Monday, September 9, 2013

နန်းတွင်းက ကြမ်းခင်း (မြင့်သန်း)

နန်းတွင်းက ကြမ်းခင်း (မြင့်သန်း)

ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့နေတဲ့ ဟိုတယ်က ပျင်းဖို့ကောင်းတယ်။ ပျင်းဖို့ကောင်းရတဲ့ အကြောင်းတစ်ခုကတော့ ဟိုတယ် သက်သက်မဟုတ်လို့ပဲ။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ရဆော့ဟိုတယ်။ တချို့အရပ်တွေမှာတော့ ရဆော့ဟိုတယ်ဆိုတာ အတော်ပျော်ဖို့ကောင်းတာ။ လူစည်တယ်၊ ပျော်စရာပါးစရာ စုံတယ်။ ရဆော့ဟိုတယ်ဆိုတာကလည်း အပန်းဖြေလာတဲ့လူတွေမို့ ပိုက်ဆံလည်းကောင်းကောင်း ပေးရတယ်။ ကျွန်တော်တို့နေတဲ့ ဟိုတယ်ကတော့ ရဆော့ဟိုတယ်ရဲ့ ရှိရမယ့်ဂုဏ်ရည်တွေ အကုန်ရှိပေတဲ့ လူမရှိသလောက်ပဲ။ မြို့နဲ့လည်း ဝေးတယ်။ မြို့ထဲဆီကနေလာရင် တစ်နာရီလောက် လာရတယ်။ အဝေးပြေးလမ်းမကြီးကနေ ခွဲထွက်၊ မြို့ပတ်လမ်းကနေမောင်းပြီး အတွင်းထဲကို ဆယ်မိနစ်လောက် ထပ်ဝင်ရသေးတယ်။ အထဲရောက်တော့မှ ဟိုတယ်ကို တွေ့ရတယ်။ အထပ်တွေအများကြီးနဲ့ ဟိုတယ်မျိုးလည်း မဟုတ်ဘူး။ ၀င်းကြီးကတော့ အကျယ်ကြီးပဲ။ အထဲမှာ နှစ်ထပ်တိုက်၊ တစ်ထပ်တိုက်တွေနဲ့။ ကျွန်တော်တို့ နေတာက ဟိုတယ်ရဲ့ တစ်ဖက်စွန်းမှာ။ ကျွန်တော်တို့ အဆောက်အဦတွေရဲ့နောက်က မီတာတစ်ရာလောက်မှာ အုတ်စည်းရိုး။ အဲဒီနောက်မှာ ချောင်းသာသာမြစ်ကလေး။ ကျွန်တော်တို့နေတဲ့အပိုင်းက အခန်းငါးခန်းစီရှိတဲ့ အဆောက်အဦကလေး လေးခုကို မျက်နှာချင်းဆိုင် ဆောက်ထားတာ။ စတုရန်းပုံရဲ့ အနားလေးဖက်လိုပဲ။ အလယ်ခေါင်မှာ မြေကွပ်လပ်ကလေးရှိတယ်။ အမြင့်ပိုင်းမှာဆောက်ထားတော့ ဟိုတယ်ရဲ့ တခြားအပိုင်းက အဆောက်အဦတွေကို မြင်နေရတယ်။ အဆောက်အဦတွေအများကြီး။ ၀င်းက အကျယ်ကြီး။ ရေကူးကန်ကို သုံးခုရှိတယ်။ ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့နေတဲ့အပိုင်းမှာ ကျွန်တော်တို့လူသိုက်ချည်းပဲ။

ဒီမှာလာပြီးနေကြရတိုင်း ဟိုတယ်မှာလာတည်းတဲ့လူ နှစ်ဆယ်လောက်ထက် ပိုမတွေ့ဖူးဘူး။ ကျွန်တော်တို့အဖွဲ့ထဲက ဆန်ဂျေးဆိုရင် ဒီဟိုတယ်ကို အတော်စိတ်ကုန်တယ်။ သူက အိန္ဒိယက။ မိဘက ကြေးရတတ်ထဲက။ လူကလည်း လူချော။ အမီတာဘဂျန်း ငယ်ငယ်ကရုပ်မျိုး။ ဒါနဲ့ပဲ သူ့ကို အမီတာလို့ပဲခေါ်ကြတော့တယ်။ သင်းက အားရင် တင်းနစ်ရိုက်ချင်တယ်။ အားရင်ဆိုတာထက် တစ်နေ့ကိုတစ်ကြိမ်လောက် တင်းနစ်ရိုက်လိုက်ရမှ။ ကျန်းမာရေးအတွက်လို့ ပြောပေတဲ့ အမှန်မှာတော့ အရူးတစ်မျိုးပဲလို့ ကျွန်တော်တို့က ထင်ကြတယ်။ ကျွန်ပြူတာနဲ့ပတ်သက်လို့တော့ မိုးပျံအောင်တော်တယ် ပြောရမှာပဲ။ သူလုပ်စရာရှိတာ လုပ်ပြီးရင် ရုပ်မြင်သံကြားက တင်းနစ်ပွဲတွေ ထိုင်ကြည့်တယ်။ ဒီတော့လည်း ကျွန်တော်တို့က သူ့ကိုပြောကြတယ်။ မင်းကိုအိန္ဒိယမှာမွေးလို့ ဥရောပမှာသာမွေးရင် ဖယ်ဒရာတို့၊ နဒါ(လ)တို့အရင် ကမ္ဘာကျော်မှာလို့။ ဒီလိုပြောပြန်တော့လည်း သူက သိပ်မကြိုက်ချင်လှဘူး။ ဘာကြောင့်မှန်းတော့ မသိဘူး။ ဒီဟိုတယ်မှာ တင်းနစ်ကွင်းဆယ်ကွင်းရှိတယ်။ နှစ်ကွင်းက မြက်နဲ့ကွင်း။ တင်းနစ်ရိုက်တံ ဘောလုံး စတာတွေက ဟိုတယ်ရဲ့ အားကစားကလပ်မှာ အလကားသွားယူလို့ရတယ်။ ပြဿနာက ရိုက်မယ့်လူမရှိဘူး။ ဧည့်သည်မရှိတော့ တင်းနစ်ရိုက်မယ့်လူ မရှိဘူး။ အားကစားကလပ်မှာရှိတဲ့ လူတွေကလည်း တင်းနစ်အရိုက်မကောင်းကြဘူး။ နောက်ဆုံးတော့ ဟိုတယ်ကပဲ ဆန်ဂျေးအတွက် တင်းနစ်အရိုက်ကောင်းတဲ့လူကို ငှားပေးရတယ်။ ဒီတော့ ဒီဟိုတယ်ကို ဆန်ဂျေးမကြိုက်တာ သူ့အပြစ်ချည်းပဲတော့လည်း မဟုတ်ဘူး။

ဒီဟိုတယ်ကို မကြိုက်တဲ့အထဲမှာ မိန်းမတွေလည်း ပါတယ်။ မိန်းမဆိုတာက ကျွန်တော်တို့အဖွဲ့ထဲက မိန်းမရှိတဲ့လူရဲ့ မိန်းမ။ မိန်းမမရှိတဲ့လူအတွက်တော့ မိန်းကလေးမိတ်ဆွေ။ တစ်ခါတလေ ကျွန်တော်တို့က တစ်လကိုးသီတင်း ဟိုတယ်မှာ နေကြရတတ်တယ်။ အဲဒီလိုအခါမျိုးမှာ အလည်လိုက်လာတဲ့ မိန်းမတိုင်း ဒီဟိုတယ်ကိုမကြိုက်ကြောင်း ထုတ်ပြောတတ်ကြတယ်။ အဓိကကတော့ စျေးလျှောက်စရာ နီးနီးနားနား မရှိလို့ပဲ။ မိန်းမဆိုတာကလည်း ဘယ်အရပ်ရောက်ရောက် စျေးလျှောက်ချင်ကြတာချည်းပဲ။ စျေးကလည်း မြို့ထဲမှာရှိတယ်။ ဒီကနေ လေးဆယ့်ငါးမိနစ် နာရီဝက် သွားရတယ်။ သွားဖို့ ကားနဲ့မောင်းမယ့်လူတွေကလည်း အဆင်သင့်ရှိတယ်။ ဒါပေတဲ့ မြို့ထဲဆီက ဟိုတယ်ကြီးတွေမှာလို ဟိုတယ်ကထွက်တာနဲ့ စျေးဆိုင်တွေဆီကို မရောက်ဘူး။ ၀ယ်တာမဝယ်တာ အပထား စျေးဆိုင်တွေကို လိုက်ကြည့်လိုက်ရမှ။ ကျွန်တော့်မိန်းမကိုယ်တိုင်ကလည်း ပြောဖူးတယ်။ ကျွန်မက ရှင့်လို အလုပ်လာတာမဟုတ်ဘူး။ နန်းတော်ထဲမှာ အကျယ်ချုပ်နဲ့ နေရတာမျိုးတော့လည်း မနေနိုင်ဘူးတဲ့။ ဒါကြောင့်မို့ပဲ ထင်တယ်။ ဒီဟိုတယ်မှာ ဟိုတယ်အမှုထမ်းတွေကလွဲလို့ ဧည့်သည်မိန်းမ အတော်တွေ့ရခဲတယ်။ တစ်ခါတလေ ဟန်းနီးမွန်းလာတဲ့ လင်မယား၊ မဟုတ်ရင် ကလေးတွေနဲ့လာတဲ့ မိသားစုထဲက ကလေးတွေရဲ့ အမေ။ ဒါမျိုးလောက်ပဲ။ ထူးထူးခြားခြားတစ်ယောက်တော့ ကျွန်တော်တို့ဆုံရတာ ရှိတယ်။ တစ်ကြိမ်မကဘူး။ ကျွန်တော်တို့ ဒီကိုလာတိုင်းလိုလိုတွေ့ရတတ်တော့ ပထမတော့ ဒီဟိုတယ်က အမှုထမ်းများလို့တောင် ထင်မိတယ်။ သူက ကျွန်တော်တို့နေတဲ့ အဆောက်အဦနဲ့ အတော်လှမ်းတဲ့အဆောက်အဦမှာ နေလေ့ရှိတယ်။ ကျွန်တော်တို့အတွက် အဆောက်အဦရဲ့ ကျောဘက်ဆီမှာ တင်းနစ်ကစားကွင်းဆယ်ကွင်းနဲ့ ရေကူးကန်ရှိတယ်။ တင်းနစ်ကစားကွင်းတွေရဲ့ အဆုံးလောက်ဆီမှာက ရေကူးကန်။ ရေကူးကန်ရဲ့ တခြားဖက်မှာ သစ်ပင်အုပ်ကလေးတွေ ရှိတယ်။ ကျွန်တော်တို့အခန်းကနေ ရေကူးကန်နဲ့ တင်းနစ်ကစားကွင်းကို မြင်နေရတယ်။ သစ်ပင်အုပ်ကလေးတွေရဲ့ နောက်ဖက်မှာ အဆောက်အဦတစ်ခုရှိတယ်။ အဲဒီအဆောက်အဦက ဒီဟိုတယ်ရဲ့ စျေးကြီးတဲ့ အခန်းတွေပဲ။ အဲဒီဆီမှာ နေတာ။

သူ့ကို စတွေ့တာက အေဒရီယံပဲ။ ဒီလို။ တစ်ညတော့ ကျွန်တော်တို့တစ်ဖွဲ့လုံး ညစာစားပွဲတစ်ခု သွားကြရတယ်။ အဲဒီက ပြန်လာတော့ မြက်ခင်းမှာထိုင်ပြီး အရက်သောက်ကြရင်း စကားဆက်ပြောကြတာ။ ညနှစ်နာရီထိုးရော။ ဒီတော့ နောက်တစ်နေ့ အိပ်ယာထ နောက်ကျတယ်။ မနက်ရှစ်နာရီလောက်မှာနိုးတော့ အေဒရီယံက သူ့အခန်းရဲ့ပြတင်းပေါက်က လိုက်ကာကိုဖယ်ပြီး ရေကန်ဘက်ဆီ လှမ်းကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် ရေကူးပြီးလို့ ကန်နံဘေးမှာထိုင်ပြီး လိမ္မော်ရည်သောက်ရင်း စာဖတ်နေတာကိုတွေ့ရသတဲ့။ အေဒရီယံက အခန်းထဲကနေ လှမ်းလှမ်းပြီးကြည့်တယ်။ နောက်တော့ အမျိုးသမီးက ထပြီး သူနေတဲ့ဘက်ဆီ ထွက်သွားတော့တယ်။ ဒီအကြောင်းကို မနက်စာစားတော့ သူက ပြောပြတယ်။ ဒီတော့ လူးက ကျွန်တော်တို့ကိုတာဝန်ယူတဲ့ စားပွဲထိုး နောင်ဆိုတာကို ခေါ်ပြီး မေးတယ်။ လူးက သူတို့စကားလည်း အတော်အသင့်တတ်တာကိုး။ အဲဒီအမျိုးသမီးက မစ်စစ်.. ဘယ်သူ ဆိုသလားပဲ။ ဘယ်သူဆိုသလားပဲလို့ ပြောရတာက သူတို့နာမည်တွေက ရှည်တယ်။ ခေါ်ရခက်တယ်။ စားပွဲထိုးကောင်လေးက မစ်စစ်လို့ခေါ်တော့ လင်ယောက်ျားရှိတဲ့ အမျိုးသမီးပဲ။ ကျွန်တော်က အေဒရီယံကို မင်းနောက်ကျသွားပြီလို့ လှမ်းပြောလိုက်တော့ ကျွန်တော်တို့ရဲ့ အတွင်းရေးမှူး ကလယ်က အေဒရီယံမှာ စောတာက အိပ်ယာထတာတစ်ခုပဲရှိတယ်လို့ ပြောရင်း ၀င်ပြီးထောက်ခံလိုက်တယ်။ စားပွဲထိုးကောင်ကလေးက အင်္ဂလိပ်လို အတော်ကလေး ပြောနိုင်ဆိုနိုင်ရှိတော့ ကလယ်ကပဲ မေးတယ်။ အဲဒီအမျိုးသမီးယောက်ျားရော ဘယ်မှာလဲ။ တစ်ခါတလေ လာတယ်။ လာလည်း တစ်ရက်နှစ်ရက်ပဲလို့ပြောပြီး သူ့ဘာသာ တစ်ခုခုတွေးနေပုံရတယ်။ ဆက်ပြောသင့်မပြောသင့် တွေးနေတာဖြစ်မယ်။ နောက်တော့မှပြောတယ်။ မိန်းမဆိုပေတဲ့ မစ်စထရက်သဘောပဲ ထင်တယ်။ သူ့ယောက်ျားက အတော့်ကို ချမ်းသာတယ်။ သူလား၊ သူ့ယောက်ျားလား မသေချာဘူး။ တစ်ယောက်ယောက်ကတော့ အဘိုးကြီးနဲ့ အမျိုးတော်တယ်ထင်တယ်။ ဒါကြောင့် တစ်ည ဒေါ်လာရှစ်ရာကျော်ပေးရတဲ့အခန်းမှာ လချီနေနိုင်တာလို့ပြောတယ်။

အဘိုးကြီးဆိုတာကတော့ ဒီဟိုတယ်ကြီးကိုပိုင်တဲ့ လူကြီးပဲ။ သူက ဘီယာကုမ္ပဏီလည်းပိုင်တယ်။ အဘိုးကြီးက စိတ်ရင်းအတော်ကောင်းတယ်။ အမြော်အမြင်လည်းရှိတယ်။ ဒီရဆော့ဟိုတယ်ကိုဆောက်ထားတာလည်း အမြော်အမြင်တစ်ခုနဲ့ပဲ။ သူက အုပ်ချုပ်ရေးပိုင်းကလူတွေ၊ မဟာမျိုးမဟာနွယ်တွေနဲ့လည်း အဆက်အသွယ်ရှိတယ်။ ရှင်းရှင်းပြောရရင်တော့ သူက အပြည်ပြည်ဆိုင်ရာအဆင့်ဝင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး။ ဒီတော့ ဒီဟိုတယ်ဟာ သူ့အကျိုးစီးပွားကို အထောက်အကူဖြစ်မယ့်ကိစ္စတွေမှာ အသုံးချဖို့ ဆောက်ထားတာပဲ။ ပိုက်ဆံရဖို့က အဓိကမဟုတ်ဘူး။ ဒီဘက်မှာ အရှုံးပေါ်သမျှ တခြားဟာတွေမှာ အနုတ်လက္ခဏာထည့်လိုက်ပြီး အမြတ်တော်ကြေး ဘာဘာညာညာကြေးတွေနဲ့ ထေလိုက်တော့ ဘာမှရှုံးစရာမရှိတော့ဘူး။ အဘိုးကြီးက ကနေ့အထိ သူ့စီးပွားရေးလုပ်ငန်းတွေကို တစ်လမှာတစ်ရက် လျှောက်ကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ရောက်နေတဲ့အချိန်နဲ့ သူလာတဲ့အချိန်နဲ့ တိုးနေခဲ့ရင် ကျွန်တော်တို့ကို လက်ဖက်ရည်ပွဲကလေးနဲ့ ဧည့်ခံလေ့ရှိတယ်။ ကျွန်တော့်ကိုတော့ ကောင်းပေ့ဆိုတဲ့ သင်္ဘောသီးနှစ်လုံး ပေးလေ့ရှိတယ်။ တစ်ခါက ဒီဟိုတယ်မှာစားရတဲ့ သင်္ဘောသီးထက် ကောင်းတာ မစားဖူးဘူးလို့ ပြောဖူးလို့။ သူလာတိုင်း သူ့အလုပ်သမားတွေနဲ့လည်း လိုက်ပြီး စကားပြောလေ့ရှိတယ်။ ပန်းခြံအလုပ်သမားတွေ၊ သန့်ရှင်းရေးအလုပ်သမားတွေအထိပဲ။ စကားစပ်မိတော့ ကျွန်တော်က ကျွန်တော့်အဖေဟာ သူ့လိုပဲ စီးပွားရေးမှာတော်တယ်လို့ပြောတော့ သူက ဆုံးမတယ်။ ခု မင်းတို့လူသိုက်ဟာ ၀ါသနာကြောင့်လုပ်နေကြတာ။ မင်းတို့ဘယ်လောက်ကြီးတော်တော် ၀ါသနာကြောင့်လုပ်တယ်ဆိုတာ မှန်သမျှဟာ ကြီးကြီးကျယ်ကျယ် ချမ်းသာမလာနိုင်ဘူး။ ကြီးပွားချမ်းသာချင်ရင် ၀ါသနာဆိုတာကလေး ဘေးနားချပြီး ကြိုက်ကြိုက်မကြိုက်ကြိုက် လုပ်သင့်တာကို လုပ်ရမှာပဲ။ ကြီးပွားချမ်းသာတဲ့လူတိုင်းဟာ လုပ်သင့်တာကို လုပ်ရမယ့်အချိန်မှာ လုပ်နိုင်ခဲ့တဲ့လူတွေချည်းပဲ။ မင်းတို့လို ကျေနပ်မှုအတွက် အချိန်ကုန်ခံနေကြတာ မဟုတ်ဘူးတဲ့။ ပြီးတော့ သူက အေဒရီယံနဲ့ကျွန်တော့်ကို သူ့ဟိုတယ်မှာ အလုပ်လုပ်ဖို့ခေါ်တယ်။ မင်းတို့လုပ်ကိုင်နေတာတွေကို မလုပ်ချင်တော့တဲ့တစ်နေ့ ဒီမှာလာပြီး လုပ်ငန်းကိုလေ့လာ။ လေးငါးလဆိုရင် မင်းတို့သဘောပေါက်မှာပဲ။ မင်းတို့လုပ်နေတဲ့အလုပ်လောက် မခက်ဘူး။ အန္တရာယ်လည်း မများဘူး။ မင်းတို့ လုပ်တတ်ကိုင်တတ်တာနဲ့ မင်းတို့လက်ထဲကို ဒီဟိုတယ်လွှဲမယ်။ မင်းတို့ ဂျီအမ်လုပ်ကြတဲ့။

ခုတစ်ခေါက် ဒီဟိုတယ်ကိုရောက်နေတုန်းမှာ အဘိုးကြီးလာတာနဲ့ ဆုံပြန်တယ်။ အဘိုးကြီးက တစ်ညနေဖက် ရေကူးကန်စောင်းမှာ လက်ဖက်ရည်ပွဲကလေးပေးပြီး ကျွန်တော်တို့နဲ့ ထိုင်စကားပြောတယ်။ အဲဒီတော့ ဟိုအမျိုးသမီးလည်း ပါလာတယ်။ သူက သူ့တူရဲ့မိန်းမဆိုပြီး မိတ်ဆက်ပေးတယ်။ ဒါပေတဲ့ ကျွန်တော်တို့နဲ့ အဲဒီအမျိုးသမီးနဲ့က သိပြီးကြပြီ။ သိကြရတာက ဒီလို။ တစ်ညနေဖက်ဆီတော့ ကျွန်တော်တို့လူသိုက် တောင်ခြေဖက်ဆီကို အသွားအပြန် ပြေးကြတယ်။ ဟိုတယ်ရဲ့ နောက်ဖေးပေါက်ကနေထွက်ရင် တောင်ခြေဘက်ကိုသွားတဲ့ လူသွားလမ်းရှိတယ်။ ဒီလမ်းက ဟိုတယ်ရဲ့ဝင်းအပြင်ဘက်က အလုပ်သမားတွေရဲ့အိမ်တွေဆီသွားဖို့ ဖောက်ထားပုံပဲ။ တောင်ခြေကို အသွားအပြန်ဆိုရင် သုံး-လေးမိုင်လောက်ရှိမယ်။ အဲဒီလမ်းကလေးပေါ်မှာ ကျွန်တော်တို့ကအသွား၊ သူက အပြန် မျက်နှာချင်းဆိုင် ဆုံကြတာ။ ပြေးနေကြရင်းမို့ လက်ပဲ ဝှေ့ယမ်းပြခဲ့ကြရတယ်။ မျက်မှန်းတန်းမိသွားတယ် ဆိုရုံပဲ။ လူးကတော့ ပြောတယ်။ အတော်တော့ချောတဲ့ အေရှံမ-ပဲတဲ့။ အဲဒီနောက် တစ်နေ့တော့ တင်းနစ်ရိုက်ကွင်းတွေဆီမှာ။ ဆန်ဂျေးတစ်ယောက် တင်းနစ်ရိုက်နေတုန်း ကျွန်တော်တို့လည်း အပျင်းပြေ ဘေးနားကထိုင်ကြည့်ရင်း နောက်ပြောင်နေကြတယ်။ အဲဒီအမျိုးသမီးရောက်လာပြီး သူ့ကိုယ်သူ မိတ်ဆက်ရင်း သူလည်း တင်းနစ်ရိုက်ချင်သတဲ့။ ဒါနဲ့ပဲ ဆန်ဂျေးက သူ့တင်းနစ်ရိုက်တံကို ပေးလိုက်ပြီး ရိုက်ခိုင်းတယ်။ အတော်ရိုက်နိုင်တယ်။ တစ်ပတ်တစ်ခါလောက် လာရိုက်ပါရစေလို့ခွင့်တောင်းတာနဲ့ ဆန်ဂျေးက သဘောတူလိုက်တယ်။ ဆန်ဂျေးမှမရိုက်လည်း ရိုက်မယ့်လူမှ မရှိပဲ။ ခဏရိုက်ပြီးတော့ ရေကူးကန်နားမှာ ကျွန်တော်တို့နဲ့အတူ လိုက်သောက်ရင်း စကားစမြည်ပြောဖြစ်သွားတာ။ သူ့နာမည်ကတော့ ခပ်ရှည်ရှည်ပဲ။ ခေါ်လို့မလွယ်လှဘူး။ ဒီတော့ ကျွန်တော်က သူ့နာမည်ထဲက စာလုံးတချို့ကိုထုတ်ပြီး ရတနာလို့ခေါ်ပါရစေဆိုတော့ သူက သဘောတူတယ်။ ဒီလိုနဲ့ပဲ သူ့ကို ရတနာလို့ခေါ်ကြတော့တယ်။ အဘိုးကြီးနဲ့ထိုင်ပြီးစကားပြောရင်း အဘိုးကြီးကပဲ သူ့တူမကို ဒီလူတွေက လူကောင်းတွေပါ။ မင်းကို စောင့်ရှောက်ကြမှာပါ။ မင်းအကူအညီလိုရင်ပြောလို့ပြောတော့ ကျွန်တော်တို့တောင် အံ့သြသင့်မိကြတယ်။

စကားအသွားအလာကိုထောက်ပြီး ပြောရရင်တော့ အဘိုးကြီးမှာ သားမရှိဘူး။ သမီးချည်းပဲ။ ရတနာရဲ့ယောက်ျားက သူ့သားလိုဖြစ်နေတယ်။ သူ့စီးပွားရေးလုပ်ငန်းတွေမှာ အတော်မျက်နှာလွှဲထားလို့ရတဲ့ သူမျိုး။ ဒီပြင် သူ့တူရဲ့အဖေ သူ့ယောက်ဖက နန်းတွင်းက။ နိုင်ငံရေးဘက်မှာ သြဇာရှိတယ်။ ပြောရမယ်ဆိုရင်တော့ မလိုင်ချည်းမို့ မြိုင်သဗျို့ဆိုတာမျိုးပဲ။ သူ့တူအကြောင်းပြောနေရင်း အဘိုးကြီးက ငါ့တူကတော့ကွာလို့ပြောပြီး စကားရပ်သွားတယ်။ ခဏကလေး သူ့ခြေထောက်ကိုလှမ်းကြည့်လိုက်ပြီး သူထိုင်နေတဲ့ကုလားထိုင်က လက်ကိုင်တန်းကို လက်နဲ့အသာဆုပ်လိုက်ရင်း၊ အလုပ်ကတော့ အတော်များသားလို့ပြောပြီး မသိမသာပြုံးလိုက်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ရိပ်လိုက်မိတယ်။ အဘိုးကြီးအနေနဲ့ ပြောမယ့်စကားကိုရုပ်ပြီး၊ စကားပြောင်းပြောလိုက်တယ်ဆိုတာ။ ဒေါက်တာအက်ကာမင်ရဲ့ လူတွေရဲ့ မိုက်ခရိုစရိုက်လက္ခဏာအကြောင်း လေ့လာခဲ့ဖူးတဲ့လူမှန်သမျှ ရိပ်မိတတ်တဲ့ လက္ခဏာတစ်ခုပဲကိုး။ ကျွန်တော်တို့ မသိသင့်ဘူးထင်လို့ ဖြစ်ချင်ဖြစ်မယ်။ မဟုတ်ရင် ရတနာမသိသင့်လို့ ဖြစ်ချင်ဖြစ်မယ်။ ဘာရယ်လို့တော့ ကျွန်တော်တို့အနေနဲ့ မသိသေးဘူး။ အဲဒီနောက်ပပိုင်းတော့ ရတနာနဲ့ မကြာမကြာတွေ့ရတတ်တယ်။ ဆန်ဂျေးနဲ့ တင်းနစ်ရိုက်တဲ့အခါပဲဖြစ်ဖြစ်၊ အေဒရီယံနဲ့ ကျွန်တော်တို့ နှစ်ယောက်တည်း ရေကူးကန်နံဘေးမှာထိုင်ပြီး နေ့ခင်းစာ ညနေစာစားတဲ့အခါမျိုးမှာဖြစ်ဖြစ် ကျွန်တော်တို့နဲ့ ကြံုရာဆုံရာပြောရင်း ၀ိုင်တစ်ခွက်သောက်လေ့ရှိတယ်။ သူ့ယောက်ျား မလာသေးဘူးလားလို့မေးရင်တော့ ကျွန်တော်တို့ခရီးထွက်နေတုန်းက ရောက်လာသလိုလို ပြောတယ်။ ကျွန်တော်တို့ကတော့ စကားအဖြစ် မေးမိလိုက်ကြတာပဲ။

တစ်နေ့တော့ ဟိုတယ်ထဲမှာ လူအတော်ပါးတယ်။ ပါးတာမှ လူမရှိသလောက်ပဲ။ ရတနာလည်း ရှိပုံမရဘူး။ ကျွန်တော်တို့အဖွဲ့ကလူတွေလည်း မြို့ထဲသွားသူသွား၊ စင်ကာပူဘက် စျေးဝယ်ထွက်သူထွက်မို့ အေဒရီယံနဲ့ကျွန်တော်ပဲ ကျန်ရစ်ခဲ့တယ်။ နေကလည်း အတော်ကလေးပူလို့ ရေကူးကန်ထဲမှာ ရေကူးကြပြီး ကန်နံဘေးမှာထိုင်ပြီး မြင်းဖြူဝီစကီ သောက်နေမိကြတယ်။ သူတို့အရပ်ကထွက်တဲ့ ၀က်အူချောင်း ချဉ်တင်တင်နဲ့ တောဟင်းချိုကိုမြည်းကြတယ်။ သူတို့တောဟင်းချိုက ကျွန်တော်တို့ဆီက တာလပေါ့ဟင်းနဲ့ ခပ်ဆင်ဆင်ပဲ။ အဲဒီတုန်းမှာပဲ ဗြုန်းခနဲ သတိရလိုက်မိတယ်။ ဒီဟိုတယ်က မီးဖိုခန်းမှာ သူတို့ဌာနေအစာ တွေလာပြီးချက်ပြုတ်ပေးလေ့ရှိတဲ့ မိုမိုဆိုတဲ့ အဒေါ်ကြီး။ ဒီအဒေါ်ကြီးကို အရင်လာခဲ့တဲ့ အခေါက်တွေကတည်းက သိတာ။ သူက အဘိုးကြီးရဲ့လက်စွဲ။ ကျောင်းဆရာမကြီးဘဝကနေ အနားယူထားတာ။ အချက်အပြုတ်ကောင်းတာနဲ့ အဘိုးကြီးက သူ့ဟိုတယ်မှာ အချိန်ပိုင်းအလုပ်ပေးထားတယ်။ ကျွန်တော်တို့က သူ့လက်ရာကြိုက်တယ်ဆိုလို့ ကျွန်တော်တို့ဒီမှာနေတဲ့အခါ သူ့ကို ခေါ်ထားတတ်ကြတယ်။ သူက အင်္ဂလိပ်လိုလည်း အတော်ကလေးပြောနိုင်တယ်။ အားရင် ကျွန်တော်တို့နဲ့ စကားပြောနေကျ။ စားပွဲထိုးကောင်ကလေးကို မိုမိုရှိသလားဆိုတော့ ရှိတယ်ဆိုတာနဲ့ သွားခေါ်ကွာ။ ဘီယာတစ်လုံးလည်းယူခဲ့လို့ ပြောလိုက်တယ်။ မိုမိုက ဘီယာတော့ ကြိုက်တယ်။ ဒီလိုနဲ့ မိုမိုရောက်လာပြီး ကျွန်တော်တို့နဲ့ စကားဝိုင်းဖြစ်သွားတယ်။ ပထမတော့ အစားအသောက်အကြောင်း ပြောကြရင်း နောက်တော့ အဘိုးကြီးတို့အကြောင်း၊ ရတနာတို့အကြောင်းတွေ ရောက်သွားတယ်။ အဲဒီတုန်း အေဒရီယံက အဘိုးကြီးက ငါတို့နှစ်ယောက်ကို ဒီဟိုတယ်မှာလာပြီး အလုပ်လုပ်ကြ၊ ကြီးကြပ်ကြလို့ပြောတယ်လို့ပြောလိုက်တော့ မိုမိုက ပြံုးတယ်။ ပြီးတော့ ပြောတယ်။ ဒီအဘိုးကြီးက တော်တယ်ဆိုတာ အဲဒါပဲ။ ဘယ်သူ့ကို ဘယ်လိုနေရာမှာသုံးရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ မင်းတို့နှစ်ယောက် ဟိုတယ်နဲ့ပတ်သက်လို့ ဘာမှမသိဘူးဆိုတာ သူသိတယ်။ ဒီတော့ မင်းတို့ကို ရင်းနှီးမြှုပ်နှံတဲ့သဘောပဲ။ သူက ပိုက်ဆံတင်မဟုတ်ဘူး၊ လူကိုလည်း အရင်းအနှီးလုပ်ထားတတ်တယ်လို့ မိုမိုကပြောတယ်။

ကျွန်တော်လည်း မနေနိုင်လို့ ရတနာအကြောင်း မေးကြည့်လိုက်မိတယ်။ မိုမိုက ဘီယာကို ဖြည်းဖြည်းချင်းငုံလိုက်ပြီးမှ ရတနာက သနားစရာကောင်းတယ်လို့ အရင်ပြောပြီး စကားကိုဆက်မပြောဘဲ ခဏနေလိုက်တယ်။ အဲဒီတော့ ရေကူးကန်တစ်ကြောလုံး ငြိမ်သက်နေမှန်း သတိထားလိုက်မိတယ်။ ကျွန်တော့်ခွက်ထဲကို အေဒရီယံက ၀ီစကီဖြည့်ပေးပြီး သူ့ခွက်ထဲကို ထည့်လိုက်တယ်။ နောက်တော့ မိုမိုက ဖြည်းဖြည်းချင်းပြောပြတယ်။ သူ့ယောက်ျားကလည်း လူကောင်းပဲ။ အဘိုးကြီးက မျက်နှာလွှဲလို့ ရတဲ့သူမျိုး။ တစ်ခုပဲ၊ ဒီကောင်က မိန်းမမြင်ရင် မနေနိုင်တဲ့ကောင်မျိုး။ ရတနာက အဘိုးကြီးတပည့်တစ်ယောက်ရဲ့ သမီး။ အနောက်နိုင်ငံလွှတ်ပြီး ပညာသင်ထားတာ။ နောင်ကို အဘိုးကြီးရဲ့လုပ်ငန်းမှာပဲ လုပ်ဖို့။ ဒါပေတဲ့ ဟိုအကောင်ကမြင်တော့ မနေနိုင်မထိုင်နိုင်ဖြစ်ရော။ သူ့မှာကလည်း သားကြီးမယားကြီး ရှိနေတယ်။ သူတို့ကိုကွာရင် ဆွေပြတ်မျိုးပြတ်တွေဖြစ်မယ်။ သူတို့ရဲ့စည်းဝိုင်းအတွင်းက ထွက်ရမယ်။ အဘိုးကြီးအလုပ်တွေလည်း လုပ်ပေးနိုင်မှာမဟုတ်တော့ဘူး။ ဒီတော့ အဘိုးကြီးကပဲ စီစဉ်ပြီး ပေးစားလိုက်တာ။ ငါသိထားသလောက်ကတော့ အဘိုးကြီးက သူ့တူကို ချည်ပြီးတုပ်ပြီးမှ ပေးစားတာ။ ဒီကောင်က နောက်ထပ်မိန်းမ ဘယ်နှစ်ယောက်ယူယူ ရတနာကို ကွာမပစ်ရဘူး။ ရတနာဟာ အမြဲတမ်း တရားဝင်ဇနီးပဲ။ တရားဝင်ဇနီး နောက်တစ်ယောက်ပေါ့ကွယ်။ မင်းသားကြီးလိုပေါ့ သိတယ်မဟုတ်လားလို့ပြောပြီး မိုမိုက ရယ်လိုက်တယ်။ တိုက်ရိုက်တော့ ဘယ်ဟုတ်မလဲ၊ ဓာတ်ပုံထဲတော့ မြင်ဖူးတာပေါ့လို့ ချက်ချင်းပဲ ကျွန်တော်က ဖြေလိုက်မိတယ်။ မိုမိုက ပြံုးတယ်။ ဓာတ်ပုံထဲမှာ နောက်က တန်းစီရပ်နေတဲ့မိန်းမတွေကို တွေ့ဖူးသလားလို့မေးလို့ ကျွန်တော်တို့နှစ်ယောက်စလုံးက စကားနဲ့မတုန့်ပြန်ဘဲ ချက်ချင်းခေါင်းငြိတ်ပြလိုက်တယ်။ ဒီတော့ မိုမိုကပြောတယ်။ တို့လူမျိုးမှာ အဲဒီလိုအလွှဲထဲ အဲဒီအဆင့်အတန်းထဲ ရောက်သွားခဲ့ရင် လူတစ်ယောက်ဟာ ပစ္စည်းတစ်ခုခုလိုပဲ။ အသုံးမရှိတဲ့အခါ မှန်ဗီရိုထဲထည့်ပြီး ပြထားလိုက်တဲ့အခြေအနေ ရောက်သွားရော။ မိုမိုက ပြောနေတာကို ခဏရပ်ပြီးမှ ဆက်ပြောတယ်။ ကောင်းတဲ့ဘက်ကပြောရင်တော့ လွှင့်မပစ်လိုက်တာထက်စာရင် တော်သေးတယ်လို့ ပြောရမှာပဲတဲ့။

အခု သူ့ယောက်ျားက ဘယ်မှာလဲလို့ အေဒရီယံက မေးလိုက်တယ်။ ငါက ဘယ်လိုလုပ်သိမှာလဲလို့ မိုမိုကဖြေပြီး မနှစ်ကတော့ ဒီကို နှစ်ခေါက်လောက်လာတယ်။ ဒီကောင့်မှာက တရားဝင်တာရော၊ မဝင်တာရော အများကြီး။ တစ်အိမ်တစ်ရက်နေရင်တောင် နှစ်ပတ်မလည်ဘူးထင်တယ်။ လာရင် ဒီမှာနေတယ်။ နေလည်း တစ်ရက်နှစ်ရက်ပဲ။ အဘိုးကြီးကြောင့် ဒီကိုမလာဘဲတော့ မနေရဲဘူး။ သူလာမယ်ဆိုရင် ရတနာက ဒီမှာ စောင့်ရတယ်။ ရတနာတို့က အရှေ့ဘက်ထဲက။ ဒီကနေ နှစ်နာရီသုံးနာရီ ကားနဲ့သွားရတယ်။ သူတို့ကလည်း ချမ်းသာပါတယ်။ ဒါပေတဲ့ ရတနာ့အတွက်တော့ ဘာမှမလုပ်ပေးနိုင်ကြတော့ဘူး။ ရတနာက ဟိုကောင်ရဲ့ တရားဝင် မြောက်ဘက်ကမယားလို့ လူတွေက လက်ခံထားကြတယ်လို့ မိုမိုကရှင်းပြတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုကောက်ချက်မှ မချတတ်ဘူး။ မိုမိုရဲ့ဘီယာကုန်သွားလို့ ကျွန်တော်ကပဲ ကောင်ကလေးလို နောက်ထပ်တစ်လုံးမှာလိုက်တယ်။ ငါ သုံးလုံးထက်ပိုမသောက်ဘူးလို့ မိုမိုက ရယ်စရာပြောတယ်။ ပြီးတော့မှ ငါကတော့ ကျောင်းဆရာမလုပ်ခဲ့ဖူးလို့လား မသိဘူး ငါ့စိတ်ထဲမှာ ဘဝင်မကျတာတွေရှိတယ်။ ဒါပေတဲ့လည်း ငါကိုယ်တိုင် ဘာမှမတတ်နိုင်ဘူးတဲ့။ မိုမို ဘာကိုဆိုလိုတာလဲလို့ ကျွန်တော်က စကားထောက်ပေးလိုက်တော့ မိုမိုက ရှင်းပြတယ်။ တို့တိုင်းပြည်က ဒီတစ်ကြောမှာ ခေတ်မီတယ်။ အနောက်တိုင်းဆန်တယ်ဆိုပေတဲ့ ရေးသားမထားပေတဲ့ ရှိနေတဲ့အစဉ်အလာတွေ အများကြီးပဲ။ ဘယ်သူမှ ဘာမှ မလုပ်နိုင်ဘူး။ အဲဒီအစဉ်အလာဆိုတဲ့အထဲမှာ ပိတ်မိနေတာတွေ အများကြီးပဲ။ နောက်တစ်ခုက ယောက်ျားကလေး လူငယ်တွေဟာ ထုံးစံအတိုင်း မချမ်းသာတဲ့လူက ချမ်းသာချင်တယ်။ ချမ်းသာတဲ့လူက ထင်ပေါ်ကျော်ကြားချင်တယ်။ ဘဝမှာရှိတဲ့ တခြားကျေနပ်သာယာစရာတွေကို မေ့ထားလိုက်ကြတော့ နောက်ဆုံးတော့ ငါခုနပြောတဲ့ မှန်ဗီရိုထဲကပစ္စည်းဘဝမှာ မလှုပ်နိုင်မရှားနိုင် ဖြစ်ကုန်ကြရတာပဲတဲ့။ မှန်ဗီရိုထဲက ခုန်ထွက်ကြပေါ့လို့ အေဒရီယံက နောက်လိုက်တယ်။ မိုမိုက ပြံုးရင်း မှန်ဗီရိုထဲက ခုန်ထွက်လိုက်လို့ မှန်ကွဲသွားရင် ရှတော့ရှမှာပဲလို့ ပြောတယ်။ အေဒရီယံက ဟုတ်တော့ဟုတ်သားပဲလို့ အမြင်မှန်ရသွားတဲ့အနေနဲ့ ကောက်ချက်ချတယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ ကျွန်တော်ကတော့ ကျွန်တော့်မိန်းမပြောဖူးတဲ့ နန်းတော်ထဲကအကျဉ်းသားဆိုတဲ့အကြောင်းကို သတိရလိုက်မိတယ်။

ဒီနောက်တော့ ကျွန်တော်တို့လည်း တခြားအကြောင်းတွေ ဆက်ပြောနေလိုက်မိကြတယ်။ နောက်တော့ မိုမိုက မင်းတို့စားချင်တာရှိရင်ပြော၊ ငါသွားပြီးချက်ထားမယ်။ ကနေ့တော့ ငါ အိမ်စောစောပြန်မယ်လို့ပြောတာနဲ့ ကျွန်တော်တို့စားချင်တာကလေးတွေ ပြောလိုက်ကြတယ်။ မိုမိုက ထိုင်ရာကထလိုက်ရင်း တို့ဘက်မှာပြောလေ့ရှိတာလေးတစ်ခု ငါ ပြောပြမယ်လို့ စကားခံလိုက်တယ်။ ပြီးတော့ ခုလိုပြောတယ်။ တို့ဆီမှာ သစ်ကောင်းကောင်းထွက်တယ်။ အကောင်းဆုံးသစ်သားကို နန်းတော်ကြီးဆောက်ဖို့ ပို့ရတယ်။ နန်းတော်ကြီဆောက်တော့ တော်ရုံကောင်းတဲ့၊ မာတဲ့သစ်တွေကို တခြားနေရာတွေမှာသုံးပြီး အကောင်းဆုံးသစ်၊ အကွက်အလှဆုံးသစ်ကို ကြမ်းခင်းတယ်။ ဖယောင်းမှန်မှန်တိုက်တယ်။ ဒီတော့ သစ်သားချင်းအတူတူ၊ အကောင်းဆုံးသစ်သားတွေက သူတို့ကိုယ်သူတို့ ဂုဏ်ယူကြသပေါ့။ သစ်သားချင်းအတူတူ၊ နန်းတွင်းရောက်ရတာချင်းအတူတူ တို့က အမြဲတစေ ဖယောင်းတိုက်ပြီး ပြောင်လက်နေအောင် ပွတ်သပ်ခံရတာလို့ ဂုဏ်ယူလေ့ရှိကြသတဲ့။ သူတို့မေ့နေတာတစ်ခုကတော့ သူတို့ဟာ လူတကာရဲ့ ခြေထောက်အောက်က ဆိုတာပဲ။ မိုမိုက သူပြောနေတဲ့စကားကို အဆုံးသတ်လိုက်ပြိး ပြံုးတယ်။ ကျွန်တော်တို့လည်း ပြံုးလိုက်ကြရင်း မတ်တတ်ထပြီး သူ့ကို ရိုသေသမှုနဲ့ လက်အုပ်ချီပြလိုက်ကြတယ်။ မိုမိုက ဘီယာအတွက် ကျေးဇူးတင်တယ်။ မင်းမိန်းမ လာရင်ပြော။ သူက ငါကြော်တဲ့ ၀ါးပိုးမျှစ်ခေါက်ကြိုက်တယ်။ ငါကြော်ကျွေးမယ်လို့ပြောပြီး ထွက်သွားတော့တယ်။ ကျွန်တော်တို့ရဲ့ မြင်းဖြူလည်း ခါးကျိုးပြီ။

နောက်သုံးရက်လောက်ကြာတော့ ကျွန်တော့်မိန်းမ ရောက်လာတယ်။ ကျွန်တော်တို့အလုပ်ကိစ္စတွေပြီးလို့ ပြန်ဖို့အချိန်ကျမှ ရောက်လာတာ။ တခြားအဖွဲ့သားတွေရဲ့ မိန်းကလေးမိတ်ဆွေ တစ်ယောက်နှစ်ယောက်လည်း ရောက်လာကြတယ်။ ကျွန်တော်ကပဲ ရတနာကို ကျွန်တော့်မိန်းမနဲ့အတူ တခြားမိန်းကလေးမိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးလိုက်တယ်။ သူတို့ချင်းလည်း ခင်သွားကြတယ်။ ကျွန်တော့်မိန်းမကလည်း ရတနာကို သနားနေပုံရတယ်။ ကျွန်တော်တို့တတွေ ပြန်ကြတော့မယ့်မနက်မှာ ကားတွေပေါ် ပစ္စည်းတွေတင်နေတုန်း ရတနာလာပြီး နှုတ်ဆက်တယ်။ ကျွန်တော့်မိန်းမအတွက် မြောက်ပိုင်းက ပိုးပဝါတစ်ထည် လက်ဆောင်ပေးရင် နောက်တစ်ကြိမ်လာရင် ဒီမှာ ကြာကြာနေဖို့ ပြောရှာတယ်။ အားလုံးကို နောက်တစ်ကြိမ်တွေ့ကြဦးစို့လို့ ပြောပြီး နှုတ်ဆက်တယ်။ ရဆော့ကက မန်နေဂျာက ဆန်ဂျေးကို နောက်တဲ့အနေနဲ့ ဟိုတယ်ရဲ့အားကစားကလပ်ကိုယ်စား စပို့ရှပ်တစ်ထည် လက်ဆောင်ပေးတယ်။ မိုမိုကလည်း မြို့ကြီးပြန်ရောက်ရင် ကျွန်တော်တို့ဝီစကီနဲ့မြည်းဖို့ သူကိုယ်တိုင်လုပ်ထားတဲ့ မြောက်ပိုင်းက ၀က်သားချဉ်ထုပ်တွေ လာပေးရှာတယ်။ ဟိုတယ်ကထွက်တော့ ကျွန်တော်တို့တစ်တွေစိတ်ထဲမှာ အတွေးကိုယ်စီပါလာကြတာ အမှန်ပဲ။ ဒီဟိုတယ်မှာနေရတာ ပျော်လှလို့တော့ မဟုတ်ဘူး။ ဒါပေတဲ့ လွမ်းစရာတစ်ခုခုကို ချန်ထားရစ်ခဲ့ရသလိုပဲ။ ကျန်ရစ်တာမဟုတ်ဘူး။ ချန်ထားရစ်ခဲ့ရတာ။ နောက်တော့ မိုမိုချက်ကျွေးတာတွေအကြောင်း စပြီး ပြောဖြစ်တယ်။ ပြောနေကြရင်း တစ်နေ့၊ ရေကူးကန်နံဘေးမှာ၊ မိုမိုနဲ့ကျွန်တော်တို့နှစ်ယောက် စကားထိုင်ပြောကြတဲ့အကြောင်းရောက်သွားတယ်။ အေဒရီယံက ငါတော့ သိပ်နားမလည်လှဘူးလို့ စကားခံပြီး ကျွန်တော့်မိန်းမကို မိုမိုပြောတဲ့ နန်းတွင်းက ကြမ်းခင်းထားတဲ့ သစ်သားကောင်းတွေအကြောင်း ပြောပြတယ်။ ကျွန်တော့်မိန်းမက ငြိမ်ပြီးနားထောင်နေတယ်။ အေဒရီယံပြောလို့ပြီးသွားတော့ ချက်ချင်းဘာမှပြန်မပြောသေးဘူး။ ခဏကြာမှ ကြမ်းခင်းတွေချောပြောင်နေတာကို အဲဒီအပေါ်လျှောက်သွားတဲ့လူတွေက သတိထားမိချင်မှ ထားမိမှာ။ တွေ့ချင်မှ တွေ့မှာ။ အဲဒီအပေါ် လျှောက်မသွားဘဲ ခပ်လှမ်းလှမ်းက ရပ်ကြည့်နေတဲ့လူတွေကသာ၊ အဲဒီကြမ်းခင်းတွေဟာ ဘယ်လောက်ချောပြောင်ပြီး ဘယ်လောက်ကျက်သရေရှိနေတယ်ဆိုတာတွေ သိကြမှာလို့ ပြောတယ်။ အဲဒီနောက်တော့ ဘယ်သူမှ ဘာမှထပ်ပြီးမပြောကြတော့လို့ ကားထဲမှာ ငြိမ်သွားတယ်။ ကားကို ကန့်လန့်ဖြတ်ပြီးတိုးလိုက်တဲ့လေရဲ့ တိုးသံကို မကြားရပေတဲ့လည်း ကားထဲကလူတွေက လေတိုးသွားဆိုတာကိုတော့ သိလိုက်ကြတယ်။

မြင့်သန်း

ချင်းတွင်းမဂ္ဂဇင်း

..

No comments:

Post a Comment