Monday, May 29, 2023

နာနတ်သီး ဝက်သား

နာနတ်သီး ပေါတဲ့ရာသီဆိုတော့ နာနတ်သီးနဲ့ ထမင်းမြိန်မယ့် ဟင်းပွဲလေးတွေ ချက်စား ကြည့်ကြရအောင် 🍍 နာနတ်သီးသုပ် ============= နာနတ်သီးသုပ်ဟာ မြိတ်ဒေသဖက်က အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ အခုလို နာနတ်သီး ပေါတဲ့ရာသီရောက်ရင် ကျွန်မတို့အိမ်မှာ နာနတ်သီးသုပ်၊ နာနတ်သီးဝက်သား၊ နာနတ်သီးနဲ့ငါးစသဖြင့် မကြာခဏချက်စားလေ့ရှိပါတယ်။ နာနတ်သီးသုပ်ဟာ အနံ့အရသာနဲ့ပြည့်စုံတဲ့ အရံဟင်းတစ်ခွက် ဖြစ်တဲ့အတွက် ထမင်းမြိန်စေပါတယ်။ ပါဝင်ပစ္စည်း ● နာနတ်သီး - ၁စိတ် ● ကြက်သွန်နီ - ၂ဥ ငရုတ်သီးစိမ်း - ၆တောင့် (အစပ်ကြိုက်က ပိုထည့်ပါ) ● မြိတ်ငါးပိဖုတ် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) ● ပုစွန်ခြောက်မှုန့် - ၂ ဇွန်း (ဟင်းစားဇွန်း) ● ဟင်းခတ်မှုန့် - အနည်းငယ် ● သံပုရာသီး - ၁ ခြမ်း(လိုအပ်ပါက) နာနတ်သီးသုပ်တဲ့အခါ နာနတ်သီးကို အနည်းငယ်ချဉ်တာ သုံးရင် ပိုကောင်းပါတယ်။ အချိုသီးဆိုရင်လည်း ရပါတယ်။ အချိုသီးသုံးမယ်ဆိုရင်တော့ သံပရာရည် အနည်းငယ် ညှစ်ပေးရပါမယ်။ ပထမဦးဆုံး နာနတ်သီးကို လက်မဝက် အရွယ်အစား တုံးထားပါ။ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်း ထောင်းထားပါ။ ကြက်သွန်နီ ၂လုံးကို ပါးပါးလှီးထားပါ။ ပါဝင်ပစ္စည်းများ အဆင်သင့် ဖြစ်ပါက သုပ်မည့်ဇလုံထဲသို့ ကြက်သွန်နီ၊ငပိဖုတ်၊ ပုစွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်နှင့် ငရုပ်သီးစိမ်း ထောင်းထားသည်များထည့်ကာ သမအောင်နယ်ပါ။ နောက်ဆုံးတွင်မှ နာနတ်သီးစိတ်များထည့်ကာ နယ်ပါ။ အချဉ်လိုပါက သံပရာရည် ညှစ်ပါ။ နာနတ်သီးသုပ်က ချဉ်ချဉ်စပ်စပ် လေးမှ ပိုစားကောင်းပါတယ်။ အစပ်ကို ကိုယ်စားနိုင်သလောက်ထည့်ပါ။ --------------------- 🍍 နာနတ်သီး ဝက်သား ================= ပါဝင်ပစ္စည်း ● ဝက်သား အဆီအသား - ၂၅ ကျပ်သား ● နာနတ်သီး - ၁ စိပ် ● ကြက်သွန်နီ ဥကြီး - ၃ ဥ ● ကြက်သွန်ဖြူ - ၃ မြွာ ● ချင်း - လက်တစ်ဆစ် ● ဆီ - ၄ ဇွန်း(လက်ဖက်ရည်ဇွန်း) ● ငရုတ်သီး အရောင်တင်မှုန့် - ၃ ဇွန်း(လက်ဖက်ရည်ဇွန်း) ● နနွင်း - အနည်းငယ် ● ငံပြာရည် - အနည်းငယ် ● ဆား - အနည်းငယ် ● သကြား - ၁ဇွန်း (လက်ဖက်ရည်ဇွန်း) ● ဟင်းခတ်မှုန့် - အနည်းငယ် ● ရေ - ၁ခွက်ခွဲ ( ဆန်ချိန်ခွက်) ပထမဦးဆုံး ဝက်သားကို အနေတော် အတုံးလေးတွေ တုံးထားပါမယ်။ ချင်းကိုအခွံနွှာ ညက်အောင်ထောင်း အရည်ညှစ်ပြီး ဝက်သားနဲ့ နှပ်ထားပါမယ်။ နာနတ်သီးကိုလည်း ဝက်သား အရွယ်အစားအတိုင်း အမြောင်းလိုက် ကလေး တုံးပေးထားပါ။ ကြက်သွန်ဖြူ၊နီကို ညက်အောင်ထောင်းထားပါ။ အဆင်သင့် ဖြစ်ပါက ချက်မည့်အိုးထဲ သို့ ဆီထည့်ပါ။ဆီပူလာပါက နနွင်းထည့်ပါ ပြီးလျင် ကြက်သွန်ဖြူ၊နီကို ငရုတ်သီး အရောင်တင်မှုန့် သုံးပြီး ဆီသတ်ပါ။ဆီသတ်ထားသည်များ အနံ့မွှေးလာပါက ငံပြာရည် အနည်းငယ်ထည့်ပါ။ပြီးလျင် နှပ်ထားသည့် ဝက်သားများထည့်ကာ အသားကျစ်လာသည်အထိလုံးပေးပါ။ အသားကျစ်လာပါက သကြားနှင့်ရေထည့်ပြီး အုပ်ထားပါ။ ရေတစ်ဝက်ခန်းပါက နာနတ်သီးများထည့်မွှေပါ။ဆားနှင့်ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါ။ ရေလိုအပ်ပါက အနည်းငယ် ထပ်ထည့်ပါ။ဝက်သားနူးပြီး ဆီပြန်လာပါက အပေါ့အငန် စိတ်ကြိုက် ပြင်ဆင်ပြီး မီးဖိုပေါ်မှ ချပါ။ချိုချိုချဉ်ချဉ်နဲ့ နာနတ်သီးနံ့ မွှေးမွှေးလေးကြောင့် ထမင်းမြိန်စေပါတယ်။ မှတ်ချက်- ဝက်သားနေရာမှာ ငါး၊ကြက်သားတို့နဲ့လည်း အစားထိုးချက်လို့ရပါတယ်။ ✍️ - Kay Khine #credit

No comments:

Post a Comment