Friday, August 5, 2011

ထောက်ခံစာ(ဒေါက်တာအောင်ကြီး)

ထောက်ခံစာ(ဒေါက်တာအောင်ကြီး)
၁။
ကျွန်တော်တို့ အလုပ်အကိုင် တစ်ခုခု အတွက်၊ ရာထူး တစ်ခုခုအတွက် လျှောက်လွှာ တင်ရရင် မိမိ အထက် လူကြီးရဲ့ ထောက်ခံစာပါ တစ်ပါတည်း ပူးတွဲ တင်ရတယ်။

လုပ်ငန်း ကျွမ်းကျင်ကြောင်း၊ အလုပ်ကို ရိုသေစွာ ထမ်းဆောင်ကြောင်း၊ ဆက်ဆံရေး ပြေပြစ်ကြောင်း၊ အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း၊ ဌာနမှာ ဦးစီး ခေါင်းဆောင်မှု ပေးနိုင်ကြောင်း စသဖြင့် စသဖြင့်။ ၀န်ထမ်း လောကမှာ ၀ဖ လို့ အသိများတယ်။ မိမိ အရည်အသွေးကို အထက်လူကြီး အကဲဖြတ်တဲ့ မှတ်ကျောက်ပေါ့။ အထက် လူကြီး လုပ်တဲ့သူက ကိုယ့်လုပ်ဖော်ကိုင်ဖက် တပည့် တစ်ဦးဦးရဲ့ အရည် အသွေးကို အကဲဖြတ်ရတာပဲ။

ဘာခက် တာမှတ်လို့ ဆိုစရာရှိတယ်။ မခက်လှသော်လည်း မလွယ်လှပေဘူးဗျ။ ကျွန်တော် တာဝန်ခံ ဆရာဝန်ကြီး ဖြစ်စ နုစဉ် ကာလမှာ ကိုယ် တကယ်တော် တယ်ထင်တဲ့ တပည့် တချို့တလေကို အမှတ်တွေ တစ်ပုံကြီး ပေးချလိုက်တာ ဆရာ့ဆရာက ကျွန်တော့်ခေါ်ပြီး ထုပါ လေရော။ ၀န်ထမ်း တစ်ဦးဦးကို အမှတ် ရ၀ ထက်ပိုပေးရင် ဖြေရှင်းချက် တင်ရ သတဲ့။ (အမှတ်ပြည့်က ၁၀၀)။ အမှတ်ပေးတာ သိပ်နည်းပြန်ရင်လည်း ဖြေ ရှင်းချက်က မလွတ်ဘူး။ ဘာကြောင့် ဘာကြောင့် အမှတ်တွေ ပိုရကြောင်း၊ ဘာကြောင့် ဘာကြောင့် အမှတ်တွေ လျော့ရကြောင်း ရှင်းရလင်းရ အလုပ်တွေ ရှုပ်လှတာကြောင့် နောက်ပိုင်း ၀ဖ အမှတ်ပေးရင် ကြည့်ပေးရတော့တာ။

ဆရာကြီးတစ်ဦးကတော့ ရှင်းတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့၊ စာမေးပွဲဖြေဖို့ တပည့်တစ်ဦးဦးက ထောက်ခံစာ တောင်းလာခဲ့ရင် ရိုက်ပြီးသား ပုံစံမှာ တပည့်နာမည် ကောက်ဖြည့် လိုက်ရုံ။ ပြီးတော့ သူ့လက်မှတ်ကောက် ထိုးလိုက်ရုံ။ တပည့်တိုင်း အတွက် ထောက်ခံစာက တစ်ပုံစံတည်း။ စာသားကလည်း တစ်ပုံစံတည်း။ မိကောင်းဖခင် သားသမီးဖြစ်ကြောင်း၊ အင်္ဂလိပ်စာ ကျွမ်းကျင်စွာ ပြောတတ်ရေးတတ်ကြောင်း၊ လုပ်ငန်း ကျွမ်းကျင်ကြောင်း၊ လက်ရှိ လျှောက်ထားတဲ့ ရာထူးနဲ့ အလုပ်နဲ့ သင့်တော်ပါကြောင်း။ အားလုံး တစ်ဖြတ်တည်း။ ဒီလို တူလွန်းလို့ ပြဿနာ တက်ရတာရှိတယ်။

တစ်ခါက တပည့် တစ်ဦးက ဆရာမကြီး တစ်ဦးဆီမှာ ထောက်ခံစာ လာတောင်းသတဲ့။ နိုင်ငံခြား ဆေးရုံ တစ်ခုမှာ အလုပ်လျှောက်ဖို့။ ဆရာမကြီးက ခပ်ပျင်းပျင်း။ ဒါနဲ့ ဘယ်သူ့ဆီက ထောက်ခံစာ တောင်းခဲ့သေးတုံးလို့ မေးတော့ တပည့်က တခြား ဆရာမကြီး တစ်ဦးဆီက ထောက်ခံစာ တောင်းခဲ့ပြီးကြောင်း တင်ပြ လိုက်ပါတယ်။

“ဒါဆိုရင် အဲဒီအတိုင်း ပြန်ရိုက်ခဲ့။ ခေါင်းစီးတော့ ကိုယ့်နာမည် ပြောင်းလိုက်ပေါ့”

ဆိုလို့ တပည့်ခမျာ မတတ်သာဘဲ ဆရာမကြီး စေလိုရာ စေတာ နာခံလိုက်ရပါတယ်။ ဟိုရောက် တော့ အဲဒီထောက်ခံစာ အမြွှာပူးကို အလုပ်လျှောက်လွှာနဲ့ အတူ ပူးတွဲ တင်လိုက်ပါသတဲ့။ ဒီမှာ ပြဿနာ ကစတော့တာ။ နိုင်ငံခြား ဆေးရုံကြီးက တာဝန်ရှိ ပုဂ်္ဂိုလ်တွေ စိစစ်လိုက်တော့ ထောက်ခံစာ နှစ်ခုက မသင်္ကာဖွယ်ရာ ထပ်တူ ဖြစ်နေတယ်။ လက်မှတ်နဲ့ ခေါင်းစီးပဲ ကွဲနေတာ။ နှစ်ခုမှာ တစ်ခုက အတု သို့မဟုတ် အကြံအဖန် ဖြစ်မယ်လို့ ကောက်ချက်ချ ပြီးသကာလ ဆေးရုံ တာဝန်ရှိသူတွေက ထောက်ခံ စာ ရေးပေးတဲ့ Referee နှစ်ဦးအနက် တစ်ဦးကို စာရေးပြီး စုံစမ်း မေးမြန်းပါလေသတဲ့။ မသင်္ကာလို့ စုံစမ်းမေးမြန်း ခံရတဲ့ ဆရာမကြီးက မူလ ပထမ ပင်ရင်း အော်ရီဂျင်နယ် ထောက်ခံစာရေး ပေးလိုက်တဲ့ ဆရာမကြီး။ ဓာတ်ဆီကန်ထဲ မီးပွား ကျသွားတာပလေ။ အဝေးရောက် တပည့်ခမျာ အမိနိုင်ငံက ဆရာမကြီးကို လှမ်းတောင်းပန်ရ၊ အဝေးက လှမ်းကန်တော့ရ။ အတော်ဗျာများသွား ရှာလေသတဲ့။ ထောက်ခံစာ ထပ်တူကျလို့ ပြဿနာ တက်ရပုံ။

ထောက်ခံစာ ရေးပေးရာမှာ တပည့် ဖြစ်သူရဲ့ အရည်အသွေးကို သေချာ မစိစစ်ဘဲ ကောက်ရေး လိုက်လို့ ပြဿနာ တက်ရတဲ့ ဆရာကြီး တစ်ဦးရဲ့ အဖြစ်ကလည်း တစ်ဘာသာ။ ဒီမှာလည်း နိုင်ငံ ရပ်ခြား စာမေးပွဲ သွားဖြေတဲ့ တပည့် တစ်ဦးကို ထောက်ခံစာ ရေးပေးရတဲ့ ကိစ္စပါပဲ။ ဆရာကြီးက သူ့တပည့်ကို ထောက်ခံရာမှာ (Command of English) အင်္ဂလိပ်စာ ကျွမ်းကျင်မှု ရှိတယ်လို့ ပိုပိုသာသာ ရေးလိုက်မိတယ်။ တပည့်က ဟိုမှာ စာမေးပွဲတွေ ဖြေရာမှာ အဆင် မချောလှဘူး။ တစ်ခုပြီး တစ်ခု လှည့်ပတ် ကျနေတာ။

စာစစ်သူတွေရဲ့ မှတ်ချက်က ဒီကျောင်းသားဟာ လူနာနဲ့ ဆက်သွယ် ပြောဆိုရာမှာ၊ စာစစ်သူတွေနဲ့ ပြောဆိုဆက် ဆံရာမှာ Communication Skill အားနည်းတာ တွေ့ရသတဲ့။ အဲဒီ အစီရင်ခံစာကို ထောက်ခံစာ ရေးပေးလိုက်တဲ့ Referee ဖြစ်သူ ဆရာကြီးဆီကို ဟိုကကောလိပ်က လှမ်းပို့လိုက်တာ။ မှတ်က ရော။ အဲဒီနောက်ပိုင်း ဆရာကြီးခမျာ မတတ် သာလွန်းမှဘဲ တပည့်တွေကို ထောက်ခံစာ ရေးပေးပါ လေတော့တယ်။ ရေးရင်လည်း တော်တော် ကို စိစိစစ်စစ်လုပ်ပြီးမှ ရေးတော့တာ။ သူတို့နိုင်ငံ မှာ Referee လုပ်တဲ့ အထက်လူကြီးဆီ ထောက်ခံ စာတောင်းရင် သူတို့က လွယ်လွယ်နဲ့ ရေးမပေးဘူး။ သေချာလေ့လာ စုံစမ်းပြီးမှ ရေးတယ်။ ရေးရင်လည်း မညာဘူး။ တည့်တည့်ရေးတယ်။ လူချင်း ဘယ်လောက်ခင်ခင်။ တွေ့တယ်မဟုတ် လား။ ထောက်ခံစာ ရေးရတာ မလွယ်ရေးချ မလွယ်။ တကယ် ရေးရရင် ခက်မှခက်။

၂။
ကျွန်တော်က ဒါကို စွဲစွဲမြဲမြဲ မှတ်ထားတယ်။ ကိုယ့်အလှည့်ရောက်ရင် ဒါမျိုး မမှားမိဖို့။ထောက် ခံစာရေးခိုင်းတဲ့ တပည့် တစ်ဦးချင်းစီရဲ့ အားကောင်းတဲ့ အချက်၊ ထူးခြားတဲ့ စရိုက် လက္ခဏာ လေးတွေ စဉ်းစားပြီး မှတ်မှတ်သားသားထည့် ရေးတယ်။ တပည့် တစ်ဦးက အဝတ်အစား ၀တ်ရာမှာ သပ်သပ်ရပ်ရပ် ချပ်ချပ်ရပ်ရပ် ရှိတယ်။ (Impeccable taste) ဒါကို ကျွန်တော် ထည့်ရေးတယ်။ တပည့်တစ်ဦးက နည်းနည်း နားလေးတယ်။ တကယ်က တော်တော် လေးတာပါ။ ဒါကို တမင်တကာ ထည့်ရေးလိုက်တယ်။ ဟိုနိုင်ငံမှာ အလုပ်လုပ်ရင် ကိုယ်က မကြားလို့ ပြန်မဖြေတာကို တလွဲ အထင်ခံရမှာ စိုးလို့။ တချို့တပည့် တွေက နှုတ်နည်းတယ်။ တိတ်တိတ်ဆိတ်ဆိတ် နေတတ်တယ်။ ဒါကိုလည်း မှတ်တမ်း တင်ရတယ်။ မဟုတ်ရင် ဒီလူဆက်ဆံရေး ကျဲလှချေလား အထင်ခံရမှာ။ တပည့်တစ်ဦးက တော်တော့တော်တယ်။ ကြိုးကြားကြိုးကြား ဖောက် ဖောက်ပြီး ထွက်တွေးတတ်တယ်။ အဲဒီလို တွေးတဲ့ အခါမှာလည်း သူချည်းမှန်ပြီး တစ်လောကလုံး မှားတယ် ထင်သေးတာ။ မျက်လုံးကြီး ပြူးပြူးပြီး ငြင်းတတ်ခုံတတ်သေးတာ။ ဒီလို တပည့်မျိုး ကိုလည်း အတွေးအခေါ် ရဲရင့်လှကြောင်း၊ တစ်ချီ တစ်ချီ ထိန်းပေးဖို့တော့ လိုကြောင်း ခပ်ဝေ့ဝေ့ ရေးရပြန်ရော။ အလုပ်သင် ဆရာဝန် ဘဝမှာ တစ်ဖက်က အလုပ် လုပ်သလောက် တစ်ဖက်က ခပ် ကြောင်ကြောင် တွေးခေါ်ပြုမူ တတ်တဲ့ တပည့်တစ်ဦး ကုမ္ပဏီ တစ်ခုမှာ အလုပ်လျှောက်ဖို့ ထောက်ခံစာ တောင်းလာတယ်။

ကျွန်တော်က ဒီသူငယ် လေးဟာ တော်သော်လည်း စိတ်ကလေးက တတုံတတုံ ထခုန်တတ်ကြောင်း၊ အကြောင်း မသိတဲ့ လူတွေကတော့ ဒါကို ကြောင်ကွက်လို့ ယူဆစရာ ရှိကြောင်း၊ ခင်ဗျားတို့လို အတွေးသစ် အမြင်သစ် ဦးစားပေးတဲ့ ကုမ္ပဏီ အနေနဲ့ ဒါဟာ ကောင်းကွက် (Asset) ဖြစ်သွားနိုင်ကြောင်း ဘာညာသာ ရကာ ရေးရတာပေါ့။

ကျွန်တော် ပထမ လက်ထောက်ဆရာဝန် ဘဝတုန်းက ဆေးထောက်ခံစာတွေ၊ ဆေးပင်စင် အတွက် ထောက်ခံစာတွေ တော်တော်များများ ရေးပေးရဖူးတယ်။ ဒါတွေက ကျွန်တော်တို့ အဆင့် ဆရာဝန်တွေ လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ တာဝန်ခံ ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေသာ စွမ်းတဲ့ အမှုတွေပါ။ ကျွန်တော်တို့က ဆရာကြီး၊ ဆရာမကြီးတွေ ညွှန်ကြားတာတွေကို ပုံစံဝင်အောင် ဘောင်ဝင်အောင် လုပ်ပေးရရုံပါ။ ကျွန်တော့် ဆရာကြီးက လွှတ်သနားတတ်တယ်။ သဘောကောင်းတာလည်း လွန်ပါရော။ ရုံးထဲခွေးတွေ ၀င်အိပ်နေတာတောင် မောင်းထုတ် တတ်တဲ့သူ မဟုတ်ဘူး။ ကျွန်တော်တို့က လူမိုက် ၀င်လုပ်ရတာ။ ဆေးပင်စင် လျှောက်တဲ့သူတွေက ဆရာကြီး သဘောကောင်းတာ၊ သနားတတ်တာကို အစွမ်းကုန် အသုံးချကြတော့တာ။

ဆရာကြီးက ဒီလူတွေဆီက ဘာကိုမှ မျှော်ကိုးပြီး လုပ်ပေးတာ မဟုတ်ရှာပါဘူး။ သနားတာ တစ်ခုတည်း။ ချစ်တာ တစ်ခုတည်း။ ကျွန်တော့်မှာ ကြားက လက်ညောင်းရ၊ စိတ်ညောင်းရ။ တစ်ခါက စာရေးမ တစ်ဦး ဆေးပင်စင် လာတင်တယ်။ ဘာရောဂါကြောင့် ဆေးပင်စင် လိုချင်တာတုံး မေးတော့ ရုံးစာတွေ ရေးရတာ လက်ညောင်းလို့ လက်ကိုက်လို့တဲ့ဗျ။ လေးဖက်နာတဲ့။ ဒီလို တမ်းသာဖြင့် ဆေးစာတွေ တွင်တွင် ရေးနေရတဲ့ ကျွန်တော့်ခမျာ ဆေးပင်စင် ၁၀ ကြိမ် ယူလို့ရနေပြီ။ လူနာ ကြည့်လိုက်တော့ ကျွန်တော့်ထက်တောင် ကျန်းမာရေး ကောင်းပုံရသေး။

အသက် ၄၄။ အပျိုကြီး။ လူက ခပ်ဖိုင့်ဖိုင့်။ ဆွဲကြိုးကြီးက ခပ်တုတ်တုတ်။ လက်ကောက် သံက တချွင်ချွင်။ ရှိစေတော့။ ဆေးဘုတ်က လက်ခံနိုင်လောက်တဲ့ရောဂါ (Respectable Diagnosis) တစ်ခုခုတပ်ပြီး တင်ပေးရမှာ။ လမ်းဆုံးတော့ ရွာတွေ့ ဟုတ်ပေါင်။ ရောဂါရှာတော့ ရောဂါတွေ့ပေါ့။ တွေ့တဲ့ ရောဂါကို ဖွဲ့နွဲ့ သီကုံး မှုန်းခြယ်ပြီး ရေးချလိုက်တာ လျှောက်လွှာ နှစ်မျက်နှာစာ။ ဆေးပင် စင်ရရင် ဘာလုပ်မှာတုံးမေးတော့ စျေးချိုမှာ အထည်ဆိုင် ဖွင့်မလို့တဲ့ဗျ။ ပင်စင်လစာ မဖြစ်စလောက်လေးက ဘာလုပ်မှာတုံး ထပ်မေးတော့ မုန့်ဖိုး ပဲဖိုးပေါ့ ဆရာရယ်တဲ့။ သြော် သနားစရာ မုန့်ဖိုး ပဲဖိုးလေးမှ မရှိရှာ။ အဲဒီ လူနာရဲ့ ဆေးပင်စင် ထောက်ခံစာကို အမှတ်မထင် ဖတ်လိုက်ရတဲ့ သူငယ်ချင်း ဆရာဝန်က သို့ကလို မှတ်ချက်ချတယ်။

“ကိုအောင်ကြီး စာရေးကောင်းလွန်းလို့ ကျွန်တော်တောင် ဆေးပင်စင်ယူ ချင်စိတ် ပေါက်ပြီဗျ”
တဲ့။ ကျွန်တော် စာရေးသူ ဘဝ ရောက်အောင် တွန်းပို့တဲ့ အကြောင်းခြင်း တတွေထဲမှာ ဒါက တစ်ခုသော အကြောင်းလို့ ယူမှတ် ရမှာပ။ ဟုတ်ပ။

၃။
ထောက်ခံစာ ဆိုလို့ ကျွန်တော်တို့ ငယ်နုစဉ်တုန်းက ဖတ်ခဲ့ရတဲ့ ငွေတာရီ မဂ္ဂဇင်းဝတ္ထုတိုတစ်ပုဒ်ကို သတိရမိတယ်။ ဘာသာပြန် ၀တ္ထုတို။ ဘာသာပြန် သူက သိပ္ပံစိုးလှ။ ၀တ္ထု နာမည်က ထောက်ခံစာ တဲ့။ ရုရှားလူမျိုး ကမ္ဘာကျော် ဆရာဝန် စာရေးဆရာ ဂျော့ဆဗား (George Sava) ရဲ့ဝတ္ထုတို။ သူ့ကိုယ်တွေ့ ဖြစ်ရပ်။ သူအီတလီမှာ ဆေးကျောင်းတက်တုန်း။ ဘဝတစ်ကွေ့ မမေ့ရက်နိုင်။ သူ ဒုတိယနှစ် ကျောင်းသားဘဝ အစာအိမ် သွေးယိုလို့ ဆေးရုံ တက်ရတယ်။ ကျောင်းတက်ရင်း တစ်ဖက်က အလုပ် လုပ်ရတော့ အစားမမှန်၊ အအိပ်မမှန် ဖြစ်ပြီး အစာအိမ်နာ စွဲကပ်ခံရတာ။

သူ့ရောဂါကို ခွဲစိပ် ကုသမှု လုပ်ရမလား၊ စားဆေး ထိုးဆေးနဲ့ ကုရမလား။ ဆရာဝန်ကြီးတွေ ခေါင်းချင်း ရိုက်ကြရင်းက
“ဒီကလေး နာလန်ထူလာရင်လည်း အလုပ်ပင်ပင်ပန်းပန်း လုပ်နိုင်တော့ မယ် မထင်ဘူး”
လို့ ဆရာဝန်ကြီးတွေ ပြောသံ ကြားလိုက်ရတော့ သူတော်တော်အားငယ် သွားတယ်။ ဒီတစ်သက် သူဆရာဝန်မှ ဖြစ်ပါဦးမလား။ သူက အလုပ်လုပ်မှ ပိုက်ဆံရမှာ။ ပိုက်ဆံရမှ ဆေးကျောင်းဆက်တက် နိုင်မှာ။ ဒီလိုနဲ့ မခွဲမစိတ်ရဘဲ နာလန် ပြန်ထူလာတယ်။ လူက ခပ်ယဲ့ယဲ့။ သူ့ဆရာက သူ့အတွက် စဉ်းစားတယ်။

“မင်း ပညာသင်ဆု လျှောက်ကြည့်ကွာ”
တဲ့။ ပညာသင်ဆုက အီတလီ တစ်နိုင်ငံလုံး မှ ၃ ဆုတည်း ပေးတာ။ နိုင်ငံခြားသား လက်မခံဘူး။

“မင်းကိုတော့ ခြွင်းချက် အနေနဲ့ လက်ခံဖို့ ငါပြောကြည့်မယ်”
တဲ့။ ဒီလိုနဲ့ စာမေးပွဲ ကျင်းပမယ့် ရောမကို သူ ရောက်သွားတယ်။ သူ မသွားခင် ဆရာက သူ့ကို စာတစ်စောင် စာအိတ်ထဲ ထည့်ပေးလိုက်တယ်။ ပညာသင်ဆု ရွေးချယ်ရေး ဘုတ်ဥက္ကဋ္ဌဆီ ကို ရေးပေးလိုက်တဲ့စာ။ စာကို လှမ်းပေးရင်း သူ့ဆရာက
“အဲဒီ ဘုတ်ဥက္ကဋ္ဌနဲ့ ဆရာနဲ့ သိပ်တော့ မတည့်ဘူးကွဲ့။ မင်းကံကောင်းပါစေကွယ်”တဲ့။

သူ့ဆရာ ဘာတွေ ရေးပေးလိုက်တာပါလိမ့်။ သူဖွင့်မကြည့်ရဲ ဖတ်မကြည့်ရဲ။ ထောက်ခံ စာနေမှာပေါ့လေ။ ကိုယ့်တပည့်တော်ကြောင်း တတ်ကြောင်း၊ တတ်နိုင်သရွေ့ ကြည့်ရှုစောင့် ရှောက်စေလိုကြောင်း ဒါတွေ ရေးလိုက်တာ နေမှာပါ။ ဒီစာပေးလိုက်ခါမှ ဘုတ်ဥက္ကဋ္ဌကြီးက ငါ့ကို အထင်သေးနေပါဦးမယ်။ ဒီစာကို မပေး တော့ပါဘူးလို့ သူ့ဘာသာသူ ဆုံးဖြတ်လိုက် သတဲ့။

ဒီလိုနဲ့ပထမနေ့ ရေးဖြေ စာမေးပွဲ သူ ဖြေတယ်။ ဖြေဆိုသူ တစ်ဝက်ကျော်ကျော် ကျတယ်။ သူအောင်တယ်။ ဒုတိယနေ့ ရေးဖြေထပ်ဖြေရ။ တစ်ဝက် ကျော်ကျော်ထပ်ကျ။ သူ အောင်တယ်။ တတိယနေ့က နှုတ်ဖြေ စာမေးပွဲနေ့ သူ့ကို စစစ်တော့ ဆေးကျောင်းသား ဒုတိယနှစ်မှာ ပြဋ္ဌာန်းတဲ့ စာတွေမေးတယ်။ သူ ကြိုးစားဖြေတယ်။ ဒါနဲ့ တစ်ဆင့်တက်ပြီး မေးပြန်တယ်။ သူကြိုးစားဖြေတယ်။ သူချွေးတွေ ပြန်နေပြီ။ နောက်တစ်ဆင့် တက်ပြီး မေးတော့ ဘုတ်ဥက္ကဋ္ဌ ဆရာကြီးကိုယ်တိုင် ပါလာပါရော။ သူ ကြိုးကြိုးစားစား မလျှော့ တမ်းဖြေတယ်။ သူဖြေနိုင်လေလေ ဘုတ်ဥက္ကဋ္ဌ ကြီးရဲ့မျက်နှာမှာ မကျေနပ်ကြောင်း ထင်းထင်း ကြီး ပေါ်လာလေလေ။ မေးခွန်း အသစ်တွေ တစ်ထွေးကြီးနဲ့ ထပ်ကာထပ်ကာ ပစ်ပေါက်လေလေ။

သူ့အကျႌအိတ်ကပ်ထဲက သူ့ဆရာကြီးရဲ့ထောက် ခံစာလေးကို သတိရမိတယ်။ ဘုတ်ဥက္ကဋ္ဌကြီးကို ဒီစာမပေးမိတာ မှားချေပြီပေါ့။ နောက်ဆုံးချွေး သံတရွှဲရွှဲနဲ့ စာမေးပွဲခန်းမ အပြင်ဘက်ရောက် လာတယ်။ ဘယ်လို ရောက်လာမှန်းတောင် သူ သေသေချာချာ မသိလိုက်ဘူး။ ဟိုတယ်ပြန် ခဏ နား၊ ညနေ အောင်စာရင်းလာကြည့်တော့ စာမေး ပွဲခန်းမ အပေါက်စောင့် အဘိုးကြီးက သူ့နာမည် တကြော်ကြော် အော်ခေါ်နေသံ ကြားလိုက်ရ တယ်။ ဘာများပါလိမ့်။ ရေးကြီးသံပြာ။

“မင်းကို ဘုတ်ဥက္ကဋ္ဌကြီးက တွေ့ချင်လို့တဲ့ ဟေ့”
သူ ၀မ်းသာအားရ စာမေးပွဲ ခန်းမထဲ ပြေးဝင်လိုက်တော့ ဆရာကြီးက ထလာပြီး
“ငါ့တပည့်ကို ဆရာ ဂုဏ်ပြုပါတယ်ကွာ”
ပြောပြီး လက်ဆွဲ နှုတ်ဆက်သတဲ့။ သူ အောင်ပြီ သူ အောင်ပြီပေါ့။ သူ့မှာ မျက်စိတွေ ရီမှောင်ပြာဝေသွားခဲ့။

“မင်းကို ချီးကျူးပါတယ်ကွာ။ ဆရာတို့ ကလည်း မေးကောင်းကောင်းနဲ့ မေးချလိုက်တာ။ မင်းကလည်း ဖြေနိုင်နေတာကိုးကွ။ ဒါနဲ့ စကားမစပ် မင်းက ဘယ်သူ့ တပည့်လဲ” လို့မေးတယ်။

“ပါမောက္ခဘူချီရဲ့ တပည့်ပါ ဆရာကြီး။ ကျွန်တော့်ဆရာက ဆရာကြီးကို စာတစ်စောင် ပါးလိုက်သေးတယ်ဗျ”

လို့ပြောပြီး သူ့ဆရာရဲ့စာကို ရိုရိုသေသေ လှမ်းပေးလိုက်ပါတယ်။ ဘုတ်ဥက္ကဋ္ဌကြီးက လေ သံတိုးတိုးနဲ့
“သြော် မင်းက ဘူချီရဲ့တပည့်ကိုး”
လို့ ရေရွတ်လိုက်သတဲ့။ ဥက္ကဋ္ဌကြီးက စာကို ဖတ်ကြည့်ရင်း ပြုံးလိုက်သတဲ့။

“ဒီစာကို စောစောက ဘာလို့ မပေးတာလဲ”
လို့မေးတော့ သူက
“ဆရာကြီးတို့ဆီက အခွင့်အရေး ပိုယူသလို ဖြစ်မှာစိုးလို့ ခင်ဗျ”
လို့ဖြေတယ်။

ဆရာကြီးက
“ရော့ ရော့ မင်းဆရာရဲ့စာကို ဖတ်ကြည့်ပါဦးကွယ်”
ဆိုတာနဲ့ ဆရာ့စာကို သူဖတ်ကြည့်လိုက်တော့
“ငါ့တပည့် ရုရှားလူမျိုး ကျောင်းသားကို နိုင်အောင် စစ်ပေတော့။ လွယ်လွယ်နဲ့ စာမေးပွဲချလို့ ရမယ့်ကောင်တော့ မဟုတ်ဘူး”
ဒါပဲ။ သူ ဒုတိယ အကြိမ် မျက်စိတေ ွဝေဝါး သွားရပြန်။ တပည့်ကို ယုံကြည် စိတ်ချလှတဲ့ မိမိ ဆရာကြီးက တစ်ဖက်လူ အပေါ် စိန်ခေါ် ကြံုးဝါးသံ။

၄။
မိမိတပည့် သားမြေးတွေကို ထောက်ခံစာ ရေးပေးဖို့ဟာ လွယ်လင့်တကူ ကိစ္စ ဟုတ်သေးရဲ့လား။
“မလွယ်ဘူး ကျောင်းအမရေ့” လို့ အော်ရမလို။

လူတစ်ဦးကို ထောက်ခံစာ ရေးပေးဖို့ဆိုတာ တကယ့် တကယ် မလွယ်ရေးချ မလွယ်ဘဲ။ သူ့ကို ကိုယ်က တကယ် ပတ်ပတ်နပ်နပ် သိရဲ့လား။ ကိုယ်က အလုပ်ထဲက သူ့ဘဝကိုသာ သိနေတာလေ။ သူ့လူမှုရေး၊ အတွေးအခေါ်၊ တန်ဖိုးထားမှု သူ့အခြားတစ်ဖက်က ဘဝတွေကို ကိုယ်မှ မသိနိုင်တာ။ ဒါကြောင့်လည်း ဒီဘက်ခေတ်မှာ ဆရာဝန် တစ်ဦးဦးရဲ့ လုပ်ရပ်နဲ့ ကျွမ်းကျင်မှုကို အကဲဖြတ်ရာမှာ ၃၆၀ ဒီဂရီ အကဲဖြတ်မှု ဆိုတာ သုံးဖို့ အကြံ ပြုလာကြတယ်။ ဆရာဝန် တစ်ဦးရဲ့လုပ်ရပ်၊ ကျွမ်းကျင်မှုကို သူ့အထက်ဆရာ ၀န်ကြီး တစ်ဦးကပဲ ဆုံးဖြတ်တာ၊ အကဲဖြတ်တာ ပြည့့်စုံ လုံလောက်မှု မရှိဘူး ဆိုတာ သိလာကြပြီလေ။ တချို့သော တပည့်တွေက ဆရာကြီးနဲ့ သင့်အောင်ပေါင်းပြီး ကျန်တဲ့ လူတွေကို လှည့်ပတ်နှိပ်စက် တတ်တာ။

ဒါကြောင့် ဆရာဝန် တစ်ဦးတော်မတော်၊ ကောင်း မကောင်းကို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကရော၊ ဆရာမတွေကရော၊ အလုပ်သမားတွေကရော၊ သူ ထိတွေ့ ရတဲ့ ဓာတ်မှန် ဓာတ်ခွဲခန်း ကျွမ်းကျင်သူတွေကရော အားလုံးက ၀ုိင်းအကဲဖြတ် အမှတ် ပေးကြရတယ်။ အရေးအကြီးဆုံးက လူနာတွေရဲ့မှတ်ချက်ပဲ။ လူနာတွေရဲ့အထင်အမြင်က အခရာ။ ဒီလို ထက် အောက် ဘေးဘီဝန်းကျင်က သုံးသပ် ဆုံးဖြတ်မှ လူတစ်ဦးရဲ့အခြေအနေမှန်ကို သိရမှာ။ အခြေအနေ အမျိုးမျိုး အောက်မှာ သူဘယ်လို လှုပ်ရှားသလဲ။ သူဘယ်လို တုံ့ပြန်သလဲ။ သူဘယ်လို ဖြေရှင်းသလဲ။ သူ ဘယ်လို ဦးဆောင်သလဲ။ သူဘယ်လို ရုန်းထသလဲ။ သူ ဘယ်လို ဖြေသိမ့်သလဲ။ သူ ဘယ်လို ညှိယူသလဲ။ ဒီလိုရှုထောင့် ပေါင်းစုံကနေ ကြည့်မြင်သုံးသပ် ဆုံးဖြတ်တာကို ခံရမှာ။ မှတ်ကျောက်က ကြီးမှကြီး ကျယ်မှကျယ်။

ခင်ဗျားတို့ ကျွန်တော်တို့ရော ဒီလို ကြီးကြီးကျယ်ကျယ် မှတ်ကျောက်နဲ့ တိုက်ကြည့်ရင် ခံနိုင်ပါ့မလား။ ပါမောက္ခ ဘူချီရဲ့တပည့်ကျော်လို မပဲ့မရွဲ့၊ မတိမ်းမစောင်း ပန်းပန်လျက်သား ကျန်ခဲ့ပါ့မလား။ ကိုယ့်ဘဝနဲ့ ပညာကို တကယ့် မှတ်ကျောက်နဲ့ အတိုက်ခံကြည့်ဖို့ နေနေသာသာ ဒီလိုမျိုး တွေးကြည့်ရ တာနဲ့တင် ရင်က ထိတ်လှပေါ့။



ဒေါက်တာအောင်ကြီး
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁)
ဒေါက်တာအောင်ကြီး
...

No comments:

Post a Comment