Tuesday, November 8, 2022

ဆင်လည်းပစ်သလို ကြာဇံသုတ်လည်း ရောင်းတဲ့သူ

သူက စိတ်ဝင်စားဖွယ်ကောင်းတဲ့သူ.. ဘုန်းကြီးကျောင်းသား စားပွဲထိုးဘဝကနေ ဟိုတယ်၊စားသောက်ဆိုင်၊ဆောက်လုပ်ရေး၊သစ်လုပ်ငန်း၊ယာဉ်လုပ်ငန်း၊ရတနာ၊ မြေ၊ ဓါတ်ဆီဆိုင်လုပ်ငန်းတွေနဲ့ အောင်မြင်သူ...ကံ ဉာဏ် ရှိလို့ ဒီဘဝ ရောက်လာတာ .. သူ့ဝန်ထမ်း ငါးထောင်လောက်ရှိမည်ထင်.. တပည့်ရှားပြီးတပြားမှမရှိတဲ့ ဘုန်းကြီးကျောင်းသား၊ စားပွဲထိုးကနေ...ဒီဘဝ ရောက်ဖို့မလွယ်လှ..သူကလည်းဘဝအဟောင်းကို ကြွားကြွားဝံ့ဝံ့ နေ့တိုင်းရေရွတ်နေသူ.. မိုးကုတ်ဦးမြမောင်ထက် ပိုမချမ်းသာရင်သာနေမယ်.. လူ့စရိုက်ချင်း ယှဉ်နိုင်လောက်ပေတယ်..ငွေကို လေလိုသုံးသူ... ကျွန်တော်သူ့ကိုစိတ်ဝင်စားတယ်.. သူနဲ့ ကျွန်တော်ကြား ဘာ အပေးအယူမှမရှိ.. ခင်မင်ယုံသာ... ကျွန်တော်က သွားသွားအလှုခံတာပဲရှိတယ်.. သူကလည်း ကျွန်တော့်ထက်ချမ်းသာတဲ့ သူဋ္ဌေးတွေကြား.. ကျွန်တော့်တော့ခင်တယ်.. တနေ့ ကျွန်တော်မေးကြည့်သည်.... အကိုကြီးက အောင်မြင်တဲ့လုပ်ငန်းရှင်.. ကျွန်တော့်ထက်အများကြီးအောင်မြင်တယ်.. ကျွန်တော်နဲ့ အကိုကြီးနဲ့ရုန်းကန်ခဲ့ပုံခြင်း ဆင်တယ်ထင်တယ်..အကိုကြီးကျွန်တော့်စာဖတ်နေတဲ့လူငယ်တွေကို ကိုဘာပြောပေးနိုင်မလဲ လို့မေးလိုက်တယ်.. ကလေးတွေအတွက် အကို့စီးပွားရေး အယူအဆ သို့မဟုတ် အောင်မြင်လာပုံ ပြောပါ့လားဗျာ... ကျွန်တော်ရေးချင်လို့ လို့... ဆိုတော့ မင်းကွာ ငါက ဓါတ်ပုံတောင်အရိုက်မခံတာ... ပြောချင်ပါဘူး တဲ့... တခုတော့ပြောပါဗျ.. အကိုကြီးက စကားပြောကောင်းတယ်..ဆိုတာ့ သူစဉ်းစားတယ်.. ပုံမှန်ဆို ဒီလိုတောင်းရင်ပြောမှာမဟုတ်ဘူး...အခုတော့ နှစ်ယောက်သား ဝိုင် နှစ်လုံး ဆေးပြင်းလိပ်နှစ်လိပ် ကုန်ပြီ.. အဲ့ဒီကျမှ သူက .. အေး တခုတော့ပြောမယ်ကွ ... မင်း ပြောတဲ့ မင်းစာဖတ်တဲ့ ကလေးတွေကိုပြောလိုက် .. ငါ့နံမည်မထည့်နဲ့ တဲ့ .. စီးပွားရှာရာမှာ နည်း နှစ်နည်းရှိတယ်.. ဆင်ပစ်မှာလား... ကြာဇံသုတ် မှာလား မေးလိုက်..ဆင်ပစ်တယ် ဆိုတာသိလား ဆိုတော့ ကျွန်တော်ခေါင်းခါပြတယ်.. မင်းကလည်းကွာ... ဆင်ပစ်ဖို့ ငါတို့ဆီမှာတော့ ပြောင်းရှည်တူးမီးသေနတ်လိုတာပေါ့ကွာ... တူးမီးသေနတ်ကို လေ့ကျင့်ရတယ်.. ဘယ်ကိုက်အကွာအဝေးကို ပစ်မလွဲ ထိအောင်ပစ်နိုင်သလဲ အကြိမ်ကြိမ်ကျင့်ရတယ်.. လေ အစုန် အဆန် နားလည်ရတယ်.. ဆင်ဖမ်းရင် လေအောက်က မဝင်ရဘူး... လေ အကြောင်းနားလည်ရတယ်.. တောအကြောင်းနားလည်ရတယ်.. ဆင်အုပ်အကြောင်းနားလည်ရတယ်..အကြိမ်ကြိမ်လေ့လာရတယ်..... လေညှာကနေ ဆင် ကို သေချာချိန်..နားထင်နေရာချိန်...ငြိမ်နေရမယ် မလှုပ်နဲ့..ဟိုးက မြက်တောထဲဆင်.. အေး... ပစ်ပြီဆိုရင် မင်းသေချာတွက်ချက်ပြီးပြီ ထိပြီ လို့မှတ်မှ မောင်းဆွဲဖြုတ်... ဒိုင်း ဆို သူ့ကိုမှန်ရင် ဆင်က ချက်ခြင်းမသေဘူး...သေနတ်ဘယ်ကလာသလဲ ကြည့်လိမ့်မယ်... ဆင်က တခြားသတ္တဝါနဲ့ မတူဘူး.. အသိဉာဏ်ကြီးတယ်.. ထွက်မပြေးဘူး... မင်းကို ချဖို့ပြေးလာမှာ... ကိုယ်တွက်ချက်ထားမှာက ကိုယ်နဲ့ ကိုက် တရာမှာ လဲရမယ်.. ပြောင်းကို ပုခုံးပေါ်တင်ပြီး ပြေးလာတဲ့ဆင်ကိုအရသာရှိရှိကြည့်... မင်းတွက်ကိန်းမှန်ရင်၊ မင်းပစ်တာ ထိချက်မှန်ရင် ကိုယ့်ဆီပြေးလာတဲ့ဆင်.. ကိုက်တရာမှာ ဘိုင်းကနဲ လဲ ကျသွားလိမ့်မယ်.. မင်းထိချက်မမှန်ရင် မင်းပြေးလို့မလွတ်ဘူး... တူးမီးသေနတ်ထဲ ယမ်းထပ်သွင်းဖို့ အချိန်မရဘူး..ဒီတော့ ဆင်ပစ်မှာလား... သေချာလား... သေချာမှ ဆင်ပစ်ကွ... စီးပွားရေးလည်းအဲ့လိုပဲ .. အကြီးကြီးထိချင် သေချာလေ့ကျင့်၊အကြိမ်ကြိမ်ကြိုးစား၊ အကြိမ်ကြိမ်ပြင်ဆင်.. ပြီးရင် သေချာမှ လုပ်... ဆင်ဆိုတာ ခဏ ခဏ ပစ်လို့မရဘူး...သူ့အသက် ကိုယ့်အသက် လဲရတာ.. စွန့်လုပ်ရတာ.. သေချာသက်လုံကောင်းအောင်ပြင်ထားမှ... အေး..ဆင်ရပြီဆိုရင် အစွယ်၊ အရေ၊ အသား၊ အရိုး၊ အမြှီး အများကြီးရလိမ့်မယ်... ဘဝ မှာ ဒီအလုပ်ဟာ ငါ့ဘဝ ပြောင်းသွားနိုင်တယ် ဒါမရရင် သွားပြီ ဆိုတဲ့ ကိစ္စမျိုးတွေပေါ်လာတဲ့အခါ ဆင်ပစ်သလိုပဲ.. သေချာတွက်ချက်ပြင်ဆင်ပြီး မှ ပစ်ရတယ်.. ကိုယ့်ထက်အင်အား အဆ တရာလောက်ကြီးတဲ့ ဆင်ကြီး ကိုယ့်ရှေ့ ဘိုင်းကနဲ လဲစေချင်ရင် တော့ ပြင်တတ်မှပေါ့ကွ.. နောက်တနည်းက ကြာဆံသုတ်နည်း... မင်းကြာဇံသုတ်စားဖူးတယ်မို့လား... စားဖူးတာပေါ့အကိုကြီးရ.. အေး .. ကြာဇံသုပ်ရင် ကြာဇံလေးကိုပြုတ်.. မဆတ်မပျော့အောင်ပြုတ်.. ဆနွင်းလေးနဲ့ ကြက်သွန်ဖြူလေးနဲ့ ဆီချက်လေးချက်... မတူးစေနဲ့... ဆီချက်ဆီလေးနည်းနည်း၊ ဆားလေးနဲနဲ၊ ပဲမှုန့်လေးကို ကျက်အောင်လှော်၊ မတူးစေနဲ့ သေချာလှော်... ကြက်သွန်ဖြူ နီလေးနည်းနည်း.. ဂေါ်ဖီထုတ်လေးနည်းနည်း၊ အာလူးနည်းနည်း.. အချိုမှုန့် အသားမှုန့် ဒါမှ မဟုတ် သကြားလေးနည်းနည်း၊ ဆားလေးနည်းနည်း ငံပြာရည်လေးနဲနဲ ..မင်းအကုန်စပ်ပြီး သေချာနှံအောင်နယ်... မြည်းကြည့်.. လိုတာထည့်..စားကြည့်... ကောင်းလား.. အေး... ကောင်းရင်လာစားကြလိမ့်မယ်..မင်း အစပ်အဟပ်တည့်မှ ရောင်းရမယ်... မင်း ချိုစေချင်လွန်းလို့ စေတနာပိုပြီး အချိုတွေ စွတ်မထည့်ရဘူး.. တခူခုပိုလွန်းသွားရင် ပျက်သွားရော.. ကြာဇံဖတ်တွေအများကြီးထည့်ရင် စားမကောင်းဘူး..ဒါပဲကွ.. စီးပွားရေးမှာလည်း စပ်တတ်ရတယ်... တောင်လုပ်မြောက်လုပ် မရဘူး.. အစပ်အဟပ်ညီမှ..ကျင့်ထားမှ.. တခါတခါကျ တချို့ က အမြင်နဲ့စားလိမ့်မယ်... ကိုယ့်အသုတ်ကလေးက အမြင်လှလို့ လာစားတဲ့လူတွေ..စားတဲ့အခါ အရသာလည်းရှိမှ.. ဒါမှပြန်လာမှာ.. အမြင်တော့လှပါရဲ့.. ချိုပါစေတော့ ဆိုပြီး သကြားတွေ နင်းထည့်လို့မရဘူး.. ဟိုက နောက်လာမှာမဟုတ်တော့ဘူး.. တောင်ပြောမြောက်ပြော မဟုတ်က ဟုတ်က လုပ် ဆိုရင် အမြင်ကြည့်ပြီး လာစားတဲ့ပရိဿတ်လို တခါပဲစားလိမ့်မယ်..အချိုမှုန့်တွေ များတဲ့ ဆိုင်လိုပဲ.. နောက်လာမစားတော့ဘူး..အရာရာ အစပ်အဟပ်တည့်မှ စားကောင်းတာ..စေတနာနဲ့ ငံမှာစိုးလို့ ဆားလျော့လို့မရသလို ပိုလို့လည်းမရဘူး.. အလုပ်ထက်အပြောများတဲ့လူတွေက အချိုမှုန့်သိပ်များသွားသလိုပဲ .. တခါပဲ..အရသာရှိပြီး အမြင်မလှလည်း ရောင်းမကောင်းဘူးကွ.. သန့်သန့်ရှင်းရှင်း လှလှပပ အစပ်အဟပ်တည့်တည့် လုပ်နိုင်မှ.. စီးပွားရေးမှာလည်း အဲ့လိုပဲ... မဟုတ်က ဟုတ်က ပြော မဟုတ်က ဟုတ်က လုပ်ရင် တကြိမ်ပဲ.. ကြာကြာမခံဘူး.. အပြော၊ အလုပ်၊ အားထုတ်မှု၊ ကြော်ငြာ၊နေရာ၊အချိန် အစပ်အဟပ်တည့်တည့်လုပ်တတ်အောင်လေ့ကျင့်ထား၊ တခု ပိုသွားရင် ပျက်တတ်တယ်.. လူဆိုတာ တယောက်နဲ့တယောက် တစီးပွားနဲ့ တစီးပွား .. ဘယ်သူ က အချို့မှုန့်များတယ်၊ ပဲမှုန့်များတယ်၊ ဘယ်သူက ဆားငံတယ် ဆိုတာ ကြာရင် သိလာ ကြတာပဲ.. ကိုယ့်ဘဝ ကိုယ့်အလုပ် ကို ကြာဇံသုတ်ကောင်းကောင်းလို နေတတ်ထိုင်တတ်မှ ဝယ်သူလာမယ်... အေး...အဲ့လိုရေးလိုက်... ငါ့နံမည် မထည့်နဲ့.. သူက ဆင်လည်းပစ်သလို ကြာဇံသုတ်လည်း ရောင်းတဲ့သူ.. source: Kyaw Swar Min FB

No comments:

Post a Comment