Friday, May 20, 2022

ကျောက်ရောဂါ များ by Dr Tint Swe

ကျောက်ရောဂါ ကာကွယ်ဆေးက ဘယ်ခုနှစ်မှာ ပေါ်လာတာလဲ ဆရာ မြန်မာပြည်မှာ ကျောက်ရောဂါကာကွယ်ဆေး ဘယ်ခုနှစ်မှာ စထိုးတယ်ဆိုတာလဲ သိချင်ပါတယ်။ Smallpox ကို မြန်မာလို ကျောက်ကြီးရောဂါခေါ်တယ်။ အင်္ဂလိပ်စာလုံးနဲ့ ပြောင်းပြန်။ - Chickenpox = Varicella zoster virus ဗိုင်းရပ်စ်ကနေဖြစ်တဲ့ ရေကျောက်ရောဂါ၊ - Monkeypox မျောက်တွေမှာဖြစ်တဲ့ ကျောက်ကြီးရောဂါ၊ - Black pox = Smallpox ဖြစ်ရာကနေ သွေးတွေထွက်ပြီး လူနာဆုံးတော့မဲ့အခြေအနေ၊ - Canarypox = ငှက်တွေမှာဖြစ်တဲ့ ကျောက်ရောဂါ၊ - Plum pox = Potyviridae ဗိုင်းရပ်စ်ကနေ သစ်သီးတွေမှာဖြစ်တဲ့ ကျောက်ရောဂါ၊ - Great pox = ဆစ်ဖလစ်ရောဂါ။ - Rabies (Hydrophobia) = ရေကြောက် (ကျောက် မဟုတ်) ခေါ် ခွေးရူးရောဂါ။ ကျောက်ကြီးရောဂါ ကမ္ဘာမှာ နှစ်ထောင်ပေါင်းများစွာကတည်းက ဖြစ်ခဲ့တယ်။ Variola major နဲ့ Variola minor ဗိုင်းရပ်စ် ၂ မျိုးကနေဖြစ်တယ်။ ကူးစက်တယ်။ ၃၀% သေဆုံးတယ်။ တသက်လုံးမပျောက်တော့တဲ့ ဆိုးလွန်းတဲ့ အမာရွတ် ထင်ကျန်ရစ်တယ်။ ကမ္ဘာမှာနောက်ဆုံးဖြစ်ခဲ့တာ ဆိုမာလီယာမှာ ၁၉၇၇ ခုနှစ် အောက်တိုဘာလက။ အခု ပပျောက်သွားပြီ။ မြန်မာပြည်မှာ ကိုလိုနီခေတ်ကတည်း ပပျောက်ရေးလုပ်ခဲ့တယ်။ ၁၈၉၈ ခုနှစ်မှာ ၈၇၁၇ ယောက်သေဆုံးတယ်။ ၁၈၉၉ မှာ ၁၀၇၅၄ ယောက် သေဆုံးတယ်။ ၁၉၀၆ မှာ ၈၅၄၀ ယောက် သေဆုံးတယ်။ ၁၈၃၇ ခုနှစ်က ထားဝယ်မြို့နယ်မှာ ကာကွယ်ဆေး စမ်းသပ်ထိုးပေးတယ်။ ကျွန်တော်ငယ်ငယ်က ကျောက်ကြီးဖြစ်တာ သိတယ်။ ဖဆပလ ခေတ်မှာ ကျောက်ထိုးဆရာတွေ သင်တန်းပေးတယ်။ မလုံလောက်သေးခင် တောတွေမှာ ဖြစ်လိုလုပ်ကြရတယ်။ ကျွန်တော့်ဇာတိ မင်းရွာမှာ ကျောက်ပေါက်နာကအရည်ကို ရှောက်ပင်ကဆူးကို ဆေးထိုးအပ်လိုလုပ်ပြီး ကာကွယ်ဆေး ထိုးပေးတာ မျက်စိရှေ့မှာ ကြုံခဲ့ရတယ်။ အမျိုးတွေ သူငယ်ချင်းတွေထဲမှာ ကျောက်ပေါက်မာ ခေါ် အမာရွတ်ရှိသူတွေ မနည်းလှပါ။ လူအမည်မှာ ကျောက်ပါရင် ကျောက်ပေါက်ထားသူ ဖြစ်နိုင်တယ်။ ကျောက်ကာကွယ်ဆေးကို ဘယ်ဘက်လက်မောင်းမှာ ၂ နေရာထိုးတယ်။ တချို့တိုင်ပြည်တွေမှာ လက်ဖျံမှာထိုးတယ်။ တချို့တိုင်ပြည်တွေမှာ တနေရာတည်းထိုးတယ်။ ယူအက်စ်အေမှာလည်း ကျောက်ရောဂါကာကွယ်ဆေးထိုးခဲ့တယ်။ သူတို့ဆီက ဘာမဆို သူများနဲ့မတူတာရှိတတ်တယ်။ ကျောက်ဆေးအမာရွတ်ကို လှချင်သူတွေက ကြောက်ကြတယ်။ ဘီကီနီဝတ်တဲ့အခါ ဖုံးထားနိုင်တဲ့နေရမှာသာ ကာကွယ်ဆေးထိုးပါသတဲ့။ ကန်တော့။ ကျောက်ကြီးရောဂါ ပပျောက်သွားအောင်စွမ်းဆောင်ခဲ့ကြတဲ့ ဆေးပညာရှင်တွေ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်သင့်ကြတယ်။ ဒေါက်တာတင့်ဆွေ (Source) ၅-၄-၂၀၂၀