Wednesday, November 23, 2022

မွေ့နွန်းရကန် အ‌‌‌ကြာင်း တစေ့တစောင်း

(ရွှေဒဂုံ နှင်းပွင့် နှင့် သံလျင့်နှင်းဆီ) ကျွန်တော်က စိတ်ရှုတ်ရင် စိတ်ထွေရင် ဖတ်တဲ့စာအုပ် ၂ အုပ်ရှိတယ် မွေ့နွန်းရကန်နဲ့ အိုင်ချင်း ကဗျာစုပဲ၊ အဲဒါ မန်းတလေးတက္ကသိုလ် ကျောင်းသားဘ၀ကနေ ခုထိပဲ လက်စွဲ ဆိုပါတော့။ ဒီရှေးကဗျာတွေက ကျွန်တော့်ရဲ့ အရွယ်အလိုက်၊ သိမြင် ထိုးထွင်းမှုအလိုက် အဓိပ္ပါယ် အရသာတွေကလိုက်ပြီး ပြောင်းလဲနေတတ်တာကိုး။ မွေ့နွန်းရကန်ကိုတော့ မသေခင် ရုပ်ရှင်ကို ရိုက်သွားချင် သေးတယ်လို့ ပြောပါတော့။ ဘယ်လိုပုံမျိုးလည်းဆိုတော့ ရိုမီယိုနဲ့ ဂျူလိယက်ကို New Age ပုံစံနဲ့ရိုက်တော့ လီယိုနာဒို ဒီကာပရီယိုနဲ့ ကလဲရာဒိန်းတို့ က သရုပ်ဆောင်ပြီး ဓါးတွေ နေရာမှာ သေနတ်တွေနဲ့ ဟာဝိုင်အီရှပ်အင်္ကျီတွေနဲ့ ပြောစကား ဒိုင်ယာလောဒ်တွေကရှေးယခင်ကအတိုင်း ရှေးစာတွေအတိုင်း ပြောတယ် ဒီသဘောပဲ။ မွေ့နွန်းရကန်နဲ့ ရေးဖွဲ့သူ ရွှေတောင်နန္ဒသူ အကြောင်းပြောရရင် ရှေးယခင် ရှိပြီးသား ပုံဟောင်း ၀တ္တုကို ကုန်းဘောင်ခေတ်က ရွှေတောင်နန္ဒသူက ပြန်ယူပြီး ရကန်ဆိုတဲ့ ပုံသဏ္ဍာန်အသစ်နဲ့ ရေးဖွဲ့ပြတာပဲ၊ ရွှေတောင်နန္ဒသူသာ မွေ့နွန်းရကန်ကို အင်္ဂလိပ် ဘာသာနဲ့ ရေးခဲ့ရင်ရှိတ်စပီးယားလောက်တော့ သနားတယ် ပြောလို့ရတယ်၊ အဲဒါ တကယ်ပဲ အင်တာနေရှင်နယ် အဆင့်ပဲ။ လူ့စရိုက်လူ့သဘာ၀ကို ကျွမ်းကျင်တဲ့ ရွှေတောင် နန္ဒသူရဲ့ မွေ့နွန်း ရကန်က ရွှန်းရွှန်းကို ဝေ နေတာပိုပါသေးတယ်။ အဲဒီအကြောင်းကို ခင်ဗျားနားလည်လွယ်အောင် ကျွန်တော် ပြောပြနိုင်ပါတယ်။ ရွှေတောင်နန္ဒသူရဲ့ မွေ့နွန်းရကန်အဖွဲ့အနွဲ့ကို နည်းနည်း မြည်းကြည့်ပါလား ဒဂုံနဲ့ သံလျင် မြို့ပြနိုင်ငံခေတ်မှာ ကိုယ့်မြို့ကို ကိုယ့်နိုင်ငံ လုပ်ပြီး အသီးသီးနေနေကြတဲ့ အချိန် ကာလမှာ သံလျင်ကို ကုန်ရောင်း ကုန်ဝယ်လုပ်ချင်လို့ ကုလားကုန်သည်တွေက သံလျင် ဘုရင့်ထံ လက်ဆောင်ပဏ္ဏာဆက်သဖို့လာခဲ့ကြတာ သံလျင်နန်းကို လက်ဆောင်ပဏ္ဏာ လာဆက်ပြီး တပင်တိုင် နန်းရှေ့ကဖြတ်ပြန်မယ့်သင်္ဘာစီးကုလားတွေကို တပင်တိုင် နန်းက နန်းသူတွေက မြင်ရတော့မယ်။ နှစ်မြောင်တောင်ကျင်စွယ် နားသယ်ကိုထိပြီး ဘလပွေ ဘလချာ သင်္ဘောစီး အရာကြီးတွေကိုတပင်တိုင်နန်းသူတွေ မြင်တော့ ပွက်ပွက်ရိုက်တော့တာပဲ။ အဲဒီမှာ (အလှကလေးက ရင်ဘတ်ပေါ်ကို လက်တော်ဖြင့်ဖိတဲ့ပြီး အလို ဘာတွေလဲသိ ကြောက်ပါဘိ လန့်ပါဘိ )တဲ့ မိန်းမသဘာဝ ကြောက်ပေမယ့်လည်း ဘာလဲလို့ သိချင်နေ သေးတဲ့ ရှင်မွေ့နွန်းက သဉ္ဇာလီ ညောင်စောင်းကနေ ထရ တော့မယ်။ ရကန်ဆရာ ရွှေတောင် နန္ဒသူက သူ့မင်းသမီးမွေ့နွန်းကို ထုတ်ပါတော့မယ်။ မင်းသမီးကို ပရိတ်သတ်တွေ မြင်ရမယ့်ပထမဆုံး အိုပင်းနင်ဆင်းကို ရေးဖွဲ့ထားပုံက ( သဉ္ဇာလီအခင်းနှင့် ပြတင်းတော်အဝဝယ်၊ အိပ်နိုးထမှုံတုံတုံ၊ လိမ်းသားက မကုန့်တကုန်၊ ကွမ်းယာကိုငုံလျက်မို့၊ လကျာ်ဘက်ပါးနုက စုတုတုသင့်ရုံရုံ၊ ဝတ်လဲတော်မခြုံ့တခြုံ၊ ရင်သိမ်းတော်ပန်းပျော့က လျော့တော့တော့ မလုံ့တလုံ၊ ဂန္ဓမာပန်းအနံ့က၊ သင်းပျံ့ပျံ့မထုံတထုံ၊ ကုင်္ကုံမံပန်းနံ့က၊ လန့်လှုအောင်ကြိုင်တလှိုင်လှိုင်၊ စိုင်ရှုးကြယ်ပြောင်၊ ယုဂန်တောင်က၊ ရောင်ဖြူလာနံနက်ကို၊ နှစ်ခုပြိုင်ထွက်သည့်နှယ်။) သဉ္စာလီဆိုတဲ့ ခြူးပန်းနွယ်ကနုတ်တွေနဲ့ ကုတင်ပေါ်ကနေ ပြတင်း၀ဆီကို လာနေတဲ့ မွေ့နွန်း မင်းသမီးလေးက အိပ်ယာကနိုးထလာကာစ ဖြစ်လို့ မှုံတုံတုံတဲ့၊ လိမ်းထားတဲ့ သနပ်ခါးက ညအိပ်ထားပြီးဖြစ်လို့ ပျက်ပျယ်ခဲ့ပြီဖြစ်ပေမယ့် ကျန်နေသေးတာလေးတွေက လိမ်းသားက မကုန့်တကုန်တဲ့ ကွမ်းယာကိုငုံလျက်မို့ ယာဖက်ပါးလေးက လှယုံလေး ဖောင်းနေပုံက လင်္ယျာဖက်ပါးနုက စုတုတု သင့်ရုံရုံတဲ့ (အဲဒီခေတ်က မိန်းကလေးတွေက နှုတ်ခမ်းလေးတွေနီဖို့ ဆွဲဆောင်မှုရှိယုံ ပါးလေးတွေ ဖောင်းချင်လို့ ကွမ်းယာငုံတဲ့ အလေ့အထရှိပါတယ်။) ဝတ်လဲတော်က မခြုံ့တခြုံတဲ့ လာပြီ လာပြီ၊ ရင်သိမ်းတော် ပန်းပျော့က လျော့တော့တော့ မလုံ့တလုံတဲ့ အပေါ်ကဝတ်လဲတော်ကလည်းအိပ်ယာထဲက ထ လာကာစ အတွင်းက ရင်ဘတ်ကို စည်းထားလေ့ရှိတဲ့ ပန်းပွင့်ဒီဇိုင်းတွေနဲ့ ရင်သိမ်းတော်ကလည်း လျော့တောတော့ မလုံ့တလုံတဲ့ ဒီအခြေအနေက မြင်လို့ရပါပြီ ဒါကိုရွှေတောင်နန္ဒသူက ပတ်ဝန်းကျင်အခြေအနေကိုခံစားလို့ ရအောင် ထည့်သွင်းပေးရင်း ရွှေ့ပြောင်းဖွဲ့ဆိုချက်က ကပို ကရိုနဲ့ အိပ်ယာထလာတဲ့ မွေ့နွန်းမင်းသမီးလေးရဲ့ တပင်တိုင် နန်းက သူ့အခန်းထဲမှာ ဂန္ဓမာပန်းနံ့လေးက သင်းပျံ့ပျံ့ မထုံ့တထုံနဲ့မွှေးနေတယ်၊ ကုင်္ကုံမံ ပန်းနံ့ကြတော့မှပဲ လန့်လှု အောင်ကြိုင်တလှိုင်လှိုင်မွှေးနေတယ်လို့ ဆွဲတင်လိုက်ပြီး စိုင်ရှုးကြယ်ပြောင်၊ ယုဂန်တောင်က၊ ရောင်ဖြူလာနံနက်ကို၊ နှစ်ခုပြိုင်ထွက်သည့်နှယ် ဆိုတာ မနက် မနက် နေထွက်လာတာကို ယုဂန်တောင်စွန်းကနေ ရောင်ခြည်တစ်ထောင် အလင်းဆောင်သော နေမင်းကြီး ထွက်ပေါ်လာချေပြီဆိုတဲ့ အဖွဲ့အနွဲ့ မျိုးပါပဲ။ ရောင်နီလာနေတာမျိုး မဟုတ်တော့ဘူး၊ ရောင်ဖြူလာနေပြီ ဆိုတာ နေမင်းကြီးကို မြင်နေရပြီလို့ပြောတာပါ၊ ကဲ ၂ ခုပြိုင်၍ထွက်သည့်နှယ်တဲ့။ ကျွန်တော်ပြောရတော့ ဒေါသသင့်တော့တာပေါ့ ရွေတောင်နန္ဒသူက ဘယ်နားကမှ ဒေါသမသင့်ခဲ့ပဲဖွဲ့သွား ခဲ့တာပါလို့တော့ နားလည်စေချင်ပါတယ်။ အဲဒီ ကပိုကရို မွေ့နွန်းမင်းသမီးလေးက အလို ဘာတွေလဲသိ ကြောက်ပါဘိဆိုပြီး ပြတင်းပေါက်အ၀ကနေ စပ်စုနေတဲ့ အပျိုတော် ၂ယောက်ရဲ့ ပုခုန်းပေါ်ကို လက်၂ဖက်နဲ့ဖိပြီး အပြင်ကို လှမ်းကြည့်လိုက်တာ လျော့တော့တော့ မလုံ့တလုံ ဖြစ်နေတဲ့ ရင်သိမ်းတော် ပန်းပျော့က ဘယ်လိုဖြစ်သွားတယ်မသိတော့ပါဘူး ပြတင်းပေါက်က နေမြင်လိုက်ရတဲ့ မွေ့နွန်းမင်းသမီးက နေ ၂စင်းထွက်လိုက် သလိုပဲတဲ့။ အဲဒီမွေ့နွန်းမင်းသမီးကို မြင်လိုက်ရတဲ့ လမ်းပေါ်က အရာသီ သင်္ဘောစီး ကုန်သည်ကြီး ကုလားတွေရော ဘယ်လိုဖြစ်သွားသလဲ၊ ဒီဖက်ကမ်း ရန်ကုန်က အိမ်ရှေ့မင်းသားရွှေဒဂုံ နှင်းပွင့် လေးဆီကို သံလျင်နှင်းဆီ ရှင်မွေ့နွန်းရဲ့အလှသတင်းက ဘယ်လိုရောက်လာသလဲ။ ဒီရုပ်ရှင် ကို ဆက်ရိုက်ကြမလား။ Source: Myo Swe Than

No comments:

Post a Comment