Wednesday, November 23, 2022

ချစ်တဲ့သူငယ်လေ - ရှင်ငြိမ်းမယ်

(ချစ်တဲ့သူငယ်လေ) ကျွန်တော်က ကြိုက်နှစ်သက်တဲ့ ​ရှေးစာလေးတွေကို စာအုပ်လေးတွေထဲကို ကိုယ်တိုင်ကိုယ့်လက်ရေးလေးနဲ့ ကူးယူထားလေ့ရှိပြီးစိတ်လိုလက်ရရှိတဲ့အချိန်မှာ ပြန်ပြန်ဖတ်လေ့ရှိပါတယ်။ ဒီထဲမှာညောင်ရမ်းခေတ်က ရှင်ငြိမ်းမယ်ရဲ့အိုင်ချင်း ဝန်ကြီးပဒေသရာဇာရဲ့တျာချင်း၊ ကုန်းဘောင်ခေတ်က ဦးယာရဲ့ အဲချင်း၊ ဦးကြီးတို့ ဦးကျော့တို့ရဲ့လွမ်းချင်း တွေကတော့ အနှစ်သက်ဆုံးတွေပေါ့၊ ဘာလို့ပါလည်း။ ဒီ အချင်း ကဗျာလေးတွေက ပဒေသရာဇ်ခေတ်ရဲ့ မြန်မာစာပေသစ်တွေဖြစ်သလို ခြူးပန်းခြူးနွယ်မှန်စီ ပြသာဒ်နန်းတော်ကြီးနဲ့ နန်းတော်ကြီးထဲက မင်းသား မင်းသမီးလေးတွေရဲ့အကြောင်းအရာတွေမဟုတ်တော့ပဲ ကျေးတောနေ သာမာန်ပြည်သူတွေရဲ့ဘ၀ကို ရေးဖွဲ့ ထားကြလို့ပါပဲ။ ကျွန်တော်တို့က ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်တွေက သာမာန်ပြည်သူတွေဟာ ဘယ်လို နေထိုင်ခဲ့ကြသလဲ၊ သူတို့ပျော်ရွှင်စွာ နေထိုင်ခဲ့ကြရသလား၊ စားသောက်နေထိုင်မှုတွေက ဘယ်လိုရှိခဲ့ကြသလဲ၊သူတို့ ဘယ်လိုတွေချစ်ခဲ့ကြသလဲ၊ ဘယ်လိုတွေ လွမ်းခဲ့ကြသလဲ ဆိုတာသိချင်ပါတယ်။ ဒါတွေက ပဒေသရာဇ်ခေတ်ရဲ့မင်းလိုလိုက်မင်းကြိုက် ခစားပြီး ရေးခဲ့ကြရတဲ့ ရာဇဝင်သမိုင်းတွေထဲမှာ ကျေးလက်နေသာမာန်လူထုရဲ့အကြောင်းအရာတွေကို တွေ့ရမှာမဟုတ်ပါဘူး။ ဒီ အချင်းကဗျာလေးတွေထဲမှာသာ တွေ့ရှိနိုင်တာပါ။ ဒီ အချင်းကဗျာတွေကိုက နန်းတော်ကြီးပေါ်ကခွာပြီး မြေကြီးပေါ်ဆင်းချင်လို့၊ သာမန်ကျေးတောနေသူတို့ရဲ့ အကြောင်းအရာတွေဖြစ်လို့ ဒီအကြောင်းအရာတွေက တောင်းဆိုလို့ပေါ်ပေါက်လာရတဲ့ရေးဖွဲ့မှု ပုံသဏ္ဍာန် အသစ်တွေ ဖြစ်ခဲ့လို့ပါပဲ။ ကျေးတောသူလေးတွေက လယ်ကွင်းထဲမှာ ကောက်စိုက်နေကြရင်းမောင်းထောင်းကြရင်း၊ ဗိုင်းငင်ကြရင်းနဲ့ ပြောဆိုရင်ဖွင့်နေတဲ့ သူတို့ရဲ့အချစ် ဇာတ်လမ်းနဲ့ သူ့တို့ရဲ့အလွမ်းမှန်အလွမ်းသန်ပုံတွေကို ပျို့ ပုံသဏ္ဍာန်နဲ့ ရေးဖွဲ့လို့မရတဲ့အတွက် ရှင်ငြိမ်းမယ်က ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်းယောင်းမတို့ လေလို့ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တပြီးပြောလေဟန် အရေးအဖွဲ့အဖြစ် အိုင်ချင်းဆိုတဲ့ ပုံသဏ္ဍာန်အသစ်နဲ့ရေးဖွဲ့ခဲ့တယ်။ ဒီလိုပဲ ထန်းတက်သမားအကြောင်းပြောချင်လို့ ဝန်ကြီးပဒေသရာဇာက တျာချင်းဆိုတဲ့ အရေးအဖွဲ့ကို တီထွင်ဖန်တီးပြီးလယ်သမား၊ ထန်းသမား၊ ပိန်းကောလှေငယ်ရှင်၊တောင်ပိုင်တက် သမားတွေ အကြောင်းရေးဖွဲ့ ခဲ့တယ်။ ဒီလိုပါပဲဦးကြီးတို့ဦးကျော့တို့ရဲ့ထက်ဆင်နီရောင် ချည်စိမ်းပေါင်နဲ့ရေခတ်လမ်းမှာစခန်းသင့်နေတဲ့ ဘယ်မြို့ပုံသာချင်သောရယ်လို့ပြောရမယ့် ကျေးတောသူလေးကိုတွေ့ရမယ်၊ ပြောစမှတ်ဆန်းတဲ့တောဒဟတ်ပန်းကိုနမ်းရမယ်၊ စောင်းလျားခြံရှေ့ကျဉ်းမြောင်ကွေ့မှာ နေဝင်ကျော် အချိန်လေးမှာ ပခုံးဖက်ငိုနေတဲ့ ချစ်သူနှစ်ယောက်ကိုတွေ့ရမယ်ပေါ့။ ဒီအချစ်အလွမ်းတွေထဲကနေ စာဖတ်သူရဲ့ ဉာဏ်ကျယ်ရင်ကျယ်သလောက်၊ ဥာဏ်စေစားပြီး သွားနိုင်ရင်သွားနိုင်သလောက်ညောင်ရမ်း၊ အမရပူရ၊ ကုန်းဘောင်ခေတ်တို့က လူ့အဖွဲ့အစည်းရဲ့အရိပ်ထင် နေတဲ့ ကြေးမုံပြင်ကျယ်ကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီအထဲကနေ ခေတ်အဆက်ဆက်ကိုဖြတ်ပြီး သူ့အလွမ်းတွေကို သယ်ဆောင်နေတဲ့ ချစ်စရာမိန်းမပျိုလေးတွေကတော့ ကျွန်တော့်ရဲ့အချစ်ဆုံးချစ်သူလေးတွေလို့ဆိုပါရစေ။ အိုင်ချင်းကဗျာရဲ့စရိုက်လက္ခဏာ ကာရိုက်တာကိုက မိန်းကလေးအချင်းချင်းကိုယ့်အကြောင်း၊ ကိုယ့်ချစ်ဒုက္ခလေးတွေကိုရင်ဖွင့်ပြီး ပြောပြလေ့ရှိတဲ့ ပုံသဏ္ဍန်ဖြစ်တယ်။ ဒါ့ကြောင့် ကဗျာအဖွင့်မှာကိုက ချစ်တဲ့သူငယ်လေသူငယ်ချင်းကောင်းယောင်းမတို့လေလို့ အာလုပ်စကားလေးနဲ့စပါတယ်၊ သဘောကတော့ ကောင်မရယ်ငါ့အဖြစ်ကိုကြည့်ပါဦးဟယ် ပေါ့။ ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောင်းမတို့ရှင်။ မိ ကိုလွမ်းလည်း၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့် ပြေဖူးငဲ့ရှင့်။ ဖ ကိုလွမ်းလည်း၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့် သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့် ပြေဖူးငဲ့ရှင့်။ မယ်နှမ မောင့်ကိုလွမ်းတော့၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့် သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်မပြေပါလို သောက်တော်ရေအိုး ကျွမ်းထိုးကောင်နှယ် အပျိုဖြူမယ်နှမမှာလ ကြုံရတယ်ရှင်။ (ရှင်ငြိမ်းမယ်) ညောင်ရမ်းခေတ်။ သူငယ်ချင်းရယ်၊ ယောင်းမရယ် ကြည့်ပါဦးဟယ် ငါ့အဖြစ်ကို ပြောပြချင်ပါတယ်ပေါ့။ မွေးသမိခင် သူ့အမေက တစ်ရပ်တစ်ကျေး တစ်မြို့တစ်ရွာကိုသွားတုန်းကနေမှာပေါ့၊ သူ့ အမေကို အဲဒီလို လွမ်းဆွတ်ခဲ့ရတဲ့ အချိန်တုန်းက အိမ်ကဘုရားစင်မှာ သောက်တော်ရေချမ်းလဲတယ်၊ ဘုရားတင်ထားတဲ့ညောင်ရေအိုးက သပြေပန်းညှိုးရင်လဲမယ်၊ ညောင်ရေအိုးထဲကရေကို အသစ်လဲမယ်၊အိမ်မှာထားတဲ့ဘုရားစင်ကပန်းအိုးကို ညောင်ရေအိုးလို့ပဲခေါ်ကြတာကိုး၊ စတဲ့ဘုရားစင်က ကိစ္စလေးတွေလုပ်တယ်ပေါ့၊ ပြီးတော့ ဧည့်သည်လာရင်ကွမ်းစားဖို့ ဧည့်ခံ​လေ့ရှိတဲ့သဘော သဘာဝအရ ထုံးဘူးထဲမှာ ထုံးရှိသေးရဲ့လား၊ကွမ်းသီးစိတ် ကလေးတွေ ထပ်ဖြည့်ဦးမယ်၊ ကွမ်းရွက်ကလေးတွေက ညှိုးရော်နေသလား၊ ကွမ်းအစ်ကိုဖွင့်လိုက်ရင် စားဖို့အသင့် ဖြစ်အောင်အဲဒီလို ပြင်ဆင်တာကိုပြောတာပါ။ ဒီလို ဘုရားခန်းက၊ အိမ်ဦးခန်းကပြုဖွယ်ကိစ္စလေးတွေ ရောက်တတ်ရာရာလုပ်ကိုင်နေရင်း အမေ့ကို လွမ်းတဲ့စိတ်လေးတွေ ပြေပျောက်ခဲ့ဖူးပါတယ်တဲ့။ ဒါ့ကြောင့် မိကိုလွမ်းလည်း၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့် အလွမ်းပြေခဲ့ဖူးပါတယ်တဲ့။ ဒီလိုပဲ ဖခင်ကိုလွမ်းတော့လည်း သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့် အလွမ်းပြေခဲ့ဖူးပါတယ်တဲ့။ နောက်ဆုံး အပိုဒ်ကြတော့ မယ်နှမ မောင့်ကိုလွမ်းတော့၊ သောက်တော်ရေချမ်း၊စားတော်ကွမ်းနှင့် သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနဲ့အလွမ်းမပြေတော့ပါဘူးတဲ့၊ သောက်တော်ရေအိုး ကျွမ်းထိုးကောင်နှယ်အပျိုဖြူမယ်နှမမှာ ကြုံရပါပြီတဲ့။ အလွမ်းမှန် အလွမ်းသန်ကလေးကိုမြင်ရပြီ။ အဖေအမေ မဟုတ်တော့ဘူး၊ မောင်ကလေးမောင့်ကိုလွမ်းတော့၁၅၀၀ ပေါ့၊ ချစ်သူရည်းစားကိုလွမ်းရတော့ ခါတိုင်းလို သောက်တော်ရေချမ်း စားတော်ကွမ်းတွေ ပြင်ဆင်လုပ်ကိုင် နေလို့လည်း အလွမ်းကမပြေတော့ပါဘူးတဲ့။ သောက်တော်ရေအိုးထဲက ကျွမ်းထိုးကောင်လေးလို ကြုံရပါပြီတဲ့။ တွန့်လိမ်ကောက်ကွေးနေအောင် သတိရတယ်ဆိုပါတော့။ မြင်ရသားပဲ ယောက်ယက်ခတ်နေရတဲ့ သူ့အဖြစ်လေးကို၊ အဖေအမေ့ကို အလွမ်းနဲ့ ချစ်သူရည်းစားကို လွမ်းရတာ ဘယ်တူပါ့မလဲ၊ ရှင်ငြိမ်းမယ်က အများကြီးဖြန့်ထွက်မတွေးခိုင်းပါဘူး ပြခဲ့ဖူးတဲ့ဥပမာ သောက်တော်ရေအိုးထဲက ကျွမ်းထိုးကောင်လေးရဲ့လူးလွန့်လှုပ်ရှားတွန့်လိမ်လျက် အပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြစ်နေတဲ့ ယောက်ယက်ခတ်မှုလေးနဲ့ မိန်းမပျိုလေးရဲ့ အလွမ်းကိုထင်ရှားပြလိုက်တယ်။ သူ့တွေးထောင့်က လှတယ်။ ရင်ဘတ်လေးကိုဖိပြီး သောက်တော်ရေအိုးထဲက ကျွမ်းထိုးကောင်လေးကို ငုံ့လျက်ငေးကြည့်နေရင်း ငါ့နှယ် အဖြစ်ချင်းတူလိုက်တာဟယ်ဆိုတဲ့ ညောင်ရမ်းခေတ်က အလွမ်းသည်လေးကိုတွေ့ပါတယ်။ ညောင်ရမ်းခေတ် ရှင်ငြိမ်းမယ်ကသာပါတယ်၊ အခုခေတ်မော်ဒန်ကဗျာမှာ တွေးထောင့်ကအရေးပါတယ်လို့လဲ ပြောနေကြတာကြားဖူးပါရဲ့။ ပုဂံခေတ်ကလည်း အောက်ဆီဂျင်ရှိပါတယ် အိုတူးလို့ မခေါ်ခဲ့ကြသလိုပေါ့၊ ညောင်ရမ်းခေတ်မြန်မာစာပေကလည်း အခုထိမော်ဒန် ဖြစ်ပါတယ်၊ မော်ဒန်လို့မခေါ်ခဲ့ကြလိုပါ။ ရှင်ငြိမ်းမယ်တဲ့၊ သောက်တော်ရေအိုးကျွမ်းထိုးကောင်နှယ်တဲ့။ ချစ်ခင်စွာဖြင့် (ဒီဇိုင်းမျိုးဆွေသန်း) ဦးမိုးယဉ်၊ ကိုငြိမ်းအေး၊ကိုမိုးဝေး၊ ကိုမြတ်ဝေ၊ ကိုဘီညိုနဲ့ ချစ်တဲ့သူငယ်လေ များသို့။

No comments:

Post a Comment