✿ ဓာတ်ကျွန်ဘဝမှ နိုးထခြင်း
(တစ်ထိတည်းထိ တစ်သိတည်းသိသော လွတ်မြောက်ရာလမ်း)
════════════════════
❖ နိဒါန်း
သံသရာခရီးသည်တို့သည် မိမိကိုယ်ကို လွတ်လပ်သူများဟု ထင်မှတ်တတ်ကြသော်လည်း စင်စစ်အားဖြင့် ကိုယ်တွင်းရှိ ဓာတ်များကြိုးဆွဲရာ ကပြနေရသူများသာ ဖြစ်သည်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကမူ ထိုမမြင်ရသော ဓာတ်များကို ဖြတ်တောက်ကာ သံသရာအကျဉ်းထောင်မှ ဖောက်ထွက်နိုင်မည့် လက်တွေ့ကျသော သြဝါဒများကို မိန့်ကြားတော်မူခဲ့ရာ ဤဆောင်းပါးတွင် ယင်းတို့ကို အနှစ်ချုပ်အားဖြင့် ပြန်လည်တင်ပြလိုပါသည်။
၁။ ဓာတ်ကျွန်
ကျွန်တော်တို့သည် အဘယ်ကြောင့် ဒေါသထွက်ကြရပါသနည်း။ အဘယ်ကြောင့် ရမ္မက်မီးများ တောက်လောင်ကာ မိုက်မဲတွေဝေနေကြရသနည်း။ ထိုသို့ဖြစ်ရခြင်းမှာ “ဓာတ်”များ၏ လွှမ်းမိုးမှုသာဖြစ်ကြောင်း ဆရာတော်ကြီးက လေးနက်စွာ ထောက်ပြထားသည်။ မြေနှင့်ရေဓာတ် လွှမ်းမိုးသူသည် ရာဂအားကြီး၍၊ လေနှင့်မီးဓာတ် လွှမ်းမိုးသူသည် ဒေါသကြီးတတ်သည်။ ဤဓာတ်လေးပါးလုံး ကမောက်ကမဖြစ်နေချိန်တွင် မောဟဖုံးလွှမ်းသွားတော့သည်ဟု ဆရာတော်ကြီးက ဆိုပါသည်။ ထိုဓာတ်များခိုင်းစေရာ လုပ်နေရသည့် လောကလူသားများကိုလည်း “ဓာတ်ကျွန်ကြီးများ”သာ ဖြစ်သည်ဟု ဆရာတော်ကြီးက မိန့်တော်မူပါသည်။
ဆရာတော်ကြီးက “ကိုယ့်ခန္ဓာထဲဖြစ်တဲ့မီးကို ကိုယ့်ဟာကိုယ်ငြှိမ်းရမှာဗျ။ ဘုရားလည်း ဝင်ငြှိမ်းလို့ မရဘူး။ ရဟန္တာလည်း ဝင်ငြှိမ်းလို့ မရဘူး” ဟု ပြတ်သားစွာ မိန့်ဆိုသည်။ ကြိုက်ခြင်း၊ မကြိုက်ခြင်း ဟူသော “ဓာတ်ဉာဉ်” အဆင့်မှသည် အမှန်ကို မြင်အောင်ကြည့်နိုင်သော “လူ့ဉာဏ်” အဆင့်သို့ ကူးပြောင်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားရမည်ဖြစ်သည်။ နိဗ္ဗာန်ဆိုသည်မှာ “ဓာတ်သုညတ” ဟုခေါ်သော ဓာတ်အားလုံး ချုပ်ငြိမ်းသွားသည့် အေးချမ်းမှုပင်ဖြစ်သည်။ ဓာတ်ကျွန်ဘဝမှ အပြီးတိုင်ရုန်းထွက်ကာ လောင်မြိုက်သမျှ ကိလေသာမီးတို့ ငြိမ်းအေးရာ ထိုနိဗ္ဗာန်သည်ပင် ကျွန်တော်တို့ အရောက်လှမ်းရမည့် အမြင့်မြတ်ဆုံးသော ပန်းတိုင်မဟုတ်ပါလော။
၂။ ဆုကြီးပန်လက်စွဲ
သံသရာခရီးကြမ်းတွင် အာရုံများနှင့် တိုက်မိတိုင်း ကြိုက်ခြင်း၊ မကြိုက်ခြင်းများ ဖြစ်ပေါ်ကာ အကုသိုလ်များ ဝင်ရောက်တတ်သည်။ ဤအန္တရာယ်မှ ကာကွယ်ရန် ဂုဏ်တော်နှင့် မေတ္တာကို လက်ကိုင်ပြုရမည်ဟု ဆရာတော်ကြီးက မိန့်တော်မူသည်။
“ဂုဏ်တော်နဲ့ မေတ္တာကတော့ အပြင်ကအာရုံတွေကို ပြစ်မှားမိမှာ စိုးလို့လေ။ ကြိုက်တော့လည်း ကြိုက်လို့ ပြစ်မှားမိမှာပဲလေ။ မကြိုက်တော့လည်း မကြိုက်လို့။ ကိုယ့်ဓာတ်နဲ့မတည့်ရင် မကြိုက်ဘူးလေ။ အဲဒါ မပြစ်မှားမိအောင်လို့ ဂုဏ်တော်နဲ့ မေတ္တာကိုင်ရတာ။ ဒါက လယ်တီဆရာတော်ဘုရားကြီးပြောတဲ့ အတိုင်းဆိုရင်တော့ ဆုကြီးပန်လက်စွဲ။”
မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် လူ့ဘဝကတည်းက ညဉ့်နက်သန်းခေါင် လူသူကင်းရှင်းချိန်များတွင် ပုတီးစိပ်ခြင်းကို ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့သည်။ သို့သော် ရဟန်းဘဝရောက်သောအခါ ဥပဇ္ဈာယ်ဆရာတော်၏ အဆုံးအမကြောင့် အပြင်ဘက်ရှိ ပုတီး (အငှား) ကိုချကာ၊ မိမိခန္ဓာကိုယ်ပေါ်ရှိ အမှတ်သတိ (ကိုယ်ပိုင်) သို့ ပြောင်းလဲကျင့်ကြံခဲ့ပုံကို အောက်ပါအတိုင်း မိန့်တော်မူသည်။
“ပုတီးလုပ်ရင်းနဲ့ ရဟန်းဘဝရောက်တော့ တို့ဥပဇ္ဈာယ်က ‘စားကျက်မငြိမ်တဲ့နွားသာ ခလောက်ဆွဲရတာကွ၊ စားကျက်ငြိမ်ရင် ဆွဲဖို့မလိုဘူး’ဆို ပုတီးအဲဒီမှာ ချရတာဗျ။ ကိုယ်ကိုယ်တိုင်ပဲ မှတ်ရတော့တာ။ ကိုယ်ကိုယ်တိုင်မှတ်တာက ကိုယ်ပိုင်လေ။ ပုတီးက အငှားလေ။ ကိုယ်ပိုင်ဆိုတော့ သွားရင်းလာရင်း မှတ်သွားလည်းရတာမဟုတ်ဘူးလား။”
၃။ ဝိဇ္ဇာဖြစ်နည်း
မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် ပုတီးသမားဘဝအစပိုင်းတွင် ဝိဇ္ဇာမြန်မြန်ဖြစ်လို၍ ဂုဏ်တော်များကို ၁၀၈ ပတ် စိပ်ခဲ့ဖူးသည်။ သို့သော် ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီးနှင့် တွေ့ဆုံချိန်တွင် အမြင်များ လုံးဝပြောင်းလဲသွားခဲ့သည်။
ဝေဘူဆရာတော်ကြီးက “ဝိဇ္ဇာဆိုတာ အထူးမဟုတ်ပါဘူးဗျ၊ တစ်ထိတည်းထိ တစ်သိတည်းသိနေရင် အဲဒါ ဝိဇ္ဇာဖြစ်ပါ့” ဟု မိန့်ဆိုခဲ့သည်။
ထိုဩဝါဒကို နာယူပြီး ‘တစ်ချက်ထိတိုင်း တစ်ချက်သိနေပါက လောဘ၊ ဒေါသ၊ မောဟများ ဝင်ရောက်ခွင့်မရတော့ပေ။ ဤသည်သာလျှင် အစစ်မှန်ဆုံးသော ဝိဇ္ဇာဖြစ်သည်’ဟု ဉာဏ်ပွင့်လင်းခဲ့ပြီး ထိုအတိုင်းကျင့်ကြံခဲ့ကြောင်းကို ဆရာတော်ကြီးက အောက်ပါအတိုင်း မိန့်ဆိုတော်မူပါသည်။
“ငါတစ်ချက်ထိရင် တစ်ချက်သိရင် တစ်ချက်ဝိဇ္ဇာပဲ။ သည်လိုသာ တစ်ရက်သိရင် တစ်ရက် ဝိဇ္ဇာပေါ့ဗျ။ တစ်သက်လုံးသိတော့ တစ်သက်လုံးဝိဇ္ဇာဖြစ်ရောပေါ့ဗျ။ ဝိဇ္ဇာ – ဝေဘူပြောတော့လည်း မြန်လိုက် မှန်လိုက်တာ။ အဲဒီနောက် ပုတီးတောင် တစ်ထိတည်းထိ တစ်သိတည်းသိ အသိပဲကပ်တော့တယ်။ တစ်လုံးထိ တစ်လုံးသိ၊ ပုတီးနဲ့ လက်ညှိုးနဲ့ထိတဲ့နေရာလေး သတိကပ် ထားလိုက်တာ။ ဘယ်မှ မလိုက်တော့ဘူး။ ဘာဂုဏ်တော်စိပ်ရင် ဘာဖြစ်မယ်၊ ညာဂုဏ်တော်စိပ်ရင် ညာဖြစ်မယ် မစဉ်းစားတော့ဘူး။ လိုချင်တာက ကိုယ့်စိတ်ကလေး ကိုယ့်လက်ထဲရောက်ချင်တာပဲလေ။
အဲဒါပြီးတော့ ၂၇ ပတ်ထက် မပိုတော့ဘူး။ အဲဒီခါကျတော့ ၁၀၈ ပတ်တွေ ဘာတွေ မလိုက်တော့ဘူး။ ၂၇ ပတ်ကို မနှေးမမြန်ဆိုရင် ၄၅ မိနစ်လောက်ကြာတယ်။ အဲသလောက်နဲ့ လုပ်ရတယ်။ ပြီးတာနဲ့ ကျုပ်က ပုတီးလေး ဘေးချပြီး ဝင်လေထွက်လေကို ထိုင်တော့တာပဲလေ။ ငါးမိနစ်ရရ ဆယ်မိနစ်ရရ။ အဲဒီတုန်းတည်းက လေ့ကျင့်ခဲ့ရတာ။ ပုတီးအစား ကိုယ်ပိုင်ရအောင်လေ။ ပုတီးကိုချပြီးရင် ကိုယ့်အလုပ်ကို လုပ်တော့တာ။”
ဤသို့ဖြင့် ကိုယ့်စိတ်ကို ကိုယ့်လက်ထဲရောက်အောင် ကျင့်ကြံနေသည့်ကြားမှပင် သံသရာတစ်ကွေ့၌ တင်ရှိခဲ့ဖူးသော အကြွေးဟောင်းများက အနှောင့်အယှက်ပြု၍ အကြွေးလာတောင်းတတ်ပါသေးသည်။ ထိုသို့ ကြုံလာရသည့်အခါ စိတ်မပျက်ဘဲ မည်သို့ကျော်ဖြတ်ရမည်ကို ဆရာတော်ကြီးက ဆက်လက်လမ်းညွှန်ထားပါသည်။
၄။ အကြွေး
ဘဝသံသရာတွင် ကျွန်တော်တို့သည် လူပေါင်းစုံနှင့် ဆုံတွေ့ခဲ့ဖူးရာ ချစ်ကြွေး၊ မုန်းကြွေး၊ ရန်ကြွေးများစွာ တင်ရှိနေကြသည်။ ဤသို့သော အကြွေးဟောင်းများ လာရောက်နှောင့်ယှက်ပါက တုံ့ပြန်တိုက်ခိုက်ခြင်းဖြင့် မဖြေရှင်းနိုင်ပေ။ ဆရာတော်ကြီးက ဤအကြွေးများကို မေတ္တာတရားဖြင့် မည်သို့ဆပ်ရမည်ကို အလွန်လေးနက်စွာ မိန့်တော်မူခဲ့သည်။
ဆရာတော်ကြီးက “အကြွေးမှာလည်း ရိုးရိုးကြွေးက သပ်သပ်၊ ရန်ကြွေးက သပ်သပ်ပေါ့။ ရန်ကြွေးကလည်း ရှိသေးတာ၊ ခုနက တို့ပြောတဲ့ ချစ်ကြွေးမုန်းကြွေးတွေ။ အဲဒါတွေ နှောင့်ယှက်လာရင် မေတ္တာက လွဲလို့ ဘာမှ မတတ်နိုင်ဘူး။ မေတ္တာဆိုတာ ပါဠိ၊ မြန်မာလိုတော့ ကိုယ်ချင်းစာ။ သူမျို့လို ငါ ဒီလောက်လာဖျက်တာ၊ ငါသာ သူနေရာဆိုရင် သည်ထက်မက ဖျက်မယ်ဆိုတာ။ အဲဒီတော့ သူ့ကို ခွင့်လွှတ်နိုင်တာပေါ့။ အဲဒီလိုနဲ့ ကိုယ့်ရှိတဲ့ဒေါသ၊ ကိုယ့်ရှိတဲ့ မာနကို ချပစ်ရတာလေ။ သူ့ကိုသွား ဘာမှမလုပ်ရဘူး၊ ကိုယ့်ဒေါသ ကိုယ့်မာနချရတာ။”
ဆရာတော်ကြီး၏ အမြင်မှာ အလွန်တန်ဖိုးရှိလှပါသည်။ ကျွန်တော်တို့သည် သာမန်အားဖြင့် ပြဿနာကြုံလာလျှင် တစ်ဖက်လူကို ပြင်ဆင်ရန် သို့မဟုတ် အနိုင်ယူရန်သာ ကြိုးစားတတ်ကြသည်။ သို့သော် ဆရာတော်ကြီးက “သူ့ကိုသွား ဘာမှမလုပ်ရဘူး၊ ကိုယ့်ဒေါသ ကိုယ့်မာနကိုသာ ချရမည်” ဟု လမ်းညွှန်ထားသည်။ တစ်ပါးသူ၏ အမှားကို ကိုယ်ချင်းစာတရားဖြင့် နားလည်ပေးလိုက်ခြင်းသည် သူ့ကို အရှုံးပေးခြင်းမဟုတ်ဘဲ၊ မိမိသန္တာန်တွင်းရှိ အတ္တနှင့် မာနဝန်ထုပ်ကြီးကို အောက်ချလိုက်ခြင်းသာ ဖြစ်သည်။
“ဘာလုပ်လုပ် – သူချစ်လည်း ကိုယ်မချစ်ဘူး၊ သူမုန်းလည်း ကိုယ်မမုန်းဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်သွားရင် အဲဒါကို မဇ္ဈိမပဋိပဒါခေါ်တာပေါ့။ ချစ်မုန်းနှစ်ပါးကြားလား။ ချစ်တာလည်း သူ့ဟာသူ ချစ်ချင်ချစ်၊ ဒါ သူ့ကိစ္စ။ မုန်းလည်း သူ့ဟာသူမုန်း။ ဒါ သူ့ကိစ္စ။ ကိုယ်က ကိုယ့်အလုပ်ကိုယ်လုပ်သွား။ ဒကာကြီးတို့ စာနဲ့ကျတော့ ဥပေက္ခာ ပေါ့ဗျ။ ဥပေက္ခာစိတ်နဲ့ အမြတ်ရအောင်ယူလိုက်တာကို ဥပေက္ခာပါရမီခေါ်တာလေ။
ဖျက်တာတော့ တွေ့မှာပဲ။ ဘုရားမျို့လို့လည်း မညှာဘူးဗျ။ နောက်က လိုက်ဖျက်မယ့်ဟာက ဖျက်တာပဲ။ ကိုယ်က သည်းခံနိုင်ဖို့လိုတယ်။ ဥပေက္ခာပြုနိုင်ဖို့ လိုတယ်။ ချစ်တာပြောလည်း ပြုံးမပြနဲ့၊ မုန်းတာပြောလည်း မဲ့မပြနဲ့။ ကိုယ့်အလုပ်သာ ကိုယ်လုပ်။”
ဤအဆုံးအမသည် လောကဓံကို ရင်ဆိုင်ရာတွင် အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်သည်။ “သူချစ်တာ သူ့ကိစ္စ၊ သူမုန်းတာ သူ့ကိစ္စ” ဟု ခွဲခြားသိမြင်လိုက်ခြင်းဖြင့် သူတစ်ပါး၏ အကဲဖြတ်မှုများအောက်တွင် ကျွန်တော်တို့၏ စိတ်ခံစားချက်များ နစ်မြုပ်မသွားတော့ပေ။ ချစ်ခြင်း၊ မုန်းခြင်းနှစ်ခုစလုံးကို မတုံ့ပြန်ဘဲ မိမိအလုပ်ကိုသာ မိမိဆက်လုပ်ခြင်းသည် အကြွေးဟောင်းကို ဆပ်လိုက်ခြင်းဖြစ်သလို၊ အကြွေးသစ်မတင်အောင် တားဆီးလိုက်ခြင်းလည်း ဖြစ်သည်။ လောကဓံ၏ ရိုက်ခတ်မှုများ၊ အနှောင့်အယှက်များကြားမှ တုန်လှုပ်မှုကင်းသော “ဥပေက္ခာ” တည်းဟူသော အမြတ်ကို ရင့်ကျက်မှုဖြင့် ထုတ်ယူနိုင်ခြင်းလည်းဖြစ်ပေသည်။
၅။ တစ်ထိတည်းထိ တစ်သိတည်းသိ
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ချစ်ကြွေး၊ မုန်းကြွေးများကို ဥပေက္ခာဖြင့် ဆပ်နိုင်ရန်မှာ မိမိစိတ်ကို မိမိအစိုးရဖို့ လိုအပ်ပါသည်။ ထိုသို့ အစိုးရရန်အတွက် ဝေဘူဆရာတော်ဘုရားကြီး ပေးသနားတော်မူခဲ့သော “တစ်ထိတည်းထိ တစ်သိတည်းသိ” ဆိုသည့် ကျင့်စဉ်သည် အလွန်ပင် ထိရောက်လှကြောင်း ဆရာတော်ကြီးက ဤသို့ ရှင်းပြတော်မူသည်။
“ခုနကပြောတဲ့ တစ်ထိတည်းထိ တစ်သိတည်းသိလေ။ ဝေဘူဆရာတော်ကြီးပေးတာ။ ထိသမျှသိနေရင် ထမင်းချက်ရင်းလည်း ဝိပဿနာဖြစ်တာပဲ။ ခရီးသွားရင်းလည်း ဝိပဿနာဖြစ်တာပဲ။ ကိုယ်ထင်ရှားတဲ့နေရာ အသိလေးကပ်သွားရင် မတွေးတော့ဘူးပေါ့။ အရေးကြီးတာက အမှတ်က အတွေးကိုပယ်ရန်။ ရှိရှိသမျှ ကိလေသာဆိုတာ အတွေးထဲမှာ။ ရှိရှိသမျှ ဗောဓိပက္ခိယတရားတို့ကတော့ အမှတ်ထဲမှာ ရှိတာ။ သတိသာကိုင်ထားနိုင်ရင် ဗောဓိပက္ခိယ ၃၇ ပါးရေတွက်မနေနဲ့၊ သူ့ဟာသူ ပါပြီးသား။ သူ့နေရာနဲ့သူ ပါလိမ့်မယ်။ ကိုယ်က သတိတစ်လုံးသာကိုင်ထား။ သတိတစ်လုံးကိုင်တော့ မတွေးဖြစ်ဘူးပေါ့။ မတွေးဖြစ်တော့ ကိုယ်ပိုင်ဉာဏ်ကလေးနဲ့ လုပ်နိုင်တာပေါ့။”
ကျွန်တော်တို့ ပင်ပန်းဆင်းရဲနေရခြင်းမှာ အတိတ်၊ အနာဂတ်နှင့် လောကဓံများအပေါ် လွင့်မျောနေသော “အတွေး”များကြောင့် ဖြစ်သည်။ ဆရာတော်ကြီး မိန့်ကြားသကဲ့သို့ ကိလေသာဟူသမျှသည် အတွေးထဲတွင်သာ ခိုအောင်းနေကြခြင်းဖြစ်ရာ၊ သတိတစ်လုံးကို မြဲမြဲကိုင်၍ အမှတ်ကပ်နိုင်မှသာလျှင် အတွေးကို ပယ်သတ်နိုင်ပါလိမ့်မည်။ ထိုသို့ အတွေးပြတ်မှသာလျှင် အကြွေးလာတောင်းသည့် အာရုံများအပေါ်၌လည်း တုန်လှုပ်ခြင်းမရှိဘဲ မိမိ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် အေးချမ်းစွာ ရင်ဆိုင်ကျော်ဖြတ်နိုင်မည် ဖြစ်ပေသည်။
❖ နိဂုံး
အချုပ်အားဖြင့်ဆိုသော် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဤဟောကြားချက်များသည် စာအုပ်စာပေများထဲက သီအိုရီသက်သက်မဟုတ်ဘဲ၊ ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံဖြတ်သန်းခဲ့သော အတွေ့အကြုံများမှ တစ်ဆင့် ပြန်လည်မိန့်ကြားထားသည့် တရားအဆီအနှစ်များ ဖြစ်ပါသည်။
ကျွန်တော်တို့သည် ဘဝသံသရာတစ်လျှောက်လုံး “ဓာတ်”များ၏ ခိုင်းစေရာကို လုပ်ခဲ့ရသော ဓာတ်ကျွန်ကြီးများအဖြစ်မှ ရုန်းထွက်ရန် အချိန်တန်ပြီဖြစ်သည်။ လောကဓံ၏ ရိုက်ခတ်မှုများနှင့် အတိတ်က အကြွေးဟောင်းများကို မေတ္တာ၊ ဥပေက္ခာတို့ဖြင့် ကျေအေးစေပြီး၊ ပြင်ပအာရုံများနောက်သို့ လွင့်မျောနေမည့်အစား “တစ်ထိတည်းထိ တစ်သိတည်းသိ” ဟူသော ပစ္စုပ္ပန်တည့်တည့် အမှတ်သတိဖြင့်သာ နေထိုင်သွားရန် ဆရာတော်ကြီးက မီးမောင်းထိုးပြထားပါသည်။
မိမိစိတ်ကို မိမိအစိုးရကာ “တစ်ထိတည်းထိ တစ်သိတည်းသိ” နိုင်ခြင်းသည်သာလျှင် ဓာတ်ကျွန်ဘဝကို အဆုံးသတ်၍ အမှောင်ကိုခွင်းကာ အလင်းသို့ဆောင်မည့်၊ အဖိုးမဖြတ်နိုင်သော တစ်ခုတည်းသော လွတ်မြောက်ရေးမြေပုံပင်ဖြစ်ကြောင်းပြောရင်း ဆရာတော်ကြီး၏ ဩဝါဒများကို လက်ဆင့်ကမ်း မျှဝေလိုက်ရပါသည်။
#ငြိမ်းချမ်းသာ #တရားအမြုတေများ_၁၆
#သုဝဏ္ဏသျှမ် #စာပြီးရက်စွဲ-11-4-2026
(၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ဉေယျဓမ်တောရတွင် တပည့်ဒကာများကို မိန့်ကြားတော်မူခဲ့သည့် ဆရာတော်ကြီး၏ ရုပ်သံဖိုင်ကို နာယူပြီး ဤဆောင်းပါးကို ရေးသားထားခြင်းဖြစ်ပါသည်။)
No comments:
Post a Comment