Wednesday, September 11, 2013

ကာတီရေးနဲ့မိန်းမ (မြင့်သန်း)

ကာတီရေးနဲ့မိန်းမ (မြင့်သန်း)

ဧည့်ခံပွဲလုပ်တဲ့လူက ကျွန်တော်တို့အပေါ်မှာ ကောင်းခဲ့တာတွေ ရှိတယ်။ ကျွန်တော်တို့ လောကမှာ အပြန်အလှန်ကူညီတာ၊ စောင့်ရှောက်ရတာဟာ ရေးသားမထားတဲ့ မူတစ်ခု။ ဒီတော့လည်း ကျွန်တော်တို့ အနေနဲ့ သူ အကူအညီလိုနေတာကို ကူညီရမယ့်သဘော။ သူကတော့ တည့်တည့်ချည်း ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မှာ တင်နေတဲ့ ကြွေးကို ချေပစ်ချင်တာ မဟုတ်ဘူး။ ကျွန်တော်တို့အပေါ်မှာ ထပ်ပြီး သူ အကြွေးတင်လာအောင် လုပ်ထားချင်နေကြတာ။ ဒီတော့မှ ကျွန်တော်တို့လည်း သူ့ကို အသုံးချလို့ ရမှာကိုး။ တစ်နေ့ကတော့ ဂေါက်သီးရိုက်ရင်း သူ့ကိစ္စကိုပြောတယ်။ မင်းလိုချင်တဲ့ အဖြေရဖို့ဆိုရင်တော့ အကူအညီပေးနိုင်တယ်။ ဒါပေတဲ့ တို့ လုပ်ခိုင်းတာကိုတော့ မင်းက လုပ်။ တို့ ဘာလုပ်မယ်ဆိုတာကို အသေးစိတ် မင်းသိစရာမလိုဘူးလို့ သူ့ကိုပြောတော့ သူက သဘောတူတယ်။ ဒီလိုနဲ့ သူ့အိမ်မှာ ဧည့်ခံပွဲကလေးတစ်ခု လုပ်ဖြစ်သွားတယ်။ အကြောင်းပြချက်ကတော့ အသစ်ရောက်လာတဲ့ သံတမန် တစ်ယောက်ကို ကျန်လူတွေနဲ့ မိတ်ဆက်ပေးတဲ့ ကောက်တေး(လ်)ပွဲပဲ။ ဒါကလည်း သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။

ဒီလိုနဲ့ ကျွန်တော်တို့ လေးယောက်သား သူ့ဧည့်ခံပွဲကို ရောက်လာခဲ့တာပဲ။ ကျွန်တော်တို့ဆိုတာက အေဒရီယံရယ်၊ ပက်ဒီရယ်၊ လူးရယ်၊ ကျွန်တော်ရယ်။ ပက်ဒီနဲ့ လူးတို့ နှစ်ယောက်က မှတ်တမ်းတင် ရုပ်သေ၊ ရုပ်ရှင်ရိုက်တဲ့သူတွေရဲ့ လက်ထောက် လုပ်နေကြတယ်။ အမှန်မတော့ လူးက ကျွန်တော်တို့ ကြည့်ချင်တဲ့လူတွေရဲ့ ပုံတွေကို ဘယ်လိုရိုက်ရမယ်ဆိုတာ တကယ်ရိုက်တဲ့လူတွေကို ကပ်ပြီး ညွှန်ကြားနေကြတာ။ ကျွန်တော်တို့ကတော့ ဧည့်သည်တော်တွေအဖြစ် လာပေတဲ့ အခန်းထောင့်တစ်နေရာမှာ လိမ္မော်ရည်ခွက်ကိုင်ရင်း မိုးတိုးမတ်တပ်ပဲ။ ယမကာမှီဝဲလို့ မဖြစ်သေးဘူး။ ဒီတော့လည်း ပျင်းလာတယ်။ သူတို့ အသိုင်းအဝိုင်းက ဟန်များကြတယ်။ ဟန်များတယ်ဆိုတာ ဟန်လုပ်နေကြရတာ များတာ။ လုံးလုံးချည်းမသိတာကို သိသလိုလုပ်ပြီး လိမ်နေတဲ့ လူတွေပါသလို သိနေတာကို မသိသလိုလုပ်ပြီး ညာနေတဲ့လူတွေလည်း ပါတယ်။ ကျွန်တော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့လူတွေတော့လည်း မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ နှစ်ယောက်သား အခန်းထောင့် တစ်နေရာက ရပ်ကြည့်ရင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပျင်းပြေအောင် လုပ်နေကြရတယ်။ တခြားတော့ မဟုတ်ဘူး။ တတိယကမ္ဘာက လာကြတဲ့ သံအမတ်ကတော်တွေရဲ့ လူပုံစံ၊ ဝတ်ပုံစားပုံဆိုတာတွေကြည့်ပြီး ပြက်လုံးထုတ်နေမိကြတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေဟာ ဆယ်ယောက်မှာ ကိုးယောက်လောက်က မဝတ်တတ် မစားတတ်တာများတယ်။ မစားတတ်ဘူးဆိုတာကလည်း မဟုတ်လောက်ဘူး။ အစားကောင်းလို့ ကျားကိုစီး စားလို့မကုန် ပုံကြီးတွေ များတယ်။

ကောင်းတဲ့ဘက်က ရှာကြံပြောပြရရင်တော့ တတိယကမ္ဘာက သံအမတ်ကတော်တွေဟာ ထူးခြားတယ်လို့ပဲ ပြောရမှာပဲ။ သူတို့တစ်တွေ အများစုဟာ အထိုက်အလျောက် သံတမန်လောကထဲမှာ ကျင်လည်လာခဲ့ပေတဲ့ တကယ်တော့ သူတို့ယောက်ျားတွေက ပွဲတက်မယားအဖြစ်လောက်ပဲ သဘောထားပြီး ခေါ်ခဲ့ကြပုံရတယ်။ တချို့ တတိယကမ္ဘာက သံအမတ်တွေ ကိုယ်တိုင်ဟာ အကြောင်းကြောင်းကြောင့် သံအမတ်ဖြစ်လာကြတာ။ နိုင်ငံတကာ ဆက်ဆံရေးဆိုတာကို လက်ပူတိုက်သင်ပေးထားလို့ ပြောလို့ဆိုလို့ ကောင်းရုံလောက် သိတာ။ အဓိကလုပ်ကိုင်ပေးနေကြတာက သံတမန်လောကမှာ အရိုးရင့်နေကြတဲ့ သံရုံးက ပထမနဲ့ ဒုတိယ အတွင်းဝန်တွေပဲ။ ပြောရရင်တော့လည်း မကောင်းလှဘူး။ ဆု(တ) Suit ဝတ်တာကို ကြည့်ရုံနဲ့ သင်းတော့ဖြင့် တတိယကမ္ဘာက သံအမတ်ဆိုတာ ပေါ်လွင်တယ်။ ရပ်ကြည့်နေရင်း အေဒရီယံနဲ့ ကျွန်တော်တို့နှစ်ယောက်သား သူတို့ဝတ်ထားတဲ့ ဆု(တ)ကို တန်ဖိုးဖြတ်ကြည့်ကြတယ်။ ဒါကတော့ နှစ်ရာ့ငါးဆယ်တန်။ ဒါကတော့ နည်းနည်း စျေးပိုကြီးမယ်။ နှစ်ရာ့ခုနစ်ဆယ့်ငါး ဒေါ်လာလောက် ပေးရမယ်။ ရှားရှားပါးပါး သုံးရာ့ငါးဆယ်တန်လောက် ဝတ်လာတာ တွေ့ရရင် ဒီငနဲတော့ဖြင့် သံတမန်အသိုင်းအဝိုင်းမှာ အတော်ကလေးကြာခဲ့ပုံရတယ်။ ဒီလို ဆု(တ)မျိုးကို စျေးပေါပေါနဲ့ ဘယ်မှာရတယ်ဆိုတာ သင်း သိပုံရတယ်။ သင်းတော့ဖြင့် သိပ်မဆိုးလှဘူး။ ဒီည ဧည့်ခံပွဲမှာဖြင့် သင်းကတော့ နံပါတ်တစ်ပဲဆိုပြီး ကျွန်တော်တို့အချင်းချင်းပြောရင်း တိတ်တိတ်ဟားနေကြရတယ်။ ဒီကြားထဲ ကြိုးမပါတဲ့ ရှူးဖိနပ်ဝတ်ထားတဲ့ ငနဲ၊ ခရီးဆောင်ဖုန်းကို ခါးထဲချိတ်လာတဲ့ ငနဲပါသေးတယ်။ ဒီလိုမျိုး ရာထူးရာခံနဲ့ လူတွေအဆင့်မှာမပြောနဲ့ သာမန်ညွှန်ကြားရေးမှူးအဆင့် လောက်မှာတောင် ခရီးဆောင်ဖုန်းကို ခါးကြားထဲ မချိတ်ကြဘူဆိုတာ သင်းတို့ သိပုံမပေါ်ကြဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့ အရပ်တွေမှာက ရေပိုက်ပြင်တဲ့ ငနဲတွေ၊ အုတ်စီတဲ့ငနဲတွေ။ လူငယ်ပိုင်းတွေက ခရီးဆောင်ဖုန်းကို ခါးကြားထိုးထားရတာ။ သူတို့က လမ်းပေါ်မှာ အနေများတာကိုး။ စီအီးအိုတွေ မပြောနဲ့ တော်ရုံ မန်နေဂျာလောက်၊ ညွှန်ကြားရေးမှူးလောက်ဆိုရင်တောင် အတွင်းရေးမှူးတို့၊ ကိုယ်ရေးအရာရှိတို့ စတဲ့ တပည့်လက်သား အစုံအလင်နဲ့ နေကြတော့ ခရီးဆောင်ဖုန်းကို ခါးကြားထိုးထားစရာမှ မလိုတော့ဘဲ။ လူမြင်မှာစိုးလို့ အတွင်းအိတ်ထဲမှာ ထားကြတာများတယ်။

သံအမတ်ကတော်တွေကတော့ အတော်ပြောရခက်တယ်။ ကြည့်လိုက်တာနဲ့ သူကတော့ဖြင့် တတိယကမ္ဘာက သံအမတ်ရဲ့ မိန်းမပဲဆိုတာ ဘယ်သူကမှ ပြောစရာမလိုလောက်အောင်ပဲ။ ပိန်ပိန်ပါးပါးဆိုတာတောင် အတော်ရှာရလိမ့်မယ်။ ပိန်ပိန်ညှောင်ညှောင် ဆိုပြန်ရင်လည်း လက်ပြင်ကျကျ၊ ခါးကိုင်းကိုင်း ရှေ့ကို ဟပ်ထိုးမလဲရုံပဲ။ နဝဒေးကြီးရေးတဲ့ "ဆောင်ရာဆယ်ဆ သာလွန်းလှ၍ . . " ဆိုတာမျိုးကတော့ တတိယကမ္ဘာက သံအမတ်ကတော်တွေအကြားမှာ အတော်ရှားလိမ့်မယ်။ အများစုကတော့ စားကောင်း အိပ်ကောင်းနဲ့ အဆီတစ်နေတဲ့ လိုက် ဟဲဗီးဝိတ်လောက်ဟာကြီးတွေပဲ။ ရှိတာတွေကိုလည်း အကုန်ထုတ်ဝတ်ကြသေးတာ။ သူတို့ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်၏ မလိုက်၏ဆိုတာကလည်း ထည့်တောင် စဉ်းစားကြပုံ မရဘူး။ ကျောက်တွေ၊ စိန်တွေ အရောင်ကို စုံနေတာပဲ။ ဒီအကြားထဲ အပေါစား ကိုယ်နံ့ပျောက်ဆေးနဲ့ ရေမွှေးအမျိုးကောင်းကောင်းကို မကွဲတဲ့ မိန်းမတွေ ပါလာသေးတယ်။ အကောင်းစား ရေမွှေးရဲ့အနံ့က ဘယ်လိုဆိုတာတောင် သိကြပုံမရဘူး။ ကျွန်တော်က ခပ်တိုးတိုး တောက်တစ်ချက်ခေါက်လိုက်ရင်း ဆကိုးစီ မိန်းမလိုမျိုး တစ်ယောက်လောက်ပါလာရင်တောင် သိပ်မဆိုးလှဘူး။ မျက်စိအပျင်းပြေလောက်တယ်လို့ ပြောလိုက်တော့ အေဒရီယံက ပြုံးတယ်။ ဟိုဟာမက မော်ဒလ်ကလာတာလို့ သူက ပြန်ပြောတယ်။ မော်ဒလ်ဆိုတာ ငါလည်း သိပါတယ်။ ငါပြောချင်တာက အဒက်(ပ)တေးရှင်းအကြောင်း။ ဒီအသိုင်းအဝိုင်းထဲ ရောက်လာရင် ဘယ်လိုဝတ်စားရတယ်ဆိုတာကတော့ လေ့လာယူရမှာပေါ့ကွာ။ အရင်က စျေးသည်ပဲ လုပ်လာ လုပ်လာ ကျောင်းဆရာမတို့ သူနာပြုဆရာမတို့ လုပ်လာလုပ်လာ ဒီအသိုင်းအဝိုင်းမှာ ဒီလိုဆိုတာမျိုးကို ပုံတူကူးရမှာပဲ။ သူတို့တိုင်းပြည်မှာ သူတို့ဘာသာ ဘာလုပ်လုပ် ဘယ်လိုနေနေ တစ်ပြည်တစ်ရွာမှာ သူတို့ ယောက်ျားတွေရဲ့ အသိုင်းအဝိုင်းထဲမှာတော့ သူတို့ရဲ့ ပါဝင်ပတ်သက်မှုဟာ အရေးကြီးတာပဲ။ အထူးသဖြင့် အဝတ်အစားတင်မကဘူး။ ဝတ်တတ် စားတတ်တာဟာ သိပ်အရေးကြီးတယ်ဆိုတာ ဒီမိန်းမတွေသိဖို့ ကောင်းတာပေါ့လို့ ကျွန်တော်က ပြန်ပြောလိုက်မိတယ်။ အေဒရီယံက ခေါင်းညိတ်တယ်။ ပြီးမှ ဟိုမှာလို့ပြောပြီး မသိမသာမေးငေါ့ပြတယ်။ ငါ့အထင်တော့ ဒီညအတွက် သူက ပထမပဲ။ ဝိတ်ကတော့ ဆူပါဟဲဗီးဝိတ်။ ဝတ်ထားတာက ရွှေရောင်တောက်တောက်။ လည်ပင်းမှာ၊ နားရွက်မှာ ဆွဲထားတာတွေကတော့ စုစုပေါင်း တွက်လိုက်ရင် တစ်ကီလိုလောက် လေးမလားပဲ။ သူက ဆက်ပြောတယ်။ ကျွန်တော်က မင်းပြောတာ မှန်တယ်ဆိုတဲ့သဘောနဲ့ အသာပဲ လက်မထောင်ပြလိုက်တယ်။ ကြိတ်ပြံုးမိကြတယ်။

ကော့ပရိတ်လူကြီးတွေ၊ ကုန်သည်ကြီးတွေရဲ့ မိန်းမတွေကျတော့ တတိယကမ္ဘာက သံအမတ်ကတော်တွေနဲ့ ဆန့်ကျင်ဘက်ပဲ။ ဘယ်အရပ်က ကော့ပရိတ်လူကြီးဖြစ်ဖြစ် ဘယ်အရပ်က ကုန်သည်ကြီးဖြစ်ဖြစ် သူတို့ရဲ့ မိန်းမတွေကတော့ မျက်စိကျလောက်တာချည်းပဲ။ အဓိကကတော့ စတိုင်ကျတာပဲ။ အင်္ဂလိပ်လိုပြောရင်တော့ grooming ရှိတယ်လို့ ပြောရမှာချည်းပဲ။ ဒီလူကြီးတွေနဲ့ စာရင်တော့ သူတို့မိန်းမတွေက ငယ်ကြတာ များတယ်။ တချို့ကတော့ အတော့်ကို အသက်ကွာတယ်။ ကွာတော့ ဘာဖြစ်တုန်းလို့ပဲ သဘောထားကြစို့ရဲ့။ မထားလို့လည်း မဖြစ်ဘူး။ ကော့ပရိတ်လူကြီးလောက် ဖြစ်လာရင် ငယ်ချစ်ကိုပယ်လို့ အသစ်ကို တွယ်ရမယ်ဆိုတဲ့မူက ရေးသားမထားပေတဲ့ ရှိနေတယ်။ ဒီတော့လည်း ကော့ပရိတ်လူကြီးတွေနဲ့ ကုန်သည်ကြီးတွေအဖို့ ငယ်ပေါင်းကို အကြောင်းပြ ဂျောင်းကွလို့ဆိုပြီး သက်မပြည့်ခင်ပဲ ကြိုတင်ပင်စင်ပေးလိုက်ကြတာများတယ်။ ပြောရရင်တော့ ဒီမိန်းမတွေဟာ တတိယကမ္ဘာက သံအမတ်ကတော်တွေနဲ့ တိုက်ရိုက် ဆန့်ကျင်ဘက်ပဲ။ သူတို့က ဖြီးတတ်တယ်။ အသိုင်းအဝိုင်းထဲ ဝင်ဆန့်အောင် သူတို့ယောက်ျားတွေအတွက် အကျိုးရှိအောင် တိုက်ရိုက်မဟုတ်တောင် သွယ်ကာ ဝိုက်ကာနဲ့ ညာတတ် ဖြီးတတ်တယ်။ ယှဉ်ပြောရရင်တော့ တတိယကမ္ဘာက သံအမတ်ကတော်တွေလို ဗြောင်လိမ်တာမျိုး မဟုတ်ဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေကို သူ့ ယောက်ျား ကိုယ်စားပြုတဲ့ တိုင်းပြည်အကြောင်း မဟုတ်က ဟုတ်က တစ်ခု လုပ်ကြံသာမေးလိုက်၊ မဟုတ်မှန်းသိပေတဲ့ မဟုတ်ဘူးလို့ မပြောဘူး။ မသိဘူး၊ မကြားမိဘူး။ ကျွန်မယောက်ျားနဲ့ မဆိုင်တော့ မသိဘူး ဆိုတာမျိုးပဲ ဖြေတတ်ကြတယ်။ မဟုတ်တာကို မဟုတ်ဘူးလို့မပြောဘဲ မသိဘူးလို့ လိမ်ပြောတတ်ကြတာကိုး။ သူတို့ စကားပြောနေတဲ့လူရဲ့ အရည်အသွေးကို ထည့်မတွက်တတ်ဘူး။ ကော့ပရိတ်လူကြီးတွေ၊ ကုန်သည်ကြီးတွေရဲ့ မိန်းမတွေကျတော့ သူတို့နဲ့ ပြောနေတဲ့လူကိုကြည့်ပြီး တွက်ဆ လိမ်တာ။ ဘယ်လိုပဲလိမ်လိမ် ဒီမိန်းမနှစ်မျိုးစလုံးကို အခုခေတ်မှာ Micro expression နဲ့ကြည့်ပြီး လိမ် မလိမ် အဖြေထုတ်ကြည့်လို့ စိစစ်ကြည့်လို့ရတယ်ဆိုတာ ကြားဖူးကြပုံမပေါ်ဘူး။ မလိမ်တတ်ပဲ လိမ်တဲ့မိန်းမတွေနဲ့ လိမ်လို့ ရမယ်ထင်လို့ လိမ်ကြည့်တဲ့ မိန်းမတွေပဲ။ တတိယကမ္ဘာက မိန်းမတွေကိုတော့ သိပ်အပြစ်တင်လို့ မဖြစ်ဘူး။ အကြောင်းက သူတို့ ယောက်ျား သံအမတ်မဟုတ်တော့ရင် သူလည်း သူ့ယောက်ျားရဲ့ ထမင်းချက်သာသာလောက် ပြန်ဖြစ်တော့မှာမဟုတ်လား။

ကျွန်တော်တို့အထဲမှာ လူးက အလိမ်ဖမ်းတတ်တယ်လို့ ပြောရမှာပဲ။ တော်ရုံမဟုတ်ဘူး၊ သူက ပါမောက္ခ အက်ကာမင်ရဲ့ နည်းတွေကို အများကြီး လေ့လာဖူးတယ်။ သူ့အဖေက သိပ်ချမ်းသာတယ်။ သူ့ကို အနောက်နိုင်ငံပို့ပြီး ဆရာဝန်ဖြစ်အောင် ဆေးပညာသင်ခိုင်းတာ။ သူက စိတ်ပညာသင်ပြီး ပြန်လာတယ်။ ပီအိပ်(ချ)ဒီရပြီးတော့ ကျွန်တော်တို့နဲ့လာပြီး အလုပ်လုပ်တယ်။ အရင်ကတော့ သူ့အဖေက သူ့ကို ခွေးဖြစ်မယ့်အကောင်လို့ ညွှန်းလေ့ရှိတယ်။ အဘိုးကြီးက စီးပွားရေးသမား အတော်လည်း ချမ်းသာတယ်။ အဘိုးကြီးကုမ္ပဏီတွေရှိတဲ့ အရပ်ရောက်တိုင်း ကျွန်တော်တို့က ဝင်တွေ့လေ့ရှိတော့ ခုဆို အဘိုးကြီးက သူ့သားကို ခွေးဖြစ်မယ့်အကောင်လို့ မခေါ်တော့ဘဲ မကြီးပွားချင်တဲ့ အကောင်လို့ပဲခေါ်တယ်။ အမှန်မှာတော့ လူးမှသာမဟုတ် ကျွန်တော်တို့တစ်တွေက မကြီးပွားချင်တဲ့ ကောင်တွေချည်းပဲ။ လူးက သူ့အဖေရဲ့ မိတ်ဆွေ ကုန်သည်ကြီးတချို့ကို ပြောတာဆိုတာကြည့်ပြီး အလိမ်ဖမ်းပြတယ်။ အဲဒီကတည်းက အဘိုးကြီးက သိပ်သဘောကျသွားတယ်။ မကြာခင်ကတင် ကျွန်တော်တို့နဲ့ နေ့ခင်းစာ စားရင်း အဘိုးကြီးကပြောတယ် အရင်ကတော့ မင်းတို့ကို ငါက အလကားကောင်တွေလို့ထင်တာ ခုတော့မှ ငါ သဘောပေါက်တယ်။ မင်းတို့က တကယ့်အလကားကောင်းတွေပဲလို့ ရယ်စရာပြောတယ်။ အခုလည်း လူးက မသိမသာ ကျွန်တော်တို့အနား ရောက်လာပြီး ဘားဆီကို ခဏလောက် သွားကြည့်စမ်းလို့ပြောတယ်။ ငါတော့ ချာလီနဲ့ စကားပြောလိုက်ဦးမယ်လို့ပြောပြီး ထွက်သွားတယ်။ ချာလီဆိုတာက လုံခြံုရေးရဲ့ အကြီးအကဲ။ ကျွန်တော်တို့လည်း ဘားရှိရာဘက်ကို ထွက်ခဲ့ကြတယ်။

ဘားဆီမရောက်ခင် လှမ်းကြည့်လိုက်တော့ ဘားကောင်တာမှာ အမျိုးသမီးတစ်ယောက်တည်း ထိုင်နေတာတွေ့ရတယ်။ ကျွန်တော်တို့ လက်ထဲက လိမ္မော်ရည်ခွက်ကို ဗန်းအလွတ်ကိုင် စောင့်နေတဲ့ စားပွဲထိုးရဲ့ ဗန်းထဲထည့်လိုက်ပြီး ဘားဆီလာတော့ အေဒရီယံက မင်းသွားတော့လို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်မိတယ်။ သူနဲ့ကျွန်တော် အကြားမှာလည်း နားလည်မှုတစ်ခု ရှိတယ်။ ဥရောပရုပ်ရည်နဲ့ လူ တစ်ယောက်ယောက်ကို စူးစမ်းဖို့ဆိုရင် သူ့အလုပ်။ အေရှံအသွင်အပြင်နဲ့လူဆို ကျွန်တော့် တာဝန်။ ခုတော့ ဘားမှာ ထိုင်နေတဲ့ အမျိုးသမီးက ယူရေရှံလို့ ခေါ်ကြတဲ့ ဥရောပနဲ့ အေရှံအစပ်။ ဒါပေတဲ့ ရပ်ဝန်းက အေရှံရပ်ဝန်းဆိုတော့လည်း ကျွန်တော့်တာဝန်ပဲ။ အေဒရီယံကတော့ မလှမ်းမကမ်းကို ထွက်သွားပြီး အစားအသောက် တာဝန်ခံလုပ်တဲ့ လူနဲ့ရပ်ပြီး မသိမသာ လှမ်းကြည့်နေတယ်။ ကျွန်တော်လည်း ဘားရဲ့ ဘယ်ဘက်စွန်းမှာ ထိုင်လိုက်ရင်း အမျိုးသမီးကို ခေါင်းညိတ်ရင်း နှုတ်ဆက်တဲ့သဘောနဲ့ အသိအမှတ်ပြု လိုက်တယ်။ သူက သူ့လက်ထဲက မာတီနီခွက်ကို အသာမပြီး နှုတ်ဆက်ရင်း ပြန်ပြီး အသိအမှတ်ပြုတယ်။ ဘားက ကောင်ကလေးက ကျွန်တော့်ရှေ့မှာရပ်ရင်း ဘာမှာမလဲလို့ စောင့်နေတာနဲ့ ရေခဲများများနဲ့ တောနစ်၊ သံပုရာသီး နှစ်စိတ်သုံးစိတ်လောက် ညှစ်စမ်းပါလို့ပြောရင်း မှာလိုက်တယ်။ ဒီတော့ ယူရေရှံမကပြံုးလိုက်ရင်း အလုပ်မပြီးသေးဘူးထင်တယ်လို့ လှမ်းပြောတယ်။ ကျွန်တော်က အသာခေါင်းညိတ်ပြရင်း မင်းကော ပြီးသွားပြီလားလို့ လှမ်းမေးလိုက်တယ်။ ငါက ဖိတ်လို့လာတာ အလုပ်မပါဘူးလို့ ပြန်ဖြေတယ်။ တကယ်တော့ ကောက်တေး(လ) ပွဲလိုဟာမျိုးကိုလာပြီး ကလပ်ဆိုဒါတို့၊ တောနစ်တို့ သောက်တယ်ဆိုရင်ပဲ ဒီလူတွေမှာ အကြောင်းရှိတာကို။ ဘာသာရေးကြောင့်၊ ကျန်းမာရေးကြောင့် မဟုတ်ရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ လုပ်ထုံးအရ တစ်ခုခုတော့ သောက်ကြတာပဲ။ အဲဒီ အထဲမှာ အကြောင်းကိစ္စ တစ်ခုခုကြောင့် ရောက်နေတဲ့ လူတွေသာ ကိုယ့်ကိုယ်ကို ထိန်းတဲ့မူ self displine အရ လက်ထဲမှာ ဖန်ခွက်ရှိရုံ အပြ သောက်ကြရတာ။ အဲဒါကို သိပုံရတယ်။ ဒီလိုဖြင့်တော့ ဒီမိန်းမဟာ တတိယနိုင်ငံတွေက သံအမတ်ကတော်တော့ မဖြစ်နိုင်တော့ဘူး။ တတိယနိုင်ငံတွေက သံအမတ်ကတော်တွေဟာ အဲဒီလောက်ထိ တွေးတတ်ပုံ မရရှာဘူး။ စီအီးအို တစ်ယောက်ယောက်ရဲ့ မိန်းမဖြစ်နိုင်တယ်။ စီအီးအို တစ်ယောက်ယောက်ရဲ့ မိန်းမ ဆိုရင်လည်း ဒီမှာလာပြီး တစ်ယောက်တည်း ထိုင်နေစရာ အကြောင်းမရှိဘူး။ ပြီးတော့ လူတစ်ယောက်ယောက်က ဘားမင်းကို မှာလိုက်ပုံကြည့်ပြီး အနေအထားကို ခုလို တွက်ကြည့်တတ်မှာ မဟုတ်ဘူး။

ယူရေရှံမ ဝတ်ထားတဲ့ ညနေဘက်ဝတ် အင်္ကျီအဖျားစ ကလေးတွေဟာ လေထဲမှာလွင့်နေတယ်။ ဘားကောင်တာက ပင်လယ်ဘက်ကို ကျောပေးထားတဲ့ ဝရန်တာပေါ်မှာ ကျွန်တော့်ရဲ့ ရှေ့တည့်တည့်မှာရှိတဲ့ ဘားကောင်တာရဲ့ ညာဘက်အခြမ်းကို ကျော်ပြီးကြည့်လိုက်တော့ မသိမသာ မှောင်ရိပ်ကျနေတဲ့ နေရာမှာ ရပ်နေတဲ့ ချာလီကိုတွေ့ရတယ်။ သူက လှမ်းကြည့်နေတယ်။ ကျွန်တော်လည်း တောနစ်ခွက်ကို ကောက်ကိုင်ပြီး မသောက်သေးဘဲ အနံ့ရှူသလို လုပ်နေမိတယ်။ ချာလီက သဘောပေါက်သွားပုံရတယ်။ သူ့လက်ညှိုးနဲ့ သူ့နှာခေါင်းဖျားကို မသိမသာ ပွတ်ပြတယ်။ ကျွန်တော်က ယူရေရှံမဟာ ဘယ်သူလဲလို့မေးလိုက်တာကို သူကသူလည်း မသိဘူးလို့ ပြောချင်တာပဲ။ ကျွန်တော်လည်း အမျိုးသမီးကို လှမ်းကြည့်လိုက်မိတယ်။ သူက ကျွန်တော့်ကို ကြည့်နေရင်း အကြည့်ချင်းဆုံသွားတော့ သူက ဘယ်ဘက်တံတောင်ကို ကောင်တာပေါ်မှာတင်လိုက်တယ်။ ပြီးတော့ လက်လေးချောင်းကိုဆုပ်ရင်း လက်မကို ကော့်လိုက်ပြီး ကျွန်တော့်ဘက်ကိုညွှန်တယ်။ အဲမ်ဘိုရဲ့ မြင်းသည်တော်တွေလားလို့ ပြံုးရင်း မေးတယ်။ အဲမ်ဘိုဆိုတာက သံအမတ်ကို ပြောတာ။ မြင်းသည်တော်ဆိုတာက အနောက်ကသုံးတဲ့စကား၊ စစ်ကူလို့လည်း အဓိပ္ပာယ်ရတယ်။ ဒီအသိုင်းအဝိုင်းမှာက တစ်ယောက်ယောက်က ငါ့မြင်းသည်တော်တွေ လာလိမ့်မယ်လို့ ပြောတာ ငါ့အတွက် စစ်ကူတွေလာမယ်ဆိုတဲ့ အဓိပ္ပာယ်အပြင် ငါယုံကြည်အားကိုးတဲ့လူတွေ၊ ငါ့မိတ်ဆွေတွေ လာလိမ့်မယ်လို့ ဆိုလိုတာပဲ။ ဒီရွေ့ဒီမျှ သိထားရင်တော့ ဒီအမျိုးသမီးဟာ သံအမတ်နဲ့ တိုက်ရိုက်ကို သိထားတဲ့ သူတစ်ယောက်ပဲလို့ ကျွန်တော် တွက်ကြည့်လိုက်မိတယ်။ သူ့ကိုလည်း စိတ်ဝင်စားသွားမိတယ်။ ဒါပေတဲ့ သူဟာ ဘယ်သူဖြစ်ဖြစ် ဘာလုပ်လုပ် ကျွန်တော် စိတ်အဝင်စားဆုံးကတော့ သူ့ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်ဆီက နာရီပဲ။ ကြည့်လိုက်တာနဲ့ ကျွန်တော် ချက်ချင်းသိလိုက်ရမိတယ်။ ကာတီရေး နာရီပဲ။ ဒါမျိုးက လက်ပတ်နာရီကို တန်ဖိုးထားတတ်တဲ့ သူတွေ ဝတ်လေ့ရှိတယ်။

ဒီအမျိုးသမီးဟာ ခုနက တွေ့ခဲ့ရတဲ့ တတိယကမ္ဘာက သံအမတ်ကတော်တွေနဲ့ ဘာမျှမဆိုင်ဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေကို ကာတီရေးနာရီ သွားပြီးပေးလည်း ဘာမှန်းသိမှာ မဟုတ်ဘူး။ မျောက်လက်ထဲ ရွှေတုံးရောက်တယ် ဆိုသလိုနေမှာ။ ဘယ်လက်မှာ ဘာဝတ်ရတယ်ဆိုတာတောင် သိပ်မှမသိကြပဲ။ ယူရေရှံမက ထိုင်နေရာက မသိမသာထလိုက်ပြီး လက်ကမ်းရင်း သူ့နာမည်ကို ပြောတယ်။ သူထိုင်နေတာနဲ့ ကျွန်တော်ထိုင်နေတာအကြားမှာက ခုံငါးလုံးရှိနေတော့ သူ့ရဲ့ ဘယ်ဘက်လက်ကိုထောက်ပြီး ရှေ့ကိုနည်းနည်း ငိုက်လိုက်ရတယ်။ ကျွန်တော်လည်း ထိုင်ရာက ထလိုက်ပြီး ရှေ့ကိုငိုက်ရင်း လက်ကမ်းလိုက်ပြီး နှုတ်ဆက်လိုက်တယ်။ ပါးစပ်ကတော့လည်း အသင့်ပြင်ထားတဲ့ နာမည်တစ်လုံး ပြောလိုက်မိတယ်။ မျာက်စိကတော့ ကာတီရေးဆီ ရောက်သွားတယ်။ သိပ်သေချာသွားတယ်။ ကာတီရေး တူနိုး။ သူက ကျွန်တော်တို့မိတ်ဆွေ သံအမတ်နဲ့ သူနဲ့ ကျောင်းအတူနေခဲ့ဖူးတဲ့ အကြောင်း ပြောတယ်။ သံအမတ်ကတော်က အတော်ရိုးတယ်ဆိုတာ ပြောတယ်။ ဒါပေတဲ့ သူ ဘာလုပ်တယ်ဆိုတာ မပြောဘူး။ ကျွန်တော်လည်း မသိချင်ဘူး။ စကားပြောရင်း ကျွန်တော် ဘာလုပ်သလဲလို့ မေးတယ်။ ဒီ မေးခွန်းမျိုးကိုဖြေဖို့ ကျွန်တော့်မှာ အဖြေပေါင်း နှစ်ဆယ်လောက်ရှိတယ်။ အဲဒီအထဲက သူနဲ့ အမြီးအမောက် တည့်မယ်လို့ ယူဆရတဲ့ အဖြေတစ်ခု ပေးလိုက်တယ်။ သူက ကုန်သွားတဲ့ မာတီနီဖန်ခွက်ကို ဘားမင်းကို လှမ်းပြလိုက်ရင်း ခေါင်းညိတ်ပြလိုက်တော့ နောက်တစ်ခွက်ဆိုတဲ့ သဘောပဲ။ သူ ဝတ်ထားတဲ့ ညနေခင်းဝတ်အင်္ကျီဟာ စပြီး ထွန်းလိုက်တဲ့ အပြာနုရောင် မီးအောက်မှာ ပိုပြီးပြာလာတာ ကျွန်တော် သတိထားလိုက်မိတယ်။ စတော့ပွဲစားတဲ့လားလို့ သူ့ဘာသူ ပြောသလိုလိုနဲ့ပြောရင်း ကျွန်တော့်ကို လှမ်းကြည့်တယ်။ ပြီးတော့မှ တခြားပစ္စည်းတွေအတွက် ကုန်သည်ပွဲစား မဟုတ်ဘူးလားလို့ ကျွန်တော့်ကို ကြည့်ရင်း မေးတယ်။ ကျွန်တော်က ဘာမျှပြန်မဖြေဘဲ ခေါင်းကို အသာရမ်းပြလိုက်တယ်။

ဒီတော့ သူကပြောတယ်။ မင်းတို့သူငယ်ချင်း ငါ့သူငယ်ချင်းမှာ တခြားနိုင်ငံက သံအမတ်က အကူအညီတောင်းထားတာရှိတယ်။ မင်း သိတယ် မဟုတ်လားလို့မေးပြန်တယ်။ ကျွန်တော်ကတော့ တည့်တည့်ပဲ ပြန်ဖြေလိုက်တယ်။ ငါ သိလည်းမသိဘူး။ သိလည်း မသိချင်ဘူး။ ဒီကို ငါလာတာ ငါ ဒီရောက်နေတာနဲ့ကြံုလို့ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူဖိတ်လို့ လာတာလို့ ဖြေလိုက်တယ်။ သူက ဘာမှပြန်မပြောသေးဘဲ အသစ်ထပ်ချလိုက်တဲ့ မာတီးနီခွက်အခြေကို လက်ညှိုးနဲ့ ပွတ်သပ်နေတယ်။ သူ့ဘယ်ဘက်လက် လှုပ်လိုက်တိုင်း ကာတီရေးဆီက အရောင်လက်သွားတယ်။ ဒီနေ့ နီကေး ဘယ်လိုနေသလဲလို့ ကျွန်တော့်ကိုမကြည့်ဘဲ လှမ်းမေးတယ်။ ဒီမေးခွန်းမျိုးအတွက်လည်း ကျွန်တော့်မှာ အလေ့အကျင့်က ရှိပြီးသားပဲ။ သိပ်မကောင်းလှဘူး။ ပိုင့်သုံးဆယ်လောက် ကျနေတယ်။ ဆက်ကျလိမ့်ဦးမယ်။ သူတို့ဆီမှာ ဝန်ကြီးချုပ် ပြောင်းလဲလုပ်မှာဆိုတော့ ကျဖို့ပဲရှိတယ်။ အပြောင်းအလဲ ပြီးကာမှ တခြား ကိစ္စတွေကိုကြည့်ပြီး ပြန်ပြီးငြိမ်မယ်လို့ တန်းပြီးဖြေချလိုက်တယ်။ သူက ပြံုးတယ်။ သူ့အပြံုးကို ကျွန်တော်ရိပ်မိတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း သိနေတာတစ်ခုရှိတယ်။ ကာတီရေး ပတ်ထားတဲ့ မိန်းမကို ခပ်လွယ်လွယ် ဖြီးလို့ရမယ် မထင်ဘူး။ ဒါကြောင့်လည်း ပိုင်အောင်ဖြေလိုက်ရတာ။ နောက်တော့ သူက ကျွန်တော့်ကို လှမ်းကြည့်တယ်။ သေသေချာချာကြည့်ရင်း ခုနက လုပ်သလို သူ့ဘယ်ဘက်တံတောင်ကို ကောင်တာပေါ် ထောက်လိုက်ရင်း လက်မနဲ့ ကျွန်တော့်ဘက်ကို ညွှန်တယ်။ ကျွန်တော်ကတော့ ကာတီရေးကိုပဲ ကြည့်လိုက်မိတယ်။ သူက ပြောတယ်။ သံအမတ်ကြီးရဲ့မိတ်ဆွေ သံအမတ်ကြီးက သူတို့ ကာကွယ်ရေး ဌာနအတွက် လိုချင်တာကလေးတွေ ရှိတယ်လို့ ပြောတယ်ဆိုတာ ကျွန်မကို ပြောတယ်လို့ပြောပြီး ဘာမျှ ဆက်မပြောဘဲ ရပ်တယ်။ ဒီကိစ္စကိုတော့ဖြင့် ငါ အကူအညီပေးနိုင်မယ် မထင်ဘူး။ မင်းမှာ ပိုက်ဆံပိုနေရင် အခု ဒူဘိုင်းမှာ ရောင်းနေတဲ့ အိမ်ဖြစ်ဖြစ် အခန်းဖြစ်ဖြစ်ဝယ်ပြီး အတော်ကလေးကြာအောင် ကိုင်ထား၊ မမှားဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ မနက်ကတည်းက ဖိုင်နယ်ရှယ်တိုင်း(မ) ထဲမှာ ဖတ်ထားတာတွေကို ကျွန်တော် လက်တွေ့အသုံးချ လိုက်တာပါ။

ကျွန်တော်က ညာဘက်လက်ကို မြှောက်လိုက်မိတယ်။ အတွင်းက ပေါ်လာတဲ့ ရှပ်အင်္ကျီလက်ကို အသာဆွဲတင်လိုက်ရင်း ကျွန်တော့်လက်ပတ်နာရီကို ကြည့်လိုက်မိတယ်။ ယူရေရှံမက ဒီကပြီးရင် သွားစရာ ရှိသေးသလားလို့ မေးတယ်။ တစ်နေရာရာသွားပြီး ညစာစားရမှာပဲလို့ ဖြေလိုက်တယ်။ သူက အဆက်အစပ် မရှိဘဲ ငါဖတ်ဖူးတာတစ်ခုရှိတယ်။ ညာဘက်လက်မှာ နာရီပတ်တဲ့ လူတွေဟာ မဟုတ်တာတော့ ပြောချင်ပြောမယ် မဟုတ်တာတော့ မလုပ်တတ်ကြဘူးဆိုတာ ဟုတ်သလားလို့ မေးတယ်။ ငါ ညာဘက်လက်မှာ နာရီပတ်လေ့ရှိပေတဲ့ မင်းပြောတာကိုတော့ တစ်ခါမှ မကြားဖူးဘူးလို့ သူ့ကိုပြောရင်း ကျွန်တော့်ဘာသာ ရယ်လိုက်မိတယ်။ သူကလည်း ရယ်တယ်။ ပြီးတော့မှ ငါ တကယ်ဖတ်ဖူးတာ ယူရိုပိုး(လ)က လူတစ်ယောက်ရေးတဲ့ လူတွေစရိုက်၊ လူတွေအကြောင်းထဲမှာလို့ သူက ပြောတယ်။ ကြံကြီးစည်ရာကွာလို့ပြောပြီး ကျွန်တော်က တောနစ်ခွက်ကို လှမ်းယူပြီး တစ်ကြိုက်လောက် သောက်လိုက်တယ်။ ပြီးမှ လောလောဆယ် ငါသိလိုက်ရတာ တစ်ခုကတော့ ကာတီရေးတူနိုးဝတ်တဲ့ မိန်းမတွေက အတော်တော့ ခေါင်းကောင်းကြပုံရတယ် ဆိုတာပဲလို့ ပြောလိုက်တယ်။ သူက အံ့အားသင့်သွားပုံရတယ်။ သူ့ဘယ်ဘက် လက်ကောက်ဝတ်ကို ကြည့်လိုက်ရင်း သူ့လက်ကို ထောင်ပြတယ်။ ပြီးတော့ ရယ်တယ်။ သူ့ဘာသာခေါင်းခါရင်း ပြံုးနေတယ်။ အဲဒီတုန်းမှာပဲ အေဒရီယံတစ်ယောက် ကျွန်တော့်အနား ရောက်လာလို့ ကျွန်တော်လည်း ယူရေရှံမနဲ့ မိတ်ဆက်ပေးလိုက်တယ်။ မင်းလည်း စတော့ပွဲစားပဲလားလို့ အမျိုးသမီးက မေးတယ်။ ဟုတ်တယ်လို့ပြောရင်း အေဒရီယံက မင်း ဘာဝယ်ချင်သလဲလို့ နောက်တောက်တောက်နဲ့ ယူရေရှံမကို မေးလိုက်တယ်။ ငါ့မှာ ဝယ်စရာပိုက်ဆံမရှိဘူး။ ဒါပေတဲ့ မင်း ဘယ်လက်မှာ နာရီပတ်သလဲလို့ သူက ပြန်မေးတယ်။ အေဒရီယံက သူ့လက် နှစ်ဖက်စလုံးကို လှန်ပြန်တယ်။ နှစ်ဖက်စလုံးမှာ နာရီနဲ့။ မင်း ဘယ်ဘက်လက်မှာ နာရီပတ်တာနဲ့ ညာဘက်လက်မှာ နာရီပတ်တဲ့အကြောင်း ပြောမလို့လားလို့ မေးလိုက်တယ်။ ကျွန်တော်ကပဲ ကြားဝင်ပြီး ဟုတ်တယ်။ အခုတင်ပဲ သူက ပြောပြနေတယ်လို့ ပြောလိုက်တယ်။ သူက ဘာမှမပြောတော့ဘူး။

သွားစို့လို့ အေဒရီယံက ကျွန်တော့်ကိုပြောရင်း သူ့ကိုကြည့်လိုက်ပြီး သံအမတ်ကြီးကတော်ဘက်က အမျိုးတစ်ယောက်က ရှုံးနေတဲ့ စတော့ သေနေတဲ့စတော့ ဝယ်ချင်တယ်ဆိုလို့ သွားပြီး ရှင်းပြလိုက်ဦးမယ်လို့ပြောပြီး ဆင်ခြေပေးလိုက်တယ်။ ယူရေရှံမက ဘာမျှမပြောဘဲ ထိုင်ရာကထပြီး နောက်တွေ့ကြသေးတာပေါ့လို့ ပြောတယ်။ လက်ကမ်းပေးတယ်။ လက်ဆွဲနှုတ်ဆက်နေရင်း ရှုံးနေတဲ့ စတော့ သေနေတဲ့စတော့က ဘယ်လိုအသုံးကျသလဲလို့ မေးတယ်။ အရှုံးအမြတ်ဆိုတာ ငွေရေးကြေးရေး အခြေခံမှာတင် မတည်ဘူး၊ အသုံးဝင် အသုံးတည့်မှုမှာလည်း တည်သေးတယ်။ ဒါကြောင့် တချို့လူတွေရဲ့ အရှုံးဟာ တခြားလူတစ်ယောက်ဆီမှာ အမြတ်ဖြစ်သွားနိုင်တယ်လို့ အေဒရီယံက ဖြေတယ်။ နောက်တော့ ယူရေရှံမ လက်ထဲက ကာတီရေးကို အေဒရီယံက သတိထားလိုက်မိပုံရတယ်။ မင်းလက်ထဲကနာရီကို ဟိုအထဲက သံအမတ်ကတော်တွေကို သွားပေးရင် ယူမယ်ထင်သလားလို့ မေးလိုက်တယ်။ သူက ဘာမှ ပြန်မဖြေဘဲ ပြံုးနေတယ်။ စတော့ပွဲစားတွေဟာ တခြားလူတွေ ဘာဝတ်တယ်၊ ဘာပြောတယ်ဆိုတာမှာ ဂရုစိုက်တတ်တာကတော့ အံ့သြစရာပဲ။ ရှင်တို့ဟာ ရှင်တို့ ဘာလုပ်လုပ် ကျွန်မအလုပ် မဟုတ်ဘူး။ ကံကောင်းကြပါစေ လို့ပြောပြီး နောက်ဆုံး နှုတ်ဆက်လိုက်တယ်။ ကျွန်တော်တို့လည်း ဘားကောင်တာဆီကနေ ထွက်လာပြီး ချိန်းထားတဲ့ အခန်းတစ်ခန်းဆီ လာခဲ့ကြတယ်။ ကျွန်တော်တို့မိတ်ဆွေ သံအမတ်ကြီးနဲ့ သူ့မိတ်ဆွေ သံအမတ်ကြီးတို့လည်း ရောက်နေကြတယ်။ ကျွန်တော်တို့လည်း တစ်နာရီလောက်ကြာအောင် ပြောစရာ လုပ်စရာရှိတာတွေလုပ်ပြီးတော့ အဲဒီကပြန်ဖို့ စီစဉ်ကြတယ်။ အေဒရီယံကတော့ အလွမ်းပြေ တတိယကမ္ဘာက သံအမတ်ကတော်တွေကို သွားကြည့်လိုက်ဦးမယ်လို့ ရယ်စရာပြောပြီး ကောက်တေး(လ)အခန်းထဲ ဝင်သွားလို့ ကျွန်တော်လည်း ဘားရှိရာဆီ ထွက်ခဲ့တယ်။

ကျွန်တော့်စိတ်ထဲမှာတော့ ကာတီရေးနဲ့ မိန်းမကို စွဲနေတယ်။ စွဲနေတယ်ဆိုတာကလည်း မတော်မတည့် အတွေးနဲ့ မဟုတ်ဘူး။ ဘားက ကောင်ကလေးကို အာ့ဒမိုးမော့(လ) မှာလိုက်ရင်း သူနဲ့ပြောခဲ့တဲ့ စကားတွေကို ပြန်တွေးပြီး စိစစ်ကြည့်မိတယ်။ သူပြောတဲ့စကားတွေမှာ ယုံစရာ ကောင်းလောက်အောင် အကြောင်းတွေပါလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူ့သူငယ်ချင်း သံအမတ်ကြီး အကြောင်း၊ သံအမတ်ကြီးသူငယ်ချင်း သံအမတ်ကြီးအကြောင်း စတာတွေဟာ အမှန်ပဲ။ အမှန်ဆို ကျွန်တော်တို့ တွေ့ခဲ့တာကိုး။ ဒါပေတဲ့ ကျွန်တော် ပြောတာတွေကိုတော့ သူ ယုံမှာမဟုတ်ဘူးဆိုတာ ကျွန်တော့်ခေါင်းထဲမှာ ပေါ်နေတယ်။ ဘာလို့မှန်းတော့ မသိဘူး။ သေသေချာချာချည်း တွေးနေစရာတောင် မလိုဘူး။ မကြာခင် အေဒရီယံ ရောက်လာပြီး ဝီစကီတစ်ခွက်သောက်ရင်း သွားကြရအောင်လို့ပြောတယ်။ ပက်ဒီနဲ့ လူးလည်း လိုက်လိမ့်မယ်။ အပြင်မှာ ဆုံကြမယ်လို့ ပြောတယ်။ ဘယ်သွားကြမလဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ လူလိမ်လူညာတွေ မရှိတဲ့ဆီကိုလို့ သူကပြောလို့ ကျွန်တော်က အံ့သြသွားမိတယ်။ ဘယ်သွားမလို့လဲ။ ညကြီးမင်းကြီး ဘုရားကျောင်းသွားမလို့လား လို့မေးတော့ သူက ပြောတယ်။ မဟုတ်ဘူး ဟိုဘက်ကမ်းက ကဆီနိုဆီကိုလို့ ပြောပြီး ရယ်တယ်။ ကျွန်တော်လည်း ရောပြီး ရယ်လိုက်မိတယ်။ အပြင်ရောက်တော့ ပက်ဒီနဲ့လူးလည်း ရောက်နေကြတယ်။ ကျွန်တော်တို့အတွက် ပေးထားတဲ့ ကားပေါ်တက်ပြီး ဟိုဘက်ကမ်းကူးတဲ့ လေထဲက တိုက်စီလို့ခေါ်တဲ့ ဟယ်လီကော့ပတာရပ်တဲ့ အဆောက်အဦဆီ လာခဲ့ကြတယ်။ ညနေ ခုနစ်နာရီလောက်ပဲမို့ ကောင်းကင်ရဲ့ အနောက်ဘက် အဝေးဆုံးနေရာတွေမှာ ရဲနေတုန်းပဲ။ မီးရောင်တွေလည်း စပေါ်လာပြီ။ ကားပေါ်မှာ ကျွန်တော်တို့ လေးယောက်သား အတင်းအဖျင်း ကလေးတွေ ပြောဖြစ်သွားတယ်။ အဲဒီတုန်းမှာပဲ လူးက ချာလီကပြောတယ်လို့ အစချီပြီး ကျွန်တော်နဲ့ ဘားမှာထိုင်ပြီး စကားပြောခဲ့တဲ့ ယူရေရှံမအကြောင်း ပြောတယ်။ ဒီတော့ ကျွန်တော်လည်း ဝန်ခံစရာကို ဝန်ခံလိုက်မိတော့တယ်။ ငါလည်း အထင်သားပဲ။ ငါပြောနေတာတွေလည်း ယုံမှာ မဟုတ်ဘူး။ ခေါင်းကလည်း အတော်ကောင်းပုံရတယ်။ အရေးကြီးတဲ့ တစ်နေရာရာတော့ ဖြစ်မယ်လို့ ငါ တွက်ကြည့်တယ်လို့။ မင်း ဘယ်လိုလုပ် တွေးမိသလဲလို့ ပက်ဒီက မေးတယ်။ ကျွန်တော်က မဖြေရသေးခင် အေဒရီယံက ကာတီရေးဝတ်ထားလို့ ပြောတာနဲ့ ကျွန်တော်တို့အားလုံး ရယ်လိုက်မိကြတယ်။

ကျွန်တော်လည်း ချက်ချင်းလို သတိရလိုက်တာကလေးရှိလို့ မဆင်မချင် အိတ်ထဲကဖုန်းထုတ်လိုက်ပြီး အိမ်ကို ဖုန်းဆက်လိုက်တယ်။ အတော်ကြာအောင် စောင့်ရသေးတယ်။ နောက်တော့ မိန်းမက ဖြေတယ်။ ဘယ်အချိန်ရှိပြီလို့ ရှင်ထင်သလဲဆိုတာက စမေးတော့တာပဲ။ ကျွန်တော်က ဘာမှမဖြေရသေးခင် အဲဒီနဲ့ဒီက လေးနာရီခွဲ အချိန်ကွာတာ ရှင်သတိရရဲ့လား။ ဒီမှာ ညသန်းခေါင် ကျော်နေပြီလို့ ပြောပြီးကာမှ ပြောလို့ ခွင့်ပြုချက်ချတယ်။ ဒီညနေက ကိုယ်မိန်းမတစ်ယောက် တွေ့ခဲ့တယ်လို့ ပြောတော့ အိပ်ချင်မူးတူးနဲ့ ပြန်ဖြေတဲ့ အိမ်က မိန်းမခမျာ မျက်လုံး အတော်ကျယ်သွားပုံရတယ်။ ရှင်က အဲဒီ မိန်းမကို ကြိုက်သွားရောလား။ ဒါကတော့ ကျွန်မအတွက် သိပ်မဆန်းတော့ဘူးထင်တယ်။ ရှင် ကြိုက်သွားရင်တော့လည်း ကျွန်မဆီ တကူးတက ဖုန်းဆက်ပြီး ပြောမှာမဟုတ်ဘူးလိို့ ပြောတယ်။ မဟုတ်ဘူး အဲဒီမိန်းမက ကာတီရေးနဲ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ဒီတော့ . . လို့၊ သူက စကားထောက်ပေးတယ်။ ကာတီရေးတူနိုးနဲ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ဒီတော့ . . လို့ပဲ သူက စကားဆက်ဖို့ ဖြည့်ပေးပြန်တယ်။ ကိုယ်တို့ လက်ထပ်တာ အနှစ်သုံးဆယ်ပြည့်တုန်းက အထိမ်းအမှတ်အနေနဲ့ အမှတ်တရဝယ်ပေးတဲ့ ကာတီရေးတူနိုးပဲလို့ ကျွန်တော်က ရှင်းပြ လိုက်တယ်။ ကျွန်မသိပါတယ်။ ကာတီရေးဆိုရင် လုံလောက်ပါတယ်။ အဲဒီလောက်ထိ ရှင်းပြရလောက်အောင် ကျွန်မ မညံ့ဘူးလို့ ပြန်ပြောပြီး သူက ခဏရပ်နေတယ်။ နောက်တော့မှ အဲဒီ မိန်းမက လှသလားလို့ မေးတယ်။ ကျွန်တော်တွေးထားတဲ့ မေးခွန်းပဲ။ ဒီတော့ မင်းလိုတော့ ဘယ်လှမလဲ ကြည့်ပျော်ရှုပျော်လောက်ပါပဲလို့ ချက်ချင်းဖြေလိုက်တယ်။ ဒါပဲလားလို့ သူက မေးလို့ ဒါပဲလို့ ကျွန်တော်က ဖြေလိုက်တယ်။ သူက ဂွတ်နိုက်ဆိုပြီး တယ်လီဖုန်း ချသွားတယ်။ ကာတီရေးနဲ့ မိန်းမနဲ့ ပတ်သက်လို့ ကျွန်တော့်ရင်ထဲမှာ ပေါ့သွားတယ်။ အိတ်ထဲကို တယ်လီဖုန်းပြန်ထည့်နေတုန်း ပက်ဒီက လှမ်းပြောတယ်။ လောကမှာ လိမ်လို့ ညာလို့ မရမယ့်သူတွေကို လိမ်ဖို့ညာဖို့ မကြိုးစားတာဟာ အကောင်းဆုံးပဲတဲ့။

ဒါကလည်း ဟုတ်လောက်တာပဲ။

မြင့်သန်း

No comments:

Post a Comment