Friday, June 3, 2022

အလင်္ကာပုလဲပန်း၊ မုန့်လုံးစက္ကူကပ်ဇာတ်လမ်း

အလင်္ကာပုလဲပန်း၊ မုန့်လုံးစက္ကူကပ်ဇာတ်လမ်း ကိုသိမ်းမြတ် ဘီဘီစီမြန်မာပိုင်း ၃၀ မေ ၂၀၂၂ ကြာအေးကို သူ့အမေရိုက်လို့ မှောင်မိုက်မှာငို ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ တွဲလဲရယ်နေပါအုံး မိုးတောင်ကချုန်း မုန့်လုံး မုန့်လုံးကိုစက္ကူကပ်ပါလို့ ကြာကလပ်နဲ့ဆွမ်းတော်တင် ပလ္လင်ပေါ်ကမျောက်ကလေး ဆင်းတဲ့လို့ပြေး ကြာအေး ဒီကဗျာ၊ ဒီသီချင်းလေးဟာ ရေးသူအမည်မသိပေမဲ့ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ အလွန်ထင်ရှားပါတယ်။ တချို့က ကဗျာကို “ကြာအေးကိုသူ့အမေရိုက်လို့”နဲ့စပြီး တချို့က “မုန့်လုံးကိုစက္ကူကပ်ပါလို့”နဲ့စပါတယ်။ ဘယ်ကပဲစစ ပတ်ချာလည်ဆိုလို့ရတာမို့ ဘယ်ဟာအစဘယ်ဟာအဆုံးဆိုတာတောင် တိတိကျကျပြောလို့မရဘဲ မူကွဲနှစ်မျိုးရှိနေပါတယ်။ အဲဒီမူကွဲနှစ်မျိုးမှာ ဘယ်မူနဲ့ပဲလာလာ အားလုံးက ကျေကျေနပ်နပ်လက်ခံကြပါတယ်။ မကျေမနပ်ဖြစ်ကြတာက ကြာအေးနဲ့ ဂျာအေးပါ။ ကြာအေးကလည်း မူကွဲနှစ်မျိုးရှိနေပြန်ပါတယ်။ ကြာအေးနဲ့ ဂျာအေးပါ။ ဒီကြာအေးနဲ့ ဂျာအေးကျမှ ငြင်းကြခုံကြနဲ့ တော်တော်လေး ပွဲဆူပါတယ်။ ဒီလိုပွဲဆူရတာကလည်း မူလတန်းဖတ်စာအုပ်မှာ ဂျာအေးနာမည်နဲ့တခါက ပြဋ္ဌာန်းခဲ့ဖူးသလို နောက်ပိုင်းမှာအသစ်ပြန်ပြဋ္ဌာန်းတော့ ကြာအေးနာမည်နဲ့ပြဋ္ဌာန်းလို့ ပွဲဆူတာပါ။ ဂျာအေးနဲ့ကြီးလာသူတွေက ဂျာအေးမှအမှန် ကြာအေးက နောက်ပေါက်အမှားလို့ထင်ကြပါတယ်။ ကြာအေးကိုပြဋ္ဌာန်းလိုက်သူတွေကလည်း ဂျာအေးမှာ ဘာအဓိပ္ပာယ်မှမရှိ၊ ကြာအေးကသာ အနက်အဓိပ္ပာယ်ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဂျာအေးက အရင်မဟုတ်၊ ကြာအေးက အရင်လို့လည်းဆိုကြပြန်ပါတယ်။ တကယ်တော့ မြန်မာစကားဟာ တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာမှာ အဓိပ္ပာယ်ရင်းမြစ်တလုံးမှမရှိပါဘူး။ ဆိုလိုတာက ဂ၊ဃ၊ဇ၊စျ၊ဒ၊ဓ၊ဗ၊ဘ တွေမှာ မြန်မာအဓိပ္ပာယ်လုံးဝမရှိဘူး၊ အသံထွက်သာရှိပါတယ်။ ဒါ့ကြောင့် ဂျာအေးမှာ ဘာအဓိပ္ပာယ်မှမရှိဘူး။ အသံသာရှိတယ်။ ကြာအေးမှာပဲအဓိပ္ပာယ်ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ စောဒကတက်စရာရှိတာက နာမည်ဆိုတာ ဘာမှအဓိပ္ပာယ်မရှိဘဲ အသံထွက်ကာမတ္တနဲ့ မှည့်ခေါ်လို့လည်း ရတာပဲလို့ ဆိုနိုင်တဲ့အချက်ပါ။ ဥပမာ လူတယောက်နာမည်ကို ဂူးဂွမ်လို့မှည့်ရင်ရောမဖြစ်ဘူးလားလို့မေးရင် ဖြစ်တာပါပဲ။ ဘာမှအဓိပ္ပာယ်မရှိပေမဲ့ ကာယကံရှင်က သူ့နာမည် ဂူးဂွမ်ဆိုရင် ဂူးဂွမ်ပဲပေါ့။ မင့်နာမည်သတ်ပုံမှားနေတယ်လို့ ပြောလို့ဖြစ်မလား။ “ငါ့သားငါမှည့် ရွှေစည်းခုံမှည့်မှည့်” ဆိုတဲ့စကားလည်း အရှိပဲ မဟုတ်လား။ ဆရာကြီးဦးထွန်းတင့်က ကြာအေးနဲ့ပတ်သက်ပြီး အခုလိုရှင်းပြပါတယ်။ “ကြာအေးဆိုတဲ့နာမည်ကို ဆရာဦးသာမြတ်က မြန်မာစာရေးထုံးကျမ်းမှာကတည်းက ထည့်ရေးခဲ့တာဗျ။ သူအစောဆုံးလို့ပြောတာမဟုတ်ပါဘူး။ သူလည်း သူ့ထက်စောရေးခဲ့သူတွေရှိလို့ ရေးပြတာ ဖြစ်မှာပါ။ ထားပါတော့လေ။ ဘာပဲဖြစ်ဖြစ်။ သူ့စာအုပ်ထဲမှာ မုန့်လုံးစက္ကူကပ် ကဗျာကိုဖော်ပြတော့ ကြာအေးနာမည်နဲ့ ဖော်ပြထားတယ်ဗျ။ မြန်မာစာရေးထုံးကျမ်းကို ပုံနှိပ်ထုတ်ဝေတာက ၁၉၄၈ ခုပါ။ ဒီတော့မနေ့တနေ့ကမှ ထွင်လိုက်လို့ပေါ်လာတဲ့ ကြာအေးလို့တချို့က ထင်နေကြတာ မမှန်ပါဘူး။ ကြာအေးဆိုတာ ကြာလှပါပြီ။” ဒီတော့ကြာအေးဆိုတာ ဘာအဓိပ္ပာယ်လဲဆိုရင် ကြာလေအေးလေ ဖြစ်စေချင်လို့ ကြာအေးနာမည်မှည့်တာလို့ဖွင့်ဆိုသူတွေရှိသလို မိန်းကလေးရဲ့ဆံပင်ဆံရစ်ဝိုင်းကလေးက ကြာပန်းကလေးနဲ့တူလို့ ကြာအေးနာမည်မှည့်ခေါ်တယ်လို့ ဖွင့်ဆိုသူတွေလည်း ရှိပါတယ်။ သူ့မျက်နှာလေးက ကြာပန်းလေးလို့ အေးမြလို့ ကြာအေးလို့ခေါ်တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆိုချင်သလိုဆိုပါ။ ကြာအေးကို အဓိပ္ပာယ်ဖွင့်လို့ရတယ်။ ဂျာအေးမှာတော့ အသံသာရှိတယ်။ အဓိပ္ပာယ်မရှိပါဘူး။ အဓိပ္ပာယ်မရှိဘဲ ဂျာအေးနာမည်ကို အသံထွက်ရုံသက်သက် မှည့်ခေါ်ခဲ့တယ်ဆိုရင်လည်း ဘာ့ကြောင့် ဂျာအေးအသံထွက်အောင် မှည့်သလဲ မေးရင်တော့ အကြောင်းပြစရာ သိပ်ရှာလို့မရဘူး။ သက်ရှိလူဆိုရင်တော့ ကာယကံရှင်ကိုမေးကြည့်လို့ရနိုင်ပေမဲ့ အခုနာမည်က ကဗျာထဲကနာမည် ဖြစ်နေတယ်။ လူနာမည်ဆိုရင်တော့ ကိုယ်ကြိုက်သလိုရေးခွင့်ရှိတယ်။ ဥပမာ ဂီတပညာရှင် ဆရာကြီးမြို့မညိန်းက သူ့နာမည်ကို “ညိန်း” လို့စာလုံးပေါင်းတယ်။ သူက “ညိန်း” ဆို “ညိန်း”ရမှာပဲ။ သူ့နာမည်ပေကိုး။ သတ်ပုံမှားတယ် သွားပြောလို့မရဘူး။ ဒါပေမဲ့ “ငြိမ်းချမ်းရေး” ကို “ညိန်းချမ်းရေး” လို့ ရေးခဲ့မယ်ဆိုရင်တော့ သတ်ပုံမှားပြီလို့ ပြောရမှာပါ။ အငြိမ်းစားမြန်မာစာ ပါမောက္ခဆရာမဒေါ်ညိမ်းညိမ်းက သူ့နာမည်ကို ညလုံးကြီးတင်ပြီးမသတ်နဲ့ “ညိမ်း” ပါတယ်။ မြန်မာစာပါမောက္ခဖြစ်ပြီး သတ်ပုံမှားရသလားလို့သွားမေးရင် သူကလက်ခံမှာ မဟုတ်ပါဘူး။ လူနာမည်ကိုမှည့်ရာမှာ တချို့က အဓိပ္ပာယ်ရှိကြတယ်။ တချို့က အဓိပ္ပာယ်မရှိကြဘူး။ တချို့က တလုံးချင်းသာ အဓိပ္ပာယ်ရှိတယ်။ တချို့ကလုံးတွဲလိုက်အဓိပ္ပာယ်ရှိကြတယ်။ ဥပမာ အောင်ကျော်မိုး၊ မြင့်အောင်၊ ထွန်းမောင် ဆိုတဲ့နာမည်မျိုးတွေမှာ တလုံးချင်းစီသာ အဓိပ္ပာယ်ရှိတယ်။ စပယ်တို့၊ နှင်းဆီတို့ဆိုရင် လုံးတွဲလိုက်အဓိပ္ပာယ် ရှိတယ်။ စာရေးဆရာမောင်ခင်မင်၊ စာရေးဆရာတင့်တယ်၊ စာရေးဆရာတည်ကြည်တို့ဆိုရင်လည်း လုံးတွဲလိုက် အဓိပ္ပာယ်ရှိတယ်။ မြင့်မြတ်၊ မြတ်နိုး၊ ယုယ၊ ချစ်ခင် ဆိုတဲ့နာမည်တွေလည်း အလားတူလုံးတွဲလိုက် အဓိပ္ပာယ်ရှိတာပဲ။ သီဟ၊ သူရ၊ စန္ဒာ၊ သီတာ၊ ဥမ္မာဆိုတဲ့နာမည်မျိုးတွေဟာလည်း ပါဠိစကားလုံးတွေဖြစ်ပြီး လုံးတွဲအဓိပ္ပာယ်ကိုယ်စီ ရှိကြတယ်။ အဓိပ္ပာယ်မရှိဘဲ အသံသက်သက်သာရှိတဲ့ ဒိန်းဒိန်းတို့၊ ဂျောက်ဂျောက်တို့၊ ဂွတ်ဂွတ်တို့လို နာမည်မျိုးက ရှိတော့ရှိတယ်ရှားတယ်လို့ ဆိုရပါမယ်။ တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာမှာ အဓိပ္ပာယ်မရှိလို့ အဲဒီစာလုံးတွေနဲ့ မှည့်ခဲကြတယ်။ တတိယနဲ့ စတုတ္ထအက္ခရာထဲမှာ ဆိုရင် အမှည့်များတာ ဇော်၊ဇင်၊ဇံ လောက်ပဲရှိတယ်။ ဇော်ဟာ မြန်မာစကားအဓိပ္ပာယ် မရှိပေမဲ့ ပါဠိသက်ဝေါဟာရဖြစ်တဲ့ ဇော်ဂျီကနေ ဆင်းသက်တာမို့ အမှည့်များတယ်။ မင်းကတော့ ဇော်ပဲကွာ၊ လူဇော်ပဲကွာဆိုတာ အသုံးများလို့ မြန်မာစကားလိုလိုဖြစ်နေပါပြီ။ တကယ်တော့ ဇော်ဂျီလို့ပဲလို့ပြောတာပါ။ ပါဠိသက်ပါ။ ဇင်ကတော့စင်ဆိုတဲ့ မြန်မာစာလုံးကနေ အသံပြောင်းလာတဲ့ဝေါဟာရဖြစ်ပြီး တော်တော်လေး အမှည့်များပါတယ်။ ဇံကတော့ စံကနေ ဆင်းသက်ပါတယ်။ ထင်ရှားတဲ့ပုဂ္ဂိုလ်တချို့ရဲ့နာမည်ကိုပြောရရင် ဗိုလ်ချုပ်ကျော်ဇောရဲ့နာမည်ကို ဇကွဲနဲ့ဇောလို့စာလုံးပေါင်းတာဟာ သတ်ပုံမှားတယ်လို့ ဘယ်သူမှမပြောကြပါဘူး။ မြို့မညိန်းတို့ ပါမောက္ခဒေါ်ညိမ်းညိမ်းတို့လိုပဲ သူ့နာမည် သူကြိုက်သလိုပေါင်းတာ ဘာမှစောဒကတက်စရာမရှိဘူးလို့ သဘောထားကြပါတယ်။ ဒါ့အပြင် ကျော်ဇောကို ဇကွဲနဲ့စာလုံးပေါင်းပြီးနာမည်မှည့်သူတွေ အလွန်များပြားကြလို့ မြင်နေကျလည်း ဖြစ်နေပါပြီ။ တကယ်တော့ ဒီနာမည်ဟာ လုံးတွဲလိုက် ရင်းမြစ်အဓိပ္ပာယ်ရှိပါတယ်။ ရင်းမြစ်က ကျော်စောပါ။ ကျော်ကြားတာ၊ ထင်ရှားတာပါ။ ဗိုလ်ချုပ်ကျော်ဇောနာမည်စာလုံးပေါင်းကို ဘယ်သူမှသတ်ပုံမှားတယ်လို့ မပြောကြပေမဲ့ “လယ်တီဆရာတော်ဘုရားကြီးသည် ကျော်ဇောထင်ရှားသူဖြစ်သည်” လို့ ရေးရင်တော့ သတ်ပုံမှားနေပြီ၊ ကျော်စောလို့ ရေးရမှာလို့ ထောက်ပြကြပါလိမ့်မယ်။ သမိုင်းဝင်ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ပန်ဆန်းမြို့ ဗမာပြည်ကွန်မြူနစ်ပါတီဌာချုပ် ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES ဓာတ်ပုံ ပုံစာ, သမိုင်းဝင်ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ပန်ဆန်းမြို့ ဗမာပြည်ကွန်မြူနစ်ပါတီဌာချုပ် မိတ်ဆွေတယောက်ရဲ့ နာမည်က ကိုသန့်ဇင်လို့ ခေါ်ပါတယ်။ သူ့နာမည်ကို သန့်စင်လို့စာလုံးပေါင်းရင် လုံးဝမကြိုက်ပါဘူး။ ရင်းနှီးတဲ့မိတ်ဆွေတချို့ကလည်း ဘုရားအိမ်သာတွေမှာ သန့်စင်ခန်းလို့ရေးထားရင် မင့်အခန်းလားလို့ စကြနောက်ကြလို့ သူ့နာမည်ကို သန့်စင်လို့စာလုံးပေါင်းရင် လုံးဝမကြိုက်ပါဘူး။ ဒါပေမဲ့ သူက သူ့နာမည် “ဇင်” ဆိုတော့ “ဇင်” ကိုပဲ အတည်ယူရပါတယ်။ တကယ်တော့ သန့်ဇင်ဆိုတဲ့နာမည်ကလည်း လုံးတွဲလိုက် ရင်းမြစ်ရှိတဲ့နာမည်ပါ။ မူလရင်းမြစ်က “သန့်စင်” ပါပဲ။ “သန့်ရှင်း” တာ “စင်ကြယ်” တာပါပဲ။ “သဇင်” ဆိုတဲ့ ပန်းနာမည်ဟာလည်း ရင်းမြစ်က သန့်စင်ပဲလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ သဇင်ပန်းဆိုတာ “သန့်စင်ပန်း” ပါ။ ဒါ့ကြောင့်အမျိုးသားနာမည် “သန့်ဇင်” နဲ့ အမျိုးသမီးနာမည် “သဇင်” ဟာ အတူတူပဲလို့တောင် ပြောလို့ရပါတယ်။ နှစ်ခုစလုံးရဲ့ အဓိပ္ပာယ်က “သန့်စင်ခြင်း” ပါပဲ။ ကျော်စောကို ကျော်ဇောလို့အသံထွက်လို့ ကျော်ဇောလို့ စာလုံးပေါင်းကြတာပါ။ သန့်စင်ကို သန့်ဇင်လို့ အသံထွက်လို့ သန့်ဇင်လို့ စာလုံးပေါင်းကြတာပါ။ သူတို့နာမည်ကို စလုံးသံပီပီသသကြီးနဲ့ထွက်မှာကို မကြိုက်လို့ သေချာအောင် ဇကွဲနဲ့ ရေးတာမျိုးလည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ဒါတွေဟာ တခါတလေမှာ အလေ့အထနဲ့လည်း ဆိုင်ပါတယ်။ ကျော်စွာဆိုတဲ့နာမည်ကို အသံထွက်ရင် ကျော်ဇွာလို့အသံထွက်ပါတယ်။ ဘယ်သူမှကျော်ဇွာလို့ စာလုံးပေါင်းတာ မတွေ့ဖူးပါဘူး။ အသံထွက်တော့လည်း စလုံးသံပီပီသသနဲ့ ကျော်စွာလို့အသံထွက်တာမျိုး မကြားဖူးပါဘူး။ ရဲဘော်ဖိုးသံချောင်းရဲ့အမည်ကိုလည်း ဘယ်သူမှ “ချ” သံနဲ့ မရွတ်ဆိုပါဘူး။ “ဂျ” သံနဲ့ပဲရွတ်ဆိုပါတယ်။ ဒါပေမဲ့ “သံဂျောင်း”လို့ရေးသူသိပ်ရှားပါတယ်။ “ချ” သံနဲ့ ရွတ်ဆိုသူလည်း မရှိသလောက် ရှားပါတယ်။ ဂျာအေးကို မူလတန်းမြန်မာစာသင်ရိုးမှာ ကြာအေးလို့ ရင်းမြစ်အတိုင်းစာလုံးပေါင်းတဲ့အခါ မနှစ်သက်လို့ စောဒကတက်ကြတာ ကြားရပေမဲ့ ကျော်ဇောကို ကျော်စောလို့ မူလတန်းမြန်မာစာသင်ရိုးမှာရင်းမြစ်အတိုင်း ပြဋ္ဌာန်းတာကိုတော့ ဘယ်သူမှစောဒကတက်သံ မကြားရပါဘူး။ မူလတန်းဖတ်စာထဲကဒီစာပိုဒ်ကလေးကို လူအများတွေ့ဖူးကြမှာပါ။ ကျေးတောသားတယောက်။ မောင်ကျော်စောဟုခေါ်သည်။ ကျုံးထဲကတက်လာသည်။ သူ့အင်္ကျီမပါပါ။ တကယ်တော့ ကျော်ဇောနဲ့ကျော်စော ကွာဟချက်ဟာ ဂျာအေးနဲ့ကြာအေး ကွာဟချက်နဲ့ ထပ်တူထပ်မျှသာဖြစ်ပါတယ်။ ကျော်စောကအမှန်၊ ကျော်ဇောကအသံ။ ကြာအေးကအမှန်၊ ဂျာအေးကအသံပါ။ ဒါပေမဲ့ သက်ရှိလူရဲ့နာမည်ဆိုရင်တော့ သူတို့ပေါင်းတဲ့စာလုံးပေါင်းကိုသာ အမှန်လို့ယူရပါလိမ့်မယ်။ ဗိုလ်ချုပ်ကျော်ဇောက သူ့နာမည်ကို ဇကွဲနဲ့ စာလုံးပေါင်းပေမဲ့ အလွမ်းသီချင်းရေးတဲ့မောင်ကျော်စောကတော့ စလုံးနဲ့ပေါင်းတာကို သတိထားမိပါတယ်။ သန့်ဇင်အမည်ရှိသူတော်တော်များများက သူတို့နာမည်ကို ဇကွဲနဲ့ စာလုံးပေါင်းကြပေမဲ့ မြန်မာစာပါမောက္ခဆရာကြီးဦးအေးမောင်ကတော့ သူ့ရဲ့ကလောင်နာမည်ကို မောင်သန့်စင်လို့ စလုံးနဲ့ပေါင်းပါတယ်။ မောင်ကျော်စောလို့ ရေးသားပေမဲ့ အငြင်းပွားမှု မကြားရ ဓာတ်ပုံ ပုံစာ, မောင်ကျော်စောလို့ ရေးသားပေမဲ့ အငြင်းပွားမှု မကြားရ ကြသံကို တချို့နေရာတွေမှာ ဂျသံပြောင်းထွက်ကြတာက မြန်မာ့ဓလေ့ပါ။ အထူးသဖြင့် အညာဘက်မှာ အဲသလို ပိုပြီးရွတ်ဆိုပါတယ်။ တောင်သာမြို့ အနောက်ဖျား၊ ဧရာဝတီမြစ်နဲ့ မလှမ်းမကမ်းမှာ ကြာပို့ဆိုတဲ့ရွာ ရှိပါတယ်။ အခုပုပ္ပား၊ တောင်သာ၊ မြင်းခြံ၊ မန္တလေး ကားလမ်းဘေးမှာပါ။ အဲဒီရွာနာမည်ကိုဒေသခံအရပ်သားအားလုံးက ဂျဘို့ရွာလို့ပဲ ခေါ်ပါတယ်။ ကြာအေးကို ဂျာအေးခေါ်ပုံနဲ့ ကြာပို့ကိုဂျဘို့ခေါ်ပုံဟာ ဟန်ပန်ချင်းတထေရာတည်းပါ။ ကြမ်းပိုးဆိုတဲ့အကောင်ကို ဂျဘိုးလို့အသံထွက်ကြပါတယ်။ ကြမ်းပိုးနံ့ နံတယ်လို့ယူဆတဲ့ သစ်မွှေးကို သစ်ကြမ်းပိုးလို့ရေးပြီး သစ်ဂျဘိုးလို့ အသံထွက်ပါတယ်။ အညာကျေးလက်မှာ အမှည့်ခေါ်များတဲ့ ဘဂျမ်းဆိုတဲ့နာမည်ကို ခဏခဏကြားဖူးကြမယ်ထင်ပါတယ်။ တောင်သာအနောက်ခြမ်းဇာတိ ကဗျာဆရာကြီးဦးတင်မိုးရဲ့နာမည်ရင်းက ဦးဘဂျမ်းပါ။ ကာတွန်းဆရာကြီးဦးဘဂျမ်းဆိုတာကလည်း တိုင်းသိပြည်သိပုဂ္ဂိုလ်ပါ။ အဲဒီဘဂျမ်းဆိုတဲ့နာမည်ရဲ့ မူလရင်းမြစ်က ဘကြမ်းဖြစ်ပါတယ်။ ဘကြမ်းကို ဘဂျမ်းလို့အသံထွက်ရာကနေ တဖြည်းဖြည်း အရေးမှာပါ ဘဂျမ်းတွင်ကျယ်လာတာပါ။ မဂျမ်းဘုံဆိုတဲ့နာမည်ကိုလည်း မကြာခဏ ကြားဖူးပါလိမ့်မယ်။ မဂျမ်းဘုံကလည်း မကြမ်းပုံကနေ ဆင်းသက်လာတာပါ။ ကြမ်းတမ်းပုံရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ မဂျမ်းဒေါဆိုတဲ့နာမည်ကိုလည်း ကြားဖူးကြမှာပါ။ မဂျမ်းဒေါဟာ မကြမ်းတော သို့မဟုတ် မကြမ်းထောကနေ လာတယ်လို့ ဆရာကြီးဦးထွန်းတင့်က ထောက်ပြပါတယ်။ ကြမ်းထော်ဆိုတဲ့စကားနဲ့ အတူတူပါပဲ။ မဂျမ်းတုတ်ဆိုတဲ့နာမည်ဟာလည်း မကြမ်းတုတ်လို့ပြောတာပဲလို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ အောင်ဒင်၊ လှဒင်၊ မင်းဒင်၊ သာဒင် ဆိုတဲ့နာမည်တွေဟာလည်း အောင်တင်၊ လှတင်၊ မင်းတင်၊ သာတင် ဆိုတဲ့နာမည်တွေက ဆင်းသက်လာပါတယ်။ မြန်မာစာပညာရှင် ဆရာကြီးဦးကျော်ထွန်းက သူ့နာမည်ကို ကျော်ထွန်းလို့တမျိုး ကျော်ဒွန်းလို့တဖုံ နှစ်မျိုး စာလုံးပေါင်းပါတယ်။ သူ့နာမည်တွေဟာ နှစ်မျိုးနှစ်စား မှတ်တမ်းတင် ကျန်ရစ်ပါတယ်။ သာဒွန်းဆိုတဲ့နာမည်မျိုးဟာလည်း သာထွန်းကို သာဒွန်းလို့ ခေါ်ရာကနေ ဆင်းသက်လာတာပါ။ မဟာရန်ကုန်ရဲ့ မြို့နယ်တခုကို မရမ်းကုန်းလို့ စာလုံးပေါင်းပါတယ်။ အဲဒီစာလုံးပေါင်းနဲ့ ပတ်သက်ပြီး ဆရာကြီးဦးထွန်းတင့်က အခုလို မှတ်ချက်ပြုပါတယ်။ “တကယ်တော့ မရန်းပင်တွေပေါက်တဲ့အရပ်မို့သာ မရန်းကုန်းလို့ခေါ်ခဲ့တာဖြစ်ပုံရပါတယ်။ ဒါဆိုရင် သတ်ပုံအမှန်ဟာ မရန်းကုန်းဖြစ်သင့်ပါတယ်။ ဒါပေမဲ့ နာမည်ဆိုတော့ အများက မရမ်းကုန်း ရေးကြတာကိုလိုက်လျောပြီး တွင်ကျယ်နေသလိုရေးဖို့ ခွင့်ပြုထားပါတယ်။ တကယ်တန်း မရမ်းကုန်း ဆိုတဲ့နာမည်မှာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဆွဲပြောရင်တော့ “မရမ်း” တဲ့လူတွေ နေတဲ့ကုန်းလို့ ပြောချင်ပြောလို့ရတာပေါ့ဗျာ။” ဒီတော့ ကြာအေးဇာတ်လမ်းကို ပြန်သွားကြရအောင်ပါ။ ရင်းမြစ်အတိုင်းအဓိပ္ပာယ်ပေါ်စေချင်ရင် ကြာအေးလို့ စာလုံးပေါင်းပါ။ အသံထွက်တဲ့အတိုင်းပေါ်လွင်စေချင်ရင် ဂျာအေးလို့စာလုံးပေါင်းပါ။ နာမည်ဆိုတော့ ဘယ်ဟာက အမှန်၊ ဘယ်ဟာကအမှားဆိုပြီး ယတိပြတ်ပြောဖို့မသင့်ပါ။ ငါကြိုက်တာကအမှန်၊ မင်းကြိုက်တာကအမှား ဒါမျိုးမရေးအပ်ဆိုတာမျိုး အပြတ်ပြောရင် ရင့်သီးရာကျပါလိမ့်မယ်။

No comments:

Post a Comment