Friday, August 5, 2011

ဓါတ်ပုံက ကွယ်သွားသော အရာ(ဒေါက်တာအောင်ကြီး)

ဓါတ်ပုံက ကွယ်သွားသော အရာ(ဒေါက်တာအောင်ကြီး)
ငယ်ငယ်တုန်းက ရိုက်ထားသော ဓာတ်ပုံတွေကို ငယ်ရွယ်စဉ်က မကြာခဏ ဆိုသလို ကြည့်ဖြစ်သော်လည်း အသက်အရွယ် ရလာသည့် အချိန်တွင်မူ တစ်ခါတစ်ရံမှ ကြည့်ဖြစ်သည်။ ရိုက်ထားသော ပုံတွေကလည်း များလှသည်မဟုတ်။ တစ်နှစ်တစ်ပုံတောင် မရိုက်ဖြစ်တာများသည်။ ဒစ်ဂျစ်တယ်ကင်မရာ မပြောနှင့်။ ဖလင်နှင့်ရိုက်ရသော ကင်မရာပင်လျှင် ရှားပါးပစ္စည်း စာရင်းဝင်။ ဓာတ်ပုံရိုက်လိုက ဓာတ်ပုံဆိုင်သို့ ကြွချီပြီး တကူးတက သွားရိုက်ရသည့် ခေတ်ကြီး။ ကျွန်တော်တို့ မောင်နှမတစ်စု ဓာတ်ပုံ အဖေရိုက်ခိုင်း၍ သွားရိုက်ရဖူးသည်။ သူငယ်ချင်း ကုလားတွေ အိန္ဒိယပြန်ခါနီး နှုတ်ဆက်ဓာတ်ပုံ ရိုက်ဖူးသည်။ လူရည်ချွန်ဝတ်စုံပြည့်နှင့် ရိုက်ဖူးသည်။ အဓိက ရိုက်ရတာက ပတ်(စ)ပို့ဆိုက် ကိုယ်တပိုင်းပုံ။ ဒီလောက်သာပါပဲ။ ဓာတ်ပုံ ရိုက်ရတာက တကူးတက သီးသီးသန့်သန့် လုပ်ရသည့် ကိစ္စ။ ဓာတ်ပုံမရိုက်ခင် ပြင်ရဆင်ရတာတွေကလည်း တစ်မှောင့်။ အမေက ကျွန်တော့်ခေါင်းက ကတုံးဆံတောက်ကို ဆီရွှဲအောင် လိမ်းစေ့ချင်သည်။ တစ်ခါတစ်ရံ ဆီက ခေါင်းပေါ်မှ ခြေချော်ပြီး နဖူးပေါ် လိမ့်ဆင်း နေရာယူလျက်သား။ လက်နှင့်မကြာခဏ သုတ်ပစ်ရတာ သတိရမိသေးတော့။ ဓာတ်ပုံဆိုင်ကလည်း အဖေ သတ်မှတ်ထားသည့်ဆိုင်။ 'ရန်း' ဓာတ်ပုံတိုက်။ ဆိုင်ရှင် တရုတ်ကြီးက ရိုက်ကူးမည့် သူတွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်ရှည်လက်ရှည် ပြင်ဆင်ပေးသည်။ သူစိတ်တိုင်းမကျမချင်း မရိုက်။ ကျွန်တော်တို့အားလုံး မီးရောင် စူးစူးရဲရဲအောက်မှာ လူအိုက်စိတ်အိုက်။ ကျွန်တော်တို့လိုလူကို ဘယ်လိုပြင်ပြင် ဘာ'ရုပ်'မှ ထွက်လာစရာ မရှိ။ သို့သော် သူကတော့ လူတိုင်းကို တူတူညီညီ ပြင်ဆင်ပေးတာပဲ။ မျက်နှာကို ပေါင်ဒါ ဖို့ရသေးသဗျ။ ဓာတ်ပုံဆရာကြီးက လူရဲ့ အနေအထားကိုပြင်လိုက်၊ မီးထိုးကြည့်လိုက်၊ အလင်းအမှောင်ချိန်လိုက်၊ ပုဆိုးစ ထမီစ ဆွဲဆန့်လိုက်၊ ဓာတ်ပုံရိုက်ရင် ခေါင်းတစ်ခြမ်း စောင်းနေတတ်တဲ့ ကျွန်တော့်ခေါင်းကို တတိယအကြိမ်မြောက် လာတည့်မတ်ပေးလိုက်။ ကျွန်တော်တို့အားလုံး အသက်တောင် ရဲရဲမရှူဝံ့ရှာ။ သူက သုံးချောင်းထောက် ကင်မရာကြီးကို လွှမ်းထားသည့် အဝတ်နက်ကြီးအောက် ၀င်ရောက် ပျောက်ကွယ်သွားပြီး တော်တော်ကြာကြာ ချိန်နေပြန်သည်။ အဖေက ဒီလို စေ့စပ်သေချာတာကို သဘောကျတာနေမှာ။ ဒီအဘိုးကြီးကလည်း အဖေ့စိတ်ကြိုက် ကျွန်တော်တို့တတွေကို 'ပညာပေး' နေလေသလား မသိ။ သူချိန်တာ စိတ်တိုင်းကျမှ အဝတ်အောက်က ထွက်လာပြီး မှန်ဘီလူး အဖုံးကို လက်နှင့်ကိုင်သည်။ ပြီးမှ ဒီတည့်တည့်ကြည့်နော် ပြောပြီး အဖုံးကို ဖြတ်ခနဲခွာလိုက်၊ ချက်ချင်း ပြန်စွပ်လိုက်သည်။ ပြီးပြီ။ ဒီအခါကျမှပဲ ဓာတ်ပုံရိုက်ကူးခြင်း အမှုကြီး ပြီးစီးပါလေသည်။

ဓာတ်ပုံဆရာကြီးကတော့ ဘယ်လိုနေမည် မသိ။ ဓာတ်ပုံ အရိုက်ခံရသူ ကျွန်တော်တို့ တတွေကတော့ ချွေးလေးစိုစို။ စိတ်ကလေးတိုတို။ အဲဒီတုန်းက ကျွန်တော့်ဓာတ်ပုံတွေ ပြန်ကြည့်ခဲ့ရင် ကင်မရာကို စူးစူးရဲရဲ စိုက်ကြည့်နေသော တင်းမာ လေးနက်သော မျက်နှာပေးနှင့် ကတုံးဆံတောက်ပိုင်ရှင် သူငယ်တစ်ဦးကို မြင်ရပါလိမ့်မည်။
ကျွန်တော်တို့ မင်္ဂလာဦး ဓာတ်ပုံတွေ၊ ယူကေ အမှတ်တရ ဓာတ်ပုံတွေ ကျွန်တော် ထုတ်မကြည့်ဖြစ်တာ ကြာပြီ။ မိတ်ဆွေကော ဘယ်နှစ်ကြိမ် ထုတ်ကြည့်ဖူးပါသလဲ . . .

တက္ကသိုလ် ရောက်တော့လည်း ဓာတ်ပုံ သိပ်မရိုက်ဖြစ်။ ကင်မရာကိုင်နိုင်သူ သူငယ်ချင်းတချို့ တွေ့လာရသည်။ သူငယ်ချင်း ကျော်ဆန်း ဆိုလျှင် ကင်မရာရူး။ ဓာတ်ပုံရူး။ သူ့လက်ရာတွေ သူ့စိတ်ကူးတွေ ကောင်းသည်ဟု ပြောကြသည်။ မိန်းကလေးဆောင်မှ ထွက်လာပြီး စာသင်ဆောင်သို့ သွားနေသော မိန်းမပျိုတစ်ဦးပုံက လက်ရာမြောက်လှသည်ဟု လူပြောများသည်။ ကျွန်တော်က ဓာတ်ပုံတစ်ပုံ ကောင်းသည် ညံ့သည် မဝေဖန်တတ်။ ဓာတ်ပုံလည်း ဖြောင့်အောင် မရိုက်တတ်။ သူငယ်ချင်းတွေနှင့် ဟိုဒီ သွားလည်ကြရင် အုပ်စုဖွဲ့ ဓာတ်ပုံ ရိုက်ကြသည့်အခါ ကျွန်တော့်ကို ဘယ်သူကမှ ကင်မရာသမား အဖြစ် တာဝန်ပေးခြင်း မခံရဘူးလေ။ (ဂုဏ်ယူစရာ)။ ကျွန်တော့် သူငယ်ချင်းတစ်ဦး ဆိုလျှင် ကျွန်တော့်ထက်ပင် အခြေအနေ ဆိုးလေသေး။ သူများတကာက ဓာတ်ပုံရိုက်ရင် ၁-၂-၃ ဟု အချက်ပေးပြီးမှ ကင်မရာခလုတ် နှိပ်သည်။ သူကတော့ ၁-၂-၃-၄-၅-၆-၇ ကျမှ ခလုတ်ကို ချက်ခနဲ နှိပ်တတ်သည့်သူ။ ဒီကြားထဲ ဓာတ်ပုံထဲက လူတွေမှာ မိုင်းမနင်းရပါဘဲ ခြေပြတ်လိုက်၊ ခေါင်းပြတ်လိုက်။ သူ့မာတာ မိခင်ကြီးက သူ့သား ဓာတ်ပုံရိုက်တိုင်း သို့ကလို မှတ်ချက်ချသည်။ 'မင်းကိုင်မဲ့ကင်မရာက Fool-proof လောက်နဲ့ တင်မရဖူးကွဲ့။ Idiot-proof လောက်မှရမယ်'တဲ့။ ချီးကျူးလိုက်ပုံက။ တော်တော့်ကို ရေရေလည်လည်တုံး သည့် ငတုံးတောင် ကောက်ရိုက်ရင် 'အလုပ်ဖြစ်'မဲ့ ကင်မရာမျိုး။

ဘွဲ့နှင်းသဘင်ကို ၁၉၇၈ မှာ ကျင်းပတုန်းက မှတ်မှတ်ရရ ဓာတ်ပုံ (၄)ပုံပဲ ရိုက်ဖြစ်သည်။ ပါမောက္ခချုပ်ထံမှ ဘွဲ့ယူနေပုံ၊ မိဘ ၂ ပါးနှင့်ပုံ၊ တစ်ယောက်တည်းပုံ၊ သူငယ်ချင်း တစ်ဦးနှင့်ပုံ။ ဒါပဲ။ ဘွဲ့နှင်းသဘင်မှ အပြန် ဆေးရုံ တောက်လျှောက်သွားပြီး အလုပ် ဆက်လုပ်တာ သတိရမိသည်။ ကျွန်တော့်ဘဝ တစ်သက်တာမှာ ဓာတ်ပုံတွေ အများကြီး ရိုက်ကူးတဲ့ အချိန်ကတော့ ယူကေ ပညာတော်သင်ဘဝ ပါပဲ။ ကိုယ်ကလည်းရိုက်၊ အရိုက်လည်းခံ။ စာမေးပွဲအောင်၊ အလုပ်ရပြီး ယူကေတစ်ခွင် လျှောက်လည်ကြတော့ ရိုက်လိုက်ကြတဲ့ ဓာတ်ပုံတွေ။ ရိုက်စရာတွေက များမှများ။ စုံမှစုံ။ ရှုခင်းတွေ၊ ပြတိုက်တွေ၊ သမိုင်းဝင် နေရာတွေ၊ စျေးတွေ၊ တက္ကသိုလ်တွေ။ ဒီကြားထဲ ဆရာသံစစ်က ကင်မရာအသစ်တစ်လုံး ၀ယ်လိုက်ပြီး သူ့ကိုင်ဆဲ ကင်မရာလေး ကျွန်တော့်ကို ချီးမြှင့်လိုက်လေတော့ ကျွန်တော် ကင်မရာပိုင်ရှင်ကြီး ဖြစ်သွားခဲ့ပေါ့။ ဖလင်သုံး ရိုက်ရတဲ့ ကင်မရာပါပဲ။ ရိုက်စမ်း။ ပြီးရင်ကူး။ ကူးရင် ဆိုင်က ဖလင်တစ်လိပ် အလကားပေးတယ်။ ထပ်ရိုက်။ ထပ်ကူး။ ဓာတ်ပုံ သံသရာ။ ဓာတ်ပုံတွေ အိမ်ပို့လိုက်တော့ အိမ်သူအိမ်သား ဇနီးမယား ၀မ်းသာကြ၊ ဂုဏ်ယူကြပေါ့။ ဓာတ်ပုံတွေထဲမှာ ကျွန်တော်တို့က အစွမ်းကုန် ပြုံးပြ၊ ပျော်ပြကြပေါ့။ ရင်ထဲမှာက မျက်ရည် တစ်ပိုင်းတစ်စ။ စာမေးပွဲ မအောင်ခင် သူငယ်ချင်းတစ်စု ရိုက်ထားတဲ့ပုံ မြန်မာပြည် ပို့လိုက်တုန်းက ဆရာကြီး တစ်ဦးရဲ့ မှတ်ချက်ကို ပြန်ကြားရတော့ ကျွန်တော့်မှာ အားတက်ခဲ့ရ။ 'ဒီထဲမှာ စာမေးပွဲအောင်မဲ့ကောင် ပါနေပြီ'တဲ့။ ဓာတ်ပုံသွားပြတဲ့ ဇနီးခမျာ ၀မ်းသာလုံးဆို့ရှာ။

ဓာတ်ပုံတွေရိုက်တော့ လူကို ဘယ်မှာ နေရာချမလဲ။ ထုံးစံကတော့ လူက ဓာတ်ပုံ အလယ်တည့်တည့်မှာ ထင်းထင်းကြီး နေရာယူတတ်ကြတာ။ ရှုခင်းက၊ အဆောက်အဦက နောက်ခံ အဖြည့်သဘောမျှသာ။ လူကကော ဘယ်လို Pose နဲ့ နေရမှာတုန်း။ သူငယ်ချင်းတစ်ဦးက 'ဓာတ်ပုံရိုက်ရင် ထားရတာ အခက်ဆုံးက လက်ဗျ'တဲ့။ လက်ကို ဘယ်မှာထားရမလဲ၊ ဘယ်မှာနေရာချရမလဲ ဆိုတာ သူ့အတွက် ပြဿနာ။ သူပြောကာမှ ကျွန်တော့်မှာ 'လက်ပြဿနာ' ပေါ်ပါလေတော့သည်။ အရင်တုန်းက အမှုမဲ့ ဘာသိဘာသာ လက်ကိုထားခဲ့တာ။ ခုတော့ လက်ထားရခက်ပြီ။

လက်ပိုက်ထားရမလား။ ဘေးချထားရမလား။ ဘောင်းဘီအိတ်ထဲ နှိုက်ထားရမလား။ သူငယ်ချင်းပခုံး ဖက်ထားရမလား။ လူသားအားလုံးကို လေးစားပါတယ်လို့ အူတူတူပြောပြီး လေထဲ မြှောက်ထားရလေမလား။ အခုမှ ဒုက္ခ။ လက်ကို စိတ်ထဲကဖျောက်ဖို့ အချိန်အတန်ကြာအောင် စောင့်ရလေသည်။ ဓာတ်ပုံ တွေထဲမှာ 'အလယ်လူ ထင်လင်းစွာ မင်းဖြစ်တော့သည်'ပုံစံတွေ မြင်ရတော့ ဆရာသံစစ်က သို့ကလို မှတ်ချက်ချသည်။ 'ခင်ဗျား ဓာတ်ပုံရိုက်ချင်တာက ခင်ဗျားရောက်ခဲ့တဲ့ နေရာဒေသ ပုံလား၊ အဆောက်အဦပုံလား၊ ပြတိုက်ပုံလား၊ တက္ကသိုလ်ပုံလား။ ဒါမှမဟုတ် ခင်ဗျားပုံကိုပဲ ထပ်ပြန်တလဲလဲ ရိုက်ချင်နေတာလား'တဲ့။ ဟ- ဟုတ်ပေသား။ မိမိပုံကိုပဲ အဖန်ဖန် ပြန်လှန် ရိုက်ချင်နေတာပါကလား။ 'ခင်ဗျားက ဓာတ်ပုံ ထောင့်တစ်နေရာမှာရပ်နေ။ ဒါမှ ရှုခင်း၊ အဆောက်အဦက ပီပီပေါ်မှာ။ ဒါမှ နောင်ဓာတ်ပုံကြည့်လိုက်ရင် ရှုခင်းနဲ့ ပတ်သက်တဲ့၊ အဆောက်အဦနဲ့ ပတ်သက်တဲ့ အတွေးစက ပေါ်လာမှာ'ဟု ဆက်လက် မိန့်ချွေပါလေသည်။ ကျွန်တော့်ဓာတ်ပုံ လမ်းကြောင်းပြောင်းဖို့ ဖြစ်လာသည်။ ဓာတ်ပုံတွေ ရိုက်နေတာ ဘာကိုရိုက်ချင်တာလဲဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

တစ်ခါက နာဂစ်ဒဏ်ခံ ပြည်သူတွေကို သွားရောက်ကူညီ စောင့်ရှောက်သည့် စေတနာဝန်ထမ်း တစ်စု၏ ဓာတ်ပုံမှတ်တမ်း တင်ဆက်မှု ကြည့်ရသည်။ အငြိမ်းစား ဆရာဝန်ကြီးတစ်ဦး ပါ၀င်သည့် အဖွဲ့။ ဆရာကြီး တင်ပြသည့် ဓာတ်ပုံတွေထဲမှာ ဆရာကြီးက ပုံတိုင်းလိုလိုမှာ ပြူးပြူးပြဲပြဲကြီး။ တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်။ အကြိမ်ပေါင်းများစွာ။ ကျွန်တော်တို့မှာ ဆရာကြီးပုံတွေနဲ့တင် မျက်စိက ညောင်းလှပြီ။ သူတို့အဖွဲ့၏ လုပ်ရပ်ကိုပင် ကောင်းကောင်း နားမထောင်မိတော့။ နားထောင်ဖို့ အားကလည်း မကျန်တော့။ ဓာတ်ပုံက တစ်ခုခုကို ဖုံးလွှမ်းသွားခဲ့ပြီ။ ကျွန်တော့်မှာ ဆရာကြီးအတွက် စိတ်မကောင်းဖြစ်မိ။ သူကတော့ ဘာသိဘာသာ။

သည့်နောက်ပိုင်း တစ်နေရာရာ ရောက်လိုက်တာနှင့် စဉ်းစားတွေးဆ ခံစားမနေတော့ပဲ ဓာတ်ပုံ ကောက်ရိုက်ချင်စိတ်ကို ချိုးနှိမ်နေရသည်။ မိမိမှာလည်း ဒစ်ဂျစ်တယ်ကင်မရာ တစ်လုံးက လက်ဝယ် ရှိနေပြီလေ။ ''လူမှန်ရင် ဒစ်ဂျစ်တယ်ကင်မရာ တစ်လုံးကတော့ ရှိရတယ်''ဆိုတဲ့ ဖိအားကို ကျွန်တော်လည်း မကျော်လွှားနိုင်ခဲ့ပါသလားဟု မိတ်ဆွေ ပြုံးနေမှာ ကျွန်တော် မြင်ယောင်နေပါသည်။ ကျွန်တော် ကြွားလိုက်ဦးမည်။ ဒီကင်မရာက စင်ကာပူမှာ အလုပ်သွားလုပ်နေတဲ့ တပည့် ဆရာဝန်မလေးက ကန်တော့ထားတာ။ ကင်မရာလေးက လက်ထဲရှိနေ၊ ဖလင်ကုန်စရာကလည်း မလိုလေ ဆိုမှတော့ ရိုက်ချင်ပြီပေါ့။ မရိုက်ခင် ဒါကဘာလဲ။ သူ့ရဲ့ ၀ိသေသက ဘာလဲ။ နောက်ခံ သမိုင်းကြောင်းက ဘာလဲ။ ဘာခံစားရသလဲ။ ဘာကြောင့် မှတ်တမ်း တင်ချင်တာလဲ။ 'လဲတွေထပ်'ရပြီ။ နေဝင်ချိန်ကို စောင့်စားပြီး ဓာတ်ပုံရိုက်သူတွေ တွေ့ဖူးသည်။ တချို့က အငမ်းမရ သဲကြီးမဲကြီး။ သူတို့တတွေဟာ ဘာကိရိယာ တန်ဆာပလာမှ မပါဘဲ ရိုးရိုးလေး ထိုင်ပြီး နေဝင်ဖျိုးဖျကို ငေးမော စိမ့်ဝင်နေတဲ့လူလောက် ကြွယ်ဝပါ့မလား။ ပြည့်စုံပါ့မလား။ ၀င်သွားတော့မည့်နေကို ခေတ္တခဏလေးပဲ ဖြစ်ဖြစ် ရပ်တန့်ဖို့ တောင်းပန်တိုးလျိုးပြီး ပုံကောင်းကောင်းရဖို့အရေး သည်းသည်းသန်သန် လုံးပမ်းနေရရှာတဲ့ အနှီ ဓာတ်ပုံဆရာ ဆိုသူများကိုကြည့်ပြီး 'ကရုဏာ၊ ကရုဏာ၊ ကရုဏာ'ဟု ကျွန်တော့်စိတ်ထဲ မြည်တမ်းချင်မိလှသည်။

နောက်ကင်မရာရူး တပည့်တစ်ဦးကလည်း သွားလေရာ ကင်မရာကြီး တလွယ်လွယ်နဲ့။ သူ့ကင်မရာ တန်ဖိုးကလည်း သေးမည်မထင်။ နောက်ကလိုက်ရတဲ့ စရိတ်စက ကလည်း မနည်းမနှော ဖြစ်မည်။ သာမန် မိသားတစ်စု တသက်လုံး စုဆောင်းပြီး ၀ယ်ဖို့တောင် အိပ်မက်မက်ရဲမည် မဟုတ်လေ။ သင်းက ဒီကင်မရာကြီးကြီးကို သူကြွချီလေရာ ပင့်ဆောင်ပြီး သကာလ သူအာရုံကျရာ ရိုက်ပေရော့။ ဆေးပညာနှီးနှောပွဲ လာတာတောင် လည်ပင်းက ကင်မရာ မချွတ်တမ်း။ ညအိပ်ရာမှာပင် သူ့ကင်မရာနှင့်အတူ အိပ်မည် ထင်သည်။ နှီးနှောပွဲတွေမှာလည်း ဓာတ်ပုံရိုက်ဖို့ အာရုံကပဲ စိုးမိုး ဖိစီးနေလေတော့ သူ့နားထဲ သူ့အာရုံထဲ ဟောပြောပို့ချ ဆွေးနွေးချက်တွေ ၀င်ပါ့ဝင်ပါလိမ့်မလား။ ကင်မရာသမား အမြင်နဲ့ ရှုထောင့်၊ အလင်းအမှောင်၊ လူအနေအထားတွေကိုပဲ ခွဲခြမ်းစိတ်ဖြာ စေ့ငုနေလေမလား။ ဓာတ်ပုံက ကွယ်သွားသော အရာသည် . . .။

ပထမဆုံးအကြိမ် လပေါ် လူဆင်းတုန်းက အဖြစ်အပျက်ကို တကမ္ဘာလုံး လူသန်းပေါင်း ၆၀၀ ကျော် စောင့်စား ကြည့်ရှုခဲ့ကြသည် ဆိုသည်။ လဆင်းယာဉ်ငယ်(Lunar Module) လမျက်နှာပြင်ပေါ် ဆင်းပြီး အချိန် အတန်ကြာသည်အထိ အာကာသ သူရဲကောင်း တစ်ဦးမျ ဆင်းမလာသေး။ နေး(လ)အမ်း(စ)ထရောင်း ဘာလုပ်နေပါလိမ့်။ လမျက်နှာပြင် အနေအထားကို စူးစမ်းနေလေသလား။ လဆင်းယာဉ်ရဲ့ စက်ကရိယာတွေကို စစ်ဆေးနေလေသလား။ သူပထမဆုံး ပြောရမည့် စကားအတွက် စိတ်လှုပ်ရှားစွာ ပြင်ဆင်နေလေသလား။ စကြဝဠာ အနန္တထဲ လူရဲ့သေးငယ်မှု၊ ၀ိသေသ ကင်းမဲ့မှုကို ထိတ်လန့် တုန်လှုပ်နေလေသလား။ ဘာတစ်ခုမှ မဟုတ်ချေတဲ့ဗျ။ တကယ်က နေး(လ)က စားပြီးသောက်ပြီး ပန်းကန်တွေကို စနစ်တကျ ဆေးကြော သန့်ရှင်းရေး လုပ်နေလေသည်တဲ့။ နောက်ဆုံးကျမှ နေး(လ) လဆင်းယာဉ်မှ ထွက်လာသည်။ နောက်က ဘတ်(ဇ)အော်ဒရင်။ အော်ဒရင်က ယာဉ်ရဲ့ လှေကားထစ်တွေပေါ် အတော်ကြာကြာ ရပ်နေပြန်လေသည်။ နေး(လ)ထက် သူက လျှို့ဝှက်နယ်မြေ အသစ်ကို ဆင်းရမှာ မဝံ့မရဲ ဖြစ်နေသည်ထင့်။ ဒါလည်း မဟုတ်ရေးချ မဟုတ်တဲ့ဗျာတို့။ တကယ်က သူကောင့်သားက မတ်မတ်ကြီး ရှုးရှုးပေါက်နေတာ။ ဒါကလည်း အများသုံး ရေကူးကန်ထဲ သေးပေါက်သလိုမျိုး ဆန္ဒပြနေတာ ဖြစ်သတဲ့။ အကြောင်းက မူလကနဦး အစီအစဉ်က ဘတ်(ဇ)က စဆင်းဖို့တဲ့ဗျ။ နေး(လ)က ဒုတိယလူ။ နောက်မှ အစီအစဉ် ပြောင်းလိုက်ပြီး နေး(လ)က ပထမလူ ဖြစ်သွားတာ။ ဒါကို ဘတ်(ဇ)က နည်းနည်းမှ မကျေနပ်ဘူးတဲ့။ လပေါ်မှာ နေး(လ)က သူ့ကို ဓာတ်ပုံရိုက်ပေးဖို့ ပြောတော့ ဘတ်(ဇ)က သူ'အလုပ်များ'နေလို့ ဆိုပြီး ငြင်းသတဲ့။ ဒါကြောင့် လပေါ်မှာရိုက်ခဲ့တဲ့ နေး(လ) ရဲ့ တစ်ခုတည်းသောပုံက ဘတ်(ဇ)ရဲ့ မျက်နှာဖုံးမှန်ကာပေါ်မှ ပေါ်နေတဲ့ သူ့ပုံရိပ်ပဲတဲ့။ အဲဒါ သူ့ဖာသူ ပြန်ရိုက်ရတာ။

လဆင်းသူရဲကောင်းတွေ ကမ္ဘာမြေ ပြန်ရောက်တော့မှ သူတို့ရဲ့သတင်း တစ်ကမ္ဘာလုံးမှာ ဘယ့်လောက် အုတ်အော်သောင်းနင်း ဖြစ်နေတာ၊ ဘယ့်လောက် ကြီးကျယ်ခမ်းနား ချဲ့ကားနေတာ သိရလေသတဲ့။ တကယ့် မီဒီယာ ပေါက်ကွဲမှုကြီး။ ဒါကြီး မြင်ရတော့မှ ဘတ်(ဇ)က နေး(လ)ကို ခုလို ညည်းထွားပြသတဲ့။ 'နေး(လ) ရေ၊ ငါတို့ ပွဲကြီးပွဲကောင်းတစ်ပွဲ လွတ်သွားတယ်ကွ'တဲ့။ ကြီးကျယ်ခမ်းနားလှပြီး ကမ္ဘာချင်းတဲ့အမှုကြီးမှာ ကိုယ်တိုင်ကိုယ်ကျ ပါ၀င်ဆင်နွှဲခဲ့သူ ကိုယ်တိုင်က အဖြစ်အပျက် မှတ်တမ်းတင် ဓာတ်ပုံပြပွဲကြီး ၀ှဲချီး ဆင်ယင်မှုကြီးကို လွတ်သွားတာ ၀င်မနွှဲလိုက်ရတာ နာသတဲ့။ ဒီခေတ်မှာက ဘာအဖြစ်အပျက်မဆို ဓာတ်ပုံနဲ့ ဗွီဒီယိုနဲ့ မှတ်တမ်း မတင်သရွေ့ တကယ် ဖြစ်ပျက်ခဲ့တယ် ဆိုတာ ယုံမှားစရာ ဖြစ်လာလေသလား မသိ။ ဓာတ်ပုံက ဖုံးလွှမ်းသွားသော အရာသည် . . .။

ကျွန်တော်တို့ မင်္ဂလာဦး ဓာတ်ပုံတွေ၊ ယူကေ အမှတ်တရ ဓာတ်ပုံတွေ ကျွန်တော် ထုတ်မကြည့်ဖြစ်တာ ကြာပြီ။ မိတ်ဆွေကော ဘယ်နှစ်ကြိမ် ထုတ်ကြည့်ဖူးပါသလဲ။ (Facebook တင်ထားရင်ဖြင့် မကြာခဏ ကြည့်ဖြစ်လိမ့်မည် ထင်ပါရဲ့။)နောက်ပိုင်း နိုင်ငံခြား ခရီးသွားရင် ဓာတ်ပုံရိုက်ဖို့ သိပ်မတက်ကြွလှတော့တာ မိမိကိုယ်မိမိ သတိထားမိသည်။ မှတ်မှတ်ရရ ၂၀၀၀ ပြည့်နှစ်တစ်ဝိုက် ဘာလီတွင် ကျင်းပသော ဆေးပညာနှီးနှောပွဲ တက်ရောက်တုန်းက ဓာတ်ပုံ တစ်ပုံစ နှစ်ပုံစပဲ လက်ဝယ် ကျန်ရစ်သည်။ ဒါတောင် အတူပါလာသည့် ဆေးကုမ္ပဏီ ၀န်ထမ်းလေးက ရိုက်ပေးပေလို့သာပါပဲ။ ဖြစ်ပုံက တစ်ည ညစာစားပွဲ အပြီး ဟိုတယ်အပြန် ဗိုက်တင်းတင်းနှင့် ကားပေါ်ထိုင် ငိုက်လာလိုက်တာ ဘောင်းဘီအိတ်တွင်း ထည့်ထားသည့် ကင်မရာ ထိုင်ခုံပေါ် လျောဆင်းသွားတာ မသိလိုက်ချေ။ (ဆရာသံစစ် ပေးထားတဲ့ ကင်မရာလေး)။ နောက်တစ်နေ့ လိုက်ရှာတော့ ကင်မရာက ခြေစလက်စ ပျောက်သွားပြီ။ ဒီလိုနဲ့ ဘာလီ ခရီးစဉ်တလျှောက် ဘာဓာတ်ပုံမှ မရိုက်ဖြစ်တော့ချေ။ ဓာတ်ပုံ မရိုက်ရတော့ ဘာဖြစ်သတုန်း။ ရောက်တဲ့နေရာ ဒေသတွေမှာ ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ်ကြည့်။ နားထောင်။ ခေါင်းနဲ့မှတ်။ နားနဲ့မှတ်။ ဟောဒီ ရင်ဘတ်ကြီးနဲ့ ခံစားပေါ့။ နောင်သွားရသည့် ခရီးတွေမှာလည်း ကင်မရာကို သတိတရရှိမှု အလိုလို လျော့ကျလာသည်။ ဓာတ်ပုံတစ်ပုံမှ မကျန်ရစ်သည့် ဘာလီ ခရီးစဉ်နှင့် ဓာတ်ပုံတွေ တော်တော်များများ ရိုက်ဖြစ်သည့် ကျန်ခရီးစဉ်တွေကို ယှဉ်ကြည့်တော့ ဘာမှ သိပ်ထူးခြားမှုရှိသည် မထင်။ ၂၀၁၁ ဖေဖော်ဝါရီက သွားခဲ့သည့် အိန္ဒိယ ခရီးစဉ်မှာလည်း ကျွန်တော် ဓာတ်ပုံကို ချွေချွေတာတာပဲ ရိုက်ပါသည်။ ကျွန်တော် ကင်မရာက မှတ် ဉာဏ်(Memory) နည်းသည်။ ပုံ ၁၀၀ ကျော် ရိုက်ပြီးလျှင် ထပ်ရိုက်လို့ မရတော့ပြီ။ ဒါကြောင့် ကျွန်တော့်မှ စိစိစစ်စစ် ရွေးရွေးချယ်ချယ်။ သူငယ်ချင်းတွေရဲ့ ကင်မရာကတော့ မှတ် ဉာဏ်အားက ကြီးမှကြီး။ ပုံထောင်ချီရိုက်နိုင်သည်တဲ့။ သို့မို့ကြောင့်ထင်ရဲ့။ သူတို့က တွေကရာ ရိုက်တော့တာ။ မဲမဲမြင်တိုင်း။ (အားလုံးလိုလိုက မဲမဲတွေ) ကျွန်တော့်မှာသာ မဲမဲမြင်တိုင်း မရိုက်ရဲသေး။ (ရှား ရှားပါးပါး) ဖြူဖြူ မြင်တိုင်းလည်း မရိုက်ရဲလေး။ ရိုက်သင့်တယ်ထင်မှ ကောက်ရိုက်။ သူတို့တတွေ မရိုက်ဖြစ်တာ လိုက်ရိုက်။ ဓာတ်ပုံအာရုံ သိပ်မရှိတော့ ကျွန်တော်က ပိုလို့ ခံစားဖြစ်သည် ထင်သည်။ ပိုလို့ တွေးဖြစ်သည် ထင်သည်။ ဓာတ်ပုံ၏ သြဇာကို သူတို့လောက် မခံစားရဘူး ထင်သည်။ ပြန်ရောက်တော့ ကျောင်းမှာ ဤခရီးစဉ်အကြောင်း ပြန်ပြောင်း သုံးသပ်ပွဲ လုပ်သည်။ ဓာတ်ပုံသောင်းတင်း ရိုက်လာသူတွေက ပုံတွေကို အရွေးအချယ် အစိအစစ် နည်းပါးလှစွာ တင်ဆက်သည်။ ပရိသတ်က ပုံတွေများလှသတဲ့။ ခရီးစဉ်၏ အရေးပါမှုက ဓာတ်ပုံတွေအောက် ပိပြား ကြေမွသွားလေသလား။ ဓာတ်ပုံတွေ၏ အခြားတစ်ဖက်မှ သက်ရောက်မှု။ ဓာတ်ပုံတွေ၏ ဖမ်းစားမှုကို Facebook မှာ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသုံးချထားတာ တွေ့ရသည်။ မိမိပုံကို tag လုပ်လို့ရလေတော့ အတ္တမာန တဖွားဖွား ဖွံ့ဖြိုး တောက်ပခွင့်ရသည်။ ဓာတ်ပုံတွေထဲမှာလည်း ကိုယ့်ပုံက အချောဆုံးကိုဗျ။ ပုံတွေကြည့်ပြီး ခံစား တွေးတောဖို့ထက် လျင်လျင်မြန်မြန် တုံ့ပြန်ဖို့က အရေးကြီးနေလေတော့ Like ပေါ့ ခင်ဗျာ။ ဘာကြောင့် Like လည်းလို့ မေးချင်သော်လည်း မမေးတော့ပါဘူး။ သြော် ...... ဓာတ်ပုံက ဖုံးထားသော အရာသည် . . .။

"So image triumphs over content,
presentation over understanding,
description over analysis"

''ရုပ်ပုံက အနှစ်ကိုဖုံး၊
တင်ဆက်မှုက နားလည်မှုကို ဖုံး၊
ဖွင့်ဆို ရှင်းလင်းမှုက ဝေဖန်သုံးသပ်မှုကို ဖုံး။ ။''

(Michael Foley -The Age of Absurdity -2010)
ဒေါက်တာအောင်ကြီး
...

No comments:

Post a Comment