Wednesday, November 23, 2022

နံ့သာလိမ်းကွက် လရောင်ပြက်မှာ ဦးကြီး(ကုန်းဘောင်ခေတ်)

(နံ့သာလိမ်းကွက် လရောင်ပြက်မှာ) ခါတစ်ခေါက် ရွာရောက်ကယ်လှမ်းခဲ့ပ၊ သာတမ်းဖြင့်ရှိစေတော့၊ အမိတို့ တောရွာအိမ် သည်ချိန်ကို ပဲစဉ်အောက် လပြောက်မှာ ဗိုင်းငင် ရွှေရင် အင်္ကျီသိုင်းလို့၊ တပိုင်းကပိုကရိုနှင့်၊ အစ်ကိုကို ပန်းပြလိုက်မယ်လေး။ တစ်ဖက်ကယ်မှောင်ကာ တစ်ခြမ်းဟာမှာ နံ့သာလိမ်းကွက် လရောင်ပြက်မှာ အသက်ကယ်နှင်းဆောင်၊ နွားခွံခင်းတဲ့ တန်လင်းပြောင်ဝယ်၊ ရိပ်ယောင်မထင် လူခြေတိတ်ကိုမှ၊ ရွှေလိပ်ပြာရွှင်စေ့မယ်၊ ဦးရင်တို့ မြို့သူလို တို့တောမူ တယ်မကြမ်းပါဘူး၊ ခြေရေကုန် လည်ဆံကမ်းချိန်မှ ဖမ်းပါ့မယ်လေး။ ဦးကြီး(ကုန်းဘောင်ခေတ်) တောဓလေ့။ သူ့ရွာကိုတစ်ခါ တော့ လာခဲ့ပါတဲ့။ သာတမ်းဖြင့်ရှိစေတော့ ဆိုတာက သူ့ရွာက သိတ်သာယာလှပါတယ်၊ အဲဒါကို ပြောမနေပါနဲ့တော့တဲ့။ ကြည့်ရတာ ရွာသာယာပုံထက် သာယာတာရှိသေးတယ်လို့လည်း ပြောချင်ပုံပါပဲလို့လည်း တွေးမိပါတယ်။ အမိတို့ တောရွာအိမ် သည်ချိန်ကို ပဲစဉ်အောက် လပြောက်မှာ ဗိုင်းငင် သည်ချိန်ဆိုရင်တဲ့ တောရွာက သူမအိမ်က လရောင်ပျိုးပြက် ကျရောက်နေတဲ့ ပဲစင်အောက်မှာ ဗိုင်းငင်နေမှာပဲတဲ့။ ရွှေရင် အင်္ကျီသိုင်းလို့၊ တပိုင်းကပိုကရိုနှင့်၊ အစ်ကိုကို ပန်းပြလိုက်မယ်လေး။ ဗိုင်းငင်နေပုံက ရွှေရင်ကိုအင်္ကျီသိုင်းလို့ တပိုင်းကပိုကရိုနဲ့ပါတဲ့။ ပြောစရာမလိုပဲနဲ့ ရွှေရင်ကို အင်္ကျီပိုင်းထားပုံက တစ်ပိုင်းတစ်စ ကပိုကရိုဖြစ်နေတဲ့ပုံလို့ ပြောလိုက်ပြီး အဲဒီပုံနဲ့ ဟန်ပြလိုက်မယ်လို့ ပြောတာပါ။ ပန်းပြတယ်ဆိုတာ ပုံစံပြခြင်း ဟန်ပြခြင်းဖြစ်ပါတယ်။ တစ်ဖက်ကယ်မှောင်ကာ တစ်ခြမ်းဟာမှာ နံ့သာလိမ်းကွက် လရောင်ပြက်မှာ တဲ့ ပဲစင်အောက် အခြေအနေက တစ်ဖက်က မှောင်နေပြီး တစ်ဖက်ခြမ်းက သနပ်ခါးနံ့သာလိမ်းကျံထားတဲ့ ပါးကွက်ဝိုင်း ပုံသဏ္ဍာန် လရောင်ပြောက်လေးတွေ ပျိုးပျိုးပြက်ပြက် ကျရောက်နေပါတယ်တဲ့။ ပဲစင်အောက်က အဲဒီအခြေအနေမှာ နွားသားရေခင်းထားပါတယ်တဲ့။ အသက်ကယ်နှင်းဆောင်၊ နွားခွံခင်းတဲ့ တန်လင်းပြောင်ဝယ်၊ ရိပ်ယောင်မထင်၊ လူခြေတိတ်ကိုမှ၊ ရွှေလိပ်ပြာရွှင်စေ့မယ်၊ အသက်ကယ်နှင်းဆောင်ဆိုတာ နွားကအသက်ပေးပြီးသေမှ ရထားတဲ့ နွားသားရေကို နွားခွံလို့ သုံးထားပြီး အဲဒီနွားသားရေကို ပဲစင် အောက်က ခုနအခြေအနေအောက်က မြေတလင်းပြောင်ပြောင်မှာ ခင်းထားပြီး အရိပ်အယောင် မထင်တော့တဲ့ လူခြေတိတ်ချိန်ရောက်တော့မှတဲ့ ဘာများလုပ်မှာပါလိမ့် ရွှေလိပ်ပြာရွှင်စေ့မယ်တဲ။ ညအချိန် ပဲစင်အောက်က တလင်းပြောင်မှာ နွားသားရေခင်း ထားပြီး တစ်ခြမ်းမှောင် တစ်ခြမ်းလရိပ်ပျိုးပြက် ကျရောက်လျက်မှာ လူရိပ်လူယောင်မမြင်ရတော့တဲ့ လူခြေတိတ်တော့မှ စိတ် ဘဝင်မှာပျော်ရွှင်စေရမယ် ဆိုတာ ချစ်မှုရေးရာကိစ္စလို့ လှလှပပပြောလိုက်တာပါပဲ။ တည့်တည့်ပြောရရင် မြေတလင်းက နွားရေခွံပေါ်မှာ ချစ်ဗျူဟာခင်း ပြမယ်လို့ပြောတော့တာပါပဲ။ ဘယ်လိုများပါလိမ့်။ ဦးရင်တို့ မြို့သူလို တို့တောမူ တယ်မကြမ်းပါဘူး၊ ခြေရေကုန် လည်ဆံကမ်းချိန်မှ ဖမ်းပါ့မယ်လေး။ ကဲ မြို့သူတွေလို တို့တောမူက သိတ်မကြမ်းပါဘူးတဲ့။ ဘယ်လိုဆိုတာ စာဆိုဦးကြီးရဲ့ တောဓလေ့ကဗျာ နောက်ဆုံး စာကြောင်းကိုပဲ ခက်ဆစ်အဖြေ ပြန်ပေးလိုက်ပါရစေ။ လည်ဆံကမ်း ဆိုတာ ကြက်ခွပ်တာပါတဲ့။ ခြေရေကုန်ဆိုတာ ခြေကုန် ရေကုန်၊ အစွမ်းကုန်ပါ။ ကြက်ခွပ်ရာမှာ ခြေစွမ်းရှိသလောက် ခွပ်တာကို ခြေကုန်အောင် ခွပ်တယ်လို့ဆိုပါတယ်၊ တစ်ကြိမ်ခွပ်ပြီးလျင် ရေတစ်ခါပေးရလို့ သုံးကြိမ်တိုင်တိုင် ခွပ်တာကို ရေကုန်အောင် ခွပ်တယ်လို့ ဆိုပါတယ်။ တို့တောမူက သိတ်တော့မကြမ်းပါဘူး သုံးကြိမ်တိုင်တိုင်ပြီးမှ ဖမ်းပါ့မယ်လေးလို့ဆိုတာတော့ ဦးကြီးရဲ့ တောဓလေ့ လွမ်းချင်းတွေကို ဖတ်ရှူသူ စိတ်မှာ မြင်ယောင်သလိုသာ ဖွင့်ဆိုခံစားနိုင်ပါတယ်လို့ ဆိုပါရစေ။ ဒီဇိုင်းမျိုးဆွေသန်း ၂၈၊ဖေဖေါ်ဝါရီ၊၂၀၂၂။ ပဲခူးမြို့၊ဦးလူနီလမ်း၊ ဗာဒံပင်အောက်။ Source (Myo Swe Than)

No comments:

Post a Comment