Tuesday, November 6, 2018

KAIZEN introduction

ကိုင်ဇန် ================= ဂျပန်ဝေါဟာရဖြစ်တဲ့ ကိုင်ဇန် (KAIZEN) ဟာ ဒီကနေ့ နိုင်ငံတကာစီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုနယ်ပယ်တွေမှာ အတော်အသုံးများနေပါပြီ။ အဓိပ္ပာယ်ကတော့ ပိုမိုကောင်းမွန်အောင်ပြောင်းလဲခြင်း (Change for Better) လို့ဆိုတယ်။ တိုးတက်ခြင်း (Improvement) လို့ အနီးစပ်ဆုံးယူနိုင်တယ်။ - စာလုံးတစ်လုံးချင်းစီယူရင် KAI ဆိုတာ ပြောင်းလဲမှု (Change) လို့ အဓိပ္ပာယ်ရတယ်။ မူရင်းဂျပန်စာလုံးမှာဆိုရင် ကိုယ်တိုင် (Self) ဆိုတဲ့ အဓိပ္ပာယ်ရယ်၊ ကြာပွတ်နဲ့ရိုက်တယ် (Whip) ဆိုတဲ့ အဓိပ္ပာယ်တွေပါတယ်လို့ဆိုတယ်။ ကိုယ့်ကိုယ်ကိုဆုံးမပြီး ပြောင်းလဲယူတဲ့သဘောမျိုးဖြစ်ပါတယ်။ - ZEN ကတော့ ကောင်းမွန်ခြင်း (Good) ဆိုတဲ့အဓိပ္ပာယ်ကိုဆောင်တယ်။ မူရင်းစာလုံးမှာတော့ သိုး (Sheep) ရယ်၊ ယဇ်ပုလ္လင် (Altar) ဆိုတဲ့ အဓိပ္ပာယ်တွေပါတယ်လို့သိရတယ်။ ကောင်းမွန်ဖို့အတွက် စတေး (Sacrifice) ရတဲ့သဘောလို့ဆိုနိုင်တယ်။ ခြုံငုံပြောရမယ့် အဓိပ္ပာယ်ကတော့ ကိုယ့်ကိုယ်ကိုဆုံးမ စတေးပြီး ကောင်းမွန်အောင်ပြောင်းလဲယူတယ် ဆိုတာမျိုးဖြစ်ပါတယ်။ ကမ္ဘာမှာ ဒီဝေါဟာရ စပြီးခေတ်စားလာတာကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းလောက်မှဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ဂျပန်နိုင်ငံကို အမေရိကန်ကထိန်းချုပ်ထားတယ်။ အဲ့ဒီကာလအတွင်း ဂျပန်စက်မှုလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေး လုပ်ကြတယ်။ ဒီအချိန်ကစပြီး ကိုင်ဇန်အတွေးအခေါ်ကို စက်မှုလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထည့်သွင်းအသုံးပြုလာခဲ့တယ်။ နောက်ပိုင်း ဂျပန်ကနေ အမေရိကန်၊ အမေရိကန်ကနေ ကမ္ဘာကို ပျံ့သွားတာပေါ့။ ကိုင်ဇန်အတွေးအခေါ်အပေါ် လွှမ်းမိုးမှုအရှိဆုံးကတော့ တိုယိုတာကုမ္ပဏီပဲ။ သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုမှာ ကိုင်ဇန်နည်းလမ်းကို အသုံးပြုပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ကိုင်ဇန်အကြောင်းပြောရင် တိုယိုတာကို ချန်ထားလို့မရလောက်အောင် အရေးပါတယ်။ တိုယိုတာကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်စာရင်းတွေအရ ကမ္ဘာ့ကုမ္ပဏီတွေထဲမှာ ပဉ္စမမြောက်အကြီးဆုံးကုမ္ပဏီ၊ ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး ကားထုတ်လုပ်သူဖြစ်တယ်။ စပြီးထူထောင်တုန်းက ကားကုမ္ပဏီမဟုတ်ခဲ့ဘူး။ ချည်မျှင်ရက်လုပ်တဲ့စက်ရက်ကန်းတွေ၊ ချည်မျှင်နဲ့ အထည်တွေထုတ်လုပ်ခဲ့တာပေါ့။ ဆာကီချီတိုယိုဒါ (Sakichi Toyoda) ဟာ ၁၉၂၄ ခုနှစ်မှာ အလိုအလျောက်စက်ရက်ကန်းတစ်မျိုးကိုတီထွင်နိုင်ခဲ့တယ်။ သူ့စက်ရက်ကန်းမှာ ပြဿနာတစ်ခုခုရှိရင် အလိုအလျောက်စက်ရပ်ပေးနိုင်တဲ့ စက်မျိုးပေါ့။ နောက်ပိုင်းမော်တော်ယာဉ်ထုတ်လုပ်ရေးမှာလည်း ဒီစနစ်နဲ့ အလားတူစနစ်မျိုးကို အသုံးပြုခဲ့ကြတယ်။ ဆာကီချီကို ၁၈၆၇ မှာမွေးတယ်။ ဂျပန်နိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေစလုပ်ခဲ့တဲ့ မေဂျီခေတ်မှာရှင်သန်ကြီးပြင်းလာတဲ့ သူတစ်ယောက်ပေါ့။ အဲ့ဒီခေတ်မှာ အနောက်နိုင်ငံက စက်ရက်ကန်းတွေစသုံးနေပြီ။ ဂျပန်ရိုးရာလက်ရက်ကန်းကထွက်တဲ့ ချည်ထည်တွေရဲ့ အရည်အသွေးကမကောင်းဘူး။ အရေအတွက်လည်း များများမထုတ်နိုင်ဘူး။ ခေတ်ပညာမတတ်တဲ့ လက်သမားဆရာတစ်ယောက်ဖြစ်ပေမဲ့ နိုင်ငံကို အကျိုးပြုနိုင်မယ့် ပြည်တွင်းဖြစ် စက်ရက်ကန်းပေါ်ပေါက်လာဖို့ ကိုယ်တိုင်ကြိုးစားတီထွင်ခဲ့တယ်။ အဲ့ဒီလိုတီထွင်နိုင်ဖို့အတွက် သူလက်ကိုင်ထားခဲ့တဲ့နည်းလမ်းက ကိုင်ဇန်နည်းလမ်းပဲ။ ဒီလိုနဲ့ အနောက်နိုင်ငံက စက်ရက်ကန်းတွေထက် ပိုကောင်းတဲ့ ဂျပန်လုပ်စက်ရက်ကန်းကိုတီထွင်နိုင်ခဲ့တယ်။ တိုယိုတာစက်ရက်ကန်းကုမ္ပဏီကြီးကိုလည်း တည်ထောင်နိုင်ခဲ့တာပေါ့။ ခေတ်စနစ်ရဲ့လိုအပ်ချက်အရ မော်တော်ကားတွေထုတ်လုပ်နိုင်မယ့် တိုယိုတာကားကုမ္ပဏီကြီးကိုလည်း အစပျိုးပေးနိုင်ခဲ့တယ်။ တိုယိုတာကားကုမ္ပဏီကြီးကို ပထမဆုံး ဦးစီးတာကတော့ ဆာကီချီရဲ့သား ကီအီချီရိုတိုယိုဒါ (Kiichiro Toyoda) ပေါ့။ သူကတော့ ခေတ်ပညာတတ်အင်ဂျင်နီယာတစ်ယောက်ပဲ။ သူကလည်း အစစအရာရာ ခက်ခဲရှားပါးတဲ့ကာလတွေမှာ ဂျပန်ကားကုမ္ပဏီကြီးတစ်ခုဖြစ်လာတဲ့အထိ ဦးဆောင်ကြိုးပမ်းနိုင်ခဲ့တယ်။ သူတို့ကုမ္ပဏီမှာ လက်ကိုင်ထားတာကတော့ သူ့အဖေရဲ့လက်စွဲ ကိုင်ဇန်နည်းလမ်းပဲ။ ဒါကြောင့်လည်း ခေတ်အဆက်ဆက်၊ အခြေအနေအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုယိုတာကားကုမ္ပဏီကြီးက အခုအချိန်ထိ ကမ္ဘာ့ထိပ်တန်းဖြစ်နေခဲ့တာပေါ့။ ကိုင်ဇန်နည်းလမ်းကို အသုံးပြုနေတဲ့ ကမ္ဘာ့ကုမ္ပဏီကြီးတွေထဲမှာ Lockheed Martin ၊ Ford နဲ့ Pixar Animation Studios တို့ကထင်ရှားတယ်။ ဟုတ်ပြီ၊ ဒီလောက်အစွမ်းထက် ထိရောက်တဲ့ ကိုင်ဇန်နည်းလမ်း၊ ကိုင်ဇန်အတွေးအခေါ်တွေက ဘာတွေလဲ၊ ဘယ်လိုလဲဆိုတာ ဆက်လေ့လာကြရအောင်။ ကိုင်ဇန်နည်းလမ်းဟာ အစမှာပြောခဲ့သလို တိုးတက်မှုကိုရှာတဲ့နည်းလမ်းပဲ။ ဘယ်လိုတိုးတက်မှုလဲဆိုတော့ စဉ်ဆက်မပြတ်တိုးတက်မှုမျိုး။ ဘယ်လိုနည်းလမ်းတွေနဲ့ရှာလဲဆိုတော့ အသေးအဖွဲ၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုလေးတွေကနေ ကြီးမားတဲ့ ပြောင်းလဲတိုးတက်မှုကြီးဖြစ်အောင် ရှာဖွေဆောင်ရွက်သွားတာမျိုး။ ချို့ယွင်းချက်တွေ နည်းသွားအောင်လုပ်မယ်၊ အလဟဿဖြစ်နေတာတွေကို ဖယ်ထုတ်မယ်၊ ထုတ်လုပ်မှုစွမ်းအင်ကို မြှင့်တင်မယ်၊ အလုပ်သမားတွေရဲ့ အရည်အသွေးနဲ့ တီထွင်နိုင်စွမ်းတိုးတက်လာအောင် ဖန်တီးပေးမယ်၊ ဒါမျိုးတွေကို လုပ်ဆောင်တဲ့နည်းလမ်းဖြစ်ပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံး၊ ရုပ်ပစ္စည်းပိုင်းနဲ့ သတင်းအချက်အလက်ပိုင်းတွေကို စဉ်ဆက်မပြတ်တိုးတက်အောင်လုပ်ပေးသလို၊ ပါဝင်လုပ်ဆောင်တဲ့ ဝန်ထမ်းတစ်ဦးချင်းစီအလိုက်ကိုလည်း စွမ်းဆောင်ရည်တွေ စဉ်ဆက်မပြတ်တိုးတက်အောင် လုပ်ဆောင်ပေးတဲ့ နည်းစနစ်ပါပဲ။ ကိုင်ဇန်ရဲ့ အခြေခံယုံကြည်ချက်ကတော့ အရာအားလုံးကို ပိုပြီးတိုးတက်ကောင်းမွန်အောင်လုပ်လို့ရတယ်ဆိုတာနဲ့ လက်ရှိအခြေအနေအတိုင်း ဘယ်အရာမှ မတည်မြဲနေဘူးဆိုတာပါပဲ။ အခြေအနေနဲ့ အခွင့်အရေးတွေကို ခွဲခြမ်းစိတ်ဖြာမယ်၊ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ဖန်တီးမယ်၊ ပြီးရင်လုပ်ဆောင်မယ်။ ဒီလိုလုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်ပါတယ်။ ကိုင်ဇန်နည်းလမ်းမှာ အောက်ခြေဝန်ထမ်းတွေရဲ့ ပါဝင်ပတ်သက်မှုကလည်း အရေးကြီးပါတယ်။ ကြီးကြပ်သူတွေက အခြေအနေအသေးစိတ်ကို တကယ်လုပ်ကိုင်နေတဲ့သူတွေလောက်မမြင်နိုင်ပါဘူး။ ဒါကြောင့် အောက်ခြေဝန်ထမ်းတွေဆီကရတဲ့ သတင်းအချက်အလက်တွေ၊ အကြံဉာဏ်တွေကိုလည်း ထိထိရောက်ရောက်ရယူအသုံးချရတယ်။ ဝန်ထမ်းတွေကို အစုအဖွဲ့ငယ်လေးတွေဖွဲ့ထားပေးပြီး အဖွဲ့လိုက်ဖြေရှင်းဆောင်ရွက်စေတယ်။ လုပ်ငန်းလုပ်ကိုင်ရာမှာတွေ့ရတဲ့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကို ရှာဖွေမေးမြန်းပြီး စာရင်းပြုစုထားရမယ်။ ဒီအခက်အခဲတွေ ဖြေရှင်းဖို့နည်းလမ်းတွေကိုလည်း တကယ်အလုပ်လုပ်နေတဲ့သူတွေဆီမှာပဲ ရှာဖွေနိုင်ပါတယ်။ ရသမျှနည်းလမ်းထဲက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးနည်းလမ်းကို ရွေးထုတ်ရပါမယ်။ ပြီးရင် ဒီနည်းလမ်းဟာ တကယ်လိုအပ်နေတဲ့ အဖြေလားဆိုတာကို စမ်းသပ်ရပါမယ်။ ရလာတဲ့ ရလဒ်ကို ဆန်းစစ်ပြီး ဘယ်လောက်ထိပြဿနာကို ဖြေရှင်းနိုင်လဲဆိုတာ ဆုံးဖြတ်ရပါမယ်။ မှန်ကန်ထိရောက်တဲ့ အဖြေဖြစ်ခဲ့မယ်ဆိုရင် ဒီနည်းလမ်းကို အသုံးပြုနိုင်ဖို့ လုပ်ငန်းစနစ်တွေကို ပြန်လည်ပြင်ဆင်သတ်မှတ်ရပါမယ်။ ဒီပုံစံအတိုင်း နောက်ထပ်ကြုံတွေ့မယ့် ပြဿနာတွေ၊ အဆင်မပြေမှုတွေ၊ မထိရောက်မှုတွေကို အသေးစိတ်ရှာပြီး ရှေ့ဆက်သွားမယ်ဆိုရင် ကိုယ့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်တွေ သိသိသာသာတိုးတက်လာမှာဖြစ်ပါတယ်။ တိုယိုတာ ကုမ္ပဏီက ကမ္ဘာ့စီးပွားရေးအကြပ်အတည်းတွေ ပေါ်နေတဲ့ကာလတွေမှာတောင် ရပ်တည်နိုင်တယ်။ အကြောင်းက လိုတဲ့ပစ္စည်းကို လိုတဲ့အရေအတွက်အတိုင်း လိုတဲ့အချိန်မှာရအောင်လုပ်ထားလို့ပဲ။ ပစ္စည်းတွေ တောင်ပုံရာပုံထုတ်ပြီး စတိုထဲစုပုံထားတာမျိုးမရှိဘူး။ ဒါကြောင့် ငွေကြေးအရ မြှုပ်နေတာမျိုးမဖြစ်တော့ဘူး။ လုပ်ငန်းသဘောသဘာဝနဲ့ လူတွေရဲ့ လုပ်နိုင်စွမ်းကိုတွက်ချက်ပြီး လုပ်ငန်းခွင်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်။ တစ်နေရာထဲမှာ ပစ္စည်းတွေစုပုံစောင့်ဆိုင်းနေရတာမျိုး မရှိဘူး။ လူတွေလည်း အရမ်းအားစိုက်နေစရာမလိုဘူး။ ကိုယ့်လုပ်နိုင်စွမ်းအတွင်းမှာပဲ သက်တောင့်သက်သာနဲ့ ထိထိရောက်ရောက်လုပ်နိုင်အောင် စီမံထားတယ်။ ချို့ယွင်းမှုတစ်ခုခုဖြစ်ရင်လည်း လုပ်ငန်းစဉ်ကို မထိခိုက်အောင်စီမံထားတယ်။ လုပ်သားအင်အားကို လိုအပ်ချက်နဲ့ ချိန်ညှိပြီးခန့်ထားတယ်။ ထုတ်လုပ်နိုင်စွမ်းကို လိုအပ်တာနဲ့ နှစ်ဆတိုးထုတ်နိုင်အောင် စီမံထားတယ်။ ဒီလိုစွမ်းဆောင်ရည်တွေက နေ့ချင်းညချင်းဖြစ်လာတာမဟုတ်ဘူး။ သူတို့ကုမ္ပဏီစထောင်ကတည်းက ကြုံတွေ့လာခဲ့တဲ့ ပြဿနာအရပ်ရပ်ကို ကိုင်ဇန်နည်းလမ်းနဲ့အဖြေရှာပြီး တဖြည်းဖြည်းတိုးတက်အောင်လုပ်လာတာ။ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အခုချိန်ထိလည်း ဒီလိုဆက်သွားနေမှာပဲ။ ကိုင်ဇန်နည်းလမ်းကို အနှစ်ချုပ်ပြောမယ်ဆိုရင် PDCA ဆိုတာကို မှတ်ထားရင် လုံလောက်ပါတယ်။ P ဆိုတာက Plan ဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့်ကိစ္စအတွက် စီမံချက်ပြုလုပ်တဲ့အပိုင်းပါ။ D ကတော့ Do ပါ။ စီမံချက်ရပြီးရင် လုပ်ကြည့်ဖို့ပေါ့။ C က Check ဖြစ်ပါတယ်။ လုပ်သမျှကို ပြန်စစ်ဆေးရပါမယ်။ A ကတော့ Act ဖြစ်ပါတယ်။ အတည်ပြုလုပ်ဆောင်ရမယ့် အပိုင်းပါ။ ဒီလိုနဲ့ စီမံ-စမ်းသပ်-စစ်ဆေး-ဆောင်ရွက် ဆိုတဲ့ ကိုင်ဇန်ရဲ့ စက်သွားတွေကို ပုံမှန်လည်ပတ်အောင်လုပ်သွားရပါမယ်။ ကိုင်ဇန်သဘောတရားအရ ရပ်တန့်နေလို့မရပါဘူး။ ပြီးပြည့်စုံသွားတယ်လို့မရှိပါဘူး။ အခက်အခဲတွေ၊ ချို့ယွင်းချက်တွေမရှိတော့ဘူးဆိုရင်တောင် အလေအလွင့်ဖြစ်နေတာတွေ၊ အလဟဿဖြစ်နေတာတွေ၊ အင်အားပြုန်းတီးနေတာတွေကို ရှာဖွေဖော်ထုတ်သွားရပါဦးမယ်။ စွမ်းဆောင်ရည်ကောင်းသထက်ကောင်းမွန်တဲ့ နည်းလမ်းတွေကို ဆက်ပြီးရှာဖွေနေရပါဦးမယ်။ ကိုင်ဇန်နည်းလမ်းကို အသုံးပြုတဲ့အခါ လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ရပ်လုံး ပြောင်းလဲပစ်ဖို့လိုပါတယ်။ ဦးဆောင်သူတွေက ရုံးခန်းထဲမှာထိုင်ပြီး ကြီးကြပ်ကွပ်ကဲနေလို့မရပါဘူး။ လက်တွေ့အခြေအနေနဲ့ အနီးဆုံးဖြစ်အောင်၊ အခြေအနေမှန်ကို သေချာသိမြင်အောင်ကြိုးစားရပါမယ်။ Walking Manager ဆိုတာ ဒီသဘောပါပဲ။ ချို့ယွင်းချက်တစ်ခုခုရှိရင် ချက်ချင်းသိအောင်၊ တစ်နေရာမှာ ချို့ယွင်းနေတာနဲ့ လုပ်ငန်းစဉ်တစ်ခုလုံး မရပ်တန့်သွားအောင် စီမံထားရပါမယ်။ ဒီလိုစီမံတဲ့အခါ လုပ်ငန်းတစ်မျိုးနဲ့တစ်မျိုး သဘောသဘာဝမတူတဲ့အတွက် ဘယ်လိုပုံစံနဲ့ ဖြေရှင်းဆိုတဲ့ အဖြေမျိုးတော့ ပုံသေသတ်မှတ်ထားဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုအဖြေတွေကို အမြဲရှာပြီး ကောင်းသထက်ကောင်းအောင် ဆက်လုပ်သွားရမယ်ဆိုတာကသာ ကိုင်ဇန်ရဲ့ အနှစ်သာရဖြစ်ပါတယ်။ ကိုင်ဇန်နည်းလမ်းမှာ 5S ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။ - ဂျပန်လို Seiri ကို အနီးစပ်ဆုံး Sort လို့ဆိုနိုင်ပါတယ်။ ဖွဲ့စည်းခြင်း (Organize) လို့ အဓိပ္ပာယ်ရပါတယ်။ လုပ်ငန်းခွင်ကို လိုအပ်တဲ့အတိုင်း ဖွဲ့စည်းပြီး မလိုတာတွေကို ဖယ်ထုတ်ပစ်ရပါမယ်။ - Seiton ကတော့ Set in order လို့ ဘာသာပြန်ထားပါတယ်။ ကိုယ်လုပ်ဆောင်မယ့် လုပ်ငန်းအဆင့်အတိုင်း အသုံးပြုမယ့် ပစ္စည်းကိရိယာတွေ၊ လူတွေကို စီမံနေရာချထားတာဖြစ်ပါတယ်။ ဒါမှသာ အချိန်တိုအတွင်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ - Seiso ကတော့ Shine ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းထားဖို့ဆိုလိုတာပါ။ ဒါမှ စိတ်ကြည်လင်ပြီး တီထွင်နိုင်စွမ်းပိုကောင်းသလို လုပ်ငန်းခွင်ထိခိုက်မှုကိုလည်း လျှော့ချပေးနိုင်ပါလိမ့်မယ်။ - Seiketsu ကတော့ Standardize ဖြစ်ပါတယ်။ လုပ်ငန်းခွင်စံနှုန်းများအတိုင်း စနစ်တကျ လုပ်ဆောင်ဖို့ပါ။ - နောက်ဆုံး S ကတော့ Shitsuke ဖြစ်ပါတယ်။ Sustain လို့ဆိုနိုင်ပြီး တည်ဆောက်ဖွဲ့စည်းထားတဲ့ အခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားဖို့ဆိုလိုပါတယ်။ ကိုင်ဇန်နည်းစနစ်နဲ့လုပ်ဆောင်တဲ့ လုပ်ငန်းခွင်တွေမှာ ဒီ 5S ကို လိုက်နာလုပ်ဆောင်ကြပါတယ်။ ကိုင်ဇန်နည်းလမ်းကို စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းတွေမှာသာ အသုံးပြုကြတာမဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေ၊ ရုံးလုပ်ငန်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ နောက်ဆုံး မိမိရဲ့ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားအောင် လုပ်တဲ့အခါမျိုးအထိ အသုံးပြုနိုင်ပါတယ်။ ကိုယ့်ဘဝအတွက် ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ PDCA နဲ့ သွားလို့ရပါတယ်။ ကိုယ်ဖြစ်ချင်တာက ဘာလဲ၊ ဒီလိုဖြစ်နိုင်ဖို့နည်းလမ်းတွေက ဘာတွေရှိသလဲ၊ ဒီအထဲက လက်ရှိအခြေအနေမှာ ကိုယ့်အတွက် အသင့်တော်ဆုံးနည်းလမ်းကဘာလဲ၊ ဒါကိုဘယ်လောက်အတိုင်းအတာနဲ့ ဘယ်လိုလုပ်သွားမလဲ စသဖြင့် ကိုယ့်ဘဝအတွက် Plan ကို ရေးဆွဲချမှတ်ရပါမယ်။ စီမံချက်ချပြီးတဲ့အခါ အဲ့ဒီစီမံချက်အတိုင်း လိုက်ပါလုပ်ဆောင်ကြည့်ရပါမယ်။ လုပ်ဆောင်ချက်အပေါ်မူတည်ပြီး ရည်မှန်းချက်ရောက်ရှိဖို့ ဘယ်လောက်အတိုင်းအတာအထိ အထောက်အကူပြုနေလဲ၊ ဘယ်လောက်သွေဖီသွားသလဲ စတာကို သုံးသပ်စစ်ဆေးရပါမယ်။ သုံးသပ်ထားတဲ့ အဖြေရပြီဆိုရင် ဘယ်အချက်တွေကို ဘယ်လိုဆက်လုပ်သွားမယ်ဆိုတာဆုံးဖြတ်ပြီး ကိုယ့်ရည်မှန်းချက်ဆီ ဆက်ပြီးချီတက်သွားဖို့ပါပဲ။ အရေးကြီးတာကတော့ PDCA စက်ဝိုင်းကို ဆက်တိုက်လည်ပတ်နေရပါမယ်။ ကောင်းသထက်ကောင်းအောင်၊ တိုးတက်သထက်တိုးတက်အောင်၊ ချို့ယွင်းချက်ကင်းသထက်ကင်းအောင် အမြဲမပြတ်ကြိုးစားရပါမယ်။ ကိုင်ဇန်မှာ ရပ်တန့်လိုက်ရတယ်ဆိုတာမရှိပါဘူး။ လူအများစုမှာ ပြိုင်ဆိုင်လိုစိတ်တွေရှိတတ်ကြပါတယ်။ ဒီပြိုင်ဆိုင်လိုစိတ်ကပဲ ကိုယ့်ဘဝတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက်ဟာ အခြေအနေချင်း ထပ်တူညီရှိနေတာမဟုတ်ပါဘူး။ ပြေးလမ်းတစ်ခုထဲမှာ မတူညီတဲ့ပြိုင်ပွဲတွေကို ပြေးနေရင်း ခဏတွေ့ရတဲ့သဘောပါပဲ။ ဒါကြောင့် တခြားသူတွေကို လိုက်ပြိုင်နေတာဟာ အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ကိုယ့်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်အမှန်ဖြစ်ပါတယ်။ အသိပညာရှိတာချင်းပြိုင်ချင်သလား။ မနေ့ကထက် ဒီကနေ့ အသိပညာပိုရှိရမယ်။ ကိုယ်လက်ကြံ့ခိုင်မှုကို ပြိုင်ချင်သလား။ မနေ့ကထက် ဒီနေ့ပိုပြီးကြံ့ခိုင်သန်စွမ်းရမယ်။ ဥစ္စာဓနချင်းပြိုင်ချင်သလား။ မနေ့ထက် ဒီနေ့စီးပွားပိုရှာတတ်ရမယ်။ ဒီလိုမျိုး ကိုယ့်ဘာသာကိုယ်ပြိုင်နေတာ အကျိုးအရှိဆုံးဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ်ပြိုင်ဆိုင်နိုင်ဖို့၊ တစ်နည်းအားဖြင့် ကိုယ့်အရည်အသွေးတွေ ပိုမိုတိုးတက်မြင့်မားနိုင်ဖို့ဆိုရင် ကိုင်ဇန်နည်းလမ်းက အထိရောက်ဆုံး အကူအညီပေးနိုင်ပါတယ်။ ဘယ်အကြောင်းအရာကိုပဲ လေ့လာ၊ ဘာအလုပ်ပဲ လုပ်လုပ်၊ အရင်အခြေအနေထက် အဖက်ဖက်ကသာလွန်အောင် ကိုင်ဇန်နည်းလမ်းက ကူညီပေးနိုင်ပါတယ်။ ကိုင်ဇန်ဆိုတာ တိုးတက်ခြင်းပဲ။ အဆက်မပြတ်တိုးတက်နေရမယ်။ စီမံ-စမ်းသပ်-စစ်ဆေး-ဆောင်ရွက် စက်ဝိုင်းကို ဆက်တိုက်လည်ပတ်နေရမယ်။ ပြီးပြည့်စုံခြင်းဆိုတာမရှိဘူး။ မပြောင်းလဲခြင်းဆိုတာမရှိဘူး။ ပြောင်းလဲခြင်းတွေကို အမီလိုက်နိုင်ဖို့ အမြဲတိုးတက်နေရမယ်။ ဘာအကြောင်းနဲ့မှ မရပ်တန့်လိုက်ပါနဲ့။ ခင်ဗျားရဲ့ အနာဂတ် ခမ်းနားလှပနေမှာ သေချာပါတယ်။ ================== စာရေးသူ ******** Wai Phyo Htet & Krystal Kham (August 22) ref: https://www.facebook.com/waiphyohtet8/posts/2144947889055341?hc_location=ufi by Wai Phyo Htet is with Krystal Kham.
...