Friday, February 18, 2022

အောင်ခြင်းရှစ်ပါးဂါထာတော် ပါဠိ နိဿယ

ကြာနီကန်ဆရာတော် ဦးဇဋိလ ၊ သာမညတောင်ဆရာတော် အမြဲရွတ်ဖတ် ပူဇော်တော်မူသော အောင်ခြင်းရှစ်ပါးဂါထာတော် ပါဠိ နိဿယ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။ နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။ ဇိနော အောင်သူတကာ လူ့၏ အထွတ် တမွတ်ဥသျှောင် အခေါင်ဘုန်းမြတ် မြတ်ဘုရားသည် မာရဉ္စ ဂိရိမေခလာ ဆင်ရတနာကို လျင်စွာတက်စီး ပလ္လင်နီးဝယ်၊ လေကြီးမိုးကြီး ပြာပူမီးနှင့် မှောင်ကြီးတစ်တန် ဓားလှံမကြွင်း ပစ်ခတ်ခွင်းလျက် အချင်းသိဒ္ဓတ် ပလ္လင်မြတ်မှ အမြန်ထလော့၊ စိမ်းမြညိုလွင် ဗောဓိပင်နှင့် ပလ္လင်တော်ကား ထင်အရှားပင် သင်ကား မဆိုင် ငါသာပိုင်ဟု စွဲကိုင်လက်နက် ရဲစစ်မက်ဖြင့်၊ အောက်ထက် ဝန်းရံ သောသောညံအောင် အသံဟစ်ကြွေး မယဉ်ကျေးသည့် ရန်ဘေးတစ်သင်း မာရ်နတ်မင်းကိုလည်းကောင်း။ ယက္ခဉ္စ ဓားမိုး လှံမိုး မီးကြီးမိုးကို ရွာဖြိုးသွန်းချ ယမ်းမီးကျသို့ ဒေါသပြင်းထန် ငါ့ဗိမာန်မှ အမြန်ထွက်သွား နှင်ရက်အားသည့် တရားကင်းကွာ အာဠာဝက တေဇထန်ပြင်း ဘီလူးမင်းကိုလည်းကောင်း။ ဂဇဉ္စ အစွယ်ထက်ချွန် အရက်မွှန်လျက် အလွန်ဆိုးညစ် အမုန်ယစ်၍ ရှင်ချစ်သေဋ္ဌ်နင်း သုံးလူမင်းကို အတင်းအကြပ် ဝိညာဏ်ပြတ်အောင် ထိုးသတ်အံ့ငှာ ရှေးရှုလာသည့် နာဠာဂီရိ တောင်ရှိ နီးနီး ဆင်ပြောင်ကြီးကိုလည်းကောင်း။ စောရဉ္စ တဟုန်တည်းဖြင့် ခရီးဝေးကွာ သုံးယူဇနာကို လျင်စွာပြေးစွမ်း တောမြိုင်တန်းက လူဖမ်းလက်ဖြတ် သေအောင်သတ်၍ နန်းရပ်ကကျော် မွေးမယ်တော်ကို မြင်သော်စိုက်စိုက် ဓားဖြင့်လိုက်၍ မကိုဋ်ထွတ်တင် သုံးလူ့ရှင်ကို အသင်ရှောင်ဝေး ဘယ့်ကြောင့်ပြေးဟု ဓားရေးပြကာ သတ်မည်လာသည့် လွန်စွာဆိုးဘိ အင်္ဂုလိခေါ် သူခိုးကျော်ကိုလည်းကောင်း။ စိဉ္စမာဏဉ္စ အလွန်ကောက်ကျစ် ဒိဌိညစ်တို့ အပြစ်ရှာကြံ မကောင်းဉာဏ်ဖြင့် စီမံဆုံးဖြတ် စေလွှတ်လတ်၍ ပရိတ်သတ်ထဲ အရှက်ကွဲအောင် စွပ်စွဲတတ်စွာ စိဉ္စမာဟု သညာခေါ်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။ သစ္စကဉ္စ မစင်မဖြူ ဒိဌိယူဖြင့် မည်သူ့ကိုမျှ မာန်မချဘဲ၊ ဝါဒချင်းပြိုင် သူကနိုင်အောင် အနိုင်လွှမ်းမိုး အယူဆိုးသည့် တတ္ထိမျိုးမိုက် သစ္စကပရိဗိုဇ်ကို လည်းကောင်း။ နာဂဉ္စ ဒေါသလွှမ်းမိုး မျက်စောင်းထိုးက အရိုးကြေမွ မွဲပြာကျအောင် တေဇထန်ပြင်း နန္ဒောပနန္ဒ နဂါးမင်းကိုလည်းကောင်း။ ဗကဉ္စ ဉာဏ်မြင်ကင်းကွာ အတ္တသာဟု မိစ္ဆာလွှမ်းမိုး အယူဆိုးသည့် တန်ခိုးအရောင် ထိန်ပြောင်ညီးညီး ဗကအမည်ရှိတဲ့ဗြဟ္မာကြီးကိုလည်းကောင်း။ အဇိနိ ဒိဌိကိုချ ဒေါသကိုပယ် မာန်စွယ်ကိုချိုး သဒ္ဓါဖြိုးလျက် ရှိခိုးတုပ်ကွ ပြားပြားကျအောင် ဆုံးမသွန်သင် အောင်ပွဲဝင်တော်မူလေပြီ။ ဧတေန သစ္စဝဇ္ဇေန ထိုသို့ဘုရားရှင်၏ များမြင်ဘုန်းဟုန် ကျေးဇူးဂုဏ်ကို ကြည်ယုံမယွင်း နှလုံးသွင်းလျက် အောင်ခြင်းရှစ်ချက် ဂုဏ်တော်နက်ကို နှုတ်မြွက်ဖော်ကြား ဤသစ္စာစကားကြောင့် မေ တပည့်တော်အား ဇယမင်္ဂလံ နှစ်ဖြာတွင်းပြင် ဘေးရန်စင်လျက် လိုအင်ဆန္ဒ ဟူသမျှသည် ပြည့်ဝစုံစွာ စန်းသော်တာသို့ အောင်ရာအောင်မှု အောင်ကြောင်းပြုသည့် အောင်ဆုရတနာ အောင်မြင်ခြင်းအဖြာဖြာသည် ဟောတု စင်စစ်မသွေဖြစ်ကြီး ဖြစ်ပါစေသတည်း။

No comments:

Post a Comment