Monday, May 17, 2021

မေ့ကျန်ရစ်ခဲ့သောမျက်နှာ

မေ့ကျန်ရစ်ခဲ့သောမျက်နှာ နာမည်နှင့်လိုက်အောင် ပြုံးပြုံးရွှင်ရွှင်နေတတ်သော ခင်မောင်ပြုံးသည် ဒီတစ်ခါတော့ ထူးခြားလှစွာ ဒေါသကြီးနေ၏။ အိမ်ပေါ်တက်လာ​သော ခြေသံကိုက ပြင်းလွန်းလှသည်။ ကျွန်တော်တို့အိမ်ခန်းကလေးက ခပ်လှုပ်လှုပ်မို့ သူ တက်လာသောအခါ သိမ့်သိမ့်ခါသွား၏။ ခါတိုင်းဆိုလျှင် ခြေဖော့နင်း၍ တက်လာပြီး အိမ်ရှေ့ခန်းရှိ ပက်လက်ကုလားထိုင်ပေါ်မှာ ညင်ညင်သာသာ ထိုင်ချတတ်သည်။ ခုတော့ ကြမ်းပြင်ပေါ်မှာ အရှိန်နှင့်ဆောင့်ပြီး ထိုင်ချလိုက်သဖြင့် ကျွန်တော် အံ့သြသွားသည်။ ဘာမှ မမေးမိခင် သူကပင်စ၍.. “ဒီကောင် ဒီလိုလုပ်တာ ကောင်းသလားကွ၊ အချင်းချင်းတွေ" ဟု အရင်းအဖျားမရှိ ပြောသည်။ “ဘာ...ဘာဖြစ်တာလဲကွ” “မင်း...စဉ်းစားကြည့်ကွာ”ဟု ပြောနေတုန်း ကျွန်တော့်မိန်းမထွက်လာပြီး “ကိုခင်မောင်ပြုံးပါလား၊ မရောက်တာတောင် တစ်ပတ်လောက်ရှိပြီ" ဟု နှုတ်ဆက်သည်။ မိန်းမကိုမြင်မှ သူ့ဒေါသမျက်နှာကို အနည်းငယ် လျှော့ချပြီး ပြုံးချင်ယောင်ဆောင်လိုက်သည်။ “ဪ...အင်း၊ မအားလို့ပါ” “ဒီနေ့တော့ လက်ဖက်ကုန်နေတယ်၊ ပဲခြမ်းကြော်သုပ်နဲ့ပဲ ဧည့်ခံရတော့မှာပဲ” “ဟာ...နေပါစေ၊ ဘာမှမလုပ်နဲ့၊ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် သွားမှာ” မိန်းမရှေ့မှာ မပြောချင်မှန်း ကျွန်တော် ရိပ်မိသဖြင့် ရှပ်အင်္ကျီကောက်ဝတ်ပြီး ထွက်လာခဲ့သည်။ ကျွန်တော့်မိန်းမ ရှိနေတာကိုပင် သတိမေ့ပြီး ပြောမိမလိုဖြစ်ခြင်းကြောင့် သူ့စကားမှာ အရေးကြီးမည်ဟု မှန်းသည်။ သူ့လို အေးအေးချမ်းချမ်း နေတတ်သူတစ်ယောက်က ဆူဆူပွက်ပွက် ဖြစ်နေသည့်အတွက်လည်း ဘာဖြစ်ပါလိမ့်ဟု ပိုစိတ်ဝင်စားမိ၏။ သူကလည်း သိပ်ပြောချင်နေသည်။ လက်ဖက်ရည်ဆိုင်ရောက်သည်အထိ မစောင့်။ အိမ်က ထွက်ထွက်ချင်း... “သိပ်အကြံပက်စက်လွန်းတယ်” ဟု ပြောပြန်သည်။ “နေစမ်းပါဦး ခင်မောင်ပြုံးရာ၊ ဘာဖြစ်လာတယ်ဆိုတာလဲ ရှင်းအောင် သေသေချာချာ ပြောစမ်းပါဦး၊ မင်းပြောနေတာတွေ ငါ နားမလည်ဘူး၊ ဘယ်သူက အကြံပက်စက်တာလဲ” “မင်းသူငယ်ချင်းပေါ့ကွ” “ဟာ...ငါ့သူငယ်ချင်းတွေက အများကြီးပဲ၊ ဘယ်သူလဲ” “ဘယ်သူရှိရမှာလဲ၊ သိန်းမောင်ပေါ့ကွ” “ဟင်... သိန်းမောင်က ဘာအကြံပက်စက်တာလဲ” "ငါ ဒီနေ့ မအေးခင်ဆီ ရောက်တော့...." လက်ဖက်ရည်ဆိုင်သို့ရောက်လာသဖြင့် လူရှင်းသည့်စားပွဲနေရာ ရွေးခြင်း၊ လက်ဖက်ရည်မှာရခြင်းတို့ကြောင့် စကားခဏပြတ်သွားသည်။ ပြီးမှ သူ ဆက်ပြောသည်။ “ခါတိုင်း ငါသွားရင် မအေးခင်က သိပ်အရေးပေးတာ၊ ဟိုကောင့်ထက် ငါ့ကိုပိုပြီး အရေးပေးတယ်ဆိုတာ သိသာတယ်၊ ဒါကြောင့် ဒီကောင် မနာလိုပြီး လုပ်တာ” မအေးခင်နှင့်ပတ်သက်သော ကိစ္စဖြစ်သဖြင့် ကျွန်တော် ပို၍ စိတ်ဝင်စားလာသည်။ စကားတောင် ဝင်မထောက်ခံမိဘဲ နားသာ စွင့်မိ၏။ "ငါက ပိုပြီး တည်တည်တံ့တံ့ ရှိတယ်ဆိုတာ အားလုံးအသိပဲ။ ငါ့ကို မယှဉ်နိုင်မှန်းသိလို့ အကောက်ကြံတာ” “ဘယ်လိုကြံလို့လဲ” “ဒီနေ့ မအေးခင်က အခါတိုင်းလိုမဟုတ်ဘူး၊ ခပ်တည်တည်ကြီးနဲ့ စကားလည်း ဟဟ မပြောဘူး၊ ဒါနဲ့ ငါက ဘာဖြစ်လို့လဲ မေးတော့မှ...” လက်ဖက်ရည်ခွက်များ ရောက်လာသည်။ ကျွန်တော်က ဆာနေသဖြင့် ပန်းကန်ပြားထဲ နည်းနည်းထည့်ပြီး သောက်သည်။ သူကတော့ မသောက်သေးဘဲ စကားသာ ဆက်၏။ “သူက ပြောတယ်၊ ငါဟာ လူရှုပ်လူပွေ တစ်ယောက်တဲ့။ အခုလဲ အခြားမိန်းကလေးတစ်ယောက်နဲ့ ဖြစ်နေတာ သူသိတယ်တဲ့၊ သူ့ကို ခုထိ မျက်နှာပြောင်ပြောင်နဲ့ လာတွေ့ရဲတာ အံ့သြတယ်တဲ့၊ နောက်နောင် သူနဲ့ ဘယ်တော့မှ အဆက်မသွယ်မလုပ်ပါနဲ့တော့တဲ့၊ ပြောလွှတ်လိုက်တယ်” “မင်းက မဟုတ်တဲ့အကြောင်း ရှင်းမပြဘူးလား” “ရှင်းပြတာပေါ့၊ သူကလဲ အခိုင်အမာပြောတာ၊ သက်သေအထောက်အထားရှိတယ်တဲ့၊ ငါ့အကြောင်း အတွင်းသိ အစင်းသိ လူတစ်ယောက်က ပြောလို့သိရတာတဲ့၊ “ဘယ်သူပြောတာလဲ” ဆိုတော့ ဒါတော့ မသိချင်ပါနဲ့လို့ ပြောတယ်” “မင်းက သိန်းမောင်ပြောတာလို့ ထင်နေတယ်ပေါ့” “သူကလွဲလို့ တခြား ဘယ်သူရှိဦးမှာလဲကွ” “သိန်းမောင် ဒီလောက် မယုတ်ညံ့ပါဘူးကွာ” “ငါကတော့ သူပဲလို့ တပ်အပ်စွပ်စွဲတယ်ကွာ” “ဒါဆို မင်း သိန်းမောင်နဲ့တွေ့ပြီး မေးပေါ့” “မေးစရာမလိုပါဘူး၊ အရှင်းကြီးပဲ၊ သူနဲ့ တွေ့လဲမတွေ့ချင်ဘူး၊ တွေ့ရင် ငါ ဆွဲထိုးမိလိမ့်မယ်” “ငါပဲ သွားတွေ့ပြီး မေးပါ့မယ်” “မင်းမေးတော့ကော သူက ဘယ်ဝန်ခံမလဲကွ” ခင်မောင်ပြုံး အရမ်းစိတ်ဆိုးနေသည်။ ပြေရာပြေကြောင်း ပြောလို့ရမည်မဟုတ်။ ဘယ်လိုဖြစ်သလဲဆိုတာ တစ်နည်းနည်းနှင့် စုံစမ်းကြည့်ရဦးမည်။ * * * သိန်းမောင်နှင့် ကျွန်တော် ငယ်သူငယ်ချင်းဖြစ်၏။ ကျွန်တော်က ဆယ်တန်းအောင်ပြီး ရုံးအလုပ်လုပ်ရင်း လုပ်သားကောလိပ်တက်သည်။ သိန်းမောင်က ပြင်ပလုပ်ငန်းထဲ ရောက်သွား၏။ ရုံးမှာ ခင်မောင်ပြုံးနှင့် တွေ့ပြီး ခင်မင်သွားသည်။ ထိုမှတစ်ဖန် ခင်မောင်ပြုံးနှင့် သိန်းမောင်တို့လည်း ကျွန်တော့်ကို အကြောင်းပြု၍ ခင်မင်သွားကြ၏။ ခင်မောင်ပြုံး ရုံးပြောင်းသွားသည့်တိုင် ကျွန်တော်တို့သုံးယောက် အတွဲမပျက်ခဲ့ကြ။ လုပ်သားများကောလိပ်မှာ မအေးခင်နှင့် ကျွန်တော် တစ်တန်းတည်း တက်ရသည်။ သိကျွမ်းခင်မင်ခဲ့ကြသည်။ ကျောင်းက ဘွဲ့ရပြီးနောက် သူ နယ်ပြောင်းသဖြင့် မဆုံဖြစ်တော့။ လေး ငါး ခြောက်နှစ်ကြာမှ ရန်ကုန်ပြန်ပြောင်းလာရသည်။ တစ်ရက် ကျွန်တော်တို့ရုံးက ညွှန်မှူး၏အလှူမှာ ပြန်ဆုံသည်။ ထိုအလှူသို့ ခင်မောင်ပြုံးပါ ရောက်လာသဖြင့် မိတ်ဆက်ပေးလိုက်သည်။ နောက်တစ်ခါ ကျွန်တော်တို့အိမ်က အလှူမှာ သိန်းမောင်နှင့် မအေးခင်ကို မိတ်ဆက်ပေးလိုက်ပြန်သည်။ ဤသို့ဖြင့် သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်၏။ ကျွန်တော်က အိမ်ထောင်ကျပြီး ကလေး နှစ်ယောက်တောင် ရနေပြီး သူတို့သုံးယောက်စလုံးက ခုထိ လူပျိုကြီး အပျိုကြီးတွေ လုပ်နေကြတုန်း။ အသက်တွေ သုံးဆယ်ကျော်မှ အချစ်ကိစ္စဝင်လာသောအခါ အလုပ်တွေ ရှုပ်ကုန်တော့သည်။ တစ်နေ့တွင် ခင်မောင်ပြုံး ကျွန်တော်ဆီ ရောက်လာပြီး တိုင်ပင်သည်။ မအေးခင်ကို သူ စိတ်ဝင်စားနေသတဲ့။ ကျွန်တော် အံ့သြသွားရ၏။ ဒီကောင် အရင်က ဒါမျိုးတွေ စိတ်မဝင်စားတတ်။ တစ်သက်လုံးပဲ လူပျိုကြီးလုပ်တော့မလိုလို။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကို ကျွန်တော် သဘောတူပါသည်။ ခင်မောင်ပြုံးက လူရိုးလူအေး၊ အမြဲ ပြုံးပြီး ပြုံးပြုံးနှင့် နေတတ်သည်။ မအေးခင်က အပျိုကြီးမို့ ဇီဇာကြောင်သည်။ ဗျစ်တောက်ဗျစ်တောက် ပြောတတ်သည်။ ခင်မောင်ပြုံးလို သည်းခံခွင့်လွှက်တတ်သူမျိုးမှ ဖြစ်မည်။ ထို့ကြောင့် တတ်နိုင်သလောက် ကူညီမည် ဟု ကျွန်တော် ပြောလိုက်သည်။ သို့ရာတွင် သူ့ကို ဘာမှ မကူညီရသေးခင် သိန်းမောင်က တစ်ထောင့်က တစ်စခန်းထလာပြန်၏။ သူကလည်း မအေးခင်ကို စိတ်ဝင်စားနေသည်ဟု လာပြောပြန်သည်။ ကျွန်တော့်အဖို့တော့ သူငယ်ချင်းတွေချည်း ဖြစ်သဖြင့် သူနှင့်လည်း သဘောတူရပြန်သည်။ သူနှင့်ဆိုလျှင်လည်း မဆိုးလှပါ။ သိန်းမောင်သည် လူဖြောင့်စိတ်တို ဖြစ်၏။ မအေးခင်ကလည်း ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောတတ်သဖြင့် စရိုက်ချင်းတူသည်ဟု ဆိုရမည်။ ကျွန်တော့်ပြဿနာက ဘယ်သူ့ဘက် လိုက်ရမလဲဆိုတာပဲ ဖြစ်၏။ နှစ်ယောက်စလုံးက သူငယ်ချင်းတွေ။ နောက်တစ်ချက်မှာ မအေးခင်ကို နှစ်ယောက်စလုံးက ကြိုက်နေကြောင်း သူတို့ချင်းသိသွားအောင် ပြောသင့် မပြောသင့် ဆိုသောကိစ္စ။ မပြောဘဲ လွှတ်ထားမည်ဟု စိတ်ကူးသေးသည်။ တော်ကြာ ဒီကောင်နှစ်ကောင် တစ်ယောက်အကြောင်း တယောက်မသိဘဲ ရှုပ်ကုန်မှာ စိုးရသည်။ သို့ဖြင့် သူငယ်ချင်းသုံးယောက်ဆုံပြီး ဖြစ်နေပုံကို ပြောပြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် စိတ်မဆိုးကြ။ တိုက်တိုက်ဆိုင်ဆိုင် ကြုံရပုံကိုသာ အံ့သြကြသည်။ ပြီးတော့ သဘောတူညီမှု ရကြသည်။ မအေးခင်၏အချစ်ကိုရဖို့ နှစ်ယောက်စလုံး ကြိုးစားကြမည်။ တစ်ယောက်ယောက်က အောင်မြင်သွားလျှင် ကျန်တစ်ယောက်က ကြည်ဖြူစွာ နောက်ဆုတ်ပေးရမည်။ လူပျိုကြီးတွေ ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းတွေကလည်း တစ်မျိုးဖြစ်၏။ ချာတိတ်တွေလို စာလိုက်ပေးတာတို့၊ လိုက်စကားပြောတာတို့၊ အိမ်ရှေ့မှာ သီချင်း သွားဆိုတာတို့ ဘာတို့ လုပ်လို့မရ။ တစ်ဖန် မအေးခင်ကလည်း ကျောင်းသူကလေးအရွယ် မဟုတ်တော့၊ အလုပ်အကိုင် အတည်တကျနှင့် အပျိုကြီးတစ်ယောက်။ အိမ်ထောင်တစ်ခုကို သူ့သဘောနှင့်သူ စိတ်ကြိုက်ရွေးပြီး တည်ဆောက်နိုင်သည့်အရွယ် ရောက်နေပြီ။ သူနှင့်အတူနေသော ဦးလေးနှင့်အဒေါ်မှာလည်း သူ့အထောက်အပံ့ဖြင့်နေသူများ၊ သူ့ကိုစောင့်ရှောက်ရုံသာ သြဇာရှိသူများဖြစ်၏။ ထို့ကြောင့် ခင်မောင်ပြုံးနှင့် သိန်းမောင်တို့သည် မအေးခင်အိမ်သို့ သွားလည်ခြင်း၊ လမ်းကြုံသည့်ပုံစံဖြင့် ရုံးသို့သွားခြင်းများ ပြုလုပ်ကြ၏။ သိန်းမောင်က အရင်ဦးအောင် ဖွင့်ပြောဖြစ်သွားသည်။ မအေးခင်က “ကျွန်မ အိမ်ထောင်ရေးကို မစဉ်းစားသေးပါဘူး” ဟု ပြောလွှတ်လိုက်သည်။ သိန်းမောင်ကတော့ လက်မလျှော့သေး။ ခင်မောင်ပြုံးသည် ဖွင့်ပြောဖို့နောက်ကျသော်လည်း သူနှင့်မအေးခင်တို့ ပို၍လေပေးဖြောင့်သည်ကို သိသည်။ ခုလို သိန်းမောင်ကို မအေးခင်က ယဉ်ယဉ်ကျေးကျေး ငြင်းလွှတ်လိုက်သောအခါ သူ့အခြေအနေက ပိုကောင်းသည်ဟု ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဖွင့်ပြောသည့်အခါကျမှ ပြဿနာတက်ရခြင်းပင်။ သိန်းမောင် မယုတ်မာတတ်ကြောင်း ကျွန်တော် သိသည်။ သို့ရာတွင် မေးတော့ မေးကြည့်ရဦးမည်။ * * * သိန်းမောင်ဆီသွားဖို့တောင် မလိုတော့။ သူက အရင်ဦးအောင် ကျွန်တော့်ဆီ ရောက်လာသည်။ ရုံးသက်သာလက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသောအခါ... “ခင်မောင်ပြုံးတော့ ငါ့ကိုညစ်ပြီထင်တယ်”ဟု ပြောသည်။ ထို့နောက် အံ့ဩဖွယ်သတင်းကို သူ ပြောပြပြလေ၏။ မအေးခင်ဆီ သူရောက်သွားသည်။ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဖို့ဖြစ်၏။ ဒီမှာတွင်ပဲ မအေးခင်က ဆီး၍ ပြော၏။ "မျက်နှာပြောင်တိုက်ပြီး လာတာ အံ့သြပါရဲ့၊ ရှင်ဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် တွဲနေတဲ့လူ... " စသည်ဖြင့်.....။ “ငါက အဲဒီအကြောင်းတွေ ဘယ်သူကပြောတာလဲ၊ မဟုတ်ဘူး လို့ ငြင်းတော့.....ခိုင်လုံတဲ့နေရာပေါ့၊ ရှင်နဲ့ အနီးစပ်ဆုံးနေနေတဲ့ လူဆီကပေါ့.. ဟု ပြောသတဲ့။ ....အဲဒါ ဘယ်သူဖြစ်နိုင်သလဲ၊ ခင်မောင်ပြုံးပဲရှိတာပေါ့” “ဟာ....ဘာတွေဖြစ်ကုန်တာလဲ” ဆိုပြီး ခင်မောင်ပြုံးကလည်း ဒီအတိုင်းပြောကြောင်း ပြောလိုက်၏။ သူ ခဏမျှတွေသွားပြီး...“ဪ...ဒီလိုကိုး” “ဘာလဲကွ” “ရှင်းနေတာပဲ၊ ခင်မောင်ပြုံး မကောင်းကြောင်း မအေးခင်ကို ငါပြောတာ မဟုတ်ဘူး၊ ငါ ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး၊ ဒါပေမယ့် ခင်မောင်ပြုံးကတော့ ငါပြောတာပဲလို့ ထင်နေတယ်။ ဒါကြောင့် ငါ့ကို ကလဲ့စားချေတဲ့အနေနဲ့ ငါ့မကောင်းကြောင်း မအေးခင်ကို ပြန်ပြောတာပဲပေါ့” “ဟာ...မဟုတ်နိုင်ပါဘူး၊ ဒီကောင် ဒါမျိုးမလုပ်တတ်ပါဘူး “ "လုပ်တတ်လို့ အခုလုပ်ခဲ့ပြီပဲ” “ဟာ.. အစဉ်းစားရကျပ်လိုက်တာ၊ မင်းတို့နှစ်ယောက် ဆုံပြီးရှင်းဖို့ လိုလာပြီ" “အေး...ဟုတ်တယ်၊ သဘောတူညီချက်တစ်ခုကို ရရင်တော့ တွေ့ ချင်တယ်” “ဘာသဘောတူညီချက်လဲ” “သူနဲ့ငါ ဓားချင်းယှဉ်ခုတ်ဖို့ပေါ့” သူ့ကို ကျွန်တော် ကြည့်သည်။ သိန်းမောင်၏မျက်နှာသည် အလွန်တင်းမာ ခက်ထန်နေလေ၏။ * * * တော်တော် အစဉ်းစားရခက်သည့် ကိစ္စပင်ဖြစ်၏။ ခင်မောင်ပြုံးကိုရော သိန်းမောင်ကိုပါ ကျွန်တော် ယုံသည်။ နှစ်ယောက်စလုံး ယုတ်မာသောစိတ်ထား မရှိ။ ကြားထဲက တစ်ယောက်ယောက်က ဝင်ပြီး ခလောက်ဆန်တာ ဖြစ်ရမည်။ ဘယ်သူဖြစ်နိုင်သလဲ ဆိုတာတော့ စဉ်းစားလို့မရဘူး။ သူတို့လိုပင် မအေးခင်ကို စိတ်ဝင်စားနေသူ ကြားလူတစ်ဦးဦးပဲ ဖြစ်ရမည်။ ခင်မောင်ပြုံးနှင့်သိန်းမောင်ကို ဆုံပြီးရှင်းခိုင်းဖို့တော့ မဖြစ်နိုင်ချေ။ ပြဿနာပြေလည်စရာအကြောင်း မမြင်။ နှစ်ယောက် ထသတ်ကြဖို့သာ အကြောင်းရှိသည်။ ဒီပြဿနာ၏အဖြေပေါ်အောင် ကျွန်တော် ကြိုးစားရလိမ့်မည်။ ကျွန်တော့်ကို ဗဟိုပြုပြီး သူတို့သုံးယောက်၏ဇာတ်လမ်း ပေါ်လာခဲ့ခြင်းမဟုတ်လား။ တစ်နည်းပဲ ရှိသည်။ မအေးခင်ကို တွေ့ပြီး မေးဖို့။ သူတို့နှစ်ယောက် မအေးခင်၏အချစ်ကိုရဖို့ စတင်ကြိုးစားကတည်းက မအေးခင်ဆီ ကျွန်တော် မရောက်တော့။ မျက်နှာပူသောကြောင့်တစ်ကြောင်း၊ မအေးခင်က ကျွန်တော် မြှောက်ပေးတာဆိုပြီး ပွက်မှာစိုးသောကြောင့် တစ်ကြောင်းပင် ဖြစ်၏။ ခုတော့ မျက်နှာပူပူနှင့်ပင် လာခဲ့ရသည်။ မအေးခင်ကလည်း ကျွန်တော့်လာရင်းကိစ္စကို သိသည်။ သူက ပြော၏။ “ငါလဲ နင့်ကိုမျှော်နေတာပဲ” “အေးဟာ၊ နင့်ကို မေးစရာလေးရှိလို့” “ဟိုနှစ်ယောက်ကိစ္စ မဟုတ်လား” သူက ပွင့်ပွင့်လင်းလင်း၊ ခပ်ပြောင်ပြောင်ပြောတတ်သူတစ်ယောက်မို့ တော်သေးသည်။ သို့မဟုတ် စကားစဖို့ မလွယ်။ ကျွန်တော် ခေါင်းညိတ်ပြီး... “သူတို့နှစ်ယောက်အကြောင်း မဟုတ်တာတွေ လုပ်ကြံပြီး နင့်ကိုပြောတယ်ဆိုတာ ဘယ်သူလဲ” “အခြားလူမဟုတ်ဘူး၊ ငါကိုယ်တိုင်ပဲ” “ဘာ” ကျွန်တော် အံ့သြသွားသည်။ သူက ရယ်ပြီး... “ဒီလိုဟာ၊ ငါ့ဘာသာ အပျိုကြီးဘဝနဲ့ အေးအေးမနေရဘူး။ သူတို့နှစ်ယောက်က တစ်ယောက်တစ်လှည့်စီ လာလာပိုးနေတာ၊ သိပ်ရှက်ဖို့ကောင်းတာပဲ၊ ဒါကြောင့် တစ်ခါတည်း ကိစ္စပြတ်အောင် ငါ့ဘာသာငါ လုပ်ကြံပြီး ပြောပစ်လိုက်တာ” “ဟာ...နင် တော်တော်ဆိုးတယ်၊ ဟိုနှစ်ကောင်က တစ်ယောက်ကိုတစ်ယောက် အထင်လွဲပြီး သတ်မယ်ဖြတ်မယ်တောင် ဖြစ်နေတာ” “အေးဟာ ဒီလောက်တောင်ဖြစ်သွားမယ်လို့ ငါ မစဉ်းစားမိဘူး၊ တိစ္စအေးအောင် ကြံမိကြံရာ ပြောလိုက်တာ” “နေစမ်းပါဦး၊ နင်က တစ်သက်လုံး အပျိုကြီးဘဝနဲ့ နေသွားမှာလား၊ တကယ်လို့ အိမ်ထောင်ပြုဖို့စိတ်ကူးတယ်ဆိုရင်လဲ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို လက်ခံဖို့ ငါအကြံပေးချင်တယ်၊ နှစ်ယောက်လုံး လူကောင်းတွေ...” သူက လက်ကာပြပြီး... “ငါ အိမ်ထောင်ပြုဖို့ လုံးဝစိတ်မကူးဘူး။ အိမ်ထောင်သည်ဘ၀ကို စိတ်ကုန်လွန်းလို့၊ နင်ပဲ စဉ်းစားကြည့်လေ။ ငါသာ အချစ်ကိစ္စတို့၊ အိမ်ထောင်ရေးကိစ္စတို့ စဉ်းစားရင် ကျောင်းမှာတုန်းက နင်ငါ့ကို စာပေးကတည်းက နင့်ကို ပြန်ကြိုက်ခဲ့မှာပေါ့” “ဟာ...”ဆိုပြီး ကျွန်တော့်တစ်ကိုယ်လုံး ထူပူသွား၏။ သူက ကျွန်တော်ဖြစ်သွားပုံကို ကြည့်၍ ရယ်ပြီး.... “နင့်ကို လက်ခံလိုက်ရကောင်းမလားလို့ နောက်ပိုင်းကျတော့ စဉ်းစားကြည့်သေးတယ်။ အဲဒီအချိန်ကျတော့ နင်က လက်လျှော့ပြီး တခြားတစ်ယောက်ကို လိုက်နေပြီလေ။ အမယ် ခေါင်းကြီးငုံ့လို့၊ ခုမှရှက်မနေပါနဲ့ဟ၊ ဒါတွေက ပြီးခဲ့ပါပြီ၊ ငါက ရယ်စရာအဖြစ် ပြန်ပြောပြတာပါ” သူက အသံများပင်ထွက်အောင် ရယ်နေလိုက်သေးသည်။ ကျွန်တော်ကတော့ ကျွန်တော့်မျက်နှာကို အိမ်မှာမထားရစ်ခဲ့မိသဖြင့် နောင်တရနေမိ၏။ ---------------------- #မင်းလူ ကလျာ၊ ၁၉၈၈၊ ဇွန်။