Thursday, October 21, 2021

ကရုဏာ သီတလ ဟဒယံ

Tipiṭaka / တိပိဋက • Tipiṭaka / ဒီဃ နိကာယ (အဋ္ဌကထာ) • Dīgha nikāya (aṭṭhakathā) Namo tassa bhagavato arahato sammāsambuddhassa ဒီဃနိကာယေ Dīghanikāye သီလက္ခန္ဓဝဂ္ဂဋ္ဌကထာ Sīlakkhandhavaggaṭṭhakathā ဂန္ထာရမ္ဘကထာ Ganthārambhakathā ကရုဏာသီတလဟဒယံ ၊ ပညာပဇ္ဇောတဝိဟတမောဟတမံ။ Karuṇāsītalahadayaṃ , paññāpajjotavihatamohatamaṃ; သနရာမရလောကဂရုံ၊ ဝန္ဒေ သုဂတံ ဂတိဝိမုတ္တံ။ Sanarāmaralokagaruṃ, vande sugataṃ gativimuttaṃ.
link (https://www.tititudorancea.com/z/gantharambhakatha_tpmadn0001.htm) pdf link page 11 (no 1)(http://dhammadownload.com/File-Library/for-Dhammarcariya-Students/MawLu-SilatKhandaWeggaHtaKaHtar.pdf) a blogpost from internet (https://nyimuyar.blogspot.com/2009/04/blog-post_11.html)

Friday, October 8, 2021

အဖေနဲ့ စကားများဖူးသူတွေ ဖတ်ဖို့

အဖေနဲ့ စကားများဖူးသူတွေ စကားများတတ်သူတွေ စကားများခဲ့သူတွေ စကားများမဲ့သူတွေ ဖတ်ဖို့ ငယ်ငယ်ကပေါ့။ အသက် ၁၆နှစ်လောက် ဆယ်တန်းစာမေးပွဲ အောင်ခါစ။ ကျွန်တော့်ကိုယ် ကျွန်တော် အထင်တွေကြီးပြီး အရာရာကို ငါလုပ်နိုင်တယ်လို့ ထင်နေခဲ့တဲ့အချိန်။ ဖေဖေနဲ့ ကျွန်တော် မကြာခဏ စကားများခဲ့တယ်။ ဖေဖေက ဆူတယ်။ ကျွန်တော်က ပြန်ပြောတယ်။ ဖေဖေက တားတယ်။ ကျွန်တော်က ဇွတ်တိုးလုပ်တယ်။ ကျွန်တော်မှန်တယ်လို့ ကျွန်တော့်ဘာသာ ထင်ခဲ့တယ်။ အသက် ၂၀ ပြည့်တဲ့နေ့မှာ မနက်စောစောထပြီး မေမေ့ကို ကန်တော့တယ်။ အဲဒီတုန်းက မေမေက နှလုံးရောဂါအပြင်းအထန် ခံစားနေရတဲ့အချိန်ပေါ့။ မေမေက ပြုံးပြုံးလေး ကန်တော့ခံပြီး ဆုပေးတယ်။ အသံနွမ်းနွမ်းလေးပေမယ့် အားအပြည့်ပါတယ်။
အလိုရှိသမျှကို ကိုယ့်ဘာသာ ကြိုးစားယူနိုင်တဲ့ သားကောင်းတစ်ယောက် ဖြစ်ပါစေတဲ့။
အဲဒီအချိန်လေးခဏမှာ ကျွန်တော် ၁၆နှစ်သားလောက်ကနေ အသက် ၂၀ အထိ အဆင်မပြေခဲ့တဲ့ ဖေဖေ့ကို ရုတ်တရက် သတိရမိတယ်။ ကျွန်တော့်ဖေဖေဟာ ကျွန်တော်တို့ ငယ်ငယ်ကနေ အဲဒီအရွယ်အထိ လိုသမျှကို သူ့ခွန်သူ့အားနဲ့ ဖြည့်ဆည်းပေးခဲ့ပါလား။ အရာရာကို ဖေဖေဟာ ကြိုးစားခဲ့ရတယ်။ ရုန်းကန်ခဲ့ရတယ်။ အလွယ်တကူ ဘယ်ဟာမှ မရခဲ့ပါလားလို့ တွေးမိလာတယ်။ အဲဒီလိုပဲ မနက် ၅နာရီလောက် အလုပ်ထသွားရပြီး ညသန်းခေါင်မှ အိမ်ပြန်ရောက်တဲ့ ဖေဖေဟာ ကျွန်တော်တို့ကို နေကောင်းရဲ့လား။ ထမင်းကို ကျွန်တော်တို့ ကြိုက်တဲ့ဟင်းနဲ့ လုံလုံလောက်လောက် စားရရဲ့လား။ ကျောင်းမှာ စာလိုက်နိုင်ရဲ့လား။ ကျွန်တော်တို့ မောင်နှမတွေ အချင်းချင်း သင့်မြတ်ရဲ့လားဆိုတာတွေကို အမြဲတမ်း မေမေ့ကို မေးခဲ့တာကို ပြန်သတိရမိလာတယ်။ ကျွန်တော်က အကြီးဆုံးသားဆိုတော့ ဖေဖေရဲ့ ဂရုစိုက်မှုကို အခံရဆုံးဆိုတာကိုလည်း ကိုယ့်ဘာသာ သတိရမိသွားတယ်။ ကျွန်တော်လူပျိုပေါက်ဖြစ်တော့ ဖေဖေ စိတ်ပူမှာပေါ့။ ကျွန်တော် ရန်ဖြစ်မလား။ ကျွန်တော် မူးယစ်ဆေးသုံးမလား။ ကျွန်တော် နိုင်ငံရေးလုပ်မလား။ ကျွန်တော် အဖမ်းခံရမလား။ ဖေဖေ စိတ်ပူမှာပေါ့။ အရင်က ကျွန်တော် သတိမထားမိခဲ့ဘူး။ ကျွန်တော့်ဘာသာ တွေးတယ်။ ကျွန်တော့်ဘာသာ ယုံကြည်တယ်။ ကျွန်တော့်ဘာသာ လွတ်လပ်ချင်တယ်။ ကျွန်တော့်ဘာသာ အထင်ကြီးတယ်။ အမှန်အတိုင်းပြောရင် ကျွန်တော့်ဘာသာ ဘဝင်တွေမြင့်လို့ရယ်။ မေမေ့ကို ကန်တော့တဲ့ခဏ။ မေမေ့ရဲ့ ဆုပေးတာကို ကြားရတဲ့ခဏမှာ ကျွန်တော် ဖေဖေ့ကို မြင်မိတယ်။ ၄နှစ်လောက် ဖေဖေနဲ့ ကျွန်တော့်ကြားမှာ ဖြစ်ခဲ့သမျှ အဖုအထစ်တွေဟာ ဖေဖေ့ကြောင့်မဟုတ် ကျွန်တော့်ဘာသာ ဖြစ်နေခဲ့တာကို သဘောပေါက်လိုက်မိတယ်။ ကျွန်တော့်အတွက် လိုအပ်တာတွေကို ကျွန်တော့်ဘာသာ ကြိုးစားယူနိုင်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်ဖို့အတွက် ဖေဖေတစ်သက်လုံး ဒီအရွယ်အထိ ကျွန်တော့်ရှေ့ကနေ ကြိုးစားရုန်းကန်ပေးခဲ့ပါလားဆိုတာကို ကျွန်တော် မေ့နေခဲ့တာကို ကျွန်တော် ချက်ချင်း သတိပြုလိုက်မိတယ်။ ဖေဖေ့ကို ချုပ်ချယ်တယ်လို့ ကျွန်တော် အထင်မှားခဲ့တယ်။ ဖေဖေ့ကို ပညာမတတ်ဘူးလို့ ကျွန်တော် အထင်သေးခဲ့တယ်။ ဖေဖေ့ကို နိုင်ငံရေးဘာမှ နားမလည်ဘူးလို့ ကျွန်တော် အပြစ်တင်ခဲ့တယ်။ ဘယ်ဟုတ်မှာလဲ။ ကျွန်တော့်ဖေဖေ ကျွန်တော့်ရှေ့မှာ အမြဲရှိခဲ့တယ်။ ကျွန်တော့်ဖေဖေ ကျွန်တော့်ဘေးမှာ အမြဲရှိခဲ့တယ်။ ကျွန်တော့်ဖေဖေ ကျွန်တော့်နောက်မှာ အမြဲရှိခဲ့တယ်။ အဲဒီနေ့ကစပြီး ဘယ်တော့မှ ကျွန်တော့်ဖေဖေကို ကျွန်တော် အထင်မမှားတော့ဘူး။ အဲဒီနေ့ကစပြီး ဘယ်တော့မှ ကျွန်တော့်ဖေဖေကို ကျွန်တော် မမေ့တော့ဘူး။ အဲဒီနေ့ကစပြီး ဘယ်တော့မှ ကျွန်တော့်ဖေဖေကို ကျွန်တော် မစော်ကားတော့ဘူး။ ရှေ့မှာပဲဖြစ်ဖြစ် ကွယ်ရာမှာပဲဖြစ်ဖြစ် ကျွန်တော်ပြောရဲတယ်။ ကျွန်တော့်ဖေဖေဟာ ကျွန်တော့်အတွက် သူရဲကောင်းပဲ။ ကျွန်တော့်ရဲ့ ကိုးကွယ်ရာပဲ။ ကျွန်တော့်ရဲ့ ဆရာပဲ။ ကျွန်တော်အခု အသက် ၃၇နှစ်ရှိပြီ။ ကျွန်တော့်မှာ သမီးတစ်ယောက် သားတစ်ယောက် ရှိနေပြီ။ အဖေနေရာကိုလည်း ရောက်နေပြီ။ ကျွန်တော့်ဖေဖေနဲ့ပတ်သက်လို့ ပြန်တွေးလိုက်တိုင်း အဲဒီ အသက် ၂၀ ပြည့်မွေးနေ့က ကျွန်တော်ရခဲ့တဲ့ အသိတရားဟာ ကျွန်တော့်တစ်ဘဝလုံးကို အတော်လေး ကျေးဇူးပြုခဲ့ပါလား။ ကျွန်တော် အခုအဖေဖြစ်တဲ့အချိန်မှာ ပြန်တွေးလိုက်တိုင်း အဲဒီတုန်းကသာ ကျွန်တော် ဆက်မိုက်နေခဲ့ရင် ဖေဖေ့ကို အထင်တွေ ဆက်မှားနေခဲ့ရင် ကျွန်တော့်ဘဝကြီး အမှားကြီး ဆက်မှားတော့မှာပါလားလို့ အကြိမ်ကြိမ် ပြန်တွေးနေမိတယ်။ အဲဒီနေ့ကစပြီး ဒီနေ့အထိ ဖေဖေနဲ့ ကျွန်တော် စကားများရတာ ငြင်းခုန်ရတာ ဘာမှ မရှိတော့ဘူး။ By Ye Min Oo

Tuesday, September 7, 2021

ထန်းလျက်ကြော် ထညက်ကြော်

ထန်းလျက်ကြော် ထညက်ကြော် ထညက်ကြော် ကြော်မယ်ဆိုရင် ထန်းလျက်တဆ၊ ကြက်သွန်နှစ်ဆ ထည့်ရတယ်။ ထညက်တဆယ်သားဆို ကြက်သွန် နှစ်ဆယ်သားပေါ့။ ထန်းလျက်ခဲကို ထုခြေထား၊ ကြက်သွန်ကို လှီးပြီး နေလှန်း၊ ကြက်သွန်ကို ဆီချက်ချက်သလို အကြွပ်ကြော်၊ ကြက်သွန်ကျက်ပြီးရွနေပြီဆို ဆယ်ထား၊ ထန်းညက်ခြေထားတာကို ဆီထဲထည့်ကြော်၊ ထန်းလျက်အရည်ပျော်ပြီး ပွပြီး ဆူတက်လာရင် ခဏလေးထားပြီး ဆယ်ထားတဲ့ ကြက်သွန်ကြော် လောင်းထည့်၊ ရွရွလေး သမအောင်မွှေ၊ ပြီးရင် ဆီတွေကို အရင်ငှဲ့ထုတ်၊ ပြီးမှ ဗန်းတစ်ခုခုထဲကို ကြက်သွန်ကြော်နဲ့ သမအောင်မွှေထားတဲ့ ထညက်ကြော်ကိုလောင်းထည့်၊ ဇွန်းနဲ့လိုက်ဖိ၊ နှမ်း အပေါ်ကလိုက်ဖြူး၊ အေးသွားရင် ကြွပ်ရွနေတဲ့ ထန်းလျက်ကြော် ရပြီပေါ့။
Credit: Phoe Chun (Facebook) Method: 2

Friday, August 27, 2021

ဗုဒ္ဓအလိုကျ အိပ်ယာထနည်း

“ဗုဒ္ဓအလိုကျ အိပ်ယာထနည်း” ••••••••••••••••••••••••••••• နံနက်(၄)နာရီခန့် နိုးလာကြပြီ စိတ်နိုးကိုယ်ထ အသက်ဝင်ပြလာသည်နှင့် မျက်နှာအသစ်ပြုလုပ်ပေးကာ တဖန်ဘုရားထံမှောက်အရောက်ဝင်ရပါမည် “ဗုဒ္ဓဓါတ်”ကို မိမိ “မနောဓာတ်” ဖြင့် ထိတွေ့ထားမိမိမနောတခါးဖွင့်လိုက်ရာ မနောဝိဉာဏ်အသိစိတ်ကပ်ပါလာတော့သည် ထိုအခါ ညကပြုကျင့်မြဲဝတ်အတိုင်း ဘုရားဂုဏ်ကိုစိတ်ကလည်း အာရုံယူနှုတ်ကလည်း အကူဝင်ပွားကိုယ်ကလည်း အရိုအသေပြုလျှက်သားဖြင့် လူသားသွေးတိုးနှိုးပေးရပါမည် မေတ္တာဘာဝနာပွားပေးရပါမည် ကြိုက်ရာဘာဝနာပွားပေးရပါမည် သည့်နောက် မိမိကိုယ် မိမိစိတ်က စောင့်ရှောက်နေပြီဖြစ်သောကြောင့် ညအစောင့်ချထားသောနတ်များ ကိုယ့်ဗိမာန်ကိုယ်ပြန်နိုင်ပြီဖြစ်ကြောင်း ကျေညာပေးရပါတော့မည် (ဂစ္ဆန္တု ဒေဝတာဂတာ) နတ်များပြန်ကြပြီး မိမိကိုယ်တနေ့တာလုံး အ န္တရာယ်မကျရောက်စေရန်ဤအရံအတား ပရိတ်တော်ကိုရွတ်ပါလေ “သဗ္ဗေဗုဒ္ဓါ ဗလပတ္တာ ပစ္စေကာနဉ္စ ယံဗလံ အရဟန္တာနဉ္စ တေဇေန ရက္ခံဗန္ဓာမိ သဗ္ဗသော" ဘုရားရှင်နှင့်ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ အစွမ်းတန်ခိုးအာနုဘော်တို့ဖြင့် အခါခပ်သိမ်းအကာအကွယ်အစောင့်အရှောက်ကိုငါဖွဲ့၏ ဤကား နံနက်နိုးထချိန်နေ့စဉ်ပြုလုပ်ရမည်ဖြစ်သော အကျင့်ပေတည်း။ (အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်)

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး နှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး နှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ -=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-= ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး(ဝနဝါသီဉေယျ ဓမ္မသာမိထေရ်) သီတင်းသုံးရာ မဟာမြိုင်တောကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဝေနေယျများ လာရောက်ဖူးမြော်ကြည်ညိုကြရာ ပြည်တွင်းသာမက ပြည်ပမှပါ လာရောက်ကြပါသည်။ စင်ကာပူ၊ ထိုင်း၊ သြစတြေးလျ၊ ဖိလစ်ပိုင် စသည်ဖြင့် ခက်ခဲစွာလာရောက်ကြရာ ၁၃၇၃ ခုနှစ်၊ တန်ခူးပြည့်ကျော် (၁၀) ရက်၊ ၂၄-၄-၂၀၁၁ တွင် ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့မှ ထိုင်းလူမျိုး (၂)ဦး ရောက်ရှိလာကြပြီး ၎င်းတို့ သိလိုသည်များကို မဟာဗောဓိမြိုင်ဆရာတော်ကြီးက ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ရာ ဓမ္မမိတ်ဆွေများ ပြန်လည် နာယူနိုင်ရန် တင်ပြလိုက်ပါသည်။ (အထက်ပါ တရားခွေ ဗွီစီဒီကို ကျွန်တော့်အား ဓမ္မဒါနဖြန့်ဝေရန် လှူဒါန်းပေးခဲ့သည့် မဟာမြိုင်တော ခေါင်နန်းပလ္လင်စခန်းမှ ဆရာတော်ကြီး၏ကိပ္ပိယဖြစ်သူ ဒေါက်တာသန်းထွေးအောင်(ရွှေဘို)အား အထူး ကျေးဇူးတင်ရှိပါသည်။) စကားပြန်မှတစ်ဆင့် မေးမြန်းဖြေကြားပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ [ဆရာတော်] - ဒကာတော်တို့ ဘယ်က လာခဲ့သလဲ။ [ထိုင်း] - “ဇင်မယ်”ကပါ ဘုရား၊ ဆရာတော့် သတင်းကြားလို့ ကြည်ညိုလို့ လာဖူးတာပါ ဘုရား။ [ဆရာတော်] - ဘုန်းကြီးတွေ အများကြီး “ထိုင်း”မှာလည်း ရှိတာပဲ မဟုတ်လား။ [ထိုင်း] - ဘုန်းကြီးချင်း မတူပါဘူးဘုရား၊ ထိုင်းမှာ တောရ ဆောက်တည်တဲ့ပုဂ္ဂိုလ် သိပ်မရှိတော့ပါဘူး။ [ဆရာတော်] - တို့က သတ္တိမရှိလို့ တောထဲနေတာပါဗျာ၊ မြို့ထဲနေတဲ့ဘုန်းကြီးတွေက တောထဲ နေတာထက် ပိုပြီး ထက်လို့ ပိုပြီး သတ္တိရှိနေတာဗျ။ တို့က သူတို့လောက် သတ္တိမရှိလို့ တောမှီနေတာဗျ၊ တောထဲ နေတာဗျ။ ဘုန်းကြီးအားလုံးအတူတူပါဗျာ။ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာရယ်က ထေရဝါဒလို့ ခေါ်တယ်။ အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာတို့ အဆက်ဆက်က တစ်ဆင့် သြဝါဒတွေကို လုံးဝမပြင်ဘဲ ကျင့်တာဗျာ၊ အကျင့်တူပါဗျာ။ [ထိုင်း] - မြန်မာနိုင်ငံက ဆရာတော်တွေက သာသနာတော်ကို ပိုပြီးတော့ ကြည်ညိုပြီး ဝိနည်းတော်တွေကို ပိုပြီး လေးစားလိုက်နာကြပါတယ် ဘုရား။ [ဆရာတော်] - တို့ဆီရောက်တုန်းမို့ ပြောတာလားဗျ။ [ထိုင်း] - တကယ် ပြောတာပါ ဘုရား၊ တပည့်တော်တို့ ဝိပဿနာတရား အားထုတ်ချင်ပါတယ် ဘုရား၊ ‘နည်းလမ်း’ တော့ မသိပါ ဘုရား။ [ဆရာတော်] - ‘နည်းလမ်း’ တွေ ဘာလို့ မသိရမှာလဲ၊ ထိုင်းမှာလည်း ရှိတာပါပဲ။ ဒီက သွားတာတွေ ရှိတာပါပဲ။ နည်းလမ်းတွေ ဘယ်လောက်များများ တို့ဗုဒ္ဓက ‘သတိတစ်လုံး’ ပဲဗျ။ ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို ‘သတိ’ နဲ့ တွဲလုပ်။ အဲဒါ ဝိပဿနာ ဖြစ်သွားတာပဲ၊ သတိနဲ့လုပ်တော့ ကိုယ့်စိတ် ကိုယ့်ဆီမှာရှိတယ်။ ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။ အဲဒါ ‘ဝိပဿနာ’ ဗျ။ [ထိုင်း] - တပည့်တော် တရားထိုင်တဲ့အခါ စိတ်က မငြိမ်ပါဘူး ဘုရား။ စိတ်ကလေးကို တစ်နေရာတည်းမှာ ငြိမ်ငြိမ်ကလေး နေဖို့အတွက် အကောင်းဆုံးနည်းလမ်းပေးပါ ဘုရား။ [ဆရာတော်] - ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်။ တို့ ‘ဘုရားတိုင်း, ဘုရားတိုင်း’ မှတ်တာ ‘နှာခေါင်း’ ပဲ။ နှာခေါင်းမှာ ‘ဝင်လေ’ လေး ‘ဝင်တာထွက်တာ’ ကို စာလို ‘ဝင်သက် ထွက်သက်’ ခေါ်တယ်ဗျာ။ အဲဒါအသက်ပဲဗျာ့။ လူတစ်ယောက်လုံးရဲ့ အသက်ဟာ နှာခေါင်းမှာရှိတယ်။ ဝင်လေထွက်လေကို ပြောတာ။ ဒီနှာခေါင်းကနေ ထိုင်ပြီးမှတ်ရင် တစ်ကိုယ်လုံး အကုန် သိတယ်ဗျာ။ စာလို ‘ပင်တိုင်ကမ္မဋ္ဌာန်း’ လို့ ခေါ်တယ်။ ကျန်တဲ့အလုပ်တွေ လုပ်ရင်လည်း နှာခေါင်းဝကို မှတ်ဗျ။ ဝေဘူဆရာတော်ဘုရားကြီးက ဒီအတိုင်း လုပ်သွားတာဗျ။ မှတ်နိုင်ပါ့မလားဗျာ။ [ထိုင်း] - မလွယ်ပါ ဘုရား၊ သိပ်မရပါ ဘုရား။ [ဆရာတော်] - အဲဒါကျတော့ဗျာ ‘မျက်စိ’ က မြင်တဲ့အခါ ကြည့်စရာရှိရင် မျက်စိမှာ ‘သတိ’ ချထားဗျာ။ ‘နား’ က ကြားတဲ့အခါ နားထိပ်မှာ သတိချထားဗျာ။ ‘သတိ’ နဲ့ သွားဗျ။ တစ်သက်လုံး လုပ်သွားဗျ။ ဘယ်တော့မှ မလွှတ်နဲ့ဗျ၊ သိရုံသိသွားဗျာ။ [ထိုင်း] - မလွယ်ဘူးထင်ပါတယ် ဘုရား၊ တရားထိုင်ချိန်မှာ စိတ်ကိုထိန်းမရပါ ဘုရား။ စိတ်မငြိမ်ပါ ဘုရား။ သမာဓိ မရပါ ဘုရား။ အတွေးလည်း များမိပါတယ် ဘုရား။ [ဆရာတော်] - တွေးတဲ့ စိတ်ကတော့ တွေးမှာပဲ၊ ဝိပဿနာဉာဏ်တွေ ဘယ်လောက်တက်တက် တွေးမှာပဲ။ “စိတ်ကို မနိုင်ရကောင်းလား” ဆိုပြီး ရန် မလုပ်ရဘူး။ လျှော့လည်း မလျှော့ရဘူး။ မှတ်စရာ ရှိတာသာမှတ်။ အမှတ်များရင် အတွေးက သူ့ဟာသူ လျော့သွားလိမ့်မယ်။ [ထိုင်း] - ဆရာတော်ကြီးပြောတာ နားလည်ပါပြီ ဘုရား။ [ဆရာတော်] - လူတိုင်း လူတိုင်းဟာ မွေးကတည်းက အတွေးနဲ့ မွေးလာတာ။ တစ်သက်လုံးလည်း အတွေးနဲ့ နေတာ၊ လုပ်စရာရှိလည်း အတွေးနဲ့ လုပ်နေတာ။ အဲဒါ ထိုင်မှတ်တာ ခဏလေးရှိသေး။ ချက်ချင်းတော့မရနိုင်ဘူး။ မှတ်အားကောင်းရင် သူ့ဟာသူတက်သွားတာပဲ။ ဘုရားဟောထားတဲ့အထဲမှာ ‘သတိပဋ္ဌာန်’ ဆိုတာရှိတယ်။ အဲဒါ ‘သတိပဋ္ဌာန်’ ခေါ်တယ်။ နှာခေါင်းမှတ်မှု ပင်တိုင်ထားပြီး တွေးတာနဲ့ နှာခေါင်းနဲ့ ဘယ်ကို စိတ်ရောက်များလဲ၊ တွေးတဲ့ဘက်အရောက်များရင် နှာခေါင်းမှတ်တာ ခဏလွှတ်လိုက်၊ တွေးပြီးတာနဲ့ နှာခေါင်းပြန်မှတ်။ တစ်ခါ နှာခေါင်း မှတ်ရင်း ခန္ဓာကိုယ်က နာလာမယ်ဆိုရင် နာတဲ့ဘက် စိတ်အရောက်များရင် နှာခေါင်းမှတ်တာကို လွှတ်ပစ်ပြီး နာတာကို မှတ်။ ပြီးမှ နှာခေါင်းကို ပြန်မှတ်။ အသံ ကြားလို့ ကြားတာဘက် စိတ်အရောက်များသွားရင် နှာခေါင်းအမှတ်ကိုလွှတ်ပြီး ကြားတဲ့ဘက်ကိုမှတ်၊ ပြီးမှ နှာခေါင်းကို ပြန်မှတ်၊ နားလည်ရဲ့လား။ ရှင်းရဲ့လား။ [ထိုင်း] - နားလည်ပါတယ် ဘုရား၊ တပည့်တော် မိသားစုထဲက တစ်ယောက်အကြောင်း လျှောက်ချင်ပါတယ် ဘုရား။ [ဆရာတော်] - အဲဒါကျ တို့ မလုပ်ဘူး။ အဲဒါ လောကီ ကိစ္စတွေ၊ တစ်ဦးလုပ်ပေးလိုက်ရင် တစ်ဦး ပြောလိုက်ရင် တစ်ပြည်လုံးလာမှာ၊ တို့ နားရတော့မှာမဟုတ်ဘူး။ တို့တရားအလုပ် တို့လုပ်ရမှာ မဟုတ်ဘူး။ [ထိုင်း] - ဆရာတော်ကြီးကို အနှောင့်အယှက် ပေးသလိုဖြစ်သွားပါတယ် ဘုရား။ ခွင့်လွှတ်တော်မူပါ။ [ဆရာတော်] - တို့ ရန်ကုန်ကတည်းက ဒီမေးတာတွေ အိမ်တွင်းရေးတွေကအစ မေးလျှောက်တာတွေ၊ အဲဒါတွေ ဒိုင်ခံ ပြောလာတာ တစ်ယောက်ကစ တစ်ရာဆိုသလို ဖြစ်လာတယ်။ အဲဒီကတည်းက ကြောက်လာတာ။ တစ်ဦး ပြောလိုက်ရင် တစ်တိုင်းပြည်လုံးက လာမှာ။ ဒီ လောကီကိစ္စတွေက လျှောက်ရမှာမဟုတ်ဘူး။ တို့ ဒီတောထဲကနေ အာရုံပြုပေးနေတာပဲ။ တို့ရှုမှတ်နေတာဟာ ဒေါသကင်းနေတဲ့အတွက် အဲဒါ မေတ္တာပဲ။ ဘုရားတို့၊ ရဟန္တာတို့က ဘယ်သူဘယ်ဝါ ကျန်းမာပါစေလို့ တိုက်ရိုက်ပေးတာ မဟုတ်ဘူး။ ရှုမှတ်နေတာဟာ ‘ဓမ္မဓာတ်လှိုင်း’ ပေးနေတာပဲ။ ‘လ’ ဟာ တစ်ကမ္ဘာလုံး သာနေတာပဲ။ မော့ကြည့်သူ ထွက်ကြည့်သူ အေးတာပေါ့။ ကိုယ့်ဘက်က ယုံယုံကြည်ကြည်နဲ့ ‘လ’ ထွက်ကြည့်သလို ထွက်ကြည့်နေရင် အကုန်ပြီးတယ်။ ထပ်ပြီး အဆစ်ပေးလိုက်ဦးမယ်။ သမာဓိ (၃) မျိုးရှိတယ်။ တစ်ခါမှတ် တစ်ခါတည်ရင် ပထမ-သမာဓိပဲ။ (၅)မိနစ် (၁၀)မိနစ် စိတ်ကလေး တည်နေရင် အဲဒါ ဒုတိယသမာဓိပဲ။ ဝိပဿနာဉာဏ် အထက်ပိုင်းရောက်ရင် စိတ် ဘယ်မှ မထွက်တော့ဘူး။ အဲဒါ တတိယသမာဓိပဲ။ [ထိုင်း] - မှတ်မိပါတယ် ဘုရား။ [ဆရာတော်] - လုပ်နိုင်ပါ့မလား။ [ထိုင်း] - ရအောင် ကြိုးစားပါ့မယ်ဘုရား။ [ဆရာတော်] - ဟိုမှာ ဘယ်လိုအားထုတ်သလဲ၊ အဓိဋ္ဌာန်နဲ့လား။ [ထိုင်း] - ရိပ်သာလည်း သွားပါတယ်၊ အိမ်မှာလည်း လုပ်ပါတယ် ဘုရား၊ တစ်ရက်လည်း သွားဖူးတယ်၊ သုံးရက်လည်း သွားဖူးတယ်၊ (၁၀) ရက်လည်း သွားဖူးတယ် ဘုရား။ [ဆရာတော်] - မရဘူး။ အနည်းဆုံး နှစ်လ ဆက်တိုက် အားထုတ်ရမယ်။ အင်္ဂုလိမာလ လက်ညှိုးဖြတ်သလို ဖြစ်နေမယ်၊ တစ်ချောင်း ဖြတ်လိုက် ဟိုနား ထားလိုက်၊ တစ်ချောင်းဖြတ်လိုက် ဒီနား ထားလိုက်နဲ့ဆိုတော့ တစ်ထောင်ရသလား။ [ထိုင်း] - မရပါဘုရား။ [ဆရာတော်] - တစ်ထောင်ပြည့်ချင်ရင် ကြိုးနဲ့သီမှ ရမယ် မဟုတ်လား။ [ထိုင်း] - ဥပမာ တအားကောင်းပါတယ် ဘုရား။ [ဆရာတော်] - တို့တုန်းက မဟာစည်မှာ အားထုတ်ခဲ့တော့ နှစ်လလောက် အပင်ပန်းခံပြီး အားထုတ်ခဲ့ရတယ်။ တစ်ရက်လောက်ကတော့ အသေအလဲအားထုတ်ခဲ့ရတာ။ တစ်သက်လုံးက အတွေးနဲ့ အမှတ်နဲ့က အားပြိုင်တာပဲ။ သည်းခံမှ စိတ်ရှည်မှ ရတယ်။ ဇွဲ ရှိမှ ရတယ်။ စိတ်ရှည်ပါ များလာရင် ဒီဘက်က အမှတ်များသလောက် ဟိုဘက်က အတွေးနည်းသွားတယ်။ အတွေးနည်းသွားရင် ကိုယ်မှတ်တဲ့နေရာ စိတ် ဒက်ခနဲ တစ်ချက်လောက်ကျသွားတာနဲ့ ဖြစ်လိုက်တာနဲ့ သူ့ဟာသူ သဘောပေါက်သွားတယ်။ လမ်းဆုံးအောင် နှစ်လလောက်လုပ်မှဗျ။ လမ်းဆုံးအောင်။ တစ်သက်လုံး သားတွေ မယားတွေအတွက် ‘သထာ’ ပြီး၊ ကိုယ့်အတွက် နှစ်လလောက်မှ မသထာဘူးလား။ ထိုင်းမှာ ဘာလုပ်သလဲ။ [ထိုင်း] - အင်ဂျင်နီယာပါ ဘုရား။ [ဆရာတော်] - အင်ဂျင်နီယာ နှစ်လလုပ်ရင် ဘယ်လောက် စားရသလဲ။ [ထိုင်း] - ဘယ်လောက်မှ မများပါဘူး ဘုရား။ [ဆရာတော်] - ဒါက နှစ်လ လုပ်လိုက်ရင် ဒီတစ်သက် မကဘူး၊ ဟိုက တစ်သက်ပါ တာဝန်ယူတယ်။ [ထိုင်း] - ဒီလပိုင်းတော့ မအားပါ ဘုရား၊ နောက်တော့မှ လုပ်ပါ့မယ် ဘုရား။ [ဆရာတော်] - သေမင်းက ဘယ်တော့ ခေါ်မယ်မှန်းမှ မသိတာ၊ ဒီတော့ ဒီလိုလုပ်၊ အိမ်မှာ ‘အဓိဋ္ဌာန်’ နဲ့ ဘယ်နှစ်ရက်၊ ဘယ်အချိန်၊ ဘယ်နှစ်နာရီ ဆိုပြီး အားထုတ်ပါ။ [ထိုင်း] - အဲဒီလိုတော့ လုပ်လို့ရပါတယ် ဘုရား။ [ဆရာတော်] - တို့တုန်းကတော့ မဟာစည်မှာ ညယောဂီရှိတယ်။ ညနေ (၆) နာရီက မနက် (၆) နာရီအတွင်း ည (၂) ကြိမ်၊ မနက် (၂) ကြိမ် ရတယ်။ အဲဒါ မဟာစည်မှာ ည ယောဂီပဲ။ [ထိုင်း] - နည်းနည်းတော့ ခက်မယ်ထင်ပါတယ် ဘုရား၊ စြင်္က ံနဲ့ ထိုင်တာ တွဲမှတ်ရင် ရပါသလား။ [ဆရာတော်] - မဟာစည်မှာ ထိုင် တစ်နာရီ၊ စြင်္က ံ တစ်နာရီ ရှုမှတ်ရတာပဲ၊ ရတယ်။ [ထိုင်း] - ဘုန်းကြီး ဝတ်ပြီးမှ ရိပ်သာဝင်ရင် ကောင်းပါသလား ဘုရား။ [ဆရာတော်] - သင်္ကန်းဝတ်ကြီးထမ်းရတာ လေးတယ်၊ ရိပ်သာဝင်ရင် ‘ငါ သေလည်း ဒါတွေ ထားခဲ့ရမှာ’ ဆိုတဲ့စိတ် မွေးနိုင်မှရတယ်။ [ထိုင်း] - ဆရာသမား လိုတာပေါ့နော်။ [ဆရာတော်] – ‘သတိ’ ရှိရင် ဆရာ မလို။ သတိဟာ ဆရာပဲ။ ထိုင်လို့ သတိမြဲနေပြီဆိုပါစို့၊ သတိမြဲကြောင်းကို နှာခေါင်း ရှုရင် နှာခေါင်းမှာ လေနိမိတ် ပေါ်ရတယ်။ တို့တုန်းက ဖောင်းပိန်မှတ်တော့ ဖောင်းနိမိတ်၊ ပိန်နိမိတ် ပေါ်တာပေါ့။ စိတ်တည်ကြောင်းပြတဲ့ နိမိတ်လို့ခေါ်တယ်။ စက်များဆိုရင် ဘယ်နှစ်မိုင်ရောက်ရင် ဘယ်နှစ်မိုင်ရောက်ကြောင်း အချက်ပြ ရှိသလို တို့ ဒီမှာလည်း နှာခေါင်းမှတ်ရင် နှာခေါင်းအချက်ပြရှိတယ်။ ဖောင်းပိန်ရှုရင် ဖောင်းပိန်အချက်ပြ ရှိတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တို့သံသရာ အဆက်ဆက်က ပါလာတဲ့ ဉာဏ်နဲ့ ဒီက သတိနဲ့သွားတဲ့ ဉာဏ်နဲ့ အဲဒီနေရာမှာ အတိုက်အခံသွားလုပ်တော့ ဉာဉ်ဘက်က အာရုံဆန်းတွေ ပေါ်တတ်တယ်။ တခြားက လာပြတာ မဟုတ်ဘူး။ စရိုက်လိုက်ပြီး ပေါ်တတ်တယ်။ ဒေါသကြီးသူ ဒေါသကြီးတဲ့အလျောက် ပြမှာ။ ရာဂကြီးတဲ့သူ ရာဂအလိုက်ပြမှာ။ အဲဒါကို သတိနဲ့ မကြောက်မရွံ့သွားနိုင်ရင် ဆရာ မလိုဘူး၊ လာချင်တာ လာ မှတ်မှာပဲ။ အဲဒါကြောင့် ဆရာ မလိုဘူးပြောတာ။ [ထိုင်း] - အဲဒီလို တစ်ယောက်တည်း သွားလုပ်လို့ သိပ်အဆင်မပြေဘူး ထင်ပါတယ် ဘုရား။ [ဆရာတော်] - အများဆုံးတွေ့ရတာက သမာဓိတည်ကြည်ခါစ ဝိပဿနာဉာဏ်တက်တော့ စာလိုတော့ ‘အနိစ္စ၊ ဒုက္ခ၊ အနတ္တ’ လက္ခဏာမြင်ရတာကို တို့က အတ္တ စွဲတာကိုး။ ဟိုက အနတ္တ ပြမှာ တို့က နိစ္စ စွဲတာ။ ဟိုက အနိစ္စပြမှာ တို့က သုခလို့ထင်နေတာ။ ဟိုက ဒုက္ခပြမှာကိုး။ အဲဒီအချိန်မှာပဲ ပေါ်တာပဲ။ သဒ္ဓါထက် သူကျတော့ ‘ဘုရား၊ ရဟန္တာ’ တို့ ပေါ်တယ်။ ‘နတ်’ တို့ပေါ်တယ်။ ပေါ်ရုံတင်မက လာကို ပြောတာ ရှိတယ်။ မြင်ရုံမြင်တာပဲ ရှိတယ်။ အဲဒါကို ဘယ်ကိုမှ မလိုက်ဘဲ ကိုယ့်ရှုကွက်ကို လက်မလွှတ်နဲ့။ အဲဒါဆိုရင် မှားစရာ မရှိဘူး။ ကိုယ့်ရှုကွက်ကို လက်လွှတ်ပြီး အဲဒီနောက် သွားရင် လမ်းမှားပြီ။ [ထိုင်း] - တပည့်တော် အားထုတ်လာတာ တစ်ခါမှ နိမိတ်မပေါ်သေးပါဘူးဘုရား။ [ဆရာတော်] - တစ်ရက် နှစ်ရက်လောက်နဲ့တော့ မတွေ့နိုင်ဘူး။ သတိအား ကောင်းမှ၊ အတွေးမဝင်မှ ပေါ်တာ၊ တို့ကိုယ်ခန္ဓာမှာ သွေးက လည်ပတ်နေတာ။ အတွေးနဲ့ လည်တယ်၊ သောကနဲ့ လည်တယ်၊ မာနနဲ့လည်တယ်။ အဲဒီအချိန် တို့သွေးက မည်းနေတာ၊ သွေးက မကြည်ဘူး။ နောက်နေတာ။ အဲဒီတော့ မှတ်ဟဲ့။ မှတ်ပါများတော့ အဲဒီစိတ်တွေ မပါဘူး။ အတွေးမပါတော့ သွေးကြည်တာပေ့ါလေ။ သွေးကြည်ပါများတော့ မှန်ကြည့်တော့ အရိပ်ပေါ်သလိုပေါ့။ အဲဒီတော့မှ နိမိတ်ပေါ်တာ။ [ထိုင်း] - တရားထိုင်တဲ့အခါ အရှင်ဘုရားကို စိတ်နဲ့ အဓိဋ္ဌာန်ပြီး တပည့်တော်ရဲ့ ဆရာသမား ဖြစ်တော်မူပါလို့ တောင်းလို့ ရသလား ဘုရား။ [ဆရာတော်] - စိတ်က အဓိဋ္ဌာန်တာတော့ ရတယ်။ လာ မလာတော့ မသိဘူး။ တို့က အိပ်ပျော်နေတဲ့အခါရှိတယ်။ အဲဒီအခါတော့ မလာဘူးပေါ့ဗျာ။ တို့က နိမတ် ပြောတော့ ဒီနိမိတ်ပေါ်အောင် အမျှော်နဲ့လုပ်ရင် ဘယ်တော့မှ မပေါ်ဘူး။ မှန်နဲ့ မျက်ခွက် တည့်မှ အရိပ် ပေါ်သလို ရှုကွက်နဲ့မှတ်စိတ်တည့်လို့ စိတ်အကြည်ဓာတ်ပေါ်လာရင် ဒီနိမိတ် ပေါ်တာပဲ။ တရားက အဲဒီလိုပဲ။ တရား ရအောင် လုပ်မယ်လို့ စိတ် ဘယ်တော့မှ မထားနဲ့၊ ကြိုးစားချင်တဲ့စိတ်သာ ရှိရမယ်၊ ရချင်တဲ့စိတ် မရှိရဘူး။ သူပြတဲ့နေရာကို ကြည့်နေရင် တရားက သူ့ဟာသူ ဇာတ်ကောင်တွေက ပြလာမှာ။ [ထိုင်း] - စောစောက ဒေါက်တာကြီး (ကပ္ပိယ ဒေါက်တာသန်းထွေးအောင်ကို ဆိုလိုပါသည်။) နဲ့ တရားစကား နည်းနည်း ဆွေးနွေးတော့ ဒေါက်တာကြီးက ပွဲကြည့်သလို ကြည့်ရတာလို့ ဆရာတော်ကြီး ဆုံးမဖူးတယ် လို့ ပြောပါတယ်။ ကလေးလို မကြည့်နဲ့ လူကြီးလိုကြည့်လို့ ပြောပါတယ် ဘုရား။ [ဆရာတော်] - လိုချင်စိတ်နဲ့ကြည့်ရင် တွေ့ခဲတယ်။ စိတ်မပါလက်မပါ ကြည့်ရင် သွေးက မွဲနေတဲ့အတွက် မမြင်ရဘူး။ မရရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးက မည်းတယ်။ အဲဒီတော့ မမြင်ရဘူးပေါ့။ အဲဒီတော့ တရားရှာတဲ့အခါ အဲဒီ စိတ် (၃) စိတ် မပါရဘူး။ သတိနဲ့မှတ်တော့ ကိုယ် မမြင်ဖူးတဲ့ ရှုကွက်ထဲက အရာတွေ မြင်လိမ့်မယ်။ နှာသီးဝဆို နှာသီးဝပေါ့။ လေရဲ့ နိမိတ်တွေ လေတန်းတွေ မြင်ချင် မြင်မှာပေါ့။ မြင်လာတော့ ယုံလာတယ်။ ယုံသလောက် သွေးက ကြည်လာတယ်။ ခန္ဓာဖြစ်ပျက် မြင်လေလေ ယုံလေလေ၊ ဆရာသမားအပေါ် ယုံတာလည်း ဖြစ်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံတာလည်း ဖြစ်နိုင်တယ်။ ဘုရားအပေါ် ယုံတာလည်း ဖြစ်နိုင်တယ်။ ဒီလို ယုံလာရင် ဒီသွေးက ကြည်လာတာ၊ ကြည်လာမှ ဒီဖြစ်ပျက် မြင်လာတာ။ [ထိုင်း] - လောကထဲ ကျင်လည်နေတဲ့အတွက် ငါးပါးသီလ မလုံတဲ့အခါတွေလည်း ရှိတော့ သီလမစင်ကြယ်ရင် တရား အားထုတ်တဲ့အခါ အနှောက်အယှက်များ ဖြစ်နေမလား ဘုရား။ [ဆရာတော်] - ထိုင်မယ့်အချိန်မှာ ‘သီလ’ ယူပါ။ သီလ ယူတယ်ဆိုတာ အရင်တုန်းကဟာတွေကို အဖြတ်ခိုင်းတာပဲ။ ဘာစည်းမှ ချဖို့ မလိုဘူး။ ဘေးက အနှောင့်အယှက် မလုပ်နိုင်အောင် သာသနာတော်စောင့်နတ်တွေက စောင့်ရှောက်ပေးရတယ်။ ဆိုင်ရာနတ်တွေက စောင့်ရှောက်ပေးရတယ်။ သာသနာတော်စောင့်နတ်က တာဝန်ယူရတာ၊ ဒါကြောင့် သီလ ယူရတာ။ [ထိုင်း] - ဆရာတော်ဘုရားကြီးက မေတ္တာထားပြီး အချိန်တွေ အများကြီးပေးတာ ဝမ်းသာပါတယ်ဘုရား၊ အားလည်း နာပါတယ် ဘုရား။ [ဆရာတော်] - ကိုယ်လုပ်ချင်တာ လုပ်။ သတိလေးနဲ့လုပ်၊ သတိမပါရင် တို့ဉာဉ်က ခိုင်းတာ လုပ်ရလိမ့်မယ်၊ သတိပါတော့ တို့ခိုင်းတာကို ဉာဉ်က လုပ်ပေးရမှာ။ ဘုရား တရား အပေါ်မှာ ဖြည်/ချုပ်ပြီး ဝယ်ရတာ မရှိဘူး။ အောင့်ပြီးဖယ်ရတာ မရှိဘူး။ အမှတ် မှတ်ရင်းနဲ့ နောက်တော့ သူ့ဟာသူ သိသွားပြီး ‘သတိ’ က ဝယ်သွားတာ။ တို့ဝယ်တာ မဟုတ်ဘူး။ [ထိုင်း] - တရားအားထုတ်ဖို့ စဉ်းစားနေပါတယ် ဘုရား၊ အာမခံပြီးတော့ မလုပ်ဖြစ်မှာ စိုးပါတယ် ဘုရား။ [ဆရာတော်] - ဘုရားသား ဖြစ်ချင်သလား မဖြစ်ချင်ဘူးလား။ [ထိုင်း] - ဖြစ်ချင်ပါတယ် ဘုရား။ [ဆရာတော်] – ‘သတိ’ ရှိရင် ‘ဘုရားသား’ ပဲ။ သတိမရှိရင် အလကားပဲ။ ဘုရားသား ဖြစ်ချင်ရင် သတိရှိမှ ဖြစ်မှာ။ တို့ဒကာဒကာမတွေ ကျန်းမာချမ်းသာကြပါစေ။ (ဤတွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ တရားတော် ပြီးစီးပါပြီ။) သံသာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။ ညီညီတင်

Monday, May 17, 2021

မေ့ကျန်ရစ်ခဲ့သောမျက်နှာ

မေ့ကျန်ရစ်ခဲ့သောမျက်နှာ နာမည်နှင့်လိုက်အောင် ပြုံးပြုံးရွှင်ရွှင်နေတတ်သော ခင်မောင်ပြုံးသည် ဒီတစ်ခါတော့ ထူးခြားလှစွာ ဒေါသကြီးနေ၏။ အိမ်ပေါ်တက်လာ​သော ခြေသံကိုက ပြင်းလွန်းလှသည်။ ကျွန်တော်တို့အိမ်ခန်းကလေးက ခပ်လှုပ်လှုပ်မို့ သူ တက်လာသောအခါ သိမ့်သိမ့်ခါသွား၏။ ခါတိုင်းဆိုလျှင် ခြေဖော့နင်း၍ တက်လာပြီး အိမ်ရှေ့ခန်းရှိ ပက်လက်ကုလားထိုင်ပေါ်မှာ ညင်ညင်သာသာ ထိုင်ချတတ်သည်။ ခုတော့ ကြမ်းပြင်ပေါ်မှာ အရှိန်နှင့်ဆောင့်ပြီး ထိုင်ချလိုက်သဖြင့် ကျွန်တော် အံ့သြသွားသည်။ ဘာမှ မမေးမိခင် သူကပင်စ၍.. “ဒီကောင် ဒီလိုလုပ်တာ ကောင်းသလားကွ၊ အချင်းချင်းတွေ" ဟု အရင်းအဖျားမရှိ ပြောသည်။ “ဘာ...ဘာဖြစ်တာလဲကွ” “မင်း...စဉ်းစားကြည့်ကွာ”ဟု ပြောနေတုန်း ကျွန်တော့်မိန်းမထွက်လာပြီး “ကိုခင်မောင်ပြုံးပါလား၊ မရောက်တာတောင် တစ်ပတ်လောက်ရှိပြီ" ဟု နှုတ်ဆက်သည်။ မိန်းမကိုမြင်မှ သူ့ဒေါသမျက်နှာကို အနည်းငယ် လျှော့ချပြီး ပြုံးချင်ယောင်ဆောင်လိုက်သည်။ “ဪ...အင်း၊ မအားလို့ပါ” “ဒီနေ့တော့ လက်ဖက်ကုန်နေတယ်၊ ပဲခြမ်းကြော်သုပ်နဲ့ပဲ ဧည့်ခံရတော့မှာပဲ” “ဟာ...နေပါစေ၊ ဘာမှမလုပ်နဲ့၊ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် သွားမှာ” မိန်းမရှေ့မှာ မပြောချင်မှန်း ကျွန်တော် ရိပ်မိသဖြင့် ရှပ်အင်္ကျီကောက်ဝတ်ပြီး ထွက်လာခဲ့သည်။ ကျွန်တော့်မိန်းမ ရှိနေတာကိုပင် သတိမေ့ပြီး ပြောမိမလိုဖြစ်ခြင်းကြောင့် သူ့စကားမှာ အရေးကြီးမည်ဟု မှန်းသည်။ သူ့လို အေးအေးချမ်းချမ်း နေတတ်သူတစ်ယောက်က ဆူဆူပွက်ပွက် ဖြစ်နေသည့်အတွက်လည်း ဘာဖြစ်ပါလိမ့်ဟု ပိုစိတ်ဝင်စားမိ၏။ သူကလည်း သိပ်ပြောချင်နေသည်။ လက်ဖက်ရည်ဆိုင်ရောက်သည်အထိ မစောင့်။ အိမ်က ထွက်ထွက်ချင်း... “သိပ်အကြံပက်စက်လွန်းတယ်” ဟု ပြောပြန်သည်။ “နေစမ်းပါဦး ခင်မောင်ပြုံးရာ၊ ဘာဖြစ်လာတယ်ဆိုတာလဲ ရှင်းအောင် သေသေချာချာ ပြောစမ်းပါဦး၊ မင်းပြောနေတာတွေ ငါ နားမလည်ဘူး၊ ဘယ်သူက အကြံပက်စက်တာလဲ” “မင်းသူငယ်ချင်းပေါ့ကွ” “ဟာ...ငါ့သူငယ်ချင်းတွေက အများကြီးပဲ၊ ဘယ်သူလဲ” “ဘယ်သူရှိရမှာလဲ၊ သိန်းမောင်ပေါ့ကွ” “ဟင်... သိန်းမောင်က ဘာအကြံပက်စက်တာလဲ” "ငါ ဒီနေ့ မအေးခင်ဆီ ရောက်တော့...." လက်ဖက်ရည်ဆိုင်သို့ရောက်လာသဖြင့် လူရှင်းသည့်စားပွဲနေရာ ရွေးခြင်း၊ လက်ဖက်ရည်မှာရခြင်းတို့ကြောင့် စကားခဏပြတ်သွားသည်။ ပြီးမှ သူ ဆက်ပြောသည်။ “ခါတိုင်း ငါသွားရင် မအေးခင်က သိပ်အရေးပေးတာ၊ ဟိုကောင့်ထက် ငါ့ကိုပိုပြီး အရေးပေးတယ်ဆိုတာ သိသာတယ်၊ ဒါကြောင့် ဒီကောင် မနာလိုပြီး လုပ်တာ” မအေးခင်နှင့်ပတ်သက်သော ကိစ္စဖြစ်သဖြင့် ကျွန်တော် ပို၍ စိတ်ဝင်စားလာသည်။ စကားတောင် ဝင်မထောက်ခံမိဘဲ နားသာ စွင့်မိ၏။ "ငါက ပိုပြီး တည်တည်တံ့တံ့ ရှိတယ်ဆိုတာ အားလုံးအသိပဲ။ ငါ့ကို မယှဉ်နိုင်မှန်းသိလို့ အကောက်ကြံတာ” “ဘယ်လိုကြံလို့လဲ” “ဒီနေ့ မအေးခင်က အခါတိုင်းလိုမဟုတ်ဘူး၊ ခပ်တည်တည်ကြီးနဲ့ စကားလည်း ဟဟ မပြောဘူး၊ ဒါနဲ့ ငါက ဘာဖြစ်လို့လဲ မေးတော့မှ...” လက်ဖက်ရည်ခွက်များ ရောက်လာသည်။ ကျွန်တော်က ဆာနေသဖြင့် ပန်းကန်ပြားထဲ နည်းနည်းထည့်ပြီး သောက်သည်။ သူကတော့ မသောက်သေးဘဲ စကားသာ ဆက်၏။ “သူက ပြောတယ်၊ ငါဟာ လူရှုပ်လူပွေ တစ်ယောက်တဲ့။ အခုလဲ အခြားမိန်းကလေးတစ်ယောက်နဲ့ ဖြစ်နေတာ သူသိတယ်တဲ့၊ သူ့ကို ခုထိ မျက်နှာပြောင်ပြောင်နဲ့ လာတွေ့ရဲတာ အံ့သြတယ်တဲ့၊ နောက်နောင် သူနဲ့ ဘယ်တော့မှ အဆက်မသွယ်မလုပ်ပါနဲ့တော့တဲ့၊ ပြောလွှတ်လိုက်တယ်” “မင်းက မဟုတ်တဲ့အကြောင်း ရှင်းမပြဘူးလား” “ရှင်းပြတာပေါ့၊ သူကလဲ အခိုင်အမာပြောတာ၊ သက်သေအထောက်အထားရှိတယ်တဲ့၊ ငါ့အကြောင်း အတွင်းသိ အစင်းသိ လူတစ်ယောက်က ပြောလို့သိရတာတဲ့၊ “ဘယ်သူပြောတာလဲ” ဆိုတော့ ဒါတော့ မသိချင်ပါနဲ့လို့ ပြောတယ်” “မင်းက သိန်းမောင်ပြောတာလို့ ထင်နေတယ်ပေါ့” “သူကလွဲလို့ တခြား ဘယ်သူရှိဦးမှာလဲကွ” “သိန်းမောင် ဒီလောက် မယုတ်ညံ့ပါဘူးကွာ” “ငါကတော့ သူပဲလို့ တပ်အပ်စွပ်စွဲတယ်ကွာ” “ဒါဆို မင်း သိန်းမောင်နဲ့တွေ့ပြီး မေးပေါ့” “မေးစရာမလိုပါဘူး၊ အရှင်းကြီးပဲ၊ သူနဲ့ တွေ့လဲမတွေ့ချင်ဘူး၊ တွေ့ရင် ငါ ဆွဲထိုးမိလိမ့်မယ်” “ငါပဲ သွားတွေ့ပြီး မေးပါ့မယ်” “မင်းမေးတော့ကော သူက ဘယ်ဝန်ခံမလဲကွ” ခင်မောင်ပြုံး အရမ်းစိတ်ဆိုးနေသည်။ ပြေရာပြေကြောင်း ပြောလို့ရမည်မဟုတ်။ ဘယ်လိုဖြစ်သလဲဆိုတာ တစ်နည်းနည်းနှင့် စုံစမ်းကြည့်ရဦးမည်။ * * * သိန်းမောင်နှင့် ကျွန်တော် ငယ်သူငယ်ချင်းဖြစ်၏။ ကျွန်တော်က ဆယ်တန်းအောင်ပြီး ရုံးအလုပ်လုပ်ရင်း လုပ်သားကောလိပ်တက်သည်။ သိန်းမောင်က ပြင်ပလုပ်ငန်းထဲ ရောက်သွား၏။ ရုံးမှာ ခင်မောင်ပြုံးနှင့် တွေ့ပြီး ခင်မင်သွားသည်။ ထိုမှတစ်ဖန် ခင်မောင်ပြုံးနှင့် သိန်းမောင်တို့လည်း ကျွန်တော့်ကို အကြောင်းပြု၍ ခင်မင်သွားကြ၏။ ခင်မောင်ပြုံး ရုံးပြောင်းသွားသည့်တိုင် ကျွန်တော်တို့သုံးယောက် အတွဲမပျက်ခဲ့ကြ။ လုပ်သားများကောလိပ်မှာ မအေးခင်နှင့် ကျွန်တော် တစ်တန်းတည်း တက်ရသည်။ သိကျွမ်းခင်မင်ခဲ့ကြသည်။ ကျောင်းက ဘွဲ့ရပြီးနောက် သူ နယ်ပြောင်းသဖြင့် မဆုံဖြစ်တော့။ လေး ငါး ခြောက်နှစ်ကြာမှ ရန်ကုန်ပြန်ပြောင်းလာရသည်။ တစ်ရက် ကျွန်တော်တို့ရုံးက ညွှန်မှူး၏အလှူမှာ ပြန်ဆုံသည်။ ထိုအလှူသို့ ခင်မောင်ပြုံးပါ ရောက်လာသဖြင့် မိတ်ဆက်ပေးလိုက်သည်။ နောက်တစ်ခါ ကျွန်တော်တို့အိမ်က အလှူမှာ သိန်းမောင်နှင့် မအေးခင်ကို မိတ်ဆက်ပေးလိုက်ပြန်သည်။ ဤသို့ဖြင့် သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်၏။ ကျွန်တော်က အိမ်ထောင်ကျပြီး ကလေး နှစ်ယောက်တောင် ရနေပြီး သူတို့သုံးယောက်စလုံးက ခုထိ လူပျိုကြီး အပျိုကြီးတွေ လုပ်နေကြတုန်း။ အသက်တွေ သုံးဆယ်ကျော်မှ အချစ်ကိစ္စဝင်လာသောအခါ အလုပ်တွေ ရှုပ်ကုန်တော့သည်။ တစ်နေ့တွင် ခင်မောင်ပြုံး ကျွန်တော်ဆီ ရောက်လာပြီး တိုင်ပင်သည်။ မအေးခင်ကို သူ စိတ်ဝင်စားနေသတဲ့။ ကျွန်တော် အံ့သြသွားရ၏။ ဒီကောင် အရင်က ဒါမျိုးတွေ စိတ်မဝင်စားတတ်။ တစ်သက်လုံးပဲ လူပျိုကြီးလုပ်တော့မလိုလို။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကို ကျွန်တော် သဘောတူပါသည်။ ခင်မောင်ပြုံးက လူရိုးလူအေး၊ အမြဲ ပြုံးပြီး ပြုံးပြုံးနှင့် နေတတ်သည်။ မအေးခင်က အပျိုကြီးမို့ ဇီဇာကြောင်သည်။ ဗျစ်တောက်ဗျစ်တောက် ပြောတတ်သည်။ ခင်မောင်ပြုံးလို သည်းခံခွင့်လွှက်တတ်သူမျိုးမှ ဖြစ်မည်။ ထို့ကြောင့် တတ်နိုင်သလောက် ကူညီမည် ဟု ကျွန်တော် ပြောလိုက်သည်။ သို့ရာတွင် သူ့ကို ဘာမှ မကူညီရသေးခင် သိန်းမောင်က တစ်ထောင့်က တစ်စခန်းထလာပြန်၏။ သူကလည်း မအေးခင်ကို စိတ်ဝင်စားနေသည်ဟု လာပြောပြန်သည်။ ကျွန်တော့်အဖို့တော့ သူငယ်ချင်းတွေချည်း ဖြစ်သဖြင့် သူနှင့်လည်း သဘောတူရပြန်သည်။ သူနှင့်ဆိုလျှင်လည်း မဆိုးလှပါ။ သိန်းမောင်သည် လူဖြောင့်စိတ်တို ဖြစ်၏။ မအေးခင်ကလည်း ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောတတ်သဖြင့် စရိုက်ချင်းတူသည်ဟု ဆိုရမည်။ ကျွန်တော့်ပြဿနာက ဘယ်သူ့ဘက် လိုက်ရမလဲဆိုတာပဲ ဖြစ်၏။ နှစ်ယောက်စလုံးက သူငယ်ချင်းတွေ။ နောက်တစ်ချက်မှာ မအေးခင်ကို နှစ်ယောက်စလုံးက ကြိုက်နေကြောင်း သူတို့ချင်းသိသွားအောင် ပြောသင့် မပြောသင့် ဆိုသောကိစ္စ။ မပြောဘဲ လွှတ်ထားမည်ဟု စိတ်ကူးသေးသည်။ တော်ကြာ ဒီကောင်နှစ်ကောင် တစ်ယောက်အကြောင်း တယောက်မသိဘဲ ရှုပ်ကုန်မှာ စိုးရသည်။ သို့ဖြင့် သူငယ်ချင်းသုံးယောက်ဆုံပြီး ဖြစ်နေပုံကို ပြောပြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် စိတ်မဆိုးကြ။ တိုက်တိုက်ဆိုင်ဆိုင် ကြုံရပုံကိုသာ အံ့သြကြသည်။ ပြီးတော့ သဘောတူညီမှု ရကြသည်။ မအေးခင်၏အချစ်ကိုရဖို့ နှစ်ယောက်စလုံး ကြိုးစားကြမည်။ တစ်ယောက်ယောက်က အောင်မြင်သွားလျှင် ကျန်တစ်ယောက်က ကြည်ဖြူစွာ နောက်ဆုတ်ပေးရမည်။ လူပျိုကြီးတွေ ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းတွေကလည်း တစ်မျိုးဖြစ်၏။ ချာတိတ်တွေလို စာလိုက်ပေးတာတို့၊ လိုက်စကားပြောတာတို့၊ အိမ်ရှေ့မှာ သီချင်း သွားဆိုတာတို့ ဘာတို့ လုပ်လို့မရ။ တစ်ဖန် မအေးခင်ကလည်း ကျောင်းသူကလေးအရွယ် မဟုတ်တော့၊ အလုပ်အကိုင် အတည်တကျနှင့် အပျိုကြီးတစ်ယောက်။ အိမ်ထောင်တစ်ခုကို သူ့သဘောနှင့်သူ စိတ်ကြိုက်ရွေးပြီး တည်ဆောက်နိုင်သည့်အရွယ် ရောက်နေပြီ။ သူနှင့်အတူနေသော ဦးလေးနှင့်အဒေါ်မှာလည်း သူ့အထောက်အပံ့ဖြင့်နေသူများ၊ သူ့ကိုစောင့်ရှောက်ရုံသာ သြဇာရှိသူများဖြစ်၏။ ထို့ကြောင့် ခင်မောင်ပြုံးနှင့် သိန်းမောင်တို့သည် မအေးခင်အိမ်သို့ သွားလည်ခြင်း၊ လမ်းကြုံသည့်ပုံစံဖြင့် ရုံးသို့သွားခြင်းများ ပြုလုပ်ကြ၏။ သိန်းမောင်က အရင်ဦးအောင် ဖွင့်ပြောဖြစ်သွားသည်။ မအေးခင်က “ကျွန်မ အိမ်ထောင်ရေးကို မစဉ်းစားသေးပါဘူး” ဟု ပြောလွှတ်လိုက်သည်။ သိန်းမောင်ကတော့ လက်မလျှော့သေး။ ခင်မောင်ပြုံးသည် ဖွင့်ပြောဖို့နောက်ကျသော်လည်း သူနှင့်မအေးခင်တို့ ပို၍လေပေးဖြောင့်သည်ကို သိသည်။ ခုလို သိန်းမောင်ကို မအေးခင်က ယဉ်ယဉ်ကျေးကျေး ငြင်းလွှတ်လိုက်သောအခါ သူ့အခြေအနေက ပိုကောင်းသည်ဟု ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဖွင့်ပြောသည့်အခါကျမှ ပြဿနာတက်ရခြင်းပင်။ သိန်းမောင် မယုတ်မာတတ်ကြောင်း ကျွန်တော် သိသည်။ သို့ရာတွင် မေးတော့ မေးကြည့်ရဦးမည်။ * * * သိန်းမောင်ဆီသွားဖို့တောင် မလိုတော့။ သူက အရင်ဦးအောင် ကျွန်တော့်ဆီ ရောက်လာသည်။ ရုံးသက်သာလက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသောအခါ... “ခင်မောင်ပြုံးတော့ ငါ့ကိုညစ်ပြီထင်တယ်”ဟု ပြောသည်။ ထို့နောက် အံ့ဩဖွယ်သတင်းကို သူ ပြောပြပြလေ၏။ မအေးခင်ဆီ သူရောက်သွားသည်။ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဖို့ဖြစ်၏။ ဒီမှာတွင်ပဲ မအေးခင်က ဆီး၍ ပြော၏။ "မျက်နှာပြောင်တိုက်ပြီး လာတာ အံ့သြပါရဲ့၊ ရှင်ဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် တွဲနေတဲ့လူ... " စသည်ဖြင့်.....။ “ငါက အဲဒီအကြောင်းတွေ ဘယ်သူကပြောတာလဲ၊ မဟုတ်ဘူး လို့ ငြင်းတော့.....ခိုင်လုံတဲ့နေရာပေါ့၊ ရှင်နဲ့ အနီးစပ်ဆုံးနေနေတဲ့ လူဆီကပေါ့.. ဟု ပြောသတဲ့။ ....အဲဒါ ဘယ်သူဖြစ်နိုင်သလဲ၊ ခင်မောင်ပြုံးပဲရှိတာပေါ့” “ဟာ....ဘာတွေဖြစ်ကုန်တာလဲ” ဆိုပြီး ခင်မောင်ပြုံးကလည်း ဒီအတိုင်းပြောကြောင်း ပြောလိုက်၏။ သူ ခဏမျှတွေသွားပြီး...“ဪ...ဒီလိုကိုး” “ဘာလဲကွ” “ရှင်းနေတာပဲ၊ ခင်မောင်ပြုံး မကောင်းကြောင်း မအေးခင်ကို ငါပြောတာ မဟုတ်ဘူး၊ ငါ ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး၊ ဒါပေမယ့် ခင်မောင်ပြုံးကတော့ ငါပြောတာပဲလို့ ထင်နေတယ်။ ဒါကြောင့် ငါ့ကို ကလဲ့စားချေတဲ့အနေနဲ့ ငါ့မကောင်းကြောင်း မအေးခင်ကို ပြန်ပြောတာပဲပေါ့” “ဟာ...မဟုတ်နိုင်ပါဘူး၊ ဒီကောင် ဒါမျိုးမလုပ်တတ်ပါဘူး “ "လုပ်တတ်လို့ အခုလုပ်ခဲ့ပြီပဲ” “ဟာ.. အစဉ်းစားရကျပ်လိုက်တာ၊ မင်းတို့နှစ်ယောက် ဆုံပြီးရှင်းဖို့ လိုလာပြီ" “အေး...ဟုတ်တယ်၊ သဘောတူညီချက်တစ်ခုကို ရရင်တော့ တွေ့ ချင်တယ်” “ဘာသဘောတူညီချက်လဲ” “သူနဲ့ငါ ဓားချင်းယှဉ်ခုတ်ဖို့ပေါ့” သူ့ကို ကျွန်တော် ကြည့်သည်။ သိန်းမောင်၏မျက်နှာသည် အလွန်တင်းမာ ခက်ထန်နေလေ၏။ * * * တော်တော် အစဉ်းစားရခက်သည့် ကိစ္စပင်ဖြစ်၏။ ခင်မောင်ပြုံးကိုရော သိန်းမောင်ကိုပါ ကျွန်တော် ယုံသည်။ နှစ်ယောက်စလုံး ယုတ်မာသောစိတ်ထား မရှိ။ ကြားထဲက တစ်ယောက်ယောက်က ဝင်ပြီး ခလောက်ဆန်တာ ဖြစ်ရမည်။ ဘယ်သူဖြစ်နိုင်သလဲ ဆိုတာတော့ စဉ်းစားလို့မရဘူး။ သူတို့လိုပင် မအေးခင်ကို စိတ်ဝင်စားနေသူ ကြားလူတစ်ဦးဦးပဲ ဖြစ်ရမည်။ ခင်မောင်ပြုံးနှင့်သိန်းမောင်ကို ဆုံပြီးရှင်းခိုင်းဖို့တော့ မဖြစ်နိုင်ချေ။ ပြဿနာပြေလည်စရာအကြောင်း မမြင်။ နှစ်ယောက် ထသတ်ကြဖို့သာ အကြောင်းရှိသည်။ ဒီပြဿနာ၏အဖြေပေါ်အောင် ကျွန်တော် ကြိုးစားရလိမ့်မည်။ ကျွန်တော့်ကို ဗဟိုပြုပြီး သူတို့သုံးယောက်၏ဇာတ်လမ်း ပေါ်လာခဲ့ခြင်းမဟုတ်လား။ တစ်နည်းပဲ ရှိသည်။ မအေးခင်ကို တွေ့ပြီး မေးဖို့။ သူတို့နှစ်ယောက် မအေးခင်၏အချစ်ကိုရဖို့ စတင်ကြိုးစားကတည်းက မအေးခင်ဆီ ကျွန်တော် မရောက်တော့။ မျက်နှာပူသောကြောင့်တစ်ကြောင်း၊ မအေးခင်က ကျွန်တော် မြှောက်ပေးတာဆိုပြီး ပွက်မှာစိုးသောကြောင့် တစ်ကြောင်းပင် ဖြစ်၏။ ခုတော့ မျက်နှာပူပူနှင့်ပင် လာခဲ့ရသည်။ မအေးခင်ကလည်း ကျွန်တော့်လာရင်းကိစ္စကို သိသည်။ သူက ပြော၏။ “ငါလဲ နင့်ကိုမျှော်နေတာပဲ” “အေးဟာ၊ နင့်ကို မေးစရာလေးရှိလို့” “ဟိုနှစ်ယောက်ကိစ္စ မဟုတ်လား” သူက ပွင့်ပွင့်လင်းလင်း၊ ခပ်ပြောင်ပြောင်ပြောတတ်သူတစ်ယောက်မို့ တော်သေးသည်။ သို့မဟုတ် စကားစဖို့ မလွယ်။ ကျွန်တော် ခေါင်းညိတ်ပြီး... “သူတို့နှစ်ယောက်အကြောင်း မဟုတ်တာတွေ လုပ်ကြံပြီး နင့်ကိုပြောတယ်ဆိုတာ ဘယ်သူလဲ” “အခြားလူမဟုတ်ဘူး၊ ငါကိုယ်တိုင်ပဲ” “ဘာ” ကျွန်တော် အံ့သြသွားသည်။ သူက ရယ်ပြီး... “ဒီလိုဟာ၊ ငါ့ဘာသာ အပျိုကြီးဘဝနဲ့ အေးအေးမနေရဘူး။ သူတို့နှစ်ယောက်က တစ်ယောက်တစ်လှည့်စီ လာလာပိုးနေတာ၊ သိပ်ရှက်ဖို့ကောင်းတာပဲ၊ ဒါကြောင့် တစ်ခါတည်း ကိစ္စပြတ်အောင် ငါ့ဘာသာငါ လုပ်ကြံပြီး ပြောပစ်လိုက်တာ” “ဟာ...နင် တော်တော်ဆိုးတယ်၊ ဟိုနှစ်ကောင်က တစ်ယောက်ကိုတစ်ယောက် အထင်လွဲပြီး သတ်မယ်ဖြတ်မယ်တောင် ဖြစ်နေတာ” “အေးဟာ ဒီလောက်တောင်ဖြစ်သွားမယ်လို့ ငါ မစဉ်းစားမိဘူး၊ တိစ္စအေးအောင် ကြံမိကြံရာ ပြောလိုက်တာ” “နေစမ်းပါဦး၊ နင်က တစ်သက်လုံး အပျိုကြီးဘဝနဲ့ နေသွားမှာလား၊ တကယ်လို့ အိမ်ထောင်ပြုဖို့စိတ်ကူးတယ်ဆိုရင်လဲ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို လက်ခံဖို့ ငါအကြံပေးချင်တယ်၊ နှစ်ယောက်လုံး လူကောင်းတွေ...” သူက လက်ကာပြပြီး... “ငါ အိမ်ထောင်ပြုဖို့ လုံးဝစိတ်မကူးဘူး။ အိမ်ထောင်သည်ဘ၀ကို စိတ်ကုန်လွန်းလို့၊ နင်ပဲ စဉ်းစားကြည့်လေ။ ငါသာ အချစ်ကိစ္စတို့၊ အိမ်ထောင်ရေးကိစ္စတို့ စဉ်းစားရင် ကျောင်းမှာတုန်းက နင်ငါ့ကို စာပေးကတည်းက နင့်ကို ပြန်ကြိုက်ခဲ့မှာပေါ့” “ဟာ...”ဆိုပြီး ကျွန်တော့်တစ်ကိုယ်လုံး ထူပူသွား၏။ သူက ကျွန်တော်ဖြစ်သွားပုံကို ကြည့်၍ ရယ်ပြီး.... “နင့်ကို လက်ခံလိုက်ရကောင်းမလားလို့ နောက်ပိုင်းကျတော့ စဉ်းစားကြည့်သေးတယ်။ အဲဒီအချိန်ကျတော့ နင်က လက်လျှော့ပြီး တခြားတစ်ယောက်ကို လိုက်နေပြီလေ။ အမယ် ခေါင်းကြီးငုံ့လို့၊ ခုမှရှက်မနေပါနဲ့ဟ၊ ဒါတွေက ပြီးခဲ့ပါပြီ၊ ငါက ရယ်စရာအဖြစ် ပြန်ပြောပြတာပါ” သူက အသံများပင်ထွက်အောင် ရယ်နေလိုက်သေးသည်။ ကျွန်တော်ကတော့ ကျွန်တော့်မျက်နှာကို အိမ်မှာမထားရစ်ခဲ့မိသဖြင့် နောင်တရနေမိ၏။ ---------------------- #မင်းလူ ကလျာ၊ ၁၉၈၈၊ ဇွန်။

Friday, April 9, 2021

ပုဗ်ဗဏှ သုတ္တန်

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနသ မေန္တု။ ၁။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။ ၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာ နုဘာဝေန ဝိနာသ မေန္တု။ ၂။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်မြတ်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။ ၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ မေန္တု။ ၃။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။ ၄။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။ သောကပ္ပတ္တာ စ နိသောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။ ၄။ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံးသည်လည်း ထိုဘေးအန္တရာယ်တို့မှ လွတ်ကင်းကြပါစေ၊ စိုးရိမ်ပူပန် သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းဝေးကြပါစေ။ ၅။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေ ဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။ ၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။ ၅။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ကြပါကုန်။ ၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။ ၆။ အရာရာပြည့်စုံမှု ချမ်းသာမှု ရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ၊ အကျင့်သီလ စောင့်ထိန်းကြပါ။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။ ၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။ အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။ ၇။ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါဘုရားငယ်၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည် တန်ခိုးဖြင့် အရပ်ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။ ၈။ ယံကိဉ္စ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် ဘုရားရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။ ၉။ ယံကိဉ္စ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် တရားရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။ ၁၀။ ယံကိဉ္စ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ၁၀။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် သံဃာရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။ ၁၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။ ၁၁။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။ ၁၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ ဓမ္မာ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။ ၁၂။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။ ၁၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ သံဃာ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။ ၁၃။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။ ၁၄။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္မောဓိ မုတ္တမံ။ ဧတေန သစ္စဝဇ္ဇန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။ ၁၄။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူ ကမ္ဘာသားအပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော်မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့ မှန်သောသစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်းပါစေသတည်း။ ၁၅။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဎ္ဍနော။ ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။ ၁၅။ သာကီဝင် မင်းအပေါင်းတို့၏ နှစ်သက် ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်း ဖြစ်စေသတည်း၊ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင် ရရှိပါစေသတည်း။ ၁၆။အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထု ဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။ ၁၆။သဗ္ဗညူဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူရာလည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူး တင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။ ၁၇။သုနက္ခတ္ကံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။ သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။ ၁၇။ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ၊ ကောင်းစွာတိုးတက်ပါစေ၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော်ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။ ၁၈။ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။ ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။ ၁၈။မြတ်သော ကိုယ်အမှု၊ မြတ်သောနှုတ်အမှုကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရကြကုန်၏၊ မြတ်သော အကျိုးတရားကို ရရှိသော သူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက်လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်အတူ ကျန်းမာချမ်းသာကြပါစေကုန်သော်။ ၁၉။ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။ တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရုဠှာ ဗုဒ္ဓသာသနေ။ အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗဟိ ဉာတိဘိ။ ၁၉။လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော အမှုကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရကြကုန်၏။ မြတ်သော အကျိုးတရားတို့ကို ရရှိသော သူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏။ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက်လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်အတူ ကျန်းမာချမ်းသာကြပါစေကုန်သော်။ ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။ source: Chaw Sukhita

ဓဇဂ္ဂသုတ် (ပါဠိ + အနက်)

ဓဇဂ္ဂသုတ် (ပါဠိ + အနက်) ၁။ ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌမဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ၊ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်ခြင်ကာမျှဖြင့် ကောင်းကင်၌ပင် တည်ခိုက်ကြုံသော်လည်း မြေပြင်မှာလို ခိုင်ခိုင်မြဲမြဲ တည်ခွင့်ရလေသည် ၂။ သဗ္ဗုပဒ္ဒဝဇာလမှာ၊ ယက္ခစောရာဒိ သမ္ဘဝါ။ ဂဏာနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ဤဓဇဂ္ဂသုတ် ပရိတ်တော်ကြောင့် ဘီလူးဘေး၊ ခိုးသူဘေးစသော ဘေးအန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်ကြရသော လူတို့ကိုရေတွက်၍ မကုန်နိုင်ပါချေ။ ယခုအခါ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ကြပါကုန်စို့ ၃။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ။ ဝိဟရတိ ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ။ သံဃဥက္ကဋ္ဌ သံဃနာယက ဖြစ်တော်မူသော မဟာကဿပ အရှင်ဘုရား…. အကျွန်ုပ် အာနန္ဒာသည် ဤဓဇဂ္ဂသုတ် ပရိတ်တော်ကို မြတ်စွာဘုရားထံတော်မှ တိုက်ရိုက် ဤကဲ့သို့ ကြားနာ မှတ်သားထားလိုက်ပါ၏။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် အနာထပိဏ်သူဌေးကြီး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ဇေတဝန် ကျောင်းကြီး၌ သီတင်းသုံးနေပါသည်။ ၄။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ၊ ဘဒ္ဒန္တေတိ တေ ဘိက္ခူ - ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ၊ ဘူတပုဗ္ဗံ ဘိက္ခဝေ၊ ဒေဝါသုရသင်္ဂါမော၊ သမုပဗျူဠှော အဟောသိ။ အထ ခေါ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော။ ဒေဝေ တာဝတိံ သေ အာမန္တေသိ၊ သစေ မာရိသာ ဒေဝါနံ၊ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ ထိုသို့နေတော်မူစဉ်အခါ မြတ်စွာဘုရားက "ရဟန်းတို့" ဟူ၍ ရဟန်းအများကို ခေါ်တော်မူပါသည်။ ရဟန်းတို့လည်း မြတ်စွာဘုရား စကားတော်ကို ခံယူရန် အသင့်ဖြစ်ကြပါသည်။ ထိုအခါ မြတ်စွာဘုရားက ဤသို့မိန့်ကြား ဟောမြွက်တော်မူပါသည်။ "ချစ်သားတို့… ရှေးအခါက တာဝတိံသာနတ်နှင့် အသုရာ နတ်စစ်သည်တို့ စစ်ခင်းခဲ့ကြဖူး၏။ ထိုအခါ သိကြားမင်းသည် တာဝတိံသာနတ် စစ်သည်တို့ကို ခေါ်ယူပြီး ဤသို့ပြောကြားခဲ့၏။ "အမောင်နတ်သားတို့၊ သင်တို့သည် စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ဖြစ်ခဲ့သည် ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်လိုက်ကြကုန်လော့။ ဤသို့ ကြည့်လိုက်ပါလျှင် သင်တို့ အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ် ရဲရင့်လာကြလိမ့်မည်။ ကြက်သီးမွေးညှင်း ထခြင်းများလည်း ပြေပျောက်သွားကြလိမ့်မည်"။ ၅။ နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေဝရာဇဿ- ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ "အကယ်၍ ငါ၏တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ပဇာပတိ နတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသို့ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပျောက်ကင်းသွားလိမ့်မည်"။ ၆။ နော စေ ပဇာပတိဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ၀ရုဏဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ "အကယ်၍ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော် ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ကြ၊ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ဖြစ်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း ၊ ကြက်သီးမွေးညှင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်"။ ၇။ နော စေ ဝရုဏဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာနဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ။ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတီ တိ။ "အကယ်၍ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော် ဤသာနနတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသာနနတ်မင်း၏တံခွန်ဖျားကို မော်၍ကြည့်ဖြစ်ကြလျှင် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်။" ဤသို့လျှင် သိကြားမင်းက တာဝတိံသာနတ်တို့ကို အသိပေးလေ၏ ၈။ တံ ခေါ ပန ဘိက္ခဝေ၊ သက္ကဿ ဝါ ဒေဝါနမိန္ဒဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ပဇာပတိဿ ဝါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဤသာနဿ ဝါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယေထာပိ နောပိ ပဟီယေထ။ ချစ်သားရဟန်းတို့… နတ်တို့အရှင် သိကြားမင်း၏ တံခွန်ဖျားကို မော်၍ကြည့်သောနတ်များ၊ သို့တည်းမဟုတ် ပဇာပတိနတ်မင်း၊ ဝရုဏနတ်မင်း၊ ဤသာနနတ်မင်းတို့၏ တံခွန်ဖျားကို မော်၍ ကြည့်သော နတ်များအား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပျောက်သော်လည်း ပျောက်မည်၊ မပျောက်ဘဲလည်း နေချင်နေလိမ့်မည်။ ၉။ တံ ကိဿ ဟေတု၊ သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော၊ အဝီတရာဂေါ အဝီတဒေါသော၊ အဝီတမောဟော၊ ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။ အကြောင်းမူကား နတ်တို့အရှင် သိကြားမင်းလည်း ရာဂကင်းသူ မဟုတ်၊ ဒေါသကင်းသူ မဟုတ်၊ မောဟကင်းသူ မဟုတ်၊ သူကိုယ်နှိုက်က ကြောက်တတ်၏။ တဆတ်ဆတ်တုန်တတ်၏။ လန့်ဖျပ်တတ်၏။ ထွက်ပြေးတတ်၏ ။ ၁၀။ အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ၊ သစေ တုမှာကံ ဘိက္ခဝေ၊ အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ၊ သုညာဂါရဂတာနံ ဝါ၊ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ အနုဿရေယျာထ။ ချစ်သားရဟန်းတို့… ငါဘုရားသည်ကား မလွဲဧကန် ဤသို့ ဟောပေအံ့၊ ရဟန်းတို့အနေနှင့် တောထဲ၌ တစ်ပါးတည်း နေသောအခါ သစ်ပင်ရင်း၌ နေသောအခါ ဆိတ်ငြိမ်ရာအရပ်များ၌ နေသောအခါများ၌ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း တစ်ခုခုဖြစ်လာခဲ့လျှင် ဘုရားဂုဏ်တော်ကို ဤသို့ အောက်မေ့ကြကုန်လော့။ ၁၁။ ဣတိပိ သော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာဒေဝမနုဿာနံ။ ဗုဒ္ဓေါ ဘဂဝါ တိ။ မြတ်စွာဘုရားသည် ကိလေသာတို့မှ ကင်းဝေးတော်မူ၏။ ကိလေသာ ရန်သူတို့ကို ပယ်သတ်ပြီး ဖြစ်၏။ သံသရာ စက်ဝန်း၏ အကန့်အထောက်များကို ဖျက်ဆီးပြီး ဖြစ်၏။ ပစ္စည်းလေးပါး ပူဇော်အထူးကို ခံယူတော်မူထိုက်၏။ ဆိပ်ကွယ်ရာ အရပ်၌ပင်လျှင် မကောင်းမှုဒုစရိုက်ကို ရှောင်တော်မူ၏။ 1. သို့ဖြစ်၍ "အရဟံ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ 2. မြတ်စွာဘုရားသည် ကောင်းမွန်လှစွာ သယမ္ဘူဉာဏ် မြတ်မဟာဖြင့် မိမိအလိုလို သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်း၍ သိတော်မူ၏။ သို့ဖြစ်၍ "သမ္မာသမ္ဗုဒ္ဓ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ 3. မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ "ဝိဇ္ဇာစရဏသမ္ပန္န" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ 4. မြတ်စွာဘုရားသည် နိဗ္ဗာန်သို့သာလျှင် ဖြောင့်ဖြောင့်မတ်မတ် ကောင်းစွာသွားတော်မူ၏။ စကားဆိုရန် ခွန်းခြောက်တန်တို့တွင် ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုသာ ဆိုတော်မူတတ်၏။ သို့ဖြစ်၍ "သုဂတ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ 5. မြတ်စွာဘုရားသည် ကာမလောက၊ ရူပလောက၊ အရူပလောက ဟူသော လောကသုံးပါး၊ တစ်နည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက ဟူသော လောကကြီးသုံးပါးတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏။ သို့ဖြင့်၍ "လောကဝိဒူ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ 6. မြတ်စွာဘုရားသည် မိမိကိုယ်တိုင်လည်း အတုမရှိ သူတစ်ပါးတို့အားလည်း အတုမရှိသော မိမိ၏တရားဖြင့် ဆုံးမတတ်၏။ ဆုံးမထိုက်သောလူ၊ နတ်၊ ဘီလူး၊ တိရိစ္ဆာန်ကြမ်းများကိုပင် သေဝပ် ငြိမ်သက်အောင် နိုင်နင်းစွာ ဆုံးတော်မူနိုင်၏။ သို့ဖြစ်၍ "အနုတ္တရော ပုရိသဒမ္မသာရထိ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ 7. မြတ်စွာဘုရားသည် လူအပေါင်း နတ်အပေါင်းတို့အား ကောင်းစွာ သွန်သင်ဆုံးမတတ်သော လူနတ်တို့၏ ဆရာကောင်း ဖြစ်တော်မူ၏။ သို့ဖြစ်၍ "သတ္ထာဒေဝမနုဿာန" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ 8. မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော်မူ၏။ သူတစ်ပါးတို့အားလည်း သစ္စာလေးပါး တရားကို သိမြင်အောင် ဟောပြော ပြသနိုင်၏။ သို့ဖြစ်၍ "ဗုဒ္ဓ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ 9. မြတ်စွာဘုရားသည် အစိုးရခြင်း၊ တရားရှိခြင်း၊ အခြံအရံမျာခြင်း၊ ကျက်သရေရှိခြင်း၊ အလိုအတိုင်း ဖြစ်ခြင်း၊ လုံ့လ စွမ်းအား အပြည့်ရှိခြင်း ဟူသော ဘုန်းတော် ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ "ဘဂဝါ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။ ၁၂။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ ဤကဲ့သို့ ငါဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ကြလော့။ ဘုရားဂုဏ်ကို ဆင်ခြင် အောက်မေ့မိသည် ရှိ သော် သင်တို့အား ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ ပျောက်ကင်းသွားပေလိမ့်မည် ။ ၁၃။ နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿရေယျာထ၊ အကယ်၍ ဘုရားဂုဏ်တော်ကို မဆင်ခြင် မအောက်မေ့မိသည်ရှိသော် မြတ်စွာဘုရား ဟောကြားထားသော တရားတော်၏ ဂုဏ်တော်ကို ဤသို့အောက်မေ့သတိရကြ ၁၄။ သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။ တရားတော်သည် မြတ်စွာဘုရားက ကောင်းစွာ ဟောကြားထားသော တရားတော် ဖြစ်သောကြောင့် "သွာက္ခာတ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။ 1. တရားတော်သည် မျက်မှောက်၌ပင် ကောင်းကျိုးချမ်းသာကို ပေးတတ်သောကြောင့် "သန္ဒိဋ္ဌိက" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။ 2. တရားတော်သည် အခါမလင့် အကျိုးပေးတတ်သောကြောင့် "အကာလိက" ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။ 3. တရားတော်သည် လာပါ၊ ရှုပါ၊ ကျင့်ကြံပါ ဟူ၍ မပါပါအောင် ခေါ်ဆောင် တိုက်တွန်း ပြညွှန်းခြင်းငှာ ထိုက်သောကြောင့် "ဧဟိပဿိက" ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။ 4. တရားတော်သည် လူတို့အား နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင်ပေးတတ်သောကြောင့် "ဩပနေယျိက" ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။ 5. တရားတော်သည် ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့အနေဖြင့် အသီးသီး တစ်ဦးစီ တစ်ဦးစီ မိမိတို့၏ စိတ်၌ ကပ်၍ ဆောင်ထားထိုက်သောကြောင့် "ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။ ၁၅။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ။ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ ဤသို့လျှင် တရားတော်၏ဂုဏ်တော်ကို ဆင်ခြင် အောက်မေ့မိသောသူအား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ လုံးဝ ပျောက်ကင်းသွားပေလိမ့်မည်။ ၁၆။ နော စေ ဓမ္မံ အနုဿရေယျာထ၊ အထ သံဃံ အနုဿရေယျာထ။ အကယ်၍ ဘုရားဂုဏ်တော်ကိုသော်၎င်း၊ တရားဂုဏ်တော်ကိုသော်၎င်း မဆင်ခြင် မအောက်မေ့ဖြစ်ပါက မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရာ၏။ ၁၇။ သုပ္ပဋိပန္နော ဘဂဝါတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော၊ အာဟုနေယျော ပါဟုနေယျော၊ ဒက္ခိဏေယျော အဉ္ဇလိကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် နိဗ္ဗာန်အကျိုးငှာ ကောင်းသောအကျင့်ကိုသာ ကျင့်တော်မူတတ်ပေ၏။ သို့ဖြစ်၍ "သုပ္ပဋိပန္န" ဟူသောဂုဏ် ရှိပေ၏။ 1. သံဃာတော်သည် နိဗ္ဗာန်မဂ်ဖိုလ် ရရှိရေးအတွက် ဖြောင့်မတ်စွာ လမ်းမှန်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ "ဥဇုပ္ပဋိပန္န" ဟူသောဂုဏ် ရှိပေ၏။ 2. သံဃာတော်သည် နိဗ္ဗာန်ရရှိရေးနှင့် သင့်လျော်လောက်ပတ်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ "ဉာယပ္ပဋိပန္န" ဟူသောဂုဏ် ရှိပေ၏။ 3. သံဃာတော်သည် အရိုအသေပြုခြင်းကို ခံယူထိုက်အောင် အကျင့်သီလကို ကောင်းစွာ ဖြည့်ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ "သာမိစိပ္ပဋိပန္န" ဟူသောဂုဏ် ရှိပေ၏။ 4. ထိုဘုရားတပည့် အရိယာသံဃာသည် (အချုပ်အားဖြင့်) အရေအတွက်(၄)စုံ၊ ပုဂ္ဂိုလ်(၈)ယောက် ရှိပေ၏။ ထိုသံဃာတော်သည် အဝေးမှ တကူးတက ဆောင်ယူ၍ ပူဇော်သမှု ပြုခြင်းကိုလည်း ခံယူထိုက်၏။ သို့ဖြစ်၍ "အာဟုနေယျ" ဟူသောဂုဏ် ရှိပေ၏။ 5. ဧည့်သည်တို့အား ရည်စူး၍ အထူးပြုလုပ်ထားသော ပစ္စည်းဝတ္ထုတို့ကိုလည်း မိမိအား လှူလျှင် ကောင်းစွာ ခံယူထိုက်၏။ သို့ဖြစ်၍ "ပါဟုနေယျ" ဟူသောဂုဏ် ရှိပေ၏။ 6. လောက၌ အမြတ်ဆုံး အကောင်းဆုံးဖြစ်သော အလှူကိုလည်း ထိုက်ထိုက်တန်တန် ခံယူနိုင်ပေ၏။ သို့ဖြစ်၍ "ဒက္ခိဏေယျ" ဟူသောဂုဏ် ရှိပေ၏။ 7. လူနတ်တို့၏ ရှိခိုးခြင်းကိုလည်း ခံထိုက်၏။ သို့ဖြစ်၍ "အဉ္ဇလိကရဏီယ" ဟူသောဂုဏ် ရှိပေ၏။ 8. လူတို့က ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးရာ ကြဲချရာ အတုမရှိ လယ်မြေကောင်းသဖွယ်လည်း ဖြစ်၏။ သို့ဖြစ်၍ "အနုတ္တရံ ပုညက္ခေတ္တံ လောကဿ" ဟူသောဂုဏ် ရှိပေ၏။ ၁၈။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။ ဤသို့လျှင် သံဃာတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ရာ၏။ သံဃာ့ဂုဏ်သို့ စိတ်ညွှတ်၍ အာရုံပြုမိသော သင်တို့အား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းဟူသမျှ ကင်းပျောက်သွားလိမ့်မည်။ ၁၉။ တံ ကိဿ ဟေတု၊ တထာဂတော ဟိ ဘိက္ခဝေ။ အရဟံ သမ္မောသမ္ဗုဒ္ဓေါ၊ ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော၊ အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။ ထိုစကားမှန်ပေ၏။ အကြောင်းမူကား ဝိပဿီ စသော ရှေးရှေးသော ဘုရားရှင်များနည်းတူ ကောင်းစွာ ပွင့်ထွန်းလာသော ငါဘုရားသည် လူသူလေးပါးကင်းသည့် ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုမလုပ်၊ ကောင်းစွာ ကိုယ်တိုင် သစ္စာတရားမြတ်ကို ထိုးထွင်းသိမြင်ပြီးဖြစ်၏။ တဏှာရာဂ လုံးဝကင်း၏။ အမျက်ဒေါသ လုံးဝကင်း၏။ မသိမောဟ လုံးဝ ကင်း၏။ ကြောက်လည်း မကြောက်တတ်၊ အကြောက်အလန့် မရှိ၊ ကြောက်၍တုန်လှုပ်သည်ဟူ၍ လုံးဝမရှိ၊ မထိတ်တတ်၊ မလန့်တတ်၊ ကြောက်လန့်၍ ထွက်ပြေးသည် ဟူ၍လည်း ဘယ်အခါမျှမရှိ။ ထို့ကြောင့် ဤသို့သော ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံညွှတ်၍ ကြည်ညိုစိတ်ထား ပွားများသူများမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်းထခြင်းဟူသမျှ ကင်းပျောက်ရမြဲ ဖြစ်လေ၏ ၂၀။ ဣဒမဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော၊ အထာပရံ ဧတဒဝေါစ သတ္ထာ။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ထို့နောက်ဆက်လက်၍ ဤသို့တဖန် မိန့်ကြားတော်မူပြန်၏ - ၂၁။ အရညေ ရုက္ခမူလေ ဝါ၊ သုညာဂါရေဝ ဘိက္ခဝေါ။ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။ ချစ်သားရဟန်းတို့… သင်တို့သည် တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ်ကွယ်ရာအရပ်၌ ဖြစ်စေ (နေခိုက်) ဘုရားဂုဏ်တော်ကို သတိရကြ၊ သတိရလျှင် သင်တို့ မကြောက်မရွံ့ နေနိုင်ကြလတ္တံ ။ ၂၂။ နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ၊ အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ၊ လူနတ်တို့၏ အကြီးအမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို မဆင်ခြင် မအောက်မေ့ ဖြစ်ကြလျှင် သံသရာမှ ထွက်မြောက်ကြောင်း ကောင်းစွာဟောကြားထားသော တရားတော်၏ ဂုဏ်ကို သတိရကြ ၂၃။ နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။ အထ သံဃံ သရေယျာထ။ ပုညက္ခတ္တံ အနုတ္တရံ။ တရားတော်၏ဂုဏ်ကို အမှတ်မရကြလျှင် ကောင်းမှုမျိုးစေ့ စိုက်ပျိုးရာ အတုမရှိ လယ်မြေကောင်းနှင့်တူသော သံဃာတော်၏ ဂုဏ်ကို ဆင်ခြင်ပွားများကြ။ ၂၄။ ဧဝံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော န ဟေဿတိ။ ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။ ဤကဲ့သို့ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ တရားတော်မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ ဆင်ခြင်အောက်မေ့သည်ရှိသော် ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ လုံးဝ မဖြစ်ပေါ်လတ္တံ။

Tuesday, February 2, 2021

ဂုဏ်တော် ကွန်ချာ

ဂုဏ်တော် ကွန်ချာ ၁၊ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။ ၂၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။ ၃၊ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော၊ ဝိဇ္ဇာစရဏ သမ္ပန္နော ဝတသော ဘဂဝါ၊ ဝိဇ္ဇာစရဏ သမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ဝိဇ္ဇာစရဏံ သမ္ပန္နံ သိရသာ နမာမိ၊ တတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော။ ၄၊ သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဝတသော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သုဂတော။ ၅၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ဝတ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊ လောကဝိဒုံ သိရသာ နမာမိ၊ ပဉ္စမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ။ ၆၊ သော ဘဂဝါ ဣတိပိ အနုတ္ထရောပုရိသဒမ္မသာရထိ၊ အနုတ္ထရော ပုရိသဒမ္မသာရတိ ဝတ သော ဘဂဝါ၊ အနုတ္ထရော ပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္ထရော ပုရိသဒမ္မသာရထိံ သိရသာ နမာမိ၊ ဆဋ္ဌမော ဝဇီရပါကာရော၊ သ ော ဘဂဝါ ဣတိပိ အနုတ္ထရော ပုရိသဒမ္မသာရထိ။ ၇၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာနံ ဝတ သော ဘဂဝါ၊ သတ္ထာ ဒေဝမနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာဒေဝမနုဿနံ သိရသာ နမာမိ၊ သတ္တမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာဒေဝမနုဿာနံ။ ၈၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။ ၉၊ သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ဝတ သော ဘဂဝါ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ ဘဂဝန္တံ သိရသာ နာမာမိ၊ နဝမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။

Friday, January 29, 2021

ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေ

ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေ by ဒီဇိုင်း မျိုးဆွေသန်း အဖေဆုံးတာ ၂၀၁၃ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ညက ဆိုတော့ ၄ နှစ်ပြည့်ပြီ။ သားတွေအားလုံးက အချိန်တန်အရွယ်ရောက်ရင် ကိုယ့်ကိုယ်ကို ဖခင်ထက်မြတ်တဲ့အရာတွေ လုပ်နေတယ်လို့ အထင်ရောက်စမြဲ ဖြစ်ကြတဲ့အထဲ ကိုယ်လည်းပါလို့ ဖခင်သေဆုံးပြီ ဆိုတာနဲ့ သွားပြီ၊ ပျက်ကွက်မှုတွေနဲ့ သင်ကြားစရာတွေက ကျန်ခဲ့ပြီဆိုတာက အရင် ခေါင်းထဲရောက်တော့တာပဲ။ အဖေက ဆားလင်းကြီးမှာ ညကိုးနာရီဆယ့်ငါးမှာဆုံးတော့ ကိုယ်က ရန်ကုန်မှာ၊ အမေက မင်းလာမယ်ဆိုလာလိုက်တော့ မင့်အဖေတော့ အခြေအနေမကောင်းလှဖူး၊ အအေးလှိုင်းလည်းဖြတ်နေတော့ ရာသီ ဥတုကလည်း ပြင်းတယ်တဲ့၊ အမေက တော်တော်ကိစ္စဖုန်းဆက်လေ့ မရှိတော့ ဒါဆိုရင်သိပါပြီ၊ ပြီးခဲ့တဲ့လကလည်း အဖေနေမကောင်းလို့ သူ့အနား တစ်လသွားနေပြီးပြီ၊ နောက်လကြရင်ပြန်လာခဲ့မယ်ပြောပြီး ပြန်သွားဖို့ပြင်ရင်းကားပြင်နေလို့ ဒီနေ့ နက်ဖန်လာပြီလို့လည်း ပြော ထားပြီးသားပါ။ ညီဖြစ်သူက သူလည်းလိုက်မယ်ဆိုလို့ သူ့အခန်းသွားခေါ်ပြီး ၄၆လမ်း ပေါ်ကနေ အနော်ရထာလမ်းပေါ် တက်တက်ခြင်းပဲ အဖေအခုပဲ ဆုံး သွားပြီလို့ ဖုန်းဆက်လာတော့တာပဲ၊ အဖေသေဆုံးပုံပြောပါဆိုတော့ အိပ်ယာပေါ်လှဲပေးတဲ့ သားအလတ်ဖြစ်သူရဲ့ ခေါင်းကို နမ်းပြီး ခေါင်း အုံးပေါ် ခေါင်းချတာနဲ့ လက်အုပ်လေးချီပြီး မျက်လုံးလေးမှိတ်ထားရင်း သေဆုံးသွားတယ်၊ သေဆုံးပြီး လက်အုပ်ချီထားတဲ့ လက်ကို အတော် ဖြုတ်ယူရတယ်တဲ့၊ ဒါဆို အဖေသတိလက်လွတ် သေဆုံးတာမဟုတ် လို့ ကျေနပ်တယ်၊ ကျွန်တော်တို့ ရန်ကုန်က အခုထွက်လာပြီ၊ ကားကို ဖြေးဖြေးပဲ မောင်းခဲ့မယ် စိတ်ချ၊ နောက်ထပ် ဖုန်းထပ်မဆက်နဲ့တော့။ ကားကမောင်းတတ်ကာစပဲရှိသေးပေမယ့်အဝေးပြေးလမ်းဇီးရိုးဂိတ်မှာ ညီဖြစ်သူကို ငါကားမောင်းလိုက်မယ်၊ သတိက ကြီးချင်ရင် ဒီနားပိုပြီး ဆင်ခြင်ဉာဏ်ပိုလိမ့်ဦးမယ်၊ ပြီးတော့ ငါအဖေ့ဆီ ကိုယ်တိုင်မောင်းသွား ချင်တယ်ဆိုတော့ ညီဖြစ်သူက အေးဟုတ်တယ် မောင်းတဲ့၊ အဲဒါ အဝေးပြေးလမ်းပေါ်ပထမဆုံးစမောင်းဖူးခြင်းပဲ၊ တစ်ညလုံး ညီဖြစ်သူနဲ့ အဖေ့အကြောင်းတွေပြောပြီး ကားကိုမောင်းလာခဲ့တာပဲ၊ နောင်တော့ တားယူရအောင် နေ့နေ့ညည အဝေးပြေးလမ်းပေါ် တစ်ယောက်တည်း ကားမောင်းပြီး သွားလိုက်ပြန်လိုက် လုပ်တော့တာပဲ၊ ပြောလိုက်သေး တယ် အဝေးပြေးလမ်းပေါ် ည တစ်ယောက်တည်း ကားမောင်းကြည့် စမ်းပါ၊ နှိုင်းဆဓမ္မကနေ အတွေးအခေါ်တောင်ပြောင်းနိုင်ပါတယ်လို့။ အိမ်ရောက်တော့ အဖေ့အလောင်းကို ကန်တော့ပြီး အဖေ့နဖူးကိုနမ်း တယ်၊ အမေ အခြေအနေကောင်းလားဆိုတော ကောင်းပါတယ်ဟဲ့ ငါ့တရားရှိပါတယ်တဲ့၊ ပြီးတာပဲပြောပြီး အဖေ့အလောင်းနဘေးခွေပြီး အိပ်နေလိုက်တယ်။ ခနနေတော့ ဧည့်သည်တွေတက်လာပြီး အဖေ့ အလောင်းကိုကန်တော့ကြလို့ ထပြီး အမေလို့ လှမ်းခေါ်မိတယ်။ ကိုယ်မသိတဲ့ဧည့်သည်တွေဖြစ်နေလို့ ဧည့်ခံစကားပြောဖို့ အမေ့ကို ခေါ်ပြီး အကူအညီတောင်းတဲ့သဘောပါ၊ အမေက အဖေ့အလောင်းကို ကန်တော့နေတဲ့ ယောင်္ကျားမိန်းမ ၅ ယောက်ကိုကြည့်ပြီး အော်လို့ တစ်ခွန်းပဲပြောပြီး ပြန်ဆင်းသွားတယ်၊ အဖေ့အလောင်းကို ကန်တော့ပြီးတဲ့ ၅ ယောက်က ကိုယ့်လည်းနှုတ်မဆက်ဖူး၊ ပြုံးလည်း မပြဖူး၊ အိမ်အောက်ဆင်းသွားတဲ့ သူတို့ ၅ ယောက်ကို လိုက်ကြည့် တော့လည်း အောက်မှာ ခင်းထားတဲ့ စားပွဲ ကုလားထိုင်တွေမှာလည်း မထိုင်ဖူး အမေ့ရှေ့ဖြတ်လျောက်သွားတော့လည်း နှုတ်မဆက်ဖူး ခေါင်းလေးတွေငုံ့ပြီး ခါးလေးတွေညွှတ်ရင်းသာ အသိအမှတ်ပြုသွား ကြတာ၊ သူတို့ အိမ်ဝင်းထဲကထွက် တော့မှ ဖိနပ်တွေက အိမ်ဝင်း အဝင်မှာကတည်းက ချွတ်ထားခဲ့ကြတာ၊ သူတို့ ဖိနပ်စီးနေတုန်းပဲ နောက် ၃ ယောက် ရောက်လာပြီး ဖိနပ်ချွတ်နေကြပြန်တယ်၊ ဒီလိုပဲ အဲဒီ ၃ ယောက်က အိမ်ပေါ်တက်လာပြီး အဖေ့အလောင်းကို ကန်တော့ကြတယ်၊ ပြီးတော့ ရှေ့က ၅ ယောက်လိုပဲ၊ တိတ်ဆိတ်စွာ ပြန်ထွက်သွးကြတယ်၊ အဲဒါ ကိုယ်ရောက်တဲ့ ညနေ ၂ နာရီလောက် ကနေ ည ဆယ်နာရီလောက်ထိ တစ်ယောက်ခြင်းစီ၊ အစုလိုက် လာ ကန်တော့နေကြတာပဲ။ အမေက ပြောတယ် အဲဒါ မင့်အဖေတပည့်တွေတဲ့၊ အဖေက ကျောင်း ဆရာ၊ ကိုယ့်မှာလည်း ကျေးဇူးကြီးလှတဲ့ ဆရာတွေ ရှိပါတယ်၊ အဲဒီ ဆရာတွေ သေဆုံးလို့ အကန်တော့ရောက်ဖို့ ခနထား နောက်ဆုံးခရီး ကို ရောက်အောင်လာပို့ပါမယ်လို့ အာမခံဖို့ မလွယ်ဖူး၊ အခုဟာက အဖေက မူလတန်းကျောင်းအုပ်ဆရာဘဝက စခဲ့တာ ဆားလင်းကြီး မြို့နယ်ထဲက ညောင်ပင်တို၊ ခွန်သာ၊ သရက်ကိုင်း၊ ညောင်ပင်သာ ဒီလိုရွာလေးတွေမှာ ကျောင်းအုပ်ဆရာလုပ်လာခဲ့တာ ဆားလင်းကြီး နဲ့ ခုနစ်မိုင်၊ ရှစ်မိုင် ကိုးမိုင် ဆယ်မိုင် ဝေးတဲ့ရွာကလေးတွေကနေ စက်ဘီးတွေ၊ ဆိုင်ကယ်တွေစီးပြီး လာကန်တော့နေကြတာ။ အဖေ့လိုတော့ သေချင်သားပဲ အမေလို့ ပြောမိတော့ ဒါတော့ မင်း ဆရာလှကို မမှီနိုင်ဖူးတဲ့ အခုမှတည်ဆောက်ချင်လို့ မရနိုင်တဲ့။ အဖေ့ကိုခေါ်ကြပုံရှိတယ်၊ ဆရာလေးတဲ့၊ ဆရာလှတဲ့၊ ဆရာကြီးတဲ့၊ ဆရာလေးခေါ်ရင် ဒါ ကျွန်တော်မမွေးခင်က သူမူလတန်းကျောင် အုပ်ဆရာဘဝ တာဝန်စပြီးထမ်းတဲ့ ညောင်ပင်တိုရွာနားတစ်ဝိုက်စီက လူတွေ၊ ဆရာကြီးဆိုရင် သူအသက်ကြီးတဲ့အရွယ်မှာ တာဝန်ထမ်းခဲ့ တဲ့ ခွန်သာ၊ မြေဇွန်တစ်ဝိုက်စီကပေါ့။ အဖေ ပထမဆုံးတာဝန်ထမ်းတဲ့ ညောင်ပင်တိုရွာကို မနှစ်က ရောက် တော့ အဖေစပြီးဆောက်ခဲ့တဲ့ ရွာမူလတန်းကျောင်းလေးတဲ့ ဝင်ကြည့် ခဲ့သေးတယ်၊ အလွမ်းပေါ့၊ ညောင်ပင်တိုက အဖေ့တပည့်ဆိုတာ ကိုယ့် ထက်များစွာကြီးတာပေါ့၊ မရောက်ဖူးတာ ကိုယ့်တစ်သက်နီးပါးပဲ ပြော ပါတော့၊ ရွာခေါင်းရင်း တောင်ပေါ် ကနေတက်ပြီး လက်ပတောင်း တောင်ကို ဓါတ်ပုံရိုက်ရင် ကောင်းတယ်ပြောကြလို့ သွားတာ၊ ဓါတ်ပုံ ရိုက်ပြီး တောင်ပေါ်ကဆင်းတာနဲ့ ရွာခေါင်းရင်းအိမ်ရဲ့ ခေါင်းရင်းက လမ်းကနေ ပြန်ရုံပဲပေါ့၊ ရွာခေါင်းရင်းအိမ်ဝင်းကြီးထဲက လူအုပ်ကြီးက လှမ်းတားပြီး ဆရာလေးသား အကြီးဆုံးဆိုလို့ တွေ့ချင်ကြလို့တဲ့ ဝင်စမ်းပါဦးတဲ့၊ အသက်၇၀ကျော် အဖွားကြီးက ဦးဆောင်ထားတယ်။ ရန်ကုန်နေတဲ့ မျိုးဆွေသန်းလားတဲ့ ဟုတ်တယ်၊ ဒါဘယ်သူ့အိမ်လည်း မေးတော့ ကိုစိန်ညွန့်အိမ်တဲ့ ကိုစိန်ညွန့် ဆုံးတာကြာပြီတဲ့၊ ကိုစိန်ညွန့် နာမည်က အဖေ့ဆီကနေ ကြားဖူနေကြပါ၊ ဒါ ကိုစိန်ညွန့် သမီး၊ ဒါ သူ့မြေး စသည်ဖြင့်ပေါ့၊ အိမ်ဝင်းကြီးက ပြောင်ပြီး ရှင်းသန့်နေလိုက် တာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကိုလည်း ဗီနိုင်းထုတ်ပြီး စားပွဲ၊ တန်းလျားနောက်က နံရံမှာ ချိတ်ထားတယ်၊ အမယ် ဒေါ်အောင်ဆန်း စုကြည်ပုံပါလားဆိုတော့ ဟုတ်တယ် တို့က အမေစုပဲတဲ့။ ယောင်္ကျားမိန်းမ ကိုယ့်ထက်ကြီးတာတွေ အားလုံးက အဖေနဲ့ ပါတ် သက်လို့ ပြောစရာတွေ ရှိနေကြတာမှ တောရွာကလေးကို ရောက် လာတဲ့ မြို့ကကျောင်းဆရာလေးတစ်ယောက်အကြောင်း ရုပ်ရှင်ရိုက် မယ်ဆိုရင်တောင် ဇာတ်လမ်းတွဲက ဒီတစ်ရွာနဲ့တင် တစ်ဘဝလုံး ပြီးအောင်ရိုက်နိုင်မှာ မှာမဟုတ်ဖူး။ ပြောင်းဖူးဖက်ကြီးဖွာ နေတဲ့ အဖွားကြီးက စကားစတွေ ခနလေးပြတ် သွားကြတဲ့ အခိုက်ကလေးမှာ လက်ဖက်စားဦးလို့ လက်ဖက်ခွက်ကို တွန်းပို့ကာ ခေါင်းကိုစောင်းရက် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာရင်း ငါတို့တော့ ဒီကောင်မကို မုန်းပြီလို့ စကားကို အဆက်အစပ်မရှိ ပြောလိုက်တယ်၊ ဘယ်သူ့လည်းဗျလို့မေးတော့ တီဗီမှာလာရင် ကြည့်ရတာ ပူလာတော့တာပဲတဲ့၊ ဘယ်သူတုန်း ဘာအတွက်တုန်း မေးတော့ တင်ဇာမော်တဲ့၊ ကျွန်တော်နဲ့ ကွဲ သွားလို့တဲ့၊ ကယ်တော်မူကြပါ အော်ရတဲ့အပိုဒ်ပဲ၊ ဒါမျိုးရှိနေမယ်လည်း မထင် ပါဖူး၊ အဖွားကြီးပြောတော့မှ ကျန်တဲ့သူတွေကလည်း ဟုတ်တယ် ဟုတ်တယ်၊ အဖွားကမရဖူး၊ ထူးပါဖူးဟယ် ငါတို့လည်း ဒီကောင်မ သီချင်း တီဗီကလာရင် တီဗီပိတ်ပစ်ကြတာပဲတဲ့။ ဘယ့်နှယ် ဒီလူတွေက ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့လူတွေ၊သူတို့ဆရာ လေး သားနဲ့ကွဲတဲ့ မိန်းမလို့ မှတ်ထားပုံကလည်း သူတို့ရွာနဲ့ မိုင် ငါးရာကျော်က အဖြစ်အပျက်၊ ကိုယ့်မှာ ညောင်ပင်တိုရွာရောက်မှ သတင်းစာရှင်းရတော့တယ် ပြောရမှာပဲ။ အဲဒီလိုမဟုတ်ပါဖူး၊ တင်ဇာမော်ရော ကျွန်တော်ရော နောက်အိမ်ထောင် တွေနဲ့ ကလေးတွေရပြီ၊ နှစ်ဖက်အိမ်ထောင်ဖက်တွေကလည်း ချစ်ချစ် ခင်ခင်ပဲ၊ မိသားစုတွေလိုပဲ ဆက်ဆံရေးရှိတယ်၊ ကျွန်တော်နဲ့တင်ဇာမော် လည်း မောင်နှစ်မလိုပါပဲ၊ ကျွန်တော်နဲ့တင်ဇာမော်နဲ့ ရတဲ့သားသားကို ခင်ဗျားတို့ ဆရာလေးကို မဆုံးခင်က သူ့နောက်ဆုံးနှစ်တွေပဲလို့ ထင်လို့ သူ့မြေးက အင်္ဂလန်ကနေလာပြီးတွေ့တယ်လေ၊ ပြီးတော့ သားသားကို လှုလည်း ဒီဆားလင်းကြီးကို ပြန်လာပြီးရှင်ပြုပေးမှာပဲ၊ အဲဒီလို လှုတော့ တင်ဇာမော်လည်း လိုက်လာဦးမှာ ဆိုတော့မှ ဟုတ်သလား ငါတို့ရော ဖိတ်မှာလားတဲ့၊ ဖိတ်မှာပေါ့ ညောင်ပင်တိုက ရွာလုံးကျွတ်ပေါ့ ဆိုမှ ပြီးတာပဲ ဒါဆိုနားထောင်ရမှာပေါ့၊ ဒီကောင်မ အသံကကြိုက်ပြီးသား ပါတဲ့။ ဆရာလေးရဲ့ ညောင်ပင်တိုက ဒီလောက်နဲ့ ဘယ်ပြီးမှာလည်း ပြန်ပြီ နှုတ်ဆက်ပြီဆိုမှ ဘယ်သူမှမသိဖူးလို့ ကိုယ့်ဖာသာကိုယ်ကျိတ်ကြိုက် ဖူးတဲ့ မိန်းမတစ်ယောက်ရဲ့နာမည်ကို ရွတ်ပြီး အဲဒီတစ်ယောက်နဲ့ ကရောတဲ့၊ အိမ်ပေါက်ဝရောက်နေတဲ့ကိုယ့်မှာ သွားနေတဲ့ ခြေလှမ်း တွေ တန့်ကနဲပဲ၊ အော် ဆရာလေးနဲ့ ညောင်ပင်တိုရယ်လို့ပဲ ရေရွတ်နိုင်ယုံပဲတတ်နိုင် ခဲ့တော့တာပဲ။ ငယ်ငယ်က မိသားစု အိပ်နေချိန် အမေနဲ့ အဖေကြားက ကလေးတစ် ယောက်ဘဝကတည်းက ကြားနေရတဲ့ နာမည်တွေ၊ ကိုစိန်ညွန့်တဲ့၊ ကိုကျော်သိန်းတဲ့ ကိုအောင်အေးတဲ့၊ ကိုထွန်းပြေတဲ့၊ များစွာသော နာမည်တွေ၊ အညာဆောင်း မနက်ခင်းတွေမှာ အမေအဖေနဲ့ အိပ် ယာထဲ ကွေးနေတုန်း လမ်းပေါ်ကနေ ဆရာလေး ကိုစိန်ညွန့်ဗျို့၊ ဆရာလေး ကိုကျော်သိန်းဗျို့ ဆရာလေး ကိုအောင်အေးဗျို့ လို့ အော်အော် သွားတဲ့ အသံတွေက မနက်လင်းလာရင် အိမ်ပေါက်ဝမှာ ရာသီအလိုက်ပေါ်တဲ့ သီးနှံတွေ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲသီး တောင်းလေးတွေက အခုလိုဆောင်းတွင်း မနက်ခင်းတွေမှာ အိမ်ပေါက်ဝမှာစီလို့ပဲ။ အဲဒါ ခုနက လူတွေက ဆားလင်းကြီးစျေးထဲကို သူတို့ ယာထွက် သီးနှံတွေ လာရောင်းဝယ်ကြရင်း သူတို့ဆရာလေး အိမ်ပေါက်ဝမှာ ဆရာလေးအတွက်လာပို့ကြရင်း ဘယ်သူပို့သွားတာပါ လို့ အိပ်ယာထဲမှာ အိပ်နေမယ့် ဆရာလေးကို လှမ်းအော် သွားကြခြင်းပဲ။ အဲဒါ သူတို့ဆရာလေးလည်း သူတို့ရွာကနေ ပြောင်းသွားပြီး ဆရာကြီး ဖြစ်သွားလည်း ဆောင်းမနက်တွေမှာ အိမ်ရှေ့မှာ သီးနှံတောင်းလေး တွေက ရောက်စမြဲက အခု သူတို့ဆရာလေး ဆုံးသွားတာ လေးနှစ် ရှိသွားပြီ ကိုစိန်ညွန့်တို့ ကိုကျော်သိန်းတို့ ကိုအောင်အေးတို့ ကိုထွန်း ပြေ တို့လည်း ဆုံးပါးသွားကြပြီ၊ ဆရာလေး ဘယ်သူဗျို့လို့ နာမည် တွေသာ အော်မသွားကြတာ သီးနှံတောင်းလေးတွေက အခုဆောင်း မနက်တွေထိ မပျက်မကွက် အိမ်ရှေ့တံခါးဝမှာ ရောက်လာတုန်းပဲ၊ ဆန်းကျယ်လှပါတယ်၊ ဒီရွာတွေကမှန်း သိတယ်၊ ဘယ်သူဘယ်ဝါ သူတို့ကို သိစရာမလိုဖူး၊ ဘာအကျိုးကျေးဇူး မျှော်မှန်းချက်မပါဖူး၊ သူတို့ရည်ရွယ်တဲ့ ဆရာလေးရဲ့ အိမ်ပေါက်ဝကို ဒီသီးနှံလေးတွေ ရောက်ရင်တော်ပြီ၊ အခုဆရာလေး သေဆုံးခဲ့တာ လေးနှစ်ပြည့် သွားခဲ့ပြီ၊ ဆရာလေးမိသားစုက သူတို့ကို သိတောင်မသိဖူး၊ သီးနှံ တောင်းလေးတွေ ဆောင်းမနက်မှာ ရောက်မြဲပဲဆိုတာ ကိုယ့်ပျက် ကွက်မှုတွေ မြင်ရမှာစိုးလို့ ဆက်မတွေးတော့တဲ့အရာပါ၊ ကုသိုလ်ဆိုတာ ရေထဲ ခဲတစ်လုံးကျသလိုပဲ ဂယက်တွေများစွာ ဆက်ပြီးကျန်နေတတ်ပါတယ်လို့ပဲ ပြောစကားလေး ရလိုက်ပါတယ် ဆိုတာလောက် ပြောနိုင်ပါတယ်။ အဖေ့နောက်ဆုံးခရီးက ခင်မောင်စီက ပျော်ပါတယ်၊ သူ့အကြောင်းကျွန်တော်ရေးပေးလို့ သူ့ဆိုင်ကယ်နောက်က အလောင်းကိုတင်ပြီး လိုက်ပို့နေရာကနေ အလှုရှင်တွေက စုပြီး လှု ကြလို့ ကားတစ်စင်းရတာ သူ့ဆရာ ကျွန်တော့်အဖေကို ပထမဆုံး သူ့ကားနဲ့ ပို့ရမှာဖြစ်လို့ပါတဲ့၊ ဒုတိယပို့ရတာ ခင်မောင်စီရဲ့နှစ်မအရင်း ဖြစ်တော့ ခင်မောင်စီ မင့်ကားလည်းတို့အထဲဒီလောက်နဲ့ လုံလောက်ပြီ ရပ်ခိုင်းဦးပြောရပါတယ်။ မိသားစုထဲ သံသရာခရီးကို အရင်သွားနှင့်သူလို့ အဖေ့နောက်ဆုံးခရီး ကို ဆင်ခြင်ထားကြပြီး မိသားစုက အသင့်ဖြစ်ပါတယ်၊ ဒီအထဲ တောင်ပေါ်ကျောင်း ဆရာတော်ကလည်း ရေစက်ချတရားမှာ အဖေ့ အလောင်း ဘေးကနေ တရားပြပုံက ဒါ ဆန်းတဲ့ကိစ္စမဟုတ်ပါဖူးတဲ့၊ ဒါက ကမ္ဘာ့ လက်ရိုး တရားပါတဲ့၊ ကိုယ့်မှ သူ့မှ ဒီကိစ္စရွေးပြီးဖြစ်တယ် မထင်ပါနဲ့ လူတိုင်းဖြစ်ရကြုံရမှာဖြစ်လို့ ဒီ့ထက်ဆန်းတဲ့ကစ္စရှိမှ လာပြောကြပါလို့ ဟောရင်း သူ့ကို သတိရလို့ ငိုရင် ကိုယ်ပဲပိန်မှာပေါ့ဆိုတဲ့ အသုဘတရားကို ဆင်ခြင်ရှုမြင်တတ်ဖို့ ဟောကြားပုံကလည်း ပြည့်စုံ လွန်းခဲ့ပြီး ကိုယ့်ကိစ္စနဲ့တွဲပြီး ထင်လင်းစွာမြင်ခဲ့ရတဲ့ တရားပဲဖြစ်ခဲ့ ပါတယ်။ ဆရာတော်က အဖေ့အလောင်းဘေးက စောင့်နေတဲ့ ဧည့်ပရိတ်သတ် ရှေ့ကြွလာပြီး ထိုင်လိုက်စဉ်ပဲ တရားချီးမြှင့်မယ်မှတ်နေတဲ့ ပရိတ် သတ်မှာ ဆရာတော်က ကိုယ့်ကြည့်ပြီး ပထမဆုံးပြောလိုက်တာက ငါ ရန်ကုန်ရောက်လို့ မင့်ဖုန်းကိုခေါ်တာ မင်းမကိုင်တာကို ငါမကျေနပ် ဖူးဗျ ဆိုတော့၊ ကိုင်းကွာမျိုးဆွေသန်းရာဖြစ်ရသေးတယ်၊။ ကိုယ့်မှာလည်း ကိုင်းပါ ဘုန်းဘုန်းရယ်၊ အလောင်းရော ဧည့်သည်တွေ ရော စောင့်နေကြတာပါ၊ နောက်မှ တပည့်တော်ကိုရန်ဖြစ်ပါ မတော် မျိုးဆွေသန်း ဖုန်းမကိုင်တာကြောင့် သူ့အဖေ နောက်ဆုံးခရီး မဖြောင့် ရှာဖူးပြောကြပါဦးမယ် အခု တရားအရင် ချီးမြှင့်ပါ လုပ်ရတာပဲ။ သုသာန်က အိမ်ကနေကြည့်ရင် မြင်လို့ရသေးတယ်၊ ပြဿနာက ညကတည်းက ညီအငယ်ကပြောထားတယ်၊ အဖေ့အလောင်းကို မြေဇွန်ရပ်ကွက်က သူ့တပည့်တွေက သူတို့ဆရာကို သူတို့ကိုယ်တိုင် ထမ်းပြီး ပို့ချင်ပါတယ်တဲ့၊ အေး ခွင့်ပြုလိုက်ပေါ့၊ လွယ်ပါတယ်၊ ငါတို့ သားအရင်းတွေတောင် မစဉ်းစားသေးဖူး သူ့တပည့်တွေက အရင်စဉ်းစားတာပဲ ခွင့်ပြုလိုက်ဆိုတော့၊ ခင်မောင်စီက ဟာ မရဖူးလေ ကျွန်တော့်ကားက ပထမဆုံးကျွန်တော့်ဆရာနဲ့ စဖွင့်တာ၊ အလှုရှင်တွေ ပြဖို့လည်း မှတ်တမ်းယူရဦးမယ်လေတဲ့၊ ပြီးတော့လည်း ဆရာရေး ပေးလို့လည်း ဒီကားရလို့ သူ့ဆရာ ကျွန်တော့်အဖေနဲ့ ဖွင့်ရတာတဲ့။ မင်းနှယ်ကွာ ဒီနားရောက်မှ ငါရေးလို့ရတဲ့ကားနဲ့ ငါ့အဖေ အသုဘ ပို့ရတာပဲ လုပ်နေသေးတယ် ပြောရတာပဲ။ ဒီတော့ ကျော်ဆွေမြင့်က ကားကို ဂီယာဝမ်းမှာထိုးပြီး ဆရာ့တပည့် တွေကို ကြိုးနဲ့ဆွဲခိုင်းလိုက်ပေါ့ပြောပြီး ပြင်တယ်၊ နှစ်ဖက်လုံး ကျေနပ် ရောပေါ့တဲ့ ဆရာကြီးတပည့်တွေ ကားကို ကြိုးနဲ့ဆွဲသွားတာ အတည် ပေါက်ပဲ၊ ဒါပေမယ့် အ ပါလိမ့်မယ်၊ ခရီးတစ်ဝက်လည်းရောက်ရော ကားရပ်တဲ့၊ အလောင်းကို ကားပေါ်ကချပြီး သူတို့ထမ်းတော့မယ်တဲ့၊ ခရီးတစ်ဝက်ရောက်ပြီတဲ့၊ လာပြောကြတော့ အဖေ့အလောင်းက ကိုယ့်ရိုးကားယားဖြစ်တယ်လို့ မခံစားမိပါဖူး၊ ချပေးလိုက်ပဲပြောပြီး သူတို့ထမ်းသွားတဲ့ အလောင်းနောက် ကိုယ်တောင် မနည်းလိုက်ရ တာမှ မောလို့။ အခု အဖေဆုံးတာလေးနှစ်ပြည့်တော့ အဖေရယ်၊ တောင်ပေါ်ကျောင်း ဆရာတော်ရယ်၊ ဆရာဖြစ်သူ မြန်မာ့ရိုးရာဒီဇိုင်းဦးအေးမြင့်ရယ် မရှိ တော့ဖူးဆိုတာ ကိုယ့်မှာ ရုတ်တစ်ရက် အင်အားချိနဲ့ သွားသလိုခံစား လိုက်ရပြီး ကမ္ဘာလောကကြီးက နေချင်စရာ မကောင်းတော့ဖူးလို့ ခံစားမိတဲ့ အဖြစ်မျိုးကို စပြီးခံစားမိလိုက်တဲ့ အတွေးပေါ်မိတယ်။ ဆရာဦးဝင်းမောင်က မင့်အဖေဆုံးတာ ငိုမှာ မဟုတ်ဖူးတဲ့၊ ဟုတ်လို့၊ အေးဒါပေမယ့် တစ်ချိန်မှာတော့ သည်းသည်းထန်ထန် ငိုကြွေးလိမ့် မယ်တဲ့၊ အမှန်ပဲ အဖေ့နာရေးပြီး တစ်လအကြာမှ ရန်ကုန်ကိုပြန် တော့ ကိုယ်တစ်ယောက်ထဲဖြစ်သွားပြီ၊ အဲဒီမှပဲ မုံရွာက သူငယ်ချင်း သန်းလင်းကို လှမ်းမေးရတယ် သူငယ်ချင်း အမြန်လမ်းက ငါတစ် ယောက်ထဲ ကားမောင်းပြန်လို့ ရလားမေးတော့ ရတယ် သူငယ်ချင်း မောင်းတဲ့၊ မင်းက ဉာဏ်နဲ့မောင်းမှာပဲတဲ့၊ မန္တလေးရောက်တော့ ဦးကဲကို လှမ်းပြီးဖုန်းဆက်မေးတယ်၊ ဦးကဲ ငါတစ်ယောက်ထဲ အခုအမြန်လမ်းပေါ်ကနေ ရန်ကုန်ကို ကားမောင်းပြီးပြန်မှာ ညွှန်ကြားချက် ပေးဆိုတော့၊ ဖြစ်တယ် မောင်းတဲ့၊ ရတယ်တဲ့၊ စမောင်းကာစဖြစ်ပြီး ညမောင်းတာ ဖြစ်လို့ လမ်းကို အလယ်က ခွမောင်းတဲ့၊ ညာဖက်ကပ် မောင်းရမှာဖြစ်ပေမယ့် စမောင်းတာ တစ်ယောက်ထဲဖြစ်လို့ အိပ်ငိုက် ရင်လည်း ရုတ်တစ်ရက်လမ်းဘေးဆင်းသွားရင် အချိန်မီအောင်ရယ် အမြန်လမ်းပေါ်မှာ ကိုယ့်ထက်ကျွမ်းကျင်တဲ့ သူတွေဖြစ်လို့ နောက် ကားက ကျော်ချင်ရင်လည်း ကိုယ့်ကို အသိပေးပြီးမှ ကျော်မှာဖြစ်လို့ အခုတော့ လမ်းကို အလယ်က ခွမောင်းသွားတဲ့၊ လုတဲ့ယက်တဲ့သူ တွေ့လည်း သူတို့ကသာ ကျောင်းဆရာကို လက်ဖက်ဖက်ရည် တိုက်သွားရဦးမှာပဲ မောင်းတဲ့၊ အိုကေ နာနာဘာဝ တွေ့လည်းထင် ထင်ရှားရှားပြ တွဲပြီး ဆယ်ဖီဆွဲပြီး ဖေ့စ်ဘုတ်တင်သေးတာပဆိုတော့ အိုကေမောင်းတဲ့။ မိတ္ထီလာ ဂိတ်ကိုဖြတ်ပြီး ကားကိုခနရပ်ရင်း နေဝင်ချိန်တောက်နေတဲ့ တိမ်တွေကို ခနငေးကြည့်နေမိသေးတယ်၊ ကားပေါ်ပြန်တက်တော့ မှောင်သွားပြီ၊ လမ်းအလယ်က မီးကျောက်ကလေးတွေကိုကြည့်ပြီး ကားကို အမှောင်ထဲကို တိုးဝင်လိုက်တဲ့ အခိုက်မှာပဲ အဖေလို့ သတိရ လိုက်ပြီး မျက်ရည်တွေက အလိုလိုကျလာတော့တာပဲ။ အင်း ဆရာဦးဝင်းမောင်ပြောတာ မှန်ပြီဟဲ့လို့လည်း သိလိုက်တယ်၊ ကားမီးရောင်တစ်ကမ်းမှာ မျက်ရည်တွေကြားက ဝိုးတဝါး မြင်ရတဲ့ လမ်းမအလယ်က မီးကျောက် ကလေးတွေကို ခွမောင်းရင်း ကားက အမှောင်ထဲကို တိုးဝင်သွားတိုင်း အဖေကလမ်းပြနေတယ်လို့ခံစား ရတယ်၊ ဒီတော့ အဖေ့ကိုမြင်အောင်ကြည့်ရတယ်၊ သင်ကြားဖို့ မေ့ လျော့ခဲ့တာတွေကို ဒီလမ်းမဆုံးခင် ဆင်ခြင်ကြည့်ရမယ်လို့ နားလည် တယ်။ ကိုယ့်ပေါ့လျော့မှုတွေကို ဆင်ခြင်မိခဲ့သလို အဖေ့ကိုလည်း ထင်ရှားစွာ မြင်တွေ့လိုက်ရပါတယ်။ လုံလောက်သားပဲ ပြောခဲဆိုခဲတဲ့ အဖေသင်ကြားမှုထဲမှာ မုံရွာကောလိပ် ပထမနှစ်ကို စတက်ဖို့ မနက်သွားရတော့မယ့်ညမှာ အမေကစခွဲရမယ့် သားကို စိတ်ပူစွာနဲ့ များစွာပြောနေတာတွေကို အဖေက မစန်းမြင့် အများကြီးပြောမနေနဲ့တဲ့ ဒါသူ့ဘဝ ခရီးစတာ့တာတဲ့။ ဒီမှာတဲ့ ဒါကောလိပ်တက်လို့ မုံရွာသွားပြီးကျောင်းတက်တာက ဆယ်မိုင်ပဲရှိ တာ ဆားလင်းကြီးနဲ့ မုံရွာ နီးနီးလေးပဲတဲ့၊ မိဘနဲ့ မိသားစုကို ပထမဆုံး စခွဲဖူးတာ မနက်ဖန်က စမှာပဲတဲ့၊ ဒါ မင့်ဘဝခရီးကို စတာလည်းဖြစ်တယ်၊ ငါတို့က သားသမီးကို ရှေ့စင်ထက် နောက်စင်က ပိုမြင့်တယ်ဆိုတာ မျိုးဖြစ်စေချင်တယ်၊ ကောလိပ်တက္ကသိုလ် စာမေးပွဲကကျလည်း ငါတို့တတ်နိုင်သေးရင် နောက်နှစ် ဆက်ထားမှာပဲ၊ ၂နှစ်ဆက်တိုက်ကျလို့ ကျောင်းထွက် ရရင်တော့ ငါတို့လည်း မတတ်နိုင်ဖူး မင်း ကျောင်းထွက်ရမှာပဲ၊ အဲဒါတော့ မင့်ဘဝနဲ့ မင်းဖြစ်သွားပြီ။ ဒီတော့ ဒါတွေ မမှာလိုဖူး ဒီခရီးက မင့်ဘဝခရီးကို မိသားစုနဲ့ခွဲပြီး စတဲ့ခရီးလည်းဖြစ်လို့ အခုကစပြီး ဘဝခရီးအထိ တစ်ခုပဲမှာမယ်။ အဲဒါ ဘယ်တော့မှာ စာရိတ္တမပျက်ခဲ့စေနဲ့တဲ့၊ ကောင်းစွာပြောဆို ကောင်းစွာကြံစည် ကောင်းစွာစိတ်ကူး သမ္မာအာဇီဝ ကောင်းစွာ အသက်မွေးဝမ်းကြောင်းတဲ့၊ အဲဒီမှာ သမ္မာဆိုတာ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော တဲ့။ သွားတော့ ရပြီတဲ့၊ တစ်ဘဝလုံး ဘယ်တော့မှစာရိတ္တမပျက်ခဲ့စေနဲ့တဲ့။ အဖေထင်ထင်ရှားရှားမှာတာဆိုလို့ တစ်ဘဝလုံး ဒီတစ်ခုပဲ ရှိတယ်။ အမြန်လမ်းမပေါ်မှာပဲ အဖေ့ကို ထင်ရှားစွာမြင်ရပြီး နှုတ်ဆက်ကန် တော့ပြီး ကျန်တဲ့ဘဝကို ဆက်ရတယ်ပြောပါတော့။ ကျေးဇူးကြီးလှပါတယ် ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေပေါ့။ သမ္မာတဲ့ သိတ်လှတယ် မြန်မာအဘိဒါန်ထဲမှာ အလှဆုံးစကားလုံးက သမ္မာပဲ ငါထင်တယ်လို့ ဆရာဦးဝင်းမောင်(ရွှေရည်မင်းစံ) ကလည်း ပြောဖူးတယ်၊ အဲဒါအမှန်ပဲ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ် သောတဲ့၊ အဖေက ခရစ္စမတ်အကြိုမှာဆုံးတာရယ်၊ ဒီနိုင်ငံကို ခရစ္စ မတ်ဆိုတာ သယ်ဆောင် သာသနာပြုတဲ့ ယုဒသန်ရယ်ကြောင့် အမှတ်ထင်ထင် သတိရနေမိတာလည်းပါတယ်။ အဖေဆုံးမခဲ့တဲ့ စကားလေးက သမ္မာ တဲ့ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော တဲ့ ဆရာယုဒသန်က တော်လွန်းတော့ မြန်မာတွေရဲ့ အကောင်းဆုံး စကားလုံးလေးကိုယူပြီး သူ့ခရာစ်ယာန် သာသနာပြုရာမှာ Holley Bible ကို ဖြူစင်ဖြောင့်မတ် ကောင်းမြတ် စင်ကြယ်သော ကျမ်း လို့ အဓိပ္ပါယ်ရအောင် သမ္မာကျမ်းလို့ မြန်မာလိုနာမည်ပေး ခဲ့လိုက်တာ မြန်မာတွေတောင် သမ္မာကျမ်း ဆိုတာနဲ့ ကိုယ်နဲ့ မဆိုင် တဲ့အရာ ကိုယ့်စာမဟုတ်တဲ့ဟာလို့ ထင်သွားကြပြီးကိုယ့်ရဲ့ စာလုံး လို့တောင်မထင်မိတော့ပဲ မေ့လျော့သွားတဲ့အထိပဲ။ တစ်ခါတစ်ခါလည်း တွေးမိပါတယ် ဒီစာလုံးကို မေ့သွားကြလို့များ သမ္မာအာဇီဝဆိုတဲ့ ကောင်းစွာ အသက်မွေးဝမ်းကြောင်းခြင်းကို မေ့လျော့ခဲ့ပြီး ကျင့်ဝတ်ဆိုင်ရာ စာရိတ္တတွေကို ကျောခိုင်းခဲ့ကြလေ သလားလို့ပါ။ ဘာပဲပြောပြောအဖေဆုံးတာ လေးနှစ်ရှိလို့ သတိရခြင်းက ခရစ္စမတ် နဲ့လည်း တိုက်ဆိုင်နေတော့ ဆရာယုဒသန်ယူသွားတဲ့ ကိုယ့်စာလုံး လေးကိုလည်း မမေ့စေလိုလို့ အသိပေးရင်း ညောင်ပင်တိုရွာကလေး မှာ မူလတန်းကျောင်းအုပ်ဆရာဘဝနဲ့ စခဲ့တဲ့ ဆရာလေးက သူ့ရဲ့ သားဖြစ်သူ ကျွန်တော့်ကို သင်ကြားခဲ့တဲ့ သမ္မာဆိုတဲ့ စကားလေးကို ကျွန်တော့်ထက် အငယ်တွေကို လက်ဆင့်ကမ်း မျှဝေရင်း ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ် ကြနိုင်ရန်ပါ။ ဒီဇိုင်း မျိုးဆွေသန်း ၂၅၊ ဒီဇင်ဘာ၊ ၂၀၁၇။

ထူထောင်ခဲ့တဲ့ ကံတွေ

ကျွန်မမှာ လောဘ..ဒေါသ ..မောဟ တွေ အပြည့်ရှိတယ် ။ဘာကြောင့်လဲဆိုတော့ ပုထုဇဉ်မို့ဘဲ။ တခါက ကျွန်မကို အမတယောက်က မေးတယ် မွန်မွန့်မှာ လောဘရှိလားတဲ့ လူကြီးကတော်ဆိုတော့ သူမေးတာကိုသတိထားရတယ် ဒါပေမဲ့ ဟင့်အင်းအမ မရှိဘူး ဆိုရင် ကျွန်မ ညာရာရောက်တော့မယ် လောဘရှိတယ်အမ ဒါပေမဲ့ မတော်လောဘတော့ သတိနဲ့ ထိန်းရတယ်လို့ ဖြေရတယ် တကယ်လဲ မတော်လောဘ မရှိအောင် မဖြစ်အောင် နေခဲ့တယ်။ ပုထုဇဉ်မှန်ရင် အရိယာ မဟုတ်သေးရင် လောဘဒေါသမောဟ ဟာ ညာလို့မရဘူး ရှိတယ် ဒီတော့ ကိုယ့်မှာ လောဘ ဒေါသ မောဟ တန်းလန်းကြီးနဲ့ သူတပါးကို လက်ညှိုးထိုးမယ်ဆို ဒါဟာရှက်စရာဘဲ မတရားပါလားလို့ တွေးမိတယ်။ ဟိုးအရင်က သူတပါးအပြစ်တွေ့ရင် ကျွန်မက ရှုံ့ချတယ် ။ သူ့အပြစ်မျိုး ကိုယ်မှ မလုပ်ဘဲကိုး။ ဒါပေမဲ့ ကျွန်မပြုမိတဲ့ အပြစ်မျိုးမှာ တော့ သူက ဖြူစင်နေနိုင်တယ်လို့ မတွေးမိခဲ့ဘူး။ ငါမလုပ်လို့ ငါမှန်တယ် နင်အပြစ်ရှိတယ်နင်မှားတယ်လို့ တဖက်စောင်းနင်း ပြောခဲ့ဖူးတယ်။ ကဲ့ရဲ့ခဲ့ဖူးတယ်။ FB မှာ တခါတရံ တွေ့ရတယ် လက်ဝါးစောင်းကောင်းကောင်းနဲ့ သူများအကြောင်း အပုတ်ချနေတဲ့ post တွေ ကိလေသာတန်းလန်းနဲ့ ပုထုဇဉ်တယောက်က တခြားပုထုဇဉ်တယောက်ရဲ့ ကိလေသာတွေ ..တဏှာရာဂတွေကို လက်ညှိုးထိုးနေတာကို အားပေးတဲ့သူတွေကလည်း ကိုယ့်ကိလေသာတွေဘေးချပြီးလက်ခုပ်တီးနေကြတယ်။ လူအမျိုးမျိုးရှိလို့ အကြိုက်ဆိုတာ အမျိုးမျိုးကွဲသွားနိုင်တယ် မဟုတ်လား ဒီတော့ စိန်ဝတ်ပြီးဘဲကြွားကြွား ရွှေဝတ်ပြီးဘဲကြွားကြွား မျက်လုံးဟာ အပြင်မလှည့်ဘဲ အတွင်းကိုလှည့်ရင် တနည်းမဟုတ်တနည်း ကိုယ်လည်းကိုယ့်အထာနဲ့ကိုယ် ကြွားနေတာတွေ မြင်လိမ့်မယ် မေ့နေတဲ့ ကိုယ့် အနုသယတွေ ပေါ်လာလိမ့်မယ် နှမ်းစေ့လောက်ရှိတဲ့ သူများအပြစ်တွေထက် အုန်းသီးလောက်ကြီးတဲ့ ကိုယ့် အပြစ်ကိုယ် မြင်လာလိမ့်မယ်။ အနုသယတွေရှိနေသေးသရွေ့ သူများကိုကဲ့ရဲ့သလို ကိုယ့်မှာလည်း သူတပါးကဲ့ရဲ့ချင်စရာတွေ အများကြီးရှိတယ်လို့ ဆင်ခြင်နိုင်လာလိမ့်မယ် ဒီတော့ ပစ္စည်းဥစ္စာ ချမ်းသာလို့ ကြွားချင်လည်းကြွားပါစေ သားသမီးထက်မြက်လို့ ကြွားချင်လည်း ကြွားပါစေ ယောက်ကျားကို ချယ်လှယ်ရလို့ ကြွားချင်လည်း ကြွားပါစေ။ သူ့အကြောင်းနဲ့ သူ့အကျိုး ဘဲ မဟုတ်လား လူသတ်ဓါးမြတိုက် မုဒိန်းကျင့်နေတာမှ မဟုတ်ဘဲ။ နားမထောင်ချင်ရင် မမြင်ချင်ရင် အာရုံမပြုနဲ့ပေါ့ သူတို့ကြွားလို့ ကိုယ့်မှာစိတ်ဆင်းရဲတာကို ခံစားနေရတယ်ဆိုရင် ...လူ့ဘဝ ရတာမတန်ဘူး မနုဿဘုံကို အလည်လာတုန်းခဏ အကုသိုလ်ကံတွေ နဲ့ သွားနေရင်ကံမှာလည်း ကံနဲ့ ကံကို ဖျက်ဆီးတာတွေရှိတယ်။ ဒီတော့ ဘယ်သူကတော့ကြွားလိုက်တာ ငါက အဲလိုမကြွားတတ်ဘူးလို့ ရေးလာခဲ့ရင် အဲဒါဥာဏ်ကြီးတာမဟုတ်ဘူး ပါပဇာတိ စေတသိတ် ၁၄ ပါးထဲက ဣဿာ လို့ခေါ်တယ်။သူတပါး ချမ်းသာတာကို မရှု့စိမ့်ခြင်း တမျိုးဘဲ။ ဖားအောက်ဆရာတော်ကြီးတရားမှာပါတယ် အဲဒီလိုလူတွေဟာ ရုပ်ဆင်းအင်္ဂါ ညံ့တယ်။ မကြည်လင်ဘူး ။ ဒါမှမဟုတ် ရင် မပြည့်စုံဘဲ နေရတယ်တဲ့။ ကုသိုလ်ကံလေးက ဦးသွားလို့ လူဖြစ်လာပေမဲ့ ကိုယ်စုခဲ့တဲ့ အကုသိုလ်ကံတွေက နေနှင့်ဦးဆိုပြီး အကွက်ကောင်းစောင့်နေတတ်တယ်။ ရရင် ရသလို အနှောင့်အယှက်ပေးတယ် ကံနဲ့ပတ်သတ်လာရင် သပ္ပတ္တိနဲ့ ဝိပ္ပတ္တိဆိုတာရှိတယ် ဥပဓိဝိပ္ပတ္တိနဲ့ ဥပဓိသပ္ပတ္တိ မှာ ဥပဓိသပ္ပတ္တိက ရုပ်ချောတယ် ဥပဓိဝိပ္ပတ္တိက ရုပ်အဆင်းချို့တဲ့တယ် သီဟိုဠ်ကျွန်းက ဘုရင့်သားတဦး ကြက်တိုက်တာဝါသနာပါတော့ ကြက်တိုက်ရင်း ကြက်အတက်နဲ့ ထိုးမိလို့ မျက်စိကွယ်သွားတယ် အရွယ်ရောက်တဲ့အခါကျတော့ မျက်စိတဖက်ကန်းနေလို့ ဘုရင် မဖြစ်ခဲ့ရဘူး ဘုရင့်သားဘဝနဲ့ ကုသိုလ်ကံက အကျိုးပေးပေမဲ့ ဝိပ္ပတ္တိနဲ့ ကြုံတော့ဘုရင်ဘဝကိုသူ မခံစားရဘူး ဒါသူထူထောင်ခဲ့တဲ့ ကံတွေ ပါဘဲ ဘယ်သူမှ လုပ်တာမဟုတ်ဘူး ။ ပါချူပ်ဆရာတော်ကြီး တရားတွေမှာပါတယ် အဲဒီသီဟိုဠ်ကျွန်းမှာဘဲ အမတ်ကြီးတယောက်ဇနီး ရုပ်ဆိုးလွန်းလို့ ပွဲနေပွဲထိုင်သွားရင် အိမ်က ကျွန်မဘဲ ထင်ကြတယ် ဘယ်သူမှ အရေးတယူမလုပ်ဘူးတဲ့။ ဘုရားလောင်းကုသဟာ တိုင်းခန်းလှည့်လည်ရင် သူ့ညီကို ရှေ့ကတင်ပြီးသွားရတယ်။သူက ရုပ်ဆိုးလွန်းလို့ ဆင်ထိန်းမြင်းထိန်းပုံနေရတယ်။ ဘီမသေန စစ်သူကြီး လေးပစ်မှာ တဖက်ကမ်းခတ်တော်တယ်ဒါပေမဲ့ ရုပ်ဆင်းအင်္ဂါမှာ ကျတော့ လူက ပုပုလေးမှာ ပုကွနေတော့ ဘုရင့်လေးသည်တော် ဆိုရင် လူရီစရာဖြစ်မှာ အမြင်မတင့်တယ်လို့ ရုပ်ချောတဲ့သူကို ရှေ့မှာထား ခစားရတယ်။ အလုပ်လုပ်စရာရှိရင် နောက်ကွယ်က လုပ်ပေးရတယ်။ အဲဒီကံတွေက ကိုယ့်ဖာသာ ထူထောင်လာတာပါ ဒါ့ကြောင့် အလကားနေအလကား သူ့များကိုကဲ့ရဲ့လိုက်ရမှ အတင်းလေးပြောလိုက်ရမှ ပါးစပ်ထဲအရသာရှိတဲ့သူတွေ ဥပဓိဝိပ္ပတ္တိ နဲ့ ကြုံတဲ့ဘဝမှာ ပြန်ဆပ်ရတာစိတ်ရောခန္ဓာရောဆင်းရဲပါတယ်။ ကဲ့ရဲ့တာလေးက စကားလေး ပါးစပ်က ပြောလိုက်တာဘဲ ဘာမှ မကြာဘူး ပြန်ဆပ်ရတာ ခန္ဓာနဲ့ မတန်ဘူးလို့ဘဲ ယူဆတယ်။ By Myat Yee Mon - Ellen Grace (Source)