ်။ ငိုတာများတယ်။ ခံစားချက် ပြင်းထန်တယ်။ အန်တီသစ် စမ်းစမ်း စမ်းစမ်းနဲ့ ထမင်းစားနေတာမြင်ရင် စေ့စေ့ မကြည့်ရက်ဘဲ ငိုတယ်တဲ့။မဆောက်တည်နိုင်ရှာ ဘူးပေါ့။ သူက ဒီသမီးအတွက် အများကြီး မျှော်လင့် ထားတာလေ။

“ဖေဖေက ပြောတယ်။ ဆိုးတဲ့ သားသမီးအတွက် မိဘက စိတ်ဆင်းရဲ ရသလို လိမ္မာတဲ့သားသမီးအတွက် လည်း မိဘက စိတ်ဆင်းရဲရတာပဲ တဲ့။ အမေကတော့ ထက်ကြပ်မကွာ ပြုစု ပေးတယ်။အဲဒီတော့ ဖေဖေ့ကို နားလည်ပေးပြီး ပြန်ညှာရ တဲ့အပိုင်း ဖြစ်လာတယ်။ ကိုယ့်အတွက်နဲ့ ပြိုကျ သွားမယ့် ကိစ္စအများကြီး ရှိတယ်လေ။အဲဒါတွေနဲ့ ပြန်တည့်မတ်ခဲ့ရတာပဲ။ အဓိကကတော့ မသေရဲတာရယ်။ သူများအတွက် ကြည့်ခဲ့တာရယ်” ဟု ဆိုသည်။

အက်စစ်ကြောင့် ထိခိုက်ပျက်စီးခဲ့ ရသော အရေပြားနှင့် မျက်စိတို့အတွက် ခွဲစိတ်ခန်း ၁၂ ကြိမ်တိတိ ၀င်ခဲ့ရကာ မန္တလေးမျက်စိဆေးရုံကြီး၊ ရန်ကုန် မျက်စိကုဆေးရုံကြီး၊ ကန်သာယာ၊ ကန်တော်နဒီ၊ အော့ဘစ် (orbit) မျက်စိ အထူးကု လေယာဉ်တို့တွင် ခွဲစိတ်ခဲ့ရကြောင်း သူက ဆိုသည်။

“ကိုယ့်မျက်လုံးက ခွဲစိတ်ပြီးရင် သာမန်ထက် တုံ့ပြန်မှုပိုများလို့ အမာ ရွတ်က ပိုပို ထူသွားတယ်။ အစပိုင်းမှာ နှစ်ဖက်စလုံး ပေါက်ထွက်လို့ မျက် ကြည်လွှာ အစားထိုးပြီး အမြင်အာရုံ ပြန်ရသလို ရှိလိုက်သေးတယ်။ နောက် ပိုင်းကျတော့ အမာရွတ်တွေက ပိတ်သွားပြီးတော့ မမြင်ရတော့ဘူး။”အလင်း တစ်ချက်တစ်ချက်ကို သူ့ဟာသူ ကွက်တိကျမှ တစ်လတစ်ခါတောင် မြင်ချင်မှ မြင်ရတာ။ အင်မတန်ကို ခဲယဉ်းပါတယ်။ အလင်း ၀င်စရာ နေရာမှ မရှိတာ။ ပိတ်ကုန်ပြီ လေ။

အမြင်လွှာက ကောင်းနိုင်သေး တယ်။ အမြင်လွှာမှာ ပုံရိပ်ထင်မှ မြင် တာကိုး။ ရှေ့က ပိတ်နေတော့ ပုံရိပ် ထင်ဖို့ ဖြစ်မလာတော့ဘူး။ အော့ ဘစ် ပေါ်မှာလည်း သန္ဓေသား အမြှေး ပါးဆိုတာပါလာလို့ အဲဒါနဲ့ မျက်လုံးမှာ အစားထိုးသေးတယ်။ အဲဒီ သန္ဓေသား ဆဲလ်လေးတွေ ပွားလာပြီးမျက်ကြည် လွှာ ပြန်ဖြစ်နိုင်အောင်လို့။ မျက်လုံး ပြန်မြင်ဖို့ အတွက် ကြားခံ အဆင့် တစ်ခုအနေနဲ့အော့ဘစ်ပေါ်မှာ လုပ်ခဲ့တာ။ ဒါပေမဲ့ မအောင်မြင်ဘူး။ အဲဒါ အောင်မြင်ခဲ့ရင်တော့ ယူအက်စ် ကမိုင်ယာမီဆေးရုံမှာ ကျန်ရှိနေတဲ့ အဆင့်တွေကို လုပ်ဖြစ်ကောင်းလုပ် ဖြစ်မယ်ပေါ့။ ဒါပေမဲ့ ခုတော့ ဒီ တစ်ဆင့်တည်းနဲ့တင် အမာရွတ်တွေက ပိတ်သွားလို့ မဖြစ်နိုင်တော့ပြန်ဘူး” ဟု လက်ရှိ မျက်စိအနေအထားနှင့်ပတ်သက်ပြီး သူကဆိုသည်။ ယခုလိုဖြစ်ပွားခဲ့ရသော်လည်း လက်ရှိတွင် အဆိုပါအဖြစ်အပျက်တို့ကို မေ့နေ သလို ဖြစ်နေကြောင်း၊ တစ်ခါတလေ မမြင်ရသည်ကိုပင် မေ့နေကြောင်းသူကဆိုသည်။

“ဘာကြောင့် သမီးက ခံနိုင်နေတာ လဲလို့ ဆရာဝန်ကြီးတစ်ဦးက မေးဖူး တယ်။ ကိုယ်ကသာမှားခဲ့ရင်ခံနိုင်မယ်မထင်ဘူး။ကိုယ့်အမှားကြောင့် ဖြစ်တာမဟုတ်လို့ ကျော်နိုင် တယ် ထင် တာပဲ။ အသိုင်းအဝိုင်းရဲ့ စောင့်ရှောက် မှု ကောင်းလို့လည်း ကျော်နိုင် တာပေါ့။

“ဖေဖေကလည်း ဒီကိစ္စကို ဘာမှ တုံ့ပြန်မှု မလုပ်ခိုင်းခဲ့ဘူးလေ။ တရား ရုံးကို သွားတောင် မထွက်ရဘူး။ သမီး ရဲ့နှုတ်ကြောင့် ဘာမှမဖြစ်ပါစေနဲ့တဲ့။ သံသရာ မပါစေချင်တော့လို့ပေါ့။ တရားရုံးကတော့ အိမ်မှာလာပြီး ခုံရုံးဖွဲ့ပေးမယ် ပြောတယ်။ လက်မခံခဲ့ဘူး။ ဘာမှကို ပြောစရာ မရှိတာ။ ကမ္ဘာကြီးပေါ်မှာ ဆရာဝန် တစ်သိန်းရှိရင် ရှိမယ်။ ဒီဖြစ်စဉ်က ကိုယ်တစ်ယောက်ပဲ ဖြစ်ခဲ့တာ။ကိုယ့်အနေနဲ့ ကိုယ့်ဖေဖေ၊ မေမေ ကိုယ့်ပတ်ဝန်းကျင် မျက်နှာ မြင်ဖူးခဲ့တယ်။ ယုတ်စွအဆုံးဒေါ်အောင်ဆန်းစုကြည် ကို မြင်ဖူး တယ်။ မွေးရာပါ ဘာမှ မမြင်ဖူးသူတွေနဲ့စာရင် ကိုယ်က မျက်စိထဲ မှာ ပြန်ဖော် နိုင်တာပဲလေ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အောင်တံခွန် ဆေးခန်း ကို ၂၀၀၀ ပြည့်နှစ်ကတည်းက ဖွင့်လှစ် ခဲ့ကြောင်း၊ သူ့ဆရာများ၊ သူငယ်ချင်း များ အကူအညီနဲ့ ဆက်လက်လည်ပတ် နေကြောင်း သူက ဆိုသည်။

“၉၆ မှာ ဖြစ်ခဲ့တာဆိုတော့ ၂၀၀၀ ကျ တော့ နည်းနည်းပျင်းလာပြီး သူငယ် ချင်းများရဲ့ ကျေးဇူးနဲ့ ဆေးခန်းဖွင့်ဖြစ် တာ။ အစပိုင်းမှာ မိတ်ဆွေတွေ ဆိုရင် ဘာဆေးသောက်၊ ညာဆေးသောက်၊သွေးပေါင်လေးတွေ တိုင်းတာတို့ လုပ် ဖြစ်သေး တယ်။ နောက်ပိုင်းကျတော့ လူနာက ဖြူသလား၊နီသလား၊ ၀ါ သလား၊ ပြာသလား ကြည့်လို့မှ မရတာ။ အားလုံးက ၀ိုင်းစောင့်ရှောက်လို့ ဆေးခန်းကို ခုထိ ဆက်ဖွင့်တယ်။ ဆရာဝန်တွေက ဖုန်းဆက်လိုက်ရင် ဂရုတစိုက်လာပေးကြတယ်။

“အောင်တံခွန်ဆေးခန်းကို သိပ်ပြီး မကြော်ငြာ ဖြစ်ဘူးလေ။ တစ်နေ့ကို လူနာ ၁၀ ယောက်နဲ့ ၁၅ယောက် ဒီလောက်ပဲ။ ကိုယ်တိုင်လည်း ဆေးလောကကို တန်ဖိုး ထားလေးစားလွန်းလို့ ဆက်လုပ်နေတာ။ ကိုယ်တိုင်လည်း နာတာရှည် လူနာ ဖြစ်ခဲ့တော့ လူနာတွေအတွက် တတ်နိုင်သလောက်လုပ်ပေးချင်တာလည်း ပါ တာပေါ့။

“ဆေးခန်းဝန်ထမ်းကလေးတွေနဲ့ လူနာတွေ ဆက်ဆံရေးအပိုင်းမှာ တစ်ခါတလေ အလိုမကျတာရှိတာ ပေါ့။ လူနာဆိုတာ သိပ်အားငယ်တတ် တာ။ အန်တီသစ်တောင် ဆရာဝန်ဖြစ်တဲ့လူနာပေမယ့် အားလုံးက ၀ိုင်းဝန်း စောင့်ရှောက်တဲ့ကြားက သိပ်ကို ၀မ်းနည်းအားငယ်ခဲ့ရတာ။နားလည်ပေးလိုက်ကြပါ ကလေးတို့ရယ်လို့ ဖျောင်းဖျပြောပြ ရတယ်။

“အခုကျ ဆေးခန်းကို စီမံရုံသက်သက်မို့သာ ဆေးကုတဲ့ ဆရာဝန် များ လုပ်နေသေးရင် လုပ်ချင်မှလုပ်နိုင် တော့မှာ။ သေတောင် သေသွားမလား မသိဘူး”လို့ သူ ကပြောပြသည်။

source: (http://goo.gl/hMYNnV)

about book: မမြင်ရတဲ့ မြင်ကွင်းများ (ခင်သစ်နှင်း)

Category(s): အတ္ထုပ္ပတ္တိ၊ ကိုယ်တွေ့မှတ်တမ်း

ဖခင်ဖြစ်သူက လူသိများသည့် ခွဲစိတ်အထူးကု ဒေါက်တာဦးခင်မောင်ရီဖြစ်ပြီး ကိုယ်တိုင်ကလည်း ၁၉၈၁ ခုနှစ်က တစ်ပြည်လုံး ပညာရည်ချွန်ဆုရရှိသူ ၁၀၀ တွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်အထိ ပညာထူးချွန်ခဲ့သူ၊

မန္တလေးဆေးတက္ကသိုလ်သို့ တက်ရောက်စဉ် စိတ်မမှန်သော ကလေးဆရာဝန်မတစ်ဦးက အက်ဆစ်ဖြင့် မျက်နှာတည့်တည့်သို့ ပက်လိုက်သဖြင့် မျက်လုံးနှစ်လုံး ကွယ်ခဲ့ရသူ ဒေါက်တာခင်သစ်နှင်းက သူ၏ ဘဝဖြစ်စဉ်၊ မျက်လုံးကွယ်ပြီးနောက် ဘဝကို သူမည်သို့ စိတ်ဓာတ်ဖြင့် ဖြတ်သန်းခဲ့ပုံ၊ မျက်လုံးကွယ်ခဲ့သော်လည်း လက်နှစ်ဖက်ကို အဖော်ပြုကာ ဘဝကို အရှုံးမပေးဘဲ ကြိုးစားဖြတ်သန်းခဲ့ပုံများကို ဆောင်းပါး ၂၆ ပုဒ်ခွဲ၍ ရင်ဖွင့်ရေးသားထားခြင်း ဖြစ်သည်။

စာရေးသူသည် ဤဆောင်းပါးများကို သူကိုယ်တိုင် လက်အတွေ့အထိဖြင့် စမ်း၍ မှန်း၍ ရေးသားထားခြင်းဖြစ်သည်ဟု ဆိုသည်။ အမြင်စွမ်းအားမပါဘဲ လက်အတွေ့အထိအားသက်သက်ဖြင့် ကြိုးစားပမ်းစား ရေးသားထားသည့် ဆောင်းပါးများကို ဖတ်ရှုရင်း ဘဝ အခက်အခဲများကြောင့် စိတ်ပျက်အားလျော့နေသူများ ခွန်းအားတစ်ခု ရရှိလာစေမည်မှာ အမှန်ပင်ဖြစ်သည်။