Thursday, May 3, 2012

ညနေခင်းမှုန်ရီဝေမှာ (ဒေါက်တာအောင်ကြီး)

ညနေခင်းမှုန်ရီဝေမှာ (ဒေါက်တာအောင်ကြီး)

''ဒီအချိန်ရောက်လာရင် ကျွန်တော့်စိတ်တွေ ဖောက်ဖောက်လာတယ် ဘယ်လိုပင်ကြိတ်မျို စိတ်ကိုက အူလည်လည်...'' ကျွန်တော်တို့ ငယ်စဉ်ကြားခဲ့ရတဲ့ မင်းသားကြီးဝင်းဦးရဲ့ တေးတစ်စပါ။ ကျွန်တော်တို့တတွေ နိုင်ငံရပ်ခြားမှာ ကာလအတန်ကြာနေခဲ့စဉ်တုန်းက တစ်နေ့တာလုံးမှာ ကျွန်တော်တို့ အကြောက်ဆုံးအချိန်က ညချမ်းရယ် နေချိန်တွေပါပဲ။ နံနက် အိပ်ရာထကတည်းက အလုပ်ထဲ ဇောနဲ့ နှစ်မြှုပ်နပမ်းလုံးလိုက်တာ ညနေတော်တော်စောင်းတဲ့အထိပေါ့။ အလုပ်ပြီးချိန် အစောဆုံးက ညနေ ၅ နာရီကျော်ကျော်။ တစ်ခါတရံ ၆နာရီထိ စွန်းသွားတတ်သေး။ ဆောင်းကာလဆိုရင် အဲဒီအချိန်တော်တော် မှောင်နေပြီ။ ကျွန်တော်က ဆရာနဲ့အတူ လူနာလိုက်ကြည့်တုန်းတန်းလန်း အပြင်ဘက်လှမ်းကြည့်လိုက်ရင် ညနေခင်းက ခဲပုပ်ရောင်ထနေပြီ။ ကိုယ်နေတဲ့သိုက်မြုံ ဘယ်အချိန်ပြန်ရောက်ရောက် ပြဿနာသိပ်မရှိလှပါဘူး။ ညနေခင်းတစ်ခင်းလုံးအား နေ မင့်ဟာ။ မြန်မာပြည်မှာဆိုရင်တော့ အဲဒီအချိန်က လူနာတွေနဲ့ တဝုန်းဝုန်း ချွေးသံတလုံးလုံးနဲ့ ယိမ်းက နေရတဲ့အချိန်ပေါ့။ ဟိုမှာက ညနေခင်းကို ဘယ်လိုကျော်ဖြတ်ရမလဲ စဉ်းစားနေရတာကိုက ပြဿနာ။

နိုင်ငံရပ်ခြားမှာ ငိုချင်းချကြတာကလည်း ပုံစံအမျိုးမျိုး။ အလွမ်းဖြေကြတာကလည်း ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်ပုံစံနဲ့။ ညနေခင်း အားအားနေတော့ လွမ်းလို့ကောင်းလှပေါ့။ ဆရာတစ်ဦးက သူ့အိမ်သူသက်ထားဆီ တစ်ရက်စာတစ်စောင် မှန်မှန်ရေးသတဲ့။ ဆရာတစ်ဦးကတော့ တစ်ပတ်စာတစ်စောင်။ ဆရာတစ်ဦးကတော့ တစ်လလုံးလုံးမှ စာတစ်စောင်။ အဲဒီခေတ်က သဘောင်္နဲ့ ဘိလပ်သွားကြရတဲ့ခေတ်။ စာက လမ်းမှာတင် တော်တော်ကြာတယ်။ ဆရာသမားတွေရဲ့စာကို ဒီကအိမ်သူ သက်လျာတွေ ဖတ်ရချိန်မှာ သူတို့ရဲ့ အလွမ်းတွေက ပုပ်သိုးလို့နေပေါ့။ သို့သော်လည်းပေါ့လေ...ပုပ်သိုးကာမှနေရော့... ရေးရမှာက ကိုယ့်တာဝန်။ ဒါမှ ညနေခင်းအချိန်ကုန်မှာ။ နှစ်ဦးသောဆရာသမားကတော့ တစ်ဦးနဲ့တစ်ဦးတွေ့တိုင်း ယောကျ်ားကြီး တန်မဲ့ ဖက်ဖက်ပြီး ငိုပွဲဆင်ကြလေသတဲ့။ အဲဒီထဲက ဆရာတစ်ဦးဟာ ဘိလပ်ရောက်ပြီးမကြာခင်ကာလမှာပဲ မြန်မာပြည်ကို ပြန်ပြေးလာသတဲ့။ အမိမြေရဲ့ခေါ်သံလေလား။ သက်ထားရဲ့ခေါ်သံလေလား။ အိမ်ကို နေ့စဉ်စာရေးတဲ့ တစ်ပတ်တစ်ကြိမ်စာရေးတဲ့ ဆရာကြီးနှစ်ပါးကတော့ ဟိုက ဒုက္ခသုက္ခတွေကို အောင့်အီး သည်းခံပြီးသကာလ ဘွဲ့တွေရ၊ အမိ မြေပြန်လာခဲ့။ မိသားစုပေါင်းစည်း ဇာတ်လမ်းပြီးလေသတည်းဖြစ်ရမှာ။ ဇာတ်သိမ်းက သည်လောက်မရိုးစင်းချေတကား။ အနှီဆရာကြီးနှစ်ဦးစလုံး မမောမပန်း အိမ်ထောင်သစ်တွေ ဆက်ဆက်ထူကြလေသတည်းတဲ့ဗျ။

အလွမ်းတွေစုဆောင်းထားတာများလွန်လွန်းလို့ လျံကျသွားလေသလားမသိ။ တစ်လမှတစ်ခါ တစ်ခါတစ်ရံ နှစ်လသုံးလမှတစ်ခါ အိမ်က သက်လျာကို စာရေးတတ်တဲ့ ဆရာကြီးက ''ကျွန်တော်ကတော့ မူလပထ မလက်ဟောင်းဇနီးကောင်းနဲ့ ပေါင်းသင်းလျက်ပါ''လို့ ဆိုရှာသဗျ။ ၀မ်းမြောက်ဝမ်းသာပြောတာလား။ ၀မ်းနည်းပမ်းနည်းပြောတာလား။ ကျွန်တော့်ဉာဏ်ပိစိကွေးနဲ့ ထောက်မမီပေဖူး။

ကျွန်တော်ကကော ဒီလိုဝေဝေ ရီရီညနေခင်းတွေကို ဘယ်လိုဖြတ်သန်းခဲ့သလဲ။ အလုပ်ကပြန်လာပြီး အခန်းပြန်ရောက်ရောက်ချင်း ကျွန်တော်ကမန်းကတန်း အဝတ်အစားလဲ၊ လမ်းလျောက်ဖိနပ်စွပ်ပြီး လမ်းထွက်လျောက်တော့တာ။ ကျွန်တော် လျှောက်လေ့ရှိတဲ့နေရာက မြို့ထဲဖက်မဟုတ်ဖူး။ မြို့စွန်တစ်ဝိုက်မှာ သူတို့စောင့်ရှောက်မွေးမြူထားတဲ့ တောအုပ်တွေရှိတယ်။ တချို့တော အုပ်တွေက ခပ်ကြီးကြီး ခပ်ထူထူ။ တချို့တောအုပ်တွေက ခပ်သေးသေး ခပ်ပါးပါး။ အဲဒီတောအုပ်တွေဖက် သွားလျှောက်တာ။ တစ်ခါတရံအဖိုး ကြီးအဖွားကြီးတွေ ခွေးဆွဲပြီးလမ်းလျှောက်ထွက်ကြတာ တွေ့ရတတ်တယ်။ တစ်ခါတရံ အပြေးလမ်း လျှောက်လုပ်နေကြတာ။ တောလမ်းလေးတွေက ကားလမ်းနဲ့မနီးမဝေး အပြိုင်ယှဉ်သွားနေတော့ လိုအပ်ရင် လမ်းပေါ်တက်ပြီး အကူအညီတောင်းလိုက်ရုံ။ အင်္ဂလိပ်တွေက သစ်ပင် သိပ်ချစ်တဲ့သူတွေ။ တောအုပ်တွေက လူရဲ့ချင်ခင်မှုနဲ့ကြီးပြင်းရတော့ တော်တော်ဖွံ့ဖွံ့ဖြိုးဖြိုးရှိတယ်။ တချို့သစ်ပင်ကြီးတွေက အမြင့်ကြီး။ တချို့နေရာတွေမှာ တောအုပ်က သိပ်သည်းလွန်းလှသမို့ နေရောင်ရော အလင်းရောင်ရော ကောင်းကောင်းမမြင်ရဖူး။ တစ်ခါတရံ တိတ်ဆိတ်ခြောက်ကပ်လို့။ တကယ်တော့ကြီးမျက်မည်း။ လမ်းမှာ တောင်ကုန်းလေးတွေတွေ့ရင် ကျွန်တော်တက်ပြီး ၀န်းကျင်တဝိုက် ဖြန့်ကျက်ကြည့်ဖြစ်တယ်။ Climb every mountain လို့ ဆိုသကိုး။ စိမ်းစိုသာမော လွင်ပြင်တောကြီးတွေ။ တစ်ခါတရံ မြူဇာပါးပါးလွှမ်းခြုံလို့။ လမ်းလျောက်ကအပြန် အခန်းပြန်ရောက်၊ ရေချိုး၊ ထမင်းစား၊ ပြီးရင် နားပေတော့။ လမ်းခပ်ပြင်းပြင်းကလေးလျှောက်ထားတော့ လူကခပ်နုံး နုံး။ အိပ်လိုက်တော့ တချိုးတည်း။ လွမ်းစရာအချိန်ကွက်လပ် ကြားညှပ်မရပြီ။

လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကျွန်တော်ဘိလပ်တစ်ခေါက် ပြန်ရောက်မှာ ဖြစ်တယ်။ ဟိုမှာမိတ်ဆွေသူငယ်ချင်းအိမ်တွေ လျှောက်လည်။ အက်ဒင်ဗရာမှာ အရင်ခြေချခဲ့ဖူးတဲ့နေရာတွေ အလွမ်းပြေတစ်ခေါက်ပြန်ကြည့်။ ကျွန်တော်ခဏခိုနားခဲ့တဲ့ ဆေးရုံကြီး နေရာမှာ စူပါးမားကတ်ကြီးက ထင်းထင်းကြီးနေရာယူလျက်သား။ ဆေးရုံကြီးကို မြို့စွန်ရွှေ့လိုက်သတဲ့။ မိတ်ဆွေတွေ အိမ်လိုက်လည်တော့ တူညီတာလေးတွေ တွေ့ရတယ်။ တစ်ခုကမိသားစုအများစုမှာ ကလေးမရှိကြဘူး။ ကလေးရှိရင်လည်း တစ်ဦးနှစ်ဦးထက် မပို။ ညနေခင်း အားလပ်ချိန်တွေကို သူတို့့တတွေ ဘယ်လိုသုံးသလဲ။ ဘယ်လိုဖြုန်းသလဲ။ ဒီမှာလည်း တူညီတာ တွေ့ရပြန်တယ်။ ဧည့်ခန်းတိုင်းမှာ တီဗွီ Screen ကြီးကြီးတစ်ခုက အခန့်သား နေရာယူထားတာတွေ့ရ။ ကြည့်စရာချန်နယ်တွေ၊ လိုင်းတွေ က များမှများ။ လိုင်းတစ်ခုပြီးတစ်ခု ပြောင်းကြည့်ရုံ။ ဒါနဲ့စိတ်အညောင်း ဖြေကြ။ နောက်စိတ်ထွက်ပေါက် တစ်ခုက အင်တာနက်လျောတိုက် ခြင်း၊ အီးမေး(လ)၊ Chat Room ။ ဖေ့(စ)ဘွတ်(ခ)။ သူတို့တတွေရဲ့ ညနေခင်းချိန်တွေကို ဒါတွေက စိုးမိုးနေရာယူထားကြ။ စာအုပ်စာ တန်းစုံစုံလင်လင် ရှိတဲ့အိမ်က တော်တော်နည်းတာတွေ့ရ။ ကျွန်တော်က အိမ်တစ်အိမ်ရောက်တိုင်း စာအုပ်စင် ရှာတာပဲ။ တွေ့ရင် မွှေတာပဲ။ သူဘာစာအုပ်တွေ အဖတ်အရှုများသလဲ။ ဒါကြည့်လိုက်ရင် အိမ်ရှင်ရဲ့စရိုက်နဲ့ စိတ်ဝန်းကျင်ကို မှန်းလို့ရပြီ။ ဒါက အဝေးရောက်မြန်မာတွေ ညနေခင်းအချိန်ကို ကုန်ဆုံးကြပုံ။

( ၂ )

ကျွန်တော်တို့ ဆရာဝန်အများစုရဲ့ ညနေခင်းကတော့ ရှင်းပါ့။ အားလုံးလိုလိုက ဆေးခန်းသံသရာထဲ တဝဲဝဲလည်။ တောင်ဖက်ဆေးခန်းကနေ မြောက်ဖက်ဆေးခန်းပြေး။ ပြီးရင် အရှေ့ဖက်ဆေးခန်းဆီရွှေ့။ နောက်ဆုံး အနောက်ဖက်ဆေးခန်းမှာ စခန်းသိမ်း။ ပြီးတော့ နွမ်းလျအိမ်ပြန်။ အိမ်ရောက်တော့ သတင်းစာလေး၊ ဂျာနယ်လေး ဟိုဒီကောက်လှန်။ ဘောရူးက ဘောပွဲကြည့်။ မိန်းမနဲ့ စကားစမြည်ပြော။ စကားစမြည် ပြောတယ်သာဆိုရတာ။ တကယ်က ''အင်း''လိုက်ရတာ ခပ်များများ။ တ အင်းအင်း အင်းရင်း အိပ်ပျော်သွား။ နောက်တစ်နေ့ဆေးရုံသွားဖို့၊ ဆေးခန်းဆက်ထိုင်နိုင်ဖို့၊ အစည်းအဝေးတက်ဖို့ အနားယူအားမွေးရရှာတာ။ တပေလျဉ်းလျဉ်း၊ တညှင်းဆိုးဆိုး။ ဆရာဝန်တွေ ညည်းလေ့ရှိတာက - ''နေဝင်တာ မမြင်ရတာကြာပြီ။ အဓိပ္ပါယ်ရှိရှိအချိန် (Quality time) တွေ နည်းလှတယ်။ မိသားစုနဲ့ တဖြည်းဖြည်း ကင်းကွာနေပြီ။ ငါ့ကိုရွှေ အိုရောင်ညနေခင်းတွေပြန်ပေး။''... စသဖြင့်၊ စသဖြင့်။ ဒီရွှေအိုရောင် ညနေခင်းတွေကို ကျွန်တော်တို့ဆီက ဘယ်သူက အဓမ္မလုယူ သိမ်းပိုက်သွားခဲ့ပါသလဲ။ ၁၉၈၈ အရေးအခင်းကာလတဝိုက် မြို့ကြီးတွေနဲ့ နယ်မြို့တွေ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာကတစ်ကြောင်း၊ လူတွေ ကျီးလန့်စာ စားနေနေရတာကတစ်ကြောင်းကြောင့် ကိုယ်ပိုင်ဆေးခန်းတွေ ခေတ္တပိတ်ထားပြီး ဆရာဝန်တွေ လွတ်လပ်ရေးရတဲ့ကာလကို ကြံုရတယ်။ ကဲဗျာ... ခင်ဗျားတို့ရဲ့ ညနေခင်းဝါ၀ါတွေ ပြန်ရပြီဗျာ။ ခင်ဗျားတို့ ဘာလုပ်ကြမတုန်း။ တစ်သက်လုံး ဆေးခန်းထဲအောင်းပြီး ခေါင်းမဖော်တမ်း လုပ်ခဲ့ကြတဲ့ ဆရာဝန်တွေ ဗလာဟင်းလင်း ညနေခင်းတွေကို ဘယ်လိုဖြတ်သန်းရပေါ့။ နီးစပ်ရာ လိုက်ကြည့်တော့ အားလုံးနီးပါး ယောင်တောင်တောင်။ အခွေပဲငှားကြည့်ရမလိုလို။ စာပဲဖတ်ရမလိုလို။ ကောလာဟလပဲ စောင့်စားနားထောင်နေသလိုလို။ အတိတ်စိမ်းကောက်ပြီး နိုင်ငံ့အနာဂတ်ပဲ ဖတ်နေသလိုလို။ ညနေခင်းအချိန်တွေကို ဆေးကုတာကလွဲလို့ ဘာမှမလေ့ကျက် မသင်ကြားခဲ့တဲ့ ဆရာဝန်တွေခင်ဗျာ သနားစရာ။ သူတို့မျက်နှာတွေက ညနေခင်း ဗလာကျင်းသလို ဟင်းလင်း။ အကြွေးတင်နေတဲ့စာတွေ ဖတ်ပါတော့လား။ မိသားစုနဲ့ ပျော်ပျော်ပါးပါး တဝကြီး နေပါရော့လား။ မမြင်ရတာ ကြာလှချည်ရဲ့ဆိုတဲ့ နေရောင်ခြည်တထွေးကြီး ပြေးပြီးပွေ့ပိုက်ပါတော့လား။ သတိမြဲမြဲဖြစ်မှုပျက်မှုတစ်ခုခုကို စူးစူးနစ်နစ် လေ့လာရစ်ပါတော့လား။ အားလုံးလိုလိုဟာ အရေးခင်းအပြီး တည်ငြိမ်တဲ့ကာလမှာ ဆေးခန်းပြန် ဖွင့်ဖို့ပဲ စိတ်စောနေကြလေသတဲ့။

( ၃ )

ကျွန်တော်ဆရာဝန်ပေါက်စဘဝကျော်ပြီး ဆရာဝန်မလတ်တလတ် ဖြစ်လာချိန်တစ်နေ့မှာ သူငယ်ချင်းဆရာဝန်တစ်ဦး ညနေခင်းလာလည်ပါတယ်။ ကျွန်တော့်ဆေးခန်းက လူနာကျချိန်နဲ့ ဆုံနေတော့ သူနဲ့ သိပ်ကြာကြာ စကားပြောခွင့် မကြံုလိုက်ရဖူး။ သူက နိုင်ငံခြားမှာ NGO တစ်ခုမှာ အလုပ်ဝင်လုပ်နေရာက ခဏပြန်လာတာ။ ကျွန်တော့်ဆေးခန်းအပေါက်ဝမှာရပ်ပြီး သူကကျွန်တော့် လူနာတွေကို မေးမြန်းနေတာ၊ စစ်ဆေးနေတာ၊ ဆေးပေးနေတာ၊ ရှင်းပြနေတာတွေကို စေ့စေ့စပ်စပ်စောင့်ကြည့်နေတယ်။ ဘာမှတော့မပြောဖူး။ ပြန်ခါနီးနှုတ်ဆက်တော့မှ သူကကျွန်တော့်ကို ''သနားတယ်''ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပြီး ''အောင်ကြီးရာ... မင်းကြည့်ပြီး ငါ့မှာမောလိုက်တာကွာ။ ငါလည်း ဆရာဝန်ဖြစ်စက မင်းလိုပဲ ဂျီပီဖွင့်ရတာပဲ။ မင်းလိုပဲ မောရတာပဲ။ ဟို ရောက်တော့ ညနေခင်းမှာ တော်တော်ဇိမ်ကျတယ်ကွ။ ဘာဂျီပီမှ လုပ်စရာမလိုတော့ဖူး။ လစာကလည်း လုံလောက်တယ်လေ။ ညနေခင်း တီဗွီထိုင်ကြည့်၊ စာဖတ်၊ မိန်းမနဲ့ ထွေရာလေးပါးပြော။ ဒါပဲကွ'' လို့ပြောပြီး နှုတ်ဆက်ပြန်သွားတယ်။ ကျွန်တော့်မှာ ကိုယ့်အလုပ်အပေါ် ရုတ်ချည်း သိမ်ငယ်စိတ်ဝင်သွားရ။ လူနာဆက်ကြည့်ချင်စိတ်တောင် တော်တော်ခန်းသွားတယ်။ ညနေခင်း ဆေးခန်းဖွင့်စားနေတာ ဂုဏ်ယူစရာလား။ သိပ်ငယ်စရာလား။ မလုပ်အပ်တဲ့ကိစ္စလား။ အပ်စပ်တဲ့ကိစ္စလား။ စိတ်ထွေပြားရ။ ကျွန်တော်တို့ဆရာဝန်အများစုရဲ့ ညနေခင်းကတော့ရှင်းပါ့။ အားလုံးလိုလိုက ဆေးခန်းသံသရာထဲ တဝဲဝဲလည်။ တောင်ဖက် ဆေးခန်းကနေ မြောက်ဖက်ဆေးခန်းပြေး။ ပြီးရင် အရှေ့ဖက် ဆေးခန်းဆီရွှေ့။ နောက်ဆုံးအနောက်ဖက်ဆေးခန်းမှာ စခန်းသိမ်း။ ပြီးတော့ နွမ်းလျအိမ်ပြန်။

အဲဒီသူငယ်ချင်းက ကျွန်တော့်ကို ချစ်ခင်သူပါ။ စာဖတ်သူ တွေးတွေးဆဆရှိသူပါ။ ပေါ့ပေါ့ပါးပါး ၀န်ထုပ်နည်းနည်းနဲ့နေပြီး ဘဝကိုလေးလေးနက်နက် ဖြတ်သန်းတတ်သူပါ။ ဒီလိုလူမျိုးရဲ့ ဒီလိုမှတ်ချက်ကြားရတော့ ကျွန်တော် နင့်ကနဲဖြစ်သွားခဲ့ပေါ့။ သူမြန်မာပြည် အပြီးပြန်ပြီး NGO တစ်ဖွဲ့မှာ အလုပ်ဝင်လုပ်တယ်။ လူတော်တစ်ဦး ထက်မြက်သူတစ်ဦးဆိုတော့ ရာထူးအဆင့်ဆင့် တက်သွားတယ်။ ဒီကြားထဲ သူ့ရဲ့ဟာသဇဝနဉာဏ်က ဖွံ့ဖြိုးတောက်ပလှလေတော့ အများက ကြိတ်ပြီး ချစ်ကြပါတဲ့ညီ ပုလေးဖြစ်သွားခဲ့ပေါ့။ ဆရာဝန်တွေရဲ့ ပင်မအလုပ်ဖြစ်တဲ့ ဆေးကုသခြင်းအလုပ်ကိုတော့ လုပ်ငန်းခွင်ရော၊ ညနေခင်းအချိန်တွေမှာပါ လုံးဝလုံးဝ စွန့်ပစ်လိုက်တာတွေ့ရ။ သူ့ရဲ့နေရီရီအချိန်တွေက ရုံးမှာအချိန်ကုန်ရင် ကုန်။ မကုန်ရင် ညစာစားပွဲ၊ အခမ်းအနား ဖွင့်ပွဲ၊ အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲတွေက တိုက်ဖဲ့ချွေစားသွားတော့တာ။ သူ့ရဲ့နဂိုက တွေးတွေးဆဆ နူးနူးညံ့ညံ့ မျက်နှာနေရာမှာ ပြတ်သားရဲရင့်တင်းမာတဲ့မျက်နှာက အစားထိုးဝင်ရောက်လာပါတော့တယ်။ သူ့လက်အောက်ကလူတွေ က လူမဟုတ်တော့ဖူး။ စာရွက်ပေါ်က ကိန်းဂဏန်းတွေ၊ အစက်တွေ၊ အပြောက်တွေအဖြစ် ပြောင်းသွားခဲ့ပြီ။ နေ့စဉ်နေ့တိုင်းလိုလို စာရင်းဇယား ကိန်းဂဏန်းတွေနဲ့ လေ့ကျက် ပွန်းတီးရတာများလို့ထင်။ ''သူက နွားကြီးလိုပဲ။ သူယားရင် ချည်တိုင်ကို သူ့ကျောလာပွတ်တော့တာ။ ကျွန်မတို့ဇနီးမောင်နှံက သူ့ချည်တိုင်လေ''တဲ့။ ခုလည်းပဲ ကျွန်တော့်ဆီ အယားပြေ လေလာပစ် နေလေသလား။ သူဘာကြောင့် ဒီလိုပြောင်းသွား ရပါလိမ့်။ ဘာကြောင့် ဒီလို တင်းမာအေးခဲသွားပါလိမ့်။ ဘာကြောင့်ပြတ်တောက်ခါးသီးသွားပါလိမ့်။ သူနဲ့ကျွန်တော် ဘယ်နေရာကစပြီး ကိုယ်လမ်းကိုယ်လျောက်ခဲ့ကြတာပါလိမ့်။

ကျွန်တော်က ယခုထက်တိုင် လူတွေကို ဆေးကုနေတဲ့သူ။ ဆေးရုံ မှာရော ညနေချမ်းချိန်ဆေးခန်းမှာရော။ ကိန်းဂဏန်းစာရင်းဇယားတွေအစား လူတွေနဲ့ပွန်းပွန်းတီးတီး ထဲထဲဝင်ဝင်ဆက်ဆံနေရသူ။ ဆေးရုံဆေးခန်းလာတဲ့ လူတွေလည်း လူနာတွေ၊ လူမမာတွေ။ မောနေတဲ့လူတွေ။ ဖျားနာနေတဲ့ လူတွေ။ ချို့တဲ့နေတဲ့လူတွေ။ အကူအညီလို နေတဲ့လူတွေ။ ရောဂါဝေဒနာရဲ့ ထုထောင်းနှိပ်စက်မှုအောက်မှာ ဘဝကိုအရင်းအတိုင်း လှစ်ပြနေရရှာ တဲ့လူတွေ။ ကလေးအမေတွေ။ အုတ်သယ်ပန်းရံ နေ့စားအလုပ် သမားတွေ။ ကားနောက်လိုက်တွေ။ အောက်တန်းစာရေးတွေ။ ကျေးလက်ကျန်းမာရေးဆရာမတွေ။ HIV/AIDS လူနာတွေ။ အသည်းကင်ဆာ လူနာတွေ။ ဆိုက်ကားသမားတွေ။ ပင်စင်နာကြီးတွေ။ လမ်းဘေးစျေးသည်တွေ...။ ဒီလူတွေနဲ့ နေဝင် နေထွက် တွေ့နေရတာ။ သူတို့ရဲ့ ပြဿနာကြီးငယ်တွေကို နားဆင်ရတာ။ သူတို့ရဲ့ဒုက္ခပုံပြင်တွေထဲ တိုးဝင်ရတာ။ နေကောင်းသွားလို့ အမောပြေသွားလို့ အရောင်ကျသွားလို့ အနာအကျင်သက်သာသွားလို့ ကြည်လင်လတ်ဆတ်တဲ့ အပြံုးတွေပွင့်နေ တဲ့မျက်နှာတွေကို မြင်ရတာ။ ရောဂါဒဏ်ကြောင့် တဖြည်းဖြည်းယိရော် ပွန်းပဲ့ပြိုလုလု ခန္ခာကိုယ်တွေ ဘုန်းဘုန်းကျပြိုလဲသွားတာ တွေ့နေရတာ။ နောက်ဆုံး ''မနီးတဲ့ခရီး''ကို လိုက်ပို့ရတာ။ တစ်ခါတရံလူနာတွေက ဆရာကုပေးလို့ ခုလိုချမ်းချမ်း သာသာနေရတယ်။ ဘုရားရှိခိုးတိုင်း မိဘတွေနဲ့အတူ ဆရာ့ကို မေတ္တာပို့ပါတယ်။ တချို့လည်း ၀တ်ပြုတိုင်း ဆရာ့ကို ဘုရားသခင်ကောင်းချီး မင်္ဂလာပေးဖို့ ဆုတောင်းပေးပါတယ် တဲ့။ (အမေရေ... အမေ့သား သေပျော်ပြီဗျ။) ကျွန်တော်တို့က အခုထိ လူတွေကြားမှာနေတုန်း။ ဒုက္ခ သုက္ခမျှဝေခံစားတုန်း။ ပြံုးပျော်အတူ ၀မ်းနည်းအတူ ပူဆွေးအတူ ရှိတုန်း။

( ၄ )

ညနေခင်းတိုင်း ကျွန်တော့်ဆေး ခန်းကျဉ်းကြုပ်လေးထဲ ကျွန်တော့်လူနာတွေနှင့် နပမ်းလုံးနေရသည့် အချိန်တွေကို ကျွန်တော်နှမြော တသမဖြစ်တော့ပါ။ စားဝတ်နေရေးအတွက် ရုန်းကန်ရင်းပွန်းပဲ့သွားသည့် အချိန်တွေ ဆိုပြီး နှမြောလှချည့် မရှိတော့ပါ။ ''ပေးပေး... မပေးပေး ... ငါ့ရွှေခွက်ပြန်ပေး''ဟု မတောင်းဆို လိုတော့ပါ။ ကျွန်တော့်ကို ယနေ့ထက်တိုင် လူနှင့်တူအောင် သင်ကြားလေ့ကျင့်ထိန်းကျောင်းနေသည့် ဆေးရုံနှင့် ညနေရီ ဆေးခန်းကာလများ၊ လူနာများကို ကျွန်တော်ရိုသေစွာ ကန်တော့ပါသည်။

(စာပြီးရက် ၆.၈.၂၀၁၁)

source: EMG

No comments:

Post a Comment