Thursday, December 29, 2016

မောင့်နှမ မြနန္ဒာ (မောင် ကိုကို နှင့် မြနန္ဒာ ၁)




“ဟော... လိုနေတဲ့အိမ် လာပြီ” ဟု ဒေါ်ယုယုခင်က ပြော၏။ ဦးသန်းတင့်က အကျင့်ပါနေဟန်ဖြင့် သူ့မယား ပြောသည်ကို ခေါင်းညိတ်လိုက်ပြီး လက်ထဲက ဖဲ ၁၃ ချပ်ကို အသစ် ပြန်စီပြန်လေ၏။
          ကိုတင်မောင်က “သူ လာပြီလား၊ သူလား” ဟု အနည်းငယ် တုန်ယင်သော အသံဖြင့် မေး၏။ ပြီးတော့ ဖဲချပ်များကို ပက်လက်စီ၍ စားပွဲပေါ်ချလိုက်ကာ စီးကရက် တစ်လိပ်ကို မီးညှိစပြုလေ၏။
          တစ်နေ့လုံး တစ်ခါမျှ မဒေါင်းသေးသော ကိုလှဦးက ခေါင်းယမ်း လိုက်သော်လည်း ပြုံးရယ်ကာ “မျှော်လို့သာပန်းရငဲ့၊ လမ်းဘယ်မမြင်” ဟု အသံနေ အသံထားဖြင့် ဆိုလိုက်သည်။
          ဒေါက်တာ ခင်အေးရီက “ဂျိုကာကို မျှော်တာလား၊ ခုမှ ရောက်လာသူကလေးကို မျှော်တာလား၊ ရွှေဘိုက ရောက်လာမယ့် ရှင့်ယောက္ခမကြီးရဲ့ သမီးကို မျှော်တာလား... ဟင်” ဟု ပြောပြီး သူ့ဝါသနာအတိုင်း တဟားဟား ရယ်ပစ်လိုက်သည်။
          ဒေါက်တာ့ လင်သည် လင်းထင်ကမူ ပျင်းရိမှေးမှိန်သော မျက်လုံးများ ဝင်းလဲ့လာပြီး သက်ပြင်း မသိမသာချကာ “မောင့်နှမ မြနန္ဒာ၊ မောင့်နှမ မြနန္ဒာ” ဟု အသံမထွက်ဘဲ နှုတ်ခမ်းသာ လှုပ်၍ စိတ်တွင်းမှ တသသ ရွတ်ဆိုနေလေ၏။
XXX
          မြနန္ဒာ၏ ဗောက်ဝက်ဂွန်ကားသည် ဆင်ဝင်အောက်မှ ဖြတ်ပြီး သစ်ရိပ် သိုသိပ်သော ကံ့ကော်တန်း၌ ရပ်နားသံ ကြားရ၏။ ကလစ်ခနဲ တံခါးဖွင့် ဆင်းသံ၊ ဂျပ်ခနဲ ပြန်ပိတ်သံ ကြားရ၏။ ခုံမြင့်ဖိနပ်သံကို ခပ်အုပ်အုပ် ကြားရပြန်ပြီး မြနန္ဒာ၏ အသံသဲ့သဲ့ကို ကြားပြန်သည်။ အိမ်ရှေ့ တံခါးကို သော့ဖွင့်ပေးသော ယုယုခင် တစ်သက်လုံး မွေးလာခဲ့သည့် တင်ကြည်က ပျာပျာသလဲ နှုတ်ဆက်သည်ကို ပြန်ပြီး လိုက်လျောညီထွေ ဖြေတာ ဖြစ်မှာပဲ၊ မြနန္ဒာက ဒါလေးတွေ ရှိတယ်။ တင်ကြည် ဆိုတာကလည်း ဟိုမိန်းမချော ဝတ်စားပုံကလေးတွေ၊ ပင်တိုင်စံလို ကြော့မော့တဲ့ဟန်ကလေးကို ငေးရင်းက ထမင်းဝတဲ့ ကောင်မစားပဲ။ မိန်းမချင်းတောင် ကြိုက်ချင်သလား မသိ။ ငါ တစ်သက်လုံး ကျွေးလာတဲ့ သူကို မြင်ရင်တောင် သူ တစ်ခါမှ သည်လောက် အူမရွှင်ဖူးဘူး။ ဒေါ်ယုယုခင်သည် သူ့မျက်နှာ ချက်ချင်း အိုစာသည်ထက် အိုစာလာသည်ကို သိ၏။ သူ့မျက်နှာ ကြည်လင်လာအောင် စိတ်ကို အသစ်ပြန်ပြင်သော ဖဲ၌ ပြောင်းလိုက်၏။ တကယ်တော့ ဆရာဝန်ကြီးကတော် မြနန္ဒာလာမှ သူတို့ဖဲဝိုင်း အိမ်ပြည့်မည် ဖြစ်၏။ သည်တနင်္ဂနွေမှာမှ လူစုရ ခက်လိုက်တာ။ လာနေကျ တရုတ် ကပြား ညီအစ်ကို မလာတာနှင့်ဘဲ ပွဲပျက်ရတော့မလို ဖြစ်သည်။ သူတို့ ညီအစ်ကိုက သည်နေ့မှ သန်လျင်သွားကြသည်တဲ့။ လူပျိုသိုးနှစ်ယောက် သီတာစီးလို့ သန်လျင်သွားပြီး ရှင်မွေ့နွန်း ရှာသလား မသိ။ ဒေါ်ယုယုခင် သည် တကယ်ပင် မျက်နှာကြည်လင်လာပြီး အိုစာခြင်း အနည်းငယ် လျော့သွား၏။ တော်သေးရဲ့။ မန္တလေးကပါလာတဲ့ ကိုလှဦးရဲ့ သူငယ်ချင်း ကိုတင်မောင် တစ်အိမ် ဝင်ပေလို့။ သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောကျာ်းများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။
          ဒေါ်ယုယုခင်သည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က မြနန္ဒာကို စ၍ မြင်ဖူးခဲ့သည်ကို သတိရမိလေ၏။ အဲသည်တုန်းက ဒေါ်ယုယုခင်သည် ယခုလို ပေါင် ၁၇၀ ရှိသော ကိုယ်လုံးနှင့် မဟုတ်။ ဆိုးဆေးဖြင့် နီကြန် ကြမ်းကောက်လာသော ဆံပင်နှင့် မဟုတ်။ တကယ်ပါ။ ယုယုခင်တို့လည်း ဖြူဖြူတုတ်တုတ်နှင့် ယောကျာ်းတို့အလယ်မှာ ထည်ခဲ့ဖူးပါသေး၏။ ယုခင်တို့ရဲ့ နှင်းဆီဖူးသဏ္ဌာန် သေးငယ်သော နှုတ်ခမ်းကို သူတကာ စွဲမက်ဖူး ပါသေး၏။ သူရဲ့ ကြီးမားဖွံ့ဖြိုးလှသော ရင်သားများကို တင်းကျပ်သော ဘော်လီဖြင့်ပင် ချိုးနှိမ်ခဲ့ရသေး၏။ မြနန္ဒာနှင့် သူ အသက်တူလောက် ရှိမည်ထင်၏။ သို့သော် မြနန္ဒာသည် ဘီအေ နောက်ဆုံးနှစ်၌ စာသင်နေစဉ်မှာ သူက တက္ကသိုလ်သို့ သစ်လွင်ကျောင်းသူအဖြစ် ရောက်ခဲ့ရ၏။ အဲဒီတုန်းက ဆယ်တန်း အကြိမ်ကြိမ် ကျခြင်းသည် ခုခေတ်လောက် ခေတ်မစားလှပေမယ့် ယုခင် သုံးခါကျခဲ့သည်။ ပြီးတော့လည်း ဘယ် စာမေးပွဲကိုမျှ တစ်ခါဖြင့် မအောင်တတ်။ စာဖတ်ရတာ ဝါသနာကို မပါဘူး။ သူ့၌ ကျောင်းသူစိတ် မရှိ။ အရပ်သူစိတ်သာ ရှိခဲ့သည် အမှန်ပင်။
          ကျောင်းမှာကတည်းက မြနန္ဒာ ကျော်ကြားလှသည်။ တိုင်းမင်းကြီးသမီးဆိုတော့  ကျော်ကြားသင့်သည်ထက်  ကျော်ကြားတာ  ဖြစ်မှာပဲ။ ဘယ်လောက်များ လှလို့လဲ။ အို... လှတာတော့ လှတာပဲ။ ရခိုင်မဆိုတော့ အသားညိုညို ကုလားဆင်ပေါ့။ သူ့နှုတ်ခမ်းကလည်း ယုခင်တို့ နှုတ်ခမ်းလို မသေးငယ်လှပါဘူး။ ခြုံကြည့်ရလျှင် ခုမနက်မှ နိုးထပွင့်သစ်လိုက်သည့် နှင်းဆီလို ကျက်သရေ ရှိတယ်ဆိုတာတော့ မငြင်းချင်ပါဘူး။ ဒါပေမဲ့ ယုခင်တို့လို၊ နယ်ကကျောင်းသူများလို မြန်မာဆန်ဆန် ဣန္ဒြေနဲ့ နေတတ်တာတွေ မဟုတ်ပါဘူး။ ယောကျာ်းရဲ့ အဖက်ခံပြီး တွဲကရတဲ့ ပွဲတွေမှာ နာမည်ကြီးတာပဲ မဟုတ်ဘူးလား။
          နာမည်ကြီးသော မြနန္ဒာကို ဟိုတုန်းက မနီးစပ်ခဲ့ရပေမယ့် ယခု ဒေါ်ယုယုခင်သည် သစ်တော အရေးပိုင် ဦးသန်းတင့်ကတော်အနေဖြင့် တစ်ဖဲဝိုင်းတည်း တန်းတူ ထိုင်ခဲ့ပါပြီ။
          ပြန်တွေ့ကြသော် မြနန္ဒာသည် ယုယုခင်ကို ကျောင်းတုန်းက တစ်ခါမျှ မမြင်ဖူးခဲ့ဆိုတာကို သိရသေးသည်။ “အို… ယုက ကျောင်းရောက်တာ အများကြီး နောက်ကျတာပဲ၊ မြနန္ဒာတို့က အဲဒီတုန်းက စီနီယာ မမတွေပေါ့။ ယုတို့က ကျစ်ဆံမြီး နှစ်ဖက်နဲ့ ကလေးစိတ်မပျောက်ဘဲ ကစားလို့ ကောင်းတုန်း” ဟု သူက ငယ်ဟန်ဆောင်လိုက်သေး၏။
          ဖြစ်နိုင်လျှင် “ယုက ကောလိပ်ကို အသက် မပြည့်သေးဘဲ ရောက်တာ” လို့များ ပြောလိုက်ချင်သေး၏။ သို့သော် သူ့ယောကျ်ားကို သူ နည်းနည်းရှက်သည်။ ပြီးတော့ ကိုလှဦးဆိုတဲ့လူ နောက်က ထောက်လိုက်ရင် ခက်မယ်။ ဒေါက်တာခင်အေးရီနဲ့လည်း တစ်ခန်းတည်း တစ်လလောက် နေခဲ့ဖူးတော့ ခင်အေးရီက ဟောဟောဒိုင်းဒိုင်းနဲ့ ပွင့်လင်းစွာ ရယ်မော ပြောဆိုတတ်သည်။
          မြနန္ဒာက ခင်အေးရီလောက် ကိုယ်လုံးကိုယ်ပေါက် မတောင့်ပါဘူးလို့ သူ တစ်ခါက ခုလို ဖဲဝိုင်းမှာ ပြောဖူးသည်။ (နန္ဒာ့ကို ခုလိုပဲ စောင့် နေကြစဉ်ပေါ့။ မြနန္ဒာ ဘယ်လိုလှကြောင်းကို မျက်နှာရူး ကိုလှဦးတို့၊ တရုတ်ကပြား လူပျိုသိုး ညီအစ်ကိုတို့၊ စိတ်ကူးယဉ် စာရေးဆရာ လင်းထင်တို့၊ အိမ်ကလူတောင် ပါလိုက်သေး။ ဟိမဝန္တာ ချီးမွမ်းခန်း ကျနေတာပဲ)။ သည်တော့ ခင်အေးရီဆိုတဲ့ ကာယကံရှင်ကပါ ရောပြီး အားလုံး ဝိုင်းရယ် ကြသည်။ တကယ်ပဲ မြနန္ဒာက ဘယ်လောက်ချောလို့လဲ။
          တစ်သက်လုံး လိုတရနေလို့ မိုးလင်းကမိုးချုပ် ကိုယ့်ကိုယ်ကိုယ် သနေရတာ တစ်ခုပဲ ပူစရာရှိတဲ့ မိန်းကလေး။ သည်လောက်တော့ ဖြစ်ရမှာပေါ့။ မြနန္ဒာက ခပ်ပိန်ပိန်ပဲ။ ပေါင် ၁၃၀ ပဲ ရှိတယ်လို့တော့ ပြောတယ်။ အရပ်က ၅ ပေ၊ ၄ လက်မ ဆိုတော့ မြန်မာအနေနဲ့ ရှည်မျောမျောပေါ့။ ရေမှန်မှန်ကူးလို့ ပြေပြေပြစ်ပြစ်တော့ ရှိပါရဲ့။ တို့အကြိုက်ကတော့ ဖြူမှ၊ တုတ်တုတ်ခဲခဲကလေးမှ လှတယ်ထင်တာပဲ။ မြနန္ဒာရဲ့ ဆံပင်ကလည်း ကောက်လှပါတယ်။ မျက်လုံး၊ မျက်ခုံးကလည်း မှောင်လှပါတယ်။ နှာခေါင်းကလည်း ချွန်လှပါတယ်။ ရခိုင် ခေါ်တောစပ်မဘဲ။
          သို့ပေမဲ့ သူ့လက်ဝတ်လက်စားတွေကတော့ ပျံနေတာပဲ ဆရာ။ နီလာစုံ၊ ပတ္တမြားစုံ၊ ပုလဲစုံ၊ စိန်စုံအပြင် ရွှေဒင်္ဂါးမတ်စေ့ပြားကလေးတွေ ကို ဆွဲကြိုး လက်ကောက်မှာ စည်းပြီးပတ်တာက အဆန်းပဲ။ ငွေကိုလည်း ကနုကမာနဲ့ရောပြီး တစ်ဆင်စာ ပြင်ဝတ်တတ်တော့ အဆန်းပဲ။ ဗိုလ်တော့ အတော်ဆန်တဲ့ မိန်းမ။ တတ်လည်း တတ်နိုင်ပေတာကိုး။ ကလေးကလည်း နှစ်ယောက်တည်း။
          ဒေါ်ယုယုခင်သည် ကိုယ်ကို ဆတ်ခနဲ တုံ့လိုက်ပြီး မျက်နှာထား ကို ပြင်ပြန်၍ ရယ်ရွှန်းကာ “ဟော... မဒမ် မြနန္ဒာဂျော်ပါလား၊ ယုတို့ စောင့်နေတာ ကြာပြီ” ဟု နှုတ်ဆက်လိုက်လေ၏။
          ကြည့်ပါဦး။ အခန်းထဲ ဝင်လာပုံက ရော်ရွက်တွေ ကြွေလာသလိုပဲ။ မင်းသမီးဟန်ကလေးနဲ့ လေမှာ လွင့်လာသလိုပဲ။ အောက်က သည်လောက် မြင့်တဲ့ ခုံမြင့်ဖိနပ်စီးပြီး သည်လောက် ပေါ့ပေါ့ပါးပါး ဝင်လာတာ အံ့ဩဖို့တော့ ကောင်းတယ်။ ခုခေတ်ကြီးမှာတောင် ရှားနဲလ်ရေမွှေးကို လှိုင်အောင် ဆွတ်တုန်းပဲ။ သူ့လင်က နိုင်ငံခြား ခဏခဏ သွားရတာကိုး။ ဒါပေမဲ့ သူ့လင်က မြနန္ဒာကို အရုပ်ကလေးလို ပြင်ပြီး ဧည့်ခန်းမှာ အလှထားတာပဲ။ ဘာမက်စရာတုန်း။
          ဒေါ်ယုယုခင်သည် မျက်နှာထား တင်းမာကာ ရင်ပင် ကော့လာပေ၏။ အိမ်မှာတော့ ကိုတင့်သာ အရုပ်ဖြစ်ရမည်။ ကိုတင့်ကို ငါးကျပ်တန်ကအစ သည်ကပေးမှ ကိုင်ရတာ။ ဘယ်ပွေနိုင်မလဲ။ ယုယုခင်တို့ကို မြနန္ဒာလို ထားလို့ ဘယ်ရမလဲ။ မြနန္ဒာ ယောကျာ်းက နံပါတ် ၂-၃-၄ အပြင် မထင်မပေါ်တွေက မနည်းဘူးတဲ့။ ပြီးတော့ ဟိုတစ်လောက အဆိုတော် ဟိုဟာမတောင် အိမ်ပေါ် ခြောက်လလောက် ခေါ်တင်ထားသေးဆိုပဲ။
          “မြ လုံချည်လေးက လှလိုက်တာ” ဟု သူ ဆက်ပြောလိုက်၏။ သူ့၌ စိတ်ငယ်ခြင်း စိုးစဉ်းမရှိတော့ဘဲ မြနန္ဒာကို သနားခြင်းပင် ဖြစ်ပေါ်လာလေ၏။ ကလေး မမွေးသော မိမိဘဝကို သူ ကျေနပ်အားရစရာမရှိ တာလည်း မေ့ပျောက်သွားလေ၏။ မြနန္ဒကို လှပသည်လို့ ပြောရမှာလည်း သူ ဝန်မလေးသလို ရှိ၏။ စောစောက နာမည်တောင် မခေါ်ချင်ဘဲ ဖဲ တစ်အိမ်လိုလို့သာ ခေါ်လိုက်သည်ကို သူ့ဘာသာ သတိရ၏။
          “လှတဲ့သူ ဝတ်လို့ လှတာပေါ့လေ၊ မြ ဝတ်ရင် ဘာမဆို လှရမှာပေါ့ မဟုတ်ဘူးလား ရီ” ဟု ဒေါက်တာခင်အေးရီဘက်သို့ လှည့်ပြောလိုက်သေး၏။
          ဒေါက်တာခင်အေးရီသည် သူပြောသည်ကို ကြားဟန်မရှိဘဲ မြနန္ဒာ လွင့်ပါးဝင်ရောက်လာသည်ကို ငေးမောလျက်ရှိသည်ကို တွေ့ရလေ၏။ ပန်းချီဆရာ ကိုတင်မောင်က ပက်လက်လှန်ချထားသော ဖဲချပ်များပေါ် လက်ထောက်ကာ စီးကရက်ကို အားရပါးရ ရှိုက်ရင်း မီးခိုးများကြားမှ မြနန္ဒာကို တအံ့တဩ ကြည့်သည်။ “လှရက်ပါပေ့ဗျာ” လို့ သူ ဆိုချင်သလား။ သည့်အပြင် တစ်ခုခု သူဆိုချင်သေးသည်။ ဘာလဲ၊ သူ ဘာဆို ချင်သေးသလဲ။ မြနန္ဒာဟာ ဆရာဝန်ကြီးကတော် မဒမ်ဂျော်ပဲ၊ ဒါမှမဟုတ် ၁၆ နှစ်သား ကောလိပ်ရောက်စ ကျောင်းသားရဲ့ အရွယ်တင်သော အမေပဲ။ သည့်ပြင် ဘာဆိုစရာများ ကျန်သေးသလဲ။ ကိုလှဦးကတော့ မိန်းမမြင်လျှင် တူနွှဲ အိပ်ရာဝင်ချင်တတ်သော သူ့စိတ်ရှိမြဲအတိုင်း တပ်မက်ဟန်နှင့်သာ ကြည့်တတ်သည်။ မြနန္ဒာမှာ ကိုလှဦးလိုလူမျိုး တပ်မက်စရာ ဘာရှိသလဲ။ ဘာမှ မရှိလှပါဘူး ထင်သည်။ မြနန္ဒာ၏ ရင်သားများသည် ယခု ပေါင် ၁၇၀ ကျော်လာသော ယုယုခင်၏ နို့မတိုက်ဖူးသော ရင်သားများအရွယ် တစ်ဝက်သာ ရှိမည်။ လင်းထင်ကတော့ အများသိကြသည့်အတိုင်း မြနန္ဒာကို တစ်သက်လုံး စွဲလမ်းလာသူပီပီ မြနန္ဒာကိုမြင်လျှင် လွမ်းအိပ်မက်မက်သည်ပေါ့။ ကြည့်ပါလား။ စောစောက ပျင်းရိပျင်းတွဲဟန်သည် ပျောက်ခဲ့ပြီ။ သူ့မျက်လုံးများ ဝင်းပလှပသည်။ မြနန္ဒာကို သူ တကယ် စွဲတုန်းပဲ။ ဟိုကလည်း စွဲစရာ လုပ်တတ်တုန်းပဲ။ ပြုံးလဲ့လဲ့ကလေးနဲ့ပေါ့။ အေးတိ အေးစက်နဲ့ ခုထိ ကိုယ့်ကို တစ်ခွန်းမှ ပြန်မပြောသေးဘူး။ ကိုတင့်ကော... ကိုတင့်ကော၊ သူ့ယောကျာ်းသည် ကုလားထိုင်မှ တစ်ချက်ထကာ မြနန္ဒာကို ရွှန်းရွှန်းစားစား တစ်ချက်ကြည့်ပြီး ဆက်မကြည့်ရဲသည့်ပမာ မျက်လွှာ ချကာ ဖဲ ၁၃ ချပ်ကို အသစ်ထပ်၍ စီပြန်လေသည်။
          “ကဲ... ကိုတင့် ရှင်ထတော့။ မြနန္ဒာ မရောက်သေးလို့ သူ့ တစ်အိမ်ဝင်ခိုင်းထားတာ၊ ဖယ်ပေးလိုက်တော့လေ။ လာ သည်နားလာ။ ကိုယ့် မယားဖဲ ဂျိုကာ နှစ်ကောင်မှ ပါရဲ့လားကြည့်” ဟု ဒေါ်ယုယုခင်သည် ရွှန်းပြက်ပြက်ကလေး ပြောပြန်လေ၏။
          သို့သော် ဘယ်သူမျှ ဖဲဝိုင်းကိစ္စ ရုတ်တရက် မလှုပ်ရှားကြသေးဘဲ ရှိလေ၏။
          ဒေါက်တာခင်အေးရီသာ ခဏနေမှ ဒေါ်ယုယုခင်ဘက် လှည့်လာပြီး “ဘာဆေးစားလို့များ သည်လောက် နုနုနယ်နယ်ကလေး ဖြစ်နေရတယ် ဆိုတာ မသိတော့ပါဘူး။ သူ ဘယ်တော့မှ မအိုတော့ဘူးလား” ဟု မတိုးမကျယ် ပြောလေ၏။
          “အဖြူနဲ့ ခရုခွံ ပန်းရောင်နုကလေး တွဲဝတ်ထားပုံကိုလည်း ကြည့်ပါဦး။ ပုလဲ ဆွဲကြိုးကလေးနဲ့ ဟပ်လို့၊ ရီလည်း အဲဒီလို ဝတ်ကြည့်ဦးမယ်။ ဘယ်လို ထွက်လာမလဲ မသိဘူး။ ဟား... ဟား... ဟား” ဟု ခပ်ကျယ်ကျယ် ရယ်မောပြန်လေ၏။
          ဒေါ်ယုယုခင်သည် သူ့ဖဲကို စားပွဲပေါ် ဖုတ်ခနဲ ပစ်ချလိုက်လေ၏။
          “ကဲ... မြနန္ဒာ ဝင်လာတာနဲ့ ထမင်းမေ့ ဟင်းမေ့ မေ့ကုန်ကြပြီ။ ဟို... ပန်းချီဆရာကလည်း ဖဲတစ်ထွေလုံး ပက်လက်လှန်ပြီး ချထားတော့ ဘယ်လိုလုပ် သည်ဝိုင်း ကစားလို့ ရတော့မလဲ။ ကောင်းတယ် ကိုတင့် ထွက်...ထွက်။ နှစ်အိမ်ကစားရတာ အားကြီးနာတယ်။ ရှင် သည်လာခဲ့။ ဟောဟိုက ထိုင်ခုံ သည်ဆွဲလာခဲ့။ ပြီးတော့ ကျုပ်ကို ဘေးတိုက်ကြည့်ပြီး ဗိုက်ခေါက်ထူသလေး၊ မေးနှစ်ထပ်ပြူသလေးနဲ့ မကဲ့ရဲ့နဲ့ဦးနော်” ဟု ပြောပြီး၊ “ကဲ... ကိုကိုငမ်းတို့ရဲ့ မြနန္ဒာကို ထိုင်ခွင့်ပေးကြဦးမှပေါ့ရှင့်၊ ဟောဒီ ဒေါက်တာကရော ကိုယ့်ယောကျ်ား ကိုယ်နိုင်အောင် မထိန်းတော့ဘူးလား” ဟု ကျယ်ကျယ်ကြီး ပြောချလိုက်လေ၏။
          ကြည့်လေ။ ဝုန်းခနဲ ငနဲသားလေးယောက် ထလိုက်ကြတာ သခင်မ ဘုရင်မ ဝင်လာတာကျနေတာပဲ။ ကိုယ့်လူတောင် ရောယောင်လို့ ပါသေးတယ်။ ယောကျာ်းများ အပေါ်ယံ တယ်မက်တာပဲ။ (မြနန္ဒာဟာ ငါ့လို ယောကျာ်းကို ထမင်းကောင်း ဟင်းကောင်း ချက်ကျွေးမယ် ထင်သလား။ သူ့ ပန်းရောင်လက်သည်းချွန်ကလေးတွေ အရောင်မှိန်မှာ ကြောက်လွန်းလို့။ ပြီးတော့ သားကို ကောလိပ်ကျောင်းမှာ ဘော်ဒါထား၊ သမီးငယ်ကလေး နာနီလက် အပ်ပြီး အပျိုလုပ်နေတာပဲ။ ကားတစ်စင်းနဲ့ လည်နေတာပဲ။ အပျိုလုပ်နေတဲ့ ယမင်းရုပ်ကလေးကို အဖိုးတန်နေလိုက်ကြတာ။ ပန်းချီဆရာက ကုလားထိုင် အတင်းထိုးပေးတယ်။ စာရေးဆရာက စီးကရက် တည်တယ်။ မြနန္ဒာ စီးကရက်ကို မီးခိုးထောင်းထောင်းထပါရော။ မြနန္ဒာ ခေါင်းတစ်ချက်ညိတ်ခေါ်ရင် အကုန်ထလိုက်မယ့် လူချည်းပဲနော်။ တစ်ချက်မှ နောက်လှည့်ကြည့်မယ့်သူ မပါဘူး။ ငတင့်ရောပေါ့။ သူက သာဆိုးသေး။ သည်မိန်းမ အုပ်နိုင်ချုပ်နိုင်လွန်းလို့ မတော်လှန်ရဲလို့ နေရတာ။)
          ဒါပေမဲ့ အလှပြင်ပြီး ကားတစ်စီးနဲ့ လည်နေတတ်တဲ့ မြနန္ဒာဟာ လှတာကလွဲလို့ ဘာများ အဖိုးတန်လွန်းလို့ပါလိမ့်။ သူ့ကို ပါတီတကာမှာ မြင်ရပါရဲ့။ သူ့ယောကျာ်းနဲ့ တစ်ကွဲတစ်ပြားစီပဲ။ လာတုန်း အတူလာပြီး ပြန်တော့မှ အတူပြန်ကြတာပဲ။ မြနန္ဒာနားမှာ နိုင်ငံခြားသားတွေကလည်း အုံလို့။ ဟိုတလောက သူ့မောင်ဝမ်းကွဲဆိုတဲ့ ရခိုင်အင်္ဂလိပ် ကပြားလေးနဲ့ တတွဲတွဲပဲ။ တို့တော့ ကြည့်ရတာ မသင်္ကာလှဘူး။ ကောင်လေးကို နိုင်လိုက်တာဆိုတာလည်း ခိုင်းသည့်ကျွန် ထွန်သည့်နွားပဲ။ ခု သည်ကောင်လေး ဘယ်ရောက်နေပြီလဲ။
          ဒေါ်ယုယုခင်သည် သူ့မျက်နှာ အိုစာဦးမှာ ကြောက်ပြန်သည်နှင့် ထိုအတွေးမျှင်ကို  မနည်း  ဖြတ်ရလေ၏။  သူ့ရှေ့မှာ  မိုးကျနတ်မယ်လို ထင်ပေါ်ကျော်စောနေသော မြနန္ဒာအား မနှစ်လိုစိတ်ကိုတော့ ချိုးနှိမ်လို့မရ။ ယောကျ်ားတွေကိုလည်း စိတ်ဆိုးသည်နှင့် ဘေးက လင်သည် ဦးသန်းတင့်၏ ကျောကုန်းကို အုန်းခနဲ ထုကာ “ကဲ... အားလုံး အသင့်ဖြစ်ကြပါပြီလားရှင်။ ကျွန်မတို့ ဖဲဝိုင်း စဖို့ အချိန်တော်လောက်ပါပြီနော်” ဟု ပြောလိုက်လေ၏။
          တဟားဟား ရယ်တတ်သော၊ ဘယ်လို မိန်းမစားမှန်းလည်း မသိသော၊ သားဖွားဆေးရုံမှာ အချိန်ကုန်ပြီး လင်သည် စာရေးဆရာကို လွှတ်ထားတတ်သော၊ မြနန္ဒာကို စွဲလမ်းစိတ် မပြေသူကို ယူသော ဒေါက်တာ ခင်အေးရီက မိမိကို လှည့်ကြည့်ကာ ပခုံးကို အသာကိုင်ပြီး “သူ့ကုသိုလ်နဲ့သူ ဖြစ်တာပဲ ယုရယ်” ဟု ပြောကာ တဟားဟား ရယ်လိုက်ပြန်ရာ၊ ဒေါ်ယုယုခင်ပင် တဟင်းဟင်းနှင့် အတင်းဖျင်းညှစ်လို့ ရယ်ရချေသေးသည်။
XXX
          မြနန္ဒာသည် တကယ် ကုသိုလ်ကောင်းသော မိန်းကလေးပါပဲဟု ဒေါက်တာခင်အေးရီ  တွေးမိလေ၏။  မိန်းမဟူသည်  ချောမောလှပမှ သို့မဟုတ် ပညာဉာဏ် ကြီးမားမှ သို့မဟုတ် ဖွဲမျှသာတည်း။ အကြမ်းဖျင်း ပြောရလျှင် မြနန္ဒာသည် မိန်းမလှဖြစ်၍၊ မိမိ ဒေါက်တာခင်အေးရီက မိန်းမပညာရှိဖြစ်ကာ၊ ယုယုခင်သည် ဖွဲမျှသည်တည်း။ ဒေါက်တာခင်အေးရီ သည် ထိုစိတ်ကူးကို ပြက်လုံးကောင်းလို အောက်မေ့ကာ တဟားဟား ရယ်မိပြန်သည်။ ဘာကိုမဆို သူ ရယ်စရာရှာ၍ မြင်တတ်သည်မှာလည်း ကုသိုလ်တစ်မျိုးပင်။
          ( မြနန္ဒာကို မနှစ်လိုစရာ သူ့၌မရှိ။ မြနန္ဒာ၏အလှသည် ရှားပါး၍ အပြစ်ရှာရ မလွယ်သော ပြည့်စုံကျနခြင်း ရှိလေသည်။ ကြည်နူးစေသော၊ စိတ်ချမ်းသာစေသော၊ နှစ်လိုဖွယ်သော အလှပင်။ မြနန္ဒာ၏ အတွင်းသဏ္ဍာန် တစ်ခုခုကလည်း ရုပ်ရည်အလှနောက်၌ လျှို့ဝှက်ခိုအောင်းကာ စွဲမက်ဖွယ် ကောင်းစေသည်။ ထိုလျှို့ဝှက်ခြင်းသည် ဝမ်းနည်းခြင်းလား။ တရားရှိခြင်းလား၊ ဖြူးဖြောင့်ခြင်းလား၊ တစ်ခုခုပဲ။ ခင်အေးရီ မသိ။ သိနိုင်အောင် ခင်မင်ရင်းနှီး ပေါင်းသင်းခွင့် မရခဲ့။ ထိုလျှို့ဝှက်ခြင်းကြောင့်ပင် အရေပြား တစ်ထောက်သာ လှသော အလှမျှ မဟုတ်ဘဲ အသက်အရွယ်ရလာလေလေ ရင့်ကျက်ပြီး ကျက်သရေ ရှိလေလေ။ အရောင်အဝါ တောက်ပလေလေ ဖြစ်တာ အမှန်ပင်။ မြနန္ဒာသည် ဆံပင်များ ဖွေးဖွေးဖြူတောင် တစ်မျိုးတော့ လှနေဦးမည် ထင်သည်။ ခုလည်း အသက်လေးဆယ် ပြည့်လုပြည့်ခင် ရှိမည်။ သူ့ကို ကြည့်ရသူအား အသက်အရွယ်ကို သတိမရစေသော ဂရု မထားစေသော အဆင်းနှင့် ပြည့်စုံသည်။ )
          ကုသိုလ်ကောင်းသည်လို့ ဆိုချင်တာ တစ်ခုကလည်း မြနန္ဒာသည် မျိုးနှင့်ရိုးနှင့် ချမ်းသာ ကြွယ်ဝလှခြင်းပင်။ ပိုက်ဆံ၏ ဖန်တီးချက်ဖြင့် ဘီအေ အောင်ခဲ့သူ။ အင်္ဂလန်၊ အမေရိကန်၊ ဥရောပနှင့် ဂျပန်ကို လှည့်လည်ခဲ့သူ။ အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန် သုံးဘာသာကို ကျွမ်းကျင်သူ။ ညစာစားပွဲများကို အထက်တန်းကျကျ တည်ခင်းတတ်သူ မြနန္ဒာ ဖြစ်ရပြန်၏။ သူ့ ယောကျာ်း ဆရာဝန်ကြီး ဖြစ်ခြင်းကလည်း မြနန္ဒာ၏ သရဖူမှ တဖျပ်ဖျပ် လက်သော နီလာကျောက်မျက် ဖြစ်ပါပေသည်။ မြနန္ဒာကို ဘဝက အခွင့်ကောင်း များစွာပေးလိုက်သည်။
          သို့ပေမဲ့ ခင်အေးရီသည် မနှစ်လိုမဖြစ်။ မြနန္ဒာနှင့် နေရာချင်း လဲလိုစိတ် မရှိ။ ခင်အေးရီသည်လည်း အားထားစရာ ပညာပါရမီ ပါခဲ့သည်။ ၂၃ နှစ်မှာ ဘယ်သူ ဆရာဝန် အောင်ခဲ့ပါသလဲ။ ၂၇ နှစ်မှာ သားဖွားမီးယပ်သမားတော်ကြီး ဖြစ်ခဲ့ပါသလဲ။ ဆေးရုံအလုပ်တစ်ဖက်ဖြင့်ပင် ဂျာမနီ၊ ပြင်သစ်စာကို သင်ဖြစ်ကာ မြနန္ဒာလိုပင် ကျွမ်းကျင်ရုံမက ဆေးကျမ်းစာများပင် ဖတ်လျက်ရှိသေး၏။ မြနန္ဒာက သေးသွယ်ရှည်လျား၍ ချွန်ထက်သော လက်သည်း ပန်းရောင်ကလေးများက တပြောင်ပြောင် တလက်လက်နှင့် ပီယာနိုတီးသောအခါ ဒေါက်တာခင်အေးရီသည် လက်သည်း ငုံးတိတိ။ လက်စွပ်ပင်၊ နာရီပင် မရှိ။ ဝက်မှင်ဘီးနှင့် ဆပ်ပြာနှင့် ရေနွေး နှင့် အထပ်ထပ် ငါးမိနစ်တိတိ တိုက်ဆေးသဖြင့် နီရဲနေသော လက်များ၊ လက်အိတ်စွပ်ထားသော လက်များဖြင့် ဆေးရုံမှာ ပေါင်းပြုတ်ထားသဖြင့် ပိုးမွှားကင်းသော ကိရိယာများကို ကိုင်ကာ မမွေးနိုင်သော ကိုယ်ဝန်ဆောင် ဗိုက်ကိုခွဲ၍ ကလေးအရှင်ကို ထုတ်ခဲ့သည်။ ကင်ဆာဖြစ်စ သားအိမ်ကို ထုတ်ခဲ့သည်။ သူ့တစ်ကိုယ်လုံး ဖုံးအုပ်ထားသဖြင့် မျက်လုံးနှစ်စုံသာ ပေါ်သော်လည်း ထိုမျက်လုံးတို့သည် စိတ်အားထက်သန်ခြင်းဖြင့် ဝင်းဝင်း တောက်လျက်ရှိသည်။ ခင်အေးရီသည် ပီယာနို မတီးချင်လို့ မတီးခြင်းသာ ဖြစ်သည်ဟု ထင်သည်။ သူ့လက်များသည် ပ ဉ္စလက်တန်ခိုး ရှိသလို အမျိုးမျိုး တတ်နိုင်တာ အမှန်ပင်။
          မြနန္ဒာကို မနှစ်လိုစရာ မရှိ။
          တကယ်တော့ မြနန္ဒာကို တကယ်ပင် နှစ်လိုမိသေးသည်။ မြနန္ဒာ မိန်းမလှ၏ အေးဆေးတည်ငြိမ်သော၊ မိန်းမ “ဖွဲ”တို့ မနာလိုခြင်း ရိုက်ခတ်လို့ မရသော အထက်တန်းကျဟန်ကို ခင်အေးရီ သဘောကျလေသည်။ ပြောခဲ့သည့်အတိုင်းပင် မြနန္ဒာ၏ ပြင်ပရုပ် ချောမောလှပခြင်းကို ခင်အေးရီ စူးစမ်းလို့ မရသေးသော (အားလပ်သည့် တစ်နေ့မှာတော့ ရအောင် စူးစမ်းဦးမည်။) ထူးခြားသော အတွင်းသဏ္ဍာန်က ထည်ဝါစေသည်။ မာနကြီးတယ်လို့တော့ မဆိုလိုက်ပါနှင့်။ ခင်အေးရီသည် ခင်အေးရီသာ မဖြစ်လျှင် မြနန္ဒာသာ ဖြစ်ချင်ပါသည်။
          တစ်ခုတော့ ရှိသည်။ ခင်အေးရီသည် အနည်းငယ် တုတ်ခိုင်လွန်းသည်။ ဆေးရုံ၌ ပင်ပန်းအိပ်ပျက်လှသဖြင့် အစားပြန်အိပ်ခြင်း၊ ပို၍ စားသောက်ခြင်းတို့ကြောင့်ပဲလား။ ငယ်ငယ်ကတည်းက ရေကူး လမ်းလျှောက် မှန်ခဲ့လို့လား မသိ။ ဒါမှမဟုတ် ပျော်ပျော်နေတတ်သော ဘိုးအေနှင့်ပင် တူလေသလားမသိ။ တဟားဟားဖြင့် ရယ်မောလွယ်သော ဒေါက်တာ ခင်အေးရီသည် အင်မတန်မှ ကျစ်လျစ်တောင့်တင်းလှသည်။ ခုမနက်တိုင်း အင်းလျားတစ်ပတ် ပတ်ဆဲပင်။ သူ့ယောကျာ်း လင်းထင်နှင့် တွဲသွားလျှင် သူက အစ်မကြီးနှင့် တူနေတတ်သည်။ မကြာခဏလည်း အမေးခံရသည်။ မိတ်ဆွေများက နောက်ပြောင်တတ်သည်။ သူသည် လင်းထက်ထက်လည်း ငါးလခန့် အသက်ကြီးတာ အမှန်ပင်။
          လင်းထင်နှင့် ဘယ်သူမှ သဘောမတူဘဲ ဇွတ်အဓမ္မ လက်ထပ်ခဲ့သည်။ လင်းက ဘီအေသာ အောင်သော စာရေးဆရာ။ မိဘအမွေကို ရသဖြင့် အေးအေးထိုင်စားနေသော အလုပ်မရှိ။ ဒါထက် အလုပ်မလုပ်သော ယောကျ်ား။
          လင်းနဲ့ လက်ထပ်ကြတဲ့နေ့ကများ သိပ်ရယ်ဖို့ကောင်းတာပဲ။ ဟား... ဟား။ ကိုယ်က ဆေးရုံက ညတာဝန်ကအပြန် အိပ်ပျက်နေသဖြင့် မျက်တွင်း ဟောက်ပက်နှင့် ရေ ကမန်းကတန်းချိုး၊ အဝတ်အစား ခပ်ပြောင်ပြောင် လက်လက်ဝတ်ပြီး ကိုယ့်အော်စတင်ကလေး မောင်းပြီး လင်းကို ရှာရတယ်။ လင်းက သူ ငှားနေမြဲ အခန်းကျဉ်းကလေးထဲမှာ စီးကရက်ပြာတွေ ပွလို့။ လင်းကို ရေချိုးခိုင်းတာ မချိုးဘူး။ အကျႌလဲခိုင်းတော့လည်း ပေကပ်ကပ်။ ဘန်ကောက်ပုဆိုးတော့ ရှောရှောရှူရှူ ကောက်ဝတ်ပြီး နှစ်ယောက်သား ရုံးကိုပြေးကြတယ်။ သူ့သူငယ်ချင်း ကိုတင်မောင်ကြည်ရယ်၊ ကိုညွန့်ရွှေရယ်က ရုံးမှာ စောင့်ကြလို့။ ကိုယ့်အပေါင်းအသင်း ဒေါက်တာ မျိုးခင်ရယ်။ ဒေါက်တာ ကြည်နွဲ့ဦးရယ်ကလည်း ရုံးမှာစောင့်ကြလို့။ ကိုယ်က နည်းနည်း ရှက်လို့ အသက် ငါးလလျှော့ပြောလိုက်မှ လက်ထပ်စာချုပ်ထဲမှာ လင်းနဲ့ သက်တူရွယ်တူ ဖြစ်သွားတယ်။ အဲဒီည လင်းရဲ့ စားပွဲကို ကိုယ်ရှင်းတော့ ”မောင့်နှမ မြနန္ဒာ” ဆိုပြီး သူ ကဗျာတွေ စပ်ထားတာ အမယ်လေး တစ်ထပ်ကြီးပဲ။ ပထမတော့ (ရှက်ပါရဲ့) မနာလိုမခံချိနဲ့ မျက်ရည်တွေ ဘာတွေကျ။ သူ့ကို ထုနှက်ပြီး ကဗျာတွေ ဆုတ်ပစ်တာပေါ့။ အထပ်လိုက်ကြီး ဆွဲဆုတ်တော့ မစုတ်ဘူး ဆရာရေ။ ဒါနဲ့ စာလုံးလေးတစ်လုံး လှတာတွေ့လို့ ကောက်ဖတ်တော့ တော်တော်ကောင်းတဲ့ ကဗျာတွေ။ နှမြောစရာကြီးဆိုပြီး ကိုကပဲ သိမ်းရသေးတယ်။ ပြီးတော့ ကိုယ်ဘာသာကိုယ် ရယ်ချင်ပြီး ကြုံဖူးရဲ့လားကွယ်တို့ဆိုပြီး တဟားဟား ရယ်ရတာပဲ။ ဘယ်တတ်နိုင်မလဲ။
          နောက်ငါးနှစ်လောက်ကြာမှ ကြည်နွဲ့ဦးနှင့် ကိုမျိုးခင်တို့ စထရင်းမှာ ကြီးကြီးကျယ်ကျယ် လက်ထပ်ကြလေသည်။
          အဲဒီမှာမှ မြနန္ဒာကို ပထမဆုံး မြင်ဖူးသည်။
          မြနန္ဒာ နာမည်ကြီးလှပေမယ့် ခင်အေးရီသည် ကောလိပ်၌ ထင်ပေါ် ကျော်ကြားတာတွေကို ဂရုမစိုက်သဖြင့် တစ်ကြောင်း၊ သူကိုယ်နှိုက်က ရွှေတံဆိပ်ဆုရပြီး ပညာဘက်မှာ ကျော်ကြားသလို စာမပြတ် ကျက်မှတ်ရသည်မို့ တစ်ကြောင်း၊ သူလို စာသာကျက်တတ်သော ကျောင်းသူနှင့် မြနန္ဒာတို့ မင်းမူစိုးမိုးသော ပါတီပွဲသဘင်များ မအပ်စပ်သည်က တစ်ကြောင်းကြောင့် မြနန္ဒာကို ကျောင်းမှာ မမြင်ဖူးခဲ့ချေ။ ပြီးတော့ ယူနီဗာစီတီမှာ ၂ နှစ်သာ နေရပြီး လမ်းတော် ဆေးကျောင်းသို့ ပြောင်းခဲ့ကာ ဂျူဗလီဟောနားက ဆင်ပဆင်ဟိုတယ်မှာ နေလာရသည်သာ။ မြနန္ဒာကို မတွေ့နိုင် ပြန်ချေ။ ပြီးတော့ မြနန္ဒာက နေ့ကျောင်းသူ ဖြစ်သည်။
          ကြည်နွဲ့ဦးတို့ မင်္ဂလာဆောင်ကို မီအောင် ဆေးရုံမှ ပြေးရပြန်တော့ ခင်အေးရီ လက်များသည် သားဖွားဆေးရုံနံ့ တော်တော်နံနေသေးသည်။ စင်အောင် မဆေးခဲ့ရ။ မေ့ပြီး ရေမွှေး မဆွတ်ခဲ့မိပြန်သဖြင့် သူ့ပတ်ဝန်းကျင်က မမချောတို့ သူ့ကို လှည့်ကြည့်ကာ နှာခေါင်းရှုံ့ကြတာ မှတ်မိသေးသည်။
          (ယခုလည်း အိမ်သို့ ပြန်လာလျှင် သားအငယ်ဆုံးကလေးသည် “မေမေ့အနံ့ ရတယ်ဟေ့၊ မေမေ ပြန်လာပြီ မဟုတ်လား” ဟု အော်ကာ မေမေ ဖေဖေ အခန်းထဲသို့ ပြေးဝင်လာမြဲပင်။ သားငယ်ကလေးသည် အင်မတန် နှာခေါင်းပါးသည်။ စံပယ်ပန်းကို ကြိုက်တတ်သည်။ သူ့အဖေလို ကဗျာဆရာဖြစ်မည် ထင်သည်။ သီချင်း ကြိုက်လိုက်တာလည်း သူမတူ။ စကားမပြောတတ်ခင်က သီချင်းသွားကို မေမေ ထည့်၍ အစအဆုံး မှန်အောင် ဆိုလေသည်။)
          ကြည်နွဲ့ဦးတို့ မင်္ဂလာဆောင်ကို မြနန္ဒာသည် ယခု ဖဲဝိုင်းသို့ လာသလိုပင် အဖြူနှင့် ခရုခွံပန်းနုရောင်ကလေးဝတ်ကာ ပုလဲနှင့်ငွေ တွဲဝတ်လာသည်။ အဲဒီခေတ်တုန်းက ထဘီအဖြူချိတ်ဆိုတာ မင်္ဂလာသတိုးသမီးတောင် ဝတ်ရမှန်း မသိသေးတဲ့ ခေတ်ပေါ့။ မြနန္ဒာက ပိုးပျော့အဖြူမှာ ငွေပွင့်များခြယ်သည့် ထဘီနှင့် လဲ့လဲ့လေးသာ အရောင်တင်သည်။ ပန်းနု အကျႌလက်ရှည်နှင့် ပဝါမခြုံပေ။ သူ့အမူအယာအတိုင်း လေမှာ လွင့်ပါး ကြွေလျောလာသည့် နှင်းဆီပွင့်ဖတ်ကလေးလို ဝင်လာလိုက်တာ လူတကာ ငေးလို့နေရသည်။ အဲသည်တုန်းက သူ့ယောကျာ်း ဆရာ ပါမလာချေ။
          ဆရာလား၊ ဆရာကတော့ အများသိကြသည့်အတိုင်း သည်လောက် အဖိုးတန်အလှကလေးကို ရအောင်ယူ၊ ဧည့်ခန်းမှာ ထားပြီး ခပ်ထထ ကျောင်းသူကလေးတွေ၊ နာ့စ်မလေးတွေ ကားပေါ်တင်ကာ တစီစီ နေမြဲ။
          ကျောင်းတုန်းက ဆရာ့ဝါသနာကို ကြောက်၍ ဆရာ့ စာသင်ချိန်မှာ ခင်အေးရီတို့တတွေ တော်တော် သတိနှင့်နေခဲ့ကြသည်ကို သတိရပြန်၏။
          သည်တစ်ချက်နှင့်ပင် မြနန္ဒာကို သူမ နှစ်လိုဖွယ်လုံးလုံး မရှိလို့ ဆိုနိုင်ပြန်ပါသည်။ (လောက၌ ဘယ်လိုပင် ဘာမဆို ပြည့်စုံသည်ဖြစ်စေ လင်၏အချစ်ကို မခံရသော မိန်းမကို ဘယ်သူ မနာလို ရှိနိုင်မည်လဲ။)
          လင်းက မြနန္ဒာကို ခုထိ မောင့်နှမ မြနန္ဒာလို့ လွမ်းချင်လည်း လွမ်းပါစေပေါ့။ ကဗျာဉာဏ် ဝင်ချင်လို့သာပါပဲ။ လင်းက တစ်ခါ တစ်ခါ ကလေးလိုပဲ ယောကျာ်းများစွာဟာ ကလေးဆိုးကြီးတွေနဲ့ တူတာ အမှန်ပဲ။ ဆေးရုံမှာ ကြည့်ပါလား။ သတ္တိချင်းယှဉ်ရင် မိန်းမတွေကို တစ်ဝက် မမီဘူး။ ဆေးထိုးတာကလေးလောက်တောင် အပ်နဲ့မရွယ်ခင်က ယောကျ်ားတွေ နာကြ၊ အော်ကြ။ ဆေးရုံကြီးမှာ လုပ်တုန်းက ယောကျ်ားတစ်ယောက်များ အကြောက်လွန်ပြီး တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေလို့ ထုံဆေးပေး ပြီးမှ ခွဲမဖြစ်လို့ မေ့ဆေးပေးပြီးမှ လိပ်ခေါင်းခွဲရတာ ကြုံဖူးသေးတယ်။ မိန်းမထဲမှာ တစ်ခါမျှ မဖြစ်ဖူးဘူး။ လင်ယူဝံ့တာ၊ ကလေးတွေ မွေးဝံ့တာ နည်းနည်းသတ္တိမှ မဟုတ်တာ။
          လင်းက မြနန္ဒာကို တကယ် ချစ်ဖူးရင်လည်း ချစ်ဖူးမှာပေါ့။ ဒါပေမဲ့ အဝေးက ငေးမျှော်ချစ်ခဲ့တာ ဘယ်လောက် စွဲလမ်းနိုင်မှာလဲ။ ဟုတ်ပါတယ်။ သူတို့ သိကျွမ်းကြဖူးသေးတယ်တဲ့။ မမမြနန္ဒာရဲ့ မောင်လေး လင်းထင်ပေါ့။ သူ့ထက် လေးနှစ်လောက် ငယ်တယ်တဲ့။ အိုင်အေ အောက်တန်း ကျောင်းသားသစ်ကလေးကို ခိုင်းလို့ကောင်းတဲ့ ဇာတ်လမ်းပေါ့။ လင်းက ပြောတယ်။ တစ်ခါတိတိပဲ ဘိုင်စကုပ် နှစ်ယောက်အတူတူ ကြည့်ဖူးပါတယ်တဲ့။ ဒါလည်း အမှတ်မထင် ပြောမိတဲ့ မြနန္ဒာရဲ့စကားကို သူက အတင်းကတိတည်ခိုင်းလို့ ကြည့်ကြရတာလေ။ ပြီးတော့ လင်း အိုင်အေ အထက်တန်းလည်း တက်တော့ ကြီးပွားသွားလိုက်တာ မြနန္ဒာ လည်း လင်ယူပါလေရော။ ဟား... ဟား။
          အခ်စ္ဆိုတာ လင္မယားမွာသာ ရွိတာပါ။
          မနေ့ကပဲ တစ်အိမ်လုံး အင်းလျား ရေကူးသွားကြတယ်။ ကလေး ငါးယောက်ကို ကားနဲ့အပြည့် တင်လို့ပေါ့။ သူတို့အားလုံး ရှေ့ကသွားကြတော့ ကလေးတို့အဖေ လင်းနဲ့ ကလေးတတွေကို နောက်ကနေ ကြည့်ရင်း လင်းဟာ ဘယ်တော့မှ ငါ့လက်က မလွတ်နိုင်ဘူးလို့ စဉ်းစားမိတယ်။ ကိုယ်တစ်ယောက်တည်း နောက်က ဖြည်းဖြည်းလိုက်လာတယ်။ သူတို့နဲ့ အတော်ဝေးဝေးမှာကျန်ခဲ့တော့ ငယ်ငယ်ကလို လွတ်လပ်တဲ့စိတ် ပြန်ပေါ်လာတယ်။ လင်နဲ့သားနဲ့ ဘဝက အလှမ်းကွာသွားပြန်သလိုပဲ။ ဟုတ်တယ်။ လူတွေဟာ တစ်ယောက်ချင်းပဲ မွေးဖွားလာတာကို ဘယ်လိုလုပ်ပြီး အမြဲ လုံးဝ အမြဲတမ်းနော်။ အမြဲတမ်း မေ့နိုင်မှာလဲ။ အဲဒီအချိန်မှာ လူရွယ် နှစ်ယောက်က တူရူက လျှောက်လာပြန်တယ်။ တစ်ယောက်က တယ် တောင့်ပါလားလို့ ပြောသွားတယ်။ တစ်ယောက်က ဆိုဖီယာလိုရင်ကြီးလိုပဲတဲ့လေ။ ငယ်ငယ်ကလိုသာဆိုရင်တော့ ဟားပစ်လိုက်မှာပဲ။ ခုတောင် လင်း မကြိုက်မှာစိုးလို့ ဟားလိုက်ချင်သေးတယ်။ ဒါပေမဲ့ သားအငယ်ဆုံးလေးက ပြန်လှည့်လာပြီး လမ်းတစ်ဝက်က စောင့်တယ်။ လင်းကလည်း လှည့်ကြည့်ပြီး ရပ်စောင့်နေပြန်ပြီ။ အနားရောက်တော့ ဘာပြောလဲ သိလား။
          “ရီ့ သားကလေ သူ့အမေကို သိပ်နှမြောတာ” တဲ့။
          “ဘာဖြစ်လို့”
          “ခုန ကောင်းလေးနှစ်ကောင် တွေ့တော့၊ အဖေ ဟိုမှ မေမေ တစ်ယောက်တည်းတဲ့။ ဒါနဲ့ ကိုယ်က ဘာဖြစ်လဲကွလို့ ပြောတော့၊ အို... ရေထဲ မြှုံးထောင်ထားတော့ သွားကြည့်ဦးမယ်ဆိုပြီး ရီ့ဆီကို ပြန်ပြေး လာတာ”
          “လင်းကတော့ မနှမြောဘူးပေါ့လေ”
          “ပေါတာမ”လို့ ဆိုပြီး သွားပေမယ့် လင်းဟာ ကိုယ့်ကို ဘယ်တော့မှ ရေကူးအဝတ် ဝတ်ခွင့်မပေးခဲ့ဘူး။ ငယ်ငယ်က ရေကူးရင် အမြဲ ဆွင်းမင်းစုနဲ့ ကူးတာ။ ခု ထဘီရင်လျားကြီး တပြုတ်ပြုတ်နဲ့ မကူးချင်တော့ပါဘူး။
          “ခါးတုတ်ကြီးနဲ့ လှပါဘူး” လို့လည်း မခံချင်အောင် ပြောသေးတယ်။
          ထိုခဏ၌ ဒေါက်တာခင်အေးရီသည် သူ့လင် လင်းထင်၏ မျက်နှာကို ကြည့်လို့မဝအောင် ကြည့်နေမိပြန်သည်။ လင်းရဲ့ ပျော့ပျောင်းညိုမှောင်သော ဆံပင်ကို အကြိမ်ကြိမ် ဖွကစားခဲ့သည်မှာ နှစ်ပေါင်း ၁၆ နှစ် ရှိလေပြီ။ အင်္ဂလန်သို့ စာသွားသင်စဉ်ကသာ ၂ နှစ်မျှ ခွဲခဲ့ကြဖူးသည်။ လင်းက အေးဆေးသူ၊ ခင်အေးရီက ချစ်ခင်မူရာ ပြတတ်သူ၊ ဖျတ်လတ်သွက်လက်သူ ဖြစ်သည်။ လင်းကို သူက အလျင် စ နမ်းမြဲ။ လင်းရဲ့လက်ကို သူက အလျင် ဆုပ်ကိုင်မြဲ။ တစ်ဖက်လှည့် အိပ်တတ်သော လင်းရဲ့ကျောကုန်းကြီးကို သူက ဖက်၍ မျက်နှာအပ်ကာ အိပ်တတ်သည်။ ပူနွေးသော နွေရာသီညများမှာတော့ လင်းသည် သူ့ကို အသာတွန်းဖယ်ကာ “မအိုက်ဘူးလား ရီ”ရဲ့လို့ မေးတတ်သည်။ ခင်အေးရီက ဘာမျှမပြောဘဲ “သွား”လို့သာ ခပ်ကျယ်ကျယ်ဆိုပြီး ဆောင့်အောင့်တွန်းပစ်လိုက်လျှင်တော့ လင်းသည် ညှင်သာစွာ ရယ်မောကာ သူ့မိန်းမကို ပွေ့ဖက်ရမှန်း၊ ချော့မော့ရမှန်း သိတတ်လာပြန်သည်။
          သည်တော့လည်း ခင်အေးရီသည် ချက်ချင်း စိတ်ပြေကာ လင်းက သိပ်အိုက်တတ်တာ၊ ပြီးတော့ သိပ်အေးအေးဆေးဆေး နေတတ်တာ၊ မတိုက်ဆိုင်ခဲ့လို့ သို့မဟုတ်ရင် ဘုန်းကြီးဖြစ်မယ့် လူစားမျိုးပဲဟု တွေးတတ်လေသည်။ ပန်ကာ ထဖွင့်တတ်သည်။
          တစ်ခါတစ်ရံ သိချင်စိတ်သက်သက်နှင့် “လင်း တကယ် ပြောစမ်းပါ။ ရီ့အပြင် တကယ် ချစ်ခဲ့ဖူးတဲ့သူ မရှိဘူးလား”လို့ မေးတတ်သည်။ “သုတေသန လုပ်ချင်လို့ပါ” လို့ အတည် ပြောတတ်သည်။
          လင်းက ရယ်ပြုံးကာသာ နေတတ်သော်လည်း မျက်နှာ မကြည်လင်လှလို့ ထင်ရသည်။
          “ပြောလေ... ပြောလေ၊ ကဲ... ဥပမာ မြနန္ဒာကို ချစ်ဖူးတယ် မဟုတ်လား”
          “ရီက ပေါတာမပဲ” လို့သာ ပြောသည်။
          “စကား မလွှဲနဲ့”
          “မဟုတ်တာ၊ မချစ်ဖူးပါဘူး။ ရီ့ကိုသာ တစ်မိုးအောက် တစ်ယောက် ထင်၊ ရီကလွဲလို့ ဘယ်သူမှ မမြင်”
          “သိပ်ညာတာပဲ၊ လင်း မြနန္ဒာကို အရမ်းပစ်ကြိုက်နေတာ ဟိုးဟိုး ကျော်လို့။ သည်လို ညာလို့ရမှာလား”
          “သားကြီးတောင် ၁၆ နှစ် ပြည့်တော့မယ် ရီရဲ့၊ ဒါတွေ ပြောနေစရာလား”
          “ဒါဖြင့်ရင် မြနန္ဒာ နာမည်ကို အိပ်ရင်း ဘာဖြစ်လို့ ခဏခဏ ယောင်ရတာလဲ”
          ခင်အေးရီက တကယ်တော့ နောက်ပြောင်လိုက်ခြင်းသာဖြစ်ပြီး လင်း ကမူ ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေတော့သည်။ တော်တော်နှင့် အသံ ထွက်မလာ။ နှုတ်ခမ်းကိုသာ မကြာခဏ ပြင်သေးသည်။ ပြီးမှ “ရီ တော်တော် နောက်တာပဲ”လို့ ပြောလေသည်။
          ခင်အေးရီက သည်အခါမျိုးမှာသာ တဒင်္ဂလောက် မြနန္ဒာကို မလိုလား မနှစ်သက် ဖြစ်ရသည်။ သို့သော် ကြာရှည်မခံပါ။ ခင်အေးရီ ကိုယ်နှိုက်က စိတ်သဘော ကောင်းမြတ်ရာ၌ ကျော်ကြားသူပင်။ မေ့ပျောက် လွယ်သူပင်။ (သူသည် လူနာကို ပိုက်ဆံအတွက် တစ်ခါမျှ မကုသဖူးဘူး။ ဆေးကုသခဟူ၍ စာရင်း မပို့ဖူးဘူး။ ဆရာဝန်ကြီး ဖြစ်သော်လည်း ဆေးရုံ ၌ အလုပ်သင် ဆရာဝန်များနှင့် ရောဂါအောက်ခြေသိမ်းကိစ္စကအစ ပါတတ်သည်။ သူ့ကို လူနာများက ချစ်ခင်သည်။ သူ ပိုက်ဆံမလိုချင်သောကြောင့် လာကန်တော့သော ပစ္စည်းများသည် အိမ်မှာ စုပုံနေသည်။ ငယ်ငယ်က ငြင်းဆန်မြဲ။ သို့သော် စေတနာကို မတားဆီးလိုတော့သဖြင့် ယခု လက်ခံကာ ရသမျှ ပစ္စည်းကို ဝေငှစွန့်ကြဲပစ်တတ်သည်။ တစ်ခါမှ နေ့ဖို့ညစာ ဟူ၍ သိမ်းမထားခဲ့ချေ။)
          ပြီးတော့ လင်းဟာ မြနန္ဒာကြောင့် ရင်ခုန်ရမှ ကဗျာ စပ်နိုင်မယ်၊ ဝတ္ထု ရေးနိုင်မယ်ဆိုရင် စပ်ပါစေ၊ ရေးပါစေပေါ့။ လူတို့သည် ဝက်သက် ပေါက်တတ်သည်။ ကျောက်ဖြူ ပေါက်တတ်သည်။ အဆင်မသင့်လျှင် အမာရွတ်ကလေးတွေ ထင်တတ်သည်။ အင်မတန် ကံဆိုးလျှင် အသက်တောင် ဆုံးနိုင်သေး။ သို့ပေမယ့် စာရေးဆရာ၊ ကဗျာဆရာ လင်းထင်သည် ဒေါက်တာခင်အေးရီနှင့် ၁၆ နှစ်မျှကြာအောင် ပေါင်းသင်းနေထိုင်ခဲ့သည် မှာသာ အဓိကပင်။ သူတို့မှာ သားသမီး ငါးယောက်က အိမ်နှင့်အပြည့်ပင်။ သားအကြီးဆုံးက မအေနှင့် တူသည်မို့ ထွားထွားကျိုင်းကျိုင်းနှင့်။ ရေကူး ဝါသနာကြီးလှသည်။ သမီး သုံးယောက်က ကြားသီး ခေါ်ရမလား၊ ဖအေလို ငြိမ်းချမ်းအေးဆေးကြပြီး မအေလို စာတော်ကြသည်။ ဂျာမန်စာ သင်ကြသည်။ ဆရာဝန် လုပ်ကြမည်တဲ့။ သားအငယ်ဆုံးကတော့ ကဗျာ ဆရာပဲ။ နာမည်ကိုက လင်းက ရွေးလိုက်တာ။ မြလင်းထွေးတဲ့လေ။
          သားငယ် မြလင်းထွေးက စံပယ်ပန်းကြိုက်သည်။ ကဗျာ ကျက်တတ်သည်။ သီချင်း ဆိုတတ်သည်။ ဝတ္ထု ဖတ်တတ်သည်။ ကြပ်ကလေးကို အကြိုက်ဆုံး ဆိုပါလား။ အိပ်ရာထဲ လှိမ့်ကာ ကြပ်ကလေးဝတ္ထု ဖတ်ပြီး တခစ်ခစ် ရယ်နေတတ်သည်။ ပြီးတော့ ကြပ်ကလေးဆီ စာရေးဦးမည်တဲ့။ မြလင်းထွေး ရေးထားသည်မှာ “ဦးဦး ကြပ်ကလေးခင်ဗျား”တဲ့။ “ဦးဦးရဲ့ ဝတ္ထုတွေကို သား အလွန်ကြိုက်ပါသည်” တဲ့။ စာရေးဆရာထဲမှာ “ဦးဦးလောက် ဘယ်သူမှ မကောင်းပါဘူး” တဲ့။ “ဦးဦး ကာတွန်းကော မဆွဲဘူးလား” တဲ့။ “ဒါပေမယ့် ကဗျာဆရာတွေထဲမှာတော့ သားသားရဲ့ ဖေဖေလောက် ဘယ်သူမှ တော်မယ် မဟုတ်ပါဘူး” တဲ့။ “သားသား သိတာပေါ့တဲ့”။ “မဂ္ဂဇင်းတိုက်တွေကိုသာ မပို့တာ။ ဖေဖေက ကလေးဖတ်ဖို့ ကဗျာလည်း ရေးတာပဲ” တဲ့။ မြလင်းထွေးက သူ့အဖေ ပေးထားတဲ့ ကဗျာတစ်ပုဒ်တောင် ကြပ်ကလေး ဖတ်ဖို့တဲ့။ ခပ်ကြွားကြွားကူးထည့်ပေးလိုက်သေးတယ်။
          ရှေးရှေးတုန်းက ဥမ္မာမြ
          သီဝိမင်းတောင် ရူးအောင်လှ။
          အရူးကုမရခင် ရှင်ဘုရင်
          တံတားလေးဆေးရုံ သူဝင်ရင်၊
          ဆင်ဖြူစီးလို့ ဝင်သလား
          မြင်းဖြူစီးလို့ ဝင်သလား
          မြလင်းမောင် တစ်နေ့လုံး
          ဆင်ခြင်တွေးဆ မဆုံးတယ်
          ခွေနုံးလှသဗျား... တဲ့။
          ပတ္တလားတီးသင်တာ တစ်နှစ်ရှိသေးသည်။ ကျကျနန တီးနိုင်လေပြီ။
          စန္ဒရား မဝယ်နိုင်၍ ပတ္တလား ဝယ်ရသည်။ ဟိုတလောက သူငယ်ချင်းကြည်နွဲ့ဦးက အသစ်စက်စက် စန္ဒရားရောင်းမည်တဲ့။ တစ်သောင်း ငါးထောင်ဆိုတော့ ဘယ်ဝယ်နိုင်ပါ့မလဲ။ လူတွေကလည်း အထင်ကြီးလိုက် ကြတာ။ စိန်လက်ကောက် ဝယ်ပါတဲ့၊ ဒေါ်ထူးစိန်က ပြောတယ်။ စိန်ကလေးတွေ ပထမတန်းပဲတဲ့။ လေးသောင်းတည်းပါတဲ့။ လေးသောင်း မတတ်နိုင်ပါဘူးဆိုတော့ ရယ်သေးတယ်။ ခုနေတဲ့ ခြံနဲ့တိုက်တောင် လင်းရဲ့အမေက ဝယ်ပေးသွားတာ။ ခြံကျယ်အောင် ကပ်နေတဲ့ မြေတစ်ကွက် ထပ်ဝယ်တာ ကြွေးတောင် ငါးထောင်လောက် ကျန်သေးတယ်။ ပိုက်ဆံကလည်း ကလေးတွေကို ကျွေးတာနဲ့ ကိုယ့်ဆေးစာအုပ်ဖိုး၊ လင်းရဲ့ ဝတ္ထု စာအုပ်ဖိုးနဲ့ ကုန်တာပဲ။
          မြလင်းထွေး ပတ္တလားတီးတော့ မေမေ သီချင်း ဆိုပေးပါတဲ့။ မေမေက ဘယ်တော့မှ သီချင်းတစ်ပုဒ်ဆုံးအောင် မရဘူးဆိုတော့ လင်းက ထလာပြီး သားအဖ ဆိုကြတီးကြသတဲ့လေ။ သမီးသုံးယောက်က ကျောင်းမှာ တတ်လာတဲ့ ယိုးဒယားအက ဝင်ကရင် ကကြတယ်။ သားကြီးကတောင် အီလက်ထရစ်ဂီတာ ဝယ်ပေးပါ ဖြစ်လာပြန်ပြီ။
          (ကဲ၊ ရီတို့ရဲ့ ပျော်စရာ အိမ်ထောင်မှာ မြနန္ဒာ ဘာတစ်နေရာ ရနိုင်သလဲ။ ဆုံးပါးကျေပျောက်သွားတဲ့ အိပ်မက်ကလေးပါ။ မြူငွေ့ကလေးပါ။ သည်အိပ်မက် မြူငွေ့လေးဟာ တစ်ခါတစ်ခါ လွမ်းလေပင့်လို့ ပျံ့လွင့် လာလည်း ဘာရုပ်သဏ္ဌာန်မှ ဖြစ်လာမယ် မဟုတ်ပါဘူး။ လင်းကတော့ စားပွဲမှာ ထိုင်မိမှာပေါ့။ မနက်စောစော သပိတ်လွယ်ငှက်ကလေး ထပြီး ကလယ်ကုလား စကားများဆိုသလို ဆူနေတဲ့အခါ လင်း စားပွဲမှာ ထိုင်မိ မှာပေါ့။ ရီစိုက်တဲ့ ထင်းရှူးတန်းကြားက လရောင်ဖြာယှက်ပြီး ကျလာတော့ အိပ်ရာခေါင်းရင်း မှန်တရုတ်ကပ်ပေါ် တရုတ်ပန်းချီသဏ္ဌာန် ပေါ်လွင် လာရင် လင်း စားပွဲမှာ ထိုင်မိမှာပေါ့။ မငြူစူသင့်ပါဘူး။)
          ယုယုခင်ကိုတော့ သနားပါတယ်။ ပင်ပန်းလိုက်တာ သားသမီး မရလို့ အချည်းအနှီး ဖြစ်နေတဲ့ အားလပ်လစ်ဟင်းနေတဲ့ သူ့ဘဝတစ်ဝက်ဟာ သူတစ်ပါးကို အပြစ်ရှာကြည့်နေတာနဲ့ ဆုံးပါးတော့တာပဲ။ ဘဝ တစ်စိတ်ကတော့ မုသာဝါဒပြောခြင်းနဲ့ ကုန်ရတယ်။ ကျန်တစ်စိတ်ကတော့ အိပ်ခြင်းစားခြင်းပေါ့။ ဟား... ဟား... ဟား... ဟား...။
          မြနန္ဒာကို သူ မနာလိုတာကတော့လည်း တားဆီးနိုင်ကောင်းတဲ့ တရားဓမ္မ မဟုတ်ပါဘူး ထင်ပါရဲ့နော်။ ဘာ့ကြောင့်လဲဆိုတော့ မြနန္ဒာဟာ နှင်းဆီပွင့်လိုပဲ လှနေတာကိုး။ တားဆီးလို့မှ မရဘဲ။ အညစ်အကြေး အတိ ပြည့်တဲ့ လူဆိုတဲ့ သတ္တဝါကလည်း သည်လောက်လှဖို့တော့ မသင့်ဘဲကွယ်။
          လှလိုက်တဲ့ မြနန္ဒာ။
          “ဘာဆေးစားလို့များ သည်လောက် နုနုနယ်နယ်ကလေး ဖြစ်နေတယ် ဆိုတာ မသိတော့ပါဘူး” ဟု ခင်အေးရီသည် အံ့ဩစွာ ပြောလိုက်၏။ ယုယုခင်က မကြားသလို လုပ်နေသေး၏။ သူ ဘယ်တော့မှ မအိုတော့ ဘူးလား။ အဖြူနဲ့ ခရုခွံ ပန်းရောင်နုကလေး တွဲဝတ်ထားပုံကလည်း ကြည့်ပါဦး၊ ပုလဲဆွဲကြိုးကလေးနဲ့ ဟပ်လို့၊ ဆေးရုံတွင် ပေရေစမြဲမို့ ပါတိတ် လုံချည်ရင့်ရင့်သာ ဝတ်လေ့ရှိတာကို သတိရမိ၏။ မိမိ၏ ၅ ပေ ၅ လက်မခွဲ အရပ်အမောင်း၊ ပေါင်ချိန် ၁၄၅ ကို သတိရမိ၏။ မျက်မှန်ကိုင်းနက်နှင့် ဆိုပြန်တော့ “ရီလည်း အဲဒီလို ဝတ်ကြည့်ဦးမယ်၊ ဘာရုပ် ထွက်လာမလဲ မသိဘူး။ ဟား... ဟား... ဟား... ဟား”
          သို့ပေမည့် ယောကျာ်းလေးယောက် ဝုန်းခနဲ ထကြတာကတော့ ရယ်စရာပဲ။ ပန်းချီဆရာ ကိုတင်မောင်ကတော့ အမြဲ ယဉ်ကျေးဖွယ်ရာသူမို့ သူ့ကုလားထိုင် ထိုးပေးတယ်။ ယုယုခင်ရဲ့ မောင်တော် မိန်းမဝါသနာကို မယားကြောက်လို့ ချိုးနှိမ်နေရသူ သူငယ်ချင်း သဘောကောင်းကြီး ကိုသန်းတင့်ကတော့ ခဏထ၊ ပြန်ထိုင် တစ်ချက်ငမ်းပြီး မျက်လွှာချလိုက် ရတော့တာပဲ။
          မိန်းမနှစ်ယောက်နဲ့ သူဌေးလေး ကိုလှဦးကတော့ သိပ်အရှက်ရှိတာမှ မဟုတ်တာ။ လင်းက စီးကရက်ဘူး လှမ်းပေးတော့ မြနန္ဒာ တစ်လိပ် ဆွဲယူလိုက်ကတည်းက ရွှေမီးခြစ်နဲ့ အသင့်စောင့်တာပဲ။ ပန်ကာလေကြောင့် မြနန္ဒာက ဘယ်လက်ခုပ်ကလေးနဲ့ အုပ်လိုက်တော့ ကိုလှဦး လက်ပေါ်နား ရတာပေါ့။ ကိုယ်တော်မြတ်က အခွင့်ကောင်းယူပြီး အနားပိုကပ်လို့ မီးဆက် ညှိနေလိုက်တာ စီးကရက်တစ်ဝက် လောင်တော့မယ်။ ဟား... ဟား။
          လင်း။ လင်းကတော့ ကဗျာစပ်ချင်တဲ့ မျက်လုံး တလက်လက်နဲ့ ပေါ့ကွယ်။ သူက ကဗျာဆရာပဲ ရင်ခုန်ရမှာပေါ့။
          ယုယုခင်ရဲ့ မျက်နှာပဲ အရုပ်ဆိုးနေတာ။ မြနန္ဒာကို တွေ့လိုက်ရင် ပိုအရုပ်ဆိုးလာတယ်။ ပါးစပ်ကလည်း ဘာတွေ ပြောမှန်းမသိပါဘူးကွယ်။ ခပ်ရိုင်းရိုင်းပဲ။ အပေါစား သိပ်ဆန်တာပဲ။ ကိုသန်းတင့် အတော်ရှော်တဲ့ လူပဲ။ သို့သော် ခင်အေးရီဟာ ယုယုခင်နေရမှာ ရောက်နေလျှင် ၊ သို့သော် ခင်အေးရီဟာ ဘယ်တော့မှ ယုယုခင်နေရာ မရောက်ပါဘူး။ သနားတော့ သနားပါတယ်။
          “သူ့ကုသိုလ်နဲ့သူ ဖြစ်တာပဲ ယုရယ်” ဟု သူသည် ယုယုခင်၏ ပခုံးကို ကိုင်ပြီး ပြောလိုက်ကာ၊ ရယ်မောချင်တာ အမှန်မို့ ရယ်မောလိုက် ရ၏။ ယုယုခင်ကလည်း မနေသာတော့ပြီမို့ အဟင်းဟင်းဖြင့် အတင်း ဖျစ်ညှစ်ရယ်ပြန်လေသည်။
          မြနန္ဒာက လင်းရဲ့ မျက်လုံးလက်လက်ကို လှမ်းကြည့်ပြီး အပြုံး လဲ့လဲ့ကို ပြံုးသည်။ လင်းကလည်း လောကမှာ တစ်ပါးသူတို့ မရှိတော့သည့်သဖွယ် မြနန္ဒာကို မျက်လုံးများ ပိုမိုဝင်းလက်ကာ လှမ်းကြည့်လို့ အပြံုးလဲ့လဲ့ကို ပြံုးပြန်သည်။
          ဒေါက်တာခင်အေးရီသည် ရင်တွင်း၌ အနည်းငယ် ပူပင်ကာ အသံ မထွက်သော်လည်း စိတ်ထဲက ခေါ်လိုက်၏။ လင်း... လင်း။ ထိုအခါ ကိုသန်းတင့်က ခင်အေးရီ ခေါ်သံကို ကြားသည့်သဖွယ် ဖျတ်ခနဲ လှည့် ကြည့်လေသည်။
xxx
ဦးသန်းတင့်သည် သူ့ဖဲ၌ ဂျိုကာနှစ်ကောင် ပါသော်လည်း နှစ်တွဲထက် ပိုမဖြစ်သည်ကို စိတ်ပျက်ပြီး အမျိုးမျိုး စီကြည့်သော်လည်း ဘာမျှ မတိုးတက်။ လေးလုံးတစ်ထွေ ရဖို့တောင် ကြားဖဲတစ်လုံး ကောက်ရမှ ဖြစ်မည်။ သို့သော် သူ့ဖဲတက်တတ်သည်မို့ ပူစရာ မရှိ။ သူ ဖဲနိုင်လေ့ ရှိသည်။
          မြနန္ဒာ လာပြီဆိုတော့ သူ ဖယ်ပေးရတော့သည်။ သူ့မိန်းမ ယုယုခင်ကတော့ ဘယ်တော့မှ ဖယ်ပေးမည် မဟုတ်။ နှစ်အိမ် ကစားပြန်တော့လည်း ရှုံးတတ်သည်တဲ့။ သူသည် မယားဘေးမှ ထိုင်ကာ မယားဖဲကို မြှောက်ပင့်ပြောပြီးသာ နေရတတ်သည်။ သို့ပေမဲ့ မြနန္ဒာသည် တစ်ပတ်မှာ တနင်္ဂနွေတစ်နေ့သာ ကစား၍ ထိုတစ်နေ့မှာလည်း ညနေ ၅ နာရီမှသာ လာပြီး ၉ နာရီထိုးသည်နှင့် ပြန်တတ်သည်။ သည်နေ့ တရုတ်ကပြား လူပျိုသိုးညီအစ်ကိုလည်း မလာလေတော့ အိမ်မစေ့သည်နှင့် ဝင်၍ တစ်နေ့လုံး ကစားရသည်။ မြနန္ဒာ ပြန်သွားလျှင် ၉ နာရီမှ နာရီပြန် တစ်ချက် နှစ်ချက်ထိ ကစားရဦးမည်။ ခုလို ဖဲကောင်းတုန်း လင်သည်ကို ကစားခွင့် မပေးသည်မှာ တော်တော်မိုက်မဲသည့် အကွက်ပဲဟု မယားသည် ယုယုခင်ကို ငြူစူမိသည်။
          ယုယုခင်က၊ မယားအဆီတုံးကို သူ လက်ထပ်ခဲ့တုန်းက ယခုလို စားဖို့၊ အိပ်ဖို့၊ လင်ကိုစိုးမိုးဖို့၊ သူတကာ အတင်းကို ပြောဖို့သာသိပြီး ကလေးတစ်ယောက်တောင် ဖြစ်အောင် မမွေးနိုင်သည့် မယားကို ယူခဲ့မိသည်လို့ သူ မထင်မှတ်ခဲ့။
          အဲဒီတုန်းက သွက်လက်ဖျတ်လတ်တာ၊ စကားများများ ပြောတတ်တာ၊ ပြည့်ပြည့်ဖောင်းဖောင်း ရှိတာကိုတော့ သူ နှစ်သက်သားပင်။ သူ တကယ် နှစ်သက်သည်မှာ ယောက္ခမက လက်ဖွဲ့သော ထပျံတော့မည့် ဟန်ရှိသည့် ချက်ဗလက်ကားသာ ဖြစ်သည်။ လက်ဝတ်လက်စားကလည်း ပါဦးမည်ဆိုတော့ တိုက်တစ်လုံး ပါသလောက် မကြိုက်သော်လည်း ဘယ် တတ်နိုင်မလဲ။ သူသည် ဧရာမ ကားကြီးထဲတွင် ကလေးအပြည့်တင်ဖို့ လည်း စိတ်ကူးရှိလေသည်။ သူသည် ကလေးချစ်တတ်သည်။ သူ့မိဘက ကလေး ဆယ့်တစ်ယောက် မွေးခဲ့ပြီး ကလေးများလို့ တစ်ကြောင်း နွမ်းပါးတာမှန်သော်လည်း ပျော်ရွှင်စွာ ကြီးပြင်းခဲ့သည်ကို သတိရမိ၏။ သို့သော် ယုယုခင်သည် တစ်ခါမှ ကိုယ်ဝန်မဆောင်ခဲ့ဖူးချေ။ “သန်းတင့်ရဲ့ အပြစ်လည်း မဟုတ်ဘူး” လို့ သူငယ်ချင်း တစ်မြို့တည်းသူ ခင်အေးရီက စစ်ဆေးပြောပြခဲ့သည်။
          ခင်အေးရီကို ယူခဲ့ရရင်တောင် အကောင်းသား။
          သို့သော် ခင်အေးရီသည် အတန်းထဲတွင် နောက်ဆုံးက အောင်တတ်သူ။ သေးကွေးပျော့ညက် ရှက်တတ်သူ။ သန်းတင့်လေးကို ခေါင်း ပုတ်တတ်။ ဗိုကေမွှေ့တတ်သည့် သူငယ်ချင်းမျှသာပဲ။
          ဘာမျှ စိတ်မဥပါဒ်တတ်။
          တက္ကသိုလ်မှာ အခွင့်အရေးများစွာရှိပေမယ့် သူသည် ချစ်ဖို့ကောင်းသော မယားကို ရှာရမှန်းမသိခဲ့။ တွေဝေမိုက်မှားခဲ့လှ၏။ စာကလည်း ကြိုးစားရသည်နှင့် ခင်အေးရီ အဆိုအရ “စာ တယ်မဖျင်း” တော့ဘဲ ဘီအက်စ်စီအောင်ကာ ယုယုခင် မိဘ အစွမ်းဖြင့် အင်္ဂလန်တောင် အမ် အက်စ်စီ သွားယူလိုက်သေး၏။ အင်္ဂလန်မှာ စာမေးပွဲ ခဏခဏကျသော်လည်း သူ လွတ်လပ်ပျော်ရွှင်စွာ နေရသည်ကို တွေးမိပျော်ရသေး၏။ လက်နှိပ်စက်စာရေးမ များစွာကို ညစာထမင်း ကျွေးတတ်လာ၏။ တစ်လ ပေါင်တစ်ရာ့ငါးဆယ်မျှ ယုယုခင်ပို့သော ငွေတောင် မလောက်တော့ချေ။ ယုယုခင်သည် မိဘ မသိအောင် စိန်နားကပ်တောင် ပေါင်ရသည်တဲ့။
          ပြန်လာတော့ ယုယုခင်သည် သတင်းကြားနှင့်လေပြီ။ သို့သော် ဦးသန်းတင့်ကို သစ်တော အရေးပိုင် မြန်မြန်ဖြစ်အောင် စိန်လက်ကောက် ထပ်ပေါင်လိုက်သေး၏။ ရန်တော့ ဖြစ်ကြ၏။ ငါ့ကြောင့် နင်လူဖြစ်လာ ပြီးတော့ဟု ကြမ်းကြမ်းတမ်းတမ်း ပြောတတ်၏။ ဟုတ်သလား သူမသိ။ လူမဖြစ်ရသေးခင် ယုယုခင်နှင့် ယူမိလို့လား မသိ။
          ဦးသန်းတင့်သည် မညှာတာချင်တော့ဘူးဆိုလျှင်တော့ “ကလေးလည်း မမွေးဘဲနဲ့” ဟုသာ ဆိုလိုက်ရန် ရှိလေသည်။ “အဆီပိတ်နေတာပဲ” ဟု ဆိုလိုက်ရန် ရှိလေသည်။ ဆိုမြဲပင်။ ယခုတစ်လောကတော့ သူ တစ်မျိုးနိုင်တတ်ပြန်သည်။
          “မြနန္ဒာ ဝတ်ပုံ၊ စားပုံလေးများ အတုယူပါဦးကွာ”
          “မြနန္ဒာက သိပ်လှတာပဲ။ တို့မိန်းမ တောင်ပို့မကြီးနဲ့တော့ မယှဉ်ဝံ့အောင်ပါပဲ” ဟု အိပ်ရာထဲကျလျှင် မိန်းမ မခံချင်အောင် ပြောတတ်၏။ တကယ်တော့ မြနန္ဒာကို သိပ်လှသည် သူ မထင်ချေ။ ရခိုင်သူဆိုတော့ ခပ်ညိုညိုပေါ့။ ကုလားဆင်ပေါ့။ သူ့နှုတ်ခမ်းက ကျနသေသပ်ပေမယ့် ကိုယ့်မိန်းမနှုတ်ခမ်းလို မသေးငယ်လှပါဘူး။ မျက်ခုံး၊ မျက်လုံးကလည်း ထင်ရှားလွန်းလှပါတယ်။ နှာခေါင်းက ချွန်လှပါတယ်။ မေးက မြဲမြံလွန်း လှပါတယ်။
          “ရှင်... မြနန္ဒာအကြောင်း သည်လောက်ပြောနေတာ တကယ်များ ကြိုက်နေတာလား” ဟုတော့ ယုက ရန်စွာလေ့ရှိသည်။ စစ်ဆေးတတ်သည်။
          “မြနန္ဒာကများ ခေါင်းညိတ်ခေါ်ရင် ရှင်... ငေါက်ခနဲ ထပါသွား မှာပဲနော်” ဟု စစ်ဆေးတတ်သည်။
          “ဒါပေါ့ကွ”
          ယုယုခင်သည် သူ့ကို တအုန်းအုန်းထုမြဲ။
          သူက တဟားဟား ရယ်ရင်း “စိတ်မဆိုးပါနဲ့ကွာ၊ မြနန္ဒာလို ရွှေမင်းသမီးလေးမျိုးက ခေါင်းညိတ်ခေါ်တာ ဘယ်သူ ငြင်းနိုင်ပါ့မလဲ။ မင်း ခေါင်းညိတ်ခေါ်တာတောင် ငါ လိုက်လာတာပဲ”
          တအုန်းအုန်း ထုပြန်၏။
          “နာတယ်ကွ ယုရ၊ ဒါပေမဲ့ မြနန္ဒာအကြောင်းတော့ မပြောကြပါနဲ့ စို့ကွာ။ သူ့ခမျာ သနားပါတယ်။ လင်နဲ့သားနဲ့ဟာ ငရဲကြီးတတ်တယ်။ မပြစ်မှားကောင်းဘူး။ ငါ့မှာလည်း မယားနဲ့ပါ။ သားမရှိတာ တစ်ခုပဲ”
          ယုယုခင်သည် သူ့ကို မထုတော့ချေ။ တိတ်ဆိတ်နေကြ၏။
          သူကပဲ စပြောမိပြန်သည်။ “မြနန္ဒာဟာ တကယ်တော့ လင်နဲ့ ယုံနိုင်စရာ မရှိဘူး။ ကလေးနှစ်ယောက် အမေဆိုတာလည်း ယုံနိုင်စရာ မရှိဘူး။ လှတာထက် တစ်မျိုးကျက်သရေရှိတာ ကုသိုလ်ကောင်းတာလို့ ဆိုရမယ်”
          “လှတာထက် ပိုက်ဆံရှိတာ၊ ဝတ်နိုင်စားနိုင်တာ၊ ငြိမ်းငြိမ်းချမ်းချမ်း နေရတာပါတော်”
          “မင်းကော ဘာပူစရာရှိလို့လဲ၊ စားပြီးအိပ်၊ အိပ်ပြီးစား၊ ပြီးတော့ ဖဲရိုက်”
          “သူကတော့ မရိုက်တဲ့အတိုင်း”
          “မင်းက ငါ့မှ အိမ်ပြင်ထွက်ခွင့် မပေးဘဲကိုးကွ၊ မင်းဖဲရိုက်ကျန်ခဲ့ပါလား။ ငါ ဘာတစ်အိမ်မှ ဝင်မလုဘူး။ တစ်ပတ်ကို ငွေတစ်ရာသာပေး။ များများ မဟုတ်ဘူး။ ငါ့လခချည်း တစ်လ တစ်ထောင့်နှစ်ရာ ရနေတာ သဒ္ဓါဖို့ ကောင်းတယ်။ စနေနေ့ ထွက်မယ်။ တနင်္လာနေ့ မနက် ပြန်ခဲ့မယ်။ တကယ်ပြောတာ”
          ယုယုခင်သည် သည်တစ်ခါတော့ ဘာမပြော ညာမပြောနှင့် ငိုယို လိုက်သည်။
          လင်မယားဆိုတာ တစ်ယောက်ကို တစ်ယောက် ဘယ်လိုပဲ ညာညာ သိကြတာပါပဲ။ ငါဟာ ယုယုခင်ကို မစုံမက်တာ။ သီတင်းပတ် အားလပ်ချိန်မှာတောင် လွတ်ရာကို သွားချင်တာ သူ သိတာပါပဲ။ မချစ်တာတော့ လည်း မဟုတ်ဘူး။
          ယု ကိုယ်စိတ်ဆင်းရဲမယ်ဆိုရင် လောကမှာ အပူဆုံးလူဟာ ငါပဲ ဖြစ်မှာပဲ။ ဒါပေမဲ့ စိုးမိုးလွန်းတာ မကြိုက်လို့လား။ နှစ်နှစ်ကာကာ ချစ်တယ် ဆိုတာ မသိရဘဲ ယူခဲ့လို့လား။ ပြီးတော့ ငါဟာလူပဲ။ ယောကျ်ားပဲ၊ လက်သပ်မွေးထားတဲ့ ခွေးကလေး ကြောင်ကလေးမှ မဟုတ်တာ။
          “ရှင့်ကို မြနန္ဒာနဲ့ တစ်လလောက် ပေးစားထားချင်တယ်။ ရှင် ခုလို အခန့်သား စံစားပြီးများ နေရမယ် ထင်လား”
          “မိန်းမယူတယ်ဆိုတာ ကိုယ်က ချစ်ချင်တာလည်း ပါသေးတာ ပေါ့” ဟု သူ ပြောလိုက်မည်ပြင်ပြီး မပြောတော့ချေ။
          “အကောင်းဆုံးကတော့ မိန်းမ မယူတာပါပဲ” ဟု သူ ပြောဖြစ်အောင် ပြောလိုက်သည်။
          မြနန္ဒာ သူတို့ဖဲဝိုင်း တစ်ပတ်တစ်ခါ လာသည်ကိုတော့ သူ မျှော် တတ်သည်။ မြနန္ဒာလာလျှင် စိတ်ဝင်စားဖွယ်တွေကို သူ တွေ့ရသည်။ လင်းထင်နှင့် ဆက်ဆံပုံလေးတွေကို သူ အကဲခတ်တတ်သည်။ ယုသည် “မြှူနေတဲ့ မိန်းမပဲ” ဟု ရက်ရက်စက်စက် ပြောလေသည်။ ဦးသန်းတင့်ကမူ သည်လို မထင်ချေ။ မြနန္ဒာမှာ အချစ်စိတ်ဆိုတာ မရှိဘူးလို့သာ သူ ထင်သည်။ နှင်းဆီပန်းပွင့်လို လှသည်။ မွှေးရနံ့ကို ပတ်ဝန်းကျင်မရွေး ထုံပျံ့သည်။ လရောင် ကြယ်ရောင်လို ရေမြေတောတောင်မရွေး ယှက်ဖြာ ဖြန့်ဖြူးလိုက်သည်။ မြနန္ဒာနှင့် အတူနေရမှာ ပျင်းစရာကြီးနေမှာပဲ။ အပြုံးက အေးစက်စက်၊ စကား မပွင့်တပွင့်၊ အသံ မထွက်တထွက်နဲ့၊ အင်္ဂလိပ် လိုချည်း ပြောနေတာများတော့လည်း တယ်ရင်းနှီးလို့မရ။ သူ ပြောတဲ့ အင်္ဂလိပ်စကားက သိမ်မွေ့လှတယ်။ လင်းထင် တစ်ယောက်၊ အဲ... ခင်အေးရီ တစ်ယောက်ပဲ အပြိုင် ပြောနိုင်တယ်။ လူပျိုသိုး တရုတ်ကပြား ညီအစ်ကိုကလည်း အမေရိကန်သားဂိုက်နဲ့ အမေရိကန်သံ သာ ပေါက်ကြတာ။ မြနန္ဒာကျတော့ ငေးနေကြရပြီး နားမလည်တစ်ချက် လည်တစ်ချက်ပဲ။ သိသားပဲ။
          ခု  ကြည့်ပါလား။ ဝင်လာပုံက ဇာခန်းဆီး လွင့်လာသလိုပဲ။ နွဲ့တာလည်း မဟုတ်။
          ခုထိ စကားတစ်လုံးမှ မပြောသေးဘူး။ တလဲ့လဲ့ပဲ ပြုံးနေတော့တာပဲ။ အိမ်က မယားကတော့ ကြက်မလိုပဲ၊ ကက်ကက် ကက်ကက်နဲ့ နေတာပဲ။ ကိုတင်မောင်ကတော့ ထုံးစံအတိုင်း ပန်းချီဆရာမျက်စိနဲ့ ကြည့်နေတာပဲ။ မြနန္ဒာပုံ သူ ဆွဲချင်ဟန်တူတယ်။ သူက လူ့မျက်နှာတွေကို ဆွဲလေ့ရှိတဲ့လူ။ မျက်တောင် မခတ်ဘူး။ လှဦးက အသားယူနေတုန်း၊ မြနန္ဒာနား ထပ်တိုးကပ်လို့ ကိုယ်ငွေ့ရှူနေတုန်း။ လင်းထင်နဲ့ မြနန္ဒာ စိတ်ကူးထဲက တခြားကမ္ဘာမှာ အတူရောက်နေတာပေါ့။
          သိပြီ။ မြနန္ဒာဟာ သည်မှာ ရှိပေမယ့် ဘယ်တော့မှ သည်မှာ မနေဘူး။ သူ့စိတ်ဟာ သူ ရောက်နေတဲ့ နေရာမှာ မရှိဘူး။ တခြား တစ်နေရာမှာ။ အဲဒီကို လင်းထင်က လိုက်သွားပြီလေ။
          ထိုခဏ လင်းထင်၏ မယား ခင်အေးရီက သူ့ကို တစ်ခုခုပြောလိုက် သည်လို့ သူထင်ကာ ဖျတ်ခနဲ လှည့်ကြည့်မိသော်လည်း ဘာမျှ ပြောသည် မဟုတ်ချေ။
          မဆီမဆိုင် သူငယ်ငယ်က ခင်အေးရီနှင့် အားလုံး ကလေးတစ်သိုက် ညနေ နေဝင်ရီတရောမှာ တူတူပုန်းတမ်း ကစားကြသည်ကို သတိရလိုက် ၏။ သူတို့ ကစားကြပြီး လူပြန်စုသော် ခင်အေးရီ ပျောက်နေသည်။ ဒါနှင့် သူတို့အားလုံး ရှာကြသည်။ ရှာလို့မတွေ့။ နောက်တော့လည်း မိုးကြိုးပစ်၍ အခေါင်းကြီးဖြစ်နေကာ ရွက်သစ်ပြန်ထွက်နေသည့် ညောင်ပင် ခေါင်းမှာ သွားတွေ့သည်။ ခင်အေးရီက တဟားဟား ရယ်နေကာ “နင် ဖြတ်သွားတာ ငါတွေ့သားပဲ။ ငါ ခေါ်တာလည်း နင် မကြားဘူး” ဟု ပြောသည်။ သူ မှတ်မိသမျှ အဲဒီညောင်ပင်ခေါင်းမှာ သူ ရှာမိသည်။ ခင်အေးရီကို မတွေ့။
          လူကြီးများက ဆူသည်။ “အဲဒါ နတ်ဝှက်တာ သိလား။ နေဝင် ရီတရောကို တူတူပုန်းတမ်း မကစားရဘူး” တဲ့။ ခင်အေးရီကတော့ သတ္တိကောင်းသည့်နေရာမှာ ကျော်ကြားလေတော့ “ဟုတ်လား၊ နတ်ဝှက်တာလား။ သည်လိုဆိုရင် တူတူပုန်းတိုင်း ငါ့ကို နတ်ဝှက်ပါစေဟယ်၊ သည်တော့မှ ငါ လုံမယ်၊ ဘယ်တော့မှ မမိဘူး၊ ဘယ်လောက်ကောင်းလဲ” ဟု ပြန်ပြောလေသည်။
          “မိရီ နင် ငါ့ကို ခေါ်လား” ဟု မေးလိုက်သေး၏။
          “ဘာကိစၥ ေခၚရမွာလဲ”
          ထိုနောက် ဦးသန်းတင့်နှင့် ဒေါက်တာခင်အေးရီတို့သည် နင်နှင့် ငါနှင့် ပြောရတာ ရှက်သလို ရယ်မောလိုက်ကြသည်။ ခင်အေးရီသည် ယုယုခင်နှင့် သူ လက်ထပ်သည်ကို နည်းနည်းမှ မကြိုက်ခဲ့ချေ။ အပြင်းအထန် ဝေဖန်ခဲ့သည်။ နှစ်များစွာ ကွဲကွာနေခဲ့ပြီးမှ လင်းထင် ဖဲရိုက်ချင် သည်မို့ ပြန်ပေါင်းသင်းမိကြခြင်း ဖြစ်သည်။ ဆေးရုံနှင့် အလုပ်များနေကြ ပြီး အားသည့် တနင်္ဂနွေနေ့များမှာ လင်းထင်က ဖဲဝိုင်းရောက်နေပြန်တော့ လင်နှင့်နေရအောင် ဖဲဝိုင်းလိုက်ရသည့် သားဖွားမီးယပ်သမားတော်ကြီးပေါ့။ လင်းထင်ကတော့ မြနန္ဒာ လာတတ်လို့ လာခြင်းပါပဲ။ သို့မဟုတ် မြနန္ဒာကကော လင်းထင် လာတတ်လို့ လာခြင်းလေလား။
          သူတို့နှစ်ယောက်ကတော့ တစ်ခန်းလုံး ဘယ်သူမျှ မရှိသည့်ပမာ တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်နေကြတာပါပဲ။
          ငယ်ကြတော့တာလည်း မဟုတ်ပါဘူး။ သုံးဆယ် ကောင်းကောင်း ကျော်လို့ လေးဆယ်ဝင်တဲ့အပိုင်းပေါ့။ ကိုယ်တို့က ခင်အေးရီ လင်မယားထက် သုံးနှစ်လောက်ကြီးတယ်။ မြနန္ဒာနဲ့ ကိုယ်နဲ့ တစ်နှစ်တည်း တက္ကသိုလ် ရောက်တာပဲ။ အိမ်ထောင်ကျကြတာလည်း ၁၅ နှစ်လောက်တော့ ရှိကြပြီ၊ သူများကလေးတွေပဲ လမ်းသရဲ ဖြစ်ကြပြီ။ လမ်းသရဲ ဖြစ်မယ်ဆိုရင်တော့ ယုယု ကလေးမမွေးတာဘဲ ကောင်းပါတယ်။
          သို့ပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ကြီးလာပြီလို့ မထင်ကြပါဘူး။ ဖဲရိုက်ကောင်းတုန်း၊ အရက်သောက်ကောင်းတုန်း၊ မိန်းမချောချောမြင်ရင် ငမ်းကောင်းတုန်းပဲ။ “မဟုတ်ဘူးလား ယု” ဟု စိတ်ထဲက မယားကို မေးလိုက်၏။
xxx
          ကိုလှဦးသည် စီးကရက်ကို ကြည့်နေသည် မဟုတ်။
          မြနန္ဒာ၏ စိမ်းလန်းပြတ်သားသော မျက်ခုန်းမွေးအောက် ကော့ဖြူး မည်းနက်ထူထပ်လှသော မျက်တောင်များ အနည်းငယ် လှုပ်ရှားနေသည်ကို သူကြည့်နေသည်။ မျက်လွှာချလိုက်သဖြင့် တင်းမို့လာသော မျက်ခွံအောက်မှ မျက်လုံးသဏ္ဍာန် ပေါ်လာဟန်ကို သူ ကြည့်နေသည်။ နောက်ပေါ်လွင်ရုံမက အဖျားကော့ချင်သော နှာတံကို သူကြည့်နေသည်။ သည်နှာတံ အဖျားကော့ပုံမျိုးသည် စိတ်အလိုလိုက်တတ်ဟန်၊ စိတ်လက်မာန်ပါ လုပ်တတ်ဟန်၊ အတွင်းစိတ်ကို ပြသည်လို့  သူ မှတ်ချက် ချနေသည်။ သူ သဘောကျသည်။ ထို့နောက် စိုပြေသော ပန်းဖျော့ရောင်ဆိုးသည့် ပိပြားသပ်ရပ်သော နှုတ်ခမ်းများကို သူ ကြည့်နေသည်။
          မျက်ခွံမို့မို့ နှစ်ဖက်ကို တစ်ချက်စီ သူ နမ်းချင်သည်။ ရဲရဲတောက်၍ ပြာပင်တည်နေပြီဖြစ်သော စီးကရက်ကို အသာယူဖယ်ပစ်ပြီး လှပကော့ပြုံးသော နှုတ်ခမ်းတစ်စုံကို သူနမ်းချင်သည်။ ပြီးတော့ မြနန္ဒာရဲ့ အဖျားကော့ချင်သည့် နှာတံကို လျှာဖျားနှင့် တို့ကစားရလျှင် ဘယ်လိုတုံ့ပြန်မလဲလို့ သူ စဉ်းစားနေသည်။
          ကြည့်စမ်းပါဦး၊ နားရွက်ကလေးကအစ လှလိုက်တာ၊ နားရွက်ဖျားမှာ နားကပ်လဲ မပန်ဘူး၊ ပျော့ပျောင်းပြီး ပန်းသွေးကို ကြွလို့၊ နားရွက်ဖျားကို အသာကလေးကိုက်လိုက်ရလျှင် မြနန္ဒာ တွန့်လိမ်ငြင်းဆန်မည်လား။ နားရွက်တွင်းကို လျှာနဲ့ တို့ ကစားတော့ ခစ်ကနဲရယ်လို့ ပါးပြင် သည်ဘက် လှည့်လာပြီး နှုတ်ခမ်းများကို ပေးအပ်မယ်လား။
          မိန်းမလိုက်စားတတ်သော ကိုလှဦး၏လက်ပေါ်တွင် တင်လာသည့် မြနန္ဒာ၏ လက်ခုပ်ကလေးသည် နွေးလှသည်။ ရွှေမီးခြစ်ကို ပစ်ချပြီး ထိုလက်ကလေးကို ဆုပ်ကိုင်လိုက်ချင်သည်။ သည်လိုဆိုလျှင် ရှည်သွယ်သော လက်များနှင့် ကော့ချွန်သော ပန်းရောင်လက်သည်းရှည်များသည် သူ့လက်ဖဝါးများထဲမှာ ကွေးငုံ့နေမည်လား၊ သူ့လက်ဝါးကို စူးနစ်မည်လား။
          မြနန္ဒာကို သူချစ်ကြိုက်လှ၏။
          မိန်းမဆိုလျှင် သူချစ်ကြိုက်ချင်လှ၏။ ဘယ်မိန်းမမဆို သူ့ အဖို့ ဆန့်ကျင်ဖက်လိင် မျှသာဖြစ်ကာ တပ်မက်ဖို့ သာ သူစိတ်ကူးသည်။ သူ ရမ္မက်ကြီးမားသည်ကိုလည်း ဝမ်းနည်းစရာလားဟု တွေးတော၏။ သတ္တလောက ဖန်ဆင်းသော လိင်နှစ်ရပ်သည် တခုကိုတခု တပ်မက်သည်မှာ သဘာဝကျလှသည်။ နည်းနည်းနှင့် များများ ကွာချင်ကွာမည်လေ။ ဒါတောင် သံသယများစွာ ဝင်သည်။ လူတို့ သည် ဟန်ဆောင်နေကြတာကို ချီးမွမ်းဘွယ်လို့ပင် ထင်ကြသေးသည်။ ရယ်စရာပင်၊ ကိုလှဦးကတော့ ဟန်မဆောင်ချင်ပါ။
          အရက်ကို ရီဝေဝေကလေး ရှိရုံ၊ သူငယ်ချင်းအပေါင်းအသင်းနှင့် စကားကောင်းရုံလောက်သာ သူ စုံမက်၏။ အရက် လွန်ကြူးသူများ ဝိုင်းမှာတော့ သူသည် သူလိုချင်သည်ထက် ပိုလျှံလာလျှင် ရှန်ပိန်ကိုပင် သူတကာမမြင်အောင် ဧည့်ခန်းထောင့်မှ ပန်းစိုက်အိုးထဲ သွန်တတ်လေသည်။ လောင်းကစားလျှင် ရှုံးမည်ကို နှမြောတတ်၏။ သေနတ်ပစ်ထွက်ပါ၏။ တောရွာတရွာ၌ အိပ်၍တွေ့ကရာ မိန်းမရှာမြဲ။ အညာမှ ဆီစက်များသို့ တလတခေါက်သွားရ၏။ ကူလီမလေးများနှင့်ရောမြဲ။ မိန်းမနှစ်ယောက် တစ်ပြိုင်ထဲ ယူထား၏။ သားနှင့် သမီးနှင့် အိမ်နှစ်အိမ်ကူးကာနေ၏။ သို့သော် ‘ကိုယ့်ချစ်တတ်တဲ့ ဝါသနာတော့ မထိကြနဲ့နော်’ ဟု သူတင်းတင်းကြပ်ကြပ်ကြေညာမြဲ။ သူယူထားသော မိန်းမတို့ သည် ပညာမတတ်၊ အိမ်ထောင်သာထိန်း၍ ကလေးသာမွေးတတ်ကာ သူ့ ကိုတော်လှန်ဝံ့ကြသည်မဟုတ်။ သူ့ စီးပွားရေး သူသာကိုင်၍ မယားများကို အိမ်နှင့် ကားနှင့် လခ လုံလောက်စွာ ပေးထားသည်။ တော်ပြီပင်။
          ကိုယ့်ချစ်တဲ့ ဝါသနာတော့ မထိကြနဲ့ပေါ့…။
          သူ့ရဲ့ သဘောကောင်းပုံ၊ ရက်ရောပုံတွေကြောင့် အပေါင်းအသင်းများကလည်း သူ့ ကို ခင်မင် နှစ်လိုကြသည်။ ယောင်္ကျားချင်းချင်း မိန်းမ အသစ်အဆန်းတွေ ့လျှင် သတင်းပေးကြ၏။
          ပိုက်ဆံရွှင်ပြန်တော့ သူလိုချင်တာကိုရမြဲ။
          ပိုက်ဆံရွှင်ပုံချချင်း တူတာတောင် သူများမရတာ ရဘို့ခက်တာကို သူရတတ်သည်။
          ဥပမာ- တလောက သတင်းရတဲ့ မားဂရက်ဆိုပါတော့။
          မားဂရက်၏ အဆက်အပေါက်ကို သူမကြိုက်လှ၊ ငယ်ငယ်က မယ်ဗမာပြိုင်ပွဲများ ဝင်ခဲ့ဘူးသလားမသိ။ မြင့်မားထွားကျိုင်းလှသည့် ဒေါက်တာခင်အေးရီတို ့တောင် မားဂရက်နှင့် ယှဉ်လိုက်လျှင် သေးငယ်နုနယ်လို့ ကျန်ရစ်သည်။ သိပြီ၊ သိပြီ ဘိုင်စကုတ်မင်းသမီး အနီတာအိဂ်ဘတ်နဲ့ ဆိုက်ချင်းခပ်ဆင်ဆင်ပဲ၊ နဲတဲ့ အတိုင်းအတာတွေ မဟုတ်။ ခါးတုတ် ဗိုက်ပူတာတစ်ခုဘဲ။ မျက်နှာကတော့ ကရင်စပ်သလား၊ တရုပ်စပ်သလားမသိ။ မလှပ၊ မျက်စိမှေးသည်။ နှာခေါင်းပြားသည်။ မေးရိုးကားသည်။ မားဂရက်သည် တခုလပ်ဖြစ်သည်။ စိန်နဲ့ ၊ရွှေနဲ့ ၊ အိမ်နဲ့၊ ကားနဲ့ ဘဲ။ လင်နဲ့ ကွဲတုန်းက ရလိုက်တာတွေကို မပျောက်ပျက်အောင် ထိန်းလို့ နေသည်။ အလုပ်တော့ မရှိ၊ ကားတစင်းနှင့် တစ်ယောက်တည်း မန္တလေးတို့ ရှမ်းပြည်တို့တက်လို့နေသည်။ ဗလတွင်မက သတ္တိပါကောင်းသည့် မိန်းမ။
          ‘မားဂရက်အသား ခင်ဗျား မစားဘူးသေးပါဘူး’ ဟု အရက်ဝိုင်း တဝိုင်းမှာ စကား စ မိလေ၏၊ ဘယ်သူပါလိမ့် ပြောတာ၊ ကိုသန်းတင့်လားမသိ၊ လူပျိုသိုး ကပြားညီအကိုတယောက်ယောက်ကလား မသိ။
          ‘ကောင်းလား’ ဟု သူမေးပြီး ဟဲကနဲ ရယ်ပစ်လိုက်သည်။ စိတ်မဝင်စားသလိုလို၊ ဝင်စားသလိုလို။
          ‘လင်နဲ့ကွဲတာ မကြာသေးဘူးဗျ၊ ခင်ဗျားဗလနဲ ့တော့ မဖြစ်ပါဘူး၊ တချက်လှဲ့ရှိမှာ’
          သူတို့ အားလုံးညစ်ညမ်းသော အတွေးတခုကို ပြိုင်တူတွေးကြပြီး တယောက်နှင့် တယောက် အစင်းသိကြကာ ရယ်လို့မဆုံးအောင် ရယ်လိုက်သေး၏။
          ‘ရပါတယ်ဗျာ’ ဟု သူကပြောပြီး ချက်ချင်းစိတ်ဝင်စားလာ၏။
          ‘ပိုက်ဆံ သိပ်ပေးရလား’ ဟု မေးလိုက်ရ၏။
          ‘ပေးတော့ ပေးရတာပေ့ါ၊ မေးမှမေးတတ်တယ်၊ ဒါပေမဲ ့သူ့စိတ်က သဘောကျမှ ရတာဆရာရေ့၊ ဟိုတနင်္ဂနွေနေ့က ကိုတင်ဝင်း သိတယ်မှုတ်လား၊ အဲ… ကိုတင်ဝင်းက ထမင်းစားခေါ်ပြီး ဘာမဟုတ်တာ သွားစမိတယ် မသိဘူးဗျို့၊ တချက်ထဲ နရင်းအုပ်ချလိုက်တာ ကိုယ့်လူကို ခွေကနဲ ကျသွားတာဘဲ၊ ကိုတင်ဝင်းက မားဂရက် တစိတ်လောက်ရှိတာ။ အကိုင်တတ်မှဗျ’
          ‘သဘောကျတယ်ဗျို ့ …..ခင်ဗျားနဲ့သိလား၊ မနက်ဖြန်ည ထမင်းကျွေးရအောင်’
          ‘သိတာပေါ့၊ ခုတလောတော့ မဆုံမိကြဘူး၊ ကျုပ်မိန်းမ သိသွားလို့ အိမ်မီးလောင်နေတာနဲ့ မလှုပ်ဝံ့သေးဘူး’
          နောက်တစ်နေ့ညကတော့ တွေ့ကြ၏။ ‘ဒါက ကိုလှဦးတဲ့၊ ဆီစက်လေးလုံးပိုင်ရှင်ပေါ့ဗျာ၊ ရှမ်းပြည်မှာ ဂျုံလဲစိုက်တယ်၊ ဘိန်းလဲစိုက်တယ်’ ဟု ခပ်နောက်နောက် မိတ်ဆက်ပေးခြင်းခံရ၏။
          ‘အလကား မားဂရက်၊ ကျွန်တော့်ကို အဖမ်းခံရအောင် လုပ်နေတာ’ ဟု ရင်းရင်းနှီးနှီး သွေးတိုးစမ်းကြည့်လိုက်၏။ မိန်းမ က ခပ်တည်တည်ပင် ဘာမှမပြောချေ။
          ‘အေးဗျာ၊ ပြင်ပြောပါ့မယ်၊ အောက်ပြည်ကို ဆီပုံးပို ့တယ်၊ ရွှေချောင်းချတယ်’
သည်တော့လဲ မိန်းမက ရယ်မော၏။
          သူတို့စားသောက်ပြီးကြသော် ကိုလှဦးသည် မားဂရက်ကို ဘယ်လိုကိုင်ရမည်ဆိုတာ စဉ်းစားပြီးပြီ။ ထို့ကြောင့်ဘာမျှ စိတ်ကူးမရှိသလိုပင်၊ ဆီစျေးအကြောင်းပြော၏။ ဘိန်းနှင့် ရွှေခိုးချပုံတွေ ပြော၏။ ငပလီမှာ လသာလျှင် ပျော်စရာကောင်းပုံတွေ ပြော၏။ ကျိုက်ထီးရိုးဘုရား သွားလည်တာတွေ ပြော၏။
          ညဉ့် ၁၀-နာရီခွဲမှ စကားဖြတ်ကာ  ‘ကဲ ….. သွားစို့’ ဟုသာ တလုံးထဲ ပြောလိုက်၏။
          ‘ဘာလဲ’ ဟု မားဂရက်က ခပ်တည်တည်ပင် မေးပြန်သည်။ ကိုလှဦးက ‘အိမ်ငှားထားတယ်’ ဟု ပြောကာ ခြံနံပါတ်ကို ပြောလိုက်ရာ မိန်းမက ဘာမပြော ညာမပြော ထလိုက်လာပါလေရော။
          သူ့ မိတ်ဆွေက နောက်တော့ လက်ဖျားခါ၍ မဆုံးပေ။ ‘ဟုတ်လဲ ဟုတ်တဲ့လူဗျာ၊ ဂုဏ်ပြုပွဲ ကျင်းပအုံးမှ’  လို့ချီးမွမ်းသည်။  ‘ပိုက်ဆံတောင် မကုန်လိုက်ဘူးမှတ်တယ်’ ဟု စစ်ဆေးသည်။
          ‘ဘယ်ကုန်မလဲ’ ဟု ကိုလှဦး ပြောလိုက်သော်လည်း စင်စစ် မားဂရက်၏ အလျားတစ်တောင်၊ အနံတပေခန့်ရှိသော အဖိုးတန် ရှားမွိုင်းသားရေ ပိုက်ဆံအိတ်ထဲ သူ ငွေ ၂၀၀ိ- ထည့်သော် အထဲ၌ ငွေစက္ကူများ အထပ်လိုက် ရှိနှင့်နေသည်ကိုတွေ့ ကာ အားနာ ရှက်ရွံ့ ပြီး နောက်ထပ် ၁၀၀ိ- ထည့်လိုက်ရလေသည်။
          မားဂရက် အိပ်ပျော်နေသည်ကို လှည့်ကြည့်ပြီး ထွက်လာသည်အထိ သူ့ စိတ်၌ ခင်မင်စိတ်ကလေးတောင် မရှိဘဲ၊ ပြောင်စပ်စပ်နှင့် ဆလု တချက်ရိုက်ပြီးသာ ထွက်ခွာလာသည်။ ဟတ္တနီမ။ ကိုယ့်ကားနှင့်ကို လာကြသည်မို့လိုက်ပို့စရာမလို။ နိုးလျှင် သူ့ ဖာသာ ပြန်လိမ့်မည်။
          နောက်ထပ် မားဂရက်နှင့် မတွေ့တော့။ အမှတ်တရတော့ ရှိပါသည်။
xxx
          မားဂရက်ညီမ ပညာရေးဌာနက မာဂျရီနှင့်တွေ့လိုက်သေး၏။ ခပ်ကြာကြာ တွဲလိုက်သေး၏။ မာဂျရီ ဘယ်လို အကပ်ကောင်းပြီးမှန်းမသိ၊ နိုင်ငံခြားပါသွားမှ ကွဲကွာသွားကြသည်။ မာဂျရီက ညီမအငယ်ဆုံး နှောင်းမွေးကလေးမို့တဲ့။ အတိုင်းအထွာတွေ ကောင်းသော်လည်း အရပ်ပုသည်။ နှစ်ခြိုက်စရာ ကောင်းသည်။ ချစ်ကြိုက်လို့ရသည်။ အိမ်နှင့်ယာနှင့် ထားမည်ပင် စိတ်ကူးသည်။ သို့သော် မာဂျရီက အပျိုပင်။ ယောက်ကျားကောင်းကောင်းယူချင်သည်။ စထရင်းမှာ လက်ထပ်ချင်သည်တဲ့။ ထိုင်မသိမ်းထမီ ဝတ်ချင်သည်တဲ့။
          မြနန္ဒာကတော့ သည်ဟာမတွေနဲ့ မယှဉ်ထိုက်သည်မှာ မှန်သော်လည်း ကိုလှဦးက ချစ်ကြိုက်ချင်စိတ်ပေါ်ပုံမှာ တူတူပင်တည်း။ ဟိုဟာမတွေကို တပ်မက်ပုံမှာ နေ့ညမရွေး ဆိတ်ကွယ်ရာသို့ ခေါ်ပြီး တိုက်ရိုက် ကိစ္စပြီးချင်ခြင်းဖြစ်သည်။ မြနန္ဒာကိုတော့ သူ ယုယချင်သည်။ ပွေ့ဖက်ချင်သည်။ နမ်းရှုပ်ချင်သည်။ မြတ်နိုးချင်သည်။ သမီးရည်းစားလို အဖိုးထားချင်သည်။ နောက်ဆုံးတော့လဲ တခုထဲသော ဘူတာသို့ ဆိုက်ချင်သည်ပင်။ သို့ပေမဲ့ အေးမြလှတဲ့၊ ညရိပ်ညိုမှောင်တဲ့ မြနန္ဒာရဲ့မျက်လုံးများသည် သူ့ကို ပူလောင်ခြင်းမှ ငြိမ်းချမ်းစေတာ အမှန်ပင်။ မပြစ်မှားသင့်ပါဘူးနော်လို့တောင်းပန်နေသလို ထင်သည်။ ပိရိကျနသော နုတ်ခမ်းများသည် သည့်ထက် ထူထဲဖောင်းကြွလိုက်လျှင် ကိုလှဦးသည် သူ့ ကာမဂုဏ်စိတ်အတွက် အားနာစရာ ကင်းပမည်။ ဘယ်လောက်ကောင်းမလဲ။ သို့ပေမည့် မြနန္ဒာ၏နှုတ်ခမ်းများသည် သပ်ယပ်လွန်းလှသည်။ ကိုလှဦး၌ မြနန္ဒာ၏ အဖျားကော့သော နှာတံကလေးကိုသာ အားကိုးစရာ ရှိလေသည်။
          တခါတရံတော့လဲ ယခုတလော သူ့စိတ်ကို မြနန္ဒာက အတော်ပင် စိုးမိုးတာကို မခံချင်ဘဲ ရှိလေသည်။ မိန်းမများစွာကို တွေ့ကြုံလာခဲ့သော၊ မိန်းမဆိုတာကို တန်ဘိုးထားလေ့ မရှိသော ဆန့်ကျင်ဘက်လိင်ဆိုလျှင် အရိုအသေကင်းသော လှဦးပါကွဲ့။ မြနန္ဒာကို သူ့စိတ်ကူးထဲမှ အဝတ်အစား ချွတ်ကြည့်သည်။ ပီပီသသ မပေါ်လွင်ပေ။ ပေါ်လွင်သမျှမှာလည်း ပန်းချီဆရာ ကိုတင်မောင်၏ ဧည့်ခန်းမှ လုံးတီးမိန်းမ ပုံများလို လှပမှုန်ရီခြင်းသာ သတိထားမိလေသည်။ သူ့၌ ညစ်ညမ်းစိတ်အတန်ပျောက်သည်။ ကာမဂုဏ်စိတ်ကတော့ တခြားပေါ့၊ မတူပါဘူး။ မြနန္ဒာ အပေါ် ညစ်ညမ်းလို့မရ။ မြနန္ဒာ၏ လည်တိုင်ကျော့ကို သူ့စိတ်ကူးနှင့် မျက်နှာအပ်ကြည့်ဆဲ၊ သူ ့လက်များသည် မြနန္ဒာ၏ ခပ်ရွရွ ထုံးနှောင်သော၊ သိပ်ပြီး မပွယောင်းသော ဆံပင်ထုကို ဖြေလျော့လိုက်လိုစိတ်သာ ရှိလေသည်။
          တခါ မြနန္ဒာသည် ဖဲဝိုင်းကို သမီးငယ်ကလေး ခေါ်လာသည်။ ကတိပျက်မည်စိုးလို့ လာခြင်းဖြစ်သည်တဲ့။ ခဏဘဲ ထိုင်ပြီး တောင်းပန်ကာ ပြန်သွားသည်။ သူတို ့သားအမိ ရုပ်ရှင်သွားကြည့်ကြမည်တဲ့။ ဘဲလေးအကသာများ၍ လူကြည့်မများသော ရုပ်ရှင်မို့ ၃ ရက်နှင့်သာ ရုပ်သိမ်းသွားမည်ဆိုတော့ ရုပ်ရှင်နောက်ဆုံးနေ့ဖြစ်မည့် တနင်္ဂနွေနေ့ ကို ရုပ်ရှင်ကြည့်ရပါမည်တဲ့။ အဲသည်တကြိမ်က ကိုလှဦး အနည်းငယ်နောင်တရလိုက်သည်။ မြနန္ဒာကို တောင်းပန်ချင်သည်။ အားနာလှသည်။ မြနန္ဒာသည် ကားတစီးနှင့်လည်နေသော၊ မိန်းမပွေသော ဆရာဝန်ကြီးကတော်မျှသာ မဟုတ်ဘဲ၊ သမီးကလေးအတွက် ဖဲဝိုင်းဖျက်၍ ရုပ်ရှင်ပြသော သားသည်အမေဆိုတာ သတိရသည်။ ကြံကြံဖန်ဖန် ရင်များပင် ခုန်ခဲ့သည်။ သားအမိနှစ်ယောက် လက်တွဲ၍ ထွက်သွားပုံကို စွဲကျန်ရစ်သည်။ သမီးကလေးက မြသီတာ ဆိုလား၊ မြသီတာလေးက ဂါဝန်အဖြူကားကားကလေးနှင့် သူ့အမေကို ခေါင်းကလေးစောင်းလို့မော့ကြည့်ကာ တတွတ်တွတ်ပြောကာ ထွက်သွားသည်။ သမီးလေး မျက်နှာမှာ မအေ့ကို အင်မတန်တွယ်တာချစ်ခင်ဟန်ကို မြင်လိုက်သည်။ နာနီ့ကို အမေ့ထက် ခင်တွယ်သည့်ကလေးမျိုး မဟုတ်ချေ။ သူတို့ဧည့်ခန်းဆင်ဝင်မှ ထွက်ခွာကွယ်ပျောက်စမှာ မြသီတာကလေး၏ ကြောင်လည်ပင်းမှ ခြူကလေး လှုပ်လိုက်သလို တခစ်ခစ် လှစ်ခနဲ ရယ်မောသံကို ကြားလိုက်ရလေသည်။
          ဘာပဲဖြစ်ဖြစ်…..မြနန္ဒာကို စွဲမက်တာကိုတော့ ချိုးနှိမ်လို့မရ။ အခုလို နီးနီးကပ်ကပ် စီးကရက်မီးညှိပေးရတုန်းမှာ အနားက မခွာချင်ပေ။ သူသည် လူပျိုလူရွယ်လေးလို ကြေနပ်နေသည်။(တစ်သက်လုံး လူပျို လူရွယ်လေးလို နေလာတာတော့ အမှန်ပါဘဲ။) ခပ်သင်းသင်း ရေမွှေးနံ့ကလေးလို ရှူရှိုက်နေသည်။ သစ်ခွပန်းနံ့လား၊ ဇီဇဝါပန်းနံ ့လား။ အိမ်က မယားသည်တွေ ကိုလည်း မပေးချင်၊ သမီးအကြီးဆုံးကိုလည်း အပျိုမလုပ်စေချင်သေးသဖြင့် သည်တိုင်း သိမ်းထားရသော သူ ဝယ်ထားသည့် တပေခန့် ရှည်သည့် ပြင်သစ်ရေမွှေးပုလင်းကြီးကို သတိရ၏။ မြနန္ဒာကို ပေးချင်၏။ ဘယ်လိုပေးရပါ့မလဲ။
          တခါတုန်းက ဂျပန်ကုန်သည်တစ်ယောက်က ထောင်ကျနေသော စော်ဘွား၏ မယားချောကလေးကို လိုချင်နေတာ သတိရ၏။ စော်ဘွားကတော်လေးသည် အင်မတန်ဗိုလ်ဆန်သည်ကို ရနိုင်သည်ဟု ဂျပန်က အထင်မှားနေဟန်တူသည်။ အရက်မူးမူးနှင့် ငါးရာပေးမယ်၊ တထောင်ပေးမယ်၊ အို-ထောင့်ငါးရာ ပေးမယ်ဟု စျေးချက်ခြင်း မြှင့်ပေးသည်ကို အိမ်လည်ရင်း ကြားခဲ့ရ၏။ ထိုဂျပန်သည် စော်ဘွားကတော်နှင့်ခင်သော ကုန်သည်မြန်မာမကို ပဒေသာကပွဲကြည့်ရင်း ငွေခုနှစ်ရာ ပစ်ပေးသွားသည်၊ ကုန်သည်မြန်မာမက ထပ်ပြီးတောင်းသေး၏။ ပေးသေးသလားမသိ။ ပွဲကြည့်သောအခါ စော်ဘွားကတော်လေးကို နားလှည့်ပါးလှည့်နှင့် ဖိတ်ခေါ်လာမည်ထင်သည်။ ဂျပန်များနှင့် အတူတူ တွဲထိုင်ခိုင်းမလားမသိ၊ ထိုမြန်မာမသည် သိန်းငါးဆယ်ခန့် ချမ်းသာသည်လို့ နောက်တော့ သိရကာ ကိုလှဦးကပင် အံ့သြလိုက်လေသည်။
          သို့ပေမည့် ယခုတော့ သူလည်း မြနန္ဒာကို သဒ္ဓါချင်လှသည်။ ရှိသမျှစည်းစိမ် ပုံပေးချင်ချင်ပါရဲ့။ မြနန္ဒာကလွဲလျှင် ဖွဲနှင့်စကွဲ ထင်နိုင်ပါရဲ ့။ ဟား…..ဟား……။ စိတ်ကူးယဉ်သင်းတဲ့ လှဦးပါတကား။
          ဟုတ်သည်။ အေးစက်မယ်ထင်ရတဲ့ မြနန္ဒာရဲ့လက်ဖျားများက ပူနွေးသားဘဲ။ ထင်တာထက်လဲ ပျော့ပျောင်းလှတယ်။ နှစ်ယောက်တည်းသာ ဆိတ်ကွယ်ရာမှာဆိုလျှင် ပွေ့ဖက်လိုက်မိတော့မည်။
          ထိုခဏ၌ မြနန္ဒာ၏ မျက်တောင်ကော့များသည် တုန်ရီလှုပ်ရှားလာပြီး မျက်လွှာပင့်အတင်မှာ မျက်ခွံမို့မို့များနှင့် ကပ်နေကြ၏။ ညို့မှောင်အေးဆေးသော မျက်လုံးများ ကြည်လဲ့နေသည်ကို တွေ့ရပြန်၏။ မိမိကိုဖောက်ထွင်းမြင်သလို ခက်ထန်သလိုထင်ပြီး မလုံမလဲစိတ် ဝင်လာ၏။ သူကလေးရဲ့ နှုတ်ခမ်းများကတော့ ပြုံးတော့မြဲပင်။ ကလက်ချင်ဟန်ကိုရှာ၏။ မတွေ့ ။ အနည်းငယ် ရိုသေစိတ်ဝင်လာပြီး ဆထက်တန်ဘိုး လိုချင်လာပြန်သည်။ သူ သတိရသော် မြနန္ဒာ၏ နွေးထွေးသော လက်ခုပ်ကလေးသည် သူ့လက်ပေါ်တွင် မရှိတော့ဘဲ သူ မီးညှိပေးနေသော စီးကရက်သည် ရဲရဲညီကာ ပြာပင်တည်နေလေပြီ။
          ဦးသန်းတင့်၏မယားသည် ကျောင်းနေဘက် သူငယ်ချင်း ယုယုခင်က - ကိုကိုငမ်းတို့ရဲ့ ….-အစချီကာ ပြောလိုက်သံကို မသဲမကွဲ ကြားရ၏။ တော်တော်သရမ်းတဲ့ ဟာမကြီး….။ ကျိန်ဆဲပစ်လိုက်သည်။
          အိပ်မက် မက်လေ့ မရှိသော ကိုလှဦး၏ မလှတလှ အိပ်မက်သည် အလန့်တကြား ပျက်ပြားလေပြီ။
xxx
သို့သော် လင်းထင်ကတော့ အိပ်မက် အမြဲမက်တတ်သည်။
          မြနန္ဒာနှင့် ပတ်သက်သော အိပ်မက်များသည် အမြဲလှပ၍ ဝမ်းနည်းဖွယ် အတိရှိသည်။ ဆုံးရှုံးခြင်းကို ပြတတ်သည်။ အိပ်မက်ထဲတွင် မြနန္ဒာသည် အသက်ရှင်နေလျှင် ဖမ်းလို့ မမိဘဲ ရှိတတ်ပြီး၊ လက်မောင်းတွင်း ရောက်လာလျှင်တော့ သေလုဆဲ သို့မဟုတ် သေပြီးစ ဖြစ်နေတတ်သည်။ မြနန္ဒာ၏ ရှားနဲလ်ရေမွှေးနံ့များ လှိုင်နေတတ်သည်။ နှင်းဆီပွင့်များ အိပ်မက် ကားချပ်၏ ဘောင်ပတ်လည်တွင် မယုံနိုင်အောင် ထောင်သောင်းနှင့်ချီ၍ ပွင့်နေတတ်သည်။ သည်လောက်များပြား၍ ထူးဆန်းသော နှင်းဆီ ခရမ်းရောင်များ၊ ချော့ကလက်ရောင်များ၊ နှင်းဆီပြာများကို တွေ့ရပြီ။ ထို့ကြောင့်ပင် အိပ်မက်ထဲမှာလည်း အိပ်မက်မှန်း သိနေတတ်သည်။
          သို့သော် ခေါင်းမာသော လင်းထင်သည် သူ့စိတ်ကို သူ ချုပ်တည်း၍ အိပ်မက်မှန်း သိသော အသိကိုဖျောက်ကာ ဆက်လက်၍ မက်သည့် အခါ မက်ပြီး နိုးသည့်အခါ နိုးတတ်သည်။
          ထိုအခါ သူ့ကျောဘက်၌ အိပ်ပျော်နေသည်ဖြစ်သော ခင်အေးရီ ကြားမည် မကြားမည်ကို သိပ်မပူပင်ဘဲ “မောင့်နှမ မြနန္ဒာ” ဟု နှုတ်မှ ညည်းညူလေ့ရှိလေ၏။
          မြနန္ဒာနှင့် လင်းထင်တို့သည် တော်တော် ခင်မင်ခဲ့ကြဖူးသည်။ အဲဒီတုန်းက မြနန္ဒာသည် ယခုထက် အနည်းငယ် ပိုမိုနုနယ်ပြီး ပါးပြင်များ အလိုလို နီနေတတ်သည်ကို သတိရ၏။ အသက် ၂၃ နှစ်အရွယ် မြနန္ဒာက ကိုယ့်ထက် ၄-၅ နှစ်ခန့် ကြီးလေတော့ လင်းထင်ကို မလေးစားလောက်ဘူး ထင်လေသလားမသိ။ ရင်းရင်းနှီးနှီး အတူတွဲလို့ သွားလာခဲ့ကြသည်။ အင်းလျားသို့ သွားကြ၏။ အသားညှပ်ပေါင်မုန့်များ၊ ပန်းသီး၊ နှင်းသီး၊ စပျစ်သီးများကို မြနန္ဒာက ယူလာပြီး စားကြ၏။ တစ်မျိုးတည်းသော အယူအဆကို နှစ်ယောက် ပြိုင်တူပြောမိပြီး ရယ်မောကြရ၏။ (မြနန္ဒာ စိတ်ကူးနေသော သီချင်းကို သူ ညည်းမိလျက်သား ရှိတတ်၏။) ဝတ္ထုစာအုပ် ၃ - ၄ အုပ်ကို တစ်ပြိုင်နက် ဟိုကူးသည်သန်း ဖတ်လေ့ရှိပုံက အစ တူတတ်၏။ မောင်နှမနှင့် တော်တော်တူသည်။ အမြွှာပူးနှင့် တော်တော် တူသည်။ တစ်ယောက်နှင့် တစ်ယောက် ငြင်းခုံရတယ်လို့ မရှိ။ တမင် အလျှော့ပေးနေရတာလည်း မဟုတ်။ ငြင်းခုံစရာ မပေါ်ဘဲ သဘောချင်း ညီနေတတ်ကြသည်။
          သို့သော် လင်းထင်သည် ရေမကူးတတ်ချေ။
          “နန္ဒာ သင်ပေးပါလား” ဟု စဖူး၏။
          မြနန္ဒာက သိပ်ကိုသဘောကျသွားသည့်ပမာ ခေါင်းနောက်ပစ်၍ ရယ်ကာ “အို... နန္ဒာ သူ့ရှေ့မှာ ရေမကူးချင်ပါဘူး၊ ရှက်တယ်” ဟု ပြောလေသည်။
          “မောင်လေးပဲဗျာ”
          “ဟင့်အင်း”
          “တခြားသူတွေ ရှေ့တော့ ကူးတယ်”
          “မကူးပါဘူး၊ သူကလည်း ယောကျ်ားတွေရှေ့မှာ ဘယ်တော့မှ မကူးဘူး။ မိန်းမချင်းလည်း ရှက်တာပဲ”
          ဒါနှင့် လှေ ခဏခဏ လှော်ကြရ၏။ လင်းထင်က ပဲ့မကိုင်တတ် ပြန်ချေ။ မြနန္ဒာသည် ကမ်းနှင့် မနီးမဝေးမှာသာ လှော်ချင်သည်။ မြနန္ဒာက ပဲ့ကိုင်သည်မို့ လင်းထင်က ဘယ်လို အားကြုံးလို့လှော်လည်း လှေသည် ကမ်းဘက်သို့ ဝေ့ဝိုက်လာတတ်သည်။
          “ကျွန်တော့်ကို ပဲ့ကိုင် သင်ပေးပါလား”
          “ဘာလုပ်မှာလဲ၊ သူကလည်း”
          “ကျွန်တော် ပဲ့ကိုင်တတ်ရင် ဟိုအဝေးကြီး ရေလယ်ကို ရောက်အောင် သွားချင်လို့”
          “ရေလည်း မကူးတတ်ဘဲနဲ့၊ မှောက်ရင် ဘယ့်နှယ်လုပ်မလဲ”
          “နန္ဒာက ဆယ်မှာပေါ့”
          “ဘယ် ဆယ်နိုင်မှာလဲ”
          “အဲဒီတော့လည်း နှစ်ပစ်လိုက်မှာပေါ့ဗျာ”
          မြနန္ဒာသည် ပဲ့ကိုင်တော့ သင်ပေးသည်။ တကယ်တော့လည်း လင်းထင်တစ်ယောက်တည်း လှေတစ်စင်းနှင့် ယက်ကန်ယက်ကန် လုပ်နေဖန်များလို့ တတ်တာထင်ပါရဲ့။ သူ တတ်ပေမယ့် မတတ်ချင်ယောင်ဆောင် နေသေးသည်။ မြနန္ဒာနှင့် လှေပဲ့မှာ ကျပ်ကျပ်တည်းတည်း ပူးကပ်ထိုင် ရတာကို မက်မောကာနေသည်။
          နောက်တော့ မြနန္ဒာသည် ရိပ်မိသွားပြီး လှေဦးမှာ သွားထိုင်နေတော့လေရာ၊ လင်းထင်သည် ခုမှအကွက်ဆိုက်ပြီး ဟိုးအဝေးကြီး ရေပြင်သို့ ဦးတည်လှော်ပြန်တော့သည်။ မြနန္ဒာသည် တစ်စုံတစ်ရာ ပြောမလိုလိုဖြင့် မပြောတော့ဘဲ ပြုံးနေကျ အပြံုးလဲ့လဲ့သာ ပျောက်ပျက်သွားပြီး ငေးမော နေလေသည်။
          မြနန္ဒာနှင့် ခင်မင်ရသော ထိုတစ်နှစ်လုံးပင် သူတို့ နှစ်ယောက် သည် စနေ၊ တနင်္ဂနွေမှအပ ဗုဒ္ဓဟူးနေ့ တစ်ချိန်သာ ရှိသဖြင့် မြနန္ဒာ ကျောင်းမလာသောနေ့မှအပ မနက်ခင်းတိုင်း တွေ့ကြသည်။ နံနက် စာသင်ချိန်ကို နှစ်ယောက်လုံး မတိုင်ပင်ဘဲ လစ်ကြသည်။ မြနန္ဒာ ဘီအေ နောက်ဆုံးနှစ်၊ လင်းထင်က အိုင်အေ ပထမနှစ်၊ ကျောင်းသားသစ်။
          “နန္ဒာ ဘီအေ အောင်ရင် ကျောင်းထွက်သွားတော့မှာပဲနော်” ဟု သူ ပူပင်ခဲ့ရသည်။
          “ဒါပေါ့”
          “ကျောင်းထွက်ပြီး ဘာလုပ်မယ် စိတ်ကူးလဲ”
          “အိမ်မှာနေရုံပေါ့၊ နန္ဒာ့ပါပါက အလုပ် လုပ်စေမှာ မဟုတ်ဘူး။ စာသင်တာ အလှသင်တာ”
          “အလှသင်တာ၊ ဆန်းလှချည်လား”
          “ဟုတ်တယ်၊ အလှသင်တာ”
          “နန္ဒာ ကျူတာဖြစ်ဖြစ် လုပ်ပါလား။ အင်္ဂလိပ်စာဌာနမှာဖြစ်ဖြစ်၊ သမိုင်းဌာနမှာဖြစ်ဖြစ်၊ ကျွန်တော့် ဆရာမပေါ့”
          “နန္ဒာ အလုပ် မလုပ်ချင်ပါဘူး၊ ကျောင်းကိုတော့ လာနေချင်သားပဲ”
          “ကျွန်တော့်ကိုလည်း တွေ့ချင်သားပဲပေါ့နော်” ဟု မြနန္ဒာ၏ ပေါ့ရွှတ်ရွှတ်လေသံကို စိတ်ထဲကနာသွားကာ မေးမိလျှင်
          “ေတြ႕ခ်င္သားပဲ”
          “ကျွန်တော်ကတော့” ဟု တံတွေးမျိုပြီးမှ...
          “သိပ်ကို တွေ့ချင်နေတာပဲ၊ အမြဲ တွေ့ချင်နေတာပဲ”
          “အိမ်လာလည်ပေါ့၊ သူကလည်း”
          “မဝံ့ပါဘူးဗျာ၊ နန္ဒာအိမ်ကြီးက နန်းတော်ကြီးလို ထည်ဝါပါဘိသနဲ့။ ရဲတိုက်လိုလည်း လုံခြုံပါဘိသနဲ့၊ သော့ခလောက်ကြီးက လက်တစ်ဝါးလောက်နဲ့။ ဒရဝမ်လည်းစောင့်၊ ခွေးသုံးကောင်လည်းစောင့်”
          မြနန္ဒာသည် ရယ်မောပြန်ကာ…
          “ကြည့်စမ်း၊ ကြည့်စမ်း။ သူ ဘယ်လိုလုပ်သိလဲ။ အိမ်ရှေ့ရောက်ဖူးတယ်ပေါ့လေ၊ ဒါနဲ့များ မနေ့က အိမ်နံပါတ်၊ လမ်းနံပါတ်တွေ မေးလို့”
          “အိမ်ရှေ့ ရောက်ဖူးတယ်လေ၊ အိမ်နံပါတ် မကြည့်မိဘူး။ အိမ် နံပါတ် မေးမိတော့လည်း လမ်းနာမည် မမေးရင် ဘယ်တော့ကောင်းမှာလဲ။ မကောင်းတတ်လို့ မေးရတာ”
          တကယ်တော့ သူ ညာလိုက်ခြင်းပင်။ မြနန္ဒာနှင့် သိသိမှတ်မှတ် မနက်တိုင်း အင်းလျားသို့ ရောက်ခဲ့ကြသော်လည်း မောင့်နှမ မသိအောင် ခပ်လှမ်းလှမ်းက တကောက်ကောက် လိုက်ခဲ့သည်မှာ များလှလေပြီ။ မြနန္ဒာ၏ ကားဒရိုင်ဘာနှင့် ပေါင်းရ၏။ အိမ်က ရသမျှငွေနှင့် ဖို့ရ၏။ ပြီးတော့ သည်ညနေ မြနန္ဒာနှင့် သူ့ပါပါ၊ မာမာတို့ ဘယ်ရုပ်ရှင်သွားလိမ့်မည်ဆိုတာ သတင်းယူရ၏။ ရုံရှေ့က စောင့်ရ၏။ မောင့်နှမ မမြင်အောင် ပုန်းရှောင်ရပြန်ပြီး မီးငြိမ်းမှဝင်ကာ မြနန္ဒာမျက်နှာ တစ်ခြမ်းမျှ မြင်ရသော ခပ်စောင်းစောင်း နောက်မကျတကျခုံက ထိုင်၍ ကြည့်ရ၏။ အလင်းရောင် များသော အက၊ အခုန်ကားများကို သူတို့ ကြည့်တတ်ရာ မှောင်ရီရီတွင် ဝင်းပသော မြနန္ဒာ၏ မျက်နှာကို ဝမ်းသာအားရ ကြည့်ရတတ်သည်။
          စနေ၊ တနင်္ဂနွေများမှာ မြနန္ဒာတို့သည် လူအတော်အသင့်ကို ဧည့်ခံတတ်ပြန်၏။ အိမ်ရှေ့တွင် ကားတန်းကြီး စီနေတတ်သည်။ ဧည့်ခန်းက ဓာတ်ပြားဖွင့်သံ၊ စကားပြောသံ၊ ရယ်မောသံများကို နားစွင့်ရ၏။ ပီယာနို တီးသံကြားလျှင် မြနန္ဒာကို မှန်းဆမြင်ရ၏။ ဇာခန်းဆီးနား လာရပ်သည်ကို တစ်ခါတစ်ရံ ရေးရေးမြင်ရ၏။ မကြာခဏပင် ဧည့်သည်များ ပြန်သည်အထိ သူ့ခြံဝမှာ ရစ်ဝဲကာ ဒရဝမ်နှင့် စကားပြောနေတတ်သည်။ မြနန္ဒာအခန်း မီးငြိမ်းသွားမှ ပြန်လာရသည်။
          သူကလေး နွမ်းနယ်နေရှာမလား။
          မှန်ရှေ့မှာ သူ့ညိုမောင်းထူထဲသော ဆံပင်များကို ဖြေလျှော့သည့် အခါ ပြုံးရွှင်ကျေနပ်မည်လား။
          ဧည့်သည်များထဲမှာ ယောကျ်ားငယ် ဘယ်နှယောက် ပါသည်လဲ။
          သည်လိုအချိန်မျိုးမှာ လင်းထင်ကို သတိရနိုင်ပါ့မည်လား။
          တဖြည်းဖြည်းတော့လည်း သူ့ရစ်ဝဲသီဝေ့ပုံများကို မြနန္ဒာ သိရပြန်သည်။
          “သူ... ဘာဖြစ်လို့ သည်လို လုပ်တာလဲ” ဟု စိတ်ညစ်ညူးဟန်ဖြင့် မေးသည်။
          “မသိပါဘူး နန္ဒာရယ်” ဟု ဖြေမိပြီး သည့်ထက်ကောင်းသော၊ ပွင့်လင်းသော အဖြေကို မဖြေမိသည့်အတွက် နောင်တရ၏။ ပြောဦးမည်၊ အမီပြောဦးမည် စိတ်ကူးရင်း စိတ်ကူးရင်း နောက်ကျသွားကာ မပြောလိုက်ရတော့ချေ။
          “နန္ဒာ့ကို ချစ်တဲ့သူ၊ လိုချင်တဲ့သူတွေတော့ သိပ်ပေါတာပဲနော်” ဟု မရဲတရဲ စမိလျှင် “ဒါတွေ ပြောမနေစမ်းပါနဲ့ကွယ်”ဟု တားတတ်သည်။
          “ဘာဖြစ်လို့လဲ”
          “မပြောပါနဲ့ဆို”
          “စိတ်တော့မဆိုးပါနဲ့ နန္ဒာရယ်၊ ဘာဖြစ်လို့လဲ။ ချစ်တဲ့သူတွေ ပေါတော့ ရွေးစရာများတာပေါ့၊ မကောင်းဘူးလား။ နန္ဒာ တကယ်သဘောကျနိုင်မယ့်လူ ရှာနိုင်တာပေါ့”
          မြနန္ဒာက စိတ်ညစ်ညူးဟန်ဖြင့် ခေါင်းယမ်းကာ နေခဲ့သည်။ ပြီးမှ “နန္ဒာ့မှာ စေ့စပ်ပြီးသား၊ အစ်ကိုနှစ်ဝမ်းကွဲပဲ။ ပါပါ မာမာတို့ ထုံးစံပဲ။ ချစ်တဲ့သူတွေပေါတာက ပင်လယ်ရေလိုပဲ၊ သုံးလို့ မရဘူး။ သက်သက်မဲ့ ဖြုန်းတီးပစ်တာပဲ၊ နှမြောစရာကြီး” ဟု အစီအစဉ်မရှိ ပြောသေးသည်။
          “မခ်စ္ဘဲယူရမွာ မေၾကာက္ဘူးလား”
          “ေၾကာက္တယ္”
          “ချစ်မှယူပေါ့ နန္ဒာရဲ့”
          “ချစ်တဲ့သူလည်း မတွေ့သေးပါဘူး”
          “တကယ်လား” ဆိုကာ သူ ဝမ်းနည်းသွားခဲ့သည်။
          သူတို့သည် တိတ်ဆိတ်နေကြပြီး လင်းထင်က မကျေမနပ် ပြောမိသေးသည်မှာ...
          “အချစ်ခံရတာ များတော့လည်း မဆန်းလှဘူးပေါ့နော်။ ဘယ်သူ့ အချစ်မှ ထူးပြီး အဖိုးတန်မယ် မဟုတ်ဘူးပေါ့”
          မြနန္ဒာသည် လင်းထင်ကို ဖျတ်ခနဲ ကြည့်သည်။ ခါတိုင်း အေးဆေး ငြိမ်သက်သော အမူအယာ ပျောက်သွားပြီး ဖျတ်လတ်သွက်လက်လာကာ အပျိုဖျန်းကလေးလို မျက်နှာများပင် နီလာသည်။ ပြီးတော့ ခေါင်းတစ်ချက် ငဲ့လိုက်ရာ တစ်ပတ်လျှိုထုံးထားသဖြင့် ဆံမြိတ်ညိုသည် ပခုံးပေါ်သို့ ပျံဝဲ ဖြာသွန်းကျလာလေသည်။
          “ဘယ်သူ့ အချစ်လဲ”
          လင်းထင်သည် ဆံမြိတ်ညိုကိုသာ ငေးကြည့်ကာ ခပ်လေးလေးပင် “မသိဘူးလေ” ဟု ဖြေမိလေသည်။
          ကဲ... ဘယ်လောက်များ ရူးမိုက်တဲ့ သူငယ်ပါလိမ့်မယ်။ ကျွန်တော့် အချစ်ပေါ့လို့ ဘာဖြစ်လို့ မပြောမိပါလိမ့်။ မောင့်အချစ်ပေါ့... မောင့်နှမ မြနန္ဒာရဲ့လို့ ဘာဖြစ်လို့များ မပြောမိပါလိမ့်။ သူသည် အင်မတန် ငယ်ရွယ် နုံအသည်။ အဲဒီတုန်းက သူ ၁၇ နှစ်မျှသာပဲ ရှိသေးသည်။ မုဆိုးမအမေ နှင့် နေလာလို့များ မကြီးရင့်လေသလား။ အဖေကို မမြင်ဖူးလိုက်သည့် သားမို့ နုံအလေသလား။ သူ စိတ်အားငယ်ရအောင် သူတို့သည် ဆင်းရဲ နွမ်းပါးလှတာလည်း မဟုတ်။ အမေ့လုပ်ငန်းက နှစ်စဉ်ရငွေသည် သူ ဖြုန်းတတ်၊ သုံးတတ်၊ လည်ပတ်တတ်လျှင် သူဌေးသားကလေးနီးပါးမျှ နေနိုင်လောက်အောင်တော့ လုံလောက်မည်။           ဒါမှမဟုတ် အမေ့တစ်ဦးတည်းသော သားပီပီ အိမ်မှာနေသည် များကာ စာအုပ်နှင့်၊ ပတ္တလားနှင့်၊ စောင်းကောက်နှင့် ဆိုကာ၊ တီးကာ၊ ကဗျာစပ်ကာ၊ ဝတ္ထုရေးကာ နေခဲ့ရလို့ လက်တွေ့မှာ မသွက်လက်တာ ဖြစ်မည်။ ပြီးတော့ မြနန္ဒာနှင့် တွေ့သည်အထိ ဆယ်တန်းကျောင်းတွင် ဆယ်နှစ်ကျော် နေခဲ့ရာမှာ တစ်ခါမျှ ရည်းစား မထားဖူးခဲ့ချေ။ သူ့ အပေါင်းအသင်းများသည် ဘကြီးကမွေးသော လိမ္မာလှသည့် အစ်ကိုဝမ်းကွဲ နှင့် အစ်မဝမ်းကွဲများသာ ဖြစ်လေသည်။ အမေက “သားသားလေး” ဟု ခေါ်လျှင် သူတို့က “လင်းထင်လေး” လို့၊ “မောင်မောင်လေး” လို့၊ “ညီညီလေး” လို့ ခေါ်ကြတယ်။ သူကလည်း အမေ့တွင်မက အစ်ကို အစ်မနှင့် ဘကြီးတို့ကို ခေါင်းခွေ့ကာ နေခဲ့တတ်သည်မှာ ယခုထိပင်။
          တစ်နေ့တော့ မြနန္ဒာ “ဟေ့... သူက ကဗျာဆရာ၊ စာရေးဆရာ ဆို” လို့ မေးလေသည်။ သူတို့ ခင်မင်လာပြီး သုံးလေးလ အကြာလောက်မှာ ထင်သည်။
          “ဘယ်သူ ပြောလဲ” ဟုသာ ဖြေလိုက်ရာ...
          “ကြည့်စမ်း၊ နန္ဒာကိုတော့ မပြောဘူး။ သည်လောက် နေ့တိုင်းတွေ့နေပြီး”
          “ဘာပြောရမှာလဲ နန္ဒာရဲ့၊ နန္ဒာ မဖတ်မိဘူးလား”
          “ဟင့်အင်း၊ မြန်မာလို ရေးတာလား”
          “ဒါပေါ့”
          “အို”
          “ဘာအိုလဲ”
          “နန္ဒာက မြန်မာစာမှ မဖတ်တာ”
          “ဟောဗျ” ဟု လင်းထင်က ဆိုခဲ့သည်။
          “သူကလည်း” ဟုသာ ဆိုမြဲဆိုသည်။ မြနန္ဒာသည် ဝေခွဲမရဟန်နှင့် ကြည့်နေလေသည်။
          “ရှုမဝတို့၊ မြဝတီတို့၊ တာရာတို့ မဖတ်ဖူးဘူးလား”
          “တစ်ခါမှ မဖတ်ဖူးဘူး။ မဂ္ဂဇင်းလား၊ ဂျာနယ်လား”
          “တော်ပါသေးရဲ့။ မြန်မာစကား တတ်လို့” ဟုသာ သူက ပြောလိုက်လျှင် မြနန္ဒာက အရိုးခံဖြင့် “ဟုတ်တယ်၊ သူ မသိဘူးလား၊ ကျောင်းမှာကလွဲလို့ အိမ်မှာ မြန်မာလိုလည်း ဘယ်တော့မှ မပြောဘူး”
          မြနန္ဒာက ထိုအယူအဆကို ခုမှကြားရသည့်သဖွယ် မျက်လုံးကြီးများ ပြူးကာ နားထောင်နေပြီး “နန္ဒာတို့က ဗုဒ္ဓဘာသာပါပဲ” ဟု ပြောသည်။
          “အစ်ကိုဝမ်းကွဲတွေ ရှင်ပြုတုန်းက နန္ဒာလည်း နားထွင်းရတယ်၊ နားသရတယ်၊ နားပေါက် မဖောက်ဘူးလေ။ ထိုင်မသိမ်း ထဘီ အလှ ဝတ်ပြီး ညှပ်ပန်ရတဲ့ နားကပ်ကလေး ပန်ပေးတာပေါ့။ ပါပါ ဂျပန်က ဝယ်လာတဲ့ ပုလဲကြိုး အရှည်ကြီးလည်း ရတယ်။ သိပ်လှတာပဲ။ ဒါနဲ့ ထတောင် ကသေးတယ်”
          “ငယ်ငယ်တုန်းကလား”
          “နန္ဒာ ငါးနှစ်အရွယ်လောက်ကပေါ့။ အို... အဲ့ဒီတုန်းက သူတောင် မမွေးသေးဘူးနော်”
          သူက ဘာမျှ မပြောဘဲ နေနိုင်သည်။
          “သူ ဘယ်လို ကဗျာတွေရေးလဲ ပြောပြစမ်းပါဦး။ နန္ဒာလည်း မဖတ်ရဘူးလား”
          “ကျွန်တော်ရေးတာက သိပ်မဆန်းပါဘူး။ စိတ်ကူးယဉ်ပါပဲ”ဟု သူက အနည်းငယ် ရှက်ရှက်ဖြင့် အချိန်ဆွဲနေလိုက်သေး၏။
          “နေပေါင်း ရာထောင် ဝင်လို့ လပေါင်း ရာထောင် ထွက်ခဲ့တာတို့၊ လိပ်ပြာကလေး နန္ဒာ့ပခုံးပေါ် လာနားတဲ့အခါ၊ နန္ဒာ့ဆံပင်ထဲ သစ်ရွက်တွေ ကြွေပြီး ငြိလာတဲ့အခါ မောင်က လွှတ်လိုက်တယ်ဆိုတာ သိစေချင်တာပေါ့”
          သည်တစ်ခါပဲ သူသည် လွှတ်ခနဲ “မောင်”လို့ သူ့ဘာသာ ပြောခဲ့မိသည်။ သူ မျက်နှာနီလာဆဲ။ မြနန္ဒာက သတိပင် မထားမိလေသလားမသိ။ အမှုမဲ့လိုပင်။
          “ကဗျာလေးတွေက လှမှာပေါ့နော်” ဟုသာ ပြောသည်။
          “မသိဘူးလေ၊ ဖတ်ကြည့်ပေါ့။ ဖတ်တတ်ရဲ့လား မြန်မာလို”
          “အောင်မာ... မကဲစမ်းပါနဲ့။ သည်လောက် မဟုတ်ပါဘူး။ ပါပါက သိပ်ဗိုလ်ဆန်လို့သာ။ ပြီးတော့ အင်္ဂလန်မှာ ၁၂ နှစ်လောက် နေလာခဲ့တာ။ မာမာဘက်ကလည်း အဘိုးက ဂျာမန်စပ်ဆိုတော့ ဂျာမန်လို တစ်သက်လုံး သင်နေရတာနဲ့ မြန်မာစာ မဖတ်ရတော့ဘူး။ ခုလည်း ပြင်သစ်စာ သင်နေ ရပြီ၊ ပါပါက ငယ်ငယ်ကတည်းက အင်္ဂလန်မှာ ကျောင်းထားပေးချင်တာ။ စစ်ဖြစ်သွားလို့တဲ့” ဟု ရှက်ကိုးရှက်ကန်း ပြောသည်။
          “အင်္ဂလန်သွားနေရင် ကျွန်တော်နဲ့ တွေ့ရသိရမှာ မဟုတ်ဘူးနော်”
          “ဒါပေါ့၊ မကောင်းဘူးလား”
          “သိပ်ကောင်းမှာပဲ” ဟု သူက စိတ်ပါလက်ပါ ပြောလိုက်ရာ မြနန္ဒာသည် စိတ်တော်တော်ဆိုးကာ ကျောင်းဆောင်ဘက်သို့ ထပြန်သည်ကို ကမန်းကတန်း လိုက်ခဲ့ရသေး၏။ အဲသည်တုန်းက သူတို့သည် စကား တစ်လုံးမှတော့ မပြောနိုင်ကြ။ လင်းထင်သည် ရင်များလည်း ဒိတ်ဒိတ် ခုန်သည်။ ရင်ထဲမှာ ဟာသည်။ ရယ်လည်း ရယ်ချင်သည်။ မြနန္ဒာ ခု တလော စိတ်ခဏခဏ ဆိုးသည်လို့ သူ သတိရသည်။ သူကသာ နွဲ့ချင် တာပဲဟု စဉ်းစားသည်။ လင်းထင်သည် ခေါင်းနှင့် ခွေ့ရဖို့ လမ်းမမြင်။
          မြနန္ဒာသည် မိန်းကလေးများ နားရာအခန်းသို့ ဝင်သွားလျှင်တော့ သူ မတတ်နိုင်တော့ဘဲ စိတ်ညစ်လာပြီး အိမ်သို့သာ ပြန်လာခဲ့လေသည်။ အမေကတောင် မေးသေးသည်။ “သား၊ သား နေမကောင်းဘူးလား”ဟု ပူပင်လာသည်။ တကယ်တော့ သူသည် ကိုယ်မပူချေ။ မြနန္ဒာနှင့် အင်းလျားကန် သစ်ပင်ခြေရင်းတွင် ထိုင်ကြစဉ်က နေပူထဲ သူရောက်နေသည်။ မြနန္ဒာက ရွှေ့ခိုင်းပြီး နောက်တော့ မေ့သွားကြသည်။
          သူတို့နှစ်ယောက်သည် သီချင်း၊ ဂီတကိုလည်း အတူချစ်ကြသည်။ ကာလပေါ် ကျော်ကြားသော သီချင်းများကို တစ်ယောက်နှင့်တစ်ယောက် ဆိုခိုင်းကြ၏။ လင်းထင်က ဆိုရတာ များသည်။ မြနန္ဒာက ရှက်တတ်သည်။ ပြီးတော့ မျှော်လင့်သည့်အတိုင်းပင် မြနန္ဒာ ရသော သီချင်းများမှာ အင်္ဂလိပ်သီချင်းများဖြစ်၍ ပီယာနိုတီးလျှင် ရှေးသီချင်း တီးသည်ဆိုသည်မှာ အင်္ဂလိပ် ရှေးသီချင်းများသာ ဖြစ်သည်ဆိုတာ သိရပေ၏။
          “အီတာလျှံ ဘုန်းကြီးဆီက သင်တာ” ဟု ပြောပြသေးသည်။
          “နောက် နန္ဒာ ၁၅ နှစ် သမီးလောက်ရောက်တော့ ဖာသာဂျီအို ဗာနီက ရန်ကုန်ကျောင်းအုပ်ဖြစ်ပြီး ပြောင်းရတယ်။ ပါပါက ပီယာနိုတီး သင်တာ ပျက်မှာစိုးလို့ဆိုပြီး အဲဒီနှစ်ပဲ နန္ဒာတို့အိမ်ကို ဆောက်တာပေါ့။ မက်ထရစ်လည်း ဖြေရတော့မယ်ဆိုပြီးပေါ့”
          ကြီးကျယ်ခန်းနားပါပေသည်။
          သိပါသည်။  အဲသည်ကတည်းက  သိလိုက်သည်။  မြနန္ဒာနှင့် လင်းထင်တို့သည် တစ်ကမ္ဘာဆီက လာသည်။ တစ်ကမ္ဘာဆီမှာ နေကြသည်ဆိုတာ။ မြနန္ဒာလို သူ အင်္ဂလိပ်စကား သွက်သွက် မပြောတတ်။ မြနန္ဒာလို ကြီးကျယ်ခမ်းနားစွာ မနေတတ်။ မနေချင်။ မြနန္ဒာ ကြိုက်တတ်သော ဘောင်းဘီရှည်နှင့် နက်ကတိုင်လည်း သူတစ်ခါမှ မဝတ်ဆင်ခဲ့စဖူး။
          “အပေါ်က ရှပ်ဝတ်ပြီး အောက်က လုံချည်ဝတ်တော့ ကြည့်ရဆိုးတာပေါ့။ အပေါ်က ကျကျနန ဝတ်ပြီး အဖျားရှူးသွားတာနဲ့ သိပ်တူတာပဲ။ ပြီးတော့ လုံချည်ဝတ်တော့ မိန်းမနဲ့ တူနေတယ်။ မတူဘူးလား။ ကြည့်နေ ကျနေလို့သာ သတိမရကြတာ။ မဟုတ်ဘူးလား။ ပါပါဆို ဘယ်တော့မှ လုံချည်မဝတ်ဘူး။ လက်ဆောင်ရတဲ့ ဘန်ကောက်ပုဆိုးတွေဆို မာမာကလည်း ဘန်ကောက်မကြိုက်တော့ ကူရှင်အစွပ်ပဲ ချုပ်ပစ်လိုက်ရော” ဟု မြနန္ဒာက ပြောဖူး၏။
          “နန္ဒာနဲ့ ပေးစားမယ့် အစ်ကိုဝမ်းကွဲကလည်း ဘောင်းဘီနဲ့ နက်ကတိုင်နဲ့ပေါ့နော်”
          “သူကလည်း” ဟုသာ ပြောကာ မြနန္ဒာသည် မရွှင်မလန်း ရယ်သည်။
          “သူက ခု ရန်ကုန်မှာလား၊ ကျောင်းသားလား၊ အလုပ်လုပ်နေပြီလား”
          “အေမရိကမွာ၊ ဆရာဝန္ပဲ”
          မြနန္ဒာနှင့် မဆုံစည်းခဲ့ရလျှင် ကောင်းမှာဟု သူ မကြာခဏ တွေးခဲ့သည်။ သို့သော် မြနန္ဒာကို နာမည်ကြားစက နာမည်ကို ချစ်ချင်သည်။ လှပုံ၊ ချမ်းသာပုံ၊ ဗိုလ်ဆန်ပုံ၊ ဆွေမျိုးကြီးကျယ်ခမ်းနားပုံ ကြားရပြန်တော့လည်း ချစ်ချင်တုန်းပဲ။ မမြင်ဖူးခင်က ချစ်တယ်ဆိုတုာ ၁၇ နှစ်သား ဘဝမှာတော့ ဖြစ်နိုင်နေတာပဲ။ တစ်ညမှာ ည မာရ်နတ် သွေးဆောင်ရာသို့ လိုက်မိမှားသည်ထင့်။ ကရင်သူငယ်ချင်းတစ်ယောက်ဖိတ်သည့် ပုဂံဆောင် ညစာစားပွဲသို့ ရောက်ခဲ့ရာမှ မြနန္ဒာနှင့် တစ်စားပွဲတည်း ထိုင်မိလျက်သား ရှိရ၏။ နာမည်ကြီးလှသည့် အရှိန်အဝါ ခံ့ညားလှသည့် မြနန္ဒာကို ဘေးပတ်လည်မှ စားပွဲများက ငေးမောရစ်သီဆဲ။ သူက အမှတ်တမဲ့ မြနန္ဒာ ဘေးစားပွဲတွင် မြနန္ဒာနှင့် ကပ်လို့ထိုင်မိသည်။ မြနန္ဒာ စားပွဲတွင် ပါမောက္ခ တစ်ဦးနှင့် ကျောင်းသားကြီးတစ်ဦးသာ ထိုင်သည်ကို သူ မသိခဲ့။ ကျောင်းသားသစ် ပွဲခင်း မဝင်ဖူးသူဆိုတော့ ခပ်ကြောင်ကြောင်ဖြင့် ကုလားထိုင်လွတ်သည်ကိုသာမြင်၍ ဝင်ထိုင်မိခြင်းပင်။
          မြနန္ဒာသည် ငွေပြာနုရောင် ခပ်မှုန်မှုန်လက်သော အဝတ်အစားများ ဝတ်ထားသည်ကို တွေ့ရ၏။ အဲသည်ခေတ်က ဝတ်စားဟန်အတိုင်း သူ ကလေးရဲ့ ခေါင်းမှာ ဖဲပြားချည်သော်လည်း ဖဲပြားသည် သေးငယ်မျှင်နု၍ လေလွှင့်သဖြင့် လွင့်လာသော တိမ်တစ်စလို ချစ်ဖွယ်ကလေး ရှိသည်။
          ပါမောက္ခနှင့် ကျောင်းသားကြီးက သူ့ကို အဖက်မလုပ်။ မြနန္ဒာကိုပဲ အရေးပေးနေကြသည်။
          လင်းထင်ကတော့ သူ့ရင်ကို ထိတ်စေကာ ပွဲလယ်တင့်လှသော အလှမယ်ကို အခွင့်ရတိုင်း ခိုးပြီးကြည့်ကာ ထပြေးချင်လည်း မပြေးတတ်။ သူငယ်ချင်း ကရင်ကျောင်းသားကလည်း ဘယ်ရောက်နေသည် မသိ။ လာမိတာ မှားပြီလို့ နားရွက်များ ထူပူနေဆဲ။
          “ကိုယ့်နာမည်က မြနန္ဒာပါ။ ယူကော” လို့ အလှမယ်က မိတ်ဖွဲ့သည်။
          မြနန္ဒာက သနားညှာတာတတ်တာပေါ့။ ပါမောက္ခတို့က ငြူစူနေဆဲ၊ လင်းထင်က ရင်ထဲတွင် သေနတ်ပစ်သည်လောက် မြည်မည်ထင်ကာ တစ်ကမ္ဘာလုံးက သူ့ရင်ခုန်သံကိုကြားမှာ ကြောက်နေလေ၏။
          “ကျွန်တော် လင်းထင်ပါ”
          အနည်းငယ် စိတ်ဝင်စားလာပြီး...
          “ဪ... စာရေးတယ် မဟုတ်လား” ဟု ပြောသည်။
          အဲဒီတုန်း မြနန္ဒာဟာ သူ့ကို မညှာတာလိုက်ရင် ကောင်းမှာ။ ခုတော့ ဘေးက ပါမောက္ခနှင့် ကျောင်းသားကြီးကို ဂရုမစိုက်တော့ဘဲ လင်းထင်နှင့်သာ ရယ်မောပြောဆိုနေသည်။ သူများတွေ တွဲကကြပြန်တော့ မြနန္ဒာကပင် စပြီး “သွားကရအောင်” လို့ ခေါ်သည်။ ဘုရင်မဆိုတော့ အရင်စပြီး ခေါ်ရတဲ့ ထုံးစံ ရှိတာပေါ့နော်။ လင်းထင်က “ကျွန်တော် မကတတ်ဘူး” ဆိုပဲ။ သူကလေးက ထနှင့်ပြီ။ သူတို့သည် တကယ်တော့ မကခဲ့ပေ။ မြနန္ဒာကသာ တစ်ချက် နှစ်ချက် ခြေကစားလိုက်ပြီး ကသူတွေ ကြားထဲမှ ဖြတ်လာကာ သူတို့သည် လသာဆောင်ဘက် တောင်ထန်းပင် ပန်းအိုးများကြား ရောက်နေကြသည်။
          “ဘယ်သူနဲ့မှ မကချင်လို့ သူ့ကို အတာချပြီး ခေါ်လာတာ” ဟု ကလေးသဖွယ် ပြောကာ ရယ်သေး၏။
          “ကျွန်တော် ကတတ်နေရင်ကော” ဟု လင်းထင်က စကားသွက်လိုက်ရာ...
          “ယူ မကတတ်ပါဘူး၊ ကြည့်ရင် သိတာပေါ့၊ စိတ်မဆိုးနဲ့ဦး၊ ကရတဲ့ပွဲတွေမှာ ယူ့ကိုမှ မတွေ့ဖူးဘူးလို့ ပြောတာ”
          “ကျွန်တော်က သည်နှစ်မှ ရောက်တာ”
          “ဟုတ်လား၊ နန္ဒာက နောက်ဆုံးနှစ် ကျောင်းသူကြီးပဲ။ ယူ့ကို စောင့်ရှောက်ရမှာပေါ့နော်”
          “ဒါပေါ့” ဟု စိတ်ရောမာန်ပါ ပြောမိသည်။
          “ဘာ ဘာသာ ယူလဲ”
          “မမ ယူတဲ့ ဘာသာပဲ”
          “မမတဲ့၊ မခေါ်ပါနဲ့၊ နန္ဒာပဲ ခေါ်ပါ။ ပြီးတော့ နန္ဒာ ဘယ်ဘာသာ ယူတယ်ဆိုတာ သိလို့လား”
          “နာမည်ကြီးပဲဗျာ၊ အတန်းချည်း တက်နေရလို့ လိုက်မကြည့်အားသေးလို့ မတွေ့ဖူးတာ။ မမ... အဲ နန္ဒာ့အကြောင်းတော့ အများကြီး သိနေတာပဲ”
          “နန္ဒာ့အကြောင်း ဘယ်သူမှ မသိပါဘူး၊ မဖြစ်နိုင်ပါဘူး” ဟု သူကလေးက ငြင်းဆိုသည်။ ပြီးတော့ “ဘာဖြစ်လို့ အတန်းတွေ တက်နေတာလဲ၊ နန္ဒာဆို မနက်ပိုင်း ဘယ်တော့မှ မတက်ဘူး။ မနက်ပိုင်းက အင်္ဂလိပ်စာပဲ သင်တာပဲ။ မလိုပါဘူး”
          “ကျွန်တော်လည်း ရှိတ်စပီးယား ပြဇာတ်သင်တဲ့အတန်းပဲ တက်ချင်တယ်။ တခြား ဘယ်အတန်းမှ မတက်ချင်ဘူး”
          “ညနေပိုင်းကတော့ ကိုယ်ယူတဲ့ ဘာသာတွေ သင်တာဆိုတော့ တက်ရမှာပေါ့။ မနက်ပိုင်း မတက်နဲ့ပေါ့”
          “ဒါဖြင့် ဘာလုပ်နေရမှာလဲ”
          မြနန္ဒာ ညင်သာစွာ ရယ်မောသည်။ “နန္ဒာတော့ အင်းလျားကန်မှာ သွားထိုင်နေတာပဲ။ ဝတ္ထု ဖတ်နေတာပဲ၊ သစ်ရိပ်လည်း ကောင်းတယ်၊ သူများတွေ မသိအောင် ဘယ်သူမှ မပြောဘဲနဲ့ သွားထိုင်နေတာပဲ”
          “ခု ကျွန်တော် သိသွားပြီဆိုတော့ တစ်ယောက်တည်း နေလို့  ဘယ်ရတော့မလဲ။ ကျွန်တော် လာမှာပေါ့” သူ အရက်မသောက်ဘဲ မူးနေသည်။ ရဲတင်းနေသည်။
          “ခါတိုင်းတော့ အဲဒီလို လိုက်လာတဲ့သူတွေတော့ သိပ်စိတ်ဆိုး ပစ်လိုက်တယ်”
          “ကျွန်တော့်ကိုရော”
          “မောင်လေးပဲ” ဟုသာ ပြောကာ ညင်သာစွာ ရယ်ပြန်သည်။
          ဟုတ်ပါသည်။ သူ့ကို အဆိပ်မရှိဘူး ထင်လို့သာ ရောနှောခြင်း ဖြစ်သည်။ ကျေးတောသား နတ်သမီးလှည့်ဖြားသလိုပေါ့။ အို... သည်လိုလည်း မဆိုချင်ပါ။ မြနန္ဒာသည် သူ့အပေါ်မှာ၊ ဘယ်သူ့အပေါ်မှာမဆို ရိုးဖြောင့်ခဲ့သည်။ မြနန္ဒာမှာ စေ့စပ်သူရှိပြီး အချစ်ကိစ္စများ မြနန္ဒာသဘောဖြင့် ဘာမျှ မလုပ်နိုင်ဆိုတာ လူတိုင်း အသိပင်။ လင်းထင်ကသာ မြနန္ဒာ နှုတ်ကထွက်မှ ယုံမည်ကြံကာ သည်အကြောင်းကို စိတ်ထဲ မထည့်ချေ။
          သို့သော် တစ်သက်လုံး အမေ့ “သားသား” အဖြစ် ကြီးပြင်းလာပြီး အဲဒီတုန်းက ၁၇ နှစ်သာ ရှိသေးသည့် လင်းထင်သည် ဘယ်လို ကြီးကျယ်သော စာအုပ်များကို ဖတ်နေသည်ဖြစ်စေ၊ လူရေမလည်သည်မှာတော့ အမှန်ပင်။ သူ မြနန္ဒာကို စွဲလမ်းတသ နေလျက်က ဘယ်လို စကားဖြင့် သွေးဆောင်မည်။ ဘယ်လို ပေါင်းသင်းရအောင် ကြံမည်လို့ အစီအစဉ် မရှိ။ သတိ မရ။ မောင့်နှမ လှမျက်နှာကိုသာ တစိမ့်စိမ့်ကြည့်လို့ နေချင်သည်။ လက်ဖျားပခုံးကလေးကိုမှ တို့ထိဆုပ်ကိုင်ဖို့ စိတ်မကူး။ သူ စိတ် အင်မတန် လှုပ်ရှားရင်တော့ မြနန္ဒာနှင့် ပူးကပ်ထိုင်ကာ မြနန္ဒာ၏ မွှေးသင်းသော ဆံနွယ်များ လေအဝှေ့မှာ သူ့မျက်နှာပေါ် လွင့်ပါလာသည်ကို ကြက်သီးချမ်းမြ နမ်းရသည်။
          ပြီးတော့ တစ်နေ့တစ်နေ့ ကဗျာစပ်ပြီးသာ နေတတ်လေတော့သည်။
          မောင့်လွမ်းဖက်သို့
          နံနက်စောသီ၊ နှင်းရီညို့မှုန်
          သစ်ဆုံနုသစ်၊ ပုရစ်ငုံလဲ့
          ရွက်နွဲ့ကြားမှ
          စကားတွတ်တီ၊ ငှက်တေးသီလျှင်
          ပီပြင်လှသော မအံ့ဩနှင့်
          မောင့်တောအုပ်က လွှတ်လိုက်သည်။
          လှဝင့်ဝါရွက်
          နန္ဒာနှမ၊ ကိုယ်တည်းညဦး
          ပပငွေရည်၊ မြခြည်လက်ရွှန်း
          ပက်သွန်းယိုကျ၊ ပြတင်းဝ၌
          နှင်းထပက်ဖျန်း၊ မှုန်ခိုးသန်းလျှင်
          ချမ်းမြလွန်းသည်၊ လွမ်းခက်မည်လို့
          တန့်ဆည်ခန်းဆီး၊ ဇာမြီးဖြာခက်
          မကာရက်နှင့်
          ပင့်သက်ငွေ့လွင့်၊ မောင့်လွှင့်သည်ပင်။
          နေရှိန်ဝင်းဝင်း၊ နေ့ကြည်လင်းမူ
          ဖန်ဆင်းလိုက်သော၊ နှင်းဆီတော၌
          မက်မောရိပ်သာ
          မောင်လာချင်လည်း၊ လာခက်ခဲ၏
          လက်တွဲသိမ်းပွေ့၊ ကြင်မွေ့ခေါ်ငင်
          မက်မောခင်မည်၊ မထင်ဝံ့စား
          စကားမသွက်၊ ဖွင့်ဟခက်ခဲ့
          မြေအက်ကြားမှ၊ မြက်ပွင့်မျှသာ
          နှမတစ်နေ့ မေ့ရစ်မည်။
          ... ဆိုတာမျိုးတွေပေါ့။
          မြနန္ဒာနှင့် ဘယ်လိုစ၍ ဘယ်လိုဆုံးသော ဇာတ်လမ်းဆိုတာ နာမည် တပ်ရ ခက်လှပါသည်။ ဘယ်လိုမှ မစဘဲ၊ ဘယ်လိုမှလည်း မဆုံးသော ဇာတ်လမ်းဆိုတာကို မရှိထိုက်ပါဘူးလို့ ပြောရရင် ပိုမှန်မလား။
          မြနန္ဒာသည် မြန်မာမဂ္ဂဇင်းများကို ဖတ်လာပြီး လင်းထင်၏ ကဗျာလေးများကိုပင် နောက်ပြောင် ကိုးကားတတ်လာသည်။ ပြီးတော့...
          “သူ ဂျာမနီလို တတ်ရင် သိပ်ကောင်းမှာပဲ။ ဂျာမန် ကဗျာတွေ သိကောင်းတာပဲ” လို့ ခပ်ညည်းညည်း ပြောတတ်၏။
          “နန္ဒာ သင်ပေးပါလား”
          “တကယ်လား။ အကြာကြီး သင်ရမှာ”
          “တစ်သက်လုံးလား” ဟု သူက ထုံးစံအတိုင်း မထိတထိပဲ စလိုက်သည်။
          “အိမ် ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ခဏခဏ ဆိုမိတယ်။ ဟေလဒါလင်းရဲ့ ကဗျာပဲ” ဟု ဂျာမန်လို ရွတ်လိုက်သေးသည်။ ပြီးတော့ မြန်မာလို ပြန်ပြောသည်။
          “ေလွသမားဟာ
          ဟို့ အဝေးက ကျွန်းတွေမှာ
          ကောက်သိမ်းပြီးတော့
          သူ့အိမ်...
          ငြိမ်းချမ်းတဲ့ သူ့မြစ်ချောင်းထံ
          ပြန်လာခဲ့တယ်။
          ကိုယ်လည်း အိမ်ပြန်ချင်ပါရဲ့
          ဒါပေမဲ့ ကိုယ့်မှာ
          ဘာများ ရိတ်သိမ်းစရာ ရှိပါသလဲ။
          ဒုက္ခခံစားခြင်းသာ ရိတ်သိမ်းစရာ ရှိခဲ့တယ်။
          မိတ်ဆွေ... မြစ်ကမ်းနဖူးရယ်
          သင်ဟာ
          ကိုယ့်ကို မွေးမြူကြီးပြင်းစေခဲ့တယ်။
          အချစ်ရဲ့ ဝေဒနာကိုရော
          သက်သာရာရအောင်
          သင် မတတ်နိုင်ဘူးလား။
          အို... ကိုယ့်ကလေးဘဝရဲ့
          တောအုပ်များ
          ကိုယ်အိမ်ပြန်လာရင်
          ငြိမ်းချမ်းခြင်းကို
          တစ်ဖန်ပေးနိုင်ပါဦးမလား” တဲ့။
          လင်းထင်ကတော့ ရင်ခုန်လာပြန်သည်ကို ထိန်းသိမ်းရင်း...
          “မြန်မာစာ ဂုဏ်ထူးယူရင်တောင် ရတယ်။ လက်ရှိ ပါမောက္ခကို ဖြုတ်လိုက်ရင်ပြောတာ။ သူက အသစ်အဆန်းကို မကြိုက်ဘူးတဲ့။ စာရေးမတစ်ယောက်တောင် လေချွန်မိလို့ အလုပ်ဖြုတ်ပစ်ဆိုလား” ဟု ပြောလိုက်ရာ...
          မြနန္ဒာသည် မရယ်ပြုံးဘဲ ရှစ်ကြောင်းမျှသာရှိသော ဂျာမန်ကဗျာကို အစအဆုံး ပြန်ရွတ်ပြန်သည်။
          သိပ်ပျော်မှာပဲ။ သည်လိုသာ တစ်သက်လုံး နေရရင် သိပ်ပျော်မှာပဲ။ တစ်ယောက်တစ်လှည့် နွဲ့မှီပြီးတော့ပေါ့။ သူကလေးသာ သူ့ ပါပါ မာမာတို့အိမ်မှာ မမွေးဘဲ တို့အိမ်မှာ မွေးရင် ဘယ်လောက် ကောင်း မလဲ။ မောင့်နှမ မြနန္ဒာပေါ့။
          အင်းလျားတစ်ဝိုက်မှာ နေ့စဉ်လိုလို ခင်မင်တွေ့ဆုံနေကြဆဲ။ မိုးရာသီ ပြင်းထန်လာသည်။ ကားနဲ့ ကျောင်းတက်သူမို့ ထင်ရဲ့။ မြနန္ဒာမှာ ထီး မပါချေ။ ကားပေါ်မှအဆင်း ဒရိုင်ဘာ ကုလားကြီးက ထီးနှင့် လိုက်မိုး ပို့သည်။ မြနန္ဒာကို သစ်ရွက်အောက်က မိုးပေါက်များ စိုကာ နဖူး၊ နားထင်မှာ ဆံယဉ်များ ကပ်ငြိလျက် တွေ့ရတတ်သည်။
          “ပြီးတော့ နန္ဒာက ထီးလည်း မကြိုက်ဘူး” လို့ ပြောချေသေး။
          “ထီးပဲ၊ ကြိုက်လို့ဆောင်းတာ ကျနေတာပဲ။ ကလေးမလေးကလည်း” ဟု သူကဆိုလျှင်-
          “ငရဲကြီးမယ်နော်၊ မမက ခြောက်နှစ်တောင် ကြီးတာ”
          ပြီးတော့ သူတို့သည် နေ့လယ်စာ ကြုံရာဝယ်စားလျှင်စား၊ မစားလျှင် မြနန္ဒာ၏ ပေါင်မုန့်၊ ပန်းသီးများကို စားကာ လင်းထင်၏ ထီးကောက် တစ်လက်တည်းကို နှစ်ယောက်တွဲဆောင်းကာ ပြန်လာကြ၏။ ကလေး များသဖွယ် သူတို့ အပြစ်ကင်းစင်သည်မို့ ဘာမျှလည်း ထူးထူးထွေထွေ မတွေးမိကြ။ ကျောင်းသူ ကျောင်သား အများကတော့ သူတို့နှစ်ယောက်ကို အသိအမှတ် ပြုလေပြီ။
          မိုးရွာလွန်း၍ နေစရာ မရှိလျှင် ယုဒသန်ကောလိပ် ဘုရားရှိခိုး ကျောင်းမှာ ခိုဝင်ကြသည်။ အကြော်ဆိုင်မှာ ထိုင်ကြသည်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသည်။ သူတကာ့ မျက်စိမှာ ဘယ်လိုမြင်မည်ကို စဉ်းစား မိခြင်းလည်း မရှ၊ ကြောက်ရွံ့ခြင်းလည်း မရှိ။
          လင်းထင်ကတော့ ထိုတဒင်္ဂကိုသာ မက်မက်ပြီး ထိုတဒင်္ဂရဲ့ အပြင်ကကိစ္စများကို မစဉ်းစားမိ။ နေ့ရောညဉ့်ပါ မြနန္ဒာနောက် လိုက်ဖန်များ၍ အမေဆိုပြောလျှင် အမေ့ရင်ခွင် ခေါင်းနှင့်ခွေ့ကာ၊ စာတစ်ဖက် ကျက်ချင် ယောင်ဆောင်ကာ ကဗျာများစွာသာ ရေးခဲ့သည်။ ကဗျာကိုတော့ သူ အဆုံးသတ်တတ်သားပင်။
xxx
          တိမ္ထုမီးခိုး
          မည်းညှိုးပြိုလှိမ့်၊ မြေထိနိမ့်ခဲ့
          ငြိမ့်လွှဲလှုပ်ခါ၊ စိန်ပန်းလွှာပွင့်
          ကြွေဖြာကျလျော၊ ပန်းကော်ဇောနီ
          စီးမျောလမ်းသွယ်၊ စံပယ်နွယ်ချုံ
          ကိုက်ငုံသစ်သီး၊ ဥဩညည်းခဲ့
          အနီးကလေး၊ ကမ်းနဘေး၌
          ပွေ့ထွေးယုယ၊ မောင့်နှမကို
          ဆံစကပ်ငြိ၊ မိုးပေါက်ထိလို့
          ညံ့အိနာကျင်၊ အေးစက်ထင်မိ
          ငြိုငြင်မည်လား၊ ယုံမှားတစ်ဝက်
          ရှက်လည်းရှက်ရှက်၊ အကြောက်ဖက်မိ
          လည်ယှက်တုံ့တင်၊ ငှက်တို့တွင်မှ
          ကြင်မက်ခွင့်ရေး၊ လွယ်ကူသေး၏။

          ငေးမောတစ၊ အလှ၏ကျွန်
          ချစ်ဝန်လေးဖိ၊ တွယ်ငြိမလွတ်
          မပြေးတတ်ပြီ
          ယုံမှတ်သဘော၊ သူလိုက်လျောက
          ချောနုရွရွ၊ မွေးညှင်းမြစိမ်း
          ပန်းကြွသွေးဆင်၊ ပါးပြင်ကြာပွင့်
          နမ်းတစ်ရာမွှေး၊ ခဏလေးနှင့်
          တစ်ရေးတစ်ရေး၊ နွေးအောင်နွှေးမည့်
          စိတ်မေးခွန်းသာ မေးတတ်သည်။
xxx
         
နံနက်ရောင်နီ၊ ဝေးသေးစွ
သပိတ်လွယ် နက်ထည်ငှက်ကလေး
သီချင်းဘယ်သူ သင်ပေးပါသလဲ
လူကလေးရေ ထထ
သူငယ်ချင်း အထွေးရေ ထထနဲ့
မရမက နှိုးတတ်သည်...
ကြည်သင်မြ
ဝကွက် ဂယက်ပလုံစီနဲ့
ပလီ တီတာလို့
ယာပြင် တောင်ညိုအကြား
တောအုပ်လယ် ဖြတ်သွားတဲ့
ချောင်းငယ် မြောင်းငယ်ရဲ့စကား
ငွေရည်ငွေစက် အလားပါပဲ
ဘယ်ဇော်ဂျီ သူယောင်သင်ကြားပါလိမ့်
နားဝ လြင္စည္...
         
ပန်းနှင့် လိပ်ပြာ
အများ မကြားသာသတဲ့
စကားထာ တစ်ဖြာလှလိမ့်မယ်
မြပြာ တိမ်လိပ်တို့
တရိပ်ရိပ် လွင့်ပါးညိုးညံ
ကောင်းကင် တေးသံပေါ့
ကြယ်ခြံရံ အခွံ လခြမ်း
စိန်ပျောင်းသွယ် နဂါးငွေ့တန်းမှာလည်း
ဆန်းပြားပ ဉ္စင် ရှိပေလိမ့်
ထင်စားမိ တလည်လည်
လွန်မိသည် ချစ်ကြွေး၊

နှမကပြုံးသော်လည်း
မျက်ခုံးမျက်တောင်ကော့
ညွတ်ကြော့တုန်ရီလို့
မျက်လွှာသီသီပင့်
နှုတ်ခမ်းက မပွင့်တပွင့်နဲ့
စိတ်ထင့်ရုံ လက်တစ်ကမ်းမှာမို့
ရင်ခုန်သံ ကာရန်ဖမ်းနိုင်ဘု
အလှမ်းမမီရက်ပြီလား
ခူးခဲ့သည့် ကံ့ကော်ငွေရွက်
ႏွမေကသီ ညိဳညက္မွာ
ပန်ဆင်ရာ ပန်တော်ဆက်ချင်ရဲ့လို့တောင်မှ
တစ်ခွန်း ကဗျာမဖက်ပေမဲ့
အလင်္ကာ သညာပျက်ခဲ့တယ်
ပြောခက်ပြီလေး။   ။
xxx
သူ့ကဗျာများ တစ်ဝက်တစ်ပျက်ရော၊ ပြီးပြီးသားရော၊ မဂ္ဂဇင်းသို့ မပို့ရသေးတာရော၊ ပို့ပြီးသားရော တစ်ထပ်ကြီး ရလာကာ ဖိုင်တွဲနှင့် တွဲထားဖို့ စိတ်ကူးလည်း အိပ်ရာအောက်နှင့် စားပွဲခုံ အံဆွဲ၌သာ ပြန့်ကျဲခဲ့ပြီး တချို့ ပျောက်ဆုံးကုန်သည်။ မြနန္ဒာနှင့် မပျက်မကွက် တစ်ပတ်မှာ သုံးလေးရက် မှန်မှန်တွေ့ကြပြီး စာမေးပွဲဖြေချိန် ရောက်လာ၏။ ကျောင်းပိတ်လိုက်၏။ မြနန္ဒာ ရခိုင် အလည်သွား၏။ လက်ထပ်သည် ကြားလိုက်၏။ ပြန်မတွေ့ ရတော့ချေ။
          သူ့အစ်ကိုဝမ်းကွဲက ခဏပြန်လာပြီး မြနန္ဒာနှင့် ခပ်ကျဉ်းကျဉ်း လက်ထပ်ကာ အမေရိကသို့ ခေါ်သွားသည်ဆိုတာ နောက် သိရသည်။
          မောင့်နှမမြနန္ဒာနှင့် နေ့စဉ် တွေ့မြင်နေရလျက်က ညပိုင်းတောင် တကောက်ကောက် လိုက်ခဲ့သော လင်းထင်သည် လုံးဝ ကွဲကွာတော့ ဘယ်လိုနေရသည်ဆိုတာ ပြန်မတွေးချင်တော့။ မေ့ပစ်လိုက်ပြီ။ လူ့ဘဝမှာ အကြိမ်များစွာ သေကြရ၏။ အကြိမ်တိုင်းပင် အသစ် မွေးဖွားခဲ့သည်။ မြနန္ဒာနှင့် တွေ့ဆုံပြီး ကွဲကွာရသည့် အဖြစ်တွင် တစ်ခါ သေလိုက်ရပြီး အသစ်မွေးဖွားခြင်းတစ်ရပ် ဖြစ်ခဲ့သည်။ မြနန္ဒာကို မေ့ပစ်လိုက်၏။ သတင်း နားမထောင်တော့။ အိပ်မက်အဖြစ်တော့ လာနှောက်သေး၏။ မြနန္ဒာသည် အင်းလျားရေစပ်မှာ မိုးရေဥများ၊ နဖူးနားထင်စပ်မှာ စိုနေဟန် မက်၏။ သို့သော် အသက် မရှိ။ သို့သော် သေလုမြောပါး ခွေပျော့နေသည်။ နှင်းဆီပန်း အပြာများ၊ ချောကလက်များ၊ လိမ္မော်ရောင်များ ထောင်သောင်း မက ဝေဆိုင်းနေသည်။ အိပ်မက်မှန်း သိသာလှသည်။ အိပ်မက်ထဲတွင် မြနန္ဒာနှင့် ဘယ်တော့မျှ စကား မပြောရချေ။
          အမေ စိတ်ချမ်းသာအောင် သူ ကျောင်းဆက်နေလိုက်၏။ အရက်သောက်လည်း မသင်ခဲ့။ ဘီအေအောင်ပြီး အလုပ်တော့ မလုပ်ချင်တော့ပေ။ စီးပွားရေးလုပ်ငန်းကို ရောင်းလိုက်ကာ အင်းလျားနားမှာပဲ တိုက်တစ်လုံး ဝယ်ကာ ငှားစားရ၏။ (ခင်အေးရီနှင့် ရတော့ ထိုအိမ်မှာပင် နေသည်။ သားသမီးများတော့ အိမ်ကျယ်မှ မြေကြီးရှိမှ ကောင်းသည်။) စာရေး စာဖတ်ခြင်းဖြင့်သာ မွေ့လျော်ကာ နေလေသည်။
          တစ်ခါ အူအတက်ရောင်သဖြင့် ဆေးရုံတက်ရ၏။ အလုပ်သင် ဆရာဝန်ဖြစ်စ ဒေါက်တာခင်အေးရီနှင့်တွေ့ပြီး သုံးလမျှတွဲကာ လက်ထပ်လိုက်သည်။ သုံးလမှာ ခင်အေးရီက ဆေးရုံတာဝန် များလှသည်နှင့် တစ်ပတ်မှာ တစ်ရက်ခွဲမျှသာ တွေ့ရသည်။ ပြီးတော့ သူသည် မပူပင် တတ်တော့ချေ။
          ချိန်းထားသော နေ့များမှာတော့ သူ အိပ်ပျော်နေလျှင် ငှားနေသော အခန်းကျဉ်းကလေးသို့ ခင်အေးရီက ကားမောင်းကာ လာတတ်သည်။ အမေဆုံးပြီဖြစ်၍ သူသည် အခန်းကလေးတစ်ခု ငှားကာ ထမင်းချိုင့် မှာစားကာ နေသည်။ ခင်အေးရီသည် ရေနံဆီမီးဖို ဝယ်လာ၏။ ဒန်အိုး၊ ဒန်ခွက် ဝယ်လာ၏။ ပန်းကန်၊ ဖန်ခွက် ဝယ်လာ၏။ သောက်ရေအိုး တည်၏။ အားသည့်နေ့မှာ လာပြီး ချက်ပြုတ် စားသောက်ကြသည်။ ကောင်းကောင်းမွန်မွန် စားရသည်။
          ခင်အေးရီသည် တော်တော် ချစ်စရာကောင်းသည်။ မျက်နှာရုပ်ရည် သန့်ရှင်းကြည်လင်၏။ မျက်နှာကို ဆေးခြယ်လေ့ မရှိ။ ကျန်းမာခြင်းဖြင့် ဝင်းဝင်းပကာ နေသည်။ ဆေးရုံမှာ အလုပ် အင်မတန် လုပ်၍ ညတာဝန် ကျလျှင် အိပ်ချိန်မရအောင် မခိုမကပ် လုပ်ကိုင်တာ တွေ့ရ၏။ ခင်အေးရီ သည် အခွဲအစိတ်လည်း ဝါသနာ ပါသေးသည်တဲ့။ ခွဲစိတ်ပါရဂူ ဖြစ်ချင်သည်တဲ့။ သို့သော် မိန်းမဖြစ်သည်ဆိုတာနှင့် သားဖွားမီးယပ်ရောဂါဘက် လိုက်ရသည်။ သူ့ကို ခွဲစိတ်ပါရဂူ ဖြစ်ခွင့်မပေးချေ။ ခင်အေးရီက မကျေနပ်လှသော်လည်း လင်းထင်နှင့် လက်ထပ်ပြီး လေးလမှာ အင်္ဂလန်သို့သွား၍ စာသင်ရသည်။ ရွှေတံဆိပ်နှင့် ဆုတွေ ဘာတွေ ရသည်။ လင်းထင်သည် မယားသည်ကို ချီးမွမ်းအံ့ဩ၍သာ နေရတော့သည်။ သူကတော့ မလှုပ်မရှက်နေတတ်သည်။ သွေးမြင်လျှင် မူးချင်သည်။ တကယ် မူးတာပေါ့။ ဟုတ်သားပဲ။ ဆေးရုံတက်တုန်းက အကြောဆေး လာထိုးတာ ပြွန်ထဲ သွေးတန့်ပြီး ဝင်လာတာလည်း မြင်လိုက်ရော မူးသွားလိုက်တာ ရှူဆေးတွေ ဘာတွေ လာပေးကြရသည်။ အဲသည်တုန်းကပေါ့ ခင်အေးရီက သူ့ကို လာကြည့်ပြီး တဟားဟား ရယ်ပစ်လိုက်သည်။ သူတော်တော် မခံချင်။
          “သည်လိုပါပဲ။ ကျွန်တော့် ကဗျာတွေ ဖတ်ရရင်လည်း ခင်ဗျား မူးလဲမှာပဲ” ဟု သူ ပြောခဲ့မိသည်။
          သည်တော့မှ ခင်အေးရီသည် မြနန္ဒာနှင့် ကျော်ကြားခဲ့သော ကဗျာ ဆရာ လင်းထင်မှန်း သူ့ကို သိသွားပြီး တောင်းပန်သည်။ ညတာဝန်မှ ခဏအားလျှင် စကား လာပြောတတ်သည်။ သူ့ကို တော်တော် ဂရုစိုက်သည်။ ဒါနဲ့ ငြိကြတော့ပေါ့လေ။
          သို့သော် ခင်အေးရီနှင့် လက်ထပ်သည့်အခါမှာ သူသည် မလည်မဝယ် ၁၇ နှစ်သား မဟုတ်တော့။ ကြီးရင့်ခဲ့ပြီလို့ ထင်သည်။ ၂၄ နှစ် ခန့်ရှိပြီ။ ခင်အေးရီထက် ၅ လခန့် ငယ်သည်။ ညားစက မယားသည် ခင်အေးရီရဲ့ လက်မောင်းပေါ် ခေါင်းအုံး အိပ်တတ်သည်။ နောက်တော့ ကျောပေး အိပ်တတ်သည်။ ဘာလိုလိုနှင့် ၁၆ နှစ်မျှ ကြာခဲ့လေပြီ။
          သားသမီး ငါးယောက်နှင့် တစ်အိမ်လုံး ပြည့်ခဲ့ပြီး သားကြီးက မအေတူ ထွားထွား။ ရေကူးသည်။ အလေးမသည်။ သီချင်း ဖြစ်အောင် မဆိုတတ်။ သူ့အမေလိုပဲ။ အသံကို နားမလည်။ သည်လောက် သီချင်း ကဗျာ ဝါသနာပါ၍ ပတ္တလား၊ စောင်းနှင့် မွေ့လျော်သူ၏ သားသည် သီချင်း ဖြစ်အောင် မဆိုတတ်သည်ကို စိတ်ပျက်ခဲ့ဖူးသည်။ ဒါနဲ့တောင် အီလက်ထရစ်ဂီတာ လိုချင်သည်တဲ့။ ဝယ်တော့ ပေးရဦးမည်။ ငယ်ငယ်က ဆိုလျှင် လင်ကတီး မယားကဆိုသည့် အိမ်ထောင်မျိုး စိတ်ကူးခဲ့မြဲ။ မြနန္ဒာနှင့်ဆိုရင်တော့ ဖြစ်တာပေါ့။ သားဖွားမီးယပ် သမားတော်ကြီး ဒေါက်တာခင်အေးရီကတော့ သီချင်းဖြစ်အောင် မဆိုတတ်ချေ။ သူတို့ သားအမိနှစ်ယောက်သည် သီချင်းဆိုလျှင် သည်အသံကနေ ဟိုအသံရောက်ပြီး၊ ရယ်ချင်လို့သာ ရယ်ရသည်။ စိတ်ညစ်ညစ်နားကလောလှသည်။ သမီးသုံးယောက်က သီချင်း ဆိုတတ်သည်။ ပတ္တလား တီးကြ၏။ သို့သော် စာတော်ကြပြီး မျှော်လင့်ချက် ကြီးမားကြသည်။ အမေ့လို ဆရာဝန်လုပ်မည်တဲ့။ အမြတ်မယူသော ဆေးရုံ ဖွင့်မည်တဲ့။ အမေကတော့ ဂျာမန်စာ သွားသင်ပြီး ပြန်လာလျှင် သမီးသုံးယောက်ကို တစ်ဖန် သင်ပြန်၏။ ပြီးတော့ သားအမိလေးယောက် လျှာသွက်အာသွက်ဖြင့် စာကျက်ကြမြဲ။ အငယ်ဆုံးကတော့ အဖေ့သားပင်။ မြနန္ဒာနှင့်ရလျှင် မြလင်းထွေးလို ကလေးမျိုး မွေးမှာပဲဟု သူ စဉ်းစားတတ်ပြီ။ မြလင်းထွေးက စံပယ်ပန်း ကြိုက် သည်။ နှင်းဆီပန်း ကြိုက်သည်။ ကဗျာ ကျက်တတ်သည်။ ယခု ပတ္တလား တီးလေပြီ။ သီချင်းဆိုတတ်သည်။ သီချင်းဆိုလျှင် ပီပြင်လိုက်သည့်အသံ။
          မြလင်းထွေးဖို့ ကလေးကဗျာ စပ်ရသည်။
          မြနန္ဒာကို ရည်မှန်းသည့် ကဗျာများဖြင့် ကျော်ကြားခဲ့သော လင်းထင်သည် ကလေးကဗျာ စပ်သည်ဆိုတော့ အများက ရယ်ကြသည်။ ဒါတောင် သူတို့ မသိသေးလို့။ ကလေးဖတ်ဖို့ ဝတ္ထုများစွာကို သူ ရေးဦးမည်။ အနောက်နိုင်ငံ၌ ကလေးစာပေကို လေးလေးစားစား သဘောထားပြီး ရေးကြတာ မသိကြဘူးလား။ စီအက်စ်လူးဝစ်ရဲ့ နားနီယားနိုင်ငံအကြောင်း ခုနစ်အုပ်တွဲစာအုပ်ကို ဘာသာပြန်ဦးမည်။
          တစ်ခါတစ်ခါတော့လည်း အချစ်ဆိုတာ လင်မယားမှာသာ ရှိတာပါဟု ရီ ပြောသလိုပင် တွေးမိသည်။ မြနန္ဒာက အိပ်မက်မျှသာတည်း။ မြနန္ဒာရဲ့ လက်ဖျားလေးကိုမှ သူ မဆုပ်ကိုင်စဖူး။ ရီနှင့်တော့ အံ့ဩဖွယ်ရာ အရင်းနှီးဘဝကို ရောက်ခဲ့သည်။ သားသမီး ပွားစီးခဲ့သည်။ အိမ်ထောင် ဆိုသည်မှာ ရုပ်သဏ္ဌာန်ကသာ စိုးမိုးတာများသည် ထင်၏။ လူ့ဘဝ အရင်းခံဟာ ရုပ်ပဲလို့ သိပ္ပံပညာရှင် မယားသည် ရီက ပြောတာ မှန်နိုင်၏။ ရီက လူ့ဘဝနှင့် မကွယ်မဝှက် ရင်းနှီးရသောသူ ဖြစ်၏။ သူသာ သွေးကို မြင်လျှင် မူးချင်သည်။ ရီက ဖျတ်လတ်သည်။ အမြဲ လှုပ်ရှားနေသည်။ သူက ထိုင်းမှိုင်းသည်။ တွေဝေငေးမောနေချင်သည်။ ရီက တဟားဟား ရယ်စရာအကွက်များကို မြင်သည်။ သူက စိတ်ဝေဒနာ ခံစားချက် ပြင်းထန် တတ်သည်။
          သို့ပေမဲ့ မြနန္ဒာနှင့် သူဟာ ဆင်တူသော လိပ်ပြာနှစ်ကောင်ဖြစ်လျှင်၊ ရီနှင့် သူက ပန်းနှင့် လိပ်ပြာဖြစ်ကာ ပို၍ လိုက်ဖက်သော အပြန်အလှန် အကျိုးပြုသော အတွဲဖြစ်သည်လို့ ဆိုရမလားမသိ။ သဘောဖြူလှသည့် ရီနှင့် အိမ်ထောင်ပြုရတာ အင်မတန် ကံကောင်းသည်လို့ ဆိုရမလား မသိ။ အေးလေ ရီနှင့်ရတော့လည်း သည်လိုပဲ တွေးတော့မှာပဲ။ တကယ်တော့လည်း လူ့ဘဝဆိုတာ မတော်တဆ ဖြစ်ပျက်ခြင်းများနှင့်သာ အတိ ပြည့်၍ အစီအစဉ် အကွက်ချထားခြင်း မရှိ။ ဆန်ကောထဲ ဆီးဖြူသီးထည့် လှိမ့်တော့ ပူးမိသည့် ဆီးဖြူသီးကပူးမိ၊ ကွဲကွာသည့် ဆီးဖြူသီးက ကွဲကွာတာမျိုးလို့ ပြောချင်တော့သည်။
          သို့ပေမဲ့ အစကပြန်ပြီး စိတ်ကြိုက်ပြင်လို့ရမည်ဆိုလျှင် လင်းထင် ပြင်ချင်သည်လား။ ရှင်းရှင်းပြောရလျှင် မြနန္ဒာနှင့် အင်းလျားမှာ ပြန်တွေ့ရာကစပြီး လင်းထင်ကလည်း ဇက်ရဲလက်ရဲ။ မြနန္ဒာကလည်း သတ္တိခဲမို့ နောက်ဆုံး၌ အတူတကွ အသက်ထက်ဆုံး ပေါင်းသင်းကြရလေသတည်း ဆိုတာမျိုး ဖြစ်လို့ရလျှင် ဖြစ်ချင်သလား။ သားသမီး ငါးယောက်ဟာ ရုပ်တစ်မျိုး ဖြစ်နေသည်။ ဝါသနာတစ်မျိုး ဖြစ်နေသည်။ အမူအရာတစ်မျိုး ဖြစ်နေသည်။ မြလင်းထွေးလေးတောင် မြလင်းထွေး အစစ်တော့ မဖြစ်နိုင်ပြီ။ လင်းထင် လိုလားနိုင်သည်လား။
          သည်တော့ ကဗျာစပ်ရမှ နေနိုင်သူမို့ ကဗျာ စပ်ရမည်။ တစ်ကိုယ်ကောင်းကြံသူလို့ ဆိုချင်သလား။ ကဗျာစပ်ဖို့သာ ကြံရသည်။ ကဗျာစပ်လို့ ကောင်းလှသည်။
          မောင့်ဥယျာဉ် ခြတောင်ပို့တွေမို့မထင့်
          နွဲ့နှင်းဆီ ညှိုးခွေညှို့လေတော့
          မီးရှို့လို့ ပြာတိုက်လိုက်သည်...
          သစ်စိမ်းချိုး
          မီးခိုးတအူအူနဲ့
          မျက်ရည်ပူ ဆူတော့
          ငြူစူမိသည်...
          ရေစင်ဖျန်းလိုက်မှ
          ပြာနှမ်းမှောင်နက်တဲ့
          မြေညက်ညက်ညီညီ
          မြေဆီနှစ် သစ်ရှာဆဲ၊
          မောင် မထင်မှတ်ပါဘဲ
          ပွင့်ဖတ်ငွေလွှာနှင့်
          သစ်ခွပြာရဲရင့်
          ဘယ်နတ်မောင် ဆောင်ပင့်လို့
          သစ်ငုတ်တို ခိုတွယ်ပွင့်ပါလိမ့်။
          မောင့်ဥယျာဉ် သရေတင့်ပါဘိ
          နမ်းဆင့်ပိုကဲ။   ။
          ဖြုန်းခနဲပင် နယ်ကပြောင်းလာသည့် ဦးသန်းတင့်တို့အိမ်က ဖဲဝိုင်းမှာ တနင်္ဂနွေနေ့တိုင်း မှန်မှန် လာမိလျက်သားရှိသည်။ ယုယုခင်ကလည်း နောက်ပြောင်လှပြီ။ လူတွေဟာ သိပ်ရိုင်းတာပဲလို့ ထင်သည်။ သူနှင့် မြနန္ဒာကို ပြောကြဦးမည်။ သည်တော့ ဖဲရိုက်လေ့မရှိဘဲ ခုမှရိုက်တဲ့ ဝါသနာကိုလည်း ဖြတ်ရမည်။ မြနန္ဒာကို တစ်ပတ်တစ်ခါ သုံးနာရီခန့် တွေ့ဆုံရတာကို စုံမက်နေသေး၏။ တစ်ခါလောက် ဟိုတုန်းကလို ထွေရာ လေးပါး စကားပြောချင်သေး၏။ အင်းလျားကန်ဘေးဆိုလျှင် ပိုကောင်းသည်ပေါ့။ သို့ပေမည့် ဘဝခြားခဲ့ပြီ။
          မောင့်နှမ မြနန္ဒာသည် ဘယ်လို လှပနုပျိုသေးလဲ။ ယခင်က မြနန္ဒာ မဟုတ်တော့ပြီ။ သူ့အပြုံးသည် လန်းဆန်းသော နှင်းဆီရဲ့ အလှမျိုး မဆောင်တော့။ ကြီးရင့် သည်းခံတာ ပါသည်။ ဘဝကို သည်းခံခဲ့သော မိန်းမ၏ အပြံုး၊ မိန်းမပွေသော ဆရာဝန်ကြီးကတော်၏ အပြံုး၊ သတ္တိ ရှိတတ်လာပြီဆိုတာ ပြသော အပြံုးသာ ဖြစ်သည်။ ကိုလှဦးလို မျက်နှာရူးကိုလည်း မြနန္ဒာ သည်းခံလို့ ပြံုးမြဲပြံုးလိမ့်မည်။
          ဖဲဝိုင်းသို့ လာတိုင်း ဘေးကအမြဲပါသော ရီက တဟားဟား ရယ်မောဆဲ။ လင်းထင်သည် တစ်ချက် တစ်ချက် မြနန္ဒာကို ငေးမောမိကာ နှစ်ယောက်သား မျက်လုံးချင်း ဆုံလျှင်တော့ သူတို့ရဲ့ အပြုံးတို့သည် လမ်းခုလတ်တွင် တိုက်မိကာ ပြိုင်တူ တောင်းပန်မိကြမည်လို့ သူ ကြံကြံ ဖန်ဖန် တွေးတတ်သည်။
          တစ်ခါတုန်းက မောင့်နှမ မြနန္ဒာ။ ခုလည်း မပြစ်မှားရက်ပါဘူး။ လွမ်းဖွယ် အိပ်မက်မက်စေသော၊ ကဗျာစပ်စေသော မောင့်နှမ မြနန္ဒာ၊ ကဗျာစပ်ခွင့် ရင်ခုန်ခွင့် ရသည့်အတွက် ကျေးဇူးတင်ပါသည်။
          ဘယ့်ကြောင့်ဆိုလျှင် ၁၆ နှစ်မျှ ပေါင်းခဲ့ပြီးဖြစ်သော မယားသည် ဆိုသည်က ဘယ်လိုလုပ်ပြီး ယောကျ်ားတစ်ယောက်ကို ရင်ခုန်စေနိုင်တော့မည်လဲ။ ပြီးတော့ ခင်အေးရီဆိုသည်က လှုပ်ရှားအသက်ဝင်၍ အင်အား ရှိသူဖြစ်လေသည်။ စိတ်ကူးယဉ်ဖွယ် ပန်းပွင့်ပမာ မိန်းမစားမျိုး မဟုတ်။ လင်းထင် မမြင်ဝံ့သော သွေးကို သူက ချစ်သည်တဲ့။ သေလုမြောပါး လူနာကို သွေးသွင်းရတာ၊ အသက် ဆက်ရတာ ဘယ်လောက် ပျော်စရာ၊ အားရစရာ ကောင်းသလဲတဲ့။ သွေးပုလင်းများကို ချစ်သည်တဲ့။
          မြနန္ဒာရဲ့ အပြုံးကတော့ လဲ့နေတာပဲကွယ်။ ခုတလော ကဗျာ စပ်ချင်ပြန်သည်။ သို့ပေမည့် ယုယုခင်က “ကိုကိုငမ်းတို့ရဲ့” အစချီသော ကြမ်းတမ်းသည့် အသံကို ကြားလိုက်၏။ နားမလည်လိုက်၊ နားထဲ ပူလောင် လှ၏။ စိတ်ကူးပျက်သွား၏။ သူ့ရဲ့ လွမ်းဆွတ်ဖွယ်လှသော အိပ်မက်သည်လည်း အလန့်တကြား ပျက်ပြယ်လေပြီ။
xxx
ပန်းချီဆရာ ကိုတင်မောင်ကမူ မြနန္ဒာကို မြင်မြင်ချင်း ရင်တွင်းမှ အေးသွားသည်။
          သူ၏ တုန်ယင်သော လက်များသည် ငြိမ်သက်နေပြီး သူသည် စောစောက စိတ်လှုပ်ရှားမှုကို ထိန်းရင်း စီးကရက်တစ်လိပ် ကမန်းကတန်း ညှိလိုက်ရသော်လည်း မြနန္ဒာ ဝင်ဝင်လာချင်း ဒိတ်ခနဲ ဖြစ်မည့်အစား နှလုံးငြိမ်သွားသည်။ မြနန္ဒာသည် သူမျှော်လင့်ထားသော ပုံသဏ္ဌာန်နှင့် ညီသည်။ သူ လှသည်လို့ ခေါ်ချင်သော အလှကို ဆောင်သည်။ သူ ထင်မြင်သည်ထက် ပို၍ မာနကြီးမားကာ၊ သို့သော် ထိုမာနသည် ပျက်ပြယ် ဆဲ။ နှစ်မကြာခင် လုံးဝ ပျက်ပြယ်၍ သိမ်မွေ့ခြင်း သက်သက်မျှသာ ကျန်မည်ဟု သိရသော မျက်နှာ အမူအရာ ရှိသည်ကို ရိပ်မိရ၏။ မြနန္ဒာ၏ မျက်နှာကို သူ ကူးဆွဲချင်သည်။
          မြနန္ဒာ၏ ပုံကိုကူးဆွဲလျှင် “ဘဝကိုခင်သူ” လို့ အမည်ပေးမည်။ ပန်းချီကားက မျက်နှာသည် လှပ၍ ထိုအလှသည်ပင် ဘဝကို ခင်မင်ရခြင်း အကြောင်းရင်းတစ်ခု ဖြစ်သည်။ ထိုမျက်နှာသည် အရာရာကို အနုစိတ်မြင်တတ်၍ ဝေဒနာကို ထက်မြက်စွာ ခံစားတတ်သော အဓိပ္ပာယ် ရှိသောအလှ ဖြစ်သည်။ ညို့မှောင်သော မျက်လုံးများက စကားပြောသည်။ ပြုံးဟန်က တစ်ဖက်သားကို ထိခိုက်သည်။ တစ်ခါ ကြည့်ရုံမြင်ရုံနှင့် ပြီးရသော မျက်နှာ မဟုတ်။ အတွင်းသဏ္ဍာန်ကို စိတ်ဝင်စားစေ၊ စေ့ငုချင် စိတ်ပေါက်စေသော မျက်နှာပင်။ မြနန္ဒာဆိုသော မိန်းကလေးသည် အရိုက် နာ၍ ပါးလွှာကျနသော အိုးပမာ ဘဝကို သည်းခံခဲ့ပြီ။ သို့သော် သတ္တိ ရှိသူမို့ ဘဝကို အခင်အမင် မလျော့။ တစ်မျိုးတောင် တိုးလို့ ခင်နိုင်သေး၏။ စွန့်လွှတ်ဖို့ ဝန်မလေးသော ခင်မင်နည်းမျိုးပင်။ ဒါသည်သာ အမှန်တရားဖြစ်သည်။ ထိုအမှန်တရားကို မြင်ခဲ့သော မျက်နှာသည် လှပသော မျက်နှာပင် ဖြစ်သည်မှာတော့ အံ့ဩစရာလေလား။ သို့မဟုတ် အလှသည် အမှန်တရားပင် ဖြစ်သည်ဆိုတာ ဒါကိုပင် ဆိုလိုလေသလား။
          သူက နေရာပေးလိုက်သည်ကို မြနန္ဒာသည် “ကျေးဇူး” ဟုသာ တိုးတိတ်စွာဆိုကာ ထိုင်သည်။ သူနှင့် မျက်လုံးချင်း အတန်ကြာ ဆုံသေး၏။ တစ်ယောက်ကို တစ်ယောက် ငယ်သူငယ်ချင်းများ ပြန်တွေ့သလို မှတ်မိသိရှိကြ၏။ တစ်ခါ မမြင်ဖူးခဲ့သော်လည်း ယုံကြည်နိုင်၏။ တစ်ယောက် နှင့် တစ်ယောက် ဖုံးအုပ်ကွယ်ဝှက်စရာ မလိုသောသူများလည်း ဖြစ်ကြ၏။ လိမ်လည်လှည့်ဖြားဖို့ရာဆိုသည်မှာ မကြံစည်စကောင်း။ ထို့ကြောင့် လွတ်လပ်၏။ ပေါ့ပါး၏။ ပျော်ရွှင်ဖွယ်ကောင်းလှ၏။ မြနန္ဒာနှင့် သူ မိတ်ဆွေကောင်းများ ဖြစ်ကြသည်။
          သူက မြနန္ဒာကို လူတစ်ယောက်ဟုသာ မြင်၏။ မိန်းမတစ်ယောက်ကို လူတစ်ယောက်ဟု မြင်ဖို့ရာ သူ ခဲယဉ်းသည် မဟုတ်။ သူ၌ တရားမျှတသော စိတ်သာ ရှိ၏။ သူသည် လူပျိုကြီးဖြစ်၍ ငယ်ဖြူ ဘုန်းကြီးကဲ့သို့ သန့်ရှင်းစွာ နေလာ၏။ ဘဝ၌ မိမိတစ်ယောက်နှင့်ပင် ပြည့်စုံ လုံလောက်ခဲ့၏။ လူတို့ ပြင်းထန်စွာ မက်မောကြသော ကာမဂုဏ် ဥစ္စာ ဟူသမျှကို သူ့ခြေမှ မြေမှုန့်မျှသာ သဘောထား၏။ မြနန္ဒာနှင့် သူ ဆက်ဆံ ရာ၌ လိင်ဆိုသော စကားကို မေ့ထားနိုင်လိမ့်မည်။ ထို့ကြောင့်ပင် မြနန္ဒာ၏ ပုံတူများ ဆွဲပြီးလျှင် အိပ်ရာခေါင်းရင်း၌ စီတန်းချိတ်ဆွဲနိုင်မည်။ သာမန် လူအပေါင်းတို့ စော်ကားခြင်းမှ ကင်းလွတ်ရန် ဖဲလိုက်ကာဖြူဖြင့်တော့ ဖုံးအုပ်ထားမည်။ တစ်ကိုယ်ကောင်းဆန်လို၍တော့ မဟုတ်။ ထို့ပြင် သူ ပထမဆုံး ရေးဆွဲမည့် မြနန္ဒာ၏ ရင်ခွင်၌ လက်ဝါးတိုင်မှ ချခဲ့ပြီး ဖြစ်သော၊ အသက်စွန့်သော ခရစ်တော်၏ ရုပ်ခန္ဓာသည် ခွေပျော့နေလိမ့်မည်။ အဆုံးစွန်သော ဒုက္ခဝေဒနာ တည်ရာ သခင်ယေရှု၏ မိခင်အဖြစ် မြနန္ဒာကို သူ အရင်ဆုံး ဆွဲမည်။
          ထိုအခါ မိတ်ဆွေများကရော၊ သူစိမ်းတစ်ရံစာများကရော သူ့ကို မေးကြဦးမည်။ ခရစ်ယာန်လား၊ ဗုဒ္ဓဘာသာ မဟုတ်ဘူးလား။ သူ အဖြေ ပေးရန် မလိုပါ။ သူ့၌ အဖြေ မရှိ။ အကြောင်းမူကား သူသည် ထိုမေးခွန်း ကို သူ့ဘာသာ တစ်ခါမျှ မမေးခဲ့ဖူးသောကြောင့်ပင်။ ဘဝ၌ ထိုမေးခွန်း မတည်ရှိ။
          ဘေးပတ်လည်ကို ကြည့်လိုက်၏။ လူအားလုံးပင် မြနန္ဒာကို ငေးမောကြ၏။ နိမ့်ကျသေးသူ တစ်ယောက်စ နှစ်ယောက်စကမူ ငြူစူ လိမ့်မည်။ စော်ကားချင်မည်။ သာမန်လူတို့က မြနန္ဒာကို နည်းအမျိုးမျိုး ဖြင့် တပ်မက်မောကြမည်။ လင်းထင်ကိုတော့ သူ ခွင့်လွှတ်မည်။ သို့သော် တစ်ယောက်မကျန်ပင် မြနန္ဒာ ဘယ်သူလဲဆိုတာ သိကြမည် မဟုတ်။ မိမိတစ်ယောက်သာ သိသည်။ မြနန္ဒာကိုယ်နှိုက်ပင် မိမိလောက် သိမြင် ပါမည်လားဟု သံသယ ဝင်ဆဲ။ မြနန္ဒာသည် သူ့ကို ကော့ဖြူးသော မျက်တောင်များလှန်၍ ညို့မှောင်အေးဆေးသော မျက်လုံးများဖြင့် အသိ အမှတ်ပြုဟန် ကြည့်ပြန်ရာ သူတို့ ထပ်တွေ့ကြရမည်ကို ကတိပေးလိုက်သည်။ သူသည် ဘဝတစ်ရပ်ကို ပန်းချီကားတစ်ချပ်အဖြစ် ဆွဲရတော့မည်။ လူဖြစ်ရသည်မှာ ဘယ်လောက် ပျော်စရာ ကောင်းပါလိမ့်။ တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်လေ၏။ ဒါနှင့်ပဲ ဘုရားဆိုတာ ပေါ်ပေါက် လာရသည်ထင်၏။
xxx
(ကြည်အေး)
မှတ်ချက် - ဒုတိယအကြိမ် (ပန်းရွှေပြည်စာအုပ်တိုက် ) ၊ တတိယအကြိမ် (Comet Books) ၊ စတုတ္ထအကြိမ် (စိတ်ကူးချိုချိုစာအုပ်တိုက်) များမှ ပြန်လည်ပုံနှိုပ်ထုတ်ဝေရာတွင် စာပေစိစစ်ရေးကြောင့်ဖြတ်တောက်ခံရသည့် စာသားများကို မူရင်း ပထမအကြိမ်အတိုင်းပြန်လည်ရှာဖွေထည့်သွင်းထားပါသည် ။ 


[ကျေးဇူးစကား X မောင် ကိုကို နှင့် မြနန္ဒာ အတွက် အလုပ်များသည့်ကြားက အားထုတ်ပေးခဲ့ကြသော မစန္ဒာလှိုင် မြတ်သန္တာ ညို တို့အား အထူး ကျေးဇူးတင်ရှိပါသည်။]

...
Source: http://kyiaye-literature.blogspot.com.au/2012/10/blog-post_24.html

No comments:

Post a Comment