Friday, June 17, 2022

ကချင် ရိုးရာ Shat Jam (ရှတ်ဂျမ်) ကချင်ဒံပေါက်

ကချင် ရိုးရာ Shat Jam (ရှတ်ဂျမ်) ကချင်ဒံပေါက် အရမ်းကို စားလို့ ကောင်းတဲ့ Shat Jam တစ္ပွဲ ရဖို့ ဆိုလျှင် လိုအပ်ရာများမှာ အိမ်ကြက် ၊ ကျောက်ဖရုံသီး၊ တောင်ယာပဲ ၊ မိှုကပ်ခြောက် ၊ပဲသီး ၊ပင်စိမ်း ၊ဖက်ဖယ် ၊နံနံပင်၊ ရှမ်းနံနံ ၊ကန်စင်းရွက်၊ မျှစ်၊ ဆား၊ငရုတ် သီးခြောက် ထောင်း၊ ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ၊ Kau Hpaw( အချဉ် ဖောက်တဲ့ ကြက်သွန်ဥ ) Magram ( သစ်ဂျပိုးခေါက်မှုန့် ) Machyang (တောင်ပေါ် ငရုတ်ကောင်းမှုန့်) ထမင်း တစ်အိုး ချက်ထားပါ။ အခြားသော မိုးရာသီထွက် အရွက် ပလက် များ ဖြည့်စွတ် ထည့် လို့ ရပါသေးတယ်နော်။ ဒီနေ့ ခေတ်မှာ တော့ မြို့ ပေါ်မှာ အ ရောင် လှလှဖြစ်အောင် ဥနီတို့ ပဲ လုံးသို ့ ထည့် သုံးလာကြပါတယ်။ မျှစ်နဲ့ မတည့်တဲ့ သူတွေ တော့ မျှစ်မထည့်စားကြပါဘူး။ တောင်ပေါ်မှာက တော့ အားလုံးရှိတာ တွေ ပစ်ထည့် စားကြတာပဲ။ ပထမ ဦးစွာ တောင်ယာပဲ ကို သန့်စင်စွာ ရေဆေးပြီး ကျက် အောင် ပြုတ်ယူပါမယ်။ မပြုတ်ခင်မှာ အချိန်ရရင် ပဲကိ​ု ရေစိမ်ထားရင်တော့ ပဲ အကျက် မြန်ပါတယ်နော်။ ( ပဲပြုတ်ရည်ကို မပစ်လိုက်ပါ နဲ့နော်) တောင်ယာ ပဲပြုတ်ယူပြီး အဆင်သင့် ပြင်ဆင်ထားပါမယ်။ မိှုကပ် ခြောက်ကို မိနစ် ၃၀ ခန့် ရေစိမ်ထားပြီး သန့်စင်စွာ ဆေးကြောပြီး အမှိုက် ကင်းစင်အောင် လုပ်ပြီး ဒီလို ပြင်ဆင်ထားပါမယ်နော်။ မျှစ်ပြုတ်ကို အ နေတော် လက်နဲ့ မွှထားပါမယ်။ ကျောက် ဖရုံသီးကိုလည်း အ နေတော် တုန်းယူပါမယ် Raw ကြက်သားကို လက်နဲ့ မွ ယူ ပြီး အသားတစ်ခြား ၊အရိုးတစ်ခြား ဖြစ်အောင် ထွှင်ပါမယ်နော်။ ကြက်ရိုးကို ပဲပြုတ်ရည်ထဲ ထည့်ပြီး ၊ဆား ၊ကြက်သွန်ဖြူ ရိုက်ထည့်ပြီး ဟင်းရည် ချက်ယူပါမယ်။ ဟင်းရည်ကျက်ပြီဆိုလျှင် ပင်စိမ်းလေး ထည့်လိုက်ပါနော်။ ကောင်းမှ ကောင်း။ မွ ထားသော ကြက်သားထဲသို့ ဆားထည့်၊ပင်စိမ်း၊ဖက်ဖယ်၊ရှမ်းနံနံ၊ ငရုတ်သီးခြောက် မုန့် ၊အနည်းငယ်ထည့် ပြီး ထောင်းထည့်ပါမယ်။ အဆာပလာ အားလုံး ရော နှယ် ပြီး ကြက်သားကို ချက်ယူ ပါမယ္။ ဆီ လံုး ဝ မ ထည့္ ပါ ။ ကြက်သား ကျက်ပြီဆိုတာနဲ့ ကျောက်ဖရုံသီးထည့်ပါမယ်။ ကျောက်ဖရုံသီး မ ကျက်တကျက်ဖြစ်ပြီဆိုလျှင် ပဲသီးထည့်ချက်ပါမယ်။ ပဲသီးထည့္ၿပီး တာနဲ႔ ပဲသီးနည်းနည်း ပျော့ လာပြီးဆိုလျှင် မိှုကပ်ထည့်ပါမယ်။မှိုကပ်ထည့်ပြိီးတာနဲ့ မျှစ်ထည့်ပါမယ်။ တခု ပြီး တခု ထည့် သွားပါမယ်နော် ။တောင် ယာ ပဲ ထည့် နောက်ဆုံးမှာတော့ ကန်စင်းရွက် chying lap ၊နံနံပင် အုပ်ပြီး အားလုံးကို ဒီလို ဖြစ်အောင် ရောနှယ် ချက်ယူပြီးထမင်းပူပူလေး ထဲသို့ချက်ထားသော ကြက်သားနှင့် ရောချက်ထားသော ဟင်းကိထည့်လိုက်ပါမယ်။ ပြီးရင် Magram ( သစ်ဂျပိုးခေါက်မှုန့် ) ၊တောင် ပေါ် ငရုတ် ကောင်းမုန့် တွေကို ထည့်ပြီး ဒီလို နှယ်ပါမယ်နော်။ ထမင်းနှယ်ထားပြီးနှောက် Nbu Si လို့ ခေါ်တဲ့ သစ်ကြားသီး ကို ေလှာ်ပြီး ထည့် လိုက်ပါ နော် အဲ့ဆို ရှယ် ဖြစ်သွားပါပြီရှင်။ ကချင်ဟင်းချက်နည်း ဆိုလျှင် ဆီ မပါ သ လောက်ပါပဲ နော်။ တောင်ပေါ်ကချင် လူမျိုးများဟာ ဆီအစား Ga Lasi ဆီအစား Ga Lasi လို့ ခေါ်တဲ့ မြေပဲဆန် ကို သာ အစားထိုး သုံးစွဲလေ့ရှိတယ်လို့ လူကြီးတွေ ပြောပြလို့ သိရပါတယ်။ Shat Jam ကို တွဲဖက်စားသောက် မဲ့ငရုတ် သီးထောင်းကို တော Kau Hpaw ( အချဉ်ဖောက်တဲ့ကြက်သွန်ဥ ) ၊ ငရုတ်သီးစိမ်း မီးဖုတ်ပြီး ထည့်၊ဆားထည့် ပြီး ငရုတ်သီးထောင်း တစ်ပွဲ ပြင်ဆင်ထားပြီး.. ( မိမိ စိတ်ကြိုက် မည့်သည့် ငရုတ်သီးထောင်းမဆို ပြင်ဆင်စားလို့ရပါတယ်နော်) ကဲ ခုတော့ အလွန်အရသာ ရှိသော Shat Jam ကို သုံးဆောင်လို့ရပါပြီရှင်။ ပဲဟင်းရည်နဲ့ ငရုတ် သီးထောင်း လေး ဘေးမှာ ချ ရှယ် သုံးဆောင် လို့ရပါပြီရှင် source: fb

Thursday, June 16, 2022

ဖြစ်ခြင်း ပျက်ခြင်းကို မှန်စွာသိ

တချို့သောပုဂ္ဂိုလ်များက ပြောကြ၏။ မဂ်ဖိုလ်လိုချင်လျှင် အဘိဓမ္မာကို တတ်အောင် အရင်သင်ကြ။ ပြီးရင် မဟာသတိပဋ္ဌာနသုတ် ကိုသင်။ ဒါတွေတတ်မှ သိမှသာ မဂ်ဖိုလ်ကို ရနိုင် ရောက်နိုင်တယ်။ အဘိဓမ္မာတို့ မဟာသတိပဋ္ဌာနသုတ်တို့ကို မသင်ဘူးတဲ့သူဆိုရင် မဂ်ဖိုလ်ကို မရနိုင်တဲ့သဘောမျိုး ပြောကြ၏။ အမှန်ကား ထိုသို့မဟုတ်ပါ။ ဖြစ်ခြင်း ပျက်ခြင်းကို မှန်စွာသိလျင်ပင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ပေ၏။ သဠာယတန သံယုတ်ပါဠိတော်၊ ကိံသုကောပမသုတ်တွင် အခါတစ်ပါး မြတ်စွာဘုရား သာဝတ္တိပြည် ဇေတဝန်ကျောင်း တော်မှာ သီတင်းသုံးနေစဉ်ကာလ... တရားကိစ္စပြီးစီးပြီ ဖြစ်တဲ့ ရဟန္တာကြီး ၄-ပါးဟာ ဘုရားထံပါး ကြွလာပြီး ''တပည့်တော်တို့ဟာ မြတ်သောအကျင့်ကို ကျင့်ခဲ့ပြီးလို့ နောင် တစ်ဖန် ဇာတိပဋိသန္ဓေ နေရခြင်းဆင်းရဲ မရှိတော့ပါဘုရား '' လို့ လျှောက်တင်သံကို အနားမှာရှိတဲ့ ပုထုဇဉ် ရဟန်းလေး ကြားတော့ '' ဒီကိုယ်တော်တွေဟာ ရဟန္တာတွေပဲ'' လို့ သိသွားပါတယ် ။ ရဟန္တာဖြစ်ကြောင်း အကျင့်ကို သိလို ကျင့်လိုတဲ့ ပုထုဇဉ်ရဟန်း လေးဟာ ဘုရားရှေ့မှာ ရဟန္တာကြီးတွေကို မေးနေရင် ဘုရားကို မရိုသေရာကျမှာစိုးတာနဲ့ ရဟန္တာများရဲ့ ကျောင်းသင်္ခန်းထိ လိုက် သွားပါတယ် ။ ပုထုဇဉ်ရဟန်းက ပထမ ရဟန္တာကြီးထံ သွားမေးတယ်။ "အရှင်ဘုရား အဘယ်မျှလောက်သိလျှင် ရဟန္တာဖြစ်ပါသလဲဘုရား" ပထမရဟန္တာကြီး ပြန်ဖြေလိုက်ပုံက ယတော ခေါ အာဝုသော ဆန္ဒံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ၊ ဧတ္တာ၀တာ ခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ။ အဓိပ္ပါယ်က ဖဿဖြစ်ကြောင်း အတွင်း အာယတန ၆ - ပါးတို့ရဲ့ ဖြစ်ခြင်း ပျက်ခြင်းကို မှန်ကန်စွာသိမြင်ခြင်းဖြင့် ရဟန္တာဖြစ် ပါပြီဟု ဆို၏။ (မျက်စိ နား နှာခေါင်း လျှာ ကိုယ်ဟူသော ရုပ်ငါးပါးကိုသာရှုသည်။ ကြွင်းသောရုပ် တို့ကိုမရှု။ နာမ်တရားတို့တွင်လည်း စိတ်တစ်ခုကိုသာရှုသည်။ စေတသိက် တို့ကိုမရှု။ သို့သော် ရုပ်နာမ်အလုံးစုံကို ရှုသည် သိသည်သာ မည်၏) ပုထုဇဉ်ရဟန်းရဲ့စိတ်ထဲမှာ ဘ၀င်မကျဘူး။ အာယတန ဆိုတာ အတွင်းအာယတန (၆)ပါး၊ အပြင်အာယတန(၆)ပါး၊ ၁၂-ပါးရှိတာ။ အခုတော့ အတွင်းအာယတန(၆)ပါးထဲရှုရုံနဲ့ ရဟန္တာဖြစ်တယ်ဆိုတဲ့အဖြေကို မကြေနပ်ဘူး။ ဒါနဲ့ ဒုတိယရဟန္တာဆီ သွားမေးပြန်တယ်။ ဒုတိယရဟန္တာကြီး စွဲလန်းမှုကြောင့် ဖြစ်သော ဥပါဒါနက္ခန္ဓာ ၅-ပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို မှန်ကန်စွာသိမြင်ခြင်းဖြင့် ရဟန္တာဖြစ်တာပဲလို့ ပြောပြန်တယ်။ ပုထုဇဉ်ရဟန်းစိတ်ထဲမှာ ဘ၀င်မကျပြန်ဘူး။ ပထမကိုယ်တော်က(၆)ပါးရှုပြီး၊ ဒုတိယကိုယ်တော်က (၅)ပါးပဲရှုတယ်ဆိုတော့လေ။ စိတ်ထဲ မကြေနပ်တာနဲ့ တတိယ ရဟန္တာဆီ သွားမေးပြန်တယ်။ တတိယရဟန္တာက ယတော ခေါ အာဝုသော စတုန္နံ မဟာဘူတာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘုတံ ပဇာနာတိ၊ ဧတ္တာ၀တာ ခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ။ အဓိပ္ပါယ်က- ပထဝီ အာပေါ တေဇော ဝါယော ဓာတ်ကြီး ၄ -ပါးတို့ရဲ့ ဖြစ်ခြင်း ပျက်ခြင်းကို မှန်ကန်စွာသိလျှင် ရဟန္တာဖြစ်ပါပြီလို့ ဆိုပြန်တယ်။ ဓာတ်ကြီးလေးပါးပဲရှုတယ်။ ကျန်တဲ့ ရုပ်တွေ နာမ်တွေကို ဘာမှ မရှုတော့ဘူးဆိုတော့ ပုထုဇဉ်ရဟန်းရဲ့စိတ်ထဲမှာ ပိုတောင် မကြေနပ်တော့ဘူး။ ဒါနဲ့ စတုတ္ထရဟန္တာထံသွားမေးပြန်တယ်။ စတုတ္ထရဟန္တာကြီးက ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓ ဓမ္မန္တိ ယထာဘုတံ ပဇာနာတိ။ အဓိပ္ပါယ်က- ဖြစ်ခြင်းသဘောရှိသော တရားအားလုံးသည် ချုပ်ပျောက်ခြင်း သဘောရှိသည်ဟု မှန်ကန်စွာသိလျှင် ရဟန္တာဖြစ်ပါပြီ။ ဉာဏ်အမြင်စင်ကြယ်ပါပြီလို့ ဖြေပြန်တယ်။ ဖြစ်တဲ့တရားမှန်သမျှဟာ ပျက်တာပဲ။ ဖြစ်တာနဲ့ ပျက်တာ ဒီ(၂)ခုကိုပဲရှုလို့ ရဟန္တာဖြစ်သွားတာဆိုတာကို ပုထုဇဉ်ရဟန်းက မကြေနပ်ပြန်ဘူး။ ပုထုဇဉ်ရဟန်းစိတ်ထဲမှာထင်တာက ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် နိဗ္ဗာန်ရောက်အောင် ရှုမှတ်တဲ့နည်းလမ်းဟာ တစ်မျိုးတည်း အတူတူဖြစ်ရမယ်။ အခုတော့ ပထမကိုယ်တော်က(၆)ပါးရှုတယ်။ ဒုတိယကိုယ်တော်က(၅)ပါးရှုတယ်။ တတိယကိုယ်တော်က(၄)ပါးရှုတယ်။ စတုတ္ထကိုယ်တော်ကျတော့(၂)ပါးပဲရှုတယ်။ အရေအတွက်ဂဏန်းတွေမတူတော့ စိတ်ထဲမကြေနပ်နိုင်ဘူး။ ဒါနဲ့ မြတ်စွာဘုရားထံသွားပြီး အကြောင်းစုံလျှောက်ထားတယ်။ ထိုအခါ မြတ်စွာဘုရားက ယထာ ယထာ အဓိမုတ္တာနံ တေသံ သပ္ပုရိသာနံ ဒဿနံ သုဝိသုဒ္ဓံ ဟောတိ၊ တထာ တထာ ခေါ တေဟိ သပ္ပုရိသေဟိ ဗျာကတံ။ သူတော်ကောင်းလေးဦးတို့ ရဟန္တာဖြစ်ကြောင်း ရှုမှတ်ပုံတွေဟာ မှန်တယ်။ ပထမရဟန္တာကြီးက အာယတန(၆)ပါးရဲ့ ဖြစ်ပျက်ကို ရှုတာ ဒုတိယရဟန္တာကြီးက ခန္ဓာ(၅)ပါးရဲ့ ဖြစ်ပျက်ကို ရှုတာ တတိယရဟန္တာကြီးက ဓာတ်ကြီး(၄)ပါးရဲ့ ဖြစ်ပျက်ကို ရှုတာ စတုတ္ထရဟန္တာကြီးက သင်္ခါရတရားရဲ့ ဖြစ်ပျက်ကို ရှုတာ ဖြစ်ပျက်ရှုတဲ့သဘောချင်းက အတူတူပဲ။ ဒါကြောင့် အဖြေလေးမျိုးလုံးပင် ရဟန္တာ ဖြစ်ကြောင်း နည်းမှန်ချည်းပဲလို့ မိန့်ကြားတော်မူပါတယ်။ ရဟန္တာ ၄ - ပါးလုံးရဲ့ တူညီတဲ့ ဉာဏ်အမြင်ဟာ ဘုရားဟောနဲ့အညီ '' ဧကော ဓမ္မော '' ဆိုတဲ့ တစ်ခုတည်းသော တရား '' ဖြစ်သမျှ ပျက်ဖို့ '' ပါ ။ ဘုရားရှင်က ပုထုဇဉ်ရဟန်း ဉာဏ်ရှင်းအောင် ပေါက်ပင်ဥပမာပြတဲ့ '' ကိံသုကောပမသုတ် '' ကို ဆက်လက်ဟောတော်မူခဲ့ပါတယ် ။ ပေါက်ပင်မသိတဲ့သူတစ်ယောက်ဟာ ဆေးအလို့ငှာ ပေါက်သား အလိုရှိလို့ ပေါက်ပင် ဆိုတာ ဘယ်လိုပါလဲ လို့ လိုက်လံ မေးမြန်း ပါတယ် ။ အချိန်အခါအလိုက် ပေါက်ပင်ကို မြင်ဖူးထားတဲ့သူတွေက သူတို့ မြင်ဖူးထားတဲ့အတိုင်း အသီးအသီး ပြောပြပေးပါတယ် ။ ၁ ။ တောမီးလောင်ထားစ အချိန်မှာ ပေါက်ပင် မြင်ဖူးသူက ပေါက်ပင်ဆိုတာ မီးလောင်ငုတ်တို လိုပဲတဲ့။ ၂ ။ ပွင့်တဲ့အချိန်မှာ မြင်ဖူးသူက ပေါက်ပင်ဆိုတာ အပွင့်က သားတစ်လို နီရဲရဲ တဲ့ ။ ၃ ။ အသီးသီးတဲ့အချိန်မှာ မြင်ဖူးသူက ပေါက်ပင်ဆိုတာ အသီးတွေ သံလျက်လို တွဲရွှဲ ကျနေတာ တဲ့ ။ ၄ ။ ရွက်နုဝေပြီး အုပ်ဆိုင်းနေချိန် မြင်ဖူးသူက ညောင်ပင်ကြီးလို အုပ်ဝိုင်းဝိုင်း ပါကွာ တဲ့ ။ သူတို့ မြင်ဖူးတဲ့ ပေါက်ပင်ဟာ အချိန်အခါအလိုက် ပြောင်းလဲမှု ရှိပေမဲ့ ပေါက်ပင်ပေါက်သား ဖြစ်နေဖို့က အဓိက မဟုတ်လား ။ ပေါက်ပင်ဥပမာလိုပဲ ရှုနည်းမှတ်နည်းတွေ မတူကြသော်လည်း၊ ရုပ်နာမ်တို့ကို အဘိဓမ္မာကျမ်းဂန်တို့၌ အကျယ်ပြသည့်အတိုင်း စုံလင်အောင်မသိသော်လည်း ရုပ်(သို့မဟုတ်)နာမ်တစ်ခုခု၏ ဖြစ်ပျက်ကို ရှုရုံမျှဖြင့် အရဟတ္တဖိုလ်အထိ ရောက်နိုင်၏။ တစ်ခုထဲကို စူးစိုက်ပြီး ဝီရိယသန်သန်နဲ့ အမြဲတန်း မရှုမှတ်ကြလို့သာ လမ်းတွေလွဲနေကြ ခရီးတွေဝေးနေကြတာပါ။ #မဟာစည်ဆရာတော်ဘုရားကြီး၏ #ဝိပဿနာရှုနည်းကျမ်း(ပထမတွဲ)မှ #ထုတ်နှုတ်ပူဇော်ပါသည်

Tuesday, June 14, 2022

ဘ၀ခရီးလမ်းမှာ အလွယ်တကူ ကောက်ယူသွားနိုင်တဲ့ ပတ္တမြားတချို့အကြောင်း ဘဝနေနည်း

ဘ၀ခရီးလမ်းမှာ အလွယ်တကူ ကောက်ယူသွားနိုင်တဲ့ ပတ္တမြားတချို့အကြောင်း “မင်းတို့ ဒီဂါတာကို ဘာထင်လဲ။ တစ်ထောင် တန်တယ်ကွ။” (၁) ဒီစကားဟာ ဆရာတော်ကြီးတပါးက ကိုရင်လေးတွေကို တရားတော်ဂါတာလေးတွေ သင်ကြားပေးပြီးတိုင်း ပြောလေ့ရှိတဲ့ စကားတခွန်းပါ။ အဲဒီ့အကြောင်းကို ပြန်ပြောပြတာက အဲဒီ့တုန်းက ကိုယ်ရင်လေးတပါး ဖြစ်ခဲ့ပြီး အခုအခါမှာတော့ သက်တော် ၉၀ ကျော် နေပြီဖြစ်ပြီး ထင်ရှားကျော်ကြားနေတဲ့ ဗန်းမော် ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင် ကုမာရာ ဘိဝံသပါပဲ။ တရားတော် ဂါတာတွေဟာ တကယ်တော့ တစ်ထောင်မက တန်ကြောင်းလည်း ဗန်းမော်ဆရာတော်ဘုရားကြီးက ဆက်ပြောပါတယ်။ သဒ္ဒါတရားအပြည့်နဲ့ ကာလကြာမြင့်စွာ စွဲစွဲမြဲမြဲ ရွတ်ဖတ်ပူဇော်တဲ့အခါ တရားတော်ဂါတာလေးတွေဟာ အဲဒီ့ယုံကြည် မြတ်နိုးစွာ ရွတ်ဖတ်ပူဇော်သူတွေရဲ့ ဘဝတွေအတွက် အလွန်အကျိုး ကျေးဇူးရှိစေပါတယ်။ အလွန်လွယ်ကူပြီး မြန်မာတိုင်း (အထူးသဖြင့်တော့ ဗုဒ္ဓဘာသာ၀င်တိုင်း) အလွတ်ရနေကြတဲ့ ဂါတာတိုတိုလေး တပုဒ်ကြောင့် ဘ၀လမ်း သာယာ ချောမွေ့နေသူတဦးနဲ့ ကျွန်တော် ဆုံတွေ့ ခင်မင်ခဲ့ဖူးပါတယ်။ (၂) ၁၉၉၆ ခုနှစ် အစပိုင်းတုန်းက ကော့သောင်း ကုန်တိုက်ကြီး ဆောက်တဲ့ဆီမှာ ကျွန်တော် ၂ လ လောက် လုပ်ခဲ့ဖူးတယ်။ ကျွန်တော့်ဘ၀ရဲ့ အလွန် ပျော်စရာကောင်းတဲ့ ကာလတွေထဲက တခုပါပဲ။ အဲဒီမှာ အလုပ်လုပ်တုန်း၊ ဘ၀တူ အလုပ်သမား လူငယ်တွေအပြင် ဒေသခံလူငယ်တွေနဲ့ ခင်မင် ရင်းနှီးခဲ့ပါတယ်။ အဲဒီ့ထဲက အလွန်အတုယူစရာ ကောင်းတဲ့ ဒေသခံလူငယ်တဦးကို အခုအချိန်ထိ ကျွန်တော် မှတ်မိနေသေးတယ်။ သူ့နာမယ်က ကိုချမ်းသာ။ လူငယ်တယောက်အနေနဲ့ အတော်အသင့် အဆင်ပြေ ချောင်လယ်နေသူလို့ ပြောနိုင်ပေမယ့် သူမှာ ခြေနှစ်ဖက်မပါပါဘူး။ ဒါကြောင့် လမ်းသွားရင် လက်နဲ့ ထောက်ထောက်ပြီး ထိုင်လျှက်သွားရတယ်။ ဒါပေမယ့် သူ့ဘ၀ဟာ ကိုယ်လက်အင်္ဂါပြည့်စုံနေသူတွေထက် ပိုပြီး အဆင်ပြေချောမွေ့နေတာ တွေ့ရတယ်။ သူဟာ နှစ်သက်ခင်မင်စရာကောင်းတဲ့အပြင် ယုံကြည် စိတ်ချရတယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့လည်း ပြည့်စုံတယ်။ သူမျက်နှာဟာ အမြဲ ရွှင်လန်းနေသလို အ၀တ်အစားကိုလည်း သပ်သပ်ရပ်ရပ်နဲ့ သန့်သန့် ရှင်းရှင်း ၀တ်ဆင်တတ်တယ်။ သူက စက်တပ် ပဲ့ထောင် မောင်းသူဖြစ်တာမို့ ပုံမှန်၀င်ငွေ ကောင်း ကောင်းလည်း ရှိပြီး အတော်အတန် စုမိဆောင်း မိထားတာမို့ အသင့်အတင့် အဆင်ပြေသူ တဦးလို့တောင် ဆိုနိုင်နေသူပါ။ ကော့သောင်းမြို့မှာ လောင်းကစားဝိုင်းတွေ အများကြီးရှိပြီး လူငယ်အများစုဟာ အနည်းနဲ့ အများ လောင်းကစားကြပေမယ့် သူက လောင်းကစား လုံး၀မလုပ်ဘူး။ ဒါ့အပြင် သူက အသောက်အစားလည်း မရှိဘူး။ သူက အားရင် ကျွန်တော်တို့ အဖွဲ့ဆီ လာလာလည်တတ်တယ်။ ကျွန်တော်တို့ ရန်ကုန်လူငယ်အဖွဲ့လေးကလည်း အသောက်အစားကင်းပြီး လောင်းကစား မလုပ်ကြတဲ့အပြင် သူ့ကို ခင်ခင်မင်မင် လေးလေး စားဆက်ဆံတာမို့ သူနဲ့ အဖွဲ့ကျမိတယ်။ တညမှာ သူက သူ့ဘ၀ရဲ့ အလှည့်အပြောင်းတခု အကြောင်း ကျွန်‌တော်တို့ကို ပြောပြတယ်။ သူပြောပြတဲ့ အကြောင်းအရာဟာ ကျွန်တာ့်ဘ၀ကိုလည်း ပြောင်းလဲသွားစေခဲ့ပါတယ်။ (၃) ပဲ့ထောင်မောင်းရင် သီချင်းဆိုတတ်၊ သီချင်း ငြီးတတ်တာဟာ ပဲ့ထောင်မောင်းသူတွေရဲ့ အလေ့ အထတခုပါပဲ။ တမနက်ခင်းမှာ ကိုချမ်းသာလည်း ပဲ့ထောင်မောင်းရင် သီချင်းတပုဒ်ကို ကျယ်ကျယ် အော်ဆိုနေမိတယ်။ သူ့အနားမှာ ထိုင်နေသူ ခရီးသည်က ဘုန်းတော်ကြီးတပါး။ ဘုန်းတော်ကြီးဟာ ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့ ကိုချမ်းသာကို သနားဂရုဏာသက်စွာ ကြည့်နေရင်းနဲ့ “ဒကာလေး၊ လုပ်ရကိုင်ရတာ အဆင်ပြေရဲ့လား။” လို့ ကိုချမ်းသာကို မေးတယ်။ ကိုချမ်းသာကလည်း “ဒီလိုပါပဲ ဘုရား၊ ရုန်းကန်ရတာပါပဲ”လို့ သာမန်ပဲ ပြန်ဖြေတယ်။ အဲဒီ့တော့ ဘုန်းတော်ကြီးက “ဒကာလေးဘ၀ အဆင်ပြေ ချောမွေ့သွားစေနိုင်တဲ့ နည်းလေးတနည်း ပေးရင် ယူမလား” လို့ မေးတယ်။ စိတ်ရင်းကောင်းပြီး သဒ္ဒါတရားလည်း ရှိသူ ဖြစ်တာမို့၊ ကိုချမ်းသာက ရိုသေစွာနဲ့ပဲ “ယူပါ့မယ့် ဘုရား”လို့ ဘုန်းတော်ကြီးကို လျှောက်တော့။ “ဒါဆိုရင် သီချင်းဆိုနေမယ့်အစား၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မာ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ပစ္ဆာမိ” ဆိုတာကို ရွက်နေပါ”လို့ ဘုန်းတော်ကြီးက ပြန်ပြောတယ်။ ကိုချမ်းသာကို ဘုန်းတော်ကြီး ပေးလိုက်တဲ့ နည်းလေးဟာ အဲ့ဒါပဲ။ ဘာမှ မထူးဆန်းဘူး။ ဘာမှ ရှည်ရှည်ဝေးဝေး မဟုတ်ဘူး။ ဒါပေမယ့် ကိုချမ်းသာရဲ့ ဘ၀ကို ပြောင်းလဲ သွားစေခဲ့တယ်။ အဲဒီ့အချိန်ကတည်းကစပြီး ကိုချမ်းသာဟာ အားတိုင်း အဲဒီ့ သရဏဂုံသုံးပါး ဂါတာတော်လေးကို ရွတ်ရွတ်နေတော့တာပါပဲတဲ့။ တခါတလေတော့လည်း မေ့ပြီး ခါတိုင်းလို သီချင်း ငြီးမိသွားတတ်ပေမယ့် သတိရသွာတာနဲ့ သရဏဂုံသုံးပါး ဂါတာတော်လေးကို ပြန်ပြန်ပြီး ရွတ်ဖတ်မိပြန်တယ်လို့ ကိုချမ်းသာက ပြောပြပါတယ်။ ဒီလိုနဲ့ ကိုချမ်းသာအတွက် ခရီးသည်တွေ များများ ရလာတယ်။ ဒါကြောင့် အလုပ်အကိုင် အဆင်ပြေလာတယ်။ သောက်ချင် စားချင်စိတ်နဲ့ အလေလိုက်ချင်စိတ်တွေလည်း တဖြည်းဖြည်း လျော့နည်းလာတယ်တဲ့။ (၄) ဒီလို ကိုချမ်းသာပြောပြတော့ အားလုံး ဗုဒ္ဓဘာသာ၀င် လူငယ်တွေဖြစ်ကြတဲ့ ကျွန်တော်တို့တွေဟာလည်း သူ့ခြေရာ နင်းကြတော့တာပါပဲ။ တခြားသူငယ်ချင်းတွေ ဘယ်လောက် စွဲစွဲမြဲမြဲ ပြုလုပ်ကျင့်ကြံသလဲဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ အဲဒီ့အချိန်ကတည်းကစပြီး အခုထိ သရဏဂုံသုံးပါး ဂါတာတော်လေးကို သတိရတိုင်း အမြဲ ရွတ်ဖတ် ပူဇော်နေမိပါတယ်။ ရေချိုးနေရင်းလည်း ခပ်တိုးတိုး ရွတ်နေတတ်တယ်။ မီးပူတိုက်နေရင်း၊ ထမင်းဟင်း ချက်နေရင်းလည်း ရွတ်နေမိတယ်။ တကိုယ်တည်း လမ်းလျှောက်နေရင်း၊ ဒါမှမဟုတ် ကားစီးနေရင်းလည်း ရွတ်ဖတ်နေတတ်ပါတယ်။ တခါတရံ သီချင်းဆိုမိ၊ ငြီးမိတဲ့အခါတိုင်း ချက်ချင်း သတိပြန်ရသွားပြီး သရဏဂုံသုံးပါး ဒါမှမဟုတ် ဘုရားဂုဏ်တော် ၉ ပါးတို့ကို ပြန်ပြီး ရွတ်ဖတ် ပူဇော်နေမိပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ သီချင်းတွေ၊ ဂီတတွေ၊ ရုပ်ရှင်တွေ၊ အပျော်အပါးတွေမှာ တဖြည်းဖြည်း စိတ်၀င်စားမှု လျှော့ပါးလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အပြင်ထွက်တိုင်း ဘုရားစဉ်ရှေ့သွားကာ ဘုရားကို ရိုရိုသေသေ ထိခြင်းငါးပါးနဲ့ ရှိခိုးပြီးမှ အပြင်ထွက်တဲ့၊ သွားတဲ့ဓလေ့ကိုလည်း တိုးပြီး ကျင့်သုံးမိနေပါတယ်။ ကျွန်တော် အမှတ်ရမိနေသေးတဲ့ အဖြစ်အပျက်တခုလည်း ရှိခဲ့ဖူးသေးတယ်။ တခါက၊ တနေ့လည်ခင်မှာ၊ ကျွန်တော်တို့ အိမ်နားမှာ နေတဲ့ ကျွန်တော့် ငယ်သူငယ်ချင်းတယောက်က အပြင်သွားကြရအောင်လို့ ကျွန်တော့်ကို လာခေါ်တယ်။ ကျွန်တော်က “အေး သွားမယ်၊ ခဏစောင့်”လို့ သူ့ကို ပြောပြီး အိမ်အပေါ်ထပ် တက်သွားတယ်။ သူ နောက်က လိုက်လာတာ ကျွန်တော် သတိမထားမိဘူး။ ကျွန်တော်က အိမ်အပေါ်ထပ်က ဘုရားစဉ်ရှေ့သွားပြီး ထိုင်ကာ ဘုရားကို ထိခြင်း ငါးပါးနဲ့ ရိုရိုသေသေ ရှိခိုးပြီး၊ (“ပစ္စယုဒ္ဒေသ”လို့ ခေါ်တဲ့) ပဋ္ဌာန်း ၂၄ ပစ္စည်း အကျဉ်းကို တိုးတိုးလေး ရွတ်နေလိုက်တယ်။ [1] အားလုံးပြီးလို့ နောက်ပြန်လှည့်တော့မှ ကျွန်တော့်သူငယ်ချင်းက ကျွန်တော် လုပ်နေတာတွေကို ကြောင်ပြီး ကြည့်နေတာ တွေ့ရတော့တယ်။ သူက အသိဉာဏ်ရှိသူ လူငယ်တဦးမို့ ကျွန်တော်လုပ်သလိုမျိုး သူလည်း မှန်မှန်လုပ်မယ်လို့ ကျွန်တော့်ကို ပြောတယ်။ ဘယ်လောက်ထိ သူ စွဲစွဲမြဲမြဲ လုပ်နေသလဲတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်ကတော့ အခုအချိန်ထိ စွဲစွဲမြဲမြဲ လုပ်နေတုန်းပါပဲ။ [2] (၅) ဒီလို ဘ၀ကို ပြောင်းလဲသွားစေတဲ့ အကျင့်တရပ်နဲ့ ပတ်သက်တဲ့ စာတွေ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တပုဒ်လည်း ပြောပြဦးမယ်။ ဒီဇာတ်လမ်းကို ပြောပြသူက ဗန်းမော်ဆရာတော်ဘုရားကြီးပဲ။ တခါတုန်းက မန္တလေးက ဘုရားကြီး ကျောင်းတိုက် မှာ မောင်ရန်ကုန်ဆိုတဲ့ ကိုယ်ရင်လေးတပါးရှိတယ်။ နောက်တော့ မောင်ရန်ကုန်ကနေ ဦးပဇင်းလေး ရန်ကုန် ဖြစ်လာတယ်။ ဦးပဇင်းလေး ရန်ကုန်ဟာ ရုပ်က ဆိုးပြီး လာဘ်လာဘ နည်းပါးတယ်တဲ့။ ဆွမ်းလည်း လောက်လောက်ငင မရလို့ ၀၀လင်လင် မစားရဘူး။ တမနက် သူ ဆွမ်းခံပြန်လာတော့ ကျောင်းက ဆရာတော်ကြီးက သူ့ကို ခေါ်ပြီး သပိတ်ကို ဖွင့်ကြည့်တယ်။ သပိတ်ထဲမှာက ဆွမ်းနဲ့ ဆွမ်းဟင်းက နည်းနည်းလေး။ ဒါနဲ့ ဆရာတော်ကြီးက “မောင်ရန်ကုန် မင်းဆွမ်းနဲ့ ဆွမ်းဟင်းကလည်း နည်းလိုက်တာကွာ။ မင်း ၀ရဲ့လား”လို့ မေးတော့ “မ၀ဘူး ဘုရား”လို့ ဦးပဇင်း ရန်ကုန်က ပြန်လျှောက်တယ်။ ဒီတော့ ဆရာတော်ကြီးက “မင်း ဘုန်းကံကလည်း နည်းလိုက်တာကွာ။ မင်း ဘုန်းကြီးပြီး လာဘ်လာဘ ပေါများတဲ့ နည်း မလိုချင်ဘူးလား”လို့ မေးတာ့၊ ဦးပဇင်း ရန်ကုန်က “ဆိုင်း မနေပါနဲ့ ဘုရား။ အခုပဲ ပေးပါ”လို့ လျှောက်တယ်။ ဆရာတော်ကြီးက “ဒါဆို မင်း ဘုရား ဂုဏ်တော် ၁၀ ပါးကို ပုတီး အပတ် ၃၀ နေ့စဉ် စိပ်”လို့ ပြောတော့၊ ဦးပဇင်းရန်ကုန်က “အရှင်ဘုရား ဘုရား ဂုဏ်တော်က ၉ ပါး မဟုတ်လား ဘုရား”လို့ မေးတယ်။ ဆရာတော်ကြီးက “ဘုရား ဂုဏ်တော်က ၁၀ ပါးကွ။ ၉ ဂဏန်း ကြိုက်သူတွေက ‘အနုတ္တရော’ နဲ့ ‘ပုရိသ ဒမ္မသာရထိ’ ဂုဏ်တော်နှစ်ပါးကို ပေါင်းပြီး ဂုဏ်တော် ၉ ပါး ဖြစ်အောင် လုပ်ထားတာကွ”လို့ ပြောတယ်။ “မင်း အဲဒီ့ ဂုဏ်တော် တပါးကို ပုတီး ၁ ပတ်နဲ့ ဂုတ်တော် ၁၀ ပါးကို မနက် ပုတီး ၁၀ ပတ် စိပ်၊ နေ့လည် ဆွမ်းစားပြီးရင် ၁၀ ပတ်စိပ်၊ ည ၁၀ ပတ်စိပ်” လို့ ပြောတော့၊ ဦးပဇင်း ရန်ကုန်ကလည်း “စိပ်မယ် ဘုရား။ အခုပဲ စစိပ်မယ်”လို့ ပြန်လျှောက်တယ်။ နောက်နေ့ကြတော့ ဆရာတော်ကြီးနဲ့ ထပ်တွေ့တော့ “မင်းကို ငါ ပြောဖို့ ကျန်သွားတယ်။ ပုတီး တနေ့ကို အပတ် ၃၀ စိပ်တာ အပြင်၊ ဆွမ်းခံသွားတိုင်း မင်း မြင်သမျှ သတ္တဝါတွေကို မေတ္တာပို့သွား၊ မင်း မေတ္တာသုတ် ရတယ် မဟုတ်လား”လို့ ပြောတော့။ “ရပါတယ် ဘုရား။ တပည့်တော် ဆွမ်းခံကြွတိုင်း မြင်မြင်သမျှ သတ္တဝါတွေကို မေတ္တာပို့ပါ့မယ်”လို့ ပြန်လျှောက်တယ်။ အဲဒီ့အချိန်ကတည်းစပြီး ဦးပဇင်း ရန်ကုန်ဟာ ဘုန်းတန်ခိုး ကြီးမားလာပြီး၊ လာဘ်လာဘတွေ ပေါများလာခဲ့တယ်တဲ့။ ခြောက်လလောက် ကြာတော့ ဆရာတော်ကြီးက ဦးပဇင်း ရန်ကုန် ဆွမ်းခံပြီး ပြန်လာတာကို ကျောင်းကနေ စောင့်နေပြီး သပိတ်ကို ကြည့်တယ်တဲ့။ သပိတ်ထဲမှာ ဆွမ်းတွေ ဆွမ်းဟင်းတွေက ထည့်လို့ ပိုလျှံနေလို့ သပိတ်ဖုံးပေါ်မှာ တင်လာရတဲ့အပြင်၊ လက်ကလည်း ချိုင့်နဲ့ အပိုဆွဲထည့်လာရတယ်တဲ့။ ဒါ့အပြင် အရင်ကဆို သူက ရုပ်ဆိုးတာမို့ ကလေးတွေက သူ့ကို မြင်ရင် ကြောက်ကြပြီး ငိုတဲ့ ကလေးက ငိုတတ်တယ်တဲ့။ အခုတော့ ကလေးလေးတွေက သူ့ကို မြင်ရင် သူ့တို့ အမေတွေကို “မေမေ၊ ဘုန်းဘုန်း ကြွလာတယ်၊ ဆွမ်းလှူ”လို့ အော်အော် ပြောတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ကို ကျောင်းဆောက်လှူတဲ့ ဒကာတွေက များလွန်းလို့ တားထားရတယ်လို့လည်း ပြောပါတယ်။ ဗန်းမော်ဆရာတော်ကြီး ဆက်မိန့်တာကတော့ ကျွန်တော်တို့တွေလည်း ဘုရားဂုတ်တော် ၁၀ ပါးကို တနေ့ အနည်းဆုံး ပုတီး ၁၀ ပတ်ရအောင် စိပ်ပြီး မှန်မှန် မေတ္တာပို့၊ အမျှဝေနေရင် ဘုန်းတန်ခိုးနဲ့ လာဘ်လာဘတွေ တဖြည်းဖြည်း တိုးပွားလာမယ် ဆိုတာပါပဲ။ တချို့သိပ်ပြီး အတိတ်ကံဆိုးနေသူတွေ ဆိုရင် တနေ့ကို ပုတီးအပတ် ၄၀ စိပ်ရင် ဘ၀ဟာ ပြန်လည် ချောမွေ့တိုးတက်လာလိမ့်မယ်လို့လည်း ဟောကြားပါတယ်။ ဒီအဆိုအမိန့်တွေ (ဝါ) အကြံပြုချက်တွေဟာ မယုံကြည်သူတွေ (ဝါ) သဒ္ဒါတရားနည်းပါးနေသူတွေ အတွက်တော့ လက်ခံစရာ၊ ယုံကြည့်နိုင်စရာ၊ လိုက်နာကျင့်သုံးစရာ ကောင်းချင်မှ ကောင်းမှာပါ။ “သိသူ ဖော်စား၊ မသိသူ ကျော်သွား”ဆိုတဲ့ စကား လိုပဲ သိလို့ ဖော်စားနေကြသူတွေ၊ ဘဝပြောင်းလဲ သွားပြီး အဆင်ပြေနေကြသူတွေလည်း ရှိကြသလိုပဲ မယုံကြည်တဲ့၊ လက်မခံတဲ့၊ မလိုက်နာ မကျင့်သုံးတဲ့ အတွက် ဘ၀ကို ဆက်ပြီး ရုန်းကန် လှုပ်ရှားနေရသူတွေကလည်း အများကြီးပါပဲ။ ဒီလို ဘဝနေနည်းတွေ (ဝါ) အကြံပြုချက်တွေကို ယုံယုံကြည်ကြည် လေးလေးစားစား လိုက်နာ ကျင့်သုံးခဲ့တဲ့အတွက်ကြောင့်ပဲ ဘာသာ၊ ယဉ်ကျေးမှုနဲ့ အစားအစာ ကွဲပြားခြားနားတဲ့ ရေခြားမြေခြား၊ တိုင်းတပါးမှာ ဘာမှ အစိုးမရ၊ အာမခံချက် မရှိတဲ့ ဘဝကြမ်းကို ကျွန်တော် နှစ်ပေါင်းများစွာ (အခုဆိုရင် ၁၇ နှစ်ကျော်) ကြံကြံခံ ရင်ဆိုင်ဖြတ်သန်းပြီး ဘ၀ကို အဆင်ပြေ ချောမွေ့စွာ တည်ဆောက်နေနိုင်ခြင်းပဲလို့ ကျွန်တော် ယုံကြည်နေမိပါတယ်။ ဒီအဖြစ်အပျက်တွေ၊ သဘောတရားတွေနဲ့ ဆက်နွယ်နေတဲ့ ပုံပြင်တပုဒ်ကို ဆရာကြီး နန္ဒာသိန်းဇံ (ပါမောက္ခ ဒေါက်တာ သိန်းဇံ)က သူ့စာအုပ် တအုပ်မှာ ပြောပြထားတာကိုလည်း ပြန်လည် ပြောပြချင်ပါတယ်။ [3] ပုံပြင်က ဒီလို … (၆) တညမှာ မြင်းစီးခရီးသည် သုံးဦးဟာ တောအုပ် တခုကို ဖြတ်သန်းပြီး ခရီးသွားနေကြတယ်တဲ့။ အချိန်ကလည်း ညအခါဖြစ်ပြီး သစ်တောထဲမှာဆိုတော့ သစ်ရိပ်ဝါးရိပ်ကြောင့် အနီးအနားကို သိပ်ပြီး ကောင်း ကောင်း မမြင်ကြရဘူး။ ဒီလိုရဲ့ တနေရာရောက်တော့ “ရပ်လိုက်”ဆိုတဲ့ အသံနက်ကြီး ကြားလိုက်ရတယ်တဲ့။ ဒါကြောင့် ခရီးသွားသုံးဦးဟာလည်း ကြောက်လန့်သွားပြီး မြင်းကို ရပ်လိုက်ကြတယ်။ “မြင်းပေါ်က ဆင်းကြ”ဆိုပြီး သူတို့ကို ထပ်ပြောတယ်။ သူတို့လည်း အမိန့်အတိုင်း မြင်းပေါ်က တထိတ်ထိတ်နဲ့ ဆင်းကြတာပေါ့။ “မြေကြီးပေါ်က ကျောက်ခဲတွေကို နိုင်သလောက် ကောက်ယူသွားကြ”လို့ အသံနက်ကြီးနဲ့ ထပ်ပြောတယ်တဲ့။ အဲဒီ့တော့ ခရီးသွားတဦးက မြေကြီးပေါ်က ဘာမှန်းမသိတဲ့ ကျောက်ခဲတွေကို နိုင်သလောက် ကောက်ယူတယ်တဲ့။ နောက်ခရီးသွားတဦးကတော့ ကျောက်ခဲ နှစ်ခဲ သုံးခဲလောက်ကောက်ယူလိုက်တယ်တဲ့။ နောက်ခရီးသွားတဦးကတော့ ကျောက်ခဲ့ တလုံးကို တာ၀န်ကျေ ကောက်ယူခဲ့တယ်တဲ့။ နောက်တော့ အသံနက်ကြီးနဲ့ပဲ သူတို့ကို “ပြန်ကြတော့”လို့ ပြောတော့ သူတို့လည်း မြင်းဒုန်းဆိုင်းပြီး ထွက်လာခဲ့ကြတယ်။ မနက်အရုဏ်တက်လို့ အလင်းရောင် နည်းနည်း ရလာတော့ သူတို့ ကောက်ယူလာတဲ့ ကျောက်ခဲတွေကို ကြည့်လိုက်တော့ အလွန် အဖိုးထိုက်တန်တဲ့ ပတ္တမြားတွေ ဖြစ်နေတယ်တဲ့။ (၇) ဘ၀နဲ့ပတ်သက်တဲ့ အကြံကောင်း ဉာဏ်ကောင်းတွေ (တနည်းအားဖြင့် ဘဝနေနည်းတွေ)ဟာ ခုဏက ပုံပြင်ထဲမှာပါတဲ့ ပတ္တမြားတွေလိုပဲလို့ ကျွန်တော် မြင်ပါတယ်။ ကံကောင်းသူတွေက များများ ကောက်ယူသွားကြတယ်၊ ကံမကောင်းသူတွေကတော့ နည်းနည်းပဲ ကောက်ကူကြတယ်။ ကံဆိုးသူတွေကတော့ လုံးဝကောက်မကူကြပါဘူး။ ကျွန်တော်ကတော့ များများကောက်ယူလိုက်မိတာမို့ အလွန်ကံကောင်းသူလို့ ကိုယ့်ကိုယ်ကို သက်မှတ်ထားပါတယ်။ စာဖတ်သူတွေ (အထူးသဖြင့် လူငယ်တွေ)ကိုလည်း ဒီလို ပတ္တမြားလေးတွေကို ကောက်ယူနိုင်ကြပြီး၊ အဖိုးတန်တဲ့ ဘဝတွေကို တဖြည်းဖြည်း တည်ဆောက်နိုင်ကြကာ အဖိုးတန်တဲ့ လူသားတွေ ဖြစ်လာကြပါစေဆိုတဲ့ စေတနာနဲ့ ဒီစာကို ရေးဖြစ်ပါတယ်။ အဆုံသတ်အနေနဲ့ ဒီစာရဲ့ အဓိက အချက် ၄ ချက်ကို ပြောရရင်၊ (၁) ဘ၀မှာ နေနည်းတွေ ရှိတယ်။ (၂) အဲဒီ့နည်းတွေကို သိသူတွေ ရှိကြတယ်။ (၃) အဲဒီ့နေနည်းတွေကို သိနားလည်ပြီး လိုက်နာကျင့်သုံးရင် ဘ၀ဟာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာမယ်။ (၄) အဲဒီ့ဘဝနေနည်းတွေကို သိအောင် လေ့လာ ဆည်းပူးပြီး လိုက်နာကျင့်သုံးသင့်တယ်။ မြန်မာတိုင်းရင်းသူ တိုင်းရင်းသား၊ ပြည်သူ ပြည်သားတွေရဲ့ ဘဝတွေ တဖြည်းဖြည်း တိုးတက် ဖွံ့ဖြိုးလာပြီး မြန်မာပြည်ကြီးလည်း တဖြည်းဖြည်း သာယာဝဖြောကာ အေးချမ်းသာယာ တိုးတက်လာပါစေ။ (မျိုးနိုင်) ၁၀ ဇွန် ၂၀၁၉၊ တနင်္လာနေ့ မနက် ၉ နာရီ ၅၉ မီးနစ် **** အောက်ခြေမှတ်စုများ [1] ဘုရားရှိခိုးတယ်ဆိုတာ ဘာမှ ရှည်ရှည်ဝေးဝေး ရှိခိုးတာ မဟုတ်ပါဘူး၊ ဘုရားစဉ်ရှေ့ ဒူးထောက် ထိုင်ကာ လက်အုပ်ချီပြီး (ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားဆိုတဲ့) အနန္တောအနန္တငါးပါးကို ရှိခိုးပါ၏ ဆိုပြီး ထိခြင်းငါးပါးဖြစ်အောင် ဦးချလိုက်တာပါပဲ။ [2] အဲဒီ့ပုံပြင်ပါတဲ့ သူ့စာအုပ်ကိုတော့ အခု မမှတ်မိဘူး။ ပြန်ရှာကြည့်ရင်တော့ တွေ့မှာပါ ဆရာကြီး နန္ဒာသိန်းဇံက စာအုပ်တွေ အများကြီး ရေးသွားသူမှ မဟုတ်တာပဲ။ လောလောဆယ်တော့ ပြန်မရှာအားသေးဘူး။ ကြွားရဦးမယ်။ ပါမောက္ခ ဦးသိန်းဇံနဲ့ ကျွန်တော် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေခဲ့ဖူးတယ်။ အဲဒီ့တုန်းက ဆရာကြီးက ပီအိတ်ဒ်ဒီ (PhD) (ပါရဂူဘွဲ့)တောင့် မရသေးဘူး။ တက္ကသိုလ်မှာ ကျွန်တော်က ဒဿနိကဗေဒ အဓိကဘာသာယူပြီး ကျောင်းတက်ခဲ့တာ။ တညနေ ကျောင်းပြီးတော့ ကျွန်တော့်ကို ခင်တဲ့ ကထိကတယောက် ခေါ်သွားလို့ ဆရာကြီးရဲ့ ရုံးခန်းရောက်သွားကြတယ်။ ဒီလိုနဲ့ မကြာမကြာ ကျွန်တော်နဲ့ ကျွန်တော် ဆရာ (ကထိက) တို့က ဆရာကြီး ရုံးခန်းကို သွားသွား လည်ကြတယ်။ ဆရာကြီး ရုံခန်းမှာ ကျွန်တော်တို့လို ဆရာကြီးဆီ လာကြတဲ့ ဆရာတွေ၊ ကျောင်းသား၊ ကျောင်းသူတွေလည်း အများကြီးပါပဲ။ ကျွန်တော် စကားမပြောဘဲ ငြိမ်နေရင် ဆရာကြီး နန္ဒာသိန်းဇံက “ဟေ့ကောင်၊ မင်းဘာလို့ ဒီလောက် ငြိမ်နေရတာလဲ။ စကားပြောပါကွ”လို့ ကျွန်တော့်ကို ပြောတတ်တယ်။ ကြွားလက်စနဲ့ ထက်ကြွားရဦးမယ်။ တက္ကသိုလ် တက်တုန်းက ကျွန်တော်က စာတော်တဲ့ ကျောင်းသားတဦး။ စာမေးပွဲတိုင်းကို ဂုဏ်ထူးတွေနဲ့ အောင်ပြီး နှစ်စဉ် ဆုရတယ်။ ဒါကြောင့် ဆရာ ဆရာမတွေက ကျွန်တော့်ကို ချစ်ခင်ပြီး အထင်လည်း ကြီးကြတယ်။ တနေ့မှာ ကျွန်တော်ဟာ ပညာရေးမှာ ထူးချွန်သူတဦးဖြစ်လာမယ် ဆိုတာကိုလည်း ဆရာ၊ ဆရာမတွေက ကြိုပြီး မြင်ထားကြတယ်။ ခုဏကပြောခဲ့တဲ့ ကျွန်တော့်ကို ဆရာဦးသိန်းဇံဆီ ခေါ်သွားတဲ့ ဆရာကလည်း ကျောင်းက နည်းပြ ဆရာ ဆရာမလေးတွေကို ကျွန်တော် အင်္ဂလိပ်စာ ဘယ်လောက် ကောင်းကြောင်း၊ စာဘယ်လောက် ဖတ်ကြောင်းနဲ့ ဖီလော်ဆော်ဖီ (Philosophy)ကို ဘယ်လောက် နားလည်ကြောင်း ကျွန်တော့် ရှေ့မှာတင် ပြောပြနေတတ်တာ အကြိမ်ကြိမ်ပဲ။ တကယ်လည်း မြန်မာပြည်လူငယ်တွေထဲမှာ Philosophy ကို ကျွန်တော့်လောက် တတ်သူ၊ နားလည်သူ မရှိလောက်ဘူးလို့ ကျွန်တော် (ရိုးရိုးသားသား) ထင်မိတယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ကျွန်တော်က Philosophy ကို သိတာ၊ နားလည်တာဟာ နှလုံးသားနဲ့ နားလည် သဘောပေါက်နေတာ။ မဟာသိပ္ပံအတွက် ပညာသင်ဆု (Scholarship) ရတော့ တကယ်တက်ချင်တာက ဒဿနိကဗေဒ (Philosophy) ဘာသာရပ်၊ ဒါပေမယ့် ပညာသင်ဆု ပေးသူတွေက စီမံခန့်ခွဲမှု (managment) ဘာသာရပ်အတွက်ပဲ ပညာသင်ဆု ပေးတာမို့ မဟာစီမံခန့်ခွဲမှု (Master of Management)ဘွဲ့ပဲ ရတော့တယ်။ ဒါပေမယ့် Philosophy ကို အမြဲ ဖတ်နေ၊ လေ့လာနေ၊ မှတ်နေမိတယ်။ [3] တဖြည်းဖြည်းနဲ့ ကျွန်တော် ပျိုးထောင် ကျင့်သုံးနေတဲ့ အလေ့အကျင့်တွေဟာ များများ လာပါတယ်။ ဘာအကျင့်တွေ ကျင့်နေသလဲ ဆိုတာကတော့ ကြွားသလိုဖြစ်မှာစိုးလို့ ပြောမနေတာ့ပါဘူး။ ပညာရေးနဲ့ပတ်သက်ပြီး ကြွားရတာ ကိစ္စမရှိပေမယ့်၊ အကျင့်သီလနဲ့ ပတ်သက်ပြီး ကြွားတာ ဒါမှမဟုတ် ကြွားရတာကိုတော့ မကြိုက်ဘူး။ ဘဝနေနည်း (၁) မတွေ့ကြတာ နှစ်ပေါင်း ၂၀ လောက်ရှိပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံတော့ သူတို့က ပညာတတ်တွေ၊ စာရေးဆရာတွေ၊ အတွေးသမားတွေပီပီ ကျွန်တော့်ကို ထူးခြားတဲ့ မေးခွန်းတခု မေးတယ်။ ပြည်ပမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီး ကျောင်းတွေလည်း တက်ခဲ့၊ ပညာတွေလည်း သင်ခဲ့တာကနေ သိလာခဲ့တဲ့ အသိတွေထဲက အရေးအကြီးဆုံး အသိတခုလို့ သတ်မှတ်ထားတာကို ပြောပြပါတဲ့။ ခဏစဉ်းစားလိုက်ပြီး ကျွန်တော် ပေးလိုက်တဲ့ အဖြေက။ "ဘဝမှာ နေနည်းတွေ ရှိတယ်။" ကျွန်တော်က ပညာရှာရတာ၊ ပညာဆည်းပူးရတာ၊ ကျောင်းတက်ရတာ၊ ကျောင်းသားလုပ်ရတာနဲ့ စာဖတ်ရတာကို အလွန်နှစ်သက် ပျော်မွေ့သူမို့ ကိုယ့်ကိုယ်ကိုယ် "ထာဝရ ကျောင်းသား" (ဝါ) "ဘဝတသက်တာ ကျောင်းသား" (life-long student) လို့တောင် သတ်မှတ်ထားသူပါ။ ဒါကြောင့် ကျွန်တော် သိထား၊ နားလည်ထားပြီး ပြန်လည် ဝေမျှချင်တဲ့ အသိပညာတွေ၊ အတတ်ပညာတွေက အများကြီးပါ။ အဲဒီ့အများကြီးထဲမှ အရေးအကြီးဆုံးလို့ ကျွန်တော် သတ်မှတ်ထားတဲ့ အသိတခုကတော့ ခုဏက ဖြေလိုက်တဲ့ "ဘဝနေနည်း ရှိတယ်"ဆိုတဲ့ အသိပါပဲ။ စာရေးဆရာသူငယ်ချင်းတွေနဲ့ တွေ့သလိုမျိုးပဲ နောက်ထပ် ကျောင်းနေဘက် အခြားသူငယ်ချင်း လေးဦးနဲ့ ထပ်တွေ့ဖြစ်သေးတယ်။ ၈ တန်းကတည်းက ကျောင်းအတူတက်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ နှစ်ပေါင်း ၂၀ လောက်ကြာမှ ပြန်ဆုံကြတော့ ပျော်တာပေါ့။ ဒါပေမယ့် အပျော်ထဲမှာ ဝမ်းနည်းစရာလည်း ရောပါနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ဆုံကြတဲ့ ငယ်သူငယ်ချင်း ငါးဦးထဲမှာ နှစ်ဦးက ကြပ်တည်းနေကြလို့ပဲ။ အဲဒီ့ကြပ်တည်းနေတဲ့ သူငယ်ချင်း ၂ ဦးကို ကျွန်တော်က အဆင်ပြေစေချင်တဲ့ စေတနာနဲ့ ဘဝနေနည်းအကြံလေးတခု ပေးလိုက်မိတယ်။ အဲဒီ့နည်းဟာ ကျွန်တော် ပြည်ပမှာ ခက်ခက်ခဲခဲ၊ ကြပ်ကြပ် တည်းတည်း နေထိုင်ပြီး ကျောင်းတက်ခဲ့စဉ်တုန်းက ကျင့်သုံးခဲ့လို့ ကျွန်တော့်ဘဝကို တဖြည်းဖြည်း ချောမွေ့၊ အဆင်ပြေလာစေတဲ့ နည်းလေးပါပဲ။ သူတို့ကိုလည်း အဆင်ပြေစေချင်လို့ ပြောပြလိုက်တာပါ။ ဖြစ်ချင်တော့၊ လုပ်စေချင်တဲ့ (ကြပ်တည်းနေတဲ့) သူငယ်ချင်း ၂ ဦးက ကျွန်တော် အကြံပေးသလို မလုပ်ဘဲ ဘေးက နားထောင်နေတဲ့ (အဆင်ပြေတဲ့) သူငယ်ချင်းက ကျွန်တော်ပြောသလို လုပ်ပြီး ပိုအဆင်ပြေလာကြောင်းကို နောက်ခြောက်လလောက် ကြာတော့မှ လာပြောပြတဲ့ အဖြစ်ပါပဲ။ ပစ်လိုက်တာက တခြား၊ ထိသွားတာက တခြားပေါ့။ ဒီနေရာမှာ ဘဝနေနည်း ရှိခြင်း၊ မရှိခြင်းနဲ့ပတ်သက်ပြီး လူ သုံးမျိုး သုံးစားရှိတယ်လို့ ကျွန်တော် မြင်တယ်။ ဘဝနေနည်း ရှိတယ်လို့ ယုံကြည်သူများ၊ မရှိဘူးလို့ ယုံကြည်သူများနဲ့ ရှိချင်ရှိ၊ မရှိချင်နေ ဘာမှ စိတ်မဝင်စားကြသူများဆိုတဲ့ လူ သုံးမျိုးပါ။ ကျွန်တော်ပေးတဲ့ အကြံကို မလုပ်ဖြစ်ကြသူ နှစ်ဦးဟာ ဘဝနေနည်း ရှိတယ်လို့ မယူဆကြသူ၊ ဒါမှမဟုတ် စိတ်မဝင်စားကြသူ ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ်လည်း ဘဝနေနည်း ရှိတယ်လို ယူဆပေမယ့်လည်း ကျွန်တော်ပေးတဲ့ အကြံဟာ သူတို့ နားထဲကို မဝင်တာမို့ အလေးအနက်ထားပြီး မလုပ်ဖြစ်တာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ တကယ်လုပ်ဖြစ်တဲ့ သူငယ်ချင်းကတော့ ကျွန်တော့်လိုပဲ ဘဝနေနည်းရှိတယ်ဆိုတာကို လက်ခံထားသူဖြစ်ပြီး တကယ်လည်း ဘဝနေနည်းကို လိုက်နာဆောင်ရွက်သူပါပဲ။ ဒါကြောင့်လည်း သူ အဆင်ပြေနေတာ မဖြစ်နိုင်ဘူးလား။ ဒါကြောင့်လည်း လူတိုင်းကို ကူညီလို့ မရနိုင်ဘူး။ ကိုယ်က ကူညီပေမယ့် သူတို့မှာ ကိုယ့်အကူအညီကို လက်ခံနိုင်တဲ့ ရေခံမြေခံ (ဝါ) စိတ်နေ သဘောထားနဲ့ အသိ ရှိဖို့လိုပါသေးတယ်။ **** ဘဝနေနည်းက ဘာတွေလဲဆိုတာကို မဆွေးနွေးခင်၊ ဆင်ခြင် စဉ်းစားသင့်တဲ့ ပိုအခြေခံကျတဲ့ အချက်တွေကို နည်းနည်း ကြည့်ရအောင်။ ပထမ အချက်က ဘဝနေနည်း ရှိ၊ မရှိဆိုတဲ့ အချက်ပဲ။ ဒါက စာဆန်ဆန်ပြောရင် 'ရှိုမှုဗေဒ' (ontology)နဲ့ ဆိုင်တဲ့ အချက်။ ဒုတိယအချက်က "ဘဝနေည်း ရှိခြင်း မရှိခြင်းကို သိနိုင်လား"ဆိုတဲ့အချက်ပဲ။ ဘဝနေနည်း ရှိရင်တောင် အဲဒီ့နေနည်းတွေကို သိနိုင်၊ မသိနိုင် ဆိုတဲ့အချက်။ သိနိုင်တယ်ဆိုရင်တောင် ဘယ်လောက် သိနိုင်သလဲ၊ ဘဝနေနည်းတွေ အကုန်သိနိုင်လားဆိုတဲ့ အချက်တွေ ရှိသေးတယ်။ ဒီအချက်တွေဟာ စာဆန်ဆန်ပြောရရင် 'သိမှုဗေဒ' (epistomology)နဲ့ ဆိုင်တဲ့အချက်တွေပဲ။ ထပ်ချဲ့ချင်သေးရင် နောက်တချက် ရသေးတယ်။ အဲ့ဒါက "ဘဝနေနည်း ရှိခြင်း၊ မရှိခြင်း၊ သိခြင်း၊ မသိခြင်း ကိစ္စတွေဟာ အရေးကြီးလို့လား၊ အကျိုးရော ရှိလို့လား"ဆိုတဲ့ အချက်။ ဒီအချက်ကတော့ အသုံးဝင်မှု၊ မဝင်မှု၊ အကျိုးရှိမှု မရှိမှု (utilitarian)နဲ့ ဆိုင်သလို စောင့်စည်း လိုက်နာမှုဆိုတဲ့ ကိုယ်ကျင့်တရား (ethics)တဲ့ ဆက်စပ်နေတဲ့ အချက်ပဲ။ ထားပါတော့။ ဘဝနေနည်းနဲ့ပတ်သက်တဲ့ ကျွန်တော့် အမြင်ကို ဆက်ပြောရအောင်။ ကျွန်တော် ရှေ့မှာ ပြောခဲ့သလိုပဲ ဘဝနေနည်း ရှိတယ်လို့ ယုံကြည်တယ်။ နောက်ပြီး အဲဒီ့ ရှိတဲ့ ဘဝနေနည်းတွေကို အားလုံး မဟုတ်တောင် အတော်များများကို သိနိုင်တယ်လို့လည်း ယုံကြည်တယ်။ စဉ်းစားကြည့်ပါ၊ ဘဝနေနည်း ရှိတယ်ဆိုတာ လက်ခံပေမယ့် အဲဒီ့ရှိတဲ့ ဘဝနေနည်းတွေကို သိနိုင်တယ်လို့ လက်မခံရင် ဘာအဓိပ္ပာယ်ရှိတော့မလဲ။ မသိတာ့ အသုံးလည်း မချနိုင်၊ အကျိုးကျေးဇူးလည်း မရနိုင်တော့ဘူးပေါ့။ အဲဒီ့တော့ ရှိခြင်း၊ မရှိခြင်းဟာ အတူတူလို့ ဖြစ်မသွားဘူးလား။ ဒါလည်း ထားပါတော့။ ကျွန်တော် လက်ခံပြီး ကျင့်သုံးတဲ့ ဘဝနေနည်းတွေအကြောင်း ဆက်ပြောရအောင်။ **** ကျွန်တော့်အတွေ့အကြုံနဲ့ သိနားလည်မှုအရတော့ ဘဝနေနည်းတွေကို လိုက်နာခြင်းဟာ ဘဝကို အဆင်ပြေစေတယ်၊ တိုးတက်စေတယ်။ ဒီမှာ အရေးကြီးတဲ့ စကားလုံးက "လိုက်နာခြင်း"ပဲ။ ဘဝနေနည်းတွေ ရှိတယ်လို့ပဲ ယုံ၊ ယုံ၊ မရှိဘူးလို့ပဲ ထင်ထင်၊ တနည်းနည်းနဲ့ ဘဝနေနည်းတွေကို လိုက်နာနေမိသူတွေ ရှိတတ်ပါတယ်။ အလားတူပဲ၊ ဘဝနေနည်းတွေ ရှိတယ်လို့ ယုံကြည်ပေမယ့် မလိုက်နာတဲ့ သူတွေလည်း အများကြီး ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝနေနည်းတွေကို လိုက်နာခြင်း၊ တနည်းအားဖြင့် ဘဝနေနည်းတွေနဲ့ အညီ နေထိုင်၊ ပြုမူ၊ ကျင့်ကြံခြင်းအားဖြင့် ဘဝမှာ အဆင်ပြေစေ၊ တိုးတက်စေတယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။ အခု ကျွန်တော်ပြောနေတာတွေဟာ တက်ကျမ်း ဆန်ပါတယ်။ တကယ်တော့ တက်ကျမ်းဆန်တာ မဟုတ်ပါဘူး။ တက်ကျမ်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ တိုးတက်ဖို့အတွက် ပြောနေလို့ပါ။ ဒီနေရာမှာ တက်ကျမ်းတွေကို မယုံကြည်သူ၊ ဝေဖန်ရှုတ်ချသူတွေ အများကြီး ရှိတာ သိပါတယ်။ ကျွန်တော့် မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ ထဲမှာလည်း တက်ကျမ်းတွေကို မယုံကြည်ကြသူတွေ၊ ဝေဖန် ရှုတ်ချကြသူတွေ အများကြီးပါ။ ကျွန်တော်ကတော့သူတို့နဲ့ မတူပါဘူး။ တက်ကျမ်းတွေကို ကြိုက်တယ်၊ အလေးထားတယ်၊ လိုအပ်တယ်၊ တန်ဖိုးရှိတယ်လို့ မြင်တယ်။ တက်ကျမ်းတွေကို မယုံကြည်သူ၊ ဝေဖန် ရှုတ်ချသူတွေကို ကျွန်တော် ထောက်ပြတဲ့ အချက် တချက်် ရှိပါတယ်။ အဲ့ဒါက "၃၈ ဖြာ မင်္ဂလာဟာ တက်ကျမ်း မဟုတ်ဘူးလား"ဆိုတာပါပဲ။ ကျွန်တော့် အမြင်မှာတော့ "၃၈ ဖြာ မင်္ဂလာ"ဟာ အလွန် တန်ဖိုးရှိတဲ့ တက်ကျမ်းပါပဲ။ မင်္ဂလာတရားတော်တွေကို လိုက်နာရင် လိုက်နာသလောက် ဘဝဟာ အဆင်ပြေ၊ တိုးတက်မှာပါ။ ကျွန်တော့် ကိုယ်တွေ့ပါပဲ။ မင်္ဂလာတရားတော်တွေကို ခဏထားပြီး ဆင်ပြေခြင်း၊ မပြေခြင်းနဲ့ ဘဝနေနည်းတွေအကြောင်း ဆက်ရအောင်။ **** ဘဝမှာ အဆင်ပြေခြင်း၊ မပြေခြင်းဟာ အနည်းဆုံး နှစ်မျိုးရှိပါတယ်။ အများနဲ့ဆိုင်တဲ့ အဆင်ပြေခြင်း မပြေခြင်းနဲ့ ကိုယ့်တသီးပုဂ္ဂလနဲ့ပဲဆိုင်တဲ့ အဆင်ပြေခြင်း မပြေခြင်းပဲ။ အများနဲ့အတူ အဆင်မပြေခြင်း၊ အဆင်ပြေခြင်း ဆိုတာက အားလုံး အဆင်ပြေနေတဲ့အချိန်နဲ့ နေရာမှာ ကိုယ်လည်း အားလုံးနဲ့အတူ အဆင်ပြေနေခြင်းပါပဲ။ ထို့အတူ အားလုံး အဆင်မပြေတဲ့အခါမှာ အများနဲ့အတူပဲ ကိုယ်က အဆင်မပြေ ဖြစ်နေခြင်းပါ။ ဥပမာ အခု မြန်မာ့ လူ့အဖွဲ့အစည်းဖြစ်နေပုံပေါ့။ လူယုတ်မာတစုရဲ့ ကိုယ်ကျိုးကြည့်ပြီး လုပ်လိုက်တဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် အဆင်ပြေစပြုနေတဲ့ တိုင်းပြည် ဒုက္ခရောက်ရပြီး ပြည်သူ အများစု ခက်ခဲ ကြပ်တည်းကာ စိတ်နှလုံး မချမ်းမြေ့ ဖြစ်နေရခြင်းပေါ့။ ကိုယ့်တသီးပုဂ္ဂလ အဆင်ပြေခြင်း၊ မပြေခြင်း ဆိုတာကတော့ အများက အဆင်ပြေနေ သို့မဟုတ် အဆင်မပြေ နေပေမယ့် ကိုယ်က သီးခြား အဆင်ပြေနေတာ၊ သို့မဟုတ် အဆင်မပြေနေတာပေါ့။ ဒါ့အပြင် အများက အဆင်ပြေနေတဲ့ အချိန်မှာ ကိုယ်က ပိုပြီး အဆင်ပြေနေတာ ဒါမှမဟုတ်လည် ကိုယ်က အဆင်မပြေ ဖြစ်နေတာ။ ပြောင်းပြန်အားဖြင့် အများ အဆင်မပြေတဲ့ကာလမှာ ကိုယ်က အဆင်ပြေနေတာ၊ ဒါမှမဟုတ်လည်း ကိုယ်က အဆင်မပြေ နည်းနည်းပဲ ဖြစ်နေတာတွေပဲ။ ဒီလို အများနဲ့ မတူဘဲ၊ ကိုယ်က အဆင်ပြေနေ၊ အဆင်မပြေနေခြင်းဟာ ကိုယ့်ရဲ့ ဘဝနေနည်းနဲ့ သက်ဆိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ အများနဲ့ပတ်သက်ရင်လည်း လူအများဟာ ဘဝနေနည်းနဲ့ အညီ မနေကြရင် လူအများဟာ အဆင်မပြေ ဖြစ်နေကြမှာပဲ။ အလားတူပဲ ဘဝနေနည်းနဲ့အညီ လူအများဟာ နေထိုင် ကျင့်ကြံကြရင် လူအများဟာ အတူတကွ အဆင်ပြေကြမှာပဲ။ အခုပြောတဲ့အချက်ဟာ ဘာသာတရားမှာပါတဲ့ ဆုတ်ကပ်တို့၊ တက်ကပ်တို့နဲ့ ဆက်စပ်နေတယ်လို့ မထင်မိဘူးလား။ ကပ်တွေအကြောင်းကို ထားပါဦး။ လူတိုင်း တနိုင်လုပ်နိုင်တဲ့ ဘဝနေနည်းတွေအကြောင်းပဲ ပြောရအောင်။ **** ကော့သောင်းမှာ အလုပ်လုပ်ရင်း ကျွန်တော်တို့နဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ ကိုချမ်းသာအကြောင်း စာတပုဒ် ကျွန်တော် ရေးဖူးတယ်။ (ပြန်ရှာပြီး ကွန်မန့်မှာ ဖတ်နိုင်တဲ့ လင့်ခ် တင်ပေးပါ့မယ်)။ ကိုချမ်းသာဟာ ခြေနှစ်ဖက် မရှိပါဘူး၊ ဒါပေမယ့် သူ့ဘဝဟာ အဆင်ပြေနေတယ်။ ဝင်ငွေကောင်းတဲ့ လုပ်ငန်းလည်း ရှိနေပြီး ခင်မင်စရာ မိတ်ဆွေကောင်းတွေနဲ့ ပျော်မွေ့စရာ ဘဝလေး ပိုင်ဆိုင်နေတယ်။ ကျွန်တော်တို့ကလည်း သူ့ကို ခင်လည်း ခင်မင်၊ အထင်လည်း ကြီးပြီး သူ့ဘဝကို စိတ်လည်း ဝင်စားတာမို့ မေးကြည့်တော့ သူက ဇာတ်ကြောင်းကို ပြောပြပါတယ်။ ဖြစ်ပုံက သည်လို။ သူက လှေပိုင်ရှင်ဆီက လှေငှားပြီး ခရီးသည်တွေကို လှေလှော်ပို့ပေးတဲ့ အလုပ်လေးကို ကြပ်ကြပ်တည်းတည်း ပင်ပင် ပန်းပန်း လုပ်နေတဲ့ ကာလမှာ တနေ့ သူ့လှေကို ရဟန်းတပါး တက်စီးပြီး သူ့ဒုက္ခိတဘဝနဲ့ ပင်ပင ်ပန်းပန်း ဆင်းဆင်းရဲရဲ အသက်မွေးနေရတာကို သနားလို့ ကျင့်သုံးဖို့ နည်းလေးတခု ပေးခဲ့တယ်တဲ့။ သူလည်း အဲဒီ့နည်းလေးကို ယုံယုံကြည်ကြည် ကျင့်သုံးရင် တဖြည်းဖြည်း အဆင်ပြေ တိုးတက်လာတာတဲ့။ ကျွန်တော်တို့နဲ့ တွေ့ဆုံတော့ သူက အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ ပြုံးရွှင် တက်ကြွနေသူ။ ပြီးတော့ လှေတွေ ပိုင်ပြီး၊ ကိုယ်ပိုင်စီးပွားရေး ရှိနေလို့ ဝင်ငွေလည်း ကောင်းသူ။ (သူ့မှာ ခြေနှစ်ဖက် မရှိဘူးနော်၊ မေ့နေမှာ စိုးလို့။) အလားတူ နောက်ဥပမာတပုဒ် ရှိသေးတယ်။ အဲ့ဒါက ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တပုဒ်မှာ ပါတဲ့ မန္တလေးက ဦးရန်ကုန်ဆိုတဲ့ ရဟန်းကြီးတပါးအကြောင်း။ အဲဒီ့ဦးရန်ကုန်ဟာ ရန်ကုန်တိုင်းထဲက တိုးကြောင်လေးမြို့လေးကနေ မန္တလေး ဘုရားကြီး ကျောင်းရောက်စကတော့ ကိုရင်ငယ်လေး မောင်ရန်ကုန်ပေါ့။ ရောက်စက အလွန် ဒုက္ခရောက်တယ် ဆိုပါတယ်။ လှူဒါန်းမယ့် ဒကာ၊ ဒကာမ မရှိတာမို့ ဆွမ်းလည်း လောက်လောက်ငင မရဘူးတဲ့။ ဥပတိရုပ်ကလည်း ဆိုးတော့ ကလေးလေးတွေက သူ့ကို မြင်ရင် ကြောက်ကြတယ်တဲ့။ သူ့အဖြစ်ကို သနားတဲ့ ဆရာတော်ကြီးတပါးက ဆင်းရဲကြပ်တည်းနေတဲ့ မောင်ရန်ကုန်ကို အဆင်ပြေအောင်၊ လာဘ်လာဘ ပေါများလာအောင်ဆိုပြီး နည်းလေးတနည်း ပေးလိုက်ပါတယ်။ ကျွန်တော့်အခေါ်တော့ ဘဝနေနည်းလေးပေါ့။ အဲဒီ့နည်းကို လိုက်နာ ကျင့်သုံးရင်းနဲ့ မောင်ရန်ကုန်လေးဟာ တဖြည်းဖြည်း လှူဒါန်းသူ ဒကာ၊ဒကာမတွေ ပေါများလာပြီး ဘဝဟာ အဆင်ပြေ တိုးတက်လာတော့တယ်တဲ့။ ဒါ့အပြင် အရင်က သူ့ကို ကြောက်တဲ့ ကလေးလေးတွေကပါ သူ့ကို ခင်မင်လာကြတယ်တဲ့။ အဲဒီ့အကြောင်းလည်း ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ်။ (ပြန်ရှာပြီး ကွန်မန့်မှာ လင့်ခ်တင်ပေးပါ့မယ်။) ဒါကြောင့်လည်း ကျွန်တော်က တရားနာကြဖို့ အမြဲ အကြံပြုတာပါ။ ဘဝနေနည်းတွေဟာ တရားတော်တွေမှာ အများကြီး ပါကြတယ်။ ဒါ့အပြင် ထင်ရှားကျော်ကြားသူတွေ၊ အောင်မြင် ထမြောက်သူတွေရဲ့ ဘဝဇာတ်ကြောင်းတွေ၊ အထုပ္ပတ္တိတွေမှာလည်း အတုယူ လိုက်နာစရာ ဘဝနေနည်းတွေ အများကြီး ပါကြတယ်။ ဒါကြောင့်လည်း စာအုပ်၊ စာပေတွေ ဖတ်ရှူ လေ့လာ၊ မှတ်သားဖို့ အမြဲ ဆော်ဩနေတာပါပဲ။ ထားပါတော့။ ကျွန်တော်လည်း နိုင်ငံခြားမှာ ကျောင်းတက်တုန်းက ဘဝဟာ အလွန်ခက်ခဲ ကြပ်တည်းတာပေါ့။ အခုပြောခဲ့တဲ့ ဘဝနေနည်းတွေကို ကျင့်ကြံပြီး ဘဝကို တည်ဆောက်ခဲ့ရတာပါ။ အခုတော့ ကိုယ့်လေ့လာ အားထုတ်မှုနဲ့ စောင့်စည်း ကျင့်ကြံမှုရဲ့ အသီးအပွင်တွေလည်း အထိုက်အလျောက် ခံစားနေရပါပြီ။ ကိုယ်သိသလို၊ ကိုယ်အကျိုးရှိခဲ့သလို အခြားသူတွေကိုလည်း သိစေချင်၊ အကျိုးရှိစေချင်လို့ ဒီလို စာမျိုးတွေ ရေးနေတာပါ။ စာရှည်နေပြီမို့ ဒီမှာပဲ ရပ်ကြတာပေါ့။ နောက်မှ ထပ်ရေးပါ့မယ်။ အားလုံးရဲ့ ဘဝတွေ အဆင်ပြေကြ၊ တိုးတက်ကြပါစေ။ (မျိုးနိုင်) ၈ ဇွန်လ ၂၀၂၂၊ ကြာသပတေးနေ့မနက် ၉း၅၃ source: Myo Naing

Thursday, June 9, 2022

နိုင်ငံခြားက နှမ်းဖတ်ချဉ်

ကျမတို့ရဲ့ နိုင်တငံခြားက နှမ်းဖတ်ချဉ်ကရောတဲ့ ဒီလိုပါ။. ဒီမှာက အာရပ်အစားအစာဆိုင်တွေ တူရကီ တွေရောင်းတဲ့ grocery ဆိုင်တွေမှာရှိပါတယ်။ သူတို့ အခေါ် တဟိနိ Tahini လို့ခေါ်တဲ့ နှမ်းအနှစ်ပေါ့နော် အဲဒီဟာကို ကျမက အလွယ်သုံးပါတယ်။ နှမ်းကို ကြိတ်ထားတာလေ။ သံလွင်ဆီကို ထဲ့ ထားသေးတယ်။ ကျမက အဲဒီဆီတွေကို လုံးဝထုတ်ပလိုက်တယ်။ သိမ်းထားသေးတယ်နော်။ အသုတ် ထဲပြန်ထဲ့မယ်လေ။ ဆီစစ်ပြီးသား နှမ်းဖတ်အနှစ်ကို ဆား ၂ဇွန်းနဲ့ ရေလေး ဇွန်း၁ဇွန်းစာနဲနဲလေးနဲ့ ရောမွှေ လေလုံးဗူးနဲ့ပိတ်ပြီး နဲနဲပူတဲ့နေရာမှာထားလိုက်တယ်။ နေလှန်းနိုင်ရင်ပိုကောင်းပါတယ်။ ၄- ၅ရက်နေတော့ နှမ်းဖတ်ချဉ်ဆန်ဆန်လေးဖြစ်နေပြီ။ ဒါက ဝယ်လို့ရတဲ့ နေရာက လူတွေ အတွက်ပေါ့နော်။ မရတဲ့နေရာက လူတွေက – နှမ်း ၁ကီလို -ရေ ၃ဇွန်း ( စားပွဲတင်) – နေကြာဆီ ၃ဇွန်း(စားပွဲတင်) -ဆား ၃ဇွန်း (စားပွဲတင်) စစချင်း နှမ်းကို blender မှာထဲ့ နေကြာဆီ ၃ဇွန်း(စားပွဲတင်), ရေထဲ့ မွှေလိုက်ပါတယ်။ လုံးဝကျေသွားရင် ခဏလက်နဲ့ ညှစ်ညှစ်ပေးပြီး အဝတ်ပါးထဲ ထဲ့ ကျပ်နေအောင် ချည် ဇကာပေါ်တင်ပြီး အပေါ်ကအလေးဖိထားလိုက်တယ်။ ၂၄နာရီ ကြာရင် ဖြည်ပြီး ဆားနယ်လေလုံးဗူးနဲ့ပိတ်ပြီး နဲနဲပူတဲ့နေရာမှာထားလိုက်တယ်။ နေလှန်းနိုင်ရင်ပိုကောင်းပါတယ်။ ၄- ၅ရက်နေတော့ နိုင်ငံခြားက နှမ်းဖတ်ချဉ် လေးရပါပြီ။ Source: EiThet ကြက်သားကိုကြော် လက်ကျန်ဆီနည်းနည်းလေးမှာအဖြူအနီဆီသတ် ငရုပ်သီးစိမ်းလည်းဆယ်တောင်လောက်ညှပ်ထည့် စိမ်းစားငပိဆီဖြူသီးခန့်ထည့် ဆီမွေးအကုန်ကျပ်ပြီဆို နှမ်းဖက်ချည်ကိုထည့်မွှေ ပြီးရင်ကြက်ကြော်ထည့် ဆားအချိုမုန့်လိုသလောက်ထည့် ချခါနီးပျဉ်းတော်သိမ်ရွက်အုပ် ထမင်းပူပူလေးနှင့်နယ်စားမလား ထမင်းကြမ်းလေးနှင့်အိုးလူးစားမလား တခါလောက်စားကြည့် ကြက်သွန်နီဆီသပ်လိုက်.... ငရုပ်ဆီးစိမ်းထက်ခြမ်းခွဲဆီသပ် စပါးလင်ပါးပါးလှီးထည့်နှမ်ဖက်ချဥ်ထဲ.....ထည့်ကြော်ပါ.... ဟင်းချို့မှုန့်ဆားထည့်...ချိန်ဆထည့်....ရှောက်ရွက်ပါးပါးလှီး.. အိုး...ချမှထည့်ပေးလိုက်.. မထည့်လည်းရတယ်... ဘဲဥကိုပြုတ်ပြီးနှမ်းဖတ်ချဉ်နဲ့ဆီပြန်လေးချက် သိပ်စားကောင်းတာ ကြော်စားတာထက် ဆီဲပြန်ချက်စားတာပိုကောင်းတယ်။ ငါးသေးသေးလေးတွေ၊ ပုစွန်ဆိတ်လေးတွေ၊ ပုစွန်လုံးတွေ အစသဖြင့်ရောချက်စားကြတယ် ကျနော်ကတော့ ငါးဘတ်နဲ့ရောချက်တာ အကြိုက်ဆုံးဘဲ။ ထမင်းနဲ့နယ်စားသလို ဒီတိုင်းထိုင်စားလို့လဲကောင်းတယ်။ ကြော်စားရင်လဲ စားလို့ကောင်းပါတယ် သူကတော့ နှမ်းဖတ်ချဥ်သီးသန့်ပေါ့ ဘာမှ မထည့်ကြပါဘူး အရမ်းကောင်း မြေပဲဆံလေးပါ ထောင်းထည့်ငရုတ်သီးမှုန့်လေးနဲ့

Lithium battery နှင့် BMS

ဗဟုသုတအနေနဲ့ မှတ်ထားဖို့ ကူးလာတာပါ။ မူရင်းရေးသားသူကို အတိအကျ မသိရပေမယ့် ကျေးဇူးတင်ပါတယ်။ Lithium battery နှင့် BMS Lithium Battery နှစ်မျိး Li-ion Battery ခြောက်မျိုး Battery pack design (S and P) Why need BMS နှင့် Lead-Acid is really cheap တို့ကိုရှင်းပြပေးမှာဖြစ်ပါတယ်။ Lithium Battery မှာ Li-ion နှင့် Li-po နှစ်မျိုးရှိပါတယ်။ Li-po battery Li-po battery ကို High current ရအောင် ပြုလုပ်ထားပြီး Drone နှင့် RC toy များတွင်အသုံးပြုကြပါတယ်။ အသုံးပြုသည့် Cycle များလာသည်နှင့်အမျု Performance ကျလာသည့် အတွက် Storage အတွက်မသုံးကြပါ။ Li-ion battery ခြောက်မျိုး 1. (LiCoO2) — LCO 2. (LiNiCoAlO2) — NCA 3. (LiNiMnCoO2) — NMC 4. (LiMn2O4) — LMO 5. (LiFePO4) — LFP 6. (Li2TiO3) — LTO Li-ion battery ခြေက်မျိုး အနက် LMO, LFP တို့မှာအသုံးများပြီး Future မှာတော့ LTO ကိုအသုံးများကြမှာပါ။ LMO အပါအ၀င် ပထမ သုံးမျိုးကို 18650 အဖြစ်အဓိက ထုပ်လုပ်ကြပါတယ်။ 3.7V နှင့် 100% DOD မှာ Cycle 1000 ခန့် အသုံးပြုနိုင်ပြီး 1C discharge နဲ့ 0.5 charging ကတော့အကောင်းဆုံးပါ။ လိုအပ်လျင်တော့ 2C discharge နဲ့ 1C charging လုပ်လို့ရပါတယ်။ 3V Low Voltage နဲ့Charge full Voltage ကေတာ့ 4.2ပါ။ EV,Laptop, phone, portable player, e bike တို့မှာ အသုံးပြုကြပါတယ်။ 1Cycle per day သုံးမယ်ဆိုရင်တောင် သုံးနှစ်ကျော်သုံးရပါမယ်။ သုံးနှစ်ကျောတာတောင်မပျက်သေးပါဘူး ဆက်သုံးလို့တော့ရနေပါသေးတယ်အသစ်လောက်တော့ အားမခံတော့ဘူးပေါ့။ LFP ကို 32650 ပုံစံဖြင့်တွေ့ရပြီး အခြားပုံစံများစွာလဲရှိပါတယ် 3.2V နှင့် 100% DOD မှာ Cycle 2000 ခန့် အသုံးပြုနိုင်ပြီး 2500 မှ 3000 cycle ရတာတွေလဲရှိပါတယ်။ 1C discharge နဲ့ 0.5 charging ကတော့အကောင်းဆုံးပါ။ လိုအပ်လျင်တော့ 2C discharge နဲ့ 1C charging လုပ်လို့ရပါတယ်။ 2.5V Low Voltage နဲ့ Charge full Voltage ကတော့ 3.65 ပါ။ Solar storage, backup storage, Solar lamp, e bike တို့မှာ အသုံးပြုကြပါတယ်။ 1Cycle per day သုံးမယ်ဆိုရင်တောင် ငါးနှစ်ကျော်သုံးရပါမယ်။ ငါးနှစ်ကျောတာတောင်မပျက်သေးပါဘူး ဆက်သုံးလို့တော့ရနေပါသေးတယ်။ LTO ကတော့ အကောင်းဆုံး Lithium battery လို့ပြောနိုင်ပါတယ်။ တစ်ခုတည်းသော အားနည်းချက်တော့ Specific power နည်းတာပါ။ Ah တူတဲ့ အခြား battery နဲ့ယှည်လိုက်ရင်တော့ သူကပိုလေးနေပါတယ်။ mAh သေးသေးလေးတွေထုတ်လုပ်ဖို့အဆင်မပြေသေးပါဘူး စျေးကွက်ထဲမှာ တော့ 30Ah 40Ah တွေတွေ့ရပါတယ်။ 2.4V နှင့် 100% DOD မှာ Cycle 25000 အသုံးပြုနိုင်ပါတယ်။ 5C discharge နဲ့ 5C charging ကတော့အကောင်းဆုံးပါ။ 1.8V Low Voltage နဲ့ Charge full Voltage ကတော့ 2.85 ပါ။ Solar storage, backup storage, EV တို့မှာ အသုံးပြုကြပါတယ်။ Honda fit EV မှာ အသုံးပြုနေတဲ့ Battery ပဲဖြစ်ပါတယ်။ 1Cycle per day သုံးမယ်ဆိုရင်တောင် နှစ်ခြောက်ဆယ်ကျော်သုံးရပါမယ်။ Lithium Battery ဆင်မည့်သူများ အနေဖြင့်မသိမဖြစ် သိထားရမှာကတော့ S နဲ့ P ပါ၊ Seriel နဲ့ Parallel ပေါ့။ အသုံးပြုသူများလဲသိထားသင့်ပါတယ်။ 2000mAh 18650 နဲ့ 12V 20Ah battery ဆင်မယ်ဆိုပါတော့ (1Ah=1000mah)။ Voltage အတွက် S ကိုအရင်တွက်မယ် 18650 က 3.7V ရှိလို့ 12V အနီးစပ်ရအောင်သုံးလုံး series 3S သုံးပါက 11.1V (9V low Voltage,12.6V Charge full voltage) ရပါမယ်။ Ah အတွက် P ကိုတွက်မယ်တစ်လုံးကို 2Ah ရှိလို့ ဆယ်လုံး parallel 10p လိုပါမယ်။ 12V 20Ah ရဖို့ 3S 10P စုစုပေါင်း 18650 အလုံးရေ 30 လိုပါတယ်။ 3S 10P battery ကို Lead acid နေရာမှာ အစားထိုးသုံးလို့ရပြီလား? No ပါ။ Lead acid ရဲ့ Voltage က 12V (10.8V low Voltage,14.4 Charge full voltage) ဆိုတော့ အဆင်မပြေပါဘူး။ သုံးချင်ပါက 12.6v float နဲ့ 9V low ချိန်လို့ရတဲ့ အင်ဗာတာလိုပါမယ်။ ဒါဆို 4S 10P လုပ်ကြည့်မယ်ဆိုရင် 14.8V (12V low Voltage, 16.8V Charge full voltage) ဖြစ်သွားတော့ အားအပြည့်သွင်းပြီးသုံးပါက အင်ဗာတာလောင်မယ် မလောင်အောင် 14.4V လောက်သွင်းသုံးမယ် ဆိုရင်လဲ သိပ်မသူံးရသေးဘူး 12ရောက်ပြီးအားကုန်သွားမယ်။ ဘယ်လိုသုံးကြ သလဲဆိုရင် 18650တွေကို 7S 24V ဆင်ပြီးသုံးကြပါတယ်။ 24V lead Acid အသုံးပြုတဲ့နေရာမှာ တိုက်ရိုက်အစားထိုးသုံးစွဲနိုင်ပါတယ်။ 12V lead acid နေရာမှာအစားထိုး သုံးစွဲချင်ရင်ဘယ်လိုလုပ်ရမလဲ။ LFP(Lifepo4) 32650 ကိုသုံးပါ။ 4S ဆက်လိုက်ရင် 12.8V (10V low Voltage,14.6V Charge full voltage) ရလို့ lead acid ထက် အားပိုသွင်းလို့ရသလို low voltage cut off မပါတဲ့အင်ဗာတာ တွေနဲ့လဲ အဆင်ပြေပါတယ်။ 12V solar system သုံးစွဲတဲ့သူတွေအနေဖြင့် LFP ကိုသာ ရွေးချယ်သင့်ပြီး24V သို့ 48V solar system သုံးတဲ့သူတွေကတော့ LFP နှင့် LMO ကြိုက်နှစ်သက်ရာသုံးလို့ရပါတယ်။ ထို့ကြောင့်Lithium battery အများစုကို Li-ion ဆိုရင် 24V ထုပ်လု ပ်ကြပြီး Lifepo4 ဆိုရင်တော့ 12V နဲ့ထုပ်လုပ်ကြပါတယ်။ LTO မှသုံးချင်ပါတယ်ဆိုရင်တော့ 12V အတွက် 6S အသုံးပြုရမှာဖြစ်ပါတယ်။ Why need BMS BMS (Battery Management System) ဆိုတာကတော့ အဓိကအားဖြင့် battery အားသွင်း အားထုပ်ပြုလုပ်တဲ့အချိန်မှာ လိုအပ်တာထက်ပိုမသွင်းမိအောင် အားကုန်အောင်မသုံးမိအောင် Series တွဲထားတဲ့ဘက်ထရီလေးတွေ တစ်လုံးနဲ့တစ်လုံး Voltage ညီအောင်လုပ်ဆောင်ပေးပါတယ်။ တစ်ချို့ BMS တွေကတော့ battery အပူချိန်ပါထောက်လှမ်းပြီး အပူလွန်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ BMS တွေက Overcharge protection Deep dischaege protection Load balacing Over temp protection တို့ကိုလုပ်တောင်ပေးလို့ battery သက်တမ်းရှည်စေပါတယ်။ Lithium battery မှာပဲ BMS လိုတာလား? Lead acid မှာရောမလိုဘူးလား။ Lead acid မှာသုံးနိုင်ရင်တော့အကောင်းဆုံးပေါ့။ တစ်လုံးထဲသုံးတဲ့သူကတော့ပြသနာမရှိပါဘူး။ တပ်လို့လဲမရပါဘူး။ တစ်လုံးထက်ပိုတပ်ဆင်ထားရင်တော့ BMS သုံးသင့်ပါတယ်။ Battery တစ်လုံးကအရင်ပျက်သွားတာမျိုးမရှိတော့ဘူးပေါ့၊ သက်တမ်းအပြည့်လဲသုံးလို့ရသွားပါတယ်။ BMS လိုအပ်မှန်းသိလို့ သုံးတဲ့လူတွေလဲရှိနေကြပါပြီ။ တယ်လီကွန်းတွေမှာတော့ BMS ကိုတပ်ဆင်အသုံးပြုကြပါတယ်။ Lithium နဲ့ BMS Lithium Battery တွေမှာတော့ BMS မဖြစ်မနေလိုလာပါပြီ။ BMS မပါလို့ ပျက်စီးသွားရင် တန်ဖိုးကမသေးသလို Energy density မြင့်မားပြီး Discharge current rating ကလဲမြင့် storage လုပ်ထားတဲ့ Energy ကိုအကုန်ထုပ်ပေးနိုင်တာဆိုတော့ အမှားအယွင်းတစ်ခုခုဖြစ်ခဲ့ရင် မီးလောင်ပေါက်ကွဲသည်အထိဖြစ်နိုင်လို့ BMS မဖြစ်မနေတပ်ဆင်ဖို့လိုပါတယ်။ အထူးသဖြင့် internal resistance မတူတော့တဲ့ တနည်းပြောရရင် အားသိုလှောင်နိုင်စွမ်းမတူတော့တဲ့ cell အဟောင်းတွေပြန်ဆင်သုံးတဲ့လူတွေ BMS မဖြစ်မနေကိုတပ်ဆင်ကြရပါမယ်။ ဒဲ့ပြောရရင်တော့ battery စက်ဘီးသမားတွေပေါ့။ တစ်ချို့ Original ပါလာတဲ့ Lithium BMS တွေမှာ Cycle limit လုပ်ထားပါတယ်။ သက်မှတ် Cycle ပြည့်ရင် BMS ကပိတ်ပြစ်လိုက်ပါတော့တယ်။ cell တစ်လုံးပျက်ရင် သို့မဟုတ် Over temp ဖြစ်ရင် လုံးဝပိတ်ပြစ်လိုက်ပါတယ်။ Battery သက်တမ်းကုန်ပြီလို့သက်မှတ်လိုက်ပါတယ်။ မြန်မာနဲ့တွေ့ရင်ဘယ်ရမလဲ BMS ဖြုတ်ပြစ်လိုက်တယ်။ စီးရဲရင်စီးကြပေါ့ မိုင်းဗုံးဖင်ခုစီးရသလိုပဲ။ BMS ပိတ်သွားရင် ဘာလုပ်ရမလဲဆိုတော့ Battery ကိုတစ်လုံးချင်းစီဖြုတ် 18650 charger နဲ့အားသွင်း mAh discharge tester နဲ့တိုင်း။ mAh ကိုမှတ်သားပြီး တူတာတွေကို BMS အသစ်နဲ့ပြန်ဆင်ပါ။ Lead-Acid is really cheap Lead acid battery တွေကိုဘာ့ကြောင့်သုံးလဲလို့မေးရင်စျေးချိုလို့သုံးတယ်ပြောကြပါလိမ့်မယ်။ မေးခွန်းကတကယ်ရောစျေးချိုလို့လား။ ချိုတယ်လို့ဖြေကြပါလိမ့်မယ် အဖြေမှန်ကတော့ မချိုပါဘူးဗျာ။ Battery စနစ်တွေထဲမှာစျေးအများဆုံးစနစ်ပါ။ ဘာလို့လဲဆိုတော့ Lead Acid battey အများစုက 80% DOD မှာ 300 Cycle ပဲရပါတယ်။ တစ်နေ့ One Cycle ပဲသုံးရင်တော့င် တစ်နှစ်ခန့် နှစ်ရက်မှ One cycle ပဲသုံးရင်တောင် နှစ်နှစ်ခန့်ပဲရပါမယ်။ Lead Acid နဲ့ Lithium တို့ရဲ့ Onecycle အပေါ်ကုန်ကျစရိတ်ကို အနီးစပ်ဆုံးတွက်ချက်ပြီး Factor ထုပ်ထားပါတယ်။ တွက်ကြည့်ကြပါ ဘယ်ဟာကစျေးချိုလဲလက်တွေ့တွေ့ရပါမယ်။ Lead Acid AGM 1Ah 1cycle. ကုန်ကျစရိတ်က 6ကျပ်။ တွက်ပုံတွက်နည်းကတော့ Ah×Cycle×6 100Ah စျေးလိုချင်ပါက 100×300×6=180000ကျပ် Lithium ion 1cycle. ကုန်ကျစရိတ်က 5 ကျပ်။ တွက်ပုံတွက်နည်းကတော့ Ah×Cycle×5 100Ah စျေးလိုချင်ပါက 100×1000×5=500000ကျပ် Lifepo4 1cycle. ကုန်ကျစရိတ် 3 ကျပ်။ တွက်ပုံတွက်နည်းကတော့ Ah×Cycle×3 100Ah စျေးလိုချင်ပါက 100×2000×3=600000ကျပ် LTO 1cycle. ကုန်ကျစရိတ်က 1 ကျပ်။ တွက်ပုံတွက်နည်းကတော့ Ah×Cycle×1 100Ah စျေးလိုချင်ပါက 100×25000×1=2500000ကျပ် အထက်ပါ Formula က လက်ရှိပေါက်စျေးတွေကို တွက်ထုပ်ထားတာပါ။ Lead Acid ကစျေးအကြီးဆုံးဖြစ်ပြီးLTO ကတော့စျေးအသက်သာဆုံးပါLithium ion ကတော့ Lead Acid နဲ့စျေးသိသိသာသာမကွာပေမယ့် ၂နှစ် တစ်ခါလောက်မလဲချင်သူ။ အလေးချိန်ပေါ့ချင်သူတွေကတော့ရွေးချယ်သင့်ပါတယ်။ စက်ဘီးမှာ သုံးမယ်ဆိုရင် Ah အတူတူနှစ်စီးယှဉ်စီးရင် li ion က သူ့အတွက်သိပ်မရုံးရလို့ ဝေးဝေးပိုပြေးပါတယ်။ Lifepo4 ကတော့ အခုနောက်ပိုင်းထွက်တဲ့ E bike တွေ E scooter တွေမှာပါလာပါပြီ။ ပြည်တွင်းလစ်သီယံ battery စက်ဘီးတွေကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဘီးအဟောင်းတွေဆိုတော့ 18650 ပဲတွေ့ရပါတယ်။ မူရင်းလင့်တွေလဲပေးထားပါတယ် အသေးစိတ်ဖတ်ချင်ရင်ဖတ်ကြပါ။ https://batteryuniversity.com/.../types_of_lithium_ion https://owlcation.com/.../Comparing-6-Lithium-ion-Battery... https://en.m.wikipedia.org/wiki/Lithium-ion_battery https://www.google.com/url?sa=t&source=web&rct=j&url=http://www.evs28.org/event_file/event_file/1/pfile/Comparing%2520the%2520performances%2520of%2520different%2520energy%2520storage%2520cells%2520for%2520hybrid%2520electric%2520vehicle.pdf&ved=2ahUKEwjI59a-w_vjAhU17nMBHb92AfIQFjAAegQIAxAB&usg=AOvVaw35_aYc0RqJ1Bz2lxuPN9I9 https://www.google.com/url?sa=t&source=web&rct=j&url=%23......

Friday, June 3, 2022

အလင်္ကာပုလဲပန်း၊ မုန့်လုံးစက္ကူကပ်ဇာတ်လမ်း

အလင်္ကာပုလဲပန်း၊ မုန့်လုံးစက္ကူကပ်ဇာတ်လမ်း ကိုသိမ်းမြတ် ဘီဘီစီမြန်မာပိုင်း ၃၀ မေ ၂၀၂၂ ကြာအေးကို သူ့အမေရိုက်လို့ မှောင်မိုက်မှာငို ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ တွဲလဲရယ်နေပါအုံး မိုးတောင်ကချုန်း မုန့်လုံး မုန့်လုံးကိုစက္ကူကပ်ပါလို့ ကြာကလပ်နဲ့ဆွမ်းတော်တင် ပလ္လင်ပေါ်ကမျောက်ကလေး ဆင်းတဲ့လို့ပြေး ကြာအေး ဒီကဗျာ၊ ဒီသီချင်းလေးဟာ ရေးသူအမည်မသိပေမဲ့ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ အလွန်ထင်ရှားပါတယ်။ တချို့က ကဗျာကို “ကြာအေးကိုသူ့အမေရိုက်လို့”နဲ့စပြီး တချို့က “မုန့်လုံးကိုစက္ကူကပ်ပါလို့”နဲ့စပါတယ်။ ဘယ်ကပဲစစ ပတ်ချာလည်ဆိုလို့ရတာမို့ ဘယ်ဟာအစဘယ်ဟာအဆုံးဆိုတာတောင် တိတိကျကျပြောလို့မရဘဲ မူကွဲနှစ်မျိုးရှိနေပါတယ်။ အဲဒီမူကွဲနှစ်မျိုးမှာ ဘယ်မူနဲ့ပဲလာလာ အားလုံးက ကျေကျေနပ်နပ်လက်ခံကြပါတယ်။ မကျေမနပ်ဖြစ်ကြတာက ကြာအေးနဲ့ ဂျာအေးပါ။ ကြာအေးကလည်း မူကွဲနှစ်မျိုးရှိနေပြန်ပါတယ်။ ကြာအေးနဲ့ ဂျာအေးပါ။ ဒီကြာအေးနဲ့ ဂျာအေးကျမှ ငြင်းကြခုံကြနဲ့ တော်တော်လေး ပွဲဆူပါတယ်။ ဒီလိုပွဲဆူရတာကလည်း မူလတန်းဖတ်စာအုပ်မှာ ဂျာအေးနာမည်နဲ့တခါက ပြဋ္ဌာန်းခဲ့ဖူးသလို နောက်ပိုင်းမှာအသစ်ပြန်ပြဋ္ဌာန်းတော့ ကြာအေးနာမည်နဲ့ပြဋ္ဌာန်းလို့ ပွဲဆူတာပါ။ ဂျာအေးနဲ့ကြီးလာသူတွေက ဂျာအေးမှအမှန် ကြာအေးက နောက်ပေါက်အမှားလို့ထင်ကြပါတယ်။ ကြာအေးကိုပြဋ္ဌာန်းလိုက်သူတွေကလည်း ဂျာအေးမှာ ဘာအဓိပ္ပာယ်မှမရှိ၊ ကြာအေးကသာ အနက်အဓိပ္ပာယ်ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဂျာအေးက အရင်မဟုတ်၊ ကြာအေးက အရင်လို့လည်းဆိုကြပြန်ပါတယ်။ တကယ်တော့ မြန်မာစကားဟာ တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာမှာ အဓိပ္ပာယ်ရင်းမြစ်တလုံးမှမရှိပါဘူး။ ဆိုလိုတာက ဂ၊ဃ၊ဇ၊စျ၊ဒ၊ဓ၊ဗ၊ဘ တွေမှာ မြန်မာအဓိပ္ပာယ်လုံးဝမရှိဘူး၊ အသံထွက်သာရှိပါတယ်။ ဒါ့ကြောင့် ဂျာအေးမှာ ဘာအဓိပ္ပာယ်မှမရှိဘူး။ အသံသာရှိတယ်။ ကြာအေးမှာပဲအဓိပ္ပာယ်ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ စောဒကတက်စရာရှိတာက နာမည်ဆိုတာ ဘာမှအဓိပ္ပာယ်မရှိဘဲ အသံထွက်ကာမတ္တနဲ့ မှည့်ခေါ်လို့လည်း ရတာပဲလို့ ဆိုနိုင်တဲ့အချက်ပါ။ ဥပမာ လူတယောက်နာမည်ကို ဂူးဂွမ်လို့မှည့်ရင်ရောမဖြစ်ဘူးလားလို့မေးရင် ဖြစ်တာပါပဲ။ ဘာမှအဓိပ္ပာယ်မရှိပေမဲ့ ကာယကံရှင်က သူ့နာမည် ဂူးဂွမ်ဆိုရင် ဂူးဂွမ်ပဲပေါ့။ မင့်နာမည်သတ်ပုံမှားနေတယ်လို့ ပြောလို့ဖြစ်မလား။ “ငါ့သားငါမှည့် ရွှေစည်းခုံမှည့်မှည့်” ဆိုတဲ့စကားလည်း အရှိပဲ မဟုတ်လား။ ဆရာကြီးဦးထွန်းတင့်က ကြာအေးနဲ့ပတ်သက်ပြီး အခုလိုရှင်းပြပါတယ်။ “ကြာအေးဆိုတဲ့နာမည်ကို ဆရာဦးသာမြတ်က မြန်မာစာရေးထုံးကျမ်းမှာကတည်းက ထည့်ရေးခဲ့တာဗျ။ သူအစောဆုံးလို့ပြောတာမဟုတ်ပါဘူး။ သူလည်း သူ့ထက်စောရေးခဲ့သူတွေရှိလို့ ရေးပြတာ ဖြစ်မှာပါ။ ထားပါတော့လေ။ ဘာပဲဖြစ်ဖြစ်။ သူ့စာအုပ်ထဲမှာ မုန့်လုံးစက္ကူကပ် ကဗျာကိုဖော်ပြတော့ ကြာအေးနာမည်နဲ့ ဖော်ပြထားတယ်ဗျ။ မြန်မာစာရေးထုံးကျမ်းကို ပုံနှိပ်ထုတ်ဝေတာက ၁၉၄၈ ခုပါ။ ဒီတော့မနေ့တနေ့ကမှ ထွင်လိုက်လို့ပေါ်လာတဲ့ ကြာအေးလို့တချို့က ထင်နေကြတာ မမှန်ပါဘူး။ ကြာအေးဆိုတာ ကြာလှပါပြီ။” ဒီတော့ကြာအေးဆိုတာ ဘာအဓိပ္ပာယ်လဲဆိုရင် ကြာလေအေးလေ ဖြစ်စေချင်လို့ ကြာအေးနာမည်မှည့်တာလို့ဖွင့်ဆိုသူတွေရှိသလို မိန်းကလေးရဲ့ဆံပင်ဆံရစ်ဝိုင်းကလေးက ကြာပန်းကလေးနဲ့တူလို့ ကြာအေးနာမည်မှည့်ခေါ်တယ်လို့ ဖွင့်ဆိုသူတွေလည်း ရှိပါတယ်။ သူ့မျက်နှာလေးက ကြာပန်းလေးလို့ အေးမြလို့ ကြာအေးလို့ခေါ်တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆိုချင်သလိုဆိုပါ။ ကြာအေးကို အဓိပ္ပာယ်ဖွင့်လို့ရတယ်။ ဂျာအေးမှာတော့ အသံသာရှိတယ်။ အဓိပ္ပာယ်မရှိပါဘူး။ အဓိပ္ပာယ်မရှိဘဲ ဂျာအေးနာမည်ကို အသံထွက်ရုံသက်သက် မှည့်ခေါ်ခဲ့တယ်ဆိုရင်လည်း ဘာ့ကြောင့် ဂျာအေးအသံထွက်အောင် မှည့်သလဲ မေးရင်တော့ အကြောင်းပြစရာ သိပ်ရှာလို့မရဘူး။ သက်ရှိလူဆိုရင်တော့ ကာယကံရှင်ကိုမေးကြည့်လို့ရနိုင်ပေမဲ့ အခုနာမည်က ကဗျာထဲကနာမည် ဖြစ်နေတယ်။ လူနာမည်ဆိုရင်တော့ ကိုယ်ကြိုက်သလိုရေးခွင့်ရှိတယ်။ ဥပမာ ဂီတပညာရှင် ဆရာကြီးမြို့မညိန်းက သူ့နာမည်ကို “ညိန်း” လို့စာလုံးပေါင်းတယ်။ သူက “ညိန်း” ဆို “ညိန်း”ရမှာပဲ။ သူ့နာမည်ပေကိုး။ သတ်ပုံမှားတယ် သွားပြောလို့မရဘူး။ ဒါပေမဲ့ “ငြိမ်းချမ်းရေး” ကို “ညိန်းချမ်းရေး” လို့ ရေးခဲ့မယ်ဆိုရင်တော့ သတ်ပုံမှားပြီလို့ ပြောရမှာပါ။ အငြိမ်းစားမြန်မာစာ ပါမောက္ခဆရာမဒေါ်ညိမ်းညိမ်းက သူ့နာမည်ကို ညလုံးကြီးတင်ပြီးမသတ်နဲ့ “ညိမ်း” ပါတယ်။ မြန်မာစာပါမောက္ခဖြစ်ပြီး သတ်ပုံမှားရသလားလို့သွားမေးရင် သူကလက်ခံမှာ မဟုတ်ပါဘူး။ လူနာမည်ကိုမှည့်ရာမှာ တချို့က အဓိပ္ပာယ်ရှိကြတယ်။ တချို့က အဓိပ္ပာယ်မရှိကြဘူး။ တချို့က တလုံးချင်းသာ အဓိပ္ပာယ်ရှိတယ်။ တချို့ကလုံးတွဲလိုက်အဓိပ္ပာယ်ရှိကြတယ်။ ဥပမာ အောင်ကျော်မိုး၊ မြင့်အောင်၊ ထွန်းမောင် ဆိုတဲ့နာမည်မျိုးတွေမှာ တလုံးချင်းစီသာ အဓိပ္ပာယ်ရှိတယ်။ စပယ်တို့၊ နှင်းဆီတို့ဆိုရင် လုံးတွဲလိုက်အဓိပ္ပာယ် ရှိတယ်။ စာရေးဆရာမောင်ခင်မင်၊ စာရေးဆရာတင့်တယ်၊ စာရေးဆရာတည်ကြည်တို့ဆိုရင်လည်း လုံးတွဲလိုက် အဓိပ္ပာယ်ရှိတယ်။ မြင့်မြတ်၊ မြတ်နိုး၊ ယုယ၊ ချစ်ခင် ဆိုတဲ့နာမည်တွေလည်း အလားတူလုံးတွဲလိုက် အဓိပ္ပာယ်ရှိတာပဲ။ သီဟ၊ သူရ၊ စန္ဒာ၊ သီတာ၊ ဥမ္မာဆိုတဲ့နာမည်မျိုးတွေဟာလည်း ပါဠိစကားလုံးတွေဖြစ်ပြီး လုံးတွဲအဓိပ္ပာယ်ကိုယ်စီ ရှိကြတယ်။ အဓိပ္ပာယ်မရှိဘဲ အသံသက်သက်သာရှိတဲ့ ဒိန်းဒိန်းတို့၊ ဂျောက်ဂျောက်တို့၊ ဂွတ်ဂွတ်တို့လို နာမည်မျိုးက ရှိတော့ရှိတယ်ရှားတယ်လို့ ဆိုရပါမယ်။ တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာမှာ အဓိပ္ပာယ်မရှိလို့ အဲဒီစာလုံးတွေနဲ့ မှည့်ခဲကြတယ်။ တတိယနဲ့ စတုတ္ထအက္ခရာထဲမှာ ဆိုရင် အမှည့်များတာ ဇော်၊ဇင်၊ဇံ လောက်ပဲရှိတယ်။ ဇော်ဟာ မြန်မာစကားအဓိပ္ပာယ် မရှိပေမဲ့ ပါဠိသက်ဝေါဟာရဖြစ်တဲ့ ဇော်ဂျီကနေ ဆင်းသက်တာမို့ အမှည့်များတယ်။ မင်းကတော့ ဇော်ပဲကွာ၊ လူဇော်ပဲကွာဆိုတာ အသုံးများလို့ မြန်မာစကားလိုလိုဖြစ်နေပါပြီ။ တကယ်တော့ ဇော်ဂျီလို့ပဲလို့ပြောတာပါ။ ပါဠိသက်ပါ။ ဇင်ကတော့စင်ဆိုတဲ့ မြန်မာစာလုံးကနေ အသံပြောင်းလာတဲ့ဝေါဟာရဖြစ်ပြီး တော်တော်လေး အမှည့်များပါတယ်။ ဇံကတော့ စံကနေ ဆင်းသက်ပါတယ်။ ထင်ရှားတဲ့ပုဂ္ဂိုလ်တချို့ရဲ့နာမည်ကိုပြောရရင် ဗိုလ်ချုပ်ကျော်ဇောရဲ့နာမည်ကို ဇကွဲနဲ့ဇောလို့စာလုံးပေါင်းတာဟာ သတ်ပုံမှားတယ်လို့ ဘယ်သူမှမပြောကြပါဘူး။ မြို့မညိန်းတို့ ပါမောက္ခဒေါ်ညိမ်းညိမ်းတို့လိုပဲ သူ့နာမည် သူကြိုက်သလိုပေါင်းတာ ဘာမှစောဒကတက်စရာမရှိဘူးလို့ သဘောထားကြပါတယ်။ ဒါ့အပြင် ကျော်ဇောကို ဇကွဲနဲ့စာလုံးပေါင်းပြီးနာမည်မှည့်သူတွေ အလွန်များပြားကြလို့ မြင်နေကျလည်း ဖြစ်နေပါပြီ။ တကယ်တော့ ဒီနာမည်ဟာ လုံးတွဲလိုက် ရင်းမြစ်အဓိပ္ပာယ်ရှိပါတယ်။ ရင်းမြစ်က ကျော်စောပါ။ ကျော်ကြားတာ၊ ထင်ရှားတာပါ။ ဗိုလ်ချုပ်ကျော်ဇောနာမည်စာလုံးပေါင်းကို ဘယ်သူမှသတ်ပုံမှားတယ်လို့ မပြောကြပေမဲ့ “လယ်တီဆရာတော်ဘုရားကြီးသည် ကျော်ဇောထင်ရှားသူဖြစ်သည်” လို့ ရေးရင်တော့ သတ်ပုံမှားနေပြီ၊ ကျော်စောလို့ ရေးရမှာလို့ ထောက်ပြကြပါလိမ့်မယ်။ သမိုင်းဝင်ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ပန်ဆန်းမြို့ ဗမာပြည်ကွန်မြူနစ်ပါတီဌာချုပ် ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES ဓာတ်ပုံ ပုံစာ, သမိုင်းဝင်ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ပန်ဆန်းမြို့ ဗမာပြည်ကွန်မြူနစ်ပါတီဌာချုပ် မိတ်ဆွေတယောက်ရဲ့ နာမည်က ကိုသန့်ဇင်လို့ ခေါ်ပါတယ်။ သူ့နာမည်ကို သန့်စင်လို့စာလုံးပေါင်းရင် လုံးဝမကြိုက်ပါဘူး။ ရင်းနှီးတဲ့မိတ်ဆွေတချို့ကလည်း ဘုရားအိမ်သာတွေမှာ သန့်စင်ခန်းလို့ရေးထားရင် မင့်အခန်းလားလို့ စကြနောက်ကြလို့ သူ့နာမည်ကို သန့်စင်လို့စာလုံးပေါင်းရင် လုံးဝမကြိုက်ပါဘူး။ ဒါပေမဲ့ သူက သူ့နာမည် “ဇင်” ဆိုတော့ “ဇင်” ကိုပဲ အတည်ယူရပါတယ်။ တကယ်တော့ သန့်ဇင်ဆိုတဲ့နာမည်ကလည်း လုံးတွဲလိုက် ရင်းမြစ်ရှိတဲ့နာမည်ပါ။ မူလရင်းမြစ်က “သန့်စင်” ပါပဲ။ “သန့်ရှင်း” တာ “စင်ကြယ်” တာပါပဲ။ “သဇင်” ဆိုတဲ့ ပန်းနာမည်ဟာလည်း ရင်းမြစ်က သန့်စင်ပဲလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ သဇင်ပန်းဆိုတာ “သန့်စင်ပန်း” ပါ။ ဒါ့ကြောင့်အမျိုးသားနာမည် “သန့်ဇင်” နဲ့ အမျိုးသမီးနာမည် “သဇင်” ဟာ အတူတူပဲလို့တောင် ပြောလို့ရပါတယ်။ နှစ်ခုစလုံးရဲ့ အဓိပ္ပာယ်က “သန့်စင်ခြင်း” ပါပဲ။ ကျော်စောကို ကျော်ဇောလို့အသံထွက်လို့ ကျော်ဇောလို့ စာလုံးပေါင်းကြတာပါ။ သန့်စင်ကို သန့်ဇင်လို့ အသံထွက်လို့ သန့်ဇင်လို့ စာလုံးပေါင်းကြတာပါ။ သူတို့နာမည်ကို စလုံးသံပီပီသသကြီးနဲ့ထွက်မှာကို မကြိုက်လို့ သေချာအောင် ဇကွဲနဲ့ ရေးတာမျိုးလည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ဒါတွေဟာ တခါတလေမှာ အလေ့အထနဲ့လည်း ဆိုင်ပါတယ်။ ကျော်စွာဆိုတဲ့နာမည်ကို အသံထွက်ရင် ကျော်ဇွာလို့အသံထွက်ပါတယ်။ ဘယ်သူမှကျော်ဇွာလို့ စာလုံးပေါင်းတာ မတွေ့ဖူးပါဘူး။ အသံထွက်တော့လည်း စလုံးသံပီပီသသနဲ့ ကျော်စွာလို့အသံထွက်တာမျိုး မကြားဖူးပါဘူး။ ရဲဘော်ဖိုးသံချောင်းရဲ့အမည်ကိုလည်း ဘယ်သူမှ “ချ” သံနဲ့ မရွတ်ဆိုပါဘူး။ “ဂျ” သံနဲ့ပဲရွတ်ဆိုပါတယ်။ ဒါပေမဲ့ “သံဂျောင်း”လို့ရေးသူသိပ်ရှားပါတယ်။ “ချ” သံနဲ့ ရွတ်ဆိုသူလည်း မရှိသလောက် ရှားပါတယ်။ ဂျာအေးကို မူလတန်းမြန်မာစာသင်ရိုးမှာ ကြာအေးလို့ ရင်းမြစ်အတိုင်းစာလုံးပေါင်းတဲ့အခါ မနှစ်သက်လို့ စောဒကတက်ကြတာ ကြားရပေမဲ့ ကျော်ဇောကို ကျော်စောလို့ မူလတန်းမြန်မာစာသင်ရိုးမှာရင်းမြစ်အတိုင်း ပြဋ္ဌာန်းတာကိုတော့ ဘယ်သူမှစောဒကတက်သံ မကြားရပါဘူး။ မူလတန်းဖတ်စာထဲကဒီစာပိုဒ်ကလေးကို လူအများတွေ့ဖူးကြမှာပါ။ ကျေးတောသားတယောက်။ မောင်ကျော်စောဟုခေါ်သည်။ ကျုံးထဲကတက်လာသည်။ သူ့အင်္ကျီမပါပါ။ တကယ်တော့ ကျော်ဇောနဲ့ကျော်စော ကွာဟချက်ဟာ ဂျာအေးနဲ့ကြာအေး ကွာဟချက်နဲ့ ထပ်တူထပ်မျှသာဖြစ်ပါတယ်။ ကျော်စောကအမှန်၊ ကျော်ဇောကအသံ။ ကြာအေးကအမှန်၊ ဂျာအေးကအသံပါ။ ဒါပေမဲ့ သက်ရှိလူရဲ့နာမည်ဆိုရင်တော့ သူတို့ပေါင်းတဲ့စာလုံးပေါင်းကိုသာ အမှန်လို့ယူရပါလိမ့်မယ်။ ဗိုလ်ချုပ်ကျော်ဇောက သူ့နာမည်ကို ဇကွဲနဲ့ စာလုံးပေါင်းပေမဲ့ အလွမ်းသီချင်းရေးတဲ့မောင်ကျော်စောကတော့ စလုံးနဲ့ပေါင်းတာကို သတိထားမိပါတယ်။ သန့်ဇင်အမည်ရှိသူတော်တော်များများက သူတို့နာမည်ကို ဇကွဲနဲ့ စာလုံးပေါင်းကြပေမဲ့ မြန်မာစာပါမောက္ခဆရာကြီးဦးအေးမောင်ကတော့ သူ့ရဲ့ကလောင်နာမည်ကို မောင်သန့်စင်လို့ စလုံးနဲ့ပေါင်းပါတယ်။ မောင်ကျော်စောလို့ ရေးသားပေမဲ့ အငြင်းပွားမှု မကြားရ ဓာတ်ပုံ ပုံစာ, မောင်ကျော်စောလို့ ရေးသားပေမဲ့ အငြင်းပွားမှု မကြားရ ကြသံကို တချို့နေရာတွေမှာ ဂျသံပြောင်းထွက်ကြတာက မြန်မာ့ဓလေ့ပါ။ အထူးသဖြင့် အညာဘက်မှာ အဲသလို ပိုပြီးရွတ်ဆိုပါတယ်။ တောင်သာမြို့ အနောက်ဖျား၊ ဧရာဝတီမြစ်နဲ့ မလှမ်းမကမ်းမှာ ကြာပို့ဆိုတဲ့ရွာ ရှိပါတယ်။ အခုပုပ္ပား၊ တောင်သာ၊ မြင်းခြံ၊ မန္တလေး ကားလမ်းဘေးမှာပါ။ အဲဒီရွာနာမည်ကိုဒေသခံအရပ်သားအားလုံးက ဂျဘို့ရွာလို့ပဲ ခေါ်ပါတယ်။ ကြာအေးကို ဂျာအေးခေါ်ပုံနဲ့ ကြာပို့ကိုဂျဘို့ခေါ်ပုံဟာ ဟန်ပန်ချင်းတထေရာတည်းပါ။ ကြမ်းပိုးဆိုတဲ့အကောင်ကို ဂျဘိုးလို့အသံထွက်ကြပါတယ်။ ကြမ်းပိုးနံ့ နံတယ်လို့ယူဆတဲ့ သစ်မွှေးကို သစ်ကြမ်းပိုးလို့ရေးပြီး သစ်ဂျဘိုးလို့ အသံထွက်ပါတယ်။ အညာကျေးလက်မှာ အမှည့်ခေါ်များတဲ့ ဘဂျမ်းဆိုတဲ့နာမည်ကို ခဏခဏကြားဖူးကြမယ်ထင်ပါတယ်။ တောင်သာအနောက်ခြမ်းဇာတိ ကဗျာဆရာကြီးဦးတင်မိုးရဲ့နာမည်ရင်းက ဦးဘဂျမ်းပါ။ ကာတွန်းဆရာကြီးဦးဘဂျမ်းဆိုတာကလည်း တိုင်းသိပြည်သိပုဂ္ဂိုလ်ပါ။ အဲဒီဘဂျမ်းဆိုတဲ့နာမည်ရဲ့ မူလရင်းမြစ်က ဘကြမ်းဖြစ်ပါတယ်။ ဘကြမ်းကို ဘဂျမ်းလို့အသံထွက်ရာကနေ တဖြည်းဖြည်း အရေးမှာပါ ဘဂျမ်းတွင်ကျယ်လာတာပါ။ မဂျမ်းဘုံဆိုတဲ့နာမည်ကိုလည်း မကြာခဏ ကြားဖူးပါလိမ့်မယ်။ မဂျမ်းဘုံကလည်း မကြမ်းပုံကနေ ဆင်းသက်လာတာပါ။ ကြမ်းတမ်းပုံရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ မဂျမ်းဒေါဆိုတဲ့နာမည်ကိုလည်း ကြားဖူးကြမှာပါ။ မဂျမ်းဒေါဟာ မကြမ်းတော သို့မဟုတ် မကြမ်းထောကနေ လာတယ်လို့ ဆရာကြီးဦးထွန်းတင့်က ထောက်ပြပါတယ်။ ကြမ်းထော်ဆိုတဲ့စကားနဲ့ အတူတူပါပဲ။ မဂျမ်းတုတ်ဆိုတဲ့နာမည်ဟာလည်း မကြမ်းတုတ်လို့ပြောတာပဲလို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ အောင်ဒင်၊ လှဒင်၊ မင်းဒင်၊ သာဒင် ဆိုတဲ့နာမည်တွေဟာလည်း အောင်တင်၊ လှတင်၊ မင်းတင်၊ သာတင် ဆိုတဲ့နာမည်တွေက ဆင်းသက်လာပါတယ်။ မြန်မာစာပညာရှင် ဆရာကြီးဦးကျော်ထွန်းက သူ့နာမည်ကို ကျော်ထွန်းလို့တမျိုး ကျော်ဒွန်းလို့တဖုံ နှစ်မျိုး စာလုံးပေါင်းပါတယ်။ သူ့နာမည်တွေဟာ နှစ်မျိုးနှစ်စား မှတ်တမ်းတင် ကျန်ရစ်ပါတယ်။ သာဒွန်းဆိုတဲ့နာမည်မျိုးဟာလည်း သာထွန်းကို သာဒွန်းလို့ ခေါ်ရာကနေ ဆင်းသက်လာတာပါ။ မဟာရန်ကုန်ရဲ့ မြို့နယ်တခုကို မရမ်းကုန်းလို့ စာလုံးပေါင်းပါတယ်။ အဲဒီစာလုံးပေါင်းနဲ့ ပတ်သက်ပြီး ဆရာကြီးဦးထွန်းတင့်က အခုလို မှတ်ချက်ပြုပါတယ်။ “တကယ်တော့ မရန်းပင်တွေပေါက်တဲ့အရပ်မို့သာ မရန်းကုန်းလို့ခေါ်ခဲ့တာဖြစ်ပုံရပါတယ်။ ဒါဆိုရင် သတ်ပုံအမှန်ဟာ မရန်းကုန်းဖြစ်သင့်ပါတယ်။ ဒါပေမဲ့ နာမည်ဆိုတော့ အများက မရမ်းကုန်း ရေးကြတာကိုလိုက်လျောပြီး တွင်ကျယ်နေသလိုရေးဖို့ ခွင့်ပြုထားပါတယ်။ တကယ်တန်း မရမ်းကုန်း ဆိုတဲ့နာမည်မှာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဆွဲပြောရင်တော့ “မရမ်း” တဲ့လူတွေ နေတဲ့ကုန်းလို့ ပြောချင်ပြောလို့ရတာပေါ့ဗျာ။” ဒီတော့ ကြာအေးဇာတ်လမ်းကို ပြန်သွားကြရအောင်ပါ။ ရင်းမြစ်အတိုင်းအဓိပ္ပာယ်ပေါ်စေချင်ရင် ကြာအေးလို့ စာလုံးပေါင်းပါ။ အသံထွက်တဲ့အတိုင်းပေါ်လွင်စေချင်ရင် ဂျာအေးလို့စာလုံးပေါင်းပါ။ နာမည်ဆိုတော့ ဘယ်ဟာက အမှန်၊ ဘယ်ဟာကအမှားဆိုပြီး ယတိပြတ်ပြောဖို့မသင့်ပါ။ ငါကြိုက်တာကအမှန်၊ မင်းကြိုက်တာကအမှား ဒါမျိုးမရေးအပ်ဆိုတာမျိုး အပြတ်ပြောရင် ရင့်သီးရာကျပါလိမ့်မယ်။

အလင်္ကာပုလဲပန်း၊ ထူးခြားဆန်းပြား မြန်မာစာအမှား

အလင်္ကာပုလဲပန်း၊ ထူးခြားဆန်းပြား မြန်မာစာအမှား... ကိုသိမ်းမြတ် ဘီဘီစီမြန်မာပိုင်း ၇ မေ ၂၀၂၂ အခုခေတ်လူအများစုရဲ့ မြန်မာစာအရေးသား၊ မြန်မာစကားအပြောအဆို၊ မြန်မာမှုအသုံးအနှုန်းတွေမှာ အမှားတွေသိပ်များလာတာ တွေ့မြင်နေရပါတယ်။ လူအများ၊ အထူးသဖြင့် လူငယ်အများရဲ့ မြန်မာစာအဆင့်အတန်းယုတ်လျော့ ကျဆင်းလာတာဟာ စာသင်ကျောင်းတွေကြောင့်လား၊ ရေးသားပုံနှိပ်ထုတ်ဝေနေကြတဲ့ စာအုပ်စာပေတွေကြောင့်လား၊ ဘာသာစကားအများအပြားနဲ့ ပိုမိုပတ်သက်ဆက်စပ်လာလို့လား။ အကြောင်းအချက်များစွာရှိပါလိမ့်မယ်။ ဘာအကြောင်းကြောင့်ရယ်လို့ သေသေချာချာ သုတေသနပြု ကောက်ချက်ချထားတာမျိုးမရှိသေးပေမဲ့ မြန်မာစာအမှားအယွင်းများစွာ ဖောင်းပွလာတယ်ဆိုတဲ့အချက်ကိုတော့ မြန်မာစာဘာသာစကားပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ ကျောင်းဆရာဆရာမတွေသာမက သာမန်ပြည်သူအများစုကပါ သဘောတူလက်ခံကြပါတယ်။ အခုခေတ်မှာ "စ" သံနဲ့ "ဆ" သံကွဲပြားအောင် မရွတ်ဆိုနိုင်၊ မရေးသားနိုင်တော့တာဟာ အထူးအဆန်းတောင် မဟုတ်တော့သလို ဖြစ်နေပါပြီ။ ကသတ်နဲ့ တသတ်ကို အရေးမှာလည်း မကွဲပြား၊ အပြောမှာလည်း မကွဲပြားကြတာကလည်း မမြင်ချင်အဆုံးပါ။ "တက်" နဲ့ "တတ်" ကိုမှားရေးကြတာဟာ လူငယ်လေးတွေမှာသာမက အခုအခါ အသက်အရွယ်အားဖြင့် ၃၅၊ ၄၀၊ ၅၀ အရွယ်ရှိတဲ့လူတွေအထိပါ ကူးစက်လာနေတာကိုတွေ့ရပါတယ်။ "တက်" နဲ့ "တတ်" ကို ဘာလို့မှားရေးကြတာလဲလို့မေးတော့ "အသံထွက်တူနေလို့ပါ" လို့ပြန်ဖြေကြပါတယ်။ အဲဒီအဖြေကိုကြားရတော့ စာလုံးပေါင်းမှန်အောင် မရေးနိုင်ရုံသာမက၊ အသံထွက်ပါပီအောင် မထွက်နိုင်တဲ့အပြင် သူတို့နားထဲမှာပါ ကွဲပြားအောင် မကြားကြဘူးဆိုတာ သိလိုက်ရပါတယ်။ နောက်ထပ်အမှားတမျိုးက ထူးထူးဆန်းဆန်းပါ။ "မှု" ကို "မူ့" လို့မှားရေးကြတာ တော်တော်များလာပါတယ်။ မှားပုံမှားနည်းက ထူးထူးခြားခြားမို့ အံ့အားသင့်ရပါတယ်။ "မှု" အသံထွက်တဲ့စကားလုံးကို ဘာလို့များ "မူ့" လို့မှားရေးသလဲဆိုတာ စဉ်းစားလို့တောင်မရပါဘူး။ "မူ့" ဆိုတဲ့စကားဟာ "မှု" နဲ့ ဘယ်လိုမှလည်း အသံထွက်ချင်း တူစရာ အကြောင်းမရှိပါဘူး။ "မူ" ဆိုတဲ့စကားလုံးကို အောက်မြစ်ထည့်လိုက်လို့ အသံတိုသွားရင် "မု" လို့သာ အသံထွက်ဖို့ရှိပါတယ်။ "မှု" သံဘယ်လိုမှဖြစ်မလာနိုင်ပါဘူး။ "လူ" ကိုအောက်မြစ်ထည့်လိုက်ရင် "လူ့" သို့မဟုတ် "လု" လို့အသံထွက်တဲ့သဘောအတိုင်းပါပဲ။ "လှု" မဖြစ်နိုင်ပါဘူး။ "မူ"ကိုအောက်မြစ်ထည့်တာဟာလည်း "မှု" မဖြစ်နိုင်ပါဘူး။ အဲဒီမှားနည်းကားက အခုတော့ဆင့်ပွားလာပြန်ပါတယ်။ "စု" ဆိုရင်လည်း အောက်မြစ်လေးထည့်ပြီး "စု့" လို့ရေးလာကြတာတွေ့ရပါတယ်။ "ပြု" ဆိုရင်လည်း အောက်မြစ်လေးထည့်ပြီး "ပြု့" လို့ရေးလာတယ်။ "ဟု" ကိုလည်း "ဟု့" လို့ရေးတယ်။ "စု့စု့စည်းစည်း"၊ "အကျိုးပြု့"၊ "ကောင်းမူ့"၊ "ဟု့ဆိုသည်" ဆိုတာမျိုးတွေတော်တော်များလာတာတွေ့ရပါတယ်။ အစပိုင်းတုန်းကတော့ "မှားရေးသလား၊ ထွင်ရေးကြသလားမသိဘူး၊ ခဏကြာရင်ပျောက်သွားမယ်ထင်ပြီး" စောင့်ကြည့်မိရာမှာ ပျောက်မသွား၊ လျော့မသွားတဲ့အပြင် နောက်တဆင့်ထက်တက်လာတာ တွေ့ရပြန်ပါတယ်။ အဲဒါကတော့ "သိ့တယ်"၊ "ရှိ့တယ်" ဆိုတဲ့ အရေးအသားမျိုးပါ။ "အု" သရမှာ အောက်မြစ်ထည့်ရုံနဲ့ အားမရတော့ဘဲ "အိ" သရမှာပါ အောက်မြစ်ထည့်လာကြတဲ့ ခြေလှမ်းသစ်ပါ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး သတိထားမိတဲ့အဲဒီမှားပုံမှားနည်းတွေဟာ လျော့မသွား၊ နည်းမသွားဘဲ အခုတော့လူအများထံကူးစက်ပွားများလာတာ တွေ့ရပါတယ်။ အမြစ်၊ အောက်မြစ်၊ အောက်ကမြစ် အခုမှားကြတဲ့အမှားဟာ အောက်မြစ်အကြောင်း ကောင်းကောင်းနားမလည်လို့ မှားတဲ့အမှားလို့ယူဆရပါတယ်။ အဲဒါကြောင့် အောက်မြစ်အကြောင်းကို နည်းနည်းပြောချင်ပါတယ်။ ဆရာကြီး ဒဂုံဦးစန်းငွေက သူ့ရဲ့ သဒ္ဒါအမြင်၊ စာအမြင်စာအုပ်မှာ အောက်မြစ်၊ ဝစ္စပေါက်၊ သေးသေးတင်၊ တစ်ချောင်းငင်၊ နှစ်ချောင်းငင်၊ သဝေထိုး၊ ရှေ့ထိုး၊ ဟထိုးဆိုတာမျိုးတွေဟာ ဘာကိုအကြောင်းပြုပြီး ဘယ်လိုဖြစ်ပေါ်လာသလဲ၊ ဘာ့ကြောင့်လိုအပ်သလဲဆိုတာ ကလေးသူငယ်တွေသိအောင်၊ ခြေခြေမြစ်မြစ် နားလည်အောင် အသိပေးဖို့သင့်တယ်၊ သူတို့သိထိုက်တယ်၊ သိခွင့်ရှိတယ်လို့ ဆိုခဲ့ပါတယ်။ သူ့စာအုပ်မှာလည်း ရှင်းလင်းရေးသားထားပါတယ်။ အခုတော့ ကလေးသူငယ်တွေသာမက လူကြီးတွေပါ ခြေခြေမြစ်မြစ် မသိကြလို့သာ မူ့၊မှု့၊ စု့၊ ပြု့၊ ဟု့၊ သိ့၊ ရှိ့ ဆိုတဲ့ အရေးအသားမျိုးတွေပေါ်ထွက်လာတာလို့ ယူဆရမှာ ဖြစ်ပါတယ်။ အောက်မြစ်ဆိုတာ မြန်မာစာပေ၊ မြန်မာစကားတမျိုးတည်းမှာသာရှိပါတယ်။ ပါဠိ၊ သက္ကတမှာရော တခြား ဘယ်ဘာသာမှာမှ မရှိဘူးလို့ ဦးသောင်းလွင်ရဲ့ မြန်မာအက္ခရာဗေဒကျမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အောက်မြစ်ဟာ မြန်မာစာပေအစကတည်းက တခါတည်းပါလာတဲ့အရာမဟုတ်ပါဘူး။ နောက်ပိုင်းမှ လိုအပ်ချက်အရ တီထွင်လိုက်တဲ့အရာပါ။ တနည်းအားဖြင့်ပြောရရင် စာပေလိုအပ်ချက်အရ ဖွံ့ဖြိုးပေါ်ပေါက်လာတဲ့ အရာလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ သံရှည်တွေကို သံတိုအဖြစ်ပြောင်းလဲဖတ်ရှုစေချင်တဲ့အခါ အသုံးပြုဖို့ သင်္ကေတအဖြစ် အောက်မြစ်ကို အသုံးပြုခဲ့တာပါ။ ဥပမာ ကကြီးကိုနငယ်နဲ့သတ်ရင် ကန်လို့အသံထွက်မှာပါ။ အဲသလောက်အသံရှည်နဲ့ မထွက်ပါနဲ့လို့ တားမြစ်ချင်တဲ့အခါ သင်္ကေတတခုလိုအပ်လာပါတယ်။ အဲဒီအခါမှာ အောက်မြစ်ကိုထည့်ပေးလိုက်တာပါ။ အောက်မြစ်ကိုတွေ့တဲ့အတွက် အသံရှည်ကိုတားမြစ်လိုက်ပြီးဖြစ်သွားတယ်။ အသံတိုဖြစ်တဲ့ ကန့်လို့ ပြောင်းလဲရွတ်ဆိုပေးရပါတယ်။ ပုဂံခေတ်မှာတုန်းကတော့ အခုရေးကြသလို အစက်ကလေးအောက်မှာပြပြီး တားမြစ်တာ မဟုတ်သေးတော့ အောက်မြစ်လို့ မခေါ်ပါဘူး။ ပုဂံခေတ်တုန်းက "အ" အက္ခရာကိုအောက်မှာရေးပြီး သံရှည်ကို တားမြစ်တဲ့ အတွက် "အ" မြစ် လို့ခေါ်ပါတယ်။ ဥပမာ အိန်ကို အိန့်အဖြစ်အသံပြောင်းထွက်စေချင်ရင် ပုဂံခေတ်တုန်းက "အ" အက္ခရာနဲ့ ဆင့်ပြီး "အိန္အ်" လို့ရေးပါတယ်။ အသံထွက်က "အိန့်" ပါပဲ။ "ယခုအခေါ် အောက်မြစ်ကို ရှေးပုဂံခေတ်ကျောက်စာတို့၌ "အ" မြစ်ဟူ၍ ရေးထိုးကြကုန်၏" လို့ ဆရာကြီး ဒဂုံဦးစန်းငွေရဲ့ သဒ္ဒါအမြင်၊ စာအမြင် စာအုပ်မှာ ရေးသားထားပါတယ်။ ပုဂံခေတ်ကျောက်စာတွေမှာ အ် နဲ့ အ မြစ်ရေးထုံးများကို တွေ့ရ ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES ဓာတ်ပုံ ပုံစာ, ပုဂံခေတ်ကျောက်စာတွေမှာ အ် နဲ့ အ မြစ်ရေးထုံးများကို တွေ့ရ ဒါပေမဲ့ ဗမာစကားစစ်စစ်မည်သည် လုံးဆင့်ရိုးထုံးစံမရှိပါဘဲလျက် "အ" ကိုအောက်က ဆင့်ရေးထားတာဟာ အစဉ်အလာကိုဖျက်သလို ဖြစ်နေပါတယ်။ ဗမာစကားစစ်စစ်မှာ လုံးဆင့် မရှိပါဘူး။ ပါဠိစကားလုံးတွေကသာ ရှိတာပါ။ နောက်တခါ "အ" ကိုအောက်က ဆင့်ရေးရတာက အလုပ်ရှုပ်လက်ဝင်တဲ့အတွက် နောင်မှာ အစက်ကလေးကို အစားထိုးအသုံးပြုလာတဲ့အခါ "အ" မြစ် အဖြစ်မှသည် အောက်မြစ်ဖြစ်လာပါတယ်။ "ဗျုပ္ပတ်ကား အောက်ကနေ၍ အထက်ဒီဃသံ သံရှည်ကို "အ" ဖြင့် မြစ်သောကြောင့် "အ" မြစ်။ အောက်ကနေ၍ မြစ်သောကြောင့် အောက်မြစ်ဟူလို။" ဆိုပြီး ဆရာကြီး ဒဂုံဦးစန်းငွေက ရေးသားထားပါတယ်။ မွန်ဘာသာစကားမှာရှိတဲ့ "အ" သတ် (အ်) ဟာ ဗမာတွေသုံးချင်တဲ့အသံတိုလောက်နီးပါး သံတိုကို ပြဆိုပါတယ်။ ဒါ့ကြောင့် ဗမာကလည်းမွန်ကိုတုပြီး သံရှည်ကိုတားမြစ်တဲ့ သင်္ကေတအဖြစ် "အ" ကိုအောက်မှာဆင့်သုံးစွဲခဲ့တာဖြစ်ပုံရတယ်လို့ ဦးသောင်းလွင်ရဲ့ မြန်မာအက္ခရာဗေဒကျမ်းမှာဆိုပါတယ်။ မြန်မာကျောက်စာတွေမှာလည်း "အ" မြစ်ကိုအသုံးမပြုခင်က "အ်" ကိုအရင် စမ်းသပ်အသုံးပြုခဲ့ကြတာကို တွေ့နိုင်ပါတယ်။ အောက်မြစ်ကိုပဲ နောက်ပိုင်းမှာအောက်ကမြစ်လို့လည်း ခေါ်ဆိုလေ့ရှိကြပါတယ်။ အခုခေတ်မှာ အောက်ကမြစ်လို့ ခေါ်သူကပိုများမယ်ထင်ပါတယ်။ လိုရင်းကတော့ အောက်မြစ်၊ အောက်ကမြစ်ထည့်ရခြင်းဟာ သံရှည်ကို သံတိုအဖြစ်ပြောင်းဖို့ပါ။ အောက်မြစ်မလိုသောအသံထွက်များ အောက်မြစ်ရဲ့ ရည်ရွယ်ချက်ဟာ အသံရှည်ကို အသံတိုဖြစ်အောင် လုပ်ဖို့ပါပဲ။ ဒါ့ကြောင့် အသံရှည်တွေကို အသံတိုဖြစ်အောင် လုပ်ချင်တဲ့အခါမှာသာ အောက်မြစ်ကို သုံးဖို့လိုအပ်ပါတယ်။ မူလကတည်းက သံတိုသံပြတ်ဖြစ်နေရင် အောက်မြစ်သုံးစရာမလိုပါဘူး။ အောက်မြစ်သုံးစရာမလို၊ သုံးလို့မရတဲ့ သရသံတွေနဲ့ ပတ်သက်ပြီး ဆရာကြီးဦးထွန်းတင့်က အခုလိုပြောပြပါတယ်။ "မြန်မာမှာလည်း အကျယ်အပွားဆိုရင်တော့ အများကြီးပါ။ သရအသံပေါင်း ၅၁ သံတောင်ရှိတာပေါ့။ ထားပါတော့။ အခြေခံလို့ပဲပြောပြော ပါဠိသရသံလို့ပဲပြောပြော အခြေခံသရဆိုရင် ၈ မျိုးပဲရှိတယ်ပေါ့ဗျာ။ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အော လို့ ၈ လုံးရှိတာပေါ့။ အဲဒီ ၈ လုံးထဲမှာ အ၊ အိ၊ အုက အသံတို သရ ၃ လုံး။ ပါဠိမှာတော့ ရဿသရလို့ ခေါ်တာပေါ့ဗျာ။ အာ၊ အီ၊ အူ၊ အေ၊ အောဆိုတဲ့ သရ ၅ လုံးကို ဒီဃသရလို့ခေါ်တာပေါ့။ သံရှည်သရပေါ့။ အဲဒီတော့ အ၊ အိ၊ အု ဆိုတဲ့ အသံတို သရသုံးလုံးမှာ အောက်ကမြစ် ထည့်ဖို့မလိုဘူး။ သူ့ဘာသာ အသံကတိုပြီးသား။ သံရှည်သရ ၅ လုံးမှာတော့ အသံတိုချင်ရင် အောက်ကမြစ်လေးထည့်ပေးရမှာပေါ့။ ကာဆိုတဲ့စကားကို အသံတိုချင်ရင် အောက်ကမြစ်လေးထည့်ပြီး ကာ့လို့ရေးရမှာပေါ့။ လူဆိုတဲ့စကားကို အသံတိုချင်ရင် အောက်ကမြစ်လေးထည့်ပြီး လူ့လို့ ရေးရမှာပေါ့။ နီဆိုတဲ့စကားလုံးလေးကို အသံတိုစေချင်ရင် အောက်ကမြစ်လေးထည့်ပြီး နီ့လို့ ရေးရမှာပေါ့။ ဒါပေမဲ့ သိတို့၊ ရှိတို့ မုတို့ စုတို့ ပြုတို့လို အိသရ အုသရတွေမှာတော့ အောက်ကမြစ်ထည့်စရာမလိုပါဘူး။" ရှေးခတ်မှ အခုခေတ်အထိ ကျောက်စာရေးထိုးတဲ့ ဓလေ့ရှိခဲ့ကြ ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES ဓာတ်ပုံ ပုံစာ, ရှေးခတ်မှ အခုခေတ်အထိ ကျောက်စာရေးထိုးတဲ့ ဓလေ့ရှိခဲ့ကြ အ၊ အိ၊ အုတွေဟာ သံတိုသံပြတ်တွေဖြစ်ပါတယ်။ အဲဒီ အ၊ အိ၊ အုတွေ အောက်မှာ အောက်မြစ်ထည့်စရာမလိုပါဘူး။ အောက်မြစ်ထည့်လိုက်လို့လည်း ဒီ့ထက်ပိုပြီးတိုတဲ့ ပြတ်တဲ့အသံဖန်တီးရွတ်ဆိုလို့ မရတော့ပါဘူး။ အော ကိုသာ အော့၊ အီ ကိုသာ အီ့၊ အူ ကိုသာ အူ့ အဖြစ် အောက်မြစ်ထည့်ပြီး အသံတိုပြောင်းလို့ရပါတယ်။ တနည်းအားဖြင့် အသံရှည်ကို တားမြစ်လို့ ရပါတယ်။ ဒါ့ကြောင့် မှု၊ မု၊ စု၊ ပြု၊ ဟု ဆိုတဲ့ အုသရသံတွေအောက်မှာ အောက်မြစ်ထည့်တာဟာ မလိုအပ်ဘဲ မှားယွင်းထည့်သွင်းခြင်းသာဖြစ်ပါတယ်။ မထည့်သင့်ဘူး။ မထည့်ရဘူး။ အဲသလို ရေးထုံးလည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အဲသလိုမှားပုံမှားနည်းမျိုးတောင်မှ ရှေးက တခါမှ မကြားဖူး၊ မကြုံဖူးပါဘူး။ အခုခေတ်မှ ပေါ်လာတဲ့ မှားပုံမှားနည်း အသစ်အဆန်းလို့တောင် ခေါ်ရမဲ့သဘောဖြစ်ပါတယ်။ အလားတူပဲ သိ၊ ရှိ စတဲ့ အိသရသံတွေဟာလည်း သံတို၊ သံပြတ်တွေဖြစ်တယ်။ နဂိုကတည်းက တိုပြီးသားပြတ်ပြီးသား အဲဒီအသံတွေမှာ အောက်မြစ်ထည့်စရာမလိုဘူး။ သိ့ တို့ ရှိ့ တို့ဆိုတဲ့ အရေးအသားမျိုးဟာ ကြံကြံဖန်ဖန် ရေးမှရေးတတ်ပလေလို့ ပြောရမဲ့ အရေးအသားမျိုးဖြစ်ပါတယ်။ က၊ စ၊ တ၊ ပ အသတ်များ "အခြေခံအားဖြင့် ပြောရင် အသံရှည်ကို အသံတိုစေချင်ရင် အောက်ကမြစ်ထည့်တယ်။ အသံရှည်အားလုံးကို အသံတိုဖြစ်စေချင်တဲ့အခါ အောက်ကမြစ်ထည့်တာပေါ့။ ဥပမာအားဖြင့် အင်၊ အင့်၊ အင်း ဆိုတဲ့နေရာမှာ အင် ကိုသံရှည်လို့ခေါ်တယ်။ အင့်လို့ပြောချင်ရင် အောက်ကမြစ်ထည့်တာပေါ့ဗျာ။ ဒါကလိုအပ်လို့ထည့်တာပဲ။ အောင်ဆိုတာကိုအသံတိုစေချင်ရင် အောက်ကမြစ်ထည့်တာပေါ့။ ဥပမာ ဗိုက်အောင့်တယ်ဆို အောက်ကမြစ်ထည့်တာပေါ့။ ဗမာမှာတော့ အသံရှည်တွေ အများကြီး ရှိတာပေါ့။ အဲဒီအသံရှည်အားလုံး အသံတို ဖြစ်စေချင်ရင် အောက်ကမြစ် ထည့်တာပါပဲ" လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ က၊ စ၊ တ၊ ပ သတ်တဲ့အသံတွေကတော့ မူလကတည်းက အသံတိုတွေပါ။ အဲဒီအသတ်တွေဆိုရင် အောက်မြစ်ထည့်စရာ မလိုပါဘူး။ "မြန်မာစကားမှာ က၊ စ၊ တ၊ ပ အသတ်တွေကို ရှေးကမြန်မာတွေကတော့ တိုင်သံလို့ခေါ်ကြတယ်။ င၊ ည၊ န၊ မ အသတ်တွေကို နှာသံတွေလို့ခေါ်တယ်။ မြန်မာစကားမှာ အသတ် ၁၀ ပါးရှိတယ်။ က၊ စ၊ တ၊ ပ၊ င၊ ည၊ ညလေး (ဉ) ၊ န၊ မ၊ ယ ၁၀ လုံး။ အဲဒီ ၁၀ လုံးထဲမှာ က၊ စ၊ တ၊ ပ သတ်တဲ့အသံတွေဆိုရင် အောက်ကမြစ်ထည့်စရာမလိုဘူး။ ထပ်ပွားလိုက်ရင် တိုင်သံချည်းပဲ အရေးအားဖြင့် ၁၀ လုံးရှိတယ်။ ကသတ်က ၃ လုံး။ အက်၊ အောက်၊ အိုက်။ စသတ်က ၁ လုံး အစ်။ တသတ်က ၃ လုံး အတ်၊ အိတ်၊ အုတ်။ ပသတ်ကလည်း ၃ လုံး အပ်၊ အိပ်၊ အုတ်။ အရေးအားဖြင့် ၁၀ လုံး။ အသံအားဖြင့်တော့ ၇ လုံးပဲရှိတယ်။ ဘာ့ကြောင့်လဲဆိုတော့ တသတ်နဲ့ ပသတ်နဲ့က အသံတူနေလို့။ အဲဒီအသတ်တွေဆိုရင် အောက်ကမြစ်ထည့်စရာမလိုဘူး။" အက်၊ အောက်၊ အိုက်စတဲ့ သရဆယ်လုံးလို့ ဆရာကြီးဦးထွန်းတင့်ကပြောရာမှာ အဲဒီသရတွေနဲ့တွဲတဲ့ စာလုံးအားလုံးကို ဆိုလိုပါတယ်။ ကက်၊ ကောက်၊ ကိုက်၊ တက်၊ တောက်၊ တိုက် စသည်ဖြင့် ဘယ်ဗျည်းနဲ့ပဲ တွဲတွဲ အဲဒီအသံတွေအားလုံးမှာ အောက်ကမြစ်ထည့်သုံးစရာမလိုပါဘူး။ အောက်ကမြစ် ထည့်စရာမလိုတဲ့နေရာတွေမှာ အပိုထည့်လိုက်လို့ အသံလည်း ပိုပြီးတိုမသွားပါဘူး။ ဒါ့ကြောင့် အပိုထည့်လိုက်ခြင်းဟာ မလိုအပ်ရုံသာမက မှားလည်း မှားပါတယ်။ ဘယ်တုန်းကမှလည်း မရှိခဲ့ဖူးတဲ့ အရေးအသားမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် မူ့၊ မှု့၊ စု့၊ ပြု့၊ ဟု့၊ သိ့၊ ရှိ့ စတဲ့ အရေးအသားများဟာ ရှောင်ကြဉ်အပ်တဲ့ အရေးအသားတွေလို့ ဆိုချင်ပါတယ်။

အလင်္ကာပုလဲပန်း၊ အောက်ကမြစ်ရဲ့သမိုင်းအကျဉ်း

အလင်္ကာပုလဲပန်း၊ အောက်ကမြစ်ရဲ့သမိုင်းအကျဉ်း... ကိုသိမ်းမြတ် ဘီဘီစီမြန်မာပိုင်း ၂၈ မေ ၂၀၂၂ ပိဋကတ်သုံးပုံကို ကျောက်စာအဖြစ်ရေးထိုးထားတဲ့ ကုသိုလ်တော်ဘုရား မြန်မာစကားမှာ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး၊ အောက်ကမြစ်၊ ဝစ္စပေါက်၊ သေးသေးတင်၊ သဝေထိုး၊ နောက်ပစ်၊ ရှေ့ထိုး စတဲ့ သင်္ကေတတွေရှိကြပါတယ်။ အဲဒီသင်္ကေတတွေဟာ ဘာအဓိပ္ပာယ်ဆောင်သလဲ ဆိုတာကို မသိရင် မမှားသင့်တဲ့အမှားတွေ ထွက်ပေါ်လာတတ်ပါတယ်။ အောက်ကမြစ်ရဲ့ သဘောသဘာဝကို သေသေချာချာ သဘောမပေါက်ကြတဲ့ အတွက် မှု့၊ မူ့၊ စု့၊ ပြု့၊သိ့၊ ရှိ့ ဆိုတဲ့ အရေးအသားအမှားမျိုးတွေ ရေးလာကြတာတွေ့ရပါတယ်။ မြန်မာစာတမျိုးတည်းမှာသာ အောက်ကမြစ်ရှိ ဗြဟ္မီအက္ခရာကိုအသုံးပြုရေးသားတဲ့ ဘာသာစကားအမျိုးမျိုးရှိကြပေမဲ့ အောက်ကမြစ်အသုံးပြုတဲ့ ဘာသာစကားက မြန်မာစကားတမျိုးတည်းသာရှိတယ်လို့ဦးသောင်းလွင်က မြန်မာအက္ခရာဗေဒကျမ်းမှာ ရေးသားထားပါတယ်။ ဆရာကြီးဦးထွန်းတင့်ကလည်း အဲဒီအချက်ကို သဘောတူပါတယ်။ ပါဠိမှာရော သက္ကတမှာပါ အောက်ကမြစ် အသုံးမရှိပါဘူး။ ဗြဟ္မီအက္ခရာသုံးတခြားဘာသာစကားတွေဖြစ်ကြတဲ့ ဟိန္ဒီ၊ မွန်၊ ထိုင်း၊ ခမာ၊ လာအိုအစရှိတဲ့ဘာသာတွေမှာလည်း အောက်ကမြစ်မရှိပါဘူး။ ဒါပေမဲ့ တချို့ဘာသာစကားတွေမှာ အောက်ကမြစ်ကိုမသုံးပေမဲ့ အောက်ကမြစ်နဲ့တန်ဖိုးဆင်တူတဲ့ တခြားအသုံးတွေတော့ ရှိပါတယ်။ မြန်မာဘာသာစကားမှာ သံရှည်ကိုတားမြစ်ပြီး သံတိုထွက်ပါလို့ သင်္ကေတပြုပြောကြားချင်တဲ့အခါ အဲဒီသင်္ကေတကို ဗြဟ္မီအက္ခရာကနေအဆင်သင့် ယူသုံးစရာမရှိဘဲ ဖြစ်နေပါတယ်။ ဒါ့ကြောင့် မြန်မာဟာ ကိုယ်ပိုင် သင်္ကေတအသစ်တီထွင်အသုံးပြုဖို့ လိုအပ်လာပါတယ်။ အဲသလိုတီထွင်ဖို့လိုအပ်လာတဲ့အခါ အဓိပ္ပာယ်ရှိတဲ့ တီထွင်မှုမျိုးဖြစ်လာဖို့အတွက် တခြားဘာသာစကားတွေကို အတုယူခဲ့တာမျိုးရှိကောင်းရှိနိုင်တယ်လို့ ဦးသောင်းလွင်က ယူဆပါတယ်။ မွန်ဘာသာစကားမှာအသုံးပြုတဲ့ “အ” သတ် (အ်) ဟာ မြန်မာတွေသုံးချင်တဲ့ အောက်ကမြစ်အသံနဲ့ တန်ဖိုးချင်းနီးနီးစပ်စပ်ဆင်တူတယ်လို့ ဦးသောင်းလွင်ကဆိုပါတယ်။ မွန်တို့ရဲ့ “အ်” ကို မြန်မာက အတုယူတီထွင်ခဲ့တယ်လို့ ဦးသောင်းလွင်က ယူဆပါတယ်။ ဆရာကြီးဦးထွန်းတင့်ကတော့ ပါဠိမှာလည်း “အ” ဟာတားမြစ်တဲ့ သဘောဆောင်တယ်လို့ ထောက်ပြပါတယ်။ ဒဂုံဦးစန်းငွေရဲ့ သဒ္ဒါအမြင်၊ စာအမြင် စာအုပ်ပါ အောက်မြစ်အကြောင်းရေးသားချက် ဓာတ်ပုံ ပုံစာ, ဒဂုံဦးစန်းငွေရဲ့ သဒ္ဒါအမြင်၊ စာအမြင် စာအုပ်ပါ အောက်မြစ်အကြောင်းရေးသားချက် “ပါဠိမှာ “အ” ကို ပဋိသေဓ ပုဒ်လို့ခေါ်တာပေါ့လေ။ ဥပမာ မြဲတယ်ဆိုတာ နိစ္စ၊ ပဋိသေဓ ပုဒ်အနေနဲ့ပြောရင် အနိစ္စ။ သုဘဆိုတာတင့်တယ်တာ။ အဲဒါကိုတားမြစ်တဲ့သဘောနဲ့ ဆန့်ကျင်အဓိပ္ပာယ်ထွက်စေချင်တဲ့အခါ အသုဘ အဲဒါမျိုးပေါ့။ ဒီ “အ” လေးဟာ တားမြစ်တဲ့သဘောလေးရှိလို့ မြန်မာမှာလည်း ဒီ “အ” ကလေးကို “အ်” အဖြစ်ယူတယ်ဆိုပြီး စဉ်းစားကြတဲ့လူတွေလည်း ရှိပါတယ်။” ပါဠိရဲ့ပဋိသေဓ “အ” ကိုမြန်မာက တိုက်ရိုက်တုတာ ဖြစ်နိုင်သလို၊ ပါဠိရဲ့ “အ” ကိုမွန်ကတုပြီး အ် အဖြစ်အသုံးပြု၊ မွန်ရဲ့ “အ်” ကို မြန်မာက တဆင့်တုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပါဠိကနေယူသလား၊ မွန်ကနေ ယူသလားဆိုတာ တိတိကျကျခိုင်ခိုင်မာမာ ပြောဖို့ခက်ပေမဲ့ အောက်ကမြစ်မတိုင်ခင်မှာ “အ်” နဲ့ “အ” မြစ်ကို အရင်သုံးခဲ့ကြတာကတော့ သေချာပါတယ်။ “အ်”၊ “အ” မြစ်၊ အောက်မြစ်၊ အောက်ကမြစ် အောက်ကမြစ်ကို အောက်မြစ်လို့လည်း ခေါ်ကြပါတယ်။ အောက်မှာ အစက်ကလေးပြပြီး သံရှည်ကို တားမြစ်ထားတာမို့ အောက်မြစ်လို့ ခေါ်တာပါ။ အောက်ကနေတားမြစ်ထားတာမို့ အောက်ကမြစ်လို့လည်း ခေါ်တတ်ကြပါတယ်။ တချိန်တုန်းကတော့ အဲသလို အစက်ကလေးနဲ့ မမြစ်ခင်က “အ” အက္ခရာလေးကို အောက်မှာ လုံးဆင့်ပြပြီး မြစ် တာမို့ “အ” မြစ်လို့လည်း ခေါ်ခဲ့ဖူးပါတယ်။ ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။ “ တားမြစ်ချင်တဲ့အခါမှာ “အ” သတ်နဲ့ရေးတာလည်းရှိတယ်။ ဥပမာ “၏” ပဲဆိုပါတော့ဗျာ။ အရင်ကတော့ အက္ခရာ “ဧ” ရဲ့ဘေးမှာ “အ” သတ်လေးထည့်လိုက်တာပဲ။ “ဧအ်” ပေါ့။ နောက်တခါ တပည့်ဆိုပါတော့။ ပည့်ကိုရေးရင် သဝေထိုးပစောက်နဲ့ “အ” သတ်နဲ့ရေးတာ။ “ပေအ်” ပေါ့။ တပည့်ကို ဟိုတုန်းကတော့ ထိပေအ်လို့ ရေးတာပေါ့။ ယေ့ဆိုရင် သဝေထိုး ယပက်လ် “အ” သတ်ပေါ့။ “ယေအ်” ပေါ့။ သရသက်သက်တွေ ဆိုရင် ဥပမာ အာ၊ အေ၊ အောတို့ဆိုရင် အသတ်ကို ဘေးကထည့်တယ်။ အာ့လို့ရေးချင်ရင် အာအ်ပေါ့။ အော့ဆိုရင် အောအ်ပေါ့။ သရတွေဘေးမှာဆိုရင် “အ”သတ်ထည့်တာပေါ့ဗျာ။ သရမဟုတ်ဘဲ ဗျည်းသတ်တွေ ဆိုပါတော့ င်၊ ည်၊ န်၊ မ် တွေဆိုရင်တော့ “အ”ကို အောက်ကထည့်ပါတယ်။ ဥပမာ ကိန့် လို့ရေးချင်ရင် ကိန္အ် လို့ရေးတာမျိုးပေါ့။ စိမ့်လို့ရေးချင်ရင် စိမ္အ် လို့ရေးတာမျိုးပေါ့။” ဆရာကြီးရဲ့ ရှင်းပြချက်အရ ရှေးကကျောက်စာတွေမှာ “အ်” နဲ့ “အ” မြစ်ကို တပြိုင်တည်းသုံးစွဲခဲ့ကြတယ်ဆိုတာ သိရပါတယ်။ ကျောက်စာတွေကို လိုက်ဖတ်ကြည့်တဲ့အခါ မြစေတီကျောက်စာမှာတွင်ပဲ “ဧအ်” ဆိုတဲ့အရေးအသားနဲ့ “အ” မြစ် အရေးအသား နှစ်မျိုးစလုံးကို အကြိမ်ကြိမ်ရေးသားထားတာတွေ့ရပါတယ်။ တို့ကို တိုအ် လို့ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီအချိန်မှာ အခုခေတ်တွေ့နေရတဲ့ အောက်မြစ် အစက်ကလေးကို မသုံးကြသေးပါဘူး။ “အ်” နဲ့ အ မြစ်ကိုသာ သုံးကြပါသေးတယ်။ “အ”မြစ်မှ အောက်မြစ်သို့ကူးပြောင်းခြင်း သံတို၊ သံပြတ်အတွက် “အ်” နဲ့ “အ” မြစ်ကိုသာသုံးခဲ့တာဟာ ပုဂံခေတ်တခေတ်လုံးလို့ ဦးသောင်းလွင်ရဲ့ အက္ခရာဗေဒကျမ်းမှာဆိုပါတယ်။ လောကထိပ်ပန် ဂူအတွင်း ရေးသားထားတဲ့ သက္ကရာဇ် ၉၂၅ မှ ၉၈၀ အတွင်းရေးထိုးထားသည့် ဇာတာ၊ ရက်ချုပ်၊ မင်စာတွေမှာ အောက်မြစ်သုံးထားတာ မတွေ့ဘူးလို့ဆိုပါတယ်။ ဗိုလ်မှူးဘရှင်ရေးသားတဲ့ ငါးရာ့ငါးဆယ်ဇာတ်နိပါတ် မင်စာမှာလည်း အောက်မြစ်မတွေ့ရ၊ အငြိမ်းစား ကျောက်စာဝန် ဦးမြ ပြုစုတဲ့ အပယ်ရတနာလိုဏ်ဂူဘုရားမင်စာမှာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။ ကျောက်စာအထောက်အထားတွေ အရ သက္ကရာဇ် ၁၁၃၀ အေဒီ ၁၂၆၈ မှာအစောဆုံးသုံးခဲ့တာဖြစ်မယ်လို့ ဦးသောင်းလွင်က ခန့်မှန်းဖော်ပြထားပါတယ်။ “အ” မြစ်ကနေ အောက်မြစ်အဖြစ်ကူးပြောင်းပုံ ကူးပြောင်းနည်းနဲ့ ပတ်သက်ပြီး အယူအဆ ၂ မျိုးရှိပါတယ်။ ပထမအယူအဆကတော့ သေသေချာချာရည်ရွယ်ချက်ရှိစွာ ပြုပြင်ပြောင်းလဲခဲ့တယ်ဆိုတဲ့ အယူအဆပါ။ စောစောကပြောခဲ့သလိုပဲ ကန့်ဆိုရင် ကန္အ် လို့ရေးခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာစကားစစ်စစ်မှာ လုံးဆင့်မရှိပါဘူး။ မြန်မာစကားတွေထဲမှာတွေ့ရတဲ့ လုံးဆင့်တွေဟာ ပါဠိကနေ မွေးစားထားတဲ့စာလုံးတွေပါ။ ဥပမာ၊ မေတ္တာတို့ ဥပေက္ခာတို့ သဒ္ဓါတို့ ရမ္မက်တို့ ဆန္ဒတို့ဆိုတာတွေအားလုံးဟာ ပါဠိတွေပါ။ မြန်မာစကားမှာ လုံးဆင့်ရိုးမရှိပါဘဲလျက် ကန္အ်မှာ လုံးဆင့်ထားတာဟာ အစဉ်အလာကိုဖျက်ပြီး ဖောက်ပြန်သွေဖည်သလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် ပညာရှင်များဟာ မြန်မာလည်းပိုဆန်အောင်၊ ရေးရတာလည်း ပိုလွယ်အောင် အောက်မြစ်ဆိုတဲ့ အစက်ကလေးကိုတီထွင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါက ပထမအယူအဆပါ။ ဒုတိယအယူအဆက တဖြည်းဖြည်း ရွေ့လျားပြောင်းလဲလာတယ်ဆိုတဲ့ အယူအဆပါ။ အဲဒီအယူအဆက ပိုပြီး ဖြစ်နိုင်တယ်လို့ ထင်မိပါတယ်။ ပုဂံခေတ်တုန်းကရေးတဲ့ “အ” ဟာ အခုပုံစံမျိုးမဟုတ်ပါဘူး။ အင်္ဂလိပ်အက္ခရာ H ပုံစံမျိုးပါ။ ဒါ့ကြောင့် အ ကိုအောက်ကထားပြီး ဆင့်တဲ့အခါ အင်္ဂလိပ်အက္ခရာ H ကိုအောက်ကထားပြီး ဆင့်တဲ့ပုံစံမျိုးဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ အင်္ဂလိပ်အက္ခရာ H ပုံစံရေးရတာ အလုပ်ရှုပ်တယ်ထင်လာပြီး အလယ်က ကန့်လန့်မျဉ်းကို ဖြုတ်လိုက်ကြပါတယ်။ အဲဒီတော့ ပုဒ်မလို အချောင်းလေး ၂ ချောင်းပဲ ကျန်ပါတယ်။ အဲသလို ရေးခဲ့ကြတဲ့ ကျောက်စာ အထောက်အထားတွေကို တွေ့ရပါတယ်။ “၏” ကို ပုဂံခေတ်ကရေးသားရာမှာ “ဧအ်” လို့ရေးခဲ့တယ်ဆိုတဲ့အကြောင်း စောစောပိုင်းကပြောခဲ့ပြီးပါပြီ။ အဲဒီမှာ အ် ဟာ အင်္ဂလိပ်အက္ခရာ H စာလုံးပုံစံ “အ” အပေါ်မှာ အသတ်ထည့်ထားတာပါ။ အဲဒီနောက် အလယ်မျဉ်းပျောက်ပြီး ပုဒ်မလေး ၂ ချောင်းပဲကျန်တော့တဲ့အခါ အချောင်းလေး ၂ ချောင်းပေါ်မှာ အသတ်ကလေးတင်ထားတဲ့ပုံစံဖြစ်သွားပါတယ်။ “ဧ”ရဲ့နောက်မှာ အချောင်းလေး ၂ ချောင်းထည့်ပြီး အသတ်ကလေးတင်ထားတဲ့ပုံစံဟာ ဒီနေ့ခေတ်ရေးသားနေတဲ့ “၏” နဲ့တပုံစံတည်း ဖြစ်ပါတယ်။ ဒီနေ့ခေတ်ရေးသားတဲ့ “၏” ဟာ အဲသလို ပေါ်ပေါက်လာတာပါ။ “အ” မြစ်ကိုရေးတဲ့အခါ “အ” အစား ပုဒ်မလို အချောင်းကလေး ၂ ချောင်းပဲအောက်မှာ ရေးရာကနေ နောင်မှာ ပိုပြီး ရေးသားရလွယ်ကူအောင် အစက်ကလေး ၂ စက်နဲ့ အစားထိုးရေးသားလာပါတယ်။ မြန်မာသက္ကရာဇ် ၁၁၃၉ ခု ငစဉ့်ကူးမင်းလက်ထက်မှာ ရေးထိုးတဲ့ မိုးထိကျောင်းကျောက်စာမှာ အောက်ကမြစ်ကို အစက်ကလေး ၂ စက်နဲ့ရေးသားထားတာကို ၃ ကြိမ်တိုင်တိုင်တွေ့ရပါတယ်။ မိုးထိကျောင်းကျောက်စာမှာ အောက်မြစ်ကို အစက် ၂ စက်နဲ့ရေးသားခဲ့ ဓာတ်ပုံ ပုံစာ, မိုးထိကျောင်းကျောက်စာမှာ အောက်မြစ်ကို အစက် ၂ စက်နဲ့ရေးသားခဲ့ နောင်မှာတော့ သေးသေးတင်ကို အပေါ်မှာ အစက်ကလေးတစက်နဲ့ ရေးလို့ရရင် အောက်မြစ်ကိုလည်း အောက်မှာ အစက်ကလေး တစက်နဲ့ပဲရေးရင် မလုံလောက်ဘူးလားလို့ တွေးတောခဲ့ကြပုံရပါတယ်။ မြန်မာပညာရှင်များဟာ အောက်မြစ်ကို အစက်ကလေး တစက်နဲ့သာ ပြောင်းလဲရေးသားလာခဲ့ကြတာ တွေ့ရပါတယ်။ ဒါက “အ” မြစ်ကနေ အောက်မြစ်အဖြစ် တဖြည်းဖြည်းပြောင်းလဲလာတယ်ဆိုတဲ့ ဒုတိယအယူအဆဖြစ်ပါတယ်။ အဆင့်ဆင့်မှာ ကျောက်စာ သက်သေအထောက်အထားတွေလည်း ရှိတဲ့အတွက် ဒီအယူအဆက ပိုဖြစ်နိုင်တယ်လို့ထင်ပါတယ်။ အောက်မြစ်ရဲ့ အဓိပ္ပာယ် အောက်မြစ်ရဲ့ ပထမအဓိပ္ပာယ်က ၏ရဲ့ပိုင်ဆိုင်မှုပြဂုဏ်ပုဒ်နဲ့တူညီပါတယ်။ ငါ၏စာအုပ်ကို အောက်မြစ်သုံးပြီး ငါ့စာအုပ်လို့ ရေးသားနိုင်ပါတယ်။ သူ၏ဖောင်တိန်ကို သူ့ဖောင်တိန်လို့ အောက်မြစ်သုံးပြီးရေးနိုင်ပါတယ်။ မောင်မောင်၏ မျက်မှန်ဆိုရင် မောင်မောင့်မျက်မှန် ၊ ခင်ခင်၏လွယ်အိတ်ဆိုရင် ခင်ခင့်လွယ်အိတ် စသည်ဖြင့် “၏” ရဲ့ ပိုင်ဆိုင်မှုပြတဲ့ နေရာတိုင်းမှာ အောက်မြစ်နဲ့ အစားထိုးသုံးစွဲနိုင်ပါတယ်။ နောက်ထပ်အဓိပ္ပာယ်ကတော့ ကန့်၊ လန့်၊ တန့်၊ မြင့်၊ ညဉ့် စသည်ဖြင့် င၊ ည၊ န၊ မ၊ ယ အသတ်တွေရဲ့ အောက်မြစ်အသုံးတွေ၊ တခြားသရနဲ့တွဲတဲ့စကားလုံးအမျိုးမျိုးရဲ့အောက်မြစ်တွေ (ဥပမာ မေ့၊ မော့၊ ဆော့၊ ဆောင့်၊ အောင့်၊ ကျော့၊ ပဲ့) စသည်ဖြင့် ဖြစ်ပါတယ်။ မြန်မာစကားဟာ တက်ကျသံဘာသာစကားဖြစ်တဲ့အတွက် ကာဆိုရင်အဓိပ္ပာယ်တမျိုး၊ ကာ့ဆိုရင် အဓိပ္ပာယ်ဆင်တူပေမဲ့ ဒီဂရီတမျိုး၊ ကားဆိုရင် အဓိပ္ပာယ်ဆင်တူပေမဲ့ ပိုပြီးလေးနက်တဲ့ဒီဂရီတမျိုး စသည်ဖြင့်ပြောင်းလဲပါတယ်။ အဲသလို အဓိပ္ပာယ်လေးနက်မှုကွာခြားအောင် အောက်ကမြစ်က အသုံးတော်ခံပါဝင်လှုပ်ရှားတယ်လို့ဆိုနိုင်ပါတယ်။ ကျန်တဲ့သေးသေးတင်၊ ဝိသဇ္ဇနီ၊ ဟထိုး အစရှိတဲ့ သင်္ကေတတွေအကြောင်းကို ဆက်လက်တင်ပြပါဦးမယ်။