Thursday, May 3, 2012

ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ (ဒေါက်တာအောင်ကြီး)

ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ

၂ဝဝ၈ စက်တင်ဘာမှာ ကံကော်ဝတ်ရည် စာပေမှ သီရိဂန္ဓမာ စာစဉ် - (၂) အဖြစ် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေလိုက်တဲ့ ဒေါက်တာ အောင်ကြီးရဲ့ 'သီချင်းလူ၊ ပုံပြင်လူ၊ ငြိမ်းချမ်းလူ' စာအုပ်မှနေ "ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ" ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒေါက်တာအောင်ကြီးရဲ့ "ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ" ဆောင်းပါးဟာ ပိတောက်ပွင့်သစ်၊ ၂၀၀၇၊ ဇန်နဝါရီလထုတ်မှာ မူလ ပထမ ဖော်ပြ ပါရှိခဲ့တာ ဖြစ်ပါတယ်။ ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ

ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ

(၁)

အလုပ်သင် ဆရာဝန် ဘဝ စ,တော့ ဆရာမတွေ အလုပ်သမားတွေက ကျနော်တို့ တတွေကို ဒေါက်တာလို့ စ,ခေါ်တယ်။ ဆရာလို့လည်း ခေါ်တယ်။ မအောင်ခင်ကတော့ မောင်ကျောင်းသားပေါ့။ အောင်ပြီးပြီးချင်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို နေ့ချင်း ညချင်း မောင်အောင်ကြီး ကနေ ဒေါက်တာအောင်ကြီး၊ ဆရာအောင်ကြီး ဖြစ်သွားပါရော့လား။ ကျနော်တို့တတွေမှာ ဆေးရုံထဲ လမ်းလျှောက်ရတာကို ခြေနဲ့ မြေကြီး ထိတယ်မထင်။ မြောက်တောက် မြောက်တောက်၊ မော့တော့ မော့တော့နဲ့ပေါ့။ သားဖွားရုံမှာ တာဝန်ကျတုန်းက မွေးခန်းကနေ ခွဲစိတ်ခန်း (OT) ကို ဆရာဝန် တစု ချီတက်ကြရာမှာ လက်ထောက် ဆရာဝန် အစ်မကြီးက ရှေ့ဆုံးက။ သူ့နောက်က ကျနော်တို့တတွေ ခပ်မြောက်မြောက်ကလေး ကပ်လိုက်သွားကြ။ အရေးကြီးတဲ့ ခွဲစိတ်မှု တခု လုပ်တော့မယ့် ဆရာဝန်ကြီးတွေ ဂိုက်မျိုး။ ကော်ရစ်ဒါ တလျှောက် ဖြတ်လျှောက်သွားရာမှာ လူနာစောင့်တွေက ကျနော်တို့ တတွေကို ချစ်ခင် ကိုးစားတဲ့ အကြည့်နဲ့ ကြည့်နေရင်း တယောက်က "ဆရာဝန်တွေက ငယ်ငယ်လေးတွေ ရှိသေးတယ်နော်" လို့ မုဒိတာလေသံနဲ့ ပြောလိုက်တော့ ကျနော်တို့တတွေ ပိုလို့ မြောက်တောက်တောက် ဖြစ်သွားကြရလေ။ ဒါကို ရှေ့ဆုံးက အစ်မကြီးက ကြားဖြစ်အောင် ကြားလိုက်ပြီး "ဒါ ဆရာဝန် မဟုတ်သေးပါဘူး။ အလုပ်သင်လေးတွေပါ" လို့ တုံ့ပြန်လိုက်သဗျ။ ကျနော်တို့ရဲ့ အပျော်ဓာတ်လေး ဖျတ်ခနဲ ကွဲကြေသွား။ ခြေထောက်ကလည်း အဲဒီခါကျမှ မြေကြီးပေါ် ဒုတ်ဒုတ်ထိ ပြန်ကျ။

အလုပ်သင် ဆရာဝန် ဆိုတာ ဆေးရုံ ဆရာဝန် လောကမှာ အောက်ဆုံး အခြေခံ အကျဆုံး ဆရာဝန်ပါ။ ဆရာ့ ဆရာတွေ ခိုင်းသမျှ သိမ်းကျုံး လုပ်ရတာ။ စီမံ ဆုံးဖြတ်ခွင့် လုပ်ပိုင်ခွင့် သိပ်ရသူတွေ မဟုတ်ကြလေ။ လူနာတင်ရက် မဟုတ်တဲ့ ညနေနဲ့ ညတွေမှာပဲ ကျနော်တို့ တတွေက ရုံထဲမှာ အကြီးဆုံး ဆရာဝန် ဖြစ်သွား။ ကျန်တဲ့ရက်နဲ့ အချိန်တွေမှာတော့ လက်ထောက် ဆရာဝန်၊ ဘွဲ့လွန် ဆရာဝန်၊ ပထမ လက်ထောက် ဆရာဝန်၊ ဆရာဝန်ကြီး ဆရာဝန်ကြီးရဲ့ ဆရာ ဆရာဝန်ကြီး … … ရယ်လို့ အဆင့်ဆင့် ရှိကြလေတော့ ကျနော် တို့တတွေက ဟိုးတုံးအောက်က ပိစိကွေး ဖားကလေးတွေ။ ဒါပေမဲ့ ဆရာဝန်ကြီးတွေ မရှိချိန်မှာတော့ We reigned and ruled the ward ပေါ့ဗျာ။ အထူးသဖြင့် ကျေးလက်က တောသူ တောင်သားတွေက ကျနော်တို့ ဆရာဝန် ပေါက်စနလေးတွေကို ဆရာဝန်ကြီးရယ်လို့ အရိုးခံ ထင်ကြရှာတာ။ တခါက သွေးကင်ဆာ ဝေဒနာရှင် ကောင်လေးတယောက် ငိုယိုပြီး ကျနော် ထိုင်နေတဲ့ ဂျူတီခန်းထဲ ဝင်လာတယ်။ ကြမ်းပြင်ပေါ် ထိုင်ကန်တော့ပြီး။ သူ့ကို သင်္ကြန်ရက် အခါတွင်းမှာ ရွာပြန်ဖို့ ခွင့်ပြုပါမယ့် အကြောင်း မျက်ရည်လည်ရွဲနဲ့ တင်ပြပါတယ်။ ဟာ ဟ … ဒုက္ခပဲ၊ ငါက ဆရာဝန်ကြီး မဟုတ်လို့ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးကွလို့ ရိုးရိုးသားသား ပြန်ပြောလိုက်ရတယ်။ သူ့ခမျာ မယုံနိုင်ရှာ။ ကျနော်ဟာ သူအဖို့ ဆရာဝန်ကြီးပဲ၊ ကျနော် ပြန်ခွင့်ပေးရင် ရမှာပဲလို့ ထင်နေရှာတာ။ ပြန်ချင်တဲ့ အကြောင်းရင်းကလည်း ရွာမှာ ကျန်ရစ်တဲ့ နှမငယ်ကို လွမ်းလို့တဲ့။ တွေ့ချင်လို့တဲ့။ ဒါနဲ့ သင်္ကြန်ရက် အတွင်း ဆေးရုံမှာပဲ နားနားနေနေ နေဖို့ ရောဂါပျောက်မှ ရွာပြန်ပြီး နှမငယ်နဲ့ တွေ့ဖို့ ဖျောင်းဖျ လိုက်ရပါတယ်။ ပြဿနာက ဒီကလေးက သင်္ကြန် အတွင်းမှာပဲ ဝမ်းထဲ သွေးယိုပြီး ဆုံးပါးသွားတယ်။ ကျနော့်မှာ ကြားထဲက ကြေကွဲလိုက်ရတာ။

(၂)

ရုံထဲမှာ အငယ်ဆုံး ဆရာဝန် ဆိုတာ ကိုယ့်ကိုယ်ကို သိတော့ သိသလိုပဲ နေလိုက်ပါတယ်။ စားရာသောက်ရာ သွားရာလာရာ ကျနော်တို့က နောက်နား ခပ်ကျကျမှာ။ 'ရောင်း' လှည့်ရင်းလည်း ပြောစရာ မလိုပေဘူး နောက်နားကပဲပေါ့။ စကား ပြောရင်တောင်မှ ကိုယ်သိထားသော်လည်း ဦးအောင် ဝင်မပြောဘူး၊ သူများတကာတွေ ပြောပြီးခါမှ ဝင်ပြောတာ။ အများအားဖြင့် ကိုယ့်အထင် အမြင် ကိုယ့်ရင်ထဲမှာပဲ တိတ်တိတ်လေး သိမ်းဆည်းထားလိုက်တာ။ ဆရာကြီးတွေကလဲ ကျနော်ရဲ့ အထင်အမြင်တွေကို မေးမနေပါဘူး၊ မေးမနေအားပါဘူး။

ခွဲစိတ်ရုံ တာဝန်ကျတုန်း တရက်၊ ကလေးရုံက သူငယ်ချင်း အလုပ်သင် ဆရာဝန် တဦးက ဖုန်းဆတ်လာတယ်။ မတ္တရာနယ်ဘက်က ရှစ်နှစ်ရွယ် ကလေးမလေး သန်းထိုးလို့ (worm colic) သူတို့ဆီ တင်ထားတာ၊ အခုဗိုက်က တဖြည်းဖြည်း တင်းကားလာလို့ သန်ကောင်ကြောင့် အူလမ်းကြောင်း ပိတ်ဆို့နာ (Intestinal obstruction) ထင်ကြောင်း၊ လာကြည့်စေလိုကြောင်း ပြောတယ်။ ဒါနဲ့ အဲဒီနေ့ တာဝန်ကျ ခွဲစိတ် ဆရာဝန်ကို အကြောင်းကြားတော့ "တို့ရုံကို ရွှေ့လိုက်ကွာ၊ ဒီမှာ တင်ထားပြီး စောင့်ကြည့်ရအောင်" ပြောတာနဲ့ လူနာကို ကလေးရုံကနေ ခွဲစိတ်ရုံကို လွှဲပြောင်းယူခြင်း (Transfer in) လုပ်လိုက်ပါတယ်။ အူလမ်းကြောင်း ပိတ်ဆို့တဲ့ လူနာတွေမှာ ပေးမြဲ ကုထုံးအတိုင်း အစာအိမ်နဲ့ အူ အနားရအောင် နှာခေါင်းပိုက် ထည့်ပြီး အချိန်မှန်မှန် အစာချေရည်တွေကို စုပ်ပစ်ချင်း၊ သွေးကြောထဲမှာ ဆားရည်နဲ့ ဂလူးကို့စ်ရည် သွင်းပေးခြင်း၊ ဗိုက်ရဲ့ အပြည် အတင်း (Abdominal distension) ကို တိုင်းထွာ မှတ်သား နေ့စဉ် မှတ်တမ်းတင်ခြင်း စတာတွေ လုပ်ပါတယ်။ ဒုတိယနေ့ညမှာ ဗိုက်က တအား ဖောင်းတင်းလာ၊ ဝမ်းမသွား၊ လေမလည်၊ ဗိုက်နာတာကလဲ မခံမရပ်နိုင်။ ညတွင်းချင်းပဲ ခွဲစိတ် ဆရာဝန်လတ် (ဘွဲ့လွန်တတ်နေသူ) က လူနာရဲ့ ဗိုက်ကို ဖွင့်တယ်။ ဟုတ်တယ် အူလမ်းကြောင်း ပိတ်ဆို့နေတာ။ အူသိမ်ထဲမှာ အလုံးတွေ တော်တော်များများ စမ်းမိသတဲ့။ ပိတ်ဆို့နေတဲ့ နေရာက အလုံးကြီးကြီး တလုံးကိုပဲ ခွဲစိတ် ဖြတ်တောက်ပြီး အူနှစ်စကို ပြန်ဆက်တယ်။ နောက်တနေ့မနက် ကျနော်တို့ ရောက်သွားတော့ လူနာက ခပ်မှိန်းမှိန်း။ အဲဒီတုန်းက ကျနော်က အသားစ (Biopsy) တွေကို တာဝန်ခံ သိမ်းဆည်း၊ ဓာတ်ခွဲခန်းပို့၊ အဖြေရရင် စာအုပ်ထဲ ကူးထည့်ရတဲ့ တာဝန်ခံ အလုပ်သင် ဆရာဝန် ဖြစ်လေတော့ ညက ဆေးစိမ်ထားတဲ့ အူထဲက အလုံးကို ဓာတ်ခွဲခန်းထဲပို့ဖို့ ကျနော့် တာဝန်ပ။ ဓာတ်ခွဲခန်းပို့ဖို့ ပုံစံဖြည့်ရာမှာ ရောဂါအမည် ဘာရေးရမယ် မသိလို့ ခွဲတဲ့ ဆရာကိုမေးတော့ "အူကင်ဆာပေါ့ကွာ" လို့ လွယ်လွယ်ပဲ ဖြေပါတယ်။ ဒါနဲ့ အူကင်ဆာလို့ပဲ ပြီးစလွယ် ရေးထည့်လိုက်တယ်။ ဒါပေမဲ့ စိတ်ထဲက တနုံ့နုံ့။ ခုလုခုခု။ ဘယ်နှယ်ဗျာ … ဒီအရွယ်လေးမှာ အူကင်ဆာ ဖြစ်ရတယ်လို့။ ပြီးတော့လည်း အူသိမ်မှာ။ အူမကြီး ကင်ဆာသာ ကြားဖူးပါတယ်။ အူသိမ် ကင်ဆာရယ်လို့ မကြားဖူးပေါင်။ နေ့လယ် အိမ်ပြန် ထမင်းစား၊ ဆေးရုံကို ပြန်အသွား လမ်းမှာ ဆေးကျောင်း ခဏဝင်၊ စာကြည့်တိုက်သွား၊ Surgical Pathology ဆိုတဲ့ စာအုပ် ဝင်ငှား၊ ခွဲစိတ်ကုသမှု ဆိုင်ရာ ရောဂါဗေဒကျမ်း။ အူသိမ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေထဲက အလုံးအကျိတ် ရောဂါတွေကို Scan လုပ်ကြည့်လိုက်တယ်၊ Hamartoma လို့ ခေါ်တဲ့ မွေးရာပါ အကျိတ်အလုံးတွေကို အူမှာ တွေ့ရတတ်သတဲ့၊ အူသိမ်မှာ၊ အူမကြီးမှာ။ အပင်မှာ သဒွတ်သီးတွေ ပြွတ်သိပ် သီးနေစလို တွေ့ရသတဲ့။ ကင်ဆာ မဟုတ်သော်လည်း ကင်ဆာ အဖြစ် ကူးပြောင်း သွားနိုင်သတဲ့။ အဲဒီ ရောဂါထဲက Peutz-Jeghers Syndrome လို့ ခေါ်တဲ့ ရောဂါက ကလေးတွေမှာ အတွေ့ရများသတဲ့။ အူထဲက အကျိတ်တွေ အပြင် ပါးစပ်တဝိုက်၊ စအိုတဝိုက်၊ လက်နဲ့ ခြေတဝိုက်မှာ အမည်းပြောက်ကလေးတွေ တွေ့ရတတ်သေးသတဲ့။ ဒါနဲ့ နေ့လယ် နေ့ခင်း နေပူပူကြီးထဲမှာ ဆေးရုံးကြီးဆီ စက်ဘီး ဒုန်းစိုင်းနင်းပြီး ပြေးရပြန်။ ရောက်ရောက်ချင်း လူနာကို အပြေးကလေး သွားကြည့်။ ပါးစပ်တဝိုက်မှာ ကျနော် မျှော်လင့်ထားတဲ့ အမည်းစက်ကလေးတွေ။ ကျန်တဲ့ နေရာတွေမှာတော့ မတွေ့ရဘူး။ ကလေး အမေကို "ဒီအစက်ကလေးတွေက မွေးရာပါလား၊ ကြီးမှ ပေါ်လာတာလား" လို့ မေးကြည့်တော့ "မွေးကတည်းက သတိထားမိတာပါ" လို့ ဖြေပါတယ်။ ကျနော် ဝမ်းသာလုံးဆို့ပြီး ဆရာတွေဆီ ပြေး၊ လက်ထဲ စာအုပ်တန်းလန်းနဲ့၊ သက်သေထူဖို့လေ။ ပထမ လက်ထောက် ဆရာဝန်ကို ရှာပြီး ဒီအကြောင်း ဝမ်းသာအားရ ပြောပြတော့ ဆရာက မလှုပ်မခြောက်။ ထိုးပြတဲ့ စာအုပ်ကို စောင်းငဲ့ ကြည့်ဖော်တောင် မရ။ ရှားရှားပါးပါး ရောဂါတွေကို လာပြောရသလား၊ အူကြောင်ကြောင်ကောင်ပဲ ဆိုတဲ့ မျက်နှာပေးနဲ့ ထိုင်နေတယ်။ လူနာကိုလည်း လိုက်ကြည့်ဖော်မရ။ ဟုတ်သလေ၊ ဒီရုံမှာ သူက ဆရာကြီးပြီးရင် နံပါတ် (၂)၊ ကျနော်က ပိစိကွေး ဆရာဝန်။

ကျနော်လား၊ စိတ်မပျတ်ပါဘူး၊ နည်းနည်းတော့ ကသိကအောက် ဖြစ်သွားရတာပါ။ ဒါနဲ့ အဲဒီလူနာကို ကိုယ်တိုင်ကိုယ်ကျ ခွဲစိတ်ခဲ့တဲ့ ဆရာဝန်ကို မတွေ့တွေ့အောင်ရှာ၊ ရှင်းပြ။ စာအုပ်ပြ သက်သေထူ၊ သူက လူနာကို စိတ်ပါလက်ပါ လိုက်ကြည့်တယ်၊ ကျနော်ပြောတဲ့ ရောဂါကိုလည်း အတည်ပြုတယ်၊ ဒါပဲ၊ ပြီးပြီ။ "ကျနော်လဲ အစကတော့ ထင်မိသားဗျ၊ ဒါပင်မဲ့ ဒီလောက်ရှားတဲ့ ရောဂါ မဖြစ်နိုင်ပါဘူးလေ ဆိုပြီး ဆက်မလိုက်ဘဲ နေမိတာ" လို့ တွေးတွေးဆဆ ဝန်ခံပါတယ်။ သူက ဘွဲ့လွန်သင်တန်းသားမို့ သိချင် တတ်ချင် စူးစမ်းချင် စဉ်းစားချင်သေးတာ နေမှာ။ ပြောချင်တာက ကျနော်တို့ အလုပ်သင် ဆရာဝန် ပုစုခရုတွေ စကားကို ဆရာဝန်ကြီးတွေထံ ရွှေနားတော်သွင်း ခက်လှကြောင်းပါ။ ဒါကြောင့် ကျနော် ဆရာဝန်ကြီး မြန်မြန် ဖြစ်လိုက်ချင်တာ။ ဒါမှ ငါ့စကားနွားရ၊ ဟုတ်ပေါင် … ငါ့စကား သူတပါး နားထောင်ပေမပေါ့ ဆိုတဲ့ အတွေးနဲ့။

(၃)

သို့ပေမယ် ဆရာကြီး ဆရာဝန်ကြီး ဆိုတာ ချက်ချင်း တန်းဖြစ်သွားလို့ ရတာမျိုး မဟုတ်ပေဘူး။ တဆင့် တဆင့် တက်ရတာမျိုး။ ပညာအရာ၊ ကျွမ်းကျင်မှု အရာ ပြည့်စုံ ကုံလုံဖို့၊ အတွေ့အကြုံသမာ္ဘ၊ ရင့်ကျက်မှု၊ စောင့်ရပျိုးရတာ၊ စိတ်ရှည် သည်းခံရတာ၊ စောင့်ရတာ ကျနော်တို့ အတွက် အပန်းမကြီးလှချေတကား။ ဆေးကျောင်းတော်မှာ ခုနစ်နှစ် ခုနှစ် နွေတက်ခဲ့ပြီးမှဗျာ။ တချို့သော အလုပ်သင် ဆရာဝန်တွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာကြီး လုပ်တတ်ကြသဗျ။ ကျနော်တို့ မွေးခန်းမှာ ညဂျူတီကျတဲ့ အခါ လူနာတွေ ပို့တဲ့ ပို့ဆွမ်း စားကြရတာ အခါခါ။ မိခင်တွေက သူတို့ရဲ့ သားလေး သမီးလေးတွေကို အဖိတ်အစဉ် မရှိ၊ ထိခိုက်ရှနာခြင်း မရှိဘဲ အောင်အောင်မြင်မြင် မွေးဖွားပေးတဲ့ ဆရာဝန် ဆရာမတတွေကို သဒ္ဓာ ပိုလှတယ်။ ဒါကြောင့် မွေးခန်းကျတာ ပျော်စရာ။ ဝိုင်းအော်ကြ (ကလေးထွက်လာအောင်)၊ ဝိုင်းမွေးကြ၊ ဝိုင်းချုပ်ကြ၊ ဝိုင်းစားကြ။ ညဂျူတီကျတဲ့ အထဲက သူငယ်ချင်း အလုပ်သင် ဆရာဝန် တဦးကတော့ ထူးထူးခြားခြား။ သူနာမည်နဲ့ မုန့်တွေ၊ လက်ဖက်ရည် ကော်ဖီတွေ ခြင်းတောင်း တတောင်းပြည့် မကြာခဏ ပို့တာ ညစာပွဲတော် ကပ်တာ ခံရတယ်။ "ဟ … ဒီကောင်က ဘာများ ထူးလို့တုံး၊ ကိုယ်လဲ သူ့နည်းတူ ကလေး မွေးပေးလိုက်တာပဲ၊ ဘာကြောင့် သူ့ကျမှ တကူးတက စားစရာတွေ ပို့ပြီး ပူဇော်သမှု ပြုတာ ခံရသတုံး"။ နောင်မှ သိရတာက ကိုယ့်လူက ဆရာကြီး လုပ်တတ်သကိုးဗျ။ မွေးခန်းထဲ ကလေးမွေးရရင် ဆရာဝန် ဆရာမတတွေက ဝတ်ရုံကြီးတွေနဲ့ မျက်နှာစည်းတွေနဲ့ အကျအန အလုံအခြုံ ဖုံးထားကြရလေတော့ မိခင်လောင်းတွေက ကျနော်တို့ ဆရာဝန် တတွေကို မှတ်မိလေ့ မရှိကြဘူး။ မွေးခန်းထဲမှာက ကြောက်တာရော နာတာရောက ဖုံးလွှမ်းနေတာ။ ကျနော်တို့ ဆရာဝန် ပေါက်စနလေးတွေကို ဘယ်သတိမူမိလိမ့်မတုံး။ ကျနော့် သူငယ်ချင်း အကောင်းစားကြီးက ကလေး မွေးပြီးလို့ မိခင်နဲ့ ကလေး မွေးခန်းထဲကနေ လူနာ အခန်းဆီ ပြန်ပို့ရင် မသိမသာ ကပ်လိုက်သွားတယ်။ ပြီးရင် မိခင်နဲ့ တွေ့၊ အာလာပ သလ္လပပြော၊ သူကိုယ်တိုင် ကလေးကို ဘယ်လို ခက်ခက်ခဲခဲ မွေးခဲ့ရတယ်ဆိုတာ ဂုဏ်တင် (တကယ်က ပုံမုန် ကလေးမွေးတယ် ဆိုတာ သူ့ဘာသာသူ ထွက်လာတာ)၊ ပြီးရင် ကလေးကို နို့တိုက်ဖို့ ပြုစုဖို့ တတ်သိသလောက် လက်ချာပေး၊ မိခင် အသစ်စက်စက်ကလေးက ရင်ခွင်ထဲမှာ ကလေးထွေးပိုက်၊ အနာမရှိ၊ ဘယာမရှိ။ ဆရာရဲ့ ချိုမြတဲ့ အသံနဲ့ ဆံပင်ကို နောက်လှန် ဖြီးသင်ထားတဲ့ ဥပဓိရုပ်ကလည်း သဘောကျစရာ။ ဒါနဲ့ သူ့ကို ဆရာဝန်ကြီး ထင်လိုက်လေ။ ဒီလိုနဲ့ ဆရာကြီးရဲ့ နာမည်မေးပြီး နောက်ညတွေမှာ အဲဒီ ဆရာဝန်(ကြီး)ရဲ့ ဂျူတီချိန်တိုင်း မုန့်တခြင်းကတော့ ပုံမှန် ရောက်လာခဲ့ပေါ့။ ကျနော်တို့ မနူးမနပ် ဆရာဝန်ငယ် တစုကတော့ လာပို့တဲ့ မုန့်ကိုလည်း ဝိုင်းနှိပ်၊ အပို့ခံရတဲ့လူကိုလည်း ဝိုင်းနှိပ်။ သူက ဒီလို ဒီလို ဆရာငယ် ဘဝကတည်းက ဆရာကြီး ဖြစ်အောင် လုပ်တတ်တာ။ ကာတွန်း ငွေကြည်ရဲ့ ကာတွန်းထဲကလို "ဆရာ ဆရာ" ခေါ်တော့၊ ဆရာလို့ ခေါ်ခံရသူက "ငါ့ကို ဆရာ မခေါ်နဲ့ကွ" လို့ ပြန်ပြောတယ်၊ "ဒါဖြင့် ဘယ်လို ခေါ်ရမှာတုံး" လို့ မေးတော့၊ "ငါက ဆရာ မဟုတ်ဘူး၊ ဆရာကြီးကွ" တဲ့လေ။ သူကတော့ အလုပ်သင် ဆရာဝန် ဘဝကတည်းက "ဆရာကြီးကွ" ဖြစ်ခဲ့သူပေ။

(၄)

ဆရာဝန် တင်းတင်းဖြစ်တော့ ဆေးကျောင်းမှာ တာဝန်ကျ။ အဏုဇီဝဗေဒ ဌာနမှာ သရုပ်ပြ။ ဒါကလည်း သင်ကြားရေး ဌာန တခုမှာ အခြေခံ အကျဆုံး ဆရာ။ သူ့အောက်မှာက ဓာတ်ခွဲခန်း လက်ထောက်၊ ဓာတ်ခွဲခန်းအကူ၊ ရုံးအကူပဲ ရှိတော့တာ။ သူ့တို့တတွေက ကျနော် ဌာနမှာ အလုပ်စဝင် ကတည်းက ဆရာဦးအောင်ကြီးလို့ ခေါ်တော့ ကျနော်နည်းနည်း စိတ်မြောက်မိပြန်ပေ့ာ။ ခြေတော့ မမြောက်နိုင်တော့လေ။ ကိုယ့်နာမည်ကို ဦးတပ်ခေါ်လိုက်တော့ နားက ခပ်ရှိန်းရှိန်း။ နောင်တော့ နားနေသားကျသွား။ အမယ် နေသားကျသွားတာ တော်တော်မြန်သဗျ။ ဦးတပ် မခေါ်တော့ရင်တောင် နားရွက်က လှုပ်ချင်ချင်။ တရက်မှာ ငယ်ဆရာကြီး တဦး ဌာနကို ပေါက်ချလာပါတယ်။ ဌာနရောက်တော့ ဓာတ်ခွဲခန်း အကူနဲ့ တန်းတိုးတယ်။ ဆရာကြီးက "မောင်အောင်ကြီး ရှိသလား"မေးတော့ သူက "မရှိပါဘူး" ဖြေတယ်။ ဒါနဲ့ ဆရာကြီးက ရိပ်စားမိပြီး "ဒေါက်တာ အောင်ကြီးကော" လို့ ဆက်မေးတော့ သူ့အဖြေက မရှိပါပဲ။ နောက်ဆုံး "ဒေါက်တာ ဦးအောင်ကြီး ရှိသလား" လို့ မေးတော့ခါမှ ပျာပျာသလဲ "ဟာ … ဟုတ်တယ်၊ ရှိတယ်" ဖြစ်ကရော။ ကျနော်ရှိတာကို တန်းညွှန်လိုက်လေရဲ့။ သူတို့နားထဲမှာ ဒေါက်တာ ဦးအောင်ကြီးလို့ ကြားလိုက်မှ Code နဲ့ Key က ပွင့်သွားတာ။ ဆရာက "မင်းလူတွေကကွာ … ဒေါက်တာ ဦးအောင်ကြီးလို့ ပြောမှ ငါ့ကို မင်းနဲ့ တွေ့ခွင့် ပေးတော့သကွ" လို့ ရယ်ရယ်မောမော ဂုဏ်တယူယူ ပြောရှာတယ်။ ကျနော့်မှာ မျက်နှာရော နားရွက်ပါ ရှိန်းတိန်း ဖိန်းတိမ်း။ ငယ်တုန်းက ကျနော်တို့ သိပ်ချစ်ကြောက်ရတဲ့ ဆရာကြီးက ကိုယ့်ရှေ့မှာ ငုတ်တုတ်ထိုင် ပြောနေတော့။ ဒီဌာနမှာလည်း ကျနော့် အထက်မှာ လက်ထောက် ကထိက၊ ကထိက၊ ပါမောက္ခ၊ ဆရာ အဆင့်ဆင့်။ ဖြည်းဖြည်းပေါ့ဗျာ၊ ကိုယ့်အထက်မှာ ဆရာတွေရှိတော့ ဘာလုပ်ရလုပ် စိတ်လုံတာပ။ အဖျင်းဆုံး နေ့လယ်ခင်း လစ်ပြီး ရုပ်ရှင် ခိုးကြည့်ရကြည့်ရ၊ ပါမောက္ခ/ဌာနမှူး ဆိုလို့ကတော့ ရုပ်ရှင် လစ်ကြည့်ဖို့ နေနေသာသာ အိမ်သာတောင် ဖြောင့်အောင် သွားရတာ မဟုတ်ဘူး။ ဖုန်းက ခဏ ခဏမြည်လို့။

ဘွဲ့လွန်ရပြီး ဆရာဝန် ပေါက်စဘဝ နယ်တွေ လှည့်လည် ကွင်းဆင်းရတဲ့ အခါ၊ အလည်အပတ် သွားတဲ့အခါ တွေ့တဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း ဆေးရုံကြီးတွေက ဆရာတွေကို မေးကြည့်လိုက်ရင် ကိုယ်ထက် စီနီယာ ကျသူတွေချည်း။ မန္တလေးဆင်း ဆိုရင် အချင်းချင်း မြင်ဖူးနေ သိနေလေတော့ ဆရာဝန်ကြီး ဆိုရင် အစ်ကို၊ ဆရာဝန်မကြီး ဆိုရင် အစ်မ တန်းခေါ်လိုက်ရုံ။ ရန်ကုန်ဆင်း ဆရာတွေနဲ့ တွေ့ရင် ဘယ် Batch ကလဲလို့ မသိမသာ ထောက်လှမ်းပြီးမှ ပဋိသန္ဓာရ ပြုရ၊ ပြောဆိုရတယ်။ ဒီမှာလည်း ၉၉ ရာခိုင်နှုန်းက ကိုယ့်ထက်ကြီးသူတွေ။ နောင်ကွင်းဆင်းသက် တော်တော်ရလာတော့ ကျနော်တို့နဲ့ Batch တူသူ၊ ကျနော်တို့ထက် ဂျူနီယာ ကျသူတွေက တစထက်တစ များလာတာ သတိပြုမိတယ်။ အခုတော့ နယ်ဆေးရုံတွေ ရောက်ရင် ဘယ်နှစ်ဆင်းလဲ မေးမနေတော့ပါဘူး။ မြင်မြင်သမျှဟာ ကိုယ့်တပည့် ဖြစ်ရမှာ ဆိုတဲ့အတွေးက ငယ်ထိပ်မှာ။ ဟုတ်တာ မဟုတ်တာ နောင်မှ ကြည့်ရှင်း၊ ကိုယ်က ၅ဝ ကျော် ၆ဝ တွင်းကို အလျှင်အမြန် အပြေးအလွှား ချဉ်းကပ် နေချေပြီကိုး။

(၅)

အခုတော့ ဌာနမှာ ကိုယ့်ထက်ကြီးသူ သိပ်မရှိတော့ဘူး။ အချိန်ရဲ့ တိုက်စားမှုကြောင့် ဆရာကြီးတွေ၊ ဌာနက ဗီရို အဟောင်းကြီးတွေနဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်း အဟောင်း အမြင်းတွေကပဲ ကိုယ့်ထက် သက်တမ်းကြီးမှာ၊ စီနီယာကျမှာ သေချာတယ်။ ဒီလို အချိန်ကျမှ ကိုယ့်အထက်မှာ လူမရှိတော့တာ၊ လူမရှိတော့မှာ တွေးပူပန်မိ။ အခက်အခဲကြုံရင် ပြဿနာ တခုခု ကြုံရရင် ဘယ်သူ့ကို တိုင်တည်ရမတုံး။ ဘယ်သူ အကြံကို နာခံရမတုံး။ ဘယ်သူ အရိပ်ကို ခိုပြီး စိတ်လုံရပါ့။ မိမိမှားရင် ထောက်ပြ လမ်းညွှန်မယ့် ဆရာကြီးတွေ မရှိတော့တာ ဝမ်းသာဖွယ်လား၊ ဝမ်းနည်းဖွယ်လား။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူတော့ သုဘဒ် ရဟန်းကြီးက "င့ာရှင်တို့ … ငါ့တို့ကို ချုပ်ချယ် မြစ်တားမယ့်သူ မရှိတော့ဘူး" လို့ ပြောသလို နှလုံး ပိုက်ရလေမည်လား။ ကျနော်တို့ မန္တလေးဆင်း ဆရာဝန်တွေကို ဟိုတုန်းကလို မှားရင် ချက်ချင်းထောက်ပြ၊ ခေါ်ပြ၊ ခေါ်ဆုံးမမယ့် မာမီကြီး၊ မာမီလေး၊ အဘတို့တတွေ မရှိတော့တာ …။ ဆရာ မရှိခြင်းဟာ၊ ဆုံးမမယ့်သူ မရှိခြင်းဟာ ခြောက်သယောင်း နေတဲ့ ဖုန်းဆိုးတောကြီးတွင်း နေရခြင်းပေလား။

မြတ်ဗုဒ္ဓပင်လျှင် ဘုရား ဖြစ်တော်မူသည့် အခါ သူ့ထက်မြင့်သူ၊ ပူဇော်ထိုက်သူကို စကြဝဠာ တခွင် ဖြန့်ကြက်ကြည့်သတဲ့။ သူ့ထက်မြင့်သူ ပူဇော်ထိုက်သူကို မတွေ့ရပါတဲ့။ သို့မို့ကြောင့် သူတွေ့ရှိတဲ့ တရားတော်ကိုပဲ အလေးအမြတ် ပြုပြီး နေသတဲ့။ ဆရာရှိဖို့ လိုအပ်လှသည်ဟု တစထက် တစ တနေ့ထက် တနေ့ ပိုပိုသိသိလာချိန်မှာ ပန်းချီဆွဲတဲ့ မော်းဒယ်ဂဲလ်လေးက ပန်းချီနဲ့ ပတ်သက်လို့ သူမှာ ဆရာ မရှိပါလို့ အင်တာဗျူး တခုမှာ ဖတ်လိုက်ရတော့ ကျနော်မှာ အံ့အားတသင့်။ တုန်လှုပ်ခြင်းကြီးစွာ။ အင်မတန် ငယ်နုသေးတဲ့ ပန်းချီ ဆရာကလေးကလည်း ဆရာ မရှိဘဲ ပန်းချီ ဆွဲတတ်လာသတဲ့။ ကျနော်ကတော့ ဆရာ ရှိချင်တယ်။ တရားဝင် ဆရာရော၊ တရားမဝင် ဆရာရော။ ဆရာ မရှိမှာ ကြောက်လှချည့်။

အသက် ၈ဝ၊ ၉ဝ အရွယ်မှာ ကိုယ့်ကို ဆုံးမနိုင်လောက်တဲ့ ဆရာတွေလည်း ရှိတော့မှာ မဟုတ်။ ကိုယ့်ထက်ကြီးတဲ့ ဆရာဘုန်းကြီးကလည်း လက်ချိုး ရေရတော့မှာ။ ဆရာဦးအောင်သင်း ပြောတဲ့ ကျောင်းဆရာ လူထွက်ကြီး သ/မလူကြီး ဝင်လုပ်လို့ကတော့ သေပြီဆိုတာ သတိရမိတယ်။ ဘယ်သူက ဘာပြောပြော "ဟေ့ကောင်၊ ငါသိတယ်၊ မင်းလျှာမရှည်နဲ့" ထဲကပဲ။ ကျနော်တို့ ဆရာကြီး တဦး ကျောင်းအုပ်ကြီး ဘဝက ပင်စင်ယူသွားပြီး ဘုန်းကြီး ဝတ်လိုက်တယ်။ ပြီးပြီ၊ နဂို ကတည်းကမှ ဆရာကြီးလို့ ဆိုနေမင့်ဟာ။ အကုန်သိ၊ အကုန်တတ်။ တရား အကြောင်းရော၊ အခြား တပါးသော အကြောင်းပါ တတ်သိ မြင်နှံ့နေတာ။ ဆရာဘုန်းကြီးဆီ တခါက ရောက်သွားတော့ အင်္ဂလိပ် အဘိဓာန်ကြီးဖွင့် သဲသဲမဲမဲ ကျက်မှတ်နေတာ တွေ့လိုက်ရ။ မေ့ကုန်မှာ စိုးလို့ ပြန်ကျက်နေတာတဲ့။ ကဲဗျား။ အဲဒီနောက်ပိုင်း ကိုယ့်မြို့ ရောက်သွားရင် ဆရာဘုန်းကြီးကျောင်းရှေ့ လူယောင် မပြဝံ့ဘူး။ ဆူနာမီ ကြောက်လို့။

ကျနော်က ဆရာမရှိတဲ့သူ၊ ဆရာ မရှိမယ်သူ အဖြစ်ကို တွေးရင်း 'အနာဂတ်သွေးလန့်မှု' ခုကတည်းက ရနေတာ။ ဒီကြားထဲ ဆရာ ဆရာမကြီး တချို့ရဲ့ ကမောက်ကမ ခြေချော် လက်ချော် စိတ်ချော်တာလေးတွေ တွေ့တွေ့နေရလို့ သွေးလန့်တာမှာ သွေးပျက်တာက အပို ထပ်ဆောင်းလာချေသေး။ ဘဝတိုတိုမှာရော ဘဝထိုထိုမှာရော ဆရာရှိသူ ဖြစ်စေသောဝ်။

ဒေါက်တာအောင်ကြီး

စာပြီးရက် - ၃၊ ၁၂၊ ၂ဝဝ၆။

source: myanmarisp

No comments:

Post a Comment