Tuesday, May 21, 2019

The Family by Tin Tun Oo

The Family ဦးကျော် ကျနော်တို့အိမ်ကို ဘယ်အချိန်တည်းက ရောက်လာခဲ့တာလဲ ကျနော်မသိပါ။ ကျနော် လူမှန်းသိတတ်စ အရွယ်တည်းက ညအိပ်ရာဝင်ခါနီး အချိန်ဆို ဦးကျော်က အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ထိုင်၊ ကျနော်က သူ့ပေါင်ပေါ် ခေါင်းအုံးပြီး ပုံပြင်တွေ ပြောပြခိုင်းတာ မှတ်မိနေပါသည်။ ဦးကျော် ပြောပြသော ပုံပြင်များကို ကျနော် တအားကြိုက်ပါသည်။ ဆင်ကြီးများကိုပင် အစွယ်ချိုးနိုင်သည့် ဗလကောင်းသော သူရဲကောင်းကြီး၊ မြေလျှိုးမိုးပျံနိုင်သော ညီအစ်ကို၊ ကျွဲချိုထိပ်မှာ ကင်းမြီးကောက်ထောင်နိုင်သည့် မင်းသား၊ လှပသလောက် မာန်မာနကြီးသော ဘုရင်မ စသည့် ပုံပြင်များကို နေ့စဉ်နားထောင်နေရပေမယ့် မရိုးနိုင်ပါ။ "မောင်ကျော်က အင်မတန်အားကိုးရတယ်" လို့ ဖေဖေ ခဏခဏပြောတတ်ပါသည်။ ဦးကျော်က ဖေဖေခိုင်းသမျှ မညီးမညူ လုပ်ပေးတတ်ပါသည်။ အလုပ်လုပ်တာလည်း အင်မတန်တိကျသေချာပါသည်။ "အဲ..ဒါပေမယ့်" ဒီစကားက ဖေဖေအမြဲ ဆက်ပြောနေကျ စကားပါ။ ဦးကျော်က ညနေစောင်းရင်တော့ ရီဝေတတ်ပါသည်။ ဖေဖေက အနုနည်းနှင့် သွေးဆောင်၍ တမျိုး၊ အကြမ်းနည်းနဲ့ ခြိမ်းခြောက်၍ တဖုံ အမျိုးမျိုး လုပ်ဖူးပါသည်။ မရပါ။ "အစ်ကိုကြီးရယ် ကျနော့်မှာ ဒါလေးပဲဖြေစရာရှိတာပါ" ဆိုတဲ့ ဦးကျော်စကားကြောင့် ဖေဖေ အမြဲ လက်လျော့ရပါသည်။ နောက်ပိုင်းကျ မေမေကပဲ ဝင်ပြီး "ရှင်ကလည်း မောင်ကျော် သောက်တာက ရှင့်လုပ်ငန်းကိုင်ငန်း ပျက်လောက်အောင် ဖြစ်နေတာမှ မဟုတ်တာ။ မူးပြီး ဟော့ဟော့ရမ်းရမ်းလည်း မလုပ်တတ်ပါဘူး။ သူဝါသနာပါတဲ့ ကြက်တိုက်တဲ့ ကိစ္စလည်း ရှင်မကြိုက်ဘူးဆိုလို့ စွန့်လွှတ်ပြီးပြီလေ။ သူ့မှာ ဒါလေးပဲကျန်တာကို။ ဆွေမျိုးမရှိ ဘာမရှိနဲ့ ဒီလောက်တော့ လွှတ်ထားပေးလိုက်ပေါ့ရှင်" ဆိုပြီး ဖျောင်းဖျတော့မှ ဖေဖေလည်း စိတ်လျှော့သွားပါသည်။ ဒါတောင် မင်းဦးကျော် မူးလာရင် သူ့နားမကပ်နဲ့နော် ဆိုပြီး ကျနော့်ကို ကြိတ်မှာတတ်သေးသည်။ ခက်တာက ကျနော်ကလည်း ညဘက်မှ ဦးကျော်နှင့် ဆုံရတာဖြစ်သည်။ တနေကုန် ကျောင်းမှာ အချိန်ကုန်၊ ပြန်လာရင်လည်း ဦးကျော်က ဖေဖေ့အလုပ်တွေ လုပ်နေရတာ မပြီးသေး။ ပြီးရင်လည်း သူက ထွက်သွားလိုက်တာ (သူ့ထုံးစံမပျက် သွားရီဝေတာပဲ နေမှာပါ) ညအိပ်ခါနီးလောက်မှ ပြန်ပြန်ရောက်လာသည်။ အဲဒီလိုအချိန်မျိုးဆို ခေါင်းငိုက်ငိုက်နှင့် ရေချိန်ကိုက်လာပြီး ကွပ်ပျစ်ပေါ် လှဲအိပ်တော့သည်။ ကျနော်က ဖေဖေမမြင်အောင် မယောင်မလည်နဲ့ သွားပြီး ဦးကျော် ပုံပြင်ပြောပြ ဆိုပြီး အတင်းကပ်ရသည်။ နောက်တစ်ခုရှိတာက ဦးကျော်က မထွေပြားတဲ့ ပုံမှန်အချိန်ဆို ခပ်တည်တည်နှင့် နေတတ်သည်။ ဘယ်သူနှင့်မှလည်း သိပ်အရောဝင်လေ့ မရှိပါ။ ရီဝေလာပြီဆိုရင်တော့ ဦးကျော် အူမြူးလာပြီ။ စကားတွေရွှင်လာသည်။ တဟီဟီနှင့် ပြောချင်ရာတွေ ပြောတော့သည်။ "သားအစ်ကိုတွေလည်း ဦးကျော် ပေါင်ပေါ် ခေါင်းအုံးပြီး ပုံပြင်တွေ ပြောခိုင်းခဲ့ဖူးတာပဲကွ" လို့ဦးကျော်က ပြောတတ်သည်။ ဦးကျော်နားက အရက်နံ့ ပြင်းပါသည်။ ဦးကျော် အဲဒီလိုပြောပေမယ့် ကျနော့်အတွက်တော့ ယုံရခက်နေပါသည်။ အဲဒီတုံးက ကိုလေးက ကိုးတန်းလား ဆယ်တန်းလားမသိ၊ ကိုကြီးကတော့ ရန်ကုန်မှာ ကောလိပ်သွားတက်နေတဲ့အချိန် ဖြစ်ပါသည်။ ကိုလေးရော ကိုကြီးရော ဦးကျော်ကို သိပ်အရောဝင်တာ ကျနော်မတွေ့ဖူးပါ။ မေးထူးခေါ်ပြောလောက်သာ ခပ်တန်းတန်း ဆက်ဆံကြပါသည်။ ဖေဖေက သူတို့ကိုလည်း မောင်ကျော့်နားသိပ်မကပ်နဲ့ကွ ဆိုပြီး ပြောထားလားမသိ။ သူတို့ကလည်း ဘာလို့ ဖေဖေ့စကား နားထောင်ပါလိမ့်။ တခါတော့ ကိုကြီးရန်ကုန်ပြန်တော့ ကျနော်တို့ ဘူတာလိုက်ပို့ကြပါသည်။ ဦးကျော်မောင်းတဲ့ ကားနဲ့ပေါ့။ ကိုကြီးက ရထားပေါ်မတက်ခင် ကျနော့်ကို ပွေ့ချီပြီး တရှုတ်ရှုတ်နှင့် နမ်းပါသည်။ "ကိုကြီးနောက်တခါ ပြန်လာရင် ပူတူးအတွက် မုန့်ဝယ်ခဲ့မယ်နော်၊ ဘာမုန့်စားမလဲ" ဆိုပြီးမေးပါသည်၊ ကျနော်က "သားအတွက်က အမြဲဝယ်ဝယ်လာနေတာပဲ မစားတော့ပါဘူး။ ကိုကြီးက ဦးကျော်အတွက်ကျ ဘာမှ မဝယ်လာဘူး။ ဒီတခါပြန်လာရင် ဦးကျော်အတွက်ဝယ်ခဲ့" ဆိုပြီး ပြောလိုက်ရာ ဖေဖေရော မေမေပါ ပွဲကျသွားပါသည်။ ကိုကြီးကလည်း တဟားဟားနှင့် တော်တော်စကားတတ်တဲ့ ကောင်လေးဆိုပြီး ဖက်နမ်းပြန်ပါသည်။ "အရက်သမား လူမိုက်အတွက်များ" ကိုလေးအသံက သူ့ဆံပင်ပုံလို ခပ်ရွဲ့ရွဲ့ဖြစ်နေပါသည်။ ဦးကျော်က မလှမ်းမကမ်းက ကွမ်းယာဆိုင်လေးမှာ ဆေးလိပ်မီးညှိနေပါသည်။ ကိုလေးစကားကို ဦးကျော် ကြားမကြားတော့ ကျနော်မသိပါ။ ထိုနေ့ညက ဖေဖေ့အခန်းထဲမှာ ကိုလေးကို ဆူနေကြတာ ကျနော်တစွန်းတစကြားပါသည်။ "ဘာမှ ရိုသေစရာမလိုဘူး။ သားတို့နဲ့လည်း အမျိုးတော်တာမဟုတ်ဘူး" ဆိုတဲ့ ကိုလေးအသံက လူပျိုဖော်ဝင်ခါစဆိုတော့ ခပ်အုပ်အုပ်။ ဘာတွေဖြစ်ကြလဲတော့ ကျနော်မမြင်ရပါ။ ဒါပေမယ့် "အကို အကို လွန်မယ်နော်" ဆိုပြီး မေမေက ဖေဖေ့ကို အတင်းဆွဲနေတဲ့ အသံကိုတော့ ကျွန်တော်ကြားပါသည်။ နောက်နေ့ ကိုလေး မျက်နှာမှာ ညိုညိုမည်းမည်းကြီး ဖြစ်နေတာ ကျွန်တော်တွေ့သည်။ "မင်းတို့အားလုံးမှတ်ထား၊ အကြီးကောင်ပြန်လာရင်လည်း ထပ်ပြောဦးမယ်၊ ကိုယ့်မိဘက မတောင့်မတ မကြောင့်မကြထားလို့ အေးအေးဆေးဆေးနေရတာကို အသားလွတ် ဘဝင်မြင့်မနေနဲ့၊ မင်းတို့ သူဌေးသားတွေ မဟုတ်ဘူး" အင်္ဂါသားဖေဖေ့ အသံက ခြင်္သေ့လို ဟိန်းပြီးထွက်လာသည်။ ........... ဦးကျော်က ကိုလေးပြောသလို အရက်သမား လူမိုက်ဆိုတာတော့ ကျနော်မယုံပါ။ ဒါပေမယ့် ဦးကျော်ပုံကတော့ လူမိုက်ကြီးတွေရဲ့ ပုံစံနှင့် တူနေတာ အမှန်ပင်။ ဦးကျော်၏ ဆံပင်ရှည်ကြီးက ကောက်ကောက်ကွေးကွေးနှင့် အမြဲ မျက်နှာကို ဖုံးနေတတ်သည်။ နှုတ်ခမ်းမွှေးစစနှင့် မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေကလည်း အပြည့်။ ခြံထဲက ရေတွင်းမှာ ဦးကျော် ရေချိုးတဲ့အချိန်ဆို ခါးတောင်းကျိုက်ထားသည့် ဦးကျော်ပေါင်မှာ ထိုးကွင်းတွေ အပြည့်ဖြစ်နေတာလည်း ကျနော် တွေ့ဖူးတယ်။ ထိုမည်းမည်းအရာများကို ထိုးကွင်းဟု မသိခင်က ဖေဖေ့ကို ကျနော်မေးဖူးသည်။ "ဖေဖေ ဦးကျော်ပေါင်က မည်းမည်းကြီးတွေက ဘာတွေလဲဟင်၊ ဖေဖေ့မှာကျ ဘာလို့မရှိတာလဲ" "အဲဒါ ထိုးကွင်းလို့ခေါ်တယ် သားရဲ့။ ဟိုးရှေးရှေးတုန်းက၊ သားကြားဖူးနေကျ ပုံပြင်တွေထဲက မြန်မာကြီးတွေမှာပဲ ရှိတာ" "ဟင် ဦးကျော်မှာကျ ဘာလို့ရှိလဲ၊ သူက ပုံပြင်ထဲက မြန်မာကြီးလည်း မဟုတ်ဘဲနဲ့" "ေဩာ် သူက ရှေးအစဉ်အလာ ထိန်းသိမ်းတဲ့ မျိုးရိုးက လာလို့ပေါ့ကွာ၊ မောင်ကျော့်မှာက အတော်စုံတယ်ကွ၊ နဂါးတို့ ဂဠုန်တို့လေ၊ သား ဘုရားတွေမှာ တွေ့ဖူးတဲ့ အရုပ်တွေလေ၊ အဲဒါတွေလည်း သူ့မှာ ရှိတယ်ကွ၊ ကြောင်တွေ အိမ်မြောင်တွေရော၊ စုံလို့ကွာ" "ဟင် အိမ်မြောင်၊ သား အိမ်မြောင်ကြည့်ချင်တယ် အိမ်မြောင်ကြည့်ချင်တယ်" ကျနော်က ပူဆာတော့ ဖေဖေက မျက်လုံးတွေ မို့အစ်သွားအောင် ရယ်ပါသည်။ "အေး ကြည့်ချင်ရင် မင်းဦးကျော်ကို ပြခိုင်းပေတော့" "ဖေဖေ ဟိုဟာ မဖြေရသေးဘူး၊ ဖေဖေ့မှာရော အဲဒီအရုပ်တွေ ဘာလို့ မရှိတာလဲဆိုတာ" ဖေဖေက တဟားဟားနှင့် ထပ်ရယ်ပါသည်။ "လူလည်လေး၊ မေ့များမေ့သွားမလားလို့ ရောချလိုက်တာ၊ မမေ့ဖူးဘဲ" ဖေဖေက မျက်မှန်ချွတ် မျက်လုံးထဲမှာ အိုင်ထွန်းနေသော မျက်ရည်များကို သုတ်ပြီးမှ "ဖေဖေ့မှာ မရှိတာက ဒီလိုလေ၊ အဲဒီဟာတွေကို ဆေးမင်ကြောင်လို့ ခေါ်တယ်ကွ။ စုတ်နဲ့ ပေါက်ရတာ၊ စုတ်ဆိုတာ အပ်လိုမျိုးပဲကွာ၊ သူကနည်းနည်း ပြားပြား၊ ကြီးကြီး၊ အဲဒီအပ်ကြီးနဲ့ ပေါက်ပေါက်ပြီး ထိုးရတာ၊ အရမ်းနာတယ်၊ ကွမ်းသီးခဲကို ပါးစပ်မှာ ကိုက်ပြီး အထိုးခံရတာ" "ဘာလို့လဲဟင်၊ ဘာလို့ကိုက်ရတာလဲ" "နာလွန်းလို့ ကိုယ့်လျှာကိုယ်ပြန်ကိုက်မိမှာ စိုးလို့ပေါ့ကွ" "ေဩာ် လက်စသတ်တော့ ဖေဖေက နာလို့မထိုးတာကိုး" ဆိုတော့ ဖေဖေ ပက်လက်ကုလားထိုင်လေး သိမ့်သိမ့်တုန်သွားတော့သည်။ မေမေကတောင် ဒီသားအဖ ဘာတွေ ဒီလောက်အူမြူးနေကြတာလဲ ဆိုပြီး မီးဖိုခန်းထဲက ထွက်လာကြည့်ရသည်။ "မင်းသားကို ကြည့်စမ်းပါဦးကွာ။ လူကြီးလေးကျနေတာပဲ စကားတတ်လိုက်တာ" ဆိုပြီး ကျနော့်ဆံပင်တွေကို ထိုးဖွပေးပါသည်။ "သားဦးကျော် သတ္တိကောင်းတာကတော့ မမေးနဲ့၊ သားအဖေကိုမေးကြည့်ပါလား" ဆိုပြီး မေမေက ပြောသည်။ ဖေဖေက ကုလားထိုင်ပေါ်မှာ ကိုယ်ကို မတ်လိုက်ပြီး ချက်ချင်း ဟန်ပြင်လိုက်သည်။ ကွက်စိပ်ဆရာ တစ်ယောက်နှင့်ပင် တူနေသေးသည်။ "အမယ်လေး အဲ့အကြောင်းများ ပြောရရင် မမောနိုင် မပန်းနိုင် ပြောပါတော့မယ်" ဆိုပြီး မေမေက စကားနာထိုးတာတောင် ဂရုမစိုက်တော့ဘဲ "ဒီလိုသားရဲ့" ဟု အစချီကာပြောတော့သည်။ ထိုနေ့က စပြီး ပုံပြင်ထဲက ဗလကောင်းတဲ့ သူရဲကောင်းတွေ၊ မြေလျှိုးမိုးပျံတဲ့ ညီနောင်တွေ နေရာမှာ သူရဲကောင်း အသစ်တစ်ယောက် ထပ်တိုးလာခဲ့သည်။ သူကတော့ ပုံပြင်ထဲက မဟုတ်ပေ။ ညတိုင်း အိမ်ရှေ့ကွပ်ပျစ်မှာ ကျနော့်ကို ပုံပြင်ပြောပြနေကျ ဦးကျော်ပင်ဖြစ်သည်။ ခေတ်ကာလ မကောင်းသော အခြေအနေမှာမှ အရင်းအနှီးတွေ ချေးငှားပြီး စွန့်စားချင်သည့် ဆန်ကုန်သည်ပေါက်စလေး ဖေဖေသည် ထုံးစံအတိုင်း တောလမ်းတစ်နေရာတွင် ဓားပြ အတိုက်ခံရတော့သည်။ "မင်းဦးကျော်က အဲဒီတုံးက သျှောင်တစောင်းနဲ့ကွ၊ ဖေဖေပြောပါတယ် ဒီကောင်က အစဉ်အလာထိန်းသိမ်းတဲ့ ပတ်ဝန်းကျင်သိုင်းအဝိုင်းကပါလို့" "အဲဒီတုန်းက ဒီကောင်ချပုံက အခုသားတို့ကြည့်နေတဲ့ ဒေးဗစ်ချန်းတို့ တီလုံးတို့ ထက်တောင် လှသေးတယ်ကွာ။ ဖေဖေဖြင့် ပိုက်ဆံထုပ် တစ်ဖက်ကပိုက်ပြီး တုန်နေတာ တမျိုး၊ သူ့ကို ဘယ်အချိန် ဓားနဲ့အပိုင်းခံရမလဲဆိုပြီး ရင်ကလည်း တုန်နေသေးတယ်" "ဓားရှည်တွေနဲ့ ဓားပြ လေး ငါးယောက်လောက်ကို တစ်ယောက်တည်း ခံချတာကွာ၊ သူ့လွယ်အိတ်ထဲမှာက ရှေးတုန်းက ရေတကောင်းကြီးပါလာတယ်၊ အဲဒါကြီးနဲ့ ခေါင်းတွေကို ပြေးပြေးရိုက်တာ၊ အဲဒါကြီး သူ့အခန်းထဲမှာခုထိရှိလိမ့်ဦးမယ်၊ ဘယ်သူ့မှ အကိုင်မခံဘူးဟေ့၊ ဖေဖေ့တောင် မပေးဘူး၊ တခါက ရှေးဟောင်းပစ္စည်းဘာညာ နားလည်တဲ့ ဖေဖေ့မိတ်ဆွေတစ်ယောက် အိမ်လာတော့ ဖေဖေက စကားစပ်မိလို့ သူ့ တောင်းတောင်းပန်ပန်နဲ့ မောင်ကျော်ရယ် ခဏလေးပဲ ကြည့်မှာပါ ပြလိုက်ပါဆိုမှ သူ့အခန်းထဲက သွားထုတ်ချလာတယ်၊ ဖေဖေ့မိတ်ဆွေကတော့ တော်တော်မျက်လုံးပြူးသွားတာပဲ၊ သူနောက်ကွယ်ကျမှ ဖေဖေ့ကိုပြောတယ် ကိုခင်ဇော် ဒါကြီးက နှစ်ပေါင်းကို မနည်းလောက်တော့ဘူးဗျ၊ ခင်ဗျားလူက ဘယ်က ဘယ်လိုရထားတာလဲတဲ့၊ ဖေဖေလည်း သူတို့ဘိုးဘွားပိုင် ဘာညာနေမှာပါဗျာဆိုပြီး အင်းအဲနဲ့ ရောချလိုက်ရတယ်၊ တကယ့်ရှေးဟောင်းပစ္စည်းအစစ်ဆို နိုင်ငံတော်ကို အပ်ရမှာလေ" "အဲဒီ ဓားပြတိုက်တဲ့ကိစ္စလည်း ပြီးရော သူ့ကို ဖေဖေတခါတည်း မြို့ခေါ်ချလာတာပဲ။ ဒီကောင့်ကို မိသားစု ဆွေမျိုးတွေ မေးတော့လည်း အကုန်သေပြီတဲ့။ ဒါနဲ့.. မင်းငါနဲ့ လိုက်မလား၊ အလုပ်ပေးမယ်၊ ထမင်းကျွေးမယ်၊ နေစရာပေးမယ်ဆိုတော့ အရက်ပုံမှန်သောက်ရရင် တော်ပါပြီတဲ့" "အဲဒီတုန်းက မေမေဖြင့် မင်းအဖေ ဘယ်က ဇာတ်မင်းသား ခေါ်ချလာတာလဲလို့ လန့်သွားတာပဲ၊ သျှောင်တစ်စောင်းကြီးနဲ့၊ တိုက်ကြက်ဖကြီးကလည်း ပိုက်ထားသေးတယ်၊ အဲဒီတုန်းက မင်းကိုကြီးတောင် ခါလည်သားပဲ ရှိဦးမယ်၊ သူကတော့ မင်းဦးကျော်ကို လူထူးလူဆန်းထင်ပြီး ပျော်နေတာပဲ၊ အင်း..ကလေးတွေလည်း ငယ်ငယ်က မောင်ကျော့်ကို တော်တော် တွယ်တာရှာတာနော် ..အခုမှ" မေမေ့အသံက ပြောရင်းနှင့် တိမ်ဝင်သွားသည်။ ဖေဖေက "မင်းကလည်း မဆိုင်တာတွေ ဝင်ပြောပြန်ပြီကွာ။ တို့သားအဖ ပျော်နေတာလေးတွေ ပျောက်အောင် မလုပ်ပါနဲ့" ဆိုပြီး ဆူသလိုလိုနဲ့ မေမေ့ကျောကို သပ်ရင်း နှစ်သိမ့်ပေးနေသည်။ ကျနော်ကတော့ မေမေတို့ ဘာတွေ ဆက်ပြောနေလဲ မသိတော့ပါ။ ကျနော့် ပုံရိပ်ထဲမှာ ဓားပြတွေကို သျှောင်တစ်စောင်းကြီးနဲ့ ချနေတဲ့ ဦးကျော်ပုံရိပ်တွေက တရုတ်သိုင်းကားတစ်ကားလို မြင်ယောင်လာသည်။ ...... ဦးကျော် တကယ် ချတာကို ကိုယ်တွေ့ကြုံရတော့ ကျနော်ရှစ်တန်း၊ ကြီးကောင်ဝင်စ ပြုနေပြီ။ အဲဒီနေ့က ကျောင်းက အပြန်။ လာကြိုနေကျ ဦးကျော်က လာမကြိုလို့ သူငယ်ချင်းတွေ စက်ဘီးနဲ့ ကပ်လိုက်လာခဲ့သည်။ လမ်းထဲဝင်လာတော့ ရှေ့ဆုံးက နင်းသွားသော တင်မောင်မြင့်က ဟေ့ကောင်တွေ ရှေ့မှာ ရန်ဖြစ်နေတယ်ကွဆိုပြီး အော်ပြောသည်။ ကျနော့်ကို တင်နင်းလာသော နို့ဘူးက ဟေ့ကောင်ငါ ကြောက်တယ် ဆိုပြီး စက်ဘီးကို ရပ်လိုက်သည်။ ကျနော်လည်း နို့ဘူး မင်းကလည်း စောက်ကြောက်ပဲဟု ဆဲဆိုကာ ဘီးပေါ်မှ ဆင်းပြီး လူအုပ်ကြားထဲ တိုးဝှေ့ကြည့်တော့ ဆံပင်ရှည်ကြီးတွေကို ခြင်္သေ့လည်ဆံမွှေးလို ခါရမ်းနေသည့် ဦးကျော်ကို တွေ့လိုက်ရသည်။ "စောက်ရူးတွေ သတ္တိရှိရင် တက်လာခဲ့" အရက်ပုလင်းအကွဲကို မြောက်ပြီး ဦးကျော်က စိန်ခေါ်နေသည်။ တဖက်မှာ ဦးကျော်ကို စားမတတ် ဝါးမတတ် မီးဝင်းဝင်း တောက်မျက်လုံးတွေနဲ့ ကြည့်နေသည့်သူတွေကို တွေ့မှ ကျနော် သဘောပေါက်တော့သည်။ "အစ်ကိုကြီး အဲ့ဒီနတ်ပွဲက တရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်ဗျာ၊ တော်တော် အာရုံနောက်လာပြီ" လွန်ခဲ့တဲ့ အပတ်တည်းက ဦးကျော် ဖေဖေ့ကို ပြောနေတာ ဖြစ်သည်။ လမ်းထိပ်ကနေ လော်စပီကာနှင့် အကျယ်ကြီး ကခုန်တီးမှုတ်နေသော နတ်ပွဲကို ဦးကျော် တော်တော် ုမြင်ပြင်းကပ်နေပုံရသည်။ ဖေဖေက ထားလိုက်ပါကွာ ဆိုပြီး တရားချပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားဟန်တူသည်။ နတ်ပွဲလုပ်သည့် အိမ်ကို ကျနော် သိပါသည်။ ကိုလေး ဝင်ထွက်နေကျ အန်တီစောတို့ အိမ်ဖြစ်သည်။ အန်တီစော သမီးတွေနဲ့ ကိုလေးနဲ့ကလည်း ဘာလိုလို၊ ရပ်ကွက်ထဲမှာ အသံတွေထွက်နေတဲ့အချိန်ဖြစ်သည်။ ပိုက်ဆံတတ်နိုင်တဲ့ လူတွေဆိုတော့ ဘာအကြောင်းပြချက်မှ မရှိဘဲ အပျော်သက်သက် နတ်ပွဲလုပ်သည်။ သူများလို သုံးလေးရက်လည်း မဟုတ်။ တပတ်ကျော်ပြီး ဆယ်ရက်ပြည့်ခါနီးနေပြီ။ ဒီနေ့က နတ်ပွဲ နောက်ဆုံးနေ့။ ကျနော် ကျောင်းသွားတဲ့ မနက်က အဲဒီက ဖြတ်သွားရသည်။ အသားကုန် မူးကြ ရူးကြ သောင်းကျန်း ကခုန်နေကြသည်။ "အောင်ကြီး မင်း မတရားမလုပ်နဲ့ ၊ သတ္တိရှိရင် တစ်ယောက်ချင်း ချလေ" နတ်ပွဲကို ပွဲထိန်းလုပ်ပေးနေတာက ရပ်ကွက်ထဲက အလုပ်မရှိအကိုင်မရှိ လူမိုက် အောင်ကြီးတို့အဖွဲ့။ သူတို့က ဦးကျော် မူးနေတာကို အခွင့်ကောင်းယူပြီး အုပ်စုအားနဲ့ ဖိဖို့ ကြိုးစားနေသည်။ ဒါပေမယ့် ဦးကျော်က ဝင်လာသမျှ အကုန်လုံးကို ရှောင်တိမ်းပြီး ချက်ကောင်းတွေချည်း ပိတ်ပိတ်ကန်နေ၍ သုံးလေးယောက်လောက် မြေကြီးပေါ် လဲကျသွားပြီးပြီ။ ဖေဖေပြောတဲ့ ဒေးဗစ်ချန်းတို့ထက် ကြည့်ကောင်းတယ်ဆိုတာ အပိုပြောတာ မဟုတ်မှန်း ကျနော်သိလိုက်သည်။ "ငါတို့နဲ့တော့ မဆိုင်ဘူးထင်လည်း မဆိုင်ဘူးပေါ့ကွာ။ အေး ငါတို့ကတော့ ဆိုင်တယ်။ ဆိုင်ကိုဆိုင်တယ်။ ဦးကျော်ဆိုတာ ငါတို့နဲ့ မိသားစုလို နေလာတာ၊ ငါတို့ ဦးလေးဆိုလည်း မမှားဘူး" ကိုကိုနဲ့ ညီညီ လူအုပ်ထဲ ဝင်လာတာတော့ အကုန်ရှဲသွားသည်။ အောင်ကြီးတို့ပင် နည်းနည်း အိုးတို့အမ်းတမ်းဖြစ်သွားသည်။ ပန်းပဲဖိုက အဘတင့် သားတွေကို ဒီရပ်ကွက်သာမက ဟိုဘက်ရပ်ကွက်တွေကပါ ရှိန်ကြသည် မဟုတ်လား။ ကိုကိုနဲ့ ညီညီက အမြွာဆိုပေမယ့် ရုပ်တော့ ချွတ်စွပ်တူတာ မဟုတ်ပါ။ ဆင်တာတော့ တော်တော်ဆင်ပါသည်။ လက်သံပြောင်တဲ့ နေရာမှာလည်း အတွဲညီပါသည်။ အဘတင့်တို့ ဒီရပ်ကွက်ထဲ ပြောင်းလာတော့ ကျနော်က သုံးတန်း။ အဲဒီတုန်းက အဘတင့်ရယ်၊ သူ့မိန်းမ ကြီးကြီးရွှေရယ်၊ ကိုကိုညီညီ အမြွာနှစ်ယောက်ရယ် စုစုပေါင်းလေးယောက်သာဖြစ်သည်။ နောက် ၂ နှစ်လောက်နေမှ အဘတင့် ညီမတွေနှင့် အဘတင့်သမီးလေးပါ လိုက်လာကြသည်။ ရပ်ကွက်ထဲက လူတွေနှင့် သိပ်အစေးမကပ်သော ဦးကျော်က အဘတင့်တို့ မိသားစုနဲ့တော့ ခဏလေးနဲ့ ရင်းနှီးသွားသည်။ တစ်လလောက်နဲ့ အဘတင့်ပန်းပဲဖိုက သူ့စားအိမ်သောက်အိမ်ဖြစ်သွားသည်။ ဖေဖေကတောင် "မောင်ကျော်လည်း ကိုမောင်တင့်တို့ ရောက်လာမှ အရင်ထက် ပိုပျော်လာသလိုပဲကွ" လို့ ပြောရသည်။ "ပျော်တာတော့ မပြောနဲ့လေ၊ အဲဒီမှာပဲစား၊ အဲဒီမှာပဲ အိပ်နေတာ၊ အိမ်တောင်မလာဘူးလေ၊ ရှင်တောင် ပွဲရုံကျမှ တွေ့ရတာမှတ်လား၊" ဆိုပြီး မေမေက ဝင်ပြောသည်။ ဟုတ်သည်။ ဦးကျော် အိမ်ကို သိပ်မလာတော့။ နောက်ပိုင်းကျ ကျနော်က ဖေဖေခိုင်း၍ ဦးကျော်ကို အဘတင့် ပန်းပဲဖိုသို့ သွားသွားခေါ်ရသည်။ အဲဒီမှာတင် ကျနော်ပါ အဘတင့်တို့ မိသားစုနဲ့ ရင်းနှီးသွားပြီး စားအိမ်သောက်အိမ် ဖြစ်သွားရသည်။ "ကျွန်မအထင်တော့ ကိုမောင်တင့်တို့က မောင်ကျော့်ရွာက ဆွေမျိုးနီးစပ်တွေ ဖြစ်လိမ့်မယ်" လို့ မေမေက မှန်းမှန်းဆဆပြောသည်။ ဖေဖေကတော့ အဲဒီလောက် မတွေးပါ။ "သူပျော်တယ်ဆိုလည်း ပြီးတာပါပဲကွာ" ဟုသာဆိုသည်။ "ဟေ့ ပူတူး ညီလေး ဝေးဝေးနေစမ်း ငါ့ညီ၊ မင်းနဲ့ မဆိုင်ဘူး" လွယ်အိတ်ကို ပစ်ချပြီး ရန်ပွဲထဲ ဝင်ဖို့ လုပ်နေသော ကျနော့်ကို ညီညီက လှမ်းတွေ့၍ အော်ပြောလိုက်သည်။ ထိုအခါမှ ကိုကိုရော ဦးကျော်ပါ ကျနော့်ကို မြင်သွားသည်။ "သား ပူတူး မလာနဲ့ လူလေး အန္တရာယ်များတယ်" ဦးကျော်က ကျနော့်ကို စိုးရိမ်တကြီးနဲ့ တားသည်။ ကိုကိုကလည်း ကျနော့်ကို ဝင်မလာရန် မျက်ရိပ်ပြသည်။ ကျနော် ဘာလုပ်ရမလဲ မသိဖြစ်နေတဲ့ အချိန်မှာပဲ "ဟေ့ အကုန်တော်ကြစမ်း၊ မောင်ကျော်..မင်းလည်းတော်၊ ကိုကို ညီညီ မင်းတို့ကို အိမ်ကျမှ ရှင်းမယ်၊ မောင်အောင်ကြီးတို့ မင်းတို့ကို ငါ့ညီနဲ့ ငါ့သားတွေကိုယ်စား တောင်းပန်တယ်ကွာ။ အေး တောင်းပန်တာမှ မကျေနပ်ရင် ငါနဲ့ ရှင်းလို့ရတယ်။ ပန်းပဲထုရာက ထွက်လာသလား ထင်ရသည့် အဘတင့် ခန္ဓာကိုယ်ကြီးက ချွေးတွေနှင့် ပြောင်ရွှဲနေသည်။ စစ်စိမ်းရောင် စွပ်ကျယ်အကျႌလက်အောက်မှာ ကြွက်သားကြီးတွေ ဖုထစ်နေသည်။ အရပ်ခြောက်ပေနှင့် ကျောပြင် ကျယ်ကျယ်၊ လူကောင်ကြီးကြီး ကျွဲကြီးလို အဘတင့်ကို အကုန်လုံး ငေးမောကြည့်နေကြသည်။ "ဒါပေမယ့် အဖေ သူတို့က ဦးကျော်ကို အနိုင်ကျင့်.." "ဟေ့ကောင် ညီညီ တော်စမ်း၊ ဘာမှထပ်မပြောနဲ့ ခုချက်ချင်း အိမ်ပြန်" ညနေက ကျနော့်ကိုကြိုဖို့ ဦးကျော်က အိမ်ကကားနဲ့ ထွက်လာခဲ့သည်။ အဲဒီနတ်ပွဲနားအရောက်တွင် ဦးကျော်က ကွမ်းတံတွေး ထွေးလိုက်မိသည်ကို အောင်ကြီးတို့ကမြင်ပြီး ကားကို တား၍ ပြဿနာ ရှာခြင်းဖြစ်သည်။ နတ်ပွဲထဲကြည့်လိုက်တော့လည်း အကုန်ဖရိုဖရဲနှင့် မွစာကျဲနေသည်။ နတ်စင်ပေါ်က နတ်ရုပ်တွေ အလဲလဲပြိုပြို။ အရက်ပုလင်းတွေက ကွဲ၊ ဆိုင်းသမားတွေ၊ စက်သမားတွေကတော့ သူတို့ပစ္စည်းတွေ ထိမှာစိုးလို့ အဲဒီနားမှာပဲ အုပ်စုဖွဲ့ပြီး ရပ်နေသည်။ ကြည့်ရတာ ဦးကျော် တော်တော်ပွဲကြမ်းထားပုံရသည်။ "မောင်ကျော် ဒါစော်ကားကောင်းတဲ့ အရာမဟုတ်ဘူးနော်၊ မင်းမိုက်ရိုင်းတာ ကြည့်မိုက်ရိုင်း၊ ဒါ နတ်ကွဲ့ နတ်" တိုက်ဝရံတာပေါ်က အန်တီစောက လှမ်းအော်ပြီး ရန်တွေ့သည်။ "အဲဒီနတ် ခင်ဗျားဖင်ထဲ ထိုးထည့်ထားလိုက်ပါလား။ အလကားနတ်၊ စောက်ရူးနတ်တွေ၊ စောက်ထင်ကို မကြီးတာ" ဦးကျော်ကြည့်ရတာလည်း ထွေနေသည်။ ကျနော့်ကို လာမကြိုခင် နည်းနည်းချလာပုံရသည်။ "ဟေ့ကောင် မောင်ကျော် ငါနောက်တစ်ခေါက် ထပ်မပြောတော့ဘူးနော်" အဘတင့် အသံကြီးက ပန်းပဲဖိုက တူကြီး ထုရိုက်လိုက်သလို မာကျောခက်ထန်နေသည်။ အဘတင့် ဟောက်လိုက်တော့မှ ဦးကျော်လည်း ငြိမ်သွားသည်။ ခဏနေတော့ ဖေဖေနှင့် ရပ်ကွက်လူကြီးတွေ ရောက်လာပြီး ရပ်ကွက်ရုံးသို့ အကုန်ရောက်သွားကြသည်။ ဖေဖေက ကျနော့်ကို အိမ်အတင်းပြန်ခိုင်း၍ ဘာတွေဆက်ဖြစ်လဲတော့ ကျနော်မသိလိုက်ပါ။ ................. အဘတင့်က လူကောင်ကြီးသလောက် ခန္ဓာကိုယ်နှင့် မလိုက်အောင် သွက်လက် ဖျတ်လတ်လွန်းလှသည်။ ကွမ်းတမြုံ့မြံု့ ဝါးနေတတ်ပြီး ရယ်လိုက်လျှင် ကွမ်းတံတွေးတွေ ဖိတ်စင်ကျလာသည်။ "ဘဘ၊ ဘဘတို့အိမ်မှာ သားတို့အိမ်လို ဘာလို့ အုန်းသီးကြီး မဆွဲတာလဲ" "ဟေ ဘာအုန်းသီးလဲကွ" "ဟို အိမ်ခန်းထဲက အုန်းသီးလေ၊ ယပ်တောင်တွေရော၊ လိုက်ကာအနီနဲ့ကာထားရတာ၊ အိမ်တွင်းအဖေကြီးဆိုလား" အဘတင့်က ပြန်မဖြေဘဲ ကွမ်းကိုထွေးထုတ်ပြီး၊ ကွမ်းအစ်ထဲကနေ နောက်တစ်ယာ ယာစားလိုက်သည်။ ပြီးတော့မှ ကျွဲချိုလို သူ့နှုတ်ခမ်းမွှေးကော့ကော့ကြီးကို ပွတ်သပ်ပြီး "သားကို မေးမယ်၊ ခု ဘဘတို့အိမ်ထဲမှာ ဘယ်သူအကြီးဆုံးလဲ" "ဘဘေလ" "အေး ကိုကိုနဲ့ ညီညီတို့ ရွှေမိတို့ အဖေကရော ဘယ်သူလဲ" "ဘဘပဲလေ" "အေး ဒါဆို ဘဘက အိမ်တွင်းအဖေကြီးပေါ့ကွ၊ အဖေကြီးကိုယ်တိုင်ရှိနေမှတော့ ဘယ်အုန်းဆွဲစရာ လိုတော့မလဲ ဟားဟား ဟားဟား" အဘတင့်က ထိုသို့ နောက်တီးနောက်တောက်လည်း ပြောတတ်ပါသည်။ ကိုကိုနှင့်ညီညီကလည်း အဘတင့် သွေးပါသည် ထင်ပါသည်။ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသလို၊ အဘတင့်လို ပျော်ပျော် နေတတ်တာ၊ နောက်တတ်တာလည်း တူသည်။ တစ်ခါက ကျနော့်သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း သူတို့ နှစ်ယောက်က ခပ်တည်တည်နှင့် ဝင်ထိုင်ချလာသည်။ "ဟေ့ရောင် ပူတူး" ကျနော်လည်း ရုတ်တရက်မို့ ကြောင်နေမိသည်။ "ဘာလဲ ကိုႀကီး" ကိုကိုတို့က ကျနော့်ကိုလေးနှင့်မှ ရွယ်တူသာဖြစ်သည်။ "မင်း ငါတို့အိမ်လာလာနေတာ ငါတို့ကတော့ အကောင်းလာတယ် မှတ်နေတာ၊ မင်းက ငါတို့အဒေါ်တွေကို လာကြောင်တာဆိုကွ၊ အဲ့ကိစ္စရှင်းစမ်းပါဦး" ကျနော့်ခေါင်းကို မိုးကြိုးပစ်ချခံရသလို ထူပူသွားသည်။ သူခိုးလူမိသလို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ အဘတင့်ညီမတွေဆိုပေမယ့် မမမြတ်နဲ့ မမဖြူက နောက်ကျမှ မွေးသည်ဟု ဆိုသည်။ တော်တော်ငယ်သေးသည်။ သူတို့ အသက် အတိအကျကို ကျနော်မသိပါ။ ဒါပေမယ့် ကိုကို ညီညီတို့ အဒေါ်တွေလို့ ပြောရင်တော့ ဘယ်သူမှ ယုံမှာမဟုတ်ပါ။ မသကာ အစ်မတွေလောက်ပဲ ထင်ကြလိမ့်မည်။ သူတို့ကလည်း အဒေါ်လို့ မခေါ်ပါ၊ မမမြတ်၊ မမဖြူ ဟုသာ ခေါ်ကြသည်။ ကျနော်လည်း သူတို့ခေါ်တဲ့ အတိုင်း လိုက်ခေါ်ရင်း မမမြတ် မမဖြူဆိုပြီး နှုတ်ကျိုးသွားသည်။ "ဟေ့ကောင် ပြောလေ ဘယ်တစ်ယောက်လဲ၊ မမမြတ်လား မမဖြူလား၊ နှစ်ယောက်လုံးလား" ကျနော် အာစေးမိသလို ဘာမှမပြောနိုင်၊ ကျနော့်သူငယ်ချင်းတွေလည်း ကြောက်ဒူးတုန်နေကြပြီ။ ကိုကိုညီညီဆိုတာ လက်သံက ပြောင်ပါဘိသနဲ့။ သွေးသားအရွယ်ရောက်ခါစ ယောကျာ်းလေးတစ်ယောက် အနေနှင့် ကျနော်လည်း စိတ်ကစားမိတာ မှန်နေသည်ကိုး၊ မရည်ရွယ်ပေမယ့် အဲဒီအိမ်သွားရင် အသားဖြူဖြူ ဆံပင်အရှည်ကြီးနဲ့ မမမြတ်ကို ခိုးခိုးကြည့်မိတာတော့ အမှန်ပင်။ မမဖြူကိုတော့ သိပ်စိတ်မဝင်စားမိပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ လုံလှပြီထင်တာပါပဲ။ ခိုးခိုးကြည့်လိုက်၊ လူလစ်ရင် မမမြတ်နဲ့ စကားရောဖောရော လုပ်လိုက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ မှတ်နေတာ။ ခု ကိုကိုနဲ့ ညီညီ ဘယ်လိုကနေ ဘယ်လိုသိသွားလဲ မစဉ်းစားတတ်တော့ပါ။ ရွှေမိကြောင့်ပင် ဖြစ်မည်။ ဒီကလေးမလေးက သုံးတန်းလောက်သာ ရှိသေးပေမယ့် အရွယ်နဲ့မလိုက်အောင် စကား အင်မတန်တတ်သည်။ ကျနော့်ကို ကိုကြီးပူတူး ကိုကြီးပူတူးဆိုပြီး ညာညာစားတတ်သည်။ ဟိုနေ့က သူဝယ်ခိုင်းတဲ့ မုန့်ပါမလာသည့်ကိစ္စကို မှတ်ထားပြီး လူစုံတော့မှ ကိုကြီး ပူတူးက အိမ်လာရင် မမမြတ်ကိုပဲ လိုက်ကြည့်နေတာပဲဆိုပြီး အရှက်ခွဲသည်။ ဘဲဥပြုတ်နဲ့ပဲ ထမင်းစားတတ်သော သူ့ကို ကျနော်က ဘဲဥမဟု စရင် စိတ်ဆိုးပြီး စကားမပြောတော့ပေ။ သူ့အမေ ကြီးကြီးရွှေက ကိုကြီးပူတူးက ချစ်လို့စတာပါ သမီးရဲ့ ဟု အတင်းချော့မှ စိတ်ဆိုးပြေသည်။ အဘတင့်နှင့် ကြီးကြီးရွှေက ကိုကိုညီညီတို့ကို မွေးပြီးတာ တအားကြာမှ ရွှေမိလေးကို မွေးတာ ဖြစ်သည်။ ဒါပေမယ့် ကြီးကြီးရွှေကလည်း လှတုန်းပင်။ ပြောလို့ပြောတာမဟုတ်၊ သူတို့ မိသားစုက မိန်းမတွေအကုန် လှနေကြသည်လို့ ကျနော်မြင်သည်။ "ဟေ့ရောင် ပြောလေကွာ ဘယ်တစ်ယောက်လဲလို့" "မအေဘေးလေး၊ စွတ်ကြောက်မနေနဲ့၊ မင်းကြိုက်ရင် ငါတို့က ချိတ်ပေးမလို့ ဟားဟား ဟားဟား" အဲဒီတော့မှ ကျနော် ဟူးခနဲ သက်ပြင်းကြီး ချရတော့သည်။ ကျန်တဲ့ကောင်တွေလည်း အကြောက်လွန်ပြီး ကြောင်တောင်တောင်နှင့် ကြည့်နေကြသည်။ တဆိုင်လုံးကိုတော့ ကိုကိုညီညီ၏ ရယ်သံက ဖုံးလွှမ်းသွားသည်။ ........................ အဘတင့်တို့ ထွက်သွားသည့် ညကို ကျနော်မှတ်မိသေးသည်။ တစ်ရပ်ကွက်လုံး အိပ်မောကျနေတဲ့အချိန်မှာ ဦးကျော်က ကျနော့်အခန်းထဲ လာပြီး တိတ်တိတ်လေး နှိုးသည်။ "သား ပူတူး ထ ထ" ကျနော် ဦးကျော်စက်ဘီး နောက်က အိပ်ချင်မူးတူးနှင့် ငိုက်ပြီး လိုက်ပါသွားသည်။ ကျနော်တို့အိမ်က ကားပေါ်မှာ အဘတင့်တို့ ပစ္စည်းအနည်းငယ် တင်ထားသည်။ ပန်းပဲဖိုသုံးပစ္စည်းတွေက အဓိကဖြစ်သည်။ အိမ်ကကားကိုတွေ့ပေမယ့် ဖေဖေနှင့် မေမေကို ကျနော်မတွေ့ပါ။ ရွှေမိလေးက ကျနော့်ကိုတွေ့တော့ ပြေးဖက်သည်။ "ကိုႀကီး ပူတူး" ပြီးတော့ တရှုံ့ရှံု့နှင့် ငိုတော့သည်။ "မငိုပါနဲ့ ညီမလေးရယ်၊ ညီမလေးတို့ပြောင်းသွားလည်း ကိုကြီး လာလည်လို့ရတာပဲ၊ စာတိုက်ကနေ စာမှန်မှန်ရေး၊ မရေးတတ်ရင် ကိုကိုနဲ့ညီညီ့ကို ရေးခိုင်း၊ ကိုကြီးလာလည်ရင် ညီမလေးဖို့ မုန့်တွေ အများကြီးဝယ်လာခဲ့မယ်နော်" ပြောရင်းနှင့် ကျနော့်အသံ တိမ်ဝင်လာသည်။ မမမြတ်က အထုပ်တစ်ထုပ်ကို သယ်လာပြီး ကားပေါ်တင်နေသည်။ ကျနော့်ကိုတွေ့တော့ သူ့ထုံးစံအတိုင်း ခပ်နွဲ့နွဲ့လေး လျှောက်လာသည်။ "ကိုလင်း" မမမြတ်က တစ်ရပ်ကွက်လုံးခေါ်သလို ပူတူးလို့ မခေါ်ဘဲ ကျနော့်နာမည်ကို အဖျားစွတ်ခေါ်လေ့ရှိသည်။ "ရော့ ဒါလေး ယူထားကွာ၊ အမှတ်တရပေါ့" နောင်အခါ ကျနော့်ပုံဆွဲစာအုပ်ကြားထဲ တစ်သက်လုံး ညှပ်ထားတော့မည့် သစ်ရွက်ခြောက်လေး။ မမမြတ် ဘာအဓိပ္ပါယ်နဲ့ ပေးလဲ ကျနော်မသိသေးပါ။ "နွေဝင်ကာစ အရွက်ကြွေတွေ မြေမကျခင် ဖမ်းရင် လပ်ကီးကောင်းတယ်ကွ၊ မမမြတ် မနည်းဖမ်းထားရတာ၊ ကိုလင်း စာအုပ်ကြားထဲ ညှပ်ထား၊ စာတွေ ဘာတွေ ရတာပေါ့၊ ရှစ်တန်းက အစိုးရစစ်မဟုတ်လား၊ အရေးကြီးတယ် မပေါ့နဲ့၊ သေချာလုပ်" မမမြတ်ဘာတွေ ပြောနေလဲ ကျနော်မကြားတော့ပါ။ ကျနော့်ရင်ထဲမှာ တခါမှမဖြစ်ဖူးသည့် ဝမ်းနည်းသည့် ခံစားချက်ကြီးကိုသာ မောင်းထုတ်ချင်နေမိသည်။ ကိုကိုညီညီ၊ မမဖြူ၊ ကြီးကြီးရွှေ၊ အဘတင့်၊ သူတို့ကိုယ်စီ ကျနော့်ကို လာနှုတ်ဆက်ကြသည်ကိုလည်း ကျနော်မမှတ်မိတော့ပါ။ သူတို့ထွက်သွားကြတော့ ကားကြီးက နှင်းတွေကြားမှာ ဝိုးတဝါးပဲ မြင်ရသည်။ ဒါမှမဟုတ် ကျနော့်မျက်လုံးတွေ မျက်ရည်တွေနှင့် ပိတ်နေလို့လည်းဖြစ်နိုင်မည်။ .................... ဦးကျော် ထွက်သွားသည့်အကြောင်း ကျနော့်ကို မပြောပြ၍ ဖေဖေနှင့်မေမေကို ကျနော် တစ်လလောက် စကားမပြောပါ။ ကျနော့်စိတ်ထဲမှာတော့ ဦးကျော် ခရီးထွက်သွားသည်ဟုသာ ထင်နေခဲ့သည်။ ဖေဖေနှင့်မေမေကလည်း ဟိုလိုလို ဒီလိုလိုသာ မရေမရာ လုပ်နေသည်။ ဦးကျော်က အဘတင့်တို့ ထွက်သွားသည့်အချိန်လိုပင်၊ ကျနော်အိပ်နေတုန်း တိတ်တိတ်လေး ထွက်သွားတာ ဖြစ်သည်။ "ပူတူးသိရင် ကျနော့်ကိုပေးသွားမှာမဟုတ်ဘူး အစ်မရဲ့" ဦးကျော်က ကျနော့်ကို အသိမပေးဖို့ ဖေဖေနှင့် မေမေကို အတင်းအကြပ် ကတိတောင်းသွားခဲ့သည်။ ဦးကျော်ထွက်သွားတာက အဘတင့်တို့နှင့် တစ်လသာ ခြားပါသည်။ ဘယ်ကိုသွားမလဲ မပြောသွားပေမယ့် ကျနော် သေချာ သိနေပါသည်။ အဘတင့်တို့နောက်ကိုသာ လိုက်သွားလိမ့်မည်ဖြစ်သည်။ ခက်တာက အဘတင့်တို့ ဘယ်ကိုထွက်သွားလဲ ကျွန်တော်မသိပါ။ ဖေဖေနှင့် မေမေလည်း မသိပါ။ ကျနော် စာအုပ်ကြားက သစ်ရွက်လေးကိုသာ ထုတ်ကြည့်နေမိသည်။ .............. "အဖေလာလေ နောက်တစ်ပုံလောက်" ကျနော့်သားက ခေါ်နေသည်ကို ပြန်ပင်မဖြေနိုင် လက်ပဲပြလိုက်ရသည်။ ပုဂံနေက ပူလွန်း၍ ကျနော် ပင်ပန်းနေတာ ဝန်မခံချင်ပေမယ့် ဝန်ခံလိုက်ရသည်။ "ဟုတ်သားပဲ၊ ဖိုးဖိုးကလည်း မီးမီးနဲ့ နှစ်ပုံပဲရိုက်ရသေးတယ်" "မောင်ကလည်း အဖေနားပါစေ၊ ဘယ့်နှယ့် သူဓာတ်ပုံရိုက်ချင်တိုင်း လျှောက်ခေါ်နေတယ်၊ သမီးရေ ဖိုးဖိုးက နေပူရင် ပင်ပန်းတယ်ကွဲ့၊ အတင်းမခေါ်ရဘူး ငရဲကြီးလိမ့်မယ်" ကျနော့်ချွေးမက အလိုက်တသိနှင့်ပြောရှာသည်။ ကျနော့်သားက ကျနော့်ခြေရာနင်းပြီး သဘောင်္သားဖြစ်လာခဲ့သည်။ ဒီအတွက် ကျနော်ဂုဏ်ယူပါသည်။ ဒါပေမယ့် ကျနော်ကျောင်းပြီးတည်းက စွန့်လွှတ်ခဲ့ရသော ပုံဆွဲဝါသနာကိုတော့ ဒီကောင် ဆက်မသယ်ဆောင်ဖြစ်ပါ။ သူက တမျိုး၊ သူ့ဘကြီး ကျနော့် ကိုလေးလို ဓာတ်ပုံရူး ရူးတဲ့ကောင် ဖြစ်လာသည်။ ပုံဆွဲတာနဲ့ ဓာတ်ပုံနဲ့ နီးတော့ နီးစပ်ပါတယ် အဖေရဆိုပြီး အမြဲရယ်ကျဲကျဲနှင့် ပြောတတ်သည်။ ဒီကောင် ငယ်ငယ်တည်းက ကျနော့်ထက် သူ့ဘကြီးကို ပိုခင်သည်ဟု ကျနော်ထင်သည်။ ကိုလေးတို့က သားသမီး မထွန်းကားပါ၊ ကိုကြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားပြီးတည်းက ကိုလေးက မိသားစု တာဝန်ကို ကိုကြီး ကိုယ်စား ပုခုံးထမ်းလွှဲယူခဲ့သည်။ ဖေဖေအားကိုးရသော သားတစ်ယောက် ဖြစ်လာခဲ့သည်။ တခါက ဖေဖေ့လက်သီးစာဖြင့် မျက်နှာတခြမ်း ယောင်ကိုင်းသွားသော ကိုလေးပုံရိပ်ကို ကျနော် ဝိုးတဝါးမြင်မိသေးသည်။ ကိုကြီးမဆုံးခင်ထိ ကင်မရာတကားကားနှင့် မြန်မာပြည်အနှံ့လျှောက်သွားနေသော ကိုလေးသည် ကိုကြီးကိစ္စဖြစ်သည့်အချိန်မှစ၍ သူချစ်သော ကင်မရာကို ထိပင်မထိတော့ချေ။ ကျနော့်သားမွေးလာတော့ ထိုကင်မရာသည် သူ့အတွက်ဖြစ်သွားသည်။ ကိုလေးက ကျနော့် သားနှင့်မြေးကို ကျနော့်ထက်ပင် ပိုချစ်သည်ဟု ထင်ရသည်။ ယခု ပုဂံဘုရားဖူး ခရီးကိုတော့ ကိုလေးမလိုက်နိုင်တော့ပါ။ ပုဂံကိုလာတာက ဘုရားဖူးသက်သက်ထက် ကိုလေးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ချင်တယ်ဆိုတဲ့ သားရဲ့ ဆန္ဒဖြစ်သည်။ ကျနော်က အစတော့ ခရီးပန်းမှာစိုးလို့ ငြင်းသေးသည်။ ဒါပေမယ့် ကျောင်းသားဘဝကတခေါက်၊ အိမ်ထောင်မကျခင်တခေါက်သာ ရောက်ဖူးသော ပုဂံကို ပြန်သွားချင်တာရော၊ ပုံလေးဘာလေး ပြန်ဆွဲချင်တာရောကြောင့် ကျနော် လိုက်လာဖြစ်ခဲ့သည်။ ပုဂံကတော့ ပုဂံပီပီ လှနေပါသည်။ နေဝင်ခါစ မြင်ကွင်းကိုကြည့်ဖို့တော့ ဓမ္မရံကြီးပေါ် တက်ရဦးမည်။ တက်နိုင်ပါ့မလား ကျနော့်ကိုယ်ကျနော် မသေချာတော့။ "ဘဘကြီး ပို့စ်ကတ်လေးတွေ ဝယ်ပါဦး" စာအုပ်ထဲ ပုံကြမ်းတွေခြစ်နေသော ကျနော့်နားကို ကလေးမလေးတစ်ယောက် ကပ်လာသည်။ ကျနော့်မြေးမလေး အရွယ်လောက်ပဲရှိမည်။ သနပ်ခါး ပါးကွက်ကျားလေးနှင့် ချစ်ဖို့ တော်တော်ကောင်းသည်။ "ဝယ်မှာပေါ့ကွ၊ သမီးက တော်တော်ချစ်ဖို့ ကောင်းတာပဲ" ဆိုတော့ သွားကျိုးလေးများ ပေါ်အောင်ပြုံးပြသည်။ ဟင် . . . . "ေရႊ....." ကျနော် စကားမဆုံးဘဲ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိသည်။ ကလေးမလေးက ကျနော့်ကို မျက်လုံးလေး အဝိုင်းသားနှင့် ကြည့်နေသည်။ ခဏနေတော့ နိုင်ငံခြားသားနှစ်ယောက် ဘုရားထဲ ဝင်လာတော့ တခြားကလေးတွေနှင့်အတူ သူလည်း ဝိုင်းအုံပြီးပြေး ဝင်သွားသည်။ ကျနော်ကလေးမလေးနောက် အပြေးလိုက်သွားမိသည်။ ရုတ်တရက်ထလိုက်၍ သိပ်မကောင်းတော့သည့် ဒူးက ဆစ်ကနဲနာသွားသည်။ ဇရာက ကျနော့်ကို နိုင်စပြုနေပြီ။ အသက် ၇၀ ဆိုတာ လူ့လောကမှာနေခဲ့တဲ့ အချိန်တွေ တော်တော်များနေပြီပဲ။ ကျနော်ထော့နဲ့ ထော့နဲ့နှင့်ပင် ကလေးမလေးဆီ အပြေးတပိုင်း လိုက်သွားမိသည်။ ပြီးတော့မှ အသက်ကို မနည်းရှူပြီး သူ့ပုခုံးကို တို့လိုက်ရသည်။ "သမီး ဘဘကြီး အကုန်ဝယ်မယ်၊ သမီးအိမ်ကို ဘဘကြီးကို ခေါ်သွားပါလား" "တကယ်လား ဘဘကြီး၊ ပျော်လိုက်တာ၊ အာ့ဆို အိမ်လိုက်ခဲ့ အိမ်မှာ ထမင်းအလကားကျွေးမယ် မေမေ့လက်ရာက ရှယ်ပဲ" ဘုရား နှစ်ဆူ သုံးဆူလောက်ဖြတ်ပြီးတော့၊ ဓမ္မာရုံတစ်ခုဘေးမှာ ခပ်လတ်လတ် မြန်မာထမင်းဆိုင် တစ်ဆိုင်ကို တွေ့လိုက်ရသည်။ သွပ်ပြားပေါ် သင်္ဘောဆေးနှင့်ရေးထားသည့် ဆိုင်းဘုတ်ကို ကျနော် မဝံ့မရဲ ကြည့်လိုက်မိသည်။ "တင့်မိသားစု မြန်မာထမင်းဆိုင်" ကလေးမလေးက ကျနော့်လက်ကို အတင်းဆွဲပြီး ဆိုင်ထဲခေါ်သွားသည်။ "ဖေဖေ မေမေ၊ ဒီ ဘဘကို ရှယ်ဟင်းတွေပဲ ချပေးနော်၊ ဘဘက သမီးပို့စ်ကတ်တွေ အကုန်ဝယ်လိုက်တာ" အသက် ၄၀ အရွယ် အသားဖြူဖြူ မိန်းမတစ်ယောက် နွေးထွေးစွာ ပြုံးပြသည်။ "ထိုင်ပါ ဆရာကြီး ထိုင်၊ ဒီနေ့ ရှယ်တွေချည်းချက်ထားတာ" အသက် ၅၀ အရွယ် ထိပ်ပြောင်ပြောင်၊ ထောင်ထောင်မောင်းမောင်း ယောကျာ်းကြီးတစ်ယောက်က ကျနော့်ကို လက်ကတွဲကူပြီး သေချာနေရာထိုင်ခင်းချပေးသည်။ အသားဖြူဖြူ မိန်းမပျိုလေးနှစ်ယောက် တို့စရာ နှင့် ဟင်းခွက်များ အစီအရီလာချပေးသည်။ စားပွဲထိုးနေသည် ကောင်လေးနှစ်ယောက်က ကျနော့်ကို ပြုံးပြီး ကြည့်လို့။ ဆိုင်ဘေးမှာ ဆံပင်စုတ်ဖွားနှင့် လူလတ်ပိုင်း ယောကျာ်းတစ်ယောက်က သစ်ရွက်ခြောက်တွေကို စူးချွန်နဲ့ထိုးပြီး စုပုံနေသည်။ ကျနော် ထမင်းနှင့် ဟင်းကို သေချာ အရသာခံပြီးစားမိသည်။ တချိန်က တစ်ခုသော မီးဖိုချောင်ထဲ ကျနော် လှန်လှောစားဖူးတဲ့ အရသာ။ ""အေး ဒါဆို ဘဘက အိမ်တွင်းအဖေကြီးပေါ့ကွ၊ အဖေကြီးကိုယ်တိုင်ရှိနေမှတော့ ဘယ်အုန်းဆွဲစရာ လိုတော့မလဲ ဟားဟား ဟားဟား" "ဆင်တွေကိုတောင် လက်တစ်ဖက်တည်းနဲ့ အစွယ်ချိုးနိုင်တဲ့ ပန်းပဲသမားကြီးကို ဘုရင်က ကြောက်လာတော့ နန်းတော်ကို ဆင့်ခေါ်တာပေါ့ကွာ" "ဘုရင်ကြီးက သူ့ကို သတ်မှာလားဟင်" "အေး .. ဒါပေမယ့် တစ်ဖက်လှည့်နဲ့ ရာထူးပေးပြီး မျှားခေါ်တာ၊ ပန်းပဲသမားကြီးက သိတယ်လေ၊ အဲဒါနဲ့ ထွက်ပြေးသွားရောတဲ့" "ဟင် ဒါပေမယ့် သားသူငယ်ချင်းတွေကို အဲ့ပုံပြင်ပြန်ပြောပြတော့ သူတို့က ပန်းပဲသမားကြီး သေသွားတယ်တဲ့၊ ဘုရင်က မီးရှို့သတ်တာတဲ့၊ မင်းပုံပြင်က အတုကြီးတဲ့" "ဟားဟား ဘယ့်နှယ့်အတုကမှာလဲကွ၊ ဦးကျော်ကို အဲဒီပန်းပဲသမားကြီးကိုယ်တိုင်ပြောပြတာ၊ အစစ်မှ ရေတောင်မရောဘူး" "ဟင်း၊ ဦးကျော်က ပလီပြီ၊ ပန်းပဲသမားကြီးက ပုံပြင်ထဲကလူကြီးဥစ္စာ၊ ဦးကျော်ကို ဘယ်လိုတွေ့မှာလဲ" "ဟားဟား ဦးကျော်ကို အထင်သေးလို့၊ ဦးကျော်လည်း ပုံပြင်ထဲကပဲကွ" "အမယ် အဲဒါဆို ပြောပါဦး ဦးကျော်ပုံပြင်" "ဟားဟား ဦးကျော် ပုံပြင်က ဘာမှ စိတ်ဝင်စားဖို့ မကောင်းဘူး။ အရက်သောက်တာနဲ့ ကြက်တိုက်တာပဲပါတယ်ကွ" "ဟားဟား ပူတူးကြီးလာရင် ဦးကျော်လို အရက်မသောက်နဲ့နော်" ................. "စားလို့ မြိန်တယ်ထင်တယ်၊ ဆရာကြီး၊ ပြောင်သလင်းခါသွားတာပဲ" ခုနက သစ်ရွက်တွေ စုနေတဲ့လူ ဆိုင်ထဲဝင်လာပြီး ကျနော့်ဘေးမှာ ပြုံးပြီးလာရပ်နေသည်။ ဆံပင်စုတ်ဖွား၊ နှုတ်ခမ်းမွှေး စစနဲ့၊ ဒီမျက်နှာကို ကျနော်တစ်သက်မေ့စရာမရှိပါ။ ကျနော် မတ်တပ်ထရပ်ပြီး ပြေးဖက်ပစ်လိုက်သည်။ လူလတ်ပိုင်းလူက ကြောင်အမ်းအမ်းနဲ့ ကျနော့်ကို ပြန်ဖက်လာသည်။ "ဦးကျော်..ခင်ဗျားဗျာ..... ကျနော့်ကို မပြောဘဲနဲ့.... ခင်ဗျား" ကျနော် စကားလုံးတွေ ရှာမရတော့ပါ။ အသက် ၄၀ အရွယ် မိန်းမက အရပ်မြင့်မြင့် ယောကျာ်းကြီးကို လက်တို့ရင်း "ဒါ...ဒါ.....မဟုတ်မှလွဲရော" အရပ်မြင့်မြင့် ထောင်ထောင်မောင်မောင်း ဗလအထွားသားနှင့် ယောကျာ်းကြီးက နှုတ်ခမ်းတွေ ရိပ်ခနဲ လှုပ်သွားသည်။ ကျနော် အားရနှစ်ခြိုက်စွာ ပြုံးပြလိုက်သည်။ "အဘတင့်တို့ နေကောင်းကြတယ်နော်" "သား....ပူတူး" "ဟဲဟဲ ကျနော်က အခု အဘတင့်တို့အားလုံးထက် အသက်ကြီးသွားပြီဗျ ၊ သားလို့မခေါ်နဲ့ ငရဲကြီးမယ်" အဲဒီအချိန်မှာ မီးဖိုထဲက ထွက်လာတဲ့ အသားဖြူဖြူ မိန်းမပျိုလေးလက်ထဲက လင်ပန်း လွတ်ကျသွားသည်။ ကျနော့်ကို ကြည့်ပြီး မျက်လုံးလေး ပြူးလို့။ သူ့ပါးစပ်က တစုံတခုကို ရေရွတ်လိုက်သည်။ ကျနော် အသက် ၇၀ ကျော်နေပါပြီ။ မျက်လုံးတွေလည်း မကောင်းတော့ပါ။ ဒါပေမယ့် မိန်းမပျို ရွတ်လိုက်တဲ့ စကားက "ကိုလင်း" ဆိုတာ ဖြစ်လိမ့်မယ်လို့ ကျနော် ရဲရဲကြီးပြောရဲပါသည်။ ပုံဆွဲစာအုပ်လေးက ဟိုနေရာမှာ ကျန်နေခဲ့သည်။ အထဲမှာ သစ်ရွက်ခြောက်လေး ရှိနေဦးမလား။ ကျနော်မသိပါ။ - Tim 19/5/2019 Dedicated to Neil Gaiman and Bill Willingham Source: Tin Tun Oo hint: Kaung Myat Bo ဒီဇာတ်လမ်းက ဇာတ်ကောင်တွေက ၃၇ မင်းနတ်တွေပါ... ဦးကျော် - မင်းကျော်စွာ (ခေါ်) ပခန်းဦးမင်းကျော် အဘတင့် - မဟာဂီရိနတ် (ပန်းပဲ မောင်တင့်တယ်) ကြီးကြီးရွှေ - ရွှေနဘေ (ပန်းပဲ မောင်တင့်တယ်၏ ဇနီး) မမမြတ် - ရှင်စောမိ (ခေါ်) မမြတ်လှ၊ နှမတော်နတ် (ပန်းပဲ မောင်တင့်တယ်၏ နှမကြီး) မမဖြူ - ရှင်ထွေလှ (ခေါ်) မဒွေးဖြူ၊ သုံးပန်လှ (ပန်းပဲ မောင်တင့်တယ်၏ နှမငယ်) ကိုကို - ရှင်ညို (တောင်မကြီးနတ်) (ပန်းပဲမောင်တင့်တယ်နှင့် ရွှေနဘေတို့၏သား) ညီညီ - ရှင်ဖြူ (မြောက်မင်း) (ပန်းပဲမောင်တင့်တယ်နှင့် ရွှေနဘေတို့၏သား) ရွှေမိ - မနဲမိ (သုံးပန်လှခေါ် ရှင်ထွေးလှ၏ သမီး) တစ်ခုပဲ... ရွှေမိက ဒီထဲမှာ အဘတင့်ရဲ့ သမီးဖြစ်နေတာလေးတစ်ခုပဲ... တကယ်က မမဖြူရဲ့ သမီးဖြစ်ရမှာ...