Friday, August 5, 2011

ဦးကြီးရဲ့ရယ်သံ(ဒေါက်တာအောင်ကြီး)

ဦးကြီးရဲ့ရယ်သံ(ဒေါက်တာအောင်ကြီး)
၁။
သူ့ကို ဆေးကျောင်းသား ဘဝ ကတည်းက ကျွန်တော်တို့ အားလုံး “ဦးကြီး”ဟု တညီ တညွတ်တည်း ခေါ်ကြပါသည်။

သူက ဆောင်းကာလတွေမှာ နှာတရွှီးရွှီး၊ ချောင်း တဟွပ်ဟွပ်နှင့် ရင်ကျပ်သည့် အခါတိုင်း တဘက်ကြီး တစ်ခုကို ခေါင်းမှာ ပေါင်းပြီး ပင်နီဖျင်ကြမ်း တိုက်ပုံကြီး ၀တ်နေတတ်လို့ ဗန်းမော်သား မြင့်ရှိန်က တောင်သူဦးကြီးနဲ့ တူလိုက်တာ ဆိုပြီး စစနောက်နောက် ခေါ်ရာ က ဒီနာမည် တွင်သွားရတာ။

သူက ကျွန်တော်နဲ့ တစ်မြို့တည်းသား။ မြို့မှာက သူက နာမည်ကျော် ဘောသမား။ “ပါးတွဲ”ဟု တချို့က ချစ်စနိုး ခေါ်ကြသည်။ သဘောကောင်း ချိုမြ။ ရယ်လျှင် ဟက်ဟက် ပက်ပက် ရယ်တတ်သည်။ ကျွန်တော့်ထက် တစ်တန်းကြီးသော်လည်း ဆယ်တန်းကို (ခ) စာရင်းက အောင်ပြီး တစ်နှစ်ပြန် ထိုင်လို့ ကျွန်တော်တို့နဲ့ တူသွားတာ။ ကျွန်တော်တို့ မြို့က အဲသည်နှစ်က ဆေးကျောင်းကို လေး ယောက်ဝင်ရာမှာ သူက အသက် အကြီးဆုံး။ ၀ါအရင့်ဆုံး။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်။

သူက အများနှင့် သဟဇာတ ဖြစ်အောင် နေတတ်သည်။ လူတိုင်းလိုလို သည်းညည်းခံ သည်။ အနွံတာခံသည်။ မောင်နှမတွေ တစ်ကျိပ်လောက်ရှိသော မိသားစုကြီးမှာ သားကြီး သြရသ ဖြစ်တာကြောင့် ဖြစ်မည်။ ကျွန်တော်တို့ကို ညီငယ်တွေလို။ သူ စိတ်ဆိုးတာ တွေ့ရခဲသည်။ အထူးသဖြင့် ကျွန်တော့် အပေါ် စိတ်ဆိုးခဲသည်။ ကျွန်တော်ကလည်း ဘဝဘဝက ဘာအထုံ ပါလာသည်မသိ မိမိ ထက် အသက်ကြီး အတန်းကြီးတွေနှင့် ခင်ခင်မင်မင် မိတ်ဆွေ ဖြစ်လွယ်သည်။ အတန်း တူချင်းနှင့်တော့ တည့်လိုက်၊ မတည့်လိုက်။

၉ တန်း လူရည်ချွန် သွားစဉ်တုန်းက ကျွန်တော့် တပ်စိတ်ထဲ တစ်ဝက်လောက်က ကျွန်တော့်ထက် တစ်တန်းကြီး ဆယ်တန်း ကျောင်းသားတွေ။ ကျွန်တော့်မှာ သူတို့နှင့် တလုံးလုံး တရုန်းရုန်း။ ဒါကြောင့် ဦးကြီးနှင့် ကျွန်တော့် ခင်မင်မှုက အခြားသူတွေထက် ပိုတာ ဖြစ်ပါလိမ့်မည်။

ဒါပေမဲ့ သူ ကျွန်တော့်အပေါ် ထူးထူးခြား ခြား စိတ်ဆိုးတာ တစ်ခါကြုံဖူးသည်။ ကျွန်တော်တို့ ဆေးကျောင်းပထမနှစ် အတန်းတွင်း အုပ်စုလိုက် ဘောလုံး ကန်ကြတုန်းကပါ။ ကျွန်တော်တို့ အုပ်စု(က)နှင့် ဦးကြီးတို့အုပ်စု(ဃ)က ဖိုင်နယ်မှာ တွေ့ကြသည်။ ကျွန်တော်က အုပ်စု(က)ရဲ့ ဂိုးသမား။ ကျွန်တော်တို့အုပ်စုက ဆယ်တန်း အောင်မှတ်ကောင်းတဲ့ လူတွေ စုထားတာ။ “အီလစ်” တွေ။ ဒါကြောင့်လည်း တစ်ဖက်က ကျွန်တော် တို့ကို “ဖြေချင်တာ။ ပထမပိုင်း တစ်ဝက် လောက်မှာ သူတို့ရှေ့တန်းတိုက်စစ်ဆင်လာရာမှ တစ်ဦးက ကျွန်တော်တို့ နောက်တန်း စည်းရိုးကို ကျွံလာသည်။ ကျွန်တော်က ဂိုးဝကနေ ရှေ့ အပြေးကလေး ထွက်လိုက်ပြီး တစ်ဖက်ရှေ့တန်း လူကို ရင်ဆိုင်လိုက်သည်။ သူ တု့ံခနဲ ရပ်သွား ရာက ကျွန်တော့်ကိုဝိုက်ပြီး မြေလှိမ့်ဘော သွင်းယူလိုက်သည်။ ကန်ချက်က သိပ်မပြင်းတော့ ဘောလုံးက ဖြည်းဖြည်းသာသာပဲ ဂိုးပေါက် ဘက်လှိမ့်သွားသည်။ ကျွန်တော် နောက်က အပြေးလိုက်ပြီး ဘောလုံးကို ဒိုက်ထိုးဖမ်းလိုက် သည်။ ကျွန်တော့် ရင်ဘတ်အောက်က ဘောလုံးကို ကြည့်လိုက်တော့ ဘောလုံးက ဂိုးစည်းပေါ် တည့်တည့်ကြီး ခွလျက်သား။

ဒိုင်က ဂိုးဝင်ကြောင်း ခရာတုတ်လိုက်သည်။ တစ်ဖက်အသင်း က ခုန်လို့ပေါက်လို့ စောစီးစွာ အောင်ပွဲခံနေလေ ပြီ။ ကျွန်တော်တို့ အဖွဲ့က ဒိုင်ကို ၀ိုင်းအုံပြီး ငြင်းခုံကြ၊ တောင်းဆိုကြ။ ဒိုင်က ကျွန်တော်တို့ထက် ၃ တန်းကြီးသည့် အတန်းက။ သူက ကျောင်း လက်ရွေးစင်။ မန္တလေး တက္ကသိုလ် ပေါင်းစုံ ဘောလုံး လက်ရွေးစင်။ ဒိုင်က ဘာဆုံးဖြတ်ရမည် မသိ။ တိုင်ပင်စရာ အကူဒိုင်၊ စည်းကြပ် ဒိုင်ကလည်း မရှိ။ နောက်ဆုံး ကြံရာ မရတော့ ဒိုင်က ဂိုးတိုင်နား ရပ်ကြည့်နေတဲ့ အရပ်သား တစ်ဦးကို လှမ်းမေးလိုက်သည်။ ထိုသူက ဂိုးမဝင်ကြောင်း ဖြေလိုက်သည်။ ဒါနဲ့ ဒိုင်က ဂိုးမဝင်ကြောင်း ပြန်ပြင် ဆုံးဖြတ်လိုက်ပြီး ခရာတုတ်၍ ဘောပွဲ ပြန်စသည်။

အဲသည်လို ရှုပ်ရှုပ်ထွေးထွေး အချိန်မှာ ကျွန်တော်က ဘောလုံးကို ခပ်သွက်သွက် ကောက်ယူလိုက်ပြီး တစ်ဖက် အသင်းဘက် တစ်ရှိန်ထိုး ကန်တင်လိုက်သည်။ တစ်ဖက် အသင်းက သူတို့ဂိုးဝင်ပြီထင်ပြီး ခပ်လျော့လျော့ နေတာက တစ်ကြောင်း၊ ဒိုင်လူကြီး ဘာဆုံးဖြတ် တယ်မသိလို့ ဟိုဒီငေးနေတာက တစ်ကြောင်းတို့ ကြောင့် ကျွန်တော်တို့ ရှေ့တန်း ဘယ်တောင်ပံလူ ဘောလုံးသယ်ပြေးတာ နောက်က လိုက်သော် လည်း မမီတော့ချေ။ ဒီကောင်ကလည်း လှစ်ခနဲ လှစ်ခနဲ ပြေးလိုက်တာ။ တစ်ဖက် ဂိုးသမား မည်သို့မျှ မကာကွယ်နိုင်တော့။ တကယ်တော့ ဒီဂိုးသမားက ကျွန်တော်တို့ အတန်းရဲ့ လက်ရွေး စင် ဂိုးသမား။ အဲဒီဂိုးက သေသေချာချာ လွတ် လွတ်ကျွတ်ကျွတ်ကြီး ၀င်သွားပါလေသည်။ ဦးကြီးက တစ်ဖက်အသင်း ခေါင်းဆောင်။ သူ့မျက်နှာက ဒေါသနှင့် နီရဲ တောက်ပလျက်။ သူဦးဆောင်ပြီး တစ်သင်းလုံး ဘောကွင်းထဲမှ သပိတ်မှောက်ထွက်ခွာသွားသည်။ မည်သူမျှ တားမရတော့။ ကျွန်တော်တို့မှာ ပထမဆု ရသော်လည်း အီလည်လည်။ ဦးကြီးကို ဘယ်လိုချော့ရ ပါ့။ တကယ်က သူ့ရဲ့ဘောရူး ဒီဂရီက ကျွန်တော့်ထက် အပုံကြီး ပိုသည်။

ဒါနဲ့ သူ့အခန်းသွားပြီး-
“ဦးကြီးကလည်းဗျာ၊ အပျော်တမ်း ကစား တာပဲ။ ဘာကြောင့် ဒီလောက်စိတ်တိုနေရတာ တုံး”
လို့ လေပျော့နှင့် ချော့ကြည့်သည်။
“ဟေ့ကောင် မင်းထွက်သွားစမ်း သွား သွား သွား သွား”
ဟု ဒေါသတကြီးနှင့် မောင်းထုတ်လို့ ကျွန်တော် အမြီးကုပ် ပြန်ခဲ့ရသည်။ နောက်နေ့တွေ ကျတော့ သူ့ထုံးစံ တဟီးဟီး တဟားဟား။ ဒီတစ်ချီပဲ သူ ကျွန်တော့်အပေါ် ဒေါသထွက်ဖူး တာ။

၂။
သူက စာသိပ်မတော်ပေမယ့် တစ်နှစ်တစ်တန်း မှန်မှန်အောင်သည်။ မိသားစုက ကြီးလွန်းလှလို့ သူတို့အပေါ် သူ့ဝန် မပိစေချင်တာ ပါပါလိမ့်မည်။ အဖေက ပန်းထိမ်ဆရာ။ ပန်းနာ ဝေဒနာသည်။ အသက်ကြီးတော့ အလုပ်က သိပ်မလုပ်နိုင်။ ကျွန်တော်တို့ ဆေးကျောင်းတက်စ နှစ်တွေ မှာ ကျောင်းသားတွေကြား မူးယစ် ဆေးသုံးစွဲမှုက သိသိသာသာ ခြေကုပ်ရ အမြစ်တွယ်နေပြီ။ လူငယ်ပီပီ စမ်းကြရမ်းကြ။ တချို့ဘဝတွေ အချိန် မတိုင်မီ လွင့်ကြွေ။ ပွင့်တာက နည်းနည်း၊ ကြွေ တာက ခပ်များများ။ ဘဝတချို့ လေရူးနဲ့ အဝေး လွင့်စဉ်။ ဘယ်ဆီ ဘယ်ဝယ်မှန်းဆလို့ မလွယ်။ ဦးကြီးက ဒါတွေအားလုံးနှင့် ကင်းကင်းရှင်းရှင်း။ သူ့ပတ်လည်မှာ ဒါတွေက ဗွက်ထလို့နေ။ တချို့ က ဖဲ၊ တချို့က အရက်၊ တချို့က သူယောင်မယ် တောထဲ ပျော်မော။ မှော်ရုံတောထဲ အမှောင်ထဲမှာ။ ဦးကြီးက သူ့ပန်းတိုင်ဆီ မမှိတ်မသုန် ချီတက် သည်။ သူ ကူညီဖေးမလို့ရသူကို ကူညီဖေးမ ပခုံးထမ်းတင် ခြေတရွတ်ဆွဲတွဲခေါ်။ နောက်ဆုံး နှစ်စာမေးပွဲကို သူတစ်ချီတည်းနှင့် အောင်သည်။ အဲဒီခေတ်က နောက်ဆုံးနှစ်မှာ လေးဘာသာစလုံး ကျွတ်ကျွတ်လွတ်လွတ် အောင်သူ ရှားမှရှား။ သူ့လို ဉာဏ်ရည် အဆင့်ရှိသူတွေထဲမှာ ပိုလို့ တောင် ရှားလေသေး။

ဒီလိုနဲ့ ကျွန်တော်တို့ အလုပ်သင် ဆရာဝန် ဘဝ တူတူ ရောက်ကြသည်။ သူက ဆရာဝန် ဆောင်မှာနေတော့ ကျွန်တော်တို့ နားခိုစရာ ကွန်းတစ်ခု ရသည်။ ဂျူတီအားရင် သူ့ခုတင်သွားအိပ် လိုက်၊ သူငယ်ချင်းတချို့ ဂစ်တာတီး သီချင်းဆို နေရင် ၀င်အော်လိုက်၊ အလုပ်သင်ဘဝ အတွေ့ အကြံုတွေ ဖလှယ်လိုက်။ သူက အလုပ်သင် ဆရာဝန်ဘဝမှာ အလုပ်ကို “အသေအကျေ”လုပ် သည်။ ဆရာ၊ ဆရာမ၊ အလုပ်သမား အားလုံးနှင့် ခင်ခင်မင်မင် ပေါင်းသည်။ ပြံုးရယ်လွယ်ပြီး ရယ်လျှင် ပါးစပ်ရော မျက်စိပါ မျက်နှာတစ် ခုလုံး ရယ်တတ်သည့် သူ့အကျင့်က သူ့လူမှု ဆက်ဆံရေးမှာ အရေးပါတဲ့ လက်နက်ဖြစ်ပါလိမ့် မည်။ ကျွန်တော်က ဖျားနာ ရောဂါတွေကို စိတ်ဝင်စားသလောက် သူက ခွဲစိတ်၊ အရိုးနှင့် မေ့ဆေး ပညာရပ်တွေ လေ့လာရတာ ပျော်မွေ့သည်။

ကျောင်းသား ဘဝတုန်းက စာကျက်ရမှာ ပျင်းသော်လည်း လူနာတွေကို လက်တွေ့ကိုင်တွယ် ခွဲစိတ် ကုသရာမှာ သူ မပျင်းချေ။ လက်တွေ့ လုပ်ရာမှာ သူ ရိုရိုသေသေ လုပ်သည်။ အားထည့်၍ လုပ်သည်။ ခါးမှာ ထုံဆေးထိုးတာ သူကျွမ်း ကျင်တာသိလို့ မေ့ဆေး ဆရာဝန်တွေက သူ့ကို ဒီအခွင့်အရေး မကြာခဏ ပေးတတ်သည်။ ကျွန်တော့် အလုပ်သင်ဘဝမှာ ဒီလို အခွင့်အခါ တစ်ခါမျှ မရခဲ့စဖူး။ ကျိုးနေသည့် အရိုးကို ပြန် တည့်ပြီး ခိုင်အောင် သပ်သွင်းသလို “စတီးပင်” ရိုက်ထည့်ရာမှာလည်း သူက လက်ရာမြောက်လှ သည်။ အရိုး အထူးကု ဆရာဝန်တွေကလည်း သူ့ကို နေရာပေးကြ ချီးမြှောက်ကြသည်။ သူ့ကို မြင်ရမှ၊ သူ့လက်ရာကို မြင်ရမှ တော်တယ်၊ တတ် တယ်ဆိုတာ ကျောင်းစာချည်းပဲ မဟုတ်ပါလား။ ဒီ့ပြင် တတ်စရာ တော်စရာ အစွမ်းပြစရာ နယ်ပယ်တွေက တစ်ပုံတစ်ပင်ကြီး ရှိသေးပါကလား ဆိုတာ ကျွန်တော် သိလိုက်ရသည်။ ကျွန်တော်က သူ့ကို အလုပ်သင် ဆရာဝန်ပြီးရင် အစိုးရ အလုပ် ၀င်ဖို့၊ ဘွဲ့လွန်(အရိုး၊ ခွဲစိတ်) တစ်ခုခု တက်ဖို့ တိုက်တွန်းမိသည်။ သူက ခေါင်းမခါ၊ ခေါင်း မညိတ်။ သူ့မျက်စိထဲ ကြီးမားလှတဲ့ သူ့မိသားစု ကြီးကို လှမ်းမြင်နေလေသလား။

၃။
အလုပ်သင် ဆရာဝန် တာဝန်ပြီးတော့ လူချင်းကွဲသွားကြသည်။ သူ့လမ်းကိုယ့်လမ်း။ လမ်းနှစ်ကြောင်းက ဖြတ်မိ ထပ်မိသည်မရှိ။ ကျွန်တော်က ပညာရှာပမာ သူဖုန်းစားလမ်းကို ရွေးချယ်ခဲ့ပြီ။ ဘွဲ့လွန် သင်တန်းတွေ တစ်ခုပြီး တစ်ခုဆက်တက်။ စာတွေသင်။ စာတွေဖတ်။ လေ့လာ သုတေသနပြု။ ဟောပြောပို့ချ။ သူက သူ့မိသားစုကြီးကို ရှေ့ဆုံးမှ ခေါင်းတွဲကြီး သဖွယ် ဆွဲခေါ်ရတုန်း။ မီးပေါင်ကျလို့ ခေါင်းတွဲ မရုန်း နိုင်ရင် မီးပေါင်ထပ်ထိုးရတုန်း။ ဘွဲ့လွန်သင်တန်း ကို အိပ်မက်မျှ မမက်နိုင်ရှာတော့ပြီ။ သူတက်ချင် တဲ့ ခွဲစိတ်၊ အရိုးရောဂါပညာရပ်တွေကလည်း နောက်ဆုံးနှစ် စာမေးပွဲ ခွဲစိတ် ဘာသာရပ်မှာ အဆင့် ၄ ရထားပါမှ။ သူ့ရမှတ်တွေအားလုံးက ဒထွေးတွေချည်း။ သူ ဆေးကုသခြင်း လုပ်ငန်း ကိုပဲ ဇောက်ချ လုပ်တော့မည်။ ဘယ်မှာ ဆေးခန်း ဖွင့်ရမလဲ။ ကိုယ့်မြို့ကိုယ် ပြန်ဖွင့်လို့ကတော့ အလုပ်ဖြစ်မည်မထင်။ လူက သဘောကောင်း မနောကောင်း။ အားလုံးက ၀ိုင်းညှဉ်းကြမှာနဲ့။

သူက အားနာ တတ်တာနဲ့။ သို့မို့ကြောင့် သူ့ဇာတိ မြို့နှင့် မလှမ်းမကမ်း တောမက မြို့မကျ ရွာကြီး တစ်ခုကို သူရွေးလိုက်သည်။ အဲဒီမှာပဲ အခြေချ တော့မည်။သူရတဲ့ ငွေစကြေးစလေးတွေကို မိသားစုထံ ပြန်ပို့။ မိသားစုက ပါးစပ်ပေါက်တွေ များလှ။ လူရေး လူရာတွေက များလှ။ ဒီဝဲသြဃထဲက သူ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့။ ရပ်သူ ရွာသားတွေနှင့် သူ တစ်လုံးတစ်စည်းတည်း ဖြစ်သွားပြီ။ အဲဒီရွာသူနဲ့ပဲ အိမ်ထောင်ကျ၊ သားသမီး ပွားစီး။

သူ့အသံကို ကျွန်တော် နှစ်ပေါင်းများစွာ မကြားရတော့။ သတင်းတွေကတော့ ကြားနေရ သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ သူ့ဝူးဝူး ၀ါးဝါးအသံ ပြန်ကြား လာရသည်။ သူ့နှမတစ်ဦး က မန္တလေးမှာ အိမ်ထောင်ရက်သားကျ၊ စတိုးဆိုင် ဖွင့်ထားတာ။ သူ့ညီမဆီ လာရင်း သူ့ခြေဦးက ကျွန်တော့်ဆီ ပြန်ပေါက်လာသည်။ သူ့ကြည့်ရတာ တောသားကြီး လုံးလုံးဖြစ်နေပြီ။ ယခုမှ တကယ့် ဦးကြီးဖြစ်နေပါပကော။ စကားပြော ကြည့်တော့ အကြောင်းအရာ တော်တော်များများ သူနှင့်ကျွန်တော်ကြား ပြောဆိုလို့ ဆက်သွယ်လို့ မရတာ တွေ့ရသည်။ သူ စာတွေဘာတွေ ဖတ်ပုံ မရ။ သို့သော်လည်း သူ့ရဲ့ နဂိုသဘောကောင်းတဲ့၊ ရယ်မောလွယ်တဲ့ အမှတ် တံဆိပ်က သူ့ကိုယ်မှာ ခပ်နှိပ်လျက်သား။ ပြဿနာက ပြောစရာဆိုစရာ ဆွေးနွေးစရာ ခေါင်းပါးခြင်းပါပဲ။ တစ်ချိန်က အလုပ်သင် ဆရာဝန် ဘဝနှင့် သူပျော်မွေ့ခဲ့သော၊ ပညာရှာမှီး လေ့ကျင့်ခန်း ယူခဲ့သော ဆေးရုံကြီးကို လာဖို့ ကျွန်တော်ခေါ်တော့ သူက အင်တင်တင်။ ဖြူးဖွေးတောက်ပ သားနားနေသော အဆောက် အအုံအသစ်တွေနှင့် ခမ်းနားဝင့်ကြွား နေသော ဆေးရုံကြီးကို ကြည့်ပြီး သူ မဝံ့မရဲ ဖြစ်နေဟန် ရှိသည်။ သူ့စိတ်မျက်စိထဲမှာတော့ ယခင်က ဆေးရုံအိုအိုဟောင်းဟောင်းကြီးကို မြင်ယောင်နေမှာ။ အရောင်လွင့်နေသော၊ ဟိုနေရာ ဒီနေရာ တွေမှာ နံရံပြိုအက် နေသော၊ ရေပိုက်၊ မိလ္လာပိုက် တွေ ပေါက်နေလေ့ ရှိသော တစ်ချိန်က ဆေးရုံကြီး ကို သတိရနေမှာ။ ဆေးရုံမှာ သူ ဆရာဝန်ငယ် ဘဝက ပေါင်းသင်းခဲ့သော မိတ်ဆွေတွေ၊ သူနာပြု ဆရာမတွေ တစ်ဦးတစ်ယောက်မျှ မရှိ ကြတော့။ ဆေးရုံသစ်ကြီးက ဆယ်စုနှစ် ၂ ခု ကျော်ကျော် ကွာလှမ်းခဲ့သော သူ့ကို သူစိမ်းပြင် ပြင် ငု့ံကြည့်နေပြီ။ သူ့ကို ဆေးရုံလာဖို့ ဘယ်လိုမှ ခေါ်၍ မရတော့ပြီ။

၄။
“ဦးကြီး ဆေးရုံ တက်ရတယ်ကွ။ မင်းတို့က လာကြည့်ကြဦး။ ဆိုင်ကယ် မှောက်လဲပြီး ပိလို့ ပေါင်ရိုးကျိုးသွားတာ။ အခု တို့ဆေးရုံမှာ” လို့ ပြင်ပ အထူးကု ဆေးရုံကြီးမှာ ဆေးရုံအုပ် လုပ်နေတဲ့ သူငယ်ချင်းက ဖုန်းဆက်လို့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဆေးရုံဆီ ချီတက်ရသည်။ အရိုးရောဂါ ၀ါသနာ ပါတဲ့သူ အရိုး ကျိုးရသတဲ့။ ဖြစ်မှဖြစ်ရလေ။ ဟိုရောက်တော့ သူက ပြံုးပြံုး ရွှင်ရွှင် ရယ်ရယ်မောမော။ ရယ်သံက ကျယ်မှကျယ်။ သူ့ အားပေးရမည့် အစား သူကပဲ ကျွန်တော်တို့ကို တစ်ပြန်တစ်လှည့် အားပေးရ မလိုလို။ လာမေးသည့် သူငယ်ချင်းတွေထဲ ဆေးရုံအုပ်လည်း ပါသည်။ အထူးကု ဆရာဝန်ကြီး လည်း ပါသည်။ ပါမောက္ခချုပ်လည်း ပါသည်။ ပါမောက္ခ၊ ဌာနမှူးလည်း ပါသည်။ ပြင်ပ ဆေးခန်းပိုင်ရှင် ဆရာဝန်ကြီးလည်း ပါသည်။ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်နေပြီး ခေတ္တခဏ အလည် လာသူလည်း ပါသည်။ ဂျီပီဆရာဝန် လည်း ပါသည်။ သူက လူချစ်လူခင် ပေါသူ။ တစ်နည်း လူမျက်မုန်း ကျိုးစရာ ဘာတစ်ခုမှ ပိုင်ဆိုင်မထားသူ။

“ဘယ်လိုဖြစ်တာလဲဗျ။ ပြောစမ်းပါဦး။ ကြီးကောင့်ကြီးမား ကျမှ ဆိုင်ကယ်မှောက်လဲ ရတယ်လို့။ ပေါင်ကျိုးရတယ်လို့”
တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

“ငါကကွာ တို့နားရွာက ဘုန်းကြီးတစ်ပါး နေမကောင်းဖြစ်နေတာ ပင့်လို့ သွားကြည့်တာကွ။ ကုနေကျ ဆရာတော်ကြီးပါ။ အဆုတ်ပွ ရောဂါသည်ပါ။ အဲဒါ ငါ့ကို အာသီသ ရှိတယ် ဆိုတာနဲ့ တကူးတက သွားပြီး ဆေးထိုးရတာ မောင့်။ လမ်းက တော်တော် ဆိုးတယ်ကွ။ ဗွက် တွေကလည်း တင်းကျမ်း။ ကားနဲ့ သွားမရလို့ ဆိုင်ကယ်နဲ့ ကြိတ်ရတာဟေ့။ အဲဒါလမ်းမှာ ဗွက်နစ်လို့လဲပြီး ဆိုင်ကယ်ပိတော့ ကျိုးရတာ။ အခုတော့ သက်သာပါပြီ။ မနေ့ကပဲ အာဗြဲစီစဉ် ပေးလို့ အရိုး အထူးကု ဆရာဝန်ကြီးက ခွဲစိတ်ပေးတယ်။ ကျေးဇူးပါပဲကွာ”ဟု ဖြေသည်။

အာဗြဲဆိုတာ သူ အခု တက်နေတဲ့ ဆေးရုံ ကြီးရဲ့ ဆေးရုံအုပ် သူငယ်ချင်း။ သူ့မှာ ယခု ဇနီးမယားနှင့် သမီး၊ သား သာမက မြေးလေးတစ်ဦးပါ ပွားစီးလို့ နေပါပြီ။ သူ့မိသားစု အကြောင်း၊ သူ့ရပ်ရွာ၊ သူ့အလုပ် အကြောင်း ၀ိုင်းမေးကြ။ သူက ဒိုင်ခံဖြေ။ တဝါးဝါး ရယ်ကြမောကြ။ အားလုံး ၁၉၇၀ ဆေးကျောင်းဝင်ခါစ အရွယ်တွေဖြစ်သွား။ ဘာပြောလိုက် ပြောလိုက် ရယ်မောဖို့ ပါးစပ်က အသင့်ပြင်ပြီးပြီ။ ဟိုတုန်းက ဟိုကောင်က ဘယ်လို။ ဒီကောင်က ဘယ်လို။ ဟိုကောင်မက ဘယ် သို့။ ဒီကောင်မက ဘယ်သို့။ အားလုံး ရွှေရောင် အတိတ်ဆီ ပြန်ရောက်သွား။ လှပတဲ့ အတိတ်။ ပြီးပြည့်စုံတဲ့ အတိတ်။ (တကယ်ကော ဟုတ်ရဲ့ လား။ အခုလက်ရှိ ဘဝနဲ့ ယှဉ်လိုက်တော့ ပျော်စရာ လိုပေါ့။ တာဝန်မှ မရှိသေးတာကိုး။ သို့ပေမယ့် စာမေးပွဲကျရင်၊ အိမ်က စာမလာရင်၊ ငွေမပို့ရင်၊ ကောင်မလေးက စိတ်ကောက်ရင် လှပပြည့်စုံတဲ့ အတိတ် ဟုတ်ရဲ့လား။ ကျွန်တော့် တစ်ကိုယ်တော် အတွေး။) အားလုံးက သူ့ထက်ငါ လုပြောကြ။ အတိတ်ရာဇဝင် တူးကြ။ သူ့ထက်ငါ ပိုလို့ မှတ်မိကြ။ မှတ်ဉာဏ်တွေ ကောင်းနေလိုက်ပုံက။

အတိတ်ဘဝ ငယ်နုစဉ် ဘဝ အကြောင်းတွေ ပြောလို့ကုန်တော့ ပစ္စက္ခ အကြောင်း ခေါင်းစဉ်ရွှေ့ ကြပြန်လေသည်။ သားရေး၊ သမီးရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ မျက်မှောက် ရေးရာ သိစရာတွေ။ ဒီမှာလည်း သူငယ်ချင်းတွေ အားလုံးလိုလို သုတစွယ်စုံ သမားတွေ ဖြစ်သွား ပြန်ပြီ။ အားလုံးသိ၊ အားလုံးနားလည်။ အားလုံးက ဆရာ့ဆရာတွေချည်း။ ဂေါက်ရိုက်တာက အစ ကာရာအိုကေအဆုံး။ မြို့ပြ ယဉ်ကျေးမှုထဲ ကာလ တာရှည်စီးမျော ၀င်နေသည့် လူတွေချည်းဆိုတော့ ဘာသာစကားက တူနေမင့်ဟာကိုး။ ကျွန်တော့် သူငယ်ချင်း ဦးကြီး အသံတိတ်သွားပြီ။ သူက ဘာမှမပြောဘဲ ပြံုးပြီး သူငယ်ချင်းတွေ မျက်နှာတွေကို တစ်လှည့်စီ ကြည့်နေရှာသည်။ ဘာမှတ်ချက်မှ မပေးတော့။ မှတ်ချက်ပေးနိုင် လောက်အောင်လည်း သူ့မှာ အင်အားသတိ်္တ ရှိတော့ဟန် မတူ။ ကျွန်တော် သူ့ကိုကြည့်ပြီး ရုတ်တရက် ၀မ်းနည်းမိ။ သူပျော်သေးရဲ့လား။ စကားဝိုင်း တစ်ဝက်ကျိုးမှာ သူပါလာသေးရဲ့ လား။ ဒါနဲ့ ကျွန်တော်ကပဲ စကားလက်စသတ် လိုက်ပြီး လူစုခွဲဖို့ အချက်ပြလိုက်သည်။ ဦးကြီး ဆီလာရတာ လာရကျိုး နပ်ပါသည်။ ဦးကြီးနဲ့ တွေ့ရတာရော၊ အနေနီးလျက် အတွေ့ခက်တဲ့ တစ်မြို့တည်းသားချင်း ဆုံရတာရော။ စကား ပြောရလို့ ငယ်ဘဝ ပြန်ရောက်သွားတာရော။ ဦးကြီး အခန်းထဲ ရောက်မှ ယခင် အေးခဲနေတဲ့ ရဲဘော် ရဲဘက်စိတ်တွေ၊ ငယ်သူငယ်ချင်း အချင်း ချင်းစိတ်တွေ ပူနွေးပျော်ဆင်းလာပြီး တစ်ခန်းလုံး နေရာအနှံ့ စီးဆင်း စိမ့်ဝင်သွားသလို။ အခန်းတွင်း ရုတ်ခြည်း လင်းလက်သွားသလို။

၅။
ဦးကြီး အခန်းထဲမှ သူငယ်ချင်း တစ်စု ရှေ့ နောက်ထွက်ခဲ့ကြသည်။ အားလုံးဦးတည်ရာက ဓာတ်လှေကားဆီ။ ပြီးရင် အသီးသီး လူစုခွဲကြ။ ကိုယ့်လမ်း ကိုယ်ဆက်လျှောက်။ ဓာတ်လှေကား သွားရာလမ်းမှာ တစ်ဦးနှင့် တစ်ဦး စကား တစ်ခွန်းစ နှစ်ခွန်းစပဲ ပြောဖြစ်သည်။ ပြောစရာ စကားကုန်ပြီထင့်။ ဓာတ်လှေကားထဲ စုဝင်လိုက်တော့ ပူလာရမည့် အစား အအေးဓာတ်က ကျော ထဲစိမ့်ခနဲ ၀င်သွားသည်။ ဘာကြောင့်ပါလိမ့်။ သူငယ်ချင်းတွေ မျက်နှာကြည့်လိုက်တော့ မျက်နှာတွေက ဘာသိဘာသာ။ ခပ်မှိန်မှိန်။ ဦးကြီးအခန်းထဲမှာတုန်းက မြင်ခဲ့ရသည့် ကျွမ်းဝင် မျက်နှာတွေ မဟုတ်တော့ပြန်။ အထူးကုဆရာ ၀န်ကြီးက အထူးကုဆရာဝန်ကြီး ပြန်ဖြစ်သွား ပြီ။ ဆေးရုံအုပ်ကြီးက ဆေးရုံအုပ်ကြီးပြန်ဖြစ်သွား ပြီ။ ပါမောက္ခချုပ်ကြီးကလည်း ပါမောက္ခချုပ် မျက်နှာကြီးနဲ့။ ပါမောက္ခ၊ ဌာနမှူးကလည်း ပါမောက္ခ၊ ဌာနမှူးအမှတ်တံဆိပ် ရင်မှာချိတ်လို့။ ပြင်ပ အထူးကုဆေးခန်းပိုင်ရှင် ဆရာဝန်ကြီး ကလည်း သူ့မျက်နှာဖုံးနှင့်သူ အံကျ။
လူနာဦးကြီး၏ တစ်ပြန်တစ်လှည့် အားပေး လိုက်သည့် ရယ်မောသံကို ကျွန်တော်တို့ အားလုံး အချိန် တော်တော်ကြာထိ လိုအပ် နေဦးမည် ထင်သည်။

ဒေါက်တာအောင်ကြီး
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)...

No comments:

Post a Comment