Monday, September 9, 2013

ထွက်ပေါက် (မြင့်သန်း)

ထွက်ပေါက် (မြင့်သန်း)

ဟိုကောင်က တို့သွားနားထောင်ရအောင် ဆိုတာနဲ့ပဲ ဆရာကြီးဦးရွှေရောင်ရဲ့ ဟောပြောပွဲဆီကို လိုက်လာမိတာ။ ဆရာကြီးဦးရွှေရောင်က နာမည်ကသာ ရွှေရောင်တောက်ပေတဲ့ လူကတော့ မွဲညစ်ညစ်ရယ်။ အသားအရောင်တင် မွဲတာမဟုတ်ဘူး၊ ငွေရေးကြေးရေးအရလည်း မတောင့်တင်းတော့ လူပါမွဲတယ်လို့ ပြောရမှာပဲ။ ဒါပေတဲ့ သူ့မှာ ပီအိပ်(ချ)ဒီတွေ အပုံကြီး။ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု ဘွဲ့ထူးဂုဏ်ထူးတွေ အပုံကြီး။ အသိပညာဆိုတာကိုသာ တင်းတောင်းနဲ့ထည့် တိုင်းတာလို့ရရင် ဆရာကြီးဦးရွှေရောင်မှာရှိတဲ့ အသိပညာတွေ တိုင်းတာကြည့်ဖို့ တင်းတောင်းရက်ခိုင်းမယ်ဆိုရင် ရက်တဲ့လူခမျာ အလျင်မီအောင် ရက်ပေးနိုင်မှာ မဟုတ်ဘူး။ အသိပညာဆိုတာကလည်း ပိုက်ဆံလို ထုတ်သုံးလို့ရတာမှ မဟုတ်ဘဲ။ ဒီတော့လည်း ဆရာကြီးမွဲတယ်ဆို မွဲပျော်တာပဲ။ ဆရာကြီးက ပျော်ပျော်ကြီးနဲ့ မွဲနေတာ။

ကျွန်တော်တို့တက္ကသိုလ်ရောက်တော့ ဆရာကြီးက ပင်စင်တောင်ယူပြီးပြီ။ ဘွဲ့လွန်တန်းလောက်ကိုပဲ တစ်ခါတလေ လာပြီး သင်လေ့ရှိတော့တယ်။ အငြိမ်းစားယူပြီး သူ့ဘာသာပဲ သုတေသန လုပ်နေသတဲ့။ `လူရဲ့ ဖြစ်-ရှိနေရခြင်းအတွင်းမှ အတိုင်းအတာ´ ကို လေ့လာနေတယ် ဆိုသလားပဲ။ ကျွန်တော်တို့နဲ့က ဘွဲ့လွန်တန်းရောက်မှ တွေ့ရသိရတော့ သိပ်မကျွမ်းလှဘူး။ ကျွန်တော်နဲ့ကျောင်းနေဖက် မန္တလေးဆီက ဒေါက်တာပေါ်ထိန်နဲ့ကတော့ အတော်ကိုရင်းတယ်။ တစ်ခါက ဒေါက်တာပေါ်ထိန်က ပြောဖူးတယ်။ ဆရာကြီးဦးရွှေရောင်ရဲ့ သုတေသနလုပ်ငန်းကကွာ သိပ်စိတ်ဝင်စားဖို့ကောင်းတာ။ ဆရာကြီးက လူတွေရဲ့ ဖြစ်ပျက်နေပုံတွေ လေ့လာပြီး ယုတ္တိနည်းလမ်းတကျ အဖြေထုတ်ယူတယ်။ ဥပမာကွာ၊ ဘတ်စ်ကားပေါ်မှာ လူတွေ မတ်တပ်ရပ်နေတာကိုမြင်တော့ ဒီလူတွေ ဘာလို့ မတ်တပ်ရပ်နေကြတာတုံးလို့ စဉ်းစားကြည့်တယ်။ အဖြေမရဘူး။ ခုတော့ ပင်စင်ယူပြီးတာနဲ့ ဆရာကြီးက နှစ်နှစ်သာသာလောက် ဘတ်စ်ကားတွေ လိုက်စီးကြည့်သတဲ့။ နောက်တော့ နှစ်ဆယ့်ရှစ်လ နှစ်ဆယ့်ကိုးလလောက်ကြာတော့ ဆရာကြီးဆီက ယုတ္တိနည်းလမ်းတကျ ယေဘုယျနိဂုံးတစ်ခု ထွက်လာတယ်။ `ဘတ်စ်ကားများပေါ်တွင် ထိုင်သူထိုင်၊ ထသူထ ဖြစ်နေရခြင်းမှာ ထိုင်ခုံမလုံလောက်သောကြောင့် ဖြစ်၏။ သို့ရာတွင် ဘတ်စ်ကားများတွင် ထို့ထက်ပို၍ ထိုင်ခုံများတိုးရန် မဖြစ်နိုင်။ သို့ဖြစ်ရကား လက်ရှိထိုင်ခုံများ ရှိနေသည့်အနေအထားတွင် ထိုင်နိုင်သူနှစ်ဆဖြစ်လာစေရန်၊ ထိုင်ခုံတစ်လုံးတွင် ထိုင်သူနှစ်ဦး ထိုင်နိုင်ရမည်။ ထိုအချက်ကိုထောက်ဆ၍သော် ရွေးချယ်ရန် အနေအထားသုံးရပ် ပေါ်လာသည်။ (တစ်) ပိန်သူများကိုသာ ဘတ်စ်ကားစီးခွင့်ပြုရန်၊ (နှစ်) ၀သူများမှာ ပိန်လာသည်အထိ လမ်းလျှောက်ကြရန်နှင့် (သုံး) ၀သူများနှင့် ပိန်သူများပင် ပို၍ပိန်လာစေရန် ဘတ်စ်ကားစီးသူမှန်သမျှ ထမင်းတစ်နပ်သာ စားသင့်ကြောင်း´ လို့ သုတေသနစာတမ်း ထွက်လာတယ်။ မင်းစဉ်းစားကြည့်စမ်း၊ ဘယ်လောက်ကောင်းတဲ့ သုတေသနစာတမ်းလဲ။

မှန်ရာကိုပြောရရင်တော့ ကျွန်တော့်ခေါင်းက အဲဒီလောက် မသွားဘူး။ ဒေါက်တာပေါ်ထိန်က ကျောင်းနေဖက်လည်း ဖြစ်တာကတစ်ကြောင်း၊ အဲဒီအကြောင်းတွေ ပြောနေတုန်း သူတိုက်တဲ့ ဘီယာကိုလည်း သောက်ထားမိတာက တစ်ကြောင်းကြောင့် ခေါင်းကို တွင်တွင်ပဲ ညိတ်ခဲ့ရတယ်။ ခုတော့ ဒေါက်တာပေါ်ထိန်လည်း မရှိတော့ဘူး။ သူရှိတုန်းက ဆရာကြီးဦးရွှေရောင်ရဲ့ သုတေသနစာတမ်းပေါ်မှာ အခြေခံပြီး၊ သူက ဆင့်ပွားနိဂုံးဆွဲတယ်။ `ပိန်ရန် အစာမစားခြင်းသည် ဘတ်စ်ကားပေါ်တွင် ထိုင်ခုံဖြင့်ထိုင်နိုင်သည်သာမက အစားအသောက်ရှားပါးသော အာဖရိကမှ နိုင်ငံများအတွက် အစားအစာ ဝေငှသုံးစွဲခြင်းလည်း မည်၏´ လို့ ထပ်ဆင့်အဆိုပြုတယ်။ အဲဒီအဆိုအတိုင်း သူလည်း အစားလျှော့စားတယ်။ ပထမတော့ တစ်နပ်ပဲ စားတယ်။ နောက်တော့ တတ်နိုင်သမျှ မစားဘဲ နေတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ လေးငါးနှစ်ကတော့ အာဟာရပြတ်ပြီး သေပါလေရော။ ခုတော့ ဟိုကောင်က ဆရာကြီးဦးရွှေရောင် ဟောပြောတာ သွားနားထောင်ရအောင်လို့ လာခေါ်ပြန်တယ်။ ဟိုကောင်နဲ့ ကျွန်တော်က ဘွဲ့လွန်တန်း အတူတူတက်လာခဲ့ပေတဲ့ ကျောင်းဆရာဖြစ်လောက်တော့ ဇာတာက ပါမလာဘူး။ လက်ဖဝါးထဲမှာလည်း တက္ကသိုလ်ဆရာဖြစ်လောက်တဲ့ လိုင်းတွေဘာတွေ မပါဘူး။ ဒီတော့လည်း ကျွန်တော်တို့နှစ်ယောက်သား မတ်တပ်ရပ်လို့ လမ်းမှာငိုဆိုတဲ့ သတ္တဝါမျိုးပဲ ဖြစ်လာတယ်။ ဂျာအေးသူ့အမေရိုက်ဆိုသလို ဘဝဆိုတာက ချာလယ်လယ်နဲ့နေတယ်လို့ပဲ လက်ခံရင်း ကြုံသလိုပဲ နေမိကြတယ်။

ဟိုကောင်ကတော့ ကျွန်တော့်ထက်သာတာ ရှိတယ်။ ပညာတတ်အသိုင်းအဝိုင်းနဲ့ လူချမ်းသာအသိုင်းအဝိုင်းနဲ့ အဆက်အဆံ ရှိတယ်။ ကျွန်တော်နဲ့အဆက်အဆံရှိတာတွေက စာရေးဆရာတို့၊ ကဗျာဆရာတို့ ဆိုတာတွေပဲ။ ပိုက်ဆံရှာဖို့ဆိုတာကို မတတ်မြောက်ထားတဲ့နေရာမှာ စနစ်တကျရှိတဲ့လူတွေ။ စားဖို့သောက်ဖို့ မရှိရင်သာနေရမယ် ပိုက်ဆံရှာတယ်ဆိုတာကို ဂုဏ်သိမ်ငယ်တယ်လို့ ထင်ထားတဲ့လူတွေ။ လွယ်အိတ်ထဲမှာ စက္ကူစုတ်တွေ ထည့်ပြီး လေထဲမှာ အနုပညာရဲ့ အနှစ်သာရဆိုတာကို လိုက်ရှာနေတဲ့လူတွေ။ ပိုက်ဆံဆိုတာကို ဟန်ဆောင်ပြီး မုန်းပြနိုင်တဲ့ လူမျိုးတွေ။ တကယ်တော့ ဆရာကြီးဦးရွှေရောင်တို့၊ ဒေါက်တာပေါ်ထိန်တို့နဲ့ တစ်လိုင်းတည်းသမားတွေပဲ။ ကျွန်တော်ကတော့ ဒီလိုလူတွေ အကြားမှာ ရှင်သန်နေရတယ်ဆိုပေတဲ့လည်း အစွန်းမရောက်ဘူး။ ကိုယ်က မသာဘူးဆိုရင်တောင် မနာအောင် နေတတ်ရသပေါ့။ ဒီတော့လည်း အိတ်ကပ်ထဲမှာ တစ်ပြားမှ မရှိပေမယ့်လည်း မြို့ပြလူ့အဖွဲ့အစည်းထဲမှာတော့ ထမင်းမငတ်ဘူး။ လက်ဖက်ရည်တိုက်မယ့်သူ ရှိတယ်။ ထမင်းကျွေးမယ့်သူ ရှိတယ်။ ရက်ရာဇာကျတဲ့နေ့များဆိုရင် နေလုံးကြီး အနောက်ဖက်ကို မခိုခင် ဘီယာတိုက်မယ့်လူ၊ ၀ီစကီတိုက်မယ့်လူတွေနဲ့တောင် တိုးမိတတ်သေးတယ်။ ဒီနေ့တော့ ပြဿဒါးကျပုံရတယ်၊ ဟိုကောင်နဲ့ တိုးတာသာ ကြည့်ပေတော့။ ပိုဆိုးတာက ပညာရပ်ဆိုင်ရာ ဟောပြောပွဲ သွားနားထောင်ရအောင်တဲ့။ ရ ရက် သောကြာဆိုတော့ ၀ါရမိတ္တူတောင် ဖြစ်လောက်တယ်။

ဟိုကောင်လိုလူမျိုးနဲ့ ကျွန်တော် တွဲဖြစ်သွားတာကတော့ ဆရာကြီးဦးရွှေရောင်ရဲ့နောက် ပါမောက္ခဖြစ်လာတဲ့ ဆရာကြီး ဦးငွေရောင်လင်းကြောင့်ပဲ။ ဆရာကြီး ဦးငွေရောင်လင်းကျတော့ ပိုပြီး ပညာရှိပီသတယ်လို့တောင် ကျွန်တော်မြင်မိတယ်။ ကျွန်တော့်ဆရာဖြစ်ခဲ့ဖူးလို့ ကိုယ့်ဆရာကိုယ် တင်တယ်ရယ်လို့တော့လည်း မထင်ကြစေချင်ဘူး။ မတင်လို့လည်း မဖြစ်ဘူး။ ဆရာကောင်းတပည့်လို့ ဆိုကြသမို့လား။ ဒီတော့ ဆရာတင်ထားဖို့ လိုတယ်။ ဟုတ်နိုးနိုး၊ သာနိုးနိုးတွေကိုတောင် အောင်ဇေယျတု သဗ္ဗမင်္ဂလံလုပ်ရတယ် မဟုတ်လား။ ဆရာကြီး ဦးငွေရောင်လင်းကတော့ တကယ်တော်တာပါ။ ကျွန်တော့်ကို ဆုံးမဖူးတယ်။ `ဒီလိုရှိတယ်ကွဲ့ ငါ့တပည့်ရဲ့။ အသိပညာဆိုတဲ့နေရာမှာ အသိနဲ့ ပညာနဲ့ ကွဲဖို့လိုတယ်။ အသိဆိုတာက မင်းကို ထမင်းကျွေးမယ့်ကောင်၊ မင်းကို စောင့်ရှောက်မယ့်လူ။ ပညာဆိုတာက ခေါင်းထဲမှာ သူ့ဘာသာနေတာ။ ထမင်းကျွေးထားစရာ မလိုဘူး။ ဒါပေတဲ့ အသိပညာဆိုတာက တွဲနေတယ်။ ပညာရှိမှ အသိရှာတတ်တာ။ ပညာမရှိရင် မတွေးတတ်ဘူး။ မတွေးတတ်တော့ အမြော်အမြင်မရှိဘူး။ ကိုယ့်ကို ထမင်းကျွေးမယ့်ကောင်နဲ့ ကိုယ့်ဆီက ပိုက်ဆံချေးမယ့်ကောင်ကို ခွဲမမြင်တတ်ဘူး။ ကိုယ့်ကို ထမင်းကျွေးမယ့်ကောင်၊ စောင့်ရှောက်မယ့်လူကို မြင်တတ်ရတယ်။ အဲဒါက မင်္ဂလာတစ်ပါးပဲ။ ဗာလနံကတော့ ဗာလနံပဲ။ ကိုယ့်ဆီက ပိုက်ဆံချေးမယ့်ကောင်၊ မပေါင်းထိုက်ဘူး။ အဲဒါကြောင့် အသေဝနာစ ဗာလနံလို့ ဆိုတာ။ အရေးကြီးဆုံးကတော့ တို့များအနေနဲ့ အသိကို ပညာနဲ့ရှာရမှာပဲ။ ပညာတတ်ဆိုတာက ပိုက်ဆံမှ မရှိဘဲ။ ဒီတော့ အသိကို ပညာနဲ့ရှာရမှာ´ တဲ့။ ဒီအဆုံးအမအရ ကျွန်တော့်ကို စောင့်ရှောက်ထားမယ့်၊ ကျွန်တော် ငတ်မှာကို မကြည့်ရက်တဲ့ ဟိုကောင်နဲ့ ပေါင်းမိလိုက်တာပဲ။

မင်းက ဘာဖြစ်လို့ သွားနားထောင်ချင်ရတာလဲလို့ သူ့ကိုမေးတော့ ဒီဟာက ဆရာကြီးဦးရွှေရောင်ရဲ့ နောက်ဆုံးလက်ချာတဲ့ကွ။ ဒီနောက် ဆရာကြီးက သူ့ သုတေသနလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဘာမှ မဟော၊ မပြောတော့ဘူးတဲ့လို့ ဟိုကောင်က ဖြေတယ်။ ဘာလို့လဲလို့ ကျွန်တော်ကမေးတော့၊ သူက ဖြေတယ်။ ဆရာကြီးက သူ့ဘိုးဘွားလက်ထက်ကတည်းကပိုင်တဲ့ ပတိန်းငဖဲဘက်က ခြံကြီးထဲသွားပြီးနေရင်း သူ တစ်သက်လုံးလေ့လာနေခဲ့တဲ့ `လူရဲ့ ဖြစ်-ရှိနေခြင်းအတွင်းက အတိုင်းအတာ´ ဆိုတာကို၊ အဖန်တလဲလဲ ပြန်ပြီး တွေးဆကြည့်နေတော့မယ်တဲ့။ ဒီတော့လည်း ဆရာကြီးလေ့လာမှုက သူ့အသက်နဲ့သူ့ကိုယ် မြဲနေသရွေ့ ပြီးလောက်မယ်မထင်ဘူးလို့ ရိပ်မိလိုက်တယ်။ အခု ဆရာကြီးကို ဟောပြောဖို့ ပင့်ဖိတ်တောင်းပန်တာက သူ့တပည့်ရင်း ဒေါက်တာနန္ဒာပါ။ သူက တောင်းပန်နိုင်လွန်းလို့ ဆရာကြီးက လာဟောမှာလို့ သူက ဆက်ပြောတယ်။ ဒေါက်တာနန္ဒာဆိုတာကလည်း ကျွန်တော့်ဆရာ ဖြစ်ဖူးတယ်။ ခုတော့ အင်တာနေရှင်နယ် အင်စတီကျုအော့ ဖလော့ဆိုဖစ်ကယ်လ် စတတ်ဒီး(စ) ရဲ့ အကြီးဆုံး တာဝန်ရှိပုဂ္ဂိုလ်ပဲ။ ဘာမှန်းတော့ အသေအချာ မသိဘူး။ မြန်မာလို အနက်ဖွင့်စရာ စာလုံး ရှာမရကြလို့ ဘိဇနက်လို့ တန်းရေးနေကြတဲ့ ကာလကြီးမှာတော့ ကျွန်တော်လည်း နားလည်အောင် သိပ်မကြိုးစားတော့ဘူး။ ဒေါက်တာနန္ဒာက ပညာရပ်ဆိုင်ရာ စာအုပ်တွေဘာတွေ ရေးလေ့ရှိတယ်။ ငါးဆယ်ပြည့်စာအုပ်တိုက်က ထုတ်ဝေတဲ့ စနစ်တကျကင်းမြီးကောက်ထောင်နည်း ကျမ်းများဆိုရင် ပြန်ရိုက်ရတာကို လေးဆယ့်သုံးကြိမ်လောက် ရှိပြီ။ စာအုပ်တစ်အုပ်အတွက် ဉာဏ်ပူဇော်ခ သုံးဆယ့်ခုနစ်သိန်းလောက် အနည်းဆုံးရတာတဲ့။

တစ်ခါက ဆရာ့စာမူခက အတော်ရတာပဲလို့ ကျွန်တော်က ပြောတော့ ဒေါက်တာနန္ဒာက သိပ် ကျေနပ်ပုံမရဘူး။ ခင်ဗျားဗျာ၊ တီဗီထဲက ပုလုံးလုံးကောင်မလေး ကြော်ငြာ မကြည့်ဖူးဘူးလား။ အဲဒီကောင်မကလေးက ကြော်ငြာတစ်ခါရိုက်ရင် သိန်းတစ်ရာ အနည်းကလေးရတာ။ သူနဲ့ယှဉ်ရင် ကျုပ်ရတာ အစွန်းထွက်လောက်ပဲရှိသေးတယ်လို့ ပြောတယ်။ ဒီလိုဖြင့် ဆရာရယ် ကြော်ငြာဝင်ရိုက်ပါလားလို့ ကျွန်တော်က ပြောလိုက်မိတယ်။ ကြော်ငြာရိုက်တယ်ဆိုတာက လူကြိုက်များအောင် လုပ်ရတာဗျ။ ပညာတတ်ဆိုတာ လူကြိုက်များအောင် လုပ်တဲ့လူမျိုး မဟုတ်ဘူး။ မလုပ်အပ်ဘူး။ ပညာတတ်ဆိုတာ အမှန်တရားအကြောင်းပဲ ပြောတာ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် သိပ်မပူဘူး။ အမှန်တရားအတွက် သတ္တိရှိတယ်။ ဥပမာ တစ်ယောက်ယောက်က ထမင်းစားမလားလို့မေးရင် အလကားလူတွေလို အားနာတယ် ဘာရယ်ညာရယ် ဖြီးမနေဘူး။ စားမယ်လို့ ပြောင်ပြောင်ပဲ ပြောတယ်။ ကျွေးတဲ့လူရှိနေမှ စားရတာပေါ့ဗျာ၊ မဟုတ်ဘူးလား။ စားတာတောင် ဖြစ်နိုင်ရင် ပုဇွန်ထုပ်ဆီပြန်လောက်နဲ့မှ၊ ငါးမြင်း ၀မ်းပြင်းသားလောက်နဲ့မှ စားတာ။ ပညာတတ်ဆိုတာ အဲသလိုဗျ။ အမှန်တရားဖက်က အမြဲရပ်တည်တော့ မှန်တာပဲပြောတယ်။ အဲဒီတုန်းက ကျွန်တော့်ဆရာ ဒေါက်တာနန္ဒာက ဖြည့်ပြောတဲ့အချက်တစ်ခု၊ ခုထိ ကျွန်တော်မှတ်မိနေသေးတယ်။ အမှန်တရားဆိုတာကလည်း ဗိုက်ပြည့်မှ ပိုကောင်းသဗျတဲ့။ အဲဒီလိုပဲ ကျွန်တော်လည်း မှတ်ပါတယ်။

ဆရာကြီးဦးရွှေရောင် ဟောပြောမယ့်နေရာရောက်တော့ ကျွန်တော်လည်း တောသားမြို့တက်ဆိုတာမျိုး ဖြစ်ကရော။ အပြည်ပြည်ဆိုင်ရာဘိဇနက်စင်တာ ဆိုတာပဲ။ အပြည်ပြည်ဆိုင်ရာ ဆိုတာကတော့ အင်္ဂလိပ်လိုက မြန်မာလို ပြန်ပြောလို့ ဖြစ်တယ်။ ဘိဇနက်ဆိုတာကတော့ သိပ်ခေတ်မီတဲ့ အိုနာကျိုးကန်းကြီးတွေ ခေါ်သလို ခေါ်လိုက်တာပဲ။ ဟိုကောင်တွေ ရလာတဲ့လက်မှတ်က ဖိတ်ကြားခံရသူတွေအတွက် နေရာမှာဆိုတော့ အတော်ကလေး နိပ်တယ်။ ရှေ့ဆုံးတန်းမဟုတ်ပေမဲ့ ဒုတိယတန်းမှာဆိုတော့ မဆိုးလှဘူး။ ကျွန်တော်က မင်းလမ်းဘေးနားက ခုံမှာ ၀င်ထိုင်လိုက်တယ်။ ထိုင်ပြီး မျက်စေ့ကစားလိုက်တာနဲ့ မင်းလမ်းရဲ့အခြားတစ်ဖက်ဆီမှာ ထိုင်နေတဲ့ အမျိုးသမီးဆီ မျက်စေ့ရောက်သွားမိတယ်။ ပုထုဇဉ်ကိုး၊ ဘယ်တတ်နိုင်ပါ့မလဲ။ အမျိုးသမီးက ကျွန်တော်တို့အရွယ်လောက်ပဲ ရှိလိမ့်မယ်။ ဒီအရွယ်ရောက်ရင် ရေမြင်းကြီးတွေလို ဖိုင့်ဖိုင့်ကြီးတွေ ဖြစ်တတ်တဲ့ကာလမှာ သူက ခပ်သွယ်သွယ်ရယ်။ အန်တီတို့ကတော့ ဂျင်(မ)မှန်မှန်သွားတယ်၊ အချိန်ရရင် အေရိုးဘစ်ကလေးဘာလေးလည်း လုပ်တယ်ဆိုတဲ့ အန်တီကလေးမျိုး ဖြစ်ပုံရတယ်။ သူကလှည့်ကြည့်တော့ ကျွန်တော်က မသိမသာ ပြံုးပြလိုက်မိတယ်။ လူပေါ်လူဇော်လုပ်နည်းစာအုပ်ထဲမှာ တွေ့လျှင်တွေ့ချင်း မေတ္တာရှိစေသောနည်းကား ပြံုးပါလို့ ပါတာကိုး။ မေတ္တာမရှိတောင် ပြံုးပြရတာပဲ။ ကိုယ့်ဖက်က ဘာရှုံးစရာရှိတာမှတ်လို့။ အဲဒီ အန်တီကလေးကတော့ သေသေချာချာကြီး ကြည့်ပြီးတော့ သေသေချာချာကြီး ပြန်ပြံုးပြတယ်။ ဒီတော့လည်း မဟုတ်ကာမှ လွဲကရော ဒီနေ့တော့ဖြင့် ပြဿဒါးလွတ်ရုံတင် မကဘူး၊ ဖုတ်သွင်းရထားများတောင် ဆိုက်လောက်တဲ့ အခြေအနေရှိတယ်လို့ပဲ ထင်လိုက်မိတယ်။

ကျွန်တော်လည်း ထပ်ပြီးပြံုးပြမယ်လုပ်နေတုန်း အခမ်းအနားစတော့မည်ဆိုတဲ့ အသံကြားရတာနဲ့ အရှေ့ဖက်ကို လှမ်းကြည့်လိုက်မိတယ်။ ထပ်ပြီး ပြံုးမပြဖြစ်တော့ဘူး။ နောက်တော့ ဒေါက်တာနန္ဒာတို့ ဆရာကြီးဦးငွေရောင်လင်းတို့က အဖွင့်စကား အမှာစကားတွေ ပြောကြတယ်။ အရှည်ကြီးပြောကြပေမဲ့ လိုရင်းကတော့ ကျွန်တော်တို့ဆရာကြီး သိပ်တော်တယ်၊ သိပ်တတ်တယ် ဆိုတာပါပဲ။ ပညာတတ်တွေကိုး၊ ဒီတော့လည်း တော်တဲ့တတ်တဲ့အကြောင်းပဲ ပြောရတော့မှာပေါ့။ ဒီထက်ပိုပြီး ပြောစရာမှ မရှိဘဲ။ ဒါနဲ့ပဲ ဆရာကြီးဦးရွှေရောင်အလှည့် ရောက်လာလို့ သူ့ရဲ့ နှစ်ရှည်လများ လေ့လာထားတဲ့ သုတေသနအကြောင်း စပြောတော့တယ်။ ကျွန်တော့်နားထဲစွဲသွားတဲ့ အချက်တချို့ကတော့ လူတွေဟာ တိရိစ္ဆာန်တွေထက် ညံ့ဖျင်းနေရတာဟာ အမြီးမပါလို့ပဲတဲ့။ အမြီးမပါတဲ့အတွက် မျောက်တွေလို အမြီးအားကိုးနဲ့ ချိတ်တွယ်ထားလို့ မရဘူး။ နွားတွေလို အမြီးနဲ့ ယင်ကောင်ခြင်ကောင် ယပ်ပစ်လို့မရဘူး။ လူတွေအားကိုးနေတဲ့ ဆင်ခြင်တုံတရားဆိုတာက ခလုတ်တိုက်မလဲအောင် ကြိုတင်ကာကွယ်နိုင်စွမ်းမရှိဘူး။ ၀မ်းလျှောနေတဲ့အခါ စနစ်တကျဆင်ခြေတွေနဲ့ ၀မ်းကို ထိမ်းထားလို့ မရဘူးတဲ့။ ကျွန်တော် သဘောအကျဆုံးအချက်ကတော့ လူတွေရဲ့ အကြီးမားဆုံး ညံ့ဖျင်းမှုကတော့ နွားတွေလို မြက်တစ်မျိုးတည်းကိုပဲ မစားကြတဲ့အတွက် လူတွေမှာ တပ်မက်မှုတွေ ပေါ်နေတာပဲ။ လူတွေမှာ ရွေးချယ်စရာတွေ များနေတယ်။ ဒီတော့လည်း သံသရာမှာလည်နေဖို့ တပ်မက်မှုတွေ၊ တဏှာတွေ ပေါ်နေတာပဲ။ ကျွန်တော်လည်း စိတ်ထဲမှာ သိပ်သဘောကျလိုက်မိတယ်။ ဟုတ်တာပဲ။ ဒါပေတဲ့ တစ်ခုတော့ စဉ်းစားဖို့ လိုတယ်။ လူတွေသာ မြက်တွေကိုပဲစားကြရင် နွားတွေ ဘာသွားစားကြမှာတုံး။ ဒီလိုစဉ်းစားကြည့်တာဟာ မုံရွေးဖက်ဆီက ပညာရှိကြီးပြောဖူးတဲ့ တခြားတစ်ဖက်ကစဉ်းစားကြည့်တာပဲ မဟုတ်ဘူးလား။

အရှိန်ကောင်းကောင်းနဲ့ ပြောနေရင်း ဆရာကြီးရဲ့လေသံ တိမ်ဝင်သွားတယ်။ နောက်တော့ ငိုက်ခနဲဖြစ်ပြီး လဲမလိုလိုဖြစ်သွားလို့ အနားမှာရှိတဲ့ ဒေါက်တာနန္ဒာက ပွေ့ထားလိုက်ရတယ်။ နောက်တော့ ဆရာဝန်တွေဘာတွေ ရောက်လာပြီး မကြာခင်မှာပဲ လူနာတင်ကားရောက်လာပြီး ဆရာကြီးဦးရွှေရောင်ကို တင်ခေါ်သွားတော့တယ်။ ဒေါက်တာနန္ဒာက မမျှော်လင့်တဲ့အခြေအနေမျိုးနဲ့ တိုးရတာကို ခွင့်လွှတ်ကြဖို့နဲ့ အသက်ကြီးရင့်နေပြီဖြစ်တဲ့ ဆရာကြီး ကျန်းမာရေးကိုထောက်ပြီး ဟောပြောပွဲအခန်းကို ရုပ်သိမ်းရတော့မှာဖြစ်ကြောင်း ကြေညာတယ်။ ဆရာကြီးရဲ့ စာတမ်းကိုတော့ တစ်စောင်နှစ်ထောင်နဲ့ ၀ယ်နိုင်ကြောင်းလမ်း ပြောတယ်။ ပြောလို့မှ မဆုံးသေးဘူး၊ ဟိုကောင်က ထိုင်ရာကထပြီး သွားဝယ်ပါလေရော။ ကျွန်တော်လည်း မပြီးပြတ်သေးတဲ့ အပြံုးကိစ္စ သတိရလိုက်မိတယ်။ မင်းလမ်းဟိုဖက်ကို လှည့်ကြည့်မလို့ ခေါင်းလှည့်လိုက်တော့ အန်တီကလေးက ကျွန်တော့်နားဆီမှာ ရပ်နေတာ တွေ့ရတယ်။ နင်ငါ့ကို မမှတ်မိတော့ဘူးလားလို့ သူက မေးတယ်။ မှတ်မိသလိုလိုပဲလို့ တက်သာဆုတ်သာကလေး ဖြေလိုက်မိတယ်။ ငါဘယ်သူဘယ်ဝါပဲလို့ပြောရင်း သူ့ကဒ်ပြားကလေး ထုတ်ပေးတယ်။ ကဒ်ပြားကို မသိမသာကြည့်လိုက်တော့မှ သူ ဘယ်သူဘယ်ဝါဆိုတာ ရေရာသွားတယ်။ ဒီတော့မှပဲ ပညာရှိတို့ရဲ့ စနစ်တကျ ရေလိုက်ငါးလိုက်ပြောနည်းကို အသုံးချဖို့ အခွင့်အရေးရတော့တယ်။ နောက်ဆုံးတော့ သူက ငါ့ဆီ ဖုန်းဆက်ဦးလေ။ တစ်ညနေဖက် ညစာလေးဘာလေးစားရင်း စကားပြောရအောင်လို့ ပြောတယ်။ ညစာဆိုတာရော ဘာလေးဆိုတာရော ကျွန်တော်သဘောကျတယ်။ မိဂပဒဝဠဥ္ဖန နည်းကို အခြေခံပြီး ယုတ္တိနည်းလမ်းတကျ တွေးကြည့်လိုက်မိတယ်။ ဒီတော့လည်း ငါ ဖုန်းဆက်ဖြစ်အောင် ဆက်လိုက်မယ်။ ငယ်ငယ်ကလိုပေါ့ဟာလို့ ပြောလိုက်တယ်။ သူက သွားမယ်လို့ပြောပြီး ပြံုးပြတယ်။ ပြီးတော့ ဆရာကြီးရော ဘယ့်နှယ့်နေသလဲမသိဘူးလို့ သူက မေးတယ်။ အသက်ရှစ်ဆယ်ကျော်သွားရင် ကောင်းရာမွန်ရာရောက်မယ်လို့ တွက်ထားတဲ့လူချည်းပဲ။ ဒီတော့ နင်ပူနေလို့လည်း အလကားပဲလို့ ပြောလိုက်တော့ သူက ပြံုးပြန်တယ်။

သူပြန်သွားတော့ ကျွန်တော် ထိုင်ကျန်ရစ်ခဲ့တယ်။ ခန်းမထဲမှာလည်း လူကုန်သလောက်ရှိသွားပြီ။ စာတမ်းနှစ်စောင်ကို လက်ကကိုင်ရင်း ဟိုကောင်က မင်း ဘာရှာနေတာလဲလို့ မေးတယ်။ ဒီစာတမ်းကို ဘယ်သူချုပ်ပေးသလဲလို့ သိချင်လို့လို့ဖြေတော့ ပေါက်ပေါက်ရှာရှာကွာလို့ ဟိုကောင်က ပြောတယ်။ ပေါက်ပေါက်ရှာရှာမဟုတ်ဘူး ငါ့လူ။ ကမ္ဘာပေါ်မှာ တို့လူမျိုးလို စာအုပ်ချုပ်တဲ့လူကို နေရာပေးတာ၊ တန်ဖိုးထားတာ ရှားတယ်။ စာအုပ်တိုင်းလိုမှာ စာအုပ်ကို ဘယ်သူချုပ်တယ်ဆိုတာ ပါတယ်။ ဒါကြောင့် ငါရှာကြည့်နေတာလို့ ပြောတော့ ဟိုကောင်က ဘာမျှပြန်မပြောတော့ဘူး။ သူ့လက်ထဲကစာတမ်းကို လှန်လှောကြည့်နေတယ်။ အဲဒီတုန်းမှာပဲ တံမြက်စည်းရယ် ဘာလီပုံးရယ်ကိုင်ပြီး နောက်ဖက်ဆီက လူတစ်ယောက်ထွက်လာတယ်။ ခုနက ဟောပြောတဲ့စင်လို အမြင့်နေရာမှာကို သွားပြီး သန့်ရှင်းနေတယ်။ ဆရာကြီး မေ့လဲသွားတုန်းက လွင့်သွားတဲ့ စာရွက်တစ်ချို့ကို လိုက်ကောက်ရင်း လုံးထွေးလိုက်ရင်း အမှိုက်ပုံးထဲပစ်ထည့်လိုက်တာ တွေ့ရတယ်။ ပြီးတော့ တံမြက်စည်း စ, လှည်းနေတယ်။ ကျွန်တော်တို့နှစ်ယောက်သားလည်း ထိုင်ရာက ထ,လိုက်ကြတယ်။ ဟိုကောင်ကပဲ သန့်ရှင်းရေးလုပ်နေတဲ့သူကို ဗျို့ဆရာ အပြင်ကို ဘယ်လိုထွက်ရသလဲလို့ လှမ်းမေးလိုက်တယ်။ သန့်ရှင်းရေးလုပ်နေတဲ့လူက တံမြက်စည်းလှည်းနေတာကိုရပ်လိုက်ပြီး ကျွန်တော်တို့ကိုကြည့်လိုက်ရင်း ဟောဒီရှေ့နားမှာ၊ ဘယ်ဖက်မှာ တံခါးတစ်ပေါက်၊ ညာဖက်မှာ တံခါးတစ်ပေါက်ရှိပါတယ်ခင်ဗျားလို့ ဖြေတယ်။ ကျွန်တော်ကပဲ ထပ်မေးလိုက်မိတယ်။ ဘာထူးသလဲဗျာလို့။ သူက ချက်ချင်းမဖြေသေးဘဲ ခဏ စဉ်းစားနေပုံရတယ်။ ပြီးမှ မထူးပါဘူး၊ အပြင်ရောက်တာချည်းပါပဲလို့ ဖြေတယ်။

တိုင်ပင်မထားဘဲ ဟိုကောင်နဲ့ကျွန်တော် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိတယ်။ ဟိုကောင်က အသာမေးငေါ့ပြတယ်။ ဘယ်အပေါက်က ထွက်ချင်သလဲလို့ မေးချင်တာပဲ ထင်ပါရဲ့။

ရေးသူ- မြင့်သန်း

ညွှန်း- ချင်းတွင်း၊ စက်တင်ဘာ၊ ၂၀၀၆

No comments:

Post a Comment