Friday, February 18, 2022

အပြင်အောင်ခြင်းရှစ်ပါး ပါဠိ နှင့် မြန်မာပြန်

အပြင်အောင်ခြင်းရှစ်ပါး ပါဠိ နှင့် မြန်မာပြန် ( အပြင်အောင်ခြင်းရှစ်ပါး ပါဠိ နှင့် မြန်မာပြန် ) ၁။ မာရ်နတ်သားကို အောင်မြင်ခြင်း ဗာဟုံသဟဿမဘိနိမ္မိတ သာဓုဝန္တံ ၊ ဂိရိမေခလံ ဥဒိတဃောရံ သသေနမာရံ ။ ဒါနာဒိဓမ္မဝိဓိနာ ဇိတဝါမုနိန္ဒော ၊ တံ တေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ ။ လက်ရုံးတထောင် လက်နက်တထောင် ဖန်ဆင်းကာ ဂိရိမေခလာဆင်ကို စီး၍လာသော ကြမ်းတမ်းသော စစ်သည်ဗိုလ်ပါနှင့်တကွ မာရ်နတ်သားကို မြတ်စွာဘုရားသည် ဒါနပါရမီစသော တရားတော်အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ မာရ်နတ်သားကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၂။ အာဠာဝက ဘီလူးကို အောင်မြင်ခြင်း မာရာတိရေက မဘိယုဇ္ဈိတ သဗ္ဗရတ္တိံ ၊ ဃောရံ ပနာဠဝက မက္ခမထဒ္ဓယက္ခံ ။ ခန္တီ သုဒန္တ ဝိဓိနာ ဇိတဝါ မုနိန္ဒော ၊ တံ တေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ ။ မာရ်နတ်သားထက် လွန်ကဲစွာ ညဉ့်လုံးပေါက် စစ်ထိုးနိုင်၍ ကြောက်ဖွယ်ကောင်းပြီး သူတပါးတို့ သည်းမခံနိုင်အောင် ကြမ်းတမ်းခက်မာသော အာဠာဝကဘီလူးကြီးကို မြတ်စွာဘုရားသည် သည်းခံတော်မူခြင်း, ကောင်းစွာယဉ်ကျေးစေတော်မူခြင်း အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ အာဠာဝကဘီလူးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၃။ နာဠာဂိရိဆင်ကို အောင်မြင်ခြင်း နာဠာဂိရိံ ဂဇဝရံ အတိမဒ္ဒဘူတံ ၊ ဒါဝဂ္ဂိစက္ကမသနီ၀ သုဒါရုဏန္တံ ။ မေတ္တမ္ဗုသေကဝိဓိနာ ဇိတဝါ မုနိန္ဒော ၊ တံ တေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ ။ တောမီး မိုးကြိုးစက်ကဲ့သို့ ကြမ်းကြုတ်၍ အလွန်မုန်ယစ်နေသော အဇာတသတ်မင်း၏ စီးတော်ဆင် နာဠာဂိရိကို မြတ်စွာဘုရားသည် မေတ္တာတော်ရေ သွန်းခြင်း အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ နာဠာဂိရိဆင်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုအား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၄။ အင်္ဂုလိမာလကို အောင်မြင်ခြင်း ဥက္ခိတ္တခဂ္ဂမဘိဟတ္ထ သုဒါရုဏန္တံ ၊ ဓာဝံ တိယောဇနပထင်္ဂုလိမာလဝန္တံ ။ ဣဒ္ဓိဘိသင်္ခတမနော ဇိတဝါ မုနိန္ဒော ၊ တံ တေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ ။ သန်လျက်ကို လက်၌ မြှောက်မိုး၍ အလွန်ကြမ်းကြုတ်ရက်စက်သူ သုံးယူဇနာခရီးကို မမောမပန်း တဟုန်တည်း ပြေးစွမ်းနိုင်သူ လက်ညှိုးပန်းကုံးဆွဲထားသူ အင်္ဂုလိမာလ လူဆိုးကြီးကို မြတ်စွာဘုရားသည် ဖန်ဆင်းထားသော စိတ်တန်ခိုးဖြင့် အောင်တော်မူလေပြီ၊ အင်္ဂုလိမာလ လူဆိုးကြီးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၅။ စိဉ္စမာဏကို အောင်မြင်ခြင်း ကတွာန ကဋ္ဌမုဒရံ ဣ၀ ဂဗ္ဘိနိယံ ၊ စိဉ္စာယ ဒုဋ္ဌဝစနံ ဇနကာယမဇ္ဈေ ။ သန္တေန သောမဝိဓိနာ ဇိတဝါ မုနိန္ဒော ၊ တံ တေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ ။ တရားနာကြသော လူရှင်ရဟန်း ပရိသတ်တို့၏ အလယ်၌ သစ်သားကို ကိုယ်ဝန်ဆောင် မိန်းမ၏ ဝမ်းဗိုက်ကဲ့သို့ အတုပြု၍ လုပ်ဆောင်လာသူ စိဉ္စမာဏဝိကာ အမည်ရှိသော မိန်းမယုတ်၏ မဟုတ်မတရား စွပ်စွဲဖျက်ဆီးသော စကားကို မြတ်စွာဘုရားသည် ငြိမ်သက်ဖြူစင် ချမ်းအေးသော အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ စိဉ္စမာဏ မိန်းမယုတ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၆။ သစ္စကပရိဗိုဇ်ကို အောင်မြင်ခြင်း သစ္စံ ဝိဟာယ အတိသစ္စကဝါဒကေတုံ ၊ ဝါဒါဘိရောပိတမနံ အတိအန္ဓဘူတံ ။ ပညာပဒီပ ဇလိတော ဇိတဝါ မုနိန္ဒော ၊ တံ တေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ ။ မှန်သောစကားကို ပယ်၍ မမှန်ကို အမှန်လုပ်ကာ ဝါဒမှားကို တံခွန်အလား လွင့်ထူသွားသူ, မိမိ၏ဝါဒဖြင့် သူတပါးအို့အား နှိမ်နင်းလိုသော စိတ်ထားရှိသူ, အလွန်မိုက်မဲသည့် ကူဋဒန္တခေါ်သော သစ္စကပရိဗိုဇ်ကို မြတ်စွာဘုရားသည် ပညာတန်ဆောင် ဆီမီးရောင်ကို ညှိထွန်းတော်မူခြင်းဖြင့် အောင်တော်မူလေပြီ။ သစ္စကပရိဗိုဇ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၇။ နန္ဒောပနန္ဒ နဂါးကို အောင်မြင်ခြင်း နန္ဒေပနန္ဒဘုဇဂံ ဝိဝိဓံ မဟိဒ္ဓိံ ၊ ပုတ္တေန ထေရဘုဇဂေန ဓုနာပယန္တော ။ ဣဒ္ဓူပဒေသ ဝိဓိနာ ဇိတဝါ မုနိန္ဒော ၊ တံ တေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ ။ အထူးထူးအပြားပြား တန်ခိုးကြီးမားသော နန္ဒောပနန္ဒ နဂါးမင်းကို မြတ်စွာဘုရားသည် တပည့်သားဖြစ်သူ ရှင်မောဂ္ဂလာန်ကို နှစ်ဆကြီးသော နဂါးအသွင်ဖြင့် အခိုးအလျှံကို လွှတ်စေလျက် တန်ခိုးဖန်ဆင်းခြင်း၌ နည်းညွှန် ဥပဒေပေးသော အစီအရင်ဖြင့် အောင်တော်မူလေပြီ။ နန္ဒောပနန္ဒနဂါးမင်းကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၈။ ဗကဗြဟ္မာကို အောင်မြင်ခြင်း ဒုဂ္ဂါဟဒိဋ္ဌိဘုဇဂေန သုဒဋ္ဌဟတ္ထံ ၊ ဗြဟ္မံ သုတံ ဇုတိမဟိဒ္ဓိံ ဗကာဘိဓာနံ ၊ တံ တေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ ။ မကောင်းသောအယူ မိစ္ဆာဒိဋ္ဌိမြွေဆိုး လက်၌ကိုက်ခဲခြင်းခံရသူ ကျော်စော၍ ထွန်းလင်းတောက်ပသော ကြီးမားသော တန်ခိုးရှင် ဗကဗြဟ္မာကြီးကို မြတ်စွာဘုရားသည် ဉာဏ်တော်တည်းဟူသော အဆိပ်ဖြေဆေး အစီအရင်ဖြင့် အောင်တော်မူလေပြီ။ ဗကဗြဟ္မာကြီးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ( အောင်ခြင်းရှစ်ပါး ပါဠိနှင့် မြန်မာပြန် ပြီး၏ ) ( မင်းကွန်း အာဒိဝဋံသကာထေရ် သီကုံးရေးဖွဲ့သော အပြင်အောင်ခြင်း ရှစ်ဖြာ-ရှစ်လုံးဖွဲ့ ဓမ္မကဗျာ ) ၁။ ဗောဓိညောင်နန်း အောင်ဝန်းရိပ်သာ ၊ တထောင်လက်ရုံး စက်ဘုန်းလျှံဖြာ ။ မာရ်နတ်မင်းနှင့် သင်းပင်းဗိုဇ်ပါ ၊ တို့ဘုရား တရားတော်ဖြင်သာ ။ အခေါင်နင်း အောင်ခြင်းလက်ဦးစွာ ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ ။ ၂။ အာဠာဝက ယက္ခယုတ်မာ ၊ ညဉ့်သုံးယာမ်လုံး အုံးအုံးကြွက်ညာ ။ လက်နက်မိုးဖြင့် ထစ်ကြိုးတိုက်လာ ၊ ခန္တီထုံး ကျင့်သုံး-တို့မြတ်စွာ ။ အခေါင်နင်း အောင်ခြင်း-ဒုတိယာ ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ ။ ၃။ နာဠာဂိရိ မည်ရှိထင်စွာ ၊ တောမီးမိုးကြိုး စက်မျိုးပမာ ။ ကြမ်းတမ်းရုန့်ရင်း မုန်ဆင်းသတ္တဝါ ၊ မေတ္တာမိုး စွေဖြိုး-တို့မြတ်စွာ ။ အခေါင်နင်း အောင်ခြင်း-တတိယာ ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ ။ ၄။ လက်ညှိုးစုံပန်း ဆင်မြန်းလျက်သာ ၊ အဟိံသက စောရ-လူစွာ ။ သတ်မည်ကောဟု လျင်ဆောလိုက်လာ ၊ တန်ခိုးစွမါး ဖန်ဆန်း-တို့မြတ်စွာ ။ အခေါင်နင်း အောင်ခြင်းစတုတ္ထာ ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ ။ ၅။ ကိုယ်ဝန်စွဲပိုက် ဝမ်းတိုက်တူစွာ ၊ သစ်သားကိုလုပ် မိယုတ်စိဉ္စာ ။ ပရိသတ်ထဲ စွပ်စွဲလေရာ ၊ သာယာညင်း မိန့်လျှင်း တိူ့မြတ်စွာ ။ အခေါင်နင်း အောင်ခြင်းပဉ္စမာ ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ ။ ၆။ အမှန်ပယ်ရှား အမှားကိုသာ ၊ ဝါဒမှန်ကင်း ထောင်လျှင်းစိူက်ကာ ။ လူ,ပရိဗိုဇ် အမိုက်သစ္စကာ ၊ ပညာမီး ညှိသီး တို့မြတ်စွာ ။ အခေါင်နင်း အောင်ခြင်းဆဋ္ဌမာ ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ ။ ၇။ မဟာနန္ဒော မာန်ပြောထူစွာ ၊ နဂါးရန်ကြီး ဖျက်ဆီးစိမ့်ငှါ ။ ဝဲရံထေရ်အား မခြားချိန်ခါ ၊ လူ,ထိပ်မိုး တန်ခိုးညွှတ်ပြကာ ။ အခေါင်နင်း အောင်ခြင်းသတ္တမာ ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ ။ ၈။ အယူဖောက်လွဲ မြွေခဲလက်မှာ ၊ တန်ခိုးရှိန်အား ကြီးမားထင်စွာ ။ ဗြဟ္မာဗက ဗာလယုတ်မာ ၊ ဉာဏ်တော်ဆေး တိုက်ကျွေး-တို့မြတ်စွာ ။ အခေါင်နင်း အောင်ခြင်းအဋ္ဌမာ ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ ။ မှတ်ချက်။ အာဒိဝဋံသကာထေရ်ဆိုသည်မှာ နောင်အခါ ပထမဆုံး တိပိဋကဓရဘွဲ့ကို ရရှိတော်မူသော မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ မထေရ်မြတ်ပင် ဖြစ်ပါသည်။ ပါရမီခန်းပျို့ဋီကာ ကျမ်းပြုဆရာတော် အရှင်ကောသလ္လ ( ဓမ္မာစရိယ၊ ဘီအေ ) ရေးသားဖွဲ့ဆိုသော အောင်ခြင်းရှစ်ပါး ကဗျာများ ၁။ မာရ်နတ်အောင်ပွဲ လက်ရုံးတထောင် အသွင်ဆန်းနဲ့ ၊ ဆင်ကြမ်းကိုတဲ့ စီးလို့လာ ။ မာရ်နတ်ဘုရင် ပလ္လင်လုဖို့ ၊ သေနင်ထုနဲ့ တိုက်ခိုက်တာ ။ ပါရမီတွေ သက်သေပြုလို့ ၊ ဝသုန်မြေထု ညွန်ပြရာ ။ မာရ်စစ်တွေဟာ ကျေကာပျက်လို့ ၊ ဟိုထွက်သည်ထွက် ပြေးရရှာ ။ နဘံလွှမ်းမိုး ဖြန်းဖြန်းကျိုး ၊ ပန်းမိုးချလို့ရွာ ။ အဲဒါက ဘဂဝါ-အရဟ ပထမအောင်စဉ်ပါ ။ ၂။ အာဠာဝက အောင်ပွဲ ဒေါသပြင်းစွာ တင်းမာလှ ၊ မင်းမာရထက် ကြမ်းတမ်းစွာ ။ လက်နက်ကိုးဖြာ မိုးရွာလစ် ၊ ဘွဲ့ပြူပစ်လို့ စစ်ထိုးတာ ။ ဗုဒ္ဓမြတ်စွာ မေတ္တာပွားလို့ ၊ သစ္စာတရားနဲ့ ချေပရာ ။ လက်နက်တွေဟာ ခြေတော်အနီး ၊ ပန်းစည်းပန်းဆုပ် ခြေသုတ်ပမာ ။ အာဠဝက မာန်စွယ်ကျ ၊ ဦးချဝပ်တွားလာ ။ အဲဒါက ဘဂဝါ-သုဂတ ဒုတိယအောင်စဉ်ပါ ။ ၃။ နာဠာဂိရိဆင် အောင်ပွဲ နာဠာဂိရိ ဆင်ပြောင်မိုက်ကို ၊ သေရည်တိုက်လို့ ခိုင်းတဲ့ခါ ။ လောင်မီးစံပုံ မာန်ဟုန်ပြင်းလို့ ၊ နင်းဖို့ သတ်ဖို့ အတင်းလာ ။ ဓာတ်ဗြဟ္မစိုရ် လှစ်ကာနိုး ၊ မေတ္တာမိုးနဲ့ သွန်းလိုက်တာ ။ နှာမောင်းလေးကို ကွေးကာကုပ်လို့ ၊ ဒူးတုပ်ဝပ်တွား ညွှတ်သွားရှာ ။ တိုက်ဆင်ပြောင်ကြီး လိမ္မာပြီး ၊ ငြမ်ကြီးငြိမ်သက်လာ ။ အဲဒါက ဘဂဝါ-ဇိန တတိယအောင်စဉ်ပါ ။ ၄။ အင်္ဂုလိမာလ အောင်ပွဲ သန်လျက်ကို ယမ်းကာဝှေ့လို့ ၊ လမ်းလာသရွေ့ သတ်ဖြတ်ကာ ။ လက်ချောင်းတွေကို သီကာတွဲလို့ ၊ လည်မှာဆွဲတဲ့ လူကြမ်းဟာ ။ ဘုရားရှင်ကို လမ်းဝယ်တွေ့တော့ ၊ ဖမ်းမယ်ဟေ့လို့ ပြေးလိုက်ရာ ။ တန်ခိုးတော်ဘိညာဉ် ထင်စွာပြုမှ ၊ အင်္ဂုလိမာလ ညွတ်တွားလာ ။ တရားရေအေး အမြိုက်ဆေး ၊ တိုက်ကျွေးကျွတ်စေတာ ။ အဲဒါက ဘဂဝါ-နုတ္တရ စတုတ္ထအောင်စဉ်ပါ ။ ၅။ စိဉ္စမာဏ အောင်ပွဲ ပျဉ်ချပ်တွေကို ခံခွေပြုလို့ ၊ သန္ဓေအတုနဲ့ စိဉ္စမာ ။ အရှက်ကွဲရုံ ဂုဏ်တော်ဖြုတ်ဖို့ ၊ သမုတ်စွပ်စွဲ လူထဲမှာ ။ ငြိမ်းအေးမေတ္တာ ဓာတ်တရားကြောင့် ၊ နတ်သိကြားတို့ မနေသာ ။ ပျဉ်ကြိုးဖြေကာ ခြေကိုဖြတ်လို့ ၊ မြျေိုဟပ်တော့ ငရဲမှာ ။ ဂုဏ်တော်တန်ခိုး ဆတမ်းပိုး ၊ တိုးလို့တက်လို့လာ ။ အဲဒါက ဘဂဝါ-ယှဉ်မရ ပဉ္စမအောင်စဉ်ပါ ။ ၆။ သစ္စကပရိဗိုဇ် အောင်ပွဲ ဝါဒချင်းပြိုင် နိုင်မလားလို့ ၊ ဘုရားကိုတဲ့ အတ်တုလာ ။ အယူတထောင် ဆောင်ကိုမိုက်တဲ့ ၊ ပရိဗိုဇ်ကွဲ့ သစ္စကာ ။ မိမိကိုယ်ဟာ အတ္တလားလို့ ၊ မြတ်စွာဘုရား မေးတဲ့ခါ ။ မသိတွေမှိုင် ဖြေနိုင်ဘဲမို့ ၊ ခွေယိုင်လဲလို့ ရှုံးရတာ ။ တိတ္တိအမျိုး မာန်စွယ်ကျိုး ၊ ငံ့ုလျှိုးနေရရှာ ။ အဲဒါက ဘဂဝါ-မြတ်လှ ဆဋ္ဌမအောင်စဉ်ပါ ။ ၇။ နန္ဒေပနန္ဒ နဂါးမင်း အောင်ပွဲ နန္ဒောပနန် မျက်မာန်ကြွ ၊ ခက်ထန်လှတဲ့ နဂါးဟာ ။ မြင်းမိုရ်တောင်ကို ခွေပတ်ပြီးတော့ ၊ ကတ်သီးကတ်သတ် ရန်ပြုတာ ။ ဘုရားသခင် မယှဉ်လောက်တော့ ၊ ရှင်မောဂ္ဂလာန်နဲ့ ပြိုင်စေရာ ။ လက်ဝဲတော်ရံ ဈာန်တန်ခိုးနဲ့ ၊ မာန်ဟုန်ချိုးလို့ ဆုံးမတာ ။ နတ်နဂါးမင်း ခြေတော်ရင်း ၊ ဝပ်စင်းခယလာ ။ အဲဒါက ဘဂဝါ-မြတ်လှ သတ္တမအောင်စဉ်ပါ ။ ၈။ ဗကဗြဟ္မာ အောင်ပွဲ ဗကဆိုသူ လူတမျိုးနဲ့ ၊ အယူဆိုးတဲ့ မိုးဗြဟ္မာ ။ အနိစ္စကို နိစ္စပဲလို့ ၊ စိတ်ကစွဲလို့ လွဲခဲ့တာ ။ တို့ဘုရားရှင် လျင်စွာကြွလို့ ၊ ထင်စွာပြတော့ မြတ်ဓမ္မာ ။ တန်ခိုးချင်းတောင် တူသလားလို့ ၊ လူဘုရားက ပြတဲ့ခါ ။ မိုးဗြဟ္မာကြီး မာန်ကွာပြီး ၊ ရှုံးကြီးရှုံးရရှာ ။ အဲဒါက ဘဂဝါ-မြတ်လှ အဋ္ဌမအောင်စဉ်ပါ ။ ( အောင်ခြင်းရှစ်ပါး သီချင်း ) ( စာသား ပထမကျော် လယ်တီကောဝိဒ )

No comments:

Post a Comment