Thursday, December 29, 2016

မြနန္ဒာ ပြောချင်သေးသည်။ (မောင် ကိုကို နှင့် မြနန္ဒာ ၂)






မြနန္ဒာသည် ကားတံခါးကို သော့ခတ်ပြီး ရုတ်တရက် မလှုပ်ရှားသေးဘဲ အဖြူနှင့် လိမ္မော် စပ်ထားသော စက္ကူပန်းရုံ ဝင်းထိန်နေသည်ကို နှစ်လိုစွာ ငေးမောနေလိုက်သေး၏။ သိပ်လှတာပဲ၊ သိပ်လှတာပဲ၊ လောကမှာ လူ နည်းနည်းကလေးနဲ့ ပန်းတွေ အများကြီးရှိရင် သိပ်ကောင်းမှာပဲ၊ သိပ်အေးချမ်းမှာပဲဟု တွေးလိုက်မိသေး၏။ ရောက်နှင့်နေသော ကားများကို ကြည့်လျှင် ဖဲဝိုင်းမှာ လူစုံပြီဆိုတာကို သိရသည်။ လူစုံလေပြီ။ မြနန္ဒာကို စောင့်ရင်း ကစားနှင့်ကြမည်။ ကိစ္စမရှိ မြနန္ဒာက ခြောက်နာရီမှာလာ၍ ကိုးနာရီမှာ ပြန်သူဖြစ်သည်။ တနင်္ဂနွေနေ့များမှာ ဖဲဝိုင်းကို မှန်မှန်လာသော်လည်း အားထားရသော ဝိုင်းသားမဟုတ်။ ဖဲဝိုင်းကို လာ သော်လည်း ဖဲရိုက်ချင်သည်မဟုတ်။

ဖဲမရိုက်ချင်ဘဲ ဘာကြောင့် လာရသည်ဆိုတာကို ပြောရလျှင် အရှည်ကြီး ပြောရမည်။ တနင်္ဂနွေနေ့ ၆ နာရီနှင့် ၉ နာရီ ကြားမှာ အိမ်မှာ မနေချင်လို့ ဆိုရုံနှင့် ပြီးမည် မဟုတ်။ ပြီးတော့ မြနန္ဒာကို အပြစ်တင်ကြလိမ့်ဦးမည်။ ကိစ္စမရှိ။ အဘယ့်ကြောင့်ဆိုသော် မြနန္ဒာသည် စွပ်စွဲသမျှကို ရှင်းလင်းရန် လူ့ဘဝသို့ လာရောက်ခဲ့သည် မဟုတ်။ မနာလိုသော စိတ်ထားများကို ချော့မော့ ဖျောင်းဖျရန် လာရောက်ခဲ့သည် မဟုတ်။ ပြီးတော့ စွပ်စွဲစကားနှင့် ချော့မော့ ဖျောင်းဖျရန်ဆိုတာကိုလည်း မြနန္ဒာက သတိတရ ရှိလှသည်မဟုတ်။ ညအိပ်ရာဝင် ခြေမှန်မှန် ဆေးရသည်က အရသာ ရှိသေးသည်ပင်။ ထိုသို့ မာန ထားခဲ့ဖူးသည်။ ယခုလို အသက်ကြီးရင့် လာလျှင်တော့ ထိုမာနသည် လျော့ပါးသွားပြီး မာနကင်းသော အမှတ်တမဲ့ နေလိုက်ခြင်းက ပိုလို့ပင် စိတ်လက်ပေါ့ပါးစေသေးသည်။ မထိခိုက်နိုင်သေးသည်။ လွတ်လပ်ခဲ့သည်။

ဒါကြောင့်ပဲ “ဆန်းဒေးညနေဆို အိမ်မှာမနေချင်လို့ ဖဲလာရိုက်ရတာ။ ဝါသနာပါလို့ မဟုတ်ပါဘူး”ဟု သူ အေးအေးဆေးဆေး ပြောတတ်သည်။ ပြီးတော့ မျက်ခုံးပင့်၍ ကြည့်ကြသူတို့ကို မြနန္ဒာ၏ ကျော်ကြားသော အပြုံးဖြင့်သာ အဖြေ ဆက်လက်ပေးလိုက်သည်။

တနင်္ဂနွေနေ့ ညနေများမှာ မာမာ သော်လည်းကောင်း၊ ပါးပါ သော်လည်းကောင်း၊ နှစ်ယောက်စလုံး သော်လည်းကောင်း အိမ်သို့ ထမင်းလာစားသည်။ သူတို့ရဲ့ တူသမက် မြနန္ဒာရဲ့ အစ်ကိုလင်ကို ကောင်းချီးပေးဖို့ ထင်သည်။ လာကြမြဲဖြစ်သည်။ တစ်နေ့လုံး မြနန္ဒာက ညနေထမင်းပွဲအတွက် စီမံပြင်ဆင်ရသည်။ နိုင်ငံခြားသား သံအမတ်ကြီးများကို ဖိတ်ကြား ကျွေးမွေးခဲ့ရသည်နှင့် မခြား။ တစ်အိမ်လုံး တနင်္ဂနွေနေ့တိုင်း မွမ်းမံပြင်ဆင်သည်။ နှင်းဆီပန်း ရနံ့များ ကြိုင်လှိုင်စေသည်။ ရာသီအလိုက် သစ်ခွ၊ သဇင်၊ နှင်းပန်း၊ သစ္စာပန်း တို့ဖြင့် အလှဖြည့်ဦးမည်။ ဧည့်ခန်း ပန်းအိုး ကောင်းစွာ စိုက်နိုင်ဖို့ နောက်ခံ သစ်ရွက်ကို တောဖြစ်အောင် စိုက်ခဲ့သည်။ ကြမ်းပြင်၊ ကော်ဇော၊ ခန်းဆီးရှိ လိုက်ကာကို သရသည်။ အိမ်ရှိ အိမ်ဖော် ဒါဇင်ဝက်သည် စနေနေ့ညကတည်းက ကြိုတင် လုပ်ကိုင်လေ့ ရှိကြသည်။ မြနန္ဒာကမူ မနက်မိုးလင်းမှ အလုပ် စချင်သည်။ မာမာ၊ ပါပါ နှင့် ကိုကို တို့ရဲ့ ဇာတ်ရည် ၀နေအောင် တိုက်ထားသော တနင်္ဂနွေနေ့ည ထမင်းစားပွဲ ဇာတ်ထုပ်၌ ပါဝင် ကပြဖို့ရာ သူ အိပ်ရာက ထချင်တဲ့ အချိန်မှ ထမည်လို့တော့ မြနန္ဒာက ဆုံးဖြတ်ထားလေသည်။

ကြည့်ပါဦး။ အိမ်ထောင်သက် အနှစ် ၂၀ အတွင်းမှာ လန်ဒန်၊ ပါရီ နှင့် မြူးနစ်တို့မှာ လှည့်လည်ခဲ့သည့် အိမ်ထောင်ဦး ရှစ်နှစ်မှအပ ရန်ကုန်ပြန်ရောက်သည့် ၁၂ နှစ်မျှ ကာလပတ်လုံး မာမာ နှင့် ပါပါသည် တနင်္ဂနွေနေ့တိုင်း အိမ်မှာ ထမင်းလာစားကြသည်။ ဟုတ်ပါသည်။ နွေကျောင်းပိတ်ရက် သုံးလမှာတော့ မြနန္ဒာသည် သားနှင့် သမီးကို ခေါ်ကာ ရှမ်းပြည်နယ်သို့ တက်မြဲ၊ လွတ်ကင်းမြဲပေါ့။

တနင်္ဂနွေနေ့ ည ၈ နာရီမှာ ထမင်းပွဲ စ မြဲ။

“ဒါပေမယ့် ပါပါ”လို့ မြနန္ဒာ သူ့ဖခင်နှင့် တွေ့လျှင် နွဲ့မြဲ အကျင့်ပါကာ ခေါင်းကို ငဲ့ပြီး နွဲ့၍ “နန္ဒာက တနင်္ဂနွေနေ့ညဆို ၀အောင် မစားဘူး။ ဟင်းရည်နဲ့ ပေါင်မုန့်ပဲ စားမှာ”

ပါပါ သိပါသည်။ မာမာ သိပါသည်။ ကိုကိုက အသိဆုံးပေါ့။ သူတို့ ထုံးစံအတိုင်း မသိချင်ယောင်ဆောင်ကြပြီး...

“ကောင်းသားပဲ သမီး”

“ကောင်းတာပေါ့ သမီး”

“ကောင်းတာပေါ့ ဒါလင်”
... လို့ တစ်ပြိုင်တည်း ထောက်ခံကြမည်။ ပြီးတော့ မြနန္ဒာက ထမင်းစားပွဲပြီးမှာ ကိုးနာရီ ဆယ်မိနစ်မှာ ကော်ဖီဝိုင်းသို့ ဝင်ပါရစေလို့ တောင်းပန်မည်။ သူစိမ်းတွေ မဟုတ်လေတော့ ခေါင်းညိတ်ကြပြန်သည်။ မြနန္ဒာသည် ဦးသန်းတင့် အိမ်ဖဲဝိုင်းမှ ကိုးနာရီ တိတိ ထပြန်လာလျှင် အိမ်သို့ ကိုးနာရီ ဆယ်မိနစ်တိတိမှာ ရောက်သည်။ ဧည့်ခန်း၌ လင်သည်နှင့် ဧည့်သည်အဖြစ်ရောက်နေသော မိဘတို့၏ ကော်ဖီဝိုင်းကို သူ ဝင်မည်။ ပြီးတော့ သူတို့ မကြိုက်သော ဖဲဝိုင်းအကြောင်းကို ရယ်မောကာ ပြောပြမည်။ ယခုတစ်လော ငယ်ငယ်က ခင်ခဲ့ဖူးသော၊ နန္ဒာကို ချစ်ခဲ့ဖူးသော လင်းဆိုတဲ့ ကောင်လေးနဲ့ ဖဲဝိုင်းမှာ အံ့သြစရာ ပြန်တွေ့ရတာတောင် ပြောနေရပြန်သည်။ သိပ်ပြောလို့ ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ယခုမှ အပြင်က ပြန်ရောက်လာသည့် အိမ်ရှင်မ ဝင်လာသော ကော်ဖီဝိုင်းသည် စိုပြည်လာမည်ပင်။ ကောလိပ်ရောက်ပြီဖြစ်သည့် သားပင် ဘော်ဒါဆောင်မှ ပြန်ရောက်နေလျှင် ထမင်းစားပွဲသို့ တစ်ချက်တစ်ချက် ဝင်လေပြီ။ သမီးငယ်လေးလည်း တစ်ညတလေ နိုးလို့ နိုင်လွန်ဇာ ညဝတ်အကျႌလေး ဖားလျားနဲ့ အထိန်း လက်ထဲက ရုန်းကန်ပြေးဆင်းလာမည်။

ထိုအခါမျိုးမှာ မြနန္ဒာသည် မျက်ရည်များ ဝေ့လည်ကာ သူတကာ မမြင်အောင် သမီးလေး ဆံပင်ရှည်ထဲ မျက်နှာဝှက်ပြီး နမ်းရှုပ်ရင်း၊ နမ်းရှုပ်ဟန်လည်း ဆောင်ရင်း ပူနွေးသော သမီးလေးခေါင်း၌ မျက်ရည်စများ သုတ်ရတတ်သည်။

နန္ဒာ့ သမီးအိမ်ကို နောက် အနှစ် နှစ်ဆယ်လောက်မှာ ထမင်းသွားစားတဲ့အခါ သမီးလေး မြသီတာဟာ နန္ဒာ့လို ထမင်းပွဲပြီးမှ ဖဲဝိုင်းက ပြန်မလာစေရဘူးဟု သူ့ကိုယ်သူ ကတိပေးမြဲ ဖြစ်၏။

သူ့မျက်နှာကို ကလေးခေါင်းမှ ခွာလိုက်သည့် အခါတွင်မူ အပြုံးမပျက်သည်ကို မာမာ၊ ပါပါ နှင့် ကိုကိုတို့ တွေ့ရလိမ့်မည်။ မြနန္ဒာ အပြံုး မပျက်သည်မှာ ခွင့်မလွှတ်နိုင်ခြင်း၏ အထိမ်းအမှတ်ဖြစ်သည်။ တစ်ခါတစ်ခါတော့လည်း သူတို့ သုံးယောက်ရှေ့မှာ ကျကျနန ငိုလို့များ ရလျှင် ငိုချလိုက်ချင်ပါရဲ့။ ဘယ်တော့မှတော့ မဖြစ်နိုင်တော့ပါဘူး။ အနှစ် နှစ်ဆယ် ကြာခဲ့ပြီ။ ငိုလို့ရခဲ့သည့် တစ်နေ့မှာ သူ ခွင့်လွှတ်နိုင်လိမ့်မည်လို့ ထင်ခဲ့ဖူးသည်။ ယခုတော့ သိပြီ။ တစ်နေ့တခြား သူ့ အပြံုးဟာ တည်မြဲလာပြီး သမီးလေး ပြေးဆင်းလာတာကိုပင် အပြံုးမပျက်ဖြင့် “ သမီး အိပ်ချိန်ကြီးမှာ ဘာလို့ ဆင်းလာတာလဲ။ နိုးရင်လည်း မေမေ တက်ခဲ့မှာပေါ့။ နာနီ့ကို ခေါ်ခိုင်းလိုက်ရောပေါ့။ သားကော စာကျက်နေဖို့ မကောင်းဘူးလား” လို့ ပြောနိုင်လာပြန်သည်။

မာမာက တစ်စုံတစ်ခု ပြောမည်ပြုပြီး မပြော။ ပါပါက စည်းကမ်းကြီးချင်ဟန်နှင့် ခေါင်းယမ်းမည်။ ကိုကိုကတော့ သူ့သမီးကို ချစ်မြဲမို့ လာပါဦး သမီးရဲ့၊ ဖေဖေ့ဆီလည်း လာပါဦး”လို့ ခေါ်မည်။ လက်ဆန့်တန်းလိုက်မည်။

စိတ်မချုပ်တည်းနိုင်သည့် အခါမျိုးမှာ မြနန္ဒာသည် ကလေးကိုကောက်ချီကာ အိမ်ပေါ်တက်လာပြီး ကလေး သိပ်နေတတ်တော့သည်။ ပြန်တော့မည့် မာမာ၊ ပါပါက အိမ်ပေါ်တက် နူတ်ဆက်ရသည်။ ကိုကိုက အိပ်ရာဝင်ခါနီး လာနှုတ်ဆက်ရသည်။ သူတို့ လင်မယားသည် တစ်ယောက်တစ်ခန်း အိပ်ခဲ့ကြသည်မှာ သမီးလေး မွေးပြီးကတည်းက ဖြစ်သည်။ ၄ နှစ်ရှိပြီ။

“နန္ဒာ သိပ်ရိုင်းတာပဲနော်”ဟု မြနန္ဒာ မကြာခဏ တွေးတတ်ပေမည့် ဘယ်တတ်နိုင်မလဲ။ နန္ဒာက မေ့ပျောက်ဖို့ ခဲယဉ်း၏။ နာကြည်းတတ်၏။

သူတို့ သုံးယောက်ဟာ မြနန္ဒာကို မသိနားမလည်တဲ့အရွယ်မှာ ညာချပြီး နန္ဒာရဲ့ ဘဝကို ခြေမွပစ်ခဲ့ကြတယ်ဟု တစ်သက်လုံး တွေးတောခဲ့၏။ ဘယ်ခွင့်လွှတ်နိုင်မလဲ။ လိမ္မာဖို့ရာသာ သင်ကြားခဲ့ရသည့် မြနန္ဒာက ရယ်မောပျော်ရွှင်စွာ နေလိုက်ချင်သည်။ မြနန္ဒာက ပြုံးရုံသာပြံုးပြီး အပြံုးမပျက်ဘူးဆိုတာကိုသာ တစ်ဆင့်ပြတတ်လာရပြီး ယခုအထိ မိဘနှင့် လင်သည်တို့က အဖွဲ့မပျက် စည်းလုံးနေကြသည်ကို မြင်ရကာ မခံနိုင်သည့် အခါများမှာတော့ ရိုင်းတတ်လာတာ အမှန်ပဲ။ ဘယ်သူ့ အပြစ်လဲ။

ပါပါကတော့ ပြောသည်။ သမီးမြနန္ဒာကို ဘယ်လောက်မြတ်နိုးခဲ့သလဲကွယ်လို့၊ ဘယ်လောက် ပြုစုပျိုးထောင်ခဲ့သလဲကွယ်လို့၊ ဘယ်လောက် အထက်တန်းကျစေခဲ့သလဲကွယ်လို့၊ မင်းမျိုးမင်းနွယ်တမျှပါပဲလို့။

x x x

ပါပါကတော့ သမီးမြနန္ဒာ မမွေးခင်ကတည်းက အားလုံးစီစဉ်ခဲ့သည်ပင်။ ပါပါက အစီအစဉ်ကြီးသူ ဖြစ်သည်။ သူက တစ်ဦးတည်းသော ကလေးကိုသာ လိုချင်သည်။ ထို့ကြောင့် မြနန္ဒာသည် ညီအစ်ကို မောင်နှမ မရှိ ဖြစ်ခဲ့သည်။

မှတ်မိသေး၏။  (မြနန္ဒာက အင်မတန် မှတ်မိတတ်သည်။ ကိုယ့်ကိုယ်ကိုယ် နှစ်နှစ် သုံးနှစ်ရွယ်လောက်ထိ တစ်ချက် တစ်ချက် ပြန်မှတ်မိနေသည်။) မြနန္ဒာက အိမ်လာလည်သော ဧည့်သည်၏ ကလေးကို ချစ်နေပြီး မေမေ့ကို ပူဆာသည်။
“မာမာ့ ဗိုက်ထဲမှာ မောင်မောင်လေး မွေးပါဦး၊ မောင်မောင်လေး မွေးပါဦး” ဆိုတော့ မာမာက “ညည်း ပါပါကို ပြော” တဲ့။

ပါပါ့ကိုပူဆာပြန်တော့ ပြုံးရယ်ခဲသော ပါပါသည် အနည်းငယ်ပြံုးပြီး “ဘာလုပ်ဖို့လဲ နန္ဒာရဲ့၊ တစ်ယောက်တည်းဆိုတော့ မကောင်းဘူးလား။ မာမာ၊ ပါပါတို့လည်း တစ်ယောက်တည်း အပိုင်ရတာပေါ့။ အရုပ်တွေလည်း တစ်ယောက်တည်း အပိုင်ရတာပေါ့။ မဟုတ်ဘူးလား။ မောင်လေးရှိရင် ဝေယူရမှာ။ နန္ဒာ့မှာ လျော့သွားမှာပေါ့”

“ဟင့်အင်း၊ နန္ဒာ တစ်ယောက်တည်း အပိုင် မလိုချင်ပါဘူး။ မောင်လေးကို ဝေပေးမှာပေါ့”ဟု ပြောခဲ့သည်။

မြနန္ဒာသည် မောင်လေးကို မရခဲ့ချေ။ ပါပါ အားကြီး နှမြောသည်လို့ သူ ထင်ခဲ့သည်။ ရန်လုပ်ခဲ့သည်။ သူနည်းနည်းကြီးလာတော့ ဧည့်သည်များရှေ့မှာ သည်အကြောင်း ပြောပြီး လူကြီးတွေ ရယ်ကြပြန်တော့ ရှက်လည်းရှက်၊ ကိုယ့်ကိုယ်ကိုယ်လည်း မှားတယ် ထင်ခဲ့ပြန်သည်။

မြနန္ဒာ ငယ်ငယ်က မွေးဖူးသော ကြောင်ကလေးကို နမ်းမှုကြောင့် ပါပါက ကြောင်ကို လွှတ်ပစ်ခိုင်းတာ မှတ်မိသေး၏။ ကြောင်ကလေးကို ခပ်ဝေးဝေးသို့ သွားပစ်လည်း နေ့စဉ် ပြန်လာသည်။ မြနန္ဒာ ဆီးကြို နမ်းရှုပ်မြဲ။

နောက်တော့ ပြန်မလာတော့ချေ။ ထမင်းချက် ကုလားကြီးက ပါပါ သေနတ်ဖြင့် ပစ်သတ်လိုက်သည်လို့ ပြောသည်။ မာမာက “ ဟုတ်မယ် မထင်ပါဘူး” ဟုသာ ပြောသည်။ ပါပါ့ကို မမေးရဲချေ။ မြနန္ဒာ တစ်လ နှစ်လလောက် ငိုရသည်။ အလွယ်တကူဖြင့် မေ့ပျောက်လို့ မရချေ။ အစေခံ တန်းလျားက ကလေး တစ်ယောက်နှင့် အဖော်ပြုမိလို့ အဆိုခံရပြန်သည်။ ပြီးတော့ ပါပါက သေနတ်နှင့် ပစ်သတ်လိုက်မှာ ကြောက်၍ အဆက်ဖြတ်လိုက်သည်။ မာမာက ရယ်မောသေးသည်။ မာမာက ပါပါရဲ့ ဘက်တော်သား ဖြစ်သည်။

မြနန္ဒာ အရုပ်ကလေးလို အဖိုးတန်အဝတ်ဖြင့် ဆင်ပြင်ကြတာတော့ ကျေးဇူးတင်ရမည်ဆိုပါတော့။ ဖိနပ်နဲ့ ဦးထုပ်က အစ အင်္ဂလန်က မှာပေးတာတွေ အမှန်ပါပဲ။ မြနန္ဒာ မွေးနေ့များဟာ ကြီးကျယ်ခမ်းနားလှသော အိမ်၏ ပွဲတော်များ ဖြစ်ကြသည်။ ဆွေမျိုးမိတ်သင်္ဂဟများ လာကြသည်။ မြနန္ဒာကို လှတာတစ်ခုနဲ့ပဲ ချီးမွမ်းမဆုံးကြ။ ဘာလုပ်လုပ် တင့်တယ်နေသည်။ လက်ဆောင် များစွာရ၏။ သို့ပေမယ့် ချစ်ခင်တတ်သော၊ နှလုံးနွေး ပူသော မြနန္ဒာအဖို့ သက်မဲ့ ပစ္စည်းများစွာသာ ရလေသည်။ မြနန္ဒာက ကြက်တူရွေးကလေးဖြစ်စေ၊ ယုန်ကောင်ကလေးဖြစ်စေ လိုချင်သည်။ မရ။ သက်ရှိ သတ္တဝါနှင့် နီးစပ်တာဆို၍ မြနန္ဒာ ၁၀ နှစ်သမီးမှာ ရဖူးသည့် ဆူးမပါသော ဆင်စွယ်ရောင် နှင်းဆီပွင့်များ ပွင့်သည့် ပန်းအိုးတစ်အိုးသာ ဖြစ်လေသည်။ ထိုပန်းအိုးကို အိမ်ခန်းပြတင်းဝမှာ ထားသည်။ အသန့်အပြန့် ကြိုက်သည့် မာမာ့ကြောင့် ၀ရန်တာသို့ ရွှေပြန်သည်။ ရေလောင်းလျှင် အောက်က ဇလုံခံပြီး လောင်းရသည်။ ခိုင်းစေရာလူတွေ ကိုင်တွယ်မှာကို မခံနိုင်အောင် တမြတ်တနိုး ယုယမွေးမြူခဲ့သည်။ အဲသည် ပန်းအိုးကို ကိုယ်တိုင် နေ့တိုင် မ ရသည့်အတွက် လက်ကလေးများ နာတာ၊ ပခုံးများ တောင့်တာ မှတ်မိသေး၏။ နှင်းဆီပင်သည် ၃၊ ၄ နှစ်ကြာတော့ သေသွားသည်။ အိုလို့ ထင်ပါရဲ့။

မြနန္ဒာ ကျောင်းနေလျှင် ပီယာနို သင်ရသည်။ ဂျာမန်စာ သင်ရသည်။ လက်တင်တောင် သင်ခိုင်းသေးသည်။ ရေကူး သင်ရသည်။ ဘက်မင်တန် ရိုက်ရသည်။ တင်းနစ်ရိုက်စေချင်သေးသည်။ ပိုက်ဆံချမ်းသာမှ လုပ်နိုင်သော အလုပ်မှန်သမျှ လုပ်ရပါ၏။ မာမာက မိန်းမပီသဖို့၊ လင်ယူလျှင် အသင့်ဖြစ်ဖို့ သင်ပြန်၏။ အိမ်ထောင် စီမံခြင်းသည် မြနန္ဒာအဖို့ အရေးကြီးသော ပညာ ဖြစ်ရပြန်၏။ သို့ပေမယ့် ခက်သည်မှာ မြနန္ဒာက လက်ဖြင့် ပိုင်ပိုင်နိုင်နိုင် လုပ်ရသော အလုပ်ကို လုပ်ချင်ခြင်းပင်။ သိုးမွေးထိုးချင်သည်။ ဟင်းအိုးပြင်ချင်သည်။ ခြံထဲ ဆင်းပြီး ပန်းအိုးထဲက မြေကြီးကို ခက်ရင်းဖြင့် ဆွချင်သည်။ မာမာက “သမီးလက်တွေ ကြမ်းကုန်မှာပေါ့”ဟု ပြော၏။ ၁၂ နှစ် သမီးကတည်းက လက်သည်း၊ ခြေသည်း အရှည်ထားရသည်။ နာနီ့ လက်မှ လွတ်လျှင် အပျိုထိန်း ဒေါ်ဦးသာက မြနန္ဒာ၏ လက်ချောင်းကလေးများကို လှပသန့်ရှင်းရုံမက မွှေးကြိုင်နေအောင် ကရင်အလှဆီဖြင့် မကြာခဏ လိမ်းပေးမြဲ။ ပန်းနုရောင်ဖြင့် အပတ်စဉ် အရောင်တင်ရ၏။

မြနန္ဒာကို ပညာသင်ပါ၏။ “သမီး ဘာလုပ်ချင်သလဲ၊ ဘာဖြစ်ချင်သလဲ”ဟု တစ်ခါမျှ မမေး။ သမီးကျောင်းဆရာမ လုပ်ချင်လို့ မရ။ ဆရာဝန် ဖြစ်ချင်လို့ မရ။ မြနန္ဒာသည် လင်ယူ၍ အိမ်ကို အုပ်ချုပ်ကာ၊ ပီယာနို တီးပြီး ဧည့်သည်ကို ညစာ ကျွေးတတ်ဖို့သာ စီမံခဲ့ကြသည်။ မြနန္ဒာ ယူရမည့် လင်ကိုလည်း ငယ်ငယ်ကလေးကပင် ရွေးခဲ့ကြလေပြီ။

မြနန္ဒာ ဆယ့်ကိုးနှစ်အရွယ်မှာ မက်ထရစ်အောင်ပြီးပြီးချင်း လင်ပေးစားဖို့ ကြံကြသည်။ မနည်း ငိုယိုတောင်းပန်၍ ကောလိပ်သို့ ဆက်လာခွင့်ရသည်။ “ကောလိပ်က နန္ဒာ့ကို ဘာမှ ထူးပြီး သင်ပေးနိုင်မှာလဲ”ဟု  ပါပါက ပြော၏။ ဟုတ်ပါသည်၊ ဘွဲ့ရရုံပဲ။ အလုပ် လုပ်စားမည့်သူလည်း မဟုတ်လေတော့ မလိုပါချေ။ အိမ်မှာ ဆရာမနှင့် ပြင်သစ်စာ သင်နေရပြီ ဖြစ်သော၊ အင်္ဂလိပ်စကားကို မွေးကတည်းက မိဘနှင့် ပြောခဲ့သော၊ ဂျာမန်စာကို ကျောင်းနေကတည်းက ဘုန်းကြီးနှင့် သင်ခဲ့သော မြနန္ဒာအဖို့ ကောလိပ်ပညာ များစွာ မလိုပါချေ။ (မြနန္ဒာ စာကျက်ရသည် မရှိဘဲ အောင်မြဲ၊ ကောလိပ်မှာ သင်သည့် စာအုပ်များကို ဆယ့်လေးနှစ် အရွယ်က ကျေအောင် ဖတ်ခဲ့ပြီး)။ သို့ပေမယ့် “ဂုဏ်ရှိတာပေါ့ ပါပါရဲ့”ဟု သူ နွဲ့လိုက်သည်ကို ယုံကြည်ကာ ပါပါက ကောလိပ်ကျောင်း တက်စေခဲ့သည်။

အဲသည်မှာ လင်းနဲ့ တွေ့တာပေါ့။

ကောလိပ်ကျောင်းမှာ လေးနှစ် နေခဲ့ရစဉ် မြနန္ဒာသည် ပါတီ မှန်မှန်တက်ဖို့ အိမ်က အားပေး၏။ ဖိတ်စာကို မငြင်းရသော သဘောကို မာမာက သင်ပေးခဲ့၏။ ဖြီးလိမ်းဝတ်စား၍ ယဉ်ကျေးဖွယ်ရာ စကား ပြောရသည်မှာ ဘဝ၏ အဓိက ကိစ္စလို့ ယူဆစေ၏။ မြနန္ဒာ ကျော်စောခဲ့သည်။ သို့သော် မြနန္ဒာနှင့် ပါပါဘက်က တူတစ်ဝမ်းကွဲကို ကောလိပ်ရောက်မည့် နှစ်မှာပဲ စေ့စပ်ကြောင်း ကြေညာလိုက်သည်။ အကြီးအကျယ် ဧည့်ခံကျွေးမွေးလိုက်သည်။ သို့သော် ကိုကိုလည်း ခဏမျှသာ နေနိုင်ပြီး အမေရိကသို့ စာသင်သွားလေသည်။ ဘာပဲဖြစ်ဖြစ် မြနန္ဒာသည် ခုမှတွေ့မြင်ဖူးသော ရွယ်တူယောကျ်ားများကို စိတ်ကူးဆန်းကြယ်ပင် ကူးနိုင်တော့သည် မဟုတ်ချေ။
လင်းနဲ့တွေ့တော့လည်း တစ်မျိုးပါပဲ။

xxx

တက္ကသိုလ်မှာ နောက်ဆုံး နေရမည့် နှစ်ဦးမှာ လင်းနဲ့ တွေ့ကြသည်။ ပါတီတက်လေ့ရှိသည့် မြနန္ဒာနှင့် လင် တွေ့ရပုံကတော့ ဆန်းဆန်းပဲ။ လင်းက ငယ်ငယ်၊ ရှက်ကိုးရှက်ကန်း။ ပွဲလမ်းသဘင်မှာ အန်းနေတတ်သည့် လူစားမျိုး။ မြနန္ဒာ တစ်စုံတစ်ယောက်နှင့် ကနေတုန်း ယောကျ်ားဖော်ကို ပခုံးတို့ပြီး ဝင်ကချင်သည့် လူစားမျိုး မဟုတ်။ နိုင်ငံရေးသမားလိုလို လုံချည်တိုတိုနှင့် (ဘန်ကောက်တော့ ဝတ်သားပဲ) တိုက်ပုံ အကျႌနှင့်။ ဥရောပ ဝတ်စုံကို တစ်သက်လုံး ဝတ်တတ်သည့် လူမျိုးမဟုတ်။ အင်္ဂလိပ်စကား ပြောသည့် လူစားမျိုး မဟုတ်။ မြနန္ဒာအဖို့ လူဆန်းတစ်ယောက် ဖြစ်လေသည်။

ဘယ်လိုမှန်းလဲ မသိ။ မြန်ဆန်စွာ ရင်းနှီးသွားကြသည်။ မြနန္ဒာက အိမ်က မသိအောင် လုပ်တတ်နေသော၊ အတန်း မတက်ဘဲ အင်းလျားကန်ဘေး သွားထိုင်နေတတ်သော အကျင့်ကို ပြောမိသည်။ တကယ်တော့ ဘယ်သူမှ မြနန္ဒာသည်လို လုပ်နေတာ မသိ။ ကားနှင့် ကုလားဒရိုင်ဘာသည် မိန်းကလေးများ နားနေခန်းရှေ့မှာ စောင့်ဆဲ။ မြနန္ဒာက အတန်း တက်မလိုနှင့် ဘေးပေါက်မှ သုတ်သုတ် ထွက်ခွာ၍ ဘွဲ့နှင်းသဘင်ဘက် ခြံစည်းရိုးပေါက်မှ ငုံ့လျှိုးကာ အင်းလျားလမ်းသို့ လစ်ထွက်ခဲ့မြဲ။ သူငယ်ချင်းများကိုတော့ မုန့်သွားစားနေသည်လို့ သူ ပြောတတ်သည်။ ခုမှပဲ လွတ်လပ်စွာ တစ်ယောက်တည်း နေရသည်ကို ကြိုက်၍ လုပ်မိခြင်း။ လှောင်အိမ်က ခဏ လွတ်လာပြီး မြူးထူးနေသည့် ငှက်ကလေးလို ပျော်ရွှင်လှသည်။ အတောင်ကို ညှပ်ထားပြန်တော့ အဝေးသို့ ပျံသန်း မတတ်နိုင်ပါ။ ရေစပ်မှာပဲ ထိုင်သည်။ လှေတစ်ယောက်တည်း လှော်ကာ လူကင်းသော ဟိုတစ်ဖက်ကမ်း၌ ထိုင်ရသည်။ အဲသည်တုန်းက ကျောင်းသားများကလည်း ခုလောက် မများသေး။ အင်းလျားကန်၌ လူ မစည်သေး။ နန္ဒာသည် ကြောက်ရလန့်ရမှန်း မသိ။ အန္တရာယ် ရှိသည်၊ မရှိသည်လည်း မတွေးမိဘဲ ခွင့်ရတိုင်း မနက်ပိုင်းမှာ အင်းလျားကန်နှင့် မိတ်ဖြစ်လျက်နေသည်။
မကြာခင်ပဲ လင်းက သူ့ဘေးသို့ ရောက်လာသည်။
လင်းကို တခြား ယောကျ်ားများနှင့် မတူဘူးလို့ သူ ထင်ခဲ့၏။ လင်းက ငေးမောပါ၏။ သို့ပေမည့် ရိုင်းစိုင်းသော အကြည့်မျိုး မဟုတ်။ အိပ်မက်ထဲမှာလို အေးဆေးသည်။ လှပသည်။ မှုန်ဝါးသည်။ ဘာမှ တကယ် ဖြစ်နေတယ် မထင်ရ။ ပြီးတော့ နန္ဒာ့ မောင်လေးပဲ ဖြစ်လိုက်ပါတော့ဟု သူ မကြာခဏ တွေးတတ်လေ၏။

လင်းနှင့် စကား ပြောရသည်မျာ သိပ်ပျော်စရာ ကောင်းသည်။ တစ်ခါမှ မငြင်းခုံကြရ။ ပါးစပ်က မပြောဘဲနဲ့ တစ်မျိုးတည်း အတူတွေးက အတူ လုပ်ကိုင်နေတတ်ကြသည်။

ဥပမာ...

အဲသည်တုန်းက မိုးကဖွဲဖွဲလေးပဲ။ တကယ် မှုန်မှုန်သာသာလေး ရွာနေသည်။ ပါးပြင်ကို ထိလို့ထိမှန်း မသိ။ ဆံပင် စိုလို့မှ စိုမှန်းမသိ။ သည်အရွယ်ကျမှ (ဘီအေ နောက်ဆုံးနှစ်မှ၊ ယောကျ်ား ယူရမယ့်နှစ်မှ) အိမ်က မသိအောင် ရေပြင်နှင့် သစ်ပင်သာ ရှိသော အင်းလျားကန်ဘေးသို့ တစ်ယောက်တည်း လွတ်ကျွတ်လာတတ်ပြီး၊ မိုးရေထဲ ထွက်ခွင့်ရသည့် မြနန္ဒာကတော့ မိုးမိတာကိုပဲ ပျော်နေတယ်။ ထီးမပါတာကိုဘဲ ပျော်နေတယ်။ (တကယ်တော့ နန္ဒာ့မှာ ထီး မရှိ။ နန္ဒာတို့ သုံးယောက်လုံးမှာ ထီးမရှိ။) လင်းကလည်း ပျော်နေတယ်။ သူကတော့ ထီးကိုင်တတ်တယ်။ ထီးက မည်းမည်းကြီးပေါ့။ ထီးက အရုပ်ဆိုးဆိုး အကြီးကြီးပဲ။ ကုပ်လည်း ကုပ်တယ်။ ဒါပေမယ့် မိုးလုံတယ်။ သူက ထီးမဖွင့်ဘူး။ နန္ဒာ ထီးမဆောင်းချင်မှန်း သိလို့ပေါ့။

အရွက်သိပ်တဲ့ သရက်ပင်အောက်မှာ ထိုင်နေကြရင်း နန္ဒာရဲ့ ညာဘက် နားရွက်အောက်က အမာရွတ်ကလေးကို ဘာဖြစ်တာလဲလို့ မေးတယ် ထင်တာပဲ။ လင်းက မေးလိုက်တယ် ထင်တာပဲ။ စိတ်ထဲကတော့ ကြားမိတာပဲ။ ဒါနဲ့ “ အို... နန္ဒာ ငယ်ငယ်က ကားမှောက်တုန်းက ရတဲ့ အနာရွတ်ပါ”လို့ ပြောလိုက်တယ်။ လင်းကတော့ သနားသလိုနဲ့ “နာမှာပဲနော်”တဲ့။

နောက် သုံးမိနစ်လောက်ကြာမှ လင်းက အလန့်တကြား...
“နေပါဦး။ ကျွန်တော် မေးတဲ့စကားကို ဘယ်လိုလုပ် သိတာလဲ။ နန္ဒာ့ကို မေးတောင် မမေးရသေးဘူး။ ဘယ်လိုလုပ် သိတာလဲ”လို့ ဆိုလိုက်တော့ နန္ဒာလည်း လန့်သွားပြီး...

“အို... တကယ် မမေးဘူးလား၊ မေးပါတယ်။ နန္ဒာကြားလို့ ပြောတာပေါ့” ဆိုပြီး၊ နောက်တော့လည်း နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ခပ်ရှက်ရှက်ဖြင့်  ရယ်နေကြရတာပဲ။

လင်းနဲ့ နန္ဒာက တစ်ယောက်ကို တစ်ယောက် အဲသည်လောက် ရင်းနှီးတာ။
အိပ်မက်တောင် ဆင်ဆင်မက်ဖူးတာ။
လင်းက ပြောတယ်။ အိပ်မက်ထဲမှာ နှင်းဆီပန်တွေ၊ လိမ္မော်တို့၊ အပြာတို့၊ ချောကလက်ရောင်တို့ ဝေလှိုင်အောင် ပွင့်တယ်တဲ့။ နန္ဒာက နှင်းဆီပန်းတွေကြားမှာမေ့မြောနေသလို အသက် မရှိသလိုဘဲတဲ့။ လင်း မပြောပြခင်တကည်းကပဲ နန္ဒာကလည်း နှင်းဆီပန်း အရောင်ဆန်းဆန်းတွေကို မက်ထားတာ။ နန္ဒာ့ အိပ်မက်မှာတော့ လင်းက သေခါနီးလို့တဲ့ မေ့မြောနေတာပါ။ ပြီးတော့ နန္ဒာက ငိုနေတယ်။ သူ့ အိပ်မက်ထဲမှာ သူ ငိုသလားလို့ မေးချင်ရက်နဲ့ မမေးထွက်ခဲ့ဘူး။ မေးခဲ့ရင် ကောင်းမှာ။ မေးခဲ့ရင် နန္ဒာ့ ဘဝမှာ ပါပါ အစီအစဉ်ထဲ မပါတဲ့ တစ်ခုခုဖြစ်လိုက်ဦးမလား မသိဘူးနော်။

ဒါပေမယ့် လင်းကလည်း မပြောဘူး။ သူ့မှာ ပြောစရာ ရှိသေးတယ် ဆိုတာ နန္ဒာ သိပါတယ်။ သူကတော့ မပြောဘူး။ နန္ဒာကလည်း မမေးဘူး။ မာနမဟုတ်ပါဘူး။ မပြောချင်တာကို မမေးသင့်ဘူး ထင်လို့ပါ။ မရေရာတာကိုလည်း မစုံမက်လို့ပါ။ ပြီးတော့ လှေလှော်နေကြတာပဲ။
လင်းက နန္ဒာ့ကိုတော့ သိပ်ဆိုးချင်တာပဲ။ ကလေးဆိုးကြီးလိုပဲ။ စိတ်ကူးလည်း သိပ်ယဉ်တာပဲ။ သူက ကဗျာဆရာတဲ့။ နန္ဒာကလည်း ကဗျာကြိုက်တော့ သူ့ မြန်မာကဗျာတွေ လိုက်ဖတ်ရတာပေါ့။ ပထမတော့ နားမလည်ပါဘူး။ မြန်မာစာကို ဖတ်လေ့ မရှိတော့ သိပ်မနားမလည်ပါဘူး။ ဖတ်ဖန်များတော့လည်း သဘောပေါက်လာတယ်။ မြန်မာကဗျာလေးတွေကို ချစ်လာတယ်။ မြန်မာစာ ယူတဲ့ သူငယ်ချင်း မိန်းကလေးတွေကိုတောင် ကပ်ရတယ်။ သူတို့ကတော့ ပြောင်တာပေါ့။ လင်းနဲ့ နန္ဒာ့ကိုပဲ ပေးစားနေကြတော့တာပဲ။

သူ... သူ ကတော့ ကဗျာပဲ စပ်ပြီး နန္ဒာ့ကို ပြတတ်တယ်။

မောင်နှင့်တွေ့လျှင်
ချမ်းမြေ့ပျော်လည်း၊ သူ ဝမ်းနည်းပြန်
မသဲမကွဲ၊ နှစ်ယောက်တည်းပင်
မိုးဖွဲနုညက်၊ ဆံနွယ်ခက်ကြား
တစ်စက်တစ်စက်၊ လျောသက်တွယ်ခို
ညို့ညို့လဲ့မှောင်၊ ကော့မျက်တောင်မှ
ဝေ့ယောင်သီဝဲ၊ မျက်ရည်ပဲလား
မသဲမကွဲ၊ မိုးရေပဲလား
ဆိုရဲခက်ခက်၊ မမေးရက်လို့
ပင့်သက်ပူနွေး၊ မှိုင်မောငေးဆဲ
နွဲ့ထွေးနှမ၊ ပြုံးအေးမြတော့
နောင်တနောက်ကျ ရပြန်သည်။

နန္ဒာက ဘာပြောရမည်လဲ၊ နန္ဒာက ရင်ခုန်သည်ကို ထိန်း၍၊ အသံလည်း မတုန်အောင် ကြိုးစား၍ နှစ်သက်ဖူး၊ ကျက်ဖူးသော ဂျာမန်ကဗျာများကို ရွတ်ပြရပြန်သည်။
လင်းက “ကျွန်တော့်ကို ဂျာမန်လို သင်ပေးပါလား”လို့ ပြောပြန်တော့ နန္ဒာက ရယ်မောမိပြီး...
“အကြာကြီး သင်ရမှာ၊ သူကလည်း”
“တစ်သက်လုံးပေါ့”လို့ သူက မထိတထိ စတတ်သေးတော့ အဲသည်တုန်းက အသက် ၂၃ နှစ်ရွယ်။ ကိုကိုနဲ့ပဲ ယူရတော့မည့် မြနန္ဒာသည် တကယ်တော့ လောကကိစ္စ ဘာမှ နားလည်သည် မဟုတ်သဖြင့် မျက်နှာနီနီဖြင့်သာ ပြုံးနေရပြန်သည်။

“သူ တကယ် သင်ချင်တာလား”လို့ တောင် မမေးတတ်ပါဘူး။ သူ ... သူကတော့ ကဗျာစပ်နေရရင် ကျေနပ်နေနိုင်တဲ့ သူပေါ့နော်။ သူ့ကဗျာတစ်ပုဒ် နန္ဒာ ရပါသေးတယ်။

ပြတင်းဝမှ
ညနေငှက်ပြာ၊ မောင်နှံလာပြီး
ယှက်ဖြာလွန့်လူး၊ ထင်ရှူးရွက်ကြား
စကားတိုးတီး၊ ပြောမပြီးဘူး
နှုတ်သီးတေ့ဆက်၊ လည်ချင်းယှက်ဆဲ
တစ်ရက် တစ်ရက်၊ လှည့်စားခက်ခဲ့
ချစ်သက်ကျွမ်းဝင်၊ နေလိုက်ချင်လည်း
သခင်နှမ၊ နှင်းဆီမြပွင့်
အလှပျက်မည်၊ စိုးနှောင့်သည်ကြောင့်
နှုတ်ခြည်မလွန်၊ မောင့်တာဝန်ပင်
မပန်ဆင်ရက်၊ မတပ်မက်ရဲ
သစ်ရွက်ကြွေတော၊ အင်းလျားကြော၌
မမောပန်းသော၊ ရေပြင်လျောစီး
လှေမျောတက်မဲ့၊ လည်ချင်းနွဲ့မှီ
တစ်လှည့်စီမွှေး၊ လက်ချင်းထွေးဆုပ်
ငှက်တေးချိုပျား၊ ပန်းစကားကို
ပြောကြားမဆုံး၊ နှစ်ယောက်လုံးပဲ
အပြုံးလှယ်ကြ၊ ရယ်မောကြဖြင့်
တစ်ဘဝမျှ နေချင်သည်။

သည့်နောက်တော့ သူတို့ နှစ်ယောက်သည် အင်းလျားကန်ဘေး၌ ကဗျာ ဖတ်ရုံ မဟုတ်တော့ဘဲ ဘူးသီးကြော်ဆိုင်၊ ကြံရည်ဆိုင်များမှာ ထိုင်လာကြသည်။ မြနန္ဒာရဲ့ နေ့လယ်စာ ခြင်းတောင်းသည် ကားထဲမှာ အရာမယွင်း နေခဲ့သည်။ ပန်းသီး၊ စပျစ်သီးများ ပါလာရင်တော့ စားဖြစ်ကြသည်။

မိုး သိပ်ပြီးသည်းသည့် အခါမျိုးမှာတော့ မြနန္ဒာသည် ပျော်ရွှင်လျက်က မိုးခိုချင်လာပြီး ဂျပ်ဆင် ဘုရားရှိခိုးကျောင်းဝသို့ ပြေးဝင်လာတတ်သည်။ လင်က သူ့ ထီးကောက်ကြီး ဖွင့်လျက်သား တလွင့်လွင့်ဖြင့် အပြေးကလေး လိုက်တတ်သည်။ ပြီးတော့ သူတို့သည် အပူအပင် မရှိသည့် ကလေးသူငယ်များသဖွယ် ရယ်ပြီးရင် ရယ်ရင်း ရှိကြပြန်လေတော့သည်။

သူဌေးမျိုးလည်းဖြစ်ပြန်၊ တိုင်းမင်းကြီးသမီးလည်းဖြစ်ပြန်၊ အလှမှာလည်း စာဖွဲ့ရပြန်သည့် မြနန္ဒာနှင့် ငယ်ရွယ်သော၊ လောကီ မဆန်သော ကျောင်းသားသစ် ကဗျာဆရာ လင်းထင်တို့ တွဲဖက်မိဟန်သည် တက္ကသိုလ်၌ သတင်းလျှံ၍ မဆုံး။

မြနန္ဒာက ရှက်ပေမည့် သည်လို အလျင်က မလုပ်ဖူးတာတွေ လုပ်ရတာကို သဘောကျလို့နေ၏။ ကမာရွတ်ထိပ်အထိ လမ်းလျှောက်လာပြီး အပြန်ကျတော့ တိုးတိုးဝှေ့ဝှေ့ဖြင့် ဘတ်စကား တက်စီးရတာတွေ၊ ထမင်းသုပ်သည် အဒေါ်ကြီးက သူတို့ကို မြင်လျှင် “ဟော သမီးနဲ့သား လာပြီ”လို့ နှုတ်ဆက်တတ်တာတွေ၊ စံရိပ်ငြိမ်ဘက်ကို ထွက်ကြတော့ စံပယ်ရုံက စံပယ်ဖူး လေး ငါးဖူးကို လင်းက ခိုးခူးပေးတတ်တာတွေ။

ဆိုးနွဲ့ချင်တဲ့ လင်းက တစ်ခါ ရုပ်ရှင် အတူကြည့်ဖို့ ပူဆာသည်။ နန္ဒာကလည်း ရုတ်ခနဲ ဖြစ်ပေါ်သော စိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့သည် ရုပ်ရှင်ကြော်ငြာတော့ သေသေချာချာ မကြည့်ဘဲ နီးရာ ရုပ်ရှင်ရုံသို့ ဝင်လိုက်ကြရာ တစ်ဇာတ်လုံး လက်ဝှေ့ထိုးနေသော လက်ဝှေ့သမား၏ ဇာတ်ထုပ် ဖြစ်နေပါလေတော့သည်။ ရုပ်ရှင်လည်း ပြီးရော ဟမောလိုက်တာ၊ ကြည့်ရတာ”လို့ ပြိုင်တူ ဆိုကြပြီး ရယ်မောရ၏။ မှတ်မိတာပေါ့၊ အဲသည် တစ်ခဏမှာ မိုးတွေ ညို့မှောင်မည်းပိန်းလာပြီး ရွာချတာ။ လင်းရဲ့ လက်ချောင်းများ တုန်ယင်နေသည်ကို မြင်ရ၏။

လင်းက “ရှုပ်ပါတယ် နန္ဒာရယ်။ နောင်တစ်ရုံ ဆက်ကြည့်ရအောင်”တဲ့။
နန္ဒာက ထိတ်လန့်နေသည်။ ညနေ ၄ နာရီ မထိုးသေးပေမည့် မီးတွေ ထွန်းလာပြီး ညလို မှောင်လာတော့ ရင်ထဲ တဒိန်းဒိန်း မြည်အောင် ကြောက်လန့်နေသည်။
“ဟင့်အင်း၊ သူကလည်း မိုးချုပ်သွားမှာပေါ့၊ ၆ နာရီခွဲမှ ပြီးမှာမဟုတ်လား”
“မိုးတွေ လေတွေကလည်း အရမ်းပဲ။ တော်တော်နဲ့ တိတ်မှာ မဟုတ်ဘူး။ နန္ဒာ့ကိုလည်း မိုးတွေ ပက်ကုန်ပြီ၊ သည်နားတိုး”
သူတို့ ခဏ စောင့်နေကြပြီး မိုးက ထပ်သည်းလာပြန်သည်။
“မထူးပါဘူး၊ ရုံထဲ ဝင်နေတာကမှ နွေးဦးမယ်။ ဘယ်ကားဖြစ်ဖြစ် ဝင်ကြည့်ရအောင် နန္ဒာရယ်”
မြနန္ဒာသည် မိဘ မပါဘဲ ညနေစောင်းတောင် အပြင် မထွက်ဖူးသော ဓလေ့ကြောင့် ချွေးပြန်အောင် ကြောက်နေသည်။ ဟန်လုပ်၍ ဖုံးကွယ် နေသည်။ ရုပ်ရှင်တစ်ပွဲ ထပ်ကြည့်နေလိုက်လျှင် သူ့ဘဝ တစ်မျိုးတစ်ဖုံ ဖြစ်သွားမည်လို့ ထင်သည်။ မိုးချုပ်သွား၍ အိမ်မပြန်ဝံ့ဘဲ  လင် နောက်လိုက်ရသည့် ဇာတ်လမ်း တစ်ခုကို သတိရနေပြန်သည်။ ပြီးတော့ လင်းနှင့် နန္ဒာက သူငယ်ချင်း မောင်နှမမျှသာ မဟုတ်ဘူးလား။ သူတို့သည် အိမ်အကြောင်း၊ ကလေးအကြောင်း၊ ပိုက်ဆံအကြောင်း၊ အလုပ်အကြောင်း ပြောခဲ့ဖူးသည် မဟုတ်။

ထိုတစ်ခဏ အတွင်းမှာ ကံကြမ္မာသည် မိုးကို ဖြုန်းခနဲ တိတ်စေလိုက်ပြီး သူတို့နှစ်ယောက် ကျောင်းကို ပြန်လာကြသည်။ မိန်းကလေးများ နားနေ အခန်းရှေ့၌ ပါပါနှင့် မာမာသည် အိမ်က ကားတစ်စီးဖြင့် ရောက်လာပြီး စောင့်နေသည်။ ဣန္ဒြေမပျက်ပင် မြနန္ဒာ့ကို အိမ်သို့ ကြိုသွားကြသည်။

လင်းကို သူတို့ မြင်လိုက်လေသလားတော့ မသိ။ လင်းကတော့ ကော်ရစ်ဒါ အကွေ့က တစ်ခါတည်း လှည့်ပြီး “ပြန်မယ်နော်”ဟု တစ်လုံးသာ ပြောနိုင်ပြီး ထွက်သွားခဲ့သည်။ အိမ်ရောက်တော့ ၅ နာရီခွဲလေပြီ။
အဲသည်တုန်းက ရုပ်ရှင် နောက်တစ်ပွဲ ဆက်ကြည့်လိုက်လျှင် ဘာဖြစ်မလဲလို့တော့ မြနန္ဒာက မကြာခဏ တွေးမိလေသည်။
မကြာခင်မှာ ပါပါက စကားစလာသည်။
“သမီးအတွက် ပါပါတို့ စီမံထားတာတွေ သတိရတယ် မဟုတ်လား”ဟု စလာသည်။
“ဟုတ်ကဲ့ ပါပါ”ဟု ဟုတ်ကဲ့ လိုက်နေကျမို့ အလွယ်တကူ ထွက်မိသည်။
“တစ်ခါမှလည်း သမီး ဘယ်သူနဲ့မှ ခင်ခင်မင်မင် မဖြစ်ခဲ့ဘဲနဲ့ သမီးရယ်”ဟု မာမာက ပြောပြန်သည်။
“ခုလည်း သမီး ဘာမှ မဖြစ်ပါဘူး မာမာ”
“ဟုတ်ပါ့မလား မြနန္ဒာ” ဟု ပါပါက အသံမာမာဖြင့် မေးလျှင် မြနန္ဒာသည် နာကြည်းသွားပြီး “ဟုတ်ပါတယ်”ဟု ပြောရမည်ကို ဝမ်းနည်း စိတ်ဆိုးလျက် ရှိသည်။


“သူငယ်လေးက မြန်မာပဲ”ဟု မာမာက စစ်ဆေးပြန်၏။
“ကျောင်းသားလား၊ ဘယ်အတန်းကလဲ၊ ဘယ်သူ့သားလဲ”
“ဘယ်သူ့သားလဲတော့ မမေးမိပါဘူး။ သူ့မှာ အဖေလည်း မရှိပါဘူး။ သူက ကဗျာစပ်တယ်။ နန္ဒာလည်း ဝါသနာပါလို့ သိကြတာပဲ။ ပါတီတစ်ခုမှာ။ နန္ဒာ့ထက်လည်း ငယ်တာပဲ။ ၃၊ ၄ နှစ် ငယ်မှာ၊ ဟိုနေ့ကလည်း ဘင်တန်ရှေ့မှာ အကြော်သွားစားကြရင်း မိုးမိနေလို့ စောင့်နေရတာ”

ပါပါနှင့် မာမာကို ပထမဆုံးအကြိမ် ဝမ်းသာအားရ လိမ်ပြောလိုက်သည်။ ရှေ့လျှောက် မေးဦးမည်ဆိုလျှင် ၀တ္ထုတစ်ပုဒ်ဖြစ်အောင်ကို လိမ်လိုက်ဦးမည်။ မြနန္ဒာသည် ပါပါနှင့် မာမာ့ကို ပထမဆုံးအကြိမ်ပဲ စိတ်ဆိုးလျက် ရှိပြန်သည်။ နန္ဒာ့မှာ ဘာအခွင့်အရေးမှ မရှိပါကလားဟု စတင် တွေးတောခဲ့ပြီး နန္ဒာ၏ ဘဝကို သူတို့ သဘောကျ၊ ကာယကံရှင်ကို လူရယ်တို့မှ အရေးမထားဘဲ ဖန်တီးနေကြပါသည်လားလို့ စတင် သဘောပေါက်ခဲ့ပြီ။ အဲသည်တုန်းကတော့ မသိတတ်သေးသည်မို့ ဘယ်လိုငြင်းဆန်ရမည်၊ ပုန်ကန်ရမည်ဆိုတာ သတိမရ။ မစဉ်းစားတတ်။ ငြင်းဆန် ပုန်ကန်ကောင်းသည်လို့ပင် မသိခဲ့။

သည်လိုဖြင့် စာမေးပွဲ နီးလာ၏။ စာကျက်ကြရ၏။ အင်းလျားရေစပ်သို့ လင်းနှင့် ဆက်လက်ရောက်မြဲ။ လှေလှော်ကြမြဲ။ ဟိုတစ်ဖက်ကမ်းသို့ ရေမကူးတတ်သော လင်းက လှော်မြဲ။ သူ သိပ်ဆိုးတာ မိုက်တာပဲ။ ပါပါကဆို ရေမကူးတတ်ရင် ရေနား မသွားရဘူးတဲ့။ ဆုံးမမြဲ။

တက္ကသိုလ်တစ်ဝိုက်မှာ နှင်းတွေမှုန်လာပြီ။ စာမေးပွဲ ဖြေလိုက်ကြရ၏။ လင်းက ကျောင်းပိတ်ရက် ဘယ်လို တွေ့နိုင်ကြမလဲ ဆိုတာသာ ပြောနိုင်သည်။ ပါပါတို့ စီမံလေသမျှမှာ မြနန္ဒာကို သိစေသမျှသာ၊ သိစေချင်သော အချိန်ကျမှသာ သိရသည်။ ရခိုင်က ပြန်လာတော့ စာရေးလိုက်မယ်လို့သာ ဝန်ခံနိုင်၏။ လင်းရဲ့ လိပ်စာကို အလွတ်ကျက်၏။ စာမေးပွဲ ဖြေဆဲ ခဏတစ်ဖြုတ်မျှသာ တွေ့ကြပြီး ခွဲခွာကြရ၏။

ရခိုင်က ပြန်လာသော် မြနန္ဒာသည် ကိုကို့မယား ဖြစ်ခဲ့ပြီ။ နဂို ရည်ရွယ်သလို မဟုတ်ဘဲ ရခိုင်တွင်ပင် အကျဉ်းချူံး၍ လက်ထပ်ပေးလိုက်၏။ ကိုကို ပြန်လာတာတောင် လက်ထပ်ခါနီးမှ သိလိုက်ရ၏။ ပြီးတော့ ကိုကိုနှင့် လိုက်သွားရမည်တဲ့။ ကိုကိုက အင်္ဂလန်သို့ ကူးပြောင်းပြီး ဘွဲ့ယူဦးမည်။

လင်းကို စာမရေးလိုက်တော့ချေ။ ဘာလုပ်မှာလဲ။ လင်းထင်ဆိုတဲ့ လေး၊ ငါး၊ ခြောက်လ ခင်မင်လိုက်ရတဲ့ ကျောင်းသားသစ်ကလေးဟာ မြနန္ဒာ ကောလိပ် ကျောင်းသူဘဝရဲ့ ချစ်ချင်သူတို့ ဝိုင်းဝိုင်းလည်နေသည့် အကြားက လှပ လွမ်းဆွတ်ဖွယ်ကောင်းသော ကဗျာတစ်ပုဒ်မျှသာ ဖြစ်ည်။ အိပ်မက်မှန်း သိသာလှသော ချောကလက်ရောင်၊ အပြာရောင် နှင်းဆီပွင့်သည် အိပ်မက် တစ်ပိုဒ်မျှသာ ဖြစ်သည်။ ဘာမှ မည်မည်ရရ ရှိခဲ့သည် မဟုတ်၊ ကဗျာ ရွတ်ကြသည်။ ရောက်တတ်ရာရာ ပြောကြသည်။ လှေလှော်ကြသည်။ အကြော် စားကြသည်။ မိုး ခဏ ခဏ မိကြသည်။ အတူနေရသမျှ ပျော်ရွှင်လှသည်။ ဒါပဲ။

xxx

သို့သော် အိပ်မက် မဟုတ်သော၊ ကဗျာမဟုတ်သော၊ ကိုကိုနှင့် လက်ထပ်ရသော ဘဝဦးမှာတော့ ညတိုင်း မြနန္ဒာ အိပ်ဆေးသောက်ပြီးမှ အိပ်ရာ ဝင်နိုင်သည်။ (မြနန္ဒာ ရှန်ပိန်သောက်၍ မူးမှ အိပ်ရာဝင်နိုင်သည်။)
၀မ်းနည်းစရာလည်းကောင်း၊ ရယ်စရာလည်းကောင်းပြီး၊ တစ်နည်းအားဖြင့်တော့လည်း ပျော်စရာ သို့မဟုတ် ရယ်စရာပါ ကောင်းသည့် အိမ်ထောင်ဦး ညများပါပဲ။
လန်ဒန်မသွားခင် ရန်ကုန်မှာ လေးလမျှ နေကြ၏။ နေ့စဉ် စျေးဝယ်ထွက်ကြ၏။ ရုပ်ရှင်ကြည့်ကြ၏။ အိမ်လည်ကြ၏။ ညဦးပိုင်းမှာ ညစာကို အပြင်၌ စားပြီး ကိုယ့်အပေါင်းအသင်းသာ သန့်သန့်ရှိသော ကပွဲများ၌ တစ်နာရီခန့် ကကြ၏။ ကိုကိုက သိပ်မနာလို ဖြစ်တတ်သည်။ တစ်ချိန်လုံး ညားခါစ မယားလေးနှင့် တွဲကချင်သည်။ ပခုံးလာတို့သူ ဘယ်လောက် ခင်မင် ဘယ်သူကိုမျှ ဖယ်မပေး။ မြနန္ဒာ မကြာခဏ အားနာရကာ “အိမ်ပြန်ပါစို့ ကိုကိုရယ်။ အိမ်မှာ ဓာတ်ပြားဖွင့်ပြီးပဲ နှစ်ယောက်တည်း ကရအောင်”ဟု  စိတ်ညစ်ညူးသလို ပြောလျှင် လွယ်လင့်တကူ သဘောတူ၏။ အိမ်ကြီး တစ်လုံးလုံးမှာ သူတို့နှစ်ယောက်သာ ရှိသည်။ ပါပါ၊ မာမာတို့က ဟန်းနီးမွန်းအတွက် ရှောင်ဖယ်ပေးသည့်သဖွယ် ရခိုင်မှာ နေရစ်တာ သုံးလ ကြာဦးမည်။ လန်ဒန်သို့ သွားခါနီးမှ ဆင်းလာကြလိမ့်မည်။ (ပါပါ အငြိမ်းစားယူသည်။ သမီးကို လင်ပေးစားပြီးပြီဖြစ်၍ သူ့ဘဝ လုပ်စရာ မကျန်တော့ပြီ။) ပြီးတော့ မနာလိုတတ်သော ကိုကိုက ညနေစောင်းနေလျှင် ခိုင်းစရာ အိမ်ဖော်များပင် အိမ်မှာ မနေကြစေရ။

အစကတော့ တစ်ခါမှ တစ်နာရီပြည့်အောင် စကားထိုင်မပြောဖူးသူနှင့် ဘယ်လို ပေါင်းသင်းရပါမည်လဲဟု စဉ်းစား၍မရ။ လက်ထပ်ခါနီး နှစ်ပတ်လောက်ပဲ ယှဉ်တွဲ သွားလာရ၏။ ဖိတ်ကြားကျွေးမွေးသည်ကို နှစ်ယောက်တည်း ထွက်၍ စားသောက်ကြရ၏။
ကိုကိုက စကားပြော ကောင်း၏။ ကိုကိုရဲ့ အင်္ဂလိပ်စကား အသုံးအနှုန်းများက ဆန်းပြား၏။ အမူအယာက ယဉ်ကျေးသိမ်မွေ့၏။ မိန်းမကို အရေးပေးသော အလေ့ရှိ၏။ ကားတံခါးကို မြနန္ဒာ ဘယ်တော့မှ ဖွင့်မဆင်းရ။ ပဝါနှင့် အပေါ်ရုံ အကျႌများကို ခြုံပေးတတ်၏။ သိမ်းသွားတတ်၏။ မဆိုးပါဘူးဟု အောက်မေ့လာသည်ကို မထစ်မငေါ့ မျက်နှာမနီဘဲ ပြန်ပြောနိုင်လာ၏။ ပြီးတော့ လက်ထပ်ရသည်။

သို့သော် လက်ထပ်သောနေ့၊ ညစာစားပွဲမှာ မြနန္ဒာသည် တမင် ကြိုတင် ကြံစည်တာ သက်သက် မဟုတ်သော်လည်း သည်ည သူ လူမှန်း သူမှန်း မသိအောင် မူးပစ်လိုက်ချင်သည် နေလိုက်ချင်သည်လို့ စိတ်ကူးနေ၏။ ညစာစားပွဲများစွာ မာမာနှင့် ဧည့်ခံဖူးသူမို့ စပျစ်ရည်နှင့် အကျွမ်းဝင်ခဲ့ပေမည့် မြနန္ဒာသည် ယဉ်ကျေးဖွယ်ရာသာ နှုတ်ခမ်းနှင့် ဖန်ခွက် ထိခဲ့သူ ဖြစ်သည်။ ယခုတော့ သူသည် စားစရာ တစ်ခန်းပြီး တစ်ခန်း ချလာဆဲ။ ၀ိုင္နီကိုလဲ ကုန်အောင် သောက်၏။ ၀ိုင်ဖြူကိုလဲ ကုန်အောင် သောက်၏။ ဧည့်သည်များနှင့် စကားလှည့်လည် ပြောရပြန်တော့ ပေးအပ်လာသော ကိုကို့ လက်မောင်းကို လက်တစ်ဖက်က တ>ွဲရင်းလက်တဖက်က ရှန်ပိန်ခွက်ကိုမချဘဲ ထပ်ဖြည့်သမျှကို မငြင်းမဆန် လက်ခံလျက်ရှိခဲ့သည်။

ကိုကိုကပင် ပြောရသည်။ -ဒါလင် မူးနေတော့မယ် -

“ဟဲ... ဟဲ… မူးနေပြီကိုကိုရဲ့
” လို့ သူသည် မျက်ရည် လည်နေလျက်က ရယ်ပြီးရင်း ရယ်ချင်ရင်း ဖြစ်နေကာ ကိုကို့ကို မျက်နှာ ရဲရဲ ကြည့်ဝံ့ခဲ့သည်။ ထို့နောက်တော့ သူတို့ အားလုံး ကကြပြန်သည်။ နန္ဒာသည် မူးနေကာ ကိုကို ဦးဆောင်ခေါ်ရာသို့ အကွက်ကျအောင် လမ်းလျှောက်၍ လိုက်လျက်နေသည်။ သိပ်ရယ်စရာ ကောင်းတာပဲ။ နောက်တော့ ကိုကိုက လသာဆောင်ဘက် ခေါ်လာပြီး “မကချင်တော့လို့ ဒါလင့်ကို ညာခေါ်လာတာ”လို့ ပြောကာ တောင်ထန်းပင်ကြားမှာ နန္ဒာ့ကို နမ်းသည်။ မြနန္ဒာက သက်ပြင်းများ ရှိုက်ကာ မျက်ရည်လည်လာသည်။ ငိုချင်လာသည်။ တစ်ခါတုန်းက၊ ဟိုးရှေးသရော အခါ တစ်ပါးတုန်းက သည်လိုပဲ။ နန္ဒာက ဘယ်သူ့ကိုလည်း မသိ။ လသာဆောင်ကို ညာခေါ်လာဖူးတာပေါ့။ အဲ့သည်တုန်းကတော့ တောင်ထန်းပင်တွေကြားမှာ ဘယ်သူက ဘယ်သူ့ကိုမှ မနမ်းပါဘူး။ စကားတွေပဲ ပြောနေတာပဲ။ နမ်းစရာလည်း အကြောင်း မရှိတာ။ မြနန္ဒာသည် စိတ်ကူးနှင့် စကား မကွဲပြားဘဲ ကိုကို့ကို ဗလုံးဗထွေး ဘာတွေ ပြောမှန်းမသိ ပြောသည်။ “သိပ် ဝမ်းနည်းစရာကောင်းတာပဲ ကိုကိုရဲ့”လို့ ထပ်တလဲလဲ ပြောမိတာတော့ မှတ်မိသေး၏။ ကိုကိုကတော့၊ လည်ပတ်သော ကိုကိုကတော့ သတို့သမီးရဲ့ လက်ထပ်သောနေ့မှာ စိတ်အာရုံ ထွေပြားခြင်း တစ်မျိုးလို့ ယူဆဟန်တူပြီး သဘောကျလို့ ရယ်မောနေတော့သည်။

မြနန္ဒာကတော့ ရန်ကုန်မှာ နေကြသည့် လေးလစလုံး ညတိုင်းပင် ခပ္မူးမူး ဖြစ်နေသည်။ ပါပါ၊ မာမာတို့ ရခိုင်မှ ပြန်လာပြီး တစ်လနီးပါးမျှ အတူနေရဆဲမှာတောင် ဟန်မဆောင်နိုင်။ ညစဉ် သူ ရှန်ပိန်ပုလင်းကို အိမ်ပေါ် အိပ်ခန်းသို့သယ်ပြီး မူးနေသည်။ ပထမတော့ ပါပါ မာမာတို့သည် ကိုကိုဘို ့သယ်သည်ကို ထင်ကြသည်။ နောက်တော့ မူးသူမှာ သူတို့သမီး ဖြစ်နေသည်ကို တွေ့တော့ ပါပါ၊ မာမာတို့ရဲ့ မျက်နှာထား ဖြစ်သွားပုံက သိပ် သိပ်ကို ရယ်စရာကောင်းတာပဲ။ ဓာတ်ပုံရိုက်ထားဖို့ ကောင်းတယ်။

ရန်ကုန်မှာ နေသမျှ ညစဉ် သူ မေ့မေ့လျော့လျော့ နေချင်သည်။ သတိ ပျက်ပြယ်လို့ နေချင်သည်။ သူ ဖတ်နေကျ ဂျာမန် ကဗျာစာအုပ်များ၊ ပြင်သစ် အချစ်ဝတ္ထုများကို မမြင်ရသော အောက်ထပ် စာကြည့်ခန်းသို့ ပို့လိုက်သည်။ နဂိုက အပျိုခန်း။ ခုတော့ မင်္ဂလာခန်း ဖြစ်နေသည့် အိမ်၏ ညာဘက် အဆောင်တွင်းမှာ နှင်းဆီပန်းစိုက် အိုးများသာ ပြင်ဆင် ထားပြီး အားတိုင်း ဓာတ်ပြားဖွင့်လို့ နေသည်။ အောက်ထပ် မဆင်းမိ။ ညစာ ထမင်းစားရုံသာ ဆင်းသည်။ နံနက်ပိုင်း ကိုကိုက လန်ဒန်သွားဖို့အရေး ဆေးရုံသို့ ပြေးရ၊ ရုံးပေါင်းစုံသို့ ပြေးရနှင့်မို့ မြနန္ဒာ တစ်ယောက်တည်း ကျန်ခဲ့လျှင် အခန်းထဲ စားစရာ ပို့ခိုင်းပြီး ပြတင်းက ငေးမောရင်း စား၏။ ပီယာနိုခုံ၌ ထိုင်မိလျှင် သီချင်းဖြစ်အောင် တီးလိုစိတ် မရှိ။ လက်များ လေလွှင့်ပြီး အသံလျှောက်စမ်းလျှင် ကြေကွဲ ဝမ်းနည်းသံများသာ ထွက်ပေါ်လာလေ၏။ မာမာက ဖျောင်းဖျသလို ပြော၏။

“အိမ်ထောင်ပြုတယ်ဆိုတာ လူ့ရဲ့ တာဝန်ဝတ္တရား တစ်ခုကို ဆောင်ရွက်တာ မဟုတ်ဘူးလား သမီး။ စဉ်းစားချင့်ချိန် လုပ်ရတဲ့ အလုပ်ပဲ။ စိတ်လိုက်မာန်ပါ ဘယ်လို လုပ်လို့ရမလဲ။
မာမာက ပြောပြန်၏။
“လူ့ဘဝမှာ အိမ်ထောင်ကိစ္စဆိုတာ အရေးအကြီးဆုံးပဲ။ အိမ်ထောင်ကိစ္စမှာ အကောင်းဆုံးချည်းဖြစ်အောင် မိဘ ဆွေမျိုးအားလုံး ဝိုင်းဝန်း လုပ်ရတယ်။ သားသမီးများက လိမ္မာနာခံရတယ်။ ရှေ့လျှောက် သမီး လိမ္မာနာခံစရာတွေ ရှိသေးတယ်။ သမီး ခုလို မသိတတ်တဲ့ ကလေးလို လုပ်နေလို့ ဘယ်ဖြစ်မလဲ။ လင်နဲ့မယား သည်းခံတဲ့ ပညာကို သမီး သင်ရဦးမယ်”
မာမာက ပြောပြန်၏။

“သမီးကို ကိုကို့လက်ထဲ လွှဲလိုက်ပြီ။ ကိုကို့ကို သမီး ရိုသေရမယ်။ နာခံရမယ်။ သည်းခံရမယ်။ သည်လင်ပဲ အဖေ အမေလို့ မှတ်လာရမယ်”
မြနန္ဒာက ခေါင်းတစ်ချက်မော့ကာ ဖြေလျော့သဖြင့် ခွေပျော့ညိုမောင်းသော ဆံပင်များကို ခါပစ်ပြီး “တော်သေးတာပေါ့ မာမာ။ ချစ်ရမယ်လို့ မစီမံလိုက်တာ။ အဲ့ဒီစိတ်က စီမံပေးလို့မှ မရတာနော်။ ပြောစကား နားထောင်တတ်တဲ့ စိတ်မှ မဟုတ်တာ”
မာမာက ပြုံးပြီး “ သမီး နန္ဒာက သိပ်လှတာပဲ။ ဆံပင်ကအစ လှတာ။ ခေါင်းမမာစမ်းပါနဲ့ကွယ်။ အလှ ပျက်တတ်တယ်”ဟုသာ ပြောသည်။

xxx

လန်ဒန်ရောက်၍ နေသားကျသွားလျှင်တော့ မြနန္ဒာသည် ညအိပ်ရာဝင် ရှန်ပိန်မူးအောင် သောက်ဖို့ မလိုတော့ချေ။ သူသည် ကလေး ရတော့မည်ဆိုတာကို ကြက်သီးချမ်းမြ သိရ၏။ ဘဝအသစ်တစ်ခု သူ့ကို မှီ၍ စတင်ပြီဆိုတာကို အံ့သြမဆုံးနိုင်အောင် ဖြစ်နေမိ၏။ သူ့ခန္ဓာထဲမှာ သူနှင့်တူသော သတ္တဝါလေး တစ်ခု ဖြစ်ပေါ်နေပြီတဲ့။ ဘယ်နေရာက ဖြစ်ပါလိမ့်။ မျက်စိဖြင့် ကြည့်လို့ မမြင်နိုင်သေးပေမယ့် မိခင်ရဲ့ ရင်၌ လှုပ်ရှားလေပြီ။ မြနန္ဒာသည် ကိုကို့ကိုပါ နှစ်လိုလာသည်။ ချစ်ချင်လာသည်။ ဘဝကို နှစ်ယောက်ဝေငှယူရတော့မည်လို့ သဘောပေါက်လာသည်။
ကိုကို။ ပြီးတော့ ကိုကိုနှင့် နန္ဒာတို့က ဖြစ်တဲ့ကလေးတို့သာ အရေးကြီးလာသည်။ ကျန်သမျှအားလုးတို့သည် ချောက်ချားသော အိပ်မက်မျှသာဖြစ်သည်။ မြနန္ဒာ အရူးထခဲ့တာပေါ့။ မငယ်လှသော်လည်း မသိနားမလည်တာ များခဲ့တာပေါ့။ ယခုတော့ ယခုမှ မြနန္ဒာ၏ဘဝ တကယ် စတင်သည်။ အသစ် မွေးဖွားသည်။

ထို့ကြောင့် ၇ နာရီအမီ သွားရမည့် လင်သည် ကိုကို စားဖို့ရန် မြနန္ဒာ စောစော ထတတ်လာ၏။ နံနက်စာ စားသွားဖို့ နွားနို့ ကျိုရ၏။ ကြက်ဥနှင့် ဝက်ပေါင်ခြောက် ကြော်ရ၏။ ပေါင်မုန့်ကင်ကာ ထောပတ်သုတ်ရ၏။ ကိုကိုကြိုက်ရာ ရွေးစားနိုင်ရန် ပြောင်းဖူးလှော်ထုပ် စက္ကူဘူး ၃၊ ၄ မျိုး ဝယ်ထား၏။ ပြီးတော့ ကိုကိုနှင့်အတူ စားသောက်ရင်း လင်သည်မျက်နှာကို တစိမ့်စိမ့်ကြည့်တတ်လာသည်။ ကိုကို့ကို ပိုင်စိုးပိုင်နင်း ပြောတတ်လာသည်။ မနာလိုတတ်လာသည်။ ကိုကို တစ်ယောက်တည်း စာကျက်နေသည်ကို မနှောင့်ယှက်မိရန် မနည်း ချုပ်တည်းရသည်။ စိတ်ဆိုချင်သည်ကို တရားဖြင့် ဖြေရသည်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်။ သို့ပေသည့် အဖိုအမ အတူတွဲ နေထိုင်ခြင်းဆိုတာ အံ့သြဖွယ်ကောင်းအောင် လူ့ဘဝကို ပြောင်းလဲစေလိုက်သည် ထင်သည်။ ဒါမှမဟုတ် မြနန္ဒာက မိန်းမ ဖြစ်လို့လား မသိ။ ပြီးတော့ အတွေ့အကြုံ အင်မတန် နည်းလှတဲ့ မိန်းကလေး။ မမြင်ဘူးလို့လား မူးမြစ် ထင်တယ်ဆိုဆို အချစ်ဆိုတာ လင်နဲ့မယားမှာသာ ရှိနိုင်တာပါဟု တွေးတောစ ပြုလာသည်။

လန်ဒန်မှာ နေကြတာ သုံးနှစ်အချိန်မှာ မြနန္ဒာ အပျော်ရွှင်ဆုံးလို့ ဆိုရမလား။ ပါပါ၊ မာမာ တို့လက်က လွတ်လာပြီး ကိုကိုနှင့် သွားလာ လည်ပတ်ရတာတွေ ပျော်စရာကောင်းတာ အမှန်ပဲ။ မြနန္ဒာ လူကြီးဖြစ်လာသော နှစ်များပါပဲ။ ရန်ကုန်မှာလို၊ ခိုင်းစရာ လူတွေ အလယ်မှာလို ငေးမောနေလို့ မရ။ ဘာမဆို သာမန် ဆင်းရသားများလို ကိုယ်တိုင် လုပ်ရ၏။ နံနက်စာ နှစ်ယောက်စာ ချက်ရ၏။ နေ့လယ်စာတော့ ကိုကိုက ဆေးရုံမှာ စားသည်မို့ မြနန္ဒာသည် ကိုယ့်ဖို့သာ စီမံရ၏။ တစ်ယောက်တည်းဆိုတော့ သိပ်ဒုက္ခ မခံတော့ဘဲ သစ်သီးများ စားလိုက်၊ ချော့ကလက် စားလိုက်၊ ကိတ်မုန့် စားလိုက်ဖြင့် နေသည်။ မြန်မာ ထမင်းဟင်းကို သူ မစုံမက်။ ညနေကျတော့ ထွက်ဝယ်စားကြတာ များ၏။
(မာမာ၊ ပါပါတို့က အစိုးရထံက လဲရသမျှငွေကို အစဉ်ပို့နေ၏။ ကိုကိုကလည်း ဆေးရုံက အနည်းအကျဉ်းရ၏။)

သူတို့ ကပွဲ သွားကြ၏။ ဆောင်းဦးပေါက်တိုင်း ပွဲကြည့်ကြ၏။ မြနန္ဒာ ပြဇာတ်နှင့် ဂီတပွဲရုံများကို မလွတ်တမ်း ကြည့်သည်။ ကိုကို လိုက်မပို့နိုင်လျှင်တောင် တစ်ယောက်တည်း သွားတတ်လာတတ်ပြီမို့ မလွတ်တမ်း သွားခဲ့သည်။ ပီယာနို တီးသည် ပွဲများဆိုလျှင် တမက်မောမော နားထောင်ရသည်။ ပြီးတော့ ပီယာနိုတစ်လုံး ဝယ်လိုက်ပြီး ပြန်လည်လေ့ကျင့်ရသည်။

သားဦးကို မွေးဖွားတော့ တော်တော် ခက်တာပေါ့။ သားကို ၁၀ ရက် စောမွေးတာမို့ ကိုကိုလည်း မရှိ။ ကိုကိုက အဲသည်တုန်းက ပါရီကို သူငယ်ချင်း အပေါင်းအသင်းများနှင့် ခဏ ခဏ သွားတတ်သည်။

မြနန္ဒာ လိုက်ချင်တာကို အတင်း ထားခဲ့တတ်သည်။ စိတ်ကောက်လျှင် ရယ်မော၍ ခံသည်။ မြနန္ဒာကတော့ အဲ့သည်တုန်းက လောကီရေး၌ မသိ နားမလည်။ ကလေးသဖွယ်မျှသို့ ဘာမျှ မရိပ်မိ။ လင်ကို ချစ်ပြီး သားကို ချစ်ဖို့လောက်သာ သိသည်။ လင်နှင့် သားကလွဲ၍ အားလုံးကို မေ့ဖို့လောက်သာ သိသည်။

သားဦးကို ဗိုက်ခွဲ မွေးရမလိုတောင် ဖြစ်လေသည်။ ပြီးတော့ မေ့ဆေးပေးပြီး ညှပ်ဆွဲ မွေးကြရ၏။ မြနန္ဒာ မျက်နှာကို မေ့ဆေးပေးမယ်လို့ အုပ်ဆောင်းဖြင့် အုပ်တာကို ရုန်းဖယ်လို့ချည်းနေမိ၏။ အနာ သက်သာအောင် ဆေး လာလာထိုးပေးထားသဖြင့် လူမှန်းလည်း မသိတသိ ဖြစ်နေပြီး၊ ဝေဒနာသာရှိသည့် အိပ်မက် မက်နေသလို ခံစားရ၏။ ဓာတ်မှန်လည်း ခဏ ခဏ ရိုက်နေရသည်။ ဓာတ်မှန် ခဏလေး ရိုက်ဖို့ အငြိမ်နေနိုင်။ တွန့်လိမ်လူးလှိမ့်နေရ၏။ ရိုက်သူကို ရိုက်ခါနီးတိုင်း ရိုက်လို့မရဖြစ်နေသဖြင့် အားနာပြီး ဘာတွေ ပြောမှန်းမသိ၊ တောင်းပန်ပြီးလည်း နေမိသည်။ အဲသည့် အင်္ဂလိပ်ကလေးက သေးသေးသွယ်သွယ်ကလေး။ မြနန္ဒာလောက်တောင် အရပ်မရှည်ဘူး ထင်သည်။ အသက် ၂၀ လောက်ပဲ ရှိမည်။ မိန်းမလျာကလေးလိုပဲ။ သဘောကတော့ အင်မတန် ကောင်းပုံပဲ။ သူက မြနန္ဒာ သနားနေသည်။

“ရေမွှာ ဖောက်ပစ်လိုက်တော့မယ်”လို့ ဆရာဝန်ပြောသံ ကြားလိုက်၏။ မျက်နှာကို လာအုပ်သော မေ့ဆေးရည် ဆွတ်ဖျန်းသည့် အုပ်ဆောင်းကို မွန်းလှသဖြင့် မျက်နှာ ဟိုလှည့်သည်လှည့်ဖြင့် ရှောင်ဖယ်ဆဲ။ လက်က အကြောကို လာစမ်းကြ၏။ ပြီးတော့ ဆေးထိုးလိုက်၏။ ခဏချင်းပင် မြနန္ဒာ၏ လက်များသည် ပြုတ်ကျသွားသလို အစိုးမရဖြစ်ပြီး မေ့လျော့သွားခဲ့၏။

တစ်ချက်နိုးလာတော့ ဆရာဝန်သည် မြနန္ဒာ၏ ခြေရင်းမှာ ကျကျနန ထိုင်ပြီး ချုပ်လုပ်နေသည်။ ကပ်ကြေးသံ၊ ညှပ်သံ ကြားလိုက်သေး၏။ ဆရာဝန်၏ အဝတ်ဖြူများကြားမှ (အဲသည်တုန်းက ခွဲစိတ် ကုသသော ဆရာဝန်တို့သည် ယခုလို အစိမ်း မဝတ်ကြသေး။) မျက်လုံး နှစ်လုံးသာ ပေါ်သည်ကို သတိပြုမိ၏။ ကိုကို့ကို သတိမရချေ။ လောကမှာ မြနန္ဒာ တစ်ယောက်တည်းသာ ရှိသည် ထင်လေသည်။ သားလေးကို နည်းနည်း သတိရ၏။ ပြီးတော့ ပြန်လည် မေ့သွားပြန်၏။ မကြာခဏ သေဆုံးပြီး အသစ် မွေးဖွားနေပြန်၏။

တစ်ခါ နိုးလာပြန်တော့ မြနန္ဒာသည် ဆေးရုံခန်းထဲ ပြန်ရောက်နေသည်။ သားကလေးသည် ဘေးက ပုခက်ကလေးထဲမှာ ဇာအုပ်ထားသည့်ကြားက ခြေကလေးဖြင့် လှမ်းကန်နေဟန်၊ တလှုပ်လှုပ်ဖြင့်နေသည်။ ချက်ချင်းပင် ဆရာဝန် ရောက်လာပြီး ကလေးကို ကောက်ချီပြီး မြှောက်ပြသည်။ ဆရာဝန့် ကိုယ်မှာ သွေးစသွေးနများ ပေရေလျက် ရှိသေး၏။ ဆရာဝန့် မျက်နှာမှာ သွေးစက်ကလေးများ ခြောက်နေသည်ကို မြင်လိုက်ရ၏။ ဆရာဝန်သည် ကိုကို၏ သူငယ်ချင်းလို နေသော ဆရာပေါက်စဖြစ်သည်တဲ့။ သူက “ကိုကိုဟာ အင်မတန် ကံကောင်းတဲ့ သူပါ”လို့ ချီးမွမ်းလေသည်။ သည်လို သဘောကောင်းတဲ့ မယားနဲ့၊ အမေတူ လှပတဲ့ကလေးကို ရလို့တဲ့။

အဲသည်တုန်းက စိတ်အထင့်သား။ ဘာဖြစ်လို့ မြနန္ဒာဟာ သဘောကောင်းတဲ့ မယား ဖြစ်ရပါလိမ့်။ သဘောကောင်းသူလို့ ထင်ခဲ့သည်။ ကိုကို့ကို ပါရီမြို့မှ လေယာဉ်ပျံဖြင့် ချက်ချင်းပြန်ခဲ့ပါလို့ သံကြိုးမရိုက်ချင်တာကို ဆိုလိုတာလား။

ဆရာဝန်ကလည်း မြနန္ဒာကို သနားနေသည်။
တကယ်တော့ သနားစရာဆိုတာ မြနန္ဒာမှာ မရှိပါလို့ ထင်ခဲ့သည်။ ဝေဒနာ ပိုမို ခံစားရလို့ သနားကြတာလို့ ထင်ခဲ့သည်။ တကယ်တော့ မြနန္ဒာသည် ကိုယ့်ကိုယ်ကိုယ် သည်လောက် သတ္တိကောင်းမည်လို့ မထင်ခဲ့။ ကလေး မွေးရမှာ၊ နာကျင်ရမှာကို သူအမြဲ ကြောက်ခဲ့၏။ (ငယ်ငယ်တုန်းက ကျောင်းမှာ ဘယ်သူနှင့်မျှ ရန်မဖြစ်ရဲ။ မသတ်ပုတ်ဖူး။ သူငယ်ချင်းစွာစွာများကို မုန့်ပေး၊ ပိုက်ဆံပေး၊ ခဲတံ၊ စာအုပ် ပေးပြီး ပေါင်းခဲ့ရ၏။) ကလေးမွေးရလျှင် တကယ့် အချိန်မှာ သူသည် ငိုယို နေမိမည်လို့ ထင်၏။ ယခုတော့ လေး၊ ငါးရက်မျှ မမွေးနိုင်ခင် သူသည် မျက်စိ မဖွင့်နိုင်၊ အစားအစာ မစားနိုင်။ လောက၌ ရှိသမျှကို မေ့လျော့၍ ဝေဒနာ အာရုံသာ ပြင်းစွာထင်ဆဲ။ တစ်ချက်မျှ မညည်းညူ မအော်ဟစ်မိ။ ပါပါတို့ စီမံရာကို ခေါင်းငုံ့ခဲ့သလို၊ ဘဝက ပေးသော ဒဏ်ရာကိုလည်း ခေါင်းငုံ့ခံတတ်တာ ဖြစ်ပါလိမ့်မည် ကိုကို။ လက်ဆွဲထားစရာ ကိုကိုလည်း မရှိ။
လူ့ဘဝ၌ တစ်ချက်မျှ ကောင်းကောင်း နေဖူးပြန်ပြီလေ။
ထိုအချိန် အနားမှာ ကိုကို မရှိ။ တိုက်ပွဲ၌ ဆရာဝန်ကိုသာ အားကိုးခဲ့ရ၏။ ရင်းနှီးသော အဖော်ဖြစ်ခဲ့ရ၏။ လင်သည်ဖြစ်ရုံမက ဆရာဝန်ပါ ဖြစ်သော ကိုကိုက မယား ကလေးမွေးစဉ် အနားမှာ မရှိနိုင်အောင် ပါရီမြို့၌ ဘယ်လို အလုပ် များနေသည်ဆိုတာတော့ နောက် သုံး၊ လေးနှစ်မှာမှ ပြန်လည် ရိပ်မိရ၏။ အဲသည်လောက် မသိနားမလည်လိုက်သည့် မြနန္ဒာပါ။
မသိနားမလည်သေးသည့် မြနန္ဒာသည် ကိုကို့ကို သံကြိုးရိုက် အကြောင်းကြားရာ၌ အေးအေးဆေးဆေးမှ ပြန်လာဖို့၊ အလျင်မလိုဖို့ ပြောလိုက်သေး၏။ သို့သော် ကိုကိုက ချက်ချင်းပြန်လာ၏။ သစ်ခွပန်းရောင်စုံ တစ်ပွေ့ကြီးနှင့် ဝင်လာ၏။ မြနန္ဒာက နှင်းဆီကို ပိုကြိုက်သည်။ အလှမှာရော၊ ရနံ့မှာရော နှင်းဆီကို ဘယ်ပန်းမှ မသာနိုင်ဘူး ထင်သည်။ ကိုကိုက သစ်ခွပန်းများက ပိုစျေးကြီးသည်လို့ ဆိုသည်။
သို့ပေမည့် သည်နောက်တော့ ကိုကိုသည် နှင်းဆီရော၊ သစ်ခွရောမဝယ်လာတော့ချေ။
မြနန္ဒာက သားဦးကလေးနှင့် ရူးနေသည်။ ကလေးနှင့် ပြိုင်ပြီး လောကကို အသစ်မြင်သည်။ အသစ် မွေးဖွားသည်။ အသစ် ကြီးထွားသည်။ ကလေးကောင်းကောင်း လမ်းမလျှောက်နိုင်ခင် နှစ်နှစ်ကျော် သုံးနှစ်လောက် အိမ်မှာပဲ ကုပ်နေသည်။ လက်တွန်းလှည်းကလေးဖြင့် လမ်းထိပ်လောက်ထွက်တာပဲ ရှိမည်။ ကိုကိုက ညစာ အပြင်ထွက်စားမြဲ စားကာ မြနန္ဒာကလည်း လင်ကို ယခင်ကလောက် ဂရုမစိုက်နိုင်တော့။ မအားတော့ဘဲ သားဦးကလေးနှင့် ရူးနေသည်။
အဲ့ဒါ နန္ဒာ မိုက်တာလားမသိ။ ကလေး ကြည့်မည့်သူကို တစ်နာရီ ၃ သျှီလင်လောက် ပေးကြည့်ခိုင်းပြီး ကိုကိုနဲ့ ထွက်လည်မြဲ လည်ခဲ့ဖို့ကောင်းသလား မသိ။
သို့သော် ကလေး သုံးနှစ်သားအရွယ်လောက် အပြင်ခေါ်နိုင်တဲ့အချိန်လည်း ရောက်ရော ကိုကိုသည် မြနန္ဒာတို့ သားအမိကို အချိန်များစွာ မပေးနိုင်တော့ချေ။ သူ့မှာ ဆေးရုံ အလုပ်ရှိသည်တဲ့။ စာတစ်ဖက် ကျက်ရမည်။ ကျောင်းတက်ရမည်တဲ့။ ညတာဝန်တွေကလည်း များလှပါဘိ။ အဲ့သည်တုန်းကတော့ ကိုကိုဆိုတဲ့လူဟာ မယားနဲ့ သားကလေးကို အိမ်ခန်းတစ်ခုမှာ ထားခဲ့ပြီး ယောက္ခမပို့တဲ့ ပိုက်ဆံနဲ့ ပညာသင်ရင်း သူနာပြုမကလေးတွေ၊ လက်နှိပ်စက် စာရေးမကလေးတွေကို ညစာကျွေးပြီး သူတို့ရဲ့ အိပ်ခန်းမှာ စံမြန်းနေတာ  မြနန္ဒာက မသိခဲ့။
ချစ်ကြိုက်ပြီး ယူခဲ့ရတဲ့ လင်သာ သည်လိုလုပ်ရင် သိပ်စိတ်နာမှာပဲဟု မြနန္ဒာက အစဉ်တွေးတတ်၏။ ချစ်ကြိုက်ပြီး ယူခဲ့တဲ့ လင်ကတော့ သည်လို လုပ်မှာလား မသိ။ ချစ်ကြိုက်ပြီးမှ ယူဖူးတဲ့လင်မှ မရှိတာ ဘယ်သိနိုင်မလဲ။ ပြီးတော့ ကိုကို့ကို ချစ်ချင်လာတုန်း၊ အချစ် မကျွံခင်တုန်း သိလိုက်ရတာ တော်ပါသေးရဲ့။ ခုတောင် ငိုလည်း ငိုချင်၊ ရယ်လည်း ရယ်ချင်နဲ့ တစ်မျိုးကြီးပါ မာမာရယ်။
မာမာတို့ကို လှမ်းပြီး တိုင်တောလိုက်တော့ စာရှည်ကြီး ပြန်ရလေသည်။ မာမာ့ အဆိုအရ ယောကျ်ားဆိုတာ အရက်၊ လောင်းကစားနဲ့ မိန်းမ ဆိုတာ တစ်ခုမဟုတ် တစ်ခု ဝါသနာ ပါတတ်တယ်တဲ့။ ကောင်းပါပြီ။ မိန်းမ ဆိုတာကော။ အရက်၊ လောင်းကစားနဲ့ ယောကျ်ားဝါသနာပါလို့ မရဘူးလားဟု နာနာကြည်းကြည်း တွေးတောမိ၏။ မာမာရဲ့ ယောကျ်ားသာလျှင် အဓိက၊ ဘဝ၏ဘုရား ဆိုတဲ့ ဇာတ်တော်ထဲမှာတော့ နန္ဒာက စိဥ္စမာန ဖြစ်နေမှာပေါ့နော်။ နန္ဒာက ကိုကိုရဲ့ အဆာင်အယောင်မျှသာ၊ အလှထားသည့် ပစ္စည်းတစ်ရပ်မျှသာ။ ဒါ့ကြောင့် ပြောရက်တာပေါ့။ လူကို သက်မဲ့ ပစ္စည်းကျနေတာပဲ။ ပါပါတို့ လက်က ကိုကို့ လက်ကို လွှဲပေးလိုက်ပြီတဲ့။ အရက်၊ လောင်းကစားနှင့် မိန်းမဆိုတာကိုလည်း လူ့လောကရဲ့ တန်ဆာ မင်္ဂလသုတ်ကျနေတာပဲ။ လူတောထဲ ထည့်ပြောနေလိုက်တာ။
ကိုကိုနှင့် မကြာခဏ ရန်ဖြစ်ကြသည်။ မိန်းမတကာနှင့် အိပ်လာသော ကိုကို့ကို ရွံရှာလှ၏။ ရှန်ပိန်မူးပြီးတောင်မှ လက်မခံနိုင်တော့။ မြနန္ဒာကို မာမာကသာမက လောကီကိစ္စ လူပါးဝကြကုန်သော လူအများကတော့ ပြင်းထန်လှချည်ကလားလို့ ထင်အားမည်။ ကိုကို အခန်းတွင်း ဝင်လာလျှင် မြနန္ဒာသည် ကလေးကို ကောက်ချီ၍ ဧည့်ခန်း ဆိုဖာပေါ်မှာ အိပ်သည်။
“ကိုကိုဟာ မိန်းမ လိုက်စားသူသာ ဖြစ်ပါတယ်နော်။ မုဒိမ်းကောင်တော့ မဟုတ်ပါဘူးနော်”လို့ ပြောတော့ မြနန္ဒာဟာ ရုပ်ကလေးနဲ့ မလိုက်အောင် ရက်စက်ဆိုးရွားလှသည်တဲ့။
မြနန္ဒာသည် သားကလေးကို လက်တွဲ၍ ရာသီဥတု သာယာသည့် နွေရာသီမှာ လန်ဒန်မြို့လယ်က ပန်းခြံမှာ သွားထိုင်နေတတ်၏။ ရေသူမကျောက်ရုပ်များမှ ရေပန်း ဖြာကျသည့် သက်တံ သာယာလှသည်ကို ကလေးကို ပြပြီး အပြုံးမပျက် နေခဲ့၏။ ခိုများ ခေါင်းနှင့် ပခုံးပေါ်ပျံဝဲကျလာသည်ကို ကလေးနှင့် အတူ မျက်နှာ၊ နှာခေါင်း လက်ဝါးဖြင့် အုပ်၍ ခံယူခဲ့၏။

ပစ်ကယ်ဒီလီဘက် နီယွန်းမီးချောင်းရောင်စုံတွေ လင်းလိုက်မှိန်လိုက် အောက်မှာ လမ်းလျှောက်ကြ၏။ သားလေး၏ မျက်နှာ နီလိုက်စိမ်းလိုက် ရှိသည်ကို ကြည့်မဝရှိ၏။ ဆိုဟိုဘက်သွား၍ ရုပ်ရှင်ကြည့်ကြ၏။ “ဆွပ်ပြုတ် ဝယ်စားကြ၏။ သားလေးက လူကြီးပမာ အဖော်ရလှသည်။
“သားနဲ့ မေမေ နှစ်ယောက်တည်းလည်း နေလို့ရတာပဲနော် သား”ဟု ပြောမိ၏။
“ဘယ်သူမှ ပိုက်ဆံမပေးလည်း မေမေက အလုပ် လုပ်ကျွေးမှာပေါ့။ မေမေ လက်နှိပ်စက် သင်မှာပေါ့။ ကျောင်းဆရာမ ဝင်လုပ်မှာပေါ့။ အရောင်းစာရေး ဝင်လုပ်မှာပေါ့”ဟု ပြောမိ၏။
တစ်ပတ်ကို ၁၀ ပေါင်လောက်ရရင် နေလို့ရတာပဲ။ အခန်းကျဉ်းကလေး ငှားနိုင်မှာပဲ။ ကြက်ဥနဲ့ ထောပတ်၊ နို့ သည်လောက်ပေါတဲ့ ပြည်မှာ စားစရာ မခက်လှပါဘူး။ ကလေးကျောင်းနေတဲ့အရွယ် မြန်မြန်ရောက်ပါတော့ကွယ်။ ဒါပေမယ့် အခမဲ့ အစိုးရကျောင်းမှာ လမ်းပေါ်က ကလေးတွေနဲ့ ရောနေရတော့မှာနော်။ ကော့ကနီကလေး ဖြစ်သွားမလား။ ခုလို လန်ဒန် တစ်မြို့လုံး ဆိုင်ရှိသမျှ အနှံ့ ရှာဝယ်မှ ရလာတဲ့ နွားကလေးသားရေနု ဖိနပ်ပြာကလေးမျိုး စီးနိုင်မှာ မဟုတ်တော့ဘူး။ ရှက်တလင်း သိုးမွှေးဆွယ်တာ ၁၃ ပေါင်တန် ဝယ်နိုင်မှာ မဟုတ်တော့ဘူး။
မြနန္ဒာသည် ပထမဆုံးအကြိမ် အလုပ် လုပ်စားဖို့ သတိရမိ၏။ အလုပ် လုပ်စားပြီး နေထိုင်လို့ ဖြစ်သည်။ အလုပ် လုပ်စားနိုင်လျှင် လွတ်လပ်သည်လို့ သူ သိလာ၏။ ငယ်ငယ်က ပညာတွေ ခင်ခဲ့ပြီး သည်အကြံ ဘာဖြစ်လို့ မရပါလိမ့်။ ရန်ကုန်မှာကတည်းက ကျောင်းဆရာမလုပ်ပြီး အခန်းကလေး တစ်ခန်းငှားလို့ ဘတ်စကားဖြင့် အလုပ်သွားနေနိုင်သားပဲ။ အများတကာ သည်လို နေကြသည်ပင်။ ဘယ်လောက် ကျေနပ်စရာ ကောင်းတဲ့ ဘဝလဲ။ လောက၌ ဘာမှ အရေးမကြီးသော ဝန်ပိုလို့ပင်နေသော ချမ်းသာကြွယ်ဝခြင်းဆိုတာကို သူနေနေကျနေပြီး အတ္တစွဲများလှသည့် မိဘလက်မှ ရုန်းထွက်ရမှန်း မသိခဲ့။ မတတ်ခဲ့။ ကံဆိုးလှသည့် မြနန္ဒာပါတကား။ မရှိတာထက် မသိတာ ခက်လှသည်မှာ အမှန်ပါတကား။ ယခုတော့ ဘဝ၌ အနေတတ်ပြီ ထင်သည်။ သားကလေး အဖော်ရနေတော့ ပိုပြီး လူ့ပြည်မှာ နေလို့ ပျော်စရာ ကောင်းလာသည်။ မြနန္ဒာ သတ္တိရှိဖို့တော့လိုသည်။
ထို့ကြောင့် တစ်လ ပေါင် ၄၀ ဖြင့် လောက်အောင် သူ နေကြည့်သည်။ စရိတ်လျှော့ကြည့်သည်။ ရုပ်ရှင် လုံးဝ မကြည့်ဘဲ နေသည်။ ဂီတပွဲများကိုတော့ အစားအသောက်လိုပင် သူ့ဘဝ၌ အရေးကြီးသည်ဖြစ်၍ စျေးပေါသော ခုံလက်မှတ်များ ဝယ်၍သွားသည်။ အဲလဘတ်ဟောမှာဆိုလျှင် အလယ်ကောင်၌ ခုံမရှိဘဲ မတ်ရပ်သော်လည်းကောင်း၊ ကော်ဇောပေါ်၌ ထိုင်၍သော်လည်းကောင်း ဂီတနားထောင်နိုင်သည်။ အဲသည်မှာ ကောလိပ်ကျောင်းသား ကျောင်းသူများ လာကြသည်ကို တွေ့ရ၏။ အဝတ်အစား တောက်တောက်ပပ ဝတ်စရာ မလိုပြန်သည်မို့ လွတ်လပ်လှပြန်၏။ တီးမှုတ်ခြင်း ခဏနားသည့်ကြားမှာ ရုံ၏ အလယ် ရေပန်းကလေး၌ သက်တံရောင်များ မီးမောင်း ထိုးပေးသည်ကို သားကလေးနှင့်အတူ ပျော်ရွှင်စွာ ငေးကြည့်ရသေး၏။ ပြီးတော့ ဂီတကို နှစ်သက်၍သာ လာသူများကို ချစ်အားပိုကာ အလိုလို ဝမ်းသာနေတတ်၏။
သစ်ပင်အောက်မှာတောင် နေထိုင်လို့ ဖြစ်သည်လို့ ဟောပြောသော သော်ရို၏ အဘိဓမ္မာကို သက်ဝင်လျက်နေပြန်၏။ အင်္ဂလိပ် စာအုပ်များစွာ ဖတ်မိ၏။ လူ့ဘဝမှာ ပစ္စည်းဥစ္စာ ဆင်းရဲခြင်းဆိုတာ ကြောက်စရာ မရှိဟု သူ သဘောပေါက်လာ၏။ လူ့ဘဝ၌ နေနည်း အမျိုးမျိုး ရှိသည့်အနက် ကိုယ်ကြိုက်ရာ ရွေးချယ်၍ နေနိုင်သည် ဆိုတာလည်း သိမြင်လာ၏။ အေးချမ်းခြင်းကို လိုလားလာ၏။ စုံမက်ခြင်းနည်းပါးလျှင် အေးချမ်းမည်ပင်။
တဖြည်းဖြည်း ခင်မင်လာသော အိမ်နီးချင်း မစ္စမာတင်နှင့်လည်း စကားပြောလို့ ကောင်းလှ၏။ မစ္စမာတင်သည် အသား မစား။ ဘုရားရှိခိုးကျောင်း မသွား။ ချစ်သူနှင့် လက်မထပ်ဘဲ အတူနေ၏။ သားသမီးကို တားဆီးထား၏။ ပြီးတော့ ချစ်သူကို လင်သည်လို့ မပြော။ အတူနေသူယောကျ်ား၏ နာမည်ကို မယူ။ အပျိုကြီး နာမည်ခံပြီး အုပ်ချုပ်ရေး အရာရှိတစ်ယောက်အဖြစ် လုပ်ကိုင်စားကာ တောဘက်မှာ အိမ်ပိုင်ဖြင့် နေ၏။ လန်ဒန်မြို့ပေါ်မှာ အခန်းငှားပြီး တစ်ပတ်မှာ ငါးရက်မျှသာ နေလေသည်။
ထိမ်းမြားလက်ထပ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တဲ့ သဘောပါတယ်။ ချုပ်ချယ်စိုးမိုးလိုတဲ့ သဘောပါတယ်။ တခြားသူတော့ မသိဘူး။ ကျွန်မတော့ သည်းညည်း မခံနိုင်ပါဘူး”ဟု မစ္စမာတင်က ပြော၏။ “သည်ယောကျ်ား သည်မိန်းမ တစ်ယောက်ကို တစ်သက်လုံး ချစ်ကြိုက်နေမယ်ဆိုတာလည်း အင်မတန် မဖြစ်နိုင်တဲ့ အလုပ်ပဲ။ လင်မယားတိုင်းဟာ သားသမီးကို ငဲ့နေကြလို့ ဒါမှမဟုတ် စီးပွားရေး၊ ဂုဏ်သရေ ဆိုတာတွေ ငဲ့နေကြလို့သာ လင်နဲ့မယားအဖြစ် မြဲနေကြတယ် ထင်တာပဲ။ ဘယ်နည်းနဲ့မှ လေး၊ ငါး နှစ်ထက် ပိုပြီး ချစ်ခင်နေကြမယ် မထင်ပါဘူး”ဟု ပြော၏။
“ဒါပေမယ့် စိတ်မရှိပါနဲ့။ ရှင်တို့ကတော့ အတူနေတာ ဆယ်နှစ်ကျော်ပြီဆို”ဟု  မြနန္ဒာက အားနာသော်လည်း သိချင်သည်တစ်ကြောင်း၊ ဆွေးနွေးချင်သည် တစ်ကြောင်းကြောင့် ခွင့်တောင်းပြီး မေးလိုက်လျှင်...
“ကျွန်မတို့က လင်မယားမှ မဟုတ်တာ။ သူ လာချင်တဲ့အခါ လာနိုင်တယ်။ သွားချင်တဲ့အခါ သွားနိုင်တယ်။ သူ လာတဲ့အခါတိုင်းမှာ ကျွန်မ ရှိချင်လည်း ရှိမယ်။ ကျွန်မ သူ့ကို ချစ်နေသေးသမျှတော့ ရှိနေမှာပေါ့။ ကျွန်မတို့ နှစ်ယောက်ကြားမှာ ချစ်တဲ့စိတ် တစ်ခုပဲ အရင်းခံထားပြီး ဆက်ဆံကြတယ်။ ဒါပေမယ့် သူ့ကို ကျွန်မ ချုပ်ချယ်ခွင့် မရှိတော့ သူဟာ ဓာတ်ပုံ သတင်းထောက်ပီပီ သူ ဝါသနာပါရာ တစ်ကမ္ဘာလုံး လှည့်ပြီး သတင်းယူနေတာပဲ။ စစ်ပွဲတွေ ရှေ့ဆုံးက ပါသွားတယ်။ သူ ပြန်လာမှ မသေသေးဘူးလို့ သိရတယ်။ ကျွန်မ သိပ်ပူတတ်တာ မှန်တယ်။ ဒါပေမယ့် ရှင့်ကလေးတွေကို လုပ်ကိုင်ကျွေးဖို့ လိုသေးတယ်။ မသေပါနဲ့ဦးလို့ ကျွန်မ စာမရေးဘူး။ ကျွန်မတို့ ကလေး မရအောင် တားထားတာကိုး။ ဒါကတော့ ကျွန်မကြောင့်ပါ။ ကျွန်မတို့ ဂုဏ်တို့၊ စီးပွားရေးတို့ ဆိုတာကို ဂရုမစိုက်ပေမယ့် ကလေးတော့ ချစ်တတ်တယ်။ ကလေး ရလာရင် ကျွန်မဟာ သူ့အပေါ် ခုလောက် ကောင်းနိုင်လိမ့်မယ် မထင်ဘူး။ ကျွန်မဟာ ကလေးအတွက် သူ့ကို ချုပ်ချယ်ချင်လာတော့မယ်။ ဒါကြောင့် သူ့ကို ချစ်တဲ့အတွက် ကျွန်မ ချစ်ချင်တဲ့ ကလေးကိုတောင် မယူတော့ဘူး”
မြနန္ဒာကတော့ ခေါင်းယမ်းမိသည်။ သဘာဝမကျဘူးဟု ထင်သည်။ သို့သော် လူတိုင်းသည် ကိုယ်ကြိုက်သည့် ဘဝကို ရွေးချယ်နေထိုင်ရမည်လို့ သူ ယုံကြည်ခဲ့ပြီ။ မစွက်ဖက်လိုပါ။
“လက်မထပ်ဘဲ နေတဲ့ဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိဖို့ရော လိုသေးတယ် ထင်လား”ဟု နန္ဒာ မေးမိသေး၏။
“သစ္စာဆိုတာ အလကား စကားလုံးပါ။ ကျွန်မ ယုံတာက ယောကျ်ားနဲ့ မိန်းမဟာ အနည်းနဲ့ အများ တွေ့တိုင်း မြင်တိုင်း တပ်မက်ကြတယ်လို့ ထင်တယ်။ အဲဒီ လိင်စိတ်ကို တချို့က ချုပ်တည်းတယ်။ တချို့က မချုပ်တည်းဘူး။ ဒါပါပဲ။ ပြီးတော့ ယောကျ်ားဆိုတာက အဖိုဆိုတာက သတ္တဗေဒအရ ကိုယ်ဝန်မဆောင်ရဘူး။ မိခင်စိတ် ဆိုတာမျိုး ကိုယ့်သားမြေးကို တွယ်တာခြင်း မရှိ။ သူ့အဖို့ ဆန့်ကျင်ဘက် လိင်သာ ဘဝမှာ အရေးကြီးတယ်။ အဖို တစ်ယောက်တည်းက အမ များစွာကို  တပ်မက်နိုင်တယ်။ လိုက်စားနိုင်တယ်။ အမကတော့ ကိုယ့်ကလေးကို ချစ်ရတယ်။ စောင့်ရှောက်ရတယ်။ ကြီးပြင်းအောင် မွေးမြူရတယ်”
မြနန္ဒာက ရယ်မောကာ “ကဲ၊ ဒါဖြင့် သူက တစ်နိုင်ငံပြီး တစ်နိုင်ငံ လှည့်လည်နေတုန်း၊ အလှအချောတွေနဲ့ တွေ့နေတုန်း ရှင်ကတော့ ကလေးကိုတောင် မယူဘဲ နေတယ်။ ဘယ်လို နေနိုင်သလဲ။ ကျွန်မတော့ သားလေးသာ မရှိရင် ရူးလိမ့်မယ်လို့ ထင်တယ်”ဟု ပြောလေ၏။
“ကျွန်မလား”ဟု မစ္စမာတင်က အပြုံးမပျက်ပြော၏။ “ကျွန်မ ဗုဒ္ဓဘာသာအကြောင်း ဖတ်နေတယ်”ဟု ပြောလေ၏။
မစ္စမာတင်နှင့် စကားပြောရင်း မြနန္ဒာသည် ကိုကို့ကို မကြည့်ချင်စိတ် ခွဲခွာနေလိုစိတ်များ ပျောက်သွား၏။ ရှက်တာ၊ နာကြည်းတာတွေလည်း ပျောက်သွား၏။ ကိုကိုသည် ဘယ်လိုပင် မိန်းမ ဝါသနာပါ၍ လိုက်စားနေလည်း အိမ်နှင့်ယာနှင့် သားနှင့် မယားနှင့် နေချင်စိတ် ရှိပြန်သည် ဆိုတာကိုလည်း ခွင့်မလွှတ်နိုင်တောင် သဘောပေါက်လာ၏။ ခွဲခွာကြစို့ဆိုလျှင် မြနန္ဒာက စတင် ခွဲခွာရမည်ဖြစ်၏။ မြနန္ဒာက စွန့်ပစ်ခဲ့ရမည်ဖြစ်၏။ ငယ်ငယ်ကတည်းက စတင် လှုပ်ရှားတတ်သည် မဟုတ်သော၊ သူများ စီမံရာ ဘဝ၌ အလိုက်သင့် နေခဲ့သော မြနန္ဒာအဖို့ ဘယ်လိုက စပြီး လုပ်ကိုင်ရမယ်ဆိုတာကို မသိ။ ကိုကိုက စပြီး စွန့်ခွာပါစေဟု ဆုတောင်းပြန်၏။ သူ တကယ် ချစ်တဲ့ မိန်းမနဲ့ တွေ့ပါစေဟု ဆုတောင်းပြန်၏။
သို့သော် ကိုကို၌ မင်္ဂလာဦးဘဝက အယုအယမျိုးသာ ပျောက်ကွယ်သည်။ နန္ဒာ့ကို ချစ်မြဲ နှစ်လိုမြဲ ရှိသည်ဆိုတာ မငြင်းနိုင်။ နန္ဒာကပဲ လောကီမှု နားဝေးတာ ဖြစ်လေသလား မသိ။ ကိုကိုသည် သားလေးကိုလည်း ပွေ့ချီထိန်းကျောင်းနေတတ်ပြန်၏။
“သားသား၊ မေမေနဲ့ ဖေဖေ ဘယ်သူ့ ချစ်သလဲ”ဟု မေးတတ်၏။
“ေမေမ့ ခ်စ္တယ္”
“ဘာဖြစ်လို့”
“မေမေက အပြင်သွားတိုင်း ခေါ်တယ်။ ဖေဖေက ခေါ်ဘူး”
ကိုကိုက သဘောကျကာ သူ့သားကို ဖျစ်ညှစ် နမ်းလျှင် ကလေးက အတင်း ရုန်းထွက်တတ်၏။ ထို့နောက် နှစ်ယောက်သား မီးရထားတွဲနှင့် ကစားကြပြန်၏။ အိမ်ဆောက်ကြပြန်၏။ မြနန္ဒာသည် မျက်ရည် မဆည်နိုင်ဖြစ်ရ၏။ ဘာပဲဖြစ်ဖြစ် သည်လင်ကိုသာ အိုအောင်မင်းအောင် ပေါင်းတော့မည်ဟု စိတ်ကူးမိပြန်၏။
“ဖေဖေက အိမ်လည်း ပြန်ဘူး”ဟု သူ့သားက စွပ်စွဲပြန်၏။
“ျပန္ပါတယ္ကြ၊ အျမဲ ျပန္လာတာပဲ”
“ဟင့်အင်း။ ပြန်ဘူး”ဟု ငြင်းပြန်၏။ ကိုကို ညတိုင်း မပြန်တာတော့ ကလေးတောင် သိတယ်။ သူ ပြန်လာလည်း အိမ်မှာ ဆီးကြိုသော မယားသည် မရှိ။ မြနန္ဒာသည် ညနေတိုင်းလိုလိုပင် သားကို လက်တွဲ၍ တစ်နေလုံး လမ်းထွက်နေတတ်၏။ တစ်ခါတစ်ရံ စိတ်လိုလျှင် ကိုကိုက သူ့သော့ဖြင့် ဖွင့်ဝင်ကာ စောင့်နေတတ်သည်။ ကြည်ကြည်သာသာ ဆီးကြိုသည်။
“ကိုကို စားသောက်ပြီးရောပေါ့”ဟုသာ မြနန္ဒာက ပြောသည်။ သို့သော် ကိုကို့ မျက်နှာကို သူ ကြည့်မည် မဟုတ်။
ပြီးပြီဟု ပြောပြီး၊ မေးဖော်ရသည်ကို ကျေးဇူးစကား ဆိုတတ်သည်။
“မစားရသေးဘူး” ဆိုလျှင်တော့ မြနန္ဒာသည် စည်သွတ်ဘူးကို ဖောက်မည်။ မြနန္ဒာသည် ကောင်းမွန်စွာ ချက်ပြုတ် မစားသည်မှာ ကြာပြီ။ စျေးမသွားသည်မှာ ကြာပြီ။ သစ်သီး၊ ကြက်ဥ၊ နို့၊ ထောပတ်နှင့် ချောကလက်သာ စားနေရသည်။ မြနန္ဒာ တော်တော်လည်း ပိန်သွားသည်။
သူတို့ ပါရီသို့ ပြောင်းခါနီး ကိုကိုလည်း ညစဉ် မှန်မှန် ပြန်လာသည်။ ဆေးရုံတာဝန်ပဲ လျော့ပါးလေသလားဟု မြနန္ဒာက ရယ်မောလိုက်၏။ သူ့သားက ပြန်လာမည်ဆိုတော့ မျှော်သည်။ မျှော်သည့်သံ သူ့ဖေဖေကလည်း ပြန်သည်။ မြနန္ဒာသည် ကလေးအိပ်ခန်းကို သူ့အိပ်ခန်း လုပ်ခဲ့ပြီး၊ ထိုအခန်းထဲက ကိုကို့ သော့ဖွင့်သံ၊ ပြန်ပိတ်သံ၊ ခြေသံများကို နားထောင်နေသည်။ ရင်ထဲမှာ ပူလောင်လျက်ရှိကာ တဒိတ်ဒိတ် ခုန်မြဲ။ ပြီးတော့ ဖအေနှင့်သား နှုတ်ဆက်ရယ်မောကြလျှင် သူ စိတ်အနည်းငယ် အေးချမ်းသွားပြီး သိုးမွေးထိုင်ထိုးမြဲ။ လက်ငြိမ်ငြိမ်ဖြင့် ထိုးနိုင်လာလေ၏။
 သားလေးရဲ့ မျက်စိဖြင့် ကြည့်ရင်တော့ သူ့အဖေဟာ ခင်မင်နေစရာကောင်းမှာပဲ။ အားကိုးစရာ ကောင်းနေမှာပဲ။ အပြင်ဘက်က ကြီးကျယ်တဲ့ ကမ္ဘာကြီးက ပြန်ပြန်လာတဲ့ သူရဲကောင်းတောင် ဖြစ်နေမှာပဲ။ မီးရထားတွဲပျက်ရင် ပြင်ပေးတတ်တယ်။ ဘိုင်စကယ်ဘီးက ဝက်အူချောင်နေတာကို ကျပ်ပေးတတ်တယ်။ သားရဲ့ ဘဝမှာ ကိုကိုဟာ အရေးကြီးလာပြီ။ သူတို့ကို ခွဲပစ်လို့ သင့်တော်ပါ့မလားဟုလည်း မြနန္ဒာ တွေးပြန်၏။
သည်လိုပဲ တွေးတောရင်း၊ တစ်ယောက်တည်း စကားပြောရင်း သူတို့ ပါရီသို့ ပြောင်းဖို့ ဖြစ်လာ၏။ ပါပါက သူ့တူသမက် ကြီးပွားစေလိုပြန်၏။ ပါရီ၌ ပလပ်စတစ် ခွဲစိတ်ကုသခြင်းကို သင်စေလိုပြန်၏။  ငွေအပြင် ရောင်းချသုံးစားရန် မာမာ၏ ပတ္တမြား ဘယက်နှင့် လက်ကောက်များ ပို့လိုက်၏။ ပြီးတော့ မြနန္ဒာလည်း ပိုပြီး တတ်သိနားလည်လိမ့်မည်ဟု မျှော်လင့်၏။ ပြင်သစ် စာ၊ စကားကို ပို၍ ကျွမ်းကျင်ခွင့်လည်း ရလိမ့်မည်တဲ့။

ပြင်သစ်ပြည်သို့ ပြောင်းရွှေ့နေထိုင်ရပြန်တော့ ဟန်းနီးမွန်း ထွက်ရသလို အသစ်ပြန်ဖြစ်သည်။ ကိုကိုက မြနန္ဒာ စိတ်ချမ်းသာအောင် နေမည်လို့ တာဝန်ခံသည်။ မြနန္ဒာက ယုံလိုက်သည်။ လူ့ဘဝ၌ လူတစ်စုံတစ်ယောက်ကိုမျှ မယုံရဘဲ နေလို့မဖြစ်။ အထိန်းမခံရဘဲ နေလို့ မဖြစ်။ ပြီးတော့ ဘာပြောပြော ကိုကို့ကို ချစ်တယ်။ မြနန္ဒာမှာ ချစ်စရာ ကိုကိုသာ ရှိပါသည်။ ကိုကိုကလည်း မချစ်ရတာ မဟုတ်။ ဒါဖြင့်ရင် လင်မယား ဘဝမှာ ဘာလိုသေးသလဲ။ မစ္စမာတင်၏ အဘိဓမ္မာသည် ဒါပါပဲ။ အားလုံး အားလုံးကို မေ့ပြီး ကိုကိုဟာ မြနန္ဒာကို ချစ်သလား။ မြနန္ဒာက ကိုကို့ကို ချစ်သေးသလား ဆိုတာ သတိရ ရမည်။ ကိုကိုက မြနန္ဒာအပြင် ချစ်တတ်သေးသလား ဆိုတာကို မေးရမည်။
သို့သော် မရေးတစ်ချက်၊ ရေးတစ်ချက်ဖြင့် စျေးစာရင်းလည်းပါသော၊ တစ်ဝက်တစ်ပျက် မှတ်မိသည့် ဂျာမန်၊ ပြင်သစ် ကဗျာများလည်း ရေးချထားတတ်သော သားလေးအတွက် ကာကွယ်ရေးဆေးထိုးရမည့် အချိန်ဇယားကွက်လည်း ပါသော ဒိုင်ယာရီစာအုပ်၌ “မုန်တိုင်းထန်သောနေ့များ”လို့သာ စာလုံးကြီးကြီးနှင့် တစ်မျက်နှာလုံး မကြာခဏ ဖြတ်ရေး မှတ်သားထား၏။

တစ်ညနေကို မှတ်မိသည်။ လုဒ်ပန်းချီပြတိုက်မှ သားကလေးနှင့် ပြန်သည်။ (မြနန္ဒာသားက ပန်းချီဆရာဖြစ်မည် ထင်သည်။ တစ်နေ့ တစ်နေ့ အရုပ်ဆွဲပြီးသာ နေတတ်သည်။ ရေဆေးရောင်စုံ ခြယ်နေတတ်သည်။ ပြတိုက်ထဲမှ ပန်းချီကားများ မပျင်းမရိ ကြည့်တတ်သည်။ ကူးဆွဲချင်သည်ဟု ဆိုလေသည်။)
ကိုကို့ကို ပြင်သစ်သူ တစ်ယောက်နှင့် တွဲ၍ လမ်းဖြတ်ကူးတာ မြင်လိုက်၏။ ကိုကိုက ညပ်နေအောင် ဖက်ထားကာ သူငယ်မနှင့်တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လို့။ မြနန္ဒာ၏ ရင်တွင်းမှာ မနာလိုစိတ်များ အော်ဟစ် ဆူညံကာ တစ်လောကလုံး မုန်တိုင်းထန်နေတယ် ထင်ရ၏။ နန္ဒာသည် သားလေးကို လက်ဆွဲ၍ အိမ်သို့ အပြေးပြန်လာ၏။ လမ်းမှာ လူများက လှည့်ကြည့်ကြ၏။ သားလေးက “မေမေ.... မေမေ”ဟု အော်နေသည်ကို မကြား။ ကလေးသည် လဲပြိုလုလု အမီ ပြေးလိုက်ရရှာ၏။ အိမ်ခန်းသို့ ပြေးတက်ရောက်ခဲ့ပြီး မှန်ရှေ့၌ ကိုယ့်ကိုယ်ကိုယ် ကြည့်မိလျှင် မျက်ကွင်းများ ညို၍ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်။ အရုပ်ဆိုးလိုက်တဲ့ မြနန္ဒာ ကိုကို့ကို မြင်လိုက်စဉ်က သူသည် ခေါင်းစည်းပဝါကို ခေါင်း၌စတင် စည်းစဖြစ်၍ ကိုကို့ကို မြင်လိုက်ရာ၌ မေ့ပြီး လွှတ်ချခဲ့သည် ထင်သည်။ သူ့၌ ခေါင်းစည်းပဝါ မပါလာတော့။ လေပြင်း၌ သူ့ဆံပင်များသည် လျော့ပြေကာ ဖရိုဖရဲ ပွကုန်တာ ဖြစ်မည်။ လမ်းမမှာ ဖြတ်သန်းခဲ့ရသည့်လူတွေက ဘာထင်မလဲ။ ဆံပင်ကို တိုတို ဖြတ်ပစ်လိုက်ရလျှင် ကောင်းမည်လား။ ဆံပင်နှင့် လိုက်အောင် ဥရောပတိုက်သူလို ဝတ်ရလျှင် ကောင်းမည်လား။ ကိုကိုက သည်လိုမြင်လျှင် အသစ်အဆန်းထင်ပြီး တစ်မျိုး စုံမက်လို့လာမည်လား။

ကိုကို့ကို သတ်ပစ်ရရင် သိပ်ကောင်းမှာပဲ။ ဒါမှမဟုတ် ပါရီသူ တချို့ ထုံးကို လိုက်ပြီး အက်ဖယ်မျှော်စင်ပေါ်ကပဲ ခုန်ချရမည်လား။ လျှပ်စစ်ရထားလမ်းပေါ် ခုန်ချရမည်လား။ ထိုခဏ၌ တစ်ကိုယ်လုံး သွက်သွက်ခါအောင် ယိမ်းထိုး တုန်လှုပ်မိ၏။ သူ့ဘဝသည် ကြမ်းတမ်းလှသည်။ လိုလေသေးမရှိ ပြည့်စုံတယ်လို့ ဝိုင်းဝန်းချီးမွမ်းကြသည့် မြနန္ဒာဟာ ဆင်းရဲမွဲတေလှပါတကား။ သားလေးက “မေမေ... မေမေ”ဟု ခေါ်သည်။ မြနန္ဒာသည် မျက်ရည်များကို သုတ်၏။ ခေါင်းကို သန့်ရှင်းသပ်ရပ်စွာ ဖြီး၏။ မျက်နှာကို ပေါင်ဒါတို့၏။ သူ ပြန်လည် လှပလာသည်။ မေမေ့သားကို စိတ်ညစ်အောင်၊ ကြောက်လန့်အောင် မလုပ်တော့ဘူး။ ခွင့်လွှတ်ပါ သားရယ်၊ သားလေးကို ညင်သာယုယစွာ နမ်းလိုက်၏။ ပြီးတော့ ပြုံးရယ်ကာ “အလကားပါ မေမေ့ကို သရဲခြောက်တယ် ထင်လို့”ဟု ပြောလိုက်၏။ “တကယ်တော့ သရဲဆိုတာ မရှိပါဘူး၊ မကြောက်တတ်ရင် မရှိပါဘူး။ မေမေက အရင်တုန်းက ကြောက်တတ်တယ်။ ခု မကြောက်တတ်တော့ဘူးပေါ့။ ဟော... သရဲလည်း မရှိတော့ဘူး။ ပြီးတော့ သားက မေမေ့သူရဲကောင်းကြီး မဟုတ်လား။ သားက ရန်သူကို သေနတ်နဲ့ ပစ်မှာ မဟုတ်လား။ ကျည်ဆန်အိမ်ကလေး မွှတ်လည်နေအောင် လှည့်လို့ရတဲ့ သေနတ်ကလေး သွားယူပါဦးကွာ။ ကစားရအောင်ပါ”
ပါရီ၌ နေကြသော နှစ်နှစ်လောက်မှာ မြနန္ဒာသည် အရူးပမာ ဖြစ်နေ၏။ သူ့ ဘဝရေပြင်၌ ဂယက်များ ဆူပွက်လှုပ်ရှားကာ နားရသည်သို့ မရှိ။ ကြည်လင်သည်လို့ မရှိ။ ချစ်စဖွယ် သားငယ်ကလေး၏ အရိပ်ပင် ကြာရှည် ထင်လာနိုင်ခြင်း မရှိ။ ကိုကို့ကို အိပ်ရာထဲ၌ မေ့လျော့၍ မျက်နှာချင်းဟပ်နေရာက ဖြုန်းခနဲ ထထိုင်ကာ ဖျန်းခနဲ ပါးရိုက်မိ၏။ ကိုကိုက သူ့ကို တွန်းထိုးလိုက်သည်ကို နာကျင်ရမှန်း မသိဘဲ ရယ်မောသည့်အခါ ရယ်မော၍ ငိုယိုသည့်အခါ ငိုယိုနေလိုက်၏။ နှစ်ယောက်သား အလွန် တိတ်ဆိတ်ငြိမ်သက်သော ရန်ဖြစ်သည့်အမှု ပြုဆဲမှာလည်း မြနန္ဒာသည် စိတ်မချုပ်တည်းနိုင်ဘဲ ကိုကိုနှင့် အဝေးနိုင်ဆုံး အခန်းထောင့်၌ နေရာမှ ထလာကာ လင်သည်၏ မာကြမ်း၍ ကွေ့လိမ်သော၊ ဆံပင်ထူထဲ နက်မှောင်သော ခေါင်းကို ရင်ခွင်ထဲ ဆွဲယူသွင်းကာ စတင် ချော့မော့မိပြန်၏။
“နန္ဒာ ရူးသွားရင် သည်တိုင်းတော့ ကြည့်မနေနဲ့နော်။ နန္ဒာ ရှက်တယ်။ မောဖီးယား အများကြီး ထိုးပြီး အိပ်ခိုင်းလိုက်ပါ”ဟု ရယ်ဟဟနှင့် အတည် တောင်းပန် ပြန်၏။ “ခု မရူးခင်ကော မလုပ်ပေးနိုင်ဘူးလား”
ကိုကိုက ယခုတလော နန္ဒာ အမြဲသောက်နေရသော အိပ်ဆေးများကို အရေအတွက် အနည်းငယ်မျှသာ အိမ်မှာ ထားတော့သည်။ သူ နန္ဒာ့ကိုတော့ နှမြောသားပဲ။ နန္ဒာ့ကိုလည်း သူ ချစ်တာပဲ။ သနားတာပဲ။ နန္ဒာနဲ့သာ သူ့ဘဝပြည့်စုံနိုင်အောင် ကြိုးစားဟန်လည်း ရှိပါတယ်။ သူ့စိတ်သူ မနိုင်သူ၊ သူလည်း ဒုက္ခပဲ။ တစ်ကိုယ်ကောင်းစိတ်က အမြစ်တွယ်နေပြီး ဂီတသံ ကြားရင် နန္ဒာက ထမင်းမစားဘဲ နေနိုင်သလို မိန်းမမြင်ရင် သူ အသက်ရှူဖို့ မေ့နေဟန်တူပါရဲ့။ ဟား... ဟား။ ကိုယ်ချင်းစာရမည်။ ထို့နောက် ဒိုင်ယာရီ၌ များများ မရေး၊ “မုန်တိုင်းထန်သောနေ့များ”လို့သာ စာတစ်မျက်နှာလုံး စောင်းစောင်း ဖြတ်၍ စာလုံးကြီးကြီးနှင့် ရေးလိုက်တတ်၏။
ကိုကိုသည် ကလေးသူငယ် ခွဲစိတ်ကုသမှု ပညာအတွက် ဂျာမန်သို့ နှစ်နှစ် သွားချင်ပြန်၏။ ပါပါတို့က သဘောတူမြဲ။ ငွေပို့မြဲ။ ဂျာမနီ၌ရောက်လျှင် နေနည်းတစ်မျိုး ပြောင်းနေကြည့်၏။ ပွဲဝင် သုံးချောင်းထောက် ဂရင်းပီယာနိုကြီး တစ်လုံး ဝယ်လိုက်၏။ သီချင်းကြီးများ တက်၏။

ရှေးသီချင်း ဓာတ်ပြားများစွာ ဝယ်၏။ သားကိုလည်း သင်ရ၏။ သားလေး ကျောင်းပို့ရ၏။ သားကလေး တက်ခဲ့သော ပြင်သစ်စကား မေ့မသွားစေရန် သားနှင့် ပြင်သစ်စကား ပြောနေရပြီး ကလေးက ပြင်သစ်ရော၊ ဂျာမန်ရော၊ အင်္ဂလိပ်ရော ရောနှောပြောသည်ကို ရယ်မောရ၏။ ကိုကိုကလည်း ပါချင်သည်။ သူလည်း အဖေဖြစ်သည်။ သူလည်း သားကို ပိုင်ဆိုင်ချင်သည်။ မြနန္ဒာသည် အဖေ့ကို ဆန့်ကျင်လိုစိတ် သားကို မသင်ပေးမိရန် ကြိုးစားနေရ၏။ သားရှေ့၌ လင်မယား ရန်မဖြစ်အောင် နေရ၏။ သားရှေ့ လူသူရှေ့မှာ ဟန်ဆောင်ကောင်းစွာ တတ်လာ၏။ သို့သော် ကိုကို မိန်းမလိုက်စားခြင်းကို ဖုံးကွယ်လို့ ရသည် မဟုတ်။ ရောက်လေရာ ပတ်ဝန်းကျင်က မကြာခင်ပင် သိကြလေ၏။
ရိုးသွားတယ် ခေါ်ရမလား။ မြနန္ဒာ၏ ထိခိုက်ကျိုးပဲ့ခဲ့သော မာနသည်ပင် အသစ်တစ်ဖုံဆင်၍ ထလာသည်လား မသိ။ မြနန္ဒာသည် အနည်းငယ် ငြိမ်းအေးလာ၏။ မုန်တိုင်းစဲလေပြီ။ မနက်မိုးလင်းလျှင် ကိုကို စားသောက်ဖို့ မှန်မှန် ချက်ပြုတ်လာ၏။ ကိုကို ဆေးရုံသွားသည်ကို အပေါက်စအထိ လိုက်ပို့၏။ သား ကျောင်းသွားချိန်မှာ ကျောင်းအထိ လိုက်ပို့ ပြန်၏။ ပြီးတော့ တစ်ယောက်တည်း ကျန်လျှင် ပီယာနို တီး၍ နေ၏။ တစ်ရေးနိုးလည်း ထတီးချင် တီးသည်ဖြစ်၍ အိမ်နီးချင်းများက မကန့်ကွက်သာအောင်၊ အခန်းကို အသံလုံအောင် ပြုပြင်ရ၏။ ထူးဆန်းစွာ မြန်မာရှေးသီချင်းကြီးများကို သင်္ကေတနှင့် ရေးသည့် သီချင်းစာကို တွေ့ကြုံ တီးခတ်ကြည့်ရ၏။ မြန်မာပြည်က ပြန်ရောက်မှ မြန်မာ သီချင်းကြီးများကို တီးဦးမည်။ လင်းကို ဖျတ်ခနဲ သတိရတတ်၏။ လင်းက စောင်း၊ ပတ္တလား တီးတတ်တယ်။ တစ်ခါပြောဖူးတယ်။ ပတ္တလားတီး သင်ပေးမယ်တဲ့။
အဲဒီတုန်းက သင်လိုက်ရင် ဘယ်လို ဖြစ်မလဲနော်။ ကိုကိုနှင့် အိမ်ထောင် ပြုရသည်မှာ ခုနှစ်နှစ်ကျော် ရှစ်နှစ် ရှိလာခဲ့ပြီ။ ကိုကို တစ်ခါမှ ပီယာနိုပင် မခေါက်ကြည့်ဖူူးသည်ကို သတိရ၏။ သူ သီချင်းတော့ လေချွန်တတ်သားပဲ ဆိုသည့်အခါ တစ်ပိုင်းတစ်စ ဆိုတတ်သားပဲ။ ကလည်း  ကခဲ့ကြတယ်။ ဒါပေမယ့် သူ့နှလုံးသားမှာ ဂီတကို ဝါသနာပါတာတော့ မပါဘူး။ ဖေဖေ့လို ဆရာဝန် လုပ်မလားမေးတော့ ရွံတယ်တဲ့။ အနုပညာသမားပေါ့။ မြနန္ဒာ သားလေးပေါ့။ ဟုတ်သည်။ သိပြီ။ စိတ်ကို သိမ်မွေ့ယဉ်ကျေးစေရုံမက အထီးတည်းနိုင်စေသော၊ သူတကာနှင့် မရောနိုင်စေသော၊ တစ်ယောက်တည်း ဖယ်ခွာထွက်လာစေသော၊ ထိုအရာသည် သားကိုလည်း မအေလိုပင် ဝေဒနာ ခံစားရာ၌ ပြင်းပြစေဦးမည်။ အကောင်းကိုချည်း၊ အလှကိုချည်း၊ မျှော်မှန်းစေဦးမည်။ ခွင့်လွှတ်ခက်ခဲသော သဘောထားစေမည်။ စိတ်ကူးယဉ်တတ်စေဦးမည်။ ဟုတ်သည်။ သိပြီ။ ကိုကို့အပြစ် မဟုတ်။ မြနန္ဒာ၏ အမှား။ သို့သော် မြနန္ဒာ မပြုလုပ်ခဲ့ရသော အမှားသာ ရှိ၍ ထိုအမှားမှာ ကိုယ့်ကိုယ်ကိုယ် အချိန်မလွန်ခင်က ဘယ်သူမှန်း မသိခဲ့။ ဘဝ၌ ဘာလိုချင်မှန်း မသိခဲ့ခြင်းသာ ဖြစ်လေသည်။
ရာသီပွဲများ ကြုံလာလျှင် ကိုကိုနှင့် သားနှင့် လျှောက်လည်ကြ၏။ (ကားငှားပြီး ဥရောပ တောင်ပိုင်း တစ်ပိုင်းလုံး လည်ပစ်လိုက်သေး၏။) ကျော်ကြားသော အောက်တိုဘာ မြူးနစ်ပွဲတော်၌ ရောနှော ဝင်ရောက်ကာ စားသောက်မူးရူး ကြည့်သေး၏။
အထီးတည်းနိုင်သည့်စိတ်နှင့် မျက်နှာများစွာ၌ ကိုယ်နှင့်တူသော အဖော်ကို ရှာကြည့်သေး၏။ တွေ့သည့်အခါလည်း တွေ့၏။ သို့သော် အဖော် မလိုချင်ပြန်ပြီလို့ ထင်လာသည်။ ဘာသာ ကိုယ်တည်းနေတတ်လာပြီ။ လူ့ဘဝ၌ အဖန်ဖန်သေ၍ နေ့စဉ် ပြန်လည်မွေးဖွားခဲ့ရာ ညည်းညူးစရာ၊ မကျေနပ်စရာ ရယ်လို့ ရှိသေးသည် မထင်တော့။ ဘာမျှ ပြောပလောက်သည် မထင်တော့။ ပွဲတော် လူလယ်ကောင်၌ တိုးကြိတ်နေကြရင်း ကိုကို၏ တပ်မက်သော လူ့ဘဝ၌ လောဘကြီးသော မျက်လုံးများသည် မိန်းမ ကြီး ငယ်တို့၌ ၀ဲပျံလျှင် နန္ဒာသည် ဝမ်းနည်းလျက်က အပြုံးမပျက်ပင် တွဲထားသော ကိုကို့လက်ကို လွှတ်လိုက်သည်။ ကိုကိုက “နန္ဒာ နန္ဒာ” လို့ ခပ်အုပ်အုပ် ခေါ်ရင်း လူချင်းကွဲသွားမည်။ ပြီးတော့ မြနန္ဒာသည် ကလေးကို မထိခိုင်အောင် ကာကွယ်၍ လူအုပ်ပါးရာ ခေါ်လာပြီး ခဏ အမောဖြေမည်။ သစ်ပင်၊ ရေပန်း၊ ပန်းပွင့်နှင့် မီးရောင်စုံများကို ပြမည်။ ပူဖောင်းရောင်စုံ ဝယ်ပေးမည်။ ပြီးတော့ ခပ်သုတ်သုတ် အိမ်ပြန်ကြမည်။ ကိုကို နောက်တစ်နေ့မှ ပြန်လာသလား၊ ပြန်ပဲ လာသေးသလား ဆိုတာကို မစုံစမ်းတော့ချေ။
“ကိုကိုရယ်၊ သည်မှာပဲ တစ်သက်လုံး နေချင်ပါပြီ။ သည်မှာ မြနန္ဒာရဲ့ အိမ်ကို တွေ့ခဲ့ပြီ”ဟု သူ ညည်းတတ်၏။
ကဖ်ကာကို ဖတ်၏။ ဘရက်ရှ်ကို ဖတ်၏။ ဘိုးလ်ကို ဖတ်၏။  ရီလကီရဲ့ ကဗျာများကို ပီယာနိုနှင့် အသံသွင်းကြည့်၏။ ခို့အက်ခလာကို နှစ်သက်၏။ ဂျာမန် မိတ်ဆွေများကိုလည်း ခင်မင်လှ၏။ သည်မှာမှ စ၍ သူ ဘယ်လို နေထိုင်မည်လို့ သိမြင်လာသည်။
သို့သော် မြန်မာပြည်သို့ ပြန်ချိန်တန်လေပြီ။ ကိုကို ဘွဲ့တစ်ခု ရပြန်ပြီ။ ပါပါ၊ မာမာတို့က ပြန်လာစေချင်ပြီ။ ကိုကိုကလည်း ပြန်ပြီး ထိပ်သီးဆရာဝန်ကြီးအဖြစ် ခံယူရဦးမည်။ သို့သော် ယခုတလော ကိုကိုနှင့် “ချစ်”နေကြသည့် သူနာပြု ဆရာမကလေး အန်းနာ၏ ပြဿနာကို ဘယ်လို ဖြေရှင်းရမည်လဲတဲ့။ အန်းနာသည် ကလေး ရှိလေပြီ။ သားသမီး ချစ်တတ်သော ကိုကိုသည် မပြန်ခင် ကလေး မျက်နှာကိုတော့ ကြည့်ချင်သေးသည်။ ကျန်ရစ်မည့် အန်းနာသည် ကလေးကို တစ်ယောက်တည်း မွေးရဦးမည်ဆိုလျှင် ရက်စက်ရာ ကျလွန်းသည်။
ကိုကိုက ဘာမျှမပြောသော်လည်း မြနန္ဒာသည် ကိုကို့ဆေးရုံ၌ အသိမိတ်ဆွေများ ရှိသည်မို့ သတင်း စုံစေ့စွာ ရလေသည်။
ပထမဆုံး ပေါ်လာသော အတွေးမှာ သားကလေးကို နန္ဒာ တစ်ယောက်တည်း ခဲခဲယဉ်းယဉ်း မွေးရပုံဖြစ်၏။ သို့သော် စိတ်ကို ချုပ်တည်းလိုက်၏ အတိတ်နှင့် အနာဂတ်အတွက် မြနန္ဒာ အဆင်းရဲ မခံတော့။ မြနန္ဒာအဖို့ အရေးကြီးသည်မှာ လောလောဆယ် အသက်ရှူနေသော၊ မျက်တောင်ခတ်နေသော၊ အသက်ရှင်နေရေး ကိစ္စမျှ ဖြစ်သည်။
“ကိုကို ငွေ လိုသလား”ဟု မေးလိုက်၏။
ကိုကိုက အဖြေရခက်သလို မျက်နှာလည်း ပျက်ပျက်နှင့် ဘာမျှမဖြေ။
“ပါပါ့ဆီကတော့ နောက်အပတ်လာမှာပဲ။ ဘဏ်မှာလည်း ချေးနေရတော့ ထပ်ချေးလို့ မကောင်းဘူး ထင်တယ်။ နန္ဒာ့ လက်ထဲမှာတော့ သိပ်မရှိဘူး။ ဒါလေး ရောင်းပစ်လိုက်ပါလား”

မြနန္ဒာက ဘာမျှ မရည်ရွယ်ဘဲ လက်စွပ်ကို ချွတ်ပေးလိုက်မိ၏။ ထိုလက်စွပ်မှာ သူနှင့် ကိုကိုတို့ လက်ထပ်ခြင်း အထိမ်းအမှတ် ပလက်တီနမ် ကွင်းသော မျက်ရည်ပေါက်ပုံ စိန်ကွင်း မြလက်စွပ် ဖြစ်သည်။ ထိုလက်စွပ်ကို ကိုကို အမေရိကမှ ဝယ်လာသည်။ မြနန္ဒာနှင့် တစ်ခါမျှ မတော်ချေ။ မြနန္ဒာလက်ချောင်းကိုက အရွယ်ပြောင်းတတ်လား မသိ။ ပီယာနိုတီးလျှင် ကျပ်နေတတ်၍ ချွတ်ထားရ၏။ အိပ်ရာထလျှင် ချောင်ပြီးလျှောကျကာ အိပ်ရာထဲ၌ လိုက်လံ ရှာဖွေရတတ်သည်။ ကိုကိုက သူ့ကို ရွဲ့စောင်းသည်လို့ ထင်သည်။
ရွဲ့စောင်းသည် မဟုတ်ပါ။ မြက အရည်အသွေးလည်း ကောင်း၊ ဘဲဥပုံမျောမျောနှင့် အကွက်လည်း ညီပေမည့် ဘေးက စိန်များက ခပ်ပြူးပြူး မျက်ရည်ပေါက်သဏ္ဍာန် အပြင်သို့ ချွန်နေကြပြီး ကပ်လျက် လက်ချောင်းများကို ခဏ ခဏ စူးမိသည်။ ကိုကို့ကို စိတ်ဆိုးတိုင်း လက်စွပ်ကို မျက်မှောင်ကြုတ်မိတာလည်း အမှန်။ တစ်ခါက လန်ဒန် သိမ်းမြစ် နဖူးပေါ်မှာ ရပ်ပြီး ရေထဲ လွှင့်ပစ်ဖို့တောင် သူ ကြံစည်ခဲ့သေးသည်။ တကယ်တော့ မစုံမက်တော့သည့် လက်ဝတ်လက်စား တစ်ခုအနေနှင့် သူ ကိုကို့ကို ရောင်းချပစ်ဖို့ ပေးမိခြင်း ဖြစ်သည်။
ကိုကိုက လက်စွပ်ကို မယူ၊ “ပြန်ဝတ်ထားပါ”ဟုသာ ပြတ်ပြတ်ပြောပြီး သူငယ်ချင်း မိတ်ဆွေဆီက ငွေချေးသည် ထင်ပါရဲ့။ နောက်အပတ်မှာပဲ ဘဏ်တိုက်၌ ပါပါပို့သော ငွေများပြည့်လာပြီး ထိုငွေ ပြဿနာ(လက်စွပ် ပြဿနာ) ရှင်းသွားသည်။
ကိုကို့ အချစ်ဆုံး သူငယ်ချင်း ပွေဖော်ပွေဖက် ဂျူး ဆရာဝန်ကလေးကိုတော့ မြနန္ဒာက ရယ်စရာ ပြောမိသေး၏။
“ကိုကိုက အဲ့ဒါ ရှင်တို့ကို လက်စားချေတာသိလား။ ကျွန်မတို့ တိုင်းပြည်မှာ ရာဇဝင်ကြွေး ဆပ်တယ်ခေါ်တယ်။ ကျွန်မကို ကြည့်စမ်း။ မြနန္ဒာ အစစ် မဟုတ်ဘူး။ ဂျာမန်သွေး ပါတယ်။ ကျွန်မတို့ ဘိုးဘေးတစ်ယောက်ဟာ ဂျာမန် အစစ်တဲ့။ အိမ်မှာ ဓာတ်ပုံကြီး ရှိတယ်။ သေးသေးကလေးကို ပုံကြီး ချဲ့ထားလို့ သိပ်တော့ မပီသလှဘူး။ ကိုင်ဇာ နှုတ်ခမ်းမွေးဆိုလား” ကိုကိုနှင့် မိန်းမပွေဘက် ဂျူးဆရာက သဘောကျကာ “ တစ်ကမ္ဘာလုံး ဆွေမျိုးချည်းပါပဲ”ဟု ပြောသေး၏။
မြန်မာပြည်သို့ မနက်ပြန်တော့မည် ပြင်လျှင် ညပိုင်းမှာ မြနန္ဒာ တစ်မျိုး နှုတ်ဆက်ချင်သည်။ မိတ်ဆွေ အားလုံးတို့ နှုတ်ဆက်ပြီးပြီ။ နှင်းဆီပန်းများ သွားဝယ်ရင်း ပန်းရောင်းသော ကလေးမကိုပါ နှုတ်ဆက် လိုက်သေး၏။ ဂျာမန် ထုံးစံအတိုင်း နောက် ပြန်တွေ့သည့် တိုင်အောင်လို့ နှုတ်ဆက်ပြီး “နှင်းဆီ အပြာပွင့်တွေ ပေါ်တဲ့ နှစ်မှာ ကျွန်မ ပြန်လာမယ်”ဟု ရယ်စရာ ပြောခဲ့သေး၏။ (အန်းနာကိုပင် ဆေးရုံမှာ သွားကြည့်ခဲ့သည်။ အန်းနာကို သူတကာ မသိအောင် နာမည်လိမ်နှင့် သီးသန့် ဆေးရုံတစ်ခုမှာ တင်ထားရသည်။ အန်းနာ ဆိုသည်မှာ အသက်နှစ်ဆယ်ပင် ပြည့်တတ်သေးပုံ မရ။ ရိုးအပုံလည်း ရ၏။ လှလည်း မလှ။ မျက်လုံး အပြာရောင်နှင့် ရွှေရောင်ဆံပင်နှင့် ချစ်စရာတော့ ကောင်းသားဆိုရမည်။ အန်းနာ၏ ကလေးကိုတော့ မြနန္ဒာ ကြည့်နိုင်စိတ် မရှိ။ အန်းနာကို ရန်လိုစိတ် မရှိ။ တစ်လှေတည်း စီးလို့ပင် သဘောထားကာ သနားကြင်နာ လိုက်သေး၏။)
ကိုကိုနှင့် နှစ်ယောက်တည်း သားလေးတောင် မပါဘဲ ပွဲသွားကြမည်။ လက်မှတ် နှစ်စောင် ဝယ်ပြီးပြီ။ ပြီးတော့ အဆင်သင့်ရှိလျှင် ဟိုတုန်းကလို ကပွဲရုံ တစ်ခုမှာ သွားကကြမည်။
ကိုကိုက အန်းနာ ရှိရာ ဆေးရုံမှ လာခဲ့မည်။ မြနန္ဒာက ညနေစာ စားဖို့ ၇ နာရီတိတိမှာ ဇာတ်ရုံနှင့် တွဲထားသော စားသောက်ခန်းကစောင့်မည်။ ကိုကိုသည် ၇ နာရီ ထိုးလည်း မလာ။ ၇ နာရီခွဲလို့လည်း မလာ။ မြနန္ဒာသည် မှာထားသော အစားအစာများကို ဟန်လုပ်၍ စား၏။ မကြာခဏ နင်သည်ကို ဆိုဒါမျှောချရ၏။ တစ်ယောက်တည်း ညစာ စားနေသော အဖော်စောင့်ဟန်၊ အဖော်မလာဟန် သိသာလှသော မြနန္ဒာ ဖြစ်ပုံကို မျက်စောင်းထိုး စားပွဲမှ ယောကျ်ား တစ်ယောက်က စောင့်ကြည့်နေသည်ကို တွေ့ရ၏။ ဂျာမန်ပဲ ထင်ပါရဲ့။ အသားအရေ ပြေပြစ်ပြီး ဆံပင်နက်တယ်။ မိန်းမ နည်းနည်းဆန်တယ်။ လည်ပင်းမှာ တပ်တဲ့ နက်တိုင်ကလည်း အရောင်လွင်လွင်ပဲ။ ပြင်သစ်များလား။ မြနန္ဒာ သူ့ကို နောက် တစ်ခါ ကြည့်မိရင်တော့ သူ ထလာတော့မှာပဲ။ မိတ်ဖွဲ့တော့မှာပဲ။ ပျက်စီးဖို့ ဘယ်လောက် လွယ်ပါလိမ့်။ မြနန္ဒာက စိတ်နည်းနည်း လျှော့လိုက်ရင် တစ်ခါ ထပ်ကြည့်ရုံမက ပြုံးလို့တောင် ပြလိုက်နိုင်သည်။ ပြီးတော့ လက်မှတ် နှစ်စောင်နှင့် ပွဲအတူ ကြည့်လိုက်မည်။ ပြီးတော့ သူက ကော်ဖီသောက်ဖို့ ဖြစ်စေ ဖိတ်ကြားလိမ့်မည်။ ပြီးတော့...
မြနန္ဒာသည် မျက်တောင်များကို လျင်မြန်စွာ ခတ်လိုက်ရာ မျက်ရည်များ မျက်တောင်၌ ခိုကပ်ကုန်သဖြင့် စီးမကျတော့။ ပိုက်ဆံအိတ်ကို နှိုက်ပြီး နောက် ပွဲလက်မှတ်နှစ်စောင်ကို ပိုက်ဆံအိတ်ထဲမှာပင် ဆုတ်ချေပစ်လိုက်၏။ စားသောက် စာရင်း ရှင်းရန် ငွေစက္ကူ ထုတ်ပေးလိုက်ပြီး ပြန်မအမ်းခင် ခပ်သုတ်သုတ် ထလာခဲ့သည်။ လိုက်ခေါ်၍ ငွေအမ်းမည်ကို ကြောက်သဖြင့် သူခိုးပမာ ပြေးထွက်ခဲ့သည်။ ပြီးတော့ လမ်းမကြီးအတိုင်း ဘယ်လောက်ကြာကြာ လျှောက်နေမိပါလိမ့်။ ငါ ဘာလုပ်ရမလဲ။ ငါ ဘာလုပ်ရမလဲ။ ငါ ဘာမှလဲ မလုပ်တတ်ပါလား။ ဘယ်သူမှလည်း ငါ့ဘက်မှာ မရှိပါကလား။ အားငယ်လှသည့် အဆုံး၌ ကောလိပ်ရောက်မည့် နှစ်က နန္ဒာ့ကို စွဲမက်လှသည့် အိမ်ခြံကပ်လျက်က လူပျိုပေါက်စ ကလေးကို သွားသတိရ၏။ မြနန္ဒာ ကားနောက်က စက်ဘီးနှင့် တကောက်ကောက် လိုက်တတ်၏။ နားရွက်ကားကား၊ မျက်လုံး ပြူးပြူးကလေးဆိုတာပဲ မှတ်မိသည်။ အဲ့သည် ကောင်လေးပြဲဖစ်ဖြစ် ခုနေ တွေ့ရရင် ရင်ခွင်ထဲ မျက်နှာအပ်ပြီး အားရအောင် ငိုမိမည်။ အဲသည် ရုပ်ရည်တောင် ကောင်းကောင်း မမှတ်မိတော့ပြီ ဖြစ်သောလည်း မြနန္ဒာကိုတော့ ချစ်ခင်ကြင်နာမယ်လို့ ထင်ရသူကလေးကိုပဲ အားကိုးချင်လှပြီ။ မြနန္ဒာ၌ သတ္တိကုန်ပြီ ထင်သည်။ တစ်ယောက်တည်း အင်အားနှင့် ဆက်နေလို့ မရတော့ဘူး ထင်သည်။
မြနန္ဒာသည် လမ်းမကြီးအတိုင်း လျှောက်နေရာက ဘယ်လို တွေ့ပြီး ခေါက်တုံ့ခဲ့သည် မသိ။ ဇာတ်ရုံ လှေကားထစ်များသို့ ပြန်ရောက်မှ သတိရလာသည်။ ဇာတ်ရုံတွင်း၌ တီးမှုတ်နေပြီ။ သူ ဝင်ခွင့်ရတော့မည် မဟုတ်။ ဝင်လိုစိတ်လည်း မရှိ။ လေပြင်းတိုက်လာပြီး အပေါ်ရုံ သားမွေးကုတ်အကျႌ ပွင့်ထွက်လွင့်ပါးသည်ကို မနည်း ပြန်ပြီး ကြယ်သီးတပ်ရ၏။ ခေါင်းစည်းကျပ်ကျပ် ပြန်စည်းရပြန်၏။ အလှဆုံး ရွေးချယ်ကိုင်လာသော ငွေရောင်ဖိနပ်နှင့် ဆင်တူ ငွေရောင် ပိုက်ဆံအိတ်ကလေးကို အဓိပ္ပာယ်မရှိ သေသေချာချာ ကြည့်နေမိပြန်၏။
ထိုခဏ၌ ၁၂ နှစ်ရွယ် ရှိမှာပေါ့။ ကလေးတစ်ယောက်က အင်္ဂလိပ်စကား မတတ်တတတ်နှင့် ပိုက်ဆံ လာတောင်းသည်။ ပထမ အဓိပ္ပာယ် မပေါက်။ အိမ်မပြန်တတ်တာတော့ မဟုတ်ပါ။ ပိုက်ဆံ လိုချင်တာတော့ မှန်ပါလိမ့်မည်။ “သားရယ် ဘာမှ လိမ်ပြီး မပြောပါနဲ့ကွယ်”ဟု မြနန္ဒာက စတင် လိုက်၏။ “မင်းကို မုန့်ဖိုး ပေးမှာပေါ့။ အိမ်မြန်မြန်တော့ ပြန်ပေါ့နော်”ဟု ဘယ်လောက်မှန်း မသိ ပိုက်ဆံ အိတ်ထဲက ပါလာသော ငွေစက္ကူ သုံးလေးရွက်ကို ပေးလိုက်၏။ “ ဒါပေမယ့် မုန့်ဖိုးပေးလိုက်တဲ့ မိန်းမ တစ်ယောက် ကံကောင်းပါစေလို့ ဆုတောင်းပေးပါနော်”ဟု ပြောလိုက်၏။ ကလေးက ခပ်အမ်းအမ်းနှင့် ကံကောင်းပါစေဟု ချက်ချင်း ဆုတောင်း၏။ ပြီးတော့ မိမိကစ၍ ထိုသူငယ်ကလေးအဆုံး တစ်လောကလုံး၌ ရှိသမျှ အားလုံးဟာ အထီးတည်းပဲ။ အကူအညီ မဲ့ကြတယ်။ မိုက်မဲတွေဝေကြတယ်။ လူလာဖြစ်ကြတာ မှားတယ်ဟု တွေး၏။ ပြီးတော့ ကံကောင်းပါစေဟု အားလုံးကို ရည်ရွယ်၍ အရူးပမာ နှုတ်မှ ရေရွတ်ပြီး လျှောက်လာပြန်၏။ အိမ်ရောက်လို့ ရောက်မှန်း မသိ။ သားကလေးကို စောင့်သူကို ဘာပြောလိုက်၍ ဘယ်လောက် ပေးလိုက်မှန်းလည်း မသိ။ သားကလေး အိပ်ရာဘေး၌ ဒူးထောက်၍ ကလေးလက်ကို နမ်း၍ ကလေးလက်ဝါး၌ မျက်ရည်ပြည့်အောင် ဘယ်လောက်ကြာအောင် ငိုမိသည် မသိ။ ကိုကို ပြန်လာမှ သတိရ၏။

ပြီးတော့ သူတို့ ရန်ဖြစ်ကြ၏။ အဲသည်ညမှာပဲ ကိုကို သူ့ကို ရိုက်နှက်ထိုးကြိတ်သည်။ အရက်မူးသမား မယားလိုပဲ လင်ရိုက်တာ ခံရတာ။ ငါးစိမ်းသည်မလိုပဲ လင်ရိုက်တာ။ ကိုကိုက ပြော၏။ မင်းနဲ့ ငါနဲ့ ပြော၏။ “မင်းဟာ ဘဝတစ်ခုတည်းအကြောင်းပဲ စဉ်းစားတယ်။ ငါ့ဘဝကို စိတ်ဝင်စားတာ မဟုတ်ဘူး။ ငါ့ဘဝကို သာယာကွက်ကလေး တစ်ကွက်တောင် မပေးဘူး။ ငါ အမြဲ အပျော်ရှာ နေတယ်လို့သာ မင်း ထင်တယ်။ ငါ ဘယ်အချိန်မှာ စိတ်ညစ်နေတယ်။ ဒုက္ခရောက်နေတယ်ဆိုတာ မသိဘူး။ ခွဲစိတ်ခန်းထဲက သွေးသံရဲရဲနဲ့၊ ချွေးတလုံးလုံးနဲ့ ထွက်လာတာလည်း မင်းမမြင်ဖူးဘူး။ မရည်ရွယ်ပေမယ့်လည်း ငါ့ အပြစ်ကြောင့် ဖြစ်စေ၊ ငါ့ အပြစ်လုံးဝမပါဘဲ ဖြစ်စေ ခွဲစိတ်ခန်းမှာ ငါ လူသတ်မိတဲ့အခါမျိုးကို၊ မဖြစ်သင့်တာ ဖြစ်မိတဲ့အခါမျိုး မင်းသိတောင် မသိလိုက်ဘူး။ ငါ ဆောက်တည်ရာ မရလို့ ခြေဦးတည့်ရာ လျှောက်နေတဲ့ အခါမှာ ငါ အလေလိုက်နေတယ်လို့သာ မင်း ထင်တယ်။ ဘာဖြစ်လို့လဲလို့ တစ်ခွန်း မေးဖူးလား”
မြနန္ဒာသည် အံ့အားသင့်မိ၏ ဟုတ်သည်။ ကိုကိုနှင့် ရှစ်နှစ်မျှ ပေါင်းလာသည့် အချိန်အတွင်း ကိုကိုရဲ့ ဆရာဝန် အဖြစ်ကို သူ သတိမရခဲ့။ သူနဲ့ မတူသော၊ ပတ်စပ်နိုင်သော လင်ကို ယူခဲ့သည်လို့ သတိမရခဲ့။ ခွဲစိတ်ခန်းဆိုတာ ချောင်းမြောင်းလို့ပင် မကြည့်ခဲ့။ သွေးမြင်လျှင် မူးချင်သည်။ ဆေးရုံ၏ အနံ့ကို ရှူရလျှင် မူးချင်သည်။ ဆေးရုံထဲက လေကို ရှူရမှာ ရွံသည်။ ဆေးရုံ၏ အနံ့ကို ဖြူဖွေးစင်ကြယ် တောင့်တင်းခြင်းကို မခံမရပ်နိုင်။ အိမ်မှာလည်း ရေခဲသေတ္တာထဲ ကိုကို ထိုးဆေးများ လာထည့်လျှင် ရွံရှာ၍ ရန်ထောင်မြဲ။
“ကိုကို ဘာဖြစ်လို့ မပြောသလဲ”ဟုသာ မေးလိုက်၏။ ကိုကို့ကိုသာ အမြဲ အပြစ်တင်ခဲ့တာတော့ မြနန္ဒာရဲ့ အမှားပဲ ထင်ပါရဲ့။ ကိုကိုကလည်း ဆေးပညာအကြောင်း တစ်ခါမျှ မပြော။ စာအုပ်ယူခိုင်းလျှင်တောင်  “အစိမ်းရောင် စာအုပ် လက်တစ်ဝါးလောက် ထူတဲ့ဟာ မဟုတ်ဘူး။ လက်လေးလုံးလောက် ထူတဲ့ဟာ”လို့ ပြောပြတတ်၏။ စာအုပ်ပေါ်က ရှည်လျား၍ မရင်းနှီးသော စာတန်းများကို မြနန္ဒာ ကြိုးစား မဖတ်မိ။ စာအုပ်များ မတော်တဆ ပွင့်ဟနေလျှင် အမြင်မတော်ဘူးလို့ မြနန္ဒာ ထင်သည်။ မိန်းမ၊ ယောကျ်ား၊ ကလေးများ၏ ပုံကို မြင်ရတတ်၏။ သားကလေး လှန်ကြည့်မှာ စိုး၍ အမြဲသိမ်းဆည်းရ၏။ တစ်ခါက လည်ပင်း အကျိတ်ရောဂါကြောင့် မျက်လုံးကြီးပြူးထွက်နေသည့် မိန်းမ တစ်ယောက်၏ ပုံသည် မြနန္ဒာကို အိပ်ရာဝင်တိုင်း သီတင်းပတ်များစွာ ခြောက်လှန့်ခဲ့ဖူး၏။ သားကို မွေးဖွားရသော တိုက်ပွဲ၌ ကိုကို မရှိခဲ့ဘူးဟုဆိုလျှင် လူနာ့ အသက်များစွာကို လုယူရသော တိုက်ပွဲ၌ မြနန္ဒာမရှိဘူးဟု ကိုကိုကလည်း ပြောနိုင်မည်ပင်။ ကိုကိုနှင့် မြနန္ဒာသည် ကောင်းသော အဖော်များ မဟုတ်ကြ။

မြနန္ဒာသည် ကိုကို၏ ဘဝ၌ အလှထားရသော၊ အားမကိုးရသော၊ အသုံးမဝင်လှသော ပစ္စည်းမျှသာ ဖြစ်လိမ့်မည်။ သို့ပေမယ့် ကိုကိုရယ်၊ ဓလေ့ချင်း မတူတဲ့အတွက်၊ သဘောကွဲပြားတဲ့အတွက် ရိုက်နှက်ဖို့တော့ မလိုပါ။ သည်လောက် ဗိုလ်ဆန်တဲ့၊ မြန်မာ လုံချည် မဝတ်ဖူးတဲ့၊ မြန်မာစကားတင် မက ရခိုင်လို ဘယ်တော့မှ မပြောတဲ့ ကိုကိုဟာ မယားတော့ ရိုက်တတ်သားပဲ။ ဘာအကြောင်းကြောင့်နဲ့မှ လူလူချင်း မရိုက်သင့်ပါဘူးဟု ခေါင်းမာစွာ တွေးပြန်၏။
ရန်ကုန်ကို ပြန်ရောက်၍ လေး ငါးရက်ကြာမှ ပျောက်ပြယ်သည့် မျက်လုံး၌ သွေးခြည်ဥသော ဒဏ်ရာကို မာမာတို့က မေးတိုင်း လိမ်ပြောရ၏။ သားကလေး ခေါင်းဖြင့် ဆောင့်မိတာပါလို့။ မာမာက အလိုက်မသိဘဲ ကိုကို့ကို မျက်စဉ်း ခတ်ခိုင်းသေး၏။ လင်မယားနှစ်ယောက်သည် ထိုအခါမျိုးမှာ ဘယ်လိုမှန်း မသိ။ အားနာပြီး တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်မိအောင် ရှောင်နေကြရသည်။

xxx

ရန်ကုန်ပြန်ရောက်သော် မြနန္ဒာနှင့် ကိုကိုသည် ထင်ပေါ်ကျော်ကြားသော လင်မယားဖြစ်၍ ငွေလင်ပန်း၌ ထပ်ပုံနေသော ဖိတ်စာများကို နေ့စဉ်ဖတ်ကာ သွားရမည့် ပွဲကို ရွေးချယ်ကြရပြန်သည်။ အိမ်ကြီးကို ရောင်း၍ အိမ်သစ်ဆောက်သည်၌ မြနန္ဒာ အလုပ်များရပြန်သည်။ ပန်းခြံနှင့် အိမ်ကို စိတ်တိုင်ကျ ပြုပြင်ရ၏။ ခန်းဆီး၊ ကော်ဇောကအစ မြနန္ဒာ စိတ်ကြိုက်ချည်းပြင်၏။ ပန်းအိုး၊ ပန်းကန်၊ ဇွန်း၊ ခက်ရင်းက အစ စားပွဲခင်း၊ လက်သုတ်ပဝါကအစ မြနန္ဒာပါရသည်။ ဘဝတစ်ခု အသစ်ဆောက်သလို သူ့အိမ်ကို စိတ်တိုင်းကျ ဆောက်သည်။ မာမာ၊ ပါပါတို့က ချမ်းသာသမျှ မှောက်သွန်၍ ပေးခဲ့သည့် ဇာတ်လမ်း ဆုံးခန်းတိုင်လေပြီ။
မာမာ၌ လက်ဝတ်လက်စားသာ ကျန်တော့သည်။ အိမ်သစ် ဆောက်ရန် အိမ်ကြီးကို ရောင်းခဲ့သည်။ သူတို့ဘာသာ ခြံကျယ်သော်လည်း ပျဉ်ထောင်ဖြင့် ဆောက်သော အိမ်ကလေးတစ်ခု ဝယ်၍ နေကြ၏။ မာမာတို့၌ ရှိသမျှ ပစ္စည်းကို သမီးနှင့် တူသမက်အား ပုံ၍ ပေးကြသည်။ ကျေးဇူးတင်ဖွယ်ပါပဲ။ သို့ပေမယ့် သူတို့ ချစ်ပုံက တစ်မျိုးပဲ။ သူတို့ ပေးပုံက တစ်မျိုးပဲဟု တွေးမိ၏။ အေးလေ သူတို့လိုချင်ပုံက တစ်မျိုးဖြစ်လို့ ရှိမှာပေါ့ဟု စဉ်းစားမိ၏။ နန္ဒာ လိုချင်တာနဲ့မှ မတူဘဲ။ နန္ဒာ လိုချင်တာ ဘယ်သိတတ်ကြမလဲ။ ကိုကို၏ ဝင်ငွေ အလွန်ကောင်းလာ၏။ ကိုကို၌ ယောက္ခမ ငွေကို အားကိုးရခြင်းက လွတ်ကာ မာနပြည့်ဖြိုး၍ စိတ်ချမ်းသာတိုးဟန် တွေ့ရ၏။ မြနန္ဒာကို လစဉ် လိုသည်ထက် ပိုပြီး ပေးနိုင်လာ၏။ သားကို ပစ္စည်းနှင့် ငွေနှင့် ပို့ချင်ပြန်၏။ သို့သော် မြနန္ဒာ အလိုလိုက်ခြင်းကြောင့်ပဲ ထင်ပါရဲ့။ မြနန္ဒာ၏သားသည် ဘောင်းဘီတို ဝတ်ရမှာ ရှက်သည်။ ၇ နှစ် ရောက်ကတည်းက မြန်မာလုံချည် ဝတ်သည်။ တစ်ခါမျှ ဘောင်းဘီရှည် မဝတ်ဖူးတော့ချေ။ အတန်းထဲမှာ လူတိုင်း လုံချည်ဝတ်ကြသည်လို အကြောင်းပြသည်။ ပြီးတော့ သူ့အခန်းထဲမှာ ပန်းချီဆွဲနေသည်။ ၀တ္ထု၊ ကဗျာ ဖတ်နေသည်။ ပန်းချီကျောင်း တက်ချင်သည်။ ဆယ်တန်းအောင် အောင် မဖြေချင်တော့ဘူးလို့ ဆိုလာသည်။ ကျောင်းစာ မကျက်ချင်။ မြနန္ဒာကပင် ပြန်၍တင်းကျပ် လာရသည်။ ဂျာမန်နှင့် ပြင်သစ်စာကို မမေ့အောင် ကိုယ်တိုင် သင်ရသည်။ ပန်းချီဆရာ အောင်စိုးထံ ပို့ပေးမည်လို့ ဝန်ခံထားရသည်။ ကိုကိုက ဆရာဝန် ဖြစ်စေချင်တာ၊ ဖြစ်ပုံမရ၍ စိတ်ပျက်လေသည်။
အိမ်နှင့် သားကိစ္စဖြင့် အလုပ်များနေရကာ တော်တော်ကောင်းသားပဲဟု မြနန္ဒာတွေး၏။ ပိုပြီး မအားလပ်အောင် နှင်းဆီပင်များ စိုက်ပြန်၏။ သစ်ခွပင်များ စိုက်ပြန်၏။ အိမ်ရှေ့မြက်ခင်းကို ဂျပန်မြက်များဖြင့် ကော်ဇောလို ညီအောင် အကြိမ်ကြိမ် ညှိ၍စိုက်၏။ အလယ်က ဂျာမနီက ဝယ်လာသော ရေမြင်းရုပ်ကလေးဖြင့် ရေပန်း၊ ရေကန် သေးသေးသွယ်သွယ်ကလေး တည်၏။ ကျောက်ဥယျာဉ်ကို တစ်ထောင့်၌ ပြင်ဆင်ရသေး၏။ အိမ်ဘေး၌ သင်္ဘောပင်များ စီစိုက်ပြီး အိမ်နောက်၌ ဝက်မလွတ် အုန်းပင်၊ မိုးအုပ်သော နေဇာမြက်ခင်း ဖြစ်စေကာ သံပန်း ကြိမ်ခက် ပက်လက်ကုလားထိုင်များ၊ ခွာညိုပန်း ပေါင်းမိုးများဖြင့် ဒန်းဆင်သည်။ ရင်းနှီးသော မိတ်ဆွေများကို အုန်းလက်များအောက်မှာ ဆောင်းရာသီ၌ တရုတ်အိုးပူဖြင့် ဧည့်ခံနိုင်သည်။ ခရစ်စမတ်ကျလျှင်တော့ အိမ်ရှေ့မြက်ခင်း၌ အားးငယ်လှသော မီးပွင့်ပြာကလေးများဖြင့်သာ ထင်းရှူးပင်များ၌ ချိတ်ဆွဲထွန်းညှိ၍ ဖယောင်းတိုင်စိုက်သော စားပွဲများခင်း၍ ဧည့်ခံမည်။ နိုင်ငံခြားသား ဧည့်သည်များကိုတော့ သင်ဖြူးခန်းလုံးပြည့်ခင်းသော စောင်းကောက်၊ ပတ္တလား၊ ငွေယွန်းထည်တို့ဖြင့် အလှပြင်သည့် မြန်မာခန်း၌ ကြာဆံကြီးခေါက်ဆွဲဖြင့် ဧည့်ခံမည်။ (သားက ပတ္တလား တီးတတ်ပြီ၊ စောင်းကောက်ကတော့ အလှဝယ်ထားခြင်းသာ ဖြစ်သည်။)
ပီယာနို၊ ဓာတ်ပြားဖြင့် လူ့ဘဝ၌ အချိန်များစွာ ကုန်ဆုံးနိုင်၏။ ပြီးတော့ စီးကရက် တစ်လိပ်ပြီး တစ်လိပ် ဖွာနေနိုင်၏။ မြနန္ဒာ လက်ညှိုးနှင့် လက်ခလယ်မှာ ဝါညို၍နေသည်။ ရှန်ပိန် မလိုတော့ချေ။ သတိမလစ်တလစ်အနေမျိုး အလို မရှိတော့။ မလိုတော့။ သတိရှိရှိဖြင့် အပြုံးမပျက်ပင် မြင်လာသမျှကို ကြည့်တတ်ပြီ။ ခံယူတတ်ပြီ။ သားကို ကောလိပ်သို့ ပိုရသည့် နှစ်မှာ သမီးလေး မွေးဖွားခဲ့၏။ လိုလိုချင်ချင်ပင် မွေးဖွားခဲ့၏။ အဲသည်တုန်းက သားကလေး ကြီးသွားသဖြင့် ဟာနေသော ရင်ခွင်၌ ကလေးတစ်ယောက်ထည့်ထားချင်၏။ မာမာ၊ ပါပါက သဘောမကျ။ သူတို့ဝါဒီက တစ်ဦးတည်းသော သားဆိုတာမျိုး ဖြစ်သေးသည်။ ဒါမှ စည်းစိမ်ချမ်းသာကို ဘယ်သူနှင့်မျှ ခွဲဝေစရာ မလိုဘဲ ရနိုင်မည်။ သားသမီး ဆိုတာကအစ သူတို့အဖို့ စီမံကိန်းတစ်ရပ် ဖြစ်သည်။
“တကယ်တော့ နန္ဒာလေ ဒါဇင်ဝက်လောက် လိုချင်တာ။ ခု အသက်ကြီး သွားလို့၊ မမွေးဝံ့တော့လို့။ ခုသွေးတိုးလည်း နည်းနည်း ဖြစ်ချင်ပြီ မာမာရဲ့”ဟု အမြဲ ပြောကာ တိတ်ဆိတ်သွားသော မိဘတို့ကို ကြည့်၍ ရယ်မောပစ်လိုက်ပြန်၏။ ပြီးတော့ အရေတွန့်လာသော၊ ဆံပင်ဖြူဖွေး ပါးကျဲသော မိဘတို့ကို သနား၏။ ခွင့်လွှတ်ချင်၏။ ပါပါ မြန်မာလုံချည် ဝတ်စပြုသည်ကို အံ့သြပြန်၏။
ဘာဆိုလို့ ဘာမှ လုပ်စရာ မရှိတော့ဟု သူ ထင်လျှင်တော့ မြနန္ဒာတစ်ယောက်တည်းကို သုံးဖို့ ကိုကိုဝယ်ပေးသည့် ဗောက်ဝက်ဂွန်ကားကလေးကို လမ်းဖြူးဖြူး၌ မောင်း၏။ ပဲခူးဘက်သို့ ခဏ ခဏ မောင်း၏။ တစ်ခါတစ်ရံ မြန်ဆန်စွာ မသိလိုက် မသိသာ မောင်းမိလျှင် သတိရကာ အရှိန်လျှော့ရ၏။ မြန်မြန် သွားသည်ဖြစ်စေ၊ နှေးနှေး သွားသည် ဖြစ်စေ သင်္ချိုင်းဆိုတာက တစ်နေ့ ရောက်မှာပဲဟု ပြောမိ၏။ ပြီးတော့ သမီးလေး ငယ်သေးသည်။

ဖဲရိုက်လည်း ကောင်းစွာ တတ်လာသည်။ ကိုကိုက မကြိုက်။ ကိုကိုလည်း တစ်ချပ်မှောက်တတ်၏။ သို့သော် စိတ်မရှည်။ အားလည်း မအား။ ကိုကိုသည် မအားလပ်နိုင်အောင် နေထိုင် အသက်ရှင်ကောင်းဆဲပင်။ ကိုကို့၌ တိတိလင်းလင်း ယူထားသော မယားနှစ်ယောက် ရှိသေးသည်။ တစ်ယောက်က အစိမ်းဝတ် ကရင် သူနာပြု ဆရာမဖြစ်၍ နောက်တစ်ယောက်က တရုတ်ကပြား ကျောင်းဆရာမ ငယ်ငယ်ချောချောကလေး ဖြစ်သည်။ ရုံးတက် လက်ထပ်ကြသည်တဲ့။ မြနန္ဒာ အဲဒီတလောက ဖဲချည်း ရိုက်နေတာ တော်တော် ရှုံးနေသဖြင့် ကိုကို့ကို ရန်တောင် မဖြစ်ဝံ့။ ကိုကိုက ဖဲရိုက်ဖို့ဆိုပြီး ငွေပိုပေးသည်ကိုပင် ကျေးဇူးတင်ရသေး၏။ မာမာနှင့် ပါပါက ဆူပူသည်။ မြနန္ဒာကို အဖိုးတန်အောင် မနေဘူးလို့တောင် ဆိုရက်ကြသည်။ သို့ပေမယ့် နေပါဦး။ မြနန္ဒာက ဘာတွေများ အဖိုးတန်နေလို့လဲ။ လှလိုက်တာနဲ့ ပိုက်ဆံရှိတာက လွဲလို့ ဘာမှ မကြွယ်ဝတဲ့၊ အဖိုးမတန်တဲ့ နန္ဒာပါ။
မြနန္ဒာ စိန်ရွှေဝတ်လို့၊ ဥရောပဖြစ် ဘရိုကိတ်နှင့် ရွှေခြည်ငွေခြည် ပုလဲထိုး ဝတ်လို့၊ ပွဲထိုင်ကို လင်နဲ့တွဲလို့ ဖြစ်စေ၊ အခါများစွာပင် ကိုကို မလိုက်၍ တစ်ယောက်တည်းဖြစ်စေ၊ သွားသည့်အခါ ကိုယ့်ကိုယ်ကိုယ် အဖိုးတန်လှပြီ ထင်သလား။ အဲဒီ ပွဲထိုင်မှာ သီချင်းဆိုဖို့ လာသော မိန်းကလေးများကို အားကျခဲ့သည်။ မနာလိုခဲ့သည်။ ချီးမွမ်းမိသည်။ သူတို့ဟာ မြနန္ဒာထက် လိမ္မာပါးနပ်ကြသော၊ သိမြင်ကြသော၊ သတ္တိရှိကြသော သူများ ဖြစ်သည်လို့ ထင်သည်။ ဖြစ်နိုင်သေးလျှင် ဘဝချင်း လဲလိုက်ချင်သေးသည်။

တစ်ခါတုန်းက မှတ်မိသေးတာပေါ့။ ညစာစားပွဲ တစ်ခုမှာ ဂီတဆရာငြိမ်းကို ဆုံတွေ့ခဲ့ရတာ သတိရ၏။ ငြိမ်းရဲ့ သီချင်းတွေ ကြိုက်လှ၏။ (ယခု မြနန္ဒာသည် မြန်မာသီချင်းကြီးများကိုလည်း တီးခတ်တတ်ပြီ။) ရိုသေကျိုးနွံစွာ ပေါင်းသင်းဆက်ဆံချင်လှ၏။ ထမင်းစားပွဲမှာတော့ ငြိမ်းက သူ့တစ်ဝက်မျှ တန်ဖိုးမရှိဟု နန္ဒာ ထင်သော ဝတ်စားမော်ကြွားလာသူတွေ အရက်သောက်ကြ၊ ညစာစားကြသည်ဖြင့် မလှမ်းမကမ်းက ချောင်တစ်ချောင်မှာ တီးမှုတ်ဖျော်ဖြေနေသည်။ ဘယ်လောက် မခံချင်စရာ ကောင်းလိုက်ပါလိမ့်။ ငယ်ငယ်က ညစာစားပွဲများ အိမ်မှာ လုပ်လျှင် ပီယာနို တီးပြရတာကို သတိရပြီး အရှက်ကြီး ရှက်မိ၏။ ဘယ်သူမှလည်း သူ့ဂီတကို ရိုသေမည့်သူ ပါမည်မထင်။ နားထောင်ချင်ယောင်ဆောင်ပြီး အားနာဟန်ဖြင့်သာ စကားတိုးတိုး ပြောကြ၊ ခပ်ကျယ်ကျယ် ရယ်လိုက်ကြ လုပ်နေ၏။ မြနန္ဒာ တစ်ယောက်တည်းပဲ အပြစ်ရှိသည်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ပြီး အနေကျုံ့လှ၏။ ရှက်မောလှ၏။ ငြိမ်း၏ အပါးမှာ ကျံု့ကျံု့သွားထိုင်လိုက်ချင်၏။ နန္ဒာ့ထက်ကြီးသူမို့ သူ့ဂီတကို ကြည်ညိုသောအားဖြင့် ကန်တော့တောင် ကန်တော့လိုက်ချင်၏။ သို့သော် လူ့ဘဝမှာ လုပ်ချင်တာ ဘာရှိသည် ဆိုတာကို တွေးတောခွင့်မရခဲ့။ လွတ်လွတ်လပ်လပ် မလုပ်ခဲ့ရသူမို့ သည်တိုင်းပင် အရက်သောက်၊ ညစာစားပြီး စီးကရက်သောက်၊ စကားပြောနေသူများနှင့် ရောနေလိုက်၏။ နောက် နှစ်လ သုံးလကြာမှ ငြိမ်း သူ့ကိုယ်သူ သတ်သေသည်ဆိုတာ သတင်းစာ၌ ဖတ်ရ၏။ သူ သတ်သေတာ နန္ဒာ အပြစ်လည်း ပါသည်။
အသက် ၄၀ ပြည့်သည့်နေ့ကတော့ ရွှေတိဂုံသို့ သမီးရော သားပါ ခေါ်၍တက်ခဲ့၏။ ပန်းများစွာ ဝယ်၍ ပန်းအိုး၌ ထိုး၏။ အိမ်မှာ ပုံသွင်း ကျိုချက်သော ဖယောင်းတိုင် ရောင်စုံများ စီ၍ “ မြနန္ဒာ”ဟု စာလုံး ပုံဖော်ကာ ထွန်း၏။ (ဘုရားတော့ မကန်တော့မိ)။ သည်တစ်ခါပဲ ကိုယ့်နာမည်ကို အရေးတယူ ပြုဖူးသည်။ အရေးတယူပြုတယ်လို့လည်း မဟုတ်ပါဘူး။ ၀တ္ထုတစ်ပုဒ်ရဲ့ နာမည်ကို ဖတ်သလိုပါပဲ။ ဒိုင်ယာရီ၌ “မှတ်ချက်အထွေအထူးမရှိ”ဟုသာ ရေးခဲ့၏။ လူ့ဘဝ၌ တစ်ဖန် သေခဲ့ပြန်ပြီ။ တစ်ဖန် မွေးဖွားဦးမည်လား။ တစ်နေ့စီ နည်းနည်းချင်း သေသွားဖို့ရာသာ ရှိတော့သည် ထင်ပါရဲ့။ သည်တော့မှ နေ့စဉ် ဆက်လက်နေထိုင်လို့ ကောင်းသည်။ ရုပ်နာမ်ချုပ်ငြိမ်းသည့်နေ့၌  ဣန္ဒြေရလိမ့်မည်။ အင်မတန် ချစ်ရသော သားနှင့် သမီးကို အပြုံးမပျက် ထားခဲ့ရလေမည်။ ကိုကိုနှင့် မိဘတို့ကို ခွင့်လွှတ် နှုတ်ဆက်ခဲ့ရလေမည်။ သို့သော် ဆံပင်တစ်ချောင်းပင် မဖြူသေး။ အသားအရေများ ပြည့်တင်း စိုပြည်မြဲ၊ ရေကူးလို့ မောရမှန်း မသိ။ ကူးလို့ ကောင်းမြဲ၊ မြနန္ဒာကို ယောကျ်ားများ တပ်မက်မောဆဲ။ ငယ်ရွယ်သော မောင်အရွယ်၊ တူအရွယ်များကပင် သူ့ကို စုံမက်ကြသေး၏။ အသက် ၃၀ အောက်လို့ ထင်ကြ ပြောကြ၏။ သားနှင့်အတူသွားလျှင် မောင်နှမလို့ ထင်ကြ၏။ ဆံပင်ဖြူသဖြင့် ဆိုးဆေးမပြတ် ဆိုးနေရသော ကိုကိုက မနာလို ဖြစ်သေး၏။
မှတ်ချက် အထွေအထူးမရှိတာတော့ အမှန်ပင်။ ဘယ်နှနှစ် ပေါင်းစုမိသည်ဖြစ်စေ၊ မြနန္ဒာသည် သည်အရွယ် သည်စိတ်သာ ရှိမြဲရှိသည်။ ငြိမ်းချမ်းခြင်းကိုတော့ တစ်နေ့ထက် တစ်နေ့ တွေ့ရှိလာတာ အမှန်ပင်။ နန္ဒာက မိမိရဲ့ နှလုံးနွေးပူတတ်ခြင်းသည် ဒုက္ခ ရှိသည်လို့ ပြော၏။ ပါပါက “မြနန္ဒာ ငယ်ငယ်က သိပ်စကားများတာ။ ခု ဘယ်လို တိတ်ဆိတ်မှန်း မသိဘူး”ဟု ပြော၏။ သို့သော် သမီးလေးနှင့်တော့ အတောမသတ်အောင် ပြောချင်သည်။
“သမီး မြသီတာ၊ ကြီးလာရင် ဘာလုပ်မလဲ” ဆိုလျှင်...
“ဆရာဝန်ကြီး လုပ်မယ်”
မြနန္ဒာသည် ရင်ထဲထိတ်ခနဲ  ဖြစ်၏။ သို့ပေမည့် သမီး မြသီတာက သူ့ကံကို သူ စီမံနိုင်ရမည်။
“သမီး သီချင်း မဆိုချင်ဘူးလားကွယ်။ ဟိုတလောက ရတဲ့ ကဗျာကလေး ဆိုပြပါဦး”
သည်လိုဆိုတော့လည်း ကျကျနန ရွတ်ပြသည်။ အိမ်ထောင်ကျကာ သားသမီး များများ ရနေပြီလို့ သတင်းကြားရတဲ့ လင်းထင်ရဲ့ ကလေးကဗျာများကို မြသီတာ ရတတ်ပြီ။

မေမႊးထုံ မေမႊးထုံ
ပါးကွက်ကြားနဲ့ နပ်ခါးမှုန်။
မမွှေးထုံ ဘာကြောင့်မွှေး
ရှင်တောင်နပ်ခါး လိမ်းလို့မွှေး။

မေမႊးထုံ မေမႊးထုံ
စံပယ်ကုံးနဲ့ ဆံထုံးပုံ၊
မမွှေးထုံ ဘာကြောင့်မွှေး
တောစံပယ်လေး ပန်လို့မွှေး။

မေမႊးထုံ မေမႊးထုံ
နှုတ်ခမ်းပါးနဲ့ ကွမ်းဝါးငုံ၊
မမွှေးထုံ ဘာကြောင့်မွှေး
စမုံကွမ်းအေး ဝါးလို့မွှေး။

မေမႊးထုံ မေမႊးထုံ
နှုတ်ချိုအေးတဲ့ မမွှေးထုံ၊
မမွှေးထုံ ဘာကြောင့်မွှေး
လိမ္မာခြားရေး၊ သတင်းပြေး
သမီးမြကျေး၊ ကြာညိုသွေး
စိတ်သည်ကြည်လို့ နာမည်မွှေး... တဲ့။

“ဘာဖြစ်လို့ ဆရာဝန် လုပ်ချင်တာလဲ”လို့ မေးလျှင်တော့...
“မာမာ့ခြေမကြီး ရောင်နေတာ ဖြတ်ပေးချင်လို့” မာမာ့၌ ဂေါက်ခေါ် အဆစ်ရောင်ရောဂါ ရှိလေရာ နာလွန်း၍ အော်ရ၊ ဆေးသောက်ရ။ ထိုးရ၊ ဖျားနာ မဆုံးရသည်ကို မြသီတာ မကျေနပ်ဘူး ထင်သည်။
မြသီတာကို ဆရာဝန် မဖြစ်စေချင်ပေ။ သို့ပေမယ့် မြသီတာသည် ပီယာနို တီးရတာ ကြိုက်သော်လည်း ဖေဖေ့ နားကြပ်ဖြင့် ဆရာဝန် လုပ်တမ်း ကစားရတာကို ပိုကြိုက်၏။ အိမ်သားများရဲ့ နှလုံးခုန်သံကို ကလေးမက လိုက်လံ နားထောင်တတ်၏။ စာလည်း အင်မတန်တော်သည်။ ကျောင်းမထားခင် အိမ်မှာ ဆရာမဖြင့် သင်နေဆဲ စာကောင်းစွာ ဖတ်တတ်သည်။ အတွက်အချက် တတ်သည်။ အင်္ဂလိပ်စကား အမြဲ ပြောချင်သည်။ ဂျာမန်၊ ပြင်သစ်လည်း နားရည်ဝကာ နားလည်နေသည်။
ကောင်းပြီ။ မြသီတာ ဖြစ်ချင်တာ ဖြစ်စေရမည်ဟု နန္ဒာက ကတိပေးလိုက်၏။
လူ့ဘဝ၌ တစ်ခုတော့ မကျေနပ်သေး။ မာမာ၊ ပါပါတို့ တနင်္ဂနွေတိုင်း ကိုကိုနှင့် ညစာ လာစားကြတာကို မကျေနပ်။ သူတို့၏ စည်းစိမ်နှင့် သမီးပေး၍ မြှောက်စားလိုက်သော တူသမက်သည် ဘယ်လိုနေနေ၊ မြနန္ဒာ၏ ဘဝကို ဘယ်လို နှောက်နှောက် သူတို့ အစီအမံသည် မှန်ကန်မြဲ မှန်ကန်သည်လို့ ဆိုချင်တဲ့သဘောလို့ မြနန္ဒာထင်၏။
ဘာလုပ်နေနေ တင့်တယ်သော အစ်ကိုလင်ကို ကောင်းချီး ပေးကြဖို့ပေါ့။ တနင်္ဂနွေနေ့မှာ လာကြမြဲ။ ဘာမျှ အပြစ်ပြောစရာ မရှိသလို ချိုပြုံး စကားပြောကြားဦးမည်။ မြနန္ဒာသည် အိမ်ရှင်မပီပီ တစ်အိမ်လုံးကို ပြင်ဆင်သည်။ နှင်းဆီပန်း ရနံ့များဖြင့် ကြိုင်လှိုင်စေသည်။ မာမာ၊ ပါပါတို့၏ ဇာတ်ထုပ်ရည် ၀နေအောင် တိုက်ထားသော ထမင်းစားပွဲ ဇာတ်ထုပ်၌တော့ မြနန္ဒာ မပါဝင်ပါ။ ပါပါ၏ ယဉ်ကျေးဖွယ်ရာအဖြစ်၊ ကိုကို ခွဲစိတ်ကုသသည့် ပညာအကြောင်း၊ အစာအိမ် အနာပေါက်သည်ကို ဘယ်လောက် သေးငယ်သည် မျိုချရသော ရောင်စုံကင်မရာဖြင့် ရိုက်နိုင်သည့်အကြောင်း မေးမြန်းဆွေးနွေးဟန်ကို မနာခံနိုင်။ ကိုကိုက ပါပါရဲ့ ဗုဒ္ဓအဘိဓမ္မာ အကြောင်းသော်လည်းကောင်း၊ ဇာတိကို ဘယ်လို ဖြတ်နိုင်မည် ထင်ကြောင်း၊ မာမာရဲ့ ခြေမ ရောင်ရမ်းခြင်းအကြောင်းသော်လည်းကောင်း ကျကျနန ပြန်လည် ဆွေးနွေးဦးမည်။ မြနန္ဒာပါလျှင်လည်း ပြောစရာ မရှိပါ။ မြနန္ဒာနှင့် ဘာသာစကားချင်းတူကြသည် မဟုတ်။ ပိုပြီးမှန်တာက မြနန္ဒာ ပြောချင်သည့် အကြောင်းများစွာကို သူတို့ နားထောင်မည် မဟုတ်ပါ။
ထို့ကြောင့် ဖဲမရိုက်တာ ကြာပြီဖြစ်သော်လည်း အိမ်နှင့် နီးသော ဝင်ဒါမီယာက ဦးသန်းတင့် အိမ်သို့ တနင်္ဂနွေနေ့တိုင်း သွားရသည်။ ကိုးနာရီ ထိုးမှ ပြန်ရသည်။ မိဘနှစ်ပါးက ဆယ့်တစ်နာရီလောက်မှ ပြန်လေ့ရှိတော့ နှစ်နာရီမျှ တွေ့ရသည်။ တော်ရောပေါ့။

xxx

စိတ်မပါဘဲ လေလွင့် ဝင်ရောက်ခဲ့သော် ခါတိုင်းလိုပင် ဖဲဝိုင်းစနေပြီဆိုတာ တွေ့ရ၏။ မြနန္ဒာ ငြူစူမြဲ၊ ဒေါ်ယုယုခင်၏ ကြမ်းတမ်းသော ရုပ်ရည် စိတ်ထားနှင့် စကားသံတို့ကို သည်းခံရဦးမည်။ မာနကင်းမဲ့သော ဦးသန်းတင့်၏ ခိုးကြောင်ခိုးဝှက် တပ်မက်သော အကြည့်ကိုလည်း သည်းခံရဦးမည်။ ကိုကို့လိုပင် မိန်းမ လိုက်စားရာ၌ နာမည်ကျော်ကြားသော သူဌေးကလေး ကိုလှဦးကိုမူ ဒေါ်ယုယုခင်လိုပင် စိတ်အနှောင့်အယှက် ဖြစ်စေသော ရိုင်းပျမှု ရှိသူလို့ ထင်၏။ ကိုကို့အတွက် ဝဋ်ခံရခြင်းလို့ ထင်၏။ ရိုင်းပျခြင်းကို မြနန္ဒာ ဘယ်လို ဆက်ဆံရမည် မသိခဲ့။ အပြုံးမပျက် သည်းခံခြင်းပင် မမှားဘူးထင်၏။
ဒေါက်တာ ခင်အေးရီကို ခင်မင်နှစ်လို၏။ ကိုကို အင်မတန် ချီးမွမ်းသော ဆရာဝန်မ ဖြစ်သည်။ ကိုကို့ လက်အောက်မှာ လုပ်ဖူးသေးသည် ထင်သည်။ လူ့ဘဝ၌ အဓိပ္ပာယ်ရှိရှိ နေသော၊ ဘာလိုချင်ရမှန်း သိ၍ လိုချင်တာကို ရအောင် ယူတတ်သော မိန်းမပေပဲ။ လင်းကို ရအောင်ယူတာလည်း သတ္တိ ရှိလို့ပေါ့။ သူ့လမ်းကို သူထွင်သူ၊ မြနန္ဒာလို ကော်ဇောခင်းထားသော လမ်းမှ လျှောက်ဝံ့သူ မဟုတ်။
လင်းထင် သူနဲ့ နှစ်ပေါင်းများစွာ ကွဲသွားပြီး ပြန်တွေ့တော့ စိမ်း မသွားဘဲ နှစ်လိုခင်မင်လျက် ရှိသေးသည်။
သူကတော့ ငယ်ငယ်က ဘယ်လို မြနန္ဒာဆိုတဲ့၊ လူတိုင်း ပိုးပန်းဖူးတဲ့ မိန်းကလေး တစ်ယောက်ကို ရောနှောရောင်ရမ်း ပိုးပန်းခဲ့ဖူးတဲ့ အကြောင်း သူ့ မိန်းမကို ပြောနေမှာပဲ။
ရယ်မောစရာတော့ လုပ်မယ် မထင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ လင်းရဲ့ ကဗျာများဟာ ရယ်မောစရာမှ မဟုတ်တာ။ သူ့ကဗျာများကို မြနန္ဒာ ရခဲ့ဖူးတာလည်း အမှန်၊ ယခု ပြန်တွေ့တော့ ခင်မြဲ၊ နှစ်လိုမြဲ၊ စကားပြောလို့ ကောင်းမြဲ။
သို့ပေမည့် ဘဝများစွာကို လျင်မြန်စွာ ဖြတ်သန်းဝင်စားခဲ့ပြီလို့ ခံစားရသည်။
မြနန္ဒာအဖို့တော့ အင်းလျားမှ တစ်မနက်ခင်းလုံး နေ့စဉ်လိုလို အတူ ထိုင်ခဲ့ကြတာ၊ စကားပြောခဲ့ကြတာ၊ လှေလှော်ခဲ့ကြတာကို သဘောလောက်သာ မှတ်မိတော့သည်။
ကုန်ဆုံးသွားသော တစ်ဘဝပါပဲ။ သတိရသည့်အခါ ရဆဲ။
လွမ်းစရာ အိပ်မက်ပါပဲ လင်းထင်။
နှမမြနန္ဒာရဲ့ မောင်လေး လင်းထင်။
ယဉ်ကျေးလေ့ရှိသည့်အတွက် နေရာက ထပေးလိုက်သည့် ပန်းချီဆရာ ကိုတင်မောင်ရဲ့ ပန်းချီကား များစွာကို မြင်ခဲ့ဖူး၏။ အမေရိကန်မကြီး မစ္စအက်ဗော့ရဲ့ အိမ်မှာ ပန်းချီဆရာ၏ တစ်လက်ရာပြပွဲကို ကြည့်ခဲ့ရ၏။
မှောင်မိုက်သည့် တောအုပ်ဝက မီးတိုင်ကလေး ထွန်းညှိထားသည့် ကားချပ်ဝယ်ဖို့ ကြံစည်ခဲ့၏။ သူများ ဝယ်သွားနှင့်ပြီမို့ ဆုံးရှုံးလိုက်ရ၏။ ပုဂံဆိုသော ကားချပ်ကို ဝယ်ခဲ့ရ၏။ သားကို လက်ဆောင်ပေးလိုက်ရာ သားက ဘော်ဒါဆောင် အိပ်ရာခေါင်းရင်းမှာ ချိတ်ထားပြီး အမြဲကြည့်နေမိတယ်။ “စိတ်သိပ်ချမ်းသာစေတဲ့ ပုဂံပဲ မေမေ”လို့ စာရေးလိုက်၏။
လှေကားထစ်မှာ ထိုင်နေသော ဘင်္ဂါလီမလေး၏။ ခေါင်းပုံကိုလည်း သဘောကျသေး၏။ ပရော်ဖက်ဆာ လှငွေ ဝယ်သွားသည်လို့ဆိုတော့ ခင်မင်သူမို့ အတင်းလိုက်တောင်းဦးမည် စိတ်ကူး၏။
နောက်တော့လည်း ကိုယ့်စိတ်ကို ဆုံးမပြီး လိုချင်တာ မရဘဲ နေတတ်လိုက်သည်။ ကိုတင်မောင်နှင့် တွေ့ဆုံ စကားပြောဦးမည်။ အိမ်သို့ လက်ဖက်ရည်သောက်က စ၍ ဖိတ်ကြားဦးမည်။
ကိုတင်မောင်၏ မျက်လုံးများ၌ အရာရာကို မှန်ကန်စွာ သိမြင်တတ်သော သဏ္ဍာန်ကို တွေ့၏။ ရိုးဖြောင့်ခြင်း၊ ဖြူစင်ခြင်းကို တွေ့၏။ ကြင်နာတတ်ခြင်းကို တွေ့၏။
ယောကျ်ားတကာ၏ အပေါ်ယံ အလှသာ စုံမက်တတ်သော မိန်းမဖြစ်သည့်အတွက် ကာမကျူးလွန်လိုသော၊ သည်ထက်ပို၍ မြနန္ဒာ၌ စိတ်မဝင်စားသော စိတ်ထားများကိုသာ မကြာခဏ တွေ့ဆုံရသည့် မြနန္ဒာကတော့ ပန်းချီဆရာသည် မိမိကို လူအဖြစ်၊ ဘဝပြယုဂ်အဖြစ် မြင်လိမ့်မည်ဟု သိရတာ ဝမ်းသာစရာ ကောင်းလှ၏။
အမှန်တရားကို ခြယ်သမြဲ ခြယ်သချင်လိမ့်မည်။ သူတကာကိုတော့ ကျေနပ်အောင် ရှင်းလင်းရန် လာသည် မဟုတ်။
ပန်းချီဆရာကိုတော့ မြနန္ဒာသည် သူတို့နှစ်ဦး ကောင်းစွာ နားလည်သည့် ဘာသာစကားဖြင့် ပြောစရာ ရှိပြန်သည်။ ပြောပြချင်သေးသည်။
သည်လိုဆိုတော့လည်း အသစ်တစ်ဖန် မွေးဖွားဖို့ မပျင်းရိတော့ချေ။

xxx 

(ကြည်အေး)

မှတ်ချက် - ဒုတိယအကြိမ် (ပန်းရွှေပြည်စာအုပ်တိုက် ) ၊ တတိယအကြိမ် (Comet Books) ၊ စတုတ္ထအကြိမ် (စိတ်ကူးချိုချိုစာအုပ်တိုက်) များမှ ပြန်လည်ပုံနှိုပ်ထုတ်ဝေရာတွင် စာပေစိစစ်ရေးကြောင့်ဖြတ်တောက်ခံရသည့် စာသားများကို မူရင်း ပထမအကြိမ်အတိုင်းပြန်လည်ရှာဖွေထည့်သွင်းထားပါသည် ။

[ကျေးဇူးစကား X မောင် ကိုကို နှင့် မြနန္ဒာ အတွက် အလုပ်များသည့်ကြားက အားထုတ်ပေးခဲ့ကြသော မစန္ဒာလှိုင် မြတ်သန္တာ ညို တို့အား အထူး ကျေးဇူးတင်ရှိပါသည်။] 
source: http://kyiaye-literature.blogspot.com.au/2012/10/blog-post_3296.html ...

No comments:

Post a Comment