Friday, October 8, 2021

အဖေနဲ့ စကားများဖူးသူတွေ ဖတ်ဖို့

အဖေနဲ့ စကားများဖူးသူတွေ စကားများတတ်သူတွေ စကားများခဲ့သူတွေ စကားများမဲ့သူတွေ ဖတ်ဖို့ ငယ်ငယ်ကပေါ့။ အသက် ၁၆နှစ်လောက် ဆယ်တန်းစာမေးပွဲ အောင်ခါစ။ ကျွန်တော့်ကိုယ် ကျွန်တော် အထင်တွေကြီးပြီး အရာရာကို ငါလုပ်နိုင်တယ်လို့ ထင်နေခဲ့တဲ့အချိန်။ ဖေဖေနဲ့ ကျွန်တော် မကြာခဏ စကားများခဲ့တယ်။ ဖေဖေက ဆူတယ်။ ကျွန်တော်က ပြန်ပြောတယ်။ ဖေဖေက တားတယ်။ ကျွန်တော်က ဇွတ်တိုးလုပ်တယ်။ ကျွန်တော်မှန်တယ်လို့ ကျွန်တော့်ဘာသာ ထင်ခဲ့တယ်။ အသက် ၂၀ ပြည့်တဲ့နေ့မှာ မနက်စောစောထပြီး မေမေ့ကို ကန်တော့တယ်။ အဲဒီတုန်းက မေမေက နှလုံးရောဂါအပြင်းအထန် ခံစားနေရတဲ့အချိန်ပေါ့။ မေမေက ပြုံးပြုံးလေး ကန်တော့ခံပြီး ဆုပေးတယ်။ အသံနွမ်းနွမ်းလေးပေမယ့် အားအပြည့်ပါတယ်။
အလိုရှိသမျှကို ကိုယ့်ဘာသာ ကြိုးစားယူနိုင်တဲ့ သားကောင်းတစ်ယောက် ဖြစ်ပါစေတဲ့။
အဲဒီအချိန်လေးခဏမှာ ကျွန်တော် ၁၆နှစ်သားလောက်ကနေ အသက် ၂၀ အထိ အဆင်မပြေခဲ့တဲ့ ဖေဖေ့ကို ရုတ်တရက် သတိရမိတယ်။ ကျွန်တော့်ဖေဖေဟာ ကျွန်တော်တို့ ငယ်ငယ်ကနေ အဲဒီအရွယ်အထိ လိုသမျှကို သူ့ခွန်သူ့အားနဲ့ ဖြည့်ဆည်းပေးခဲ့ပါလား။ အရာရာကို ဖေဖေဟာ ကြိုးစားခဲ့ရတယ်။ ရုန်းကန်ခဲ့ရတယ်။ အလွယ်တကူ ဘယ်ဟာမှ မရခဲ့ပါလားလို့ တွေးမိလာတယ်။ အဲဒီလိုပဲ မနက် ၅နာရီလောက် အလုပ်ထသွားရပြီး ညသန်းခေါင်မှ အိမ်ပြန်ရောက်တဲ့ ဖေဖေဟာ ကျွန်တော်တို့ကို နေကောင်းရဲ့လား။ ထမင်းကို ကျွန်တော်တို့ ကြိုက်တဲ့ဟင်းနဲ့ လုံလုံလောက်လောက် စားရရဲ့လား။ ကျောင်းမှာ စာလိုက်နိုင်ရဲ့လား။ ကျွန်တော်တို့ မောင်နှမတွေ အချင်းချင်း သင့်မြတ်ရဲ့လားဆိုတာတွေကို အမြဲတမ်း မေမေ့ကို မေးခဲ့တာကို ပြန်သတိရမိလာတယ်။ ကျွန်တော်က အကြီးဆုံးသားဆိုတော့ ဖေဖေရဲ့ ဂရုစိုက်မှုကို အခံရဆုံးဆိုတာကိုလည်း ကိုယ့်ဘာသာ သတိရမိသွားတယ်။ ကျွန်တော်လူပျိုပေါက်ဖြစ်တော့ ဖေဖေ စိတ်ပူမှာပေါ့။ ကျွန်တော် ရန်ဖြစ်မလား။ ကျွန်တော် မူးယစ်ဆေးသုံးမလား။ ကျွန်တော် နိုင်ငံရေးလုပ်မလား။ ကျွန်တော် အဖမ်းခံရမလား။ ဖေဖေ စိတ်ပူမှာပေါ့။ အရင်က ကျွန်တော် သတိမထားမိခဲ့ဘူး။ ကျွန်တော့်ဘာသာ တွေးတယ်။ ကျွန်တော့်ဘာသာ ယုံကြည်တယ်။ ကျွန်တော့်ဘာသာ လွတ်လပ်ချင်တယ်။ ကျွန်တော့်ဘာသာ အထင်ကြီးတယ်။ အမှန်အတိုင်းပြောရင် ကျွန်တော့်ဘာသာ ဘဝင်တွေမြင့်လို့ရယ်။ မေမေ့ကို ကန်တော့တဲ့ခဏ။ မေမေ့ရဲ့ ဆုပေးတာကို ကြားရတဲ့ခဏမှာ ကျွန်တော် ဖေဖေ့ကို မြင်မိတယ်။ ၄နှစ်လောက် ဖေဖေနဲ့ ကျွန်တော့်ကြားမှာ ဖြစ်ခဲ့သမျှ အဖုအထစ်တွေဟာ ဖေဖေ့ကြောင့်မဟုတ် ကျွန်တော့်ဘာသာ ဖြစ်နေခဲ့တာကို သဘောပေါက်လိုက်မိတယ်။ ကျွန်တော့်အတွက် လိုအပ်တာတွေကို ကျွန်တော့်ဘာသာ ကြိုးစားယူနိုင်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်ဖို့အတွက် ဖေဖေတစ်သက်လုံး ဒီအရွယ်အထိ ကျွန်တော့်ရှေ့ကနေ ကြိုးစားရုန်းကန်ပေးခဲ့ပါလားဆိုတာကို ကျွန်တော် မေ့နေခဲ့တာကို ကျွန်တော် ချက်ချင်း သတိပြုလိုက်မိတယ်။ ဖေဖေ့ကို ချုပ်ချယ်တယ်လို့ ကျွန်တော် အထင်မှားခဲ့တယ်။ ဖေဖေ့ကို ပညာမတတ်ဘူးလို့ ကျွန်တော် အထင်သေးခဲ့တယ်။ ဖေဖေ့ကို နိုင်ငံရေးဘာမှ နားမလည်ဘူးလို့ ကျွန်တော် အပြစ်တင်ခဲ့တယ်။ ဘယ်ဟုတ်မှာလဲ။ ကျွန်တော့်ဖေဖေ ကျွန်တော့်ရှေ့မှာ အမြဲရှိခဲ့တယ်။ ကျွန်တော့်ဖေဖေ ကျွန်တော့်ဘေးမှာ အမြဲရှိခဲ့တယ်။ ကျွန်တော့်ဖေဖေ ကျွန်တော့်နောက်မှာ အမြဲရှိခဲ့တယ်။ အဲဒီနေ့ကစပြီး ဘယ်တော့မှ ကျွန်တော့်ဖေဖေကို ကျွန်တော် အထင်မမှားတော့ဘူး။ အဲဒီနေ့ကစပြီး ဘယ်တော့မှ ကျွန်တော့်ဖေဖေကို ကျွန်တော် မမေ့တော့ဘူး။ အဲဒီနေ့ကစပြီး ဘယ်တော့မှ ကျွန်တော့်ဖေဖေကို ကျွန်တော် မစော်ကားတော့ဘူး။ ရှေ့မှာပဲဖြစ်ဖြစ် ကွယ်ရာမှာပဲဖြစ်ဖြစ် ကျွန်တော်ပြောရဲတယ်။ ကျွန်တော့်ဖေဖေဟာ ကျွန်တော့်အတွက် သူရဲကောင်းပဲ။ ကျွန်တော့်ရဲ့ ကိုးကွယ်ရာပဲ။ ကျွန်တော့်ရဲ့ ဆရာပဲ။ ကျွန်တော်အခု အသက် ၃၇နှစ်ရှိပြီ။ ကျွန်တော့်မှာ သမီးတစ်ယောက် သားတစ်ယောက် ရှိနေပြီ။ အဖေနေရာကိုလည်း ရောက်နေပြီ။ ကျွန်တော့်ဖေဖေနဲ့ပတ်သက်လို့ ပြန်တွေးလိုက်တိုင်း အဲဒီ အသက် ၂၀ ပြည့်မွေးနေ့က ကျွန်တော်ရခဲ့တဲ့ အသိတရားဟာ ကျွန်တော့်တစ်ဘဝလုံးကို အတော်လေး ကျေးဇူးပြုခဲ့ပါလား။ ကျွန်တော် အခုအဖေဖြစ်တဲ့အချိန်မှာ ပြန်တွေးလိုက်တိုင်း အဲဒီတုန်းကသာ ကျွန်တော် ဆက်မိုက်နေခဲ့ရင် ဖေဖေ့ကို အထင်တွေ ဆက်မှားနေခဲ့ရင် ကျွန်တော့်ဘဝကြီး အမှားကြီး ဆက်မှားတော့မှာပါလားလို့ အကြိမ်ကြိမ် ပြန်တွေးနေမိတယ်။ အဲဒီနေ့ကစပြီး ဒီနေ့အထိ ဖေဖေနဲ့ ကျွန်တော် စကားများရတာ ငြင်းခုန်ရတာ ဘာမှ မရှိတော့ဘူး။ By Ye Min Oo

No comments:

Post a Comment