Friday, August 5, 2011

မတော်သော်လည်းမရှော်တဲ့တပည့်တွေ (ဒေါက်တာအောင်ကြီး)

မတော်သော်လည်းမရှော်တဲ့တပည့်တွေ (ဒေါက်တာအောင်ကြီး)

By Professor Dr. Aung Gyi

(Professor and Head ,Department of Medicine, University of Medicine , Mandalay)

ယခုတလောစာမေးပွဲတွေထပ်လို့နေသည်​။ တတိယနှစ် စာမေးပွဲ၊ နောက််ဆုံးနှစ် စာမေးပွဲ၊ ဆေးပညာ မဟာသိပ္ပံ စာမေးပွဲ၊ တတိယနှစ် စာမေးပွဲက အဦးဆုံးစစ်ရသည့် စာမေးပွဲ။ တတိယနှစ်မှာ ဆေးကျောင်းသား/သူတွေ ဆေးရုံမှ လက်တွေ့သင်တန်းဆင်းရသည်။ ဆေးပညာဌာနမှာ ၆ လနီးပါး၊ ခွဲစိတ်ပညာဌာနမှာ ၆ လနီးပါး။ ဆေးပညာဌာနမှာ posting ကျရင် ဌာနလက်အောက်ရှိ ဖျားနာဆောင်တွေမှာ ရောဂါရာဇဝင် မေးမြန်းနည်း၊ လူနာရောဂါ လက္ခဏာ ရှာဖွေစမ်းသပ် ဖော်ထုတ်နည်းတွေ သင်ယူလေ့ကျင့်ရသည်။ လူနာကုတင်ဘေးမှာ။ လူနာနှင့်၊ ဆရာနှင့်။ (Bed-side Teaching) ဟု ခေါ်သည်။ Posting ပြီးခါနီးမှာ ကျောင်းသား/သူအားလုံး ဆရာ/ဆရာမတွေ၏ စမ်းသပ်အကဲဖြတ်ချက် ခံယူရသည်။ ရောဂါရာဇဝင် မေးမြန်း တတ်ရဲ့လား။ ဒီကလေးတွေကို လေ့ကျင့်သင်ကြား ပေးခဲ့သူ ဆရာ/ ဆရာမ အားလုံးလိုလို ယင်းဆန်းစစ်မှုတွင် ပါ၀င်ရသည်။ သို့မှာသာ မိမိတို့သင်ကြားမှု၊ တပည့်တို့ သင်ယူမှု၊ မည်မျှထိ ရောက်မှု ရှိ/ မရှိ သိရသည်။ အကောင်းဆုံး Feed-back ပင်။

ကျွန်တော်စစ်ရသည့် တတိယနှစ်ကျောင်းသူလေးက ကျွန်တော်တို့ နယ်ဘက်က ဖြစ်နေသည်။ စကတည်းက ယဉ်သကိုဆိုရမလို လူနာရောဂါ ရာဇဝင်တင်ပြတော့ သူကလေးက လူနာဟာ `ဟက်ဒါချီ´ ရောဂါ ခံစားနေရသည်ဟု ပြောသည်။ “ဟ- ဘာရောဂါကြီးလဲကွ´´လို့မေးတော့ “ခေါင်းကိုက်ရောဂါလေ ဆရာကြီးရဲ့´´ဟု သူက မဆိုင်းမတွ တုံ့ပြန်သည်။ ဆရာက ဒါလေးတောင် မသိဘူးလားဆိုသည့် လေသံနှင့်။ သြော် သိပြီ၊ သိပြီ။ Headache `ဟက်အေ့(ခ)´သူက “ဟက်ဒါချီ´´လို့ အသံထွက်ပေသကိုး။ ဒါလည်း အံ့ဖွယ် သုတတစ်ပါးပေ့ါ။ လူနာရဲ့ အလုပ်အကိုင် အကြောင်းတင်ပြရာမှာ ရေလုပ်ငန်းလုပ်သတဲ့။ “ရေလုပ်ငန်းဆိုတာ ဘာကို ဆိုလိုတာလဲ´´မေးတော့ “ရေနံတူးတဲ့ လုပ်ငန်းပါ ဆရာ´´တဲ့။ ဒါနဲ့ “သမီးရေ-ရေလုပ်ငန်းဆိုတာ ဆရာနားလည်တာကတော့ တံငါ ငါးဖမ်းလုပ်ငန်းကို ပြောတာပါကွဲ့´´ပြောတော့ “ကျွန်မတို့ နယ်ဘက်မှာ တံငါလုပ်ငန်းလို့ပဲ ပေါင်းခေါ်လိုက်တာပဲဆရာ´´တဲ့။ ကျွန်တော်ကိုယ်တိုင် သူတို့ နယ်သား ဆိုသဟာ ဒီသူငယ်မ သိဟန်မတူ။ လူနာနှင့် လူနာရှင်ကို တိုက်ရိုက်မေးကြည့်တော့ မြစ်ထဲချောင်းထဲ ပိုက်ချစားတဲ့ တံငါသည်တွေပါတဲ့။ လူနာက ငါန်းဇွန်နယ်က။ စဉ့်ကူးဘက်လာပြီး တံငါလုပ်ရာက တကောင်းဘက်မှာ ၀ါးခုတ်လုပ်ငန်း အဆင်ပြေတယ်ကြားလို့ တကောင်းဘက်တက်ပြီး ၀ါးလိုက်ခုတ်တာ၊ ၀ါးခုတ်ရင်း တောထဲ တောင်ထဲ ငှက်ဖျားမိလာတာ။ ဒါနဲ့ တပည့်မကို တကောင်းဆိုတာ ဘယ်နားရှိသလဲ မေးကြည့်တော့ “မသိဘူးဆရာ´´တဲ့။ မြန်မာစကားနဲ့ စာပေမှာ တကောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအဆိုအမိန့် ကြားဖူးသလဲ မေးကြည့်ပြန်တော့လည်း တကောင်းဆိုတဲ့ နာမည်ကိုပင်လျှင် မကြားဖူးပါတဲ့။ ဒါနဲ့ ကျွန်တော် စိတ်လျှော့လိုက်ရ သည်။ ငါ့တာဝန်က ဆေးပညာ ဘာသာရပ် စစ်ဆေးဖို့ပေကပဲ။ အ တဲ့လူတွေ သမိုင်းမသိတာ ငါနဲ့မဆိုင်လေ။

လူနာ ရောဂါရာဇဝင်ပြီးတော့ အကြင်ကျောင်းသူ လူနာကိုင်တွယ် စမ်းသပ်ပြီး ရောဂါလက္ခဏာ ဖော်ထုတ်နိုင်စွမ်း ရှိ/မရှိ ဆက်စစ်ရသည်။ လူနာ ခန္ဓာကိုယ်ကို ကိုင်တွယ်စမ်းသပ်ရာမှာ နှလုံးသွေးကြောစနစ်၊ အသက်ရှုမှုစနစ်၊ အစာအိမ်/ အူလမ်းကြောင်းစနစ်၊ ဦးနှောက်/ အာရုံကြောစနစ် စသဖြင့် ခွဲထားရာ အစာအိမ်/ အူလမ်းကြောင်းစနစ်က နည်းနည်းလွယ်သမို့ ယင်းစနစ်ကို အနှီကျောင်းသူလေး ကျွမ်းကျွမ်းကျင်ကျင် စမ်းတတ် မစမ်းတတ် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ “ကဲ ကဲ- ဒီလူနာရဲ့ အသည်းကို စမ်းပြစမ်းကွယ်´´ ပြောလိုက်တော့ သူကလေးက ဇိုးဇိုးဇပ်ဇပ် ထစမ်းပြပါလေတော့သည်။ အင်းအင်း- မဆိုးလှဘူးပေါ့ ထင်နေတုန်း ကလေးမက လူနာရဲ့ ညာဘက်နံအောက် စမ်းရမည့်အစား ဘယ်ဘက်နံကြားထဲ လက်ထည့် စမ်းနေတာ မြင်လိုက်ရတော့ ကျွန်တော် ဘာဆက်ပြောရမည်မသိ။ “ဟဲ့ ဟဲ့- အဲ့ဒါ အသည်းနေရာ ဟုတ်ရဲ့လားကွယ့်´´ ထောက်လိုက်တော့ သူငယ်မက ဟက်ခနဲ ရယ်လိုက်ပြီး “သမီးက အသည်းနဲ့ သရက်ရွက်နေရာ ရောနေတယ် ဆရာ´´ တဲ့။ “ဒါဖြင့်ရင် အသည်းက ဘယ်နားရှိသလဲကွယ့်´´ မေးပြန်တော့ “ညာဘက်နံအောက်နား ထင်တာပဲဆရာ´´ တဲ့။ ထင်တုန်းပဲလား ငါ့တပည့်ရယ်။ “ဒုတိယနှစ်မှာ ခန္ဓာဗေဒ ဘယ်လိုအောင်ခဲ့သတုံး´´။ “ကျွန်မ ခန္ဓာဗေဒ ကျလို့ ပြန်ဖြေ ရတယ်ဆရာ´´တဲ့။ နန္ဒိယရော နန္ဒိယ အဖေပါ သေသင့်သည့်ပွဲ။ နှလုံးကရော ဘယ်နားရှိတာတုန်းလို့ ဆက်မေးမယ် ကြံပြီးခါမှ ကိုယ်ရှိန်သတ်လိုက်သည်။ တော်ကြာ နှလုံးက ချက်နားမှာ ရှိတယ် ဆိုလိုက်မှဖြင့်။ ဆရာကြီး တစ်ဦး၏ ဖြစ်ရပ်ကလည်း ကျွန်တော့်ကို ဆက်မမေးဖို့ သတိပေးနေလေသည်။ လွန်လေပြီးသော နှစ်ပေါင်း ၄၀ကျော်က ရောဂါဗေဒ ဆရာဝန်ကြီးတစ်ဦး ကြုံတွေ့လိုက်ရသည့်အဖြစ်။ ဆရာကြီး က စာသင်ရာမှာ သူအထင်ကြီးသော ကျောင်းသားတစ်ယောက်ကိုပဲ မဲပြီး စာမေးလေ့၊ စာသင်လေ့ ရှိသည်။ ဘုန်းကြီးတွေ တရားဟောရင် တရားထောက် ထားသလိုမျိုး။ ထိုနေ့က သူအထင်တကြီး ရွေးလိုက်သော ကျောင်းသားက စာတော်ကျောင်းသားစာရင်းမဝင်။ ဆရာကြီးက အဆင့်မြင့်မြင့် မေးခွန်းတွေမေး၊ စာဆက်သင်။ ကျောင်းသားက ဘာတစ်ခွန်းမှ ပိုင်ပိုင်နိုင်နိုင်မဖြေတတ်။ မဖြေနိုင်။ ဒါနဲ့ ဆရာကြီး တစ်ဆင့်လျှော့ချလိုက်ပြီး မလွယ်မခက် မေးခွန်းတွေမေး၊ စာဆက်သင်။ ဒီမေးခွန်းတွေကိုလည်း အမောင်ကျောင်းသားက မဖြေနိုင်ပြန် ဆရာကြီး နည်းနည်း ဇဝေဇဝါ ဖြစ်လာပြီ။ ဒါနဲ့ စာသင်ခဏ ရပ်လိုက်ပြီး “နေပါအုံး မောင်ကျောင်းသားရဲ့။ တစ်ခု စဉ်းစဉ်းစားစားဖြေစမ်းကွယ်။ နှလုံးမှာ အခန်း (Chamber) ဘယ်နှခန်း ပါသလဲကွယ့်´´ မေးလိုက်တော့ ကျောင်းသားက တွေခနဲ ခေတ္တ စဉ်းစားလိုက်သည်။ ပြီးမှ အောင်အောင်မြင်မြင် အသံဝါကြီး နှင့် “သုံးခန်းပါ ဆရာကြီး´´တဲ့။ ဆရာကြီး မိမိကိုယ်ကို မလဲပြိုအောင် အနိုင်နိုင်ထိန်းပြီးခါမှ လေအေးကလေးနှင့် ပြောလိုက်သတဲ့။ “တပည့်ရေ- ဆရာတောင်းပန်ပါတယ်။ ခုနက မေးခွန်းတွေကို ဆရာပြန်ရုတ်သိမ်း ပါတယ်။ တကယ်တော့ မင်းကိုမေးမိတာကိုက ငါ့အမှား ငါ့အမှား´´လို့ ပြောရှာသတဲ့။ ဒါကြောင့် ကျွန်တော် တစ်ကွက် ချန်ခဲ့တာ။ တော်ကြာ ကျွန်တော်လည်း ဆရာကြီးလို “ငါ့အမှား ငါ့အမှား´´လို့ အော်နေရမှာ စိုးလို့။

နှလုံးသွေးကြောစနစ် စမ်းသပ်ဖို့ အပိုင်းရောက်တော့ ကျွန်တော်က ကလေးမကို လူနာ၏ လက်ကောက်ဝတ် သွေးကြော စမ်းခိုင်းသည်။ သူသွေးကြောစမ်းနေတာကို ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်ကြည့်သည်။ ပြီးပြီဆိုကာမှ “သမီးရေ- လူနာသွေးခုန်နှုန်း ဘယ်လောက်ရှိသလဲကွယ့်´´ မေးလိုက်သည်။ “များတယ် ဆရာကြီး၊ တစ်မိနစ်ကို ၂၅ကြိမ်တောင် ခုန်နေတယ်´´တဲ့။ “ဟ-နေပါအုံးဟ၊ လူတစ်ဦးရဲ့ ပုံမှန် သွေးခုန်နှုန်းက ဘယ်လောက်လဲကွယ်´´မေးတော့ “၁၄ကြိမ်နဲ့ ၁၈ကြိမ်ကြားပါဆရာ´´တဲ့။ ဒီတစ်ခါ မိမိကိုယ်ကို မပြိုမလဲအောင် ထိန်းထားလိုက်ရသူက ကျွန်တော်ကိုယ်တိုင်ပင်။ “ကဲ-ကဲ သမီးရေ၊ သမီးရဲ့ လက်ကောက်ဝတ် သွေးခုန်နှုန်း တစ်မိနစ်တိတိ စမ်းစမ်းကွယ်´´ ပြောတော့ သူကလေးက တစ်မိနစ်တိတိ အချိန်ယူပြီး စမ်းသပ်ပါလေသည်။ “ကျွန်မသွေးခုန်နှုန်းကလည်း မြန်နေတယ်ဆရာ၊ ၂၂တောင်ရှိတယ်´´တဲ့။ မိမိဘေးဘီမှာ မိမိကို ကယ်မည့်သူ တစ်စုံတစ်ဦးရှိလိုရှိငြား စောင်းငဲ့ကြည့်လိုက်တော့ မိမိလိုပင် တပည့်တွေ နှိပ်စက် ညှဉ်းပန်းတာ ခံနေရသည့် ဘဝတူဆရာတူဆရာတွေကိုပဲ တွေ့ရတော့ လူ့ကံ ၀ကံ လို့ပဲ သဘောထား လိုက်ရသည်။ ကြံရာမတဲ့ အဆုံး လူနာ၏ ခင်ပွန်း တောသားလေးကို “မင်းလက်ကောက်ဝတ် သွေးခုန်နှုန်း စမ်းပြစမ်းကွယ်´´ ပြောပြီး တစ်မိနစ်တိတိ ဆရာတပည့် နှစ်ဦးသား ထိုင်စောင့် ကြသည်။ ကောင်လေးက “ကျွန်တော့်သွေးခုန်နှုန်းက ၉၀ရှိတယ်ဆရာ´´တဲ့။ ကျွန်တော့်မှာ ဒီကလေးကိုပဲ ထပြီး ကျောသပ်ရတော့မလို။ ကိုယ့်တပည့်မကိုပဲ နားရင်းထအုပ်ရတော့မလို။ နောက်ဆုံး တော့လည်း ဒီကလေးမလေးကို လေ့ကျင့်သင်ကြားတဲ့ ဆရာတွေထဲ ငါလည်းပါနေတာပဲ ငါ့တာဝန်လည်းမကင်းဘူးဟု စိတ်ဖြေလိုက်ရသည်။ အားလုံးကို မြိုချလိုက်ပြီး စာမေးပွဲကို ပြီးအောင် ဆက်စစ်လိုက်သည်။ စိတ်ထဲတော့ တနု့ံနုံ့။

ဒီကလေးတွေ တတိယနှစ်အောင်ပြီး စတုတ္ထနှစ် တက်ရဦးမည်။ နောက်ဆုံးနှစ် အပိုင်း(က)။ ပြီးရင် နောက်ဆုံးနှစ် အပိုင်း(ခ)တန်း။ ဆေးကျောင်းနောက်ဆုံးနှစ်။ ဒီအတန်းမှာ ဆေးပညာ၊ ခွဲစိတ်ပညာ၊ သွားဖွား မီးယပ်ပညာ၊ ကလေးကျန်းမာ ပညာအဓိက လေးဘာသာသင်ရသည်။ ဌာနတစ်ခုတွင် သုံးလစီ တက်ရသည်။ ဒီအတန်းက ကျောင်းသူ/သားတွေကို လေ့ကျင့် သင်ကြားရာမှာလည်း ကျွန်တော်တို့ ပါ၀င်ရတာပဲ။ တတိယနှစ်၊ စတုတ္ထနှစ်အတန်းတွေမှာ စာမကြေခဲ့သော တပည့်တွေ ဒီအတန်းမှာ ဒုက္ခရောက်ရပြန်သည်။ လူနာ ရောဂါ ရာဇဝင် မမေးတတ်သေး။ လူနာရောဂါလက္ခဏာတွေကို မစမ်းသပ်တတ်၊ မဖော်ထုတ်တတ်သေး။ သူတို့ လေးတွေကို ကျွန်တော်တို့တစ်တွေ ဆက်လက်လေ့ကျင့်သင်ကြားရ၊ `မောင်း´ရပြန်သည်။ ရောဂါအစူအစဉ်၊ ကုထုံး၊ ဆေးချက် ရောဂါ၏ ရှေ့အလားအလာတွေပါ ဖြည့်ဆည်း သင်ကြားပေးရသည်။

ဒီကလေးတွေကို ဂရုပြုကြည့်လိုက်တော့ အသားက ညိုမှိုင်းမှိုင်း၊ မျက်လုံးကဝိုင်းဝိုင်း၊ စာမေးလိုက်ရင် ခေါင်းကလေးတွေ ငုံ့ကာငုံ့ကာ၊ ရှက်သလို ရွံ့သလို၊ မျက်လုံးတွေကလည်း အရောင်အသွေး သိပ်တောက် တောက်ပပမရှိ။ သို့သော်လည်း ဆရာတွေအပေါ် ခံတန်တန် အမူအရာတော့ မရှိရှာ။ ဆရာနဲ့ တွေ့ရင် ခါးကလေး ကိုင်း၊ ကိုယ်ကလေးကို ညွှတ်ကာညွှတ်ကာ။ စာမေးလိုက်ရင် ပါးစပ်ကို တင်းတင်းစေ့ထားပြီး သွားကြားလေသံမျှ မထွက်အောင် ထိန်းသိမ်းစောင့်စည်း နိုင်ကြသူလေးတွေ။ တပည့်တစ်ဦးပြောတာ သတိရမိသေးတော့။ “ကျွန်တော်စာသင်ရတဲ့ အုပ်စုထဲ ဖြူစပ်စပ်ကောင်မလေး တွေပါလာရင် စာသင်ရတာတော်တော် ကောင်းတယ်´´တဲ့။ ကျွန်တော့် ညိုမည်းမည်းအုပ်စုကတော့ စာမေးပွဲဖြေရင် တစ်ခါမအောင်၊ နှစ်ခါမအောင်နှင့် နောက်ဆုံး သုံးကြိမ်မြောက်မှ အကျွတ်အလွတ် ဆရာဝန်ဖြစ်ကြရသည်။ ကံကြီးလို့။ ကံကြီးအောင်လည်း ကျွန်တော်တို့ အားလုံးက ၀ုိင်းဝန်းရ ဖေးမရသေးသည်။

ဒီကလေးတွေ နောက်ဆုံးနှစ်အောင်ပြီးတော့ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်ဝင်လုပ်ရသည်။ တစ်နှစ်တိတိ သင်ကြားလေ့ကျင့်ပြီးခါမှ ဘွဲ့နှင်းသဘင် တက်ခွင့်ရသည်။ အလုပ်သင်ဆရာဝန် တစ်နှစ်တာ ကာလမှာ တစ်ချို့က ကြိုးစားပမ်းစား တတ်တတ်ကြွကြွ လုပ်ကြသည်။ အလွန်ကြိုးစားသူ မြော်မြင်သူတစ်စုက တော့ TOEFL တွေ IELTS တွေဖြေဖို့ ပြင်ဆင်ကြပြီး။ စကားပြောသင်တန်းတွေ တတ်ကြပြီ။ သြစတြေးလျ အမျိုးတွေဆီ လှမ်းချိတ်နေကြပြီ။ အင်တာနက်မှ တဆင့် လမ်းကြောင်းတွေ ရှာနေကြပြီ။ ကျွန်တော့် ညိုတိုတို အုပ်စုကတော့ နေမြဲ။ ရုံထဲက လူနာနှင့် ပတ်သက်လို့ စာမေးလိုက်ရင်လည်း ခေါင်းကလေး ငုံ့ထားမြဲ။ နှစ်ကိုယ် ကြား လေသံလေးနှင့် ပြောမြဲ။ သူတို့ တတ်သလောက် မှတ်သလောက် ကြိုးစားပြီး လုပ်ရှာတာကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ရမလို။ ကျွန်တော်တို့ ခေတ်ပေတံနှင့် တိုင်းကြည့်လိုက်တော့ လူနာအပေါ် စိတ်ဝင်စားမှုက ပေမမီဟု ခံစားရသည်။ သိချင် တတ်ချင် စူးစမ်းချင်စိတ်ကလည်း လျော့ရဲရဲ အားမပါသလို။

မေလဆန်း နာဂစ်မုန်တိုင်း ဧရာဝတီ/ရန်ကုန်နှင့် ဒေသအချို့ကို ၀င်ဆောင့်တော့ မုန်တိုင်းနှင့်ဝေးရာ မြန်မာနိုင်ငံအထက်ပိုင်းလည်း ခပ်ကြမ်းကြမ်း ကိုင်လှုပ်ခံလိုက်ရသည်။ ငါတို့ ဘယ်လိုကူရမလဲ။ ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော့်တပည့် ညိုတိုတိုတွေ လှုပ်ရှားကြတာ ကျွန်တော်တို့ ဆရာတွေကိုပင် ကျော်သွားသည်။ ပစ္စည်း/ငွေ အလှူကောက်ခံ ရာမှာ ဆေးအဖွဲ့နှင့် လိုက်ဖို့ စာရင်းပေးရာမှာ မြစ်ဝကျွန်းပေါ်မှာ တစ်ပတ် ဆယ်ရက် ပင်ပင်ပန်းပန်း လုပ်အားပေးပြီး ပြန်လာသော တပည့်လေးတွေ ကျွန်တော့်ကို လာတွေ့သည်။ သူတို့ မျက်နှာညိုညိုလေးတွေ ၀င်းလက်တောက်ပနေသည်။ သိမ်မွေ့သည့်အလင်းက ကျွန်တော်တို့ အပေါ်သို့ပင် ဖိတ်စဉ်လို့နေသည်။ လျှံကျလာသည့် ထိုအလင်းကို ကျွန်တော် သုတ်မပစ်ရက်။

ကျွန်တော့် တပည့်လေးတွေ အာရှအဆင့်မီ၊ နိုင်ငံတကာအဆင့်မီဆရာဝန်တွေ ဖြစ်လာမဖြစ်လာ ကျွန်တော် အာမမခံနိုင်။ သူတို့တော် မလား၊ ကျော်မလား၊ ကျွန်တော် ယတိပြတ် မပြောနိုင်။ သို့ပေတဲ့ ဒီကလေး တွေလိမ္မာရေးခြားရှိသော ဆရာဝန်ကောင်းတွေဖြစ်လိမ့်မည်။ အနစ်နာခံတတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ကိုယ်ကျိုးစွန့်တတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ရွှေဘိုဘက်မှလာသော မြန်မာစစ်စစ် မည်းမည်း သည်းသည်း ခပ်ကြမ်းကြမ်း တောင်သူ ဦးကြီးတွေ တွေ့ရတိုင်း ကျွန်တော်အားရှိသလို ခံစားရသည်။ ယခုလည်း မုန်တိုင်းခရီးပြန် တပည့်လေးတွေ မျက်နှာကို မြင်ရတော့ အလားတူ ခံစားမှုမျိုး မိမိကိုယ်မှာ ပြန်လည်နိုးထ လာတာ ကျွန်တော်သိသိမှတ်မှတ် ဖြစ်နေမိသည်။

ဒေါက်တာအောင်ကြီး
...

ဦးကြီးရဲ့ရယ်သံ(ဒေါက်တာအောင်ကြီး)

ဦးကြီးရဲ့ရယ်သံ(ဒေါက်တာအောင်ကြီး)
၁။
သူ့ကို ဆေးကျောင်းသား ဘဝ ကတည်းက ကျွန်တော်တို့ အားလုံး “ဦးကြီး”ဟု တညီ တညွတ်တည်း ခေါ်ကြပါသည်။

သူက ဆောင်းကာလတွေမှာ နှာတရွှီးရွှီး၊ ချောင်း တဟွပ်ဟွပ်နှင့် ရင်ကျပ်သည့် အခါတိုင်း တဘက်ကြီး တစ်ခုကို ခေါင်းမှာ ပေါင်းပြီး ပင်နီဖျင်ကြမ်း တိုက်ပုံကြီး ၀တ်နေတတ်လို့ ဗန်းမော်သား မြင့်ရှိန်က တောင်သူဦးကြီးနဲ့ တူလိုက်တာ ဆိုပြီး စစနောက်နောက် ခေါ်ရာ က ဒီနာမည် တွင်သွားရတာ။

သူက ကျွန်တော်နဲ့ တစ်မြို့တည်းသား။ မြို့မှာက သူက နာမည်ကျော် ဘောသမား။ “ပါးတွဲ”ဟု တချို့က ချစ်စနိုး ခေါ်ကြသည်။ သဘောကောင်း ချိုမြ။ ရယ်လျှင် ဟက်ဟက် ပက်ပက် ရယ်တတ်သည်။ ကျွန်တော့်ထက် တစ်တန်းကြီးသော်လည်း ဆယ်တန်းကို (ခ) စာရင်းက အောင်ပြီး တစ်နှစ်ပြန် ထိုင်လို့ ကျွန်တော်တို့နဲ့ တူသွားတာ။ ကျွန်တော်တို့ မြို့က အဲသည်နှစ်က ဆေးကျောင်းကို လေး ယောက်ဝင်ရာမှာ သူက အသက် အကြီးဆုံး။ ၀ါအရင့်ဆုံး။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်။

သူက အများနှင့် သဟဇာတ ဖြစ်အောင် နေတတ်သည်။ လူတိုင်းလိုလို သည်းညည်းခံ သည်။ အနွံတာခံသည်။ မောင်နှမတွေ တစ်ကျိပ်လောက်ရှိသော မိသားစုကြီးမှာ သားကြီး သြရသ ဖြစ်တာကြောင့် ဖြစ်မည်။ ကျွန်တော်တို့ကို ညီငယ်တွေလို။ သူ စိတ်ဆိုးတာ တွေ့ရခဲသည်။ အထူးသဖြင့် ကျွန်တော့် အပေါ် စိတ်ဆိုးခဲသည်။ ကျွန်တော်ကလည်း ဘဝဘဝက ဘာအထုံ ပါလာသည်မသိ မိမိ ထက် အသက်ကြီး အတန်းကြီးတွေနှင့် ခင်ခင်မင်မင် မိတ်ဆွေ ဖြစ်လွယ်သည်။ အတန်း တူချင်းနှင့်တော့ တည့်လိုက်၊ မတည့်လိုက်။

၉ တန်း လူရည်ချွန် သွားစဉ်တုန်းက ကျွန်တော့် တပ်စိတ်ထဲ တစ်ဝက်လောက်က ကျွန်တော့်ထက် တစ်တန်းကြီး ဆယ်တန်း ကျောင်းသားတွေ။ ကျွန်တော့်မှာ သူတို့နှင့် တလုံးလုံး တရုန်းရုန်း။ ဒါကြောင့် ဦးကြီးနှင့် ကျွန်တော့် ခင်မင်မှုက အခြားသူတွေထက် ပိုတာ ဖြစ်ပါလိမ့်မည်။

ဒါပေမဲ့ သူ ကျွန်တော့်အပေါ် ထူးထူးခြား ခြား စိတ်ဆိုးတာ တစ်ခါကြုံဖူးသည်။ ကျွန်တော်တို့ ဆေးကျောင်းပထမနှစ် အတန်းတွင်း အုပ်စုလိုက် ဘောလုံး ကန်ကြတုန်းကပါ။ ကျွန်တော်တို့ အုပ်စု(က)နှင့် ဦးကြီးတို့အုပ်စု(ဃ)က ဖိုင်နယ်မှာ တွေ့ကြသည်။ ကျွန်တော်က အုပ်စု(က)ရဲ့ ဂိုးသမား။ ကျွန်တော်တို့အုပ်စုက ဆယ်တန်း အောင်မှတ်ကောင်းတဲ့ လူတွေ စုထားတာ။ “အီလစ်” တွေ။ ဒါကြောင့်လည်း တစ်ဖက်က ကျွန်တော် တို့ကို “ဖြေချင်တာ။ ပထမပိုင်း တစ်ဝက် လောက်မှာ သူတို့ရှေ့တန်းတိုက်စစ်ဆင်လာရာမှ တစ်ဦးက ကျွန်တော်တို့ နောက်တန်း စည်းရိုးကို ကျွံလာသည်။ ကျွန်တော်က ဂိုးဝကနေ ရှေ့ အပြေးကလေး ထွက်လိုက်ပြီး တစ်ဖက်ရှေ့တန်း လူကို ရင်ဆိုင်လိုက်သည်။ သူ တု့ံခနဲ ရပ်သွား ရာက ကျွန်တော့်ကိုဝိုက်ပြီး မြေလှိမ့်ဘော သွင်းယူလိုက်သည်။ ကန်ချက်က သိပ်မပြင်းတော့ ဘောလုံးက ဖြည်းဖြည်းသာသာပဲ ဂိုးပေါက် ဘက်လှိမ့်သွားသည်။ ကျွန်တော် နောက်က အပြေးလိုက်ပြီး ဘောလုံးကို ဒိုက်ထိုးဖမ်းလိုက် သည်။ ကျွန်တော့် ရင်ဘတ်အောက်က ဘောလုံးကို ကြည့်လိုက်တော့ ဘောလုံးက ဂိုးစည်းပေါ် တည့်တည့်ကြီး ခွလျက်သား။

ဒိုင်က ဂိုးဝင်ကြောင်း ခရာတုတ်လိုက်သည်။ တစ်ဖက်အသင်း က ခုန်လို့ပေါက်လို့ စောစီးစွာ အောင်ပွဲခံနေလေ ပြီ။ ကျွန်တော်တို့ အဖွဲ့က ဒိုင်ကို ၀ိုင်းအုံပြီး ငြင်းခုံကြ၊ တောင်းဆိုကြ။ ဒိုင်က ကျွန်တော်တို့ထက် ၃ တန်းကြီးသည့် အတန်းက။ သူက ကျောင်း လက်ရွေးစင်။ မန္တလေး တက္ကသိုလ် ပေါင်းစုံ ဘောလုံး လက်ရွေးစင်။ ဒိုင်က ဘာဆုံးဖြတ်ရမည် မသိ။ တိုင်ပင်စရာ အကူဒိုင်၊ စည်းကြပ် ဒိုင်ကလည်း မရှိ။ နောက်ဆုံး ကြံရာ မရတော့ ဒိုင်က ဂိုးတိုင်နား ရပ်ကြည့်နေတဲ့ အရပ်သား တစ်ဦးကို လှမ်းမေးလိုက်သည်။ ထိုသူက ဂိုးမဝင်ကြောင်း ဖြေလိုက်သည်။ ဒါနဲ့ ဒိုင်က ဂိုးမဝင်ကြောင်း ပြန်ပြင် ဆုံးဖြတ်လိုက်ပြီး ခရာတုတ်၍ ဘောပွဲ ပြန်စသည်။

အဲသည်လို ရှုပ်ရှုပ်ထွေးထွေး အချိန်မှာ ကျွန်တော်က ဘောလုံးကို ခပ်သွက်သွက် ကောက်ယူလိုက်ပြီး တစ်ဖက် အသင်းဘက် တစ်ရှိန်ထိုး ကန်တင်လိုက်သည်။ တစ်ဖက် အသင်းက သူတို့ဂိုးဝင်ပြီထင်ပြီး ခပ်လျော့လျော့ နေတာက တစ်ကြောင်း၊ ဒိုင်လူကြီး ဘာဆုံးဖြတ် တယ်မသိလို့ ဟိုဒီငေးနေတာက တစ်ကြောင်းတို့ ကြောင့် ကျွန်တော်တို့ ရှေ့တန်း ဘယ်တောင်ပံလူ ဘောလုံးသယ်ပြေးတာ နောက်က လိုက်သော် လည်း မမီတော့ချေ။ ဒီကောင်ကလည်း လှစ်ခနဲ လှစ်ခနဲ ပြေးလိုက်တာ။ တစ်ဖက် ဂိုးသမား မည်သို့မျှ မကာကွယ်နိုင်တော့။ တကယ်တော့ ဒီဂိုးသမားက ကျွန်တော်တို့ အတန်းရဲ့ လက်ရွေး စင် ဂိုးသမား။ အဲဒီဂိုးက သေသေချာချာ လွတ် လွတ်ကျွတ်ကျွတ်ကြီး ၀င်သွားပါလေသည်။ ဦးကြီးက တစ်ဖက်အသင်း ခေါင်းဆောင်။ သူ့မျက်နှာက ဒေါသနှင့် နီရဲ တောက်ပလျက်။ သူဦးဆောင်ပြီး တစ်သင်းလုံး ဘောကွင်းထဲမှ သပိတ်မှောက်ထွက်ခွာသွားသည်။ မည်သူမျှ တားမရတော့။ ကျွန်တော်တို့မှာ ပထမဆု ရသော်လည်း အီလည်လည်။ ဦးကြီးကို ဘယ်လိုချော့ရ ပါ့။ တကယ်က သူ့ရဲ့ဘောရူး ဒီဂရီက ကျွန်တော့်ထက် အပုံကြီး ပိုသည်။

ဒါနဲ့ သူ့အခန်းသွားပြီး-
“ဦးကြီးကလည်းဗျာ၊ အပျော်တမ်း ကစား တာပဲ။ ဘာကြောင့် ဒီလောက်စိတ်တိုနေရတာ တုံး”
လို့ လေပျော့နှင့် ချော့ကြည့်သည်။
“ဟေ့ကောင် မင်းထွက်သွားစမ်း သွား သွား သွား သွား”
ဟု ဒေါသတကြီးနှင့် မောင်းထုတ်လို့ ကျွန်တော် အမြီးကုပ် ပြန်ခဲ့ရသည်။ နောက်နေ့တွေ ကျတော့ သူ့ထုံးစံ တဟီးဟီး တဟားဟား။ ဒီတစ်ချီပဲ သူ ကျွန်တော့်အပေါ် ဒေါသထွက်ဖူး တာ။

၂။
သူက စာသိပ်မတော်ပေမယ့် တစ်နှစ်တစ်တန်း မှန်မှန်အောင်သည်။ မိသားစုက ကြီးလွန်းလှလို့ သူတို့အပေါ် သူ့ဝန် မပိစေချင်တာ ပါပါလိမ့်မည်။ အဖေက ပန်းထိမ်ဆရာ။ ပန်းနာ ဝေဒနာသည်။ အသက်ကြီးတော့ အလုပ်က သိပ်မလုပ်နိုင်။ ကျွန်တော်တို့ ဆေးကျောင်းတက်စ နှစ်တွေ မှာ ကျောင်းသားတွေကြား မူးယစ် ဆေးသုံးစွဲမှုက သိသိသာသာ ခြေကုပ်ရ အမြစ်တွယ်နေပြီ။ လူငယ်ပီပီ စမ်းကြရမ်းကြ။ တချို့ဘဝတွေ အချိန် မတိုင်မီ လွင့်ကြွေ။ ပွင့်တာက နည်းနည်း၊ ကြွေ တာက ခပ်များများ။ ဘဝတချို့ လေရူးနဲ့ အဝေး လွင့်စဉ်။ ဘယ်ဆီ ဘယ်ဝယ်မှန်းဆလို့ မလွယ်။ ဦးကြီးက ဒါတွေအားလုံးနှင့် ကင်းကင်းရှင်းရှင်း။ သူ့ပတ်လည်မှာ ဒါတွေက ဗွက်ထလို့နေ။ တချို့ က ဖဲ၊ တချို့က အရက်၊ တချို့က သူယောင်မယ် တောထဲ ပျော်မော။ မှော်ရုံတောထဲ အမှောင်ထဲမှာ။ ဦးကြီးက သူ့ပန်းတိုင်ဆီ မမှိတ်မသုန် ချီတက် သည်။ သူ ကူညီဖေးမလို့ရသူကို ကူညီဖေးမ ပခုံးထမ်းတင် ခြေတရွတ်ဆွဲတွဲခေါ်။ နောက်ဆုံး နှစ်စာမေးပွဲကို သူတစ်ချီတည်းနှင့် အောင်သည်။ အဲဒီခေတ်က နောက်ဆုံးနှစ်မှာ လေးဘာသာစလုံး ကျွတ်ကျွတ်လွတ်လွတ် အောင်သူ ရှားမှရှား။ သူ့လို ဉာဏ်ရည် အဆင့်ရှိသူတွေထဲမှာ ပိုလို့ တောင် ရှားလေသေး။

ဒီလိုနဲ့ ကျွန်တော်တို့ အလုပ်သင် ဆရာဝန် ဘဝ တူတူ ရောက်ကြသည်။ သူက ဆရာဝန် ဆောင်မှာနေတော့ ကျွန်တော်တို့ နားခိုစရာ ကွန်းတစ်ခု ရသည်။ ဂျူတီအားရင် သူ့ခုတင်သွားအိပ် လိုက်၊ သူငယ်ချင်းတချို့ ဂစ်တာတီး သီချင်းဆို နေရင် ၀င်အော်လိုက်၊ အလုပ်သင်ဘဝ အတွေ့ အကြံုတွေ ဖလှယ်လိုက်။ သူက အလုပ်သင် ဆရာဝန်ဘဝမှာ အလုပ်ကို “အသေအကျေ”လုပ် သည်။ ဆရာ၊ ဆရာမ၊ အလုပ်သမား အားလုံးနှင့် ခင်ခင်မင်မင် ပေါင်းသည်။ ပြံုးရယ်လွယ်ပြီး ရယ်လျှင် ပါးစပ်ရော မျက်စိပါ မျက်နှာတစ် ခုလုံး ရယ်တတ်သည့် သူ့အကျင့်က သူ့လူမှု ဆက်ဆံရေးမှာ အရေးပါတဲ့ လက်နက်ဖြစ်ပါလိမ့် မည်။ ကျွန်တော်က ဖျားနာ ရောဂါတွေကို စိတ်ဝင်စားသလောက် သူက ခွဲစိတ်၊ အရိုးနှင့် မေ့ဆေး ပညာရပ်တွေ လေ့လာရတာ ပျော်မွေ့သည်။

ကျောင်းသား ဘဝတုန်းက စာကျက်ရမှာ ပျင်းသော်လည်း လူနာတွေကို လက်တွေ့ကိုင်တွယ် ခွဲစိတ် ကုသရာမှာ သူ မပျင်းချေ။ လက်တွေ့ လုပ်ရာမှာ သူ ရိုရိုသေသေ လုပ်သည်။ အားထည့်၍ လုပ်သည်။ ခါးမှာ ထုံဆေးထိုးတာ သူကျွမ်း ကျင်တာသိလို့ မေ့ဆေး ဆရာဝန်တွေက သူ့ကို ဒီအခွင့်အရေး မကြာခဏ ပေးတတ်သည်။ ကျွန်တော့် အလုပ်သင်ဘဝမှာ ဒီလို အခွင့်အခါ တစ်ခါမျှ မရခဲ့စဖူး။ ကျိုးနေသည့် အရိုးကို ပြန် တည့်ပြီး ခိုင်အောင် သပ်သွင်းသလို “စတီးပင်” ရိုက်ထည့်ရာမှာလည်း သူက လက်ရာမြောက်လှ သည်။ အရိုး အထူးကု ဆရာဝန်တွေကလည်း သူ့ကို နေရာပေးကြ ချီးမြှောက်ကြသည်။ သူ့ကို မြင်ရမှ၊ သူ့လက်ရာကို မြင်ရမှ တော်တယ်၊ တတ် တယ်ဆိုတာ ကျောင်းစာချည်းပဲ မဟုတ်ပါလား။ ဒီ့ပြင် တတ်စရာ တော်စရာ အစွမ်းပြစရာ နယ်ပယ်တွေက တစ်ပုံတစ်ပင်ကြီး ရှိသေးပါကလား ဆိုတာ ကျွန်တော် သိလိုက်ရသည်။ ကျွန်တော်က သူ့ကို အလုပ်သင် ဆရာဝန်ပြီးရင် အစိုးရ အလုပ် ၀င်ဖို့၊ ဘွဲ့လွန်(အရိုး၊ ခွဲစိတ်) တစ်ခုခု တက်ဖို့ တိုက်တွန်းမိသည်။ သူက ခေါင်းမခါ၊ ခေါင်း မညိတ်။ သူ့မျက်စိထဲ ကြီးမားလှတဲ့ သူ့မိသားစု ကြီးကို လှမ်းမြင်နေလေသလား။

၃။
အလုပ်သင် ဆရာဝန် တာဝန်ပြီးတော့ လူချင်းကွဲသွားကြသည်။ သူ့လမ်းကိုယ့်လမ်း။ လမ်းနှစ်ကြောင်းက ဖြတ်မိ ထပ်မိသည်မရှိ။ ကျွန်တော်က ပညာရှာပမာ သူဖုန်းစားလမ်းကို ရွေးချယ်ခဲ့ပြီ။ ဘွဲ့လွန် သင်တန်းတွေ တစ်ခုပြီး တစ်ခုဆက်တက်။ စာတွေသင်။ စာတွေဖတ်။ လေ့လာ သုတေသနပြု။ ဟောပြောပို့ချ။ သူက သူ့မိသားစုကြီးကို ရှေ့ဆုံးမှ ခေါင်းတွဲကြီး သဖွယ် ဆွဲခေါ်ရတုန်း။ မီးပေါင်ကျလို့ ခေါင်းတွဲ မရုန်း နိုင်ရင် မီးပေါင်ထပ်ထိုးရတုန်း။ ဘွဲ့လွန်သင်တန်း ကို အိပ်မက်မျှ မမက်နိုင်ရှာတော့ပြီ။ သူတက်ချင် တဲ့ ခွဲစိတ်၊ အရိုးရောဂါပညာရပ်တွေကလည်း နောက်ဆုံးနှစ် စာမေးပွဲ ခွဲစိတ် ဘာသာရပ်မှာ အဆင့် ၄ ရထားပါမှ။ သူ့ရမှတ်တွေအားလုံးက ဒထွေးတွေချည်း။ သူ ဆေးကုသခြင်း လုပ်ငန်း ကိုပဲ ဇောက်ချ လုပ်တော့မည်။ ဘယ်မှာ ဆေးခန်း ဖွင့်ရမလဲ။ ကိုယ့်မြို့ကိုယ် ပြန်ဖွင့်လို့ကတော့ အလုပ်ဖြစ်မည်မထင်။ လူက သဘောကောင်း မနောကောင်း။ အားလုံးက ၀ိုင်းညှဉ်းကြမှာနဲ့။

သူက အားနာ တတ်တာနဲ့။ သို့မို့ကြောင့် သူ့ဇာတိ မြို့နှင့် မလှမ်းမကမ်း တောမက မြို့မကျ ရွာကြီး တစ်ခုကို သူရွေးလိုက်သည်။ အဲဒီမှာပဲ အခြေချ တော့မည်။သူရတဲ့ ငွေစကြေးစလေးတွေကို မိသားစုထံ ပြန်ပို့။ မိသားစုက ပါးစပ်ပေါက်တွေ များလှ။ လူရေး လူရာတွေက များလှ။ ဒီဝဲသြဃထဲက သူ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့။ ရပ်သူ ရွာသားတွေနှင့် သူ တစ်လုံးတစ်စည်းတည်း ဖြစ်သွားပြီ။ အဲဒီရွာသူနဲ့ပဲ အိမ်ထောင်ကျ၊ သားသမီး ပွားစီး။

သူ့အသံကို ကျွန်တော် နှစ်ပေါင်းများစွာ မကြားရတော့။ သတင်းတွေကတော့ ကြားနေရ သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ သူ့ဝူးဝူး ၀ါးဝါးအသံ ပြန်ကြား လာရသည်။ သူ့နှမတစ်ဦး က မန္တလေးမှာ အိမ်ထောင်ရက်သားကျ၊ စတိုးဆိုင် ဖွင့်ထားတာ။ သူ့ညီမဆီ လာရင်း သူ့ခြေဦးက ကျွန်တော့်ဆီ ပြန်ပေါက်လာသည်။ သူ့ကြည့်ရတာ တောသားကြီး လုံးလုံးဖြစ်နေပြီ။ ယခုမှ တကယ့် ဦးကြီးဖြစ်နေပါပကော။ စကားပြော ကြည့်တော့ အကြောင်းအရာ တော်တော်များများ သူနှင့်ကျွန်တော်ကြား ပြောဆိုလို့ ဆက်သွယ်လို့ မရတာ တွေ့ရသည်။ သူ စာတွေဘာတွေ ဖတ်ပုံ မရ။ သို့သော်လည်း သူ့ရဲ့ နဂိုသဘောကောင်းတဲ့၊ ရယ်မောလွယ်တဲ့ အမှတ် တံဆိပ်က သူ့ကိုယ်မှာ ခပ်နှိပ်လျက်သား။ ပြဿနာက ပြောစရာဆိုစရာ ဆွေးနွေးစရာ ခေါင်းပါးခြင်းပါပဲ။ တစ်ချိန်က အလုပ်သင် ဆရာဝန် ဘဝနှင့် သူပျော်မွေ့ခဲ့သော၊ ပညာရှာမှီး လေ့ကျင့်ခန်း ယူခဲ့သော ဆေးရုံကြီးကို လာဖို့ ကျွန်တော်ခေါ်တော့ သူက အင်တင်တင်။ ဖြူးဖွေးတောက်ပ သားနားနေသော အဆောက် အအုံအသစ်တွေနှင့် ခမ်းနားဝင့်ကြွား နေသော ဆေးရုံကြီးကို ကြည့်ပြီး သူ မဝံ့မရဲ ဖြစ်နေဟန် ရှိသည်။ သူ့စိတ်မျက်စိထဲမှာတော့ ယခင်က ဆေးရုံအိုအိုဟောင်းဟောင်းကြီးကို မြင်ယောင်နေမှာ။ အရောင်လွင့်နေသော၊ ဟိုနေရာ ဒီနေရာ တွေမှာ နံရံပြိုအက် နေသော၊ ရေပိုက်၊ မိလ္လာပိုက် တွေ ပေါက်နေလေ့ ရှိသော တစ်ချိန်က ဆေးရုံကြီး ကို သတိရနေမှာ။ ဆေးရုံမှာ သူ ဆရာဝန်ငယ် ဘဝက ပေါင်းသင်းခဲ့သော မိတ်ဆွေတွေ၊ သူနာပြု ဆရာမတွေ တစ်ဦးတစ်ယောက်မျှ မရှိ ကြတော့။ ဆေးရုံသစ်ကြီးက ဆယ်စုနှစ် ၂ ခု ကျော်ကျော် ကွာလှမ်းခဲ့သော သူ့ကို သူစိမ်းပြင် ပြင် ငု့ံကြည့်နေပြီ။ သူ့ကို ဆေးရုံလာဖို့ ဘယ်လိုမှ ခေါ်၍ မရတော့ပြီ။

၄။
“ဦးကြီး ဆေးရုံ တက်ရတယ်ကွ။ မင်းတို့က လာကြည့်ကြဦး။ ဆိုင်ကယ် မှောက်လဲပြီး ပိလို့ ပေါင်ရိုးကျိုးသွားတာ။ အခု တို့ဆေးရုံမှာ” လို့ ပြင်ပ အထူးကု ဆေးရုံကြီးမှာ ဆေးရုံအုပ် လုပ်နေတဲ့ သူငယ်ချင်းက ဖုန်းဆက်လို့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဆေးရုံဆီ ချီတက်ရသည်။ အရိုးရောဂါ ၀ါသနာ ပါတဲ့သူ အရိုး ကျိုးရသတဲ့။ ဖြစ်မှဖြစ်ရလေ။ ဟိုရောက်တော့ သူက ပြံုးပြံုး ရွှင်ရွှင် ရယ်ရယ်မောမော။ ရယ်သံက ကျယ်မှကျယ်။ သူ့ အားပေးရမည့် အစား သူကပဲ ကျွန်တော်တို့ကို တစ်ပြန်တစ်လှည့် အားပေးရ မလိုလို။ လာမေးသည့် သူငယ်ချင်းတွေထဲ ဆေးရုံအုပ်လည်း ပါသည်။ အထူးကု ဆရာဝန်ကြီး လည်း ပါသည်။ ပါမောက္ခချုပ်လည်း ပါသည်။ ပါမောက္ခ၊ ဌာနမှူးလည်း ပါသည်။ ပြင်ပ ဆေးခန်းပိုင်ရှင် ဆရာဝန်ကြီးလည်း ပါသည်။ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်နေပြီး ခေတ္တခဏ အလည် လာသူလည်း ပါသည်။ ဂျီပီဆရာဝန် လည်း ပါသည်။ သူက လူချစ်လူခင် ပေါသူ။ တစ်နည်း လူမျက်မုန်း ကျိုးစရာ ဘာတစ်ခုမှ ပိုင်ဆိုင်မထားသူ။

“ဘယ်လိုဖြစ်တာလဲဗျ။ ပြောစမ်းပါဦး။ ကြီးကောင့်ကြီးမား ကျမှ ဆိုင်ကယ်မှောက်လဲ ရတယ်လို့။ ပေါင်ကျိုးရတယ်လို့”
တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

“ငါကကွာ တို့နားရွာက ဘုန်းကြီးတစ်ပါး နေမကောင်းဖြစ်နေတာ ပင့်လို့ သွားကြည့်တာကွ။ ကုနေကျ ဆရာတော်ကြီးပါ။ အဆုတ်ပွ ရောဂါသည်ပါ။ အဲဒါ ငါ့ကို အာသီသ ရှိတယ် ဆိုတာနဲ့ တကူးတက သွားပြီး ဆေးထိုးရတာ မောင့်။ လမ်းက တော်တော် ဆိုးတယ်ကွ။ ဗွက် တွေကလည်း တင်းကျမ်း။ ကားနဲ့ သွားမရလို့ ဆိုင်ကယ်နဲ့ ကြိတ်ရတာဟေ့။ အဲဒါလမ်းမှာ ဗွက်နစ်လို့လဲပြီး ဆိုင်ကယ်ပိတော့ ကျိုးရတာ။ အခုတော့ သက်သာပါပြီ။ မနေ့ကပဲ အာဗြဲစီစဉ် ပေးလို့ အရိုး အထူးကု ဆရာဝန်ကြီးက ခွဲစိတ်ပေးတယ်။ ကျေးဇူးပါပဲကွာ”ဟု ဖြေသည်။

အာဗြဲဆိုတာ သူ အခု တက်နေတဲ့ ဆေးရုံ ကြီးရဲ့ ဆေးရုံအုပ် သူငယ်ချင်း။ သူ့မှာ ယခု ဇနီးမယားနှင့် သမီး၊ သား သာမက မြေးလေးတစ်ဦးပါ ပွားစီးလို့ နေပါပြီ။ သူ့မိသားစု အကြောင်း၊ သူ့ရပ်ရွာ၊ သူ့အလုပ် အကြောင်း ၀ိုင်းမေးကြ။ သူက ဒိုင်ခံဖြေ။ တဝါးဝါး ရယ်ကြမောကြ။ အားလုံး ၁၉၇၀ ဆေးကျောင်းဝင်ခါစ အရွယ်တွေဖြစ်သွား။ ဘာပြောလိုက် ပြောလိုက် ရယ်မောဖို့ ပါးစပ်က အသင့်ပြင်ပြီးပြီ။ ဟိုတုန်းက ဟိုကောင်က ဘယ်လို။ ဒီကောင်က ဘယ်လို။ ဟိုကောင်မက ဘယ် သို့။ ဒီကောင်မက ဘယ်သို့။ အားလုံး ရွှေရောင် အတိတ်ဆီ ပြန်ရောက်သွား။ လှပတဲ့ အတိတ်။ ပြီးပြည့်စုံတဲ့ အတိတ်။ (တကယ်ကော ဟုတ်ရဲ့ လား။ အခုလက်ရှိ ဘဝနဲ့ ယှဉ်လိုက်တော့ ပျော်စရာ လိုပေါ့။ တာဝန်မှ မရှိသေးတာကိုး။ သို့ပေမယ့် စာမေးပွဲကျရင်၊ အိမ်က စာမလာရင်၊ ငွေမပို့ရင်၊ ကောင်မလေးက စိတ်ကောက်ရင် လှပပြည့်စုံတဲ့ အတိတ် ဟုတ်ရဲ့လား။ ကျွန်တော့် တစ်ကိုယ်တော် အတွေး။) အားလုံးက သူ့ထက်ငါ လုပြောကြ။ အတိတ်ရာဇဝင် တူးကြ။ သူ့ထက်ငါ ပိုလို့ မှတ်မိကြ။ မှတ်ဉာဏ်တွေ ကောင်းနေလိုက်ပုံက။

အတိတ်ဘဝ ငယ်နုစဉ် ဘဝ အကြောင်းတွေ ပြောလို့ကုန်တော့ ပစ္စက္ခ အကြောင်း ခေါင်းစဉ်ရွှေ့ ကြပြန်လေသည်။ သားရေး၊ သမီးရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ မျက်မှောက် ရေးရာ သိစရာတွေ။ ဒီမှာလည်း သူငယ်ချင်းတွေ အားလုံးလိုလို သုတစွယ်စုံ သမားတွေ ဖြစ်သွား ပြန်ပြီ။ အားလုံးသိ၊ အားလုံးနားလည်။ အားလုံးက ဆရာ့ဆရာတွေချည်း။ ဂေါက်ရိုက်တာက အစ ကာရာအိုကေအဆုံး။ မြို့ပြ ယဉ်ကျေးမှုထဲ ကာလ တာရှည်စီးမျော ၀င်နေသည့် လူတွေချည်းဆိုတော့ ဘာသာစကားက တူနေမင့်ဟာကိုး။ ကျွန်တော့် သူငယ်ချင်း ဦးကြီး အသံတိတ်သွားပြီ။ သူက ဘာမှမပြောဘဲ ပြံုးပြီး သူငယ်ချင်းတွေ မျက်နှာတွေကို တစ်လှည့်စီ ကြည့်နေရှာသည်။ ဘာမှတ်ချက်မှ မပေးတော့။ မှတ်ချက်ပေးနိုင် လောက်အောင်လည်း သူ့မှာ အင်အားသတိ်္တ ရှိတော့ဟန် မတူ။ ကျွန်တော် သူ့ကိုကြည့်ပြီး ရုတ်တရက် ၀မ်းနည်းမိ။ သူပျော်သေးရဲ့လား။ စကားဝိုင်း တစ်ဝက်ကျိုးမှာ သူပါလာသေးရဲ့ လား။ ဒါနဲ့ ကျွန်တော်ကပဲ စကားလက်စသတ် လိုက်ပြီး လူစုခွဲဖို့ အချက်ပြလိုက်သည်။ ဦးကြီး ဆီလာရတာ လာရကျိုး နပ်ပါသည်။ ဦးကြီးနဲ့ တွေ့ရတာရော၊ အနေနီးလျက် အတွေ့ခက်တဲ့ တစ်မြို့တည်းသားချင်း ဆုံရတာရော။ စကား ပြောရလို့ ငယ်ဘဝ ပြန်ရောက်သွားတာရော။ ဦးကြီး အခန်းထဲ ရောက်မှ ယခင် အေးခဲနေတဲ့ ရဲဘော် ရဲဘက်စိတ်တွေ၊ ငယ်သူငယ်ချင်း အချင်း ချင်းစိတ်တွေ ပူနွေးပျော်ဆင်းလာပြီး တစ်ခန်းလုံး နေရာအနှံ့ စီးဆင်း စိမ့်ဝင်သွားသလို။ အခန်းတွင်း ရုတ်ခြည်း လင်းလက်သွားသလို။

၅။
ဦးကြီး အခန်းထဲမှ သူငယ်ချင်း တစ်စု ရှေ့ နောက်ထွက်ခဲ့ကြသည်။ အားလုံးဦးတည်ရာက ဓာတ်လှေကားဆီ။ ပြီးရင် အသီးသီး လူစုခွဲကြ။ ကိုယ့်လမ်း ကိုယ်ဆက်လျှောက်။ ဓာတ်လှေကား သွားရာလမ်းမှာ တစ်ဦးနှင့် တစ်ဦး စကား တစ်ခွန်းစ နှစ်ခွန်းစပဲ ပြောဖြစ်သည်။ ပြောစရာ စကားကုန်ပြီထင့်။ ဓာတ်လှေကားထဲ စုဝင်လိုက်တော့ ပူလာရမည့် အစား အအေးဓာတ်က ကျော ထဲစိမ့်ခနဲ ၀င်သွားသည်။ ဘာကြောင့်ပါလိမ့်။ သူငယ်ချင်းတွေ မျက်နှာကြည့်လိုက်တော့ မျက်နှာတွေက ဘာသိဘာသာ။ ခပ်မှိန်မှိန်။ ဦးကြီးအခန်းထဲမှာတုန်းက မြင်ခဲ့ရသည့် ကျွမ်းဝင် မျက်နှာတွေ မဟုတ်တော့ပြန်။ အထူးကုဆရာ ၀န်ကြီးက အထူးကုဆရာဝန်ကြီး ပြန်ဖြစ်သွား ပြီ။ ဆေးရုံအုပ်ကြီးက ဆေးရုံအုပ်ကြီးပြန်ဖြစ်သွား ပြီ။ ပါမောက္ခချုပ်ကြီးကလည်း ပါမောက္ခချုပ် မျက်နှာကြီးနဲ့။ ပါမောက္ခ၊ ဌာနမှူးကလည်း ပါမောက္ခ၊ ဌာနမှူးအမှတ်တံဆိပ် ရင်မှာချိတ်လို့။ ပြင်ပ အထူးကုဆေးခန်းပိုင်ရှင် ဆရာဝန်ကြီး ကလည်း သူ့မျက်နှာဖုံးနှင့်သူ အံကျ။
လူနာဦးကြီး၏ တစ်ပြန်တစ်လှည့် အားပေး လိုက်သည့် ရယ်မောသံကို ကျွန်တော်တို့ အားလုံး အချိန် တော်တော်ကြာထိ လိုအပ် နေဦးမည် ထင်သည်။

ဒေါက်တာအောင်ကြီး
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)...

ထောက်ခံစာ(ဒေါက်တာအောင်ကြီး)

ထောက်ခံစာ(ဒေါက်တာအောင်ကြီး)
၁။
ကျွန်တော်တို့ အလုပ်အကိုင် တစ်ခုခု အတွက်၊ ရာထူး တစ်ခုခုအတွက် လျှောက်လွှာ တင်ရရင် မိမိ အထက် လူကြီးရဲ့ ထောက်ခံစာပါ တစ်ပါတည်း ပူးတွဲ တင်ရတယ်။

လုပ်ငန်း ကျွမ်းကျင်ကြောင်း၊ အလုပ်ကို ရိုသေစွာ ထမ်းဆောင်ကြောင်း၊ ဆက်ဆံရေး ပြေပြစ်ကြောင်း၊ အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း၊ ဌာနမှာ ဦးစီး ခေါင်းဆောင်မှု ပေးနိုင်ကြောင်း စသဖြင့် စသဖြင့်။ ၀န်ထမ်း လောကမှာ ၀ဖ လို့ အသိများတယ်။ မိမိ အရည်အသွေးကို အထက်လူကြီး အကဲဖြတ်တဲ့ မှတ်ကျောက်ပေါ့။ အထက် လူကြီး လုပ်တဲ့သူက ကိုယ့်လုပ်ဖော်ကိုင်ဖက် တပည့် တစ်ဦးဦးရဲ့ အရည် အသွေးကို အကဲဖြတ်ရတာပဲ။

ဘာခက် တာမှတ်လို့ ဆိုစရာရှိတယ်။ မခက်လှသော်လည်း မလွယ်လှပေဘူးဗျ။ ကျွန်တော် တာဝန်ခံ ဆရာဝန်ကြီး ဖြစ်စ နုစဉ် ကာလမှာ ကိုယ် တကယ်တော် တယ်ထင်တဲ့ တပည့် တချို့တလေကို အမှတ်တွေ တစ်ပုံကြီး ပေးချလိုက်တာ ဆရာ့ဆရာက ကျွန်တော့်ခေါ်ပြီး ထုပါ လေရော။ ၀န်ထမ်း တစ်ဦးဦးကို အမှတ် ရ၀ ထက်ပိုပေးရင် ဖြေရှင်းချက် တင်ရ သတဲ့။ (အမှတ်ပြည့်က ၁၀၀)။ အမှတ်ပေးတာ သိပ်နည်းပြန်ရင်လည်း ဖြေ ရှင်းချက်က မလွတ်ဘူး။ ဘာကြောင့် ဘာကြောင့် အမှတ်တွေ ပိုရကြောင်း၊ ဘာကြောင့် ဘာကြောင့် အမှတ်တွေ လျော့ရကြောင်း ရှင်းရလင်းရ အလုပ်တွေ ရှုပ်လှတာကြောင့် နောက်ပိုင်း ၀ဖ အမှတ်ပေးရင် ကြည့်ပေးရတော့တာ။

ဆရာကြီးတစ်ဦးကတော့ ရှင်းတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့၊ စာမေးပွဲဖြေဖို့ တပည့်တစ်ဦးဦးက ထောက်ခံစာ တောင်းလာခဲ့ရင် ရိုက်ပြီးသား ပုံစံမှာ တပည့်နာမည် ကောက်ဖြည့် လိုက်ရုံ။ ပြီးတော့ သူ့လက်မှတ်ကောက် ထိုးလိုက်ရုံ။ တပည့်တိုင်း အတွက် ထောက်ခံစာက တစ်ပုံစံတည်း။ စာသားကလည်း တစ်ပုံစံတည်း။ မိကောင်းဖခင် သားသမီးဖြစ်ကြောင်း၊ အင်္ဂလိပ်စာ ကျွမ်းကျင်စွာ ပြောတတ်ရေးတတ်ကြောင်း၊ လုပ်ငန်း ကျွမ်းကျင်ကြောင်း၊ လက်ရှိ လျှောက်ထားတဲ့ ရာထူးနဲ့ အလုပ်နဲ့ သင့်တော်ပါကြောင်း။ အားလုံး တစ်ဖြတ်တည်း။ ဒီလို တူလွန်းလို့ ပြဿနာ တက်ရတာရှိတယ်။

တစ်ခါက တပည့် တစ်ဦးက ဆရာမကြီး တစ်ဦးဆီမှာ ထောက်ခံစာ လာတောင်းသတဲ့။ နိုင်ငံခြား ဆေးရုံ တစ်ခုမှာ အလုပ်လျှောက်ဖို့။ ဆရာမကြီးက ခပ်ပျင်းပျင်း။ ဒါနဲ့ ဘယ်သူ့ဆီက ထောက်ခံစာ တောင်းခဲ့သေးတုံးလို့ မေးတော့ တပည့်က တခြား ဆရာမကြီး တစ်ဦးဆီက ထောက်ခံစာ တောင်းခဲ့ပြီးကြောင်း တင်ပြ လိုက်ပါတယ်။

“ဒါဆိုရင် အဲဒီအတိုင်း ပြန်ရိုက်ခဲ့။ ခေါင်းစီးတော့ ကိုယ့်နာမည် ပြောင်းလိုက်ပေါ့”

ဆိုလို့ တပည့်ခမျာ မတတ်သာဘဲ ဆရာမကြီး စေလိုရာ စေတာ နာခံလိုက်ရပါတယ်။ ဟိုရောက် တော့ အဲဒီထောက်ခံစာ အမြွှာပူးကို အလုပ်လျှောက်လွှာနဲ့ အတူ ပူးတွဲ တင်လိုက်ပါသတဲ့။ ဒီမှာ ပြဿနာ ကစတော့တာ။ နိုင်ငံခြား ဆေးရုံကြီးက တာဝန်ရှိ ပုဂ်္ဂိုလ်တွေ စိစစ်လိုက်တော့ ထောက်ခံစာ နှစ်ခုက မသင်္ကာဖွယ်ရာ ထပ်တူ ဖြစ်နေတယ်။ လက်မှတ်နဲ့ ခေါင်းစီးပဲ ကွဲနေတာ။ နှစ်ခုမှာ တစ်ခုက အတု သို့မဟုတ် အကြံအဖန် ဖြစ်မယ်လို့ ကောက်ချက်ချ ပြီးသကာလ ဆေးရုံ တာဝန်ရှိသူတွေက ထောက်ခံ စာ ရေးပေးတဲ့ Referee နှစ်ဦးအနက် တစ်ဦးကို စာရေးပြီး စုံစမ်း မေးမြန်းပါလေသတဲ့။ မသင်္ကာလို့ စုံစမ်းမေးမြန်း ခံရတဲ့ ဆရာမကြီးက မူလ ပထမ ပင်ရင်း အော်ရီဂျင်နယ် ထောက်ခံစာရေး ပေးလိုက်တဲ့ ဆရာမကြီး။ ဓာတ်ဆီကန်ထဲ မီးပွား ကျသွားတာပလေ။ အဝေးရောက် တပည့်ခမျာ အမိနိုင်ငံက ဆရာမကြီးကို လှမ်းတောင်းပန်ရ၊ အဝေးက လှမ်းကန်တော့ရ။ အတော်ဗျာများသွား ရှာလေသတဲ့။ ထောက်ခံစာ ထပ်တူကျလို့ ပြဿနာ တက်ရပုံ။

ထောက်ခံစာ ရေးပေးရာမှာ တပည့် ဖြစ်သူရဲ့ အရည်အသွေးကို သေချာ မစိစစ်ဘဲ ကောက်ရေး လိုက်လို့ ပြဿနာ တက်ရတဲ့ ဆရာကြီး တစ်ဦးရဲ့ အဖြစ်ကလည်း တစ်ဘာသာ။ ဒီမှာလည်း နိုင်ငံ ရပ်ခြား စာမေးပွဲ သွားဖြေတဲ့ တပည့် တစ်ဦးကို ထောက်ခံစာ ရေးပေးရတဲ့ ကိစ္စပါပဲ။ ဆရာကြီးက သူ့တပည့်ကို ထောက်ခံရာမှာ (Command of English) အင်္ဂလိပ်စာ ကျွမ်းကျင်မှု ရှိတယ်လို့ ပိုပိုသာသာ ရေးလိုက်မိတယ်။ တပည့်က ဟိုမှာ စာမေးပွဲတွေ ဖြေရာမှာ အဆင် မချောလှဘူး။ တစ်ခုပြီး တစ်ခု လှည့်ပတ် ကျနေတာ။

စာစစ်သူတွေရဲ့ မှတ်ချက်က ဒီကျောင်းသားဟာ လူနာနဲ့ ဆက်သွယ် ပြောဆိုရာမှာ၊ စာစစ်သူတွေနဲ့ ပြောဆိုဆက် ဆံရာမှာ Communication Skill အားနည်းတာ တွေ့ရသတဲ့။ အဲဒီ အစီရင်ခံစာကို ထောက်ခံစာ ရေးပေးလိုက်တဲ့ Referee ဖြစ်သူ ဆရာကြီးဆီကို ဟိုကကောလိပ်က လှမ်းပို့လိုက်တာ။ မှတ်က ရော။ အဲဒီနောက်ပိုင်း ဆရာကြီးခမျာ မတတ် သာလွန်းမှဘဲ တပည့်တွေကို ထောက်ခံစာ ရေးပေးပါ လေတော့တယ်။ ရေးရင်လည်း တော်တော် ကို စိစိစစ်စစ်လုပ်ပြီးမှ ရေးတော့တာ။ သူတို့နိုင်ငံ မှာ Referee လုပ်တဲ့ အထက်လူကြီးဆီ ထောက်ခံ စာတောင်းရင် သူတို့က လွယ်လွယ်နဲ့ ရေးမပေးဘူး။ သေချာလေ့လာ စုံစမ်းပြီးမှ ရေးတယ်။ ရေးရင်လည်း မညာဘူး။ တည့်တည့်ရေးတယ်။ လူချင်း ဘယ်လောက်ခင်ခင်။ တွေ့တယ်မဟုတ် လား။ ထောက်ခံစာ ရေးရတာ မလွယ်ရေးချ မလွယ်။ တကယ် ရေးရရင် ခက်မှခက်။

၂။
ကျွန်တော်က ဒါကို စွဲစွဲမြဲမြဲ မှတ်ထားတယ်။ ကိုယ့်အလှည့်ရောက်ရင် ဒါမျိုး မမှားမိဖို့။ထောက် ခံစာရေးခိုင်းတဲ့ တပည့် တစ်ဦးချင်းစီရဲ့ အားကောင်းတဲ့ အချက်၊ ထူးခြားတဲ့ စရိုက် လက္ခဏာ လေးတွေ စဉ်းစားပြီး မှတ်မှတ်သားသားထည့် ရေးတယ်။ တပည့် တစ်ဦးက အဝတ်အစား ၀တ်ရာမှာ သပ်သပ်ရပ်ရပ် ချပ်ချပ်ရပ်ရပ် ရှိတယ်။ (Impeccable taste) ဒါကို ကျွန်တော် ထည့်ရေးတယ်။ တပည့်တစ်ဦးက နည်းနည်း နားလေးတယ်။ တကယ်က တော်တော် လေးတာပါ။ ဒါကို တမင်တကာ ထည့်ရေးလိုက်တယ်။ ဟိုနိုင်ငံမှာ အလုပ်လုပ်ရင် ကိုယ်က မကြားလို့ ပြန်မဖြေတာကို တလွဲ အထင်ခံရမှာ စိုးလို့။ တချို့တပည့် တွေက နှုတ်နည်းတယ်။ တိတ်တိတ်ဆိတ်ဆိတ် နေတတ်တယ်။ ဒါကိုလည်း မှတ်တမ်း တင်ရတယ်။ မဟုတ်ရင် ဒီလူဆက်ဆံရေး ကျဲလှချေလား အထင်ခံရမှာ။ တပည့်တစ်ဦးက တော်တော့တော်တယ်။ ကြိုးကြားကြိုးကြား ဖောက် ဖောက်ပြီး ထွက်တွေးတတ်တယ်။ အဲဒီလို တွေးတဲ့ အခါမှာလည်း သူချည်းမှန်ပြီး တစ်လောကလုံး မှားတယ် ထင်သေးတာ။ မျက်လုံးကြီး ပြူးပြူးပြီး ငြင်းတတ်ခုံတတ်သေးတာ။ ဒီလို တပည့်မျိုး ကိုလည်း အတွေးအခေါ် ရဲရင့်လှကြောင်း၊ တစ်ချီ တစ်ချီ ထိန်းပေးဖို့တော့ လိုကြောင်း ခပ်ဝေ့ဝေ့ ရေးရပြန်ရော။ အလုပ်သင် ဆရာဝန် ဘဝမှာ တစ်ဖက်က အလုပ် လုပ်သလောက် တစ်ဖက်က ခပ် ကြောင်ကြောင် တွေးခေါ်ပြုမူ တတ်တဲ့ တပည့်တစ်ဦး ကုမ္ပဏီ တစ်ခုမှာ အလုပ်လျှောက်ဖို့ ထောက်ခံစာ တောင်းလာတယ်။

ကျွန်တော်က ဒီသူငယ် လေးဟာ တော်သော်လည်း စိတ်ကလေးက တတုံတတုံ ထခုန်တတ်ကြောင်း၊ အကြောင်း မသိတဲ့ လူတွေကတော့ ဒါကို ကြောင်ကွက်လို့ ယူဆစရာ ရှိကြောင်း၊ ခင်ဗျားတို့လို အတွေးသစ် အမြင်သစ် ဦးစားပေးတဲ့ ကုမ္ပဏီ အနေနဲ့ ဒါဟာ ကောင်းကွက် (Asset) ဖြစ်သွားနိုင်ကြောင်း ဘာညာသာ ရကာ ရေးရတာပေါ့။

ကျွန်တော် ပထမ လက်ထောက်ဆရာဝန် ဘဝတုန်းက ဆေးထောက်ခံစာတွေ၊ ဆေးပင်စင် အတွက် ထောက်ခံစာတွေ တော်တော်များများ ရေးပေးရဖူးတယ်။ ဒါတွေက ကျွန်တော်တို့ အဆင့် ဆရာဝန်တွေ လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ တာဝန်ခံ ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေသာ စွမ်းတဲ့ အမှုတွေပါ။ ကျွန်တော်တို့က ဆရာကြီး၊ ဆရာမကြီးတွေ ညွှန်ကြားတာတွေကို ပုံစံဝင်အောင် ဘောင်ဝင်အောင် လုပ်ပေးရရုံပါ။ ကျွန်တော့် ဆရာကြီးက လွှတ်သနားတတ်တယ်။ သဘောကောင်းတာလည်း လွန်ပါရော။ ရုံးထဲခွေးတွေ ၀င်အိပ်နေတာတောင် မောင်းထုတ် တတ်တဲ့သူ မဟုတ်ဘူး။ ကျွန်တော်တို့က လူမိုက် ၀င်လုပ်ရတာ။ ဆေးပင်စင် လျှောက်တဲ့သူတွေက ဆရာကြီး သဘောကောင်းတာ၊ သနားတတ်တာကို အစွမ်းကုန် အသုံးချကြတော့တာ။

ဆရာကြီးက ဒီလူတွေဆီက ဘာကိုမှ မျှော်ကိုးပြီး လုပ်ပေးတာ မဟုတ်ရှာပါဘူး။ သနားတာ တစ်ခုတည်း။ ချစ်တာ တစ်ခုတည်း။ ကျွန်တော့်မှာ ကြားက လက်ညောင်းရ၊ စိတ်ညောင်းရ။ တစ်ခါက စာရေးမ တစ်ဦး ဆေးပင်စင် လာတင်တယ်။ ဘာရောဂါကြောင့် ဆေးပင်စင် လိုချင်တာတုံး မေးတော့ ရုံးစာတွေ ရေးရတာ လက်ညောင်းလို့ လက်ကိုက်လို့တဲ့ဗျ။ လေးဖက်နာတဲ့။ ဒီလို တမ်းသာဖြင့် ဆေးစာတွေ တွင်တွင် ရေးနေရတဲ့ ကျွန်တော့်ခမျာ ဆေးပင်စင် ၁၀ ကြိမ် ယူလို့ရနေပြီ။ လူနာ ကြည့်လိုက်တော့ ကျွန်တော့်ထက်တောင် ကျန်းမာရေး ကောင်းပုံရသေး။

အသက် ၄၄။ အပျိုကြီး။ လူက ခပ်ဖိုင့်ဖိုင့်။ ဆွဲကြိုးကြီးက ခပ်တုတ်တုတ်။ လက်ကောက် သံက တချွင်ချွင်။ ရှိစေတော့။ ဆေးဘုတ်က လက်ခံနိုင်လောက်တဲ့ရောဂါ (Respectable Diagnosis) တစ်ခုခုတပ်ပြီး တင်ပေးရမှာ။ လမ်းဆုံးတော့ ရွာတွေ့ ဟုတ်ပေါင်။ ရောဂါရှာတော့ ရောဂါတွေ့ပေါ့။ တွေ့တဲ့ ရောဂါကို ဖွဲ့နွဲ့ သီကုံး မှုန်းခြယ်ပြီး ရေးချလိုက်တာ လျှောက်လွှာ နှစ်မျက်နှာစာ။ ဆေးပင် စင်ရရင် ဘာလုပ်မှာတုံးမေးတော့ စျေးချိုမှာ အထည်ဆိုင် ဖွင့်မလို့တဲ့ဗျ။ ပင်စင်လစာ မဖြစ်စလောက်လေးက ဘာလုပ်မှာတုံး ထပ်မေးတော့ မုန့်ဖိုး ပဲဖိုးပေါ့ ဆရာရယ်တဲ့။ သြော် သနားစရာ မုန့်ဖိုး ပဲဖိုးလေးမှ မရှိရှာ။ အဲဒီ လူနာရဲ့ ဆေးပင်စင် ထောက်ခံစာကို အမှတ်မထင် ဖတ်လိုက်ရတဲ့ သူငယ်ချင်း ဆရာဝန်က သို့ကလို မှတ်ချက်ချတယ်။

“ကိုအောင်ကြီး စာရေးကောင်းလွန်းလို့ ကျွန်တော်တောင် ဆေးပင်စင်ယူ ချင်စိတ် ပေါက်ပြီဗျ”
တဲ့။ ကျွန်တော် စာရေးသူ ဘဝ ရောက်အောင် တွန်းပို့တဲ့ အကြောင်းခြင်း တတွေထဲမှာ ဒါက တစ်ခုသော အကြောင်းလို့ ယူမှတ် ရမှာပ။ ဟုတ်ပ။

၃။
ထောက်ခံစာ ဆိုလို့ ကျွန်တော်တို့ ငယ်နုစဉ်တုန်းက ဖတ်ခဲ့ရတဲ့ ငွေတာရီ မဂ္ဂဇင်းဝတ္ထုတိုတစ်ပုဒ်ကို သတိရမိတယ်။ ဘာသာပြန် ၀တ္ထုတို။ ဘာသာပြန် သူက သိပ္ပံစိုးလှ။ ၀တ္ထု နာမည်က ထောက်ခံစာ တဲ့။ ရုရှားလူမျိုး ကမ္ဘာကျော် ဆရာဝန် စာရေးဆရာ ဂျော့ဆဗား (George Sava) ရဲ့ဝတ္ထုတို။ သူ့ကိုယ်တွေ့ ဖြစ်ရပ်။ သူအီတလီမှာ ဆေးကျောင်းတက်တုန်း။ ဘဝတစ်ကွေ့ မမေ့ရက်နိုင်။ သူ ဒုတိယနှစ် ကျောင်းသားဘဝ အစာအိမ် သွေးယိုလို့ ဆေးရုံ တက်ရတယ်။ ကျောင်းတက်ရင်း တစ်ဖက်က အလုပ် လုပ်ရတော့ အစားမမှန်၊ အအိပ်မမှန် ဖြစ်ပြီး အစာအိမ်နာ စွဲကပ်ခံရတာ။

သူ့ရောဂါကို ခွဲစိပ် ကုသမှု လုပ်ရမလား၊ စားဆေး ထိုးဆေးနဲ့ ကုရမလား။ ဆရာဝန်ကြီးတွေ ခေါင်းချင်း ရိုက်ကြရင်းက
“ဒီကလေး နာလန်ထူလာရင်လည်း အလုပ်ပင်ပင်ပန်းပန်း လုပ်နိုင်တော့ မယ် မထင်ဘူး”
လို့ ဆရာဝန်ကြီးတွေ ပြောသံ ကြားလိုက်ရတော့ သူတော်တော်အားငယ် သွားတယ်။ ဒီတစ်သက် သူဆရာဝန်မှ ဖြစ်ပါဦးမလား။ သူက အလုပ်လုပ်မှ ပိုက်ဆံရမှာ။ ပိုက်ဆံရမှ ဆေးကျောင်းဆက်တက် နိုင်မှာ။ ဒီလိုနဲ့ မခွဲမစိတ်ရဘဲ နာလန် ပြန်ထူလာတယ်။ လူက ခပ်ယဲ့ယဲ့။ သူ့ဆရာက သူ့အတွက် စဉ်းစားတယ်။

“မင်း ပညာသင်ဆု လျှောက်ကြည့်ကွာ”
တဲ့။ ပညာသင်ဆုက အီတလီ တစ်နိုင်ငံလုံး မှ ၃ ဆုတည်း ပေးတာ။ နိုင်ငံခြားသား လက်မခံဘူး။

“မင်းကိုတော့ ခြွင်းချက် အနေနဲ့ လက်ခံဖို့ ငါပြောကြည့်မယ်”
တဲ့။ ဒီလိုနဲ့ စာမေးပွဲ ကျင်းပမယ့် ရောမကို သူ ရောက်သွားတယ်။ သူ မသွားခင် ဆရာက သူ့ကို စာတစ်စောင် စာအိတ်ထဲ ထည့်ပေးလိုက်တယ်။ ပညာသင်ဆု ရွေးချယ်ရေး ဘုတ်ဥက္ကဋ္ဌဆီ ကို ရေးပေးလိုက်တဲ့စာ။ စာကို လှမ်းပေးရင်း သူ့ဆရာက
“အဲဒီ ဘုတ်ဥက္ကဋ္ဌနဲ့ ဆရာနဲ့ သိပ်တော့ မတည့်ဘူးကွဲ့။ မင်းကံကောင်းပါစေကွယ်”တဲ့။

သူ့ဆရာ ဘာတွေ ရေးပေးလိုက်တာပါလိမ့်။ သူဖွင့်မကြည့်ရဲ ဖတ်မကြည့်ရဲ။ ထောက်ခံ စာနေမှာပေါ့လေ။ ကိုယ့်တပည့်တော်ကြောင်း တတ်ကြောင်း၊ တတ်နိုင်သရွေ့ ကြည့်ရှုစောင့် ရှောက်စေလိုကြောင်း ဒါတွေ ရေးလိုက်တာ နေမှာပါ။ ဒီစာပေးလိုက်ခါမှ ဘုတ်ဥက္ကဋ္ဌကြီးက ငါ့ကို အထင်သေးနေပါဦးမယ်။ ဒီစာကို မပေး တော့ပါဘူးလို့ သူ့ဘာသာသူ ဆုံးဖြတ်လိုက် သတဲ့။

ဒီလိုနဲ့ပထမနေ့ ရေးဖြေ စာမေးပွဲ သူ ဖြေတယ်။ ဖြေဆိုသူ တစ်ဝက်ကျော်ကျော် ကျတယ်။ သူအောင်တယ်။ ဒုတိယနေ့ ရေးဖြေထပ်ဖြေရ။ တစ်ဝက် ကျော်ကျော်ထပ်ကျ။ သူ အောင်တယ်။ တတိယနေ့က နှုတ်ဖြေ စာမေးပွဲနေ့ သူ့ကို စစစ်တော့ ဆေးကျောင်းသား ဒုတိယနှစ်မှာ ပြဋ္ဌာန်းတဲ့ စာတွေမေးတယ်။ သူ ကြိုးစားဖြေတယ်။ ဒါနဲ့ တစ်ဆင့်တက်ပြီး မေးပြန်တယ်။ သူကြိုးစားဖြေတယ်။ သူချွေးတွေ ပြန်နေပြီ။ နောက်တစ်ဆင့် တက်ပြီး မေးတော့ ဘုတ်ဥက္ကဋ္ဌ ဆရာကြီးကိုယ်တိုင် ပါလာပါရော။ သူ ကြိုးကြိုးစားစား မလျှော့ တမ်းဖြေတယ်။ သူဖြေနိုင်လေလေ ဘုတ်ဥက္ကဋ္ဌ ကြီးရဲ့မျက်နှာမှာ မကျေနပ်ကြောင်း ထင်းထင်း ကြီး ပေါ်လာလေလေ။ မေးခွန်း အသစ်တွေ တစ်ထွေးကြီးနဲ့ ထပ်ကာထပ်ကာ ပစ်ပေါက်လေလေ။

သူ့အကျႌအိတ်ကပ်ထဲက သူ့ဆရာကြီးရဲ့ထောက် ခံစာလေးကို သတိရမိတယ်။ ဘုတ်ဥက္ကဋ္ဌကြီးကို ဒီစာမပေးမိတာ မှားချေပြီပေါ့။ နောက်ဆုံးချွေး သံတရွှဲရွှဲနဲ့ စာမေးပွဲခန်းမ အပြင်ဘက်ရောက် လာတယ်။ ဘယ်လို ရောက်လာမှန်းတောင် သူ သေသေချာချာ မသိလိုက်ဘူး။ ဟိုတယ်ပြန် ခဏ နား၊ ညနေ အောင်စာရင်းလာကြည့်တော့ စာမေး ပွဲခန်းမ အပေါက်စောင့် အဘိုးကြီးက သူ့နာမည် တကြော်ကြော် အော်ခေါ်နေသံ ကြားလိုက်ရ တယ်။ ဘာများပါလိမ့်။ ရေးကြီးသံပြာ။

“မင်းကို ဘုတ်ဥက္ကဋ္ဌကြီးက တွေ့ချင်လို့တဲ့ ဟေ့”
သူ ၀မ်းသာအားရ စာမေးပွဲ ခန်းမထဲ ပြေးဝင်လိုက်တော့ ဆရာကြီးက ထလာပြီး
“ငါ့တပည့်ကို ဆရာ ဂုဏ်ပြုပါတယ်ကွာ”
ပြောပြီး လက်ဆွဲ နှုတ်ဆက်သတဲ့။ သူ အောင်ပြီ သူ အောင်ပြီပေါ့။ သူ့မှာ မျက်စိတွေ ရီမှောင်ပြာဝေသွားခဲ့။

“မင်းကို ချီးကျူးပါတယ်ကွာ။ ဆရာတို့ ကလည်း မေးကောင်းကောင်းနဲ့ မေးချလိုက်တာ။ မင်းကလည်း ဖြေနိုင်နေတာကိုးကွ။ ဒါနဲ့ စကားမစပ် မင်းက ဘယ်သူ့ တပည့်လဲ” လို့မေးတယ်။

“ပါမောက္ခဘူချီရဲ့ တပည့်ပါ ဆရာကြီး။ ကျွန်တော့်ဆရာက ဆရာကြီးကို စာတစ်စောင် ပါးလိုက်သေးတယ်ဗျ”

လို့ပြောပြီး သူ့ဆရာရဲ့စာကို ရိုရိုသေသေ လှမ်းပေးလိုက်ပါတယ်။ ဘုတ်ဥက္ကဋ္ဌကြီးက လေ သံတိုးတိုးနဲ့
“သြော် မင်းက ဘူချီရဲ့တပည့်ကိုး”
လို့ ရေရွတ်လိုက်သတဲ့။ ဥက္ကဋ္ဌကြီးက စာကို ဖတ်ကြည့်ရင်း ပြုံးလိုက်သတဲ့။

“ဒီစာကို စောစောက ဘာလို့ မပေးတာလဲ”
လို့မေးတော့ သူက
“ဆရာကြီးတို့ဆီက အခွင့်အရေး ပိုယူသလို ဖြစ်မှာစိုးလို့ ခင်ဗျ”
လို့ဖြေတယ်။

ဆရာကြီးက
“ရော့ ရော့ မင်းဆရာရဲ့စာကို ဖတ်ကြည့်ပါဦးကွယ်”
ဆိုတာနဲ့ ဆရာ့စာကို သူဖတ်ကြည့်လိုက်တော့
“ငါ့တပည့် ရုရှားလူမျိုး ကျောင်းသားကို နိုင်အောင် စစ်ပေတော့။ လွယ်လွယ်နဲ့ စာမေးပွဲချလို့ ရမယ့်ကောင်တော့ မဟုတ်ဘူး”
ဒါပဲ။ သူ ဒုတိယ အကြိမ် မျက်စိတေ ွဝေဝါး သွားရပြန်။ တပည့်ကို ယုံကြည် စိတ်ချလှတဲ့ မိမိ ဆရာကြီးက တစ်ဖက်လူ အပေါ် စိန်ခေါ် ကြံုးဝါးသံ။

၄။
မိမိတပည့် သားမြေးတွေကို ထောက်ခံစာ ရေးပေးဖို့ဟာ လွယ်လင့်တကူ ကိစ္စ ဟုတ်သေးရဲ့လား။
“မလွယ်ဘူး ကျောင်းအမရေ့” လို့ အော်ရမလို။

လူတစ်ဦးကို ထောက်ခံစာ ရေးပေးဖို့ဆိုတာ တကယ့် တကယ် မလွယ်ရေးချ မလွယ်ဘဲ။ သူ့ကို ကိုယ်က တကယ် ပတ်ပတ်နပ်နပ် သိရဲ့လား။ ကိုယ်က အလုပ်ထဲက သူ့ဘဝကိုသာ သိနေတာလေ။ သူ့လူမှုရေး၊ အတွေးအခေါ်၊ တန်ဖိုးထားမှု သူ့အခြားတစ်ဖက်က ဘဝတွေကို ကိုယ်မှ မသိနိုင်တာ။ ဒါကြောင့်လည်း ဒီဘက်ခေတ်မှာ ဆရာဝန် တစ်ဦးဦးရဲ့ လုပ်ရပ်နဲ့ ကျွမ်းကျင်မှုကို အကဲဖြတ်ရာမှာ ၃၆၀ ဒီဂရီ အကဲဖြတ်မှု ဆိုတာ သုံးဖို့ အကြံ ပြုလာကြတယ်။ ဆရာဝန် တစ်ဦးရဲ့လုပ်ရပ်၊ ကျွမ်းကျင်မှုကို သူ့အထက်ဆရာ ၀န်ကြီး တစ်ဦးကပဲ ဆုံးဖြတ်တာ၊ အကဲဖြတ်တာ ပြည့့်စုံ လုံလောက်မှု မရှိဘူး ဆိုတာ သိလာကြပြီလေ။ တချို့သော တပည့်တွေက ဆရာကြီးနဲ့ သင့်အောင်ပေါင်းပြီး ကျန်တဲ့ လူတွေကို လှည့်ပတ်နှိပ်စက် တတ်တာ။

ဒါကြောင့် ဆရာဝန် တစ်ဦးတော်မတော်၊ ကောင်း မကောင်းကို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကရော၊ ဆရာမတွေကရော၊ အလုပ်သမားတွေကရော၊ သူ ထိတွေ့ ရတဲ့ ဓာတ်မှန် ဓာတ်ခွဲခန်း ကျွမ်းကျင်သူတွေကရော အားလုံးက ၀ုိင်းအကဲဖြတ် အမှတ် ပေးကြရတယ်။ အရေးအကြီးဆုံးက လူနာတွေရဲ့မှတ်ချက်ပဲ။ လူနာတွေရဲ့အထင်အမြင်က အခရာ။ ဒီလို ထက် အောက် ဘေးဘီဝန်းကျင်က သုံးသပ် ဆုံးဖြတ်မှ လူတစ်ဦးရဲ့အခြေအနေမှန်ကို သိရမှာ။ အခြေအနေ အမျိုးမျိုး အောက်မှာ သူဘယ်လို လှုပ်ရှားသလဲ။ သူဘယ်လို တုံ့ပြန်သလဲ။ သူဘယ်လို ဖြေရှင်းသလဲ။ သူ ဘယ်လို ဦးဆောင်သလဲ။ သူဘယ်လို ရုန်းထသလဲ။ သူ ဘယ်လို ဖြေသိမ့်သလဲ။ သူ ဘယ်လို ညှိယူသလဲ။ ဒီလိုရှုထောင့် ပေါင်းစုံကနေ ကြည့်မြင်သုံးသပ် ဆုံးဖြတ်တာကို ခံရမှာ။ မှတ်ကျောက်က ကြီးမှကြီး ကျယ်မှကျယ်။

ခင်ဗျားတို့ ကျွန်တော်တို့ရော ဒီလို ကြီးကြီးကျယ်ကျယ် မှတ်ကျောက်နဲ့ တိုက်ကြည့်ရင် ခံနိုင်ပါ့မလား။ ပါမောက္ခ ဘူချီရဲ့တပည့်ကျော်လို မပဲ့မရွဲ့၊ မတိမ်းမစောင်း ပန်းပန်လျက်သား ကျန်ခဲ့ပါ့မလား။ ကိုယ့်ဘဝနဲ့ ပညာကို တကယ့် မှတ်ကျောက်နဲ့ အတိုက်ခံကြည့်ဖို့ နေနေသာသာ ဒီလိုမျိုး တွေးကြည့်ရ တာနဲ့တင် ရင်က ထိတ်လှပေါ့။



ဒေါက်တာအောင်ကြီး
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁)
ဒေါက်တာအောင်ကြီး
...

ဓါတ်ပုံက ကွယ်သွားသော အရာ(ဒေါက်တာအောင်ကြီး)

ဓါတ်ပုံက ကွယ်သွားသော အရာ(ဒေါက်တာအောင်ကြီး)
ငယ်ငယ်တုန်းက ရိုက်ထားသော ဓာတ်ပုံတွေကို ငယ်ရွယ်စဉ်က မကြာခဏ ဆိုသလို ကြည့်ဖြစ်သော်လည်း အသက်အရွယ် ရလာသည့် အချိန်တွင်မူ တစ်ခါတစ်ရံမှ ကြည့်ဖြစ်သည်။ ရိုက်ထားသော ပုံတွေကလည်း များလှသည်မဟုတ်။ တစ်နှစ်တစ်ပုံတောင် မရိုက်ဖြစ်တာများသည်။ ဒစ်ဂျစ်တယ်ကင်မရာ မပြောနှင့်။ ဖလင်နှင့်ရိုက်ရသော ကင်မရာပင်လျှင် ရှားပါးပစ္စည်း စာရင်းဝင်။ ဓာတ်ပုံရိုက်လိုက ဓာတ်ပုံဆိုင်သို့ ကြွချီပြီး တကူးတက သွားရိုက်ရသည့် ခေတ်ကြီး။ ကျွန်တော်တို့ မောင်နှမတစ်စု ဓာတ်ပုံ အဖေရိုက်ခိုင်း၍ သွားရိုက်ရဖူးသည်။ သူငယ်ချင်း ကုလားတွေ အိန္ဒိယပြန်ခါနီး နှုတ်ဆက်ဓာတ်ပုံ ရိုက်ဖူးသည်။ လူရည်ချွန်ဝတ်စုံပြည့်နှင့် ရိုက်ဖူးသည်။ အဓိက ရိုက်ရတာက ပတ်(စ)ပို့ဆိုက် ကိုယ်တပိုင်းပုံ။ ဒီလောက်သာပါပဲ။ ဓာတ်ပုံ ရိုက်ရတာက တကူးတက သီးသီးသန့်သန့် လုပ်ရသည့် ကိစ္စ။ ဓာတ်ပုံမရိုက်ခင် ပြင်ရဆင်ရတာတွေကလည်း တစ်မှောင့်။ အမေက ကျွန်တော့်ခေါင်းက ကတုံးဆံတောက်ကို ဆီရွှဲအောင် လိမ်းစေ့ချင်သည်။ တစ်ခါတစ်ရံ ဆီက ခေါင်းပေါ်မှ ခြေချော်ပြီး နဖူးပေါ် လိမ့်ဆင်း နေရာယူလျက်သား။ လက်နှင့်မကြာခဏ သုတ်ပစ်ရတာ သတိရမိသေးတော့။ ဓာတ်ပုံဆိုင်ကလည်း အဖေ သတ်မှတ်ထားသည့်ဆိုင်။ 'ရန်း' ဓာတ်ပုံတိုက်။ ဆိုင်ရှင် တရုတ်ကြီးက ရိုက်ကူးမည့် သူတွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်ရှည်လက်ရှည် ပြင်ဆင်ပေးသည်။ သူစိတ်တိုင်းမကျမချင်း မရိုက်။ ကျွန်တော်တို့အားလုံး မီးရောင် စူးစူးရဲရဲအောက်မှာ လူအိုက်စိတ်အိုက်။ ကျွန်တော်တို့လိုလူကို ဘယ်လိုပြင်ပြင် ဘာ'ရုပ်'မှ ထွက်လာစရာ မရှိ။ သို့သော် သူကတော့ လူတိုင်းကို တူတူညီညီ ပြင်ဆင်ပေးတာပဲ။ မျက်နှာကို ပေါင်ဒါ ဖို့ရသေးသဗျ။ ဓာတ်ပုံဆရာကြီးက လူရဲ့ အနေအထားကိုပြင်လိုက်၊ မီးထိုးကြည့်လိုက်၊ အလင်းအမှောင်ချိန်လိုက်၊ ပုဆိုးစ ထမီစ ဆွဲဆန့်လိုက်၊ ဓာတ်ပုံရိုက်ရင် ခေါင်းတစ်ခြမ်း စောင်းနေတတ်တဲ့ ကျွန်တော့်ခေါင်းကို တတိယအကြိမ်မြောက် လာတည့်မတ်ပေးလိုက်။ ကျွန်တော်တို့အားလုံး အသက်တောင် ရဲရဲမရှူဝံ့ရှာ။ သူက သုံးချောင်းထောက် ကင်မရာကြီးကို လွှမ်းထားသည့် အဝတ်နက်ကြီးအောက် ၀င်ရောက် ပျောက်ကွယ်သွားပြီး တော်တော်ကြာကြာ ချိန်နေပြန်သည်။ အဖေက ဒီလို စေ့စပ်သေချာတာကို သဘောကျတာနေမှာ။ ဒီအဘိုးကြီးကလည်း အဖေ့စိတ်ကြိုက် ကျွန်တော်တို့တတွေကို 'ပညာပေး' နေလေသလား မသိ။ သူချိန်တာ စိတ်တိုင်းကျမှ အဝတ်အောက်က ထွက်လာပြီး မှန်ဘီလူး အဖုံးကို လက်နှင့်ကိုင်သည်။ ပြီးမှ ဒီတည့်တည့်ကြည့်နော် ပြောပြီး အဖုံးကို ဖြတ်ခနဲခွာလိုက်၊ ချက်ချင်း ပြန်စွပ်လိုက်သည်။ ပြီးပြီ။ ဒီအခါကျမှပဲ ဓာတ်ပုံရိုက်ကူးခြင်း အမှုကြီး ပြီးစီးပါလေသည်။

ဓာတ်ပုံဆရာကြီးကတော့ ဘယ်လိုနေမည် မသိ။ ဓာတ်ပုံ အရိုက်ခံရသူ ကျွန်တော်တို့ တတွေကတော့ ချွေးလေးစိုစို။ စိတ်ကလေးတိုတို။ အဲဒီတုန်းက ကျွန်တော့်ဓာတ်ပုံတွေ ပြန်ကြည့်ခဲ့ရင် ကင်မရာကို စူးစူးရဲရဲ စိုက်ကြည့်နေသော တင်းမာ လေးနက်သော မျက်နှာပေးနှင့် ကတုံးဆံတောက်ပိုင်ရှင် သူငယ်တစ်ဦးကို မြင်ရပါလိမ့်မည်။
ကျွန်တော်တို့ မင်္ဂလာဦး ဓာတ်ပုံတွေ၊ ယူကေ အမှတ်တရ ဓာတ်ပုံတွေ ကျွန်တော် ထုတ်မကြည့်ဖြစ်တာ ကြာပြီ။ မိတ်ဆွေကော ဘယ်နှစ်ကြိမ် ထုတ်ကြည့်ဖူးပါသလဲ . . .

တက္ကသိုလ် ရောက်တော့လည်း ဓာတ်ပုံ သိပ်မရိုက်ဖြစ်။ ကင်မရာကိုင်နိုင်သူ သူငယ်ချင်းတချို့ တွေ့လာရသည်။ သူငယ်ချင်း ကျော်ဆန်း ဆိုလျှင် ကင်မရာရူး။ ဓာတ်ပုံရူး။ သူ့လက်ရာတွေ သူ့စိတ်ကူးတွေ ကောင်းသည်ဟု ပြောကြသည်။ မိန်းကလေးဆောင်မှ ထွက်လာပြီး စာသင်ဆောင်သို့ သွားနေသော မိန်းမပျိုတစ်ဦးပုံက လက်ရာမြောက်လှသည်ဟု လူပြောများသည်။ ကျွန်တော်က ဓာတ်ပုံတစ်ပုံ ကောင်းသည် ညံ့သည် မဝေဖန်တတ်။ ဓာတ်ပုံလည်း ဖြောင့်အောင် မရိုက်တတ်။ သူငယ်ချင်းတွေနှင့် ဟိုဒီ သွားလည်ကြရင် အုပ်စုဖွဲ့ ဓာတ်ပုံ ရိုက်ကြသည့်အခါ ကျွန်တော့်ကို ဘယ်သူကမှ ကင်မရာသမား အဖြစ် တာဝန်ပေးခြင်း မခံရဘူးလေ။ (ဂုဏ်ယူစရာ)။ ကျွန်တော့် သူငယ်ချင်းတစ်ဦး ဆိုလျှင် ကျွန်တော့်ထက်ပင် အခြေအနေ ဆိုးလေသေး။ သူများတကာက ဓာတ်ပုံရိုက်ရင် ၁-၂-၃ ဟု အချက်ပေးပြီးမှ ကင်မရာခလုတ် နှိပ်သည်။ သူကတော့ ၁-၂-၃-၄-၅-၆-၇ ကျမှ ခလုတ်ကို ချက်ခနဲ နှိပ်တတ်သည့်သူ။ ဒီကြားထဲ ဓာတ်ပုံထဲက လူတွေမှာ မိုင်းမနင်းရပါဘဲ ခြေပြတ်လိုက်၊ ခေါင်းပြတ်လိုက်။ သူ့မာတာ မိခင်ကြီးက သူ့သား ဓာတ်ပုံရိုက်တိုင်း သို့ကလို မှတ်ချက်ချသည်။ 'မင်းကိုင်မဲ့ကင်မရာက Fool-proof လောက်နဲ့ တင်မရဖူးကွဲ့။ Idiot-proof လောက်မှရမယ်'တဲ့။ ချီးကျူးလိုက်ပုံက။ တော်တော့်ကို ရေရေလည်လည်တုံး သည့် ငတုံးတောင် ကောက်ရိုက်ရင် 'အလုပ်ဖြစ်'မဲ့ ကင်မရာမျိုး။

ဘွဲ့နှင်းသဘင်ကို ၁၉၇၈ မှာ ကျင်းပတုန်းက မှတ်မှတ်ရရ ဓာတ်ပုံ (၄)ပုံပဲ ရိုက်ဖြစ်သည်။ ပါမောက္ခချုပ်ထံမှ ဘွဲ့ယူနေပုံ၊ မိဘ ၂ ပါးနှင့်ပုံ၊ တစ်ယောက်တည်းပုံ၊ သူငယ်ချင်း တစ်ဦးနှင့်ပုံ။ ဒါပဲ။ ဘွဲ့နှင်းသဘင်မှ အပြန် ဆေးရုံ တောက်လျှောက်သွားပြီး အလုပ် ဆက်လုပ်တာ သတိရမိသည်။ ကျွန်တော့်ဘဝ တစ်သက်တာမှာ ဓာတ်ပုံတွေ အများကြီး ရိုက်ကူးတဲ့ အချိန်ကတော့ ယူကေ ပညာတော်သင်ဘဝ ပါပဲ။ ကိုယ်ကလည်းရိုက်၊ အရိုက်လည်းခံ။ စာမေးပွဲအောင်၊ အလုပ်ရပြီး ယူကေတစ်ခွင် လျှောက်လည်ကြတော့ ရိုက်လိုက်ကြတဲ့ ဓာတ်ပုံတွေ။ ရိုက်စရာတွေက များမှများ။ စုံမှစုံ။ ရှုခင်းတွေ၊ ပြတိုက်တွေ၊ သမိုင်းဝင် နေရာတွေ၊ စျေးတွေ၊ တက္ကသိုလ်တွေ။ ဒီကြားထဲ ဆရာသံစစ်က ကင်မရာအသစ်တစ်လုံး ၀ယ်လိုက်ပြီး သူ့ကိုင်ဆဲ ကင်မရာလေး ကျွန်တော့်ကို ချီးမြှင့်လိုက်လေတော့ ကျွန်တော် ကင်မရာပိုင်ရှင်ကြီး ဖြစ်သွားခဲ့ပေါ့။ ဖလင်သုံး ရိုက်ရတဲ့ ကင်မရာပါပဲ။ ရိုက်စမ်း။ ပြီးရင်ကူး။ ကူးရင် ဆိုင်က ဖလင်တစ်လိပ် အလကားပေးတယ်။ ထပ်ရိုက်။ ထပ်ကူး။ ဓာတ်ပုံ သံသရာ။ ဓာတ်ပုံတွေ အိမ်ပို့လိုက်တော့ အိမ်သူအိမ်သား ဇနီးမယား ၀မ်းသာကြ၊ ဂုဏ်ယူကြပေါ့။ ဓာတ်ပုံတွေထဲမှာ ကျွန်တော်တို့က အစွမ်းကုန် ပြုံးပြ၊ ပျော်ပြကြပေါ့။ ရင်ထဲမှာက မျက်ရည် တစ်ပိုင်းတစ်စ။ စာမေးပွဲ မအောင်ခင် သူငယ်ချင်းတစ်စု ရိုက်ထားတဲ့ပုံ မြန်မာပြည် ပို့လိုက်တုန်းက ဆရာကြီး တစ်ဦးရဲ့ မှတ်ချက်ကို ပြန်ကြားရတော့ ကျွန်တော့်မှာ အားတက်ခဲ့ရ။ 'ဒီထဲမှာ စာမေးပွဲအောင်မဲ့ကောင် ပါနေပြီ'တဲ့။ ဓာတ်ပုံသွားပြတဲ့ ဇနီးခမျာ ၀မ်းသာလုံးဆို့ရှာ။

ဓာတ်ပုံတွေရိုက်တော့ လူကို ဘယ်မှာ နေရာချမလဲ။ ထုံးစံကတော့ လူက ဓာတ်ပုံ အလယ်တည့်တည့်မှာ ထင်းထင်းကြီး နေရာယူတတ်ကြတာ။ ရှုခင်းက၊ အဆောက်အဦက နောက်ခံ အဖြည့်သဘောမျှသာ။ လူကကော ဘယ်လို Pose နဲ့ နေရမှာတုန်း။ သူငယ်ချင်းတစ်ဦးက 'ဓာတ်ပုံရိုက်ရင် ထားရတာ အခက်ဆုံးက လက်ဗျ'တဲ့။ လက်ကို ဘယ်မှာထားရမလဲ၊ ဘယ်မှာနေရာချရမလဲ ဆိုတာ သူ့အတွက် ပြဿနာ။ သူပြောကာမှ ကျွန်တော့်မှာ 'လက်ပြဿနာ' ပေါ်ပါလေတော့သည်။ အရင်တုန်းက အမှုမဲ့ ဘာသိဘာသာ လက်ကိုထားခဲ့တာ။ ခုတော့ လက်ထားရခက်ပြီ။

လက်ပိုက်ထားရမလား။ ဘေးချထားရမလား။ ဘောင်းဘီအိတ်ထဲ နှိုက်ထားရမလား။ သူငယ်ချင်းပခုံး ဖက်ထားရမလား။ လူသားအားလုံးကို လေးစားပါတယ်လို့ အူတူတူပြောပြီး လေထဲ မြှောက်ထားရလေမလား။ အခုမှ ဒုက္ခ။ လက်ကို စိတ်ထဲကဖျောက်ဖို့ အချိန်အတန်ကြာအောင် စောင့်ရလေသည်။ ဓာတ်ပုံ တွေထဲမှာ 'အလယ်လူ ထင်လင်းစွာ မင်းဖြစ်တော့သည်'ပုံစံတွေ မြင်ရတော့ ဆရာသံစစ်က သို့ကလို မှတ်ချက်ချသည်။ 'ခင်ဗျား ဓာတ်ပုံရိုက်ချင်တာက ခင်ဗျားရောက်ခဲ့တဲ့ နေရာဒေသ ပုံလား၊ အဆောက်အဦပုံလား၊ ပြတိုက်ပုံလား၊ တက္ကသိုလ်ပုံလား။ ဒါမှမဟုတ် ခင်ဗျားပုံကိုပဲ ထပ်ပြန်တလဲလဲ ရိုက်ချင်နေတာလား'တဲ့။ ဟ- ဟုတ်ပေသား။ မိမိပုံကိုပဲ အဖန်ဖန် ပြန်လှန် ရိုက်ချင်နေတာပါကလား။ 'ခင်ဗျားက ဓာတ်ပုံ ထောင့်တစ်နေရာမှာရပ်နေ။ ဒါမှ ရှုခင်း၊ အဆောက်အဦက ပီပီပေါ်မှာ။ ဒါမှ နောင်ဓာတ်ပုံကြည့်လိုက်ရင် ရှုခင်းနဲ့ ပတ်သက်တဲ့၊ အဆောက်အဦနဲ့ ပတ်သက်တဲ့ အတွေးစက ပေါ်လာမှာ'ဟု ဆက်လက် မိန့်ချွေပါလေသည်။ ကျွန်တော့်ဓာတ်ပုံ လမ်းကြောင်းပြောင်းဖို့ ဖြစ်လာသည်။ ဓာတ်ပုံတွေ ရိုက်နေတာ ဘာကိုရိုက်ချင်တာလဲဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

တစ်ခါက နာဂစ်ဒဏ်ခံ ပြည်သူတွေကို သွားရောက်ကူညီ စောင့်ရှောက်သည့် စေတနာဝန်ထမ်း တစ်စု၏ ဓာတ်ပုံမှတ်တမ်း တင်ဆက်မှု ကြည့်ရသည်။ အငြိမ်းစား ဆရာဝန်ကြီးတစ်ဦး ပါ၀င်သည့် အဖွဲ့။ ဆရာကြီး တင်ပြသည့် ဓာတ်ပုံတွေထဲမှာ ဆရာကြီးက ပုံတိုင်းလိုလိုမှာ ပြူးပြူးပြဲပြဲကြီး။ တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်။ အကြိမ်ပေါင်းများစွာ။ ကျွန်တော်တို့မှာ ဆရာကြီးပုံတွေနဲ့တင် မျက်စိက ညောင်းလှပြီ။ သူတို့အဖွဲ့၏ လုပ်ရပ်ကိုပင် ကောင်းကောင်း နားမထောင်မိတော့။ နားထောင်ဖို့ အားကလည်း မကျန်တော့။ ဓာတ်ပုံက တစ်ခုခုကို ဖုံးလွှမ်းသွားခဲ့ပြီ။ ကျွန်တော့်မှာ ဆရာကြီးအတွက် စိတ်မကောင်းဖြစ်မိ။ သူကတော့ ဘာသိဘာသာ။

သည့်နောက်ပိုင်း တစ်နေရာရာ ရောက်လိုက်တာနှင့် စဉ်းစားတွေးဆ ခံစားမနေတော့ပဲ ဓာတ်ပုံ ကောက်ရိုက်ချင်စိတ်ကို ချိုးနှိမ်နေရသည်။ မိမိမှာလည်း ဒစ်ဂျစ်တယ်ကင်မရာ တစ်လုံးက လက်ဝယ် ရှိနေပြီလေ။ ''လူမှန်ရင် ဒစ်ဂျစ်တယ်ကင်မရာ တစ်လုံးကတော့ ရှိရတယ်''ဆိုတဲ့ ဖိအားကို ကျွန်တော်လည်း မကျော်လွှားနိုင်ခဲ့ပါသလားဟု မိတ်ဆွေ ပြုံးနေမှာ ကျွန်တော် မြင်ယောင်နေပါသည်။ ကျွန်တော် ကြွားလိုက်ဦးမည်။ ဒီကင်မရာက စင်ကာပူမှာ အလုပ်သွားလုပ်နေတဲ့ တပည့် ဆရာဝန်မလေးက ကန်တော့ထားတာ။ ကင်မရာလေးက လက်ထဲရှိနေ၊ ဖလင်ကုန်စရာကလည်း မလိုလေ ဆိုမှတော့ ရိုက်ချင်ပြီပေါ့။ မရိုက်ခင် ဒါကဘာလဲ။ သူ့ရဲ့ ၀ိသေသက ဘာလဲ။ နောက်ခံ သမိုင်းကြောင်းက ဘာလဲ။ ဘာခံစားရသလဲ။ ဘာကြောင့် မှတ်တမ်း တင်ချင်တာလဲ။ 'လဲတွေထပ်'ရပြီ။ နေဝင်ချိန်ကို စောင့်စားပြီး ဓာတ်ပုံရိုက်သူတွေ တွေ့ဖူးသည်။ တချို့က အငမ်းမရ သဲကြီးမဲကြီး။ သူတို့တတွေဟာ ဘာကိရိယာ တန်ဆာပလာမှ မပါဘဲ ရိုးရိုးလေး ထိုင်ပြီး နေဝင်ဖျိုးဖျကို ငေးမော စိမ့်ဝင်နေတဲ့လူလောက် ကြွယ်ဝပါ့မလား။ ပြည့်စုံပါ့မလား။ ၀င်သွားတော့မည့်နေကို ခေတ္တခဏလေးပဲ ဖြစ်ဖြစ် ရပ်တန့်ဖို့ တောင်းပန်တိုးလျိုးပြီး ပုံကောင်းကောင်းရဖို့အရေး သည်းသည်းသန်သန် လုံးပမ်းနေရရှာတဲ့ အနှီ ဓာတ်ပုံဆရာ ဆိုသူများကိုကြည့်ပြီး 'ကရုဏာ၊ ကရုဏာ၊ ကရုဏာ'ဟု ကျွန်တော့်စိတ်ထဲ မြည်တမ်းချင်မိလှသည်။

နောက်ကင်မရာရူး တပည့်တစ်ဦးကလည်း သွားလေရာ ကင်မရာကြီး တလွယ်လွယ်နဲ့။ သူ့ကင်မရာ တန်ဖိုးကလည်း သေးမည်မထင်။ နောက်ကလိုက်ရတဲ့ စရိတ်စက ကလည်း မနည်းမနှော ဖြစ်မည်။ သာမန် မိသားတစ်စု တသက်လုံး စုဆောင်းပြီး ၀ယ်ဖို့တောင် အိပ်မက်မက်ရဲမည် မဟုတ်လေ။ သင်းက ဒီကင်မရာကြီးကြီးကို သူကြွချီလေရာ ပင့်ဆောင်ပြီး သကာလ သူအာရုံကျရာ ရိုက်ပေရော့။ ဆေးပညာနှီးနှောပွဲ လာတာတောင် လည်ပင်းက ကင်မရာ မချွတ်တမ်း။ ညအိပ်ရာမှာပင် သူ့ကင်မရာနှင့်အတူ အိပ်မည် ထင်သည်။ နှီးနှောပွဲတွေမှာလည်း ဓာတ်ပုံရိုက်ဖို့ အာရုံကပဲ စိုးမိုး ဖိစီးနေလေတော့ သူ့နားထဲ သူ့အာရုံထဲ ဟောပြောပို့ချ ဆွေးနွေးချက်တွေ ၀င်ပါ့ဝင်ပါလိမ့်မလား။ ကင်မရာသမား အမြင်နဲ့ ရှုထောင့်၊ အလင်းအမှောင်၊ လူအနေအထားတွေကိုပဲ ခွဲခြမ်းစိတ်ဖြာ စေ့ငုနေလေမလား။ ဓာတ်ပုံက ကွယ်သွားသော အရာသည် . . .။

ပထမဆုံးအကြိမ် လပေါ် လူဆင်းတုန်းက အဖြစ်အပျက်ကို တကမ္ဘာလုံး လူသန်းပေါင်း ၆၀၀ ကျော် စောင့်စား ကြည့်ရှုခဲ့ကြသည် ဆိုသည်။ လဆင်းယာဉ်ငယ်(Lunar Module) လမျက်နှာပြင်ပေါ် ဆင်းပြီး အချိန် အတန်ကြာသည်အထိ အာကာသ သူရဲကောင်း တစ်ဦးမျ ဆင်းမလာသေး။ နေး(လ)အမ်း(စ)ထရောင်း ဘာလုပ်နေပါလိမ့်။ လမျက်နှာပြင် အနေအထားကို စူးစမ်းနေလေသလား။ လဆင်းယာဉ်ရဲ့ စက်ကရိယာတွေကို စစ်ဆေးနေလေသလား။ သူပထမဆုံး ပြောရမည့် စကားအတွက် စိတ်လှုပ်ရှားစွာ ပြင်ဆင်နေလေသလား။ စကြဝဠာ အနန္တထဲ လူရဲ့သေးငယ်မှု၊ ၀ိသေသ ကင်းမဲ့မှုကို ထိတ်လန့် တုန်လှုပ်နေလေသလား။ ဘာတစ်ခုမှ မဟုတ်ချေတဲ့ဗျ။ တကယ်က နေး(လ)က စားပြီးသောက်ပြီး ပန်းကန်တွေကို စနစ်တကျ ဆေးကြော သန့်ရှင်းရေး လုပ်နေလေသည်တဲ့။ နောက်ဆုံးကျမှ နေး(လ) လဆင်းယာဉ်မှ ထွက်လာသည်။ နောက်က ဘတ်(ဇ)အော်ဒရင်။ အော်ဒရင်က ယာဉ်ရဲ့ လှေကားထစ်တွေပေါ် အတော်ကြာကြာ ရပ်နေပြန်လေသည်။ နေး(လ)ထက် သူက လျှို့ဝှက်နယ်မြေ အသစ်ကို ဆင်းရမှာ မဝံ့မရဲ ဖြစ်နေသည်ထင့်။ ဒါလည်း မဟုတ်ရေးချ မဟုတ်တဲ့ဗျာတို့။ တကယ်က သူကောင့်သားက မတ်မတ်ကြီး ရှုးရှုးပေါက်နေတာ။ ဒါကလည်း အများသုံး ရေကူးကန်ထဲ သေးပေါက်သလိုမျိုး ဆန္ဒပြနေတာ ဖြစ်သတဲ့။ အကြောင်းက မူလကနဦး အစီအစဉ်က ဘတ်(ဇ)က စဆင်းဖို့တဲ့ဗျ။ နေး(လ)က ဒုတိယလူ။ နောက်မှ အစီအစဉ် ပြောင်းလိုက်ပြီး နေး(လ)က ပထမလူ ဖြစ်သွားတာ။ ဒါကို ဘတ်(ဇ)က နည်းနည်းမှ မကျေနပ်ဘူးတဲ့။ လပေါ်မှာ နေး(လ)က သူ့ကို ဓာတ်ပုံရိုက်ပေးဖို့ ပြောတော့ ဘတ်(ဇ)က သူ'အလုပ်များ'နေလို့ ဆိုပြီး ငြင်းသတဲ့။ ဒါကြောင့် လပေါ်မှာရိုက်ခဲ့တဲ့ နေး(လ) ရဲ့ တစ်ခုတည်းသောပုံက ဘတ်(ဇ)ရဲ့ မျက်နှာဖုံးမှန်ကာပေါ်မှ ပေါ်နေတဲ့ သူ့ပုံရိပ်ပဲတဲ့။ အဲဒါ သူ့ဖာသူ ပြန်ရိုက်ရတာ။

လဆင်းသူရဲကောင်းတွေ ကမ္ဘာမြေ ပြန်ရောက်တော့မှ သူတို့ရဲ့သတင်း တစ်ကမ္ဘာလုံးမှာ ဘယ့်လောက် အုတ်အော်သောင်းနင်း ဖြစ်နေတာ၊ ဘယ့်လောက် ကြီးကျယ်ခမ်းနား ချဲ့ကားနေတာ သိရလေသတဲ့။ တကယ့် မီဒီယာ ပေါက်ကွဲမှုကြီး။ ဒါကြီး မြင်ရတော့မှ ဘတ်(ဇ)က နေး(လ)ကို ခုလို ညည်းထွားပြသတဲ့။ 'နေး(လ) ရေ၊ ငါတို့ ပွဲကြီးပွဲကောင်းတစ်ပွဲ လွတ်သွားတယ်ကွ'တဲ့။ ကြီးကျယ်ခမ်းနားလှပြီး ကမ္ဘာချင်းတဲ့အမှုကြီးမှာ ကိုယ်တိုင်ကိုယ်ကျ ပါ၀င်ဆင်နွှဲခဲ့သူ ကိုယ်တိုင်က အဖြစ်အပျက် မှတ်တမ်းတင် ဓာတ်ပုံပြပွဲကြီး ၀ှဲချီး ဆင်ယင်မှုကြီးကို လွတ်သွားတာ ၀င်မနွှဲလိုက်ရတာ နာသတဲ့။ ဒီခေတ်မှာက ဘာအဖြစ်အပျက်မဆို ဓာတ်ပုံနဲ့ ဗွီဒီယိုနဲ့ မှတ်တမ်း မတင်သရွေ့ တကယ် ဖြစ်ပျက်ခဲ့တယ် ဆိုတာ ယုံမှားစရာ ဖြစ်လာလေသလား မသိ။ ဓာတ်ပုံက ဖုံးလွှမ်းသွားသော အရာသည် . . .။

ကျွန်တော်တို့ မင်္ဂလာဦး ဓာတ်ပုံတွေ၊ ယူကေ အမှတ်တရ ဓာတ်ပုံတွေ ကျွန်တော် ထုတ်မကြည့်ဖြစ်တာ ကြာပြီ။ မိတ်ဆွေကော ဘယ်နှစ်ကြိမ် ထုတ်ကြည့်ဖူးပါသလဲ။ (Facebook တင်ထားရင်ဖြင့် မကြာခဏ ကြည့်ဖြစ်လိမ့်မည် ထင်ပါရဲ့။)နောက်ပိုင်း နိုင်ငံခြား ခရီးသွားရင် ဓာတ်ပုံရိုက်ဖို့ သိပ်မတက်ကြွလှတော့တာ မိမိကိုယ်မိမိ သတိထားမိသည်။ မှတ်မှတ်ရရ ၂၀၀၀ ပြည့်နှစ်တစ်ဝိုက် ဘာလီတွင် ကျင်းပသော ဆေးပညာနှီးနှောပွဲ တက်ရောက်တုန်းက ဓာတ်ပုံ တစ်ပုံစ နှစ်ပုံစပဲ လက်ဝယ် ကျန်ရစ်သည်။ ဒါတောင် အတူပါလာသည့် ဆေးကုမ္ပဏီ ၀န်ထမ်းလေးက ရိုက်ပေးပေလို့သာပါပဲ။ ဖြစ်ပုံက တစ်ည ညစာစားပွဲ အပြီး ဟိုတယ်အပြန် ဗိုက်တင်းတင်းနှင့် ကားပေါ်ထိုင် ငိုက်လာလိုက်တာ ဘောင်းဘီအိတ်တွင်း ထည့်ထားသည့် ကင်မရာ ထိုင်ခုံပေါ် လျောဆင်းသွားတာ မသိလိုက်ချေ။ (ဆရာသံစစ် ပေးထားတဲ့ ကင်မရာလေး)။ နောက်တစ်နေ့ လိုက်ရှာတော့ ကင်မရာက ခြေစလက်စ ပျောက်သွားပြီ။ ဒီလိုနဲ့ ဘာလီ ခရီးစဉ်တလျှောက် ဘာဓာတ်ပုံမှ မရိုက်ဖြစ်တော့ချေ။ ဓာတ်ပုံ မရိုက်ရတော့ ဘာဖြစ်သတုန်း။ ရောက်တဲ့နေရာ ဒေသတွေမှာ ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ်ကြည့်။ နားထောင်။ ခေါင်းနဲ့မှတ်။ နားနဲ့မှတ်။ ဟောဒီ ရင်ဘတ်ကြီးနဲ့ ခံစားပေါ့။ နောင်သွားရသည့် ခရီးတွေမှာလည်း ကင်မရာကို သတိတရရှိမှု အလိုလို လျော့ကျလာသည်။ ဓာတ်ပုံတစ်ပုံမှ မကျန်ရစ်သည့် ဘာလီ ခရီးစဉ်နှင့် ဓာတ်ပုံတွေ တော်တော်များများ ရိုက်ဖြစ်သည့် ကျန်ခရီးစဉ်တွေကို ယှဉ်ကြည့်တော့ ဘာမှ သိပ်ထူးခြားမှုရှိသည် မထင်။ ၂၀၁၁ ဖေဖော်ဝါရီက သွားခဲ့သည့် အိန္ဒိယ ခရီးစဉ်မှာလည်း ကျွန်တော် ဓာတ်ပုံကို ချွေချွေတာတာပဲ ရိုက်ပါသည်။ ကျွန်တော် ကင်မရာက မှတ် ဉာဏ်(Memory) နည်းသည်။ ပုံ ၁၀၀ ကျော် ရိုက်ပြီးလျှင် ထပ်ရိုက်လို့ မရတော့ပြီ။ ဒါကြောင့် ကျွန်တော့်မှ စိစိစစ်စစ် ရွေးရွေးချယ်ချယ်။ သူငယ်ချင်းတွေရဲ့ ကင်မရာကတော့ မှတ် ဉာဏ်အားက ကြီးမှကြီး။ ပုံထောင်ချီရိုက်နိုင်သည်တဲ့။ သို့မို့ကြောင့်ထင်ရဲ့။ သူတို့က တွေကရာ ရိုက်တော့တာ။ မဲမဲမြင်တိုင်း။ (အားလုံးလိုလိုက မဲမဲတွေ) ကျွန်တော့်မှာသာ မဲမဲမြင်တိုင်း မရိုက်ရဲသေး။ (ရှား ရှားပါးပါး) ဖြူဖြူ မြင်တိုင်းလည်း မရိုက်ရဲလေး။ ရိုက်သင့်တယ်ထင်မှ ကောက်ရိုက်။ သူတို့တတွေ မရိုက်ဖြစ်တာ လိုက်ရိုက်။ ဓာတ်ပုံအာရုံ သိပ်မရှိတော့ ကျွန်တော်က ပိုလို့ ခံစားဖြစ်သည် ထင်သည်။ ပိုလို့ တွေးဖြစ်သည် ထင်သည်။ ဓာတ်ပုံ၏ သြဇာကို သူတို့လောက် မခံစားရဘူး ထင်သည်။ ပြန်ရောက်တော့ ကျောင်းမှာ ဤခရီးစဉ်အကြောင်း ပြန်ပြောင်း သုံးသပ်ပွဲ လုပ်သည်။ ဓာတ်ပုံသောင်းတင်း ရိုက်လာသူတွေက ပုံတွေကို အရွေးအချယ် အစိအစစ် နည်းပါးလှစွာ တင်ဆက်သည်။ ပရိသတ်က ပုံတွေများလှသတဲ့။ ခရီးစဉ်၏ အရေးပါမှုက ဓာတ်ပုံတွေအောက် ပိပြား ကြေမွသွားလေသလား။ ဓာတ်ပုံတွေ၏ အခြားတစ်ဖက်မှ သက်ရောက်မှု။ ဓာတ်ပုံတွေ၏ ဖမ်းစားမှုကို Facebook မှာ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသုံးချထားတာ တွေ့ရသည်။ မိမိပုံကို tag လုပ်လို့ရလေတော့ အတ္တမာန တဖွားဖွား ဖွံ့ဖြိုး တောက်ပခွင့်ရသည်။ ဓာတ်ပုံတွေထဲမှာလည်း ကိုယ့်ပုံက အချောဆုံးကိုဗျ။ ပုံတွေကြည့်ပြီး ခံစား တွေးတောဖို့ထက် လျင်လျင်မြန်မြန် တုံ့ပြန်ဖို့က အရေးကြီးနေလေတော့ Like ပေါ့ ခင်ဗျာ။ ဘာကြောင့် Like လည်းလို့ မေးချင်သော်လည်း မမေးတော့ပါဘူး။ သြော် ...... ဓာတ်ပုံက ဖုံးထားသော အရာသည် . . .။

"So image triumphs over content,
presentation over understanding,
description over analysis"

''ရုပ်ပုံက အနှစ်ကိုဖုံး၊
တင်ဆက်မှုက နားလည်မှုကို ဖုံး၊
ဖွင့်ဆို ရှင်းလင်းမှုက ဝေဖန်သုံးသပ်မှုကို ဖုံး။ ။''

(Michael Foley -The Age of Absurdity -2010)
ဒေါက်တာအောင်ကြီး
...

တော်တဲ့ ကလေးတွေ (ဒေါက်တာအောင်ကြီး)

တော်တဲ့ ကလေးတွေ (ဒေါက်တာအောင်ကြီး)

၁။
ရန်ကုန်မှာ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲ ရေးဖြေ အောင်ပြီးတဲ့ ဆရာဝန်ငယ် တစ်စုကို လူတွေ့ နှုတ်ဖြေ စစ်မေးရာက ပြန်လာတဲ့ ဆရာကြီး တစ်ဦးက တစ်ရက်မှာ သို့ကလို ရင်ဖွင့်ပါတယ်။


“ဒီကလေးတွေ တော်တော် ည့ံကုန်ပြီဗျ။ ဘယ့်နှယ့်ဗျာ၊ ကိုယ်လေ့လာလိုက်စားမယ့် ပညာရပ်နယ်ပယ်ကို ရှေ့ဆောင်ဦးစီး ပြုသွားတဲ့ ဆရာကြီး၊ ဆရာမကြီး (Pioneer) တွေကိုတောင် မသိကြတော့ဘူး။ ကလေး ဆေးပညာဘာသာရပ် ဖြေတဲ့ ဘွဲ့လွန် ကျောင်းသားက ဆရာကြီး ဦးတင်ဦးကို မသိဘူးတဲ့။ ခွဲစိတ်ပါရဂူ လုပ်မယ့် လူကလည်း ဆရာကြီး ဦးဘသန်းကို မသိပြန်ဘူး။ ကျွန်တော်တို့ကျောင်းက ကလေးတွေ ပါလာတော့ မင်းတို့
တို့ကျောင်းရဲ့ ပထမဦးဆုံး ပါမောက္ခချုပ်ကို သိသလား မေးတော့ မသိဘူးတဲ့။ သေရော။ ကျွန်တော်က သိမယ်ထင်ပြီး အပိုင ်မေးချလိုက်တာ။ ဆရာကြီး တစ်ဦးက အထွေထွေ ဗဟုသုတ မေးရာမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ၊ နောက်ဆုံး သမ္မတ သိလားမေးတော့ အများစုက မသိကြပြန်ဘူး။ ဒီခေတ်ကလေးတွေ ည့ံကုန်ပြီဗျာ”တဲ့။

ဆရာကြီး တစ်ဦးကလည်း ဒီအဆိုကို ပဲ့တင် ထပ်ပြန်ပါတယ်။ “ကျွန်တော် တက္ကသိုလ် တစ်ခုမှာ တာဝန်ကျတုန်းက စာရေးဝန်ထမ်း ရာထူးအတွက် အင်တာဗျူး ရတော့ သူတို့ကို လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့တွေ မေးကြည့်တယ်။ အများစုက မသိကြဘူး”တဲ့။ ကျွန်တော်ဘာမှ ၀င်မပြော။ အတွေးနယ် တစ်ကြော စုန်ဆန်မျောမိ။

၂။
ကျွန်တော်တို့ စာသင်သား ဘဝမှာ ကြုံဆုံခဲ့ရတဲ့ လူတွေ့ နှုတ်ဖြေ စာမေးပွဲကို သတိရမိတယ်။ အစောဆုံး မှတ်မိတာက လူရည်ချွန် စာမေးပွဲတွေ။ “ဒီအခန်း ထဲကို ၀င်လာရာမှာ ခြေဘယ်နှလှမ်း လှမ်းခဲ့သလဲ”တဲ့။ ဆရာကြီး တစ်ဦးက မေးတာ။ သေရော၊ ကိုယ့်မှာက ဗဟုသုတတွေ မျက်မှောက် ရေးရာတွေ ဘာတွေ မေးမလဲ။ ချွေးပြန်ပြီး ၀င်လာတာ။ သူက အရေးထဲ ခြေလှမ်းရေတွက် ခိုင်းနေပြန်ပါပြီ။ “မသိပါဘူး ဆရာကြီး”ပေါ့ဗျာ။ လွယ်ပါသော်ကော။ ရောင်းသူဝယ်သူ အသံတူ။ ဒီအခန်းထဲ ၀င်လာတုန်းက ခြေလှမ်း ဘယ်နှလှမ်း လှမ်းခဲ့ပါသလဲ ဆရာကြီးလို့ ပြန်မေးချင်စရာ။

ကျွန်တော့် သူငယ်ချင်း တစ်ဦးရဲ့ အတွေ့အကြံုကလည်း “သင်း”ပေါ့။ သူက တက္ကသိုလ် လူရည်ချွန် စာမေးပွဲ ဖြေရတာ။ သူက ဖြေချင်တာ မဟုတ်ဘူး။ ဆယ်တန်းအောင်မှတ်က ကောင်းလို့ အော်တိုမက်တစ် ပထမနှစ် လူရည်ချွန် ဆန်ခါတင် စာရင်း ၀င်သွားတာ။ ဆရာကြီး တစ်ဦးက“အများနဲ့ ပတ်သက်တာ ဘာလုပ်ဖူးသလဲ”လို့ စမေးတယ်။ သူက ဆရာကြီးရဲ့ “ရှု”ကိုရော “မု(ဒ)”ကိုရော နည်းနည်းခံတွင်း မတွေ့ဘူး ဖြစ်သွားတယ်။ တကယ်တော့ သူက ၁၀ တန်း အောင်ပြီးစမှာ အမျိုးသား စာကြည့်တိုက် တစ်ခုမှာ တော်တော်ကြာကြာ လုပ်အား ပေးခဲ့တာ။ စာအုပ်တွေ ပြန်စီ၊ ကတ်သလောက်တွေ ပြန်တင်။ ဒါပေတဲ့ သူက ဒီလိုဖြေလိုက်တယ်။

“ရေကူးဖူူးပါတယ် ဆရာ”

“ဟ ဟေ့ကောင် ရေကူးတာက ကိုယ့်ဘာသာ ကူးတာလေကွာ။ အခု ငါမေးနေတာက မင်းအများအကျိုး အတွက် ဘာတွေ ဆောင်ရွက်ခဲ့ဖူးသလဲ မေးနေတာ”

“ရေကူးတာ အများနဲ့အတူ ရေကူးကန်မှာ ကူးတာပါ ဆရာ။ ကျွန်တော် ကြိုးစားပမ်းစား ရေကူးတာကို အားလုံးက ၀ုိင်းကြည့်၊ ၀ိုင်းအားကျ၊ ၀ိုင်း အတုခိုး။ အားလုံးရင်ထဲ ရိုးသားကြိုးစား နိုးကြားစိတ်တွေ တလိပ်လိပ် ပေါ်လာတာပေါ့ ဆရာ။ ဒါအများအတွက် မဟုတ်ပါလားဆရာ”

“ဟေ့ကောင် သွား၊ သွား၊ သွားတော့”

“ဟုတ်ကဲ့၊ ကျေးဇူးပါဆရာ”

တကယ့် တကယ်က သူငယ်ချင်းက ရေကူးတတ်သူ မဟုတ်လေ။ ဒါနဲ့ပဲ အောင်မြင်စွာ ဆုတ်ခွာ ခဲ့ရလေသတည်းပေါ့။ ကျွန်တော်တို့ ခေတ်က ၀န်ထမ်း ရွေးချယ်ရေး စာမေးပွဲတွေမှာ လူတွေ့နှုတ်ဖြေ ၀င်ရတယ်။ ဆရာကြီး တစ်ဦး တစ်ခေတ်မှာ ဘာသာရေးဆိုင်ရာ ကျင့်ဝတ်တွေ၊ နီတိတွေ၊ အဆို အမိန့်တွေ၊ ဂါထာတွေ မေးလွန်လွန်းလို့ အဲဒီတုန်းက ကျွန်တော်တို့ တစ်တွေရဲ့ အိတ်ထောင် ထဲမှာ ဂါထာ စာအုပ်ကလေးတွေ ကိုယ်စီနဲ့။ ဘွဲ့လွန် ၀င်ခွင့်ရေး ဖြေအောင်ပြီး နှုတ်ဖြေ ၀င်ရတုန်းကလည်း မှတ်မှတ်ရရ။ ကျွန်တော့် သူငယ်ချင်းရဲ့အဖြေက မေးခွန်း ထုတ်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေ ပက်လက်လန်လောက်တဲ့ အဖြေ။

“မင်းဘာလို့ ဘွဲ့လွန် သင်တန်း တက်တာလဲ”

“ဘာရယ် မဟုတ်ပါဘူး။ အသက်က နည်းနည်း ကြီးလာတော့ တစ်ခုခု လုပ်ဦးမှ ဆိုပြီး ထလုပ်တာပါပဲ”

“မင်းဘာလို့ ဆေးပညာ အထူးကု ဆရာဝန် ဖြစ်ချင်တာလဲ”

“ဒါလည်း ဘာရယ် မဟုတ်ဘူး။ ကျွန်တော့် မျက်စိကြောင့်ပါ။ ကျွန်တော်က မွေးရာပါ မျက်စိ စွေတာကြောင့် တစ်ဖက်က လုံးလုံး မမြင်ရဘူး။ ခွဲစိတ် ပညာနဲ့ သားဖွားမီးယပ် ပညာရပ်တွေက ခွဲစိတ်ရတာတွေ ပါနေတော့ ကျွန်တော့် မျက်စိနဲ့ မဖြစ်ဘူး။ ကျွန်တော့်မှာ Binocular Vision မရှိတော့ တကယ့် တကယ်ခွဲစိတ်ရရင် အခက်တွေ့မှာ။ ကလေး အထူးကု လုပ်ဖို့ စဉ်းစားတော့လည်း မဖြစ်ပြန်ဘူး။ ကျွန်တော်က ကလေးတွေကို သိပ်စိတ်မရှည်ချင်ဘူး။ ဒါကြောင့် ဆေးပညာ အထူးကုဘဝကို ရွေးချယ်တာပါ”

မေးခွန်းထုတ်တဲ့ ဆရာ ဆရာမကြီးတွေ အခုမှ အိပ်ချင်ပြေလေတော့တယ်။ သူ့ရှေ့က ကျောင်းသားကျောင်းသူတွေရဲ့ “တိုင်းပြည်အတွက် လူမျိုး အတွက် ပညာရပ် ဆိုင်ရာ တိုးတက်မှု အတွက် ဒီပညာရပ်ကို လေ့လာလိုက်စား လိုတာဖြစ်ကြောင်း၊ ပြည်သူကို အလုပ်အကျွေး ပြုဖို့ မိမိတို့ မွေးဖွားလာတာ ဖြစ်ကြောင်း” အာပေါင်အာရင်းသန်သန် ကြံုးဝါးပြောဆို အန်ချပြခဲ့တာတွေနဲ့ မျက်စိနောက်၊ နားနောက်၊ စိတ်နောက်နေတဲ့ ဆရာကြီးတွေခမျာ ခုမှ အညောင်း ပြေ အမောပြေ “ဆတိုရီ”ဆိုက်ပါလေတော့တယ်။

၃။
ကျွန်တော် အတွေး ရေစီးထဲက ဗြုန်းခနဲ ပြန်ထွက်မိ။ ဒီခေတ်ကလေးတွေ ညံ့ကုန်ပြီတဲ့။ ဟ လုပ်ကြပါဦးဟ။ ကိုယ်မေးတဲ့ မေးခွန်းကို တစ်ဖက်လူ မဖြေနိုင်တာနဲ့ အလိုလို ညံ့သွားရောလား။ ကိုယ်မေးတဲ့ မေးခွန်းကရော သူတို့ ဘဝနဲ့ သူတို့ ခေတ်နဲ့အပ်စပ် (Relevant) ဖြစ်ရဲ့လား။ ကျွန်တော် ခွကျကျ တွေးကြည့်လိုက်တယ်။ ဆရာကြီး ဦးဘသန်း မသိတော့ ခွဲစိတ် ဆရာဝန် မဖြစ် ထိုက်တော့ဘူးလား။ ဆရာကြီး ဦးတင်ဦးမသိလို့ ကလေးအထူးကု မလုပ် ထိုက်တော့ဘူးလား။ အခန်းထဲ ၀င်လာတဲ့ ခြေလှမ်းရေ မသိတာနဲ့ဘဲ လူရည်ချွန် မဖြစ်ထိုက်တော့ဘူးလား။ ကိုယ်စစ်မေး နေတာက လူရည်ချွန် စာမေးပွဲလား။ လက်သမား စာမေးပွဲလား။ လက်သမား ဆိုရင်တော့ အခန်း အနေအထား၊ အခန်း အကျယ်အဝန်း သိဖို့ လိုတာလေ။

အထွေထွေ ဗဟုသုတ ဆိုတာကရော။ ကိုယ့်ခေတ်က အရေးကြီးတယ်လို့ ထင်မြင် စွဲမှတ်ခဲ့တာတွေကို ဒီခေတ် ကလေးတွေ ပြန်မေးနေတာ။ ဒါတွေက သူတို့အတွက် အရေး ကြီးသေးရဲ့လား။ ဆိုဗီယက် အင်ပါယာ အလွန်မှာ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေအဖို့ ရှုပ်ထွေးပွေလီ ကျယ်ပြောလှတဲ့ သူတို့နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး ဘဝတွေနဲ့ လုံးထွေး နေရလေတော့ သူတို့ခမျာ အောက်တိုဘာ တော်လှန်ရေးကြီး အကြောင်း အသေးစိတ် သိချင်မှ သိတော့မှာ။ ထားပါတော့လေ။ အခု ဆရာ ဆရာမကြီးတွေက ကိုယ့်နိုင်ငံရဲ့ သမိုင်းနဲ့ ဖြစ်ရပ်တွေ၊ ကိုယ့်ပညာရပ်နဲ့ သမိုင်း တောက်ပြောင်မှု တွေကို တပည့် သားမြေးတွေကို သိစေချင်သပ ဆိုရင် ကျွန်တော်တို့ဘာလုပ်ကြမလဲ။ “ကျွန်တော် တို့”လို့ ဆိုလိုက်ကတည်းက အားလုံးပါသွားပြီ နော်။ ကျောင်းသားရော၊ ဆရာရော တာဝန်ရှိသူ တွေ အကုန်ပါကြရမှာ။ အခုဖြစ်နေတာက ကျောင်းသားတွေ ည့ံကုန်ပြီ။ ဒီအတွက် မင်းတို့ ကျောင်းသားတွေမှာ တာဝန်ရှိတယ်။ လောဂျစ် အဆင့်မြင့်လိုက်ပုံက။ ပြဿနာကို အရိုးစင်းဆုံး “ဖျင်”ချလိုက်ပုံက။

ကျွန်တော့် အမြင်က ရိုးရိုးလေးပါ။ ဆရာ ကြီး၊ ဆရာမကြီးတွေက ဒါတွေဒါတွေဟာ သိ သင့်သိထိုက်တယ်လို့ ယူဆယုံကြည်ရင် ဒါတွေ ဒါတွေကို ကလေးတွေရဲ့ ဘဝနဲ့၊ ပညာရပ်နဲ့ ရင်းနှီးလာအောင်၊ အပ်စပ်လာအောင် လုပ်ပေးဖို့ သာပါပဲ။ ရှေးရှေးက၊ ရှေ့ရှေ့က ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ဘဝနဲ့ ပညာကို ဒီခေတ်ကလေး တွေရဲ့ဘဝနဲ့ ပညာထဲ ၀င်လာအောင် ဆွဲသွင်းဖို့သာ ပါပဲ။ ကျွန်တော်တော့ စာသင်ရင်း အခွင့်ကြံုရင် ကြံုသလို ဆရာ၊ ဆရာမကြီးတွေရဲ့ ထူးခြားတဲ့ ပုဂ္ဂလ စရိုက် သဘာဝ(Personality) ကို တပည့် တွေ စိတ်ဝင်စား လာအောင် ပြောပြတယ်။ ဥပမာ မာမီကြီးလို့ ခေါ်တဲ့ ဆရာမကြီး ဒေါ်မြင့်မြင့်ခင် အကြောင်း။

မာမီလေးလို့ ခေါ်တဲ့ ဆရာမကြီး ဒေါ်မြင့်မြင့်အေး အကြောင်း။ “အဘ”အမည်ရတဲ့ ဆရာကြီး ဦးထွန်းသင် အကြောင်း။ ဆေးကု ဘာသာရပ်(Therapeutics) နဲ့ အကျွမ်းတဝင် ရှိလှတဲ့ ဆရာကြီး ဦးတင်အောင်ဆွေအကြောင်း။ ဆရာကြီး၊ ဆရာမကြီးတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး။ နောင်တော်ကြီးတွေ လက်ဆင့်ကမ်း သွားတဲ့ပုံပြင်တွေက တစ်လှေကြီး။ ရင်ခုန်စရာ၊ ရယ်မောစရာ၊ တွေးစရာ၊ အားကျစရာ၊ အတုယူ စရာ။ ဒါတွေကို ကျွန်တော်တို့က မြတ်နိုးစွာ ပြောတယ်။ ကြည်ညိုစွာ ပြောတယ်။ ကိုင်းညွှတ်စွာ ပြောတယ်။ ချစ်ခင်စွာ ပြောတယ်။ ဒါတွေက ပြောလို့ မပြီးနိုင်။ ပြောလို့ မငြီးနိုင်။ ပြောလို့ မရိုးနိုင်။ နောက်ပြီး ဆရာကြီးတွေရဲ့ပညာနဲ့ သမ္ဘာ။ ဆေးပညာရပ်နဲ့ ဆေးပညာ သင်ကြားရေး နယ်ပယ် တွေမှာ သူတို့ရဲ့ Contribution တွေ။

ဒီပညာနယ် ပယ်တွေကို ပိုကျယ်ဝန်းအောင်၊ ပိုနက်ရှိုင်းအောင်၊ ပိုတောက်ပကျက်သရေရှိအောင် လုပ်ခဲ့ကြတဲ့ သူတို့တွေရဲ့ လုံ့လ၊ အားစိုက်မှု၊ ဆော်သြမှု၊ တိုက် တွန်းမှု၊ ပါ၀င်ပတ်သက်မှုတွေ။ ဒါတွေဟာ လည်း ပြောလို့ရယ်မှ မကုန်နိုင်တယ်။ ဆရာငြိမ်း ဖွဲ့ခဲ့သလို “ပြောရုံနဲ့တင်x အရသာထူးxxx ရူး တယ်လို့ ဆိုချင်ဆိုxxx”
ခုနက ကလေးတွေ ညံ့ကုန်ပြီ မကျေမချမ်း ပြောခဲ့တဲ့ ဆရာ၊ ဆရာမတွေ ဒီလို လုပ်ခဲ့ကြရဲ့ လား။ ဒီလို တွေးခဲ့ကြရဲ့လား။ ကလေးတွေဘက် ကျွန်တော် ပြန်လှန် မေးခွန်းထုတ်လုပ်ချင်။

၄။
ကလေးတွေ ညံ့ကုန်ပြီ ပြောရတာက ကိုယ်သိတာ၊ သတိ မူမိတာတွေကို သူတို့တစ်တွေ မသိတာ၊ သတိမမူမိတာ အပေါ် မူတည်ပြီး ဆုံးဖြတ် လိုက်တာပါပဲ။ ကိုယ်သိတာတွေကလည်း ကိုယ့် အနေနဲ့ သိသင့် သိထိုက်တယ် ထင်တားတာတွေ။ ကျွန်တော် တစ်ဖက် ပြန်လှည့်တွေးတယ်။ ကလေးတွေသိတာ ဘာရှိသလဲ။ သူတို့သိတာ တွေကို ကျွန်တော်တို့ သိရဲ့လား။ သူတို့ သိသင့်သိ ထိုက်တယ်ထင်တာတွေကို ကျွန်တော်တို့ ဆရာ ကြီးတွေ မသိခဲ့ဘူး ဆိုရင်ကော။ သူတို့က ဆရာ ကြီးတွေ ည့ံကုန်ပြီလို့ ဆုံးဖြတ်မှာတဲ့လား။ ဒီလို ဆုံးဖြတ်ခဲ့ရင်ရော ကျွန်တော်တို့ တစ်တွေက လက်ခံရဲပါ့မလား။ ကျွန်တော်တို့က ဂန္ထဝင် သီချင်းတွေ သိတယ်။

သီချင်းကြီးတွေရဲ့ ဗျုပ္ပတ်နဲ့ ယဉ်ပါးတယ်။ သူတို့က ဟစ်ဟော့ပ်သိတယ်။ ရက်ပ် သိတယ်။ ပေါ့ပ်ဂီတ သမိုင်းကို စိတ်ဝင်စား တယ်။ ကျွန်တော်တို့က ဗုဒ္ဓဝင်သိတယ်။ သူတို့က Comparative Religion ကို အာရုံကျတယ်။ ကျွန်တော်တို့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး။ သူတို့က Cryptozoology ကျွန်တော်တို့က မြသန်းတင့် ကြိုက်တယ်။ သူတို့က မြူမြူတို့ခေတ်။ ကျွန်တော်တို့က မောင်သင်။ သူတို့က မီနီရှဲလ်။ ကျွန်တော်တို့က ထား၊ ချိုပြံုး၊ သူတို့က ဖြူဖြူကျော်သိန်း၊ အေသင် ချိုဆွေ။ ကျွန်တော်တို့ စည်းဝါးက ခပ်နှေးနှေး မှန်မှန်။ သူတို့ ရင်ခုန်သံက သွက်သွက်ရိုင်းရိုင်း ရောသမမွှေ။ မင်းကျော်က “ငါတို့ခေတ်နဲ့ အပြိုင်”တဲ့။ ဘယ်ဟာက “ငါတို့ခေတ်”လဲ။

၅။
ဆရာကြီးတွေရဲ့ ကလေးတွေ ညံ့ကုန်ပြီ ဆိုတဲ့ ပူညံပူညံ ကြားက ဆရာ တစ်ဦးရဲ့ ထူးကဲတဲ့ အသံကြောင့် ကျွန်တော် ခေါင်းဆတ်ခနဲ ထောင်လိုက်မိ။ ပါရဂူ စာတမ်း(အကြမ်း)လာတင်တဲ့ တပည့်တစ်ဦး အကြောင်း စကား စပ်မိရာကပါ။ သူရဲ့ စာတမ်းက ပညာရှင် မျက်စိနဲ့ ကြည့်ရင် အားနည်းချက်တွေ ရှိတယ်။ ဒါကို အားလုံးက သတိထားမိတယ်။ သုတေသနထုံး/နည်းနာတွေနဲ့ သွေဖည်တဲ့ အရေးအသား အကောက်အယူတွေတွေ့လို့ ၀ိုင်းထောက်ကြရ၊ ပြင်ဆင်ပေးရ။ စာတမ်းတင်ပြီး ကျောင်းသားထွက် အသွားမှာ ဆရာတွေ တစ်သိုက် ခေါင်းချင်း ရိုက်ကြတာပ။ သူ့အားနည်းချက်ကတော့ ရှင်းနေပြီ။ ထင်သာမြင်သာ။ “ပေတစ်ရာဆီ လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်”ဆိုတဲ့ လေဘာတီကို သတိရစရာ။ ကျွန်တော်က သက်ဆိုင်ရာ ဌာနမှူးကို မေးလိုက်တယ်။

“ဒီကလေး Ward ထဲမှာ အလုပ် လုပ်ရဲ့လား။ စိတ်ချရရဲ့လား။ မျက်နှာလွှဲလို့ ရရဲ့လား”။ ဌာမှူးက “ဒီကလေး အလုပ် အင်မတန် ကြိုးစားတယ်။ ကျွန်တော်တို့ မျက်နှာလွှဲလို့ ရအောင် စိတ်ချရတယ်။ စိတ်ရင်းကောင်းတယ်။ ဒါပေမဲ့ စကား ပြောမတတ်ဘူး”လို့ ဖြေတယ်။ ဆရာကြီး တစ်ဦးက “မင်းကောင် စကားပြောတာ ရိုင်းသကွယ်။ ပြောလိုက်ရင် တုတ်ထိုးအိုးပေါက်။ အလိုက်ကမ်းဆိုးကလည်း မသိနဲ့”လို့ ထောက်ပြန်တယ်။

“ဒီကလေးက သိပ်ရိုးသားတယ်။ ဖြူစင်တယ် ဆရာ။ ကျွန်တော်တောင် သူ့လောက် မရိုးနိုင်၊ မဖြူစင်နိုင်တော့ဘူး။ ကျွန်တော်က သူ့ကို တိတ်တိတ် ကျိတ်ပြီး Admire လုပ်နေရတာ”တဲ့။ တပည့်တစ်ဦး အပေါ် ဆရာ တစ်ဦးက အကြီးမြတ်ဆုံး ဂုဏ်ပြုခြင်း။

ဒီခေတ်ကလေးတွေ ညံ့လာတာ ရှိသလို တော်လာတာတွေ ရှိမည်။ တတ်လာတာတွေ ရှိမည်။ သိလာတာတွေ ရှိမည်။ တချို့သော နယ်ပယ်တွေမှာ ကျွန်တော်တို့ ဘိုးတော်တွေကို ကျော်သွားတာ ရှိမည်။ ကျွန်တော်တို့ထက် ဖြူစင်တာတွေ ရှိမည်။ တစ်လောက ဆယ်တန်း ကျောင်းသားငယ် တစ်ဦး၏ ကဗျာ စာအုပ်ဖတ်ရသည်။ အမှာစာက အစ အင်္ဂလိပ်လို။ စာအုပ်က “A Sea of Beautiful Rhymes”တဲ့။ စာအုပ်ကိုဖတ်ရသည့် အသက် ၉၀ အရွယ် တက္ကသိုလ်အငြိမ်းစား အင်္ဂလိပ်စာ ဆရာမကြီးက “လှလိုက်တဲ့ ကဗျာလေးတွေ ကွယ်”ဟု ချီးကျူး ယူရသည်။ မုဒိတာစိတ် ဆိုတာ တမင်တကာ ပျိုးထောင်ရ၊ လေ့ကျင့် သင်ကြားရသည့် အရာ ဖြစ်မည်။ ဒီစိတ်မိမိမှာ တည်ဖို့ နှလုံးဝမ်းခေါင်း ခပ်ကျယ်ကျယ် လိုလိမ့်မည် ထင်ပါသည်။



ဒေါက်တာအောင်ကြီး
...

Friday, January 7, 2011

About

ဖတ်မိပြီး နှစ်သက်ရာလေးတွေ စုထားတဲ့ နေရာတခု ဖြစ်ပါတယ်။