Wednesday, September 7, 2022

သတ်ထာဒဝေမနုဿာနံ by Kyaw Myint

သတ်ထာဒဝေမနုဿာနံ by Kyaw Myint (Ba Gyi) မြတ်ဆရာ သူငယ်ချင်းအောင်မြိုင် က သူ ငယ်စဥ်ဘဝ အုတ်ဖိုအထကမှာ ဆုံခဲ့ရတဲ့ ဆရာကောင်းတွေရဲ့ သင်ကြားပုံ နည်းစနစ်ကောင်းတွေကို သူ ဆရာဖြစ်လာချိန်မှာ အတုယူခဲ့ကြောင်း ရေးလိုက်တော့ ကိုယ်ကြုံခဲ့ရတဲ့ မြတ်ဆရာတွေအကြောင်း ရေးတင်ချင်စိတ် ပေါ်လာပါတယ်။ အထက်တန်းမှာဆုံခဲ့ရတဲ့ဆရာကောင်းတွေထဲက ထူးထူးခြားခြား အမှတ်တရဖြစ်စေတဲ့ ဆရာနှစ်ဦးကတော့ ဆရာဦးဘဂျမ်းနဲ့ ဆရာဦးဝင်းဖေ တို့ပါ။ ကလောင်အမည် တင်မိုး နဲ့ မောင်စွမ်းရည် မြန်မာသိ ကမ္ဘာသိ ဆရာကြီးများ ဖြစ်ကြပါတယ်။ အခု စာမျိုးစုံ ပြန်သင်ပေးရတဲ့ အသက် ၇၀ တန်းအရွယ် ရောက်လာတော့ ဦးထိပ်ရွက် ပန်ဆင်ပြီး ဆရာတင် နည်းယူလို့အကောင်းဆုံးဆရာ က သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်ပိုင်ရှင် ဗုဒ္ဓမြတ်စွာ ပါ။ စရိုက်အမျိုးမျိုး ပုဂ္ဂိုလ်အမျိုးမျိုးကို အရိယသစ္စာ လေးပါး နားလည်သိမြင် ကျင့်သုံးနိုင်အောင် သင်ကြားပေးနိုင်ခဲ့ပါတယ်။ သင်ကြားနည်းစနစ် ၉ မျိုးနဲ့ သင်ကြားခဲ့တယ်လို့ ရဟန်းပညာရှိ လူပညာရှိများက မှတ်တမ်းပြုထားကြပါတယ်။ ၁။ သုတ္တ စည်းမျဥ်းပြတရား ၂။ ဂေယျ ကဗျာနှင့်စည်းမျဥ်းပူးတွဲတရား ၃။ ဝေယျာကရဏ စကားပြေတရား ၄။ ဂါထာ ကဗျာသက်သက်တရား ၅။ ဥဒါန ဝမ်းမြောက်စွာကျူးရင့်သောတရား ၆။ ဇာတက အတိတ်ဇာတ်ကြောင်းပြတရား ၇။ အဗ္ဘုတ အံဩဖွယ်တရား ၈။ ဝေဒလ္လ အမေးအဖြေတရား ၉။ ဣတိဝုတ္တက ရှေးဖြစ်သာဓကပြတရား ဆရာကောင်းဖြစ်လိုသူများ ပိဋကသုံးပုံတွင် လေ့လာနည်းခံရယူကြပါကုန်။ သတ်ထာဒဝေမနုဿာနံ ( ၂ ) ၁၉၆၄ - ၆၅ မှာ နဝမတန်း high school final ၁၉၆၅ - ၆၆ မှာ တက္ကသိုလ်ဝင်တန်း Matriculation နှစ်ခုစလုံး အစိုးရစစ်စာမေးပွဲတွေ ဖြေရပါတယ်။ မန္တလေးမြို့က နေပြည်တော်အလွတ်ပညာသင်ကျောင်းမှာ နဝမတန်း တက်ခဲ့ပါတယ်။ ပြည်သူပိုင်သိမ်းလိုက်လို့ တက္ကသိုလ်ဝင်တန်းရောက်တော့ အ.ထ.က. ( ၁၇ ) ဖြစ်သွားပါတယ်။ အထက်တန်းအတူတူ စက်မှုတက္ကသိုလ်အတူတူ တက်ခဲ့ရတဲ့သူငယ်ချင်းတွေထဲက စန်းအောင် Elect. 72 နဲ့ ချူးရွှေခွန်း Elect. 72 တို့ပဲ မှတ်မိတော့တယ်။ မှတ်မိသလောက် ဆရာဦးဘဂျမ်း က မြန်မာစာ စကားပြေ ဆရာဦးအေးကျော်က သဒ္ဒါ သင်ပေးခဲ့ကြပါတယ်။ ဆရာဦးအေးကျော် စာသင်ကောင်းပုံက အခုထိ သူသင်ပေးခဲ့တဲ့ ကြိယာထောက်တွေ မှတ်မိနေသေးတယ်။ ဦးကောင်းခဲခဲ့ချင်စမ်းစေ တတ်ထိုက်နိုင်နှင့်နေ ပိုင်ပြန်ဖြစ်မိမြဲ ရရာရက်ရဲ့ရဲ လိုလိုက်လောက်လွယ်လှည့်သင့်သာ ကြိယာရဲ့နောက်မှာဆက်ပေးလိုက်ရင် အဓိပ္ပါယ်တစ်မျိုးထူးသွားတဲ့စကားလုံးတွေ ဖြစ်ပါတယ်။ သွားဦးမည် သွားကောင်းသည် သွားခဲသည် သွားခဲ့သည် သွားချင်သည် သွားစမ်းပါ သွားစေသည် စသည်ဖြင့်ပါ။ ဆရာကောင်းတပည့် ပန်းကောင်းပန်နိုင်ဖို့ က တော့ မိမိအပေါ်ပဲ မူတည်ပါလိမ့်မယ်။ ဂါထာ ပါဠိကဗျာနဲ့ သင်ကြားပေးခဲ့တဲ့ မြတ်ဗုဒ္ဓဒေသနာတွေထဲမှာ မြန်မာတွေနဲ့အရင်းနှီးဆုံးကတော့ မင်္ဂလသုတ်နဲ့မေတ္တသုတ်တော်တို့ ဖြစ်ကြပါတယ်။ အလွန့်အလွန် မြတ်နိုးကြည်ညိုဖွယ်ရာကောင်းလှတဲ့သုတ်တော်နှစ်သုတ်ပါ။ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ အိမ်တွေမှာ အိမ်ဆောက်ဖို့ပန္နက်တင်ချိန် အိမ်သစ်တက်ချိန် မင်္ဂလာဦးဆွမ်းကျွေး ကလေးကင်ပွန်းတတ် အစရှိတဲ့ မင်္ဂလာအခမ်းအနားမှန်သမျှ မင်္ဂလသုတ်နဲ့မေတ္တသုတ် ပရိတ်တော်ကို သံဃာတော်များက ရွတ်ဖတ်ပူဇော်ပေးကြလို့ နားရည်ဝနေကြမှာပါ။ မင်္ဂလသုတ်ကိုလေ့လာကြည့်ရင် အမွှန်းဂါထာရဲ့နောက်မှာ ၃၈ ဖြာ မင်္ဂလာကို ဂါထာ ဆယ်ဂါထာနဲ့ ဘုရားရှင်သင်ပေးခဲ့ပါတယ်။ ကဗျာလင်္ကာတွေ မှာ ကာရံညီကဗျာတို့ ကာရံမဲ့ကဗျာတို့ရှိသလို ပါဠိကဗျာတွေမှာ ဆန်းဂိုဏ်းဖွဲ့စပ်ရတာတွေ ရှိတယ်လို့ မှတ်သားဖူးပါတယ်။ RIT ရဲ့နာမည်​ကျော်ကဗျာဆရာ အုတ်ဖိုမောင်ရင်မောင် ခေါ် ​အောင်မြိုင်က ပိုသိမှာပါ။ ကဗျာရဲ့သဘာဝအရ သံစဥ်သဘော ပါနေတော့ နားဝင်ချိုစွာနဲ့ မှတ်မိလွယ်ပါတယ်။ သို့သော် လိုတိုရှင်း အဓိပ္ပါယ်မိမိရရရှိဖို့ကြတော့ ခက်ခဲမှာပါ။ ကဗျာရှည်ရှည်ဖွဲ့ရင်တော့ ဖတ်ချင်စိတ်လျော့သွားသလို ခံစားရပါတယ်။ မောင်မိုးပွင့် (ရေကြည် ) ရဲ့ကဗျာလေးတွေဆို လိုတိုရှင်းမို့ နှစ်ချိုက်မိပါတယ်။ ၂၄၀၀ တန် ကဗျာရောပေါ့။ ☺☺☺ မင်္ဂလာ တရားတော်နဲ့ပတ်သက်လို့ ရဟန်းပညာရှိ လူပညာရှိ အသီးသီးက ရှုထောင့်အမျိုးမျိုးနဲ့ ဖွင့်ဆိုသွားကြတဲ့စာအုပ် ၆၀ ကျော်ကို ကျေးဇူးရှင် ဩသုဆရာကြီးဦးရန်အောင် စုဆောင်းပေးထားလို့ စာအုပ်ကောင်းတချို့ လေ့လာခွင့်ရခဲ့ပါတယ်။ ရေးစရာတွေက များလွန်းနေလို့ နှစ်ပိုင်းခွဲပြီးတင်ပါရစေ။ မင်္ဂလသုတ် သုံးသပ်ချက် ဆက်တင်ပေးပါမယ်။ နားလည်သည်းခံပေးကြပါနော။ မေတ္တာဖြင့်။ သတ်ထာဒဝေမနုဿာနံ ( ၂ ) အ ဆ က် မင်္ဂလသုတ် သုံးသပ်ချက် မင်္ဂလာ တရားတော်ကို မြတ်နိုးသူဖြစ်လို့ ကျေးဇူးရှင်ဩသု ဆရာကြီး ဦးရန်အောင်နဲ့တွဲဖက်ပြီး စာသင်ကျောင်းများနဲ့ နေရာဌာနပေါင်းစုံမှာ သင်တန်းပို့ချဖြစ်ခဲ့ပါတယ်။ တရားတော်ရဲ့ အစဥ်ကျပုံ အဆင့်မြင့်ပုံ ရင့်ကျက်ပြီးမြင့်တက်ပုံကို သင်ကြားရတိုင်း သတိပြုမိပြီး ကြည်ညိုမဆုံး ဖြစ်ရပါတယ်။ ကိုယ်တိုင်လူမိုက်မဖြစ်ရေးအတွက် ကံဆိုးကံမှားတွေပြုနေတဲ့ လူမိုက်ကိုရှောင်ရင်း ကံကောင်းကံမှန်တွေပြုနေတဲ့ပညာရှိသူတော်ကောင်းကို ဆည်းကပ်မှီဝဲကာ အကျင့်နဲ့ပူဇော်မှ မင်္ဂလာ ထိုက်ကြောင်း ပထမဂါထာ နဲ့ စပြီးဆုံးမသင်ကြားပေးပါတယ်။ ပညာရှိသူတော်ကောင်းကို ဆည်းကပ်မှီဝဲပူဇော်နိုင်တဲ့အရပ်ဟာ မိမိအတွက် အသင့်တော်ဆုံးနေရပ်ဖြစ်ပြီး ကြိုတင်ကောင်းမှုတွေပြုရင်း ကိုယ့်ကိုယ်ကိုယ်ထိန်းသွားဖို့ ဒုတိယဂါထာနဲ့ အဆင့်မြှင့်ပေးပါတယ်။ တတိယအရွယ်ရောက်မှ တရားရှာဖို့မဟုတ်ပါဘူး။ ပထမအရွယ်ကတည်းက အတတ်ပညာရော အသိပညာကို တရားနဲ့အညီရှာကာ စည်းကမ်းရှိဖို့၊ စကားလိမ္မာချိုသာဖို့ တတိယဂါထာနဲ့ ဆုံးမပါတယ်။ လူကောင်းလူတော်လေးဖြစ်လာမှာ သေချာလှပါတယ်။ ပျိုတိုင်းကြိုက်တဲ့လုလင်လေးတွေ ချစ်သူဝိုင်းဝိုင်းလည်နေတဲ့လုံမေလေးတွေ ဖြစ်လာရင် အဆင့်ကျော်ပြီးအိမ်ထောင်မပြုသင့်​သေးဘဲ မိဘလုပ်ကြွေးဖို့ ကြွေးဟောင်းရှိနေကြောင်း ထောက်ပြထားပါတယ်။ ​ကြွေးဆပ်တဲ့အခါ ယုယုယယလုပ်ကြွေးပြုစုပါမှ အတိုးနဲ့တကွ ဆပ်ရာရောက်မှာပါ။ မိဘလုပ်ကြွေးတာရော သားမယားချီးမြှောက်တာရော အပြစ်ကင်းတဲ့အလုပ်နဲ့ဆောင်ရွက်ဖို့ စတုတ္ထဂါထာနဲ့ဆုံးမပါတယ်။ ဒီအဆင့်ထိ မင်္ဂလာရှိနိုင်ခဲ့ပြီဆိုရင် သန့်ရှင်းတဲ့ဥစ္စာပစ္စည်းကို အထိုက်အလျောက်ပိုင်ဆိုင်ပြီမို့ စစ်မှန်တဲ့ဓနရှင်လေး ​ဖြစ်လာပါပြီ။ ဆက်လက်ပြီး ဒါနရှင်အဖြစ်ကူးပြောင်းဖို့ ပေးကမ်းလှူဒါန်းစေပါတယ်။ ဓမ္မရှင် သီလရှင်ဖြစ်ဖို့ တရားသဖြင့်ကျင့်ကြံစေပါတယ်။ ဝတ္တရားကျေဖို့ ဆွေမျိုးဉာတိတွေကိုပါ ချီးမြှောက်စေပါတယ်။ ပရရှင်(ပရဟိတရှင်) ဖြစ်ဖို့ အများအကျိုးဆောင်စေပါတယ်။ ပဉ္စမဂါထာရဲ့ အဆုံးအမပါ။ လူကောင်းလူတော်ဖြစ်လာတဲ့အခါ အဖျက်အမှောင့်ဝင်တတ်တာကို သတိပေးတဲ့အနေနဲ့ မကောင်းမှု ဝေးဝေးရှောင်ဖို့၊ တွေ့လာရင်လဲရှောင်ဖို့၊ မကောင်းမှုတွေပြုမိစေနိုင်တဲ့ သေရည်သေရက် မူးယစ်ဆေးဝါးရှောင်ဖို့ရယ်၊ တရားမမေ့ဖို့ ဆဋ္ဌမဂါထာနဲ့ ဆုံးမပါတယ်။ အောင်မြင်သူဖြစ်လာတဲ့အခါ မာန်တက်လာတတ်တာကြောင့် ရိုသေကိုင်းရှိုင်းမှုနဲ့နှိမ့်ချကျိုးနွံမှု ယှဥ်တွဲနေဖို့၊ ရောင့်ရဲတင်းတိမ်ဖို့၊ ကျေးဇူးသိတတ်ဖို့အတွက် တရားနာပေးရမှာဖြစ်ကြောင်း သတ္တမဂါထာနဲ့ ဆုံးမပါတယ်။ တရားနဲ့အညီ သည်းခံဖို့၊ ဆိုဆုံးမလွယ်ဖို့၊ မရှင်းလင်းတာတွေကို သူမြတ်ဖူးမြော်ပြီး တရားဆွေးနွေးဖို့ အဋ္ဌမဂါထာနဲ့ဆုံးမပါတယ်။ ရှင်းရှင်းလင်းလင်းနားလည်သွားပြီးတဲ့အခါ အာရုံတွေကို မလိုက်စားတော့ဘဲ အကျင့်မြတ်တွေပွားများနိုင်ပြီး အရိယသစ္စာသိမြင်ကာ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်လို့ ပန်းတိုင်ရောက်သည်အထိ အဆုံးထိ မ ပေးတာကတော့ နဝမဂါထာပါ။ ပန်းတိုင်ရောက်ပြီဆိုရင် လောကဓံကိုမတုန်လှုပ်တော့ဘူး၊ ဝမ်းမနည်းတော့ဘူး၊ မမက်မောတော့ဘူး၊ ဘေး(ဇာတိဘေး)မရှိတော့ဘူး ဆိုတဲ့အကျိုးတရားတွေ ပြည့်စုံမှာဖြစ်ကြောင်း ဒသမဂါထာနဲ့ ဟောကြားပါတယ်။ ပါဠိကဗျာ ဆယ်ဂါထာနဲ့ လိုတိုရှင်းသင်ကြားပေးတာကို သုံးသပ်ကြည့်ရင် အစဥ်ကျခြင်း၊ အဆင့်မြင့်ခြင်း၊ ရင့်ကျက်မြင့်တက်သွားခြင်း၊ အချိတ်အဆက်မိခြင်း၊ ပန်းတိုင်အရောက်ပို့နိုင်ခြင်းတို့ကြောင့် အစ အလယ် အဆုံး သုံးပါးလုံး ကောင်းခြင်း သုအက္ခာတ တရားဂုဏ်တော်နဲ့ ညီညွတ်လှပါတယ်။ ကျန်တဲ့ဂုဏ်တော်တွေနဲ့ညီညွတ်ပုံ၊ မင်္ဂလာ တပါးခြင်းစီသည်ပင်လျှင် ပြည့်ပြည့်ဝဝ နားလည်ကျင့်သုံးနိုင်က နိဗ္ဗာန်မျက်မှောက်ပြုနိုင်ပုံတို့ကို ဆက်လက်တင်ပြပေးပါမယ်။ စတုသစ္စဝိနိမုတ္တော ဓမ္မောနာမနတ္ထိ မေတ္တာဖြင့်။ သတ္ထာဒေဝမနုဿာနံ ( ၃ ) ဇာတက ဇာတ်ကြောင်းပြတရား ဇာတ်သမား ပြန်ရင် မှတ်သားစရာ ကျန်ရမည် ။ မြန်မာမှုနယ်ပယ်၌ တွင်တွင်ကျယ်ကျယ် ပြောဆိုလေ့ရှိသော စကားတစ်ရပ်ဖြစ်သည်။ အနှစ်သာရအားဖြင့် မှတ်သားရမည်မှာ ဇာတ်လမ်းဇာတ်ကွက်မှပေးသည့် သင်ခန်းစာယူစရာနှင့် သံဝေဂပွားစရာဖြစ်သည်။ သို့သော် အမြင် မစူးရှသူ အများစုအနေဖြင့် အာရုံခံစားမှုဝေဒနာနောက်သို့ လိုက်ပါသွားပြီး အကာများကို သာ၍ မှတ်သားမိကြသည်။ ဥပမာအားဖြင့် သေရိဝဝါဏိဇ ဇာတ် ရွဲကုန်သည်ဇာတ်ကို အလင်္ကာကျော်စွာရွှေမန်းတင်မောင် ကပြ သောအခါ မရိုးသားသူတို့ ပျက်စီးဆုံးရှုံးရသည်ကို သံဝေဂ ရသည်ထက် မပေး ပေးပေး ငါ့ရွှေခွက်ပေး ဆိုသောဇာတ်စကားကို ပို၍နားဝင်သွားကြသည်။ M. A.ဒေါ်အုန်းပြုစုသော ပါဠိစာပေသမိုင်းကို ဖတ်ရှုလေ့လာကြည့်သော အခါ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်ဟု အများသိနေကြသော်လည်း ၅၄၇ ဇာတ်သာတွေ့ရပါသည်။ ပိဋကဝင် ဇာတ်တော်များကို ဂါထာ ( ကဗျာ )များဖြင့်သာ ဟောကြားခဲ့ကြောင်း တွေ့ရပြီး မိမိတို့လေ့လာဖတ်ရှုခွင့်ရသောဇာတ်တော်များမှာ သီဟိုဠ်မူ ဇာတကတ္ထဝဏ္ဏနာ အဋ္ဌကထာမှ ရှင်မဟာဗုဒ္ဓဃောသမထေရ် ပါဠိဘာသာပြန်ဆိုရေးသားခဲ့သော အဋ္ဌကထာမူများဖြစ်ကြောင်း တွေ့ရှိရသည်။ ငယ်စဥ်ကလေးဘဝတွင် ဖခင်ဖြစ်သူကို နင်းပေးနေစဥ် ဇာတ်ကြီးဆယ်ဖွဲ့နှင့်တကွ ငါးရာ့ငါးဆယ်ဇာတ်များကို စတင်ကြားနာခွင့်ရခဲ့သည်။ ဇာတ်လမ်းရှည်များကို နားထောင်ကောင်းနေချိန်၌ ဖခင်ဖြစ်သူက အညောင်းပြေပြီ၊ နောက်ညမှ ဆက်ပြောမည်ဆိုပြီးရပ်ပစ်လိုက်သည်မှာ ယခုခေတ်ဇာတ်လမ်းတွဲများကဲ့သို့ ဆတ်တငံ့ငံ့ ဖြစ်ခဲ့ရသည်။ နောက်နေ့ညတွင် မနင်းခိုင်းခင် ဦးအောင်ပြေးနင်းပေးပြီး ဆက်ပြောရန်တောင်းဆိုရသည်အထိ ဆွဲဆောင်မှု အားကောင်းခဲ့သည်။ ဇာတ်ကြောင်းကပေးသော သင်ခန်းစာကို မယူနိုင်ခဲ့ဘဲ ဇာတ်လမ်းဇာတ်ကွက်အတွင်း မြောပါသွားခဲ့ပါသည်။ သို့အတွက် မိမိကိုယ်တိုင်သက်ကြီးဝါကြီးဖြစ်လာသောအခါ ဇာတ်တော်များကို သင်ကြားရတိုင်း သင်ခန်းစာယူရမည့်အချက်များနှင့် သံဝေဂဉာဏ် ဖြစ်ထွန်းရေးကို အဦးမူ အလေးထားပြောဆိုပေးရသည်။ နယုန်လပြည့် မဟာသမယနေ့ အခါတော်အချိန်တွင် တစ်နေ့တည်း ဇာတ် ၇ ဇာတ်နှင့် သုတ် ၇ သုတ်ကိုဟောကြားခဲ့​​သောကြောင့် မဟာသမယနေ့ အမည်ရကြောင်း ရှင်းပြရသည်။ ရန်ငြိုးဖွဲ့ခြင်းသည် နှစ်ဦးစလုံးပျက်စီးခြင်းကိုဖြစ်စေကြောင်း ကြို့ပင်စောင့်နတ်နှင့် ဝံတို့ပါဝင်သည့် ဖန္ဒနဇာတ် မစူးစမ်းမဆင်ခြင်ဘဲ ဥသျှစ်သီးကြွေကျသည်ကို မြေ ​ပြိုသည်ဟုအော်ပြေးသောယုန်နောက်သို့ ပြောသမျှယုံသော တောနေသတ္တဝါတို့ ပင်ပန်းကြီးစွာ ပြေးလိုက်ကြသည့် ဒုဒ္ဒုဘဇာတ် အားကြီးတိုင်း အနိုင်မယူသင့်သော ဆင်ဆိုးကြီးနှင့်ဘီလုံးငှက်ငယ် လဋုကိကဇာတ် ....စသည်ဖြင့် သင်ခန်းစာယူစေခဲ့ပါသည်။ ဇာတကနည်းဖြင့် တရားဟောကြားခြင်းသည် အနုပညာရသ မြောက်မှုကြောင့် မိမိအသိပေးလိုသောအချက်ကို ဇာတ်တော်များနှင့်ယှဥ်စပ်ပြီး ရှင်းလင်းပြောကြားသင့်ပါကြောင်း တင်ပြလိုက်ပါသည်။ မေတ္တာဖြင့်။ သတ္ထာဒေဝ မနုဿာနံ ( ၄ ) ဥဒါန ဝမ်းမြောက်စွာကျူးရင့်သောတရား လူ့သဘာဝအရ အလွန်အမင်း ဝမ်းမြောက်စရာကိစ္စတစ်ခု ကြုံတွေ့ရတဲ့အခါ စိတ်ထဲမှာတင် သိမ်းဆည်းမထားနိုင်တော့ဘဲ နှုတ်က နေ ပါ ပွင့်အန်ထွက်လာတတ်ပါတယ်။ မနောကံရဲ့စေ့ဆော်မှု အားကြီးတဲ့အခါ ဝစီကံရော ကာယကံပါ မထိန်းနိုင်တော့တဲ့သဘောပါ။ ငွေကြေးလိုအပ်နေသူ ဖွင့်ဆဲ အောင်ဘာ​ေလထီမှာ သိန်း၁၅၀၀၀ ပေါက်ပြီဆိုရင် ထ ခုန်ပြီး အော်မိမှာ သေချာပါတယ်။ ဒီလို သာမန်လောကီကိစ္စမှာတောင် ဝမ်းမြောက်မှုရဲ့အရှိန်အဟုန်ဟာ အားကြီးလှတာမို့ အရိယသစ္စာသိမြင်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သွားကာ သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ် ဧကန်ဖြစ်ချိန်မှာ လောကုတ္တရာ သောမနဿစေတနာရဲ့ စေ့ဆော်မှုကြောင့် အနေကဇာတိသံသာရံ... အစချီတဲ့ ဥဒါန်းဂါထာတော် ဘုရားရှင်ရဲ့နှုတ်တော်က နေ ကျူးရင့်တော့တာ ဖြစ်ပါတယ်။ ကိုယ်တိုင်သိမြင်ပြီးတဲ့တရားထူးကို ပဉ္စဝဂ္ဂီငါးဦးအား ပြန်လည်ဟောကြားတဲ့နေရာမှာ ရှင်ကောဏ္ဍည နားလည်သွားတဲ့အခါမှာလဲ အညာသိဝတဘော ကောဏ္ဍညော အညာသိဝတဘော ကောဏ္ဍညော တိ ဆိုပြီး နှစ်ကြိမ်တိုင်တိုင် ဝမ်းမြောက်ဝမ်းသာ ကျူးရင့်တာကို ဓမ္မစကြာဒေသနာတော်မှာ တွေ့နိုင်ပါတယ်။ ပိဋကသုံးပုံမှာ ဥဒါန်းကျူးရင့်တဲ့ ဉဒါနပါဠိတော်တွေ တွေ့ရပါတယ်။ ဗဟုသုတအနေနဲ့ မှတ်သားဖူးတာလေးတစ်ခု တင်ပြလိုပါတယ်။ ​မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့အိမ်ဂေဟာမှာ ဘုရားဆင်းတုတော်အသစ်ထုလုပ်ပူဇော်တိုင်း ဘုရားအနေကဇာတင်လေ့ရှိပါတယ်။ သံဃာတော်များကို ပင့်ဖိတ်လှူဒါန်းတဲ့ခါ သံဃာတော်များက အနေကဇာတိသံသာရံ အစချီတဲ့ ဉဒါန်းဂါထာတို့ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံတရားတော်တို့ ရွတ်ဖတ်ပူဇော်ပြီးမှ စိတ်ချလက်ချ ကိုးကွယ်ကြပါတယ်။ အနေကဇာ မတင်ဘဲ ကိုးကွယ်ရင်ရော မရဘူးလား စဉ်းစားကြသူတွေ ရှိမှာပါ။ ပိဋကစာပေလေ့လာမှု အားနည်းသူတွေဟာ ဘုရားရှင်ရဲ့ လက္ခဏာတော်ကြီးငယ်တွေကို မသိကြတော့ ပန်းပုဆရာ ထုပေးထားတဲ့ပုံတော်ဟာ ဘုရားရှင်ကို ကိုယ်စားပြုနိုင် မပြုနိုင် သေချာမသိကြပါဘူး။ ဒါ့ကြောင့် ပိဋကစာပေနဲ့ အကျွမ်းတဝင်ရှိသူ ဘုရားသားသံဃာတော်တွေ ပင့်ဖိတ်ပြီး ကိုးကွယ်သင့် မသင့် အတည်ပြုချက် ရယူကြပါတယ်။ တပည့်သားသံဃာတော်များကလည်း ကိုးကွယ်ထိုက်တဲ့ပုံတော်ဖြစ်တာနဲ့ သူတို့ကိုယ်တိုင်ရှိခိုးပြီး ဥဒါန်းဂါထာတော်ကို ရွတ်ဖတ်ပူဇော်ကြပါတယ်။ အိမ့်ရှင်လဲ စိတ်ချလက်ချ ဆက်ပူဇော်ခွင့်ရသွားပါပြီ။ အနေကဇာတင်ရခြင်းရဲ့ ရည်စူးချက်ကို သိနားလည်သလို တင်ပြခြင်းပါ။ ဘုရားမဟုတ် ညာတကုပ် တွေ ဖြစ်နေရင် အနေကဇာ တင်ထိုက်ပါရဲ့လား စဥ်းစားကြည့်ဖို့ပါ။ မေတ္တာဖြင့်။ သတ်ထာဒဝေ မနုဿာနံ ( ၅ ) ဣတိဝုတ်တက တရား ဗုဒ္ဓမြတ်စွာ၏တရားဟောနည်း ၉ နည်းအနက် ၄ နည်းကို မိမိနားလည်သလို ရှင်းပြခဲ့ပြီးဖြစ်ပါသည်။ ရှေးဆရာတော်ကြီးများပြုစုခဲ့သော ကျမ်းစာများတွင် အတိုချုပ်များသာ ရှင်းပြထားသဖြင့် မိမိ၏ဖြည့်စွက်ရှင်းပြချက်တွင် အမှားအယွင်းပါလျှင် ပြင်ဆင် တည့်မတ်ပေးကြပါရန် အနူးအညွတ်ပန်ကြားအပ်ပါသည်။ ဣတိ... ဤသို့ ဘဂဝတာ...မြတ်စွာဘုရားသည် ဝုတ္တကံ...ဆိုအပ်ပြီ။ ဣတိဝုတ်ပါဠိတော်တွင် ဧက ဒုက တိက စတုက္ကနိပါတ် အုပ်စုလေးစု ရှိပြီး လောဘ ဒေါသ မောဟ မာန စသည့် တရားဆိုးတို့၏ ဆိုးပြစ်များကိုဝေဘန်မိန့်ဆိုချက်များ သံသရာ၌ကျင်လည်ရ​ခြင်း၏အမြစ် အကြောင်းရင်းသည် တဏှာဖြစ်သည်ဟု မိန့်ဆိုချက်များနှင့်အတူ မဂ္ဂင်ရှစ်ပါးကျင့်ပွားက အရိယသစ္စာလေးပါးသိမြင်ပြီး လောကီအနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကြောင်းတို့ကို ဣတိ ဤသို့ ငါဘုရားသည် ဝုတ္တကံ မိန့်ဆိုအပ်ပြီ ဟု ဟောကြားတော်မူခဲ့ပါသည်။ ထိုသို့ တိုက်ရိုက်ပြောဆိုသောပါဠိ ပါရှိသည့်တရားဟောကြားနည်းကို ဣတိဝုတ်နည်းဟု သတ်မှတ်ထားခြင်း ဖြစ်နိုင်ပါသည်။ နမူနာအနေဖြင့် လောဘသုတ်ပါဠိတော်ကို ဖော်ပြပေးထားပါသည်။ ရှေးပညာရှင်တို့၏အဖွင့်များကိုလည်း ပူးတွဲတင်ပြပေးထားပါသည်။ မေတ္တာဖြင့်။ သတ္ထာဒေဝ မနုဿာနံ ( ၆ ) ဝေဒလ္လ အမေးအဖြေတရားဟောနည်း ဗုဒ္ဓ​မြတ်စွာ နှင့် တပည့်သာဝကတို့ တရားဓမ္မနှင့်ပတ်သက်၍ အကြောင်းအားလျော်စွာ အမေးအဖြေပြုကာ ရှင်းလင်းဟောကြားသောနည်းကို ဝေဒလ္လနည်း ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် သောတာပန် ပဉ္စဝဂ္ဂီ ငါးဦးတို့အား အရဟတ္တဖိုလ် ဆိုက်စေသော အနတ္တလက္ခဏ သုတ်တော်ကို ဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။ ထိုသို့ဟောကြားရာတွင် ဘုရားရှင်က မေးပြီး ပဉ္စဝဂ္ဂီ ငါးဦးတို့က ဖြေကြရသည်။ အဖြေနှင့်ပတ်သက်၍ ဘုရားရှင်က ဆက်လက်ပြီး ရှင်းလင်းဟောကြားခဲ့သည်။ တပည့်သာဝကအချင်းချင်းကြားတွင်လည်း တရားဆွေးနွေးမေးမြန်း​​လျှောက်ထားကြပုံကို မဟာဝေဒလ္လသုတ် နှင့် စူဠဝေဒလ္လသုတ်တော် များတွင် လေ့လာတွေ့ရှိရပါသည်။ ဤနေရာ၌ အမေး အဖြေ နှစ်မျိုးနှစ်စားရှိကြောင်းတွေ့ရသည်။ ဆရာဖြစ်သူက သိစေလိုသော သဘောတရားကို အမေးပြုပြီး တပည့်များက ဖြေကြားပြီးသည့်အခါ အဖြေမှန်ကို ဆရာက ဆက်ရှင်းပြသောနည်းကို အနတ္တလက္ခဏသုတ်တော်တွင် တွေ့ရှိရသည်။ တပည့်ဖြစ်သူက သိလိုသောအမေးကို စတင်မေးလျှောက်ပြီး ဆရာဖြစ်သူက ရှင်းလင်းဖြေကြားသောနည်းကို ရှင်မဟာကောဋ္ဌိက အမေး ရှင်သာရိပုတြာ အဖြေ မဟာဝေဒလ္လသုတ် ဝိသာခသူကြွယ် အမေး ဓမ္မဒိန္နာထေရီ အဖြေ စူလဝေဒလ္လသုတ် တို့၌ တွေ့ရှိနိုင်ပါသည်။ အထက်ပါ သင်ကြားနည်းစနစ် နှစ်မျိုးစလုံးကို လောကီပညာရပ်ဆိုင်ရာ သင်ကြားမှုများတွင်လည်း မကြာခဏ တွေ့ရှိနိုင်ပြီး ထိရောက်မှု အထူးရှိလှကြောင်း တွေ့မြင်နိုင်ပါသည်။ ရှင်းလင်းဖြေကြားသူ ပညာမပြည့်ဝပါက မောင်လူမွှေး၏ စာကလေးတွေ ဘာလို့ ဖိနပ်မစီးတာတုန်းအဖေ ဟူသောအမေးကို မောင်လူအေး ဖြေရင်းနှင့် ဆက်မဖြေတတ်တော့သော အဖြစ်သို့ ရောက်ရှိသွားနိုင်ကြောင်း သတိပြုသင့်ပါသည်။ သုတ်တော်မြန်မာပြန်အချို့ကို နမူနာတင်ပေးလိုက်ပါသည်။ မေတ္တာဖြင့် အပြားအားဖြင့်သိခြင်း ဝေဒလ္လ အမေးအဖြေတရားဟောနည်း အကြောင်း ရေးတင်လိုက်တော့ သူငယ်ချင်း ထိန်လင်း Hnin Hnin Win က အပြားအားဖြင့် ဆိုတာကို လူပြိန်းနားလည်အောင် ရှင်းပြပေးပါလို့ တောင်းဆိုလာပါတယ်။ လိုတိုရှင်းဖြေရရင် ပိုင်းပိုင်းခြားခြား နှံ့နှံ့စပ်စပ် ပြည့်ပြည့်ဝဝ သိတာ အပြားအားဖြင့် သိတာပါပဲ။ ဤကားဆင်းရဲတည်း ဆိုတဲ့စကားကို အပြားအားဖြင့် သိမှ ပညာရှိလို့ ရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးက ရှင်မဟာကောဋ္ဌိကမထေရ်အား ဖြေကြားပါတယ်။ ပိုင်းခြားကြည့်ရအောင်ပါ။ ဒုက္ခအရိယသစ္စာ( ဤကားဆင်းရဲတည်း ) ဆိုတာ အစွဲခန္ဓာ ဥပါဒါနက္ခန္ဓာတွေပဲလို့ နားလည်သွားတာ အမှန်တရားတစ်ခုကို သိသွားတာဟာ သစ္စဉာဏ်လို့ ဓမ္မစကြာ တရားတော်မှာ ဘုရားရှင်စပြောတယ်။ (သံခိတ်တနေ ပဉ်စုပါဒါနက်ခန်ဓာ ဒုက်ခာ) အဲဒီ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ ဆိုတဲ့ အစွဲခန္ဓာတွေ မိမိခန္ဓာမှာ ရလာပြီး ဖြစ်လို့ သူ့ကို ပယ်ပစ်လို့မရနိုင်ဘူး။ ထပ်မဖြစ်အောင်တော့တားလို့ရတယ် ဒီအစွဲခန္ဓာရဲ့ မမြဲပျက်စီးပုံ ဆင်းရဲဆိုးဝါးပုံ အနှစ်သာရကင်းမဲ့အသုံးမကျပုံတွေကို အနိစ္စ လက္ခဏာ ဒုက္ခလက္ခဏာ အနတ်တလက်ခဏာ လက္ခဏာသုံးပါး မြင်အောင်တင်ပြီး ပိုင်းပိုင်းခြားခြား သိအောင်လုပ်ရမယ့်ကိစ္စရှိပါလားဆိုတဲ့ ကိစ္စဉာဏ် လိုအပ်တာကိုလဲ ဓမ္မစကြာတရားတော်မှာ ဘုရားရှင်ပြောတယ်။ လက္ခဏာသုံးပါးတင်ပြီးလို့ ဒုက္ခအရိယသစ္စာကို ပိုင်းပိုင်းခြားခြား သိပြီးသွားတာကို ကတဉာဏ်လို့ ဓမ္မစကြာတရားတော်မှာ ဆက်ဟောတယ်။ ဒါ့ကြောင့် အရိယသစ္စာလေးပါးလုံးမှာ သစ္စာတစ်ပါးတိုင်းဟာ အမှန်ကိုနားလည်ခြင်း ဆောင်ရွက်စရာကိစ္စကိုနားလည်ခြင်း ဆောင်ရွက်ပြီးသွားခြင်းကို သိရှိနားလည်ခြင်း ဆိုတဲ့ သစ္စ ကိစ္စ ကတ ဉာဏ်တွေ ဖြစ်ထွန်းလာဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆောင်ရွက်ရမယ့်ကိစ္စတွေကို သိ ပယ် ဆိုက် ပွား လေးပါးသစ္စာ လို့ဟောပြောကြတာ ဖြစ်ပါတယ်။ လက်တွေ့သာဓကတစ်ခု ထုတ်ကြည့်ကြရအောင်ပါ။ နံပတ်ဖိုးချတာဟာ ငြိမ့်လို့အင်မတန်ကောင်းမှာပဲလို့ အမှားကို အမှန်ထင်လာရင် အဝိဇ္ဇာ ဖုံးလွှမ်းခံရပြီ ဖြစ်ပါတယ်။ ဆက်ပြီးဖိုးချကြည့်တာဟာ လွန်ကျူးတဲ့ အကုသိုလ် အပုညာဘိသင်္ခါရ ပြုတာပါပဲ။ ချပြီးတာနဲ့တပြိုင်နက်တည်း အမှား ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဝိပါက် ဥပါဒါနက္ခန္ဓာတွေ မိမိမှာ ဖြစ်ထွန်းကျန်ရစ်ပါတယ်။ ငြိမ့်ရတာကောင်းတယ်လို့ ခံစားမိတဲ့ဝေဒနာ အမှား က နေ ထပ်ချချင်စိတ် တဏှာ ဥပါဒါန် ကြောင့် ထပ်ချတဲ့ကမ္မဘဝကို လွန်ကျူးမိပြန်ပါတယ်။ ဒီလိုနဲ့ ဖိုးသမားဘဝ ဇာတိရပြီး ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ထိ အကျိုးဆက်တွေပါ ဖြစ်ထွန်းလာပါတော့တယ်။ ဖိုးသမားဘဝကို ဘဝဒုက္ခ ဤကား အမှန်ဆင်းရဲလို့ မသိသေးသမျှ ပညာမဲ့သူ အဝိဇ္ဇာ ဖုံးလွှမ်းခံနေရသူပါပဲ။ ဤကား အမှန်ဆင်းရဲ လို့ သွန်သင်ညွှန်ပြခံရတာ နားလည်သွားရင် သစ္စဉာဏ် ပေါ်လာပါပြီ။ သူရနေတဲ့ဆေးဘဲရုပ် စတာတွေဟာ ဖြစ်ပြီးနေပြီမို့ ပယ်လို့မရဘဲ ပိုင်းခြား သိအောင် ကြိုးစားရမှာကိုနားလည်သွားတာ ကိစ္စဉာဏ်ပေါ်တာ ဖြစ်ပါတယ်။ ဆေးဘဲဘဝဟာ ငါ့ကို ပျက်စီးစေတယ်၊ အဖြစ်ဆိုးဝါးစေတယ်၊ အနှစ်မဲ့အသုံးမကျသူဖြစ်စေတယ် ဒါ့ကြောင့် ဖိုးချချင်စိတ်ကို ပယ်မှဖြစ်မယ် ဆိုပြီး အကြိမ်ကြိမ်ကြိုးစား ပွားများတော့ ဆေးဘဲဘဝကို ပျင်းမုန်းငြီးငွေ့လာပြီး ဆေးထပ်မချဘဲ နေနိုင်သွားပါမယ်။ လုံးဝပြတ်သွားတဲ့အခါ ဆေးဘဲဘဝ ချုပ်ငြိမ်းသွားပြီး ဘဝဒုက္ခတစ်ခု က နေ လွတ်မြောက်ချမ်းသာ သွားပါမယ်။ ဒါလောက်ဆိုရင် ဤကားဆင်းရဲတည်း ဆိုတဲ့စကားကို ပိုင်းပိုင်းခြားခြား ဝေဝေဘန်ဘန် ဝိဘဇ္ဇလုပ်ပြီး မဂ်ပညာ ဖိုလ်ပညာ ရသွားရင် ဘဝသံသရာက နေ လွတ်မြောက်နိုင်စွမ်းရှိသူ ပညာရှိ ဖြစ်သွားမှာကို နားလည်နိုင်မယ်ထင်ပါတယ် သူငယ်ချင်း ထိန်လင်းရေ။ မေတ္တာဖြင့်။ သတ်ထာဒဝေ မနုဿာနံ ( ၇၊ ၈၊ ၉ ) သူငယ်ချင်းများရဲ့ တောင်းဆိုချက်အရ ဘုရားရှင်တရားဟောကြားတဲ့အခါ အသုံးပြုခဲ့တဲ့နည်း ၉ နည်း အနက် ၆ နည်းကို ရှင်းပြခဲ့ပြီးပါပြီ။ အခု အမှတ်စဥ် ၇၊ ၈၊ ၉ ကို တပေါင်းတည်း ရှင်းပြပါမယ်။ သုတ္တနည်းဖြင့် ဟောကြားသောတရားများပါ။ သုတ္တ ဆိုတာ လက်သမားသုံးတံမျဉ်းကြိုး တစ်နည်း ပန်းသီကြိုးလို့ အဓိပ္ပါယ်ရပါတယ်။ သတ္တဝါဝေနေယျတို့ကို သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် ၄၅ ဝါပတ်လုံး မနေမနား ဟောကြားခဲ့တာဖြစ်လို့ တရားကွက်ပေါင်း မြောက်မြားစွာရှိခဲ့ပါတယ်။ ရှောင်စရာတွေနဲ့ ဆောင်စရာတွေကို စည်းသား စည်းခြားပြတဲ့တရားတွေ ဖြစ်လို့ တံမျဉ်းကြိုးအသုံးပြုပြီး စည်းသားတာနဲ့ နှိုင်းပြီး သုတ္တ အမည်ရတာ ဖြစ်နိုင်ပါတယ်။ သာသနာတော် တည်တံ့ ထွန်းကား ပြန့်ပွားရေးအတွက် သံဂါယနာ တင်ပွဲများမှာ ပိဋကသုံးပုံကို မပျောက်မပျက်ရအောင် ပန်းသီကြိုးနဲ့ သီကုံးစုစည်းပေးခဲ့ကြပါတယ်။ နိကာယ်ငါးရပ် ရှိပါတယ်။ ၁။ ဒီဃနိကာယ် သုတ်ရှည်ကြီးများ ၂။ မဇ္ဈိမနိကာယ် သုတ်အလတ်စားများ ၃။ အင်္ဂုတ္တရနိကာယ် အင်္ဂါအစိတ်အပိုင်းအရေအတွက်တူရာ စုစည်းထားသော သုတ်များ ၄။သံယုတ္တနိကာယ် ဆက်စပ်မှုရှိသောသုတ်များ ၅။ ခုဒ္ဒကနိကာယ် သုတ်ငယ်များ၊ အဘိဓမ္မာ၊ ဝိနည်း၊ အခြားသော အကြောင်းအရာများ တို့ဖြစ်ကြပါတယ်။ ဒီတရားစုတွေကိုပဲ တရားဟောနည်း ၉ နည်း သုံးပြီး ဟောခဲ့တာပါ။ ဂါထာဆိုတာ ကဗျာ နဲ့ဟောခြင်းဖြစ်ပြီး ဂေယျဆိုတာ ကဗျာနဲ့ စကားပြေ ( စုဏ္ဏိယ ) ပေါင်းစပ်ဟောကြား​ြခင်းဖြစ်ပါတယ်။ အဗ္ဘုတ အံ့ဩဖွယ်ရာများ ပါဝင်သောတရား ဘုရားရှင်က တရားနာသူ ကျွတ်တမ်းဝင်ဖို့အတွက် စရိုက်အလိုကိုကြည့်ပြီးဆုံးမ ပေးနိုင်ခဲ့ပါတယ်။ လူနတ်ဗြဟ္မာ သတ္တဝါအားလုံးရဲ့ ဆရာတစ်ဆူဖြစ်လို့ သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်နဲ့ ပြည့်စုံရခြင်းပါ။ ဆဋ္ဌမူပိဋကမြန်မာပြန်တွေကိုဖတ်ကြည့်တဲ့အခါ အရေးအသား ခေတ်ကွာခြားမှုကြောင့် ယနေ့လူငယ်တွေ နားလည်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါ့ကြောင့် ရဟန်းပညာရှိလူပညာရှိများက ခေတ်လူငယ်များ နားလည်အောင် ပြန်လည်ရှင်းလင်း ရေးသားပေးကြရပါတယ်။ အစမှာ ပြောခဲ့တဲ့အတိုင်း မိမိရဲ့တင်ပြချက်တွေမှာ လိုတာရှိရင် ဖြည့်ယူကြပါ။ ပိုတာတွေ့ရင် နှုတ်ပယ်ကြပါ။ ယိုင်တာတွေ့ရင် တည့်မတ်ပေးကြပါ လို့ ထပ်မံပန်ကြားရင်း အဆုံးသတ်ပါရစေ။ တောင်းဆိုသောသူငယ်ချင်းများ ကျေနပ်နိုင်ကြပါစေ။ မေတ္တာဖြင့် ပညာရေးတက္ကသိုလ်သင်ကြားနည်း ကျေးဇူးရှင် ဩသုဆရာကြီးဦးရန်အောင်ထံကနေ နာကြားသင်ယူခဲ့တာပါ။ ကိုယ်တိုင် က တော့ ပညာရေးတက္ကသိုလ်က အချော အလှလေးတွေဆီ သွားပြီး တပည့်မခံခဲ့ပါဘူး။ ရွာထဲက ဆရာမဆီမှာပဲ အနီးကပ် သင်ယူခဲ့တာ သူငယ်ချင်းရောင်းရင်းတွေ အသိဆုံးပါ။ 😁😁😁 အင်မတန် အသင်အပြကောင်းတဲ့ ဆရာကြီးဦးထွန်းကြွယ်ဆီက သင်နည်း ၄၀ မှတ်သားခဲ့ရတယ်လို့ ဆရာကြီးဦးရန်အောင်က ပြန်ပြောပြပါတယ်။ အဓိက သင်ကြားနည်း ၄ နည်း ရှိပါတယ်။ ၁။ ပို့ချသင်ကြားနည်း Lecturing method သင်ပေးသူနဲ့ သင်ယူသူတို့ အဆင့်များစွာကွာခြားတဲ့အခါ သုံးတဲ့နည်းပါတဲ့။ ဥပမာ ပထမနှစ်ကျောင်းသားတွေကို ပါမောက္ခဌာနမှူးက သင်ပေးရတဲ့အခါမျိုးမှာ ဒါတွေဒါတွေ သိထားဖို့လိုတယ်ဆိုပြီး ကျက်စရာမှတ်စရာများကို တိုက်ရိုက်ပို့ချသင်ကြားပေးတဲ့နည်း ဖြစ်ပါတယ်။ အသေးစိတ်ရှင်းပြဖို့ နားမလည်နိုင်သေးလို့ ဖြစ်ပါတယ်။ ၂။ သရုပ်ပြသင်ကြားနည်း Demonstration method သာမန်အားဖြင့် ကြားရုံမျှနဲ့ နားလည်ဖို့ခက်တဲ့ပညာမျိုးကို ပုံဆွဲပြခြင်း၊ ပုံစံတည်ဆောက်ပြခြင်း၊ လက်တွေ့သရုပ်ပြခြင်းမျိုးနဲ့ သင်ကြားပေးခြင်း ဖြစ်ပါတယ်။ ၃။ နည်းပြသင်ကြားနည်း Tutorial method ရှေးဦးစွာနည်းစနစ်ကိုသင်ကြားပေးပြီး တပည့်များကို ပုစ္ဆာပေး လေ့ကျင့်စေတဲ့နည်း ဖြစ်ပါတယ်။ ၄။ ဆွေးနွေးသင်ကြားနည်း Discussion method သင်ပေးသူနဲ့သင်ယူသူတို့ အဆင့်သိပ်မကွာတဲ့အခါ သုံးသင့်တဲ့နည်းပါ။ ဥပမာ မဟာဘွဲ့ကျမ်းပြုမည့်တပည့်နဲ့ ကြီးကြပ်သူဆရာတို့ဟာ အပြန်အလှန်ဆွေးနွေးဖို့လိုအပ်တာတွေ တွေ့ရမှာပါ။ အဲဒီလိုအခါမျိုးမှာ ဒီနည်းကို သုံးလေ့ရှိပါတယ်။ ဆရာ တပည့်အများစုဟာ ဒီ ၄ နည်းနဲ့ပဲ အများဆုံးအသုံးပြုပြီး သင်ပေးသင်ယူကြတာ ဖြစ်ပါတယ်။ ကျေးဇူးရှင်ဆရာကြီးဦးရန်အောင်က ဩဠာရိကသုခုမတိုင်းရင်းဆေးပညာကို သင်ပေးတဲ့အခါ၁၂ ရက် ရက်တိုသင်တန်းတွေမှာ အထက်ပါနည်း ၄ နည်းကို မသုံးကြောင်း ရှင်းပြပါတယ်။ သင်တန်းလာတက်သူတွေက အရွယ်စုံ အလွှာစုံက အရည်အချင်းအစုံ ရှိနေကြလို့ပါ။ ကိုယ့်ထက်ပညာအရည်အချင်းမြင့်သူလဲ ပါလာနိုင်ပါတယ်။ သရုပ်ပြနေဖို့ နည်းပြ​ပြီး လေ့ကျင့်နေဖို့ အချိန်မလုံလောက်သလို အပြန်အလှန်ဆွေးနွေးနေချိန်လဲ မရလို့ပါ။ သာသနာတော်မှာ ဉာဏ်အရာဧတဒဂ်ရမယ့် ရှင်သာရိပုတြာအလောင်းအလျာ ဥပတိဿပရဗိုဇ်ကြီးက ရှင်အဿဇိကို တရားတောင်းတဲ့အခါ သူသိထားတဲ့တရားကို တဆင့်ပြန်လည်တင်ပြတဲ့နည်း သုံးခဲ့ပါတယ်။ ယဓေမ်မာဟတေုပ်ပဘဝါ...ဧဝံဝါဒီ မဟာသမဏော ဆိုပြီး ဆရာအရှင် မြတ်ဗုဒ္ဓက. အကြောင်းကင်းသောအကျိုးတရားမည်သည် မရှိ၊ အကြောင်းချုပ်က အကျိုးလည်းချုပ်သွားတယ်လို့ သင်ကြားပေးတယ် ပြောလိုက်ပါတယ်။ ဉာဏ်အလွန်​ကြီးသူ ဖြစ်လို့ ပဋိစ္စသမုပ္ပါဒသဘောကိုနားလည်သွားကာ သောတာပန် တန်းဖြစ်သွားပါတယ်။ ဒါ့ကြောင့် ဩသုရက်တိုသင်တန်းတွေမှာ တစ်ဆင့်ပြန်လည်တင်ပြနည်း Representation method ကိုပဲသုံးလေ့ရှိပါတယ်။ Seminar တွေမှာ သုံးရတဲ့နည်းမျိုးပါ။ နှစ်ပေါက်ရက်ရှည်သင်တန်းတွေမှာတော့ ဆရာတပည့်နှစ်ယောက် ကြံဆသင်ကြားပေးနေတဲ့နည်းတွေ ထပ်ရှိပါသေးတယ်။ တေ့ဆက်သင်ကြားနည်း ချိတ်ဆက်သင်ကြားနည်း ကွင်းဆက်သင်ကြားနည်း ရစ်ဆက်သင်ကြားနည်း နဘေထပ်သင်ကြားနည်း စာပေါင်းသိုက်သင်ကြားနည်း အစုံပါပဲ။ လေ့လာချင်ရင်တော့ ကိုဗစ်ကာလလွန်မြောက်တဲ့အခါ ရက်ရှည်ဟောပြောပွဲတွေ လာနားထောင်ကြည့်ပါ လို့ ဖိတ်ခေါ်ပါတယ်။ မေတ္တာဖြင့် https://www.facebook.com/kyaw.myint.3760