Thursday, September 8, 2016

လိမ်တယ်ညာတယ် လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ်

"လိမ်တယ်ညာတယ် လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ်" by Dr Soe Min

ကိုယ်ငယ်ငယ်က အဖွားနဲ့ ခဏခဏ ခရီးသွားဖူးတယ်။ လူကြီးတွေနဲ့ ခရီးသွားရတဲ့အခါ သူတို့ပြောတဲ့ ရှေးဟောင်းနှောင်းဖြစ် ရာဇဝင်အူပေါက်တွေ သိကြားမှတ်သားရတာအပြင် သူတို့ဆီက လူကဲခတ်တဲ့ ပညာကိုလည်း အထိုက်အလျောက် ဆည်းပူးခွင့်ရတတ်ပါတယ်။ သူများတစိမ်းကိုမြင်ရင် ဥပဓိရုပ်နဲ့ အနေအထိုင်အပြောအဆိုကို အကဲဖြတ်ပြီး သည်လူဟာ ယုံရမယ့်သူလား၊ မယုံကြည်အပ်သောသူလား သူတို့ခန့်မှန်းလိုက်ရင် လွဲတယ်လို့ မရှိပါဘူး။ ဒါကြောင့်လည်း ကိုယ်တို့အဘွားဟာ မိန်းမတန်မဲ့ ရန်ကုန်မြို့ကြီး ခါးစောင်းတင် နေလာခဲ့တာပဲ။ သူ့မှာ လူလိမ်ခံရတယ်။ သူများက နှပ်ချလို့ ခံလိုက်ရတယ်။ အညာမိ၊ အတုမိတယ် လို့ ကြားကိုမကြားဖူးဘူး။ တော်ရုံနဲ့ ယုံခဲသလို သူယုံတဲ့သူဟာလည်း တကယ်ကို စိတ်ချလက်ချ ယုံကြည်အားကိုးလို့ရတဲ့သူတွေချည့်ပဲ။ အဓိကကတော့ သူ့မှာ မတော်လောဘ မရှိဘူး။ တဘက်လူက ရှိသင့်ရှိထိုက်တဲ့ ချိုသာလိုက်လျောမှုထက် အဆမတန် ပိုသာနေတယ် လို့ထင်ရင် သူက အသာလေးနောက်ဆုတ်လိုက်ပြီး အကဲခတ်တယ်။ တခုခုတော့ မှားနေမှာစိုးလို့။ သူများတန်ကြေးကို အကဲခတ်တတ်သလို ကိုယ့်တန်ကြေးကိုယ်လည်း မှန်မှန်ကန်ကန် သိတယ်။ အချောင်မနှိုက်တတ်ဘူး။ ကိုယ့်ကိုလည်း သူများက အချောင်နှိုက်မခံဘူး။ ဒီနေရာမှာတော့ သူ့ကို ကိုယ်လိုက်မမီဘူးလို့ ပြောရမှာပဲ။ ကိုယ်က ဘဝမှာ အလိမ်အညာခံခဲ့ရတာတွေ ရှိတယ်။ လူကဲခတ်မှားခဲ့တာတွေ ရှိတယ်။ ခြိမ်းခြောက်ဟိန်းဟောက်တာတွေ မကြောက်တတ်ပေမယ့် အချိုသတ်အပျော့ဆွဲကလေးနဲ့ မျှော်လင့်ချက်တွေ ပေးထားရင် အဟုတ်ကြီးမှတ်ပြီး ပါသွားတတ်တယ်။ တချို့အဖြစ်အပျက်တွေမှာ သူသာရှိသေးရင် ငါသည်လို အလှည့်ဖျားခံရမှာ မဟုတ်ဘူးလို့ သူ့ကိုပြန်ပြန် တ ရတာပေါ့။ အခုတော့ ကိုယ့်အသက်အရွယ်လည်း မိအရွယ်ဖအရွယ်တောင် မဟုတ်တော့ဘူး။ ဖိုးအရွယ်ဖွားအရွယ် ရောက်တော့မယ်။ သူ့တုန်းကလည်း ကိုယ့်အရွယ်လောက်ပဲ ရှိသေးတာ မဟုတ်လား။ သူ့မြေးကလေးကို သူများလိမ်တာညာတာ မခံရအောင် သင်ပေးပြပေးတဲ့နည်းတူ ကိုယ်ကလည်း ကိုယ့်သမီးလေးကို ကိုယ်မရှိတဲ့နောက် သူတပါး လိမ်ညာလှည့်ဖြားခံရခြင်း ကင်းအောင် သင်ပေးပြပေးဦးမှနဲ့ တူပါတယ်။

ဘဝမှာ သူများတကာ အလိမ်အညာ မခံရအောင် ပထမဦးဆုံး လိုအပ်ချက်က ကိုယ်ကိုယ်တိုင်က ဘယ်သူ့ကိုမှ မလိမ်မညာဖို့ လိုပါတယ်။ ကိုယ့်ဘက်ကတော့ လိမ်ထားပြီး သူများက ကိုယ့်ကို မလိမ်တာမညာတာ လိုချင်တယ်ဆိုတာ အဓိပ္ပါယ်မှ မရှိတာ။ နောက်ဆုံးတော့ အလိမ်အလိမ်ချင်းပဲ တွေ့မှာပဲ။ ဓါးနဲ့ဆားလဲသလိုဆိုတာ ကြားဖူးတယ် မဟုတ်လား။ ကိုယ့်သမီးရဲ့ဘဝမှာ သူတပါးက လိမ်တာညာတာ မခံရစေဖို့ အရင်ဆုံးကတော့ ကိုယ့်သမီးကိုယ် မလိမ်တတ်မညာတတ်အောင် ဆုံးမရမှာပဲ။ စကားမတည်တဲ့သူ၊ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတတ်သူ၊ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်သူတွေဟာ ဘယ်တော့မှ ယုံကြည်မှု မရနိုင်ဘူး။ ရခဲ့ရင်လည်း အဲသည်ယုံကြည်မှုက မခိုင်မြဲဘူး။ အလိမ်ပေါ်တဲ့တစ်နေ့ သွားတာပဲ။ ဆိုကြပါစို့။ ကိုယ်က သူများတစ်ဦးတစ်ယောက်ဆီမှာ ယုံကြည်မှုကို အခြေခံပြီး အကျိုးအမြတ် တစုံတရာကို ရယူလိုက်တယ် ဆိုပါစို့။ ကိုယ့်ဘက်က မမှန်မကန် လိမ်ညာလှည့်ဖျားယူခဲ့ရင် အဲသည်ပစ္စည်း ကိုယ့်လက်ထဲရောက်ချင် ရောက်လာမယ်။ အလိမ်ပေါ်တဲ့တနေ့ အဲသည်လူဆီက ယုံကြည်မှုကိုတော့ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး။ အဲ့ဒါဆိုရင် ကိုယ်က မယုံကြည်အပ်သောသူထဲ ပါသွားရော။ မယုံကြည်အပ်သောသူဆိုတာ ဘယ်သူနဲ့ ဆက်ဆံဆက်ဆံ တပန်းရှုံးတယ်။ ကိုယ်က အမှန်ကိုပြောတောင် ကိုယ့်ပါးစပ်က ပြောတဲ့စကား မုသားချည့်ပဲ လို့ အထင်ခံရတတ်တယ်။

မုသားဆိုတာ ဘုရားစူးကျိန်ကျိန် ကျမ်းစူးကျိန်ကျိန် လိမ်တာကလိမ်တာပဲ။ ကိုယ့်ပါးစပ်က ထွက်တဲ့စကားကို ဟိုလူ့မေးကြည့်ပါလား သည်လူ့မေးကြည့်ပါလား လို့ တခြားသူကို သက်သေထူနေရကတည်းက ဘယ်မှာတန်ဖိုးရှိလို့လဲ။ အကြိမ်တစ်ရာ ညာခဲ့ပြီးသား သူတစ်ယောက်ဟာ တစ်ရာ့တစ်ကြိမ်မြောက်ကျခါမှ အမှန်အတိုင်းပြော သစ္စာဆိုပြီး မီးပုံထဲခုန်ဆင်းလည်း ဘယ်သူကမှ ယုံမှာ မဟုတ်တော့ဘူး။ မုသာဝါဒါ ဝေရာမဏိဆိုတာ အလကားနေ ပညတ်ခဲ့တဲ့ သိက္ခာပုဒ် မဟုတ်ဘူး။ မုသားတစ်လုံးတည်းနဲ့ ကမ္ဘာကြီးတစ်ခုလုံး သွက်သွက်ခါ သွားနိုင်တယ်။ မိုးလုံးပြည့် မုသာဝါဒတွေနဲ့ ကိုယ်တို့မြန်မာပြည်ကြီး သန်းခေါင်ထက် ညဉ့်နက်ခဲ့တယ်။ မုသားအဆိပ်ဆူးဟာ အလိမ်ခံရတဲ့သူကိုမှ ဆူးစေသင့်စေတာ မဟုတ်ဘူး။ လိမ်တဲ့ညာတဲ့သူကိုယ်တိုင်မှာကို မောဟတွေတောင်လိုတက်လာပြီး မျက်ကန်းကြီးလုံးလုံး ဖြစ်သွားစေတယ်။ လိမ်လက်စနဲ့ အလိမ်မပေါ်အောင် ဆက်ကာဆက်ကာ လိမ်ရင်းလိမ်ရင်း နောက်ဆုံးမှာ အမှန်တရားနဲ့ ဝေးသည်ထက်ဝေးသွားရတယ်။

သမီးကတော့ ငယ်သေးတော့ သိမှာ မဟုတ်သေးဘူး။ ကိုယ်ကတော့ အသက်အရွယ်ရလာပြီမို့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ သေခါနီးကြီးတွေ မသေမချင်း သံသရာပါအောင် ကပြသွားတဲ့ မုသားဇာတ်ထုပ်ကြီးတွေ မြင်ခဲ့ပေါင်းများလှပြီ။ သူတို့ခမျာ လိမ်ရလွန်းအားကြီးလို့ ကိုယ့်ဘာသာကိုယ်တောင် လိမ်လို့လိမ်နေမှန်း မသိတော့ပဲ ငါတို့ကသာ အမှန်တရားတွေ လုပ်နေတာ။ ငါတို့ဘာလုပ်လုပ် တိုင်းပြည်အတွက်မို့ (တကယ်တမ်းတော့ ကိုယ်ကျိုးအတွက်) တရားတယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်ရင်း ကိုယ့်အသက်တမလွန်ရောက်သွားတာတောင် သားစဉ်မြေးဆက် လိမ်နိုင်မှ အသက်ရှင်နိုင်လိမ့်မယ် လို့ မုသားအမွေကြီးပေးရစ်ခဲ့ကြတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ်တင်မကဘူး။ မျိုးရိုးစဉ်ဆက်ကိုပါ ဆက်လိမ်ညာလှည့်ဖျားသွားခဲ့တာလေ။ ဘယ်သူမဆို ကိုယ့်ဘိုးကိုယ့်ဘွားကို ဘုရားတစ်ဆူ ဂူတစ်လုံး ကိုးကွယ်ချင်ကြတာချည့်ပဲ။ ဖွတ်ထွက်တဲ့တောင်ပို့ကြီးဖြစ်ဦးတော့ သူ့မှာကိုးကွယ်စရာ ဒါပဲ အမွေရှိတာ။ ဒါပဲ ကိုးကွယ်ရမှာပေါ့။ ကဲ ကြည့်စမ်းပါ။ သူများလိမ်ရတာ ကိုယ့်နောက် သံသရာပါရုံတင်မကဘူး။ ကိုယ့်မျိုးရိုးစဉ်ဆက်ပါ အကုသိုလ်အမွေ ဆက်ခံစေရတယ်။ ဘယ်လောက် လူဖြစ်ရှုံးသလဲ။ လူတွေက မျက်စိနဲ့ မြင်ရတဲ့ စိန်ရွှေ အိမ်မြေ စီးပွားဥစ္စာတွေကိုပဲ အလေးထားနေကြတာကိုး။ ယုံကြည်မှုဆိုတာကြီးကို ဘယ်နားသွားသုံးစားရမှန်း မသိဘူး မဟုတ်လား။ အေး။ မယုံတဲ့ဘဝမှာ တစ်ချက်တည်းနဲ့ ကျင်းဝင်ပါတယ်လို့ သတင်းစာထဲမှာ အခို်င်အမာပါလာတာတောင် ဘယ်သူမှ မယုံကြဘူး။ “အဲ့တော့ ငါက ကပြရမှာလား။ ဒချိ ဒချိ။” လို့ သြဘာပေးတဲ့သူက တော်တော် ယဉ်ကျေးနေပြီ။ ရွှေတွေငွေတွေမှ အမွေပေးလို့ရတာ မဟုတ်ဘူး။ မုသားတွေ ကျိန်စာတွေကိုလည်း အမွေပေးလို့ရတယ်။ မေတ္တာတွေ သစ္စာတွေကိုလည်း အမွေပေးလို့ရတယ်။ ကိုယ်သေတဲ့နောက် ကိုယ်ထားခဲ့တာ ကိုယ့်အမွေပဲ။ ကိုယ်ဘာတွေ ထားခဲ့တယ် ကိုယ့်ဘာသာ အသိဆုံး။

ကိုယ့်ဘက်က အမှန်အတိုင်း မလိမ်မညာ ဆက်ဆံပြီးရင် တဆက်တည်းမှာပဲ တဘက်လူကရော ကိုယ့်အပေါ်မှာ မလိမ်မညာနဲ့ အမှန်အတိုင်းဆက်ဆံရဲ့လားဆိုတာ အကဲခတ်တတ်ဖို့လည်း လိုလာပြန်ပါတယ်။ လူမှုဆက်ဆံရေးဆိုတာ တစ်ကြိမ်တစ်ခါနဲ့ ပြီးတဲ့ ကိစ္စ မဟုတ်ဘူး။ ရေစက်ရှိသ၍ ဆုံတွေ့ဆက်ဆံနေရဦးမှာ ဖြစ်တယ်။ အဲ့ဒီတော့ အဖွားပြောတဲ့စကား ရှိတယ်။ လူဆိုတာ အမှတ်သည်းခြေ ရှိရတယ်တဲ့။ အဲဒီအမှတ်သည်းခြေဆိုတာ အငြိုးအတေးနဲ့ မတူဘူး။ ကိုယ့်ကို ညာပြောတဲ့သူကို ကလဲ့စားချေမယ်။ ကိုယ့်ဘက်ကလည်း အမှန်အတိုင်းမပြောဘူး။ ဒီလူနဲ့ နောက်မဆက်ဆံဘူး။ အဲ့သလိုမျိုး လုပ်လို့ရတာ မဟုတ်ဘူး။ အဲ့ဒါ ကလေးစိတ်ခေါ်တယ်။ သဘောထားသေးသိမ်တာ။ သဘောထားပြည့်ဝတဲ့သူကျတော့ မယုံကြည်အပ်သောသူကို သတိနဲ့သာ ဆက်ဆံတယ်။ ဘာတစ်ခုမှ ပုံအပ်မထားဘူး။ သူပြောတဲ့စကား အတိမ်အနက် ဘယ်ဟာကို ဘယ်လောက်အထိ ဘယ်အတိုင်းအတာ ယုံလို့ရတယ် ယုံလို့မရဘူးဆိုတာ ကိုယ့်အသိဉာဏ်နဲ့ ချင့်ချိန်ရတယ်။ သူနဲ့သွားပြီး “ပေါက်တဲ့သူ မှန်မှန်ပြော အီးဘွတ်တရားဟော” ဆို စကားနိုင်လု ငြင်းခုန်နေလို့ အလုပ်မပြီးဘူး။ မိတ်ပျက်မယ်။ လူတိုင်းလူတိုင်းမှာ ဘယ်သူက ဘယ်လောက်အထိ ယုံကြည်စိတ်ချလို့ရတယ်ဆိုတဲ့ Credibility Index ရှိတယ်။ အဲ့ဒါလေးသိရင် ဘယ်သူနဲ့မဆို ဆက်ဆံလို့ရတာပေါ့။ သူ့ဟာသူ လိမ်ချင်သလောက်လိမ် ကိုယ်ယုံမှ ဖြစ်တာ မဟုတ်လား။ ကိုယ်နဲ့ဆက်ဆံတဲ့သူတစ်ယောက်ကို ဘယ်လောက်အတိုင်းအတာထိ ယုံကြည်လို့ရမလဲဆိုတာ သိချင်ရင် ကိုယ်နဲ့သူနဲ့ ဆက်ဆံတဲ့ကာလတလျှောက် သူကိုယ့်အပေါ် ဘယ်အတိုင်းအတာထိ အမှန်အတိုင်းပြောသလဲဆိုတာ သတိထားကြည့်ပေါ့။ လိမ်ဖူးသလား။ ဘယ်နှစ်ခါလိမ်ဖူးသလဲ။ အဓိကအားဖြင့်တော့ သူ့ဆီမှာရှိတဲ့ ကာယကံ ဝစီကံ မနောကံတွေဟာ တစ်ခုနဲ့တစ်ခု အဆက်အစပ် အဆီအငေါ်တည့်ရဲ့လား။ စိတ်ထဲရှိတာ တစ်မျိုး ပါးစပ်ကပြောတော့တစ်မျိုး၊ လက်တွေ့လုပ်တော့ တစ်မျိုး ဖြစ်နေတတ်သလား အကဲခတ်ရပါတယ်။

နောက်တစ်ခုကတော့ တဘက်လူပြောတဲ့စကားကို ကိုယ့်အသိဉာဏ်နဲ့ ချိန်ထိုးပြီး ဖြစ်နိုင်မဖြစ်နိုင် ယုတ္တိယုတ္တာရှိမရှိ ဆင်ခြင်ရတာပါ။ Logical thinking ပေါ့။ သည်အပိုင်းကတော့ အခုခေတ်လူတွေ တော်တော်ပဲ အားနည်းသလား မပြောတတ်ပါဘူး။ ဖေ့စ်ဘုတ်ပေါ်ငွေဝင်မယ် လာဘ်ရွှင်မယ်ဆိုလို့ ရှဲလိုက်ကြတဲ့ပုံတွေ မနည်းမနောကြီး။ နဂါးတစ်သိုက်နဲ့ ခေါင်းလောင်းလုနေတာလည်း ယုံကြတုန်း။ ဘယ်သူဘာပြောပြောယုံတာ နုံတယ် လို့ခေါ်တယ်။ လူနုံလူအကြီး မဖြစ်ချင် ဘာမဆို ကိုယ့်ဦးနှောက်နဲ့ကိုယ် ချင့်ချိန်စဉ်းစားရတယ်။ သည်အခါမျိုးမှာ မှားတတ်တာက ကိုယ်က ယုံချင်နေတဲ့သူကပြောရင် ဘာမှမပြောချင်ကတည်းက မျက်စိမှိတ်ပြီး ယုံထားတာမျိုးဟာ မှားတတ်တယ်တဲ့။ ငယ်ငယ်က ကိုယ်တို့ရွာမှာ ကားမရှိဘူး။ ကိုယ်တို့ရွာက ကလေးတွေ ကားမမြင်ဖူးဘူး။ ကိုယ့်ဦးလေးတစ်ယောက်က ရန်ကုန်အလည်လာတာ အပြန်ကျတော့ ကားသမား အိပ်ငိုက်နေလို့ သူဝင်မောင်းပေးခဲ့ရတယ် လို့ပြောတဲ့အခါ သူ့အမေက ယုံတယ်။ အဖွားကတော့ ဘာမှမပြောပါဘူး။ အိမ်ပြန်ရောက်တဲ့အခါကျမှ “ကားမောင်းတယ်ဆိုတာ နွားလှည်းမောင်းသလို ကြုံရာလူတက်မောင်းလို့ရတာမှတ်လို့” လို့ပြောတယ်။ “သူ့အမေကတော့ ယုံရှာမယ်လေ။ သားကပြောတာကိုး။” လို့ မှတ်ချက်ချတယ်။ အဖွားဟာ “ကျွန်ယုံတစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း” ဆိုတဲ့ စကားကို လက်ကိုင်ထားတယ်။ သူအင်မတန်ချစ်တဲ့ ကိုယ့်စကားတောင် အခါခပ်သိမ်း အမှန်အတိုင်းပြောလိမ့်မယ် လို့ ယုံတာ မဟုတ်ဘူး။ သူ့ဘာသာသူ ချင့်ချိန်စဉ်းစားတယ်။ တခါတခါမှာ ကိုယ်ညာနေမှန်းသိလည်း သူဘာမှ မပြောဘူး။ ယုံချင်ယောင်ဆောင်ပြတယ်။ ဒါပေမယ့် သူမယုံတာ ကိုယ်ကသိနေတော့ ညာလို့မရဘူး။ အဖွားဆုံးကာနီးမှာ ကိုယ့်အမေကို ဆုံးမစကားတစ်ခွန်း (တကယ်တော့ စိတ်ဆိုးလို့ပြောတဲ့စကား) ပြန်သတိရလာတယ်။ “ညည်း သားသမီးတွေယုံရင် ဒုက္ခများမယ်နော်။ ခြောက်ယောက်ကြီးတောင် မွေးထားတာ။” တဲ့။ မိဘ နဲ့ သားသမီးမှာတောင် အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး ယုံသင့်သလောက်ပဲယုံတာ ကောင်းတယ်ဆိုတာ ကိုယ်လည်း နောင် အသက်တွေရတော့ သဘောပေါက်လာပါတယ်။

ဒါဆိုရင်တော့ ဘယ်သူ့ကိုမှ မယုံပဲ သံသယကြီးနဲ့ ဆက်ဆံနေရတော့မှာပဲ။ အဲသလိုတော့လည်း မဟုတ်သေးဘူး။ ယုံတာတော့ ယုံလို့ရတယ်။ ပုံမအပ်တာ တစ်ခုပဲ။ ဒီနေရာမှာတော့ အတွေ့အကြုံ နဲ့ အတွေးအခေါ်က အများကြီး စကားပြောတယ်။ ကိုယ်တွေ့ဖူးသော အင်မတန်ချမ်းသာတဲ့ သူဋ္ဌေးကြီးတစ်ယောက် ရှိတယ်။ သူက လူကြီးပီပီ ဘယ်သူ့ကိုမှ ပုံအပ်ပြီး မယုံဘူး။ ယုတ်စွအဆုံး ကားစီးရင်တောင် ဒရိုင်ဘာကို သူ့အသက် ပုံအပ်မထားဘူး။ ခါးပတ်ပတ်လျက် Hand Brake ကြီး လက်ကကိုင်ပြီး စီးတယ်။ မတော်လို့ တစ်ခုခုဖြစ်ရင် သူ့ဘာသာသူ ဘရိတ်အုပ်နိုင်အောင်လို့တဲ့။ သူ့အတွေးနဲ့သူ ရယ်တော့ အရယ်ရသား။ သူတို့ခေတ်တုန်းကတော့ အခုလို Plan B တွေဘာတွေ လူရှိန်အောင် ဘိုလိုညှပ်ပြောတဲ့ခေတ် မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် ရှေးလူကြီးများကတော့ သူတို့မှာ မိုးမပြို ပြိုခဲ့သော် ဆိုတဲ့ ထွက်ပေါက်တစ်ခု သူတို့မှာ ချန်ထားတယ်။ ကိုယ်ယုံကြည်ထားတဲ့သူက ယုံကြည်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့သော် ဘာလုပ်ကြမလဲဆိုတဲ့ အစီအစဉ်တစ်ခု သူတို့မှာ ရှိတယ်။ တွေးတဲ့အခါမှာလည်း ကိုယ်သာ သူ့နေရာမှာဆို ဘယ်လိုလုပ်မလဲဆိုတဲ့အတွေး အမြဲ ထည့်စဉ်းစားတယ်။ အဲ့ဒီအခါ သူတို့အတွေးတွေက တဘက်သတ်မကျတော့ပဲ တဘက်လူရဲ့စိတ်ကို ထိုးဖောက်မြင်ရသလို ထက်မြက်လာတယ်။ သူများစိတ်ကို အတတ်ဟောနိုင်တယ်ဆိုတာ သူတို့ဗိုက်ထဲမှာ ပုဏ္ဏားလေး ရှိလို့မဟုတ်ဘူး။ သူများနေရာက ဝင်ဝင်စဉ်းစားတတ်လို့။

ကျန်တာကတော့ အသက်ကြီးတဲ့သူတွေမှာ ရလာတဲ့ အားသာချက်လို့ ပြောရမှာပဲ။ အတွေ့အကြုံတွေများတော့ အကင်းပါးလာတာလေ။ သွားရင်းလာရင်း ကိုယ်နဲ့ တစ်ခါမှ မသိဘူး မကျွမ်းဘူးတဲ့သူတွေကိုတောင် အကဲခတ်တတ်လာတယ်။ မိန်းမလုပ်တဲ့သူက “မှောင် မှောင်” နဲ့ ပြာပြာသလဲ အကဲပို လူ့ရှေ့သူရှေ့ ဖက်လှဲတကင်းနေပြရင် သူကတန်းပြောတာ။ “အဲ့ဒါ ငယ်လင်ငယ်မယား မဟုတ်ဘူး။” တဲ့။ အစကတော့ ကိုယ်လည်း သူ ရမ်းတုပ်မန်းအုပ်လုပ်တာ မှန်ချင်တဲ့အခါ မှန်တာပေါ့ လို့ ထင်မိသေးတယ်။ နောက်တော့ ကိုယ်တိုင်အရွယ်လေးရလာတော့ သဘောပေါက်လာတယ်။ ငယ်လင်ငယ်မယားတွေ သည်လို နေလေ့မရှိဘူး။ ငယ်တုန်းကနေလည်း ကြီးတဲ့အခါ မျက်စိအောက်က အပျောက်မခံရင်သာနေမယ်။ ပလီမလာ တီတီတာတာ လုပ်မနေတော့ဘူး။ ငယ်တုန်းက ဘေးလူတွေ မျက်စိရှက် နားရှက်လောက်အောင် ကဲသည်းတွဲချွဲပြတဲ့ စုံတွဲတွေဟာ စလည်ဝင်ဖင်မည်းတဲ့အထိ မခံဘူး။ အိုကြီးအိုမနဲ့ ဖစ်ဖစ်တုံးရေ ချစ်ချစ်ဆုံးရေ လုပ်နေရင် အဲ့ဒါ ညားကာစမို့။ သီအိုရီတွေ ဟိုပိုးသီးစစ်တွေ ထုတ်ပြနေတာ မဟုတ်ပါဘူး။ မျက်စိနဲ့ တပ်အပ် မြင်ခဲ့ကြားခဲ့သိခဲ့တာတွေ။ ဘယ်သူဘယ်ဝါ ဘယ်တုန်းက ဘယ်ချမ်းသာ မပြောချင်လို့။ ဖြစ်ရိုးဖြစ်စဉ် ဖြစ်သင့်ဖြစ်ထိုက်တာထက် ပိုနေချွန်ထွက်နေတဲ့အခါ ပုံမှန်မဟုတ်တဲ့ အချင်းအရာ တစ်ခုခုတော့ ရှိနေလိမ့်မယ် လို့ ကိုယ့်ဟာကိုယ် အလိုလို သိလာတာ အသက်ကသင်တဲ့ သင်ခန်းစာပဲ။ သူများက ကိုယ့်ကို လိမ်ချင်ညာချင်ဇောနဲ့ ဖောရှောတွေ ရွှန်းရွှန်းဝေနေအောင် နှူးနှပ်နေပြီဆို သူတို့က အလိုလိုသိတယ်။ ငါးစာချည့်ပဲ မဟုတ်ဘူး။ ငါးမြှားချိပ်ပါ ပါတယ် လို့။ သဘောကောင်းမှာပေါ့။ ငါ့ကိုပဲဟာ။ တခြားလူမှ မဟုတ်ပဲ။ ငါနဲ့တွေ့ရင် ဘယ်သူ သဘောမကောင်းပဲ ခံနိုင်လို့လဲ။ အဲ့လိုမျိုး ကောင်မလေး ငါ့ကို ကြိုက်တယ် ခိုက်တယ် ဆိုပြီးတော့ ဆိုတဲ့သူတွေပဲ လေးဆယ်ကျော်တောင် ကံမပေါ်ပဲ အကြိမ်ကြိမ်ကျန်ရစ်ဖြစ်တာ။ (တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါ)

သူပြောမှပဲ ငယ်လင်ငယ်မယား အသည်းစွဲအောင်ချစ်၊ အရိုးကွဲအောင်ချစ်၊ ဖြတ်ဖြတ်လူးချစ်တွေ နေစရာမရှိဖြစ်တော့မယ်။ ဟိုအန်ကယ်ကြီးလို “ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်ကလေး ရင်မှာ ခံစားရမှာလား။ ကဲကွယ် ပြောစမ်းပါ။” ဆို သူများသီချင်း ယူဆိုရမလို ဖြစ်နေပြီ။ တကယ်လို့ အဲသလိုမျိုး အကဲပါပြီး သည်းသည်းမည်းမည်း ခံစားနေရတဲ့ အချစ်စိတ်ဆိုတာမျိုးဟာလည်း သည်အတိုင်း လွှတ်ထားလို့မရဘူး။ အဟန့်ကလေးနဲ့ ဘရိတ်အုပ်ပေးရတယ်။ ဘာဖြစ်လို့ဆိုတော့ ကောက်ရိုးမီးများလို ဟုန်းကနဲတောက်ပြီး ကုန်သွားမှာစိုးလို့။ နောက်တစ်ချက်က ကိုယ့်ဘက်မှာ တခြားလူအပေါ် ချစ်စိတ်တွေတအားလွန်ကဲနေရင် အဲ့ဒါကို မြန်မာစကားနဲ့တော့ မွှန်တယ် လို့ခေါ်တယ်။ မွှန်နေတဲ့လူဟာ အမှန်ကိုအမှန်အတိုင်း မမြင်နိုင်ဘူး။ သူများစိတ်ကို မပြောနဲ့ ကိုယ့်စိတ်မှာ ဘာဖြစ်လို့ဖြစ်နေမှန်း ကိုယ့်ဘာကိုယ် ဘာလုပ်လို့လုပ်မိမှန်းတောင် မသိတော့ဘူး။ ဒီလိုအချိန်မှာ ဆုံးဖြတ်တာတွေဟာ အကုန်မှားတတ်တယ်။ ကိုယ်ချစ်တဲ့သူနဲ့ မှားတာပဲ။ ဆယ်ခါပြန်မှားစမ်းပါစေ။ ဘာဖြစ်သေးလဲ လို့ မတွေးနဲ့။ အဲသည်ကိုယ်ချစ်တဲ့သူဆိုတာကပဲ ကိုယ့်အပေါ်မှာ တကယ်ချစ်ပါ့မလား။ ကိုယ့်ဘဝနဲ့ပုံပြီး ယုံကြည်ရတဲ့သူ ဟုတ်ပါ့မလား။ ဆိုတာ အကဲမခတ်နိုင်ရင် အလှည့်စားခံရပြန်ရော။ အလိမ်အညာခံရတဲ့အထဲမှာ အဲသလို အချစ်ရေးနဲ့ ပတ်သက်ပြီး အညာခံရတာ အဆိုးဆုံးပဲ။ အသည်းထဲကကို နာတာကိုး။ နောက်တော့မှ “အိုး ဖေတို့မေတို့။ အတည်းနာနွန်းနွန်းနို့။” ဆိုတဲ့အချိန်ကျတော့ ပြင်မရတော့ဘူး။

လိမ်တဲ့ညာတဲ့စကားကို မကြားချင်ရင် ကိုယ့်ဘက်ကလည်း တဘက်လူကို လိမ်ကိုလိမ်မှ ဖြစ်တော့မယ်ဆိုတဲ့ အခြေအနေမျိုး မဖန်တီးရဘူး။ ဒီကိစ္စ သူ့နေရာမှာ ငါသာဆိုလည်း အမှန်အတိုင်းပြောဖို့ လွယ်မှာ မဟုတ်ဘူး ဆိုတာ သဘောပေါက်ရင် အာဘောင်အာရင်းသန်သန်နဲ့ အငြင်းအခုန် လုပ်မနေနဲ့။ အမှန်က ဘာလဲ ကိုယ့်ဘာသာ သိအောင် လုပ်ရတော့မယ်။ လိုအပ်လာလို့ အမှန်တရားကို ဖော်ထုတ်ရတော့မယ်ဆိုတဲ့ အချိန်ကျမှ တဘက်လူ မငြင်းနိုင်အောင် အထောက်အထား ခိုင်ခို်င်မာမာနဲ့ ဟန်ဆောင်မျက်နှာဖုံးကို ကွာကျအောင် လုပ်ပေးရတယ်။ အဲ့သည်ပညာကတော့ တို့မေကြီးဆီက အတုခိုးမိတာပါ။ ဒီနေရာမှာ သူ့ကိုမီတဲ့သူ တစ်ယောက်မှ မတွေ့ဖူးဘူး။ သူ့ကြောင့် လူတော်တော်များများရဲ့ အတွင်းစိတ်ကို ပရိသတ်ဗိုလ်ပုံအလယ်မှာ အတိုင်းသား သိခဲ့ရတာ ခဏခဏပဲ။ ဒါပေမယ့် အဲ့ဒါ လူလိမ်မာအလုပ်တော့ မဟုတ်ဘူး။ လူမုန်းများစေတယ်။ အနည်းဆုံးတော့ လူလိမ်လူညာတွေက သူ့ကို မျက်မုန်းကျိုးစေတာပေါ့။ လိမ်မာတဲ့သူက ကိုယ်မယုံတာ ကိုယ့်စိတ်ထဲမှာပဲ ထားတယ်။ အပြင်ကို မထုတ်ဘူး။ သူများတွေ အလိမ်မခံရအောင်လို့ သူ့ဘာသူ အလိမ်ပေါ်အောင် ဖော်ထုတ်ပေးတာပေမယ့်လည်း လိမ်မယ့်သူက လိမ်မရတဲ့အခါ ကိုယ့်အပေါ် ရန်ငြိုးထားတယ်။ ဒါကြောင့် သူ့ခမျာ သန်း ၅၀ သည်းသည်းလှုပ် ချစ်နေတာတောင် အယောက် ၅၀ မပြည့်တဲ့ လူလိမ်လူညာတွေက ခါးခါးသည်းသည်း မုန်းတီးဆဲဆိုတာ ခံနေရရှာတယ်။ သူများက လိမ်တာညာတာကို သိပြီးသဘောပေါက်ပြီးပြီဆိုရင် အဲသည်လိမ်တာညာတာကို မသိချင်ယောင်ဆောင်ပြီး ကိုယ့်ကိုမထိခိုက်အောင် ဥပါယ်တမျှင်နဲ့ ကာကွယ်တတ်ဖို့ လိုသေးတယ်ဆိုတာက နောက်တစ်ဆင့်ပေါ့။ နို့မို့ ဘာလုပ်မှာလဲ။ မျက်လှည့်ပွဲသွားပြီး ဝှက်ထားတဲ့ဖဲချပ်တွေ ဆွဲထုတ်ပြသလိုဖြစ်နေမှာ။ တချို့လူတွေဟာ လှည့်စားမှုတွေနဲ့ အန်တာတိန်းဖို့လိုတယ်။ သိပ်အများကြီး ထိခိုက်နစ်နာတာ မဟုတ်ဘူးဆိုရင် အညာခံပလေ့စေ။ လွှတ်ထားပေးလိုက်။ ကိုယ်ကသာ ဘယ်ဟာအမှန်လဲ သိထားဖို့လိုတာ။

လူတစ်ယောက်ဆီက လိမ်တာညာတာ မကြားချင်ရင် အဲသည်လူကို မလိမ်လို့မဖြစ် အမှန်အတိုင်းပြောလို့မဖြစ်တဲ့ အခြေအနေမျိုးကို အတင်းတွန်းမပို့ရဘူးဆိုတာ သူများတစိမ်းနဲ့ ဆက်ဆံရေးကိုပဲ ပြောတာ မဟုတ်ပါဘူး။ မိဘ နဲ့ သားသမီးကြား၊ လင်နဲ့မယားအကြားမှာလည်း ကိုယ့်ကို မလိမ်မဖြစ် လိမ်ပြောရတဲ့အဖြစ်မျိုးမရောက်အောင် သတိထားဖို့လိုတယ်။ အဲ့ဒါကတော့ ကိုယ်ကိုယ်တိုင် မိဘနေရာရောက်လာတော့မှ သဘောပေါက်တာပါ။ မကြာသေးခင်က သူငယ်ချင်းတစ်ယောက်ဟာ အရွယ်ရောက်စ သမီးဖြစ်သူကို စိတ်မချနိုင်လွန်းလို့ ဘယ်သူတွေနဲ့ ပေါင်းနေသလဲ။ ဘာစကားတွေ ပြောနေသလဲ။ ရိုးရိုးလား ဆန်းဆန်းလား။ ဖုန်းထဲက ပါ့စ်ဝါဒ်တောင်း။ သူတို့ချင်း ပြောတဲ့စကားတွေကို လိုက်အကဲခတ်သတဲ့။ တချို့သမီးရည်းစား လင်မယားတွေလည်း သည်လိုပဲ လုပ်လေ့ရှိပါတယ်။ အဲသလို လုပ်ခြင်းအားဖြင့် သူတို့သဘောကတော့ အချိန်မလွန်ခင် ကြိုသိနိုင်တယ်ပေါ့။ ကိုယ်ကတော့ အဲ့ဒါ မှားတယ်လို့မြင်တယ်။ တကယ့်မိဘနဲ့သားသမီး၊ ငယ်ပေါင်းအကြောင်းသိ လင်နဲ့မယားဆိုတာ လက်ပူးလက်ကြပ် လက်ဆုပ်လက်ကိုင်မိမှ အခို်င်အမာ သက်သေထူပြီး အတိအကျ စွပ်စွဲစရာ မလိုဘူး။ မှန်လိုအရိပ်ကြည့်နေလာတာ ဖြစ်တဲ့အတွက် သူ့စိတ်ထဲမှာ ဘာဖြစ်နေသလဲ အလိုလို သိတယ်။ ဒါဖြင့်ရင် ကိုယ့်ဘက်က တဘက်သတ် သံသယနဲ့ တွေးထင်ထားသမျှ အမှန်တွေပေါ့ လို့ ကောက်ချက်ချရမှာ မဟုတ်ဘူး။ စိတ်ထဲမှာ တစုံတခုကို စနိုးစနောင့်ဖြစ်လာပြီဆို ပွင့်ပွင့်လင်းလင်း ဖွင့်မေးလိုက်။ ဒီအခါမှာ သူက အမှန်ကိုသော်လည်းကောင်း ပြောလိမ့်မယ်။ လိမ်ချင်ညာချင်လည်း လိမ်လိမ့်မယ်။ အမှန်ကို ပြောတာဆို ကိစ္စမရှိဘူး။ ကိုယ့်ဘက်က သံသယရှင်းသွားပြီ။ ညာတယ်လို့ သင်္ကာမကင်းဖြစ်ရင် အဲသည်ကိစ္စကို ပုလိပ်စစ်စစ်သလို ဟိုဘက်ကလှည့်မေးလိုက်၊ သည်ဘက်ကလှည့်မေးလိုက်၊ ရှေ့စကားနောက်စကားတွေ ဆက်စပ်ပုံဖော်မနေနဲ့။ တစိမ်းတွေမှ မဟုတ်တာ။ သူ့စိတ်ကို ကိုယ်သိနေတယ် မဟုတ်ဘူးလား။ ညာလက်စနဲ့ ညာပြီးရင်းဆက်ညာခို်င်းသလို ဖြစ်လိမ့်မယ်။ တချို့နေရာတွေမှာ လိမ်နေမှန်းသိပေမယ့်လည်း အဲသည်လိမ်တဲ့စကားကြီးက လူသိရှင်ကြား တရားဝင်ဖြစ်သွားမှာ စိုးတဲ့အတွက် မသိချင်ယောင်ဆောင်တာက ပိုကောင်းပါတယ်။ ကိုယ့်ဘာကိုယ် သိနေရင် ပြီးတာပဲလေ။ သူများသိစရာမှ မလိုတာ။

ဒီအခါမှာ ကိုယ့်ဘက်က ပြင်ဆင်ထားစရာတစ်ခုပဲ ရှိတယ်။ ကိုယ်ထင်တဲ့အတိုင်း ဖြစ်နေခဲ့ရင် ဘာဆက်လုပ်မလဲ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အကျိုးဆက်ကို မဖြစ်မနေ ဆက်တွက်ရတော့မယ်။ “သစ္စာ မရှိတဲ့ ယောက်ကျား။ မပေါင်းဘူး။ ကွာမယ် ကွာမယ်။” “စနှိုက်ကျော်မ။ ညည်းမှာ လင်ရှားသလား ဟင်။ ဖြန်း။” အဲသလိုမျိုး စိတ်လိုက်မာန်ပါ တုန့်ပြန်မှုတွေဟာ ကိုယ်လိုချင်တဲ့ အဖြေကို ရတတ်သလား။ သည်တစ်ခါ ခြံခုန်တာကို ပတ်ကြမ်းတိုက် ထိမ်းနိုင်တော့ရော အဲသည်ယောက်ကျားက နောက်တစ်ခါ ခြံမခုန်ပဲနေပါ့မလား။ အိမ်ထောင်ရေးကိစ္စတွေဆိုတာ ပေါင်းသင်းဆက်ဆံရေး လူမှုရေး ကိစ္စတွေထက် နက်နဲရှုတ်ထွေးပါတယ်။ ကိုယ်တွေ့ သင်ခန်းစာကို လက်ဆင့်ကမ်းပေးရမယ်ဆိုရင်တော့ တစ်သက်လုံး ကိုယ်နဲ့ အတူတူနေရမယ့်သူကို မညာနဲ့။ ကိုယ်ကလည်း အညာမခံနဲ့။ မပေါ်လောက်ပါဘူးလေ။ မသိလောက်ပါဘူးလေ ဆိုတာ မရှိဘူး။ စောစောကပြောသလို အနေကြာလာတော့ တစ်ယောက်စိတ်ကိုတစ်ယောက် အလိုလိုခံစားသိမြင်လာခဲ့ပြီးသား။ ကိုယ်နဲ့အိမ်ထောင်ဘက်ဆီက ယုံကြည်မှု ဆုံးရှုံးခဲ့တဲ့သူတစ်ယောက်ဟာ ဘယ်သူ့ဆီကမှ ထပ်ရဖို့ မလွယ်တော့ဘူး။

အညာတကာ့အညာထဲမှာ အဆိုးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ညာရတာပါပဲ။ အလိမ်အညာတွေများလို့ ကိုယ့်ကို ဘယ်သူမှ ယုံမယ့်သူမရှိတဲ့အခါ ဒါမှမဟုတ် သူများကို ဘယ်လောက်ပဲလိမ်လိမ် ကိုယ့်စိတ်ထဲက အမှန်တရားကို သိနေတဲ့အတွက်ကြောင့် အပြစ်မကင်းသလိုခံစား လိပ်ပြာခြောက်လှန့်တဲ့အခါ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်ကြတယ်။ မလွှဲသာလို့ သည်လိုလုပ်ရပါတယ်။ ကိုယ့်နေရာမှာ တခြားလူဆိုလည်း သည်အတိုင်းမလုပ်တဲ့သူ မရှိပါဘူး။ မုသားမပါ လင်္ကာမချောတဲ့။ အဖြူရောင် မုသားကလေးပါ။ ဒါလိမ်တာမှ မဟုတ်ပဲ။ အဲ့သလိုမျိုး ဆင်ခြေမျိုးစုံနဲ့ ကိုယ့်ကိုယ်ကိုယ် လျှောက်လဲချက်ပေးရင်းကနေ နောက်ဆုံးကျတော့ ကိုယ်လုပ်တာသာအမှန်။ ကိုယ်ပြောတာသာအမှန် လို့ မောဟအမှောင်တိုက်တွေ ပိတ်ဖုံးသွားတတ်ပါတယ်။ သည်အခြေအနေမှာတော့ သူသုံးခဲ့တဲ့ မုသားအဆိပ်ဟာ တခြားလူကို မစူးပဲ သူ့ကိုယ်သူပြန်စူးပါတော့မယ်။ အမှောင်တကာ့အမှောင်ထဲမှာ မောဟအမှောင်ဟာ အဆိုးဆုံးတဲ့။ သူ့မှာရှိတဲ့ ပညာအလင်းရောင်တွေပါ မှေးမှိန်ပျောက်ကွယ်သွားပါလေရော။ တချို့လူတွေ ပညာတတ်သလောက် မိုက်တွင်းနက်တယ်ဆိုတာ အဲသည် မုသားလှေကားထစ်တွေက ဆင်းသွားတာပါပဲ။

အဆုံးသတ်မှာတော့ ကိုယ့်သမီးကိုယ် လူရေလည်အောင် သင်တယ်ဆိုတာ လူပေါ် လူညွန့်ခူးစားဖို့၊ ကတုံးပေါ်ထိပ်ကွက်ပြီး ဂျင်ပေါ်ကထုံးလို မွှတ်နေအောင် လည်နိုင်ဖို့၊ စကားတန်ဆာ အလင်္ကာတွေနဲ့ ငါ့စကားနွားရပြောတတ်ဖို့ မဟုတ်ပါဘူး။ သူများလိမ်တာ မခံရဖို့နဲ့ ကိုယ်ကိုယ်တိုင် မလိမ်မညာတတ်ဖို့ ဆို တော်ပြီ။ သူများဆီက အမှန်စကားကို ကြားချင်တဲ့သူဟာ ကိုယ်ကိုယ်တိုင် မုသားကင်းအောင် နေရတယ်။ လူတဘက်သားရဲ့ အတွင်းစိတ်ကို သိနိုင်ဖို့ ကိုယ်ချင်းစာစိတ်ကို အရင်မွေးရတယ်။ ရာသက်ပန်ရိုးမြေကျ ပေါင်းသင်းကြမယ့် အိမ်ထောင်ဘက်တွေအကြားမှာ မုသားဆိုတာနဲ့ ဖုံးဖိလို့မရဘူး။ ဘယ်လောက်ပဲ လုံခြုံတဲ့ မုသားဖြစ်ပစေ အချိန်ကစကားပြောလာရင် ဘွားကနဲပေါ်လာတတ်စမြဲပဲ။ လူတစ်ယောက်ဟာ ယုံကြည်မှုကို ဆုံးရှုံးရပြီဆိုမှတော့ သူ့ကို ဘယ်နေရာမှာ စိတ်ချလက်ချ သုံးစားလို့ရနိုင်ပါဦးမလဲ။ မုသားပြောတာဟာ ပါရာဇိကကျတဲ့ သိက္ခာပုဒ် မဟုတ်ဘူး။ အာပတ်ဖြေရင် ကျေတယ်။ လူဆိုရင်တော့ မုသားနဲ့ကင်းတဲ့သူ ဘယ်သူရှိလို့လဲ။ ဆိုတာမျိုး မတွေးစေချင်။ မုသားဆိုတဲ့ ဝစီီဒုစရိုက်ကလေးကို လုံအောင်ထိန်းနိုင်လို့ရှိရင် ပစ္စုပန် သံသရာ နှစ်ဖြာသောကာလတို့မှာ နောင်တတဖန် ပူပန်ခြင်းမရှိ ပကတိ အေးချမ်းစွာနေထိုင်နိုင်ပါလိမ့်မယ် လို့ စကားလက်ဆောင်ပါးအပ်ပါတယ်လေ။..

Source: https://www.facebook.com/SoeMin/posts/10210464609522542