Tuesday, November 1, 2022

တံကဲ တခု၏ ရာဇဝင် - ပခုက္ကူ ရွှေကူတံကဲ

တံကဲ တခု၏ရာဇဝင် ပခုက္ကူ ရွှေကူတံကဲ သမိုင်းရာဇဝင်နှင့်ပတ်သက်သော် လူတို့၏သမိုင်းရာဇဝင်အပြင် ပစ္စည်းများ၏ရာဇဝင်ကိုလည်းပြောပြချင်သည်။ ပခုက္ကူမြို့သို့ အလည်ရောက်ခိုက် ဆရာဦးဝမ်းမောင်၏ကျေးဇူးကြောင့် ရွှေကူ တံကဲ သို့လေ့လာခွင့်ရခဲ့ပါ၏။ အားလပ်ရက်မို့ ဆရာက လေ့ လာရေးလိုက်ပို့ခဲ့ရာ ပခုက္ကူမြို့၊ ရွှေကူမြတ်စွာဘုရားဝင်းအတွင်း၌ ရှိသော တံကဲတော်ကြီးဆီသို့ လေ့လာ ရေးရောက်ရှိခဲ့ပါ သည်။ ဦးစွာပထမ တံကဲ ဟူသည်ဘာလည်းဆိုသည်ကို ရှင်းရဦးမည်ထင်ပါသည်။ တံကဲ ဟူသည်ကား မြတ်စွာဘုရား နောက်တွင် ထားရှိအပ်သော သစ်သားအဆင်တန်ဆာဟု ဆိုလျှင်ရမည်ထင်ပါသည်။ သို့ဆိုလျှင် ထိုသစ်သားအဆင် တန် ဆာတစ်ခု အကြောင်း စာတစ်စောင်ပေတစ်ဖွဲ့ရေးပြနေစရာ ဘာများလိုအပ်ပါမည်နည်း။လိုအပ်ပါ၏၊ ထူးခြားမှုရှိ၍သာ ဖြစ်ပါသည်။ မထူးခြားလျှင်ဤစာငါမတင်ဟုပင် ရဲရဲကြီးအာမခံလိုက်ပါမည်။ ညာဏ်တော် ငါးပေနှစ်လက်မမြင့်သော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်နောက်မှ တံကဲတော်သည် အလျား ငါးပေ ဆယ်လက်မနှင့် အမြင့် ၁၂ ပေ ၁၀ လက်မခန့်ရှိကာ ထုရှစ်လက်မခန့်ထူသော ယမနေသား တံကဲကြီးဖြစ်ပါသည်။ သစ်သားပြားဆယ်လက်မအထူထဲတွင် အရုပ်များနှင့် ကနုတ်များကို ရှစ်ထပ်ထုလုပ်ထားရာ ပန်းပုရုပ် ၁၃၆ ရုပ်နှင့် တိရိစ္ဆာန် ၁၈ ရုပ်ပါဝင် ထုလုပ်ထားသဖြင့် တံကဲကြီးသည် အံ့မခန်းအောင်လက်ရာမြောက်လွန်းလှပေသည်။ ကျွန်တော်တို့အချင်းချင်း ဆောက်ဆာဘယ်က ထွက်ပါ့မလဲဟု တအံ့တသြမေးမြန်းမိကြသည်။ အနုစိတ်ထားသော ကနုပ်ပန်းများမှာ လက်ဖြင့်ကိုင် မိလျှင်ပင် ကျိုးပဲ့သွားမလား ထင်ရအောင်နုလွန်းလှလွန်းနေသော်လည်း ဤတံကဲကိုထုလုပ်သည့် ပန်းပုဆရာ ကြီးများသည် အဘယ်သို့သော ဆောက်ဖြင့် အဘယ်ကဲ့သို့ ထွင်းထုခဲ့သည်ကို စိတ်ကူးမျှပင်လျှင်အတွေးတတ်ပါ။
စူးစမ်းလေ့လာမှုအရတော့ ရွှေတံကဲတော်ကြီးကို ၁၉၀၄ ခုနှစ်တွင်ထုလုပ်ခဲ့ရာ ခရာစ်နှစ် ၁၉၀၈ ခုတွင်ပြီးသည်ဆိုသဖြင့် ၄ နှစ်ကြာထုလုပ်ခဲ့ကြောင်းသိရ၏။ တံကဲတော်ကြီးပန်းပုထု လုပ်အားခသည် ထိုစဉ်အခါက ငွေတန်ဘိုးအရ ရွှေတစ်ကျပ် သားလျှင် ငွေ ၂၀ မျှသာပေးရသောကြောင့် ရွှေနှစ်ပိဿ တန်ဘိုးနှင့်ညီမျှကြောင်း သိရှိရပေသည်။
ရွှေကူတံကဲတော်အနီးတွင် ကမ္ဘာ့အံ့ဖွယ်ရာ ရွှေကူ တံကဲတော် အမည်ဖြင့် တံကဲတော်နှင့်ပတ်သက်၍ ရှင်းလင်း ချက်များ ရေးသားထားရာတွင် သက္ကရာစ် ၁၂၆၉ ခုနှစ်တပေါင်းလပြည့်ကျော် ၃ ရက်နေ့က လက္ခငွေ ငွေဒင်္ဂါးပြား ၄၀၀၀ နှင့် ၄ နှစ်ကျော်ထုရခြင်း ၊ တံကဲ၏ထု ၈ လက်မ၊ ရှစ်ထပ်နှင့် သစ်တုံး ၅ တုန်းဖြင့် ပန်းရုပ်လုံးများဖော်ပြထားခြင်းစသည်ဖြင့် ဖတ် ရှုနိုင်ပေသည်။ ဘယ်ဖက်ပန်းကနုပ်ပေါ်တွင် ဆြာ ဦးကံကြီး၊ သားမောင်တေ ဟူသောသာတမ်းကို ထွင်းထုထားသဖြင့် ပန်းပုဆရာ ကြီး သားအဖနှစ်ဦးထုလုပ်ခဲ့ကြောင်းသိနိုင်သည်။
တံကဲတော်ကြီးပေါ်တွင် ဒေဝါရောဟဏဇာတ်၊ နေမိဇာတ်၊ သာဓိဏဇာတ်တော်နှင့် ဗိမ္ဗိသာရဇာတ်တို့မှ အခန်း ၁၂ ခန်းကို ပုံဖော်ထားသည်။ တံကဲတော်ကြီး၏အပေါ်ဆုံးလွှာတွင် ဒေဝါရောဟဏဇာတ်မှ မြတ်စွာဘုရားရှင် တာဝတိ ံသာမှ လူ့ပြည်သို့ ပြန်လည်ဆင်းသက်ကြွလာခန်းကို ထုလုပ်ထားသည်။ မြတ်စွာဘုရားရှင်သည် တာဝတိ ံသာနတ်ပြည်တွင် မယ်တော်မိ နတ်သားနှင့် ဝါတွင်းသုံးလ ဟော်ကြားတော်မူအပြီး လူ့ပြည်သို့ပြန်လည်ကြွမြန်းလာရာတွင် ရွှေဇောင်းတန်း၊ ငွေဇောင်းတန်း၊ ပတ္တမြားဇောင်းတန်း သုံးခုမှ ဆင်းသက်လာပုံကို ထုလုပ်ထားရာ ရုပ်တုပေါင်း ၂၁ ခုဖြင့်ပုံဖေါ်ထားသည်။ အလယ်ပတ္တမြား ဇောင်းတန်းမှ သင်္ဃဿနဂိုရ်ပြည် တောင်တခါးဆီသို့ ကြွမြန်းဆင်းသက် လာသော ဇာတ်ကွက်တွင် မြတ်စွာဘုရား ရှင်အားလိုက်ပါပို့ဆောင်ပေးကြသော မာတလိ၊ ဝိသကြုံနတ်သားနှင့် ဲဗဟ္မာကြီးများကို လက်ရာမြောက်စွာ ထုလုပ်ထားပြီး ၊ ထီးတော်မိုးသူ၊ ခရုသင်းမှုတ်သူ၊ ယပ်ခပ်ပေးသူ၊ တူရိယာတီးမှုတ်လိုက်ပါလာသူများသည် အသက်ဝင်လွန်း လှပေသည်။ တံကဲတော်ကြီး၏ လက်ယာဘက်အထက်ပိုင်းတွင် နေမိဇာတ်တော်၊ လက်ဝဲဘက် အထက်နားတွင် သာဓိန ဇာတ်တော်မှ ဇာတ်ရုပ်တို့ကို တွေ့မြင်နိုင်သည်။ နေမိနတ်သားနှင့် သာဓိနမင်းကြီးတို့ကို နတ်ပြည်သို့ မြင်းသုံးကောင်ကသော ရထားဖြင့် တောမြိုင်ဂနိုင်အတွင်းမှ ခေါ်ဆောင်သွားပုံသည် ပန်းရှစ်ထပ်အတွင်းမှ ရထားထွက်လာတော့မည့် အလား ပင်။ငှက်ကလေးများ အစာခွံ့နေပုံ ၊ မြူးတူးပျော်ပါးနေပုံများ၊ ဘုရားရှင်နှင့်တကွ နတ်ဗြဟ္မာများ၊ ရှင်ဘုရင်၊ ဝန်ကြီးဝန်လေး ကချေသည်၊ ပြည်သူပြည်သားများအား လေးဘက်ပတ်လည်ကြည့်နိုင်ရန် သစ်တချပ်တည်းပေါ်တွင် ဟိုဘက်သည်ဘက် ထွင်းဖေါက် ကြည့်မြင်နိုင်သည့် သစ်လုံးအတွင်းဘက်မှ ပုံများ၊ ကနုတ်များအားလုံး ထွင်းထုထားပုံမှာ အံ့ဘနန်းဖြစ်ပါသည်။
ရွှေကူတကဲတော်ကြီးသည် ယခုဆိုလျှင် နှစ်ပေါင်း တရာ ကျော်လေပြီ ပုခုက္ကူမြို့သို့ရောက်ရှိသူတိုင်း သွားရောက် ကြည့်ရှုလေ့လာသင့်ပါသည်။ မြန်မာတို့ဂုဏ်ယူအပ်သည့် ကမ္ဘာကျော့် မြန်မာ့ပန်းပုပညာဖြစ်သည့်အတွက် ဂုဏ်ယူနိုင် ပါသည်။ ယခုကျွန်တော်တင်ပြသော ပုံများကိုကြည်ခြင်းဖြင့်လည်း အနည်းငယ်တော့ ခန့်မှန်းအံ့သြစွာ မြင်တွေ့ရနိုင်မည် ဟုမျှော်လင့်မိပါသည်။ ရေးသားသူ - မင်းစိုးနိုင် Photo – Google ကိုးကား- ကြေးမုံသတင်းစာ ၂၅၊၁၁၊ ၂၀၁၄ source: (link)

No comments:

Post a Comment