Thursday, May 3, 2012

စတိ(ဗ)ဂျော့(ဘ)(စ)၏ ချစ်ခြင်းအားဖြင့် (ဒေါက်တာအောင်ကြီး)

စတိ(ဗ)ဂျော့(ဘ)(စ)၏ ချစ်ခြင်းအားဖြင့် (ဒေါက်တာအောင်ကြီး)

(၁)

Apple ကွန်ပျူတာဖခင် စတိ (ဗ) ဂျော့(ဘ)(စ)မှာ မွေးကတည်းက စွန့်ပစ်ခံရသူ။ မိခင်ဂျူံးက ဂျာမန်နွယ်ဖွား။ အမေတို့အမျိုးက စည်းကြီးကမ်းကြီးရှိလှသည့် ဗရင်ဂျီဘာသာဝင်တွေ။ ဒီလို အသိုင်းအဝိုင်းထဲက သူ့အမေက ဆီးရီးယားနိုင်ငံသား မွတ်စလင်တစ်ဦးနှင့် ချစ်ကြိုး သွယ်သည်။ သူနာမည်က အဗ္ဗဒူ(လ) ဖာတာဂျွန်ဂျန်ဒါလီ။ သူ့တို့ဖက်ကလည်း ဆွေကြီးမျိုးကြီးတွေ။ ဘေရွတ်ရှိ အမေရိကန် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီး အမေရိကန်နိုင်ငံ ၀စ္စကွန်ဆင် တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ပါရဂူတန်း တက်နေသူ။ ဂျော့(ဘ)(စ)ကို ကိုယ်ဝန် လွယ်ရချိန်မှာ အမေရော အဖေပါ ၂၃ နှစ် အရွယ်သာ ရှိသေးသည်။ ကိုယ်ဝန်ရှိနေသည့်တိုင် သူတို့နှစ်ဦး၏ ရှေ့ရေးက မရေရာ။ တရားဝင်လက်ထပ်ဖို့က မဖြစ်နိုင်။ အမေ့အဖေက အိပ်ရာထဲမှာ သေမင်းကို စောင့်စားနေရချိန်။ ဂျန်ဒါလီနှင့် လက်ထပ်က သမီးကို အမွေဖြတ်မည်ဟု အဖိုးကြီးက ခြိမ်းခြောက်ထားလေသေးသည်။

ကိုယ်ဝန်ဖျက်ချဖို့ဆိုတာကလည်း သူတို့လို ဗရင်ဂျီ အသိုင်းအဝိုင်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်လိုမှ မဖြစ်နိုင်။ ဂျူံးတစ်ယောက် ကယ်သူရှာတော့ ဆန်ဖရန်စစ္စကိုရှိ ဆရာဝန်ကြီးတစ်ဦးကို တွေ့သည်။ ဆရာဝန်ကြီးက တစ်ကိုယ် တော်မိခင်များ ကလေးမွေးဖွားရေးမှာ ကူညီသည့်အပြင် ကလေးတွေအတွက် မွေးစားမိခင် ဖခင် ရှာပေးရေးကိုလည်း သိုသိုသိပ်သိပ် ဆောင်ရွက်ပေးတတ်လေသေးသည်။ ဂျူံးက တစ်ခုပဲ တောင်းဆိုရှာပါသည်။ ''သူ့ကလေးရဲ့ မိဘတွေဟာ ကောလိပ်ဘွဲ့ရဖြစ်ရမယ်''။ ဆရာဝန်ကြီး က ကလေးကို ရှေ့နေတစ်ဦးထံမှာ မွေးစားစေဖို့ စီစဉ်ထားသည်။

၁၉၅၅ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဂျော့(ဘ)(စ)ကို မွေးတော့ မွေးစားမိဘတွေက ယောကျ်ားလေး မလိုချင်၊ သမီးလေးသာ လိုချင်သည်ပြော၍ နောက်ဆုတ်သွားသည်။ သို့မို့ကြောင့် ဂျော့(ဘ)(စ)ခမျာ ရှေ့နေတစ်ဦး၏ သားဖြစ်လာရမည့်အစား အထက်တန်းကျောင်းပင်မပြီးခဲ့သော စက်တွေချစ်တတ်သော အဖေနှင့် ဘဝကို ဒေါင်လိုက်ပြားလိုက်နေတတ်သူ စာရင်းကိုင်အမေတို့ထံ ကြီးပြင်းလာရသည်။ ဂျူံးက အထက်တန်းကျောင်းပင် မပြီးခဲ့သည့် ဇနီးမောင်နှံလက်ထဲ သူ့မျက်ရွဲလေးကိုထည့်ဖို့ ငြင်းဆန်သေးသည်။ သားလေး မွေးစားမိဘ လက်ထဲ ရောက်နေသည့်တိုင် သူလက်မှတ်ထိုးမပေးဘဲ တင်းခံနေလေသည်။ နောက်ဆုံးကျတော့ မွေးစားမိဘထံမှ ခံဝန်ချက်တစ်ခုရ အောင်တောင်းပြီး သူသဘောတူလိုက်သည်။ တောင်းဆိုချက်က - ကလေး၏ ကောလိပ်ပညာရေးအတွက် ငွေစုစာအုပ် ဖွင့်ထားပေးဖို့။ ဂျူံးဖခင် မကြာမီ ကွယ်လွန်သည်။ ထိုနှစ်ခရစ်(စ)မတ်(စ)အပြီးမှာ ဂျူံးနှင့်ဂျန်ဒါလီ လက်ထပ်သည်။ ဂျန်ဒါ လီနိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ရသည်။ သမီးကလေးတစ်ဦး တိုးပွားလာသည်။ မိုနာ။ ၁၉၆၂ မှာ ဂျူံးနှင့် ဂျန်ဒါလီ လမ်းခွဲသည်။ ဂျူံးတစ်ယောက် အိပ်မက်ကမ္ဘာထဲ ခရီးလှည့်သည်။ ၀င်္ကပါခရီး။ သည်အကြောင်းတွေကို တစ်ရက်မှာ ကမ္ဘာကျော် ၀တ္ထုရေးဆရာမဖြစ်လာသည့် သမီးမိုနာက သူ့စာအုပ် ''ဒီနေရာကလွဲလို့ ရောက်ရာပေါက်ရာ''မှာ မှတ်တမ်းတင်သည်။ သားနှင့် မိခင်ပြန်တွေ့ဖို့က နောင်အနှစ်(၃၀)ကျော် စောင့်ရသည်။

(၂)

သူမွေးစားသားဖြစ်မှန်း ဂျော့ (ဘ)(စ) ငယ်စဉ်ကတည်းက သိသည်။ ဒီကိစ္စမှာ သူ့မိဘတွေက ပွင့်လင်းမြင်သာသည်။ တစ်ရက်သူ ၆ နှစ် ရ နှစ်သားအရွယ် အိမ်ရှေ့မြက်ခင်းပေါ်ထိုင်ရင်း သူငယ်ချင်း မိန်းကလေးကို ဒီအကြောင်း ဖွင့်ပြောလိုက်တော့ ကလေးမလေးက ''ဒါဆိုရင် နင့်မိဘအရင်းတွေက နင့်ကို မလိုချင်လို့ပေါ့'' ဟု မှတ်ချက်ချလိုက်သည်။

''ကျွန်တော့်ခေါင်း မိုးကြိုးဟက်ထက် ခွဲခံလိုက်ရသလိုပဲဗျာ''ဟု သူ ရင်ဖွင့်သည်။

''ကျွန်တော်ငိုပြီး အိမ်ကိုပြေးသွားတယ်။ အဖေနဲ့အမေက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး သားလေး - မင်းသိဖို့က ငါတို့က မင်းကို သေသေချာချာ ရွေးချယ်ခဲ့တာကွလို့ တစ်လုံးချင်းပြောတယ်။ ထပ်တလဲလဲ ပြောတယ်။ လေးလေးနက်နက် ပြောတယ်။ ဟုတ်တယ် ..... ငါဟာ အစွန့်ခံ။ ငါဟာ အရွေးချယ်ခံ။ တော်ကောက်ခံ။ ငါဟာ အထူးအမွန်။''

ဂျော့(ဘ)(စ)က ကျောင်းမနေခင်ကတည်းက အမေသင်ပေးထားလို့ စာကောင်းကောင်း ဖတ်တတ်နေပြီ။ ကျောင်းက သူ့အတွက် ပျင်းစရာ။ ငြီးငွေ့စရာ။ ဒါကြောင့် ကျောင်းမှာ လျှောက်ကမြင်းရာက 'ဆိုးပေ' နာမည် ရလာ သည်။ သူ့အဓိကပြဿနာက အာဏာပိုင်အဖွဲ့အစည်း တစ်ခုခု၏ သြဇာကို မနာခံလိုခြင်း။ တတိယတန်း မပြီးခင်မှာပင် ကျောင်းမှ သုံးကြိမ်အနှင်ခံရပြီးပြီ။ သူ့ဖခင်ပေါ(လ)ဂျော့(ဘ) (စ)က သူ့သား၏ ''ထူးခြားဖြစ်စဉ်''ကို လက်ခံသည်။ ကျောင်းကလည်း သားကို သူ့လို လက်ခံ ဆက်ဆံ စေချင်သည်။ သူ့အဖေက ကျောင်းကိုလိုက်သွားပြီး ဆရာဆရာမတွေကို 'ဒီမှာဗျ။ ဒါသူ့အပြစ် မဟုတ်ဘူး။ သူစိတ်ဝင်တစားရှိအောင် လုပ်မပေးနိုင်တာကို က ခင်ဗျားတို့ရဲ့ ညံ့ဖျင်းမှုပဲ''ဟု ပြောသည်။ ကျောင်းမှာ ဖြစ်ပျက်ခဲ့တာတွေနှင့် ပတ်သက်ပြီး သူ့မိဘတွေက သူ့ကို တစ်ရံခါမှ အပြစ်မပေးဘူး။ လေးတန်းတက်ရတော့ သူချစ်မြတ် လေးစားသည့် ဆရာမကြီးတစ်ဦးနှင့် ဆုံရသည်။ အင်မိုဂျင်းဟီး(လ)။

''ကျွန်တော့်ဘဝရဲ့ သူတော်စင်တစ်ဦးပါပဲဗျာ''ဟု ဂျော့(ဘ)(စ)က ရင်ဖွင့်ဖူးသည်။ သူကျောင်းဆင်းချိန်တစ်ရက်မှာ ဆရာမက သူ့ကို သချင်္ာစာအုပ် တစ်အုပ်ပေးပြီး အိမ်မှာ တွက်ခဲ့ဖို့ပြောသည်။ ဆရာမ ဘာကြောင်တာလဲ ဟု သူတွေးနေခိုက် ဆရာမက ရေခဲမုန့် အကြီးကြီးတစ်ခု ထုတ်ပြပြီး - ''မင်းအဲဒီစာတွေပြီးရင် အဖြေမှန်ရင် မင်းကို ဆုချမယ်။ ပိုက်ဆံ ၅ ဒေါ်လာလည်း ပေးဦးမှာ''ဟု ပြောသည်။ ''ကျွန်တော်ကလည်း စိန်လိုက်ပေါ့။ နှစ်ရက်အတွင်း ပုစ္ဆာတွေအားလုံး ပြီးသွားတယ်''။ ''အချိန်နည်းနည်းကြာလာတော့ ကျွန်တော်ဆရာမဆီက မုန့်နဲ့ပိုက်ဆ ံမမျှော်တော့ဘူး။ ကျွန်တော်သိချင်လို့ တတ်ချင်လို့ကို ကျောင်းစာလုပ်တော့တာ။ ဆရာမ သဘောကျစေချင်တာလည်း ပါတယ်'' ။ ဆရာမက သူ့ကို မှန်ဘီလူး သွေးဖို့၊ ကင်မရာလုပ်ဖို့ ပစ္စည်းတွေ ၀ယ်ပေးသည်။

''ကျွန်တော်ဆရာမဆီက သင်ယူခဲ့ရတာ တခြားဆရာတွေဆီက သင်ယူခဲ့ရတာထက် အများကြီးပိုပါတယ်။ ဆရာမကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်ထောင်ထဲ ရောက်ချင် ရောက်ခဲ့မှာ'' ဟု ဂျော့(ဘ)(စ) ပြန်ပြောင်း သတိရတတ်သည်။ ဆရာတပည့် မေတ္တာပြန်လှန် စီဆင်းပုံက။

'ကျွန်တော်ဆရာမဆီက သင်ယူခဲ့ရတာ တခြားဆရာတွေဆီက သင်ယူခဲ့ရတာထက် အများကြီးပိုပါတယ်။ ဆရာမကြောင့်သာမဟုတ်ခဲ့ရင် ကျွန်တော်ထောင်ထဲ ရောက်ချင်ရောက်ခဲ့မှာ'ဟု ဂျော့(ဘ)(စ) ပြန်ပြောင်းသတိရတတ်သည်။ ဆရာတပည့် မေတ္တာပြန်လှန်စီဆင်းပုံက ...

(၃)

ဂျော့(ဘ)(စ)က သူ့မွေးစားဖခင်ကို အလွန်ချစ်သည်။ ဖခင်က ကမ်းခြေစောင့်တပ်ထွက်။ အထက်တန်းကျောင်း မပြီးသော်လည်း စက်ကိရိယာ နှိုက်ချွတ်ပြင်ဆင်ရာ၌ ကျွမ်းကျင်သူ။ သူက ကားဝယ်ရောင်း။ မရောင်းခင်ကားကို ပြင်ဆင်မွမ်းမံအရောင်တင်။ ကားဒီဇိုင်း အသေးစိတ်ကို စိတ်ဝင်စားသည်။ သူကားရုံထဲ အလုပ်လုပ်ရင် ဂျော့(ဘ) (စ)က အဖေနောက် တကောက်ကောက်။ ''ကားပြင်ရတာကို ၀ါသနာပါလှလို့ မဟုတ်ပါဘူး။ အဖေ့နား နေချင်လို့ပါ''တဲ့။ ဖခင်ကြောင့် သူအီလက်ထရွန်နစ်ပစ္စည်းတွေနှင့် စတင်ထိ တွေ့ရသည်။ အဖေက သွေးအေးသလောက် သိမ်မွေ့သည်။ သူတို့နေထိုင်ရာက နောင် ''ဆီလီကွန်တောင်ကြား'' ဖြစ်လာမည့်နေရာ။ အိမ်နီးချင်း တွေက အင်ဂျင်နီယာတွေ။ ဒီအထဲက လာရီလင်းက ဂျော့(ဘ)(စ)အတွက် စံပြုပုဂ္ဂိုလ်။ အီလက်ထရွန်နစ် ဘိုးအေကြီး။ တစ်ရက်မှာသူက ကာဘွန်မိုက်ခရိုဖုန်းရယ်၊ ဘက်ထရီရယ်၊ စပီကာရယ်ယူလာပြီး သူ့အိမ်အဝင်လမ်းမှာ ဆင်းသည်။

''သူက ကျွန်တော့်ကို ကာဘွန်မိုက်ခရိုဖုန်းထဲ အော်ပြောခိုင်းလိုက်တော့ စပီကာကအသံတွေ ဟိန်းထွက်လာတယ်။ အဖေက မိုက်ခရိုဖုန်းတွေဟာ အီလက်ထရွန်နစ် အသံချဲ့စက် အမြဲလိုတယ်လို့ ကျွန်တော့်ကို သင်ထားတာ။(ခုဟာက အသံချဲ့စက်မပါဘဲ အသံက ဟိန်းနေတာ) ဒါနဲ့ ကျွန်တော်အိမ်ပြန်ပြေးပြီး အဖေ့ကိုပြောပြရတာပေါ့။ အဖေသင်ထားတာ မှားနေပြီဗျလို့။ အဖေက မင့်ဟာ မဖြစ်နိုင်ပါဘူး။ မိုက်ခရိုဖုန်းဟာ အသံချဲ့စက်လိုတာချည်းပဲကွလို့ ပြောတုန်း။ကျွန်တော်က မလိုကြောင်း ထပ်ခါတလဲလဲပြောပြီး အဖေ့ကို အတင်းဆွဲခေါ်သွားတယ်။ အသံချဲ့စက်မလိုတဲ့ မိုက်ခရိုဖုန်းကို တွေ့လိုက်ရတော့ အဖေ ထခုန်မတတ်ပဲ။'' ဂျော့(ဘ)(စ)က ဒီအဖြစ်အပျက်ကို ရှင်းရှင်းကြီး မှတ်မိနေသည်။ သူ့အဖေဟာ လုံးစုံကိစ္စ သိဖွယ်ရာ မှန်သမျှ တတ်သိနှံ့စပ်သူဟု သူက မြင်ထားရှာတာ။ သူ့အဖေ ဒီလိုမဟုတ်ကြောင်း သူပထမဆုံးအကြိမ် သိလိုက်ရသည်။ ဒါ့ထက် ပိုစိတ်မကောင်းစရာက သူက သူ့မိဘတွေ ထက် တတ်သိနေတာ၊ ပိုတော်နေတာ၊ ရှေ့ရောက်နေတာ။ တကယ်တော့ အဖေက စက်တစ်ခုကို ကြည့်လိုက်ရုံနှင့် စက်အတွင်းပိုင်း အလုပ်လုပ်ပုံကို မှန်းဆ သိနိုင်သည့်လူ။ အလုပ်ကို စနစ်တကျ သပ်သပ်ရပ်ရပ် လုပ်တတ်သူ။ မိဘနှစ်ပါးထက် သူကတော်နေ တတ်နေတာ သိလိုက်ရတော့ သူ ရှော့(ခ)ရသလို ဖြစ်ရတဲ့ကြားထဲ ဒီလိုအတွေးမျိုးဝင်လာတာကိုလည်း ကြီးစွာ အရှက်ရမိသတဲ့။ ပြင်းစွာခံစားရသတဲ့။ ဒီအချိန်ကို သူဘယ်လိုမှ မေ့လို့ မရတော့ပါတဲ့။ မွေးစားသားဖြစ်လို့ သီးသန့် ခံစားမှုရနေသည့်အပြင် ယခုလိုခံစားသိမြင်မှုက သူ့ကို သူ့မိဘ၊ သူ့ပတ်ဝန်းကျင်လောကနှင့် ပိုလို့ပိုလို့ တသီးတသန့် ကွဲပြားခြားနားစေခဲ့သတဲ့။

ဂျော့(ဘ)(စ) နောက်ထပ် ရှော့ (ခ)ရစရာတစ်ကွက် ကျန်သေးသည်။ သူထူးခြား ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မိဘတွေထက် မိုင်ပေါင်းများစွာ ရှေ့ရောက်နေကြောင်းသိတာ သူတစ်ဦးတည်း မဟုတ်ရလေတဲ့။ သူ့မိဘနှစ်ပါးလုံး ဒီအကြောင်း ကောင်းကောင်း သိပြီးဖြစ်သတဲ့။ သူ့ကို သိပ်ချစ်တဲ့ မိဘတွေ။ ၀မ်းနှင့် လွယ်မမွေးရသော်လည်း။ သူတို့က သိပ်တော်လှတဲ့ ဒီသားအတွက် သူတို့ဘဝတွေကို ဒီနေရာပြန်ချဖို့ ၀န်မလေးသူတွေ။ ပြန့်ကျယ်နေရာ ယူလာတဲ့ သားဘဝကို နေရာပေးဖို့အတွက် သူတို့နေရာတွေ ပြင်ထိုင်ဖို့ ဦးမလေးသူတွေ။ သားကို ကောင်းကောင်းကျွေးဖို့။ ကျောင်းကောင်းကောင်းထားဖို့။ ကာကွယ်စောင့်ရှောက်ဖို့။ သူလေးတန်း စာမေးပွဲမှာရသည့် အမှတ်တွေက မြင့်လွန်းလှတော့ ကျောင်းကသူ့ကို နောင်နှစ်ငါးတန်းတက်ရမည့်အစား ၂ တန်းခုန်ကျော်ပြီး ရ တန်း တက်ပေးဖို့ စီစဉ်သည်။ သို့ပေတဲ့ သူ့မိဘတွေက အတန်းတစ်တန်းပဲ ခုန်ကျော်ခွင့်ပြုပြီး ၆ တန်းမှာထားဖို့ သဘောတူလိုက်သည်။ ဒီလိုချစ်ခင်သလောက် အမြော်အမြင်ကြီးလှသည့် မိဘတွေ။ မိဘနှင့်သားအကြား မေတ္တာကူးလူး ဖြတ်သန်းမှု။

(၄)

၁၉၈၆ ခုနှစ် ဂျော့(ဘ)(စ) အသက် ၃၁ နှစ်။ မွေးစားမိခင်ကလာရာ အဆုတ်ကင်ဆာဖြစ်သည်။ နှစ်ရှည်လများ ဆေးလိပ်စွဲသောက်ခဲ့သည့် လက္ခဏာ။ ဂျော့(ဘ)(စ) မိခင်ဘေးနေပြီး အတိတ်က အကြောင်းတွေ မေးသည်။ သူတစ်သက်လုံး မမေးခဲ့တာတွေကို စပ်စပ်စုစု မေးသည်။ အတိတ်ရာဇဝင် တူးဆွခြင်း။ အဖေနှင့် လက်မထပ်မီ သူ့အမေ အိမ်ထောင်တစ်ဆက်ရှိသေးကြောင်း သိလာရသည်။ သူ့ကို မွေးစားခဲ့ပုံကိုလည်း အသေးစိတ် ပြောပြသည်။ သူအမေအရင်းကို တွေ့လိုစိတ် ၀င်လာသည်။ တကယ်တော့အမေအရင်းကို ရှာဖွေထောက်လှမ်းဖို့ ၁၉၈၀ ပြည့်နှစ်ကတည်းက စုံထောက်တစ်ဦး ငှားရမ်းခဲ့ဖူးသည်။ အလုပ်မဖြစ်။ မွေးလက်မှတ်မှာပါသည့် ဆန်ဖရန်စစ္စကိုက ဆရာဝန်ကြီးကို ဖုန်းစာအုပ်ထဲရှာပြီး ဖုန်းဆက်ကြည့်သည်။ မှတ်တမ်းတွေ အားလုံး မီးထဲပါသွားကြောင်း အကြောင်းပြန်သည်။ တကယ်တော့ မဟုတ်။ ဂျော့(ဘ)(စ)ဆီက ဖုန်းရပြီးနောက် ဆရာဝန်ကြီးက စာတစ်စောင်ရေးပြီး စာအိတ်ထဲထည့်၊ ချိတ်ပိတ်ပြီး စာအိတ်ပေါ်မှာ သူသေရင် ဂျော့(ဘ)(စ)လက်ထဲထည့်ဖို့ ရေးထားလိုက်သည်။

သိပ်မကြာမီ ဆရာဝန်ကြီးဆုံးတော့ ဒီစာ သူ့လက်ထဲ ရောက်လာသည်။ သူ့အမေရင်းကို သိရပြီ။ အခြား စုံထောက်တစ်ဦး၏ ကြိုးပမ်းမှုကြောင့် သူ့အမေရင်းနှင့် နှမငယ်ကို ခြေရာခံမိသည်။ သို့သော် အမေရှာပုံတော်ဖွင့်တာကို သူ့မွေးစားမိခင် မသိစေချင်။ သူ့မိခင် စိတ်ထိခိုက်သွားမှာကို သူမလိုလား။ ကြောင့်ကြ ပူပန်သည်။ အမေဆုံးတော့မှ အမေရင်းကို သူစတင်ဆက်သွယ်သည်။ အဖေ့ကို ဖွင့်ပြောတော့ အဖေက ကြည်ကြည်သာသာပဲ ခွင့်ပြုပါသည်။

''အမေ့ကို တွေ့ချင်တာက သိချင်စိတ်သက်သက်နဲ့ပါ။ ကျွန်တော်ကလူတစ်ဦးရဲ့ အောင်မြင်မှုဟာ မျိုးရိုးဗီဇထက် ပတ်ဝန်းကျင်ပေါ်မူတည်တယ်လို့ ထင်တယ်။ ဒါပေမဲ့ကိုယ့်ရဲ့ ဗီဇမျိုးရိုးအကြောင်းလည်း အထိုက်အလျောက် သိသင့်တာပေါ့''။ သူ့အမေ လုပ်ခဲ့တာတွေ မှန်ကြောင်း ပြောပြနှစ်သိမ့်ချင်သတဲ့။ သူကိုယ်ဝန်ဖျက်မချခဲ့တာအတွက် ကျေးဇူးတင်ကြောင်း ပြောချင်သတဲ့။ အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦး တရားမဝင် ကိုယ်ဝန်လွယ်ခဲ့ရတာ ဖြတ်သန်းခဲ့ရတာ မလွယ်လှကြောင်း သူရိပ်စားမိပါသတဲ့။ အမေက တောင်းပန်စကားတွေ၊ ရှင်းလင်းချက်တွေ တစ်ပုံကြီးပေးသည်။ ဂျော့(ဘ)(စ)က သူနားလည်နိုင်ကြောင်း အထပ်ထပ် ပြန်ပြောရသည်။ နှစ်သိမ့်ရသည်။ သူ့နှမနှင့် တွေ့ရတာကလည်း စိတ်လှုပ်ရှားစရာ။ သာမန်နှမတွေထက်ပိုတာက သူနှင့်အလွန်တူခြင်း၊ အနုပညာ စွဲမက်တာရော၊ ပတ်ဝန်းကျင် မြင်မြင်သမျှကို သိမြင်ခံစားတတ်တာရော၊ ခံစားလွယ်တာရော၊ ခေါင်းမာတာရော၊ ပိသုကာလက်ရာတွေကို အနုစိပ် ခံစားခွဲဖြာတတ်တာရော။

''ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦးသိလာရတော့ တကယ့် မိတ်ဆွေရင်းခြာ ဖြစ်သွားတယ်။ သူဟာ ကျွန်တော့်မိသားစုပဲ။ သူမရှိရင် ကျွန်တော် ဘယ်လိုနေရမှန်းတောင် မသိတော့ဖူး။ ဒီထက်ကောင်းတဲ့ နှမတွေးလို့ကို မရဖူး.....။'' မိခင် ဖခင်နှင့်မောင်နှ မရင်းခြာကြားယှက်နွယ်နေသည့် မေတ္တာပုံရိပ်

(၅)

''ကျွန်တော်ကင်ဆာဖြစ်နေပြီလို့ သိလိုက်ရတော့ ..... ဘုရားသခင် ဒါမှမဟုတ် တစ်ဦးဦးကို ပေါ့လေ။ တိုင်တည် အသိပေးလိုက်တယ်။ ကျွန်တော့်သား အထက်တန်းကျောင်းက ဘွဲ့ရတာကို ကျွန်တော် တကယ်မြင်ချင်တယ်လို့''။

၂၀၀၃ အောက်တိုဘာမှာ သူပင်ခရိယကင်ဆာရှိမှန်း သိလိုက်ရသည်။ ၂၀၀၉ မှာ သူအသည်းအသန်ဖြစ်တော့ သူ့သား နောက်တစ်နှစ်မှာ ဘွဲ့ယူရဦးမှာဟု အားတင်းပြီး ရောဂါဝေဒနာကို သည်းခံကျော်လွန်ခဲ့ရသတဲ့။ သားကြီးရိ(‘) အရွယ်ရောက်လာတော့ သူ့အဖေ ၁၈ နှစ် သားအရွယ် ပုံပေါက်လာသည်။ ကြီးလေတူလာလေ။ တတ်သိပြီးပုန် ကန်မှုံဆန်တဲ့ အပြုံးနဲ့။ မျက်စိစူးစူးနဲ့။ ဆံပင်မည်းမည်းထူထူနဲ့။ ဒီအထဲ သူ့အမေဆီက ချိုသာမှုနှင့် သူတစ်ပါးအပေါ် စာနာသိတတ်မှုကို အမွေရလိုက်သေးသည်။ ဒါတွေက သူ့အဖေမှာ ရှာမရသည့် အရည်အသွေးတွေ။ သူ့အဖေကို မြတ်နိုးကိုးကွယ်သည်။ သူ့အဖေဟာ ငွေရေးကြေးရေး အကျိုးအမြတ် တစ်ခုတည်းကြည့်သည့် သွေးအေးအေး စီးပွားရေးသမားတစ်ဦး မဟုတ်ရကြောင်း၊ သူ့အလုပ်ကို ချစ်လို့လုပ်သူဖြစ်ကြောင်း၊ သူဖန်တီး ထုတ်လုပ်သမျှ ပစ္စည်းတွေအပေါ် ဂုဏ်ယူဝင့်ထည်လိုသူဖြစ်ကြောင်း ပြောတတ်သည်။

သူ့အဖေ ကင်ဆာရောဂါဖြစ်ကြောင်း သိလိုက်ရတော့ ရိ(‘)က စတင်းဖို့(‘) ကင်ဆာရောဂါကုဌာနမှာ နွေရာသီကျောင်းပိတ်ရက်အတွင်း ကင်ဆာသုတေသနလုပ်ငန်းမှာ ၀င်ကူရင်း လေ့လာသည်။

''ကျွန်တော်ကင်ဆာဖြစ်တော့ အမြတ်ထွက်တာတစ်ခုက ရိ(‘)တစ်ယောက် တကယ်တော်တဲ့ ဆရာဝန်တွေနဲ့ တွဲလုပ်ခွင့်ရတာပါပဲ။ ကင်ဆာသုတေသနာမှာ သူစူးနစ်နေပုံက ကျွန်တော်သူ့အရွယ်မှာ ကွန်ပျူတာ ရူးသွပ်ခဲ့ပုံမျိုးဗျ''ဟု ဂျော့(ဘ)(စ)က သူ့သားအတွက် ဂုဏ်ယူသည်။ ရိ(‘) က သူကြီးလာရင် ကင်ဆာသုတေသီ လုပ်မည်ဟု ပြောသည်။ ''ကျွန်တော် စိတ်ကူးယဉ်ကြည့်တာပေါ့ဗျာ။ ရိ(‘)က ဒီနားမှာ အိမ်တစ်လုံးဝယ်၊ သူ့မိသားစုနဲ့နေ။ ဒီကနေ စတင်းဖို့ (‘)ကို စက်ဘီးနဲ့ ရုံးသွား ရုံးပြန်လုပ်''ဟု ဂျော့(ဘ)(စ)က သူ့သားအနာဂတ်ကို စိတ်ကူးပုံဖော်သည်။

ချစ်ခြင်းမေတ္တာက အဖိုးအဖွားထံမှ မိဘများထံ စီးဆင်းပါသည်။ မိဘများထံမှ သားသမီး ညီအကိုမောင်နှမများထံ ဆက်စီးဆင်းပါသည်။ သားသမီးမြေးမြစ်များထံမှလည်း မိဘဘိုးဘွားများထံ ပြန်လှန်စီးဆင်း တတ်ပါသေးသည်။ ဘယ်လိုစီးဆင်း စီးဆင်း၊ ဘယ်လမ်းကြောင်း ရောက်ရောက်၊ ဘယ်လမ်းမြှောင်ဝင်ဝင်၊ ချစ်ခြင်းမေတ္တာ၏ ကောက်ကြောင်းကတော့ လှပခမ်းနား ပြည့်စုံဝင်းပမြဲဖြစ်ပါသည်။

စာညွှန်း။ ။ (Steve Jobs by Walter Isaacson, 2011)

စာပြီးရက် ရ-၃-၂၀၁၂

source: EMG

No comments:

Post a Comment