Sunday, September 22, 2013

အလင်းရောင်၏ အောက်၌ [မြင့်သန်း]

အလင်းရောင်၏ အောက်၌ [မြင့်သန်း]

“ငါ့နှလုံးသားတစ်ချက်ခုန်လိုက်တိုင်းလည်း မနေ့ကနဲ့ကွာ၊ မနေ့ကလို မနာတော့ပြီ…” ~ စိုင်းခမ်းလိတ်၊ အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ

အကုန်လုံး ဖွေးဖွေးဖြူနေတာပဲ။ နံရံ၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်တွေ အားလုံးက အဖြူရောင်ဆိုတော့ အခန်းတစ်ခုလုံး ဖွေးနေတယ်။ လင်းလက်နေသလိုပဲ။ အပြင်ဘက်မှာတော့ မိုးလင်းနေပြီလားမသိဘူး။ မိုးလင်းရင် အလင်းရောင်ရလာလို့ အမှောင်ပျောက်သွားလိမ့်မယ်။ အခန်းထဲမှာတော့ သိပ်ထူးမှာမဟုတ်ဘူး။ မှောင်သွားမှာစိုးလို့ အခန်းထဲမှာ အမြဲတမ်း မီးဖွင့်ထားတယ်။ အမြဲတမ်း အလင်းရောင်ရှိနေတယ်။ မကြာခင်ပဲ သူနာပြုကိုချစ်စိန် ရောက်လာတယ်။ ထုံးစံအတိုင်း ဆရာကြီး နေထိုင်ကောင်းရဲ့မဟုတ်လားလို့ပြောပြီး ပြတင်းပေါက်က အခန်းစည်း ဖယ်လိုက်တယ်။ နောက် ပြတင်းပေါက်ကိုဖွင့်တယ်။ ဟုတ်တယ်၊ အပြင်ဘက်မှာလည်း လင်းထိန်နေပြီ။ လေအေးကလေး၊ တိုးဝင်လာတယ်။ မနက်ခင်းလေလို့ ခေါ်ချင်ခေါ်ကြလိမ့်မယ်။ မှောင်ထဲမှာ ထိုင်နေရင်း လေတိုးခံရရင် ဘယ်လိုနေမလဲ၊ ညဘက်မှာတိုးလာတဲ့ လေပြေလေးနဲ့ ဘာကွာသလဲ စဉ်းစားကြည့်နေမိတယ်။ ကိုချစ်စိန်က မနက်စာလည်းယူလာတယ်။ မနက်စာဗန်းထဲကို စားပွဲကလေးမှာချလိုက်ပြီး ပြင်နေတယ်။ မနက်စာစားရင်း သောက်ရမယ့်ဆေးတွေကို ပလတ်စတစ်ခွက်ကလေးထဲမှာထည့်ပြီး စားပွဲပေါ်မှာတင်ထားတယ်။ ဒီနေ့စပြီး ဟိုဆေးတစ်ခုမပါတော့ဘူးလို့ ကျွန်တော့်ကိုမကြည့်ဘဲ လှမ်းပြောလိုက်တယ်။ သူပြောလိုက်ပုံက ၀မ်းသာစရာလိုပဲ။ ဆေးတစ်လုံးမသောက်ရရုံနဲ့တော့ ကျွန်တော့်မှာ ဘာမျှဝမ်းသာစရာမရှိဘူးထင်တယ်။ ၀မ်းသာတယ်၊ ၀မ်းနည်းတယ်ဆိုတာက ခံစားချက်ရှိမှ။ ကျွန်တော့်မှာ ခံစားချက်မရှိတာကြာပြီ။

ကိုချစ်စိန်က မျှော်လင့်ချက်ဆိုတာကို ယုံတယ်။ အရင်တုန်းက သူက ဆေးတပ်ထဲမှာ အလုပ်လုပ်ဖူးတယ်။ စစ်မြေပြင်မှာ သူကိုယ်တိုင်ဒဏ်ရာရတော့ တခြားရဲဘော်တစ်ယောက်ကကယ်လို့ အသက်ရှင်တာ။ ဒီတော့သူက အသက်ရှင်နေဖို့ဆိုတာ မျှော်လင့်ချက်နဲ့ နေတတ်ဖို့ပဲလို့ မြင်တယ်။ အသက်ရှင်နေတာဟာ အခွင့်အရေးတစ်ခုပဲလို့ မြင်တယ်။ စိတ်ရင်းက သိပ်ကောင်းတဲ့လူ။ တပ်ကနေထွက်ပြီး ဒီမှာ သူနာပြုဝင်လုပ်နေတယ်။ အရင်ကဒဏ်ရာကြောင့် လမ်းလျှောက်ရင် နည်းနည်းဖြေးတာကလွဲလို့ ဘာမှပြောစရာမရှိဘူး။ ဆေးရုံအုပ်ကြီးက ဒါကျုပ်မိတ်ဆွေဗျ သူ့မှာ ဘာဆွေမျိုးမှမရှိဘူး။ ခင်ဗျားဂရုစိုက်ပါလို့ပြောပြီး သူ့ကိုအပ်ထားတာ။ ဒီတော့လည်း သူက ကျွန်တော့်ကို အစ်ကိုကြီးလို၊ ဦးလေးလိုမျိုးသဘောထားပြီး ဆက်ဆံတယ်။ ဘာမှလိုလေသေးမရှိအောင်ပဲ။ ကျွန်တော်မနက်စာစားတိုင်း သူက ထိုင်ပြီး စကားပြောလေ့ရှိတယ်။ ဘာရယ်တော့မဟုတ်ဘူး။ ကြုံရာပဲ။ ဆရာဝန်ကြီးကမှာထားလို့ ကျွန်တော်စိတ်အနှောင့်အယှက် ဖြစ်မယ့်ဟာမျိုး မပြောဘူး။ တကယ်လို့ သူပြောလည်း ကျွန်တော့်စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်မှာမှ မဟုတ်ပဲ။ ခံစားချက်မရှိတော့ဘူးဆိုမှတော့ ဘယ်လိုလုပ်စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်တော့မှာလဲ။

ကျွန်တော်မနက်စာစားပြီးမှ လင်ဗန်းကိုသိမ်းရင်း ကိုချစ်စိန်က မေးလေ့ရှိတယ်။ ဒီနေ့ ဘယ်သူများ ဆရာကြီးကို လာတွေ့ဦးမလဲတဲ့။ ဒီနေ့တော့ ကျွန်တော့်ခေါင်းထဲမှာ မောင်ဝဏ္ဏကို သတိရလိုက်မိတယ်။ မောင်ဝဏ္ဏများ လာမလားမသိဘူး၊ မလာတာကြာပြီလို့ ပြောလိုက်မိတယ်။ ကိုချစ်စိန်က သူ့ကို အလမ္ပာယ်ဆရာလို့ညွှန်းရင်း ခေါ်လေ့ရှိတယ်။ ကျွန်တော့်တပည့်တွေထဲမှာ သူက ထူးခြားတယ်။ မြွေအလမ္ပာယ်ပြစားတယ်။ တစ်ခါက မင်းအလုပ်က အန္တရာယ်များလှပါသကွာလို့ ကျွန်တော်ကပြောဖူးတယ်။ ဒီတော့ သူက အသက်ရှင်နေရတာကကော အန္တရာယ်မများဘူးလားဆရာလို့ ပြန်မေးတယ်။ သေသေချာချာတွေးကြည့်ရင် သူမေးလည်း မေးစရာပဲ။ အသက်ရှင်နေတယ်ဆိုတာက မသေသေးလို့ကိုး။ သေတယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး။ အသက်ရှူသွင်း ရှူထုတ်လုပ်နေရင်း အသက်ဆိုတာက ကိုယ့်ဆီကနေ အချိန်မရွေး ထွက်သွားနိုင်တာပဲ။ ဒီတော့ အသက်ရှင်နေတာကိုက အန္တရာယ်ရှိနေတာပဲပေါ့။ ဟုတ်တော့ဟုတ်တယ်။ သူပြောသလို အဆိပ်ရှိတဲ့ မြွေပွေးမြွေဟောက်က ပခြုပ်ထဲမှာနေတုန်း ကိုယ့်ကို အန္တရာယ်ပေးတာမဟုတ်ဘူး။ အသက်ဆိုတာ ရှင်နေသရွေ့ ဘယ်တော့များသေမလဲဆိုပြီး အန္တရာယ်ကို မျှော်နေရသလိုပဲ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ အလမ္ပာယ်ပြရင်း မြွေပွေးကို မျိုပြသတဲ့။ ရင်ထဲရောက်တော့ မြွေပွေးက ပူလို့ထင်တယ်၊ ထပေါက်လိုက်လို့ သေရောတဲ့။ ကျွန်တော်ဒီဆေးရုံရောက်နေတဲ့ ခြောက်လခုနစ်လအတွင်းမှာတော့ မကြာမကြာလာတွေ့ပြီး စကားပြောလေ့ရှိတယ်။ ဒီနေ့မှာများ သူလာခဲ့ရင်တော့ မလာနဲ့တော့ကွာလို့ ပြောရဦးမယ်။

ကိုချစ်စိန်က ကုတင်ပေါ်က အိပ်ယာခင်းကို အတင်းဆွဲဆန့်နေတယ်။ ကျွန်တော်ကတော့ အပြင်ဘက်ကို ငေးနေမိတယ်။ ကျွန်တော့်ပြတင်းပေါက်ကနေ တွေ့ရတတ်တဲ့ ကန်စောင်းဆီက ဘဲတစ်သိုက်ကို မတွေ့ရတာကြာပြီ။ ကိုချစ်စိန် ရေဘဲတွေ မတွေ့ရတာကြာပြီဗျာ။ ဘယ်ရောက်ကုန်ပြီလဲလို့ ကျွန်တော်ကမေးတော့ ကိုချစ်စိန်က ဆောင်းဝင်ပြီလေ ဆရာကြီးရယ်၊ နွေးတဲ့ဆီပြောင်းကြပြီထင်တယ်လို့ ဖြေတယ်။ အတော်ကြာတော့မှ အပင်တွေအရောင်ပြောင်းစပြုလာတာ ဆရာကြီးသတိမထားမိဘူးထင်တယ်လို့ ထပ်ပြောတယ်။ ဒီတော့မှ ကျွန်တော်လည်း အပင်တွေကိုကြည့်လိုက်မိတယ်။ သတိမမူ ဂူမမြင်ဆိုတာကိုပဲ ကိုချစ်စိန်ရယ်လို့ ကျွန်တော်က အပြင်ဘက်ကိုဆက်ကြည့်နေရင်း လှမ်းပြောလိုက်တယ်။ သစ်ပင်တွေအများကြီး အရောင်ပြောင်းသွားတာ ကျွန်တော်မမြင်ဘူး။ ရေဘဲကလေး လေးငါးကောင် ပျောက်သွားတာကိုတော့ ကျွန်တော်သတိထားလိုက်မိတယ်။ အော် လူ့စိတ်ဟာ အတော်ဆန်းပါကလား။ စိတ်ဆိုတာထက်၊ သိပုံ, သိနိုင်ပုံတွေဟာ ဆန်းပါလားလို့ တွေးကြည့်နေမိတယ်။ လှည့်မကြည့်ပေတဲ့ ကိုချစ်စိန်တစ်ယောက် ကျွန်တော်ထိုင်နေတဲ့ ကုလာားထိုင်နောက်နားဆီမှာလာပြီး ရပ်နေမှန်း သိလိုက်မိတယ်။ သွားတော့မှာလား ကိုချစ်စိန်လို့ ကျွန်တော်က လှည့်မကြည့်ဘဲ မေးလိုက်တယ်။

သွားဦးမယ် ဆရာကြီး။ ဆရာကြီးနဲ့ နှစ်ခန်းကျော်က ရုပ်စုံဆရာကြီးဆီ သွားဦးမှ။ သူကလည်း ဆရာဝန်ကြီးမိတ်ဆွေပဲ။ ဆရာကြီးလိုပဲ စောင့်ရှောက်ဖို့ ဆရာဝန်ကြီးက မှာထားတယ်။ ဆရာကြီးနဲ့လည်း ရင်းတယ်မဟုတ်လားလို့ ကိုချစ်စိန်က ပြန်ဖြေတယ်။ ရင်းပါတယ်၊ အေးကွာ စောင့်ရှောက်ပါ၊ သူက အနုပညာသမားဆိုတော့ နူးညံ့တယ်ကွလို့ ကျွန်တော်က ပြောလိုက်တယ်။ ဟုတ်တယ် ဆရာကြီး။ မနက်စာဆိုရင် သူနာပြုဆရာမ ချောချောကလေးတွေက ပြင်ကျွေးမှ။ ကျွန်တော်တို့ ကိုမြဟန်တို့ ပြင်ကျွေးရင် မစားဘူး။ ကလေးများလိုပဲ မျက်နှာကြီးစူနေတတ်တယ်။ ခုချိန်လောက်ကျမှ ကျွန်တော်သွားရင် အတော်ပဲ။ မနက်စာစားသောက်ပြီးရင် သူက ကလေ့ရှိတယ်လို့ ကိုချစ်စိန်က ပြန်ဖြေတယ်။ ကျွန်တော်က ပြံုးလိုက်မိတယ်။ ဖိုးကျော်စွာကြီးက ကတုန်းလားကိုချစ်စိန်လို့ မေးလိုက်မိပြန်တယ်။ ကိုချစ်စိန်က ချက်ချင်းမဖြေဘူး။ အတော်ကလေးကြာမှ ခုလိုပြောတယ်။ သူ့ရုပ်သေးရုပ်ကလေးတွေ မရှိတော့ဘူးလို့ပြောပြီး မျက်ရည်ကျတတ်တယ်။ ဘယ်ရောက်သွားလဲလို့ ကျွန်တော်ကမေးရင် ပင်နိုကယိုလိုပဲ၊ အသက်ဝင်ပြီး ငါ့ဆီက ထွက်သွားကြပြီလို့ ပြောတယ်။ ခုတော့ ငါက ရုပ်သေးရုပ်ပြန်ဖြစ်သွားပြီ။ မင်းကြိုးဆွဲပေးစမ်း၊ ငါ, ကမယ်လို့ ပြောလေ့ရှိတယ်။ ကျွန်တော်လည်း သူကျေနပ်အောင် ပါးစပ်ဆိုင်းကလေးနဲ့ ရုပ်သေးရုပ်ကြိုးဆွဲသလို လုပ်ရတာပေါ့။ သူကျေနပ်လောက်တဲ့အထိ ကတယ်။ ပြီးမှ တစ်ခန်းရပ်ကြစို့ဆရာကြီးရေ ဆိုမှ သူလည်း ကုတင်ပေါ် အသာသွားလှဲနေတော့တယ်။ သူ့ကိုယ်သူ ရုပ်သေးရုပ်ကလေးလို့ထင်ပြီး ကနေတာကိုကြည့်တိုင်း ကျွန်တော့်စိတ်ထဲမှာ မချမ်းသာဘူးလို့ ကိုချစ်စိန်က ပြောတယ်။

ဘာလို့လဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ ကိုချစ်စိန်က ချက်ချင်းမဖြေဘူး။ နောက်မှ ဆရာကြီးရာ၊ ဆရာကြီးသိတဲ့အတိုင်းပဲ၊ တစ်ချိန်က ရုပ်စုံဆရာဦးကျော်စွာရယ်ဆိုပြီးနေရာက ခုတော့ သူ့ကိုယ်သူ ရုပ်သေးရုပ်လေးလို့ စိတ်ထဲမှာထင်နေတာဆိုတော့ ကျွန်တော့်စိတ်ထဲမှာ ဘယ်ချမ်းသာနိုင်ပါ့မလဲလို့ ဖြေတယ်။ မဟုတ်သေးဘူးဗျကိုချစ်စိန်လို့ ကျွန်တော်က စကားစလိုက်တယ်။ ခင်ဗျားအနေနဲ့ သနားစိတ်ဝင်နေပေတဲ့ သူ့ကိုယ်သူ ရုပ်သေးရုပ်ကလေးလို့ စိတ်ထဲမှာထင်ပြီး ကနေတဲ့အချိန်ဟာ သူ့အတွက် အကျေနပ်ဆုံး အသာယာဆုံးအချိန်ပဲ။ ခင်ဗျားက သူ့ဘက်က စဉ်းစားမကြည့်မိလို့ပဲလို့ ကျွန်တော်ကပြောလိုက်တယ်။ ကိုချစ်စိန်က ဘာမှပြန်မပြောဘူး။ အေးလေ ဆရာကြီးပြောတာလည်း ဟုတ်မှာပဲလို့ အတော်ကြာမှ ပြန်ပြောတယ်။ ကိုင်း သွားလိုက်ဦး၊ ခင်ဗျားကိုမျှော်လှရော့မယ်လို့ ကျွန်တော်ကပြောလိုက်တော့ ကိုချစ်စိန်က တစ်ခုခုသတိရလိုက်ပုံပေါ်တယ်။ မနက်စာ ဗန်းယူလာတုန်းက ကိုချစ်စိန်က လွယ်အိတ်ကြီးတစ်လုံး လွယ်လာတယ်။ ဘာတွေများလဲလို့ ကျွန်တော်က မေးမယ်လို့စိတ်ကူးသေးတယ်။ ဒါပေတဲ့ မမေးဖြစ်ဘူး။ ကိုချစ်စိန်က လွယ်အိတ်ထဲက စာအုပ်လေးငါးအုပ်ထုတ်လာပြီး ဆရာကြီးဖတ်ချင်ရင် တစ်အုပ်ယူထားလေလို့ ပြောတယ်။

ကျွန်တော်က ဘာမှမပြောသေးဘဲ ကိုချစ်စိန်ကို ကြည့်နေမိတယ်။ ဒီတော့မှ ကိုချစ်စိန်ကပြောတယ်။ ဆရာဝန်ကြီးက ဆရာကြီးယူလာတဲ့ စာအုပ်တွေထဲက လေးငါးအုပ်ယူသွားချေ၊ သူဖတ်ချင်တာရှိရင် တစ်အုပ်ပေးခဲ့လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်ယူလာတာတဲ့။ ဒီတော့မှ မင်းတို့ဆရာဝန်ကြီးကပဲ ငါ့ကို ဘာစာမှမဖတ်ရဘူးဆို လို့ ကျွန်တော်က သူ့ကို ပြန်ပြောလိုက်တယ်။ ကျွန်တော် ဒီကိုရောက်လာတော့ စာအုပ်တွေပါလာတယ်။ ဆရာဝန်ကြီးက သုံးလလောက် ဘာမှမဖတ်ရဘူးလို့ တားထားတယ်။ ခုတော့ သုံးလမကတော့ဘူး။ ခင်ဗျား ဘာသာစကားနဲ့ကင်းကင်းနေနိုင်ရင် အကောင်းဆုံးပဲ။ ခဏဖြစ်ဖြစ် နေနိုင်အောင်ကြိုးစားပါလို့ သူက ပြောတယ်။ သူငယ်ချင်းပေတဲ့ သူက ကိုယ့်ဆရာဝန်။ ကိုယ်က သူ့လူနာ။ သူပြောတာ နားထောင်ရမှာပဲ။ ဒီအကြောင်းအရာ၊ ဒီဘာသာရပ်မှာ သူကကျွမ်းတာ။ ကိုယ်က မကျွမ်းတော့ သူပြောတာ နားထောင်ရမှာပဲ။ ဘာသာစကားထဲ နက်နက်ရှိုင်းရှိုင်းရောက်လာလေ၊ ခင်ဗျားနဲ့ပြောစရာလူတွေ၊ ပြောစရာအကြောင်းအရာတွေ များလာမှာပဲ။ အဲဒီလို များလာလေ ခင်ဗျားဘာသာ ပိတ်မိလာလေပဲ။ ဘာသာစကားထဲမှာ ပိတ်မိလာတော့ ခင်ဗျားဟာ ခင်ဗျားရဲ့အတိုင်းအတာကို သိလာတယ်။ ခင်ဗျားရဲ့အတိုင်းအတာကို ခင်ဗျားသိသွားရင် လမ်းဆုံးသွားတာပဲ။ ခင်ဗျားအသက်ရှူနေတာဟာ အသက်ရှင်ဖို့မဟုတ်သလို ဖြစ်သွားတာပေါ့။ ဒီတော့ ခင်ဗျားမှာ ခံစားချက်လည်းမရှိတော့ဘူးလို့ ဆရာဝန်ကြီးပြောခဲ့တာတွေကို ကျွန်တော်သတိရလိုက်မိတယ်။

တစ်အုပ်ရွေးလေဆရာကြီးလို့ ကိုချစ်စိန်ရဲ့အသံ ကြားရတော့မှ အတွေးပြတ်သွားတယ်။ ကိ(စ)ရဲ့ ကဗျာစာအုပ် လှမ်းယူလိုက်တယ်။ ကိုချစ်စိန်က မတိုးမကျယ်နဲ့ တောက်ခေါက်လိုက်တယ်။ ကျွန်တော်လည်း အံ့အားသင့်သွားမိလို့ ဘာဖြစ်လို့လဲကိုချစ်စိန်လို့ မေးလိုက်မိတယ်။ ကိုချစ်စိန်က ခေါင်းခါလိုက်ရင်း၊ စာအုပ်တွေကို ကျွန်တော့်လွယ်အိတ်ထဲ ထည့်နေတုန်းက ဆရာဝန်ကြီးကရပ်ကြည့်နေရင်း သူဘယ်စာအုပ်ရွေးမယ်ထင်သလဲလို့ မေးတယ်။ ကျွန်တော်က မသိဘူးလို့ပြောလိုက်တော့ ဆရာဝန်ကြီးက အခု ဆရာကြီးယူလိုက်တဲ့စာအုပ်ကိုကိုင်ကြည့်ပြီး ဒီစာအုပ်သူဖတ်လိမ့်မယ်လို့ ပြောတယ်။ ပြီးတော့ မင်းနဲ့ငါလောင်းမယ်၊ ဒီစာအုပ်သူရွေးရင် မင်းကငါ့ကို ဘီယာတစ်လုံးတိုက်၊ ဒီစာအုပ်ကို မရွေးဘဲ ကျန်တဲ့လေးအုပ်ထဲက တစ်အုပ်ကိုရွေးရင် မင်းကြိုက်တာ အဝငါတိုက်မယ်လို့ ပြောတယ်။ ကိုချစ်စိန်က စကားပြောတာ ခဏနားလိုက်တယ်။ ငါးအုပ်ထဲကတစ်အုပ်ဆိုတော့ မှားမယ်ဆိုရင် သူက မှားဖို့အခွင့်အရေးများတယ်။ ကျွန်တော်က မှားနိုင်ကိန်းနည်းတယ်လို့ တွေးမိတာနဲ့ ကျွန်တော်လည်း ဆရာကြီးနဲ့ ဘီယာတစ်ပုလင်းလောင်းကြေးကို လက်ခံလိုက်တယ်လို့ ကိုချစ်စိန်ကဆက်ပြောတယ်။ ဘာဖြစ်လို့ ဒီစာအုပ်ကိုရွေးမယ်လို့ သူက ပြောတာလဲလို့ မေးလိုက်တယ်။ ကိုချစ်စိန်က ချက်ချင်းပဲပြန်ဖြေတယ်။ ကျွန်တော်လည်း ဆရာဝန်ကြီးကို မေးကြည့်လိုက်တယ်။ ဆရာဝန်ကြီးက ပြောတယ်။ ဆရာကြီးမှာ ခံစားချက်မရှိတော့ဘူးတဲ့။ ဝေဒနာကို ပြန်တည်ဆောက်ယူရမယ်တဲ့။ ဝေဒနာကိုတည်ဆောက်ဖို့ အကောင်းဆုံးအရာဟာ ကဗျာဖတ်တာပဲတဲ့။ ဟုတ်သလားဆရာကြီးလို့ ပြောရင်းမေးတယ်။

ကျွန်တော် ဘာမှပြန်မဖြေတော့ဘဲ ပြံုးနေလိုက်တယ်။ ကိုချစ်စိန်က စာအုပ်တွေ လွယ်အိတ်ထဲပြန်ထည့်လိုက်ပြီး သူယူလာတဲ့ မနက်စာဗန်းကိုကောက်ကိုင်ရင်း အခန်းဝဘက်ကို လျှောက်သွားတယ်။ အခန်းတံခါးဖွင့်မယ်လို့လုပ်နေရင်း မမအယ်မလီရော လာဦးမလားလို့ မေးပြန်တယ်။ မလာတော့ဘူးထင်တယ်လို့ ကျွန်တော်က ဖြေလိုက်တယ်။ ကိုချစ်စိန်ဟာ အံ့အားသင့်သွားတယ်။ ဗန်းကို အခန်းဝနားက စားပွဲပေါ်မှာတင်ထားလိုက်ပြီး ကျွန်တော်ထိုင်နေတဲ့ ပြတင်းပေါက်နားဆီ ပြန်လျှောက်လာတယ်။ ကျွန်တော်ကလည်း ကဗျာစာအုပ်ဖတ်မယ်လို့တွေးရင်း ကုလားထိုင်ကို ပြတင်းပေါက်ဘက် ကျောပေးလိုက်တယ်။ ကိုချစ်စိန်က ကျွန်တော့်ရှေ့တည့်တည့်မှာရပ်ရင်း မမက ဘာဖြစ်လို့ မလာတော့တာလဲလို့ မေးတယ်။ ကျွန်တော်က ကိုချစ်စိန်ကိုကြည့်ရင်း ပြံုးလိုက်မိတယ်။ ပြီးမှ၊ မင်းကိုငါပြောပြဖူးတာပဲ၊ ပြီးခဲ့တဲ့အခေါက် အယ်မလီလာတုန်းက သူနဲ့ငါ စကားပြောကြတဲ့အကြောင်း မင်းကိုငါပြောပြဖူးတာပဲမဟုတ်လားလို့ ကျွန်တော်ကမေးလိုက်တယ်။ ပြောဖူးပေတဲ့ မလာတော့ဘူးဆိုတာကို ဆရာကြီးကမှမပြောဘဲလို့ သူကပြောတယ်။ ဟုတ်လိမ့်မယ်၊ အသေးစိတ်တော့ ကျွန်တော်ပြောလိုက်မိပုံ မရဘူး။ ဒီဆေးရုံမှာ လာနေရကတည်းက ကျွန်တော့်ဆီပုံမှန်လာစကားပြောကြတဲ့ လူတွေထဲမှာ အယ်မလီလည်းပါတယ်။

အယ်မလီက ကျွန်တော်နဲ့ ငယ်ငယ်တည်းက အတူတူကြီးတာ။ ခုနစ်တန်းလောက်ကတည်းက ဆရာဝန်ဖြစ်ချင်တာ။ ဆရာဝန်မှမဖြစ်ရရင် ဘာမှမဖြစ်တာ အကောင်းဆုံးပဲတဲ့။ သူရည်ရွယ်တဲ့အတိုင်း ဖြစ်တယ်။ ဘာမှမဖြစ်ရတာဟာ ကောင်းတယ်ဆိုတာက ကျွန်တော့်ရည်ရွယ်ချက်။ ကျွန်တော့်ရည်ရွယ်ချက်လည်း အောင်မြင်တယ်။ ကျွန်တော် ဒေါသထွက်နေတဲ့အခါမျိုးတိုင်းလို အယ်မလီက ပြေရာပြေကြောင်းကလေးတွေ ပြောပြတတ်တယ်။ ကျွန်တော်ကတော့ သူနဲ့ဖက်ပြိုင်ပြီး မငြင်းဘူး။ သူက ကျွန်တော့်ကို လမ်းပျောက်နေတဲ့လူလို့ ထင်တယ်။ ဒါပေမဲ့ သူမသိတာတစ်ခုရှိတယ်။ အမှောင်ထဲမှာ ပျောက်ဆုံးနေခဲ့ရင် အလင်းရောင်ရတဲ့အခါ တွေ့လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်။ အလင်းရောင်ထဲမှာ ပျောက်ဆုံးနေခဲ့ရင် ရှာတွေ့ဖို့မလွယ်ဘူး။ လူတိုင်းဟာ ပျောက်ဆုံးနေကြတယ်ဆိုတာကို သူ, မသိဘူး။ ဘယ်မှာပျောက်ဆုံးနေသလဲကို မသိတာက ပိုဆိုးတယ်။ ဟိုတစ်နေ့က စကားပြောပြီးလို့ သူပြန်တော့မယ်လုပ်တော့ သူက မေးတယ်။ ငါ့ကို နင့်ဆီ လာတွေ့စေချင်သေးသလားတဲ့။ ဒီတစ်ခါတော့ ကျွန်တော်လည်း ရဲရဲတင်းတင်းပဲ ပြန်ပြောလိုက်တယ်၊ မလာနဲ့တော့လို့။ သူက ပြံုးတယ်။ ဘာလို့လဲလို့ မေးတယ်။ နင်နဲ့ငါနဲ့ အခုလိုစကားပြောနေကြတာဟာ ငါ့အတွေးထဲမှာ သက်သက်ပဲ။ နင့်အတွက် အချိန်မကုန်ပေတဲ့ ငါ့အတွက် အချိန်ကုန်တယ်။ နင့်လိုပဲ ငါနဲ့လာပြီး စကားပြောတဲ့ လူအတော်များများကိုလည်း မလာကြနဲ့တော့လို့ ပြောလိုက်တယ်။ အတော်များများလည်း မလာကြတော့ဘူး။ နင်လည်း မလာနဲ့တော့လို့ ကျွန်တော်ပြောလိုက်တယ်။

ကိုချစ်စိန်က ကျွန်တော်ပြောတာတွေနားထောင်နေရင်း ပြတင်းပေါက်ကနေတဆင့် အပြင်ဘက်ကို ငေးနေတယ်။ ရုပ်တရက် သူက နွေဦးရောက်လို့ ကန်စောင်းဆီရေဘဲတွေပြန်ရောက်လာရင် ဆရာကြီး ဒီဆေးရုံမှာ ရှိတော့မှာမဟုတ်ဘူး။ အဲဒီအချိန်လောက်ဆိုရင် ဆရာကြီးလည်း ဘဝရဲ့အလှအပတွေနဲ့ ပြန်ပြီးပျော်မွေ့နေတော့မှာပဲလို့ ပြောတယ်။ အတော်ကလေးကြာအောင် ကျွန်တော်က ဘာမှမပြောဘဲ သူဘာများဆက်ပြောမလဲလို့ စောင့်နေမိတယ်။ ကိုချစ်စိန်က ဘာမှထပ်မပြောဘဲ ရေကန်စပ်ဆီပဲ ငေးနေတယ်။ အတော်ကလေးကြာအောင် ကျွန်တော်တို့အကြားမျာ စကားပြောစရာမရှိကြသလိုပဲ ငြိမ်နေမိကြတယ်။ နောက်တော့မှ ကျွန်တော်ကစပြီး ပြောလိုက်တယ်။ ဘဝမှာ အလှအပရှိတယ်လို့ မင်းထင်သလား။ ငါကတော့ ဘဝဆိုတာ ဝေဒနာတွေနဲ့တည်ဆောက်ထားတာပဲလို့ မြင်တယ်။ ဘဝရဲ့အလှအပဆိုတာဟာ ဘဝရဲ့ဝေဒနာတွေပဲ။ ဝေဒနာဆိုတာ အကောင်းဝေဒနာ၊ အဆိုးဝေဒနာရယ်လို့ ရှိတယ်။ ဝေဒနာဆိုတာနဲ့ အဆိုးချည်းပဲထင်မှတ်ထားလို့မရဘူး။ ကိုချစ်စိန်က ဘာမျှမပြောဘဲ ကျွန်တော့်မျက်နှာကိုကြည့်နေတယ်။ ဝေဒနာပေါ်ပေါက်လာဖို့ ဘာသာစကားလိုတယ်။ ဘာသာစကားဆိုပေတဲ့ ရေးတာ၊ ပြောတာကိုချည်းပဲ ပြောတာမဟုတ်ဘူး။ သဘောကတော့ကွာ ပန်းချီဆရာအတွက် ဘာသာစကားဟာ အရောင်တွေ၊ မျဉ်းကြောင်းတွေလိုပေါ့။ လူတစ်ဦးချင်းစီမှာ သူတို့နားလည်တဲ့ ဘာသာစကားကိုယ်စီ ရှိကြတာပဲ။ အဲဒီဘာသာစကားပျောက်ဆုံးသွားတာနဲ့ လူမှာ ခံစားချက်မရှိတော့ဘူး။ ငါ့မှာ ပျောက်ဆုံးသွားတာကြာပြီ။ အလင်းရောင်အောက်မှာ ပျောက်ဆုံးနေတာမျိုးပဲ။ အခုတော့ ငါသိတဲ့ ဘာသာစကားတွေ ဖြည်းဖြည်းချင်းငါ့ဆီ ပြန်ရောက်လာကြပြီထင်တယ်။

ကိုချစ်စိန်က ခပ်ဖြည်းဖြည်းပြံုးတယ်။ သူပြံုးနေတုန်း ကျွန်တော်ကပဲ ဆက်ပြောလိုက်မိတယ်။ မင်းကိုလည်း ငါ ကျေးဇူးတင်တယ်လို့ ပြောလိုက်တော့ ကိုချစ်စိန် အ့ံသြသွားပုံရတယ်။ ဘာလို့လဲဆရာကြီးလို့ သူက ချက်ချင်းပြန်မေးတယ်။ ငါနဲ့ စကားပြောဖြစ်တဲ့ တကယ့်ဘဝထဲကလူဆိုလို့ မင်းနဲ့ မင်းတို့ဆရာဝန်ကြီးတို့ နှစ်ယောက်သားပဲ ရှိတာပဲ။ ငါ့အတွေးထဲကလူတွေဟာ ငါပြောတာကို နားလည်ကြတယ်။ တကယ့်ဘဝထဲကလူတွေက ငါပြောတာကို နားမလည်ကြသလို သူတို့ပြောတာတွေကိုလည်း ငါသိပ်နားမလည်ဘူး။ ခုတော့ တကယ့်ဘဝထဲကလူတွေနဲ့ ဆက်ဆံနိုင်ဖို့ သူတို့ကိုနားလည်အောင် ငါကြိုးစားကြည့်ဖို့လိုတယ်လို့ ငါမြင်လာတယ်လို့ ကျွန်တော်က ပြောပြလိုက်မိတယ်။ ကိုချစ်စိန်က အားရပါးရပြံုးတယ်။ ကိုင်း ဒါဖြင့် ကျွန်တော်သွားလိုက်ဦးမယ်လို့ပြောရင်း ကိုချစ်စိန်က အခန်းတံခါးဝဘက် လျှောက်သွားတယ်။ အခန်းဝနားရောက်တော့မှ ဘာဖြစ်လို့ ဟိုဆေးတစ်မျိုးကို ဆရာကြီးသောက်စရာမလိုတော့တာ ကျွန်တော်သိပြီလို့ပြောရင်း ခေါင်းညိတ်ပြပြီး အခန်းထဲက ထွက်သွားတော့တယ်။ သူ့ကိုကြည့်ရတာ ကျေနပ်မှုတစ်ခုခုရသွားတဲ့ လူတစ်ယောက်လိုပဲ။ ကိုချစ်စိန်အတွက်တော့ ကျွန်တော်က ဘာဖြစ်လို့ ဟိုဆေးတစ်မျိုးမသောက်ရတော့တာကို သိလိုက်ရတာဟာ ခရစ်သက္ကရာဇ် ၂၀၀၀ ရဲ့ ဒီဘက်မှာ အကြီးမားဆုံး ကြံဆတွေးတောချက်တစ်ရပ် ဖြစ်လိမ့်မယ်ထင်တယ်။

~ မြင့်သန်း

ချင်းတွင်း၊ ဇွန်၊ ၂၀၀၆

No comments:

Post a Comment