Friday, June 3, 2022

အလင်္ကာပုလဲပန်း၊ အောက်ကမြစ်ရဲ့သမိုင်းအကျဉ်း

အလင်္ကာပုလဲပန်း၊ အောက်ကမြစ်ရဲ့သမိုင်းအကျဉ်း... ကိုသိမ်းမြတ် ဘီဘီစီမြန်မာပိုင်း ၂၈ မေ ၂၀၂၂ ပိဋကတ်သုံးပုံကို ကျောက်စာအဖြစ်ရေးထိုးထားတဲ့ ကုသိုလ်တော်ဘုရား မြန်မာစကားမှာ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး၊ အောက်ကမြစ်၊ ဝစ္စပေါက်၊ သေးသေးတင်၊ သဝေထိုး၊ နောက်ပစ်၊ ရှေ့ထိုး စတဲ့ သင်္ကေတတွေရှိကြပါတယ်။ အဲဒီသင်္ကေတတွေဟာ ဘာအဓိပ္ပာယ်ဆောင်သလဲ ဆိုတာကို မသိရင် မမှားသင့်တဲ့အမှားတွေ ထွက်ပေါ်လာတတ်ပါတယ်။ အောက်ကမြစ်ရဲ့ သဘောသဘာဝကို သေသေချာချာ သဘောမပေါက်ကြတဲ့ အတွက် မှု့၊ မူ့၊ စု့၊ ပြု့၊သိ့၊ ရှိ့ ဆိုတဲ့ အရေးအသားအမှားမျိုးတွေ ရေးလာကြတာတွေ့ရပါတယ်။ မြန်မာစာတမျိုးတည်းမှာသာ အောက်ကမြစ်ရှိ ဗြဟ္မီအက္ခရာကိုအသုံးပြုရေးသားတဲ့ ဘာသာစကားအမျိုးမျိုးရှိကြပေမဲ့ အောက်ကမြစ်အသုံးပြုတဲ့ ဘာသာစကားက မြန်မာစကားတမျိုးတည်းသာရှိတယ်လို့ဦးသောင်းလွင်က မြန်မာအက္ခရာဗေဒကျမ်းမှာ ရေးသားထားပါတယ်။ ဆရာကြီးဦးထွန်းတင့်ကလည်း အဲဒီအချက်ကို သဘောတူပါတယ်။ ပါဠိမှာရော သက္ကတမှာပါ အောက်ကမြစ် အသုံးမရှိပါဘူး။ ဗြဟ္မီအက္ခရာသုံးတခြားဘာသာစကားတွေဖြစ်ကြတဲ့ ဟိန္ဒီ၊ မွန်၊ ထိုင်း၊ ခမာ၊ လာအိုအစရှိတဲ့ဘာသာတွေမှာလည်း အောက်ကမြစ်မရှိပါဘူး။ ဒါပေမဲ့ တချို့ဘာသာစကားတွေမှာ အောက်ကမြစ်ကိုမသုံးပေမဲ့ အောက်ကမြစ်နဲ့တန်ဖိုးဆင်တူတဲ့ တခြားအသုံးတွေတော့ ရှိပါတယ်။ မြန်မာဘာသာစကားမှာ သံရှည်ကိုတားမြစ်ပြီး သံတိုထွက်ပါလို့ သင်္ကေတပြုပြောကြားချင်တဲ့အခါ အဲဒီသင်္ကေတကို ဗြဟ္မီအက္ခရာကနေအဆင်သင့် ယူသုံးစရာမရှိဘဲ ဖြစ်နေပါတယ်။ ဒါ့ကြောင့် မြန်မာဟာ ကိုယ်ပိုင် သင်္ကေတအသစ်တီထွင်အသုံးပြုဖို့ လိုအပ်လာပါတယ်။ အဲသလိုတီထွင်ဖို့လိုအပ်လာတဲ့အခါ အဓိပ္ပာယ်ရှိတဲ့ တီထွင်မှုမျိုးဖြစ်လာဖို့အတွက် တခြားဘာသာစကားတွေကို အတုယူခဲ့တာမျိုးရှိကောင်းရှိနိုင်တယ်လို့ ဦးသောင်းလွင်က ယူဆပါတယ်။ မွန်ဘာသာစကားမှာအသုံးပြုတဲ့ “အ” သတ် (အ်) ဟာ မြန်မာတွေသုံးချင်တဲ့ အောက်ကမြစ်အသံနဲ့ တန်ဖိုးချင်းနီးနီးစပ်စပ်ဆင်တူတယ်လို့ ဦးသောင်းလွင်ကဆိုပါတယ်။ မွန်တို့ရဲ့ “အ်” ကို မြန်မာက အတုယူတီထွင်ခဲ့တယ်လို့ ဦးသောင်းလွင်က ယူဆပါတယ်။ ဆရာကြီးဦးထွန်းတင့်ကတော့ ပါဠိမှာလည်း “အ” ဟာတားမြစ်တဲ့ သဘောဆောင်တယ်လို့ ထောက်ပြပါတယ်။ ဒဂုံဦးစန်းငွေရဲ့ သဒ္ဒါအမြင်၊ စာအမြင် စာအုပ်ပါ အောက်မြစ်အကြောင်းရေးသားချက် ဓာတ်ပုံ ပုံစာ, ဒဂုံဦးစန်းငွေရဲ့ သဒ္ဒါအမြင်၊ စာအမြင် စာအုပ်ပါ အောက်မြစ်အကြောင်းရေးသားချက် “ပါဠိမှာ “အ” ကို ပဋိသေဓ ပုဒ်လို့ခေါ်တာပေါ့လေ။ ဥပမာ မြဲတယ်ဆိုတာ နိစ္စ၊ ပဋိသေဓ ပုဒ်အနေနဲ့ပြောရင် အနိစ္စ။ သုဘဆိုတာတင့်တယ်တာ။ အဲဒါကိုတားမြစ်တဲ့သဘောနဲ့ ဆန့်ကျင်အဓိပ္ပာယ်ထွက်စေချင်တဲ့အခါ အသုဘ အဲဒါမျိုးပေါ့။ ဒီ “အ” လေးဟာ တားမြစ်တဲ့သဘောလေးရှိလို့ မြန်မာမှာလည်း ဒီ “အ” ကလေးကို “အ်” အဖြစ်ယူတယ်ဆိုပြီး စဉ်းစားကြတဲ့လူတွေလည်း ရှိပါတယ်။” ပါဠိရဲ့ပဋိသေဓ “အ” ကိုမြန်မာက တိုက်ရိုက်တုတာ ဖြစ်နိုင်သလို၊ ပါဠိရဲ့ “အ” ကိုမွန်ကတုပြီး အ် အဖြစ်အသုံးပြု၊ မွန်ရဲ့ “အ်” ကို မြန်မာက တဆင့်တုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပါဠိကနေယူသလား၊ မွန်ကနေ ယူသလားဆိုတာ တိတိကျကျခိုင်ခိုင်မာမာ ပြောဖို့ခက်ပေမဲ့ အောက်ကမြစ်မတိုင်ခင်မှာ “အ်” နဲ့ “အ” မြစ်ကို အရင်သုံးခဲ့ကြတာကတော့ သေချာပါတယ်။ “အ်”၊ “အ” မြစ်၊ အောက်မြစ်၊ အောက်ကမြစ် အောက်ကမြစ်ကို အောက်မြစ်လို့လည်း ခေါ်ကြပါတယ်။ အောက်မှာ အစက်ကလေးပြပြီး သံရှည်ကို တားမြစ်ထားတာမို့ အောက်မြစ်လို့ ခေါ်တာပါ။ အောက်ကနေတားမြစ်ထားတာမို့ အောက်ကမြစ်လို့လည်း ခေါ်တတ်ကြပါတယ်။ တချိန်တုန်းကတော့ အဲသလို အစက်ကလေးနဲ့ မမြစ်ခင်က “အ” အက္ခရာလေးကို အောက်မှာ လုံးဆင့်ပြပြီး မြစ် တာမို့ “အ” မြစ်လို့လည်း ခေါ်ခဲ့ဖူးပါတယ်။ ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။ “ တားမြစ်ချင်တဲ့အခါမှာ “အ” သတ်နဲ့ရေးတာလည်းရှိတယ်။ ဥပမာ “၏” ပဲဆိုပါတော့ဗျာ။ အရင်ကတော့ အက္ခရာ “ဧ” ရဲ့ဘေးမှာ “အ” သတ်လေးထည့်လိုက်တာပဲ။ “ဧအ်” ပေါ့။ နောက်တခါ တပည့်ဆိုပါတော့။ ပည့်ကိုရေးရင် သဝေထိုးပစောက်နဲ့ “အ” သတ်နဲ့ရေးတာ။ “ပေအ်” ပေါ့။ တပည့်ကို ဟိုတုန်းကတော့ ထိပေအ်လို့ ရေးတာပေါ့။ ယေ့ဆိုရင် သဝေထိုး ယပက်လ် “အ” သတ်ပေါ့။ “ယေအ်” ပေါ့။ သရသက်သက်တွေ ဆိုရင် ဥပမာ အာ၊ အေ၊ အောတို့ဆိုရင် အသတ်ကို ဘေးကထည့်တယ်။ အာ့လို့ရေးချင်ရင် အာအ်ပေါ့။ အော့ဆိုရင် အောအ်ပေါ့။ သရတွေဘေးမှာဆိုရင် “အ”သတ်ထည့်တာပေါ့ဗျာ။ သရမဟုတ်ဘဲ ဗျည်းသတ်တွေ ဆိုပါတော့ င်၊ ည်၊ န်၊ မ် တွေဆိုရင်တော့ “အ”ကို အောက်ကထည့်ပါတယ်။ ဥပမာ ကိန့် လို့ရေးချင်ရင် ကိန္အ် လို့ရေးတာမျိုးပေါ့။ စိမ့်လို့ရေးချင်ရင် စိမ္အ် လို့ရေးတာမျိုးပေါ့။” ဆရာကြီးရဲ့ ရှင်းပြချက်အရ ရှေးကကျောက်စာတွေမှာ “အ်” နဲ့ “အ” မြစ်ကို တပြိုင်တည်းသုံးစွဲခဲ့ကြတယ်ဆိုတာ သိရပါတယ်။ ကျောက်စာတွေကို လိုက်ဖတ်ကြည့်တဲ့အခါ မြစေတီကျောက်စာမှာတွင်ပဲ “ဧအ်” ဆိုတဲ့အရေးအသားနဲ့ “အ” မြစ် အရေးအသား နှစ်မျိုးစလုံးကို အကြိမ်ကြိမ်ရေးသားထားတာတွေ့ရပါတယ်။ တို့ကို တိုအ် လို့ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီအချိန်မှာ အခုခေတ်တွေ့နေရတဲ့ အောက်မြစ် အစက်ကလေးကို မသုံးကြသေးပါဘူး။ “အ်” နဲ့ အ မြစ်ကိုသာ သုံးကြပါသေးတယ်။ “အ”မြစ်မှ အောက်မြစ်သို့ကူးပြောင်းခြင်း သံတို၊ သံပြတ်အတွက် “အ်” နဲ့ “အ” မြစ်ကိုသာသုံးခဲ့တာဟာ ပုဂံခေတ်တခေတ်လုံးလို့ ဦးသောင်းလွင်ရဲ့ အက္ခရာဗေဒကျမ်းမှာဆိုပါတယ်။ လောကထိပ်ပန် ဂူအတွင်း ရေးသားထားတဲ့ သက္ကရာဇ် ၉၂၅ မှ ၉၈၀ အတွင်းရေးထိုးထားသည့် ဇာတာ၊ ရက်ချုပ်၊ မင်စာတွေမှာ အောက်မြစ်သုံးထားတာ မတွေ့ဘူးလို့ဆိုပါတယ်။ ဗိုလ်မှူးဘရှင်ရေးသားတဲ့ ငါးရာ့ငါးဆယ်ဇာတ်နိပါတ် မင်စာမှာလည်း အောက်မြစ်မတွေ့ရ၊ အငြိမ်းစား ကျောက်စာဝန် ဦးမြ ပြုစုတဲ့ အပယ်ရတနာလိုဏ်ဂူဘုရားမင်စာမှာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။ ကျောက်စာအထောက်အထားတွေ အရ သက္ကရာဇ် ၁၁၃၀ အေဒီ ၁၂၆၈ မှာအစောဆုံးသုံးခဲ့တာဖြစ်မယ်လို့ ဦးသောင်းလွင်က ခန့်မှန်းဖော်ပြထားပါတယ်။ “အ” မြစ်ကနေ အောက်မြစ်အဖြစ်ကူးပြောင်းပုံ ကူးပြောင်းနည်းနဲ့ ပတ်သက်ပြီး အယူအဆ ၂ မျိုးရှိပါတယ်။ ပထမအယူအဆကတော့ သေသေချာချာရည်ရွယ်ချက်ရှိစွာ ပြုပြင်ပြောင်းလဲခဲ့တယ်ဆိုတဲ့ အယူအဆပါ။ စောစောကပြောခဲ့သလိုပဲ ကန့်ဆိုရင် ကန္အ် လို့ရေးခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာစကားစစ်စစ်မှာ လုံးဆင့်မရှိပါဘူး။ မြန်မာစကားတွေထဲမှာတွေ့ရတဲ့ လုံးဆင့်တွေဟာ ပါဠိကနေ မွေးစားထားတဲ့စာလုံးတွေပါ။ ဥပမာ၊ မေတ္တာတို့ ဥပေက္ခာတို့ သဒ္ဓါတို့ ရမ္မက်တို့ ဆန္ဒတို့ဆိုတာတွေအားလုံးဟာ ပါဠိတွေပါ။ မြန်မာစကားမှာ လုံးဆင့်ရိုးမရှိပါဘဲလျက် ကန္အ်မှာ လုံးဆင့်ထားတာဟာ အစဉ်အလာကိုဖျက်ပြီး ဖောက်ပြန်သွေဖည်သလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် ပညာရှင်များဟာ မြန်မာလည်းပိုဆန်အောင်၊ ရေးရတာလည်း ပိုလွယ်အောင် အောက်မြစ်ဆိုတဲ့ အစက်ကလေးကိုတီထွင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါက ပထမအယူအဆပါ။ ဒုတိယအယူအဆက တဖြည်းဖြည်း ရွေ့လျားပြောင်းလဲလာတယ်ဆိုတဲ့ အယူအဆပါ။ အဲဒီအယူအဆက ပိုပြီး ဖြစ်နိုင်တယ်လို့ ထင်မိပါတယ်။ ပုဂံခေတ်တုန်းကရေးတဲ့ “အ” ဟာ အခုပုံစံမျိုးမဟုတ်ပါဘူး။ အင်္ဂလိပ်အက္ခရာ H ပုံစံမျိုးပါ။ ဒါ့ကြောင့် အ ကိုအောက်ကထားပြီး ဆင့်တဲ့အခါ အင်္ဂလိပ်အက္ခရာ H ကိုအောက်ကထားပြီး ဆင့်တဲ့ပုံစံမျိုးဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ အင်္ဂလိပ်အက္ခရာ H ပုံစံရေးရတာ အလုပ်ရှုပ်တယ်ထင်လာပြီး အလယ်က ကန့်လန့်မျဉ်းကို ဖြုတ်လိုက်ကြပါတယ်။ အဲဒီတော့ ပုဒ်မလို အချောင်းလေး ၂ ချောင်းပဲ ကျန်ပါတယ်။ အဲသလို ရေးခဲ့ကြတဲ့ ကျောက်စာ အထောက်အထားတွေကို တွေ့ရပါတယ်။ “၏” ကို ပုဂံခေတ်ကရေးသားရာမှာ “ဧအ်” လို့ရေးခဲ့တယ်ဆိုတဲ့အကြောင်း စောစောပိုင်းကပြောခဲ့ပြီးပါပြီ။ အဲဒီမှာ အ် ဟာ အင်္ဂလိပ်အက္ခရာ H စာလုံးပုံစံ “အ” အပေါ်မှာ အသတ်ထည့်ထားတာပါ။ အဲဒီနောက် အလယ်မျဉ်းပျောက်ပြီး ပုဒ်မလေး ၂ ချောင်းပဲကျန်တော့တဲ့အခါ အချောင်းလေး ၂ ချောင်းပေါ်မှာ အသတ်ကလေးတင်ထားတဲ့ပုံစံဖြစ်သွားပါတယ်။ “ဧ”ရဲ့နောက်မှာ အချောင်းလေး ၂ ချောင်းထည့်ပြီး အသတ်ကလေးတင်ထားတဲ့ပုံစံဟာ ဒီနေ့ခေတ်ရေးသားနေတဲ့ “၏” နဲ့တပုံစံတည်း ဖြစ်ပါတယ်။ ဒီနေ့ခေတ်ရေးသားတဲ့ “၏” ဟာ အဲသလို ပေါ်ပေါက်လာတာပါ။ “အ” မြစ်ကိုရေးတဲ့အခါ “အ” အစား ပုဒ်မလို အချောင်းကလေး ၂ ချောင်းပဲအောက်မှာ ရေးရာကနေ နောင်မှာ ပိုပြီး ရေးသားရလွယ်ကူအောင် အစက်ကလေး ၂ စက်နဲ့ အစားထိုးရေးသားလာပါတယ်။ မြန်မာသက္ကရာဇ် ၁၁၃၉ ခု ငစဉ့်ကူးမင်းလက်ထက်မှာ ရေးထိုးတဲ့ မိုးထိကျောင်းကျောက်စာမှာ အောက်ကမြစ်ကို အစက်ကလေး ၂ စက်နဲ့ရေးသားထားတာကို ၃ ကြိမ်တိုင်တိုင်တွေ့ရပါတယ်။ မိုးထိကျောင်းကျောက်စာမှာ အောက်မြစ်ကို အစက် ၂ စက်နဲ့ရေးသားခဲ့ ဓာတ်ပုံ ပုံစာ, မိုးထိကျောင်းကျောက်စာမှာ အောက်မြစ်ကို အစက် ၂ စက်နဲ့ရေးသားခဲ့ နောင်မှာတော့ သေးသေးတင်ကို အပေါ်မှာ အစက်ကလေးတစက်နဲ့ ရေးလို့ရရင် အောက်မြစ်ကိုလည်း အောက်မှာ အစက်ကလေး တစက်နဲ့ပဲရေးရင် မလုံလောက်ဘူးလားလို့ တွေးတောခဲ့ကြပုံရပါတယ်။ မြန်မာပညာရှင်များဟာ အောက်မြစ်ကို အစက်ကလေး တစက်နဲ့သာ ပြောင်းလဲရေးသားလာခဲ့ကြတာ တွေ့ရပါတယ်။ ဒါက “အ” မြစ်ကနေ အောက်မြစ်အဖြစ် တဖြည်းဖြည်းပြောင်းလဲလာတယ်ဆိုတဲ့ ဒုတိယအယူအဆဖြစ်ပါတယ်။ အဆင့်ဆင့်မှာ ကျောက်စာ သက်သေအထောက်အထားတွေလည်း ရှိတဲ့အတွက် ဒီအယူအဆက ပိုဖြစ်နိုင်တယ်လို့ထင်ပါတယ်။ အောက်မြစ်ရဲ့ အဓိပ္ပာယ် အောက်မြစ်ရဲ့ ပထမအဓိပ္ပာယ်က ၏ရဲ့ပိုင်ဆိုင်မှုပြဂုဏ်ပုဒ်နဲ့တူညီပါတယ်။ ငါ၏စာအုပ်ကို အောက်မြစ်သုံးပြီး ငါ့စာအုပ်လို့ ရေးသားနိုင်ပါတယ်။ သူ၏ဖောင်တိန်ကို သူ့ဖောင်တိန်လို့ အောက်မြစ်သုံးပြီးရေးနိုင်ပါတယ်။ မောင်မောင်၏ မျက်မှန်ဆိုရင် မောင်မောင့်မျက်မှန် ၊ ခင်ခင်၏လွယ်အိတ်ဆိုရင် ခင်ခင့်လွယ်အိတ် စသည်ဖြင့် “၏” ရဲ့ ပိုင်ဆိုင်မှုပြတဲ့ နေရာတိုင်းမှာ အောက်မြစ်နဲ့ အစားထိုးသုံးစွဲနိုင်ပါတယ်။ နောက်ထပ်အဓိပ္ပာယ်ကတော့ ကန့်၊ လန့်၊ တန့်၊ မြင့်၊ ညဉ့် စသည်ဖြင့် င၊ ည၊ န၊ မ၊ ယ အသတ်တွေရဲ့ အောက်မြစ်အသုံးတွေ၊ တခြားသရနဲ့တွဲတဲ့စကားလုံးအမျိုးမျိုးရဲ့အောက်မြစ်တွေ (ဥပမာ မေ့၊ မော့၊ ဆော့၊ ဆောင့်၊ အောင့်၊ ကျော့၊ ပဲ့) စသည်ဖြင့် ဖြစ်ပါတယ်။ မြန်မာစကားဟာ တက်ကျသံဘာသာစကားဖြစ်တဲ့အတွက် ကာဆိုရင်အဓိပ္ပာယ်တမျိုး၊ ကာ့ဆိုရင် အဓိပ္ပာယ်ဆင်တူပေမဲ့ ဒီဂရီတမျိုး၊ ကားဆိုရင် အဓိပ္ပာယ်ဆင်တူပေမဲ့ ပိုပြီးလေးနက်တဲ့ဒီဂရီတမျိုး စသည်ဖြင့်ပြောင်းလဲပါတယ်။ အဲသလို အဓိပ္ပာယ်လေးနက်မှုကွာခြားအောင် အောက်ကမြစ်က အသုံးတော်ခံပါဝင်လှုပ်ရှားတယ်လို့ဆိုနိုင်ပါတယ်။ ကျန်တဲ့သေးသေးတင်၊ ဝိသဇ္ဇနီ၊ ဟထိုး အစရှိတဲ့ သင်္ကေတတွေအကြောင်းကို ဆက်လက်တင်ပြပါဦးမယ်။

No comments:

Post a Comment