Tuesday, November 6, 2018

KAIZEN introduction

ကိုင်ဇန် ================= ဂျပန်ဝေါဟာရဖြစ်တဲ့ ကိုင်ဇန် (KAIZEN) ဟာ ဒီကနေ့ နိုင်ငံတကာစီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုနယ်ပယ်တွေမှာ အတော်အသုံးများနေပါပြီ။ အဓိပ္ပာယ်ကတော့ ပိုမိုကောင်းမွန်အောင်ပြောင်းလဲခြင်း (Change for Better) လို့ဆိုတယ်။ တိုးတက်ခြင်း (Improvement) လို့ အနီးစပ်ဆုံးယူနိုင်တယ်။ - စာလုံးတစ်လုံးချင်းစီယူရင် KAI ဆိုတာ ပြောင်းလဲမှု (Change) လို့ အဓိပ္ပာယ်ရတယ်။ မူရင်းဂျပန်စာလုံးမှာဆိုရင် ကိုယ်တိုင် (Self) ဆိုတဲ့ အဓိပ္ပာယ်ရယ်၊ ကြာပွတ်နဲ့ရိုက်တယ် (Whip) ဆိုတဲ့ အဓိပ္ပာယ်တွေပါတယ်လို့ဆိုတယ်။ ကိုယ့်ကိုယ်ကိုဆုံးမပြီး ပြောင်းလဲယူတဲ့သဘောမျိုးဖြစ်ပါတယ်။ - ZEN ကတော့ ကောင်းမွန်ခြင်း (Good) ဆိုတဲ့အဓိပ္ပာယ်ကိုဆောင်တယ်။ မူရင်းစာလုံးမှာတော့ သိုး (Sheep) ရယ်၊ ယဇ်ပုလ္လင် (Altar) ဆိုတဲ့ အဓိပ္ပာယ်တွေပါတယ်လို့သိရတယ်။ ကောင်းမွန်ဖို့အတွက် စတေး (Sacrifice) ရတဲ့သဘောလို့ဆိုနိုင်တယ်။ ခြုံငုံပြောရမယ့် အဓိပ္ပာယ်ကတော့ ကိုယ့်ကိုယ်ကိုဆုံးမ စတေးပြီး ကောင်းမွန်အောင်ပြောင်းလဲယူတယ် ဆိုတာမျိုးဖြစ်ပါတယ်။ ကမ္ဘာမှာ ဒီဝေါဟာရ စပြီးခေတ်စားလာတာကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းလောက်မှဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ဂျပန်နိုင်ငံကို အမေရိကန်ကထိန်းချုပ်ထားတယ်။ အဲ့ဒီကာလအတွင်း ဂျပန်စက်မှုလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေး လုပ်ကြတယ်။ ဒီအချိန်ကစပြီး ကိုင်ဇန်အတွေးအခေါ်ကို စက်မှုလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထည့်သွင်းအသုံးပြုလာခဲ့တယ်။ နောက်ပိုင်း ဂျပန်ကနေ အမေရိကန်၊ အမေရိကန်ကနေ ကမ္ဘာကို ပျံ့သွားတာပေါ့။ ကိုင်ဇန်အတွေးအခေါ်အပေါ် လွှမ်းမိုးမှုအရှိဆုံးကတော့ တိုယိုတာကုမ္ပဏီပဲ။ သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုမှာ ကိုင်ဇန်နည်းလမ်းကို အသုံးပြုပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ကိုင်ဇန်အကြောင်းပြောရင် တိုယိုတာကို ချန်ထားလို့မရလောက်အောင် အရေးပါတယ်။ တိုယိုတာကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်စာရင်းတွေအရ ကမ္ဘာ့ကုမ္ပဏီတွေထဲမှာ ပဉ္စမမြောက်အကြီးဆုံးကုမ္ပဏီ၊ ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး ကားထုတ်လုပ်သူဖြစ်တယ်။ စပြီးထူထောင်တုန်းက ကားကုမ္ပဏီမဟုတ်ခဲ့ဘူး။ ချည်မျှင်ရက်လုပ်တဲ့စက်ရက်ကန်းတွေ၊ ချည်မျှင်နဲ့ အထည်တွေထုတ်လုပ်ခဲ့တာပေါ့။ ဆာကီချီတိုယိုဒါ (Sakichi Toyoda) ဟာ ၁၉၂၄ ခုနှစ်မှာ အလိုအလျောက်စက်ရက်ကန်းတစ်မျိုးကိုတီထွင်နိုင်ခဲ့တယ်။ သူ့စက်ရက်ကန်းမှာ ပြဿနာတစ်ခုခုရှိရင် အလိုအလျောက်စက်ရပ်ပေးနိုင်တဲ့ စက်မျိုးပေါ့။ နောက်ပိုင်းမော်တော်ယာဉ်ထုတ်လုပ်ရေးမှာလည်း ဒီစနစ်နဲ့ အလားတူစနစ်မျိုးကို အသုံးပြုခဲ့ကြတယ်။ ဆာကီချီကို ၁၈၆၇ မှာမွေးတယ်။ ဂျပန်နိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေစလုပ်ခဲ့တဲ့ မေဂျီခေတ်မှာရှင်သန်ကြီးပြင်းလာတဲ့ သူတစ်ယောက်ပေါ့။ အဲ့ဒီခေတ်မှာ အနောက်နိုင်ငံက စက်ရက်ကန်းတွေစသုံးနေပြီ။ ဂျပန်ရိုးရာလက်ရက်ကန်းကထွက်တဲ့ ချည်ထည်တွေရဲ့ အရည်အသွေးကမကောင်းဘူး။ အရေအတွက်လည်း များများမထုတ်နိုင်ဘူး။ ခေတ်ပညာမတတ်တဲ့ လက်သမားဆရာတစ်ယောက်ဖြစ်ပေမဲ့ နိုင်ငံကို အကျိုးပြုနိုင်မယ့် ပြည်တွင်းဖြစ် စက်ရက်ကန်းပေါ်ပေါက်လာဖို့ ကိုယ်တိုင်ကြိုးစားတီထွင်ခဲ့တယ်။ အဲ့ဒီလိုတီထွင်နိုင်ဖို့အတွက် သူလက်ကိုင်ထားခဲ့တဲ့နည်းလမ်းက ကိုင်ဇန်နည်းလမ်းပဲ။ ဒီလိုနဲ့ အနောက်နိုင်ငံက စက်ရက်ကန်းတွေထက် ပိုကောင်းတဲ့ ဂျပန်လုပ်စက်ရက်ကန်းကိုတီထွင်နိုင်ခဲ့တယ်။ တိုယိုတာစက်ရက်ကန်းကုမ္ပဏီကြီးကိုလည်း တည်ထောင်နိုင်ခဲ့တာပေါ့။ ခေတ်စနစ်ရဲ့လိုအပ်ချက်အရ မော်တော်ကားတွေထုတ်လုပ်နိုင်မယ့် တိုယိုတာကားကုမ္ပဏီကြီးကိုလည်း အစပျိုးပေးနိုင်ခဲ့တယ်။ တိုယိုတာကားကုမ္ပဏီကြီးကို ပထမဆုံး ဦးစီးတာကတော့ ဆာကီချီရဲ့သား ကီအီချီရိုတိုယိုဒါ (Kiichiro Toyoda) ပေါ့။ သူကတော့ ခေတ်ပညာတတ်အင်ဂျင်နီယာတစ်ယောက်ပဲ။ သူကလည်း အစစအရာရာ ခက်ခဲရှားပါးတဲ့ကာလတွေမှာ ဂျပန်ကားကုမ္ပဏီကြီးတစ်ခုဖြစ်လာတဲ့အထိ ဦးဆောင်ကြိုးပမ်းနိုင်ခဲ့တယ်။ သူတို့ကုမ္ပဏီမှာ လက်ကိုင်ထားတာကတော့ သူ့အဖေရဲ့လက်စွဲ ကိုင်ဇန်နည်းလမ်းပဲ။ ဒါကြောင့်လည်း ခေတ်အဆက်ဆက်၊ အခြေအနေအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုယိုတာကားကုမ္ပဏီကြီးက အခုအချိန်ထိ ကမ္ဘာ့ထိပ်တန်းဖြစ်နေခဲ့တာပေါ့။ ကိုင်ဇန်နည်းလမ်းကို အသုံးပြုနေတဲ့ ကမ္ဘာ့ကုမ္ပဏီကြီးတွေထဲမှာ Lockheed Martin ၊ Ford နဲ့ Pixar Animation Studios တို့ကထင်ရှားတယ်။ ဟုတ်ပြီ၊ ဒီလောက်အစွမ်းထက် ထိရောက်တဲ့ ကိုင်ဇန်နည်းလမ်း၊ ကိုင်ဇန်အတွေးအခေါ်တွေက ဘာတွေလဲ၊ ဘယ်လိုလဲဆိုတာ ဆက်လေ့လာကြရအောင်။ ကိုင်ဇန်နည်းလမ်းဟာ အစမှာပြောခဲ့သလို တိုးတက်မှုကိုရှာတဲ့နည်းလမ်းပဲ။ ဘယ်လိုတိုးတက်မှုလဲဆိုတော့ စဉ်ဆက်မပြတ်တိုးတက်မှုမျိုး။ ဘယ်လိုနည်းလမ်းတွေနဲ့ရှာလဲဆိုတော့ အသေးအဖွဲ၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုလေးတွေကနေ ကြီးမားတဲ့ ပြောင်းလဲတိုးတက်မှုကြီးဖြစ်အောင် ရှာဖွေဆောင်ရွက်သွားတာမျိုး။ ချို့ယွင်းချက်တွေ နည်းသွားအောင်လုပ်မယ်၊ အလဟဿဖြစ်နေတာတွေကို ဖယ်ထုတ်မယ်၊ ထုတ်လုပ်မှုစွမ်းအင်ကို မြှင့်တင်မယ်၊ အလုပ်သမားတွေရဲ့ အရည်အသွေးနဲ့ တီထွင်နိုင်စွမ်းတိုးတက်လာအောင် ဖန်တီးပေးမယ်၊ ဒါမျိုးတွေကို လုပ်ဆောင်တဲ့နည်းလမ်းဖြစ်ပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံး၊ ရုပ်ပစ္စည်းပိုင်းနဲ့ သတင်းအချက်အလက်ပိုင်းတွေကို စဉ်ဆက်မပြတ်တိုးတက်အောင်လုပ်ပေးသလို၊ ပါဝင်လုပ်ဆောင်တဲ့ ဝန်ထမ်းတစ်ဦးချင်းစီအလိုက်ကိုလည်း စွမ်းဆောင်ရည်တွေ စဉ်ဆက်မပြတ်တိုးတက်အောင် လုပ်ဆောင်ပေးတဲ့ နည်းစနစ်ပါပဲ။ ကိုင်ဇန်ရဲ့ အခြေခံယုံကြည်ချက်ကတော့ အရာအားလုံးကို ပိုပြီးတိုးတက်ကောင်းမွန်အောင်လုပ်လို့ရတယ်ဆိုတာနဲ့ လက်ရှိအခြေအနေအတိုင်း ဘယ်အရာမှ မတည်မြဲနေဘူးဆိုတာပါပဲ။ အခြေအနေနဲ့ အခွင့်အရေးတွေကို ခွဲခြမ်းစိတ်ဖြာမယ်၊ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ဖန်တီးမယ်၊ ပြီးရင်လုပ်ဆောင်မယ်။ ဒီလိုလုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်ပါတယ်။ ကိုင်ဇန်နည်းလမ်းမှာ အောက်ခြေဝန်ထမ်းတွေရဲ့ ပါဝင်ပတ်သက်မှုကလည်း အရေးကြီးပါတယ်။ ကြီးကြပ်သူတွေက အခြေအနေအသေးစိတ်ကို တကယ်လုပ်ကိုင်နေတဲ့သူတွေလောက်မမြင်နိုင်ပါဘူး။ ဒါကြောင့် အောက်ခြေဝန်ထမ်းတွေဆီကရတဲ့ သတင်းအချက်အလက်တွေ၊ အကြံဉာဏ်တွေကိုလည်း ထိထိရောက်ရောက်ရယူအသုံးချရတယ်။ ဝန်ထမ်းတွေကို အစုအဖွဲ့ငယ်လေးတွေဖွဲ့ထားပေးပြီး အဖွဲ့လိုက်ဖြေရှင်းဆောင်ရွက်စေတယ်။ လုပ်ငန်းလုပ်ကိုင်ရာမှာတွေ့ရတဲ့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကို ရှာဖွေမေးမြန်းပြီး စာရင်းပြုစုထားရမယ်။ ဒီအခက်အခဲတွေ ဖြေရှင်းဖို့နည်းလမ်းတွေကိုလည်း တကယ်အလုပ်လုပ်နေတဲ့သူတွေဆီမှာပဲ ရှာဖွေနိုင်ပါတယ်။ ရသမျှနည်းလမ်းထဲက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးနည်းလမ်းကို ရွေးထုတ်ရပါမယ်။ ပြီးရင် ဒီနည်းလမ်းဟာ တကယ်လိုအပ်နေတဲ့ အဖြေလားဆိုတာကို စမ်းသပ်ရပါမယ်။ ရလာတဲ့ ရလဒ်ကို ဆန်းစစ်ပြီး ဘယ်လောက်ထိပြဿနာကို ဖြေရှင်းနိုင်လဲဆိုတာ ဆုံးဖြတ်ရပါမယ်။ မှန်ကန်ထိရောက်တဲ့ အဖြေဖြစ်ခဲ့မယ်ဆိုရင် ဒီနည်းလမ်းကို အသုံးပြုနိုင်ဖို့ လုပ်ငန်းစနစ်တွေကို ပြန်လည်ပြင်ဆင်သတ်မှတ်ရပါမယ်။ ဒီပုံစံအတိုင်း နောက်ထပ်ကြုံတွေ့မယ့် ပြဿနာတွေ၊ အဆင်မပြေမှုတွေ၊ မထိရောက်မှုတွေကို အသေးစိတ်ရှာပြီး ရှေ့ဆက်သွားမယ်ဆိုရင် ကိုယ့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်တွေ သိသိသာသာတိုးတက်လာမှာဖြစ်ပါတယ်။ တိုယိုတာ ကုမ္ပဏီက ကမ္ဘာ့စီးပွားရေးအကြပ်အတည်းတွေ ပေါ်နေတဲ့ကာလတွေမှာတောင် ရပ်တည်နိုင်တယ်။ အကြောင်းက လိုတဲ့ပစ္စည်းကို လိုတဲ့အရေအတွက်အတိုင်း လိုတဲ့အချိန်မှာရအောင်လုပ်ထားလို့ပဲ။ ပစ္စည်းတွေ တောင်ပုံရာပုံထုတ်ပြီး စတိုထဲစုပုံထားတာမျိုးမရှိဘူး။ ဒါကြောင့် ငွေကြေးအရ မြှုပ်နေတာမျိုးမဖြစ်တော့ဘူး။ လုပ်ငန်းသဘောသဘာဝနဲ့ လူတွေရဲ့ လုပ်နိုင်စွမ်းကိုတွက်ချက်ပြီး လုပ်ငန်းခွင်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်။ တစ်နေရာထဲမှာ ပစ္စည်းတွေစုပုံစောင့်ဆိုင်းနေရတာမျိုး မရှိဘူး။ လူတွေလည်း အရမ်းအားစိုက်နေစရာမလိုဘူး။ ကိုယ့်လုပ်နိုင်စွမ်းအတွင်းမှာပဲ သက်တောင့်သက်သာနဲ့ ထိထိရောက်ရောက်လုပ်နိုင်အောင် စီမံထားတယ်။ ချို့ယွင်းမှုတစ်ခုခုဖြစ်ရင်လည်း လုပ်ငန်းစဉ်ကို မထိခိုက်အောင်စီမံထားတယ်။ လုပ်သားအင်အားကို လိုအပ်ချက်နဲ့ ချိန်ညှိပြီးခန့်ထားတယ်။ ထုတ်လုပ်နိုင်စွမ်းကို လိုအပ်တာနဲ့ နှစ်ဆတိုးထုတ်နိုင်အောင် စီမံထားတယ်။ ဒီလိုစွမ်းဆောင်ရည်တွေက နေ့ချင်းညချင်းဖြစ်လာတာမဟုတ်ဘူး။ သူတို့ကုမ္ပဏီစထောင်ကတည်းက ကြုံတွေ့လာခဲ့တဲ့ ပြဿနာအရပ်ရပ်ကို ကိုင်ဇန်နည်းလမ်းနဲ့အဖြေရှာပြီး တဖြည်းဖြည်းတိုးတက်အောင်လုပ်လာတာ။ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အခုချိန်ထိလည်း ဒီလိုဆက်သွားနေမှာပဲ။ ကိုင်ဇန်နည်းလမ်းကို အနှစ်ချုပ်ပြောမယ်ဆိုရင် PDCA ဆိုတာကို မှတ်ထားရင် လုံလောက်ပါတယ်။ P ဆိုတာက Plan ဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့်ကိစ္စအတွက် စီမံချက်ပြုလုပ်တဲ့အပိုင်းပါ။ D ကတော့ Do ပါ။ စီမံချက်ရပြီးရင် လုပ်ကြည့်ဖို့ပေါ့။ C က Check ဖြစ်ပါတယ်။ လုပ်သမျှကို ပြန်စစ်ဆေးရပါမယ်။ A ကတော့ Act ဖြစ်ပါတယ်။ အတည်ပြုလုပ်ဆောင်ရမယ့် အပိုင်းပါ။ ဒီလိုနဲ့ စီမံ-စမ်းသပ်-စစ်ဆေး-ဆောင်ရွက် ဆိုတဲ့ ကိုင်ဇန်ရဲ့ စက်သွားတွေကို ပုံမှန်လည်ပတ်အောင်လုပ်သွားရပါမယ်။ ကိုင်ဇန်သဘောတရားအရ ရပ်တန့်နေလို့မရပါဘူး။ ပြီးပြည့်စုံသွားတယ်လို့မရှိပါဘူး။ အခက်အခဲတွေ၊ ချို့ယွင်းချက်တွေမရှိတော့ဘူးဆိုရင်တောင် အလေအလွင့်ဖြစ်နေတာတွေ၊ အလဟဿဖြစ်နေတာတွေ၊ အင်အားပြုန်းတီးနေတာတွေကို ရှာဖွေဖော်ထုတ်သွားရပါဦးမယ်။ စွမ်းဆောင်ရည်ကောင်းသထက်ကောင်းမွန်တဲ့ နည်းလမ်းတွေကို ဆက်ပြီးရှာဖွေနေရပါဦးမယ်။ ကိုင်ဇန်နည်းလမ်းကို အသုံးပြုတဲ့အခါ လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ရပ်လုံး ပြောင်းလဲပစ်ဖို့လိုပါတယ်။ ဦးဆောင်သူတွေက ရုံးခန်းထဲမှာထိုင်ပြီး ကြီးကြပ်ကွပ်ကဲနေလို့မရပါဘူး။ လက်တွေ့အခြေအနေနဲ့ အနီးဆုံးဖြစ်အောင်၊ အခြေအနေမှန်ကို သေချာသိမြင်အောင်ကြိုးစားရပါမယ်။ Walking Manager ဆိုတာ ဒီသဘောပါပဲ။ ချို့ယွင်းချက်တစ်ခုခုရှိရင် ချက်ချင်းသိအောင်၊ တစ်နေရာမှာ ချို့ယွင်းနေတာနဲ့ လုပ်ငန်းစဉ်တစ်ခုလုံး မရပ်တန့်သွားအောင် စီမံထားရပါမယ်။ ဒီလိုစီမံတဲ့အခါ လုပ်ငန်းတစ်မျိုးနဲ့တစ်မျိုး သဘောသဘာဝမတူတဲ့အတွက် ဘယ်လိုပုံစံနဲ့ ဖြေရှင်းဆိုတဲ့ အဖြေမျိုးတော့ ပုံသေသတ်မှတ်ထားဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုအဖြေတွေကို အမြဲရှာပြီး ကောင်းသထက်ကောင်းအောင် ဆက်လုပ်သွားရမယ်ဆိုတာကသာ ကိုင်ဇန်ရဲ့ အနှစ်သာရဖြစ်ပါတယ်။ ကိုင်ဇန်နည်းလမ်းမှာ 5S ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။ - ဂျပန်လို Seiri ကို အနီးစပ်ဆုံး Sort လို့ဆိုနိုင်ပါတယ်။ ဖွဲ့စည်းခြင်း (Organize) လို့ အဓိပ္ပာယ်ရပါတယ်။ လုပ်ငန်းခွင်ကို လိုအပ်တဲ့အတိုင်း ဖွဲ့စည်းပြီး မလိုတာတွေကို ဖယ်ထုတ်ပစ်ရပါမယ်။ - Seiton ကတော့ Set in order လို့ ဘာသာပြန်ထားပါတယ်။ ကိုယ်လုပ်ဆောင်မယ့် လုပ်ငန်းအဆင့်အတိုင်း အသုံးပြုမယ့် ပစ္စည်းကိရိယာတွေ၊ လူတွေကို စီမံနေရာချထားတာဖြစ်ပါတယ်။ ဒါမှသာ အချိန်တိုအတွင်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ - Seiso ကတော့ Shine ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းထားဖို့ဆိုလိုတာပါ။ ဒါမှ စိတ်ကြည်လင်ပြီး တီထွင်နိုင်စွမ်းပိုကောင်းသလို လုပ်ငန်းခွင်ထိခိုက်မှုကိုလည်း လျှော့ချပေးနိုင်ပါလိမ့်မယ်။ - Seiketsu ကတော့ Standardize ဖြစ်ပါတယ်။ လုပ်ငန်းခွင်စံနှုန်းများအတိုင်း စနစ်တကျ လုပ်ဆောင်ဖို့ပါ။ - နောက်ဆုံး S ကတော့ Shitsuke ဖြစ်ပါတယ်။ Sustain လို့ဆိုနိုင်ပြီး တည်ဆောက်ဖွဲ့စည်းထားတဲ့ အခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားဖို့ဆိုလိုပါတယ်။ ကိုင်ဇန်နည်းစနစ်နဲ့လုပ်ဆောင်တဲ့ လုပ်ငန်းခွင်တွေမှာ ဒီ 5S ကို လိုက်နာလုပ်ဆောင်ကြပါတယ်။ ကိုင်ဇန်နည်းလမ်းကို စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းတွေမှာသာ အသုံးပြုကြတာမဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေ၊ ရုံးလုပ်ငန်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ နောက်ဆုံး မိမိရဲ့ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားအောင် လုပ်တဲ့အခါမျိုးအထိ အသုံးပြုနိုင်ပါတယ်။ ကိုယ့်ဘဝအတွက် ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ PDCA နဲ့ သွားလို့ရပါတယ်။ ကိုယ်ဖြစ်ချင်တာက ဘာလဲ၊ ဒီလိုဖြစ်နိုင်ဖို့နည်းလမ်းတွေက ဘာတွေရှိသလဲ၊ ဒီအထဲက လက်ရှိအခြေအနေမှာ ကိုယ့်အတွက် အသင့်တော်ဆုံးနည်းလမ်းကဘာလဲ၊ ဒါကိုဘယ်လောက်အတိုင်းအတာနဲ့ ဘယ်လိုလုပ်သွားမလဲ စသဖြင့် ကိုယ့်ဘဝအတွက် Plan ကို ရေးဆွဲချမှတ်ရပါမယ်။ စီမံချက်ချပြီးတဲ့အခါ အဲ့ဒီစီမံချက်အတိုင်း လိုက်ပါလုပ်ဆောင်ကြည့်ရပါမယ်။ လုပ်ဆောင်ချက်အပေါ်မူတည်ပြီး ရည်မှန်းချက်ရောက်ရှိဖို့ ဘယ်လောက်အတိုင်းအတာအထိ အထောက်အကူပြုနေလဲ၊ ဘယ်လောက်သွေဖီသွားသလဲ စတာကို သုံးသပ်စစ်ဆေးရပါမယ်။ သုံးသပ်ထားတဲ့ အဖြေရပြီဆိုရင် ဘယ်အချက်တွေကို ဘယ်လိုဆက်လုပ်သွားမယ်ဆိုတာဆုံးဖြတ်ပြီး ကိုယ့်ရည်မှန်းချက်ဆီ ဆက်ပြီးချီတက်သွားဖို့ပါပဲ။ အရေးကြီးတာကတော့ PDCA စက်ဝိုင်းကို ဆက်တိုက်လည်ပတ်နေရပါမယ်။ ကောင်းသထက်ကောင်းအောင်၊ တိုးတက်သထက်တိုးတက်အောင်၊ ချို့ယွင်းချက်ကင်းသထက်ကင်းအောင် အမြဲမပြတ်ကြိုးစားရပါမယ်။ ကိုင်ဇန်မှာ ရပ်တန့်လိုက်ရတယ်ဆိုတာမရှိပါဘူး။ လူအများစုမှာ ပြိုင်ဆိုင်လိုစိတ်တွေရှိတတ်ကြပါတယ်။ ဒီပြိုင်ဆိုင်လိုစိတ်ကပဲ ကိုယ့်ဘဝတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက်ဟာ အခြေအနေချင်း ထပ်တူညီရှိနေတာမဟုတ်ပါဘူး။ ပြေးလမ်းတစ်ခုထဲမှာ မတူညီတဲ့ပြိုင်ပွဲတွေကို ပြေးနေရင်း ခဏတွေ့ရတဲ့သဘောပါပဲ။ ဒါကြောင့် တခြားသူတွေကို လိုက်ပြိုင်နေတာဟာ အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ကိုယ့်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်အမှန်ဖြစ်ပါတယ်။ အသိပညာရှိတာချင်းပြိုင်ချင်သလား။ မနေ့ကထက် ဒီကနေ့ အသိပညာပိုရှိရမယ်။ ကိုယ်လက်ကြံ့ခိုင်မှုကို ပြိုင်ချင်သလား။ မနေ့ကထက် ဒီနေ့ပိုပြီးကြံ့ခိုင်သန်စွမ်းရမယ်။ ဥစ္စာဓနချင်းပြိုင်ချင်သလား။ မနေ့ထက် ဒီနေ့စီးပွားပိုရှာတတ်ရမယ်။ ဒီလိုမျိုး ကိုယ့်ဘာသာကိုယ်ပြိုင်နေတာ အကျိုးအရှိဆုံးဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ်ပြိုင်ဆိုင်နိုင်ဖို့၊ တစ်နည်းအားဖြင့် ကိုယ့်အရည်အသွေးတွေ ပိုမိုတိုးတက်မြင့်မားနိုင်ဖို့ဆိုရင် ကိုင်ဇန်နည်းလမ်းက အထိရောက်ဆုံး အကူအညီပေးနိုင်ပါတယ်။ ဘယ်အကြောင်းအရာကိုပဲ လေ့လာ၊ ဘာအလုပ်ပဲ လုပ်လုပ်၊ အရင်အခြေအနေထက် အဖက်ဖက်ကသာလွန်အောင် ကိုင်ဇန်နည်းလမ်းက ကူညီပေးနိုင်ပါတယ်။ ကိုင်ဇန်ဆိုတာ တိုးတက်ခြင်းပဲ။ အဆက်မပြတ်တိုးတက်နေရမယ်။ စီမံ-စမ်းသပ်-စစ်ဆေး-ဆောင်ရွက် စက်ဝိုင်းကို ဆက်တိုက်လည်ပတ်နေရမယ်။ ပြီးပြည့်စုံခြင်းဆိုတာမရှိဘူး။ မပြောင်းလဲခြင်းဆိုတာမရှိဘူး။ ပြောင်းလဲခြင်းတွေကို အမီလိုက်နိုင်ဖို့ အမြဲတိုးတက်နေရမယ်။ ဘာအကြောင်းနဲ့မှ မရပ်တန့်လိုက်ပါနဲ့။ ခင်ဗျားရဲ့ အနာဂတ် ခမ်းနားလှပနေမှာ သေချာပါတယ်။ ================== စာရေးသူ ******** Wai Phyo Htet & Krystal Kham (August 22) ref: https://www.facebook.com/waiphyohtet8/posts/2144947889055341?hc_location=ufi by Wai Phyo Htet is with Krystal Kham.
...

Tuesday, October 16, 2018

မြို့ပွဲစားနှင့် တောပွဲစား - မာန် (တောင်လုံးပြန်)

မြို့ပွဲစားနှင့် တောပွဲစား - မာန် (တောင်လုံးပြန်) ----------------------------------------------------- “အစ်ကိုတင်” လာမယ့် တော်သလင်း လပြည့်နေ့မှာ ကိုရင်မြင့် တီဗွီ လာဝယ်မယ်။ အစ်ကိုတင်ပဲ လိုက်ဝယ် ပေးလိုက်ပါ၊ အပြန်ခါကျတော့မှ တီဗွီ လိုက်တပ်ပေးဖို့ ဆိုပြီး လိုက်လာခဲ့ပါ။ ဣန္ဒြေ မပျက်စေချင်ပါ။ ကျွန်မ မေတ္တာကို နားလည်စေရန် မျှော်လင့်ပါသည်။ သတိရစွာဖြင့် ခင်ခင်မြင့် (၂၉.၈.၀၂) ဇာတ်လမ်းက အဲဒီလို စခဲ့တယ်။ 'ခင်' က ကျွန်တော့်ရဲ့ ရည်းစား။ သူ နေတာက ခရမ်း၊ သုံးခွ ဘက်မှာ။ ကျွန်တော်နဲ့ တွေ့ခဲ့ကြတာ ရန်ကုန်မှာပါ။ စတွေ့စဉ်က သူ တက္ကသိုလ် တက်ဖို့ အဆောင်နေရင်း ဖုန်းရှိတဲ့ ကျွန်တော့်အိမ်မှာ ဖုန်း အဆက်အသွယ် ရှိတိုင်း လာပြောရာက ကျွန်တော်နဲ့ ရင်းနှီးခဲ့ပါတယ်။ နောက်တော့ ချစ်သူတွေ ဖြစ်ကြပါတယ်။ တကယ်တော့ သူနဲ့ ကျွန်တော်ဟာ သူ ကျောင်းပြီး သွားချိန်က စပြီး ကိုယ့်ဘဝကိုယ် လျှောက်ကြဖို့ကလွဲရင် နီးစပ်ဖို့ ခက်လှပါတယ်။ ခရမ်းဘက်မှာလို့ ကျွန်တော် လွယ်လွယ် ပြောလိုက်ပေမယ့် 'ခင်' တကယ်နေတဲ့ ရွာဟာ ခရမ်းမြို့နဲ့ ဆယ်မိုင်ကျော် ဝေးပါတယ်။ နွေမှာ ကား၊ စက်ဘီးနဲ့ သွားလို့ ရတယ်။ မိုးတွင်းမှာတော့ မော်တော်နဲ့မှ သွားလို့ ရတယ်။ ဝန်စည်စလယ် မပါရင်တော့ စက်ဘီးစီးလို့ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ တစ်နာရီကို ရေမိုင် အနည်းငယ် သွားတဲ့ စက်တပ်မော်တော် စီးပြီး ငြီးငွေ့အောင် သွားရတဲ့ ခရီးမျိုးပါ။ ဒီခရီးကို ကျွန်တော် ရောက်ဖြစ်တာလည်း 'ခင့်' ရဲ့ စာကြောင့် ဖြစ်ပါတယ်။ တကယ် မလွယ်ဘူးဗျို့၊ မလွယ်တာကတော့ ကိုရင်မြင့်၊ 'ခင့်' အစ်ကိုဝမ်းကွဲ ဆိုတာ ဟိုးကတည်းက အဆောင်ကို လူကြုံပစ္စည်း လာပို့ရင်း ရင်းနှီးပြီးသားပါ။ တော်တော်တော့ နှံ့စပ်တဲ့ တောပွဲစား တစ်ယောက်ပဲ။ တောပွဲစား ဆိုတာ သိတဲ့အတိုင်း ကွမ်းမပြတ် စားတယ်၊ စပို့ရှပ် ကြိုက်တယ်။ စီးကရက်ကို ဟန်မကျ ပန်မကျ ဖွာတယ်။ စကား ပြောဆိုရင် ဒေါ်လာဈေးက စပြောတတ်တယ်။ ကျွန်တော်နဲ့ ရှစ်နှစ်လောက် ကွာပြီး အသက်က သုံးဆယ့်ငါးနှစ် ဆိုပေမယ့် ကျားကျား လျားလျားနဲ့မို့ ပွဲစား တစ်ယောက်ရဲ့ အင်္ဂါရုပ်တော့ ထွက်နေပါတယ်။ ဒါပေမဲ့ လေသံက မရဘူးဗျ။ ခေါက်ရိုးကျိုးနေတဲ့ အင်္ကျီတစ်ထည် လိုပဲ သူ့လေသံ ကြားလိုက်တာနဲ့ တောပွဲစားမှန်း ချက်ချင်းသိတယ်။ မြို့ပွဲစားက လုပ်ငန်းတစ်ခုကို ဟန်ပန် လုပ်ရတဲ့ အခါ လေသံ ပျော့ပျော့လေးနဲ့ “ဟာ ဒါတော့ ဖြစ်မယ် မထင်ဘူး ခင်ဗျာ” လို့ ပြောတယ်။ ကိုရင်မြင့် ပြောပုံကိုကြည့်။ “အာ” ဆိုတဲ့ လေသံကို အကြာကြီး ဆွဲထားပြီးမှ “ဘယ်ဖြစ်မတုံး” လို့ ပြောချလိုက်ရော။ ဒါကို ဂျစ်ကားတစ်စီး သွားဝယ်တုန်းက ကျွန်တော် လက်တွေ့ ကြုံခဲ့တာပါ။ သူ့ကို နယ်က ဝယ်လက် အနေနဲ့ ကျွန်တော် ခေါ်သွားတယ်။ ကားက ကျွန်တော် ကြည့်ပြီးသား။ ဈေးနှုန်းကို ကျွန်တော် မဆစ်ချင်တာနဲ့ ကိုရင်မြင့် လာတုန်း - “ကားတစ်စီး ဈေးလိုက်ဆစ် ပေးပါလား အစ်ကို၊ ပွဲခ ပေးမယ်” “လုပ်လေကွာ၊ သိပ်ဖြစ်တာပေါ့” “ခဏနေဦး … ဟိုရောက်ရင် အစ်ကိုက နယ်အဝယ် အနေနဲ့ ပြောနော်။ ဝယ်မှာက ကျွန်တော် ဝယ်မှာ။ ဘယ်လောက် ပေးရမယ် ဆိုတာ အခြေအနေ ကြည့်ပြီး ကျွန်တော် ပြောမယ်” “ဟကောင်ရာ ငါ ပေါက်ပါတယ်” “နေဦး၊ ဟိုက ရောင်းချင်လွန်းလို့ ဗိုက်နာနေတာ၊ စွတ်ပေးပြီးမှ မဝယ်ဖြစ်ရင် ပြဿနာ တက်မယ်။ ကားကို သိပ်မကြိုက်တဲ့ ပုံစံမျိုး လုပ်နော်” “ချီးတဲ့မှပဲ၊ ငါ ပိုင်ပါတယ် ကိုယ့်လူရာ၊ ငါ့ကောင်ကလည်း” ထင်တဲ့ အတိုင်းပဲ၊ ဟိုရောက်တော့ ကားပိုင်ရှင်ရှေ့မှာ ပေါက်ကရတွေ ပြောတော့တာပဲ။ သူ့ ငါးကန်တွေ အကြောင်း၊ စပါးဘယ်လောက် စိုက်ထားကြောင်း၊ ဖရဲလည်း ဒီနှစ် ဈေးကောင်းမည် ဖြစ်ကြောင်း၊ ကားကို ဝယ်ချင်လို့ မဟုတ်ကြောင်း၊ အရှေ့ဘက်ရွာက ကောင်တွေကို မခံချင်လို့ လာဝယ်တာ ဖြစ်ကြောင်း၊ ဒီကားမျိုး ဝယ်သွားရင် ကဲ့ရဲ့မှာ စိုးကြောင်းတွေ တရစပ် ပြောတော့တာပါပဲ။ ရောင်းတဲ့သူက ကျွန်တော့်ကို ကြည့်တော့ မျက်စပစ်ပြ လိုက်ရတယ်။ ငကြောင်ပေါ့ဗျာ။ သည်းခံလိုက်ပါ ဆိုတဲ့ သဘော။ သူပြောလို့ မောလောက်တော့မှ ကျွန်တော် ဝင်လို့ ရတော့တယ်။ “ကဲ- အစ်ကို၊ ကားကတော့ မျက်မြင်ပဲ၊ သုံးဆယ့်ငါး တဲ့” “အာ …၊ ဘယ်ဖြစ်လိမ့်မတုန်း” “မဖြစ်ရင်လည်း နေဗျာ၊ ခင်ဗျားကလည်း ဘယ်လိုလူ ခေါ်လာမှန်း မသိဘူး၊ အလုပ်ပျက်တယ်” “နေပါဦး အစ်ကိုရာ၊ ကျွန်တော် ပြောပေးပါ့မယ်။ လာ လာ ကိုရင်မြင့်၊ ကျွန်တော် ရှင်းပြမယ်” ဆိုပြီး ခပ်ဝေးဝေး ခေါ်သွား၊ တိတ်တိတ်လေး နေခိုင်းပြီး ကျွန်တော့်ဘာသာ ဝင်ပြောတော့မှ ဝယ်ဖြစ်တော့တယ်။ အခုလည်း ကြည့် 'ခင်' မှာထားလို့ တီဗွီ လိုက်ဝယ်ပေးရင်း ဆိုင်မှာ စကားများရ ပြန်ရော။ လျှပ်စစ်ပစ္စည်း ဆိုတာ သိကျွမ်းတဲ့လူ ပါမှ ဝယ်လို့ ကောင်းမှန်း ကျွန်တော် သိတယ်။ သူက ဒီလို မဟုတ်ဘူး။ ငါးဆိုင်၊ ခြောက်ဆိုင်လောက် မွှေမယ်။ နောက်ဆုံး ဈေးသက်သာတဲ့ ဆိုင်မှာ ဝယ်မယ်။ ဈေးချင်းတူရင် အရင်ဆုံး မေးတဲ့ ဆိုင်မှာ ဝယ်မယ် တဲ့။ “ဒါဆိုလည်း အစ်ကို့ သဘောပဲ၊ အစ်ကိုဝယ်တဲ့ ပစ္စည်း ကျွန်တော် အာမမခံဘူး” “ဟကောင်ရ၊ ဆိုင်က အာမခံလိမ့်မပေါ့၊ ဒါများကွာ၊ ငါ့တာဝန် ထားစမ်းပါ” သူနဲ့ စကားပြောရင် ဒီလိုပဲ။ ဟကောင်ရ၊ ငါ့ကောင်ရ၊ ကိုယ့်ကောင်ရနဲ့ ဘယ်တော့မှ အကောင်နဲ့ မလွတ်ဘူး။ နယ်မှာ ဆိုင်ကယ်ပွဲစား လုပ်တယ်ဆိုတာ ကျွန်တော် ဘယ်လို ယုံရမှန်းတောင် မသိဘူး။ မြို့လယ်မှာ တီဗွီရောင်းတဲ့ လူတွေ ဆိုတာလည်း ပါးစပ် အာမခံသမားတွေက အများသား။ တကယ်ဝယ်ပြီး ငွေချေတော့မှ အာမခံကတ်ပြား ကုန်နေတာတို့ ၊ နောက်မှ လာယူပါတို့၊ ဖြစ်ရင် ချက်ချင်း လဲပေးပါ့မယ်တို့ လုပ်တော့တာပဲ။ ဒီမှာ ကိုရင်မြင့်က အာမခံကတ် မရရင် မဝယ်ဘူး ဖြစ်ရော။ “ကတ် မပေးရင်တော့ ဆောရီးကွာ၊ ကတ်ထဲမှာ မင်းတို့ ပြောတာတွေ မြန်မာလိုတောင် ထပ်ဖြည့်ခိုင်းဦးမှာ ၊ မရရင် မဝယ်ကူးကွာ” “ဟာ ခင်ဗျား လမ်းဘေးဆိုင်မှာ ဝယ်တာမှ မဟုတ်တာ” “ဒါပေါ့ကွ၊ ငါလည်း လမ်းဘေးက ကောင်မှ မဟုတ်တာ” “ဈေးဆစ်ပြီးရင် ခင်ဗျား ဝယ်ရမှာပေါ့” “မင်းက ဘာအာမခံလဲ” “ဒီဆိုင်ကြီး တစ်ဆိုင်လုံး” “ဟေ … မဝယ်ဘူးကွာ ဘာဖြစ်လဲ” နောက်ဆုံးတော့ ဟိုက ကျွန်တော်တို့ကို မောင်းထုတ်တော့တယ်။ တကယ် မဝယ်နိုင်ရင် ဈေးမဆစ်နဲ့ ဘာညာပေါ့ဗျာ။ သူက ခဲတစ်လုံး ပစ်ထည့်ပြီး ပြေးကြဖို့ ဆွယ်သေးတယ်။ ကြံကြီးစည်ရာဗျာ။ ကျွန်တော် ဘယ်လုပ်ရဲမလဲ။ နောက်ဆုံးတော့ ကျွန်တော့်အသိ ဆိုင်မှာ ကျွန်တော် အာမခံပြီး ဝယ်ပေး လိုက်ရတယ်။ အဲဒီ တီဗွီရယ်၊ ကိုရင်မြင့်ရယ်၊ ခရမ်း ခရီးစဉ်ရယ်ကို ပြန်ပြောရရင် အခုထိ ရင်မောလို့ မဆုံးဘူး။ ရင်မောတာလည်း မပြောနဲ့။ ခရမ်း-ရန်ကုန် ကားဂိတ်မှာ လက်မှတ် ဝယ်မရတာက နံပါတ်တစ် ပြဿနာပါ။ ကားက မီနီဘတ်စ် အမျိုးအစား၊ ထိုင်ခုံတွေ အလယ်နားမှာ ဖြုတ်ထားတာမို့ တီဗွီထိုင်ဖို့ တစ်ခုံပဲ ရတယ်။ လူကတော့ မတ်တတ်ရပ် လိုက်ရတယ်။ စတင် ထွက်ချိန်မှာ မတ်တတ်ရပ် လိုက်တဲ့သူက လေးယောက်တည်းပါ။ သာကေတ တံတားကို လွန်တာနဲ့ တဖြည်းဖြည်း တက်လာ လိုက်ကြတာ သန်လျင်တံတား ရောက်တော့ လူ ဘယ်ညာ လှည့်လို့ မရတော့ဘူး။ နေ့လယ် သုံးနာရီမို့ ကားရပ်ပြီ ဆိုတာနဲ့ အောက်ကရော၊ အပေါ်ကရော၊ ဘေးနှစ်ဖက်ကရော အပူတွေ လှိုက်တက် လာတာများ ပြန်တောင် မတွေးရဲတဲ့ ဒုက္ခမျိုး စစ်စစ်ပါ။ သုံးခွ ရောက်ချိန်မှာ ကျွန်တော် ဘယ်လိုမှ ဆက်မစီး နိုင်တော့ကြောင်း ကိုရင်မြင့်ကို ပြောမိတော့တယ်။ “ဟာ ငါ့ကောင်ရ၊ ရှေ့ဘယ်လောက်မှ မလိုတော့ဘူး။ ကားဆရာရေ၊ ရန်ကုန်က မင်းသား ပါလာတယ်ဗျာ၊ အမြန်ဆွဲလေး လုပ်လိုက်စမ်းပါ” ဝါးခနဲ ရယ်သံတွေနဲ့ အတူ ကျွန်တော့်ကို ဝိုင်းကြည့်လာတော့ အရှက်ကို ကွဲတော့တာပဲ။ ကျွန်တော့် တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ ရွှဲနစ်နေပြီ။ သူကတော့ ကွမ်းလေး ဝါးလိုက်၊ ပြတင်းပေါက်ကို ခေါင်းထုတ်ပြီး ထွေးထုတ်လိုက်၊ သူ့ရှေ့ ထိုင်ခုံက ငါးလုပ်ငန်းသမားကြီး တစ်ဦးနဲ့ ငါးအကြောင်းတွေ ပြောလိုက်နဲ့ ပျော်ပွဲစား ထွက်လာတဲ့ သူလိုပဲ။ ကျွန်တော်နဲ့လည်း မိတ်ဆက် ပေးသေးတယ်။ “ခင်မြင့်လူလေ … ဟင်း … ဟင်း …” တဲ့။ ဟိုလူကြီးက ကျွန်တော့်ကို ကြည့်ပြီး ရယ်တယ်။ ရယ်တယ် ဆိုတာက ကျွန်တော့်ကို တော်တော် စိတ်ရော ကိုယ်ပါ ဒုက္ခရောက်နေတဲ့ လူလို မြင်ပြီး ရယ်တာပါ။ ဒါပေမဲ့ သုံးခွ လွန်လာတော့ သူ့ခုံမှာ ထိုင်ဖို့ နေရာပေး ပါတယ်။ လူလည်း တော်တော်ချောင် သွားပါပြီ။ စိတ်ထဲမှာတော့ 'ခင့်' ကို နားရင်းတွေ အုပ်လိုက်ချင်တယ်။ မြို့မှာ နေတုန်းက သူ ခရမ်းပြန်ဖို့ ကြိုတင်လက်မှတ် သွားသွားဖြတ် ပေးရတာကို ခုမှ သဘောပေါက်တယ်။ သူတို့ကို မေးလိုက်ရင် နှစ်နာရီတည်းပါ။ တစ်အောင့်ပဲ စီးရတာလို့သာ ပြောတယ်။ မတ်တတ်ရပ်ပြီး လူကျပ်ကျပ်နဲ့ လိုက်ရရင် နှစ်ကမ္ဘာလောက် ကြာသလို ဒုက္ခရောက်တာ ထည့်မပြောဘူး။ ခရမ်းရောက်တော့ ကိုယ့်ဆရာက ဆိုက်ကားသမားနဲ့ တီဗွီ တင်ပေးလိုက်တယ်။ “စက်ထဲအိမ်ထိ ပို့ပေး၊ ရော့ သုံးရာယူလိုက်။ ဧည့်သည် ပါလို့ နည်းနည်း မိုးချုပ်မယ် ပြောလိုက်နော်” “တစ်ခါတည်း ရွာသွားမှာ မဟုတ်ဘူးလား” “ငါ့ကောင်ကလည်း အဖြစ်သည်း နေပြန်ပြီ၊ ဒီအချိန် မော်တော် မရှိဘူး” “ငှားသွားမယ်ဗျာ၊ ကျွန်တော် ပေးမယ်” “ဟား … မင့်ခင်မြင့် ဘယ်မှ မပြေးပါဘူးကွာ၊ ငါ့ပြုစုချင်လို့ပါ၊ လာစမ်းပါ” မှန်တာ ပြောရရင် ကျွန်တော်လည်း တစ်ခွက် တစ်ဖလားတော့ ချချင်နေပြီ။ ခရမ်းမှာ ညအိပ် ညနေ နေရင်း လေ့လာချင် စိတ်လည်း ရှိတယ်။ သူက ကျွန်တော့်ကို ခဏစောင့်ဖို့ ပြောရင်း ဈေးဆိုင် တစ်ခုထဲ ဝင်သွားပါတယ်။ ခဏကြာတော့ ဆိုင်ကယ် တစ်စီးနဲ့ ထွက်လာတယ်ဗျ။ “တက် … ကိုယ့်ကောင်ကို အပြတ်ပြုစုမယ်၊ ဟိုဟာတော့ မရဘူးနော်၊ အသောက်ပဲ” “ရလည်း ခင်ဗျားဘာသာ သွားစမ်းပါ၊ ကျွန်တော်တော့ လုံးဝပဲ” “ဒါပေါ့ကွာ၊ ခင်မြင့်က ဒါကြောင့် မင်းကို ရွေးတာကိုး” “တော်တော့ဗျာ၊ ဘီယာဆိုင် မောင်း” ကျွန်တော် စိတ်မကြည်ရင် ဘုကျတတ်တယ်။ ခင်ဗျားတွေ ဘာတွေနဲ့ ပြောလာတတ်တယ်။ သူက ဆိုင်ကယ်မောင်းရင်း ကွမ်းတံတွေး လှမ်းလှမ်းထွေးလို့ နောက်လာစဉ်မှာ စိုးလို့ ရှောင်ရသေးတယ်။ ကားဂိတ်နဲ့ ဘီယာဆိုင်က သိပ်မဝေးလို့ တော်သေးတာပေါ့။ နာရီစင်ကြီး လွန်တာနဲ့ ချိုးကွေ့ရင်း - “တည့်တည့်သွားရင် ဘုရားကြီး ရောက်မယ်၊ ဘုရား ဖူးဦးမှာလား” “နောက်မှဗျာ” “အကြော်လည်း ကောင်းတယ်” “နေပါစေတော့ဗျာ၊ ခင်ဗျား စားချင်ရင် သွားဝယ်၊ ကျွန်တော် ဒီဆိုင်က စောင့်မယ်” * * * တကယ်တော့ ဘုရားကြီး သွားဖို့ ငြင်းလိုက်တာရယ်၊ ဘုရားကြီး ရှေ့က အကြော်ကို ငြင်းလိုက်တာရယ် ဒီနှစ်ခုဟာ အလွန် ကံနည်းသူ ဖြစ်သွားရတယ် ဆိုတာ ကိုရင်မြင့်တို့ နေတဲ့ စက်ထဲ အိမ်ကို ရောက်မှ သိရတော့တယ်။ ခရမ်းမြို့မှာ ဧည့်သည်လာရင် ဘုရားကြီး ပို့တာနဲ့ အကြော် ကြွေးတာနဲ့ နှစ်ခုဟာ ပေါ်ပြူလာ ပဲဗျ။ စက်ထဲအိမ် ဆိုတာက ဆီစက်ဝင်းကြီးထဲမှာ ဆောက်ထားတဲ့ အိမ်ဖြစ်လို့ စက်ထဲအိမ်လို့ ခေါ်တာပါ။ အဲဒီအိမ်မှာ ခင်တို့ မိသားစုထဲက လူတချို့နဲ့ ညီအစ်မဝမ်းကွဲ မိသားစုတွေ နေကြပါတယ်။ သူတို့ ညီအစ်မ တွေရော၊ မောင်ဝမ်းကွဲ တွေရော ကျွန်တော်နဲ့ 'ခင်' သံယောဇဉ် ဖြစ်နေတာကို သိကြပါတယ်။ သဘောတူ ပါတယ်။ နွေးထွေးကြ ပါတယ်။ ဒါပေမဲ့ ခင်တို့ အဖေနဲ့ အမေတော့ မသိကြဘူး။ သူတို့ ရွာမှာ အနေများတယ်။ ခင်တို့ မောင်နှမတွေထဲမှာ ခင်က တတိယမြောက်။ သူ့အောက်မှာ မောင်နဲ့ ညီမ ရှိသေးတယ်။ အမှန်အတိုင်း ပြောရရင် ခင့် အသိုင်းအဝိုင်း ကိစ္စကို ကျွန်တော် ဒီလို မြန်မြန်ကြီး သိသွားချိန်မှာ ခင်နဲ့ လက်တွဲဖို့ ကြိုးစားချင်မိတာပါ။ ကျွန်တော်တို့ သမီးရည်းစား ဖြစ်ခဲ့ကြတာ သုံးနှစ်တာ ကာလမှာ တစ်ခါမှ ခင့်အိမ်ထောင်စု ဇယားကို ကျွန်တော် ထဲထဲဝင်ဝင် မလေ့လာဖြစ်ဘူး။ အဆင်ပြေရင် ယူမယ်လို့ပဲ ခပ်ပေါ့ပေါ့ တွေးတယ်။ မြို့ပွဲစားရဲ့ အကျင့်ပေါ့ဗျာ။ ချစ်တာကတော့ အမှန်ပါ။ ခင်က အချောအလှကြီး မဟုတ်ပေမယ့် သူ့မဟုတ်မခံချင် စိတ်လေးနဲ့ သူ နေထိုင်ပြောဆို ပုံလေးတွေက အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်ဖို့ မခဲယဉ်းဘူး။ မြို့သူတွေ ဆိုရင် “ခေါင်းစား” ရတယ်ဗျာ။ ဟိုဟာ ရှိမှ၊ ဒါပြည့်စုံမှ ယူမယ်တို့၊ ဘာတို့ မဟုတ်လား။ ထားပါတော့၊ ကိုရင်မြင့် အကြောင်း ပြောချင်ပါသေးတယ်။ ပြီးတော့ ခရမ်းမြို့အ ကြောင်း ပြောချင်ပါသေးတယ်။ “အစ်ကို့တို့ မြို့မှာ တည်းခိုခန်း မရှိဘူးလား” “အေး- စင်တင်တေးဂီတ ဆိုင်လည်း မရှိဘူး” “လမ်းတွေက ဘာလို့ ကွေ့ကွေ့ သွားတာလဲ” “အရင်တုန်းက ဒီလိုပဲ” “ဒီဈေးပဲ ဘာဈေးလဲ” “ကမ်းနားဈေး၊ ဟိုရှေ့မှာ တံတား တွေ့လား၊ အဲဒါ 'ဦးရန်နား' တံတား။ သူတို့ မိသားစုတွေချည်း လေးကြိမ်ဆက်တိုက် ပြုပြင်လှူဒါန်း ထားတာ။ ငါတို့ရွာ သွားရင် အဲဒီတံတား အောက်နားမှာ မော်တော်တွေ ရှိတယ်။ ခု မထွက်သေးဘူး၊ နေ့လယ်မှ ထွက်မှာ” “ဆိုင်ကယ်တွေ ပေါတယ်နော်၊ ဈေးကွက်ရှိလား အစ်ကို” “သိပ်ရှိတာပေါ့” ကျွန်တော်နဲ့သူ နံနက်စာ မုန့်ဟင်းခါး လက်သုပ် စားရင်း ပြည်တော်သာ လမ်းထိပ်မှာ ထိုင်နေကြပါတယ်။ ပြည်တော်သာ လမ်းရဲ့ ဆိုင်းဘုတ်ကို အောက်မှာ အောက်ခဲနဲ့ သေသေသပ်သပ်၊ ခိုင်ခိုင်မာမာ ထောင်ထားပြီး ဦးရန်နား+ဒေါ်သိန်း သားသမီးမြေးတစ်စုက ဆောက်လုပ်လှူဒါန်း ထားကြောင်း တွေ့ရပါတယ်။ မြို့လေးကို ကြည့်ရတာ သစ်ပင်တွေ အုပ်ဆိုင်းနေပြီး အဆောက်အအုံ ကြီးကြီးမားမား ဆိုလို့ ဆန်စက်ကြီးတွေ လောက်ပဲ ရှိမယ့်ပုံပါ။ ကျွန်တော်ထိုင်တဲ့ မုန့်ဟင်းခါးလက်သုပ် ဆိုင်လေးနဲ့ မလှမ်းမကမ်းမှာတော့ မြေအောက် ဈေးလေးလို့ ထင်ရတဲ့ ဈေးတန်းလေး တစ်ခုဟာ လမ်းရဲ့ အောက်ဘက် လျှိုထဲမှာ ရှိနေပါတယ်။ “ဒါ ဘာဈေးလဲ အစ်ကို” “သံလမ်းဈေး၊ မနေ့က တို့ဆင်းတဲ့ ကားဂိတ်နားမှာ ဈေးကြီး ရှိသေးတယ်။ ခဏနေရင် သွားတာပေါ့” “ဟေ့လူ ခင်ဗျားကို လိုက်ရှာနေတာ” “မင်းနှမ ဘာဖြစ်လို့လဲ ပြောပါဦး” “မနောက်စမ်း ပါနဲ့ဗျာ၊ ဆရာမ မနေ့က ဆုံးလို့” “အေး- ငါ့ညီမဝမ်းကွဲ တွေလည်း ပြောတယ်၊ ဘယ်လို ဖြစ်တာလဲ” “ရုတ်တရက်ပဲဗျာ၊ နှမြောလိုက်တာဗျာ” ကိုရင်မြင့်ကို တွေ့လို့ နှုတ်ဆက်စကား ဝင်ပြောတဲ့ လူငယ်က ဒီအကြောင်းတွေ ပြောလာတော့ မုန့်ဟင်းခါး စားနေတဲ့ ဦးကြီး တစ်ယောက်ကလည်း ဝင်ပြော လာပါတယ်။ “အေးလေ ပင်စင်လေး ယူပြီး သားသမီးတွေ လုပ်စာ စားရမယ့် အချိန်မှာ ဖြစ်ရတယ်ကွာ။ သေခြင်းတရား ကလည်း ရှေ့နောက်ကို မကြည့်ဘူး” “အေးဗျာ၊ မြို့မကျောင်းမှာ သူအကြာဆုံး ထင်တယ်” “အနည်းဆုံး ၃၅ နှစ် လောက်တော့ ရှိမယ်ကွ၊ ငါ့သား အကြီးကောင် ကျောင်းစအပ် ကတည်းက သူ သင်နေတာ။ ဒီကောင့်အသက် အခု လေးဆယ်ကျော် နေပြီကွ၊ တွက်ကြည့်ပေါ့” “သူ့မျက်နှာလေး ပြုံးနေတာ အခုထိ မြင်တုန်း” သူတို့ ဆက်ပြောတဲ့ စကားတွေထဲမှာ ဒီအကြောင်းတွေပဲ စုပုံ နေပါတယ်။ သားသမီးတွေ လေးယောက်စလုံး အရွယ်ရောက် လာချိန်ထိ မြို့မကျောင်း တစ်ကျောင်းတည်းမှာ ၃၆ နှစ်လုံး ကျောင်းဆရာမ လုပ်ခဲ့တဲ့ ဆရာမကြီး တစ်ဦးဟာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဘဝကို ဇွဲလုံ့လ ရှိရှိနဲ့ ရုန်းကန် နေခဲ့တာလည်း သိရပါတယ်။ သားသမီး လေးယောက်စလုံးကို မိခင်ကောင်း ပီသခဲ့တာတွေ၊ ခင်ပွန်းသည် အပေါ် တာဝန်ကျေခဲ့တာတွေ၊ သားတပည့် မြေးတပည့်တွေ ရတဲ့အထိ ကျောင်းဆရာမ ဘဝနဲ့ ရပ်တည်ခဲ့တာတွေ သိရပါတယ်။ မူလတန်းပြ ဆရာမကနေ အထက်တန်းပြ ဆရာမဖြစ် အောင် ပညာရေးကိုလည်း ဇွဲကောင်းခဲ့သေးတယ်။ သူ့ကို ကျွန်တော် မမြင်ဖူးပေမယ့် အမြဲတမ်း ပြုံးနေတဲ့ ကျောင်းဆရာမကြီးရဲ့ ဟန်ပန်၊ မြို့လှပိုင်းကနေ လျှောက်လာ၊ သီရိမင်္ဂလာလမ်းနဲ့ သံလမ်းဈေးကို ဖြတ်၊ ပြည်တော်သာလမ်းကနေ ဦးရန်နား တံတားကိုကျော်၊ သတိပဋ္ဌာန်လမ်းထဲ ကွေ့ဝင်ပြီး မြို့မကျောင်း ဆိုတဲ့ အထက ၂ ကျောင်းကြီးမှာ ၃၆ နှစ် တာဝန် ထမ်းဆောင် ခဲ့တာကို စဉ်းစားကြည့်ရင်း အံ့မခန်းပါပဲ။ ဝမ်းနည်းစရာ ကောင်းတာက ကျန်းမာရေး ချို့တဲ့ လာချိန်မှာ အနားမယူဘဲ သားသမီးတွေကို နိုင်ငံခြား လွှတ်ခဲ့တယ်။ တကယ် အေးအေးချမ်းချမ်း နေရချိန် အစမှာ ကွယ်လွန် သွားခဲ့ရတာကို သူ့အတွက် စိတ်မကောင်း ဖြစ်နေရပါတယ်။ အိမ်ထောင်သည် မိခင်ဘဝ၊ ကျောင်းဆရာမ ဘဝနဲ့ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့တဲ့ သတ္တိမျိုးကို ကျွန်တော် လေးစားမိပါတယ်။ တောမြို့လေးတွေ အေးချမ်း တည်ငြိမ်တာဟာ ဒါမျိုးလူတွေရဲ့ ပေးဆပ်မှုတွေ ကြောင့်လည်း ပါဝင်ပတ်သက် နေမှာပါ။ ဒီကလူတွေ ကြည့်ရတာ သိပ်စိတ်ရှုပ်စရာ မရှိဘူး။ လယ်သမား၊ ယာသမားနဲ့ မွေးမြူရေးသမား၊ ဒေသခံတွေ တစ်ဦးနဲ့ တစ်ဦး ရစ်ဖွဲ့ ချည်နှောင်ထားတဲ့ ကြိုးထုံးကြီးလို ဖြစ်နေတယ်။ စွပ်ကျယ်အင်္ကျီ ဝတ်ပြီး ကွမ်းတပျစ်ပျစ်နဲ့ ဆိုင်ကယ်စီး နေသူတွေ၊ စက်ဘီးစီး နေသူတွေ၊ ခါးလယ်အထိ ရှည်တဲ့ ဆံပင်ကို မျှော့ကြိုးလေးတွေနဲ့ စည်းပြီး ရိုးရိုးယဉ်ယဉ် သွားနေကြသူတွေ၊ တောသူ တောင်သားတွေ၊ လက်တွန်းလှည်း သမားတွေ၊ ဆိုက်ကားသမားတွေနဲ့ ဈေးလမ်းလေးဟာ ရှုပ်ယှက်ခတ် နေပေမယ့် လူတွေရဲ့ မျက်နှာထားဟာ ပကာသန ကင်းနေတယ်။ မြို့တော်ရဲ့ ဈေးတွေမှာလို နောက်က ခြင်းတောင်းဆွဲတဲ့ အိမ်ဖော်၊ ရှေ့က စိန်တွေ တဖျပ်ဖျပ်နဲ့ ကတော်ကြီးလို မြင်ကွင်းက မတွေ့ရသလောက်ပဲ။ “ဒီမှာ ပုဂ္ဂလိကဘဏ် ရှိလား” “ဟွန်း” ကျွန်တော် မေးတာကို ကွမ်းပြည့်နေတဲ့ သူ့ပါးစပ်က မဖြေနိုင်လို့ “ဟွန်း” ဆိုပြီး ခေါင်းယမ်း ပြပါတယ်။ “ပွဲရုံတွေ ဘယ်မှာလဲဗျ” “ဗျစ် … မြို့လှပိုင်းမှာ ၊ နွေမှ စည်တာ” သူက ပြန်ပြောရင်း မုန့်ဟင်းခါးဖိုး ရှင်းလိုက်ပါတယ်။ သူ ကျွန်တော့်ကို ခေါ်သွားတဲ့ အိမ်က ဗင်ကားတစ်စီး ရောင်းမယ်ဆိုတဲ့ အားကစားကွင်း နားကအိမ် ဖြစ်ပါတယ်။ “မင်းကို ကားတစ်စီး အပ်ထားမယ်၊ ဈေးတည့်ရင် ဆော်ကွာ” “ဘယ်သူ့ကားလဲ” “ငါ့ဦးလေးကား၊ ရောင်းဖို့ ပြောနေတာကြာပြီ” “ရွေ့ဆြဲလား၊ နောက္ဆြဲလား” “ရွေ့ဆြဲကြ” ကျွန်တော်တို့ စကား တပြောပြောနဲ့ လျှောက်လာကြတာ လမ်းသုံးလမ်းလောက် ကွေ့ကာ ကောက်ကာ ကျော်လာကြပါတယ်။ မြို့လေးရဲ့ လမ်းတွေဟာ ချိုင့်ကွက်လေးတွေ၊ ပလက်ဖောင်း မညီမညာလေးတွေ၊ အိမ်ရှေ့ မျက်နှာစာမှာ ဆိုင်အမျိုးမျိုး ထွက်ဖွင့် ထားတာတွေ ကြည့်ပြီး ရောင်းဝယ် ဖောက်ကားမှု ပြည့်စုံမယ်လို့ ခန့်မှန်းမိပါတယ်။ အိမ်တွေ အများစုဟာ ခြံဝင်းကိုပါ ဦးစားပေး ထားကြပါတယ်။ ကားဂိတ်ရှိတဲ့ လမ်းမကြီးနားမှာသာ မျက်နှာစာတွေ အားလုံး ပြည့်ကျပ်နေပြီး ဈေးတန်းလို ဖြစ်နေပါတယ်။ သူနဲ့ လမ်းလျှောက်လာရာ တစ်လျှောက်မှာ “ဟေ့ ဘယ်လဲ”၊ “ဘာတွေ လုပ်နေလဲ”၊ “ဘယ်သွားမလို့လဲ” ဆိုပြီး စက်ဘီးသမား၊ ဆိုင်ကယ်သမားတွေ သူနဲ့ နှုတ်ဆက် သွားကြတာ ဆယ်ဦးလောက် ရှိပါမယ်။ သူက တစ်ယောက်နဲ့ နှုတ်ဆက်ပြီးတာနဲ့ - “သူ့အိမ်က ဆိုင်ကယ် ငါဝယ်ပေး ထားတာ” “သူ့ဆိုင်ကယ် ရောင်းဖို့ စပ်ထားတယ်” ဆိုတဲ့ စကားတွေနဲ့ ကြွားပါတော့တယ်။ ဒါမျိုးတွေက ရိုးနေပြီ။ ကျွန်တော် ကားပွဲစား လုပ်ခဲ့တဲ့ တစ်လျှောက်မှာ လေးနှစ်အတွင်း ကားအစီးပေါင်း ခုနစ်ဆယ်ကျော် ပတ်သက်ဖူးတာမို့ သူပြောတာတွေ ဘာမှ အာရုံမထားဖြစ်ဘူး။ ကားရောင်းမယ့်အိမ် ရောက်တော့ ကားမတွေ့တာနဲ့ ပြန်လာကြပါတယ်။ “အေးကွာ၊ ဒီနေ့မှ ရန်ကုန် သွားရတယ်လို့” “ကိစ္စ မရှိပါဘူးဗျာ၊ အစ်ကိုတွေ့ရင် ကားဂရိတ်နဲ့ ချာစီ မှတ်ထားလိုက်၊ ကားကော ကောင်းရဲ့လား” “ငါ ဝယ်ပေး ထားတာပါကွာ” “ပြီးတာပဲဗျာ၊ အဝယ်တွေ့ရင် အစ်ကို့ကို ဆက်သွယ်လိုက်မယ်” “ဘိလိယက် ထိုးရအောင်” “အာ …” “လာပါကြာ၊ တစ္ပြဲ နွစ္ပြဲပါ” မတတ်နိုင်ဘူး။ မြို့ပွဲစားမှ ဘိလိယက် ဝါသနာပါတာ မဟုတ်ဘူး။ တောပွဲစားလည်း ဝါသနာ ပါတာပဲလေ။ *** “အစ်ကို ရေစဉ်တယ်၊ ဟိုဘက် နည်းနည်းတိုး” “ခဏပါကြာ၊ အေပါ်တက္မလား” “နေပူတယ်၊ ဟိုဘက် တိုးပေး” အဲဒီလောက် စကားလေးကို သူ့နား၊ ကိုယ့်နား ကြားအောင် မော်တော် ပေါ်မှာတော့ အတော် အော်ပြောရပါတယ်။ အင်ဂျင်က ဒီဇယ်အင်ဂျင် ဆိုတော့ နားကွဲမတတ် ဖြစ်နေပြီ။ မော်တော်ဦးပိုင်းက ရေကို ခွဲထုတ်ရင်း လေက ဝင်တိုက်တဲ့ အခါ ရှေ့နားမှာ ထိုင်မိတဲ့ ကျွန်တော့်အတွက် ရေနဲ့ ပက်သလို ခံစားရပြီး သူက ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်လည်း ဖြစ်၊ အတွင်းဘက်လည်း ရောက်တဲ့အပြင် သူ့ဘက်မှာက ပစ္စည်းတွေကို တာလပတ်နဲ့ အုပ်ပေးထားတာမို့ ရေမစဉ်ဘူး။ တော်တော် လည်တဲ့ လူဗျ။ ကျွန်တော့်ကိုတော့ တာလပတ် မရှိတဲ့ ဘက်မှာ နေရာပေးတယ်။ အတွင်းထဲ ဝင်ဖို့ကျတော့ အမျိုးသမီးတွေချည်း ရှိတာမို့ ဝင်လို့ မကောင်းဘူး။ ကျွန်တော် သူ့ကို အတင်း ဝင်တိုးတော့ သူ့ညာဘက် ဘေးက အိတ်ကို ဖယ်ပေးပြီး နည်းနည်း ရွှေ့ပေးပါတယ်။ “ဆေးလိပ် မီးလွင့်မယ်နော်” သူက ဖွာနေတဲ့ ဆေးပေါ့လိပ်ကို လက်နဲ့ အုပ်ရင်း ကျွန်တော့်ကို သတိပေးပါတယ်။ “မီးသတ် လိုက်ပါဗျာ၊ နောက်မှာ အမျိုးသမီးတွေနဲ့” သူက ကျွန်တော့်ကို သူ့အခွင့်အရေး ချိုးဖောက်သူလို ကြည့်ပါတယ်။ ကျွန်တော် သူ့ကို ပြန်ပြောမလို့ ပြင်ချိန်မှာ အထဲက အမျိုးသမီးကြီး သုံးယောက်က ဆေးပေါ့လိပ် သောက်ဖို့ ပြင်ကြပါပြီ။ မော်တော်ပေါ်မှာ “ဆေးလိပ် မသောက်ရ” လို့ ကြေညာ မထားဘူးလေ။ “ဟေ့လူကြီး၊ အေပါ်က ခေါ်နေတယ်” မော်တော်ဦးပိုင်းရဲ့ တာလပတ်ပေါ်မှာ ထိုင်နေတဲ့ ချာတိတ် တစ်ဦးက သူ့ကို လှမ်းပြောတာပါ။ သူက လက်ညှိုးနဲ့ ပါးစပ်ကို တေ့ပြီး အသံမထွက်ဖို့ ချာတိတ်ကို ပြောပေမယ့် အပေါ်က သူ့နာမည်ကို ထပ်ခေါ်တော့ သူနေလို့ မရတော့ဘူး။ “ငါ နည်းနည်း ချလိုက်ဦးမယ်၊ ဒီကောင်တွေ ဇွတ်ကွာ” မသောက်ပါနဲ့လို့ ကျွန်တော် မတားချင်တာ သူ့နေရာလေးကို ကျွန်တော် ထိုင်ချင်လို့ပါ။ ကျွန်တော် တားလည်း သူ သောက်မှာပဲ။ ခဏကြာတော့ ခေါင်မိုးစပ်မှာ သီချင်းဆိုသံတွေ ကြားရပါ တော့တယ်။ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။ အမျိုးသမီးကြီးတွေက သိပ်မကြည်ဘူး။ “သေနာတွေ၊ အကုန် ရေထဲကျကုန်ဦးမယ်” “ဟုတ်ပါ့တော်၊ ကုန်းပေါ်လည်း သောက်၊ ရေထဲလည်း သောက်၊ ဒါကြောင့် မော်တော် မစီးချင်တာ” သူတို့ စကားတွေကို ပြတ်တောင်း ပြတ်တောင်းနဲ့ မော်တော်စက်သံ ကြားက ကြားရတာပါ။ ချောင်းရိုးလေးက သိပ်အကျယ်ကြီး မဟုတ်တဲ့ အပြင် ချောင်းကို ကန့်လန့်ဖြတ် ချထားတဲ့ ငါးဖမ်းပိုက် တွေကြောင့် မကြာခဏ အရှိန်လျှော့ ရပါတယ်။ ပိုက်တန်းတွေ အနား ရောက်ရင် ပိုက်သမားက ပိုက်ကို နှိမ့်ချပေးသလို၊ မော်တော်ကလည်း ဇက်အား မသုံးဘဲ အသာလေး ပိုက်ကို ဖြတ်ကျော် ရပါတယ်။ အဲဒီ ခဏတာလေး အတောအတွင်းမှာပဲ - ငါးသလဲထိုး ရလား၊ ငါးပတ် ရလား၊ ငါးစင်ရိုင်း ရလား၊ ငါးမြွေထိုး ရလား ဆိုတာတွေ မော်တော်ပေါ်က ငါးသည်တွေ လှမ်းမေးသလို ပိုက်သမား ကလည်း အဖြေပေးပါတယ်။ ဈေးနှုန်းတွေတောင် ထည့်ပြောကြသေးတယ်။ ခေါင်မိုးပေါ်က သောက်တော်မူး တွေလည်း ပိုက်သမားနဲ့ အပြန်အလှန် စကားတွေ ပြောကြပါတယ်။ တချို့ ငါးဖမ်းတဲတွေ ရောက်ရင် မော်တော်သမားက ဝယ်လာတဲ့ ဆားအိတ်တို့၊ ကြံစည်းတို့ ချပေးပြီး ဘောက်ချာ ပေးတယ်။ ငါးသမား တင်ပေးလိုက်တဲ့ ငါးဖိုး ရောင်းရငွေနဲ့ ဝယ်လာတဲ့ ပစ္စည်းဖိုး ရှင်းကြပါတယ်။ အဲဒီတဲမျိုး ရောက်ရင် ပိုက်ထောင်သမားကို အပေါ်က လှမ်းပေးတဲ့ ခွက်ရှိသလို ပိုက်သမားရဲ့ ငါးလက်ဆောင် ချက်ပြီးသားလည်း ရောက်သွားတတ်ပါတယ်။ သူတို့ရဲ့ ကုန်စည်ဖလှယ်မှုက ချိန်ခွင် မလိုပါဘူး။ ဒီနေရာမှာ ကံငါးပါးဆိုတာ ဘဝကျင်လည်မှုနဲ့ ချိန်ထိုးရ ခက်လှပါတယ်။ ကျေးလက်ရဲ့ ပွင့်လင်းမှုတွေကို မြို့ပြနဲ့ မြှူဆွယ်လို့ ရနိုင်မယ် မထင်ဘူး။ အင်တာနက်နဲ့ ဖြစ်ဖြစ်၊ ဇိမ်ခံကားတွေနဲ့ ဖြစ်ဖြစ်၊ ခေတ်မီ လူ့အသုံးအဆောင်တွေနဲ့ ဖြစ်ဖြစ်၊ ဒေါက်မြင့်ဖိနပ်နဲ့ ဖြစ်ဖြစ် မြှူဆွယ်လို့ ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က အဲဒါတွေနဲ့ မွန်းကျပ်နေတယ်။ သူတို့က တစ်ခွက် တစ်ဖလားနဲ့ လွတ်လပ်နေတယ်။ မှန်တာ ပြောရရင် 'ခင်' နဲ့ တွေ့ဖို့သာ မဟုတ်ရင် ကျွန်တော် သူတို့နဲ့ ဝင်သောက်မိမှာပါ။ 'ခင်' တို့ ရွာကို ကွေ့ဝင်ချိန်မှာတော့ ချောင်းရိုးလေးဟာ အတော်ကို ကျဉ်းသွားပြီ။ 'ခင်' တို့ အိမ်မှာ မော်တော်ဆိုက်တော့ တီဗွီ ရေထဲ မကျအောင် လူတစ်ယောက် ရေထဲဆင်းပြီး ထမ်းရပါတယ်။ “နိုင်ရဲ့လား၊ ဖြစ်ရဲ့လား၊ ချော်မယ်နော်” ဆိုတဲ့ စိုးရိမ်သံတွေကို မော်တော်ပေါ်မှာ ပါလာသမျှ လူတွေရော။ 'ခင်' တို့ အိမ်သားတွေပါ တစ်ယောက်မကျန် ပြောကြပါတယ်။ ထမ်းတဲ့ လူကလည်း သူထမ်းနိုင်တယ် ဆိုတာကို ခပ်ကြွကြွား ပြောရင်း ထမ်းချသွားပါတယ်။ 'ခင့်' အဖေက ကျွန်တော့်ကို နှုတ်ဆက်ပါတယ်။ “တီဗွီဆရာ အိမ်ပေါ် ကြွပါဗျာ” တဲ့။ 'ခင်' နဲ့ သူ့ညီမက အသံဖွက် (ဝှက်) ပြီး ရယ်တယ်။ ကိုရင်မြင့်က လက်မထောင် ပြတယ်။ ကျွန်တော်တော့ ခေါင်မိုးပေါ်က လူတွေနဲ့ ဆက်လိုက်သွားချင် ပါတော့တယ်။ ဒါပေမဲ့ … အခုတော့ … 'ခင်' နဲ့ ကျွန်တော် မင်္ဂလာရက်မြတ်ကို သတ်မှတ်နိုင်ခဲ့ ပါပြီ။ တောပွဲစားရဲ့ တစ်ခွန်းတည်းသော စကားကြောင့် 'ခင့်' အဖေ သဘောပေါက် သွားတယ်လေ …။ “တီဗွီ ကောင်းကောင်း ကြည့်ချင်ရင် တီဗွီဆရာ အိမ်ခေါ်ထားလိုက်၊ ဒါ ခင်မြင့်လူ” တဲ့။ -------------------- မာန် (တောင်လုံးပြန်) ရွှေအမြုတေ၊ ဩဂုတ်လ၊ ၂၀၀၄။

Tuesday, May 22, 2018

ထိုက်တန်တဲ့ ရတနာ

ထိုက်တန်တဲ့ ရတနာ by Ellen Grace (ဒေါ် အိ ရှန်း - Myat Yee Mon) ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့ မဟာဆီမဟာသွေး မင်းသား ဟယ်ရီထက်စာရင် မက်ဂန်မာကယ်ကို ကျွန်မ ပိုပြီး စိတ်ဝင်စားတယ်။ အာဖရိကန် အမေရိကန်သွေးနှောတဲ့ မက်ဂန်မာကယ်က half black half white ဖြစ်ပေမဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု့က မင်းသားထက်ပိုပြီး strong ဖြစ်တယ်လို့ ကျွန်မထင်မိတယ်။ သူတို့ဆီမှာ human behavioral experts တွေရှိပါတယ်။ ဟယ်ရီ ရုတ်တရက် နှုတ်ခမ်းကိုက်လိုက်တဲ့ ပုံမျိုးဆိုရင် ဒါဟာ micro expression ဘဲလို့ Susan Constantine က ယူဆပါတယ်။အတွင်းစိတ်ကို ထိမ်းချူပ်ဘို့ကြိုးစားတဲ့ အမူအယာမျိုးပါ ။အဲဒါဟာ သူ့မိခင်ဒိုင်ယာနာလုပ်လေ့ရှိတဲ့ပုံစံပါ။ တကယ်တော့ Body languages တွဟာလူတယောက်ရဲ့ စိတ်နေသဘောထားကို ပေါ်လွင်စေတဲ့ အပြုအမူတွေပါ ။ လက်တွေတခုနဲ့တခုပွတ်သပ်နေတာ အကျီခဏခဏ ပြင်တာ မျက်နှာကို ပွတ်တာ နှာခေါ်င်းကုတ်တာ စသည်ဖြင့် စိတ်မှာဘယ်လောက်နက်နက်ရှိုင်းရှိုင်းတည်ငြိမ်မှု့ရှိတယ် မရှိဘူးဆိုတာကို အဲဒီအပြုအမူတွေက ဖော်ပြပါတယ်။ ကိုယ်ကျင်လည်ခဲ့တဲ့ အသိုင်းအဝန်း အဆငိ့အတန်းကိုလဲ ပြပါတယ်။ မင်္ဂလာပွဲနေ့က မက်ဂန်ရဲ့ လှုပ်ရှားဟန်တွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်ရှိတဲ့ပုံဖြစ်တယ်လို့ Body language expert Judi James က ပြောပါတယ်။ စိတ်လှုပ်ရှားနေတဲ့ဟယ်ရီက အနည်းငယ်ဂဏှာမငြိမ်ဖြစ်ပြီး ကိုယ့်ကိုကိုယ် ဟိုဟာဆွဲချ ဒီဟာဆွဲချ ပြုလုပ်နေတဲ့ အကြိမ်ပေါ်င်း ၁၂ ခါလောက်ရှိပေမဲ့ မက်ဂန်ကတော့ ဖိတ်ကြားထားတဲ့ ပရိတ်သတ်၆၀၀ ရှေ့မှာတချက်လေးမှ အမူအယာမချို့ယွင်းဘဲ တသက်လုးံ ဒီအသိုင်းအဝိုင်းနဲ့ နေလာခဲ့သလိုမျိုး ယုံကြည်မှု့အပြည့်နဲ့ တည်ငြိမ်နေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် တော်ဝင်အသိုင်းတခုလုးံ ဟာ မက်ဂန်အတွက် စာမျက်နှာအသစ်တွေပါ ။ LA မှာမွေးပြီး ရုပ်ရှင်မင်းသမီးလုပ်ခဲ့တဲ့ မက်ဂန်ဟာ ဟယ်ရီကိုသေချာတောင်သိခဲ့တာမဟုတ်ပါဘဲ ကြားကအောင်သွယ်ကြောင့်သာ ဟယ်ရီ့အကြောင်းကြားဖူးရုံလေးနဲ့ blind date လုပ်ခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။မင်းသားဟယ်ရီက မက်ဂန်ကို မြင်မြင်ချင်း သဘောကျခဲ့ပါတယ်လို့ အင်တာဗျူးတခုမှာဖြေခဲ့တယ်။ ဒါပေမဲ့ မက်ဂန်သရုပ်ဆောင်တဲ့ USA show suits ကို တခါမှမကြည့်ဖူးတဲ့အတွက် သူသွားတွေ့မယ့် မက်ဂန်ဟာ ဘယ်လိုပုံရှိတာ မသိခဲ့ဘူးလို့ ပြောပါတယ်။ ဒီနေရာမှာကျွန်မတွေးမိတာလေးတခုပါ ဟယ်ရီဟာ မောင်နှမသားချင်းတွေထဲမှာ အငယ်ဖြစ်တယ်။ မွေးချင်းထဲမှာ အငယ်ဖြစ်တဲ့သူတွေဟာ ကိုယ့်ထက်အသက်ကြီးသူကို သဘောကျတတ်တဲ့ အကျင့်ရှိတယ်။ မက်ဂန်ဟာ ဟယ်ရီထက်ပိုပြီး လောကအကြောင်း အထိအတွေ့များတယ် ပိုပြီးလည်း တည်ငြိမ်တယ်။အသက်လည်းသုးံနှစ်ပိုကြီးတယ် ဒါဟာ အကြီးတွေနဲ့နေလေ့ရှိတဲ့ ဟယ်ရီအတွက် သဘောကျစရာ အချက်တခု ဖြစ်လိမ့်မယ်။ ပြီးတော့မက်ဂန်ဟာ ထက်မြက်တဲ့ပုံရှိတယ် အားကိုးရလောက်တဲ့ အနေအထားရှိတယ်။ ကိုယ်တိုင်ပင်တဲ့ ဘယ်အကြောင်းအရာမဆို အဖြေတခုတော့ ပေးနိုင်မယ့် ဉာဏ်ရည်မျိုးရှိတယ်။ မက်ဂန်ကိုကြည့်ရင်းသတိရမိတဲ့ မြန်မာရာဇဝင်က မိဖုရားတပါးကတော့ နန်းမတော်မယ်နုပါ။ ရေချိုးဆိပ်မှာ ချထားတဲ့လုံခြည် လေတိုက်လို့လွင့်ပြီး ဘုန်းကြီးကျောင်းမှာသွားချိတ်နေထဲက ဘုန်းကံကြီးမယ့်မိန်းမလို့ ဆရာတော်က နမိတ်ဖတ်ခဲ့ဘူးကြောင်း ဖတ်မိတယ်ထင်ပါတယ်။ အရပ်သူ နန်းမတော်မယ်နုကတော့ မိဖုရားခေါ်င်ကြီးဖြစ်ရပေမဲ့ ..မင်းသားဟယ်ရီနဲ့ယူတဲ့ မက်ဂန်ဟာ Princess ဖြစ်ဘို့ မသေချာပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ဘုရင်မကြီးက မွေးတဲ့ သားသမီးချင်းတူပေမဲ့ သားတော်ကြီးဝေလမင်းသားက မွေးတဲ့ကလေးတွေသာ မင်းသား မင်းသမီးလို့ ခေါ်ခွင့်ရှိပြီး သမီးတော် Anne မင်းသမီးက မွေးတဲ့ကလေးတွေကတော့ လော့ဒ်မောင့်ဘက်တန်ဝင်ဆာ ဘာညာ ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးနဲ့ နေရပါတယ်။ Prince တို့ Princess တို့ ခေါ်ခွင့်မရှိပါဘူး။ဒါဟာ ဝီလျံရဲ့ ဒုတိယသမီး Charlotte လည်း အိမ်ထောင်ကျတဲ့အခါ ဒီစည်းမျဉ်းအတိုင်း လိုက်နာရမယ့်သဘောရှိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဟယ်ရီနဲ့ မက်ဂန် တို့ မွေးလာမယ့် ကလေးတွေကတော့ ဒီအခွင့်အရေး မရတာသေချာပါတယ်။ ကိန်းကြီးခန်းကြီးနိုင်တဲ့ လူမျိုးဖြစ်တဲ့အပြင်မှာ မင်းမျိုးမင်းနွယ်တွေဖြစ်တော့ မက်ဂန်ရင်ဆိုင်ရမယ့် အသိုင်းအဝိုင်းဟာ လွတ်လပ်ပွင့်လင်းတဲ့ အနေအထားမှာ မရှိပါဘူး ။ တော်ဝင်အသိုင်းအဝိုင်းဟာ မက်ဂန်အတွက်တော့ အဝေးကွင်းလိုပါဘဲ အနိုင်ဂိုးမရတောင် အရှုးံနဲ့ထွက်မသွားဘို့ ခံစစ်ကောင်းကောင်း ရှိရမယ့် သဘောဖြစ်နေပါတယ်။ ဒါပေမဲ့ ..... မက်ဂန်ဟာ half black ဖြစ်လို့ အားငယ်နေပုံမရပါဘူး တော်ဝင်မိသားစုတွေနဲ့ယှဉ်ရင် ရိုးရိုးကြီး သာမန်အရပ်သူ ဖြစ်နေတဲ့ .. သူမအမေရဲ့ပုံစံကြောင့်လည်းသိမ်ငယ်နေပုံမရပါဘူး ဒါ့ထက္ပိုၿပီး သေဘာက်တာက သူမအသက်အရွယ်အနေအထားနဲ့ လိုက်ဖက်အောင် အဆင့်အတန်းရှိရှိ အပြုအမူ အနေအထိုင်တွေနဲ့ သူမအနေအထားကို ဖော်ပြသွားခဲ့ပါတာကိုပါ အဲဒါကို သိတ်သဘောကျမိပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမဟာ တော်ဝင်မိသားစုနဲ့ထိုက်တန်ကြောင်း ပြသဘို့ကြိုးစားရာမှာ ယခုအချိန်ထိ အောင်မြင်ခဲ့တယ်လို့ ယူဆမိလို့ပါ။ ပြီးတော့ မက်ဂန်နဲ့ ဟယ်ရီတို့က အမျိုးစပ်ရင် Streatlm က Ralph Bowes(1480-1516)ဟာ သူတို့၂ ယောက်ရဲ့ ဂရိတ် ဂရိတ် ဂရိတ် ဂရိတ် ဂရိတ် ......ဂရိတ် ဂရိတ် ဂရိတ် ဂရန်းဖားသား တော်စပ်တယ်လို့ ဆိုပါတယ်။ တခုဘဲတွေးမိပါတယ် မက်ဂန်မာကယ်ဟာ ပထမအိမ်ထောင် Trevor Engelson နဲ့ 6 နှစ်တွဲပြီးမှ လက်ထပ်ခဲ့တာ ဖြစ်ပေမဲ့ အိမ်ထောင်သက် ၂ နှစ်လောက်ဘဲခံတဲ့အကြောင်းပါ ။ သြဂုတ်လ ၄ ရက်မွေးတဲ့သူဖြစ်လို့ လေးဂဏန်းသမားရဲ့ စရိုက်အနည်းငယ်လွှမ်းမိုးတယ်ဆိုရင် ဟယ်ရီနဲ့ အိမ်ထောင်ရေးမှာလည်း သတိထားရဘို့ ရှိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အခုချိန်မှာတော့ မက်ဂန်ဟာ ဗြိတိန်နိုင်ငံရဲတော်ဝင်အသိုင်းအဝိုင်းမှာ ပထမဆုးံ လူမဲသွေးနှောတဲ့ သတို့သမီးဖြစ်သွားခဲ့ပါပြီ ။ ဟယ်ရီမင်းသားရဲ့ကြင်ယာတော်ဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ မက်ဂန်ဟာ တော်ဝင်မင်းသမီးတွေလိုဘဲ ကျက်သရေရှိစွာ တင့်တယ်နေခဲ့တာ အမှန်ပါ ။ ပြီးတော့ မက်ဂန်ရဲ့ အဖြူရောင် မင်္ဂလာဝတ်စုံ ဟာ ဇာတွေ နဲ့ ထည်ဝါမနေဘဲ ရိုးရိုးရှင်းရှင်းနဲ့ boatneck neckline လုပ်ထားပြီး လက်ကို အရှည်ယူထားတဲ့ပုံဟာ အိန္ဒြေရရ စွဲဆောင်နိုင်လွန်းပါတယ်။ မက်ဂန်ဟာ မင်္ဂလာပွဲမှာ သတို့သမီးတယောက်အနေနဲ့ လက်ဝတ်ရတနာဆင်မြန်းတာဆိုလို့ Queen Marry ရဲ့ စိန်သရဖူအသေးလေးရယ် ညနေ ဧည့်ခံပွဲ အသွားမှာ ဒိုင်ယာနာဝတ်ခဲ့ဖူးတဲ့ မြပုံသွေးထားတဲ့ aquamarine လက်စွပ်ရယ် ..ဒါဘဲတွေ့ရပါတယ်။ ဒါ့အျပင္လဲ မင်းသား ဟယ်ရီဟာ သူ့မိခင် ဒိုင်ယာနာကို ဒီလိုအချိန်မှာ သတိရနေခဲ့ပုံရပါတယ် ။ မိခင်ဒိုင်ယာနာကြိုက်တဲ့ Forget -Me -Nots ပန်းတွေကို မက်ဂန်က လက်ကိုင်ပန်းအဖြစ်ကိုင်ထားခဲ့တာ မြင်တွေ့ရပါတယ်။ ဒါဟာမက်ဂန်ရဲ့ လိမ္မာပါးနပ်မှု့လို့ဆိုရင် မမှားဘူးလို့ ထင်မိတယ်။ မိခင်မဲ့ခဲ့ရတဲ့ လူငယ်လေးတယောက်ရဲ့ အစိုင်အခဲကို ကြင်နာခြင်း လေးစားဂုဏ်ယူခြင်းတွေနဲ့ ဒီလိုနေ့မှာ သူ့မိခင်ကို အရေးတယူရှိကြောင်း ပြသခဲ့တာပါ ။ အသားညိုတဲ့မက်ဂန်ဟာ ဗြိတိန်ဘုရင်မကြီးရဲ့မြေးတော်နဲ့ ကြိုက်ရလို့ အသားဖြူအောင် ဂလူတာထိုးဘို့ ကြိုးစားခဲ့ပုံ မရပါဘူး။ ရင်သားကြီးအောင်လဲ ပြင်ထားပုံမရဘူးး မင်းသားရဲ့ချစ်မြတ်နိုးခြင်းခံရလို့ အကောင်းစားတွေစား အကောင်းစားတွေကြွားပြတာ မြင်ရခဲပါတယ်။ နောက်ပြီး Frogmore House မှာလုပ်မယ့် ဧည့်ခံပွဲကို သွားဘို့အတွက် ဟယ်ရီမောင်းတဲ့ ဂျာဂွာ E type Concept Zero ၁၉၆၈ ခုနှစ်ထုတ်တဲ့ ငွေပြာရောင်ကားလေးပါ ။ အကိုဖြစ်သူ ဝီလျံတုန်းကလဲ အဲဒီလိုရှေးဟောင်းကားလေးနဲ့ပါဘဲ။ ဟယ်ရီမောင်းတဲ့ကားနံပါတ် က E190518 ပါ ဒါဟာ သူတို့မင်္ဂလာပွဲလုပ်တဲ့ ၁၉ ရက် ၅ လ ၂၀၁၈ ကို က်ုယ်စားပြုပါတယ်။ တကမ႓ာလုးံ စိတ်ဝင်တစားစောင့်ကြည့်နေရတဲ့ နန်းတော်ထဲက မင်းသားလေးရဲ့ မင်္ဂလာပွဲဟာ ဝင်ဆာရဲတိုက်ကြီး ..၁၄ ရာစုဘုရားကျောင်းကြီး နဲ့ မေရီဘုရင်မကြီးရဲ့ စိန်သရဖူ ..ဒိုင်ယာရဲ့ လက်စွပ် ..1960 ပြည့်နှစ်က မော်တော်ကား စသည်ဖြင့် ရှေးဟောင်းဘိုးဘွားအမွေအနှစ်တွေနဲ့ ပိုက်ဆံရှိတိုင်း မရနိုင်တဲ့ ဂုဏ်ဒြပ်တခုကို ဖော်ကျူးသလို ခံစားမိတယ်။ မက်ဂန်ဟာဖြူဆွတ်နေတဲ့ တော်ဝင်အသိုင်းအဝိုင်းမှာ half black တယောက်အဖြစ် ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း ရပ်တည်ပြီး တော်ဝင်အသိုင်းအဝန်းက မင်းသား ဟယ်ရီလက်ထပ်ယူဘို့ရာထိုက်တန်တဲ့ အမျိုးသမီးအဖြစ် ..ဘုရင်မကြီး လက်ခံအောင် သက်သေပြနိုင်တဲ့ အရည်အချင်းရှိတဲ့အမျိုးသမီးဖြစ်လို့ သဘောကျမိတယ်။ ဗြိတိန်ဘုရင်မကြီး သဘောတူဘို့ဆိုတာ သာမန်အရပ်သူတယောက် အရည်အချင်းလောက်နဲ့ တိုးဝင်ဘို့ ခက်ပါတယ်။ ပြီးတော့လူမဲသွေးရောနေတဲ့ အရပ်သူတယောက်ကို ဘုရင့်သွေးသားနဲ့ အမျိုးစပ်ဘို့ မာနကြီးလှတဲ့ တော်ဝင်အသိုင်းအဝန်းက ခွင့်ပြုတာ ထူးဆန်းပါတယ်။ မက်ဂန်ကို ကြည့်ရင်း ကျွန်မအတွေးထဲကို ဝင်လာတဲ့ အကြောင်းက ပထမအိမ်ထောင်ကွဲဖြစ်ပါရဲ့နဲ့ အသားလည်းညိုပါရဲ့နဲ့ အင်မတန်ကောက်သော တင်ပါး ခန္ဓာအချိုးအစားလဲ မရှိပါဘဲ နဲ့ မင်းသားတပါးရဲ့ကြင်ယာတော်အဖြစ် ခမ်းခမ်းနားနား ချီးမြှင့်မြှောက်စားခံရတဲ့ အဖြစ်ဟာ မင်းသားနဲ့ထိုက်တန်တဲ့ အမျိုးသမီးအဖြစ် သူ့ကိုယ်သူစောင့်ရှောက်ခဲ့လို့ ဖြစ်လိမ့်မယ်လို့ တွေးမိတယ်။ တကယ်တော့ ..... အမျိုးကောင်းသားသမီးတယောက်အဖြစ် အရည်အသွေးရှိတဲ့သူဖြစ်ရင် ... စိန်ကောင်းကျောက်ကောင်းမှန်ရင် မဟာပထဝီမြေထုကိုတောင် ခွဲပြီး ရှာတဲ့သူနဲ့ ဆုံရပါလိမ့်မယ်။ မိမိကသာ ထိုက်တန်တဲ့ ရတနာဖြစ်ဘို့သာ လိုအပ်တယ်။ # Ellen Grace

Friday, April 27, 2018

မိန်းမတယောက် အလှ

မိန်းမတယောက် အလှ by Ellen Grace (ဒေါ် အိ ရှန်း - Myat Yee Mon)
မိန်းမတယောက်ဟာ ချောတာ လှတာနဲ့ မဆိုင်ဘူး အိမ်ထောင်ရေးကံကောင်းတယ် မကောင်းဘူး ဆိုတာ ကံရယ် ဉာဏ်ရယ် အများကြီး ဆိုင်တယ် အမျိုးထဲမှာရှိပါတယ် အဲဒီအမက အသားက အတော့်ကိုညိုတာ ဝတ်တာစားတာကလည်း သိတဲ့အတိုင်း ရိုးရိုးကြီး ကိုယ်လုးံကလည်း ကလေး ၂ ယောက်မွေးပြီး ပစ်ခတ်ထားတာ ဆိုတော့ တွေးကြည့်ပေါ့ သူ့အမျိုးသားက ဖြူဖြူချောချော တရုတ်စပ်တယ် ငယ်ငယ်က တရုတ်မင်းသားနဲ့တူတယ်။ တဦးတည်းသောသား..အမေက ညွှန်မှုး အဖေက လည်း အရာရှိ သူ ့အေမက သူတို့အိမ်ဘေးက သူဌေးသမီး တရုတ်မလေး၂ ယောက်နဲ့ သဘောတူတာ ဒါပေမဲ့ မယူဘူး အခုလက်ရှိအမကိုခိုးပြေးတာ ။ ဖြူဖွေးနေတဲ့တရုတ်မ အလှပဂေးတွေကို မယူဘဲ ဟိုးးး နယ်ဘက်က အသားတော်ညိုပြာညက်ကို စုံရေမက်ရေ ယူတာ နော် မိန်းမကို ဘယ်လောက်ချစ်လဲဆိုရင် အခု အသက် ၅၀ ကျော်လာတဲ့ အထိ အရိပ်တကြည့်ကြည့်နဲ့ ။ မျက်စိအောက်က အပျောက်မခံဘူး အခု သမီးလေး ၂ ယောက်က စင်္ကာပူမှာ နေတယ် ။ ဘဝပေါ်င်းများစွာက သစ္စာရှိရှိ လက်တွဲလာခဲ့တဲ့သူတွေကို မြင်ဖူးချင်ရင် အဲလိုစုံတွဲတွေလို့ ညွှန်းချင်တယ်။ နောက်တယောက်ရှိသေးတယ် အရင်က ညွှန်ချူပ်ကတော်တယောက်ပေါ့ သာမန် အညာသူ တယောက်ပါ မိဘပေးစားလို့ ယူကြတာ အမျိုးသားက ညွှန်ချူပ်ဘဝမှာ အဲဒီအမ လေဖြတ်သွားတယ် ဆရာပေါ်င်းစုံနဲ့ ရအောင် ကုပေးတယ် ကြင်ကြင်နာနာနဲ့ သစ္စာမပျက်ဘူး မိန်းမကိုသွားလေရာခေါ်တယ် ။ သစ္စာရှိတဲ့သူနဲ့ ပေါ်င်းဖေါ်ရတာ ကံအကျိုးပေးကောင်းတခုပါ ။ နောက်တယောက်ကတော့ ဗိုလ်မှုုးကြီးကတော်တယောက် တပ်ရင်းမှုးကတော်ဖြစ်တော့ ပေါ်င် ၂၀၀ နီးပါးရှိနေပြီ ဒါပေမဲ့ သူ့အမျိုးသားက ချစ်လိုက်တာများ အသားညိုညို မိန်းမဝတုတ်ကြီးဘေးထားပြီး ဘယ်မိန်းမမှ စေ့စေ့မကြည့်ဘူး ။ အင်မတန်ကင်းရှင်းတာ ။ သူက ဘယ်သူနဲ့တူလဲဆိုရင် ပိန်ပိန်ပါးပါး အရပ်မြင့်မြင့်နဲ့ ယူနီဖောင်းဝတ်ထားရင် နေအောင်တို့လို ပုံမျိုး ..တကယ်ချောတာ အနေအထိုင် တည်တန့်ပြီး ယောက်ကျားပီသတယ် မိန်းမတယောက် တသက်လုးံ ရင်အေးရတဲ့ သစ္စာတရားရှိတယ်။ ဒီနေရာမှာ အတိတ်ကံရော လက်ရှိပြုလုပ်နေဆဲကံတွေရော ပြောပြချင်မိတယ်။ မိန်းကလေးတယောက်ကိုလည်းတွေ့ဖူးတယ်။ ကိုယ်လုးံလှလှ ရုပ်ချောချော သူ့ကိုယ်သူလှမှန်းသိတယ် ဂုဏ်လဲယူတယ်။ သူက လှတယ်ဆိုတာ လူတကာကို လက်ခံစေချင်တယ် လူလွတ်ရော မလွတ်ရော မရှောင်ဘူး သူ့အလှနဲ့ ဖမ်းစားမယ်ပေါ့ ဒီတော့ ယောက်ကျားတွေငေးမယ့်ဒီဇိုင်းမျိုး အမြဲသုးံတယ် ရက်ရက်ရောရောပြတယ်ပေါ့ ။ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း နေတယ်ပေါ့ နောက်တော့ သူအိမ်ထောင်ကျသွားတယ် ကလေးတယောက်ရပြီး ကွဲသွားတယ်။ ရေရှည်သစ္စာရှိတဲ့သူနဲ့ မတွေ့ဘူး ခဏအပျော်တွေကတော့ သပ်ချလို့ ဘယ်နိုင်ပါ့မလဲ ဒါလဲ ကိုယ်ပြုခဲ့တဲ့ အကြောင်းတွေပါဘဲ ပါချူပ်ဆရာတော်ဟောတဲ့ ယသော်ဓယာအကြောင်း သတိရလို့ ပြောပြချင်တယ် ယသော်ဓယာဟာ သုမေဓါရှင်ရသေ့ ဘုရားလောင်းအဖြစ် ဗျာဒိတ်ပေးခံရတဲ့အချိန်မှာ သူကလည်း ဘေးမှာရှိနေခဲ့တယ်။ သုမေဓါ ရှင်ရသေ့ကို မြင်မြင်ချင်း မေတ္တာရှိလို့ ကြာပန်းခိုင် တဝက်လှုပြီး ပါရမီဖြည့်ဘက်အဖြစ် ဆုတောင်းခဲ့တယ်။ တကယ်တော့ အဲဒီအချိန်ကျမှ သူတို့ တွေ့ဖူးတာမဟုတ်ဘူးဟိုး အရင် ဘဝပေါ်င်းများစွာထဲက အကြင်လင်မယားအဖြစ် ပေါ်င်းဖော်လာခဲ့ပြီးသားတဲ့ ဒါ့ကြောင့် သုမေဓါရသေ့ကို တွေ့တော့ မေတ္တာစိတ်ဖြစ်တာ၊ ဘဝပေါ်င်းများစွာ အကြင်လင်မယားဖြစ်ခဲ့တဲ့သူတွေ သစ္စာရှိခဲ့တဲ့သူတွေ ဆိုရင် ဘယ်လိုပုံ ဘယ်လိုအနေအထားဖြစ်ဖြစ် သေတပန်သက်တဆုးံ ခိုင်ခိုင်မြဲကြတာ တွေ့ရတယ်။ ဘာဇတ်ရှုပ်မှ မကြားရဘူး အားကျစရာ အတုယူစရာရှိတယ်။ ယသော်ဓယာဟာ ဘုရားလောင်းတော်မြတ်နဲ့အတူတူ ဘဝများစွာ ပါရမီဖြည့်ခဲ့ရတယ် ။ ဝေဿန္တရာမင်းကြီးဘဝမှာ သားသမီးတွေကို ပုဏ္ဏားက အလှုခံတော့ မိခင်တယောက်ရဲ့ ရင်ကွဲနာကျတဲ့ဝေဒနာကိုခံစားပြီး ယောက်ကျားရဲ့ ပါရမီကို ဖြည့်ခဲ့တယ်။ ချမ်းသာတဲ့အခါ ဝမ်းမြောက်ဝမ်းသာရှိပြီး ဆင်းရဲရင် ဘယ်သူ့မှ မပြစ်မတင်ပါဘူးလို့ မြတ်စွာဘုရားကို ပြောခဲ့တယ်။ နောက်ဆုးံ ယသော်ဓယာဘဝမှာ သားကလေးနဲ့ကျန်ရစ်ခဲ့တော့ ဖန်ရည်စွန်းတဲ့အဝတ်ကို ခင်ပွန်းနဲ့တူတူလိုက်ဝတ်ပြီး နန်းတွင်းမှာ သီလသမာဓိကြီးစွာနဲ့ လင်မရှိတဲ့ဘဝကို ဖြတ်သန်းတယ်။ မြတ်စွာဘုရားက ဆွမ်းတနပ်ဘဲစားတယ်ကြားလို့ သူကလဲ နန်းတွင်းမှာ တနပ်ဘဲ စားတယ် ။ ယသော်ဓယာဟာ ကာမဘုံမှာ မြတ်စွာဘုရားပြီးရင် ဘယ်သူမှ နှိုင်းယှဉ်လို့မရတဲ့ အလှရှိတယ်လို့ဆိုတယ် ဘယ္သူမွ မမွီဘူးတဲ့။ ဒါပေမဲ့ မရေမတွက်နိုင်သော ဘဝများစွာက ပါရမီဖြည့်ဘက်ဖြစ်ခဲ့လို့ ခင်ပွန်းမရှိတော့တဲ့အခါ သစ္စာတရားနဲ့ အဖော်ပြုနေတယ် ငါ့အလှတွေကျန်သေးတယ် ငါ ငယ်သေးတယ်ဆိုတာမျိုး အိမ်မက်တောင် မက်မယ် မထင်ဘူး။ မောင်းမမိဿံ ၆ သိန်းကိုးသောင်းရဲ့ အကြီးအမှုးအဖြစ် ကျက်သရေရှိစွာ နေခဲ့တယ်။ မိထွေးတော် ဂေါတမီ နဲ့ သာကီဝင်မင်းသမီးငါးရာ ဘိက္ခူနီဝတ်ပြီးတဲ့အခါ ယသော်ဓယာလည်း ဘိက္ခူနီဝတ်တယ်။ သာသနာ့ဘောင်ထဲဝင်ပြီး ၂ ပတ်အကြာမှာ ရဟန္တာဖြစ်ခဲ့တယ်။ ယသော်ဓယာသာသနာ့ဘောင် ရောက်တော့ အလွန်ဘုန်းတန်ခိုးကြီးတယ် ။ လှုချင်သူတွေ ဝိုင်းဝိုင်းလည်နေတယ် မရေမတွက်နိုင်တဲ့ ဘဝပေါ်င်းများစွာ ဘုရားအလောင်းတော်မြတ်နဲ့အတူတူ ပါရမီဖြည့်ခဲ့လို့ ကုသ်ုလ်တွေဟာ လှိုင်းလုးံကြီးတွေလို ရှိတယ်လို့ ဆရာတော်က ဟောကြားခဲ့တယ်။ ယသော်ဓယာဟာ သူနိဗ္ဗာန်စံမြန်းရမယ့် အချိန်နီးတော့ မြတ်စွာဘုရားကို နောက်ဆုးံကန်တော့သွားတယ်။ အမျိုးမျိုးသော တန်ခိုးတွေ ပြတော်မူတယ်။ မျက်လုးံတလုးံက လလောက်ကြီးပြီး ကျန်တဲ့မျက်လုးံတဖက်ကို နေလောက်ဖန်ဆင်းတယ် ကိုယ်လုးံက စကြာဝဋ္ဌာလောက်ကြီးတဲ့ ဒေါ်င်းငှက်အသွင် ပြုပြီး ပူဇော်တယ် သိကြားမင်းအသွင် ဗြမဟ္မာကြီးအသွင် ဖန်ဆင်းပြီး ပူဇော်တယ် မြတ်စွာဘုရားကို နောက်ဆုးံပူဇော်ကန်တော့ခဲ့ပြီး သူ့မှာအပြစ်တွေရှိရင် ခွင့်လွှတ်ဘို့ တောင်းပန်ခဲ့တယ် သက်တော်ရ၈ နှစ်မှာ ပရိနိဗ္ဗာန်ပြုတယ်။ ယသော်ဓယာဟာ ဘဝအမျိုးမျိုး ကို ဘုရားအလောင်းတော်နဲ့အတူ ကျင်လည်ခဲ့ရတယ်။ လောကဓံမုန်တိုင်းကြားမှာ ပါရမီဖြည့်ခဲ့တယ် သောက အမျိုးမျိုးကြုံရတယ်။ ဆင်းရဲခြင်း ချမ်းသာခြင်း ရင်ဆိုင်ရတယ်။ ကောင်းပေ့ ညွှန့်ပေ့ဆိုတာတွေလည်း ကြုံရတယ် နောက်ဆုးံမှာ ကိလေသာကုန်ခမ်းပြီး အငြိမ်းဓါတ်နဲ့ နိဗ္ဗာန်စံဝင်တယ်။ ပါရမီဖြည့်ဘက် မှန်ရင် တယောက်အပေါ်တယောက် အနစ်နာခံတယ် သစ္စာရှိတယ် အိမ်ထောင်တခုကို ကျက်သရေရှိစွာတည်ဆောက်တယ်။ ကိုယ်တိုင်က ပါရမီဖြည့်ဘက်ကောင်းတယောက်အဖြစ် မကျင့်ကြံရင် ထိုက်တန်တဲ့သူနဲ့လွဲပါလိမ့်မယ် ကိုယ့်အပေါ်သစ္စာမရှိသူနဲ့ကြုံရ ရင် ကိုယ့်ရဲ့ အတိတ်ကံကို အရင်ဆုးံ သတိရ ရမယ်။ ဘဝအဆက်ဆက်လိုက်တတ်တဲ့ဝဋ်ကြွေးကို ဘယ်တော့မှ လစ်လျူရှု့လို့ မရဘူး ။ နောက်တခုက ဉာဏ်ကူရတယ်။ ပဒုမနတ်သားအကြောင်းလို့ ထင်တယ် သိတ်မမှတ်မိဘူး ။ သူက ဘဝတခုမှာ ပွေရှုပ်လာခဲ့တော့ နောက်ဘဝမှာ မိန်းမဖြစ်တယ် မိန်းမဘဝမရောက်ခင် ငရဲကျသေးလားမသိဘူး မွေးလာတော့ သူ့ကိုဘယ်သူမှမချစ်ဘူး လူမုန်းခံရတယ်။ မလှတာလဲ မဟုတ်ဘူး ချစ်တဲ့သူ မရှိတာ ။ အတိတ်က သူတပါးချစ်ခြင်းတွေကိုခွဲခဲ့တဲ့အကျိုးတွေထင်တယ်။ အမေကလည်း သူ့မချစ်ဘူး ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘက ယောက်ကျားပေးစားတယ် ယောက်ကျားကလည်းမချစ်ဘူး ပစ်ထားတာ တနေ့ ပစ္စေက ဗုဒ္ဓ ဆွမ်းခံကြွလာတာမြင်တော့ သဒ္ဒါစိတ်တွေဖြစ်ပြီး ဆွမ်းကပ်တယ် မွှေးတဲ့လှတဲ့ပန်းတွေ လှုတယ်ထင်တယ် ဆုလည်းတောင်းတယ် ချက်ခြင်းနော် အကျိုးပေးတာ သူ့ကိုအကုန်လုးံ ဝိုငိးဝိုင်းလည်ချစ်လာကြတယ် ယောက်ကျားကလည်း ဂရုစိုက်လာတယ် သေတော့ နတ်ပြည်ရောက်တယ်။ ဉာဏ်ကူရတယ်ဆိုတာက အကြောင်းအကျိုးကို နားလည်ဆင်ခြင်နိုင်တဲ့ ပညာကို ပြောတာပါ သူများတွေမှာ မဖြစ်ဘဲ ကိုယ့်ကျမှ ဖြစ်တယ်ဆိုရင် ကိုယ့်ရဲ့ ကုသိုလ် အကုသိုလ်ကို ချိန်ဆနိုင်ရမယ် ငါလှနေရဲ့သားနဲ့ လို့ မတွေးပါနဲ့ ငါ့အကုသိုလ်တွေမလှတာကို တွေးပါ အကျိုးပေးသန်နေတဲ့ အကုသိုလ်တံခါးတွေ အလိုလို ပွင့်လာတာ သတိရပါ ။ အညစ်အကြေးနဲ့တူတဲ့အကုသိုလ်တွေ တက်လာပြီဆိုရင် စင်ကြယ်ဘို့က ရေနဲ့တူသော ကုသိုလ် ဒါနသီလ များများပြုတာပါ ။ သီလပျက်သူကို သီလရှိသူက အနိုင်ရတယ်နော်။ ဒါဟာ ဉာဏ်ကူတာပါ အရွဲ့တိုက်ပြရင် သူလဲသီလမရှိ ကိုယ်လဲသီလမရှိ ဖြစ်ပြီး နိမ့်ပါးသထက် နိမ့်ပါးသွားတတ်တယ်။ သီလဟာ ဘုန်းကံတမျိုးပါ ဒီစကားတွေဟာ အမျိုးကောင်းသားသမီးဖြစ်ပါရဲ့နဲ့ သစ္စာမရှိတဲ့သူများနဲ့ ပေါ်င်းဖက်ရသူတွေအတွက် ဗဟုသုတ ရအောင် ရေးတာပါ ။ ပါရမီဖြည့်ဘက် အစစ်အမှန်နဲ့ လွဲခဲ့ရတဲ့သူများအတွက်ပါ ။ အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ ယောက်ကျားရကံကောင်းလို့မဟုတ်ပါဘူး လူပျိုဘဝ ဆိုးသွမ်းနေသူတွေ ကိုယ့်လက်ထဲရောက်မှ ကောင်းသွားသူတွေရှိပါတယ် လူပျိုဘဝ လိမ္မာနေပေမဲ့ ကိုယ်နဲ့ရမှ ပျက်ဆီးသွားသူတွေရှိပါတယ် အဓိကက ကိုယ့်ကံပါ ဘဝတွေမှာ သူများချစ်ခြင်း မဖြိုခွဲခဲ့ဘူး သူများသားမယား လင်ယောက်ကျား မပြစ်မှားခဲ့ဘူး သူများအိမ်ထောင် ခလောက်မဆန်ခဲ့ဘူးဆိုရင် စိတ်ယုတ်မာ မရှိခဲ့ဘူးဆိုရင် ဆင်းရဲတဲ့ဘဝရောက်ရောက် ချမ်းသာတဲ့ သူဌေးသမီးဖြစ်ဖြစ် ရုပ်ဆိုး အသားမဲ ဘယ်လိုရွဲပြဲနေပစေ ကိုယ့်ရဲ့ လက်တွဲဖော်အစစ်အမှန်နဲ့ ဖူးစာဆုံရတယ် စိတ်ချမ်းသာရတယ် သစ္စာရှိတာခံစားရတယ်။ သစ္စာရဲ့အကျိုးခံစားရတယ် ကြင်နာစာနာတတ်တဲ့ သူနဲ့ ဆုံရတယ် အသက်ထက်ဆုးံ အိမ်ထောင်ရေးသောက ကင်းရပါတယ်။ ပုထုဇဉ်လူသားဘဝမှာ ဘဝအဖော်ဆိုတာ လူတိုင်းမက်မောပါတယ်။ လက်တွဲဖော်က ပေးတဲ့စိတ်ဆင်းရဲမှု့က ဘဝရဲ့ သုးံပုံတပုံ နေဝင်သွားတာဘဲ ရှင်လျက်နဲ့ သေရတဲ့ မနက်ခင်းတိုင်းကိုကြုံရမှာပါ ကိုယ့်အပေါ်မကြင်နာဘူး မချစ်ခင်ဘူးဆိုရင် အဲဒီလူဟာ သနားစရာကောင်းလောက်အောင် အားငယ် ညှိုးနွမ်းရတာနော် ဘဝကြီးတခုလုးံ ကယ်ရာမဲ့ ကူရာမဲ့လို ခံစားရတာ။ ဒီတော့ သစ္စာရှိတဲ့သူတွေနဲ့ဆုံချင်ရင် ကိုယ်တိုင်က သစ္စာရှိသောအကြောင်းတရားများကို ပြုလုပ်ခဲ့ရမယ် ဒါမှ ကိုယ်ပြုသောကံတိုင်း ကိုယ့်ထံပြန်ရမယ်လို့ ကျွန်မက ယုံကြည်တယ်။ Credit to : Ellen Grace #Myat Yee Mon...