Friday, November 25, 2022

တေးထပ်၏အစ တည်ပိုဒ် လေ့ကျင့်လိုက

တေးထပ်၏အစ တည်ပိုဒ် လေ့ကျင့်လိုက (အခြေခံ တေးထပ် လေ့ကျင့်ဖို့) => အမှန်ကား တေးထပ်ကဗျာ အနည်းဆုံး သုံးလေးပုဒ်ခန့် အာဂုံဆောင်ထားရန်ဖြစ်သည်။ ဤစာကား တေးထပ်ကို အစပျိုးစေလို၍သာ ဖြစ်ပါသည်။ စတင်သူများ လေ့ကျင့်ရုံ အတွက်သာ။ => (တက်၊ခံ၊အုပ်) တချိုးစီအတွက်- အချိုးစပ်နည်း ဖြစ်၍ တချိုးစီတွင် ရှေ့နောက်ပါဒအဆုံးတို့၌ လေလျော့နှင့် လေပြင်း လွှဲ၍လွှဲ၍ (အသံနိမ့်မြင့်) စပ်ရသည်။ တချိုး၏ တဝက် ဖြစ်သည့် တပါဒ (ပုဒ်ထီးတခုခံ စာတကြောင်း) စီတွင်လည်း အသံကို လေလျော့ လေပြင်း တဝက်စီထားသည်။ ထို လျော့/ပြင်း တွက်ရာ၌ ဝိဘတ်နှင့် ပဒလင်္ကာရ မပါရချေ။ ~~~~~ ***တို့ဌာနီ- ခင်လေးမောင်*** ရွှေမန်းမြေ ဌာနက စာသ,လို့ ဆွေမောင်မယ် ပင့်ဖိတ်လိုက်တယ်။ ။ သာမျိုးငယ် ကြွယ် ထယ်ဝါတဲ့ မြို့ကြီး။ ။ တံတိုင်း နီကြန်ကြန်နဲ့ ရေကျုံး ကာအရံနဲ့ ခါယမန် အာဏစိုးလို့ရယ် မိုးခဲ့ ရွှေထီး။ ။ မျှော်လေရာ ရပ်တိုင်းဖြင့် စံနန်းမြင့် ရဝေဆောင် ဝင်းခဲ့ ယခေါင်။ ။ ဘုန်းတန်ခိုးရောင် မပြောင်တော့ မှိန်မှေး။ ။ လဲ့ဝင်းတွေ သည်အခါဖြင့် `တို့မင်းဆွေ ဘယ်ဆီမှာတဲ့' လွမ်းဖွယ့် ဟိုရှေး။ ။ အရှေ့ဆီ ခပ်ယွန်းက မြူသန်းလို့ ရီပြာပြာ မန်းမြသေလာ။ ။ သုံးလူ့ဆရာ ရွှေကြာနှုတ် ကြူမွှေး။ ။ တန်ဆောင်း အသွယ်သွယ်နဲ့ ဘုရား အလှယ်လှယ်မို့ အသက်ကယ် ရှည်ချင်စမ်းရင် လှမ်းခဲ့ကြလေး။ ။ (ခင်လေးမောင်- ဂန္ထလောက) ~~~~~~~~~~~~~~~~~~~~~~~~~~~~~ တြိချိုး သုံးပုဒ်ဖြစ်သည်။ တေးထပ် သုံးပုဒ်၏ (အစ-အချိုးသုံးချိုး) အစတည်ပိုဒ်များအဖြစ် ကာရန်တူ ပြောင်းကြည့်ပါစို့။ (၁) အထက်ကဗျာ- ရွှေမန်းမြေ ဌာနက စာသ,လို့ ဆွေမောင်မယ် ပင့်ဖိတ်လိုက်တယ်။ ။ သာမျိုးငယ် ကြွယ် ထယ်ဝါတဲ့ မြို့ကြီး။ ။ တံတိုင်း နီကြန်ကြန်နဲ့ ရေကျုံး ကာအရံနဲ့ ခါယမန် အာဏစိုးလို့ရယ် မိုးခဲ့ ရွှေထီး။ ။ -> တေးထပ်ရိုး၏ အထက်သုံးချိုးပါ တည်ပိုဒ်အဖြစ်- ရွှေမန်းမြေ ဌာန(ရယ်က)၊ စာစီသ ဆွေမောင်မယ်၊ ပင့်လာကြ သာမျိုးကြွယ်(ငယ်)၊ ခံ့ဝါထည် မြို့ကြီး။ တံတိုင်းက နီကြန်ကြန်(ကွယ်)၊ ရေကျုံးရံ အာဏာရွှေထီး။ ။ (အခြားနည်းလည်း ရပါသေးသည်။) ~~~~~~~~~~ (၂) မျှော်လေရာ ရပ်တိုင်းဖြင့် စံနန်းမြင့် ရဝေဆောင် ဝင်းခဲ့ ယခေါင်။ ။ ဘုန်းတန်ခိုးရောင် မပြောင်တော့ မှိန်မှေး။ ။ လဲ့ဝင်းတွေ သည်အခါဖြင့် `တို့မင်းဆွေ ဘယ်ဆီမှာတဲ့' လွမ်းဖွယ့် ဟိုရှေး။ ။ -> အတွန့်ပါ တေးထပ်ရိုး၏ တည်ပိုဒ်အဖြစ်- မျှော်လေရာ ရပ်တိုင်းဖြင့်၊ စံနှိုင်းမြင့် ရဝေခေါင်၊ ဝင်းယခင့် တန်ခိုးရောင်ငယ် မပြောင်တော့ မှိန်မှေး။ လဲ့ထွေဝင်း သည်အခါ၊ တို့ဆွေမင်း ဘယ်ဆီမှာ၊ လွမ်းဖွယ်ရာ ထိုစဉ်ဟိုရှေး။ ။ ~~~~~~~~~ => လေ့ကျင့်ဖို့- (၃) အရှေ့ဆီ ခပ်ယွန်းက မြူသန်းလို့ ရီပြာပြာ မန်းမြသေလာ။ ။ သုံးလူ့ဆရာ ရွှေကြာနှုတ် ကြူမွှေး။ ။ တန်ဆောင်း အသွယ်သွယ်နဲ့ ဘုရား အလှယ်လှယ်မို့ အသက်ကယ် ရှည်ချင်စမ်းရင် လှမ်းခဲ့ကြလေး။ ။ (သေး) (တေးထပ် အစတွင် `သေး' စသည် သုံးရန်။) (`လေး' သည် တေးထပ်တွင် ကဗျာအဆုံး သုတ္တံကာရန်သာ ဖြစ်သည်။) ~~~~~~~~~~~~~~~~~~~~~ => လေ့ကျင့်ဖို့- ***ပိတောက်မယ်- ဇော်ဂျီ*** ရွှေအိုးစည် စလွယ်သိုင်းနဲ့ ဘယ်ကိုင်းလို့ ညာကိုယိုင် ဗောင်းစ,ကမြိုင်။ ။ သိကြားကိုပြိုင် မော်နိုင်မဲ့ မောင်ထွေး။ ။ လက်သီးကို တင်ရုံနဲ့ ကိုရင့်ဗုံ အိုးစည်ကြီးရယ် ဟည်း လှတယ်လေး။ ။ ဟည်းမှာပေါ့ ပျိုလေးဆွေ။ ။ ပိတောက်ဝါ ပျို့နဖူးမှာ ထူးတဲ့လို့ ဝေ။ ။ ချို ပလေ အို… မေရဲ့ မျက်နှာပေး။ ။ မြစိမ်း ဆင်ထဘီနဲ့ သီကရီ ရွာဝင်ဝမှာ မင်း လှလို့လေး။ ။ (ဇော်ဂျီ) (တချို့အတွက် လိုအပ်မယ် ထင်လို့ပါ) ***အခြေခံ ကဗျာရေးနည်း (၂၀)*** (သံချို လေးချိုး) လေးချိုးကဲ့သို့ ပိုဒ်ဆက်- ကာရန်ပြန်နှင့် ခွာထောက်ကာရန်သုံးပြီး အချိုးလေးချိုးဖြင့် စာကြောင်းကို အလိုရှိသရွှေ့ စပ်ကြသည်။ စာတကြောင်း (တပါဒ)စီတွင် ပေါ်လွင်သောအသံ အက္ခရာ ၅/၆ လုံး အထားများသည်။ စာတကြောင်းစီတွင် အသံလေးပါးထဲမှ နှစ်ခုကို ရှေ့နောက် နှစ်ပိုင်းခွဲပြီး သုံးရာ၌ ရှေ့စာကြောင်း၏ နောက်ပိုင်းအသံကို နောက်စာကြောင်း၏ ရှေ့ပိုင်းအသံနှင့် ကာရန်စပ်စေရသည်။ အတွန့်အကွန့် စာပိုဒ်များကို လေးချိုးကြီးများ၏ အတွန့်အကွန့်များကဲ့သို့ အလွန် မများစေဘဲ ချိုသာသောအသံ ဖြစ်အောင် စပ်ပါသည်။ => နမုနာ သံချိုလေးချိုးများ- (မန်လည်ဆရာတော်နှင့် ဦးကျော်လှ၏ သံချို) ***ဥပုသ်ကို အိပ်လို့သုံးသော်လည်း*** လူ့မသမာ ဝါသနာဆိုးဟာကြောင့် လူ့ဗလချာ ဗာလာမျိုးငယ်တို့ ရိုးမမှန် တကဏ္ဍငယ်နှင့် ကျမ်းလာဟန် စာသံချပါလို့ တံငါကို ပမာပြပါတဲ့ ပွဲသီလ အခန်းမှာ။ ။ ဆိုသာဆို မှန်မဟုတ်လေဘူး ဥပုသ်ကို ဧကန်စောင့်ခဲ့ရင် စိတ်မစင်ကြယ် တကယ်ပဲ မဖြောင့်သော်လည်း တအောင့်ငယ် တခါသာပ မျိုးသမ္မာ ယူမနောတို့မှာ သေအောင်ဟာ ဘယ်သူစောရှာလိမ့် သည်ဇောလို မိစ္ဆာများသော်မှ အပါယ်သို့ တကယ်လားရအောင် မှားနိုင်ဖို့ရာ။ ။ တံငါသည် နတ်ပြည်သွားငယ်နှင့် တရားနာ အပါယ်ငုပ်သည်ဟု ဥပုသ်ကို မပါကျန်သည့်ပြင် ပါပကံ သဒ္ဒါပြန် တဖန်တက်လို့မို့ မသမာဉာဏ် ဂရာဟာသံ ကြံအနက်ကယ်နှင့် မိစ္ဆာမှာ ဣဿာဖက်ပြန်ခဲ့ မှားစွက်လို့ အပြစ်ရှာ ညစ်ရာမှာ ညွန်လူး။ ။ သည်စာဆို ပါယ်ဆင်းသူ အဖော်လိုလို့ ပွဲကြည့်ကို လာစေကြောင်းငယ်နှင့် မကောင်းဉာဏ် ဝက်ဘီလူးကဲ့သို့ အရူးလို တဉာဏ်ရှာမှ တံငါကို ပမာပြသော်လည်း လိမ္မာသူ မယူကြလေနှင့် သီလသည် ပါယ်မကျပါဘူး မစားရ အမဲဟာကို သဲဆုပ်ကာ ပစ်လို့ကြဲသည့်နှယ် ယူလွဲအောင် သည်စာထုတ်ခဲ့ ဥပုသ်သည် ရွယ်ပျိုအိုတို့မှာ ဥပုသ်ကို အိပ်လို့သုံးသော်လည်း ယုတ်ဆုံးစွန် နတ်ရွာပို့ပါသတဲ့ မိတ္တဝိန် ဆိုသူတို့လိုပဲကွယ် လွဲဖို့ရှိဘူး။ ။ (သံချို- မန်လည်ဆရာတော်ဘုရားကြီး) (ဦးကျော်လှ၏ သံချို အမှားကို ဖြေသည့်ကဗျာ။) (မင်းသုဝဏ်) ***ရွှေချိုးဖြူ (သံချို)- မင်းသုဝဏ်*** အစ်ကိုရယ် ကျွန်တော်ပျင်းပါဘိ သီချင်း ကြူကြူသီလို့ ချစ်ညီကို ပျော်တော်ဆက်ပါတဲ့ မှတ်ချက် နားဝင်ချိုလှ စာဆိုမောင် ဟုတ်ကဲ့ဗျားသာပ ထားခဲ့မိ ကတိဝန်။ ။ သီမည် ပြုပြန်တော့ ပုလု ငယ်ရွယ်က ဘဒွေးထယ် သူ့လယ်တဲမှာပေါ့ တိုင့်အကွယ် ချိုင့်ငယ်နဲ့ဆွဲပါတဲ့ ဖော်ကွဲသူ ချိုးဖြူကလေးကိုလှ မေးတော့ခါ ပြန်စကားကို ကြားမိ ဖန်ဖန်။ ။ ချိုးဖြူရယ် မကူတိတ်တော့မလား တဆိတ် အသင်မြည်တော့ စိတ်အကြည် ကျွန့်နှလုံးမှာလ ရွှင်ပြုံး ချိုသာလို့ ညိုစရာ ဘာမတွေ့လေဘု မြိုင်ဓလေ့ အစဉ်တမ်းရယ်နဲ့ ကူစမ်းဗျ ရွှေချိုးမွန် ကျွန်ပန်တော့ သူပြော။ ။ ခိုင်းပါနဲ့ မောင် ငယ်ခိုက် ဟိုယခေါင်က လျှိုမြောင်မှာ အတူတွဲပါလို့ ချစ်ခဲ ဆွေကြင်ဖော်နဲ့ တကြော်ကြော် ကူမဆုံးပါဘု မောင်ပြုံးလျှင် မယ်ရွှင်တဲ့ တိတ်ယခင် မြင်ယောင်လှသော်ကြောင့် တေးဆိုလျှင် ဆွေးပိုရပါဘိ တမ်းတ စိတ်စော။ ။ (သံချိုလေးချိုး- မင်းသုဝဏ်) ***ဘဝကြားက ကဗျာ- တင်မိုး*** ကဗျာကို ဘယ်လိုရေးရပါ့ အတွေးဟာ အရင်လာ၍ အလင်္ကာ နောက်မှသ ရင်လ လှလေလိမ့် ထင်မိတယ်။ ။ အဘိဓာန် အထွေထွေက စကားတွေ အခန့်သားကိုလ ကြွားရအောင် တမင်ယူ၍ ကျမ်းဆူဆူ ကြေတကောရယ်လို့ ဂုဏ် ဒေါသာ ဝိဘာဂတွေနဲ့ သုတဉာဏ် ကိုယ်ထင်ပြချင်လို့ ဆင်သ,တယ် ထိုအခါတော့ ချိုကဗျာ ပျောက်ကာပြေး မှေးမှိန်လိမ့်မယ်။ ။ စိတ်ဖြူရင် အယူဖြောင့်ပေလိမ့် အမှောင့်လို ထိုအကြွားကိုတော့ စာနားမှာ မသီစေနှင့် ဤမြေမှာ လူအများရယ်နှင့် သွေးသားနှယ် တခင်ခင်ပေါ့ ပတ်ဝန်းကျင် လူမှုရေးဆီသို့ အတွေးကို တမန်စေလိုက်ပါ့ ဉာဏ်အခြွေ အကြံပွင့်ပါလို့ ရင့်ပါလိမ့် အတွေးနယ် ကြွယ်ပါလိမ့် စာစကား။ ။ တေးဆိုမည့် ကြံ ဂိုဏ်းဂုဏ်တွေ မှန်မမှန်နဲ့ စာပေတံ အသာချပါလို့ ဘဝမှာ ပျော်ပျော်ဝင်လိုက်ပါ့ သည်အမြင် သည်အကြား သည်အမှား သည်အမှန်လို့ အမြင်သန် ဉာဏ်သဘောတွေနဲ့ လူတောမှာ အခြေတည်ခဲ့ မှန်သည်ကို ကိုယ်လိုလား မှားသည်ကို ကိုယ်မလိုတဲ့ စိတ်ဆိုရာ ကဗျာတပုဒ်ပါပဲ စာအုပ်တွေ တလှန်လှန် ကာရန်တွေ တလွှားလွှား အကြွားတွေ တလူလူ သည်အယူ စွန့်ကာပစ်ရင်လ တေးကဗျာ တကယ်သစ်ပေလိမ့် လှစ်ဖွဲ့ကုန် တကား။ ။ (သံချိုလေးချိုး- တင်မိုး) ***အခြေခံ ကဗျာရေးနည်း (၂၁)*** (လွမ်းချင်း အကြောင်း) အချိုးနှစ်ချိုး ထားရသည်။ အချိုးတခုစီ၏ အဆုံးတို့ကို `လေး' ဟုသာ ဆုံးစေရမည်။ ပိုဒ်တွင်း ကာရန် စပ်ဟပ်ပုံများမှ သံချိုလေးချိုး၏ အောက်နှစ်ချိုးနှင့် အတူတူဖြစ်သည်။ ~~~~~~~~~~~~~~~~~~~~~~ [{ (ရှေ့က ပြပြီးဖြစ်သော) သံချိုလေးချိုး၏ ပိုဒ်တွင်းအစပ်- စာတကြောင်း (တပါဒ)စီတွင် ပေါ်လွင်သောအသံ အက္ခရာ ၅/၆ လုံး အထားများသည်။ စာတကြောင်းစီတွင် အသံလေးပါးထဲမှ နှစ်ခုကို ရှေ့နောက် နှစ်ပိုင်းခွဲပြီး သုံးရာ၌ ရှေ့စာကြောင်း၏ နောက်ပိုင်းအသံကို နောက်စာကြောင်း၏ ရှေ့ပိုင်းအသံနှင့် ကာရန်စပ်စေရသည်။ အတွန့်အကွန့် စာပိုဒ်များကို လေးချိုးကြီးများ၏ အတွန့်အကွန့်များကဲ့သို့ အလွန် မများစေဘဲ ချိုသာသောအသံ ဖြစ်အောင် စပ်ပါသည်။}] ~~~~~~~~~~~~~~~~~~~~~~ => နမူနာ လွမ်းချင်း အချို့- -> လှိုင်ထိပ်ခေါင်တင် ***ဖမ်းပါ့ဖေ-လှိုင်ထိပ်ခေါင်တင်*** ခိုင်အနန်းငယ်နှင့် ကြိုင်လန်းငယ် ဝတ်ရည် မြိုင်ခန်းငယ် စည်သည် ခါတော်မီ တာသင်္ကြန်မှာ ရွှေလျှံညှာ ရင့်ပြောင်းတယ်လေး။ ။ ရှုတိုင်းသာ လင်းပြာ သန့်စင် သိုက်မြုံဝင်လို့ ကျူးယင်ကြော်ငြာ ရွှေဥသြတို့ ဖော်နှောကာနှင့် ခရာတဲ့ ကျေးငယ်ကို ရွှေချိုင့်ဝယ် သည်မယ်မွေးချင်လှ ဖမ်းပါ့ဖေ ဟန်မနှေးပါနှင့် ပြေးရော့မယ်လေး။ ။ (လွမ်းချင်း-လှိုင်ထိပ်ခေါင်တင်) -> ဦးကြီး ***အညာဖွဲ့ တောဓလေ့ လွမ်းချင်းများ*** (ဦးကြီး) ရွာအရှေ့မှာလ ဓလေ့ငယ် ဘာသာ ကောက်စိုက်တဲ့လာ ချည်ဗလာ မဲပြာပိန်းရယ်နဲ့ အောက်သိမ်းလို့ ခပ်တိုတို ထဘီကို ရေမရွှဲအောင်ပ ဝဲပေါက်သည့် သလုံးညိုကို ပိုကရို လှမ်းတော့သည်လေး။ ။ သနပ်ခါး တကွက် ရွှံ့တစက်နှင့် နှုတ်ထွက်တဲ့ သံညီ စိုက်လယ်ကွင်းဆီက သီချင်းသံ သီတော့ သူကြီးညီ မြတ်သာဒွန်းရယ်က ပလွေကို သံချိုမွှမ်းလို့ရယ် ခွန်းစတယ်လေး။ ။ ~~~~~~~~~~~~~~~~ လေပြေငယ် သုတ်ပါလို့ ရွှေဘုတ်ကယ် အိုးအီ အုံ့မှိုင်းငယ်ရီသည် နေမှီအောင် တဖော်လှမ်းခဲ့ရ ကောက်ငန်းက သူပြန်ပုံမှာ ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့် ပန်းဝင့်လို့ ရွာကိုဝင် အမြင် ဆန်းပါဘိတယ်လေး။ ။ ညချမ်းရယ် နေရီ ချိန်တော်မီ ကေသီပန်းနှင့် ရေခပ်လမ်းမှာ စခန်းသင့်လို့ ထက်ဆင့်ငယ်မှ နီရောင် ချည်စိမ်းပေါင်နှင့် ယဉ်အောင်တောသူ သနပ်ခါးကိုလှ ကွက်ပါးမှာကူပြီးလျှင် အမူကြီး ကမ်းကုန်ကို ဘယ်မြို့ပုံ သာချင်သောရယ်လို့ ပြောကြမယ်လေး။ ။ ~~~~~~~~~~~~~~~ ပျော်ပုံက သစ်သနှင့် ငယ်ချစ်ကယ် လိုက်ခဲ့တော့ အကြိုက်ကတဲ့ တို့တောရွာမှာ မိုးအကာ ပင်မြင့်ထက်ဆီက ထန်းရွက်နှင့် ဆင်သည့်အိမ် ခြုံတင်းတိမ် နွားရေခင်းလို့ ညဉ့်တွင်းကို ပလွေကျော်နှင့် ဖျော်ပမယ်လေး။ ။ ကိုက်ဖူးငယ် ညွန့်စီ ချဉ်ပေါင်နီကို ရာသီဓလေ့ ပုစွန်လုံးကို ခွံဖုံးထေ့လို့ ဓလေ့ငယ် တဆင် လယ်ကြွက်ကင်နှင့် တို့ခွင့်ဖရုံ အချိုချက် ဟင်းဖက်စုံလှ မင်းပုံထည်ထည် နေစာပျို့ အစ်ကိုကိုတည်ပမယ် ဆောင်းနှယ် ဝင့်သည့်ချိန်ကို ယစ်စည်းစိမ် အဆီဖိန်းလို့ မှိန်းစေ့မယ်လေး။ ။ ~~~~~~~~~~~~~~~ မလွမ်းရော့သော်ကော့ ကျွန်းမော့မော့ မြောက်ခွင် မူးရေယဉ် လက်ယာစီးငယ်နှင့် မောင်ကြီးတို့ ပျော်တဲ့ရွာ မြောက်ညာနှင့် တောင်စွယ်လက်ကယ်က အင်းနှစ်ဖက် ကာတယ်လေး။ ။ တခေါက်ကယ် လမ်းကြုံ ရွာသဘောကို ပြောမယုံ ကြုံရင်ဝင်ခဲ့ပါလ နော်အဝေး နှမပြာဖြူ ရောက်တော်မူလျှင် မပူချမ်းငြိမ်း အခြင်ရယ်မြေနီး ထန်းရွက်ကယ် စီးပါတဲ့ မောင်ကြီးအိမ်မှာ စည်းစိမ်ကိုခံ ဟင်းချဉ်ပေါင်ဖက် ပြုတ်ဘူးရွက်နှင့် ပိချက်ရေ ရံပြီးလျှင် ဆန်ထမင်း ရဲကျော်ကို ဝန်ကတော်ပုံလောက်ပြေးအောင် ကျွေးမယ်ပလေး။ ။ ~~~~~~~~~~~~~~ ခါတခေါက် ရွာရောက်ကယ် လှမ်းခဲ့ပ သာတမ်းနှင့် ရှိစေတော့ အမိတို့ တောရွာအိမ် သည်ချိန်ကို ပဲစင်အောက် လပျောက်ဗိုင်းငင် ရွှေရင်အင်္ကျီသိုင်းလို့ တပိုင်းပေါ် ပိုကရိုနှင့် အစ်ကိုကို ဗန်းပြလိုက်မယ်လေး။ ။ တဖက်ကယ် မှောင်ကာ တခြမ်းဟာ နံ့သာလိမ်းကွက် လရောင်ပြက်မှာ အသက်ကယ် နှင်းဆောင် နွားခွံခင်းတဲ့ တလင်းပြောင်မှာ လရောင်မထင် လူခြေတိတ်ကိုမှ ရွှေလိပ်ပြာ ရွှင်စေ့မယ် ဦးရင်တို့ မြို့သူတို့ တို့တောမူ တယ်မကြမ်းပါဘု ခြေရေကုန် လက်ဆန်ကမ်းချိန်မှ ဖမ်းပမယ်လေး။ ။ ~~~~~~~ အခြေငယ် ကြီးပါဘိ ရုတ်သီးတောင့်ကိုင် နှစ်ယောက်ကယ် ထိုင် ယှဉ်လက်ပြိုင် ကျယ်စပြစ်နှင့် ဖွယ်သစ်မြေအင်ရံလို့ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့် ကြွက်နဖားရည်ကျို အလို စားပုံတင့်ရန်ကော ခေါင်းမင်း ဆယ်အိမ်ပေမို့ သရေသိန် ကြီးပါဘိတယ်လေး။ ။ စားသောက်ဖွယ်ရာ ပြီးသောအခါ ချမ်းသာရိပ်ငြိမ် အခြင်မြေသက် ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင် စည်းစိမ်ကြီးရင် ခြေလိမ်တင်လို့ ခုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ မှောက်ချည်လှန်ချည် အဆီရယ်ဖိန်း မှိန်းတော့သည်နှင့် မကြည်သန်းဝေ ထည်မင်းပုံ နေပြီးလျှင် နွားရေပြန့်ပေါ်မှာ ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ သူအိပ်တယ်လေး။ ။ ~~~~~~~~~~~ ခါတလှည့် လာခဲ့ပ ကျုပ်တို့ရွာ ဝေးမကွာ ပြေးလာလျှင် တာမထောက်ပါဘု ရွာမြောက်က မန်ကျည်းပင် ရွာဝင်မှာ ပင်စောင်ချမ်းငယ်နှငိ့ မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ ကြောက်စရာ မျက်နှာထားပါလို့ ရွာသားတွေ အာဏာကြို့ရ မင်းပြည်စိုး အိမ်အိုတောင်မှာ အခေါင်စောက်နှင့် တဲကိုလေး။ ။ ဖျာမလွန် နွားခွံအခင်း မြေတလင်းမှာ နေ့ခင်းပျော်အင် လိမ်းကျောက်ပျဉ်နှင့် ဗိုင်းငင်ဝါဖန် အိမ်လုံးသာ ညံတော့ သန်းယံချိန်ကျော် သူငယ်ချင်းကိုလ အပျင်းပြေ ဖျော်ရအောင် လုံးတော်ပု ပြောင်းဆန်ကို ပေါင်းလှန်အောင် အဖျော်ဟင်းငယ်နှင့် ဦးရင်ရေမျိုကျဉ်းအောင် သွင်းစေ့မယ်လေး။ ။ ~~~~~~~~~~~ ခါတလှည့် လာခဲ့ပ ကျုပ်တို့ဆီ ရာသီရောက်ကပေါ့ ဖားကင်ခြောက် ကျပ်တင်ဟာကို ငရုပ်ဝါ စပ်တူထောင်းပါလို့ ဧည့်ကောင်းဖို့ တမင်ဆော် တို့ကြီးတော် နွေကလှန်းပါတဲ့ ခရမ်းခြောက်ကျိုပုံးရည် တူနှစ်မည် ဆင်တဲ့ဟင်း ထမင်း ပုသိမ်ဆင်နှင့် ကိုရင် ကျွေးချင်လှတယ်လေး။ ။ ပဲနောက်နှင့် ပြောင်းဆန် ကောက်သားငယ်ရံ ဝေဖန်နှောယှက် ရောကာချက်လို့ ပြောဖက်ကယ် မမြင် သြဇာပြွမ်းတဲ့ သုံးလွန်းတင်ကို ခင်မင်ဖွယ်ရာ သည်ချိန်ကို လာခဲ့ပ တောရွာသူ ခံ့ပုံကို အသားကုန် လက်ပြိုင်ဆွဲလို့ နွဲစေ့မယ်လေး။ ။ ~~~~~~~~~~~~ မိုးမသောက်ခင်က ခလောက်ကယ် ဂျောင်ဂျင် လုပ်ငန်းငယ် ပြင်သည် ချောင်းရေယဉ် သွင်သွင်စီးပါလို့ ကောက်ကြီးစပါးနှံက သန်လှတယ်လေး။ ။ သို့အရာမူ တို့ရွာစရိုက် ချွေးပြိုက်ပြိုက်ကယ်နှင့် ကောက်စိုက်မ ဟန် ထမခံမြေလုပ် အင်စောင်းတုတ်လို့ ဆူးပုတ်ကယ် ရွက်ညို ဆီ မခတ်သော်လည်း တလပ်ကယ် ချိုလှတယ် မင်းပျိုတို့ ခုချိန်ခါကို စားစရာ ဝါမပြောပါဘူး ပေါလှတယ်လေး။ ။ (ဦးကြီး) ***ပျို့ဦးရင် အပြန်ခက်ရှာလိမ့်*** သပြေက သီးသနှင့် ရေကြီးငယ် ဘောင်ဘင် ထွန်ရေးငယ် ငင်သည် ပျို့ဦးရင် အပြန်ခက်ရှာလိမ့် တဖက်က ချောင်းကာသည် ရွှေညာမှာ ညိုတဲ့မိုးငယ်မို့ ပျိုစိုးတယ်လေး။ ။ ခါးမင်ကြောင်ငယ် ရွှေသျှောင် ဗယ်ဝှေ့ အမယ်လေး ဆိုတုန်းက ပျိုပုန်းလို့ တွေ့သူမို့ တနေ့သာသာ တညဉ့်ကွာမူ ဗျာပါသည်းနှင် တနှစ်ထင်လို့ မရွှင်တ, မျှော် ရေရှင်တားလို့ ရက်အားပုံ ပေါ်လှချည့် ချောင်းကျော်တဲ့ လယ်နှယ်ကို ကိုယ်တာတွယ် မစုံမက်သာဘု တောတက် ဖေလေး။ ။ ~~~~~ ***ဆယ်အိမ်မင်း စည်းစိမ်*** စည်းစိမ်ငယ် ကြီးပါဘိ ရုတ်သီးတောင့် ကိုင် နှစ်ယောက်ကယ် ထိုင် ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့် ဖွယ်သစ် မြေအင်ရံလို့ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့် ကြွက်နဖား ပုန်းရည်ကျိုသည် အလိုဗျာ… စားပုံတင့်ပါဘိ ခေါင်းမင့် ဆယ်အိမ်ပေမို့ အခြေကြီးလှတောင်း ကိုလေး။ ။ စားသောက်ဖွယ်ရာ ပြီးသောခါဝယ် ရသာချမ်းငြိမ် အခြင်မြေသက် ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင် စည်းစိမ်ကြီးရင် ခြေတင်လိမ်လို့ ခုတင် ကြမ်းပေါက် သုံးချောင်းထောက်မှာ ူမှောက်ချည်လှန်ချည် အဆီရယ်ဖိန်း မှိန်းတဲ့ချည်နှင့် မကြည် သမ်းဝေ ထည်မင်းပုံ နေလိုက်တာ နွားရေပြန့် အပေါ်မှာ ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ သူ အိပ်တယ်လေး။ ။ (ဦးကြီး) ~~~~~~~~~~~~~~~~~~ -> ဖိုးတောင်သူ ပျော်ရာရပ်ပေထင့်- ပင်ခံစပ်ကယ်နှင့် ဒဟတ်ကယ် ကွင်းမြောင် ယုန်ပိုက်ငယ် ထောင်သည် ဖိုးတောင်သူ ပျော်ရာရပ်ပေထင့် ပတတ်ညို ကြင်ဖော်ရှာလို့ ကျစ်စာစားတဲ့ လပေလေး။ ။ ဂျိုးဂြိမ့်သံငယ် မိုးသံတလိုက် လေတပြိုက်ကယ်နှင့် မှိုင်းဝိုက်ကယ် ရီမှုန် စည် မုရိုးငယ်နှင့် ငွေမိုးတွေ အုံတော့ နယုန်လ ချိန်နယ်မှာ လူသူငယ် ရွှေထောင်ချောက်ကယ်နှင့် တောခြောက်တယ်လေး။ ။ (အမည်မသိစာဆို- ရှေးရေး လွမ်းချင်း) -> အစပ်နဘေ ရှစ်ပါးမှ ခြင်္သေ့လည်ပြန်စပ်နည်းကို အများဆုံး သုံးကြ၏။ (ဦးကြီး၏ ကဗျာများနှင့် စပ်၍- ရှေးကဗျာ အများစု ခေါင်းစဉ် မရှိပါ။ ကဗျာတပုဒ်ကို ဖတ်ရာ၌ စာဖတ်သူက ရသခံစားရာတွင် လွတ်လပ်စွာ ခံစားခွင့် ရှိ၏။ ကဗျာကို ဖတ်ခံစားရာ၌ စာအလိုက်ကိုသာမက နိမိတ်ပုံတို့ကိုလည်း ခံစားလို့ရသမျှ ခံစားကြည့်သင့်၏။ ရေးသူ၏ အလိုအကျ မဖြစ်လျှင်လည်း အရေးမကြီးပါ။ ကဗျာတို့တွင် နိမိတ်ပြတို့ ရှိ၏။ ကဗျာပါ နိမိတ်ပုံများကို တွက်ယူပါရန်။ ရှင်းပြရန် အဆင်မပြေပါ။ ဗယ်ဝှေ့့- ဗယ်စောင်းသည် ကာမနှင့်ဆိုင်၏။) ***လေးချိုးလတ်- ရေးပြပါဆိုလို့*** (လျှောက်ရေးထားတာပါ။) ရှေးစာကဗျာ လေးချိုးလတ်ဆိုတော့ ပေးစာလွာ ရေးပျိုးတတ်စေလို့ ဝေးမျိုးရပ် ဆွေသဟာတွေကို အိုကွယ်… ရှေးရိုးဟပ် ပါတဲ့ ဖြေသညာ။ ။ တချိုးစီမှာလ စပျိုးသီ သုံးလေးထားပါလို့ ထုံးရေးသား သုံးချိုးကျန်မှာ သုံးမှခွန်ပါ။ ။ အက္ခရာ ပ,တ-ချိုးမှာတော့ ဆဋ္ဌသာ ရကြမျိုးသာပ အစ,ဒု-ချိုး သုံးခြောက်မှန်ပြင် စတု-ချိုး သုံးလေးပြန်ကာ ကုံးနောက်ဌာန် လယ်စာပိုဒ်တွေက တည်ကာလိုက် အက္ခရာတွေ စီလျက်ပါ စွဲခြောက်လုံး။ ။ ပိုဒ်ဆုံးငယ် သီ လေးလုံးစီ ဒု,စတု မှန်လို့ တ-ချိုးခံ ကာရန်ပြန်နဲ့ ခွာထောက်ရံ စတု-ချိုးမှာပေါ့ ရေးမျိုး စံထုံး ရယ်မှ အိုကွယ်… လေးချိုး မှန်ကုံး။ ။ ~~~~~~~~~~~~~~~~~~~~ => စာကြောင်းရေ- တချိုးစီ၌ စာပိုဒ်ငယ် -> ပ-ချိုးတွင် ၃/၄ ပိုဒ် အထားများသည်။ -> ကျန် သုံးချိုးတွင် ၃-ပိုဒ်မှ ၇-ပိုဒ် အထားများသည်။ => အက္ခရာလုံးရေ- -> ပ-ချိုးနှင့် တ-ချိုး၏ အပိုဒ်တိုင်းကို အက္ခရာခြောက်လုံး အထားများသည်။ -> ဒု-ချိုး၏ အစကို ၃/၆ လုံး ထားကြသည်။ -> စတု-ချိုး၏ အစပိုဒ်ငယ်၌ ၃/၄ လုံး ထားကြသည်။ -> ဒု-ချိုးနှင့် စတု-ချိုးတို့၏ အလယ်ပိုဒ်များကို ၆-လုံး ထားကြသည်။ -> ဒု-ချိုးနှင့် စတု-ချိုးတို့၏ အဆုံးကို ၄-လုံး ထားကြသည်။ ****အခြေခံ ကဗျာရေးနည်း (၂၂)*** (ဂုဏ် ဆယ်ပါး- အကျဉ်း) ကြည်လင် ယဉ်ငြား၊ နက်ထင်ရှား တင်စား ချုံးချဲ့ပြီ။ ။ နှစ်သက် လေးပင်၊ ဂုဏ်ထူးဆင် ချိုလွင် ချီချညီ။ ။ ကြည်လင် - ပသာဒဂုဏ် ယဉ်ငြား - သုခုမာလတာဂုဏ် အနက်ထင်ရှား - အတ္ထဗျတ္တိဂုဏ် တင်စား - သမာဓိဂုဏ် ချုံးချဲ့ - သြဇာဂုဏ် နှစ်သက် - ကန္တိဂုဏ် လေးပင် - သိလေသဂုဏ် ဂုဏ်ထူးဆင် - ဥဒါရတာဂုဏ် ချိုလွင် - မဓုရတာဂုဏ် ချီချညီ - သမတာဂုဏ် -> တနည်း- ၁။ ပသာဒဂုဏ် - ကြည်ညို ဖွယ်ရှိခြင်း ၂။ သြဇာဂုဏ် - သိပ်သည်းလေးနက်ခြင်း ၃။ မဓုရတာဂုဏ် - ချိုသာနာပျော်ဖွယ် ရှိခြင်း ၄။ သမ္မတာဂုဏ် - အသံညီမျှခြင်း ၅။ သုခုမမာလတာဂုဏ်- သိမ်မွေ့နူးညံ့ခြင်း ၆။ သိလေသဂုဏ် - ပြေပြစ်သောပုဒ်ရှိခြင်း ၇။ ဥဒါရတာဂုဏ် - လွန်ကဲသောဂုဏ်ရှိခြင်း ၈။ ကန္တိဂုဏ် - နှစ်သက်ဖွယ် ရှိုခြင်း ၉။ အတ္တဗျတ္တိဂုဏ် - အနက်ထင်ရှားခြင်း ၁၀။ သမာဓိဂုဏ် - တင်စားခြင်း (အနက်ဖွင့်ပြပုံ ကျမ်းများ၌ အနည်းငယ်ကွဲ၏။) ~~~~~ ၁။ စကားနီးစပ်၍ အနက်သိလွယ်သောပုဒ်များဖြင့် ရေးစပ်ထားသော အဖွဲ့မျိုးကို ပသာဓဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုသည်။ ဥပမာ- ပရိက္ခရာ၊ ဥစ္စာအိမ်ထောင် ကုန်အောင်ခြွေခြွေ၊ စွန့်ခဲ့ပေ၍ မနေလူရပ်၊ တောသို့ကပ်လည်း (ပါရမီခန်း) ၂။ စကားလုံးများကို သိပ်သည်းကျစ်လစ်အောင် ပေါင်းစပ်၍ ရေးသားထားသော အဖွဲ့အကျဉ်းကို အကျယ်ချဲ့၍ အကျယ်ကို အကျဉ်းချုံး၍ ရေးသားသော အဖွဲ့မျိုးကို သြဇာဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုသည်။ အနက်- အတ္ထသြဇာ၊ သဒ္ဒါ-သဒ္ဒသြဇာ နှစ်မျိုးရ၏။ ဥပမာ- သံဝိအစ၊ ဝဓလေးလီ၊ ဌာယီနှစ်ပါး ပျက်ပွားတည်မှု၊ ကမ္ဘာပြုကို အနုသန္ဓေ၊ ရွှန်းရွှန်းဝေစိမ့်၊… (လောကဝိဓူမော်ကွန်း) ၃။ အသံတူဌာန်တူ အက္ခရာများ ပါသည့်ပုဒ်ကို များစွာအသုံးပြု၍ ရေးသားသောအဖွဲ့၊ အက္ခရာတူပုဒ်တို့ကို ထပ်ကာထပ်ကာ အသုံးပြု၍ ရေးသားသော အဖွဲ့မျိုးကို မဓုရတာဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။ ဤတွင်လည်း အသံတူနှင့် အက္ခရာတူ နှစ်မျိုးရ၏။ ဥပမာ- နီလာပတ္တမြား၊ မြတ်ကိုးပါးလည်း ဘုရားမြတ်မွန်၊ လာမည်မှန်ဟု (ဂါထာခြောက်ဆယ်) ၄။ ပါဒတိုင်း၌ အသံနူးညံ့သော သိထိလအက္ခရာများ အညီအမျှထား၍ ဖြစ်စေ၊ အသံကြမ်းတမ်းသော ဓနိတအက္ခရာများ အညီအမျှထား၍ ဖြစ်စေ၊ သို့မဟုတ် နှစ်မျိုး အညီအမျှ စီထား၍ ဖြစ်စေ ရေးသားသော အဖွဲ့မျိုးကို သမတာဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။ ၅။ အသံနူးညံ့သော သ်ထိလအက္ခရာ များများသုံး၍ အရွတ်အဆိုခက်သော ပုဒ်များ မပါအောင် ရေးသားသော အဖွဲ့မျိုးကို သုခုမာလတာဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။ ၆။ ဌာန်ချင်းနီးသော အက္ခရာများ ပေါင်းစုထားသည့် ပုဒ်မျိုးဖြင့် ရေးသားလျက် ဓနိတအက္ခရာလည်း အနည်းငယ်ပါသော အဖွဲ့မျိုးကို သိလေသဂုဏ်နှင့် ပြည့်စုံသည်ဟု ခေါ်ရသည်။ (အထက် ၃-မျိုးမှာ ပါဠိဘာသာ အဖွဲ့များ၌သာ ထင်ရှားသည်။) ၇။ အလွန်အကျူး ထူးခြားလွန်ကဲခြင်းကို ရေးသားသော အဖွဲ့ကို ဥဒါရတာဂုဏ်နှင့် ပြည့်စုံသည်ဟု ခေါ်ရသည်။ ဥပမာ- မုန်ညင်းစေ့တွင်း၊ ဝင်၍စင်္ကြံ သွားစံပပ၊ နေလ ကိုင်မှီ… (မဃဒေဝ) ၈။ အလွန်အမင်းချီးကျူးမှုကို လူအများ နှစ်သက်အောင် လောကပြောရိုး ပြောစဉ်ထက် မလွန်စေဘဲ ရေးသားသော အဖွဲ့ကို ကန္တိဂုဏ်နှင့် ပြည့်စုံသည်ဟု ခေါ်ရသည်။ ဥပမာ- တက်ဘို့ဘဝဂ်၊ ကောင်းကင်ကက်ဖြင့် ချင့်တွက် မနိုင်၊ ဉာဏ်မဏ္ဍိုင်ကို (ပါရမီတော်ခန်း) ၉။ သဒ္ဒါအနက်အားဖြင့် ဖြည့်စွက်ရန် ဆွဲယူရန် မလိုအောင် ပြည့်စုံထင်ရှားစွာ ရေးသားသော အဖွဲ့ကို အတ္တဗျတ္တိဂုဏ်နှင့် ပြည့်စုံသည်ဟု ခေါ်ရသည်။ ဤ၌လည်း အတ္ထနှင့် သဒ္ဒ နှစ်မျိုးပင်ရ၏။ ဥပမာ- အဆွေ၌မှာ၊ သက်တရာလျှင် မနာမဖျား၊ မြင်လိုငြား၏ (မဟာသုတသောမပျို့) ၁၀။ လောကစည်းကမ်းနှင့် မဆန့်ကျင်အောင် တင်စား၍ ရေးသားသော အဖွဲ့ကို သမာဓိဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။ သုဗောဓာလင်္ကာရကျမ်း၌ သမာဓိဂုဏ်ကို တဖန် ခြောက်မျိုးရသည်ဟု ပြ၏။ (က) သက်ရှိသတ္တဝါတို့၏ သဘောကို သက်မဲ့အရာဝတ္ထု၌ တင်စားဆိုခြင်း။ (ခ) ပုံသဏ္ဌာန်ရှိသော ဝတ္ထုတို့၏ သဘောကို ပုံသဏ္ဌာန် မရှိသော အရာ၌ တင်စားခြင်း။ (ဂ) အရသာရှိသော ဝတ္ထု၏ သဘောကို အရသာမရှိသော ဝတ္ထု၌ တင်စားခြင်း။ (ဃ) အရည်၏သဘောကို အရည်မဟုတ်ရာ၌ တင်စားခြင်း။ (င) ပြုလုပ်တတ်သူ၏သဘောကို မပြုလုပ်တတ်သသော အရာ၌ တင်စားခြင်း။ (စ) အစိုင်အခဲဖြစ်သော ဝတ္ထု၏ သဘောကို အစိုင်အခဲ မဟုတ်သော အရာ၌ တင်စားခြင်း။ => ဝါကျဒေါသ စသော ကဗျာအလင်္ကာဖျက် အပြစ်ဒေါသများ ရှင်းလင်းပြေလျှင်ပင် ဂုဏ်ဆယ်ပါးကို ထိုက်သလို ရလေသည်။ (ကိုး- စာအုပ်စုံ) ***အခြေခံ ကဗျာရေးနည်း (၂၃)*** - ပျို့ အကြောင်း - လင်္ကာ ရတု စပ်နည်းများကဲ့သို့ အစပ်ခြောက်ပါးဖြင့် လေးလုံးတပါဒ ရေးစပ်သော လေးလုံးစပ် ကဗျာအမျိုးအစားဖြစ်သည်။ ၁။ ဘုရားဟောတရားကို တိုက်ရိုက်မှီး၍ စီကုံးခြင်း၊ ၂။ (ဘုရားဟော အနည်းငယ်မျှသာပါပြီး) ဘုရားဟော မဟုတ်သော ရှေးကျမ်းများကို မှီး၍ စီကုံးခြင်း၊ ၃။ စာဆို၏ ပင်ကိုရေးပျို့-ဟူ၍ အကြမ်းအားဖြင့် ၃-မျိုး ခွဲခြားလေ့လာနိုင်သည်။ -> ဥပမာအားဖြင့် - ၁။ ~ ရှင်မဟာသီလဝံသ၏ ဗောဓိနှစ်ပင်_ ဗောဓိညောင်ရွှေ၊ ဗုဒ္ဓဟေအောက် ဆန်းကြယ်ပေါက်သား၊ ရောင်တောက်ပလ္လင်… (ဆုတောင်းခန်းပျို့-ရှင်မဟာသီလဝံသ) ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က ချက်ရိုင်ပြည့်စုံ၊ နဝဂုဏ်တည့်… (ပါရမီတော်ခန်းပျို့-ရှင်မဟာသီလဝံသ)၊ ~ ရှင်အုန်းညို၏ ဗောဓိပင်_ မဟာဗုဒ္ဓဟေ၊ ဦးထိပ်ဗွေဟု မြုတေထွတ်ခေါင်၊ မြရိပ်ဆောင်သား ရွှေညောင်ပင်မင်း၊ ဗောဓိရင်းနှိုက်… (ဂါထာခြောက်ဆယ်ပျို့-ရှင်အုန်းညို) ၂။ သကျာဝတ၊ ကုမာရဟု သြဇသာကြည်၊ နှုတ်မွန်ရည်ကြောင့်… (ဘုံခန်းပျို့) ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့် ဟိတတ္ထိက၊ သြဝါဒဖြင့် ဆုံးမပေးထွေ၊ နားဝင်စေလော့… (လောကသာရပျို့- ရခိုင်သူမြတ်/ကန်တော်မင်းကျောင်းဆရာတော်???) ၄။ သြဝါဒထူးပျို့၊ ဂမ္ဘီသာရပျို့၊ နန္ဒီသေနပျို့ … စသည်တို့ ဖြစ်သည်။ ~~~~~~~~~~~~~~~~~~~ (ပျို့ ဟူသည်- ကိုးခန်းပျို့ စကားညွှန်း) ပျို့သည် လေးလုံးစပ် လင်္ကာတမျိုး ဖြစ်သည်။ လင်္ကာဟူသည် ပါဠိဘာသာ ``အလင်္ကကာရ´´ မှ ဆင်းသက်လာ၍ ``တန်ဆာဆင်ခြင်း´´ ဟု အဓိပ္ပာယ်ရ၏။ တန်ဆာဆင်သည် ဟူရာ၌၊ အတ္ထာလင်္ကာရ- အနက် အဓိပ္ပာယ်ဖြင့် တန်ဆာဆင်ခြင်း၊ သဒ္ဒါလင်္ကာရ- အသံဖြင့် တန်ဆာဆင်ခြင်းတို့ကို ဆိုလိုသည်။ မြန်မာစာပေသမိုင်းတွင် ရှေးကျလှသော တောင်တွင်းဆရာတော် ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့ သည်ပင် မူလက ပျို့-ဟု မတွင်ခဲ့ပေ။ ဆရာတော်ကိုယ်တိုင် လင်္ကာ-ဟုသာ အမည်တပ်ခဲ့သည်။ အင်းဝသို့ရောက်မှ ယဉ်ကျေးဘွယ်ရာ ရှိအောင် နန်းတော်သူ နန်းတော်သားတို့က ပျို့-ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်ဟု မှတ်သားရပေသည်။ ကုန်းဘောင်ခေတ် စာဆိုအကျော် မန်လည်ဆရာတော်ဘုရားကြီး ကလည်း ဘုရားလောင်း မဃဒေဝမင်းကြီး၏ ကြောင်းရာ ထုပ္ပတ်ကို ကဗျာလင်္ကာ ဖွဲ့ဆိုပြီးလျှင် ``မဃဒေဝလင်္ကာသစ်´´ ဟု အမည်ပေးခဲ့သည်။ အင်းဝခေတ် ရှင်အဂ္ဂသမာဓိအကျော် ရေးသား ပြုစုခဲ့သော မဃဒေဝမင်းကြီး အကြောင်းကို ပြဆိုရာ ဖြစ်သည့် ``မဂ္ဃဇိုဝ်းခန်းပျို့" ခေါ် ပျို့တစောင် တဖွဲ့ ထင်ရှားရှိပြီး ဖြစ်သဖြင့် သူ၏ကဗျာကို ``လင်္ကာသစ်" ဟု အမည်တပ်ဟန် လက္ခဏာ ရှိပေသည်။ ဤတွင် မန်လည်ဆရာတော်သည် # ပျို့နှင့်လင်္ကာကို မခွဲခြားဘဲ # သဘောထပ်တူ ယူကြောင်း ထင်ရှားလေသည်။ စင်စစ်အားဖြင့် မြန်မာစာပေသမိုင်းတွင် ထင်ရှားသော ပျို့ မော်ကွန်း ဧချင်း ရတု အစုစုတို့သည် လင်္ကာမှ ဖြာထွက်လာကြသော အဖွဲ့များသာ ဖြစ်ချေသည်။ စာဆို၏ လက်ထက်၌ ဖြစ်ပျက်သည့် အကြောင်းအရာ တရပ်ကို နှောင်းလူတို့ သိမှတ်ကြစေရန် ရည်သန်ဖွဲ့ဆိုလျှင် # မော်ကွန်း၊ ဘုရင့်သားတော် သမီးတော်များ၏ ဧယင်မင်္ဂလာ ဆင်ယင် ကျင်းပသည့် ပွဲသဘင်တွင် ကျူးရင့် သီဆိုရန် ရေးစပ်လျှင် # ဧချင်း၊ ဥတုသုံးလီ၌ သဘာဝဓမ္မ၏ သာယာပုံကို စီကုံးလျှင် # ရတု ဟူ၍ ခွဲခြားခေါ်တွင်သည့် နည်းတူ၊ အကြောင်းအရာ၊ ဇာတ်ဝတ္ထုပုံပြင် တခုခုကို အသံနှင့် အနက် အဆင်တန်ဆာတို့နှင့် ပြည့်ဝ စုံလင်စေလျက် နှစ်သက်ဘွယ် ကြည်နူးဘွယ် နားဝင်ပီယံဖြစ်ဖွယ် ကောင်းအောင် ပိုဒ်ရေပေါင်း များစွာဖြင့် ခြယ်လှယ်သီကုံးနှုန်း ဖွဲ့ထားသည်ကိုပင် # ပျို့ ဟု ခေါ်ဆိုလေသည်။ ပျို့- ဟူသော စကားကို ပင်းယခေတ်၌ အစောဆုံး တွေ့ရ၏။ ပင်းယလေးစီးရှင် ကျော်စွာ ခေါ် သီဟသူ လက်ထက် စတုရင်္ဂဗလ အမတ်ကြီးသည် အဘိဓမ္မာ ခဲရာခဲဆစ်တို့ကို ``ရွှေဘဝါးတော်အောက်" အစချီသော ရတုကဗျာဖြင့် ပုဂံမြို့ ရွှေစည်းခုံဘုရားအနီး၌ သီတင်းသုံးတော်မူသော ဆူးတွင်းပစ်ဆရာတော်အား မေးလျှောက်ခဲ့ရာ ဆရာတော်က- ``နှုတ်မင်္ဂလာပျို့ဖြင့် မေးသည်ကို ကဗျာလင်္ကာပျို့ဖြင့်သာ ဖြေလျှင်းပေအံ့" ဟု ပဋိညာဉ် ပြုတော်မူသော စကားရပ်၌ ပါရှိပေသည်။ ပျို့၏ အဓိပ္ပာယ်ကို ပညာရှိအသီးသီးတို့ အမျိုးမျိုး အဖုံဖုံ ကြံဆကြသည်။ ဝေါဟာရလီနတ္ထဒီပနီတွင် ``မနံ ပိနေတီတိ ပျို့" ဟု ဝိဂြိုဟ်ပြုကာ ``ယံ ကဗျံ၊ အကြင် ကဗျာသည်။ မနံ၊ စိတ်ကို။ ပိနေတိ၊ နှစ်သက်စေတတ်၏။ ဣတိ၊ ထို့ကြောင့်။ တံ ကဗျံ၊ ထို ကဗျာသည်။ ပျို့၊ ပျို့မည်၏။" ဟု ဖွင့်ဆိုထားရာ စိတ်နှလုံးကို ယူကျုံး စွဲမက် နှစ်သက်စေတတ်သော အဖွဲ့အနွဲ့မျိုးကို ပျို့- ဟု ဆိုလိုသည်။ ကဗျာဗန္ဓသာရကျမ်းတွင်ကား ပျို့- ဟူသော စကား၏ အနက်ကို ပြည့်ဖြိုးခြင်း၊ ထွန်းပခြင်း၊ နှစ်သက် ကြည်လင်စေခြင်း၊ ကြန်အင်ပြည့်စုံ ကောင်းမြတ်ခြင်း၊ ပျိုငယ်ခြင်း၊ ပျို့အန်ခြင်း၊ ပျို့ကျမ်း ဟူ၍ ၇-မျိုး ခွဲခြား ပြဆိုပြီးလျှင် ဘတ်နာ ကြည့်ရှုသူတို့၏ စိတ်နှလုံးကို ယူကျုံးသည့် အသွင်၊ ကြည်လင် နှစ်သက်စေသော ကဗျာကိုပင် ပျို့- ဟု ခေါ်ဆိုကြောင်း ဖော်ပြလေသည်။ ကဝိဘာရတီကျမ်းကမူ ပျို့-ဟူသည် နှစ်သက် ရွှင်ပျ အားရတင်းတိမ်ခြင်းကို ဖြစ်စေတတ်သော အဖွဲ့ဖြစ်သည်ဟု ဆို၏။ အချို့ပညာရှိတို့က မြန်မာစကား ပို့-မှ ယပင့်တိုးကာ ပျို့- ဖြစ်လာသည်။ ရှေးပုဂံကျောက်စာတို့တွင် ``ပန်ခီ" မှ ``ပန်းချီ"၊ ``စာခီ" မှ ``စာချီ"၊ ``ကီကြ" မှ ``ကျီကြ" အသီးသီး ဖြစ်လာဘိ သကဲ့သို့၊ အသံထွက် ပြော့ပျောင်းစေရန် ယပင့်တိုးလာခြင်း ဖြစ်၍၊ မို့မောက် ပြည့်လျှမ်းခြင်း- ဟု ယူဆကြကုန်သည်။ အချို့ကမူ ပို့ဆောင်အပ်သောကြောင့် ပို့- ဟု ခေါ်ရာမှ ပျို့- ဖြစ်လာသည်ဟု ယူဆကြ၏။ တရား အဆီအနှစ်တို့နှင့် ပြည့်လျှမ်းဖြာစည်၍ နိဗ္ဗာန်ရွှေပြည်သို့ ပို့ဆောင်သော ကဗျာဟု ဆိုလိုဟန် လက္ခဏာ ရှိပေသည်။ ပါဠိသန်သူ အချို့ကလည်း ပီဏ-သဒ္ဒါမှ ပျို့- ဖြစ်လာသည်ဟု ကြံဆကြသည်။ ပီဏ-မှ ပျို့-သို့ ပြောင်းလဲလာရန်မှာ အလှမ်းဝေးသောကြောင့် အတွေးခေါင်လွန်းသည်ဟု ထင်မြင်မိပေသည်။ => ထို့ကြောင့် ပျို့- ဟူသည်- အကြောင်းအရာ၊ ဇာတ် ဝတ္ထုပုံပြင် တခုခုကို အသံနှင့် အနက် အဆင်တန်ဆာတို့နှင့် ပြည့်ဝစုံလင်စေလျက် နှစ်သက်ဘွယ် စိတ်ကြည်နူးဘွယ် နားဝင်ပီယံဖြစ်ဘွယ်ကောင်းအောင် ပိုဒ်ရေပေါင်း များစွာဖြင့် ခြယ်လှယ် သီကုံးထားသော အဖွဲ့ပင် ဖြစ်သတည်း။ ။ (ကိုးခန်းပျို့ စကားညွှန်း) ***အခြေခံ ကဗျာရေးနည်း (၂၄)*** (ရသ အကြောင်း) ဘာဝ ဝိဘာဝ၊ နုဘာဝဟု ကေဋုဘကျမ်း၊ ခွဲခြမ်းမိန့်ဆို ဤအလိုဖြင့်၊ ထိုထိုကိစ္စ မြဲးမြံလှအောင်၊ စိတ္တဝိသေသ် စိတ်ဖြစ်ထူးလေ့၊ မရွေ့ဖြစ်ငြား ကြားသူမြင်သူ၊ ဗိုလ်လူသဘော မနောငြိကပ်၊ သာယာအပ်ကြောင့် ပညပ်ခေါ်ညီ၊ ဌာယီဘဝ ရသကိုးပါး၊ ကျမ်းနှိုက်ကြား၏့။ ယောက်ျားမိန်းမ၊ ဘာဝအလိုက် ချစ်ကြိုက်မြင်ရုံ၊ မဆုံရသေး အယောဂ တည့်။ ထိုမှနှစ်သက်၊ မနှစ်သက်၍့ ပေါင်းဘက်ကွာကြ၊ သံယောဂ နှင့် ဝိယောဂ မျိုး၊ ဖြစ်ရိုးမှန်လှ ကာမယုဒ္ဓ၊ ဓမ္မမည်သိ သုံးပါးယှိသား၊ ရတိဘာဝ #သိင်္ဂါရ တည့်။ ရွှင်ပပြုံးရယ်၊ မှတ်ဘွယ် #ဟဿ။ ကြောင့်ကြ သနား၊ ဤနှစ်ပါးကား မည်ငြားနာမ၊ သောက #ကရုဏာ ဟူစပါလော့။ - (မှတ်ချက် #သောက ပါ၏) မျက်ပါဖရုသ်၊ ကြမ်းကြုတ်ကောဓ #ရုဒြတည့်။ ထိုမှတဝ၊ ယုဒ္ဓဓမ္မ လှူဒါနနှိုက်၊ လုံ့လရဲးရင့် မှတ်သင့်ဥဿဟ၊ #ဝီရလည်းဟူ ကြောက်မူ ဘယ၊ #ဘယာနက ရှင့်။ ထိုမှတအုပ်၊ စက်ဆုပ်ရွံရှာ ဇိဂုစ္ဆာ နှင့်၊ #ဝိဘစ္ဆာ ခေါ်ပြု အံ့သြမှုကား၊ မှတ်ရှုဝိမှယ #အဗ္ဘုတမည်။ ငြိမ်သက်တည်ကို၊ ခေါ်မည်သမ #သန္တ ဟူငြား၊ ဤကိုးပါးတည့်။ ရှေ့ကား ဘာဝ၊ နောက်ရသဟု မှတ်ကြ မမှား၊ ထူးမခြားဘူး တပါးထိုမှ၊ ထို ဘာဝနှင့် ကိစ္စလျော်ရာ၊ ဆက်ဆံစွာလျက် ပျောက်ကွယ်ထင်ရှား၊ ရှေးရှုအားဖြင့် နှစ်ပါးသတ္တိ၊ ဖြစ်လေ့ယှိသား ဗျဘိစာရီ၊ တွင်ညီ ဘာဝ သိကြကုန်လော့။ ဒဗ္ဗတည်းဟူ၊ အကြောင်းမူကား မှတ်ယူသညာ၊ အလဗ္ဗဏ ဝိဘာဝရှင့်။ ထိုမှအပ၊ ထူးကိစ္စဖြင့် ဌာနအလင်း၊ ထုံသင်းဂန္ဓ ထင်ကြောင်း စသား၊ ကာရဏ ဟူပြီ ဥဒ္ဒီပန၊ အမည်ပြ၏့။ ဖလခေါ်မှု၊ အကျိုးစုကို အနုဘာဝ၊ သာတှိကဟု ခေါ်ထအနေ၊ မြဲးမသွေတည့်။ ခွဲးဝေဤမျှ၊ ကျမ်းလာပြတိုင်း ဘာဝ ငါးဖြာ၊ လွန်သာယာလျက် ရသာထွေပြား၊ ပုဒ်တိုင်းအားဖြင့် စာသားချိုမှည့်၊ နှစ်ဆီပြည့်သား နတ်၏့သုဓာ၊ နတ်သြဇာနှင့် အလင်္ကာစုံ၊ သဒ္ဒါရုံဖြင့် မြန့်ဘုံကျွန်းခွင်၊ ထက်ဝန်းရွှင်အောင် စာပဉ္စင်ကြီး၊ မှုတ်တီးသံညှင်း ပွဲးစုံကျင်းသည်။ နတ်မင်းသဘင် တူနိုးတည်း။ ။ (ပိုဒ်-၆၁၆) ဌာယီဘာဝ၊ အကျဉ်းမျှဖြင့် ပြခဲ့ထင်စွာ၊ ထိုကိုးဖြာ၏့ အင်္ဂါခြံရံ၊ ဆက်ဆံအတူ ဖြစ်မြဲးဟူ၍့၊ ရှေ့ရှုအထူး မကျူးလွန်ဘိ၊ ဖြစ်လေ့ယှိသား ဗျဘိစာရ၊ ဤဘာဝလည်း ပေါင်းစည်းတွက်ဖွဲ့၊ သုံးဆဲ့သုံးပါး ပြား၏့ခြင်းရာ၊ လက္ခဏာကို လင်္ကာသရုပ်၊ ချုပ်၍့တထွေ ပြညွှန်းပေအံ့။ နိဗ္ဗေ ငြီးငွေ့၊ အောက်မေ့ ပျင်းရိ အသိပညာ၊ ဣဿာ မိန်းမှိုင် မအိပ်နိုင်ကျင်၊ အိပ်ချင်ဟန်လုပ် စိတ်တုန်လှုပ်ဘိ၊ မျက်စိမူးပြာ ရောဂါ လျှပ်ပေါ်၊ အိပ်ပျော် အားထုတ် ကြမ်းကြုတ် နွမ်းနယ်၊ အားကွယ် မာန်ကျန်း ပင်ပန်း ရူးတတ်၊ သေရှက် မိုက်မဲး ရောင့်ရဲး တည်ကြား၊ ယုံမှား အကြံ သည်းမခံခြင်း၊ ကြည်ညိုခြင်းနှင့် ယစ်ခြင်း ထီးကျန်၊ ကျန်းဂန်လာယှိ ဗျဘိစာရီ၊ မှတ်နည်းမှီလော့။ ထိုပြီတဝ၊ သာတွိကကား ထမ္ဘမည်ငြား၊ နှစ်ပါးကိုယ်စိတ် ခတ်ကျိတ်တည်တံ့၊ ခိုင်မာခံ့၏့။ မကြံ့မိန်းမော၊ နစ်မျောမေ့ထ ပလယမည်ခြင်း၊ မွေးညှင်းကြက်သီး ဘီးဘီးထကြွ၊ ရောမဉ္စတည့်။ သေဒချွေးထွက်၊ မျက်ရည်စက်ကား ခေါ်ငြားအဿု၊ ဝေပထု တုန်လှုပ် ဆင်းရုပ်ဘောက်ပြန်၊ ဝေဝဏ္ဏိယ မှတ်အပ်စွရှင့်။ ဝိသရမည်၊ မကြည်သံပျက်၊ ဤရှစ်ချက်ဟု ကျမ်းထွက်အလာ၊ အလင်္ကာနှိုက် ဆရာသင်္ဃရက်၊ မိန့်မြွက်ဆိုတိုင်း မလှိုင်းမကျယ်၊ အကျဉ်းသွယ်သည်။ ဝမ်းဝယ်မှတ်ရန် အကျိုးတည်း။ ။ (ပိုဒ်-၆၁၇) (မဃဒေဝ-နယဒဿနိဂုံး။ သုဗောဓာလင်္ကာရ မြန်မာပြန်။) ~~~~~~~~~~~~~~~~~~~~~~~~~ => ရသ ကိုးပါးရှိသည်။ ချစ် ရွှင် သနား၊ ကြမ်း ကြောက်ငြား၊ ထူးခြားရဲရင့်လှ။ ။ စက်ဆုပ် ငြိမ်းမှု၊ အံ့သြပြု၊ ကိုးခု စုံရသ။ ။ ၁။ ချစ်~ သိင်္ဂါရ ရသ - ချစ်ခင်နှစ်သက်ခြင်း။ ၂။ ရွှင်~ ဟဿ ရသ - ရယ်ရွှင်ခြင်း။ ဝမ်းမြောက်ခြင်း။ ၃။ သနား~ ကရုဏာရသ - စိုးရိမ်ပူဆွေးခြင်း။ ၄။ ကြမ်း~ ရုဒ္ဒ ရသ - ကြမ်းကြုတ်ခက်ထန်ခြင်း။ ၅။ ကြောက်ငြား~ ဘယာနက ရသ - ကြောက်ရွံ့ခြင်း။ ၆။ ထူးခြားရဲရင့်လှ~ ဝီရ ရသ - ရဲရင့်ခြင်း။ အားထုတ်ခြင်း။ ၇။ စက်ဆုပ်~ ဝိဘစ္ဆ ရသ - စက်ဆုပ်ရွံ့ရှာခြင်း။ ၈။ ငြိမ်းမှု~ သန္တ ရသ - ငြိမ်းအေးခြင်း။ ၉။ အံ့သြပြု~ အဗ္ဘုတ ရသ - အံ့သြခြင်း။ ကိုးခု စုံရသ။ ။ ~~ အခြေခံ ကဗျာသဘောအရ- အလင်္ကာဖျက် အပြစ် ဒေါသကင်းသော, နှစ်သက်ဖွယ် စာပေ၊ ကဗျာ စသည်ကို တွေ့မြင် ဖတ်ရှု ဆင်ခြင် နားထောင်ရသဖြင့် ထိုသူတို့၏ စိတ်၌ ခံစားဖြစ်ပေါ်လာသော စာကဗျာ၏ အရသာအထူးသည် ရသ- ဖြစ်သည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ => ရသမြောက် အဖွဲ့ဖြစ်ရန်- ၁။ ဘာဝသုံးမျိုး -> (ဌာယီ၊ဗျဘိစာရီ၊ သာတ္တိကာ)၊ ၂။ ဝိဘာဝ နှစ်မျိုး -> (အာလမ္ဗဏ၊ ဥဒ္ဒီပန)၊ ၃။ အနုဘာဝ တစ်မျိုး- ဟူ၍ (၆)မျိုး ပြည့်စုံစွာ ပါရမည်။ အနည်းဆုံး ဌာယီဘာဝ၊ အာလမ္ဗဏဝိဘာဝ၊ အနုဘာဝ ဤသုံးချက် မဖြစ်မနေပါရမည်။ ချစ်ခြင်း မုန်းခြင်းစသော ဌာယီဘာဝတို့သည် ဝါသနာ (အနုသယအသွင်) ရှိနေရာမှ ဝိဘာဝ၊ အနုဘာဝ၊ ဗျဘိစာရီဘာဝတို့နှင့် ဆက်သွယ်မိ၍ ပီပီပြင်ပြင် ပုံသွင်အဆင့်သို့ ရောက်သောအခါ `ရသ' အမည်ကိုရလေသည်။ ဘာဝ - ဟူသည်ကား ရသဖြစ်အောင်၊ ပျံ့နှံ့အောင်၊ ပေါ်လွင်အောင် ဖန်တီးပေးနိုင်သော စိတ်ဖြစ်ပုံ (ကိုယ်နှုတ်အပါ) အထူးသည် ဘာဝမည်၏။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၁။ ဘာဝ သုံးမျိုး- နှစ်သက်ဖွယ် ရသကိုးပါး ဖြစ်ရခြင်းကား နှစ်သက်ဖွယ် ဌာယီဘာဝကိုးပါး ဖြစ်ခြင်းကြောင့်တည်း။ ဌာယီဘာဝသည် နှစ်သက်ဖွယ် မဖြစ်က ရသကို မရနိုင်၊ မခံစားနိုင်ပါ။ ဌာယီဘာဝ- ဟူသည်ကား ဆန့်ကျင်ဘက် အခြားဘာဝတခုက ဖုံးကွယ်ဖျက်ဆီး၍ မရနိုင်အောင် မိမိ၏ ပင်ကိုယ်သဘောအတိုင်း ခိုင်မြဲတည်တံ့သော ဘာဝ ဖြစ်သည်။ - ဌာယီဘာဝ ကိုးပါး - မွေ့လျော် ရွှင်ငြား၊ စိုးရိမ်များ၊ မျက်ပွား အားထုတ်ပြီ။ ။ စက်ဆုပ် ကြောက်လျက်၊ အံ့သြချက်၊ ငြိမ်သက် ကိုးဌာယီ။ ။ ၁။ မွေ့လျော်~ ရတိ ဌာယီဘာဝ - မွေ့လျော်ပျော်ပါးခြင်း။ ၂။ ရွှင်ငြား~ ဟာသ ဌာယီဘာဝ - ရယ်ရွှင်ခြင်း။ ၃။ စိုးရိမ်များ~ သောက ဌာယီဘာဝ - စိုးရိမ်ကြောင့်ကြခြင်း။ ၄။ မျက်ပွား~ ကောဓ ဌာယီဘာဝ - စိတ်ဆိုး အမျက်ထွက်ခြင်း။ ၅။ အားထုတ်ပြီ~ ဥဿာဟ ဌာယီဘာဝ - အားထုတ်ခြင်း။ ၆။ စက်ဆုပ်~ ဇိဂုစ္ဆာ ဌာယီဘာဝ - စက်ဆုပ်ရွံ့ရှာခြင်း။ ၇။ ကြောက်လျက်~ ဘယ ဌာယီဘာဝ - ကြောက်ရွံ့ထိတ်လန့်ခြင်း။ ၈။ အံ့သြချက်~ ဝိမှယ ဌာယီဘာဝ - အံ့သြခြင်း။ ၉။ ငြိမ်သက်~ သမ ဌာယီဘာဝ - ငြိမ်သက်ခြင်း၊ ငြိမ်းအေးခြင်း။ ကိုးဌာယီ။ ။ ~~~~~ မွေ့လျော်ပျော်ပါးသော ရတိဌာယီဘာဝ ဖြစ်ချိန် ကြောက်စရာ ဘယဌာယီဘာဝကို မြင်သော်လည်း မကြောက်ဘဲ ပျော်နေခြင်းသည် ခိုင်မြဲတည်တံ့သော ရတိဌာယီဘာဝဖြစ်သည်။ အကယ်၍ ကြောက်ခြင်းသို့ ပြောင်းလဲသွားသော် ဌာယီဘာဝ မခေါ်ဘဲ ဗျဘိစာရီဘာဝ ခေါ်သည်။ ဌာယီဘာဝကို တိုးပွားအောင် မွေးမြူပေးတတ်သော ယာယီခံစားမှု သဘောများဖြစ်သည်။ ဗျဘိစာရီဘာဝသည် မတည်တံ့ဘဲ အမြဲပြောင်းလဲနေသည့် သဘောရှိသည်။ ဌာယီဘာဝ တခုသည် မိမိဆိုင်ရာ ရသ၌သာ ဌာယီဘာဝသဘော ရှိ၍ အခြားရသ တခု၌ ဗျဘိစာရီဘာဝသဘော ရှိလေသည်။ ထို့ကြောင့် ဌာယီဘာဝကိုးခုလုံး ဗျဘိစာရီဘာဝ ပြောင်းနိုင်ခြင်း ဖြစ်သည်။ ဗျဘိစာရီဘာဝသည် မူလ ၃၃-ပါးနှင့် ဌာယီဘာဝကိုးခုမှ ပြောင်းလာသော ဗျဘိစာရီ ၉-ပါးပေါင်း ၄၂-ပါး ရှိသည်။ မူလ ၃၃-ပါး- ငြီးငွေ့, စဉ်းစား ယုံမှား. ပန်းစွာ၊ ရောင့်ရဲနှစ်သက် တစ်ချက်တွေကာ၊ စိတ်ဆင်းရဲဘိ ပျင်းရိ, ကြမ်းစွာ၊ အိပ်ပျော်, ထိတ်လန့် မခံ့အားမှာ၊ အားထုတ်, အောက်မေ့ ရွှင်မွေ့လန်းဖြာ၊ ငြူစူ, စိတ်ပန်း မှိုင်းခန်းကြုံလာ၊ ဟန်ဆောင်, မာန်ကြွ စိတ်ကဖောက်လာ၊ သည်းမခံလစ် မူးရစ်, ရူးကာ၊ ဟုတ်တိုင်းမှန်သိ မသိ, နိုးလာ၊ ငိုက်မျည်း, လျင်ပြု ရှက်မှု, သေရှာ၊ လောလီ, နာနဲ့ သုံးဆယ့်သုံးဖြာ၊ သရုပ်ရှိ ဗျဘိစာရီပါ။ ။ (အထက် မဃဒေဝ ပိုဒ်-၆၁၇ ကိုလည်း ရှုပါ။) ~~~~~~ ဌာယီဘာဝနှင့် ဗျဘိစာရီဘာဝတို့၏ စိတ်ဖြစ်ပုံအထူး၏ စွမ်းရည်သတ္တိတမျိုးကို သတ္တိကာဘာဝ ခေါ်၏။ လေးလေးနက်နက် တွေးတောဆင်ခြင်ပြီး ကြက်သီးထခြင်း စသည် စိတ်ဖြစ်ပုံအထူး ဖြစ်၏။ ခိုင်မာ တွေဝေ၊ ကြက်သီးနေ၊ ထူးထွေတုန်လှုပ်လာ။ ။ မျက်ရည် ချွေးထွက်၊ ဆင်း သံပျက်၊ ရှစ်ချက်သတ္တိကာ။ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂။ ဝိဘာဝ နှစ်မျိုး- အထက်က ဘာဝသုံးမျိုး စိတ်ဖြစ်ပုံအထူးကို ဖြစ်စေတိုးစေသော အကြောင်းကို ဝိဘာဝခေါ်သည်။ ဌာယီဘာဝကို နှိုးဆွပေးသော ပဓာနအကြောင်း- အလမ္ဗဏာဝိဘာဝနှင့် ဌာယီဘာဝကို အကူအညီပေးသော အခြံအရံအကြောင်း- ဥဒ္ဒီပနဝိဘာဝဟု နှစ်မျိုးရှိသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၃။ အနုဘာဝ- ဌာယီဘာဝ ဗျဘိစာရီဘာဝတို့ကြောင့် ဖြစ်လာသော ကိုယ်နှုတ်အမူအရာတို့သည် (ထိုဘာဝတို့ကို သိကြောင်းဖြစ်၍) အနုဘာဝ မည်၏။ တနည်း- ပြင်ပ ဗဟိဒ္ဓ၌ ပေါ်လာသည့် ဌာယီဘာဝ၏ အကျိုးတရားများကို အနုဘာဝ ခေါ်သည်။ အနုဘာဝ နှစ်မျိုးခွဲနိုင်သည်။ ဟန်ဆောင်ဖုံးကွယ်၍ မရကောင်းသော သဘာဝအကျိုးတရာ ၈-မျိုးကို သာတွိကဘာဝများ ခေါ်ပြီး ဟန်ဆောင်ဖုံးကွယ်၍ ရကောင်းသော အခြားအကျိုးတရားများကို အနုဘာဝခေါ်သည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘာဝ၊ ဝိဘာဝ၊ အနုဘာဝတို့ဖြင့် သိုင်းဝိုင်းချဲ့ထွင် တန်ဆာဆင် ထောက်ကူ၍ နှစ်သက်ဖွယ် သာယာဖွယ်ဖြစ်နေသော ဌာယီဘာဝသည် ရသ-မည်လေသည်။ ရသစာပေ တန်ဖိုးမြင့်သော စာပေများသည် ဂန္ထဝင်စာပေများ ဖြစ်လာလေသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ => ဆက်စပ်စာ - မပဋာ-ကိုဒါသ ဇာတ်တွင် ရွှေပွဲလာတို့သည်… မပဋာ ပျော်သကဲ့သို့ ပျော်၍၊ မပဋာ ပင်ပန်းသကဲ့သို့ ပင်ပန်း၍၊ ပွဲသိမ်းခါနီးတွင် မပဋာ လွတ်မြောက်သကဲ့သို့ လွတ်မြောက်သည်ဟု အထင်ရှိလာကြရသည်။ မပဋာအတွက် လွမ်းခဲ့ကြရပြီးမှ ဆွေးခဲ့ကြရပြန်သော အကြိတ်အခဲသည် ပွဲသိမ်းခါနီးတွင် ကြေသွားသကဲ့သို့ ဖြစ်လိုက်ကြရသည်။ ဤတွင် ပွဲဦးအလွမ်းကို ပွဲအလယ် အဆွေးက ဖျက်ပြီးနောက် ထိုအဆွေးကို အသောက ထုတေ၍ အဆုံး၌ ပွဲသိမ်းအလွမ်းက ချေပေးခဲ့သည်မှာ ထင်ရှားသည်။ => တနည်းဆိုရလျှင် ပွဲဦး သိင်္ဂါရရသကို ပွဲလယ် ဘယာနကရသ၊ ရုဒ္ဒရသ၊ ဝိဘစ္ဆရသ၊ ကရုဏာရသတို့က ဖျက်ပြီးနောက် ထိုရသတို့ကို ဟဿရသက ထုတေ၍၊ အဆုံး၌ ပွဲသိမ်း သန္တရသက ချေပေးခဲ့သည်ဟု ဆိုနိုင်သည်။ (ဇော်ဂျီ- ရသစာပေ အဖွင့်နှင့် နိဒါန်း) ရသ- ဟူသည် ရှိမှု၊ သိမှုနှင့် နှစ်သက်မှုပင် ဖြစ်၏။ မြန်မာစာပေတွင် ရသ-ကို ရသဟုပင် ခေါ်သည်။ သက္ကတစာပေတွင် ရသ-ကို သတ် (ရှိမှု)၊ စိတ် (သိမှု)၊ အာနန္ဒ (နှစ်သက်မှု) ဟူ၍ ခေါ်ဆိုကြသည်။ … ရသ-ကို ခံစား၍ မရကောင်းချေ။ ခံစားနေစဉ်တွင် ဌာယီဘာဝသာ ဖြစ်သည်။ ရသ-မဟုတ်သေး။ ခံစားပြီးနောက်မှသာ ရသဖြစ်သည်။ ခံစားခြင်း ကြိယာ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် `ရသ' စင်စစ်ဖြစ်သည်။ နောက်ထပ် ခံစားစရာ မလိုတော့ချေ။ ခံစားနေစဉ် ကာလအတွင်းသာ ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်း၊ စက်ဆုပ်ခြင်း စသည့် ဝါသနာ (ဌာယီဘာဝ) များကို သိနေသည်။ ခံစားနေသည်။ ထိုအခိုက်အတန့်ကို စွဲ၍ ရသ-မဟုတ်ပါဘဲလျက် ရသ-ဟု တင်စားကာ ဝါသနာ (ဌာယီဘာဝ) အမျိုးမျိုးကို သိင်္ဂါရရသ၊ ကရုဏာရသ စသည့် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ အမှန်အားဖြင့် ရသ-စစ်စစ် မဖြစ်သေးသည့် ဝါသနာ (ဌာယီဘာဝ) အဆငိ့တွင်သာ ရှိသော ခံစားမှု အမျိုးမျိုးကို လိုက်၍ ချစ်ခြင်း၊ မုန်းခြင်း စသည့် သဘောအမျိုးမျိုးကို ရနိုင်ပါသည်။ ရသ-စစ်စစ် ဖြစ်ပြီးနောက်တွင် ခံစားမှုသဘော မရှိသည့်အတွက် ချစ်ခြင်း မုန်းခြင်း စသည့် ခံစားမှုကွဲပြားခြင်းများ မရှိတော့ဘဲ ငြိမ်းအေးခြင်းသဘော တမျိုးသာ ရှိပါသည်။ ယင်း ငြိမ်းအေးခြင်း သဘောတမျိုးသည် ချစ်ခြင်းလည်း မဟုတ်၊ မုန်းခြင်းလည်း မဟုတ်၊ ငနားခြင်းလည်း မဟုတ်၊ တင်စားကာ ရသကိုးမျိုး အမည်များဖြင့် ဖော်ပြထားသည့် ခံစားမှုကိုးမျိုးအနက်မှ မည်သည့်ခံစားမှုမျိုးမှ မဟုတ်။ သုခသဘော ရှိသည့် ငြိမ်းအေးခြင်း သဘောမျိုးသာ ဖြစ်သည်။ ယင်းသည်သာ ခံစားမှုအဆင့်ကို လွန်သည့် `ရသ' စစ်စစ် ဖြစ်သည်။ ရသ-စစ်စစ်သည် ကိုးမျိုးမရှိ၊ တစ်မျိုးတည်းသာ ရှိသည်။ တစ်မျိုးတည်း ဆိုသည်မှာလည်း ငြိမ်းအေးခြင်းပင် ဖြစ်သည်။ ရသကိုးမျိုး ဆိုသည်မှာ အခိုက်အတန့် တင်စား၍ ဆိုထားသည့် ဝါသနာ (ဌာယီဘာဝ) ကိုးမျိုးသာ ဖြစ်သည်။ ရသ-စစ်စစ် မဟုတ်ချေ။ ရသ- စစ်စစ် ဖြစ်ချိန်တွင် ခံစားတတ်သည့် ကတ္တားသဘောနှင့် ခံစားအပ်သည့် ကမ္မသဘောဟူ၍ သဘောနှစ်မျိုး ကွဲကွဲပြားပြား မရှိ။ => ငြိမ်းအေးခြင်းသဘော တစ်မျိုးတည်းသာ ရှိလေသည်။ သုခသဘောရှိသည့် ယင်းငြိမ်းအေးခြင်း (သန္တိ) ကိုမှ (သတ်)ဟူ၍လည်း ဆိုကြသည်။ သိမှု (စိတ်) ဟူ၍လည်း ဆိုကြသည်။ နှစ်သက်မှု (အာနန္ဒ) ဟူ၍လည်း ဆိုကြသည်။ ရသ-သည် နှစ်သက်ဖွယ်ရှိသည် ဆိုသည်မှာ လောကနှစ်သက်ဖွယ် မဟုတ်၊ လောကလွန် နှစ်သက်ဖွယ်ဖြစ်သည်။ လောကလွန် နှစ်သက်ဖွယ်ကိုသာ `ရသ' ဟု ခေါ်ပါသည်။ (ဆရာကြီး ဦးရွှေအောင်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ => ဆက်စပ်ပို့- ***ရသခံစားပုံ အဆိုအမိန့် မှတ်စု** ကြားသူမြင်သူ၊ ဗိုလ်လူသဘော မနောငြိကပ်၊ သာယာအပ်ကြောင့် ပညပ်ခေါ်ညီ၊ ဌာယီဘဝ ရသကိုးပါး၊ ကျမ်းနှိုက်ကြား၏့… (မဃဒေဝ-နယဒဿနိဂုံး။ ပိုဒ်- ၆၁၆) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ သဘာဝလောကတွင်… ရသများကို လောကဓံတရား ၈-ပါး၌ သွင်းလိုက်သောအခါ ၄-ပါးသာ နှစ်သက်ဖွယ်ရှိသည်။ ကျန် ၄-ပါးသည် နှစ်သက်ဖွယ်ရှိသည် မဟုတ်။ ရသစာပေလောကတွင်မူ ဤသို့မဟုတ်။ ချစ်ခြင်း၊ မုန်းခြင်း စသော ရသ တို့သည် အားလုံး နှစ်သက်ဖွယ်ချည်းသာ ဖြစ်သည်။ ချစ်ရသည်မှာလည်း စွဲစရာ ဖြစ်သည်။ မုန်းရသည်မှာလည်း တစရာ ဖြစ်သည်။ လောကအတွေ့အကြုံအရ ချစ်ခြင်း = (သိင်္ဂါရရသ) စသည်တို့သည် ကာယကံရှင် ပုဂ္ဂိုလ်၏ လျှို့ဝှက်ကိစ္စ ဖြစ်သည်။ လျှို့ဝှက်ကိစ္စ မှန်သမျှကို လူ့ကျင့်ဝတ်အရ ကြည့်ရှုရန် မသင့်လျော်၊ နားထောင်ရန်လည်း မသင့်လျော်။… သို့ရာတွင် ရသလောက၌မူ ချစ်ခြင်း= (သိင်္ဂါရရသ) စသည်တို့သည် သူတစ်ပါး၏ ကိစ္စမဟုတ်။ မိမိကိုယ်တိုင် ကိစ္စဖြစ်နေသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ စာကောင်းပေကောင်း ရှားလာတာဟာ ရသစာပေ ကျဆင်းမှုကြောင့်ပဲ။ ရသစာပေ ကျဆင်းခြင်းဟာ လူမျိုးတစ်မျိုး ပျက်စီးဖို့ လမ်းစပဲ။ လူမျိုးတစ်မျိုးကို ယဉ်ကျေးအောင် လုပ်ပေးတာ ရသစာပေမှ လုပ်ပေးနိုင်တာပါ။ ဒီအတတ်ပညာတွေ နည်းပညာတွေဟာ လူကို ယဉ်အောင် လုပ်မပေးနိုင်ဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အလွမ်း အဆွေး အသော ဆိုသည်မှာ အလင်္ကာကျမ်းထွက် #ရသ နှစ်သက်ခြင်း ကိုးပါးပင် ဖြစ်သည်။ စားပွဲပေါ်၌ တင်ထားသော ဖန်ခွက်ကို ရေးပြရာတွင် သိပ္ပံသုတေသီသည် ဖန်ခွက်၏ အမြင့်မည်မျှ၊ လုံးပတ်မည်မျှ စသော အချက်တို့ကို အဓိကထား၍ ရေးပြခြင်း ဖြစ်သည်။ ရသစာရေးဆရာတို့မှာ ထိုသို့မဟုတ်။ ဖန်ခွက်ကို မြင်သော အကြောင်းကြောင့် သူ၌ စိတ်လှုပ်ရှားမှု တစ်ခုခု ဖြစ်လာပြီးနောက်၊ ထိုစိတ်လှုပ်ရှားမှု တစ်ခုခုဖြင့် မြင်သော ဖန်ခွက်ကို အဓိကထား၍ ရေးပြခြင်း ဖြစ်သည်။ => ထို့ကြောင့် စာရေးဆရာသည် မြင်သည်ကို # မြင်သည့်အတိုင်းပြန်ရေးပြသည်မဟုတ်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘာဝ၊ ဝိဘာဝ၊ အနုဘာဝတို့ဖြင့် သိုင်းဝိုင်းချဲ့ထွင် တန်ဆာဆင် ထောက်ကူ၍ နှစ်သက်ဖွယ် သာယာဖွယ်ဖြစ်နေသော ဌာယီဘာဝသည် ရသ မည်လေသည်။ (နှစ်သက် သာယာဖွယ် မဖြစ်ပါက ဌာယီဘာဝသည် ရသ မမည်။) - ဌာယီဘာဝ ကိုးပါး - မွေ့လျော်, ရွှင်ငြား၊ စိုးရိမ်များ၊ မျက်ပွား, အားထုတ်ပြီ။ စက်ဆုပ်, ကြောက်လျက်၊ အံ့သြချက်၊ ငြိမ်သက် ကိုးဌာယီ။ - ရသ ကိုးပါး - ချစ်,ရွှင်,သနား၊ ကြမ်း,ကြောက်ငြား၊ ထူးခြား ရဲရင့်လှ။ စက်ဆုပ်,ငြိမ်းမှု၊ အံ့သြပြု၊ ကိုးခု စုံရသ။ (အောက် photo) ~~~~~~~~~~~ - ရသမြောက်အဖွဲ့ - ဌာယီ, ဗျဘိစာ၊ သာတ္တိကာ၊ သုံးဖြာ ဤဘာဝ။ အာရမ်, ဥဒ္ဒီ၊ စုံအညီ၊ နှစ်လီ ဝိဘာဝ။ အနုဘာဝါ၊ ထည့်လေရာ၊ ခြောက်ဖြာ ပြည့်စုံက။ စိတ်ကောင်းရှိသူ၊ နှစ်သက်မူ၊ ဖွဲ့မူ စုံရသ။ (ရသမြောက် အဖွဲ့ဖြစ်ရန်) ဘာဝသုံးမျိုး -> (ဌာယီ၊ဗျဘိစာရီ၊ သာတ္တိကာ)၊ ဝိဘာဝ နှစ်မျိုး -> (အာလမ္ဗဏ၊ ဥဒ္ဒီပန)၊ အနုဘာဝ တစ်မျိုး- ဟူ၍ (၆)မျိုး ပြည့်စုံစွာ ပါရမည်။ ~~~~~~~ - ဘာဝ သဘော - စိတ်၏ဖြစ်ပုံ၊ အမျိုးစုံ၊ ထူးတုံ ဘာဝဆို။ သိင်္ဂါ စထွေ၊ ရသတွေ၊ ဖြစ်စေ အစွမ်းကို။ ပညာရှင်များ၊ ရသပွား၊ ထူးခြား ပျံ့နှံ့ပို။ ရသ အရာတွင်၊ ပညာရှင်၊ ပေါ်လွင် သဘောလို။ ရသဖြစ်အောင်၊ ပျံ့နှံ့အောင်၊ ပေါ်လွင်အောင် ဖန်တီးပေးနိုင်သော စိတ်ဖြစ်ပုံ (ကိုယ်နှုတ်အပါ) အထူးသည် ဘာဝမည်၏။ ~~~~~~~~ - ဌာယီဘာဝ - ဆန့်ကျင်ဘာဝ၊ ဖုံးမရ၊ ခိုင်လှ မြဲမြံသော်။ ပင်ကိုယ်အလေ့၊ တည်ကာမွေ့၊ မရွှေ့ ဌာယီခေါ်။ မွေ့ပျော်နေခါ၊ ကြောက်စရာ၊ မလာ ဌာယီနော်။ ~~~~~~~~ - ဗ်ဘိစာရီဘာဝ - ဌာယီရှေးရှု၊ မြှုပ်ပေါ်မှု၊ ခေါ်ပြု ဗျဘိစာ။ မတည်လှုပ်ရှား၊ ရေလှိုင်းလား၊ ထူးခြား ဖြစ်ပေါ်လာ။ ဗျဘိစာရီ၊ မတည်ကြည်၊ စုံစီ များလှစွာ။ ရေလှိုင်းကဲ့သို့ ပေါ်လိုက် ငုပ်လိုက်ဖြင့် ဌာယီဘာဝသို့ ရှေးရှုဖြစ်သော ဘာဝသည် ဗျဘိစာရီဘာဝ မည်၏။ (ဗျဘိစာရီဘာဝ သရုပ် ၃၃-ပါး ရှိသည်။) ငြီးငွေ့, စဉ်းစား ယံမှား. ပန်းစွာ၊ ရောင့်ရဲနှစ်သက် တစ်ချက်တွေကာ၊ စိတ်ဆင်းရဲဘိ ပျင်းရိ, ကြမ်းစွာ၊ အိပ်ပျော်, ထိတ်လန့် မခံ့အားမှာ၊ အားထုတ်, အောက်မေ့ ရွှင်မွေ့လန်းဖြာ၊ ငြူစူ, စိတ်ပန်း မှိုင်းခန်းကြုံလာ၊ ဟန်ဆောင်, မာန်ကြွ စိတ်ကဖောက်လာ၊ သည်းမခံလစ် မူးရစ်, ရူးကာ၊ ဟုတ်တိုင်းမှန်သိ မသိ, နိုးလာ၊ ငိုက်မျည်း, လျင်ပြု ရှက်မှု, သေရှာ၊ လောလီ, နာနဲ့ သုံးဆယ့်သုံးဖြာ၊ သရုပ်ရှိ ဗျဘိစာရီပါ။ ။ - ဌာယီမှ ဗျဘိစာရီ ပြောင်းပုံ - ရတီ စသည်၊ ခေါ်ဌာယီ၊ မတည် ပြောင်းလို့လာ။ ဗျဘိစာရိ၊ ခေါ်လေဘိ၊ သတိ ရှိအပ်စွာ။ ချစ်မုန်း မုန်းချစ်၊ ပြောင်းလဲဖြစ်၊ စနစ် ပုံပမာ။ ရတိ စသည်တို့သည် တည်တံ့ချိန် ဌာယီဘာဝ ခေါ်၍ ပြောင်းရွှေ့သော် ဗျဘိစာရီ ခေါ်ရသည်။ (မူလ ဗျဘိစာရီ ၃၃-ပါးနှင့် ဌာယီမှ ပြောင်းသော ဗျဘိစာရီ ၉-ပါး၊ ပေါင်း ဗျဘိစာရီ ၄၂-ပါးထိ ဖြစ်နိုင်သည်။) ~~~~~~~~~ - ဝိဘာဝ - ဘာဝဖြစ်စေ၊ တိုးပွားစေ၊ ကြောင်းလေ ဝိဘာဝ။ မုချ ပဓာ၊ တိုက်ရိုက်လာ၊ ခေါ်ပါ အာလမ္ဗဏ။ ထောက်ပံ့ခြံရံ၊ တန်ဆာမှန်၊ ခေါ်ရန် ဥဒ္ဒီပန။ ဌာယီဘာဝ၊ ဗျဘိစာရီဘာဝ၊ သတ္တိကာဘာဝ- ဘာဝသုံးမျိုးကို ဖြစ်စေ တိုးပွားစေတတ်သော အကြောင်းသည် ဝိဘာဝ မည်၏။ မုချအကြောင်း (အာလမ္ဗဏဝိဘာဝ)နှင့် အခြံအရံအကြောင်း (ဥဒ္ဒီပနဝိဘာဝ) ဟူ၍ ဝိဘာဝ နှစ်မျိုး ခွဲနိုင်၏။ - အနုဘာဝ - ဘာဝကျိုးဟူ၊ ကိုယ်နှုတ်မူ၊ ခေါ်ယူ နုဘာဝ။ မီး၏အကျိုး၊ မီးအခိုး၊ သိရိုး မီးရှိမှ။ မီးလျှင် ဘာဝ၊ မီးခိုးက၊ နုဘာဝ ဟုပြ။ ဌာယီဘာဝ ဗျဘိစာရီဘာဝတို့ကြောင့် ဖြစ်လာသော ကိုယ်နှုတ်အမူအရာတို့သည် (ထိုဘာဝတို့ကို သိကြောင်းဖြစ်၍) အနုဘာဝ မည်၏။ -> အကြောင်းများစွာ၊ စိတ်ဖြစ်မှာ၊ ထူးလာ ဘာဝတွင်။ အနုဘာဝ၊ ဝိဘာဝ၊ ဖွင့်ပြ ဖွဲ့ပေါ်လွင်။ ~~~~~~ - သာတ္တိကာဘာဝ - တည်ငြိမ်စိတ်ဓာတ်၊ ဖြစ်စေလတ်၊ ထူးမြတ်စွမ်းသတ္တိ။ လေးနက်လေဘိ၊ အစွမ်းရှိ၊ သာတ္တိကာ- ဟုသိ။ အနုဘာဝါ၊ မဆိုသာ၊ ဌာ,ဗျာ သီးခြားရှိ။ (သာတ္တိကာဘာဝရုပ် ရှစ်ချက်ရှိ၏။) ခိုင်မာ, တွေဝေ၊ ကြက်သီးနေ၊ ထူးထွေ တုန်လှုပ်လာ။ မျက်ရည်, ချွေူထွက်၊ ဆင်း,သံပျက်၊ ရှစ်ချက် သတ္တိကာ။ ~~~~ - ဘာဝါလင်္ကာရ အစဉ် - ၁။ အာလမ္ဗဏဝိဘာဝ -> (ပဓာနအကြောင်း) ၂။ ဥဒ္ဒီပနဝိဘာဝ -> (အခြံအရံအကြောင်း) ၃။ ဌာယီဘာဝ -> (တည်တံ့သောစိတ်ဖြစ်ပုံအထူး) လက်ရှိအခြေအနေ။ ၄။ ဗျဘိစာရီဘာဝ -> (မတည်တံ့သောစိတ်ဖြစ်ပုံအထူး) ဘာဝ၏ အခြံအရံ။ ၅။ သာတ္တိကာဘာဝ -> (စိတ်ဖြစ်ပုံအထူး၏ စွမ်းရည်) ၆။ အနုဘာဝ -> (ဘာဝတို့၏ အကျိုး) ၇။ ရသ -> (နှစ်သက်ဖွယ် သဘော) မိန်းကလေး -> အာလမ္ဗဏဝိဘာဝ၊ မိန်းကလေး ရုပ်သွင် အသံ တန်ဆာ-> ဥဒ္ဒီပနဝိဘာဝ၊ မိန်းကလေးကို ချစ်စိတ်ဝင်ခြင်း-> ရတိဌာယီဘာဝ၊ မရွှင်လန်း နွမ်းခြင်း-> ဗျဘိစာရီဘာဝ၊ ချစ်ရ ခံစားရခြင်း -> အနုဘာဝ၊ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အနုစာပေရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားချင်ရင် လျှပ်တပျက် အသည်းမှာ ရိုက်ခတ်ပေါ်လာတဲ့ လှုပ်ရှားမှုလေးကို ဖမ်းမိရုံနဲ့တင် မပြီးဘဲ လေ့လာမှု ဆင်ခြင်ဝေဖန်မှု ပြုဖို့လိုကြောင်း ထင်ရှားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ စာပေလေ့လာရာတွင်- ရသတန်ဖိုးနှင့် ဘာသာစကားတန်ဖိုးတို့ကို ဖော်ထုတ်ရသည့် အလုပ်သည် #စာပေပညာရှင်၏ #အလုပ် မဖြစ်သင့်ပါလော။ ယင်းသို့ လေ့လာခြင်းသည်ပင် #စာပေပညာရှင်၏ #နယ်ပယ် မဖြစ်သင့်ပါလော။ ကိုး- မန်လည်ဆရာတော်- မဃဒေဝ ဦးရွှေအောင်- ရသစာပေ၏ ရသ ဇေယျ~အရှင်စန္ဒဝရ- အလင်္ကာစံအိမ် ဇော်ဂျီ- ရသာစာပေ အဖွင့်နှင့် နိဒါန်း ဦးမြင့်ကြည်- စာပေနှင့်ဂီတ၊ ဂီတနှင့်စာပေ လူထုစိန်ဝင်း- အတွေးရှင်းအရေးရှင်း စာရှုခင်း မောင်ခင်မင်- စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း (မေတ္တာနှလုံး ကိုယ်စီသုံး ချမ်းမြေ့ကြပါစေ။) ***ရသခံစားပုံ အဆိုအမိန့် မှတ်စု** ကြားသူမြင်သူ၊ ဗိုလ်လူသဘော မနောငြိကပ်၊ သာယာအပ်ကြောင့် ပညပ်ခေါ်ညီ၊ ဌာယီဘဝ ရသကိုးပါး၊ ကျမ်းနှိုက်ကြား၏့… (မဃဒေဝ-နယဒဿနိဂုံး။ ပိုဒ်- ၆၁၆) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ သဘာဝလောကတွင်… ရသများကို လောကဓံတရား ၈-ပါး၌ သွင်းလိုက်သောအခါ ၄-ပါးသာ နှစ်သက်ဖွယ်ရှိသည်။ ကျန် ၄-ပါးသည် နှစ်သက်ဖွယ်ရှိသည် မဟုတ်။ ရသစာပေလောကတွင်မူ ဤသို့မဟုတ်။ ချစ်ခြင်း၊ မုန်းခြင်း စသော ရသ တို့သည် အားလုံး နှစ်သက်ဖွယ်ချည်းသာ ဖြစ်သည်။ ချစ်ရသည်မှာလည်း စွဲစရာ ဖြစ်သည်။ မုန်းရသည်မှာလည်း တစရာ ဖြစ်သည်။ လောကအတွေ့အကြုံအရ ချစ်ခြင်း = (သိင်္ဂါရရသ) စသည်တို့သည် ကာယကံရှင် ပုဂ္ဂိုလ်၏ လျှို့ဝှက်ကိစ္စ ဖြစ်သည်။ လျှို့ဝှက်ကိစ္စ မှန်သမျှကို လူ့ကျင့်ဝတ်အရ ကြည့်ရှုရန် မသင့်လျော်၊ နားထောင်ရန်လည်း မသင့်လျော်။… သို့ရာတွင် ရသလောက၌မူ ချစ်ခြင်း= (သိင်္ဂါရရသ) စသည်တို့သည် သူတစ်ပါး၏ ကိစ္စမဟုတ်။ မိမိကိုယ်တိုင် ကိစ္စဖြစ်နေသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ စာကောင်းပေကောင်း ရှားလာတာဟာ ရသစာပေ ကျဆင်းမှုကြောင့်ပဲ။ ရသစာပေ ကျဆင်းခြင်းဟာ လူမျိုးတစ်မျိုး ပျက်စီးဖို့ လမ်းစပဲ။ လူမျိုးတစ်မျိုးကို ယဉ်ကျေးအောင် လုပ်ပေးတာ ရသစာပေမှ လုပ်ပေးနိုင်တာပါ။ ဒီအတတ်ပညာတွေ နည်းပညာတွေဟာ လူကို ယဉ်အောင် လုပ်မပေးနိုင်ဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အလွမ်း အဆွေး အသော ဆိုသည်မှာ အလင်္ကာကျမ်းထွက် # ရသ နှစ်သက်ခြင်း ကိုးပါးပင် ဖြစ်သည်။ စားပွဲပေါ်၌ တင်ထားသော ဖန်ခွက်ကို ရေးပြရာတွင် သိပ္ပံသုတေသီသည် ဖန်ခွက်၏ အမြင့်မည်မျှ၊ လုံးပတ်မည်မျှ စသော အချက်တို့ကို အဓိကထား၍ ရေးပြခြင်း ဖြစ်သည်။ ရသစာရေးဆရာတို့မှာ ထိုသို့မဟုတ်။ ဖန်ခွက်ကို မြင်သော အကြောင်းကြောင့် သူ၌ စိတ်လှုပ်ရှားမှု တစ်ခုခု ဖြစ်လာပြီးနောက်၊ ထိုစိတ်လှုပ်ရှားမှု တစ်ခုခုဖြင့် မြင်သော ဖန်ခွက်ကို အဓိကထား၍ ရေးပြခြင်း ဖြစ်သည်။ => ထို့ကြောင့် စာရေးဆရာသည် မြင်သည်ကို # မြင်သည့်အတိုင်းပြန်ရေးပြသည်မဟုတ်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘာဝ၊ ဝိဘာဝ၊ အနုဘာဝတို့ဖြင့် သိုင်းဝိုင်းချဲ့ထွင် တန်ဆာဆင် ထောက်ကူ၍ နှစ်သက်ဖွယ် သာယာဖွယ်ဖြစ်နေသော ဌာယီဘာဝသည် ရသ မည်လေသည်။ (နှစ်သက် သာယာဖွယ် မဖြစ်ပါက ဌာယီဘာဝသည် ရသ မမည်။) - ဌာယီဘာဝ ကိုးပါး - မွေ့လျော်, ရွှင်ငြား၊ စိုးရိမ်များ၊ မျက်ပွား, အားထုတ်ပြီ။ စက်ဆုပ်, ကြောက်လျက်၊ အံ့သြချက်၊ ငြိမ်သက် ကိုးဌာယီ။ - ရသ ကိုးပါး - ချစ်,ရွှင်,သနား၊ ကြမ်း,ကြောက်ငြား၊ ထူးခြား ရဲရင့်လှ။ စက်ဆုပ်,ငြိမ်းမှု၊ အံ့သြပြု၊ ကိုးခု စုံရသ။ (အောက် photo) ~~~~~~~~~~~ - ရသမြောက်အဖွဲ့ - ဌာယီ, ဗဘြိစာ၊ သာတ်တိကာ၊ သုံးဖွာ ဤဘာဝ။ အာရမ်, ဥဒ္ဒီ၊ စုံအညီ၊ နှစ်လီ ဝိဘာဝ။ အနုဘာဝါ၊ ထည့်လေရာ၊ ခြောက်ဖြာ ပြည့်စုံက။ စိတ်ကောင်းရှိသူ၊ နှစ်သက်မူ၊ ဖွဲ့မူ စုံရသ။ (ရသမြောက် အဖွဲ့ဖြစ်ရန်) ဘာဝသုံးမျိုး -> (ဌာယီ၊ဗျဘိစာရီ၊ သာတ္တိကာ)၊ ဝိဘာဝ နှစ်မျိုး -> (အာလမ္ဗဏ၊ ဥဒ္ဒီပန)၊ အနုဘာဝ တစ်မျိုး- ဟူ၍ (၆)မျိုး ပြည့်စုံစွာ ပါရမည်။ ~~~~~~~ - ဘာဝ သဘော - စိတ်၏ဖြစ်ပုံ၊ အမျိုးစုံ၊ ထူးတုံ ဘာဝဆို။ သိင်္ဂါ စထွေ၊ ရသတွေ၊ ဖြစ်စေ အစွမ်းကို။ ပညာရှင်များ၊ ရသပွား၊ ထူးခြား ပျံ့နှံ့ပို။ ရသ အရာတွင်၊ ပညာရှင်၊ ပေါ်လွင် သဘောလို။ ရသဖြစ်အောင်၊ ပျံ့နှံ့အောင်၊ ပေါ်လွင်အောင် ဖန်တီးပေးနိုင်သော စိတ်ဖြစ်ပုံ (ကိုယ်နှုတ်အပါ) အထူးသည် ဘာဝမည်၏။ ~~~~~~~~ - ဌာယီဘာဝ - ဆန့်ကျင်ဘာဝ၊ ဖုံးမရ၊ ခိုင်လှ မြဲမြံသော်။ ပင်ကိုယ်အလေ့၊ တည်ကာမွေ့၊ မရွှေ့ ဌာယီခေါ်။ မွေ့ပျော်နေခါ၊ ကြောက်စရာ၊ မလာ ဌာယီနော်။ ~~~~~~~~ - ဗ်ဘိစာရီဘာဝ - ဌာယီရှေးရှု၊ မြှုပ်ပေါ်မှု၊ ခေါ်ပြု ဗျဘိစာ။ မတည်လှုပ်ရှား၊ ရေလှိုင်းလား၊ ထူးခြား ဖြစ်ပေါ်လာ။ ဗျဘိစာရီ၊ မတည်ကြည်၊ စုံစီ များလှစွာ။ ရေလှိုင်းကဲ့သို့ ပေါ်လိုက် ငုပ်လိုက်ဖြင့် ဌာယီဘာဝသို့ ရှေးရှုဖြစ်သော ဘာဝသည် ဗျဘိစာရီဘာဝ မည်၏။ (ဗျဘိစာရီဘာဝ သရုပ် ၃၃-ပါး ရှိသည်။) ငြီးငွေ့, စဉ်းစား ယံမှား. ပန်းစွာ၊ ရောင့်ရဲနှစ်သက် တစ်ချက်တွေကာ၊ စိတ်ဆင်းရဲဘိ ပျင်းရိ, ကြမ်းစွာ၊ အိပ်ပျော်, ထိတ်လန့် မခံ့အားမှာ၊ အားထုတ်, အောက်မေ့ ရွှင်မွေ့လန်းဖြာ၊ ငြူစူ, စိတ်ပန်း မှိုင်းခန်းကြုံလာ၊ ဟန်ဆောင်, မာန်ကြွ စိတ်ကဖောက်လာ၊ သည်းမခံလစ် မူးရစ်, ရူးကာ၊ ဟုတ်တိုင်းမှန်သိ မသိ, နိုးလာ၊ ငိုက်မျည်း, လျင်ပြု ရှက်မှု, သေရှာ၊ လောလီ, နာနဲ့ သုံးဆယ့်သုံးဖြာ၊ သရုပ်ရှိ ဗျဘိစာရီပါ။ ။ - ဌာယီမှ ဗျဘိစာရီ ပြောင်းပုံ - ရတီ စသည်၊ ခေါ်ဌာယီ၊ မတည် ပြောင်းလို့လာ။ ဗျဘိစာရိ၊ ခေါ်လေဘိ၊ သတိ ရှိအပ်စွာ။ ချစ်မုန်း မုန်းချစ်၊ ပြောင်းလဲဖြစ်၊ စနစ် ပုံပမာ။ ရတိ စသည်တို့သည် တည်တံ့ချိန် ဌာယီဘာဝ ခေါ်၍ ပြောင်းရွှေ့သော် ဗျဘိစာရီ ခေါ်ရသည်။ (မူလ ဗျဘိစာရီ ၃၃-ပါးနှင့် ဌာယီမှ ပြောင်းသော ဗျဘိစာရီ ၉-ပါး၊ ပေါင်း ဗျဘိစာရီ ၄၂-ပါးထိ ဖြစ်နိုင်သည်။) ~~~~~~~~~ - ဝိဘာဝ - ဘာဝဖြစ်စေ၊ တိုးပွားစေ၊ ကြောင်းလေ ဝိဘာဝ။ မုချ ပဓာ၊ တိုက်ရိုက်လာ၊ ခေါ်ပါ အာလမ္ဗဏ။ ထောက်ပံ့ခြံရံ၊ တန်ဆာမှန်၊ ခေါ်ရန် ဥဒ္ဒီပန။ ဌာယီဘာဝ၊ ဗျဘိစာရီဘာဝ၊ သတ္တိကာဘာဝ- ဘာဝသုံးမျိုးကို ဖြစ်စေ တိုးပွားစေတတ်သော အကြောင်းသည် ဝိဘာဝ မည်၏။ မုချအကြောင်း (အာလမ္ဗဏဝိဘာဝ)နှင့် အခြံအရံအကြောင်း (ဥဒ္ဒီပနဝိဘာဝ) ဟူ၍ ဝိဘာဝ နှစ်မျိုး ခွဲနိုင်၏။ - အနုဘာဝ - ဘာဝကျိုးဟူ၊ ကိုယ်နှုတ်မူ၊ ခေါ်ယူ နုဘာဝ။ မီး၏အကျိုး၊ မီးအခိုး၊ သိရိုး မီးရှိမှ။ မီးလျှင် ဘာဝ၊ မီးခိုးက၊ နုဘာဝ ဟုပြ။ ဌာယီဘာဝ ဗျဘိစာရီဘာဝတို့ကြောင့် ဖြစ်လာသော ကိုယ်နှုတ်အမူအရာတို့သည် (ထိုဘာဝတို့ကို သိကြောင်းဖြစ်၍) အနုဘာဝ မည်၏။ -> အကြောင်းများစွာ၊ စိတ်ဖြစ်မှာ၊ ထူးလာ ဘာဝတွင်။ အနုဘာဝ၊ ဝိဘာဝ၊ ဖွင့်ပြ ဖွဲ့ပေါ်လွင်။ ~~~~~~ - သာတ်တိကာဘာဝ - တည်ငြိမ်စိတ်ဓာတ်၊ ဖြစ်စေလတ်၊ ထူးမြတ်စွမ်းသတ္တိ။ လေးနက်လေဘိ၊ အစွမ်းရှိ၊ သာတ္တိကာ- ဟုသိ။ အနုဘာဝါ၊ မဆိုသာ၊ ဌာ,ဗျာ သီးခြားရှိ။ (သာတ္တိကာဘာဝရုပ် ရှစ်ချက်ရှိ၏။) ခိုင်မာ, တွေဝေ၊ ကြက်သီးနေ၊ ထူးထွေ တုန်လှုပ်လာ။ မျက်ရည်, ချွေူထွက်၊ ဆင်း,သံပျက်၊ ရှစ်ချက် သတ္တိကာ။ ~~~~ - ဘာဝါလင်္ကာရ အစဉ် - ၁။ အာလမ္ဗဏဝိဘာဝ -> (ပဓာနအကြောင်း) ၂။ ဥဒ္ဒီပနဝိဘာဝ -> (အခြံအရံအကြောင်း) ၃။ ဌာယီဘာဝ -> (တည်တံ့သောစိတ်ဖြစ်ပုံအထူး) လက်ရှိအခြေအနေ။ ၄။ ဗျဘိစာရီဘာဝ -> (မတည်တံ့သောစိတ်ဖြစ်ပုံအထူး) ဘာဝ၏ အခွံအရံ။ ၅။ သာတ္တိကာဘာဝ -> (စိတ်ဖြစ်ပုံအထူး၏ စွမ်းရည်) ၆။ အနုဘာဝ -> (ဘာဝတို့၏ အကျိုး) ၇။ ရသ -> (နှစ်သက်ဖွယ် သဘော) မိန်းကလေး -> အာလမ္ဗဏဝိဘာဝ၊ မိန်းကလေး ရုပ်သွင် အသံ တန်ဆာ-> ဥဒ္ဒီပနဝိဘာဝ၊ မိန်းကလေးကို ချစ်စိတ်ဝင်ခြင်း-> ရတိဌာယီဘာဝ၊ မရွှင်လန်း နွမ်းခြင်း-> ဗျဘိစာရီဘာဝ၊ ချစ်ရ ခံစားရခြင်း -> အနုဘာဝ၊ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အနုစာပေရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားချင်ရင် လျှပ်တပျက် အသည်းမှာ ရိုက်ခတ်ပေါ်လာတဲ့ လှုပ်ရှားမှုလေးကို ဖမ်းမိရုံနဲ့တင် မပြီးဘဲ လေ့လာမှု ဆင်ခြင်ဝေဖန်မှု ပြုဖို့လိုကြောင်း ထင်ရှားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ စာပေလေ့လာရာတွင်- ရသတန်ဖိုးနှင့် ဘာသာစကားတန်ဖိုးတို့ကို ဖော်ထုတ်ရသည့် အလုပ်သည် # စာပေပညာရှင်၏ # အလုပ် မဖြစ်သင့်ပါလော။ ယင်းသို့ လေ့လာခြင်းသည်ပင် # စာပေပညာရှင်၏ # နယ်ပယ် မဖြစ်သင့်ပါလော။ ကိုး- မန်လည်ဆရာတော်- မဃဒေဝ ဦးရွှေအောင်- ရသစာပေ၏ ရသ ဇေယျ~အရှင်စန္ဒဝရ- အလင်္ကာစံအိမ် ဇော်ဂျီ- ရသာစာပေ အဖွင့်နှင့် နိဒါန်း ဦးမြင့်ကြည်- စာပေနှင့်ဂီတ၊ ဂီတနှင့်စာပေ လူထုစိန်ဝင်း- အတွေးရှင်းအရေးရှင်း စာရှုခင်း မောင်ခင်မင်- စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း

အညာဖွဲ့ တောဓလေ့ လွမ်းချင်းများ - ဦးကြီး

အညာဖွဲ့ တောဓလေ့ လွမ်းချင်းများ (ဦးကြီး) ရွာအရှေ့မှာလ ဓလေ့ငယ် ဘာသာ ကောက်စိုက်တဲ့လာ ချည်ဗလာ မဲပြာပိန်းရယ်နဲ့ အောက်သိမ်းလို့ ခပ်တိုတို ထဘီကို ရေမရွှဲအောင်ပ ဝဲပေါက်သည့် သလုံးညိုကို ပိုကရို လှမ်းတော့သည်လေး။ ။ သနပ်ခါး တကွက် ရွှံ့တစက်နှင့် နှုတ်ထွက်တဲ့ သံညီ စိုက်လယ်ကွင်းဆီက သီချင်းသံ သီတော့ သူကြီးညီ မြတ်သာဒွန်းရယ်က ပလွေကို သံချိုမွှမ်းလို့ရယ် ခွန်းစတယ်လေး။ ။ ~~~~~~~~~~~~~~~~ လေပြေငယ် သုတ်ပါလို့ ရွှေဘုတ်ကယ် အိုးအီ အုံ့မှိုင်းငယ်ရီသည် နေမှီအောင် တဖော်လှမ်းခဲ့ရ ကောက်ငန်းက သူပြန်ပုံမှာ ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့် ပန်းဝင့်လို့ ရွာကိုဝင် အမြင် ဆန်းပါဘိတယ်လေး။ ။ ညချမ်းရယ် နေရီ ချိန်တော်မီ ကေသီပန်းနှင့် ရေခပ်လမ်းမှာ စခန်းသင့်လို့ ထက်ဆင့်ငယ်မှ နီရောင် ချည်စိမ်းပေါင်နှင့် ယဉ်အောင်တောသူ သနပ်ခါးကိုလှ ကွက်ပါးမှာကူပြီးလျှင် အမူကြီး ကမ်းကုန်ကို ဘယ်မြို့ပုံ သာချင်သောရယ်လို့ ပြောကြမယ်လေး။ ။ ~~~~~~~~~~~~~~~ ပျော်ပုံက သစ်သနှင့် ငယ်ချစ်ကယ် လိုက်ခဲ့တော့ အကြိုက်ကတဲ့ တို့တောရွာမှာ မိုးအကာ ပင်မြင့်ထက်ဆီက ထန်းရွက်နှင့် ဆင်သည့်အိမ် ခြုံတင်းတိမ် နွားရေခင်းလို့ ညဉ့်တွင်းကို ပလွေကျော်နှင့် ဖျော်ပမယ်လေး။ ။ ကိုက်ဖူးငယ် ညွန့်စီ ချဉ်ပေါင်နီကို ရာသီဓလေ့ ပုစွန်လုံးကို ခွံဖုံးထေ့လို့ ဓလေ့ငယ် တဆင် လယ်ကြွက်ကင်နှင့် တို့ခွင့်ဖရုံ အချိုချက် ဟင်းဖက်စုံလှ မင်းပုံထည်ထည် နေစာပျို့ အစ်ကိုကိုတည်ပမယ် ဆောင်းနှယ် ဝင့်သည့်ချိန်ကို ယစ်စည်းစိမ် အဆီဖိန်းလို့ မှိန်းစေ့မယ်လေး။ ။ ~~~~~~~~~~~~~~~ မလွမ်းရော့သော်ကော့ ကျွန်းမော့မော့ မြောက်ခွင် မူးရေယဉ် လက်ယာစီးငယ်နှင့် မောင်ကြီးတို့ ပျော်တဲ့ရွာ မြောက်ညာနှင့် တောင်စွယ်လက်ကယ်က အင်းနှစ်ဖက် ကာတယ်လေး။ ။ တခေါက်ကယ် လမ်းကြုံ ရွာသဘောကို ပြောမယုံ ကြုံရင်ဝင်ခဲ့ပါလ နော်အဝေး နှမပြာဖြူ ရောက်တော်မူလျှင် မပူချမ်းငြိမ်း အခြင်ရယ်မြေနီး ထန်းရွက်ကယ် စီးပါတဲ့ မောင်ကြီးအိမ်မှာ စည်းစိမ်ကိုခံ ဟင်းချဉ်ပေါင်ဖက် ပြုတ်ဘူးရွက်နှင့် ပိချက်ရေ ရံပြီးလျှင် ဆန်ထမင်း ရဲကျော်ကို ဝန်ကတော်ပုံလောက်ပြေးအောင် ကျွေးမယ်ပလေး။ ။ ~~~~~~~~~~~~~~ ခါတခေါက် ရွာရောက်ကယ် လှမ်းခဲ့ပ သာတမ်းနှင့် ရှိစေတော့ အမိတို့ တောရွာအိမ် သည်ချိန်ကို ပဲစင်အောက် လပျောက်ဗိုင်းငင် ရွှေရင်အင်္ကျီသိုင်းလို့ တပိုင်းပေါ် ပိုကရိုနှင့် အစ်ကိုကို ဗန်းပြလိုက်မယ်လေး။ ။ တဖက်ကယ် မှောင်ကာ တခြမ်းဟာ နံ့သာလိမ်းကွက် လရောင်ပြက်မှာ အသက်ကယ် နှင်းဆောင် နွားခွံခင်းတဲ့ တလင်းပြောင်မှာ လရောင်မထင် လူခြေတိတ်ကိုမှ ရွှေလိပ်ပြာ ရွှင်စေ့မယ် ဦးရင်တို့ မြို့သူတို့ တို့တောမူ တယ်မကြမ်းပါဘု ခြေရေကုန် လက်ဆန်ကမ်းချိန်မှ ဖမ်းပမယ်လေး။ ။ ~~~~~~~ အခြေငယ် ကြီးပါဘိ ရုတ်သီးတောင့်ကိုင် နှစ်ယောက်ကယ် ထိုင် ယှဉ်လက်ပြိုင် ကျယ်စပြစ်နှင့် ဖွယ်သစ်မြေအင်ရံလို့ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့် ကြွက်နဖားရည်ကျို အလို စားပုံတင့်ရန်ကော ခေါင်းမင်း ဆယ်အိမ်ပေမို့ သရေသိန် ကြီးပါဘိတယ်လေး။ ။ စားသောက်ဖွယ်ရာ ပြီးသောအခါ ချမ်းသာရိပ်ငြိမ် အခြင်မြေသက် ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင် စည်းစိမ်ကြီးရင် ခြေလိမ်တင်လို့ ခုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ မှောက်ချည်လှန်ချည် အဆီရယ်ဖိန်း မှိန်းတော့သည်နှင့် မကြည်သန်းဝေ ထည်မင်းပုံ နေပြီးလျှင် နွားရေပြန့်ပေါ်မှာ ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ သူအိပ်တယ်လေး။ ။ ~~~~~~~~~~~ ခါတလှည့် လာခဲ့ပ ကျုပ်တို့ရွာ ဝေးမကွာ ပြေးလာလျှင် တာမထောက်ပါဘု ရွာမြောက်က မန်ကျည်းပင် ရွာဝင်မှာ ပင်စောင်ချမ်းငယ်နှငိ့ မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ ကြောက်စရာ မျက်နှာထားပါလို့ ရွာသားတွေ အာဏာကြို့ရ မင်းပြည်စိုး အိမ်အိုတောင်မှာ အခေါင်စောက်နှင့် တဲကိုလေး။ ။ ဖျာမလွန် နွားခွံအခင်း မြေတလင်းမှာ နေ့ခင်းပျော်အင် လိမ်းကျောက်ပျဉ်နှင့် ဗိုင်းငင်ဝါဖန် အိမ်လုံးသာ ညံတော့ သန်းယံချိန်ကျော် သူငယ်ချင်းကိုလ အပျင်းပြေ ဖျော်ရအောင် လုံးတော်ပု ပြောင်းဆန်ကို ပေါင်းလှန်အောင် အဖျော်ဟင်းငယ်နှင့် ဦးရင်ရေမျိုကျဉ်းအောင် သွင်းစေ့မယ်လေး။ ။ ~~~~~~~~~~~ ခါတလှည့် လာခဲ့ပ ကျုပ်တို့ဆီ ရာသီရောက်ကပေါ့ ဖားကင်ခြောက် ကျပ်တင်ဟာကို ငရုပ်ဝါ စပ်တူထောင်းပါလို့ ဧည့်ကောင်းဖို့ တမင်ဆော် တို့ကြီးတော် နွေကလှန်းပါတဲ့ ခရမ်းခြောက်ကျိုပုံးရည် တူနှစ်မည် ဆင်တဲ့ဟင်း ထမင်း ပုသိမ်ဆင်နှင့် ကိုရင် ကျွေးချင်လှတယ်လေး။ ။ ပဲနောက်နှင့် ပြောင်းဆန် ကောက်သားငယ်ရံ ဝေဖန်နှောယှက် ရောကာချက်လို့ ပြောဖက်ကယ် မမြင် သြဇာပြွမ်းတဲ့ သုံးလွန်းတင်ကို ခင်မင်ဖွယ်ရာ သည်ချိန်ကို လာခဲ့ပ တောရွာသူ ခံ့ပုံကို အသားကုန် လက်ပြိုင်ဆွဲလို့ နွဲစေ့မယ်လေး။ ။ ~~~~~~~~~~~~ မိုးမသောက်ခင်က ခလောက်ကယ် ဂျောင်ဂျင် လုပ်ငန်းငယ် ပြင်သည် ချောင်းရေယဉ် သွင်သွင်စီးပါလို့ ကောက်ကြီးစပါးနှံက သန်လှတယ်လေး။ ။ သို့အရာမူ တို့ရွာစရိုက် ချွေးပြိုက်ပြိုက်ကယ်နှင့် ကောက်စိုက်မ ဟန် ထမခံမြေလုပ် အင်စောင်းတုတ်လို့ ဆူးပုတ်ကယ် ရွက်ညို ဆီ မခတ်သော်လည်း တလပ်ကယ် ချိုလှတယ် မင်းပျိုတို့ ခုချိန်ခါကို စားစရာ ဝါမပြောပါဘူး ပေါလှတယ်လေး။ ။ (ဦးကြီး) ရှေးစာကဗျာများ https://wikisource.org/wiki/Author:%E1%80%A6%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8

မွေ့နန်းရကန် - နိဂုံး

ရွှေတောင်နန္ဒသူ မွေ့နန်းရကန် - နိဂုံး ဂဝံပတေ့ ရသေ့ဆရာ ကျမ်းအလာမူ ကာလကဏ္ဍီ ဂမုန်းနီကတိုး မွှေးမျိုးများစွာ နံ့သာကရမက် ယင်သေဖက်မှာ ထည့်စွက်၍လောင်းတုံ ဆင်မုန်နှစ်ပါး ပြဒါးသံလိုက် ဆေးသိုက်ရှိတိုင်း ဉာဏ်ရိုင်းသည့်ဆရာ မြင်းသီလာထပ်လောင်း ဖယောင်းပျားသွန် စီမံသည်တခြား ရုပ်ထားပုံနှိပ် ကျိတ်လိပ်သေယတြာ ခြေရာမြေကောက် အလျောက်ရုပ်ထွေ နတ်စေနတ်တွန်း စရိတ်များပွန်းအောင် မီးထွန်းအင်းချ တချို့ကသော်လည်း တော်မိကြထင့် တေဇပွင့်ငုံ မြို့ဒဂုံမှာ ကြေးမုံမျက်နှာ မင်းနန္ဒာ၏ ရတနာအသက် သန်လျင်ဘက်မှာ ဖြူညက်နှစ်နှော အိပ်မက်ဇောမျှ မော၍ဟိုက်ပန်း မယ်နွန်းရိုးရိုးကို လူကိုစင်ထား မိုးသကြားမှ ဖျားလုဖျားချင် မြင်တိုင်းချစ်လို့ မေတ္တာဝင်သည် မိန်းမတွင်ဂုဏ်ထင်သည့် ယဉ်ခေါင်ကြူးလေ ။

မွေ့နန်းရကန် - မင်းနန္ဒာနှင့် ရှင်မွေ့နန်း စုလျားရစ်ပတ်ခန်း

ရွှေတောင်နန္ဒသူ မွေ့နန်းရကန် - မင်းနန္ဒာနှင့် ရှင်မွေ့နန်း စုလျားရစ်ပတ်ခန်း (အခန်း-၁၃) နန္ဒာသခင် ယမံဝင်နှင့် ယထင်ကတော် လေးဆယ်ကျော်သည့် လှော်လောင်းနှစ်စင်း ပြိုင်၍ဆင်းသည့်နှယ် နန်းတွင်းရောက်စ ကတည်းကပင် မြမွေ့ရာဆန်း နန်းသုံးနန်းဆောင် ကြက်ပေါင်ရွှေအစ် အနားရစ်နှင့် ပုဆစ်တုပ်ပျပ် အသာဝပ်၍ ခညွတ်ခွေညောင်း နေရာကောင်းက ယခင်ဆင့်လောင်း တကြိမ်ပေါင်းသည် အပျောင်းဟူသမျှအသင်္ချာ မယ်နွန်းတွင်နု ဂွမ်းစိုင်စုလည်း ဘာပြုလို့သည့်နှယ် တို့အမယ်မှာ ဧည့်သည်လိုလို ဘယ်သူနှင့်ဆိုကြသည် ကိုယ်တော်ကမြန်းရာတွင် အဆန်းကြီးကိရိယာနှင့် အိုထိပ်ချာငယ် ဆိတ်စာငယ်ကြွလို့ ခဏရောက်တဲ့ပ လျှောက်တော်မူချင်လှပါပြီ မယ်ယထင်က အရင်စလျှင် အူရွညံ့သက် အသာမြွက်၍ စုံမက်စရာ မင်းနန္ဒာနှင့် မျက်နှာနှစ်ဦး ဖူးလှာရသည် မြတန်သည့်ဒါလီ ယထင်ကိုမှီလိုက်လို့ နှင်းဆီပင်အယိမ်းကို မတိမ်းရအောင် ခဏတည်းလို့ခို ညဉ့်သန်းခန်းဥပမာ ။ ဘဲ့နှယ်လဲအမယ် မျက်နှာသာကွယ်လို့ ရှက်တယ်ကျမ ကြောက်လှအပုံ ရင်ဝမှာခုန်ပြီ သက်လုံမှာနုံးခါနှစ်လီ လောင်းနန္ဒာကလည်း မေတ္တာသက်ကို ရွှေမျက်နှာတော်ပူပါမည် ဒဂုံကပင် မင်းပေစင်ကို မြင်ရတွေ့ရ မွေ့လျော်ရအောင် ကြွလာချက်ကို နှုတ်ဆက်ရွှေကွမ်း နေဖြစ်လွန်းလျှင် စီးခွန်းငြိ၍ ရှိရပေလေသည်မှာ တပြည်နှင့်တပြည်ကို ရိပ်ခြည်ဝေဖန် နေတန်ရာဘူး မေတ္တာချင်းကူးကြလို့ ဂုဏ်နှစ်ဦးကားအတူတူ ။ နန္ဒာဘုရား မြွက်စကားကို ရှက်အားမွှန်၍ မယ်နွန်းမပြန် ယထင်ကံက ဂုန္တန်ထိုးနု ရွှေကြည်ဥကဲ့သို့ နုလှသည့်နှလုံးနှင့် စိတ်ပူပင်အောင်လို့ ယထင်ကဆိုရာမှာလည်း ကိုယ်တော်မေးလှပြီ အရေးတော်ပြန်သင့်ပါ သို့စကားစ အရိပ်ပြသော် ကျမကိုယ်စား ထိပ်ချာထားကို သနားတော်သံ သင့်အောင်သာပြန်ပါတော့ နီဖလံစီ မြဒါလီကို ပြီပြီတလိုက် သွားနှင့်ကိုက်၍ ငုံလိုက်သည့်မူရာတွင် အလိမ္မာကျော် အထိန်းတော်က ကျွန်တော်မကိုမေးစကား ခြားနား၍လည်းမဟုတ်ပေ သခင်ကသာ မိန့်ရှိရာကို တခါဘုရားကျွန်တော်မက အစပြူလျှင် ဇမ္ဗူရစ်နှစ်ပြား သည်စပ်ကြားတွင် လားလားကင်းဝေး ခပ်ပြာတေးနှင့် ထွေး၍နေအောင် ဂဟေဆော်ရမည်လည်း မတော်တတ်ပင် ကတ်လတ်ရှိရာလေလိမ့် ထွေထွေပြားပြား ထိပ်ချာထားငယ် စားတော်ကွမ်းကို အလွမ်းသင့်အောင်ဆက်ထိုက်သည် ဤသို့လောက်စင် မယ်ယထင်က သွန်သင်သည်လို ပြသည်လိုနှင့် နဂိုယဉ်နု အခင်းစုအောင် အမှုကိုပုံလိုက်သည် အာရုံချင်းပွားစည်အံ့ နှောမည်နုတ်မည် ကုတ်မည်မမည် ဘုန်းပွင့်စည်ကို လျှောက်သည်နှင့်သာရှိရာတွင် မယ်နွန်းနှယ်တခါ ကွမ်းတယာနှင့် ကြာကြာကြံတွေး ဆက်ရမည့်ရေးကို ထွေးလုံးထွေးလုံးနှင့်နေတုန်းတွင် နှလုံးဖြူစင် မယ်ယထင်လည်း နန်းပြင်လူးလာ ထကြွရှာ၍ သင့်ရာတိမ်းသည်ပင်တည့် သခင်နှစ်ဦး မွေ့ရာထူးမှာ စိတ်မြူးသနှင့် ချစ်စချင့်ဖွယ် အရွယ်ကတည်းတူတူ မျက်နှာငုံ့လျက် ကွမ်းယာဆက်ရာတွင် ရွှေလက်တော်ဖျား ဖော့အူသားကို သနားသည့်နိမိတ် ဆွဲလျက်ကယ်ဆိတ်ရာတွင် လက်ထပ်ဖွေးဖွေးဖြူမှာ ဖော့အူစင်စင်ကို မမြင်ဝံ့အောင် ကွန့်လိုက်သည့်သွေးခြည်လည်း ပန်းရည်စွန်းသို့ရဲရဲနီ မျက်နှာအောက်ထား ကြည့်လျက်သားနှင့် စကားလည်းမပြန် ရွှေနန်းရန်ကို ဖန်တရာသား စိတ်ကစားလို့ တံ့စားလျက်နှင့် အသက်ပုံသည် ဒဂုံလုံးနှင်းဆီက ဆယ်လီဆယ်ဖန် ကြံတော်မူရာမှာလည်း လူဆိတ်ကွယ်သည့်နန်းဦးတွင် ခင်မယ်နွန်းက နွမ်းနယ်ခွေပျောင်း အမွှေးစုံပေါင်းသည့်နှယ် ထပ်လောင်း၍မဟ သည်တညမှာ ကြမ္မာ့အကတ် ဘယ်ဥပဒ်ကယ်ကြောင့် ဖျတ်ဖျတ်လောအောင် ဇောချွေးအကုန်ရွှင်၏ မယ်ယထင်ကလည်း နေချင်တိုင်းသာ လူးလာရိပ်ခြည် ဂုဏ်နှစ်တည်ကို နာလိုသင့်လို အခွင့်သိသည့် ပညာရှိကြီးအလိမ္မာ နန္ဒာနှင့်မယ်နွန်း စိတ်ရောပြွမ်း၍ တခွန်းမိန့်နှစ်ခွန့်မိန့် ခြင်ဆီကိုစိမ့်၍ မနိမ့်မမြင့် မွေ့ရာဆင့်က တခွင့်တက်ပြန်ရာမှာ သန္တာလောက်နီနီ လက်ဖျားဆီကို ကျီစားသလို တကယ်လိုနှင့် ကိုယ်တော်ကဆွဲရာတွင် အသဲခိုက်ခိုက်တုန် ကြောက်မူရာသံ ခွင့်တောင်းပန်၍ သံတော်ဦးကျမ တင်စမ်းပါ့မည် ခဏထွတ်ဆုံး လွှတ်ပါအုံးတော့ သုံးလေးငါးကြိမ်ခုန်အောင် ဒဂုံကသခင်ကို ဆွဲငင်ရင်းတွင် အခင်းထူးအောင် နှစ်ဦးဖြစ်၍ အချစ်ကိုမသတ်ပြီ လက်ဖျားဆီက ယာယီပိုင်ပိုင် မချုပ်နိုင်လျှင် ကြိုင်လှသည့်အသွေး မွှေးလှသည့်နှင်းရည် ရွှေလည်ဖက်နွှဲ အသာတွဲ၍ လဲပုံလောက်နု မယ်နွန်းကိုခုတွင် ခုသာမှီမှ ဆယ်လီနစ်၍ အသက်ပြီပြီ ဒါလီအောက်တွင် ပန်းနီလွင်ကို ပြင်ကအလွတ်ထား ခုနှယ်များ အသားလွတ်မိလတ်ရောင် လက်တော်နှင့်ကာ ရင်တော်သားကို တပါးသူလည်း အဖော်နည်း၍ အသည်းမှာခုခု ဂွမ်းသို့စုနှယ် အမှုတွေ့ရသည် ဣန္ဒြေမပျက်အောင် ဒဂုံလုံးသည်းခေါင်က တထောင်လုံးအကြောမှာ သဘောနှင့်စိမ့်လိုက်သည် မိန့်တော်ခန့်အဆန့်တသန္တာန် ဇမ္ဗူဒီပ နယ်တဝမှာ အလှအလွန် အမွန်အကြူး အထူးအခြား ရွှေကိုယ်တော်တွားသည့်နှယ် လက်ဖျားတော်နှစ်ဦး စိတ်ထင်မြူးကြသည် ကျေးဇူးပုံတသိန်းမှန်အောင် ရွှေကြိုးကြာသဏ္ဌာန်နှင့် စိတ်ညံသည့်ရတနာကို ထွတ်ထွတ်ပြာအောင် နန္ဒာဘုရား လက်တော်ယားသည့်နှယ် ကျီစားလျက်နှင့်အကြိမ်ကြိမ် ပွေ့ပိုက်ဖက်နွှဲ ဆောင်ရိပ်ထဲမှာ တွဲလို့အဖန် မငြင်းဆန်အောင် ကံတော်နှစ်ပါး အတူညား၍ အခြားမဖောက် အခွင့်ရောက်မှ မြညှောက်ကယ်စိတ် တင်းတော်တိမ်သည် သိမ်လည်းသိမ်မွေ့ တွေ့လည်းတွေ့သစ် ချစ်လည်းချစ်စ သည်ကာလကို သောကလည်းမရှိ ပီတိလည်းမခန်း တပင်နန်းမှာ အဆန်းအပြား ထူးခြားရိပ်ငြိမ် နန်းစည်းစိမ်ကို တကြိမ်လားလား မဆိုထားဘိ ရဲစားနှစ်ဦး အထူးတွေ့စ သည်ကာလတွင် မိန်းမဖျင်းဖျင်း တောတွင်းလားလား ယောက်ျားရိုင်းရိုင်း အင်တိုင်းတော်သားပင်ဖြစ်လည်း ရည်းစားချစ်ခင် ကြင်စအမှန် သဘောသန်လျှင် ဝေးလံမသွား တပါးရပ်ရွာ မခွာပစ်နိုင် ပင်တိုင်မျက်သိပ် ညဉ့်အိပ်နေ့နေ မသွေမလှန် မိန်းမထံသို့ ပြန်လို့ပြေးလှာ ကြမ္မာညှဉ်းဆဲ ဆင်းရဲတူတူ အမူပြင်းပြင်း လုပ်ခင်းလယ်ယာ မနေသာ၍ တရွာတခြား မသွားတို့ဖြစ် အချစ်ကြူးလွန် မရွံမရှာ ဆရာသမား မိဘကိုထားလို့ သိကြားပင်သိသိ တွယ်မိမှလျှော့မဟဲ့ ဘာပြုသလဲလို့ စိတ်ရဲနှင့်ရဲတတ် သတ်လို့ပင်သေသေ ကာမေသုကာမဂုဏ် ရဲငံစကြုံကြလျှင် ဒဂုံနှင့်သန်လျင် မင်းပါစင်ကို ပင်လယ်စိုးငမိုးရိပ်ကျော် ငယ်ကျွန်တော်ကလည်း အဖော်ညီညာ ပုံစံမကြွင်း သည်အခင်းမှာ သင်းလည်းပျို၍ မဆိုသာဘူး ဃရာဝါသံ လောကမှန်လျှင် အကြံလျှော့မြဲမဟုတ်ဘဲ ဆင်းရဲသည့်လူတေ လူခေခေများပက် အတူနေကာလကို လောဘကြောင့်စိတ်မငြိမ် ကာမမာန်ကလက်လို့ ဘဝဂ်ကိုနှိမ်သည် ဒဂုံကနန္ဒာ ဘုန်းအာဏာနှင့် ရတနာသန်လျင်မှာ နုချင်တိုင်းနှနယ်တွင် သွယ်သွယ်သပ်သပ်ကယ် ကံစပ်သည့်အမှုနှင့် တခုချင်းကြိမ်သည် သည်စည်းစိမ်အာရုံကို မကြုံဘူးသည် အရူးပင်မှန်မှန် တခါတခါ စိတ်ကစားလို့ အမှားမှားကြံသည် သဇင်တံနှင်းခိုင် အတူတူပြိုင်သည် တပင်တိုင်နန်းဘုံမှာ ကာမဂုဏ်ဆိုင်ကြလို့ တတ်နိုင်ပြီဘူး အယဉ်အရွ အလှအဆန်း နန်းရိပ်ကျယ်ကျယ် ဒဝယ်ဆောင်ပွဲတက်ဆောင် ငွေအရောင်ရွှေအရောင် မှန်အရောင်မြအရောင် ညီးတဲ့၍လောင်ကဲ့သို့ တဆောင်နှင့်တဆောင်လည်း ကြက်ပေါင်နီနီ ပွင့်လုံးစီဇဝါ ကတ္တီပါလည်း ပြာပြာနီရဲချိမ့်ချိမ့် မိုးတိမ်လိပ်ကဲ့သို့ ပိဿာနှင့်အကောဋိ အသေင်္ချေယျ အဖိုးတန်ရသည် ဖန်စီစီမှန်စီစီ ရဲနီနန်းတိုင်မှာ ဆိုင်ရာဆိုင်ရာ ဗိသုကာတို့ နံ့သာနီနန်းသစ် ရှစ်ဆုပ်ကျော်သာသာ အတွင်းဆောင်မှာ ပြောင်ပြောင်ဝင်းသည့် ပြတင်းပါနှင့် ရတနာညောင်စောင်း ရွှေတသောင်းတန်တန် မြအလျှံမှာ နန္ဒာနှင့်မယ်နွန်း ရောပြွမ်းသည့်အခင်းကို ရွှေလင်းဆရာ ဟုတ်တိုင်းချ၍ မပြသာဘူး ပညာနှင့်အင်တန်ကို စီမံကြရော့ လောကဓံကိလေသာ အာရုံချင်းကြိမ် မင်းစည်းစိမ်နှင့် အချိန်တန်၍ ကြံတိုင်းပါသည် နဖူးစာဝါသနာ ပစ္စုပ္ပန်သံသရာ ကုသိုလ်ထူးကြပါလို့ ရတနာတပင် နန်းသန်လျင်မှာ မျိုချင်အောင်ကြည်ညို၍ ရွှေလိုဥလေ ။

မွေ့နန်းရကန် - မင်းနန္ဒာ ငမိုးရိပ်စီး၊ သန်လျင်ကူး၊ မယ်နွန်းအဆောင်ရောက်ခန်း

ရွှေတောင်နန္ဒသူ မွေ့နန်းရကန် - မင်းနန္ဒာ ငမိုးရိပ်စီး၊ သန်လျင်ကူး၊ မယ်နွန်းအဆောင်ရောက်ခန်း (အခန်း-၁၂) မွေ့နန်းကာရန် ရကန်စာနု ရတုငမိုးရိပ်စီတွင် ထုံးဥပဒေ နန်းသက်သေနှင့် ရေတရိုးတွင် ငမိုးရိပ်ကျော် ငယ်ကျွန်တော်က အလှော်သင့်အောင် အခွင့်စုံစမ်း အခန်းခန်းဖြင့် နန်းလျာဘုရား ရှေ့ထံပါးတွင် အသနားတော်မြတ်ခံလေသော် အာရုံရွှင်မြူး သန်လျင်ကူးကို ဟူးခနဲစိတ် မသွေလိပ်ပြီ ရိပ်ဝဲဆာကျယ် မဝေ့လယ်နှင့် ရောက်လွယ်ကြောင်းသာ ဆင့်လောင်း၍ပြန်သည် နန္ဒာအမိန့်တော်ကား တော်သည်သင့်သည် မသင့်သည်ကို ရိပ်ခြည်ဆော်နှိုး ကျွန်တော်မျိုးငမိုးရိပ်ကယ် တကယ်တန် ယောက်ျားတို့တမ်း သည်မျှလမ်းကို ဘုန်းတန်းသို့စင် ရှိလျက်ပင်ကို သွန်သင်မ,စ ဟာမကလည်း ငါ့ကိုမင်းမပြန်နှင့် ငါကြံစည်ရင်း ငါ့အခင်းကို မင်းလောက်ကသာ ငါထောက်ထားတော်မူနိုင်လျှင် လာပေရော့မဟ ခုပင်ကြွမည် ငါ့ကျွန်တော်ယုံ အမှုကုံရမည် မုံသောက်မာတင် ရဲမာန်ဝင်၍ သန်လျင်မှာစံရအောင် အမြန်သာစီစဉ်၏ သခင်ဘုရား မိန့်တော်ထားကို စွန့်စားဝံ့၏ မလွန့်သာ၍ အာဏာစွဲတော်မူတည့်သော် ငမိုးရိပ်ကျော် ငယ်ဖွားတော်မှာ စက်တော်မြတ်တော် မြို့သန်လျင်ကို တပင်နန်းရိပ် သာသည့်ဆိပ်က ကိစ္စတော်မြတ် ပြီးမည့်တတ်ကို လာဘ်နှင့်အခန့်လျော်တွင် ငယ်ကျွန်တော်မျိုး ငမိုးရိပ်ကို ဖော်တော်ဆိပ်က အရိပ်မျှော်၍နေရမည် ကျောကုန်းပေါ်က ကိုယ်တော်ကြွ၍ ညနှစ်ချက်တီး အချိန်နီးတွင် ခရီးတော်ဆန်း သန်လျင်နန်းကို ကျိန်းခန်းရောက်လာသည်နှင့် တပြည်လုံးအိပ် လူခြေတိတ်ကို ရဲစိတ်ဝင်သည့် သခင်နန္ဒာ လက်စွဲတော်သုံး ကြိမ်လုံးတော်ဓား နှစ်ပါးဆောင်ယူ သန်လျင်သူကို အတူယနေ့ တွေ့မည်စေသား စိတ်တော်ထား၍ သိကြားမင်းပမာသို့ ရတနာကွက်ကတ် ကျောက်စပ်ဝတ်လဲ ရွှေခါးထဲကလည်းရဲထိန်ထိန် မြို့သန်လျင်နှင့် ပင်လယ်ကမ်းရိပ် ရေတော်ဆိပ်နား မြို့တံခါးလည်း များများမဝေး အရေးတော်သင့် အခွင့်တော်ရုံ မြို့ဒဂုံက အဟုန်ကြီးနန်းရှိန်ကို သိမ်မွေ့တော်မူ တွေးယူထောက်မျှော် ကြိမ်လုံးတော်လည်း အကျော်စေဝ မင်္ဂလာ အဆီးအတား တံခါးသော့ကျင် ပိတ်ပင်သေချာ ရှေ့ကကာလျှင် ကွာစေလပ်စေ ပြတ်စေပေါက်စေ လင်းနှင့်စေလို ရွှေလက်တော်မြတ် ကိုင်၍ခတ်ဘဲ အခေါင်အုပ်မိုး အစိုးတရ သေချာလှသည့်ဌာနတွင် အလောင်းအလျာ နန္ဒာဘုရား စိတ်တော်ထား၍ သိကြားအပ်နှံ ဂါထာပျံကို ရန်သူမျိုးစိုးတရနှင့် ဘာမျှထီမထင်ဟု ဝင်တော်မူရန် ဂါထာပျံနှင့် ရန်အများကို တံခါးပွင့်အောင်သရဇ္ဈာယ် လဟာဟင်းလင်း အတွင်းပြင်မြို့ တံခါးတို့လည်း မဆို့မဆီး ခရီးလမ်းမ သမ္ဘာရကြောင့် မြအထိန်စိန်အလျှံ ဥပါကြီးပျံသည့်နှယ် ကိုယ်တော်လည်းမဘွယ် နန်းမဆောင်တွင် သန်းခေါင်လယ်ခါမှ စမ္ပယ်တငုံနှင့်တင်နှစ်စဉ် ဘဲ့နှယ့်ယှဉ်ရမည် ယဉ်သနှင့်ကြော့သနှင့် ပျော့သနှင့်ပြာသနှင့် အလိမ္မာတွင်အကဲ အချွဲတွင်အနားသတ် အမြတ်တွင်အာကာ မာယာတွင်လေးဆယ် ပရိယာယ်တထောင် ရူပဆောင်တသောင်း အပြောင်းလည်းအနန္တ အနွဲ့ယအသင်္ချေ နန္ဒာသခင်နှင့် ယထင်တို့နှစ်ဦး နတ်ဝင်နှယ်ပူးကြလို့ ဆောင်ဦးမှာကြာသည် အလိမ္မာငယ်ငယ် ခါးသွယ်သွယ်နှင့် မွေ့ရာကျယ်အလယ်က ပင်လယ်အနုနှင့် အနုပေါ်လှာလို့ ဆားလှော်နှင့်ဆီးဖြူကို အတူတူရွှင်ရအောင် မြို့သန်လျင်တပြည်လုံး ထုံနှင်းရည်ကြူသနှင့် ဖော့အူလိုရွှင်ကြသည် တပင်တိုင်နန်းလေ ။

မွေ့နန်းရကန် - မင်းနန္ဒာရှေ့မှောက် ငမိုးရိပ်လျှောက်တင်ခန်း

ရွှေတောင်နန္ဒသူ မွေ့နန်းရကန် - မင်းနန္ဒာရှေ့မှောက် ငမိုးရိပ်လျှောက်တင်ခန်း (အခန်း-၁၁) ဒဂုံသခင် ရွှေနန်းရှင်သား ခါတပါးသို့ အခြားသို့စိတ် မသွေလိပ်ပြီ ကိစ္စတော်မြတ် ပြီးမည့်လပ်ကို တသမတ်တည်း ရည်းငံ့၍သာနေတော်မူ မြို့သန်လျင်မှာ တပင်တိုင်နန်း သွားမည့်လမ်းကို နှမ်းလုံးငယ်တစေ့ ပမာရွေ့သော် ခြင်္သေ့မင်းနှယ်တူ၏ ကိုသူဝ ငါကြွတော်မူ၍ရောက်လျှင် သူ့နန်းသူ့ပြည် အထည်ကြီးမား ဝင်းသားတန်းနေ အသေအချာ မဝင်သာ၍ ပြန်လာရမည် ဆံခြည်ခြမ်းမျှ စိတ်ကမင်းမထင်နှင့် ပင်လယ်ဆိုးကို ငမိုးရိပ်ကျော် ငါ့ကျွန်တော်ရင်း ရှိလေပြီ ကျည်းလျှိုရင်တား တံခါးမင်းတုပ် ခလုတ်သော့ကျင် စီရင်သေချာ ဆိုရာမှာလည်း ဘာမှငါမထီဟု ဤမှာဘက်မျ တချက်တီးကို စီး၍ငါကြွတော်မူပြီးလျှင် တပြည်လုံးအိပ် လူခြေတိတ်ကို ရွှေစိတ်တော်နှင့် အခန့်သင့်အောင် သန်လျင့်နန်းတပင်သို့ ဝင်တော်မူ၍ ဇမ္ဗူရစ်နန်းလယ် မွေ့ရာကျယ်မှာ စပယ်နှင့်မြတ်လေး မွှေးစက်အစဉ် ဘယ်ကယှဉ်မလဲ ယှဉ်မိပြီးသာအပြီးမှတ် အာဇာနေယျ ယောက်ျားတံခွန် ဘုန်းနှင့်ကံကို သွေလှန်ယိမ်းယိုင် ဘယ်ခံနိုင်မည် တထိုင်ချင်းနှင့်နပ်လိမ့် ယုံမှတ်သည့်ကျွန် အိပ်ဖန်တော်သား ထံပါးလက်စွဲ သုံးမြဲကျွန်တော်တို့ကိုသာ မင်းခယောက်ျား အတွင်းသားကို မပွားမဆင့် တဖျင့်တပါး စကားမစဉ် နှလုံးကယဉ်ရမည် ပညာသတိရှိစေ အပြီးမှာ၍ ရတနာကြိမ်လုံး လက်သုံးတော်ဓား ဤနှစ်ပါးသာပါစေရ ရွှေမြို့တော်တောင် ရွှေဖောင်တော်ဆိပ် မြေရန်နှိပ်လို့ စိတ်တော်မာခေါင် စိတ်တောင်ထွတ်လို ကိုယ်တော်ဆင်းလေကြွ၍ ငါ့ဖွားဖက်တော် ငယ်ကျွန်တော်မျိုး ငမိုးရိပ်ကယ် ဖော်တော်ဆိပ်သို့ ခုရောက်စေ ရွှေလက်တော်သုံး ရွှေကြိမ်လုံးကို သုံးချက်ခတ်၍ အမိန့်တော်မြတ်ရှိလေသော် ဝေါတော်ယာဉ်တော် ရွှေလှေတော်များကဲ့သို့ ငယ်ကျွန်တော်ရင်း မိကျောင်းမင်းသည် ချက်ချင်းရောက်လာ ကမ်းမှာနှုတ်သီးတို့၍ အသို့သောကြောင့် သန်းခေါင်ကာလ သည်ဌာနသို့ ကြွတော်မူသည် အရှင့်သား ခိုင်းရန်စေရန် ရှိသည်မှန်လျှင် ကျွန်တော်ရင်းချာ များကိုသာလျှင် ဗျာဒိတ်တော်သံ ပြန်ပါစေတော့လားဟု အသနားတော်မြတ်ခံရာတွင် ကျေးကျွန်စေပါ မပြောသာဘူး ငါပါမင်းပါ ရတနာသန်လျင် နန်းတပင်သို့ ခုပင်ဟူးဟူး ကူးမည်ဆက်ဆက် နှစ်ချက်မတီးခင်ဟု ပြင်ပြင်လင်းလင်း အခင်းပြသ မိန့်ဟတော်မြတ်ရှိတည့်လျှင် ထိပ်တင်ဘုရား မိန်းမရှားသည့်နှယ် တပါးတည်းတည်း ညဉ့်လည်းညဉ့်ဖြစ်ပါသည် သူ့ပြည်သူ့နန်း စိမ်းရွမ်းသည့်ရပ် မတင့်အပ်သည်ကို မင်းမြတ်မဆင်ခြင်ဘဲ သို့စင်ကျူးကျော် အကြံတော်ကို ခမည်းတော်နှင့် မယ်တော်နှစ်ပါး သိပါစ ကိုယ်တော်မြတ်ကား သားတော်ရတနာ မထောင်းတာဘူး သူငါကစ ဒလမော်ဖီ အချီအထိန်း ခပ်သိမ်းကျေးကျွန် အရံအကာ ရာဇဝတ်ကြီးသင့်၍ မတင့်မအပ် အဖော်လပ်ကယ်ကြောင့် ဥပါဒ်ကြီးရောက်ကြပါမည် ဖွားလည်းဖွားဖက် အထက်ကာရီ ပီပီငယ်ကျွန် တမလွန်ဝေး ရှေးဆုတောင်းဖက် အသက်တော်စောင့် ဖြစ်သောကြောင့် ယုံလည်းယုံ၍ နန်းငုံပွင့်ရိုး ကိုယ်တော်ကျိုးကို ငမိုးရိပ်က လျှောက်ပါသည် မယူမနာ နန္ဒာမင်းကျော် အမိန့်တော်မှာ လှော်ကားတက်နဲ ကျွဲရှေ့ကိုထွန်ရောက် ရိုင်းသံပေါက်လှသည် မင်းလောက်ကယ်သာ ငါသိတပြီ ညီလှမင်းမာ လာပေရော့မလား စကားဦးမရှည်နှင့် ကူးမည်ကြွမည် သွားမည်အသော့ ယှဉ်တော့သာမိန့်ရာတွင် ငမိုးရိပ်ကျော် သူ့ကျွန်တော်က စကော်စက ကူးရမည့်နှယ် ဆုတ်မည့်နှယ်နှင့် တသွယ်လျှောက်ဦးတင်သည် သခင်ဘုရား ရေသားတို့တမ်း ရေကြောင်းလမ်းကို ပန်း၍လည်းမငြင်း ပျင်း၍လည်းမဟုတ် သူနှပ်သူဖွဲ ဆင်းရဲသားလို ကဝိုကဝါး မစားတော်လည်း တလုပ်မဟုတ်ပါလား မသွားတော်လျှင်တလှမ်း ရွှေနန်းရိပ်သာ သာသနာပြည်ရေး ဘေးတော်လက်ထက် မှဆင်းသက်၍ မပျက်စဉ်လာ ရိပ်ရာသိမ်းဆည်း ခမည်းတာ်တိုင် စိုးပိုင်တော်မူ တော့သည်ဟူ၍ ပြည်သူကဲ့ရဲ့ စီးပွားမဲ့ကို ဘယ့်နှယ်ကြောင့်ယခု ကိုယ်တော်မြတ်တွင် ဇာတ်တော်ကိုပစ်၍ အသစ်ပြုပါ့မည် ။

မွေ့နန်းရကန် - မယ်နွန်းထံ သွားသင့်မသင့် ဆွေးနွေးခန်း

ရွှေတောင်နန္ဒသူ မွေ့နန်းရကန် - မယ်နွန်းထံ သွားသင့်မသင့် ဆွေးနွေးခန်း (အခန်း-၁၀) ရမ္မက်ဖုံးလွှမ်း လူတို့တမ်းတ ရဟန်းရှင်လူ မည်သူမဆို အလိုဆန္ဒ ပြည့်စုံကြလျှင် စိတ်ကရွှင်လန်း ပွင့်သစ်ပန်းလို ဖြန်းဖြန်းတက်ကဲ ရှိမြဲပင် ကမ္ဘာ့ထုံးစံ ဆိုကြဟန်မှာ သက်နှံဇနီး သမီးလုလင် သားလုလင်ကို မင်္ဂလာစုံဖက် ဆောင်မည့်ရက်တွင် မျက်နှာနေမှာ ကျက်သရေရိပ်ထင် စိတ်ရွှင်ရွှင်၏ ယခင်ထုံးစံ ကျမ်းဂန်စာပေ ရှေးသက်သေနှင့်လျော်ညီစွာ နန္ဒာဘုရား ခါတပါးထက် စကားမိန့်သံ ဟန်ပန်မူရာ မျက်နှာတော်ထား တပုံခြား၍ ရွှင်အားကြီးလှရာတွင် ရင်းချာကျွန်တော် ရွှေဖော်ဝန်းရံ အဲအန်လူးတား ပတ္တလားစောင်းညှင်း မင်းတို့ဖွယ်ရာ တနာရီမှမလပ်ရ သန်လျင်ကကျေးပြန်ကို နန္ဒာမေး၍ အရေးတော်ကို တိုက်ကျော်ကလျှောက်ရာတွင် ဝမ်းမြောက်တော်မူလှပါ၍ ငါ့အကြံတော် မြတ်အာဘော်ကို မိန့်တော်မမူသာသေးပြီ မော်ဖီတို့နှင့် ထောက်ချင့်မြှော်တွေး သူဝကျေးတို့ တသွေးတသား မကွဲပြားအောင် ထောက်ထားချင့်နှိုင်းလည်၍ ညီညီညာညာ သိသာခြားနား အမှုသွားကို အသနားတော်ခံတည့်ကြ နန္ဒာ့ဘုရား စိတ်တော်သွားကို စဉ်းစားသာအောင် ခြင်းရာကိုမိန့်တော်ပြသော် ဒလမော်ဖီ ပိုက်ချီထိန်းယ ရင်းချာလှသည့် ကျွန်တော်များကလျှောက်ရာမှာ ကိုယ်တော်မြတ်သည် နတ်သမ္မုတိ ပြည့်ကြီးကျက်သရေ ရွှေနန်းနှင့်နေသူ ဖြစ်တော်မူသည် ပြည်သူပြည်သား အများကိုးကွယ်ရာတည်း ကေသရာဇာ ဟေဝန္တာဝယ် အချာအုပ်မိုး သားမျိုးဥသျှောင် စိုးဆောင်တော်မူသည့်နှယ်ဖြစ်ပေ၍ စဉ်လာမမှား စားသောက်အိပ်နေ ဥပဒေကို သေချာလှအောင် လုံ့လအားထုတ် မယုတ်မလွန် ထုံးညွှန်ခံ့ခိုင် သည်တိုင်သဘောလေ့၏။ ရေမြေ့သခင် အလျင်လိုလည်း တကိုယ်တော်ထူး အိမ်တော်ဦးက လူးလာခေါက်တင် ဝင်းပြင်ကိုမျှ မထွက်သင့် ရွှေနှလုံးတော်ထား သနားတော်မူ တော့သည်ဟူ၍ ယူတော်ရှိလျှင် တပင်တိုင်သူ လူပင်မူကား ရွှေဖဝါးတော်အောက် ရောက်အောင်ကြံနိုင်သင့်၏ လျှောက်သည်နှင့်သာ သို့ခြင်းရာကို နန္ဒာဘုန်းတူ မည်သို့ဟူ၍ မည်းဖြူမိန့်တော် မမူသေး မော်ဖီတို့မှာ သိမြင်သာပြီ ငါနှင့်ဒွေးဖော် ရွှေတိုက်ကျော်ငယ်ကို အမြော်အမြင် အထင်ဘယ့်နှယ် အသွယ်ခြား၍မေးသော်။ ကျွန်တော်ငယ်လည်း မည်းမည်းဝါးဝါး မလောက်လားသည့် ကျေးသားမျှသာဖြစ်ပေသည်ကို မော်ဖီရို့ မင်းမာတို့သာ သို့သို့သည်သည် စကားရှည်နှင့် နှစ်လီပေါင်းကူး ငံ့ရဦးမည် အဖူးရတာရှည်သော် ချစ်ရည်တူဖွယ် ကျွန်တော်ငယ်လည်း မယ်နွန်းကိုဆက်ဆက် သန်ဘက်ခါဧကန် ထံတော်မှောက်ကို ရောက်တော်မူလာမကဲ့သို့ မချို့သဘော ပြောခဲ့ချေပြီ ဤကာလအခါ ရတနာဘဝင် ရွှေရင်တော်မြတ်မှာ ပူလှပ်ပူလှပ် ရှူရတွင်းကပ်ကပြီး မရပ်မနေ ငတ်သည့်ရေလို အကြိုက်လေသာကြို့၍ ကိုယ့်စိတ်ကိုမှ ကိုယ်မသိမ်းနိုင် ပွဲတော်မတည် လည်တဆန့်ဆန့် စံ့ရမည့်ရက်ကို စက်တော်မခေါ် မပျော်မပါး သွေးသားခန်းချိန် ကိုယ်တော်ပိန်၍ မမြိန်တုန်းမှ ရပင်ရသော်လည်း အရသာညံ့ သည်လောက်ငံ့ရလျှင် ဖန့်ဖန့်မသုံးနိုင်ဘူး မရောက်နိုင်ကြောင်းသာပ နှစ်ပါးကြည်ဖြူ ကြိုက်ချင်းတူမှ ဘယ်သူပြောမလဲ သဘောတော်မဝင် ဆင်တော်မြင်းတော် ဝင်းတော်ပါပါမပါပါ ကြာလွန်းပြီဆို သူ့ကိုသာမဆိုနှင့် ဟိုမှာနှယ်ပင် တို့သခင်ကိုလည်း အင်တန်ပင်ကြောင့်ကြရမည် ယခုများနှယ် စိတ်ကြွချိန်ကိုလည်း တကြိမ်တွေ့ရသည့် နောက်မှဖြစ်လျှင် ဆယ်လပင်ကြာရော့ ဘာတွက်မှမရှိ။ မင်းမာတို့စိတ်ထားမှာ မွှားလောက်ကယ်မျှ မတွေ့ကြခင် ပီပြင်ဗိုလ်ခြေ စေပါရမည် တပြည်ထောင်လုံးသိလိမ့် စိတ်ရှိသည့်အတိုင်း ရိုင်းရိုင်းယဉ်ယဉ် ယှဉ်မိတည့်အောင်လျှောက်ရာတွင် နန္ဒာဘုရား ခါတပါးထက် ရွှင်အားလွန်ကဲ နှလုံးထဲသို့ ရွှေခဲစကား လျှောက်ထားသမျှဝင်သည် သခင်နန္ဒာ ဟာဟာရယ်မော သဘောတော်ကြည်ညို ကိုမော်ဖီရို့မှာ ထဘီကိုဝတ်ကြရော့ ကွမ်းဖတ်တော်မပါ ဝါယောဓာတ်ကို လန့်ဖျပ်သည့်ဂျီကဲ့သို့ ရွံလှထွီလို့ အီလိုက်ရာမှာ ငါမွေးသည့်ကျေးညို သူဆိုသည်ကြားစံ အလျားရှည်တံ မင်းမာတို့အကြံကို လူတန်တပည့် ကြိုက်ဖွယ်ရှိ၏ သိသိမြင်မြင် ရှင်ပြုပဉ္စင်းခံ ဒါနံအလှူ ကျောင်းဂူဘုရား သံသရာရေး ကုသိုလ်ပေးရမည့် အရေးများလို အလျားဝင်သကဲ့သို့ ဘုရားရှင်ဂါထာ တော်တွင်ပါပြီ သဒ္ဓါစိတ်ကို ကိစ္စလျပ်လျပ် ပြီးစေအပ်သည် အားလပ်မှသာ မဟူရာတည့် ငါကဲ့သို့စင် ဘုန်းတန်းရှင်ကို သန်လျင်ကိုမဆို ယုဂန္ဓိုရ်နှင့် မြင်းမိုရ်ကိုပင် သွားလိုသွားမည် နှစ်ပါးကြည်ဖြူ စိတ်တူပြီးစေရော့မဟဲ့ ဘာပြုသလဲ သို့မို့ရှေးက ပုံဆိုကြ၏ မင်းမာနှင့်ရည်တူ လူလေးငါးယောက် စားသောက်လို၍ ဓလေ့ဘာဝ တောလည်ကြ ရှေ့ကလူမှာ ယုန်တတုတ်ကို ဆုတ်မိခါနီး တျားတျားဆီး နီးလှခါမှ ငါဖမ်းလျှင်ရတော့မည် နောက်ကလူမှာ ယုန်သားကိုသုပ်စရာ သံပုရာပါပါစလေး တျာတျာကျော်ကျော် အော်ဟစ်၍မေးရာတွင် ယုန်ပြေးနှင့်၍ ရှာမတွေ့ပြီ ဤကဲ့သို့မို့ လူတို့၌တွင် ပုံပြင်ပမာ အလျင်သံပုရာ ရှာသသူလို ပုံဆိုကြ၏ ကိုမော်ဖီရို့မှာ ပညာဖျင်းသုန် ယုန်ကိုအလျင် ရခင်အောင်မကြံ သံပုရာသီးကြောင့် လာဘ်ကြီးကိုပစ်ခဲ့၍ စစ်ကြောပြန်သည် ဆံမုတ်ဆိတ်ကို ရိတ်ပေရော့မင်းမာ ငါကသင်္ကန်း ရဟန်းပရိက္ခရာ လှူဒါပုည ကူလိုက်ရတော့မည် နမောတဿ ဘဂဝတော တရားဟောစာ ကျက်ပါဘိရော့ ပေါ့လျော့မူရူ လူညံ့တကာ့အောက်ခံ တစီးကောင်းက တသောင်းကြေရသည် ပဝေသဏီ ရှေးစဉ်စီများမှာ ကံမမှီဉာဏ်ကို နက်ဖန်ခါသေပါဘိ ခေလှသည်ကွယ် ငါချည်းသာလား ပတ္တမြားအရှင် မြင်းလျင်နှင့်မိုးယံ တယောက်တည်းပျံ၍ လေသွန်ရပ်မြိုင် တပင်တိုင်ထား နန်းသူများနှင့် ပျော်ပါးဖူး၏ မင်းရူးလို့နားမလည် မည်မှန်းမည်ရာ ဘာမှန်းမသိ ငါးပိလောက်မှ သုံးမရဘူး အစိုးရသူ ယူတော်မရှိ ကြောင်းကိုသိလျှင် မော်ဖီ့အဝင် တိုင်ပင်ဖက်လူ များပင်မူလည်း သူဝကျေးက လျှောက်သမျှစကား စီးပွားတော်အကျိုးတော် အကျော်အစော လောက၌တွင် ရာဇဝင်ပြောထုံး ဘုန်းလက်ရုံးရောင် အခေါင်ဥဒါန်း ရွှေနန်းစဉ်ဆက် ပြောထုံးထွက်အောင် နှစ်သက်စရာ အရေးတော်ပါသည် ဝါဒမှောက်လှန် မော်ဖီအဖော် များပင်သော်လည်း တိုက်ကျော်ဝင်၍ လျှောက်တင်ပြန်သည် လောကဓံတွင် အရှင်တမည် မချစ်ကြည်က အရည်အချင်း အဆင်းအမျိုး မကိုးစားသော စကားပင်မှန်မှန် ထုံးစံပင်ကျကျ အရပက်ကောင်းကောင်း စလောင်းကိုမှောက်သကဲ့သို့ ပျောက်တတ်စွာသည် စကားရှာစုံပါပါစံ့ ဂုဏ်ဩဇာခဲလေ ။

မွေ့နန်းရကန် - မင်းနန္ဒာရှေ့မှောက် ကျေးသားလျှောက်တင်ခန်း

ရွှေတောင်နန္ဒသူ မွေ့နန်းရကန် - မင်းနန္ဒာရှေ့မှောက် ကျေးသားလျှောက်တင်ခန်း (အခန်း-၉) ဒဂုံတမန် သန်လျင်ပြန်ကို နန္ဒာဘုရား မေးစကားမှာ ဆင့်ပွားဖွဲ့နွဲ့ မဆိုခဲ့ဘူး ကဆွဲ့ကငင် ကျေးညိုရှင်က လျှောက်တင်သမျှ စကာ့ကျေးဇူး ပြန်လိုက်ဦးမည် အထူးသဖြင့်နာစရာ ဘုရာ့ကျေးကျွန်တော် ဘုန်းတော်ရိပ်လှုံ လျင်အဟုန်ဖြင့် နတ်ဘုံလောက်ဆန်း သန်လျင်နန်းနှင့် ကြောင်းလမ်းတော်သောခါမှ အာကာပေါ်က အလျော်သင့်ရာ နားပါမည်လို့ကြည့်စမ်းလျှင် ရွှေရေးအုပ်ဆောင်း ဒေါင်းပေါင်ကလပ် ဆက်ကပ်လာရောက် မျက်ခြည်နောက်မျှ သောက်သောက်လဲအောင်ပင်တည့် မဝင်ဘဲကို ဆိုင်းတွဲ၍လည်းမနေသာ ရွှေနန်းတော်မြောက် လေသွန်ပေါက်နှင့် အထောက်သင့်ရာတွင် ဆီးဖြူပင်မှာ ဝင်၍နားတည့်ပါသည် လာသူသွားသူ နန်းသူတုံ့ခေါက် တမောင်းလောက်တွင် တယောက်ကယ်မျှ မမြင်ကြပါ သည်သစ်ပင်ပေါ် ကပင်သော်လည်း ဘုရားကျွန်တော်ငယ် ဆယ်ဘဲဆယ်ဖန် ကြံစည်တွေးတောဆ၍ လောက၌တွင် သည်နန်းရှင်နှင့် ထိပ်တင်ဘုရား နှစ်ပါးစုံလင်ကြသောခါ ရွှေနန်းသူစု အနုအရွ လျလျပါးပါး ထွားထွားကျိုင်းကျိုင်း အတိုင်းမသိ ရှိသမျှများစွာကို ဥပမာဆိုလိုက်သော် လူသူငယ်များ ဇယ်ကစားရာမှာ ခေါင်းဖျားလယ်မ ဇယ်ကိုရလျှင် နောက်ကဇယ်ခင်း ငါးရာတွင်းလောက် ရောက်ချင်သမျှ နယ်တွင်းကျအောင် ပိုင်ရသည့်ထုံးကိုမျှော်၍ ဘုန်းကြီးသည့်ကိုယ်တော်မှာ ပျော်ပျော်ပါးပါး သနားစရာ သဒ္ဓါမြတ်နိုး အကျိုးစီးပွား များတော်မူရန်ရှိလှသည် သတင်းကြားစ အရင်ကလောက် မယ်နွန်းငယ်ချောချော မချောချောပင် သဘောကျအောင် ဆောင်ရွက်ရတော့မည်ဟု ကြံစည်ဝေဖန် ဉာဏ်လက်ထက်ပွား ထိုနန်းပါးမှာ စဉ်းစားပြန်သည် တိုင်းမသိ ဆီးဖြူပင်ဝယ် ကျွန်တော်ငယ်ကို ဘယ်သသူမှ မသိကြ၍ ပြသထုတ်ဘော် အရေးတော်သည် အမြော်အမြင် မကုံတွင်ဘဲ မထင်မရှားရှိ၍ သိအောင်ကြားအောင် ကြံဆောင်သဘော တောသားအသံနှင့် အခံခက်အောင် တက်တက်ခေါက်ခေါက်မြည်ရာတွင် ခဏမကြာ သာလိကာမ ပြတင်းဝက ကြွလှာလေသည် မျက်နှာနေအပြာ ခပ်ဝါဝါနှင့် အာဏာကြီးအောင်ဆင်၍ အင်တိုင်းသားမို့ စော်ကားလွန်မင်း နန်းတော်တွင်းကို အတင်းဝင်လှာဝံ့သပ ပြောင်းလေးသေနတ် အထပ်ထပ်နှင့် ဖျပ်ဖျပ်လူးမည် နွားရူးရှူးထိုး ပိုးစိုးပက်စက် အသက်ကိုမကြောက်လားဟု သာမညလူ မူလရိုင်းပျံ့ ခပ်ညံ့ညံ့ဖြင့် လန့်၍သွားအောင်ငေါက်လှာသော် ဘုရားကျွန်တော်က တောသားလက္ခဏာ မဆိုပါဘူး ပညာရှိအတွေး ဖြစ်ရင်ဝေးချေမည် ပြည်ကြီးကျက်သရေ ရွှေနန်းတော်နှင့်နေမှကို သေနတ်လှံဓား ဆွံ့ရှားလိမ့်မည်များလိမ့်မည်ကို ကြံစည်၍တွေးတော်ခေါ်လိမ့် မိန့်တော်မူရာမှာ နန်းသူလို့လည်းဆိုပြန်ခဲ့ တောလေ့မှာကြမ်းကြမ်း နန်းလေ့မှာယဉ်ယဉ် ထုံးအစဉ်ကိုမှ မယဉ်ချင်လျှင် ရာဇဝင်ကဲ့ရဲ့လိမ့် ချဲ့လျှင်ပွားတော့မည် သိကြားဘုံလို ဒဂုံနန်းရံ ထိပ်တင့်သံကို လေးလှံအမျိုး သေနတ်ဆိုး မိုးကြိုးကိုမျှ မထိတ်လန့် မယ်တို့သခင် ရွှေနန်းရှင်မှာ မလျှောက်တင်ရသေးသမျှ ရင်ဝကိုခွဲ၍ အသဲကိုလှန်လှန် ပြန်မည်လို့မခန့်ဘူး ငံ့စားခဲလှော် ဘုရားကျွန်တော်က မော်တင်ကရစ် တောင်အမြစ်ကို ဖွင့်လှစ်ပြသပြန်သကို တမန်ဖြစ်လျှင် သစ်ပင်နှင့်မလျော် ရွှေတိုက်ကျော် လွှတ်တော်ကိုပျံလေ အထွေထွေနှင့် စာပေပါစံ့မပါစံ့လို့ ဆီးဟန့်ပိတ်ပင် တွင်တတ်သမျှဆိုသော် သင်းလိုလိုက်၍ သင်းကြိုက်သော်လည်း မှုတော်ကုံမည်မဟုတ်၍ စာပေပါပါမပါပါ ရတနာဓာတ်ပုံ မိတ်လင်စုံသည့် ဒဂုံရတနာ ယဉ်နန္ဒာ၏ အာဏာစက်ကို ဇရက်တွင်အသော့ ပြတည့်ရော့လို့ အော့ချင်လှသည့် ရိုင်းရမည့်ရာသီကို ဆိတ်စီမျှမငွေ့ဘူး ခြင်္သေ့မင်းလို အတင်းပြုရာတွင်မှသာ သူ့သခင်ထံ ချက်ချင်းပြန်၍ တဖန်သွားလေရာတွင် တနာရီခန့် ငံ့နေတုန်းကို ဗြုန်းကနဲသာ ပေါ်လှာကြ ရွှေနန်းတော်မြောက်ကို ဖောက်လေသည့်ပြတင်း လေးတောင်ကွင်းလောက် ဟင်းလင်းကြီးအဝမှာ လပြည့်ကျော်တရက် ထွက်လှာသည့်လဝန်းများကို ဘုရားကျွန်တော်လည်း မြင်ဖူးပါ၏ လှရာထွတ်ရာ မှတ်ရာကြောင်းကိစ္စ အမယ်မင်းကြီး ပြီးလွယ်အောင်သာ လျှောက်ပါရော့မည် ဘောက်ခနဲမြင် နထင်မျက်ခေါက် စာကောက်ရင်ဝ အလုံးကြွလို့ ဘုရားကျွန်တော် မူးမော်ဝေမှိုင်း ဆီးဖြူကိုင်းက တလိုင်းကြားမှောက် သစ်ပင်အောက်မှာ ဦးစောက်ကြီးရှိတည့်ရသည် သည်လောကပန်း အဆောင်ခန်းမှာ ရွှေနန်းတော်သူ အဖြူအအူ ပလူပရွက် အညက်အလှ တွေ့မြင်ရက ဘဝတသောင်းတွင် ကောင်းကောင်းလည်းတကြိမ် သည်စည်းစိမ်ကဲ့သို့ ကြိမ်ခဲလှချေသည်တခါ ကိုယ်တော်မြတ်က ကွမ်းဖတ်တော်ကို ဩဇာစေ့ရှိ မသာလိ ခွံ့မိရာတွင် ချမ်းသာကြီးငါးရပ်ကို ကွမ်းဖတ်တော်ကယ်တင်၍ တပင်တိုင်နတ် ယဉ်နားသတ်ကယ်ကို လတ်တတလောမြင်က ဘုရားကျွန်တော်ငဲ့သခင် ထိပ်ခေါင်တင် သန်လျင်ကိုနောင်ကူးလျှင် တွေ့ဦးစတကြိမ် မူးရန်ကိုနှိမ်မိအောင် သတိတော်ဆောင်ပါ ရွှေနှလုံးတော်ကို ကလော်လာချိမ့်မည် ရွှေမွေ့ရာပိုင် နှစ်မိုက်ဆိုင်မှာ ထိုင်တော်မူမိလျှင် အထိတော်သည်းခံတော်မူတည့်ပါဦး ဘုရားကျွန်တော် မူးမော်ဝေဆာ ရှိတည့်ရာက ထနိုင်ပင်လျှင် ယထင်ကတော် ခေါ်ကြသသူ လက်နှင့်ယူ၍ ဇမ္ဗူရစ်နန်း အတွင်းခန်းသို့ ရွှင်လန်းကြည်သာ ရောက်တည့်ရာတွင် လျှောက်ချင်သမျှ စစမကျန် သနားခံသော် ပြန်လှန်၍သာ မမိန့်ပါပြီ ရတနာမျက်နှာတော် ရွှင်ပျော်ချိုသာ ကျွန်မမှာသူငယ် နားမလည် မယ်ယထင်သာ သင့်တင့်ရာကို မှာပါရော့လို့ မော့တော်မမူ ကြည်ဖြူအမှန် မိန့်တော်သံကို ခံရရာတွင် မယ်ယထင်က မောင်သူဝ မင်းမာ့သခင်ကို ကြွချင်လျှင်ကြွပါတော့ မင်းမာသော်လည်း ရာဇဝတ်ထိန်း လူစိမ်းလူရွမ်း ရွှေနန်းတော်ပတ်ရံ အတန်တန်ကို လွန်ဆန်လို့ဘယ်က ရောက်နိုင်ပါ့မည် ကောင်းကင်ကငှက်လို ပျံနိုင်မည်ဆိုပါစံ့ ဆီးကြိုမည့်လက္ခဏာ မျက်နှာထားရွှင်ရွှင်နှင့် မယ်ယထင်ထုတ်ဖော်လို့ ကျွန်တော်ကိုမှာသည် ဆိတ်စာလည်းငယ်သောကြောင့် ရွှေရင်တော်နယ်စုံမှာ ဒဂုံကြောင့်အခုန် အသက်ရှူမြုံတုံတုံ အာရုံတော်မွှေလွန်းလို့ နေနိုင်ပြီဘူး သန်လျင်နန်းလယ်မှာ မယ်နွန်းနု အမှုရှိလျှင် ဝတ်သိထံပါး လက်နာစေသုံး နှလုံးနေရွှင်ရွှင်နှင့် မယ်ယထင်ဆိုသူလည်း ဖြူပေအူပေ မျက်နှာနေတပြုံးပြုံး လှံးကြီးပေါက်လှ သဘောကျစိတ်ထား ထဘီနားမှာ ဖွားစည်ဖြန့်ချီး ဒေါင်းမြီးနှယ်ပွပွ ဒုတိယအရွယ် ဖွယ်ရာသနှင့် အခွင့်ကနန်းသုံး ဆံထုံးပေါ်မှာ ဂုဏ်တော်လိုလို ပုတီးညိုနှင့် ကိုယ်တော်ပါးမှာလည်း ခစားခေါင်းညိတ် မျက်ရိပ်မျက်စောင်း အကြောင်းမတန် အစီမံအလှုံ့ဆော် တော်ပေနိုင်မျှ ကိုယ်တော်ကြွသောခါ မယ်နွန်းသူငယ် ပရိယာယ်တသောင်းမှာ အပြောင်းတဝက် အရှက်ရုပ်ဖွဲ့ အနွဲ့များစွာ အခါအခုန် စုံစုံစီစီ ပလီသည့်ကာလ မစပိုက်ထုပ် မယ်ယထင်ပင် အစီရင်လုပ်လိမ့်မည် ချုပ်လည်းသူချာလည်းသူ လူမရိတ်ပါဘူး ထိပ်ဆံမှာပြောင်ပြောင်နှင့် ယဉ်ခေါင်ကြူးလေ ။

မွေ့နန်းရကန် - ကျေးသားအောင်သွယ်ပြီး မင်းနန္ဒာထံ ပြန်ခန်း

ရွှေတောင်နန္ဒသူ မွေ့နန်းရကန် - ကျေးသားအောင်သွယ်ပြီး မင်းနန္ဒာထံ ပြန်ခန်း (အခန်း-၈) ယထင်ကတော် ရွှေတိုက်ကျော်ကို မနော်နတ်တု မယ်နွန်းအုနှင့် ပြောမှုဆိုခွင့် အခန့်သင့်တွင် ချင့်၍ထားတည့်လေသော် ဒဂုံတမန် ပညာပျံသည် ဉာဏ်လွန်သည့်ကျေးကျော်က ဘုရားကျွန်တော်ငယ်က ဆယ်လီဆယ်ဖန် အသက်ပြန်၍ နန္ဒာမင်းမြတ် ကျေးဇူးလတ်ကို ဆပ်ငြားသော်လည်း မကုန်ရာ သို့ကိုစင်လျက် သန်လျင်တခေါက် ရွှေခဲရောက်လျှင် မင့်တွင်အထူး ရှိကျေးဇူးကို ကြည်နူးဖြေလျှော့ ပိုင်စေတော့ဟု ယဉ်ကြော့နတ်ဟန် မိန့်တော်သံကို ပန်၍လာရပါရှင့် ရတနာသလွန် ကိုးမျက်ပြွန်က ငါမထဘူး သူဝကိုမျှော်နှင့်မည် အခွင့်ကုံလျှင် တဟုန်တည်းနှင့် အခန့်သင့်ရောက်အောင်ပျံခဲ့ နန္ဒာမြွက်ဘော် မိန့်ခွန်းတော်ကို ခေါ်သလိုပင် ရေးရေးထင်ပါသည်။ ရွှေစင်နှိုင်းလျှော် ဗျာဒိတ်တော်ကို ထိပ်ပေါ်မှာတင်ခဲ့၍ ဘဲ့နှယ်ပင်ရန် ခံခဲ့သော်လည်း ကျွန်တော်မဖြုံ ရွှေဘုန်းကိုလှုံ၍ လေဟုန်ထွင်းဖောက် ရွှေစက်တော်အောက်သို့ အရောက်ပျံခဲ့ရပါမည် ပါရမီထူးမြတ် သို့စင်လတ်ကို အမှတ်ကယ်မထင် လင့်ချေလျှင်လည်း ကြာပင်အောက်နား ဝပ်သည့်ဖားလို နှစ်ပါးရှိမည် ကုသလကံ တသက်နှံကို ပန်ဆင်လာတော့သည်ဟု မရှည်မလံ အတန်သတ်သတ်ကယ် ကပ်မိအောင်လျှောက်လေသော် မယ်နွန်းသူငယ်နုနယ် ဘယ်သို့မမြွက် ဆိတ်စာလည်းရှက်သည်နှင့် သက်သက်ကယ်ပြုံးတော်ခေါ်၏ ရွှေတိုက်ကျော်က ဆော်ဖန်လိုက်သည့်စကားမှာ တဦးသားက ပန်ကြားသည်ကို ထူးမဆိုလျှင် အလိုတော်နှင့် သဘောသင့်ပြီ မဖွင့်သော်လည်း ကျွန်တော်ငယ်သိပါ၏ နန္ဒာမေးသောအခါ စိတ်တွေးနှင့်သာ မင်းပြန်လှာသည်ထင့် ငါ့အာဏာတော် မြေကြီးပေါ်သို့ ချော်၍မသွားသင့် မျိုးမည်တူတန် စေသည့်သံကို လက်ခံသူက ဖြူမည်းမည်းမည် ဆိုရာသည် အရှည်ထုံးစံနှင့်ဟု အခွင့်မကုံ ယုံသာယုံ၍ ယုံတော်မူကျိုးမခံရ ကိုယ်တော်လည်းကြင်နာမှ နန္ဒာလည်းစုံမက်မည် ကြက်တူရွေးမျှ သာမညကို နန်းမထိပ်ချာ ဘယ်အားနာမည် ခြင်းရာဖော်၍ မိန့်တော်မူပါဟု သူဝစမ်း၍ တခန်းတက်ပြန်ရာတွင် ယထင်ကတော် ရွှေတိုက်ကျော်ကို တော်ရာသင့်ရာ မှာလိုက်ပါဘိ ကျွန်မမှာသူငယ် နားမလယ် ဘယ်သို့ဘယ်ဝါ ဆိုတတ်ပါဘူး အသာကြွ၍ နန်းမသို့ဝင်၏ မယ်ယထင် မရှင်ဘယ့်နှယ်မှာမတုံး သိကြားပမာ ယဉ်နန္ဒာကို ပါရမီမဖန် မေတ္တာလန်လျှင် လင်ကံမရှိ မှန်းကိုသိပြီ နိဗ္ဗာန်လက်ဆောင် ရွန်းပြောင်ကြက်လျှာ ယောက်သွားခရု အလယ်ဖုနှင့် သုံးလူ့ထိပ်မြုံ ရွှေတိဂုံမှာ ကြည်ယုံသဒ္ဓါ စေတနာနှင့် ဖူးလှာပါလှည့်အုံးဟု နန်းသုံးမရှင် မယ်ယထင်ကို အကျွမ်းဝင်သံ ကြိုက်ရိုးမှန်ပြီမို့ နန္ဒာကျေးက အပြေးဆိုတည့်လေသော် မောင်မင်းသခင် ဒဂုံရှင်သည် ကောင်းကင်ကိုလဲ ပျံနိုင်ဘဲနှင့် ရွှေခဲမြင်ပြီး သန်လျင်ကားနန်းတော်ကား ခဲလှော်လှသည် မြို့ပြသစ်တပ် သေနတ်ဓားလှံ အတန်တန်နှင့် အိပ်ဖန်တော်များ အကြပ်သားကို သိကြားဖြစ်မှရောက်နိုင်မည် လူကိုထား၍ မြွေဖားကင်းသန်း ဝင်လှာစမ်းတော့ နန်းတော်ဌာန ဘယ်ကာလမှပင် ဝင်နိုင်ကြဘူးသည်ဟု ရိပ်ခြည်ပါပါ လာနိုင်လာတော့ဆိုသလို မယ်ယထင်က စကားကျကို သူဝတခါ နားလည်လာအောင် ခြင်းရာဆီး၍ကြို၏ ကိုယ်တော်မိန့်ဟန် စကားသံမှာ တန်တန်ဘေးရဲ ရန်သူ့ထဲကို ခဲလှော်လှစွာ လာနိုင်လာတော့ သဘော့အရ စကားကျကို နားလည်ရမည်ဖြစ်တော့သည် သို့အရာတွင် မရှင်အလျောက် ဉာဏ်ပေါက်၍သာ ပြောရာပြောမိ မိန့်ရှိသလား ထိပ်ထားယူတော် ရှိလေသော်ကြောင့် သံတော်ဆင့်တမ်း ပြန်မြဲလမ်းကို စိတ်ဝမ်းချချ မောင်သူဝသိပါရမည်ဟု တတည်လော၍စုံစမ်းလျှင် ထိပ်သီသမှာ ဝထိုးပန်းကန် ခန့်လောက်ဆံကို ဒဏ်ထိပါများ ဆီမွေးစား၍ အလွတ်သားလွင် အကွက်မြင်သည် မယ်ယထင်ကတော်က ရွှေတိုက်ကျော်နန်းတော်သားလို့ ပြောစားရာမှာ ဘယ်ဟာကမှ အစိုးရသူ ခွင့်မမူဘဲ နန်းသူထုံးစံ ပေါ်လျှံယွင်းချွတ် စကားလွတ်ကို ရာဇဝတ်ဒဏ် အမှုပြန်အောင် ကြံ၍ပြောရိုးလားဟု ခင်မယထင် မင်းဝင်နန်းသုံး စိတ်ကကျုံး၍ စကားလုံးကြီး သီးသီးရင့်ရင့် ဖွင့်၍ဆိုရာတွင်မှသာ ချစ်ခင်ဟောင်းရှိ မသာလိရို့ ယထင်တို့ကို နှစ်လို့စုံဖက် နှုတ်ခွန်းဆက်၍ ကရမက်စု မယ်နွန်းနုရှု၍နေခိုက် မိုးတိမ်တိုက်ကို လေလိုက်ပျံခဲ့လာသည် နန္ဒာသခင် ထိပ်ခေါင်တင်ကလည်း လုလင်တော်သွားစ ကတည်းကပင် မယ်နွန်းကချွဲချွဲ ရွှေခဲကဝင့်ဝင့်နှင့် လည်ပင်းတော်အောက်က တမိုက်လောက်ခန့် အသည်းညွန့်မှာ ကွန့်မြူးသည့်လိပ်ပြာ ထိတ်ခနဲဝမ်းသာ ကြိုက်စိတ်နောက်က ဝေနောက်သည့်ဗျာပါ သူ့ထက်ငါသို့ ရွှေဒဂုံက အာရုံကိုမွှေလိုက်သည် ကိလေသာကို မင်းမာတို့စိတ်တွင် ဘယ့်နှယ်ထင်သလဲ သခင်နှင့်ကျွန်တွေ ပြော၍နေခိုက်ကို စေလိုက်သည့်ကျွန်တော် သန်လျင်နန်းနုက အမှုတော်ကုံခဲ့လို့ ယုံသွေးလောက်တျာလှသည့် ကမ္ဗလာပေါ်ကို ရွှေတိုက်ကျော်ကျတည့်လျှင် ဒလပိုင်ကြုံ ဇရွဲအုံညောင်ပင်သာ မြောင်းတကာမော်ဖီ ကွေ့မစားတို့ အားရဝမ်းသာ ရွှင်လန်းစွာနှင့် စေတနာပွက်တည့်၍ လက်ဖျားကိုချီသည် ဒီရေလိုကမ်းလျှံ၍ ခံနိုင်ပြီဘူး ဒဂုံရတနာ ယဉ်နန္ဒာကလည်း သူဝမျက်နှာ ရွှေကြာပန်းလို လန်းလန်းရွှင်ရွှင် မူလကိုမြင်လျှင်ပင် သန်လျင်မှာပိတ်ကပြီ ရွှေစိတ်တော်မြတ် အပြီးသတ်၍ ရပ်ကြဦးတိတ်စေ ရွှေခဲကိုဝဝ ကြိုက်ရာများကို စားစေရဦးမည် ငါ့ငယ်ကျွန်တော်ကို ငါမျှော်၍နေတုံးတွင် နှလုံးထဲမှာ အေးခနဲရှိအောင် ကိုကြီးမျက်ဖြေ ရောက်လှာတည့်ပေသည် ကုလားတွေပြောဟန်ကြောင့် နန္ဒာစိုးရိမ်သည် အရှိန်ကြီးနန်းပြင်မှာ သန်လျင်ရတနာ ဗလာနေခိုက်များကို တိုက်ကျော်မြင်တည့်၍ မှင်တက်နာရောက်မည့်နှယ် မဆောက်တည်နိုင် ဗျာလှိုင်၍ပင့်ရှု ငါ့ကျွန်ကိုလဲ သိခင်ဘဲနှင့် အော်လဲမတတ် သူစိမ်းရပ်မှာ ဖျပ်ခနဲလန့်ခနဲ ငါ့ရွှေခဲ ဆင်းရဲရှာလိမ့်မည် ငါစိတ်ပူသည် အရေးတော်ယူလွယ်ပါစံ့ ဘယ့်နှယ်ပါလဲ သင်္ဘောသားတို့ များကဲ့သို့မှာ မရှိရာဘူး ဘာပြုလဲဆို ထိုသူတို့မှာ သာမညအား ဆင်းရဲသားတို့ ဝတ်စားတန်ဆာ မူရာဟန်ပန် အင်တန်တွင်၍ မြင်လေ့မြင်ထ ရှိကုန်ကြ၏ ငါ့ငယ်ကျွန်တော် ရွှေတိုက်ကျော်မှာ ရွှေနန်းတော်ထုံး မင်းသုံးစိုးဆောင် အရောင်အဝါ တန်ဆာဝတ်စား အသားညက်ညံ့ ရနံ့လှိုင်ကြူ အဖြူအဖွေး မွေးကတဲက မြင်နေကျမို့ ကုလာ့စိတ်စွဲနှင့် ရွှေခဲမျက်စိကို ကိရိယာပုံစံ မတူတန်ဘု အတန္တုကား ကြက်ဥနှင့်ကြက်ငွေ့ သဘောတွေ့လိမ့် ရသေ့သူတော် လောကီဈာန်နှင့် ပျံနိုင်သော်လည်း မနော်ဟရ မိန်းမချောချော မြင်သောကာလ ဈာန်လျှော၍ကျ၏ ငါ့ကျွန်မျက်စိနှင့် မိသန်လျင်သူ ဖြူဟန်အူဟန် မမူတန်မူတန် သည်ကနေ၍ စိတ်ဝေဖန်သည် လျှံကာမြင်သနှင့်မို့ မငင်ပေမရှိုက်ပေ ဣန္ဒြေခိုင်ခိုင် မင်းနေနိုင်ပါစံ့ စေ့ရေနဖာ သိသိအောင်ငါမြန်းမည် အပန်းပင်ဖြေတဲ့ပ ကျေးရွှေခဲလေး ။

မွေ့နန်းရကန် - တမန်ကျေးသား မယ်နွန်းရှေ့မှောက် ရောက်ခန်း

ရွှေတောင်နန္ဒသူ မွေ့နန်းရကန် - တမန်ကျေးသား မယ်နွန်းရှေ့မှောက် ရောက်ခန်း (အခန်း-၇) ဒဂုံမင်းကျေး သူ့အရေးကို တွေးတောမျှော်တင်း ပမာခင်းသော် သီတင်းကျွတ်ပါ မည့်အရာကို ဝါလည်းဝါတွင်း ရှေ့ကခင်း၍ တော်သလင်းခံသလို မယ်နွန်းကိုလျှောက်ပါ ရမည့်တာကို သာလိကာမ ကဏ္ဋကမည်ချော ရောဂနိဒါန်း သွေးပြိန်းဖမ်းသည့်နှယ် ဘရမ်းဘတာဆို၍ ထိုဇရက်မ မိပါဒမှာ ဂငယ်ခံတွင်း ဝဟင်းလင်းလို ငါးစင်းရေကြောင်း ပိတ်သည့်နှယ် ထပ်၍တခါ မလောသာအောင် အာဏာကြီးကြီး ဂုဏ်ဖိစီး၍ နှုတ်သီးနှင့်စရနယ်သော် မယ်နွန်းကျွန်ကလည်း ကွန်လေးသစ်ကွင်း ကျယ်ဘိခြင်းနှင့် ငါးစင်းကိုအုပ်သော်လည်း နှုတ်၍သူက အသော့ထွက်သလို ပါးစပ်စကြာ အနားဝါနှင့် တခါလော၍ဆို၏ ကိုယ်တော်မြတ်က ကွမ်းဖတ်တော်ကို ငါအော်လှလို့ ရသည့်ကျေးဇူး အမူးပြေပျောက်လျှင်ပင် တောသစ်ကလေး အအေးကြီး၍ သေခါနီးစင် မီးနှင့်ကင်၍ ကျေးရှင်စစ်ကို ထိုသစ်ကျုတ်ကယ် ကုတ်တည့်ခြစ်တည့်ချင်သို့ အရှင်စားခွက်ကို ဝက်ကော်သလို အိုလို့ကုန်ရော့မည် ဒဂုံသားဖြစ်လျှင် စော်ကားစေလို့ စာပေကျမ်းဂန်ရှိသလား ကျေးရာဇသံ တကယ်မှန်လျှင် သုဝဏ္ဏလိပ် တံဆိပ်ရွှေပေ အသေအချာပါလျှင် ယခုပြဟု မယ်ပါဒ ရွတုံးကြွတုံး နန်းသုံးငှက်မ ဂုဏ်မာနနှင့် စစတိုင်းဆိုလှာလျှင် ဒဂုံနန်းယဉ်မှာ ပညာရှိကျေး သေနတ်ဆေးကို မန်ကျည်းပွေးမီး ပြောင်ညီးညီးနှင့် ထိပ်သီးပေါ်ကတင်သို့ အလျင်စလို အချိုအမြ ပြောဆိုရလျှင် ပါဒချွဲလို့ တင့်ရဲပြန်မည်ကြောင့် မီးလျှံကိုရေဖျန်းသကဲ့သို့ တိုတိုနှင့်အစ သတ်တည့်ရအောင် နန္ဒကျွန်ယုံ ဂုဏ်ကြီးနှင့်လှိုင်းလိုက်သည် ကျိုင်းကောင်မသား နန်းတော်ကျားကို ဆေးလှီးဓားနှင့်တို့သို့ ပိတ်ဆို့ဆီးဆ မလောရအောင် သူဝကလျှောက်သည့်စကားမှာ ဘုန်းတော်တူတန် ကံလည်းတူမျှ နေနှင့်လသို့ လောကထိပ်ပန်း သန်လျင်နန်းဝယ် ဦးစွန်းခေါင်ဖျား သနားတော်ခံ သံတော်ဦးတင် ရောက်ရပါသည် ထိုက်ရာတန်ရာမလျှောက်ရာ ငါးပိနှင့်ရွှေ မချိန်ပေဘူး အသရေပျက်လှသည် ဇရက်ကိုရွှေပေ မပြပေဘူး တစ္ဆေကိုဆောင်းပါး ပေးဖူးတယ်လို့ ကြားဖူးစ နွားကိုကြေးမုံပြသို့ သည်စကားကြောင့် နန္ဒာ့ကျွန်တော် ရွှေတိုက်ကျော် အမိန့်တော်ခံ ပြန်လာရသည်မဟုတ်ပါ နတ်သုဓာဘုတ် ထမင်းလုတ်မှာ ဂုဏ်စုတ်နှင့်ငါးပိ ရော၍ရှိသည့်နှယ် ပစိပလျှံ ပြောမည်မှန်လျှင် ပြန်ပါဦးတော့မည် ဦးချဟန်နှင့် အတန်ဆို၍ လည်ကိုညိတ်တည့်ရာတွင် ရတနာနန်းရှင် ကျေးညိုကိုမြင်ရလျှင် သခင်နန္ဒာကို အကြင်နာဇောပီတိ ပမာကိုထောက်သော် ကျောက်ပျဉ်နှင့်ကျောက်သား ကြိတ်သံကြားလျှင် အံသွားမှာကျိန်းကျိန်းရှိသို့ ဇာတိရှေးကံ အချိန်တန်သောကြောင့် ဖန်သည်ဟူ၍လည်းယူရန်ရှိ အနို့မယ်ရှင် ယထင်ကတော် မောင်တိုက်ကျော်ကို ခေါ်ရမလား သွားစေရမလား ကျွန်မမှာသူငယ် နားမလည်ဘူး အမည်တို့သာ သင့်ရာရာကို ပြောပါဘိဟု လုပ်လဲ့အိက မိန့်တော်ရှိလို့ကြားရလျှင် ယထင်ကတော် လေးဆယ်ကျော်ရယ့် ယဉ်အိအယ့်မှာ ပိုက်ထဲ့လို့ယူ ရွှေကြက်တူကို ဇမ္ဗူရစ်နန်း အဆောင်ခန်းသို့ ရွှင်လန်းစွာနှင့် အသာယူ၍ဝင်သည် ယထင်ကတော် ရွှေတိုက်ကျော်ကို လက်ညှိုးပေါ်က မချမိခင် သာလိကာမ မိပါဒက ခဏဝင်တဲ့လို့ သူ့လင်ကိုသူဖျင်းသည် ဝင်းပါစံ့ထိန်ပါစံ့ တကြိမ်လည်းမူးပြီ ရူးရုံသာလိုတော့ မော်လို့ကြည့်စမ်း လန်းပါစံ့ရွှင်ပါစံ့ မှန့်အနားမှာ မီးပွါးလောက်နီး စိန်ကြီးပတ်ရံ ဂုမ္ဘန်ထိုးသိပ် မြရိပ်လဲ့လဲ့ ခဝဲ့အပွင့် နနွင်းရောင်ဖိတ် ဂေါ်မိတ်ဥဿဖယား ပတ္တမြားနီတျာ သံပုရာပိုင်း အဆိုင်းအတွဲ ပုလဲသန္တာ နတ်ပြည်မှာရှိသည် ဗိရဏီဘုံကဲ့သို့ ဂုဏ်ပလီလှသည် ဤကဲ့သို့အလုံးစုံ ဒဂုံမှာရှိဟန် ဝါပြန်အုံးမလား ပလွှားသည့်ဝါသနာ ဒဂုံဒဂုံလို့ ဂုဏ်စုတ်နှင့်ဝါသောခါ နဘာနေပြောင်းပြန် အော်ကလီဆန်လှလို့ ခံနိုင်ပြီဘဲ နန်းတပင်တိုင် ရိပ်မြိုင်ဆောင်ကျယ် စပယ်ဆီနှင်းဆီ နံ့သာဆီအတန်တန်ကို ကုံကုမံကက္ကရူ ပြင်ကိုပင်ရှုလေအုံးတော့ အအူအဖြူ ဘရဘူပွေလီ ရောင်ခြည်ပြိုးပြက် မိန်းမချောစုသည် နန်းနုထက်မှာ ဇရက်မဂျာအေးနှင့် ကျေးပွေလီနိုင် ဂုဏ်ချင်းပြိုင်မည် ပြိုင်သူပင်ပြိုင်ကတဲ စကားကိုမပိုင် လျှာရင်းကခိုင်တိုင်တိုင် ပညာစွဲကမှာ အထဲကိုကကလိုင် နားရိုင်းနှင့်မဆိုင် ရကန်ပိုင်ဆရာ မိန့်ဩဇာကို ဝမ်းမှာစူးစူး စိတ်ကူးနားမြန် မှန်သာမှန်စေ မြေဖယောင်းဆင်မုန် ဂုဏ်ကြီးသည့်သျှိုဆေး မကူသေးလျှင် အရေးကြုံလျှင် မယုံစမ်းရော့ မှန်းကြသည်သူနှစ်ဦး နဖူးစာကံဆိုင်လျှင် မပိုင့်တပိုင့် ဇဝေဇဝက်နှင့် မျက်နှာချင်းဆိုင် တွေးမှိုင်၍နေခိုက်ကို တပိုက်ကယ်သိစမ်းတော့ နံ့သာဆီနှင်းဆီ ပိတ်ပါးချုပ်အင်္ကျီ ပန်းထဘီကြေတတ်ကဲ့ ရွှေဒါလီဆွဲ ကမ္ဘာဦးက ဥဒယနှင့် ကျားမိဗူးတောင်း စကားဟောင်းကို အပေါင်းလောက ပြောဆိုကြသည့်နှယ် မင်းနန္ဒာ့ရာဇဝင် မြို့သန်လျင်မှာ တပင်တိုင်နန်းသူ တို့ကိုမူလည်း အစူအစဉ် ရှေးပညာရှိ မှတ်သိစေကြောင်း ထုံးဟောင်းရာဇဝင် နားတင်စိမ့်ငှါ ကဗျာသီချင်း မင်းအဆက်ဆက် မပျက်စဉ်လာ ရှိပြီးဟာမို့ သံသရာရေး ကျိုးပေးမည်ကာ မပါစေဦး အရူးရယ်မော ဆယ်ခွန်းပြောလျှင် သဘောစကား မှတ်သားစရာ တခွန်းပါလိမ့် မှတ်နာသင့်စွ ပုံဆိုကြ၏ ဆရာ့အာဘော် ရကန်တော်မှာ စကားရှာစကားဖွေ သက်သေပုံစံ အရံအပိုင်း အနှိုင်းအဆ ဖိုမမိတ်လင် ဉာဏ်သင်သည့်သူ နန်းယူစေရာ ပါပြီမဟုတ်လော စောဒနာရရ မုချဥပစာ သဒ္ဒါငံငံ အမြစ်မှာမနက်ဘူး အခက်အကိုင်းမှာ ဉာဏ်ကျယ်တိုင်းဂုဏ်ပွား၍ စကားစုံပါသည် စာရကန်ကို ဋီကာသံဉာဏ်ပလီ လောကီသားအာရုံခံ မကုံမထံ ဘယ်ဆီမှာကြံမလဲ ပစ္စုပ္ပန်လောကဓံ ဤနှစ်တန်တွင် အသုံးတော်ခံဖို့ကို စံပုံမှန်ပုံ ဆုံဆရာဆုံ ရွှေဒဂုံနှင်းပွင့်နှင့် သန်လျင့်နှင်းဆီကို ဒေါ်လီမွှေလိုက်သည် ကျေးရွှေခဲလေ ။

မွေ့နန်းရကန် - ကျေးသားနှင့် သာလိကာမ အခြေအတင်ပြောခန်း

မွေ့နန်းရကန် - ကျေးသားနှင့် သာလိကာမ အခြေအတင်ပြောခန်း (အခန်း-၆) ရှေ့သို့ဆိုရန် စကားကျန်ကို ယမန်ဆိုဟောင်း စကားပေါင်းကို နှစ်ကြောင်းနှစ်ခု ပမာပြု၍ တန္တုခြားလျှင် နားစရိတ်သစ်ထူပြန်မည် မယ်နွန်းနှင့်နန္ဒ ကြိုက်ရင်းစကို စကားပကတူး ရှေးဆိုဦးက မစူးမစမ်း ရရာဖမ်း၍ ဖြတ်လမ်းပျော်ရွှေင် ပညာအင်နှင့် စီရင်မိလေသည်ကို ကြံစည်ယူဆ ရသာသိမ်းသာ ကျိန်းချေသာလျှင် ပညာပေါ့တန် ဆိုဟောင်းဉာဏ်ကို ယူပြန်သည်လည်းတိုင်းမသိ သိမ်းတုံသော်လည်း မကုန်နိုင်ရာ ဥပမာကား တံငါလူတန် ငါးအလွန်မှ ပိုက်ကွန်ချသည့်နှယ် ရနိုင်ဘွယ်မရှိ၍ ဆိုမိဟောင်းကို အကြောင်းသင့်လျှင်လည်း အသုံးဝင်စေရတော့မည် ပညာသစ်ကို အမြစ်ယခု လုပ်စပြုတော့မည် ဗဟုဿုတ ဉာဏစုံလင် နားသခင်တို့ ရာဇဝင်လမ်း ရှေးနိဒါန်းလည်း စုံစမ်းဘူးသူ အယူဉာဏ်ပွားစည်လိမ့် သည်ကိရိယာ သည်လင်္ကာကို ပမာပြုသော် ဇမ္ဗူ့သပြေ သီးမှည့်ရွှေကို ရှာဘွေစားရသည့်နောက်မှ ရသာတပါး ဘောဇဉ်များကို လျှာအားမရလိုဘူး ထိုတပင်တိုင် နန်းဦးကိုင်က မယ်နွမ်းရွ သည်မျှမှုကြောင့် ထွက်စုရှိချေဘဲနှင့်ပင် သာလိကာမ ဝင်၍ကြွရာတွင် ရွှေချလို့စိန်စီသည့် နာရဏီဥကင်က ရင်သိမ်းတော်ပန်းရည် နီလေသည်တျာလေသည် တပြည်တန်လုလု ဒုယင်အင်္ကျီ မပါပြီဘူး အချီအလိမ်း မိန်းမရင်ဘတ်ပြန့် အလယ်ကန့်တွင် လန့်လှအောင်မွှေးလိုက် သည်ယုန်ရေးသည်လဝန်း ယုဂန်စွန်းက ထွန်းလှာသည့်အရောင်စုသို့ နုကြောင်းရွကြောင်း လှကြောင်းချောကြောင်းကိုမျှ သင်္ဘောသားစု သေမည်ပြုသည် အမှုတခါ ဆိုဟောင်းဟာမို့ သည်မှာဖွင့်၍ တဆင့်မထပ်ပြီဘူး နန္ဒာစေလိုက်သည့် ရွှေတိုက်ကျော်ကိုယ်တော်နှင့်တွေ့ ကြုံမည့်နေ့သောခါ သာလိကာမ ကြွလေရွလေ ဖွေရှာ၍ပတ်စီ သူပလီသည်မှာ ချီတော်ရို့ထိန်းတော်ရို့ ဘယ်သို့ဘယ်ဝါ ပြောသာဆိုသာကြဘူးရှင် ဒဂုံကဂုဏ်စုတ်နှင့် အထည်လုပ်ရာမှာ နှုတ်သီးကဆယ်ထွေ ခရာပွေချက်ကို နေပါဘိရော့ ပေါ့ပေါ့သာမဝင်ဘူး ထိပ်တင်ရှေ့မှာတွေ့တဲ့ကြ သူ့မူလရင်း ကျယ်ဘိခြင်းနှင့် ကွင်းမည်ဝါမည်အဆင့်ဆင့် ထွေထွေလျှောက်သော်လည်း ထောက်လိုနာလို ဗျာဒိတ်တော်မြတ် ထပ်ထပ်ရှိပါနှင့်ဟု သံဆင့်မျိုးတွင် အခိုးအကဲ အချွဲလည်ညိတ် စိတ်ဝက်အူလိမ် စိန္တေယျအိုက် လန့်ဟန်ကိုလုပ်သည်လည်းအဆင့်ဆင့် နှုတ်သီးကောင်းကမဟုတ်ပါ ပြာလိုက်ဝါလိုက် ဖွာလိုက်သည်တကြောင်း ပြောင်းဆန်အောင်ကလက် ယောက်ယက်ပင်ဝင့်သည် ဝင့်ရိုးသာမဝင့်ဘူး သူတို့နန်းလို သန်လျင်ရတနာ အပြာအဖြူ နန်းသူရံအုပ် ရွလုပ်လုပ်ကယ် စမုတ်တော်သို့ထွက်လှာ၍ ပြတင်းဝကျယ် လေးထောင့်လယ်တွင်းမှာ ကွယ်သလိုတွယ်သလို မိုရာအိရာ အထက်ဝါကို ရတနာအစု ပမာပြုသော် ဥပါရောင်ဟပ် လောကဓာတ်ကို လေခတ်၍မြူးသည့်နှယ် ကျေးဇူးတော်ကို တိုက်ကျော်နှင့်ရင်ဆိုင်တွေ့သော် ရသေ့ဇော်ဂျီ တပသီတို့ ပထဝီကသိဏမ်း ကမ္မဋ္ဌာန်းပျံ ဈာန်အဟုန်ကလျှောသလို ဆီးဖြူကိုင်းကို ငှက်သူဝ ကမ္မဇရုပ် မချုပ်သော်လည်း အောက်ကလီမွှေ ဝေဒနာက္ခန္ဓာ ဗျာပါဝိတက်နှင့် အသက်မှာ လှိုက်၍ဖို၏ ထိုသစ်ကိုင်းတွင် ကျေးညိုစင်ငယ် မြင်ကာမျှ ခဏကြာအောင် ကိုးရာမရ မူးဝေပျာနောက် သစ်ပင်အောက်မှာ လောက်စာသင့်သည့်နှယ် ပြည့်ရှင်မင်းတမန် မခံနိုင်ဘဲကျသော် မလှတမ မြင်တည့်ရလျှင် သနားကမား မရှိပါပြီ ကတမ်းကရမ်း အပျိုဖျန်းတို့ နန်းနာရဏီမှာ စီကျာရုန်းရင်း အင်္ကျီနှင့်ဒါလီ ထဘီနှင့်ခါးချပ် သနပ်ခါးသွေး ကလေးနှယ်ချည်း ခါးစည်းများလည်း ထိပ်ထားမြင်ပါလှဲ့ နွဲ့လို့သာပလီ၏ အာနီပုလဲ အရောင်ခဲလို ဖပ်ရွှဲညံ့နု ရင်တော်စုကြောင့် သူ့ရွှေကျေးသည် ဖုတ်ထွေးကျလှာတည့်ရာတွင် သန္တာညွန့်သွယ် လက်နုနယ်နှင့် တွယ်ရုံထုမိသည် အနုကိရိယာ သွေးခြည်လာတဲ့အောင် ကွမ်းဝါရွက်လောက် အနက်ပေါက်ဂုဏ်ထင်၏ မင်းရာဝင်က တွင်ချင်ရာမှ သာလိကာမ ဖွာစကြဲအောင် နှုတ်ရဲသည့်အနေနှင့် ရွှေခဲကိုဖျင်းလိုက်သည် နနွင်းပါအောင် မင်းမာဘာပြုဝါချင်ရ အမောင်ပြောရင်းက မိန်းမချောကိုကြည့်နေကြဆိုပါသကို ကိုယ်တော်ကိုဖူးရလို့ ဦးစောက်ကျသည် ဆိတ်စာမှမရှက်လားဟု ပါဒပျက်ကျယ် ပရယ်သလိုနှင့် ဆိုသည့်နှုတ်မှမပိတ်ခင် ဒဂုံမင်းကျွန် ကျေးစံလွန်က ပြွန်ရေထွက်သည့်နှယ် ချက်ချင်းလှန်၍ ဂုဏ်ပြန်ကစီး ပြီးလွယ်အောင်စကားငင်၏ မရှင်ဆိုတိုင်း ကျေးရိုင်းမှန်လျှင် ဘုံပျံယာဉ်စီး နတ်သမီးကိုပြစေကာ စောင်းသံကိုကျွဲနွား မပျော်ပါးသည့်နှယ် သနားစုံမက် နှစ်သက်တန်သည် မုန်းတန်သည် ဆံခြည်ခြမ်းမျှ ဘုဘမသိရာဘူး ကျေးပညာရှိ မျက်စိလိမ္မာ မင်းရာဝင်ဝင် နန်းတွင်ကြီးသူဖြစ်၍သာ တို့သခင်မ နတ်မကကို မြင်ရတည့်လျှင် ဆီးဖြူပင်က ဘဝင်မိန်းမှိုင် မတတ်နိုင်၍ ဗျာလှိုင်းကြီးထင့် သဘောသင့်အောင် ထောက်ချင့်၍ယူကောင်းပါသည် မသာလိလို ပစိပလျှံ အဆိုကမြန်သနှင့် ခံရသူမရိုင်း ဆိုသူရိုင်းပါ့မည် နှိုင်းဆဆင်ခြင် အပြစ်မြင်မှ ဆိုချင်ပါလား ပတ္တမြားဆန်ကျိုး အဖိုးပြည်တန် မှန်စေဦးတော့ အရူးကိုပြစမ်း အပန်းမကြီး ဆီးသီးလောက်မှ အားမရဘူး မသာလိရှင် သစ်ပင်ထက်က ကျရုံမျှကို မဆိုထားဘိ တရားတော်မှာ ခန္ဓာသက်ကား အိပ်မက်သောသွင် ကွေးသောလက်ကိုမှမဆန့်ခင် ဆန့်သည့်လက်ကိုမှ မကွေးခင် အထင်အရှား အမှန်သားကို နားရှိပါဘဲ ရှိကတဲ အစွဲမထင် ရွက်နားစက်နား သေနတ်နားမျိုး ပုဆိုးကလနား အမြောက်နားကဲ့သို့ စကားပြောသော်လည်း သဘောတော်မြုံလှလို့ ဂုဏ်မထင်သည် မရှင်ကိုဆိုချင်၏ သခင်ကိုအားနာ ထူးမြတ်သည့်စည်းစိမ် နန်းရွှေအိမ်မှာ ဉာဏ်တိမ်သည့်မင်းလုလင် အသုံးဝင်သည်လို့ ပြင်လွင်ကကြားလို့ ထင်ရှားပါမည် မျက်နှာတော်ဝါဝါ အသံတော်ဖွာဖွာနှင့် မနာလိုသံ အကုသိုလ်သံ ဝန်တိုသံပေါက်လှသည် နောက်တခေါက်တခါ ဒဂုံရွှေနန်းက မိန့်ခွန်းတော်အရနှင့် သူဝမလာခင် နန်းတပင်မှာ ပညာကိုသင်တော်မူနှင့်အုံး တံခွန်နှင့်ရထား ဘုရားနှင့်ထီး မီးနှင့်အခိုး ပျိုးနှင့်မိုးလို အကျိုးစီးပွါး များသည့်ဆီမှာ ရှာတော်မမူ ရန်သူနှစ်ဦး ယှဉ်ပူးဘက်တွဲ စစ်ပွဲသဘင် အတွင်းတွင်ပင် ကြောင်းအင်ထုတ်ဖော် သံစေပါ၍ ရောက်လှာသော်လည်း သေလျော်စမှု ဘေးမပြုဘူး ယခုမှာတုံ ဒဂုံနှင့်သန်လျင် ချစ်ခင်မေတ္တာ ရေနှင့်ကြာလို ခင်းရာမထွက် စစ်မက်မရှိ ပြည်ကြီးစီးပွါး စကားနုကြမ်း စူးစမ်းရုံမျှ ကျေးတဖကို ဒေါသမျက်မာန် မခုခံလောက် ရွှေမှောက်ဘုရား သနားတော်မူ ရေးတော်ယူမည် ဖြူစေမည်းစေ မဝေမဖန် မိန့်တော်သံကို မခံရခင် မာနသံဒေါသသံ ထုံးစံလည်းမမြင် ဆီးဖြူပင်က ကျေးကျသည့်စကား အနှစ်မပါ မရေရာသည့် အကာများကို စကားပြုလို့ နန်းသူ့တမန် ထုံးစံလည်းမဝင် ပြည်ကြီးနှစ်ပြည်ကို နကျဉ်အိမ်နှစ်အိမ်ကဲ့သို့ ဂုဏ်တိမ်မြုပ်အောင်လို့ မီးတုတ်တင်သည် ဘုန်းရှင်ကံရှင် ရွှေနန်းသခင်မို့ သစ်ပင်ကိုင်းက ရိုင်းရာကျမည်ကြောင့် မြေကြီးကလျှောက်မည်လို့ ဘောက်ခနဲဆင်းရာတွင် ရွှေဘုန်းတော်မြူးတည့်လို့ မူးသွေးဝင်သည် တမန်တို့အင် ဂုဏ်ရှစ်ခွင်တွင် ဘယ်အင်္ဂါမစုံလို့ ဘယ်ဂုဏ်ကိုနှိမ့်ချလေသတုံး မရှင်ကိုပုံပြုလို့ မောင်တော်ကဆိုစမ်းမည် ရွှေနန်းသူပင်ကြီးကတဲ မြီးခေါင်းစည်၍ မရှည်လိုဘူး ကိုယ်အမွေးမှာ သာရကာ့မျက်စိနှင့် ဝိတချို့ဝတချို့ ကကြီးနှယ်ခကွေးနှယ် ဂငယ်နှင့်စလုံး ဘရုန်ဘရင်း ခေါင်းစင်းလည်သိမ် တကြိမ်တွန်လျှင် စနေနံသုံးထပ်က အစသတ်နောက်ဖျားမှာ ခါနှစ်ဆင့်တနင်္လာ ရိုင်းပင်ရိုင်းသော်လည်း နန်းတော်မှာမရိုင်း တောထဲမှာရိုင်းသောကြောင့်မထောင်းတာ ခါလို့ခေါ်ကြ၏ သူ့အဖော်ငုံးလေ ။

မွေ့နန်းရကန် - ကျေးသားနှင့် သာလိကာမ နှီးနှောခန်း

မွေ့နန်းရကန် - ကျေးသားနှင့် သာလိကာမ နှီးနှောခန်း (အခန်း-၅) ကိုးကျိုင်းကိုးဓား ကိုးစော်ဘွားနှင့် ကျိုင်းမားကျိုင်းရုံး လပုံးဇင်းမယ် အတွင်းနယ်တွင် စိုက်ထူစိုးစံ နန်းရံပြုကြ လေသမျှလည်း ဘာသာ့အလျောက် ချီးမြှောက်ပလွှား တန်ဆားများနှင့် တပါးဌာန သူ့ဒေသမှာ တော်ကြသည်ချည်း မှန်ကတည်း ရုံးစည်းကွန်ချာ သာသနာမူလ လောကနိဗ္ဗာန် မင်းဝံတောင်ညွန့် ကျွန်းကျက်သရေ မြေဓိပတိ သီရိပဝရ ပြည်တော်မသို့ ရောက်ကြသောခါ မမာမခိုင် မပိုင်မသ မလှမချော ရွေ့လျောညွတ်ရုံး ဘုန်းအာဂန္တု ငယ်နုပတ်လျ ဖြစ်ပြန်ရသည့်နှယ် ပြင်ပရကန် အင်တန်ရုံမျှ ကောင်းကြသည်ချည်း သို့ကတည်း မြည်းနှင့်မြင်းလို မင်းနေပြည်ကြီး ရကန်ရှိချည့် အရိပ်ကိုမသိ အညွန့်ကိုတိရော့မည် စိတ်ရှိတိုင်းကွန့်မြူးပိုင်သာစေ အင်တန့်အင်တန် လှေသွားပင်မှန်သော်လည်း ကံအရင်းက ဖျင်းသိမ်စုတ်စွေ့ ရွှေမငွေ့တဲ့ လှေ့နရကင်း ရွှေတိန်ညင်းဟု မင်းသုံးတွင်ခေါင် လှေ့ဥသျှောင်ကို ယောင်ယောင်ဝါဝါ လှေတကာတို့ လွတ်ရာများက တုပမည့်ဟန် ပြုမည်မှန်လျှင် ကံနှိပ်စက်၍သေလိမ့် ရွှေချင်းပင်ရွှေသော်လည်း ရွှေငါးမူးနေ ရွှေဖြူများလည်းတဌာန ရွှေဆယ်မျိုးတွင် တန်ခိုးဖွင့်လှစ် ဇမ္ဗူရစ်ကို ဖြစ်ဆန်းရွှေစု ဂုဏ်ပြိုင်တု၍ အမှုမကုံ ရော၍စုံမည်ဟု လက်ပုံစုဟာများက ခွာရာမတိုင်းသင့်ဘူး စာစမှာကောက်လိုက်မည် မြောက်အိမ်တော်က ကိုသူဝ၏ ထိပ်သီသမှာ စိမ်းပြာပြာကို နန္ဒာနမ်း၍ လမ်းသင့်ကျအောင် ပြလိုက်သော် တိမ်တိုက်နီစစင် မြို့သန်လျင်မှာ တပင်တိုင်နှင့် အလျော်သင့်က အခွင့်စုံစမ်း ကောင်းကင်လမ်းက ပင်နန်းကိုကြည့်လိုက်မျှော်မူ နန်းတော်သူတွေ နေချင်သမျှ မိန်းမသက်သက် ရှက်ကြောက်စရာ ဘာမျှမရှိကြ ဒေသအလိုက် လိမ်းခိုက်စားခိုက် ကြိုက်ရာပြုသသူ ဖြူရွထွားမွတ် ခါးချပ်ထဘီ အင်္ကျီဒုယင် မဆင်ကြသေး အမွှေးလူးသူ သရဘူဦရရူကို သူဝတမန် တိမ်ယံမြင့်က ခင်း၍ပြသည့်နှယ် အလှသားမြင်မိ၏ ကိရိယာမြားမြောင် လက်ဆောင်တော်ဆက် တက်သူဆင်းသူ ထူရာမှာလည်းတိုင်းမသိ ရွှေအုတ်ရွှေထွတ် ပန်းသွတ်ကတော့ ငှက်ပျော့ဒေါင်းလန်း လမ်းလှမ်းညွတ်ရုံး တအုန်းအုန်းနှင့် ဆုံးနိုင်သည်မရှိဘူး သိသိမြင်မြင် နန်းကြမ်းပြင်မှာ အထင်အရှား ရပ်နားပြသတည့်ချေသော် ပြင်ပခပ်သိမ်း လူစိမ်းလူရွမ်း နှုတ်ခမ်းလျှာပါး အနှံ့သွား၍ စကားပွားစည် ရှိရာသည်ကြောင့် မောင်းမလည်ပျဉ်ထောင် နားကိုမြှောင်၍ ဆယ်တောင်ခန့်လောက် မြညှောက်စိမ်းနု ဆီးဖြူ့အကိုင်းပေါ်မှာ တိုက်ကျော်နားရသည် တပါးသူတို့ မည်းဖြူညိုပြာ ခြင်းရာကိုမသိကြ ကြာကြာမညောင်း နေရာကောင်းသနှင့် တမောင်းလောက်ကာလတွင် ဘယ်ဟာ့ကြောင့်သူ လာသည်ဟူ၍လည်းမသိသာ အပျိုဖျန်းသင် လက်ဖွဲ့ဝင် ဆင်ခြေဖုံးပေါ်စ ခါးကလည်းဆိတ်စလီ အင်္ကျီမဝတ် နုထွတ်ဖြူပြာ လိမ်းစရာကြောင်ကျား အမှုန်သားနှင့် အပါးသို့ရောက်လှာ၍ ရတနာနန်းသူ အူလီအူလဲ ဖပ်ရွှဲညံ့စိ အမိကလေး မေးရန်ရှိပါသည် လောကိထိပ်ဆင် သန်လျင်ပတ္တမြား ထိပ်ထားကိုယ်တော် ကျန်းပါစ သို့တိုက်ကျော်က စကားစလျှင်ပင် လုံမကလေး ဝင်၍ပြေးသည် အရေးမကြာ တနာရီခန့်တွင် အလျင်မိန်းမ ကလေးလှ ဟာ ... ပြတဲ့ပြီး ရှူးရီးရှူးရား ဝင်၍သွားလေသည် ကြားသူမြင်သူလည်းမရှိ ဈေးပါးစပ်လျှာ ဘရဘွာနှင့် သာလိကာမ ပြတင်းဝက မျက်စမျက်ထောင့် ငြောင့်စွဲသည့်နှယ် ဖယ်လှယ်လိမ်စောင်း အကြောင်းမတန် ပလုံဆန်အောင် ကဏ္ဋကမျက်စိနှင့် သိမြင်စိမ့်ငှာ စေပါလိုက်သူ များနှင့်တူသည် အမူအရာ လက္ခဏာကိုလည်းသူမပြု စိမ်းစော်ရိုင်းစော် နံလှတော် ညှော်ကတာတာ နှလုံးနာလှသည် တောဥစ္စာများ ဝင်လာငြားရော့ထင့် အဝင့်ကြီးမား စကားအစုစုနှင့် ပုလိုက်စုလိုက် ကိုက်လို့စားမည့်နှယ် တရားအလွတ် ဇွတ်ပြုမည်နှယ်ဆိုလှာလျှင် နန္ဒာမွေးသည့် ကျေးစိမ်းစံလွန် ခံနိုင်ဘူးဟဲ ရဲကာသာမဟုတ် နှုတ်ကပလီ အင်္ဂါညီသည် လောကီသုံးတွင် ဘုန်းကြီးသည့်မင်း လက်ဆင်းကျွန်တော် ရွှေတိုက်ကျော်က စကားငင်၏ မရှင်လားဗျာ ဘာသာတူချင်း အတွင်းတော်သုံး နှလုံးနေက သဘောကျနှင့် ပြောဆိုရမည်မှတ်ပါသည် သို့ပါကိုပင် မရှင်သဘောက တောစော်ရိုင်းစော် နံတော်ခေါ်လှသည်လို့ တော်စော်လည်းနန်းမှာမနံရာ ပညာရှိသဘောမှာ တောနှာခေါင်းလို့ ပြောင်းပြန်ကျမည်ရှင် ကြည်ကြည်သာသာ မေတ္တာနှင့်မေး၍ အရေးရောက်ခါမှ နာသင့်သာသင့် မိန့်ခွင့်ရှိပါသည်ကိုပင် တောစော်သောရိုင်းစော်သော မရှင်ပြောတည့်လို့ သဘောမစုံ ရိုင်းချင်းကြုံလျှင် မာန်မှုန်ဆူအိုက် ဒေါသတိုက်၍ ခိုက်ရန်စည်ကား နှလုံးထားဆန့်ကျင်လိမ့် သို့ဆိုခင်ကာ ဆိတ်စာရိပ်ဝှဲတည့်လျှင်ပင် ရိုင်းချင်ရိုင်းမည် တို့နားမှာတို့ရိုင်း ဆီးဖြူကိုင်းက တတ်တိုင်းဘာသာ မင်းမာကိုထွေထွေ စစ်လေကြောလေ ဘယ်သူစေ၍ မွှေနှောက်ကလိ တို့သိချေဘဲ တောရဲရဲလျှင် အမဲလုပ်၍ကင်လိမ့် တွင်းပြင်ရံပတ် သစ်တပ်မြို့ပြ နေ့ညအိပ်ဖန် အတန်တန်နှင့် ဓားလှံသေနတ် အထပ်ထပ်ကို အမှတ်မထင် အမောင်ဝင်ပိုင်ရော့သလား မတိုင်မကြား စော်ကားရိုင်းရူး သည့်ထက်ကျူးလျှင် မီးရှူးလုပ်၍ မုတ်နန်းပြောင်ပြောင် အဆောင်ဆောင်ကို လောင်အောင်ရှို့လေမှဟု သာလိကာမ အာစစနှင့် အထကောက်၍ မောက်ပြန်သော် ဒဂုံမင်းသံ ပညာမြန်သည် နန္ဒာ့ရွှေတိုက်ကျော်က မရှင်တို့နန်းကို ကျွန်ုပ်တို့နန်းလို ရွှန်းရွှန်းထင်၍ ဆိုခွင့်လည်းမရှိပါ ကျွန်ုပ်တို့မှာ ရတနာဆင်ပျံ မိုးယံစီးနင်း သိကြားမင်းလို သတင်းလောက်လုံ ဘုန်းပြည့်စုံသည်ဒဂုံအောင်ချာက နန္ဒာသခင် နန်းတွင်းမွေး၍ မင်းရေးစိုးခွင့် သင့်မသင့်ကို ချင့်တွက်နိုင်သူဖြစ်ပါသည် သို့မဟုတ်ဘဲ တောထဲကငှက် ဘေးရန်တွက်ကယ်ကြောင့် အသက်လွတ်ရာ မှီခိုလာသော်လည်း နာနာကျင်ကျင် ကင်မည်ချက်မည် သားငှက်ချင်းပါကို မကြည်မညို မရှင်ဆိုလို့ အကုသိုလ်ပွားစည်အံ့ ဝါခြည်ဝင်စ ကာလရောက်လျှင် ပြည့်ရှင်မင်းတို့ထုံးစံမှာ သားငါးကြက်ဝက် သူ့အသက်ကို ရက်ရောပစ်ချ လွတ်စေရမည် ပြည်ပပြည်တွင်း မောင်းကြေးနင်းနှင့် ဆင်းရဲရာက ချမ်းသာပေးမြဲပါကို နတ်ရွာလမ်းနှင့် စောင်းတန်းဝကို မတက်ရအောင်ပိတ်သည့်နှယ် ဝင်းတော်ကိုယ်ရံ ဓားလှံသေနတ် အထပ်ထပ်နှင့် ပစ်ခတ်မည့်သူ များသည်ဟူ၍ မိန့်တော်မူရာဝယ်လည်း ဥပါယ်ရန်ခိုက် ဒေါသစိုက်၍ စစ်တိုက်ကြမည့် ကာလများလည်းမဟုတ်ပါ ရွှေအိမ်ရွှေနန်း သိမ်းမြန်းစိုးဆောင် အခေါင်သနင်း မင်းပေတကား လှံဓားသေနတ် မရတတ်မည် ရတတ်မည်ကို နားလည်ဘူးလို့ အရူးမို့လား ဖြစ်ရလေခြင်း မိကျောင်းမင်းကို ရေခင်းမှာမပြသာဘူး သုဘာသိတ ပီယဝါစာ သစ္စာမြဲမြံ မျက်မာန်နည်းပါး တရားစောင့်ထိန်းသည့်သူကိုသာ ရေမြေ့သခင် ဘဝရှင်တို့ ဆင်ခြင်စဉ်းစား အနီးထား၍ ထံပါးခညောင်း သုံးသင့်ကြောင်းကို ထုံးဟောင်းရာဇဝင် အထင်အရှား စာပေများမှာ ကျွန်ုပ်တို့ ကြားမြင်တွေ့ဖူးပါသည် ရတနာဒဂုံ ရွှေဘုံနန်းစံ မြို့နိုင်ငံမှာ တိုင်းစွန်ပြည်နား တောတွင်းသားတို့ ဝတ်စားရိုင်းရုန့် မမုန့်မညက် နှုတ်ထွက်စကား နားမနာသာ ဝါစာဖရုသ် မျက်ကြုတ်ငြိုးထား ခိုက်ပွားရန်တွေ့ သုံးဆောင်လေ့၏ ရေမြေ့သခင် အရှင်စံရာ ရာဇဌာနီ ခွန်ဆီလောက်လွေ့ သိမ်မွေ့နူးညံ့ ချိုပျံ့သာယာ မေတ္တာဆက်ဆံ သက်နှံယုဘ ပြောဆိုကြ၏ လောကထိပ်မြုံ ရွှေဒဂုံနန်းခွင်နှင့် သန်လျင်နန်းလေ့မှာ ရိပ်ငွေ့မှမတူ စိတ်ယူနှလုံးက အသုံးတော်ပြောင်းပြန် ရွှေနန်းတော်ကစင် ဖြစ်လျက်ပင်ကို တောအင်တိုင်းကဲ့သို့ မရိုင်းရာတန် မရှင်နှုတ်သီးမှာ နန်းတွင်းကြီးဆိုပါသည်ကို မျက်လိုချွေးထွက် ချက်မည်ကင်မည် တွင်ရတတ်ဆန်းနှင့် ကြမ်းကြမ်းလည်းပြောပြန် သဘောနေညံ့ပါလျက် ရှေးကံအတုံ့ကြောင့် ရုန့်ရုန့်နှင့်ကြုံရသည် ဒဂုံမင့်းသံ နေ့ချင်းပြန်ရမည်ဖြစ်၍ သက်ဝေငယ်ကျွမ်း လွမ်းမည့်သူလဲ ရှိသေးဘဲကို ဝမ်းနဲသေသေဝံ့ငဲ့ တကယ့်တန်တန် စွန့်ဝံ့မည်မှန်သော်လည်း ဆင်ပျံရမင့်း တောင်နန်းမြင့်ရတနာ နန္ဒာသခင်က သန်လျင်မှာဆောင်ရန် မှုတော်ကျန်သေးလို့ ကံမကုန်သာသေး အရေးတော်ပြေလျှင် ကြာနှင့်ရေနေနှင့်လ ရွှေနှင့်မြကဲ့သို့ မြင်ရမည်မကြာပြီ ရတနာနန်းသူ ကြည်ဖြူသာယာ ရောက်စကရုန့်မိသည့်အတုံ့ဟာကို အကြင်နာမေတ္တာ သစ္စာလောင်း၍ ငယ်ပေါင်းလုပ်ရအောင် ကျုပ်နေသည့်ဆီးဖြူ ညွန့်ဝေလူမှာ အတူစံရအောင် သက်နှံငယ်လိုက်ပါရော့ အကိုက်ကယ်လေ လောကတွင်လူလုပ်သည့် ပုဂ္ဂိုလ်ပုထုဇန် မုန်သာမှန်စေ ရွှေငွေရတနာကို တန်ဆာဆင်ရလို့ စိတ်ရွှင်သည့်အာရုံကို တပုံစုထား စားကောင်းသောက်ဘွယ် အသွယ်သွယ်များစွာ သကာထောပတ် နှမ်းပွတ်ဆီဥ စတုမဓူ ဟူဟူသမျှ အစစကို စားရသည်စီးပွား နှလုံးထား၍ သီးခြား၍ရှိစေ ကချေသဘင် ပဉ္စင်တူရိယာ ပတ်သာစောင်းငြင်း သီချင်းအဲအန် မီးပျံစကြာ နည်းနာထူးဆန်း ပွဲလမ်းသဘင် သည်အရှင်ကိုလည်း တအင်္ဂါစု လုပ်မှုဆောင်တာ လယ်ယာချောင်းခင်း ရခြင်းစီးပွား ဖောက်ကားရောင်းဝယ် ကုန်စယ်မြတ်စွန်း ကျေးဇူးထွန်းလျှင် ဝမ်းမြောက်စွာလှေ ရှိကြသည်ချည်းသို့ကတည်း ဖြည်းဖြည်းသာသာ မျက်နှာရွှင်ပျ ရှိရုံမျှသာ မထောင်းတာဘူး ကာမပုထုဇန် လောကဓံတွင် ချစ်ရန်သင့်သူ သက်တူရွယ်တန် ကြံကြသူနှစ်ယောက် အထမြောက်မည် မှန်သည်ကာလ အားရသည့်စေတနာ အိုအိုပျိုပျို အသက်ရှုရှည်တို လှိုက်ဖိုနှင့်အာရုံ ရင်မှာခုန်ပြီး ထိပ်မြုံမှာပွတ်တည့်အောင် စုံမက်သည့်ဝမ်းသာကို ရတနာနန်းသူ ရတနာနန်းသူ ကုသိုလ်ကံမဆုံလို့ ကြုံတော်မမူသည် ကံကူလို့ထမိလျှင် မင်္ဂလာအဝင် စုပ်ကြီးလပ်ကြီး ရချိန်နီးလှသည် ဆီးဖြူပင်ကို မရွှင်ဆုတ်ဆိုင်းလျှင် ရိုင်းရာရောက်ကရော့မည် မြညှောက်ကယ်ရတနာ ကြွတော်သာမူပါရော့ သစ္စာဆိုကြပါစို့ရေလိုအေး ကောင်းကင်မှာတိမ်လိပ်လို ဇမ္ဗူဒိပ်ကျွန်းပေါ်က ကျော်လှသည့်ပန်းချီ အနီအဝါ အပြာအညို့ ဆေးစုတ်နှင့်တို့၍ သို့ကသို့ဝိုက် သို့ခြိုက်သို့ငင် သည်ဆီတွင်သို့ရှိ အတိအဝန်း အချွန်းအမြှောင့် အထောင့်အကွေး တူအောင်ပင်ရေးသော်လည်း ဆေးခွက်မှာစုတ်စိုက် သို့စင်ခိုက်ကိုပင် ဝိုက်သည်ဟာအဖြောင့် ထောင့်သည့်ဟာအဝန်း ချွန်းသည့်ဟာကအတိ အသစ်ရှိ၍ ပန်းချီ့ပညာ မဝင်သာသို့ ဘယ်ရွာဘယ်မြို့က ဘယ်ကဲ့သို့ရကန် တူအောင်ကြံ၍ တသက်ပန်စီရော့ ပန်းချီနှင့်တိမ်လိပ်လို ဓိပ္ပာယ်တူသော်လည်း စကားယူစကားငင် အစီရင်တနည်း နိဿရည်းတခြား စကားရှာတပုံ ကြားဖူးမှယုံကြမည် ဒဂုံသခင်နှင့် သန်လျင်ရတနာကို ပညာနဂို မယှဉ်လိုဘဲနှင့် တူချင်သည်အမှန် ရကန်ဆိုဆရာ လုပ်ဖူးကာမျှ သာမညနှင့် တုပဆွယ်မြှောင် ဘယ်ဟာကိုယောင်မလဲ့ မှန်လေးထောင်မှီ မြကိုစီ၍ ရွှေနီရတနာ ဇဝါပွတ်ခြမ်း စိန်စီသည့်နန်းမှာ ဂွမ်းစကိုလေနှဲ့၍ လုပ်လဲ့လဲ့နေသည့်နှယ် ခါးငယ်ကလေး သေးဘိခြင်းပီပီ ဆိတ်စလှီနှင့် ဋီကာကျယ်ပြောင်းရလျှင် ရွှေတသောင်းတန် ညွတ်ကော့လန်လန် ကြော့လေဟန်ကို ဗြောင်းဆန်အောင်ပြလိုက်လျှင် သဘောကျဉာဏ်ရှင် ရှေ့တပြင်နယ် အဓိပ္ပာယ်ကို ဘယ်ကလောက်ကယ်လို့ သိထောက်တန်ပြီ ရိုင်းသံရော၍ တောတွင်းသံပါလျှင် လျှာကိုနုတ်ကရော့ စာလုပ်နှင့်စာစီကို ဘယ်ဆီမှာဆိုမလဲ မိုးညိုနှင့်တိမ်လိပ် ခပ်ရိပ်ရိပ်တွင် ခွက်အစိတ်တန် စိန်အလျှံကို မိုးနှံသီးဆွယ်မည်လို့ ဖွယ်ပါလိမ့်မလား နိမ့်မြင့်ကြုံဆူ ပါရမီဆောက်ဦ လျှာချင်းပင်တူသော်လည်း စူစူဖာဖာ မာတလာလာ အကြောကြီးလျှာများနှင့် ပါရမီဉာဏ်ကဖက် ကံမတူသေးလေ ။

မွေ့နန်းရကန် - မင်းနန္ဒာ ကျေးစေခန်း

ရွှေတောင်နန္ဒသူ မွေ့နန်းရကန် - မင်းနန္ဒာ ကျေးစေခန်း (အခန်း-၄) ရာသီသုံးပါး ပိုင်းခြားဝေငှ ဝသန္တ၌ အာကာသဓာတ် ကောင်းကင်လတ်ဝယ် မိုးနတ်ပဇ္ဇုန် ကိုယ်ရုံတန်ဆာ နီလာခဲလို သင်တိုင်းညိုနှင့် တဆိုယိမ်းနွဲ့ သီချင်းဖွဲ့လျှင် မိုင်းတဲ့လို့စို့ အလို့လို့ပင် မိုးညို့အေးမြ ရွာတည့်ရသည့်နှယ် လင်္ကာ့ဆရာ ပညာသင်တိုင်း ခြုံသမိုင်း၍ စိုင်းပြင်းချေက နယလေးဆယ် ဆန်းကြယ်ထူးပြား ပွားများပိုလျှံ ယဉ်မိုးသာထန်ရမည် ဧကန်မှတ်ကရော့ နတ်တန်ခိုးနှင့် မိုးရေလို ပညာတံခွန် ဉာဏ်စလွန်ကား အခံဥစ္စာ မာမာပြင်းပြင်း တင်းတင်းထူထူ သူသွားချင်သည် ရှေ့လမ်းတည်လျှင် လှည့်မည်ခွေမည် ပေမည်လို့မှာ မမှတ်သာဘူး မာမာခံလျှင် ဒဏ်ထပ်၍သာပိုလိမ့်မည် ကိုယ်တော်နှင့်ကျွန်စု သန်လျင်မှုမှာ အနုအကြမ်း အစမ်းအစုံ စုပုံဝေဘန် တိုင်ပင်ရန်ကို ဉာဏ်အဆာကျယ် လေးရပ်နယ်နှင့် ဓိပ္ပာယ်ဖမ်းလျှင်လည်းကမ်းမရှိ သို့ဝဧကန် တကယ်မှန်သော်လည်း နာခံမည့်သူ ဆူကြုံနိမ့်မြင့် ဝန်နှင့်ကားအား မြားနှင့်ကားလေး ဆေးနှင့်သူနာ ဥပမာကဲ့သို့ ပညာအလျှံ ဂုဏ်တံခွန်ကို အင်တန်တွင်အစွမ်းထိအံ့ သူသိသူမြင် အထင်အရှား မှုကျယ်ပွားအောင် အလျားရှည်ရှည် ဆောင်ရွက်မည်လို့ စိတ်ရည်တော်စွဲမရှိ ယောက်ျားဘုန်းကား မဆုံးစပါ မိမိလောက နတ်ရွာသို့သွားသောခါ မိုးသိကြားမှ ရထားပင်ဆိုက်ရသေး၏ မဝေးသည်မှာ ရတနာသန်လျင် နန်းတပင်ကား အမြင်သားဘက် မြစ်တဘက်ကယ်မျှ အထက်နတ်ရွာ နှင့်ကိုစာသော် နန္ဒာဘုန်းကြွယ် မတင့်တယ်သည် ရှက်ဘွယ်စလိဟု ဘုန်းရှိသသူ အယူများချိမ့် စိတ်အာဇာနည် ရည်မိမပြောင်းမခွာပြီ အတွင်းတော်သုံး နှလုံးယဉ်ကျေး အတွေးအတော သဘောသကန် ဉာဏ်ဇဝန လိမ္မာလှသည့် သူဝကျေးပလီကို ချီတော်ထိန်းတော် ရွေဘော်ကျွန်ယုံ တစုံတယောက် အထောက်အကူ မည်သူ့သူမှမကြားရ သလွန်တော်ခင်း အဆောင်အတွင်းသို့ မင်းသားနှင့်ကျေးညို နှစ်ကိုယ်ဝင်လေကြွသော် ပြသထုတ်ဖော် မှာတော်မူမည့်စကားမှာ ဥခွံလှစ်စ ကတည်းကပင် ယုယမြတ်လေး ငါ မောင့်ကိုမွေးသည် ကျေးဇူးကဲမြင့် မထိမ်သင့်ဘူး ငါသခင့်အာဏာကို သေချာသိပ်ကွပ် စေ့စပ်မြဲမြံ ဓိဋ္ဌာန်ပန္နက် ကိုယ်အသက်ကို ငဲ့ကွက်ယိုယွင်း တမုန်ညင်းမျှ မင်းမာ မသွေမလိပ်နှင့် ပဝေသဏီ ရှေးစဉ်စီလည်း ဤကဲ့သို့ပင် သက်သခင်၏ ရှေးတင်ပေဘူး ဂုဏ်ကျေးဇူးကို ပွဲဦးရအောင် သုမုခကျီး မြင်းကြီးသိန္ဓဝ ဆက်ကြသည့်ဂုဏ် အလုံးစုံကို မှတ်ရုံတိုက်ရိုက် ငါပြောလိုက်မည် ရွှေတိုက်ကျော်ငယ် မှုတော်ကုံလျှင် ကြာငုံနှင့်နေ ကျက်သရေအောင်ပန်းပွင့်လိမ့် မင်းကိုငါ ပြန်ပြောရမည့်စကား အလျားအမြိတ် ရှည်လတ္တံ့ ကိုယ်တပိုင်းဝယ် အထက်နယ်ကို စဉ်းငယ်မြင်သနှင့် ဘရင်ဂျီတွေ သေမည်ပြုအောင် နုလေသည့်အချက်ကို တသက်လျာတွင် တခါမှသော် တော်တော်ငြားငြား ကြားဘူးပါလေစံ့ဟု အံ့လည်းအံ့တော်မူပြန်သည် ထိုတပင်တိုင် နန်းဦးကိုင်မှာ ပိုင်ပိုင်သည်စိတ်တိုင်းကျအောင် ငါကြွတော်မူလာမည်ဟူ၍ အူရွထံကို သူဝပျံ၍ တမန်လုပ်ရမည်နော် အရေးတော်ကို ငါမျှော်ထောက်၍ နောက်အခွင့်ကြောင့် မင်းကိုငါစေသည့်အမှုမှာ သင်္ဘောသားပြော သည့်လောက်ချောလျှင် သဘောတော်မြိန် စိတ်တင်းတိမ်တော့မည် နန်းရှိန်နန်းဂုဏ် ခဏကြုံနှင့်မို့ အာရုံရွှင်မြူး ကုလားမူးသော်လည်း ထူးဝိသေသ မချောကလည်း သူဝသိခဲ့ရာ၏ သွားပါရော့တိုက်ကျော် ငါမျှော်နှင့်မည် မင့်စိတ်တွေးက အရေးကုံလုံသိပါစံ့ အယူတော်မြတ် သန်လျင်နတ်မှာ တသမတ်တည်း မလိပ်လည်းပြီ ဖြည်းဖြည်းသာသာ ဆိုသည်ဟာများကို သိကြားပင်ပြောရော့ သဘောတော်မတန်သော် ထုတ်ဖော်မြွက်ဟ လျှောက်သမျှမှာ တိုက်ကျော်ကလည်း နန္ဒာ့စိတ်ကို ပိတ်ပင်ချုပ်သော်လည်း မဆုတ်မည်ကိုသိသနှင့် ကျွန်တော့်သခင် မြန်မာမြင်သော်မှ အထင်ယုံမှား တွေးရန်များ၏ ကုလားဧကန် မူးပြီးမှန်လျှင်လည်း လွန်လွန်ချောလိမ့်မည် လောက၌တွင် တပင်တိုင်နန်း ထွက်ကြငှန်းမှာ မြန်းမည်ဧကန် ရိုးရိုးမှန်လျှင် ဖောက်ပြန်၍ မတွေးသင့်ဘူး သန်လျင်ရတနာနှင့် နန္ဒာကျွန်ယုံ မှုတော်ကုံထံ မကုံထကို တွေးရန်ရှိမည်မဟုတ်ပါ တပင်တိုင်စံ နန်းသူမှန်လျက် နန္ဒာဘုန်းလျှံ ရွှေနန်းစံကို ကံမစပ်ချင်ဘူးလို့ဆိုလျှင် ရိုင်းပင်ပေါက်ကရော့မည် တခေါက်ချင်းနှင့် ခြေရင်းတော်မြဲ ကျေးရွှေခဲငယ်က လျှောက်လဲချေပ ပြောဆိုရလျှင် သန်လျင်ကဒဂုံကို လင်ပုံဖမ်းနှင့်၍ နန်းသူရုပ်ဖွဲ့ ယိမ်းလို့နွဲ့မှ ဘုရားကျွန်တော်ပြန်လာလိမ့် နန္ဒာလို့ပြောလျှင် အကြောတထောင် ဗလောင်ဆန်၍ မှန်တော်ဘီးတော် အကျော်စံပါ နံ့သာကက္ကရူ မဉ္ဇူပုန်းညက် ဖန်ခွက်ရွှေရေး ဆီမွှေးလိမ်းကျံ ဗျာပါခံ၍ ခြံရံလုပ်သစ် ရွှေပိန်းရစ်မှန်တော်မှာ ဆံထုံးတော်များ ပြင်သည်သားနှင့် နားရတော့မည်မဟုတ်ပြီ အလှုပ်အကြွ ထယောင်ထိုင်ယောင် ကိုင်ယောင်လှုပ်ယောင် တောင်ယူမြောက်ယူ စရိတ်ထူရာတွင် မဉ္ဇူနီပွင့် တက်ဆင့်လျော့လျော့ လျော့ချင်လုလု ခုတင်ခုနှင့် လက်နုပင်ဖြစ်သော်လည်း သရစ်ဖူးကင်း လက်ချပ်တွင်းမှာ ဆင်းရဲသည့်အသား ရွရွသား အားကာအဝနီလိမ့် ဘရင်ဂျီတွေ သေမည်ပြုကြ သည်ကိစ္စတွင် ဘုရားကျွန်တော်ကတွေးချက်မှာ အထက်တခွင် ယဉ်သည့်နယ်ကို ယဉ်ဖွယ်များသာရှိ မင်းယောက်ျားသား စိတ်ချောက်ချား၍ တပါးဌာန ဖြူညံ့ရွကို ကုလားနှယ်ဆိုး မိုးကိုပင်ပျံသော်လည်း မျက်ဆန်ပါမှန်းသိလိမ့် စိတ်ရှိဖန်ဆင်း နှစ်ယောက်ချင်းမို့ မင်းသားစိတ်ကို ကြိတ်၍မွှေသည့်နှယ် သူ့ရွှေခဲကလျှောက်ရာတွင် သုဘကိဏ်အောက် ဘုံတလျှောက်ကို လင်းပြောက်နိုင်အောင် ပြည့်လျှမ်းဆောင်သည် ရေတောင်မောက်ဖြိုး ကပ်ပြုမိုးလို တိုး၍ မင်းသားရွှင်သည် ဗေဒင်ဆရာ ပညာဝေငှ ခန့်ဆပိုင်းခြား တွက်ရိုးများမှာ မယားနေရက် ခုပင်တွက်ရမည် နိမိတ္တလက္ခဏ ပါဌကေ ဗြဟ္မဏေပုဏ္ဏား ရွာစားဆရာတော် တယောက်ကိုခေါ်တည့်၍ ငတိုက်ကျော်ကို တရော်ကင်ပွန်း ထပ်မွှန်းသိဒ္ဓိ တင်လိုက်ဖိလို့ မိန့်တော်ရှိလျှင် လျှံညိဖြူဝင်း ခရုသင်းမှာ နီတျာညွန့်ဝေ သပြေမြေဇာ မျက်နှာရွှင်လန်း နံသင့်ပန်းနှင့် သြီပဒုကာယ အစမြှောက်ချီ အစီရဝတီ မဟီသရဘူ လေးဆူမာရဇိန် သိင်္ဂုတ္တရ လောကထိပ်မြုံ ဓာတ်မွေစုံသည် တိဂုံရတနာ မဟာရာဇာ အရိယာလာဘံ ဣစ္ဆိတံပတ္တိတံ တုယှံ ခိပ္ပမေဝ သမိဇ္ဈတု ယခုချက်ချင်း အခင်းပြီးပြေ ရွှေဒဂုံက မင်းနန္ဒာနှင့် ရတနာသန်လျင် နန်းတပင်မှ မျက်ရှင်ဇောတ ရာဇကုမ္မာရီ ပါရမီနှစ်ရပ် ရွှေနီနှင့်ရွှေ ရွက်နီနှင့်ငွေကို ဂဟေစပ်သကဲ့သို့ ကပ်ဆရာကပ် ထပ်ဆရာထပ် တပ်တပ်ရာရာ သိသာအောင်ကြည့်ခဲ့ ဖွဲ့နွဲ့ကုံးသီ ရွှေတိုက်ကျော်ကို ပုရောဟိတ်ဆရာ မြေဇာညွန့်ဝေ ရေစက်သည်နှင့် ဖျန်းပက်လို့ပျံစေသည် ဒဏ္ဍာရီကို ဋီကာကျယ်မဖွင့်ဘူး သင့်ရုံသာဖြေလိုက်သည် ကျေးစေခန်း နန္ဒာကလည်း သူဝမောင်ပု ယခုပျံရော့ နက်ဖန်ခါခုချိန်ကို အိမ်လျောင်းတော်ဦး သာပျံ့ပျူးက အထူးသဖြင့် ငါမျှော်နှင့်မည် သန်လျင့်နှင်တံကို ယမန်ကတခါ ကုလားတွေမူးလို့ ရူးလုပါပြီ မင်းမာလည်းကုလား ခုနောက်သွားတွင် ဘွားခနဲမြင်စ မူးပြန်ပါ့မည် တွေ့ကြသောခါ သေချာစေ့စပ် မှတ်မိအောင်ကြည့်ခဲ့ နွဲ့နွဲ့လားကျိုင်းကျိုင်းလား မျက်နှာထားယဉ်စံ့ ဆံလျဉ်နဖူး လည်ဦးကစ ဝေငှပေါင်းစု နားနုပါးပြင် အသွင်မူနည် အရည်အချင်း လည်ပင်းတော်အောက်များမှာ မောက်သလားပိန်သလား လက်ဖျားသွယ်စံ့ ခါးငယ်စံ့လို့ အနံ့ရူပ ခန့်ဆပေါင်းရုံး အလုံးအဖန် သွယ်တန်ရှည်တို တကိုယ်လုံးပင် ကုန်စင်အောင်ကြည့်ခဲ့ ဘယ့်နှယ်ကြောင့်လည်း ပေါင်းစည်းစုဆ ငါ့နှလုံးထား ခါးမကျဉ်း၍ ရင်မမောက်က ဘယ့်လောက်ပင်ချောချော သဘောတော်မတွေ့၍ မမွေ့မလျော် အမိန့်တော်ပြန် စေလိုက်သည့်သံကလည်း ဉာဏ်ပလီနှုတ်ပလီ နန်းနာရဏီမှာ သီကာရီကာနှင့် နန္ဒာကိုမမြင်ရသေးခင်က သန်လျင်နန်းသူကို စိတ်ပူအောင်ကြံတတ်သည့်တမန်ဆန်း ကျွန်းဇမ္ဗူဒီ လူ့လောကီတွင် ပန်းချီပန်းပု ဆင်မှုဗိသုကာ နာနာတိရိစ္ဆာန် ဗွေကြန်ဆစ်မျက် အချက်ချက်မှာ မျက်စိနှင့်မြင်ရ လုံ့လတခု တတ်အောင်ပြုလျှင် ကျွမ်းကျင်လိမ္မာ စွမ်းနိုင်ပါလိမ့် ဝစနာလင်္ကာရ စကားကျေးဇူး အကူးအဆက် အတက်အဆင်း အသွင်းအနုတ် အချုပ်အချယ် သည့်နှယ်သည်မှာ နှုတ်ပညာကား ပမာနှိုင်းရှည့် ကြည့်ရှုစရာ မမြင်သာဘူး ပါရမီဆုတောင်း ရှေးကံကောင်း၍ တသောင်းတွင်တယောက် ထွန်းတောက်ပွင့်လင်း ထိုးထွင်းသည့်ပညာ ရှိသူမှာကား ဆယ်ရာသောင်းထောင် သုံးဆောင်၍မပါး မတရားသူ ယူ၍လည်းမရ တုပဆွယ်မြှောင် တူအောင်ရှာကြံ ပြုမည်ကြံလျှင် ဉာဏ်မမှီသူ တူရိုးမရှိ ဇာတိရင်းကဖက် မင်းသုံးလောက်အောင် လျှာပေါက်သည့်ပညာကို သူများတူတန်၏လို့ စံလျှင် လိခံကန်ရမည် ယဉ်နန္ဒာကို ဒီလျှာနှင့်သည်လျှာတွင် နားလိမ္မာကူလိုက်လျှင် ဘရဘူဆန်ကြရော့ လလျှံကအငုံကို နေအရုဏ်ဆုံခိုက်တွင် တပြုံလုံးချာ ပွင့်ညှာစုံဖြာလိုက်သည် ပဒုမ္မာပန်းလေ ။