Wednesday, September 11, 2013

မင်းကိစ္စ၊ ငါ့ကိစ္စ၊ ခင်မောင်ကျော့်ကိစ္စ၊ မြမြဆင့်ကိစ္စ (မြင့်သန်း)

မင်းကိစ္စ၊ ငါ့ကိစ္စ၊ ခင်မောင်ကျော့်ကိစ္စ၊ မြမြဆင့်ကိစ္စ (မြင့်သန်း)

ကျော်မြင့်ကြီးက သူ့တုတ်အသစ် ပြချင်လို့ဆိုပြီး အတင်းခေါ်တာနဲ့ မရိုက်စဖူး စနေနေ့မှာ သွားရိုက်ဖြစ်တာပဲ။ တနင်္လာနေ့ကတည်းက ကျော်မြင့် ဖုန်းဆက်တယ်။ စနေနေ့ကျရင် ရိုက်ကြရအောင်တဲ့။

"စနေ၊ တနင်္ဂနွေနေ့တွေမှာ ငါမရိုက်ဘူး" လို့ ကျွန်တော်က ပြောလိုက်တယ်။

ဘာလို့တုန်းလို့ သူက ပြန်မေးတော့ "မင်းလည်း သိသားပဲ စနေ၊ တနင်္ဂနွေတွေမှာ မရိုက်ဘူးဆိုတာ" လို့ ကျွန်တော်က ထပ်ပြောလိုက်တယ်။ "စနေ၊ တနင်္ဂနွေဆိုရင် လူများတယ်။ ပြီးတော့ ဂေါက်သီးဆိုတာက သူ့အက်တိကက်၊ သူ့ပရိုတိုကော်(လ) နဲ့သူရှိတယ်။ ယဉ်ကျေးမှုတစ်ရပ်ပဲ။ ခုတော့ စနေ၊ တနင်္ဂနွေဆိုရင် ကွင်းမှာ ပိုက်ဆံရှိလို့ ဂေါက်သီးရိုက်တယ် ဆိုတာမျိုးတွေ၊ ကလေကဝတွေ များလာတော့ ရိုက်ချင်စိတ်ရှိရင် လူပါးတဲ့ရက် ရွေးရိုက်တယ်လို့" ကျော်မြင့်ကို ရှင်းပြလိုက်ရတယ်။ ငယ်ငယ်ကတည်းက ဂေါက်သီးကိုကြိုက်လို့ ရိုက်ပေတဲ့ အရသာကို နားမလည်ဘူး။ ကျွန်တော့်ကို ဂေါက်သီးရိုက်တဲ့အရသာ လမ်းဖွင့်ပေးသွားတဲ့ လူကြီးက သံအမတ်ဟောင်းကြီး။ ဒီအရင်ကတော့ အက်ဂျူဒင့် ဂျင်နရယ်လား၊ ကွာတာ မာစတာ ဂျင်နရယ်လား မသိဘူး လုပ်ခဲ့တာ ထင်တယ်။ ဂေါက်ကွင်းပိတ်တဲ့တစ်နေ့ ဂေါက်ကွင်းသွားပြီး ကယ်ဒီတွေနဲ့ ထိုင်စကားပြောနေရင်း ကွင်းထဲမှာ ကယ်ဒီတစ်ယောက်နဲ့ ဂေါက်ရိုက်နေတဲ့ လူတစ်ယောက်တွေ့ရလို့ မေးကြည့်တော့ ဘယ်သူဘယ်ဝါလို့ သိရတယ်။ ဒီတော့မှ အပြင်ဘက်က သစ်ပင်ရိပ်အောက်မှာ ရပ်ထားတဲ့ ကားနက်ကြီးကို သတိထားလိုက်မိတယ်။ "ဆရာကြီးက ရွှေဘဲသုံးလိပ်နဲ့ လာရိုက်တာလို့" ကယ်ဒီတစ်ယောက်က ပြောတယ်။ ဟုတ်ပုံရတယ်။

ကျွန်တော်တို့ သုံးလေးယောက်က ဆယ့်ရှစ်ကျင်းအဆုံးနားက သစ်ပင်ရိပ်အောက်မှာ ထိုင်နေကြတယ်။ အဲဒီအန်ကယ်ကြီးက ရိုက်လို့ပြီးသွားတော့ သစ်ပင်ရိပ်အောက်မှာ ခဏလာနားတုန်း ဟိုဟိုဒီဒီပြောဖြစ်သွားတယ်။ သူပြောတာတွေအထဲက ခုထိ ကျွန်တော် သတိရနေ သလောက်ကတော့ "ဂေါက်သီးဆိုတာ ကိုယ့်ဘာသာ ကိုယ့်ဟင်ဒီကက်နဲ့ ကိုယ်ရိုက်တာ။ ကိုယ့်ကိုယ်ကိုယ် ပြိုင်တာ။ လူတွေနဲ့ရိုက်ရိုက်၊ တစ်ယောက်တည်းရိုက်ရိုက် အရည်အသွေးမှန်သမျှဟာ ကိုယ့်အပေါ်မှာပဲတည်တယ်။ ချီးကျူးစရာရှိလည်း ငါပဲ၊ ပျက်ရင် ပြင်ရမှာလည်း ငါပဲ၊ ကျေနပ်စရာရှိရင် ဝမ်းမြောက်ရမှာလည်း ငါပဲ။ ခုလို အေးအေးလူလူ လာရိုက်ရတော့ ပြင်စရာရှိရင် အချိန်ယူ ပြင်နိုင်တယ်။ ကိုယ့်ဘာသာအချိန်ယူပြီး သတိထားကြည့်မှ ကိုယ်ဘယ်မှာ မှားတယ်ဆိုတာ ကိုယ်သိမယ်" တဲ့။ အန်ကယ်ကြီးက နောက်ဆုံး ရွှေဘဲတစ်လိပ်ကို ကျေကျေနပ်နပ်ထုတ်ပြီး မီးညှိသောက်လိုက်တယ်။ ပုခုံးပေါ် တင်ထားတဲ့ မျက်နှာသုတ်ပုဝါ အသေးကလေးနဲ့ ချွေးသုတ်နေပုံကို ကျွန်တော်ကြည့်နေရင်း သူရဲ့အေးချမ်းနေမှုအတွက် ဘေးနားကထိုင်ပြီး သာယာတဲ့စိတ် ပေါ်လာတယ်။ အဲဒီတုန်းက ဒီကွင်းကို သူ့လိုကားနက်ကြီး စီးတဲ့လူတွေ သိပ်ပြီးမလာတတ်ကြဘူး။ လာလည်း နေ့ခင်းပိုင်းတို့ စနေ၊ တနင်္ဂနွေတို့လောက်ပဲ။ သူတို့ရိုက်ပြီး တက်လာပြန်ရင်လည်း ဘီယာတွေ၊ ဝီစကီတွေ အလျှံပယ်ပဲ။ တောရိုက် တောင်ရိုက်ဆိုပေတဲ့ ဂေါက်သီးရိုက်အိတ်အသစ်၊ ဂေါက်ရိုက်တံအသစ်၊ ဖိနပ်ဆို ဖွတ်ဂျွိုင်းက အညံ့ဆုံးလောက် သဘောထားကြတာ။ ဒါပေတဲ့ အန်ကယ်ကြီးပြောတဲ့ တကယ်က ငါပဲဆိုတာကို မေ့နေတဲ့သူတွေ။ နောက်တစ်ပတ်ကျတော့ ကျွန်တော်လည်း လူရှင်းတဲ့နေ့ တစ်ယောက်တည်းသွားပြီး ရိုက်ကြည့်မိတယ်။

အဲဒီ အန်ကယ်ကြီးပြောတဲ့ ဂေါက်သီးရိုက်ခြင်းရဲ့ အမှန်တရားတွေအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ရှာတွေ့လာတယ်။ ကျင်းနံပါတ် တစ်ဆယ့်ခုနစ်ကကျင်းကို ရိုက်တဲ့နေရာမှာ ကျင်းရဲ့အကြားက လျှိုလိုဖြစ်နေတဲ့ နေရာလေးမှာ ရေကန်ရှိတယ်။ ရေကန်ထဲကို ဘောလုံးသုံးလုံး လိမ့်ကျသွားပြီးတဲ့နောက် နောက်ထပ် ဘောလုံးဆယ်လုံးကို အချိန်ယူ ရိုက်ကြည့်လိုက်မိတယ်။ နောက်ဆုံးသုံးလုံးဟာ ကျင်းနဲ့ ခြောက်လက်မ တစ်ပေမှာကျတယ်။ အဲဒီနေ့ကစလို့ နောက်ဆို ဘယ်သူနဲ့ ကစားကစား ဆယ့်ခုနစ်ကျင်းရောက်ရင် ကျွန်တော်နိုင်ဖို့ များလာတယ်။ နောက်တော့ အဲဒီအန်ကယ်ကြီး ပြောခဲ့တဲ့ ဂေါက်သီးရိုက်ခြင်းရဲ့ အရသာကို ပိုခံစားတတ်လာတယ်။ ခုထိ ရွှေဘဲသုံးလိပ်နဲ့ ကျေနပ်သာယာစွာ ဂေါက်သီးရိုက်လေ့ရှိတဲ့ အဲဒီအန်ကယ်ကြီးကို သတိရရနေတတ်သေးတယ်။ အရင်တုန်းက ဘဝဟာ ချိုချဉ်လိုပဲလို့ ထင်ခဲ့ဖူးတယ်။ ငယ်သေးတာကိုး။ ခုတော့ ဘဝဟာ ဂေါက်သီးရိုက်သလိုပဲ။ နိုင်တာ ရှုံးတာတွေထက် ကျေနပ်သာယာစွာ ပါဝင်ပတ်သက်နိုင်ဖို့ပဲ လိုတာ။ ကျေနပ်သာယာဖို့ဆိုတာကလည်း လူများများမှ မလိုဘဲ။ လူများများနဲ့ ပတ်သက်နေစရာမှ မလိုပဲ။

* * *

ချာလီလာခေါ်တယ်။ ကျော်မြင့်ကြီးနဲ့ စကားပြောတုန်းက မင်း ကားစီစဉ်လို့ ပြောလိုက်တယ်။ သူနေတာက ဂေါက်ကွင်းဘက်ဆီမှာ ဆိုတော့ ကျွန်တော့်ဆီ တကူးတကန့် လာမနေစေချင်ဘူး။ "ချာလီ လာခေါ်လိမ့်မယ်" လို့ သူကပြောတယ်။ ချာလီက ရွှေတောင်ကြားထဲမှာ။ ကျွန်တော်က ကမ္ဘာအေးဘုရားလမ်းပေါ်က ဟိုတယ်မှာ။ လမ်းသင့်တယ်။ ချာလီကတော့ ဂေါက်ရိုက်ဖို့ခေါ်ရင် မငြင်းတဲ့လူမျိုး။ ခုတော့ ပိုဟန်ကျနေတယ်။ သူ့လုပ်ငန်းတွေကို သားသမီးတွေနဲ့ လွှဲထားလိုက်လို့။

"တယ်ဟုတ်ပါလား၊ ပင်း နဲ့ပါလား" လို့ ချာလီက ကျွန်တော့်ဂေါက်အိတ်ကိုကြည့်ပြီး ပြောတယ်။ သူ့ကားမောင်းသမားက ဂေါက်အိတ်ကို ကားနောက်ထဲ ထည့်နေတုန်း ချာလီက ဂေါက်အိတ်ကို လက်နဲ့လှမ်းပွတ်ရင်း ပြောတာ။ "ဟကောင် ဖြည်းဖြည်းလုပ် ပွန်းသွားရင် မင်းနဲ့ငါ ဒီတစ်သက် လျော်ကြေးပေးလို့ ဆုံးမှာမဟုတ်တော့ဘူး" လို့ပြောရင်း၊ သူ့ကားမောင်းသမားကို နောက်တယ်။ သူ့ကားမောင်းသမားကတော့ ပြုံးတယ်။ ဂေါက်ရိုက်သွားမယ့်လူတွေမှာ ရိတာ ထေ့တာ များပါ့လို့ သူ့စိတ်ထဲမှာ တွေးချင်တွေးနေမှာ။ ငါ့ဟာ မဟုတ်ဘူး။ ဂေါက်လေးဘာလေး ရိုက်ရရင် ကောင်းမယ်လို့ ပြောလိုက်မိလို့ ညီအစ်ကိုတော်တစ်ယောက်က လာပေးထားတာ။ သူ့မှာပိုနေလို့တဲ့ ကျွန်တော်က ရှင်းပြလိုက်ရတယ်။ ငါလည်း တစ်ခါနှစ်ခါပဲ ရိုက်ကြည့်ရသေးတယ်။ ကောင်းသားကွလို့ ကျွန်တော်က ဆက်ပြီး မှတ်ချက်ပေးလိုက်တယ်။

ပင်း ဂေါ့(ဖ)ဆက် ပိုနေလို့ အလကားပေးထားမယ်ဆိုတဲ့ လူရှိရင် ငါနဲ့မိတ်ဆက်ပေးစမ်းပါကွာ။ ငါ့မှာ အရွယ်ရောက်နေတဲ့ သမီးနှစ်ယောက် ကျန်နေသေးတယ်။ မင်းရဲ့ ဆွေထဲမျိုးထဲကဆို ပိုလို့ဟန်ကျတာပေါ့။ မင်းနဲ့ငါ အမျိုးတော်ရတာပေါ့လို့ ချာလီက ပြောပြန်တယ်။ ကျွန်တော်က အသံထွက်အောင် ရယ်လိုက်ရင်း ကားရဲ့ ရှေ့ခန်းမှာ ဝင်ထိုင်လိုက်တော့ သူ့ကားမောင်းသမားက အူကြောင်ကြောင် ဖြစ်သွားပုံရတယ်။ "ဘာကြောင့်မှန်းတော့မသိဘူး။ ကားရှေ့ခန်းက စီးရတာ ကျွန်တော့်အတွက် ပိုလုံခြံုသလိုပဲ။ မတတ်သာမှ နောက်ခန်းမှာ ကျွန်တော်ထိုင်တယ်" လို့ သူကို ပြောလိုက်တော့ သူက ဘာမှမပြောတော့ဘဲ ပြံုးနေတယ်။ မတတ်သာဘူးလို့ သဘောထား၊ နောက်ခန်းမှာ လာထိုင်လို့ ချာလီကပြောရင်း ကားနောက်ခန်းကနေ ကျွန်တော့်အင်္ကျီကုပ်ကို လှမ်းကိုင်တယ်။ ကျွန်တော့်ကိုကြည့်နေတဲ့ သူ့ကားမောင်းသမားကို အသာပြံုးရင်း ပခုံးတွန့်ပြလိုက်ပြီး ကားနောက်ခန်းကို ပြောင်းထိုင်လိုက်ရတော့တယ်။

အတော်ကလေးကြာအောင် ကျွန်တော်တို့ချင်း ဘာမှမပြောဖြစ်ကြဘူး။ ချာလီကတော့ တစ်ခုခုပြောမယ်ရယ်လို့ စိတ်ကူးနေပုံပဲ။ ဟုတ်တယ် ကောက်ကာငင်ကာ သူက ပြောတယ်။

"သလ်မာက မင်းနဲ့တွေ့ချင်လို့"။

"သူက ငါ့ကိုတွေ့ချင်တာ မင်းနဲ့ဘယ်လိုပတ်သက်နေသလဲ။ ငါ့ဆီတန်းပြီး ဖုန်းဆက်လည်း ရတာပဲ။"

"မင်းကို ကြောက်လို့တဲ့။ ဟိုတစ်ခါကလို ဆဲဆိုသွားမှာ စိုးလို့တဲ့။"

"ဆဲဆိုတာရယ်လို့လည်း မဟုတ်ဘူးကွာ။ အဲဒီလို ပြောလို့ရမယ့်လူကို အဲဒီလိုပဲ ပြောရမှာပဲ။ သူ အသုံးမကျလို့ သူ့ယောက်ျား အိမ်ပေါ်က ဆင်းသွားတာ ငါက ဘာလုပ်ပေးနိုင်မှာလဲ။ လင်မယားအကြားမှာ မာနထားတယ်ဆိုတာကိုက မဟုတ်သေးဘူး။ ကောင်မလေးတွေ ပေါလာတဲ့ ကိစ္စအတွက် ခေတ်တွေ စနစ်တွေကို အပြစ်တင်လို့ မရဘူး။ အပြစ်တင်ချင်ရင် လိုအပ်တာထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတဲ့ လူတွေကို အပြစ်တင်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မမှားနိုင်ဘူးလို့ ထင်ထားတဲ့ လူတွေကို ငါ မကြိုက်ဘူး။ အဲဒီလို လူမျိုးတွေထဲမှာ ဒီကောင်မ ပါတယ်။ နောက်တစ်ခုက မင်းတို့ ငါတို့ဟာ ခုအရွယ်မှာ တည့်တည့်မပြောရင် ပြောဖို့အချိန်ရှိမှာမဟုတ်ဘူး။ မတော် နှလုံးရပ်သွားလို့ ဖျတ်ခနဲသေသွားရင် ပြောလိုက်ရမှာ မဟုတ်ဘူး။ မင်းကိုယ်မင်းပဲကြည့်။ အချိန်မရွေး သေနိုင်တဲ့ အရွယ်ရောက်ပြီ" လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။

"မဟုတ်က ဟုတ်ကတွေကွာ" လို့ ချာလီပါးစပ်က ထွက်လာတယ်။

"ဘယ်အပိုင်းက မဟုတ်တာလဲ။ မင်း အချိန်မရွေး သေနိုင်တယ်ဆိုတာလား။ သလ်မာက ငါဆဲတယ် ဆိုတယ် ဆိုတာလား။ ငါ့ကိုကြောက်တယ်ဆိုတာလား။"

"စောစောစီးစီးကွာ" လို့ ချာလီက ပြန်ပြောပြီး စကားရပ်လိုက်တယ်။ သူ့ကားမောင်းသမားက နောက်ကြည့်မှန်ထဲက လှမ်းကြည့်တာ တွေ့လိုက်ရလို့ ကျွန်တော်က ဘယ်နှယ့်ရှိစဆိုတဲ့ သဘောမျိုးနဲ့ မျက်ခုံးကို မြှင့်ပြလိုက်တော့ ကားမောင်းသမားက သဘောကျတဲ့ မျက်နှာနဲ့ ပြန်ပြီးပြံုးပြတယ်။ ချာလီကလည်း သူ့ကားမောင်းသမားကို လှမ်းကြည့်ပြီး "ဒီကောင်တွေ၊ ပြောလိုက်ရင် ဒီလိုချည်းပဲ" လို့ ပြောတယ်။

ဘယ်ကောင်တွေဟာ ဘယ်လိုချည်းပဲရယ်လို့တော့ ကျွန်တော် မသိဘူး။

* * * ကျော်မြင့်ကြီး ပြချင်လှချည်ရဲ့ဆိုတဲ့တုတ်က ကောလဝေးက ထုတ်တာ။ အရင်ကထုတ်တဲ့ ဘစ်ဘာသာလိုမျိုးပဲ။ ဒါပေတဲ့ သူ့ဟာက နောက်ဆုံးပေါ်။ လိပ်တက်(စ)။ ဂေါက်တံရဲ့ ရှ(ဖ)ကိုက ဒေါ်လာ ငါးရာလောက် တန်ဆိုပဲ။ ရှေ့ကဘုကြီး ဘယ်လောက်တန်တယ်ဆိုတာကိုတော့ မပြောတော့ဘူး။ ထိချက်များ ကောင်းလိုက်ရင် အသံကို 'တင်' လို့ မြည်သတဲ့။ မြည်နေကျ 'တိန်' လို့တောင် မမြည်ဘူးတဲ့။ သူပြောနေတုန်း အနားမှာ ရပ်နားထောင်နေတဲ့ စိန်ဝင်းက ဝင်ပြောတယ်။ "ခင်ဗျား အဲဒါကလေး အသံသွင်းထားပြီး ရိုက်တဲ့အခါ အသံဖွင့်နားထောင်ပါလား။ ကောင်းကောင်းမထိလည်း 'တင်' လို့တော့ ကြားရမှာပေါ့" တဲ့။ သဘောကျကြလို့ ရယ်ကြတော့ "သေချင်းဆိုး" ဆိုပြီး ကျော်မြင့်က စိန်ဝင်းကို လှမ်းဆဲတယ်။ စိန်ဝင်းက စပ်ဖြဲဖြဲလုပ်ပြီး ထွက်သွားရော။

ကျော်မြင့်က ဖုန်းဆက်ပြီး ဂေါက်သီးရိုက်ကြရအောင်ကွာလို့ ပြောကတည်းက ငါ ဇံရွှီအောင်ကို ခေါ်လိုက်မယ်လို့ ကျွန်တော်က ပြောတယ်။ ခေါ်လေလို့ပဲ သူကပြောတယ်။ စိတ်ပါလက်ပါတော့ မဟုတ်ဘူး။ လူချင်းတော့ ခင်ကြပေတဲ့ ဂေါက်ရိုက်ရာမှာ ဇံရွှီအောင်က ကျော်မြင့်တို့လို မဟုတ်ဘူး။ တုတ်အသစ်တို့၊ ဒီဇိုင်နာအင်္ကျီတို့ကို သာယာတဲ့လူမျိုး မဟုတ်ဘူး။ စိတ်မထင်ရင် ကျော်မြင့်တို့ကို "ဒီသောက်ရူးတွေ" လို့ ညွှန်းသေးတာ။ "မင်းပါ ရိုက်မှာဆိုရင်တော့ ငါလာမယ်။ မဟုတ်ရင် ဒီသောက်ရူးတွေနဲ့ ငါမရိုက်ဘူး" လို့ ပြောလို့ "လာပါကွာ မင်းနဲ့စကားမပြောရတာလည်း ကြာပြီ။ ပြီးတော့ တစ်နေရာသွား လေပစ်ကြရအောင်" လို့ စကားအခံနဲ့ ခေါ်ထားလိုက်ရတာ။ သူက ဂေါ့(ဖ)ဆက်တစ်စုံဆို ဆယ်စုနှစ် တစ်ခုနဲ့ချင့်ပြီး ကိုင်တဲ့လူမျိုး။ ဂေါက်မရိုက်ခင် ကျော်မြင့်ကြီးက သူ့တုတ်အသစ်ကိုပြတော့ ဇံရွှီအောင်က သူ့ရဲ့ ညာဘက်နားထဲကို လက်ညှိုးတစ်ချောင်းထိုးပြီး ပိတ်ထားတယ်။ ပြီးတော့ ပြောတယ်။ "မင်းပြောတာတွေကို ငါ ဘယ်ဘက်နားနဲ့ ထောင်ထားတယ်။ ပြီးရင် ညာဘက်နားကို ဖွင့်ပေးလိုက်မယ်။ ဘယ်ဘက်နားထဲ ဝင်လာတာတွေ ညာဘက်နားထဲက ထွက်သွားလိမ့်မယ်" တဲ့။ ဒီတော့လည်း ကျော်မြင့်ကြီးက ဇံရွှီအောင်ကို ဂေါက်ရိုက်ရာမှာ သိပ်မညွှတ်တာ သူ့ဟာနဲ့သူတော့ အဟုတ်သားလို့ ပြောရတော့မှာပဲ။

ဇံရွှီအောင်ကို ငယ်ပေါင်းတွေက အာရကန်လို့ပဲ ခေါ်ကြတယ်။ သူ့နာမည်ခေါ်ရတာ ပါးစပ်ထဲမှာ လျှာလိပ်သွားကြလို့တဲ့။ သူနဲ့ ချာလီက ဂေါက်ရိုက်ရင်တော့ အတော်တွဲကြတယ်။ ဂေါက်ရိုက်တယ်ဆိုတာ ပြောချင်ရာပြော လုပ်ချင်ရာလုပ်ဖို့ လာတယ်လို့ သဘောထားကြပုံ ရတယ်။ တစ်ခုပဲ ချာလီက အာရကန်ရဲ့ ဒရိုက်ဗာတို့ ပတ်တာတို့ ထိန်းသိမ်းစောင့်ရှောက်ရေးမူကို သဘောမတူဘူး။ အာရကန်ရဲ့မူက "ဒရိုက်ဗာတို့ ပတ်တာတို့ဆိုတာ ဘယ်လောက်ပဲ ပွန်းပဲ့နေနေ အသုံးတည့်နေသေးတယ်ဆိုရင် အိမ်က မိန်းမလိုပဲ သည်းခံပေါင်းနေဖို့လိုတယ်" တဲ့။ ချာလီက ဒရိုက်ဗာအပိုင်း ပတ်တာအပိုင်းမှာ သိပ်ကန့်ကွက်လှတာတော့ မဟုတ်ဘူး။ သူကိုယ်တိုင်ကလည်း ခုနစ်အို ရှစ်အို ဂေါ့(ဖ)ဆက်နဲ့ ကစားနေတာ။ သူ သဘောမတူတဲ့အပိုင်းက အိမ်ကမိန်းမကို နမူနာပေးတဲ့အပိုင်း။ မတူဆို ချာလီ့အမြင်က လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို အဟောသိကံ အဖြစ်မခံသင့်ဘူးဆိုတဲ့ အမြင်ပဲ။ မြစ်ထဲမှာ ငါးမြင်းတွေ ငါးကြင်းတွေ အများကြီး ရှိနေရက်ကနဲ့ အရိုးများတဲ့ ငါးစင်ရိုင်းတစ်ကောင်တည်းကို မက်နေလို့ မဖြစ်ဘူးတဲ့။ ဒီတော့လည်း ချာလီက ငယ်ပေါင်း ကျောင်းအစ်မကိုဖြင့် စောစောပဲ ဆေးခွင့်နဲ့ နားခိုင်းပြီး စပွန်ဆာရှစ်တွေ ပေးနေပုံရတယ်။ သူ့ကို အာရကန်က ပြောလေ့ရှိတယ် "သတိတော့ထား မဲင်းနေ့(ဂျ)မင့် လွဲတဲ့နေ့ မင်း ကွဲမှာပဲတဲ့။ ဒေဝါလီခံရမယ်" တဲ့။ ခုထိတော့ ချာလီတစ်ယောက် ကျွမ်းမပစ်သေးဘူး။ ချာလီ့အခြေအနေက ဘယ်လိုမှန်း မသိပေတဲ့ အာရကန်ရဲ့ စကားတွေက စိတ်ဝင်စားစရာ ကောင်းတယ်။ ကောင်းဆို သူက ဟားဗတ်ဘစ်ဇနက်စကူးဆိုတာက ထွက်တာ။ သူကလည်း ပြောလေ့ရှိတယ်။ "တို့အမျိုးထဲမှာ ငါလို ခပ်ညံ့ညံ့ကောင်တောင် ဟားဗတ်ရောက်တယ်" တဲ့။ ဟုတ်လောက်တယ်။ သူတို့အမျိုးထဲမှာ အိုင်စီအက်(စ)တွေ၊ ဘီအေတွေ၊ အမ်အေတွေတင်မကဘူး ကျက်သရေဆောင် ရွှေစလွယ်ရမင်းတို့ဆိုတဲ့ ကေအက်(စ)အမ်တို့ ဘာတို့လည်း အပုံကြီး။ စိန်ဝင်းကတော့ နောက်လေ့ရှိတယ်။" အာရကန်တို့ အမျိုးတစ်သိုက်ကို ဘွဲ့ပေးရလွန်းလို့ အင်္ဂလိပ်အစိုးရမင်းခမျာ လွတ်လပ်ရေးပေးပြီး အင်္ဂလန်ပြန်တော့ အေ ဘီ စီ ဒီတွေ အကုန်လုံး ပြန်ပါမသွားတော့ဘူး" တဲ့။

* * *

ဂေါက်ရိုက်ပြီးတော့ ကလပ်ဟော့(စ)မှာ ဘီယာတစ်ကြိုက်လောက်စီ သောက်ကြတယ်။ ကျွန်တော်ရော အာရကန်ပါ ဘီယာမကြိုက်လှဘူး။ ချာလီကတော့ ရိုက်ပြီးတာနဲ့ စပွန်ဆာတစ်ယောက်နဲ့ သွားတွေ့ရမယ်ဆိုပြီး လစ်ရော။ ကျော်မြင့်ကြီး တစ်ယောက် တခြားလူတွေကို သူ့တုတ်အသစ် ကြွားနေတုန်း ကျွန်တော်နဲ့ အာရကန်လည်း သူရိုက်ပုံကို ထိုင်ပြီး တိတ်တိတ် ဟားနေမိကြတယ်။ တုတ်ကတော့ ကောင်းမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ လူကတော့ ခေါက်ရိုးက ကျိုးနှင့်ပြီးသား။ တစ်သက်လုံး စလိုက်(စ)ဖြစ်ပြီး ညာဘက်ထွက်နေတာကို ပြင်မယ်မစဉ်းစားဘူး။ တုတ်အသစ်ဝယ်ပြီး ဂေါက်ရဲ့ ကိုးဆယ့်ခြောက်ပါးကို ပျောက်အောင် ကုမယ်လို့ စဉ်းစားတဲ့အကောင်။ ဆယ့်ရှစ်ကျင်းရိုက်တာ သုံးလေးခါလောက်ပဲ ဖဲဝေးတဲ့ တည့်တည့်ဝင်တယ်။ ဒါပေတဲ့ ဒေါ်လာထောင်ကျော်ပေးပြီး ဂေါက်တုတ်ဝယ်နိုင်လောက်အောင်တော့ စီးပွား အရှာကောင်းတယ်။ သူ့မှာ ဟားဗတ်စီးပွားရေးကျောင်းက ဘာလက်မှတ်မှ မရှိဘူး။

ဂေါက်ကလပ်က ထွက်ကြတော့မယ်လို့လုပ်နေတုန်း စိုးဝင်းကို လှမ်းတွေ့လိုက်တာနဲ့ လိုက်ခဲ့ပါလားလို့ ခေါ်လိုက်လို့ ကျွန်တော်တို့နဲ့ ပါလာတယ်။ စိုးဝင်းကလည်း အလကား ပဲတင်းကောင်တော့ မဟုတ်ဘူး။ သမားတော်ကြီး ဆိုသလားပဲ။ ဆရာဝန်ဖြစ်၊ အက်(ဖ)အာစီအက်(စ)တွေ၊ အမ်အာစီပီတွေ ဘာတွေသွားယူ။ ခေတ်ကြီး ငါးခေတ်ထဲက နောက်ဆုံးခေတ်မှာ သာယာဝပြောတဲ့ လောကသစ်ကြီးဆီကို ပြည်သူတို့နှင့်အတူု မရောက်ရောက်အောင်သွားဖို့ပဲ။ ဖြစ်ချင်တော့ ကုလားပြည်ကရလာတဲ့ အဘ်အမ်ပီကို သွားငြင်းလိုက်မိတော့ ပြုတ်ရော။ အဲဒီခေတ်က စိုးဝင်းလိုပဲ ခပ်ညံ့ညံ့ကောင်တွေ ရှိတယ်။ ဆရာဝန်သာဖြစ်တယ် အေ၊ ဘီ၊ စီ၊ ဒီ ကို အစီအစဉ်အတိုင်း မရတဲ့ကောင်တွေ။ ကြည့် အလ်အမ်ပီဆိုတာ အလ်နဲ့စတော့ ရှေ့ကနေတာ။ အမ်ဘီဘီအက်(စ)တို့ အမ်အာစီပီတို့က အမ်နဲ့စတော့ နောက်မှာ။ ဒီပြင် ကျွန်တော်တို့မှာက တစ်နေ့ တစ်ရက် တစ်နာရီ တစ်မိနစ် တစ်စက္ကန့်ကြီးတဲ့လူကို ပြန်မပြောနဲ့၊ ပြန်မငြင်းနဲ့ဆိုတာကလည်း ရှိပြီးသား။ နောက်ကကောင် အောက်ကကောင်ဆိုတာ ပြန်မပြောရဘူး။ ပြန်ပြီးမေးခွန်းမထုတ်ရဘူးဆိုတာကို နားမလည်တဲ့ကောင်တွေ။ ထရစ်ဒင်ရှင်နယ် ကာ(လ)ချားလို့ ခေါ်တဲ့ အစဉ်အလာယဉ်ကျေးမှု ထုံးဓလေ့တွေကို မသိတဲ့ကောင်တွေ။ ဒီတော့ စိုးဝင်းလည်း ပြုတ်ကရော။ ပြုတ်တော့ တစ်ရပ်တစ်ကျေးမှာ အလုပ်သွားလုပ်။ နောက်တော့ ဒီပြန်လာ။ ပြန်လာတော့ ပါသွားတဲ့ မိန်းမနဲ့ မဟုတ်တော့ဘူး။ ခုတော့ နောက်ဖွင့်တဲ့ ဆေးရုံကြီးတွေမှာ အကြံပေးတယ် ဆိုသလားပဲ။

"မင်း၊ ခင်မောင်ကျော်နဲ့ တွေ့ပြီးပြီလား။"

ပျော်ပွဲစားရုံထဲက သီးသန့်အခန်းထဲမှာ ကျွန်တော်တို့လေးယောက် ထိုင်လိုက်ရုံရှိသေးတယ် စိုးဝင်းက မေးတယ်။

"အား ပါး ပါး" အာရကန်ဆီက အသံကြားရလို့ ကျွန်တော် လှမ်းကြည့်လိုက်တယ်။

အာရကန်က လက်ဖျားခါပြတယ်။ ပြီးတော့

"ခင်မောင်ကျော် ဘယ်လောက် ချမ်းသာနေတယ်ဆိုတာ မင်း ကြည့်သွားဖို့ကောင်းတယ်" လို့ ပြောတယ်။

"ဘာလို့ ငါက ကြည့်ရမှာလဲ။"

"မြင်ဖူးအောင်လို့။"

"မင်းကိုတောင် မေးနေသေးတယ်။ မင်းမပြန်သေးဘူးဆိုရင် နယ်က သူပြန်ရောက်လာရင် လာတွေ့လိမ့်မယ်" လို့ ကျော်မြင့်က လှမ်းပြောတယ်။

"ဒီမှာ . . " လို့ စိုးဝင်းက စကားစတယ်။ ကျွန်တော်တို့အားလုံး သူဘာပြောမယ်ဆိုတာကို မျှော်နေကြတယ်။

"ခင်မောင်ကျော် မပြောနဲ့ သူ့သား အလတ်ကောင်က တစ်ခါတလေ စင်္ကာပူက မူတူးဆိုင်မှာ ထမင်းသွားစားသတဲ့။ မနက် ဒီကနေ သွားပြီး ညနေ ပြန်လာတယ်ဆိုပဲ။"

"ကောင်းတာပေါ့" လို့ ကျွန်တော်က ပြောလိုက်တော့ အားလုံးက ကျွန်တော့်ကို လှမ်းကြည့်ကြတယ်။ "အရင်ကဆိုရင် စင်္ကာပူဆိုတာက တစ်ခမ်းတနား။ သင်းတို့ လူဝင်မှုကြီးကြပ်ရေးက သိပ်မျက်နှာကြောတင်းတာ။ ခုတော့ မင်းတို့ဆီလာတာ ထမင်းစားရုံလေးတင်ပါကွာလို့ ပြောလို့ရတာပေါ့။ ငါကတော့ သဘောကျတယ်" လို့ ရှင်းပြလိုက်တယ်။

စိုးဝင်းက သိပ်ဘဝင်ကျပုံ မပေါ်ဘူး။

"မင်းတို့ ငါတို့ငယ်ငယ်က စမတ်အင်မုကဒန်မှာ ကာတွန်းစာအုပ်ဝယ်ဖို့ အဖေ အမေဆီက ငွေ တစ်ဆယ်ရရင် အတော်များတယ်လို့ ထင်တာ . . " လို့ ပြောပြီး စိုးဝင်းက စကားမဆက်တော့ဘူး။ ကျော်မြင့်ကတော့ ပြံုးနေရင်း အစာမှာမယ်လို့ အစာစာရင်း ကြည့်နေတယ်။ အားလုံးငြိမ်သွားတော့ အာရကန်က စိုးဝင်းရဲ့ပုခုံးကို အသာပုတ်ပြီး ကိုစောညိမ်းရဲ့ သီချင်းပိုဒ်ကလေးတစ်ခုကို ဖြတ်ဆိုလိုက်တယ်။

"သဘာဝတရား၊ မတားသာပဲမို့ကွယ်၊ ပြံုးလိုက်ပါတော့လားကွယ်၊ သနားခြင်းကင်းတဲ့ အလှနှင်းဆီရယ် . ." တဲ့။

စားပွဲထိုးကောင်လေးကတော့ ပြံုးတယ်။ သူတို့ခေတ်က သီချင်း မဟုတ်မှန်းတော့ သိပုံရတယ်။ စိုးဝင်းက "သေခြင်းဆိုး လာလာချည်သေးရဲ့" လို့ ပြောပြီး ထိုင်ရာက ထတယ်။ ငါ ရှူးရှူးသွားပေါက်ဦးမယ်လို့ ပြောပြီး အခန်းပြင် ထွက်သွားရော။

* * *

အစာတချို့ရောက်လာလို့ မြည်းကြည့်နေတုန်း ကျော်မြင့်ဆီ ဖုန်းလာတယ်။ ကိန်းဂဏန်းတွေအကြောင်း ပြောနေကြတယ်။ အာရကန်က အမြင်ကပ်လာပုံ ရတယ်။ တော်တော့ကွာ။ ဒီကို စားရသောက်ရအောင်လာတာ။ စီးပွားရေးအကြောင်း ပြောဖို့မဟုတ်ဘူး။ ဘယ်သေခြင်းဆိုးကများ ဒီ ဟင်းဖုန်းဆိုတာကို တီထွင်လိုက်တယ် မသိဘူးလို့ပြောရင်း ခေါင်းခါလိုက်လို့ ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်မိတယ်။ ကျော်မြင့်လည်း စကားဖြတ်လိုက်တယ်။ ပြီးတော့မှ စိုးဝင်းတစ်ကောင် ရှူးရှူးသွားပေါက်တာ ကြာလှချည်လား။ အိမ်သာအိုးထဲများ ပြုတ်ကျသွားပြီလား မသိဘူးလို့ ပြောတယ်။ ဒီတော့မှ ကျွန်တော်လည်း သတိထားလိုက်မိတယ်။ လူနာဟောင်းနဲ့ တွေ့နေလို့ဖြစ်မယ်လို့ အာရကန်က ရယ်စရာပြောတယ်။

အခန်းထဲကို စိုးဝင်းပြန်ဝင်လာတယ်။ နောက်နားက အမျိုးသမီးတစ်ယောက် ပါလာတယ်။ ကျွန်တော်က ထ, ရပ်လိုက်မိတယ်။ ခေါင်းထဲစွဲနေတဲ့ အနောက်တိုင်းယဉ်ကျေးမှုက အလိုလို ထ, ရပ်ခိုင်းလိုက်တာ ဖြစ်မယ်။

"ဟယ် .. ဆင့်" လို့ ပါးစပ်က ထွက်သွားတယ်။ မြမြဆင့်ရယ်။ ကျွန်တော်က လက်ဆွဲနှုတ်ဆက်ဖို့ လက်ထိုးပေးလိုက်တော့ သူက လက်ဆွဲနှုတ်ဆက်ရုံမကဘူး တခြား လက်တစ်ဖက်နဲ့ ပုခုံးကို လှမ်းဖက်ထားတယ်။ သူ့မှာလည်း အနောက်က သင်ပေးထားတဲ့ ယဉ်ကျေးမှုတွေ အပုံချည်းပဲကိုး။ "ထိုင်ဦးလေ" လို့ ကျွန်တော်က ပြောလိုက်တော့ ထိုင်မယ်လို့ လုပ်နေတဲ့ စိုးဝင်းက မထိုင်တော့ဘဲ သူ့ခုံကို ကျွန်တော့်နား ဆွဲပေးလိုက်ပြီး သူကတော့ တခြားခုံတစ်လုံးမှာ သွားထိုင်တယ်။

"ငါ့ ကလိုင်းရင့်တွေကို ထမင်းလာကျွေးတာ" လို့ ပြောပြီး ပြံုးလိုက်ရင်း "သူတို့ပိုက်ဆံနဲ့သူတို့ကို လာကျွေးတာပေါ့ဟယ်" လို့ ဆင့်က ပြောတယ်။

"မြဆင့်တို့ တော်တယ်ဆိုတာ အဲဒါပဲ။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တတ်တယ်" လို့ အာရကန်ဆီက အသံထွက်လာတယ်။

"ဟုတ်တယ်။ ဟားဗတ်က ပြန်လာတဲ့လူတွေဆီမှာ တပည့်ခံထားတာ။"

အာရကန်လည်း ဘာမှ ပြန်မပြောတော့ဘူး။

ကျွန်တော်က ဆင့်ကို ကြည့်နေမိတယ်။ သိပ်ပြောင်းလဲမသွားဘူး။ ထူးခြားသွားတာကတော့ ဒီကနေ့ ကမ္ဘာကြီးရဲ့ စီးပွားကုန်သွယ်မှု လောကထဲမှာ တွေ့ရတတ်တဲ့ ပညာတတ် မိန်းမတွေရဲ့ အပြင်အဆင်မျိုး။ ဥပဓိရုပ်မျိုး။ ကလက်တက်တက် မဟုတ်ဘူး။ အထင်ကြီးခံချင်လို့ စိန်တွေ ကျောက်တွေ တသီကြီးဝတ်တဲ့ အရွယ်လွန် မိန်းမဟိုင်းကြီးတွေလို မဟုတ်ဘူး။ ငယ်ငယ်ကလို တပ်မက်စရာ ကြိုက်ချင်စရာ ချစ်ချင်စရာရုပ်မျိုး မဟုတ်တော့ဘူး။ လေးစားစရာ တန်ဖိုးထားစရာ ရုပ်ရည်မျိုး။ ထိုင်နေရင်း သူ့ညာဘက်လက်နဲ့ ကျွန်တော့် ဘယ်ဘက်ပုခုံးကို လှမ်းပုတ်လိုက်ရင်း "ငါ အေးအေးဆေးဆေး လာတွေ့ဦးမယ်" လို့ ပြောတော့ ကျွန်တော်က ခေါင်းညိတ်ပြလိုက်မိတယ်။

"ဒီလိုတော့လည်း ဘယ်ဟုတ်မလဲ။ သူ့မှာလည်း သားကြီး မယားကြီးနဲ့။ နင်က တိုးတိုးတိတ်တိတ် သွားတွေ့လို့ ဘယ်ကောင်းပါ့မလဲ" လို့ ကျော်မြင့်က နောက်တယ်။

"နင်ပဲ ဒီအသက် ဒီအရွယ်အထိ ဒါတွေတွေးနေတာ" ဆင့်က ပြန်ပြောလိုက်တယ်။ ဟိုအကြောင်း ဒီအကြောင်းတွေ ပြောကြပြီးတော့ သူ့ ကဒ်ပြားလေးတစ်ခုပေးတယ်။ နောက်တော့ ကျွန်တော့်လက်ထဲက ပြန်ယူပြီး နောက်ကျောဘက်မှာ ဖုန်းနံပါတ်တစ်ခု ထပ်ရေးပေးရင်း ပြံုးပြတယ်။ သူ ထိုင်ရာက ထတော့ ကျွန်တော်လည်း ထိုင်ရာက ထလိုက်တယ်။ အားလုံးလည်း ထကြတယ်။ ပြောရမယ်ဆိုရင်တော့ အနောက်က ပို့ချထားတဲ့ နေ့စဉ် လူမှုဆက်ဆံရေး ဘဝထဲက ယဉ်ကျေးမှုတွေဟာ ကျွန်တော်တို့မျိုးဆက်ရဲ့ ဦးနှောက်တစ်နေရာရာ တစ်ထောင့်ထောင့်မှာ ရှိနေတယ်လို့ပဲ ပြောရမှာ။

"ကားသစ်ကြီးက နင့်ဟာမဟုတ်လား။ ကွန်ဂရက်ကျူးလေးရှင်း" လို့ ကျော်မြင့်ကိုကြည့်ရင်း လှမ်းပြောလိုက်တော့ ကျော်မြင့်မျက်နှာမှာ ပီတိတွေဖြာလို့။ "ငါ့ကားက . . " လို့ ကျော်မြင့်က စကားစလိုက်တော့ "ဟကောင်၊ ဒီလောက်ဆို တော်ပြီ။ အသေးစိတ်ပြောပြချင်ရင် သူ့အိမ်သွားပြောချေ" လို့ အာရကန်က ဝင်တားတယ်။ မြမြဆင့်က စိုးဝင်းကို လှမ်းပြောတယ်။ "စိုးဝင်း၊ အညာသားတွေမှာ သစ်ရင်ကောင်းတယ်ဆိုတဲ့ အမြင်ရှိတယ်။ ရောဂါတစ်မျိုးလို့ ငါထင်တယ်။ အဲဒါကလေး ကုပေးလို့ မရနိုင်ဘူးလား" တဲ့။ စိုးဝင်းက ခေါင်းခါပြတယ်။ ကျော်မြင့်လည်း စကားမဆက်လိုက်ရတော့ဘူး။ ကျော်မြင့်က ဘာမဆို သစ်မှ။ သူပိုင်ဆိုင်တာနဲ့ ပတ်သက်လာရင် သိပ်တန်ဖိုးထားတတ်တယ်။ အသေးစိတ်ကျလွန်းတယ်။ နောက်တော့ မြမြဆင့် ထွက်သွားရော။

* * *

ပျော်ပွဲစားရုံကအပြန် ကျော်မြင့်ကြီးရဲ့ ကားအသစ်ကြီးဆိုတာအပေါ်မှာ မြမြဆင့်အကြောင်း တချို့ ပြောဖြစ်သွားကြတယ်။

မြမြဆင့် အောင်မြင်တာ။ ငယ်သူငယ်ချင်းတွေအပေါ် ကောင်းတာ။ သူတို့လင်မယား ကွဲတာ။ . . အစုံပဲ။

"မြမြဆင့်ကို မင်း မကြိုက်ဘူးလား" လို့ စိုးဝင်းက တဲ့ချည်း မေးတယ်။

"ဟင့်အင်း"

"ဘာလို့လဲ"

"ဘာလို့မှ မလဲဘူး။ သူနဲ့ငါ ကလေးကတည်းက ခင်တာ။ ခင်တာက ခင်တာပဲ မကြိုက်တာက မကြိုက်တာဘဲ"

"ဟေ့ . . အာရကန် မင်းကို မြမြဆင့် ဘာပြောတယ်ဆိုတာ ပြောပြလိုက်စမ်း"

"ဒီလိုကွာ၊ မြမြဆင့် ဟိုမှာ သွားပြီး အင်တာနေရှင်နယ်လောတို့ ထရိဒ်လောတို့ တက်ပြီးပြန်လာတော့ ငါ့ဆီလာပြီး စီးပွားရေးလုပ်ငန်းသဘောလာပြီး တပည့်ခံတယ်။ တစ်နေ့ တစ်နာရီ နှစ်နာရီလောက် ငါက သင်ပေးတယ်။ ပိုက်ဆံလည်း ကောင်းကောင်း ပေးတယ်။ တစ်နေ့တော့ ဟိုမှာ သူကျောင်းတက်ဖို့ကိစ္စနဲ့ပတ်သက်လို့ မင်းတို့လင်မယားက ကူညီတဲ့အကြောင်း စကားစပ်မိသွားတယ်။ ဒီတော့ ငါကလည်း မနေနိုင်ဘူး။ နင်သူ့ကို မကြိုက်ဖူးလားလို့ မေးလိုက်တော့ သူက ခဏစဉ်းစားပြီး ကြိုက်တယ်လို့ ဖြေတယ်။ ဒါပေတဲ့ မင်း သူ့ကိုမကြိုက်ဘူးဆိုတာ သူသိတယ်။ . . . နေစမ်းပါဦး ကြံုတုန်း မင်းကို ငါတစ်ခုလောက် မေးချင်တယ်။ မေးရမလား . . " တဲ့။ အာရကန်က ဆက်မပြောသေးဘဲ ကျွန်တော့်ဆီက အဖြေကို စောင့်နေတယ်။

"မမေးနဲ့ . . " လို့ ပြန်ဖြေလိုက်ရင်း ကားရဲ့ ဓားလွယ်ခုတ်လောက်က လမ်းဘေးတစ်နေရာဆီမှာ လူအတော်များများ ရပ်နေတာကို လှမ်းကြည့်နေမိတယ်။ ပြီးတော့ "ဟိုမှာ လူတွေ ဘာရပ်လုပ်နေတာလဲ" လို့ မေးလိုက်မိတယ်။

"ကားစောင့်နေကြတာ ထင်တယ်" လို့ ကျော်မြင့်ကို ဖြေတယ်။

"စနေနေ့ ညနေဘက်ချည်းကွာ။ ဒီနေ့ အလုပ်ပိတ်တယ် မဟုတ်လား။"

"အိုဗာတိုင် လုပ်တာတို့ ဘာတို့ ရှိမှာပေါ့။ မဟုတ်လည်း အဲဒီနားဆီမှာ ပွဲလေး လမ်းလေး ရှိမှာပေါ့။ ဘာဖြစ်လို့ပဲ" လို့ ကျော်မြင့်က ပြန်မေးတယ်။

အဲဒီရှေ့နားဆီကို ကားက ဖြတ်မောင်းလာတော့ စိုးဝင်းက အသေအချာကြည့်လိုက်ပြီး "ကားမှတ်တိုင်ကွ" လို့ ပြောတယ်။

"ကားမှတ်တိုင်မှာ လူတွေ ဘာလုပ်နေကြတာလဲ။ ကားစောင့်နေကြတာလား။"

"ဒါပဲရှိမှာပေါ့"

"ဘာလို့လဲ" လို့ အာရကန်က ဖြတ်မေးတယ်။

"ကားမှတ်တိုင်မှာ လူတွေဘာလို့ ရပ်နေကြတယ်ဆိုတာ သိချင်လို့။ လူတွေက အများကြီးပဲ။"

"ဟုတ်တယ်၊ လူတွေအများကြီးပဲ" လို့ အာရကန်က ဖြေတယ်။ "ကားမှတ်တိုင်မှာ ကားလာဖို့ စောင့်နေတဲ့လူတွေ ရှိတယ်။ အဲဒါ သူတို့ကိစ္စ။ မင်းတို့ ငါတို့ရဲ့ ပြဿနာတစ်ခုက ဘယ်အကောင်မှ ဘတ်(စ)ကား မစီးဖူးကြတာ။ ကားမှတ်တိုင်မှာ ကားမစောင့်ဖူးကြတာပဲ။ ဒါပေတဲ့ တို့က ကျော်မြင့်ရဲ့ ကားသစ်ကြီးပေါ်ကထိုင်ပြီး ဒီလူတွေအကြောင်း စဉ်းစားကြည့်တယ်ဆိုရုံပဲ" လို့ သူက ဆက်ပြောတယ်။

"အက်စပေါက်(စ) သီဝရီ Espoused theory အကြောင်း ပြောတော့မယ်လို့လား" လို့ ကျွန်တော်က အာရကန်ကို လှမ်းနောက်လိုက်တယ်။ အာရကန်က စကားဆက် မပြောတော့ဘဲ သေခြင်းဆိုးလို့ပဲ ပြောတော့တယ်။

သူပြောတဲ့အထဲမှာ မှန်တာတော့ ပါတယ်။ ကျွန်တော်တို့တစ်တွေက ဘတ်(စ)ကားမစီးဖူးကြဘူး။ ဒီတော့လည်း ကျွန်တော့်အနေနဲ့ ကားရဲ့ရှေ့ခန်းမှာ ကျေကျေနပ်နပ်ထိုင်ပြီး ကားမှတ်တိုင်က လူတွေကိစ္စကို တွေးကြည့်နေတာဟာ မဟုတ်သေးဘူး။ ကျွန်တော်တို့နဲ့ မဆိုင်လှဘူး။ မဆိုင်လှဘူးလို့ဆိုတာကလည်း မဟုတ်ဘူး။ ဆိုင်ကို မဆိုင်ဘူးလို့ ပြောမှ။ ။

မြင့်သန်း

No comments:

Post a Comment