(ဟက်လက်ကယ်တဲ့ ဟာလာ)
ဦးယာကို အဲတံခွန်စိုက်မောင်ယာလို့ မြန်မာစာပေ သမိုင်းမှာ
ခေါ်ဆိုကြပါတယ်။အဲချင်းအရာမှာ တံခွန်စိုက်တယ်ပေါ့။
တကယ်လည်း ဦးယာရဲ့ အဲချင်းတွေက အရသာရှိလှပါတယ်။
ကျွန်တော်က ကြိုက်နှစ်သက်တဲ့ ရှေးစာလေးတွေကို စာအုပ်
လေးတွေထဲကို ကိုယ်တိုင် ကိုယ့်လက်ရေးလေးနဲ့ ကူးယူထား
လေ့ရှိပြီး စိတ်လို လက်ရရှိတဲ့ အချိန်မှာ ပြန်ပြန်ဖတ်လေ့
ရှိပါတယ်။
ဒီထဲမှာ ညောင်ရမ်းခေတ်က ရှင်ငြိမ်းမယ်ရဲ့အိုင်ချင်း
ဝန်ကြီးပဒေသရာဇာရဲ့ တျာချင်း၊ ကုန်းဘောင်ခေတ်က
ဦးယာရဲ့ အဲချင်း၊ ဦးကြီးတို့ ဦးကျော့တို့ရဲ့ လွမ်းချင်း
တွေကတော့ အနှစ်သက်ဆုံတွေပေါ့၊ ဘာလို့ပါလဲ။
ဒီ ချင်းတွေက မြန်မာစာပေသစ်တွေ ဖြစ်သလို ခြူးပန်း
ခြူးနွယ် မှန်စီပြသာဒ်နဲ့ နန်းတော်ကြီးနဲ့ နန်းတော်ကြီးထဲက
မင်းသား မင်းသမီးလေးတွေရဲ့ အကြောင်း အရာတွေမဟုတ်
တော့ပဲ ကျေးတောနေ သာမာန်ပြည်သူတွေရဲ့ ဘ၀ကို ရေးဖွဲ့
ထားကြ လို့ပါပဲ။
ကျွန်တော်တို့က ဒီခေတ်တွေက သာမာန်ပြည်သူတွေဟာ
ဘယ်လိုနေထိုင်ခဲ့ကြသလဲ၊ သူတို့ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြရ
သလား၊ သူတို့ ဘယ်လိုတွေ ချစ်ခဲ့ကြသလဲ၊ ဘယ်လိုတွေ
လွမ်းခဲ့ကြသလဲ ဆိုတာ သိချင်ပါတယ်။
ဒါပေမယ့် ဒါတွေက ပဒေသရာဇ်ခေတ်က မင်းလိုလိုက်
မင်းကြိုက် ခစားပြီး ရေးကြရတဲ့ ရာဇဝင်သမိုင်းတွေထဲမှာ
ကျေးလက်နေ သာမာန်လူထုရဲ့ အကြောင်းအရာတွေကို
တွေ့ရမှာ မဟုတ်ပါဘူး။
ဒီ ချင်း ကဗျာတွေထဲမှာသာ တွေ့ရှိနိုင်တာပါ။
ဒီ ချင်း ကဗျာတွေကိုက နန်းတော်ကြီးထဲကခွာပြီးမြေကြီးပေါ်
ဆင်းချင်လို့ သာမာန် ကျေးတောနေရဲ့ အကြောင်းအရာတွေ
ဖြစ်လို့ ဒီ အကြောင်းအရာက တောင်းဆိုလို့ ပေါ်ပေါက်လာ
ရတဲ့ရေးဖွဲ့မှု ပုံသဏ္ဍာန် အသစ်တွေ ဖြစ်ခဲ့လို့ပါပဲ။
လယ်ကွင်းထဲက ကောက်စိုက်နေတဲ့ လယ်သူမလေးရဲ့
အချစ်ဇာတ်လမ်းနဲ့ သူ့ရဲ့ အလွမ်းမှန် အလွမ်းသန်ပုံတွေကို
ပျို့ ပုံသဏ္ဍာန်နဲ့ ရေးဖွဲ့လို့ မရတဲ့အတွက် ရှင်ငြိမ်းမယ်က
ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောင်းမတို့လေ လို့
ဘေးက ကောက်စိုက်သမအချင်းချင်းကို တပြီး ပြောလေဟန်
အရေးအဖွဲ့ အဖြစ် အိုင်ချင်း ဆိုတဲ့ ပုံသဏ္ဍာန်အသစ်နဲ့
ရေးဖွဲ့ခဲ့တယ်၊
ဒီလိုပဲ ထန်းတက်သမားအကြောင်းပြောချင်လို့ ဝန်ကြီးပဒေသ
ရာဇာက တျာချင်း ဆိုတဲ့ အရေးအဖွဲ့ကို တီထွင် ဖန်တီးပြီး
လယ်သမား၊ ထန်းသမား၊ ပိန်းကောလှေငယ်ရှင်၊ တောင်ပိုင်
တက်သမားတွေအကြောင်း ရေးဖွဲ့ ခဲ့တယ်။
ဒီလိုပဲဦးကြီးတို့ ဦးကျော့တို့ရဲ့ထက်ဆင်နီရောင် ချည်စိမ်းပေါင်
နဲ့ ရေခပ်လမ်းမှာ စခန်းသင့်နေတဲ့ ဘယ်မြို့ပုံ သာချင်သော
ရယ်လို့ ပြောရမယ့် ကျေးတောသူလေးကို ချစ်ရမယ်၊
ပြောစမှတ်ဆန်းတဲ့ တောဒဟတ်ပန်းကို နမ်းရမယ်၊
စောင်းလျားခြံရှေ့ ကျဉ်းမြောင် ကွေ့မှာ နေဝင်ကျော် အချိန်
လေးမှာ ပခုံးကို ဖက်ပြီး ငိုနေတဲ့ ချစ်သူနှစ်ယောက်ကို
လွမ်းရမယ်ပေါ့။
ဒီအချစ် အလွမ်းတွေထဲကနေ စာဖတ်သူရဲ့ ဉာဏ်ကျယ်ရင်
ကျယ်သလောက် ညောင်ရမ်း၊ အမရပူရ၊ ကုန်းဘောင်ခေတ်ရဲ့
ကြေးမုံပြင်ကျယ်ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
ဒီအထဲကနေ ခေတ်အဆက်ဆက်ကို ဖြတ်ပြီး သူ့ အလွမ်းတွေ
ကိုသယ်ဆောင်နေတဲ့ ချစ်စရာ မိန်းမပျိုလေးတွေကတော့
ကျွန်တော့်ရဲ့ အချစ်ဆုံး ချစ်သူလေးတွေလို့ဆိုပါရစေ။
ဒီထဲက ဦးယာရဲ့ ဟက်လက်ကယ်တဲ့ ဟာလာ ထဲမှာ
ပျို့ကဗျာထဲက love seen ဆိုတဲ ချစ်ခန်းကြိုက်ခန်းတွေကိုပဲ
ရွေးဖတ်နေတဲ့ ချစ်သူလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဟက်လက်ကယ်တဲ့ ဟာလာ။ ။
အသည်းလှိုက်ဆူ မယ့်ကြင်သူငယ်ကြောင့်၊
လွမ်းပူဆာလို့လေ။
ပြီးတော့တာပါပဲ ငါ့ဝမ်းပူဆာ မနေသာက ဦးယာလက်ထဲမှာ
ငါ့အလွမ်းပူဆာ သွားတော့တာပဲ။ ဒီလို အလွမ်းတွေ တောက်
လောင်နေရတာ သူ့ရဲ့ ကြင်နာရသူ၊ ချစ်ရသူကြောင့်ပါပဲတဲ့။
အသည်းထဲကတောင် လှိုက်ဆူအုံကြွပြီးလွမ်းနေရပုံကို ကမ်း
ကုန်အောင် ဦးယာဖွဲ့လိုက်ပုံက ဟက်လက်ကယ်တဲ့ဟာလာတဲ့။
အလွမ်းတွေနဲ့ချည်း လွင့်မျောနေပါတယ်လို့ပြောတာပါ။
ရင်ထဲမှာ အလွမ်းကလွဲလို့ ဘာမှ မရှိတော့ဖူးတဲ့။
ဟက်လက်ကယ်တဲ့ဟာလာ လို့ ဖွင့်လိုက်ကတည်းက
သူ့အလွမ်းကို မြင်အောင်ပြပြီးသားပါ၊
ရင်ထဲမှာ ဟာ နေတာပဲတဲ့ ဟက်လက် ဆိုတာတော့ ဦးယာ
တစ်ကိုယ်တည်းပိုင်တဲ့ စကားလုံး ဖြစ်ပါလိမ့်မယ် ဟာလာနဲ့
တွဲသုံးဖို့ ဟက်လက် ကို သူထွင်ပုံ ရပါတယ်။
ဒါပေမယ့် မြင်နိုင်သားပဲ ဟက်လက်ကယ်တဲ့ဟာလာ တဲ့၊
၁၇၇၆ ခု ကာလဆီက စကားလုံးက အခုထိလည်းခေတ်မီတယ်၊
ရင်ဗလာဖြစ်နေရတဲ့ အဖြစ်ကိုလည်း ပေါ်အောင် ပြသွားတဲ့
စကားလုံးထဲမှာ သူ့မှီတာ တစ်ခါမှ ကိုယ်တော့မတွေ့ဖူးပါလို့
ပြောရမှာပါပဲ။
တကယ့် အလွမ်းမှန် အလွမ်းသန်ပါလို့ ပြောရမယ့်အပြင်
ဦးယာချဉ်းကပ်ပြီး ပြတော့မယ့် Passion ဆိုတဲ့ တပ်မက်မှု
ပါတဲ့ ချစ်ခြင်းနဲ့အလွမ်းကိုလည်း မြင်ရပါတော့မယ်လို့သာ
ပြောချင်တော့တာ ပါပဲ။
ကုမ္မာဘယ ပျို့ယဉ်ရွကို၊ စိတ်မှပြေစေ၊
နှင်းရည်ပန်းသတ်၊ စက်ယာထပ်မှာ၊
ဘတ်လို့နေသည်၊
ရှာဖွေထူးဆန်း၊ သနားစရာ၊ လိုက်၍ရှာသည်၊
ကျောက်ဖျာခန်းမှာ၊ ရွှင်လန်းမောင်နှံ၊ ပျော်ကြဟန်ကို၊
တွေ့ပြန်တည့်ခါ၊ ရင်ခေါင်းဆို့မျို့၊ လွမ်းသစ်ကယ်ဖို့လို့၊
သည်ပျို့စာသည်၊ အသာလွတ်လို့ ကျတော့တယ်။ ။
မနက်စောစော ကျတဲ့ မျက်ဖျား နှင်းလေးတွေကို စုထားတဲ့
နှင်းရည်၊ ပန်းဝတ်ဆံလေးတွေနဲ့ အမွှေးနံ့သာတွေပေါင်းထားတဲ့
ပန်းပေါင်းဆီလေးတွေ ဆွတ်ဖျန်းထားတဲ့အိပ်ယာပေါ်ကနေ
စာဖတ် နေတာပါ။ ကုမ္မာဘယပျို့ကို ဖတ်နေတာတဲ့။
ကုမ္မာဘယပျို့က ၁၇၅၅ခုနှစ် မှာ ကွယ်လွန်သွားခဲ့တဲ့ဝန်ကြီး
ပဒေသရာဇာ ရေးသွားခဲ့တာပါ၊ ဝန်ကြီးရေးဖွဲ့ခဲ့တဲ့
သူဇာပျို့ဟာ မြန်မာစာပေသမိုင်းမှာ စာနုကိုလည်းမချစ်နှင့်
သူဇာကိုလည်း မပစ်နှင့် လို့ကျော်ကြား လှပါတယ်။ ဒီတော့
ဝန်ကြီးရဲ့ ကုမ္မာဘယပျို့ကိုလည်း မှန်းဆ ကြည့်နိုင်ပါတယ်။
အခုလည်း ဝန်ကြီးပဒေသရာဇာရဲ့ ကုမ္မာဘယပျို့ကို ဦးယာ
ပြောပုံက ကုမ္မာဘယ ပျို့ယဉ်ရွ တဲ့ ဦးယာရဲ့ အဲချင်းထဲက
မိန်းမပျိုလေးက ကုမ္မာဘယပျို့ကို ဖတ်နေတာက ရိုးရိုးဖတ်
နေတာ မဟုတ်ဖူး Love Seen တွေပဲ ရှာဖတ်နေတာလို့
ပြောထားတာပါ၊ ရှာဖွေထူးဆန်း သနားစရာ လိုက်လို့ရှာ
သည်တဲ့ သူပဲ ချစ်ခန်းကြိုက်ခန်းတွေ ကို ကျော်ကျော်ပြီး
ဖတ်နေပြီးတော့
ကျောက်ဖျာခန်းမှာ၊ ရွှင်လန်းမောင်နှံ၊ ပျော်ကြဟန်ကို၊
တွေ့ပြန်တည့်ခါ၊ တဲ့
အဲလိုဖတ်ပြန်တော့လည်း ကိုယ့်အဖြစ်ကို ကိုယ်သတိရပြီး
အလွမ်းတွေက အသစ်အသစ်တွေပဲ ထပ်ပြီး တိုးလာတော့
တာပါပဲတဲ့
ရင်ခေါင်းဆို့မျို့၊ လွမ်းသစ်ကယ်ဖို့လို့၊
သည်ပျို့စာသည်၊ အသာလွတ်လို့ ကျတော့တယ်။ ။
အဲဒီအလွမ်းသစ်တွေကကြောင့် စိတ်က အလွမ်းဖိစီးတာကို
မခံနိုင် တော့ပဲ ဘာမှမသိချင်တော့တဲ့ အဖြစ်က ဖတ်နေတဲ့
ကုမ္မာဘယပျို့ကို လက်ကနေတောင် လွတ်ကျပါသတဲ့။
ဘယ်နှယ့်ငယ်မှဆုံးတိုင်၊ မသိနိုင်ဖူး၊
ကလိုင်လှိုက်ဖို၊ ပြောလို့ပြီးမှ၊
ဟိန်းသာချသည့် ကျွန်မကိုယ်ကို
အလို မြင်ပတဲ့ ပါစမ်း။
ဒီအလွမ်းဝေဒနာကလည်း ဘယ်လိုဆုံးနိုင်ပါ့မယ်မသိနိုင်ပါ
ဖူးတဲ့ ပြီးတော့လည်း ဟာနေတဲ့ရင်ထဲက အလွမ်းကို ဟီးချလို့
ညည်းပြီး ပေမယ့်လည်း မဆုံးနိုင် မပြီးနိုင်တဲ့ သူ့ကို မြင်ကြည့်
စမ်းပါတဲ့။
နောက်ဆုံးအပိုဒ်က
ဘယ်သူမတွေ့၊ မြောက်ယောင်ကွေ့မှာ၊
မွေ့မွေ့လျော်လျော်၊ နေ့တိုင်း ပျော်သော့ခါ၊
ထိပ်ပေါ်မှာ မယ်ထားနေကျ၊ ရွှေစကားပန်းလေ။
ကဲ သူတမ်းတလွမ်းဆွတ်နေရတဲ့ ချစ်သူက ဘယ်သူမှမတွေ့
နိုင်တဲ့ မြောက်အရပ်က ချောင်ကွေ့လေးတစ်ခုမှာ နေ့တိုင်း
ချိန်းချိန်းတွေ့ နေတဲ့သူလို့ ပြောချင်တာ ဟုတ်ဟန်မတူပါဖူး၊
တွေ့တဲ့ နေ့တိုင်း ချိန်းတဲ့နေ့တိုင်းကို မွေ့မွေ့လျော်လျော် ပျော်
နေရတဲ့ တွေ့ဆုံခြင်း လို့ ပြောချင်တာပါ။
ဘယ်သူမှ မတွေ့တဲ့နေရာတဲ့၊ တွေ့တိုင်းလည်း မွေ့မွေ့လျော်
လျော် ပျော်ရတယ်တဲ့၊ တွေ့တဲ့နေ့တိုင်းလည်း သူ့အတွက်
အမြတ်တနိုးနဲ့ ထိပ်ပေါ်မှာ ထားနေကျ ရွှေစကားပန်းလေး
ပါတဲ့။ အမြတ်တနိုး ထိပ်ပေါ်မှာ ထားနေကျ ရွှေစကားပန်း
လေးဆိုတာ အသက်၊ ဒီလိုပဲ ပြောချင်ပါတော့တယ်။
ချိန်းတွေ့တဲ့အခါတိုင်း မိန်းမပျိုလေးက ပြောတဲ့
ထိပ်ပေါ်မှာ ထားနေကျ ရွှေစကားပန်း လေး ဆိုတာကိုတော
ကိုယ်တိုင် စိတ်ကြိုက် တွေးယူ ဖွင့်ဆိုကြည့်ပါလို့ တိုက်တွန်း
လိုပါတယ်။
တပ်မက်ခြင်းပါတဲ့ အလွမ်းကမှ အလွမ်းမှန်အလွမ်းသန်လို့
ဦးယာဖွဲ့ပြသွားတဲ့ အဲချင်းလေးပါလို့ ပြောချင်ပါတယ်။
လူ့စရိုက်လူ့သဘာဝ အဖွဲ့ကို အဲချင်းပုံစံထဲ လှပစွာထည့်သွင်း
ဖွဲ့ဆိုသွားတဲ့ ၁၇၈၅ မှာ ဆုံးပါးခဲ့ပြီဖြစ်တဲ့ ဦးယာ
အင်္ဂလိပ်လိုသာရေးခဲ့ကြရရင် ကမ္ဘာ့ဂန္တဝင်ထဲထိပ်ဆုံးက
ဦးယာဖြစ်မှာ အသေအချာပါ။ ။
(ဒီဇိုင်းမျိုဆွေသန်း)
၂၀၁၉၊ ဩဂုတ်လက ရေးဖူးတာကို
ပြန်ပြီးဖွင့်ဆို ရေးသားပါတယ်။
Subscribe to:
Post Comments (Atom)
-
ဓဇဂ္ဂသုတ် (ပါဠိ + အနက်) ၁။ ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌမဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ၊ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်...
-
ဂုဏ်တော် ကွန်ချာ ၁၊ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ ...
-
ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေ by ဒီဇိုင်း မျိုးဆွေသန်း အဖေဆုံးတာ ၂၀၁၃ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ညက ဆိုတော့ ၄ နှစ်ပြည့်ပြီ။ သားတွေအ...
No comments:
Post a Comment