Tuesday, June 14, 2022

ဘ၀ခရီးလမ်းမှာ အလွယ်တကူ ကောက်ယူသွားနိုင်တဲ့ ပတ္တမြားတချို့အကြောင်း ဘဝနေနည်း

ဘ၀ခရီးလမ်းမှာ အလွယ်တကူ ကောက်ယူသွားနိုင်တဲ့ ပတ္တမြားတချို့အကြောင်း “မင်းတို့ ဒီဂါတာကို ဘာထင်လဲ။ တစ်ထောင် တန်တယ်ကွ။” (၁) ဒီစကားဟာ ဆရာတော်ကြီးတပါးက ကိုရင်လေးတွေကို တရားတော်ဂါတာလေးတွေ သင်ကြားပေးပြီးတိုင်း ပြောလေ့ရှိတဲ့ စကားတခွန်းပါ။ အဲဒီ့အကြောင်းကို ပြန်ပြောပြတာက အဲဒီ့တုန်းက ကိုယ်ရင်လေးတပါး ဖြစ်ခဲ့ပြီး အခုအခါမှာတော့ သက်တော် ၉၀ ကျော် နေပြီဖြစ်ပြီး ထင်ရှားကျော်ကြားနေတဲ့ ဗန်းမော် ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင် ကုမာရာ ဘိဝံသပါပဲ။ တရားတော် ဂါတာတွေဟာ တကယ်တော့ တစ်ထောင်မက တန်ကြောင်းလည်း ဗန်းမော်ဆရာတော်ဘုရားကြီးက ဆက်ပြောပါတယ်။ သဒ္ဒါတရားအပြည့်နဲ့ ကာလကြာမြင့်စွာ စွဲစွဲမြဲမြဲ ရွတ်ဖတ်ပူဇော်တဲ့အခါ တရားတော်ဂါတာလေးတွေဟာ အဲဒီ့ယုံကြည် မြတ်နိုးစွာ ရွတ်ဖတ်ပူဇော်သူတွေရဲ့ ဘဝတွေအတွက် အလွန်အကျိုး ကျေးဇူးရှိစေပါတယ်။ အလွန်လွယ်ကူပြီး မြန်မာတိုင်း (အထူးသဖြင့်တော့ ဗုဒ္ဓဘာသာ၀င်တိုင်း) အလွတ်ရနေကြတဲ့ ဂါတာတိုတိုလေး တပုဒ်ကြောင့် ဘ၀လမ်း သာယာ ချောမွေ့နေသူတဦးနဲ့ ကျွန်တော် ဆုံတွေ့ ခင်မင်ခဲ့ဖူးပါတယ်။ (၂) ၁၉၉၆ ခုနှစ် အစပိုင်းတုန်းက ကော့သောင်း ကုန်တိုက်ကြီး ဆောက်တဲ့ဆီမှာ ကျွန်တော် ၂ လ လောက် လုပ်ခဲ့ဖူးတယ်။ ကျွန်တော့်ဘ၀ရဲ့ အလွန် ပျော်စရာကောင်းတဲ့ ကာလတွေထဲက တခုပါပဲ။ အဲဒီမှာ အလုပ်လုပ်တုန်း၊ ဘ၀တူ အလုပ်သမား လူငယ်တွေအပြင် ဒေသခံလူငယ်တွေနဲ့ ခင်မင် ရင်းနှီးခဲ့ပါတယ်။ အဲဒီ့ထဲက အလွန်အတုယူစရာ ကောင်းတဲ့ ဒေသခံလူငယ်တဦးကို အခုအချိန်ထိ ကျွန်တော် မှတ်မိနေသေးတယ်။ သူ့နာမယ်က ကိုချမ်းသာ။ လူငယ်တယောက်အနေနဲ့ အတော်အသင့် အဆင်ပြေ ချောင်လယ်နေသူလို့ ပြောနိုင်ပေမယ့် သူမှာ ခြေနှစ်ဖက်မပါပါဘူး။ ဒါကြောင့် လမ်းသွားရင် လက်နဲ့ ထောက်ထောက်ပြီး ထိုင်လျှက်သွားရတယ်။ ဒါပေမယ့် သူ့ဘ၀ဟာ ကိုယ်လက်အင်္ဂါပြည့်စုံနေသူတွေထက် ပိုပြီး အဆင်ပြေချောမွေ့နေတာ တွေ့ရတယ်။ သူဟာ နှစ်သက်ခင်မင်စရာကောင်းတဲ့အပြင် ယုံကြည် စိတ်ချရတယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့လည်း ပြည့်စုံတယ်။ သူမျက်နှာဟာ အမြဲ ရွှင်လန်းနေသလို အ၀တ်အစားကိုလည်း သပ်သပ်ရပ်ရပ်နဲ့ သန့်သန့် ရှင်းရှင်း ၀တ်ဆင်တတ်တယ်။ သူက စက်တပ် ပဲ့ထောင် မောင်းသူဖြစ်တာမို့ ပုံမှန်၀င်ငွေ ကောင်း ကောင်းလည်း ရှိပြီး အတော်အတန် စုမိဆောင်း မိထားတာမို့ အသင့်အတင့် အဆင်ပြေသူ တဦးလို့တောင် ဆိုနိုင်နေသူပါ။ ကော့သောင်းမြို့မှာ လောင်းကစားဝိုင်းတွေ အများကြီးရှိပြီး လူငယ်အများစုဟာ အနည်းနဲ့ အများ လောင်းကစားကြပေမယ့် သူက လောင်းကစား လုံး၀မလုပ်ဘူး။ ဒါ့အပြင် သူက အသောက်အစားလည်း မရှိဘူး။ သူက အားရင် ကျွန်တော်တို့ အဖွဲ့ဆီ လာလာလည်တတ်တယ်။ ကျွန်တော်တို့ ရန်ကုန်လူငယ်အဖွဲ့လေးကလည်း အသောက်အစားကင်းပြီး လောင်းကစား မလုပ်ကြတဲ့အပြင် သူ့ကို ခင်ခင်မင်မင် လေးလေး စားဆက်ဆံတာမို့ သူနဲ့ အဖွဲ့ကျမိတယ်။ တညမှာ သူက သူ့ဘ၀ရဲ့ အလှည့်အပြောင်းတခု အကြောင်း ကျွန်‌တော်တို့ကို ပြောပြတယ်။ သူပြောပြတဲ့ အကြောင်းအရာဟာ ကျွန်တာ့်ဘ၀ကိုလည်း ပြောင်းလဲသွားစေခဲ့ပါတယ်။ (၃) ပဲ့ထောင်မောင်းရင် သီချင်းဆိုတတ်၊ သီချင်း ငြီးတတ်တာဟာ ပဲ့ထောင်မောင်းသူတွေရဲ့ အလေ့ အထတခုပါပဲ။ တမနက်ခင်းမှာ ကိုချမ်းသာလည်း ပဲ့ထောင်မောင်းရင် သီချင်းတပုဒ်ကို ကျယ်ကျယ် အော်ဆိုနေမိတယ်။ သူ့အနားမှာ ထိုင်နေသူ ခရီးသည်က ဘုန်းတော်ကြီးတပါး။ ဘုန်းတော်ကြီးဟာ ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့ ကိုချမ်းသာကို သနားဂရုဏာသက်စွာ ကြည့်နေရင်းနဲ့ “ဒကာလေး၊ လုပ်ရကိုင်ရတာ အဆင်ပြေရဲ့လား။” လို့ ကိုချမ်းသာကို မေးတယ်။ ကိုချမ်းသာကလည်း “ဒီလိုပါပဲ ဘုရား၊ ရုန်းကန်ရတာပါပဲ”လို့ သာမန်ပဲ ပြန်ဖြေတယ်။ အဲဒီ့တော့ ဘုန်းတော်ကြီးက “ဒကာလေးဘ၀ အဆင်ပြေ ချောမွေ့သွားစေနိုင်တဲ့ နည်းလေးတနည်း ပေးရင် ယူမလား” လို့ မေးတယ်။ စိတ်ရင်းကောင်းပြီး သဒ္ဒါတရားလည်း ရှိသူ ဖြစ်တာမို့၊ ကိုချမ်းသာက ရိုသေစွာနဲ့ပဲ “ယူပါ့မယ့် ဘုရား”လို့ ဘုန်းတော်ကြီးကို လျှောက်တော့။ “ဒါဆိုရင် သီချင်းဆိုနေမယ့်အစား၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မာ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ပစ္ဆာမိ” ဆိုတာကို ရွက်နေပါ”လို့ ဘုန်းတော်ကြီးက ပြန်ပြောတယ်။ ကိုချမ်းသာကို ဘုန်းတော်ကြီး ပေးလိုက်တဲ့ နည်းလေးဟာ အဲ့ဒါပဲ။ ဘာမှ မထူးဆန်းဘူး။ ဘာမှ ရှည်ရှည်ဝေးဝေး မဟုတ်ဘူး။ ဒါပေမယ့် ကိုချမ်းသာရဲ့ ဘ၀ကို ပြောင်းလဲ သွားစေခဲ့တယ်။ အဲဒီ့အချိန်ကတည်းကစပြီး ကိုချမ်းသာဟာ အားတိုင်း အဲဒီ့ သရဏဂုံသုံးပါး ဂါတာတော်လေးကို ရွတ်ရွတ်နေတော့တာပါပဲတဲ့။ တခါတလေတော့လည်း မေ့ပြီး ခါတိုင်းလို သီချင်း ငြီးမိသွားတတ်ပေမယ့် သတိရသွာတာနဲ့ သရဏဂုံသုံးပါး ဂါတာတော်လေးကို ပြန်ပြန်ပြီး ရွတ်ဖတ်မိပြန်တယ်လို့ ကိုချမ်းသာက ပြောပြပါတယ်။ ဒီလိုနဲ့ ကိုချမ်းသာအတွက် ခရီးသည်တွေ များများ ရလာတယ်။ ဒါကြောင့် အလုပ်အကိုင် အဆင်ပြေလာတယ်။ သောက်ချင် စားချင်စိတ်နဲ့ အလေလိုက်ချင်စိတ်တွေလည်း တဖြည်းဖြည်း လျော့နည်းလာတယ်တဲ့။ (၄) ဒီလို ကိုချမ်းသာပြောပြတော့ အားလုံး ဗုဒ္ဓဘာသာ၀င် လူငယ်တွေဖြစ်ကြတဲ့ ကျွန်တော်တို့တွေဟာလည်း သူ့ခြေရာ နင်းကြတော့တာပါပဲ။ တခြားသူငယ်ချင်းတွေ ဘယ်လောက် စွဲစွဲမြဲမြဲ ပြုလုပ်ကျင့်ကြံသလဲဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ အဲဒီ့အချိန်ကတည်းကစပြီး အခုထိ သရဏဂုံသုံးပါး ဂါတာတော်လေးကို သတိရတိုင်း အမြဲ ရွတ်ဖတ် ပူဇော်နေမိပါတယ်။ ရေချိုးနေရင်းလည်း ခပ်တိုးတိုး ရွတ်နေတတ်တယ်။ မီးပူတိုက်နေရင်း၊ ထမင်းဟင်း ချက်နေရင်းလည်း ရွတ်နေမိတယ်။ တကိုယ်တည်း လမ်းလျှောက်နေရင်း၊ ဒါမှမဟုတ် ကားစီးနေရင်းလည်း ရွတ်ဖတ်နေတတ်ပါတယ်။ တခါတရံ သီချင်းဆိုမိ၊ ငြီးမိတဲ့အခါတိုင်း ချက်ချင်း သတိပြန်ရသွားပြီး သရဏဂုံသုံးပါး ဒါမှမဟုတ် ဘုရားဂုဏ်တော် ၉ ပါးတို့ကို ပြန်ပြီး ရွတ်ဖတ် ပူဇော်နေမိပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ သီချင်းတွေ၊ ဂီတတွေ၊ ရုပ်ရှင်တွေ၊ အပျော်အပါးတွေမှာ တဖြည်းဖြည်း စိတ်၀င်စားမှု လျှော့ပါးလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အပြင်ထွက်တိုင်း ဘုရားစဉ်ရှေ့သွားကာ ဘုရားကို ရိုရိုသေသေ ထိခြင်းငါးပါးနဲ့ ရှိခိုးပြီးမှ အပြင်ထွက်တဲ့၊ သွားတဲ့ဓလေ့ကိုလည်း တိုးပြီး ကျင့်သုံးမိနေပါတယ်။ ကျွန်တော် အမှတ်ရမိနေသေးတဲ့ အဖြစ်အပျက်တခုလည်း ရှိခဲ့ဖူးသေးတယ်။ တခါက၊ တနေ့လည်ခင်မှာ၊ ကျွန်တော်တို့ အိမ်နားမှာ နေတဲ့ ကျွန်တော့် ငယ်သူငယ်ချင်းတယောက်က အပြင်သွားကြရအောင်လို့ ကျွန်တော့်ကို လာခေါ်တယ်။ ကျွန်တော်က “အေး သွားမယ်၊ ခဏစောင့်”လို့ သူ့ကို ပြောပြီး အိမ်အပေါ်ထပ် တက်သွားတယ်။ သူ နောက်က လိုက်လာတာ ကျွန်တော် သတိမထားမိဘူး။ ကျွန်တော်က အိမ်အပေါ်ထပ်က ဘုရားစဉ်ရှေ့သွားပြီး ထိုင်ကာ ဘုရားကို ထိခြင်း ငါးပါးနဲ့ ရိုရိုသေသေ ရှိခိုးပြီး၊ (“ပစ္စယုဒ္ဒေသ”လို့ ခေါ်တဲ့) ပဋ္ဌာန်း ၂၄ ပစ္စည်း အကျဉ်းကို တိုးတိုးလေး ရွတ်နေလိုက်တယ်။ [1] အားလုံးပြီးလို့ နောက်ပြန်လှည့်တော့မှ ကျွန်တော့်သူငယ်ချင်းက ကျွန်တော် လုပ်နေတာတွေကို ကြောင်ပြီး ကြည့်နေတာ တွေ့ရတော့တယ်။ သူက အသိဉာဏ်ရှိသူ လူငယ်တဦးမို့ ကျွန်တော်လုပ်သလိုမျိုး သူလည်း မှန်မှန်လုပ်မယ်လို့ ကျွန်တော့်ကို ပြောတယ်။ ဘယ်လောက်ထိ သူ စွဲစွဲမြဲမြဲ လုပ်နေသလဲတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်ကတော့ အခုအချိန်ထိ စွဲစွဲမြဲမြဲ လုပ်နေတုန်းပါပဲ။ [2] (၅) ဒီလို ဘ၀ကို ပြောင်းလဲသွားစေတဲ့ အကျင့်တရပ်နဲ့ ပတ်သက်တဲ့ စာတွေ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တပုဒ်လည်း ပြောပြဦးမယ်။ ဒီဇာတ်လမ်းကို ပြောပြသူက ဗန်းမော်ဆရာတော်ဘုရားကြီးပဲ။ တခါတုန်းက မန္တလေးက ဘုရားကြီး ကျောင်းတိုက် မှာ မောင်ရန်ကုန်ဆိုတဲ့ ကိုယ်ရင်လေးတပါးရှိတယ်။ နောက်တော့ မောင်ရန်ကုန်ကနေ ဦးပဇင်းလေး ရန်ကုန် ဖြစ်လာတယ်။ ဦးပဇင်းလေး ရန်ကုန်ဟာ ရုပ်က ဆိုးပြီး လာဘ်လာဘ နည်းပါးတယ်တဲ့။ ဆွမ်းလည်း လောက်လောက်ငင မရလို့ ၀၀လင်လင် မစားရဘူး။ တမနက် သူ ဆွမ်းခံပြန်လာတော့ ကျောင်းက ဆရာတော်ကြီးက သူ့ကို ခေါ်ပြီး သပိတ်ကို ဖွင့်ကြည့်တယ်။ သပိတ်ထဲမှာက ဆွမ်းနဲ့ ဆွမ်းဟင်းက နည်းနည်းလေး။ ဒါနဲ့ ဆရာတော်ကြီးက “မောင်ရန်ကုန် မင်းဆွမ်းနဲ့ ဆွမ်းဟင်းကလည်း နည်းလိုက်တာကွာ။ မင်း ၀ရဲ့လား”လို့ မေးတော့ “မ၀ဘူး ဘုရား”လို့ ဦးပဇင်း ရန်ကုန်က ပြန်လျှောက်တယ်။ ဒီတော့ ဆရာတော်ကြီးက “မင်း ဘုန်းကံကလည်း နည်းလိုက်တာကွာ။ မင်း ဘုန်းကြီးပြီး လာဘ်လာဘ ပေါများတဲ့ နည်း မလိုချင်ဘူးလား”လို့ မေးတာ့၊ ဦးပဇင်း ရန်ကုန်က “ဆိုင်း မနေပါနဲ့ ဘုရား။ အခုပဲ ပေးပါ”လို့ လျှောက်တယ်။ ဆရာတော်ကြီးက “ဒါဆို မင်း ဘုရား ဂုဏ်တော် ၁၀ ပါးကို ပုတီး အပတ် ၃၀ နေ့စဉ် စိပ်”လို့ ပြောတော့၊ ဦးပဇင်းရန်ကုန်က “အရှင်ဘုရား ဘုရား ဂုဏ်တော်က ၉ ပါး မဟုတ်လား ဘုရား”လို့ မေးတယ်။ ဆရာတော်ကြီးက “ဘုရား ဂုဏ်တော်က ၁၀ ပါးကွ။ ၉ ဂဏန်း ကြိုက်သူတွေက ‘အနုတ္တရော’ နဲ့ ‘ပုရိသ ဒမ္မသာရထိ’ ဂုဏ်တော်နှစ်ပါးကို ပေါင်းပြီး ဂုဏ်တော် ၉ ပါး ဖြစ်အောင် လုပ်ထားတာကွ”လို့ ပြောတယ်။ “မင်း အဲဒီ့ ဂုဏ်တော် တပါးကို ပုတီး ၁ ပတ်နဲ့ ဂုတ်တော် ၁၀ ပါးကို မနက် ပုတီး ၁၀ ပတ် စိပ်၊ နေ့လည် ဆွမ်းစားပြီးရင် ၁၀ ပတ်စိပ်၊ ည ၁၀ ပတ်စိပ်” လို့ ပြောတော့၊ ဦးပဇင်း ရန်ကုန်ကလည်း “စိပ်မယ် ဘုရား။ အခုပဲ စစိပ်မယ်”လို့ ပြန်လျှောက်တယ်။ နောက်နေ့ကြတော့ ဆရာတော်ကြီးနဲ့ ထပ်တွေ့တော့ “မင်းကို ငါ ပြောဖို့ ကျန်သွားတယ်။ ပုတီး တနေ့ကို အပတ် ၃၀ စိပ်တာ အပြင်၊ ဆွမ်းခံသွားတိုင်း မင်း မြင်သမျှ သတ္တဝါတွေကို မေတ္တာပို့သွား၊ မင်း မေတ္တာသုတ် ရတယ် မဟုတ်လား”လို့ ပြောတော့။ “ရပါတယ် ဘုရား။ တပည့်တော် ဆွမ်းခံကြွတိုင်း မြင်မြင်သမျှ သတ္တဝါတွေကို မေတ္တာပို့ပါ့မယ်”လို့ ပြန်လျှောက်တယ်။ အဲဒီ့အချိန်ကတည်းစပြီး ဦးပဇင်း ရန်ကုန်ဟာ ဘုန်းတန်ခိုး ကြီးမားလာပြီး၊ လာဘ်လာဘတွေ ပေါများလာခဲ့တယ်တဲ့။ ခြောက်လလောက် ကြာတော့ ဆရာတော်ကြီးက ဦးပဇင်း ရန်ကုန် ဆွမ်းခံပြီး ပြန်လာတာကို ကျောင်းကနေ စောင့်နေပြီး သပိတ်ကို ကြည့်တယ်တဲ့။ သပိတ်ထဲမှာ ဆွမ်းတွေ ဆွမ်းဟင်းတွေက ထည့်လို့ ပိုလျှံနေလို့ သပိတ်ဖုံးပေါ်မှာ တင်လာရတဲ့အပြင်၊ လက်ကလည်း ချိုင့်နဲ့ အပိုဆွဲထည့်လာရတယ်တဲ့။ ဒါ့အပြင် အရင်ကဆို သူက ရုပ်ဆိုးတာမို့ ကလေးတွေက သူ့ကို မြင်ရင် ကြောက်ကြပြီး ငိုတဲ့ ကလေးက ငိုတတ်တယ်တဲ့။ အခုတော့ ကလေးလေးတွေက သူ့ကို မြင်ရင် သူ့တို့ အမေတွေကို “မေမေ၊ ဘုန်းဘုန်း ကြွလာတယ်၊ ဆွမ်းလှူ”လို့ အော်အော် ပြောတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ကို ကျောင်းဆောက်လှူတဲ့ ဒကာတွေက များလွန်းလို့ တားထားရတယ်လို့လည်း ပြောပါတယ်။ ဗန်းမော်ဆရာတော်ကြီး ဆက်မိန့်တာကတော့ ကျွန်တော်တို့တွေလည်း ဘုရားဂုတ်တော် ၁၀ ပါးကို တနေ့ အနည်းဆုံး ပုတီး ၁၀ ပတ်ရအောင် စိပ်ပြီး မှန်မှန် မေတ္တာပို့၊ အမျှဝေနေရင် ဘုန်းတန်ခိုးနဲ့ လာဘ်လာဘတွေ တဖြည်းဖြည်း တိုးပွားလာမယ် ဆိုတာပါပဲ။ တချို့သိပ်ပြီး အတိတ်ကံဆိုးနေသူတွေ ဆိုရင် တနေ့ကို ပုတီးအပတ် ၄၀ စိပ်ရင် ဘ၀ဟာ ပြန်လည် ချောမွေ့တိုးတက်လာလိမ့်မယ်လို့လည်း ဟောကြားပါတယ်။ ဒီအဆိုအမိန့်တွေ (ဝါ) အကြံပြုချက်တွေဟာ မယုံကြည်သူတွေ (ဝါ) သဒ္ဒါတရားနည်းပါးနေသူတွေ အတွက်တော့ လက်ခံစရာ၊ ယုံကြည့်နိုင်စရာ၊ လိုက်နာကျင့်သုံးစရာ ကောင်းချင်မှ ကောင်းမှာပါ။ “သိသူ ဖော်စား၊ မသိသူ ကျော်သွား”ဆိုတဲ့ စကား လိုပဲ သိလို့ ဖော်စားနေကြသူတွေ၊ ဘဝပြောင်းလဲ သွားပြီး အဆင်ပြေနေကြသူတွေလည်း ရှိကြသလိုပဲ မယုံကြည်တဲ့၊ လက်မခံတဲ့၊ မလိုက်နာ မကျင့်သုံးတဲ့ အတွက် ဘ၀ကို ဆက်ပြီး ရုန်းကန် လှုပ်ရှားနေရသူတွေကလည်း အများကြီးပါပဲ။ ဒီလို ဘဝနေနည်းတွေ (ဝါ) အကြံပြုချက်တွေကို ယုံယုံကြည်ကြည် လေးလေးစားစား လိုက်နာ ကျင့်သုံးခဲ့တဲ့အတွက်ကြောင့်ပဲ ဘာသာ၊ ယဉ်ကျေးမှုနဲ့ အစားအစာ ကွဲပြားခြားနားတဲ့ ရေခြားမြေခြား၊ တိုင်းတပါးမှာ ဘာမှ အစိုးမရ၊ အာမခံချက် မရှိတဲ့ ဘဝကြမ်းကို ကျွန်တော် နှစ်ပေါင်းများစွာ (အခုဆိုရင် ၁၇ နှစ်ကျော်) ကြံကြံခံ ရင်ဆိုင်ဖြတ်သန်းပြီး ဘ၀ကို အဆင်ပြေ ချောမွေ့စွာ တည်ဆောက်နေနိုင်ခြင်းပဲလို့ ကျွန်တော် ယုံကြည်နေမိပါတယ်။ ဒီအဖြစ်အပျက်တွေ၊ သဘောတရားတွေနဲ့ ဆက်နွယ်နေတဲ့ ပုံပြင်တပုဒ်ကို ဆရာကြီး နန္ဒာသိန်းဇံ (ပါမောက္ခ ဒေါက်တာ သိန်းဇံ)က သူ့စာအုပ် တအုပ်မှာ ပြောပြထားတာကိုလည်း ပြန်လည် ပြောပြချင်ပါတယ်။ [3] ပုံပြင်က ဒီလို … (၆) တညမှာ မြင်းစီးခရီးသည် သုံးဦးဟာ တောအုပ် တခုကို ဖြတ်သန်းပြီး ခရီးသွားနေကြတယ်တဲ့။ အချိန်ကလည်း ညအခါဖြစ်ပြီး သစ်တောထဲမှာဆိုတော့ သစ်ရိပ်ဝါးရိပ်ကြောင့် အနီးအနားကို သိပ်ပြီး ကောင်း ကောင်း မမြင်ကြရဘူး။ ဒီလိုရဲ့ တနေရာရောက်တော့ “ရပ်လိုက်”ဆိုတဲ့ အသံနက်ကြီး ကြားလိုက်ရတယ်တဲ့။ ဒါကြောင့် ခရီးသွားသုံးဦးဟာလည်း ကြောက်လန့်သွားပြီး မြင်းကို ရပ်လိုက်ကြတယ်။ “မြင်းပေါ်က ဆင်းကြ”ဆိုပြီး သူတို့ကို ထပ်ပြောတယ်။ သူတို့လည်း အမိန့်အတိုင်း မြင်းပေါ်က တထိတ်ထိတ်နဲ့ ဆင်းကြတာပေါ့။ “မြေကြီးပေါ်က ကျောက်ခဲတွေကို နိုင်သလောက် ကောက်ယူသွားကြ”လို့ အသံနက်ကြီးနဲ့ ထပ်ပြောတယ်တဲ့။ အဲဒီ့တော့ ခရီးသွားတဦးက မြေကြီးပေါ်က ဘာမှန်းမသိတဲ့ ကျောက်ခဲတွေကို နိုင်သလောက် ကောက်ယူတယ်တဲ့။ နောက်ခရီးသွားတဦးကတော့ ကျောက်ခဲ နှစ်ခဲ သုံးခဲလောက်ကောက်ယူလိုက်တယ်တဲ့။ နောက်ခရီးသွားတဦးကတော့ ကျောက်ခဲ့ တလုံးကို တာ၀န်ကျေ ကောက်ယူခဲ့တယ်တဲ့။ နောက်တော့ အသံနက်ကြီးနဲ့ပဲ သူတို့ကို “ပြန်ကြတော့”လို့ ပြောတော့ သူတို့လည်း မြင်းဒုန်းဆိုင်းပြီး ထွက်လာခဲ့ကြတယ်။ မနက်အရုဏ်တက်လို့ အလင်းရောင် နည်းနည်း ရလာတော့ သူတို့ ကောက်ယူလာတဲ့ ကျောက်ခဲတွေကို ကြည့်လိုက်တော့ အလွန် အဖိုးထိုက်တန်တဲ့ ပတ္တမြားတွေ ဖြစ်နေတယ်တဲ့။ (၇) ဘ၀နဲ့ပတ်သက်တဲ့ အကြံကောင်း ဉာဏ်ကောင်းတွေ (တနည်းအားဖြင့် ဘဝနေနည်းတွေ)ဟာ ခုဏက ပုံပြင်ထဲမှာပါတဲ့ ပတ္တမြားတွေလိုပဲလို့ ကျွန်တော် မြင်ပါတယ်။ ကံကောင်းသူတွေက များများ ကောက်ယူသွားကြတယ်၊ ကံမကောင်းသူတွေကတော့ နည်းနည်းပဲ ကောက်ကူကြတယ်။ ကံဆိုးသူတွေကတော့ လုံးဝကောက်မကူကြပါဘူး။ ကျွန်တော်ကတော့ များများကောက်ယူလိုက်မိတာမို့ အလွန်ကံကောင်းသူလို့ ကိုယ့်ကိုယ်ကို သက်မှတ်ထားပါတယ်။ စာဖတ်သူတွေ (အထူးသဖြင့် လူငယ်တွေ)ကိုလည်း ဒီလို ပတ္တမြားလေးတွေကို ကောက်ယူနိုင်ကြပြီး၊ အဖိုးတန်တဲ့ ဘဝတွေကို တဖြည်းဖြည်း တည်ဆောက်နိုင်ကြကာ အဖိုးတန်တဲ့ လူသားတွေ ဖြစ်လာကြပါစေဆိုတဲ့ စေတနာနဲ့ ဒီစာကို ရေးဖြစ်ပါတယ်။ အဆုံသတ်အနေနဲ့ ဒီစာရဲ့ အဓိက အချက် ၄ ချက်ကို ပြောရရင်၊ (၁) ဘ၀မှာ နေနည်းတွေ ရှိတယ်။ (၂) အဲဒီ့နည်းတွေကို သိသူတွေ ရှိကြတယ်။ (၃) အဲဒီ့နေနည်းတွေကို သိနားလည်ပြီး လိုက်နာကျင့်သုံးရင် ဘ၀ဟာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာမယ်။ (၄) အဲဒီ့ဘဝနေနည်းတွေကို သိအောင် လေ့လာ ဆည်းပူးပြီး လိုက်နာကျင့်သုံးသင့်တယ်။ မြန်မာတိုင်းရင်းသူ တိုင်းရင်းသား၊ ပြည်သူ ပြည်သားတွေရဲ့ ဘဝတွေ တဖြည်းဖြည်း တိုးတက် ဖွံ့ဖြိုးလာပြီး မြန်မာပြည်ကြီးလည်း တဖြည်းဖြည်း သာယာဝဖြောကာ အေးချမ်းသာယာ တိုးတက်လာပါစေ။ (မျိုးနိုင်) ၁၀ ဇွန် ၂၀၁၉၊ တနင်္လာနေ့ မနက် ၉ နာရီ ၅၉ မီးနစ် **** အောက်ခြေမှတ်စုများ [1] ဘုရားရှိခိုးတယ်ဆိုတာ ဘာမှ ရှည်ရှည်ဝေးဝေး ရှိခိုးတာ မဟုတ်ပါဘူး၊ ဘုရားစဉ်ရှေ့ ဒူးထောက် ထိုင်ကာ လက်အုပ်ချီပြီး (ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားဆိုတဲ့) အနန္တောအနန္တငါးပါးကို ရှိခိုးပါ၏ ဆိုပြီး ထိခြင်းငါးပါးဖြစ်အောင် ဦးချလိုက်တာပါပဲ။ [2] အဲဒီ့ပုံပြင်ပါတဲ့ သူ့စာအုပ်ကိုတော့ အခု မမှတ်မိဘူး။ ပြန်ရှာကြည့်ရင်တော့ တွေ့မှာပါ ဆရာကြီး နန္ဒာသိန်းဇံက စာအုပ်တွေ အများကြီး ရေးသွားသူမှ မဟုတ်တာပဲ။ လောလောဆယ်တော့ ပြန်မရှာအားသေးဘူး။ ကြွားရဦးမယ်။ ပါမောက္ခ ဦးသိန်းဇံနဲ့ ကျွန်တော် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေခဲ့ဖူးတယ်။ အဲဒီ့တုန်းက ဆရာကြီးက ပီအိတ်ဒ်ဒီ (PhD) (ပါရဂူဘွဲ့)တောင့် မရသေးဘူး။ တက္ကသိုလ်မှာ ကျွန်တော်က ဒဿနိကဗေဒ အဓိကဘာသာယူပြီး ကျောင်းတက်ခဲ့တာ။ တညနေ ကျောင်းပြီးတော့ ကျွန်တော့်ကို ခင်တဲ့ ကထိကတယောက် ခေါ်သွားလို့ ဆရာကြီးရဲ့ ရုံးခန်းရောက်သွားကြတယ်။ ဒီလိုနဲ့ မကြာမကြာ ကျွန်တော်နဲ့ ကျွန်တော် ဆရာ (ကထိက) တို့က ဆရာကြီး ရုံးခန်းကို သွားသွား လည်ကြတယ်။ ဆရာကြီး ရုံခန်းမှာ ကျွန်တော်တို့လို ဆရာကြီးဆီ လာကြတဲ့ ဆရာတွေ၊ ကျောင်းသား၊ ကျောင်းသူတွေလည်း အများကြီးပါပဲ။ ကျွန်တော် စကားမပြောဘဲ ငြိမ်နေရင် ဆရာကြီး နန္ဒာသိန်းဇံက “ဟေ့ကောင်၊ မင်းဘာလို့ ဒီလောက် ငြိမ်နေရတာလဲ။ စကားပြောပါကွ”လို့ ကျွန်တော့်ကို ပြောတတ်တယ်။ ကြွားလက်စနဲ့ ထက်ကြွားရဦးမယ်။ တက္ကသိုလ် တက်တုန်းက ကျွန်တော်က စာတော်တဲ့ ကျောင်းသားတဦး။ စာမေးပွဲတိုင်းကို ဂုဏ်ထူးတွေနဲ့ အောင်ပြီး နှစ်စဉ် ဆုရတယ်။ ဒါကြောင့် ဆရာ ဆရာမတွေက ကျွန်တော့်ကို ချစ်ခင်ပြီး အထင်လည်း ကြီးကြတယ်။ တနေ့မှာ ကျွန်တော်ဟာ ပညာရေးမှာ ထူးချွန်သူတဦးဖြစ်လာမယ် ဆိုတာကိုလည်း ဆရာ၊ ဆရာမတွေက ကြိုပြီး မြင်ထားကြတယ်။ ခုဏကပြောခဲ့တဲ့ ကျွန်တော့်ကို ဆရာဦးသိန်းဇံဆီ ခေါ်သွားတဲ့ ဆရာကလည်း ကျောင်းက နည်းပြ ဆရာ ဆရာမလေးတွေကို ကျွန်တော် အင်္ဂလိပ်စာ ဘယ်လောက် ကောင်းကြောင်း၊ စာဘယ်လောက် ဖတ်ကြောင်းနဲ့ ဖီလော်ဆော်ဖီ (Philosophy)ကို ဘယ်လောက် နားလည်ကြောင်း ကျွန်တော့် ရှေ့မှာတင် ပြောပြနေတတ်တာ အကြိမ်ကြိမ်ပဲ။ တကယ်လည်း မြန်မာပြည်လူငယ်တွေထဲမှာ Philosophy ကို ကျွန်တော့်လောက် တတ်သူ၊ နားလည်သူ မရှိလောက်ဘူးလို့ ကျွန်တော် (ရိုးရိုးသားသား) ထင်မိတယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ကျွန်တော်က Philosophy ကို သိတာ၊ နားလည်တာဟာ နှလုံးသားနဲ့ နားလည် သဘောပေါက်နေတာ။ မဟာသိပ္ပံအတွက် ပညာသင်ဆု (Scholarship) ရတော့ တကယ်တက်ချင်တာက ဒဿနိကဗေဒ (Philosophy) ဘာသာရပ်၊ ဒါပေမယ့် ပညာသင်ဆု ပေးသူတွေက စီမံခန့်ခွဲမှု (managment) ဘာသာရပ်အတွက်ပဲ ပညာသင်ဆု ပေးတာမို့ မဟာစီမံခန့်ခွဲမှု (Master of Management)ဘွဲ့ပဲ ရတော့တယ်။ ဒါပေမယ့် Philosophy ကို အမြဲ ဖတ်နေ၊ လေ့လာနေ၊ မှတ်နေမိတယ်။ [3] တဖြည်းဖြည်းနဲ့ ကျွန်တော် ပျိုးထောင် ကျင့်သုံးနေတဲ့ အလေ့အကျင့်တွေဟာ များများ လာပါတယ်။ ဘာအကျင့်တွေ ကျင့်နေသလဲ ဆိုတာကတော့ ကြွားသလိုဖြစ်မှာစိုးလို့ ပြောမနေတာ့ပါဘူး။ ပညာရေးနဲ့ပတ်သက်ပြီး ကြွားရတာ ကိစ္စမရှိပေမယ့်၊ အကျင့်သီလနဲ့ ပတ်သက်ပြီး ကြွားတာ ဒါမှမဟုတ် ကြွားရတာကိုတော့ မကြိုက်ဘူး။ ဘဝနေနည်း (၁) မတွေ့ကြတာ နှစ်ပေါင်း ၂၀ လောက်ရှိပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံတော့ သူတို့က ပညာတတ်တွေ၊ စာရေးဆရာတွေ၊ အတွေးသမားတွေပီပီ ကျွန်တော့်ကို ထူးခြားတဲ့ မေးခွန်းတခု မေးတယ်။ ပြည်ပမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီး ကျောင်းတွေလည်း တက်ခဲ့၊ ပညာတွေလည်း သင်ခဲ့တာကနေ သိလာခဲ့တဲ့ အသိတွေထဲက အရေးအကြီးဆုံး အသိတခုလို့ သတ်မှတ်ထားတာကို ပြောပြပါတဲ့။ ခဏစဉ်းစားလိုက်ပြီး ကျွန်တော် ပေးလိုက်တဲ့ အဖြေက။ "ဘဝမှာ နေနည်းတွေ ရှိတယ်။" ကျွန်တော်က ပညာရှာရတာ၊ ပညာဆည်းပူးရတာ၊ ကျောင်းတက်ရတာ၊ ကျောင်းသားလုပ်ရတာနဲ့ စာဖတ်ရတာကို အလွန်နှစ်သက် ပျော်မွေ့သူမို့ ကိုယ့်ကိုယ်ကိုယ် "ထာဝရ ကျောင်းသား" (ဝါ) "ဘဝတသက်တာ ကျောင်းသား" (life-long student) လို့တောင် သတ်မှတ်ထားသူပါ။ ဒါကြောင့် ကျွန်တော် သိထား၊ နားလည်ထားပြီး ပြန်လည် ဝေမျှချင်တဲ့ အသိပညာတွေ၊ အတတ်ပညာတွေက အများကြီးပါ။ အဲဒီ့အများကြီးထဲမှ အရေးအကြီးဆုံးလို့ ကျွန်တော် သတ်မှတ်ထားတဲ့ အသိတခုကတော့ ခုဏက ဖြေလိုက်တဲ့ "ဘဝနေနည်း ရှိတယ်"ဆိုတဲ့ အသိပါပဲ။ စာရေးဆရာသူငယ်ချင်းတွေနဲ့ တွေ့သလိုမျိုးပဲ နောက်ထပ် ကျောင်းနေဘက် အခြားသူငယ်ချင်း လေးဦးနဲ့ ထပ်တွေ့ဖြစ်သေးတယ်။ ၈ တန်းကတည်းက ကျောင်းအတူတက်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ နှစ်ပေါင်း ၂၀ လောက်ကြာမှ ပြန်ဆုံကြတော့ ပျော်တာပေါ့။ ဒါပေမယ့် အပျော်ထဲမှာ ဝမ်းနည်းစရာလည်း ရောပါနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ဆုံကြတဲ့ ငယ်သူငယ်ချင်း ငါးဦးထဲမှာ နှစ်ဦးက ကြပ်တည်းနေကြလို့ပဲ။ အဲဒီ့ကြပ်တည်းနေတဲ့ သူငယ်ချင်း ၂ ဦးကို ကျွန်တော်က အဆင်ပြေစေချင်တဲ့ စေတနာနဲ့ ဘဝနေနည်းအကြံလေးတခု ပေးလိုက်မိတယ်။ အဲဒီ့နည်းဟာ ကျွန်တော် ပြည်ပမှာ ခက်ခက်ခဲခဲ၊ ကြပ်ကြပ် တည်းတည်း နေထိုင်ပြီး ကျောင်းတက်ခဲ့စဉ်တုန်းက ကျင့်သုံးခဲ့လို့ ကျွန်တော့်ဘဝကို တဖြည်းဖြည်း ချောမွေ့၊ အဆင်ပြေလာစေတဲ့ နည်းလေးပါပဲ။ သူတို့ကိုလည်း အဆင်ပြေစေချင်လို့ ပြောပြလိုက်တာပါ။ ဖြစ်ချင်တော့၊ လုပ်စေချင်တဲ့ (ကြပ်တည်းနေတဲ့) သူငယ်ချင်း ၂ ဦးက ကျွန်တော် အကြံပေးသလို မလုပ်ဘဲ ဘေးက နားထောင်နေတဲ့ (အဆင်ပြေတဲ့) သူငယ်ချင်းက ကျွန်တော်ပြောသလို လုပ်ပြီး ပိုအဆင်ပြေလာကြောင်းကို နောက်ခြောက်လလောက် ကြာတော့မှ လာပြောပြတဲ့ အဖြစ်ပါပဲ။ ပစ်လိုက်တာက တခြား၊ ထိသွားတာက တခြားပေါ့။ ဒီနေရာမှာ ဘဝနေနည်း ရှိခြင်း၊ မရှိခြင်းနဲ့ပတ်သက်ပြီး လူ သုံးမျိုး သုံးစားရှိတယ်လို့ ကျွန်တော် မြင်တယ်။ ဘဝနေနည်း ရှိတယ်လို့ ယုံကြည်သူများ၊ မရှိဘူးလို့ ယုံကြည်သူများနဲ့ ရှိချင်ရှိ၊ မရှိချင်နေ ဘာမှ စိတ်မဝင်စားကြသူများဆိုတဲ့ လူ သုံးမျိုးပါ။ ကျွန်တော်ပေးတဲ့ အကြံကို မလုပ်ဖြစ်ကြသူ နှစ်ဦးဟာ ဘဝနေနည်း ရှိတယ်လို့ မယူဆကြသူ၊ ဒါမှမဟုတ် စိတ်မဝင်စားကြသူ ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ်လည်း ဘဝနေနည်း ရှိတယ်လို ယူဆပေမယ့်လည်း ကျွန်တော်ပေးတဲ့ အကြံဟာ သူတို့ နားထဲကို မဝင်တာမို့ အလေးအနက်ထားပြီး မလုပ်ဖြစ်တာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ တကယ်လုပ်ဖြစ်တဲ့ သူငယ်ချင်းကတော့ ကျွန်တော့်လိုပဲ ဘဝနေနည်းရှိတယ်ဆိုတာကို လက်ခံထားသူဖြစ်ပြီး တကယ်လည်း ဘဝနေနည်းကို လိုက်နာဆောင်ရွက်သူပါပဲ။ ဒါကြောင့်လည်း သူ အဆင်ပြေနေတာ မဖြစ်နိုင်ဘူးလား။ ဒါကြောင့်လည်း လူတိုင်းကို ကူညီလို့ မရနိုင်ဘူး။ ကိုယ်က ကူညီပေမယ့် သူတို့မှာ ကိုယ့်အကူအညီကို လက်ခံနိုင်တဲ့ ရေခံမြေခံ (ဝါ) စိတ်နေ သဘောထားနဲ့ အသိ ရှိဖို့လိုပါသေးတယ်။ **** ဘဝနေနည်းက ဘာတွေလဲဆိုတာကို မဆွေးနွေးခင်၊ ဆင်ခြင် စဉ်းစားသင့်တဲ့ ပိုအခြေခံကျတဲ့ အချက်တွေကို နည်းနည်း ကြည့်ရအောင်။ ပထမ အချက်က ဘဝနေနည်း ရှိ၊ မရှိဆိုတဲ့ အချက်ပဲ။ ဒါက စာဆန်ဆန်ပြောရင် 'ရှိုမှုဗေဒ' (ontology)နဲ့ ဆိုင်တဲ့ အချက်။ ဒုတိယအချက်က "ဘဝနေည်း ရှိခြင်း မရှိခြင်းကို သိနိုင်လား"ဆိုတဲ့အချက်ပဲ။ ဘဝနေနည်း ရှိရင်တောင် အဲဒီ့နေနည်းတွေကို သိနိုင်၊ မသိနိုင် ဆိုတဲ့အချက်။ သိနိုင်တယ်ဆိုရင်တောင် ဘယ်လောက် သိနိုင်သလဲ၊ ဘဝနေနည်းတွေ အကုန်သိနိုင်လားဆိုတဲ့ အချက်တွေ ရှိသေးတယ်။ ဒီအချက်တွေဟာ စာဆန်ဆန်ပြောရရင် 'သိမှုဗေဒ' (epistomology)နဲ့ ဆိုင်တဲ့အချက်တွေပဲ။ ထပ်ချဲ့ချင်သေးရင် နောက်တချက် ရသေးတယ်။ အဲ့ဒါက "ဘဝနေနည်း ရှိခြင်း၊ မရှိခြင်း၊ သိခြင်း၊ မသိခြင်း ကိစ္စတွေဟာ အရေးကြီးလို့လား၊ အကျိုးရော ရှိလို့လား"ဆိုတဲ့ အချက်။ ဒီအချက်ကတော့ အသုံးဝင်မှု၊ မဝင်မှု၊ အကျိုးရှိမှု မရှိမှု (utilitarian)နဲ့ ဆိုင်သလို စောင့်စည်း လိုက်နာမှုဆိုတဲ့ ကိုယ်ကျင့်တရား (ethics)တဲ့ ဆက်စပ်နေတဲ့ အချက်ပဲ။ ထားပါတော့။ ဘဝနေနည်းနဲ့ပတ်သက်တဲ့ ကျွန်တော့် အမြင်ကို ဆက်ပြောရအောင်။ ကျွန်တော် ရှေ့မှာ ပြောခဲ့သလိုပဲ ဘဝနေနည်း ရှိတယ်လို့ ယုံကြည်တယ်။ နောက်ပြီး အဲဒီ့ ရှိတဲ့ ဘဝနေနည်းတွေကို အားလုံး မဟုတ်တောင် အတော်များများကို သိနိုင်တယ်လို့လည်း ယုံကြည်တယ်။ စဉ်းစားကြည့်ပါ၊ ဘဝနေနည်း ရှိတယ်ဆိုတာ လက်ခံပေမယ့် အဲဒီ့ရှိတဲ့ ဘဝနေနည်းတွေကို သိနိုင်တယ်လို့ လက်မခံရင် ဘာအဓိပ္ပာယ်ရှိတော့မလဲ။ မသိတာ့ အသုံးလည်း မချနိုင်၊ အကျိုးကျေးဇူးလည်း မရနိုင်တော့ဘူးပေါ့။ အဲဒီ့တော့ ရှိခြင်း၊ မရှိခြင်းဟာ အတူတူလို့ ဖြစ်မသွားဘူးလား။ ဒါလည်း ထားပါတော့။ ကျွန်တော် လက်ခံပြီး ကျင့်သုံးတဲ့ ဘဝနေနည်းတွေအကြောင်း ဆက်ပြောရအောင်။ **** ကျွန်တော့်အတွေ့အကြုံနဲ့ သိနားလည်မှုအရတော့ ဘဝနေနည်းတွေကို လိုက်နာခြင်းဟာ ဘဝကို အဆင်ပြေစေတယ်၊ တိုးတက်စေတယ်။ ဒီမှာ အရေးကြီးတဲ့ စကားလုံးက "လိုက်နာခြင်း"ပဲ။ ဘဝနေနည်းတွေ ရှိတယ်လို့ပဲ ယုံ၊ ယုံ၊ မရှိဘူးလို့ပဲ ထင်ထင်၊ တနည်းနည်းနဲ့ ဘဝနေနည်းတွေကို လိုက်နာနေမိသူတွေ ရှိတတ်ပါတယ်။ အလားတူပဲ၊ ဘဝနေနည်းတွေ ရှိတယ်လို့ ယုံကြည်ပေမယ့် မလိုက်နာတဲ့ သူတွေလည်း အများကြီး ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝနေနည်းတွေကို လိုက်နာခြင်း၊ တနည်းအားဖြင့် ဘဝနေနည်းတွေနဲ့ အညီ နေထိုင်၊ ပြုမူ၊ ကျင့်ကြံခြင်းအားဖြင့် ဘဝမှာ အဆင်ပြေစေ၊ တိုးတက်စေတယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။ အခု ကျွန်တော်ပြောနေတာတွေဟာ တက်ကျမ်း ဆန်ပါတယ်။ တကယ်တော့ တက်ကျမ်းဆန်တာ မဟုတ်ပါဘူး။ တက်ကျမ်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ တိုးတက်ဖို့အတွက် ပြောနေလို့ပါ။ ဒီနေရာမှာ တက်ကျမ်းတွေကို မယုံကြည်သူ၊ ဝေဖန်ရှုတ်ချသူတွေ အများကြီး ရှိတာ သိပါတယ်။ ကျွန်တော့် မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ ထဲမှာလည်း တက်ကျမ်းတွေကို မယုံကြည်ကြသူတွေ၊ ဝေဖန် ရှုတ်ချကြသူတွေ အများကြီးပါ။ ကျွန်တော်ကတော့သူတို့နဲ့ မတူပါဘူး။ တက်ကျမ်းတွေကို ကြိုက်တယ်၊ အလေးထားတယ်၊ လိုအပ်တယ်၊ တန်ဖိုးရှိတယ်လို့ မြင်တယ်။ တက်ကျမ်းတွေကို မယုံကြည်သူ၊ ဝေဖန် ရှုတ်ချသူတွေကို ကျွန်တော် ထောက်ပြတဲ့ အချက် တချက်် ရှိပါတယ်။ အဲ့ဒါက "၃၈ ဖြာ မင်္ဂလာဟာ တက်ကျမ်း မဟုတ်ဘူးလား"ဆိုတာပါပဲ။ ကျွန်တော့် အမြင်မှာတော့ "၃၈ ဖြာ မင်္ဂလာ"ဟာ အလွန် တန်ဖိုးရှိတဲ့ တက်ကျမ်းပါပဲ။ မင်္ဂလာတရားတော်တွေကို လိုက်နာရင် လိုက်နာသလောက် ဘဝဟာ အဆင်ပြေ၊ တိုးတက်မှာပါ။ ကျွန်တော့် ကိုယ်တွေ့ပါပဲ။ မင်္ဂလာတရားတော်တွေကို ခဏထားပြီး ဆင်ပြေခြင်း၊ မပြေခြင်းနဲ့ ဘဝနေနည်းတွေအကြောင်း ဆက်ရအောင်။ **** ဘဝမှာ အဆင်ပြေခြင်း၊ မပြေခြင်းဟာ အနည်းဆုံး နှစ်မျိုးရှိပါတယ်။ အများနဲ့ဆိုင်တဲ့ အဆင်ပြေခြင်း မပြေခြင်းနဲ့ ကိုယ့်တသီးပုဂ္ဂလနဲ့ပဲဆိုင်တဲ့ အဆင်ပြေခြင်း မပြေခြင်းပဲ။ အများနဲ့အတူ အဆင်မပြေခြင်း၊ အဆင်ပြေခြင်း ဆိုတာက အားလုံး အဆင်ပြေနေတဲ့အချိန်နဲ့ နေရာမှာ ကိုယ်လည်း အားလုံးနဲ့အတူ အဆင်ပြေနေခြင်းပါပဲ။ ထို့အတူ အားလုံး အဆင်မပြေတဲ့အခါမှာ အများနဲ့အတူပဲ ကိုယ်က အဆင်မပြေ ဖြစ်နေခြင်းပါ။ ဥပမာ အခု မြန်မာ့ လူ့အဖွဲ့အစည်းဖြစ်နေပုံပေါ့။ လူယုတ်မာတစုရဲ့ ကိုယ်ကျိုးကြည့်ပြီး လုပ်လိုက်တဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် အဆင်ပြေစပြုနေတဲ့ တိုင်းပြည် ဒုက္ခရောက်ရပြီး ပြည်သူ အများစု ခက်ခဲ ကြပ်တည်းကာ စိတ်နှလုံး မချမ်းမြေ့ ဖြစ်နေရခြင်းပေါ့။ ကိုယ့်တသီးပုဂ္ဂလ အဆင်ပြေခြင်း၊ မပြေခြင်း ဆိုတာကတော့ အများက အဆင်ပြေနေ သို့မဟုတ် အဆင်မပြေ နေပေမယ့် ကိုယ်က သီးခြား အဆင်ပြေနေတာ၊ သို့မဟုတ် အဆင်မပြေနေတာပေါ့။ ဒါ့အပြင် အများက အဆင်ပြေနေတဲ့ အချိန်မှာ ကိုယ်က ပိုပြီး အဆင်ပြေနေတာ ဒါမှမဟုတ်လည် ကိုယ်က အဆင်မပြေ ဖြစ်နေတာ။ ပြောင်းပြန်အားဖြင့် အများ အဆင်မပြေတဲ့ကာလမှာ ကိုယ်က အဆင်ပြေနေတာ၊ ဒါမှမဟုတ်လည်း ကိုယ်က အဆင်မပြေ နည်းနည်းပဲ ဖြစ်နေတာတွေပဲ။ ဒီလို အများနဲ့ မတူဘဲ၊ ကိုယ်က အဆင်ပြေနေ၊ အဆင်မပြေနေခြင်းဟာ ကိုယ့်ရဲ့ ဘဝနေနည်းနဲ့ သက်ဆိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ အများနဲ့ပတ်သက်ရင်လည်း လူအများဟာ ဘဝနေနည်းနဲ့ အညီ မနေကြရင် လူအများဟာ အဆင်မပြေ ဖြစ်နေကြမှာပဲ။ အလားတူပဲ ဘဝနေနည်းနဲ့အညီ လူအများဟာ နေထိုင် ကျင့်ကြံကြရင် လူအများဟာ အတူတကွ အဆင်ပြေကြမှာပဲ။ အခုပြောတဲ့အချက်ဟာ ဘာသာတရားမှာပါတဲ့ ဆုတ်ကပ်တို့၊ တက်ကပ်တို့နဲ့ ဆက်စပ်နေတယ်လို့ မထင်မိဘူးလား။ ကပ်တွေအကြောင်းကို ထားပါဦး။ လူတိုင်း တနိုင်လုပ်နိုင်တဲ့ ဘဝနေနည်းတွေအကြောင်းပဲ ပြောရအောင်။ **** ကော့သောင်းမှာ အလုပ်လုပ်ရင်း ကျွန်တော်တို့နဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ ကိုချမ်းသာအကြောင်း စာတပုဒ် ကျွန်တော် ရေးဖူးတယ်။ (ပြန်ရှာပြီး ကွန်မန့်မှာ ဖတ်နိုင်တဲ့ လင့်ခ် တင်ပေးပါ့မယ်)။ ကိုချမ်းသာဟာ ခြေနှစ်ဖက် မရှိပါဘူး၊ ဒါပေမယ့် သူ့ဘဝဟာ အဆင်ပြေနေတယ်။ ဝင်ငွေကောင်းတဲ့ လုပ်ငန်းလည်း ရှိနေပြီး ခင်မင်စရာ မိတ်ဆွေကောင်းတွေနဲ့ ပျော်မွေ့စရာ ဘဝလေး ပိုင်ဆိုင်နေတယ်။ ကျွန်တော်တို့ကလည်း သူ့ကို ခင်လည်း ခင်မင်၊ အထင်လည်း ကြီးပြီး သူ့ဘဝကို စိတ်လည်း ဝင်စားတာမို့ မေးကြည့်တော့ သူက ဇာတ်ကြောင်းကို ပြောပြပါတယ်။ ဖြစ်ပုံက သည်လို။ သူက လှေပိုင်ရှင်ဆီက လှေငှားပြီး ခရီးသည်တွေကို လှေလှော်ပို့ပေးတဲ့ အလုပ်လေးကို ကြပ်ကြပ်တည်းတည်း ပင်ပင် ပန်းပန်း လုပ်နေတဲ့ ကာလမှာ တနေ့ သူ့လှေကို ရဟန်းတပါး တက်စီးပြီး သူ့ဒုက္ခိတဘဝနဲ့ ပင်ပင ်ပန်းပန်း ဆင်းဆင်းရဲရဲ အသက်မွေးနေရတာကို သနားလို့ ကျင့်သုံးဖို့ နည်းလေးတခု ပေးခဲ့တယ်တဲ့။ သူလည်း အဲဒီ့နည်းလေးကို ယုံယုံကြည်ကြည် ကျင့်သုံးရင် တဖြည်းဖြည်း အဆင်ပြေ တိုးတက်လာတာတဲ့။ ကျွန်တော်တို့နဲ့ တွေ့ဆုံတော့ သူက အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ ပြုံးရွှင် တက်ကြွနေသူ။ ပြီးတော့ လှေတွေ ပိုင်ပြီး၊ ကိုယ်ပိုင်စီးပွားရေး ရှိနေလို့ ဝင်ငွေလည်း ကောင်းသူ။ (သူ့မှာ ခြေနှစ်ဖက် မရှိဘူးနော်၊ မေ့နေမှာ စိုးလို့။) အလားတူ နောက်ဥပမာတပုဒ် ရှိသေးတယ်။ အဲ့ဒါက ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တပုဒ်မှာ ပါတဲ့ မန္တလေးက ဦးရန်ကုန်ဆိုတဲ့ ရဟန်းကြီးတပါးအကြောင်း။ အဲဒီ့ဦးရန်ကုန်ဟာ ရန်ကုန်တိုင်းထဲက တိုးကြောင်လေးမြို့လေးကနေ မန္တလေး ဘုရားကြီး ကျောင်းရောက်စကတော့ ကိုရင်ငယ်လေး မောင်ရန်ကုန်ပေါ့။ ရောက်စက အလွန် ဒုက္ခရောက်တယ် ဆိုပါတယ်။ လှူဒါန်းမယ့် ဒကာ၊ ဒကာမ မရှိတာမို့ ဆွမ်းလည်း လောက်လောက်ငင မရဘူးတဲ့။ ဥပတိရုပ်ကလည်း ဆိုးတော့ ကလေးလေးတွေက သူ့ကို မြင်ရင် ကြောက်ကြတယ်တဲ့။ သူ့အဖြစ်ကို သနားတဲ့ ဆရာတော်ကြီးတပါးက ဆင်းရဲကြပ်တည်းနေတဲ့ မောင်ရန်ကုန်ကို အဆင်ပြေအောင်၊ လာဘ်လာဘ ပေါများလာအောင်ဆိုပြီး နည်းလေးတနည်း ပေးလိုက်ပါတယ်။ ကျွန်တော့်အခေါ်တော့ ဘဝနေနည်းလေးပေါ့။ အဲဒီ့နည်းကို လိုက်နာ ကျင့်သုံးရင်းနဲ့ မောင်ရန်ကုန်လေးဟာ တဖြည်းဖြည်း လှူဒါန်းသူ ဒကာ၊ဒကာမတွေ ပေါများလာပြီး ဘဝဟာ အဆင်ပြေ တိုးတက်လာတော့တယ်တဲ့။ ဒါ့အပြင် အရင်က သူ့ကို ကြောက်တဲ့ ကလေးလေးတွေကပါ သူ့ကို ခင်မင်လာကြတယ်တဲ့။ အဲဒီ့အကြောင်းလည်း ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ်။ (ပြန်ရှာပြီး ကွန်မန့်မှာ လင့်ခ်တင်ပေးပါ့မယ်။) ဒါကြောင့်လည်း ကျွန်တော်က တရားနာကြဖို့ အမြဲ အကြံပြုတာပါ။ ဘဝနေနည်းတွေဟာ တရားတော်တွေမှာ အများကြီး ပါကြတယ်။ ဒါ့အပြင် ထင်ရှားကျော်ကြားသူတွေ၊ အောင်မြင် ထမြောက်သူတွေရဲ့ ဘဝဇာတ်ကြောင်းတွေ၊ အထုပ္ပတ္တိတွေမှာလည်း အတုယူ လိုက်နာစရာ ဘဝနေနည်းတွေ အများကြီး ပါကြတယ်။ ဒါကြောင့်လည်း စာအုပ်၊ စာပေတွေ ဖတ်ရှူ လေ့လာ၊ မှတ်သားဖို့ အမြဲ ဆော်ဩနေတာပါပဲ။ ထားပါတော့။ ကျွန်တော်လည်း နိုင်ငံခြားမှာ ကျောင်းတက်တုန်းက ဘဝဟာ အလွန်ခက်ခဲ ကြပ်တည်းတာပေါ့။ အခုပြောခဲ့တဲ့ ဘဝနေနည်းတွေကို ကျင့်ကြံပြီး ဘဝကို တည်ဆောက်ခဲ့ရတာပါ။ အခုတော့ ကိုယ့်လေ့လာ အားထုတ်မှုနဲ့ စောင့်စည်း ကျင့်ကြံမှုရဲ့ အသီးအပွင်တွေလည်း အထိုက်အလျောက် ခံစားနေရပါပြီ။ ကိုယ်သိသလို၊ ကိုယ်အကျိုးရှိခဲ့သလို အခြားသူတွေကိုလည်း သိစေချင်၊ အကျိုးရှိစေချင်လို့ ဒီလို စာမျိုးတွေ ရေးနေတာပါ။ စာရှည်နေပြီမို့ ဒီမှာပဲ ရပ်ကြတာပေါ့။ နောက်မှ ထပ်ရေးပါ့မယ်။ အားလုံးရဲ့ ဘဝတွေ အဆင်ပြေကြ၊ တိုးတက်ကြပါစေ။ (မျိုးနိုင်) ၈ ဇွန်လ ၂၀၂၂၊ ကြာသပတေးနေ့မနက် ၉း၅၃ source: Myo Naing

No comments:

Post a Comment