Monday, September 9, 2013

ချောင်းမကြီးရေလျှံတုန်းက သန်းခဘာလုပ်နေလဲ [မြင့်သန်း]

ချောင်းမကြီးရေလျှံတုန်းက သန်းခဘာလုပ်နေလဲ [မြင့်သန်း]

သန်းခတစ်ယောက် ရှိရှိမရှိရှိ လောကကြီးကတော့ သိပ်ထူးမှာမဟုတ်ဘူး။ ဒါပေတဲ့လည်း သင်းကို ဆန်ကုန်မြေလေးလို့တော့လည်း မခေါ်လောက်ဘူး။ အဲသလိုခေါ်မယ်ဆို ခေါ်စရာလူတွေက အပုံချည်းပဲ။ လောကကြီးက သင်းရှိနေလို့ သိပ်မထူးသလို သင်းကလည်း လောကကြီးရှိနေတာ သူ့အတွက် ဘာမှမထူးဘူးလို့ ထင်တာ။ သူထင်ရာသူလျှောက်လုပ်နေတဲ့ လူမျိုး။ မောင်ဆင်က သူ့ကို ခေါ်ပုံသာကြည့် “ဆယ့်တစ်လက်မသန်းခ” တဲ့။ ဒီကိစ္စတော့ မတော်မတည့်တွေ လျှောက်မတွေးကြခင် ခုကတည်းက ရှင်းထားစမ်းပါရစေ။

ဒီကောင်က လက်သမားနောက်လိုက်၊ ပန်းရံနောက်လိုက်လုပ်တယ်။ အလုပ်အကိုင်ကလည်း တော်ပါတယ်။ သို့ပေတဲ့ သူအတွေးပေါက်တဲ့အခါ ထင်ရာလုပ်တဲ့လူမျိုး။ တစ်နေ့တော့ စာသင်တိုက်ကြီးက ဆရာတော်ကြီးရဲ့စံကျောင်း အပေါ်ထပ် ဆင်ဂလယ်(ဆင်ကပ်လယ်)က လက်ရန်းတန်းတွေ ပြုပြင်တယ်။ ဒီတော့ ထုံးစံအတိုင်း သက်ကယ်သောင်မောင်ဆင်က ဦးစီးရတာပေါ့။ နောက်လိုက်က သန်းခရယ်၊ အဲဒီတုန်းက မောင်ဆင်က အောင်မင်္ဂလာကျောင်း ဆွမ်းစားဆောင်လည်း ပြင်နေရတော့ နှစ်ဖက်ခွ လုပ်နေရရှာတယ်။ အဲဒီမှာက သောင်းစိန်တို့လူသိုက်ရှိတယ်။ ဆရာတော်ကြီးရဲ့ကျောင်းက လက်ရန်းတွေလဲတယ်ဆိုပေတဲ့ တစ်ချီတည်း မိချောင်းတုံးတွေလည်း လဲလိုက်ရတော့တာကိုး။ အဲဒါတွေလဲပြီးတယ်ဆိုရင်ပဲ အမှန်မှာတော့ ကိစ္စပြီးသလောက်ပဲ။ အပေါ်က လက်ရန်းတန်းရိုက်ပြီး အောက်ကထောက်တဲ့ အဆာတန်းတွေရိုက်တယ်ဆိုတာက သိပ်လုပ်စရာမှ မရှိတော့ပဲ။ တစ်ခုပဲ မောင်ဆင်က သဒ္ဓါစိတ်ကလေးနဲ့ဆိုတော့ အဆာတန်းကို ရိုးရိုးတန်းမရိုက်ချင်ဘူး။ ဆနွင်းမကင်းကွက် ဖော်ချင်တယ်။ ဒီတော့ သန်းခကို အကျိုးအကြောင်းပြောပြီး သူလိုချင်တဲ့အရှည်အတိုင်း နှစ်တစ်မတ်တွေ ဖြတ်ခိုင်းထားပြီးတော့ အောင်မင်္ဂလာကျောင်းဖက်က လာပြီးဦးစီးနေတယ်။ အဲဒီနေ့က ဒီဖက်မှာ သူမရှိလို့မဖြစ်ဘူး။ ဆွမ်းစားဆောင်နောက်ဘက် လျှောသွားတာကို ဒုန်းကလားတွေဘာတွေနဲ့ထောက်ပြီး ပြန်မတ်ရတာဆိုတော့ သူရှိဖို့လိုတယ်။

နောက်နေ့တော့ မောင်ဆင်တစ်ယောက် ဆရာတော်ကြီးကျောင်းကို စောစောရောက်လာတယ်။ သောင်းစိန်တို့လူသိုက်တောင် ပါလာကြသေးတယ်။ ဒီဖက်မှာ အပြီးသတ်ဝိုင်းလုပ်ကြပြီး ဟိုဖက်ကိုပြောင်းကြရအောင်လို့။ ဒီလိုနဲ့ မောင်ဆင်က တန်းစရိုက်တယ်။ သူက အခံတန်းတွေ စရိုက်သွားတော့ဟုတ်သပေါ့။ ဒါပေတဲ့ သူ့နောက်ကပိုးပြီး လိုက်ရိုက်လာတဲ့ သောင်းစိန်ကျတော့ တန်းတွေကမဝင်ဘူး။ ပထမတော့ သောင်းစိန်လည်း မပြောရဲဘူး။ သူ့ကို ညံ့တယ်ထင်မှာစိုးတာကိုး။ အသင့်ဖြတ်ထားတဲ့သစ်သားတွေထဲက နှစ်ချောင်းသုံးချောင်းယူပြီး လဲရိုက်ကြည့်တယ်။ ဘယ်လိုမှမဝင်ဘူး။ ဒီတော့မှ “ကိုမောင်ဆင် ခင်ဗျားတန်းတွေက မညီဘူးထင်တယ်” လို့ မယုတ်မလွန်လှမ်းပြောလိုက်တယ်။ ဒီတော့ မောင်ဆင်က အနားမှာရှိတဲ့ သစ်, လေးငါးချောင်းကိုယူပြီး လက်နဲ့စုကိုင်ရင်း ကြမ်းခင်းပျဉ်ပေါ်မှာထောင်ပြီး ညှိကြည့်လိုက်တယ်။ ဒီတော့လည်း အညီသား။ သောင်းစိန်ကလည်း သူ့အနားက ဖြတ်ထားတဲ့သစ်သားချောင်းတွေကို မောင်ဆင်လုပ်သလိုလုပ်ကြည့်တော့လည်း ညီနေသား။ သောင်းစိန်လည်း ဘာဆက်ပြောရမှန်းမသိဘူး။ မောင်ဆင်ကတော့ ဆက်ပြီးရိုက်သွားတယ်။ သောင်းစိန်ကတော့ အသာထသွားရင်း မောင်ဆင့်လွယ်အိတ်ထဲက လက်သမားကိုင် ခေါက်ပေတံသွားထုတ်ပြီး သစ်သားတစ်ချောင်းယူပြီး တိုင်းကြည့်တယ်။ ပြီးတော့မှ

“ကိုမောင်ဆင်။ ခင်ဗျားဟာတွေ တစ်ပေချောင်းတွေဗျ” လို့ လှမ်းပြောလိုက်တယ်။ မောင်ဆင်ကတော့ ဟေလို့ပဲပြောပြီး အတော်ကြာအောင် ဘာမှမပြောသေးဘူး။ တစ်ခုခုကို စဉ်းစားနေသလိုပဲ။ ပြီးမှ နောက်ဖက်နားဆီက သန်းခကိုလှမ်းကြည့်ရင်း “ဟဲ့ကောင် ငါဖြတ်ခိုင်းထားတာ ဆယ့်တစ်လက်မလား၊ တစ်ပေလား” လို့ လှမ်းမေးလိုက်တယ်။ ဒီတော့ သန်းခက “ဆယ့်တစ်လက်မပါ၊ ဒါပေတဲ့ ကျုပ်စိတ်ထဲမှာ တစ်လက်မလေးနဲ့ ကို့လို့ကန့်လန့်ဖြစ်သလိုဖြစ်လို့ ပိုပိုသာသာ တစ်ပေဖြတ်ပေးထားလိုက်တာ” လို့ ပြန်ဖြေတယ်။ ဒီတော့မှ သက်ကယ်သောင်မောင်ဆင်လည်း လက်ထဲကတူကိုပစ်ချပြီး မအေတွေနှမတွေနဲ့စလိုက်ပြီး ဆဲနည်းဆယ်မျိုးစလုံးကို ကုန်အောင်ဆဲပစ်တော့တာ။ အဲဒီတုန်းက ဆရာတော်ကြီး အပေါ်မှာမရှိလို့ တော်သေးရဲ့။ မဆဲလို့လည်းမဖြစ်ဘူး၊ သင်းတို့တတွေ ပိုနေတဲ့တစ်လက်မ ပြန်ဖြတ်ရတာနဲ့ မွန်းတိမ်းသွားတယ်။ မွန်းတိမ်းတော့ ဆရာတော်ကြီးကျောင်းပေါ် ပြန်ကြွပြီး နေ့လယ်နေ့ခင်း ခဏကျိန်းလေတော့ အဲဒီနေ့က လက်တန်းဆက်ပြီး မရိုက်ဖြစ်ကြတော့ဘူးပေါ့။ အဲဒီကစလို့ သန်းခလည်း ဆယ့်တစ်လက်မသန်းခလို့ တွင်ရော။ အဲဒီအကြောင်းတွေကြားတော့ တိုက်အုပ်ကတောင် မိန့်သေးတယ်။ “ဒီကောင်နဲ့တော့ အလိုက်သား။ ဒီကောင်ကလည်း ပေမပြည့်ဘူး” တဲ့။ ဒါကလည်း ဟုတ်လောက်တယ်။ ကိုယ့်အတွေးနဲ့ကိုယ် နေတဲ့လူတွေကို တခြားလူတွေက “ပေမပြည့်ဘူး” လို့ ထင်တတ်ကြတယ်မဟုတ်လား။ သန်းခက သူ့အတွေးနဲ့သူနေတာ။ ခင်မခံကုန်းဘက်မှာ တောမီးလောင်တုန်းက သင်းလုပ်ပုံကိုကြည့်။ အဲဒီဘက်ဆီက မီးရောင်တွေကို ညဖက်လှမ်းတွေ့ကြရကတည်းက ရွာထဲရပ်ထဲမှာရှိတဲ့ ယောက်ျားသားတွေက လှည်းပြင်ပြီး မိုးမလင်းခင် အဲဒီဘက်ကို ကြိတ်ကြတော့တာ။ အရပ်ထဲမှာ ယောက်ျားသား မကျန်လောက်အောင်ပဲ။ ခင်မခံကုန်းက မီးရှိန်ကတော့ လျော့သွားပုံမပေါ်ဘူး။ ဆွမ်းစားချိန်လောက်ရောက်တော့ စာသင်တိုက်ကြီးထဲမှာ မြေကြီးတူးသံကြားနေရတယ်။ တိုက်အုပ်လည်း အသံလာရာနောက်လိုက်လာတော့ ကုဋီအသစ်တူးနေတဲ့သန်းခကို တွေ့လိုက်ရတယ်။ ဒီတော့ဘုန်းကြီးလေးက “ဟကောင်၊ သန်းခကြီး မင်းကဒီမှာ ဘာလုပ်နေတာတုံး။ အရပ်ထဲကလူတွေအားလုံးလိုလို မီးဆီသွားကြတယ်မဟုတ်လား” လို့ မေးသတဲ့။ ဒီတော့ သန်းခကြီးက ဘာပြန်ပြောတယ်မှတ်သတုံး။

“ခင်မခံကုန်းကမီးကို ဘယ်သူမှ သတ်လို့ရမှာမဟုတ်ဘူးဘုရာ့၊ ကုန်အောင်လောင်သွားပြီး ကုန်းခရိုးကျော်လို့ ကျောက်စပ်ဆီရောက်တော့မှ လောင်စရာမရှိဘဲ သူ့ဘာသာရပ်သွားမှာ။ သိကြားမင်းကြီးဆင်းလာတောင် ဘာမှလုပ်လို့မရဘူး။ ဒါတော့လည်း မဟုတ်သေးဘူး။ သိကြားမင်းဆိုတာက တန်ခိုးရှိတယ်မဟုတ်လား ဘုရား။ တန်ခိုးရှိရင်တော့ တစ်မျိုး။ လူအနေနဲ့ကတော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ သျှောင်သာကျွတ်မယ် ဖွတ်ကိုတော့ မိမှာမဟုတ်ဘူး။ ပြီးတော့ အဲဒီနားမှာ မီးငြိမ်းဖို့ပက်စရာ ဘာရေမှမရှိဘူး။ ထန်းရည်တောင်မရှိဘူး။ ဘယ်သူမှ ဘာမှလုပ်လို့မရတဲ့ကိစ္စ။ ဒီတော့ တပည့်တော် အဲဒီလိုက်သွားလည်း အပိုပဲ။ ဒီမှာနေရစ်ပြီးတော့ ကုဋီကျင်းတူးတာကမှ အကျိုးရှိဦးမှာ…”

ကိုင်း ဒီတော့ ဘုန်းကြီးလေးအဖို့ ဘာမှပြောစရာမရှိတော့ဘူး။ နောက်တော့ အရပ်ထဲကကောင်တွေ ပြန်လာလို့မေးကြည့်တော့ သန်းခပြောတဲ့အတိုင်းပဲ။ ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး။ စာသင်တိုက်ကြီးမှာတော့ ကုဋီကျင်းအသစ်နှစ်ခု အရံသင့်ရသွားတာပေါ့။ ပြောမယ့်သာပြောရတယ် ကိုယ်တော်တွေက သန်းခတော့ အခင်ကြသား။ မောင်မင်္ဂလာတရားတိုက်က ဓမ္မကထိကကိုယ်တော်လေး ဦးပညာသာမိဆို သန်းခနဲ့ပတ်သက်လို့ ပြောလေ့ရှိတာတစ်ခုရှိတယ်။ သန်းခကြီးကို မင်းတို့က အရူးအပေါလိုသဘောထားပေတဲ့ ဒီကောင်က မင်းတို့လိုမဟုတ်ဘူး။ ဘုရားတရားတော့ မမေ့ဘူးဟလို့ အရပ်ထဲကကောင်တွေကို ပြောတတ်တယ်။ အဲဒီလိုပြောရတာကလည်း အကြောင်းရှိတယ်။

တစ်နေ့တော့ ဘုန်းကြီးလေး ဦးပညာသာမိက ဆွမ်းဘုန်းပေးပြီးလို့ သူ့ကျောင်းဘက်ဆီပြန်ကြွလာတော့ ကျောင်းလှေကားရင်းမှာထိုင်နေတဲ့ သန်းခကိုတွေ့တယ်။ ဒီတော့ ဘုန်းကြီးလေးက မေးသတဲ့။ “သန်းခကြီး အကြောင်းကြီးငယ် ရှိသလား” သန်းခက ဖြေတယ်။ “တပည့်တော် သီလယူချင်လို့ပါဘုရား” “ဟ ဒီကနေ့မှ တောဖိတ်ရှိသေးတာပဲ။ မင်း ရက်မှားနေသလား” “မမှားပါဘူးဘုရား။ သန်ဘက်ခါကျတော့ တံတားထိပ်ကားဆိပ်မှာ တပည့်တော်တို့ မန္တလေးရမ်ဆိုတာ သွားသောက်ကြမယ်လို့ သောင်းစိန်တို့နဲ့ ချိန်းထားသဘုရာ့။ အဲဒါကလည်း ချိန်းထားကြတာကြာပြီဆိုတော့ မဖျက်ချင်ဘူး။ ဒီတော့ အချိန်ရှိတုန်းလေး လုပ်စရာရှိတာလုပ်မလားလို့ပါဘုရား”

ဘုန်းကြီးလေး ဦးပညာသာမိလည်း ဘာပြောနိုင်တော့မှာတုံး။ အေအေလို့ပဲပြောပြီး ကျောင်းပေါ်ခေါ် သီလပေးတယ်။ ဒါတင်ဘာဟုတ်သေးလို့လဲ သန်းခကို ဘုန်းကြီးလေးက ဥပုသ်စောင့်တယ်ဆိုမှတော့ ဥပုသ်နဲ့တူအောင်နေဆိုပြီး ကျောင်းဝန်းအပြင်မထွက်ခိုင်းတော့ပဲ ဆွမ်းစားဆောင်မှာပဲ မွန်းမလွဲခင် ကျောင်းကကပ္ပိယကြီးတွေနဲ့ ထမင်းစားခိုင်းလိုက်သေးတယ်။ ဒီတော့လည်း ကာလသားတချို့ကတောင် ပြောကြသေးတယ်။ သန်းခတစ်ယောက် တရားတိုက်ဆီမှာ စားကြောမိသွားပြီတဲ့။ မလိုလို့ပြောကြတာတော့ မဟုတ်ပါဘူး။ ရယ်စရာနောက်စရာအဖြစ်နဲ့ ပြောကြတာနေမှာ။ သင်းက ဥတစ်လုံးတစ်ကောင်ကြွက်ဆိုတော့ သနားတော့သနားကြပါတယ်။ ခက်နေတာက သင်းပဲ။ သူ့အတွေးနဲ့သူ လုပ်ချင်ရာလုပ်တဲ့လူမျိုးဆိုတော့ တစ်ခါတစ်ခါတော့ အံသိပ်မဝင်ချင်ဘူးပေါ့။

ဒီဘက်ဆီမှာကလည်း မြို့လိုမဟုတ်တော့ တစ်ခုခု ထူးထူးခြားခြားကလေးဆိုရင် ပြောလို့ကိုမပြီးတော့ဘူး။ ဘိုးအုန်းပွင့်တို့များဆို သေသာသွားရော “တို့ငယ်ငယ်က၊ လငပုတ်ဖမ်းတုန်းက..” ဆိုတဲ့အကြောင်းက ပြောလို့ကိုမပြီးနိုင်ဘူး။ ဒါတင်ဘာဟုတ်သေးလဲ။ ကိုထွန်းမောင်ကြီး လော်ရီဝယ်လာတော့ ကားဘေးမှာရေးထားတဲ့ ကုန်သုံးတန် ယာဉ်သုံးတန် ပေါင်းခြောက်တန်ဆိုတဲ့ စာအရ ကားက သုံးတန်လေး, မလေး ဘယ်လိုချိန်မလဲလို့ ငြင်းလိုက်ကြတာ တစ်နွေလုံးနွားစားလို့ ဆီးပင်ကတုံးဖြစ်ပေမယ့်လည်း နှစ်စဉ်အညွှန့်ပြန်ထွက်လာသလိုပဲ ပြောလို့ကို မပြီးနိုင်ကြဘူး။ တစ်ခါတလေ ကာလသားတွေပျင်းလို့ တာလမ်းဆီက ကုက္ကိုပင်ကြီးအောက်သွားထိုင်ရင်း ဖြတ်သွားဖြတ်လာ လုပ်တဲ့ကားတွေကိုကြည့်ရင်း တောပြောတောင်ပြော ပြောနေကြတာမျိုးကျရင် သန်းခမပါဘူး။ သူများတွေ ချက်ပလက်ခေါင်းတိုတို့၊ ချက်ပလက်ခေါင်းရှည်တို့ကြည့်ပြီး ငေးနေကြတုန်း သန်းခက မမယ်ဆင့်ကြီးအိမ်ရှေ့က ရေတွင်းဆီမှာ ရေကဲ့နေတာ သူ့ဖို့မဟုတ်ဘူး။ ရေလာခပ်တဲ့ကောင်မတွေအတွက် ရေကဲ့ပေးနေတာ။ သူကပြောသေးတာ၊ ပျင်းလို့ကြည့်မှတော့ ချက်ပလက်ခေါင်းတို ဘယ်ကြည့်မှာတုံး။ စိုစိုပြည်ပြည်ကလေးတွေ ကြည့်တော့မှာပေါ့တဲ့။ ကိုင်း ဒီလိုတော့လည်း မဟုတ်ပေဘူးလား။ အလံဖြူတွေပြောတဲ့ တရားသောအတွေးအခေါ်ဆိုတာ အဲတာမျိုးနေမှာ။

တစ်နှစ်တော့ ချောင်းမကြီးမှာ ရေလျှံသတဲ့။ ချောင်းမကြီးက ဒီကနေ အတော်လှမ်းသေးတာ။ အဲဒီမှာ ရေလျှံတဲ့ကိစ္စက ဒီဘက်မှာတော့ ဖိုးအုန်းပွင့်ပြောပြောနေတဲ့ “တို့ငယ်ငယ်က လငပုတ်ဖမ်းတုန်းက…” ဆိုတဲ့အကြောင်းကလွဲလို့ အတော်ကြီးကျယ်တဲ့အကြောင်းပဲ။ ဒါကြောင့် လူကြီးကလေး အကုန်သွားကြည့်ကြတယ်။ တချို့မိန်းမတွေတောင် သွားကြတယ်။ တချို့ကတော့ပြောသေးတယ်။ ညောင်ပင်ဝန်းက ဘုန်းကြီးပျံထက်တောင် လူစည်သေးဆိုပဲ။ သွားမယ့်သာသွားကြတာ ဟိုရောက်တော့ ရေကပြန်ကျပြီ။ တချို့ကတော့လည်း ချောင်းမကြီးရောက်ကာမှ မထူးဘူး။ မြို့အထိ ဆက်သွားကြတယ်။ အဲဒီအထဲမှာ ဆယ်အိမ်ခေါင်း ကိုဘရုန်းကြီးလည်းပါတယ်။ ကိုဘရုန်းကြီးက ကြီးကာမှ အောက်ဘက်ကမိန်းမနဲ့ရတာ။ သူက အလုပ်အကိုင်ကလေးကောင်းတော့ သူ့ခယ်မနှစ်ယောက်ကိုတောင် ဒီကိုခေါ်ထားပြီး တင်တောင်ကျွေးထားတာ။

ကိုဘရုန်းတို့လင်မယားက ချောင်းမကြီးရေလျှံတာသွားကြည့်ပြီး ရေကျတာနဲ့ မြို့တက်ဘုရားဖူးကြမယ်လို့ စီစဉ်တယ်။ ဒီတော့ သူ့အိမ်ရော ခယ်မတွေကိုပါစောင့်ရှောက်ဖို့ လူလိုတယ်။ ကာလသားအတော်များများကလည်း အဲဒီကို ရောက်နေကြတယ်။ သန်းခက မသွားဘူး။ ချောင်းဆိုတာ စီးစရာရှိတယ်။ စီးစရာရှိသရွေ့ လျှံလို့မရဘူး။ ဒါ တောင်ရေကျလို့ ချောင်းရေတက်တာ။ ရေလျှံတာမဟုတ်ဘူး။ ရေတက်လာတာဆိုရင် အချိန်တန်ကျသွားမှာပဲ။ ဘာမှ တကူးတကန့် သွားကြည့်နေစရာမလိုဘူးတဲ့။ ဟုတ်တော့လည်း အဟုတ်သားကလား။ ဒီလိုအတွေးပေါက်တော့ သင်းက မသွားဘူး။ ဒီတော့ ကိုဘရုန်းက သန်းခကို အပ်သွားတယ်။ သန်းခကလည်း ဘာမှ မယုံမကြည်ဖြစ်စရာမရှိတဲ့ လူမျိုးကိုး။ သန်းခက ဂရုတစိုက်လည်းရှိတယ်။ အားတယ်ဆိုတာနဲ့ ကိုဘရုန်းကြီးအိမ်မှာချည်းပဲ။ တစ်ခါတလေ ကိုဘရုန်းကြီးခယ်မတစ်ယောက်နဲ့ အိမ်ရှေ့တမာပင်အောက်က ကွပ်ပျစ်ကြီးမှာထိုင်ပြီး စကားပြောနေတာကို အတော်ကြီးမိုးချုပ်တဲ့အထိ တွေ့နေရတတ်တယ်။ ပြဿနာကတော့ ကိုဘရုန်းတို့လင်မယားပြန်ရောက်ပြီး သီတင်းနှစ်ပတ်လောက်ကြာမှ ပေါ်တာပဲ။ ပြဿနာပေါ်တယ်ဆိုရင်တောင် သိပ်တရားမှာမဟုတ်ဘူး။ တကယ်တော့ ပြဿနာမဟုတ်ဘူးလို့ ဆိုရမယ်။ သန်းခက သူကြီးတူမောင်မူနဲ့ တောင်ရွာကမောင်တာတို့ကိုခေါ်ပြီး မိန်းမသွားတောင်းတယ်။ တောင်းတာက ကိုဘရုန်းခယ်မ အငယ်မ။ ကိုဘရုန်းတို့လင်မယားကလည်း သဘောကျတယ်။ ကျဆို သန်းခကြီးက အားကိုးရတာ လက်တွေ့ပဲကိုး။ အဲဒီကျမှ ပြဿနာက, စတာ။ အိမ်ရှေ့ဘက်ဆီမှာ ကိုဘရုန်းတို့ မောင်မူတို့ မောင်တာတို့ စကားပြောနေကြတုန်း မီးဖိုချောင်ဆီက ကိုဘရုန်းခယ်မ အကြီးမက လက်ထဲက ဓားမ, ကိုင်ပြီး “သေချင်းဆိုး၊ ကောက်ရိုးပုံမှာတုန်းကတော့ ငါမှငါဆို၊ လကွယ်နေ့ညပေတဲ့ ကျုပ်မျက်နှာလေးက ၀င်းလို့ဆို” လို့ အော်ပြီး ပြေးထွက်လာတော့တာ။ မီးဖိုချောင် အပေါက်ဝနားဆီထိုင်နေတဲ့ သောင်းစိန်က အထမြန်ပေလို့။ ချက်ချင်းထတားလိုက်လို့ မိန်းမလာတောင်းတဲ့အဖွဲ့ထဲက တစ်ယောက်ယောက် ဓားမနဲ့ ထိပ်ကွက်မခံရတာ။

လိုရင်းပြောရရင်တော့ဗျာ၊ အခု ဒီမှာ သန်းခကြီးတစ်ယောက် မနေတော့ဘူး။ မြစ်ဟိုဘက်ကမ်းကို ပြောင်းသွားတယ်။ ကိုဘရုန်းကြီးခယ်မ အငယ်မကို သုတ်ပြေးတယ်ထင်တယ်။ သုတ်ပြေးသွားတယ်ထင်တယ်ဆိုပေတဲ့ တကယ်တော့ ကိုဘရုန်းကြီးနဲ့ မောင်မူတို့ မောင်တာတို့ စီစဉ်ပေးလိုက်တာပဲ။ အခုတော့ ဟိုဘက်ကမ်းက မော်တော်ပိုင်တဲ့ အီစမံအင်မောင်ခင့်ယောက်ဖ ပန်းရံကုလားမာမူကြီးရဲ့ နောက်လိုက်လုပ်နေတယ်ထင်တယ်။ နောက်လိုက်တောင်မဟုတ်ဘူး၊ ပန်းရံခေါင်းတောင်ဖြစ်နေဆိုပဲ။ ဒီဘက်မှာကတော့ ပြောစရာတစ်ခုဖြစ်ပြီး ကျန်ရစ်တယ်။ “ချောင်းမကြီးရေလျှံတုန်းက သန်းခဘာလုပ်နေတုံး” တဲ့။ အကြောင်းကြီးငယ်တစ်ခုခုရှိလာလို့ ဘယ်လိုကဘယ်လိုဖြစ်လာမှန်း မသိကြတဲ့အခါမျိုးမှာ ပြောကြဆိုကြရပြီဆိုရင် “ချောင်းမကြီးရေလျှံတုန်းက သန်းခဘာလုပ်နေတယ်ထင်တုံး” လို့ ပြောတတ်ကြတယ်။ ပြောမယ့်သာပြောကြရတယ်။ ချောင်းမကြီးရေလျှံတုန်းက သန်းခတစ်ယောက် ဘာလုပ်နေတယ်ဆိုတာ တကယ့်ကို ဘယ်သူကမှ သိကြတာမှမဟုတ်ပဲ။ ဘယ်သူက ဘာသိတာမှတ်လို့။

မြင့်သန်း

စတိုင်သစ်၊ မေ ၂၀၀၄

No comments:

Post a Comment