Friday, February 18, 2022

အတွင်းအောင်ခြင်းရှစ်ပါး ပါဠိနှင့် မြန်မာပြန်

အတွင်းအောင်ခြင်းရှစ်ပါး ပါဠိနှင့် မြန်မာပြန် ၁။ အဝိဇ္ဇာအဏ္ဍကောသမှိ၊ သတ္တေ တဏှာဇလမ္ဗုဇေ ။ တမှာ ဌာနာ နိက္ခာမေသိ၊ ဒေသနာဉာဏ တေဇသာ ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ( မြတ်စွာဘုရားသည် ) အဝိဇ္ဇာဥခွံအတွင်း၌ ဖြစ်ကုန်သော သတ္တဝါများနှင့် တဏှာတံလျပ်၌ ဖြစ်ကုန်သော သတ္တဝါတို့ကို ဒေသနာဉာဏ်တန်ခိုးဖြင့် ထိုနေရာမှ ထွက်မြောက်စေတော်မူပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ မှတ်ချက်။ ။ တဏှာဇလာဗုဇေ-ဟုရှိခဲ့သော် တဏှာ-တည်းဟူသော သားအိမ်၌ ဖြစ်ကုန်သော-ဟု မြန်မာပြန်ပါ။ ၂။ မဟာမောဟန္ဓကာရေန၊ အဘိဘူတေ မဟာဇနေ ။ ပညာစက္ခုံ လဘာပေသိ၊ ဉာဏာလောကေန သော ဇိနော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ( မြတ်စွာဘုရားသည် ) မောဟမှောင်ကြီး ဖိစီးနှိပ်စက်ခြင်း ခံနေရသော သတ္တဝါများကို ဉာဏ်တော်တည်းဟူသော အလင်းရောင်ဖြင့် ပညာမျက်လုံးကို ရစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၃။ ရာဂါဒိအဂ္ဂိဇာလေဟိ၊ ဍဎ္ဍကာယံ မဟာဇနံ ။ နိဗ္ဗာပေသိ နရနာထော၊ အဋ္ဌမဂ္ဂင်္ဂဝါရိနာ ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဂစသော မီးလျှံတို့ဖြင့် ပူလောင်သော ကိုယ်ရှိသော သတ္တဝါများကို မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေစင်ဖြင့် ငြိမ်းစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၄။ စတုရောဂေဟိ ဝုယှန္တေ၊ ဂမ္ဘီရေ သံသာရဏ္ဏဝေ ။ ဥတ္တာရေသိ မဟာဝီရော၊ ဓမ္မနာဝါယ နာယကော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ကြီးမြတ်သော လုံ့လရှိတော်မူသော လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရားသည် အလွန် နက်စောက်သော သံသရာတည်းဟူသော သမုဒ္ဒရာ၌ ဩဃလေးပါးတည်းဟူသော ရေအလျဉ်တို့ဖြင့် နစ်မွန်းမျောပါးကုန်သော သတ္တဝါတို့ကို တရားတည်းဟူသော လှေဖြင့် ကယ်တင်တော်မူလေပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၅။ သံသာရစာရကံ လောကံ၊ နိစ္စံ ဒုက္ခေန ပီဠိတံ ။ နိဗ္ဗာနပုရံ ပါပေသိ၊ ယာနတ္တယေန သော ဇိနော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ထိုမြတ်စွာဘုရားသည် သံသရာ၌ ကျင်လည်လှုပ်ရှားပြေးသွားနေရပြီး ဇာတိစသော ဆင်းရဲဒုက္ခဖြင့် အမြဲမပြတ် နှိပ်စက်ခြင်း ခံနေရသော လူအပေါင်းကို အနိစ္စ, ဒုက္ခ, အနတ္တ ဝိပဿနာယာဉ်သုံးပါးဖြင့် နိဗ္ဗာန်ပြည်မြတ်သို့ ရောက်စေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၆။ ကဋ္ဌမုခါဒိ သပ္ပေဟိ၊ ဍဋ္ဌကာယံ မဟာဇနံ ။ နိဗ္ဗာပေသိ မဟာဓီရော၊ နာထော တိလောကဝေဇ္ဇကော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ကြီးမြတ်သော ပညာရှိတော်မူသော လူသုံးပါးတို့၏ ဆေးသမားသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကဋ္ဌမုခ-စသော မြွေလေးကောင်တို့၏ ကိုက်ခဲခြင်းကို ခံရသော ကိုယ်ရှိသော များစွာသော သတ္တဝါအပေါင်းကို (ဒေသနာအမြိုက်ဆေး တိုက်ကျွေးသောအားဖြင့်) ငြိမ်းစေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၇။ သံသာရ ဒုက္ခကန္တာရာ၊ ကိလေသစောရပီဠိတံ ။ ခေမန္တဘူမိံ တာရေသိ၊ သတ္ထဝါဟော ဝိနာယကော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ယာဉ်မှူးသဖွယ်ဖြစ်တော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် ကိလေသာခိုးသူတို့၏ နှိပ်စက်ခြင်းကို ခံနေရသော သတ္တဝါအပေါင်းကို သံသရာဆင်းရဲ ခရီးခဲဲမှ ဘေးမရှိရာ နိဗ္ဗာန်သို့ ပို့ဆောင်ထုတ်ချောက် ကူးမြောက်စေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၈။ ပဥ္စတာလီသ ၀ဿာနိ၊ ဌတွာ လောကံ သဒေဝကံ ။ ပိ၀ယိတွာ ဓမ္မရသံ၊ နိဗ္ဗုတော သော သသာဝကော ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။ ဆိုခဲ့ပြီးသော ကျေးဇူးဂုဏ်အပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လေးဆယ့်ငါးဝါပတ်လုံး ဘုရားအဖြစ်၌ တည်တော်မူ၍ နတ်နှင့်တကွသော လူအပေါင်းကို တရားတည်းဟူသော အမြိုက်အရသာကို သောက်စေတော်မူပြီး၍ တပည့်သား သံဃာတော်အပေါင်းနှင့် အတူ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ( အတွင်းအောင်ခြင်း ရှစ်ပါး ကဗျာ ) ၁။ အဝိဇ္ဇာ ဥတွင်း၊ သက်ဆင်းရောက်နေ ။ တဏှာတံလျှပ်၊ ကိန်းဝပ် ဝေနေ ။ ဒေသနာဉာဏ်မြတ်၊ ဟောလတ်ချွတ်ချွေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၂။ မောဟ မှောင်ကြီး၊ ပိတ်ဆီးကာနေ ။ ပညာမျက်စိ၊ ကန်းဘိသူတွေ ။ မျက်စကိုဖွင့်၊ ဉာဏ်ဖြင့်မြင်စေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၃။ ရာဂ စသား၊ မီးများလောင်နေ ။ ပူလောင်ကိုယ်ရှိ၊ များဘိဝေနေ ။ မဂ္ဂင်ရေအေး၊ တိုက်ကျွေးငြိမ်းစေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၄။ ပင်လယ်ရေလှိုင်း၊ နက်ရှိုင်းတူနေ ။ သံသရာဩဃ၊ မျောကြသူတွေ ။ တရားလှေထက်၊ တင်လျက်ဆောင်ပေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၅။ ဇာတိအစ၊ ဒုက္ခထွေထွေ ။ နှိပ်စက်ခံရ၊ များလှဝေနေ ။ သုံးပါးယဉ်ထက်၊ တင်လျက်ဆောင်ပေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၆။ ကဋ္ဌမုခ၊ စသည်လေးထွေ ။ မြွေဆိုးကိုက်ကြ၊ ခံရသူတွေ ။ ဒေသနာဆေး၊ တိုက်ကျွေးကာလေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၇။ ကိလေသာမျိုး၊ လူဆိုးရှုပ်ပွေ ။ သံသရာလမ်း၊ ဘေးဘျမ်းထူနေ ။ နိဗ္ဗာန်စခန်း၊ လွတ်လမ်းရှာဖွေ ။ ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ ၈။ ဝါလေးဆယ့်ငါး၊ ဘုရားစိန္တေ ။ နတ်နှင့်လူများ၊ တရားဟောချွေ ။ အမြိုက်ဓမ္မ၊ သောက်ကြပြီးစေ ။ နိဗ္ဗူနန်း၊ စံမြန်းအတူပေ ။ မှန်စကား၊ တို့များ အောင်ပါစေ ။ အတွင်းအောင်ခြင်း ၈-ပါး အတွင်းအဇ္ဈတ္တ၌ရှိသော ကိလေသာရန်သူများကို အောင်မြင်ပုံ ပြဆိုသောကြောင့် အတွင်းအောင်ခြင်းဟု ခေါ်သည်။ ဂါထာအားလုံး ရှစ်လုံးဖွဲ့ချည်း ဖြစ်သည်၊ အောင်ခြင်းတပုဒ်ဆုံးတိုင်း ( ဧတေန သစ္စဝဇ္ဖေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ) ဟူသော သစ္စာပြုစာပိုဒ်ဖြင့် အဆုံးသတ်ထားသည်၊ ဤသစ္စာစကားကြောင့် အတွင်းရန်ကို အောင်မြင်တော်မူသော ဘုရားနည်းတူ အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေဟု တောင့်တချက် ပြုထားသည်။ ( မြန်မာပြန်ဆိုခြင်း ) အတွင်းအောင်ခြင်း ဂါထာများနှင့် ပတ်သက်၍ ရေးသားသူ၏အမည်နှင့် ရေးသားသည့် ခေတ်ကာလကို အတိအကျ မသိရ၊ စာပေကျမ်းဂန် အထူးတတ်ကျွမ်းပြီး သဒ္ဓါတရား ထက်သန်ကောင်းမွန်သော ပညာရှင်တဦးက ရေးသားဖွဲ့ဆိုထားသည်ဟု မှန်းဆ၍ ကြည်ညိုရပါသည်။ အင်းဝခေတ်တွင် အတွင်းအောင်ခြင်း ဂါထာများကို သင်ကြားနေပြီဖြစ်၍ ထိုခေတ်ထက် စောကောင်းစောတန်ရာသည်ဟု မှန်းဆနိုင်သည်။ အတွင်းအောင်ခြင်း ဂါထာများကို ဆယ်စောင်တွဲပါ ရှေးနိဿယအပြင် ညောင်တုန်းမြို့ ရွှေဟင်္သာတိုက် အလင်္ကာနိဿယ ကျမ်းပြု စံကျောင်းဆရာတော်ဘုရားကြီးက နှစ်သက်ဖွယ်ရာ နိဿယအကျယ် ရေးသားထားပါသည်။ သာယာဝတီ ဦးညေယျ-ကလည်း နိဿယအကျယ် ရေးသားခဲ့ပါသည်။ အခြားပညာ်ရှင်တို့၏ နိဿယများလည်း ရှိလိမ့်ဦးမည် ထင်ပါသည်။
Source

No comments:

Post a Comment