Tuesday, July 1, 2014

ကော်ရင်ဂျီ(ရေးသူ- လူထုဒေါ်အမာ)

ကော်ရင်ဂျီ(ရေးသူ- လူထုဒေါ်အမာ)

{၂၀၀၁ မတ်လ၊ မာယာတွင်ဖော်ပြပြီးဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ် အတွက် ထပ်မံ ဖော်ပြခြင်းဖြစ်ပါတယ်။ }

အမေတို့ ငယ်ငယ်တုန်းက တို့အဖေက ပက်လက်ကုလားထိုင်ပေါ်မှာ စာဖတ်နေတယ်။ အမေတို့ ညီအစ်မက အဖေ့ခြေရင်းမှာ ကစားနေကြတယ်။ ကစားရင်း ဘာက ဘယ်လို ဖြစ်တယ်တော့ မမှတ်မိတော့ဘူး၊ ညီအစ်မ ရန်ဖြစ်ကြပါရော။ ရန်ဖြစ်တော့ အမေက ညီမကို "နင်က ဂန်ဂယား မယားဟဲ့" လို့ဆဲတော့၊ ညီမ အတင်က "နင်က အပ္ပနားမယားဟဲ့" လို့ပြန်ဆဲတယ်။ ညီအစ်မ "အပ္ပနားမယား၊ ဂန်ဂယားမယား" နဲ့ ဆဲနေကြတာ အခွန်းများတော့ အဖေက နားကြားပြင်းကတ်ပြီး ထရိုက်ပါလေရော။

အဖေဆိုတာ တို့ကိုသိပ်ရိုက်ခဲတဲ့ အဖေပါ။ ဒါပေမယ့် ဒီအရွယ်ကလေးတွေနဲ့ လင်ပေးစား ဆဲရမလားဆိုပြီး သိပ်စိတ်ဆိုးလို့ ရိုက်တာနေမှာပေါ့။ အခါတိုင်းဆိုရင် ရိုက်တဲ့ အလုပ်က အမေ့အလုပ်။ အဖေရိုက်တာ ဒီတခါပဲခံရဖူးတာ။ အမေတို့ ညီအစ်မကတော့ အဲဒီ ကတည်းက မဆဲဝံ့တော့ဘူး။

မင်းတို့က အမေတို့ဆဲတဲ့ အဆဲကို နားလည်ကြရဲ့လား။ အပ္ပနားတို့ ဂန်ဂယားတို့ ဆိုတာ တို့အရပ်ထဲမှာ ရေရောင်းနေတဲ့ ရေသည် ကော်ရင်ဂျီကုလားတွေရဲ့ နာမည်တွေပေါ့ကွယ်။ တို့မန္တလေးမှာက ဟိုအရင်က အဝီစိတွင်းရေဆိုတာကို ရပ်ကွက်နည်းနည်းကလေးပဲ သုံးနိုင်တာပါ။ ကျုံးပတ်လည်က အရပ်တွေက ကျုံးရေကို သုံးရတယ်။ ကျန် ရပ်ကွက်တွေ အားလုံးက တွင်းရေကိုခပ်သုံးရတာ။ အဲဒီမှာ ရေတွင်းကလည်း အတောင်၂ဝ-၂၅ ဆိုတာ တိမ်တဲ့တွင်းတွေ။ တချို့ရေတွင်းတွေက အတောင် ၃ဝ-၄ဝ နက်ကြတယ်။ ဒီလိုတွင်းထဲက ရေကို ခပ်ပြီး ၄ ဂါလံဝင် ရေနံဆီပုံး (၂)ပုံးနဲ့ အပြည့်ထည့်ပြီး အိမ်တွေကို ထမ်းပို့တဲ့အခါ လက်ငင်းဝယ်ရင် ရေတထမ်း ၁ပြား၊ လပေးဝယ်ရင် တနေ့တထမ်းယူရင် တလမှ တမတ်(၁၆)ပြား ပေးရတယ်။ အဲဒီ ရေထမ်းရောင်းတဲ့ အလုပ်ကို အများအားဖြင့် ကော်ရင်ဂျီ ကုလားတွေက လုပ်ကြတာ။ ဒါကြောင့် ရေသည်ကြီးဆိုတဲ့ စကားထက် 'ပန်နီဝါလား' ဆိုတာကို တို့တတွေက ပိုပြီး နားလည်တယ်။ အမေတို့ငယ်ငယ် အင်္ဂလိပ်ခေတ်တုန်းက ရေတထမ်း ၁ပြားနဲ့ ရောင်းစားရ တဲ့အလုပ်ကို ဗမာတွေက သိပ်မလုပ်ချင်ကြဘူး။ ပင်ပန်းသလောက် ပိုက်ဆံမရလို့။ ဒါကြောင့် မြို့တွေမှာ ကော်ရင်ဂျီတွေက ရေထမ်းရောင်းတယ်။ ရုံးတွေ၊ ကျောင်းတွေ၊ လမ်းတွေမှာ တံမြက်စည်းလှည်းတဲ့ အလုပ်ဆိုရင်လည်း ဗမာတွေ လုပ်တာနည်းတယ်။ ကုလားတွေ လုပ်ကြတာပဲ။ သူတို့ကို 'ဂျာဒူးဝါလား' လို့ခေါ်တယ်။

နောက်ပြီး တို့မန္တလေးမှာ ရထားလုံးလို့ခေါ်တဲ့ ဘီး(၄)ဘီးနဲ့ မြင်းရထား တွေရှိ တယ်။ ခုခေတ်မှာ ရှိတဲ့ ဘီး(၂)ဘီး နဲ့ မြင်းရထားကိုတော့ မြင်းရထား မခေါ်ဘူး။ မြင်းလှည်းလို့ ခေါ်တာ။ အောက်အရပ်က တချို့ မြို့တွေမှာ ဘုံပြတ် လို့ခေါ်တယ် ထင်တယ်။ မန္တလေးမှာ ဟိုတုန်းက မြင်းလှည်းမရှိသလောက်ပဲ။ မြင်းရထားပဲ လမ်းတွေပေါ်မှာ ရှိတယ်။ အဲဒီ ရထားမောင်းတဲ့ အလုပ်ကိုလည်း ကုလားတွေပဲ လုပ်တယ်။ သူတို့ကို 'ဂါလီဝါလား' လို့ခေါ်တယ်။ အဲဒီတုန်းက တို့မန္တလေးမှာ လံခြားတော့ မရှိဘူးကွဲ့။ ရန်ကုန်တို့၊ မော်လမြိုင်တို့မှာသာ ရှိတာ။ လံခြားကို ဘယ်သူတွေ ဆွဲသလဲ သိလား။ ကော်ရင်ဂျီတွေပဲပေါ့။

တို့က ကုလားမောင်းတဲ့ ရထားစီးကြတာဆိုတော့ ဒိုင်းနား-ညာချိုး။ ဘားယား-ဘယ်ချိုး၊ ဆီးတား-တည့်တည့်၊ အာစတေး-ဖြည်းဖြည်း၊ ဂျာလတီး- မြန်မြန်။ ဟိုး-ရပ်တော့ ဆိုတဲ့ကုလားစကားကို လူတိုင်း တတ်ကြတယ်။ အမေတို့ စျေးသွားတဲ့အခါ စျေးဝယ်တဲ့ စျေးဆွဲခြင်းဟာ လေးရင် ဘယ်တော့မှ ကိုယ့်ဖာသာ မဆွဲခဲ့ဘူး။ စျေးထဲမှာ တောင်းကလေးတွေ ထမ်းပြီး 'အစ်မ-ကူလီ- ကူလီ' လို့အော်နေတဲ့ ကလေးအလုပ်သမား ကော်ရင်ဂျီကလေးတွေကို ခေါ်ပြီး အကိုင်ခိုင်းလိုက်တာပဲ။ ပေးရတာက ၂ ပြား၊ ၁ ပဲကိုး။

ဟို ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်က တို့နိုင်ငံမှာ တို့လူမျိုးတွေက အောက်တန်း ကျတယ်ထင်တဲ့ အလုပ်မျိုးတွေကို တို့က မလုပ်ဘူး။ အဲဒီ ကော်ရင်ဂျီတွေက စျေးပေါပေါ နဲ့ လာလုပ်ပေးနေတယ်လေ။ တို့ကလည်း မိလ္လာသိမ်းတာကအစ ကောက်စိုက်တာ အဆုံး သူတို့ကို ခိုင်းတာပဲ။ သူတို့ တို့နိုင်ငံထဲ လာအလုပ်လုပ်နေတာက သိန်းနဲ့သန်း နဲ့ချီ ရှိတယ်ကွဲ့။ အောက်မြန်မာနိုင်ငံမှာ သာပြီး ပေါများသေးတယ်။

သူတို့ခမျာမယ် သူတို့နိုင်ငံက ဘယ်လောက်ဆင်းရဲနေလို့ တို့ဆီကိုလာပြီး ဒီလို စျေးပေါပေါနဲ့ လုပ်နေသလဲတော့ မသိဘူး။ ဒါပေမယ့် တို့နိုင်ငံမှာ သူတို့ နေကြ ထိုင်ကြပုံ ကိုပြောပြကို ပြောပြဦးမယ်နော်။ ရေထမ်းပေးနေတဲ့ ရေဖောက်သည် ကော်ရင်ဂျီတယောက်က "အစ်မ အိမ်ဘေးက အဖီကလေး အားရင်ငှားပါ။ ကျွန်တော် တလ (၅)ကျပ် ပေးပါ့မယ်" ဆိုတာမျိုး လာပြောရင် အမိုးသာရှိပြီး တခန်းသာကျယ်တဲ့အဖီမို့ အိမ်ရှင်က အဖီကလည်း အားနေတာ၊ တလ (၅) ကျပ်ဆိုတာလည်း အလကားရနေတာ ပန်နီဝါလား လာနေရင် အိမ်စောင့် ဒလဝမ်တောင် ရသေးတယ်ဆိုပြီး ငှားလိုက်မိရော။ သူတို့က အကာကလေး တောက်တီးတောက်တဲ့ ထည့်တယ်။ ပထမတော့ အဖီကလေးထဲ ကုလား ၂ - ၃ ယောက်။ နောက်တော့ ၃ - ၄ ယောက်၊ နောက်တော့ ၅ ယောက် ၆ ယောက်၊ နောက် ၁ဝ ယောက် ၁၅ ယောက်။ လူတွေ များများလာလိုက်တာ၊ ညများ ဘယ်လို အိပ်ကြပါလိမ့်လို့ စဉ်းစားလို့တောင် မရဘူး။ တချို့လည်း အပြင်မှာ ထွက်အိပ်ကြတာပါ။ သူတို့က တနေကုန်အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ကြ၊ ညနေတိုင်တော့ ထန်းရည်၊ ဓနိရည်စတဲ့ အပေါဆုံး အရက်သေစာကလေး သောက်စားပြီး ပြန်လာကြ၊ အခန်းမှာ သီချင်းညည်းတဲ့လူကညည်း၊ စကားဖောင်လောက်အောင် ပြောတဲ့လူက ပြော၊ တချို့က တကိုယ်ရေ မဟုတ်ဘူး၊ ကုလားမဇနီး ပါလာသေးတယ်။ ဒီမိန်းမနဲ့ အိမ်ထောင်သည် ဒီအခန်း ကျဉ်းကျဉ်းကလေးထဲ ဘယ်လိုနေကြမှန်းလည်း မစဉ်းစားတတ်ဘူး။ သူတို့မှာ စာတတ်တဲ့လူ မရှိဘူး။ သူတို့ နိုင်ငံပြန်ပြီး စာရေးချင်ရင် သူတို့လူမျိုးချင်းထဲ က စာတတ်တဲ့လူကို ပိုက်ဆံပေးပြီး အရေးခိုင်းတယ်။ အဲဒီလူက စားပွဲကလေး တတောင်လောက်နဲ့ လမ်းဘေးထိုင်နေတာ။ အလုပ်လုပ်လို့ ရသမျှစုဆောင်းပြီး နေရပ်ကို တလတကြိမ် ငွေပို့တယ်။ သူတို့ စားတာက ပဲဟင်းနဲ့ ငရုတ်သီးတောင့်။ ထမင်းကို ပဲဟင်းဆမ်း၊ ဆားဖြူး၊ ငရုတ်သီး အတောင့်လိုက် ကိုက်စား၊ တပန်းကန် ကုန်ပြီဆိုတော့ ပန်းကန်ထဲ ရေထည့် လက်ဆေးပြီး အဲဒီ လက်ဆေးရေ ပန်ကန်ဆေးရေကို မော့သောက်လိုက်တာ၊ သွန်မပစ်ဘူး။ ပလုတ်ကျင်းပြီးတော့လည်း မျိုချလိုက်တာ၊ ထမင်းတစေ့ မလေလွင့်ရဘူး။ တခါတရံ သိပ်ပိုက်ဆံစုမိလို့ရှိရင် အိန္ဒိယပြန်တဲ့လူက ရှိသေးတယ်။ ခဏပြန်တာနော်၊ အပြီးမဟုတ်ဘူး။ အဲဒီပြန်ရင် သူက မိန်းမနဲ့လူဖြစ်ခဲ့ရင် သူ့မိန်းမကို ပိုက်ဆံပေးနိုင်တဲ့ အတူနေ ကော်ရင်ဂျီတယောက်ကို ငှားထားခဲ့တယ်။ တလ ဘယ်ရွေ့ ဘယ်လောက်ဆိုတဲ့ စျေးနှုန်းနဲ့။ ဒီငှားခ ယူသွားတယ်၊ သူပြန်လာတော့ သူ့မိန်းမကို ပြန်ယူပြီး ပြန်ပေါင်းတယ်။ အဲဒီ ကော်ရင်ဂျီ အလုပ်သမားတွေဟာ တို့နိုင်ငံကို ကမ္ဘာစစ်မီးကြီး ရောက်ရှိ တောက်လောင်လာတော့ အိန္ဒိယကို ပြန်ပြေးကြတယ်။

ဘယ်လောက်ပြန်ရောက်လို့ ဘယ်လောက်လမ်းမှာ သေသလဲ မသိဘူး။ အများစုကြီးက ကုန်းလမ်းကနေပြီး ခြေကျင် ပြန်ကြရတာကိုး။ စစ်ကြီးပြီးတော့ ဒီအလုပ်သမားတွေ တို့နိုင်ငံက လက်မခံတော့ဘူးကွဲ့။ ဒါကြောင့် စစ်ပြီးမှ လူဖြစ်တဲ့ လူငယ်တွေက ကော်ရင်ဂျီ အလုပ်သမားတွေ အကြောင်းကို မသိကြတော့ဘူး။ စျေးပေါပေါနဲ့ အားမနာတမ်း ခိုင်းရစေရတဲ့ လူတွေ တခါတုန်းက တို့ဆီမှာ အများကြီး ရှိခဲ့ဖူးတယ်ဆိုတာကိုလည်း မသိကြတော့ဘူး။ တနေ့က မလေးရှားတို့၊ ထိုင်းတို့မှာ တို့ဆီက အလုပ်သမားတွေ တရားမဝင် သွားရောက် လုပ်ကိုင်နေကြတာ သိန်းဂဏန်းနဲ့တောင် ရှိတယ်။ ဒီအလုပ်သမားတွေက တိုင်းရင်းသားတွေ မလုပ်ချင်တဲ့ အလုပ်တွေမှာ စျေးပေါပေါနဲ့ ခိုင်းလို့ရနေလို့ ခိုးဝင်တာ ဖြစ်ပေမယ့် မပြန်စေချင်ဘူးဆိုတဲ့ သတင်းတခု ကြားလိုက်ရတာ အမေ့မှာ ကြက်သီး ထလိုက်တာ။

ကလျာမဂ္ဂဇင်း၊ အမှတ် ၁ဝ၈၊ ၁၉၉၄ ဖေဖော်ဝါရီ။