Wednesday, September 11, 2013

လူနှင့်သူ၏လိုအပ်မှု (မြင့်သန်း)

လူနှင့်သူ၏လိုအပ်မှု (မြင့်သန်း)

နောက်ဆုံးတော့ အစည်းအဝေးခန်းထဲက အေဒရီယံနဲ့ ကျွန်တော် ထွက်လာခဲ့တယ်။ အခန်းရဲ့ ပြင်ဘက်နားရောက်တာနဲ့ ဘာနဘီနဲ့ တွေ့တယ်။ ဘာနဘီက အရေးကြီးတဲ့လူတွေအတွက် လုံခြုံရေးတာဝန် ယူရတဲ့လူ။ အရင်က ကမာန်ဒို လုပ်ခဲ့ဖူးတော့ အလုပ်က ထွက်ခွင့်ရတာနဲ့ ကိုယ်ပိုင် လုံခြံုရေးကုမ္ပဏီကလေး ထောင်တယ်။ အပေါင်းအသင်း အဆက်အသွယ်ကောင်းတော့ အောင်မြင်တယ်။ တက္ကသိုလ်က ဘွဲ့ရထားတဲ့သူမို့လည်း အမြော်အမြင်ရှိတယ် ပြောရမှာပဲ။ အေဒရီယံနဲ့ ကျွန်တော်တို့နှစ်ယောက်သား အားတဲ့အခါ အချိန်ပိုင်းသင်ကြားပေးတဲ့ သင်တန်းတွေလည်း ကြိုးစားတက်လေ့ရှိတယ်။ ကျွန်တော်တို့ သင်တန်းတွေက အိုင်ကျူစစ်ပြီးမှ လက်ခံတော့ ဘာနဘီ တက်ခွင့်ရတာကို ကြည့်တာနဲ့ သူ့ အနည်းဆုံး အိုင်ကျူဘယ်လောက်ရှိမယ်ဆိုတာ တွေးလို့ရတယ်။ ခုချိန်အထိ တစ်မိနစ်ကို စာလုံးရေ သုံးရာ၊ သုံးရာ့ငါးဆယ်လောက် ဖတ်နေနိုင် သေးတယ်ဆိုကတည်းက ဘာနဘီဟာ လူညံ့တော့ မဟုတ်ဘူး။ လုပ်ဖော်ကိုင် ဖက်မဟုတ်ပေတဲ့ ကျွန်တော်တို့ကို လေးစားတဲ့ မိတ်ဆွေကောင်းတစ်ယောက်ပဲ။ ဘာကြောင့်မှန်းတော့ မသိဘူး။ တခြား လူတစ်ယောက်ရဲ့ အသက်ရှင်နေနိုင်ရေးဟာ သူ့မှာ တာဝန်ရှိတယ်ဆိုတာ ယုံယုံ ကြည်ကြည် လက်ခံထားတဲ့ လူတစ်ယောက်ပဲ။ တစ်ခါတလေ ကျွန်တော်တို့ သိချင်တာကလေးတွေ သိချင်တဲ့ အဆက်အသွယ်တွေ သူ့ဆီက ရနိုင်တယ်။ အလုပ်ပြီးသွားကြပြီလားလို့မေးရင်း ကလယ်တော့ ဟိုဖက်အခန်းထဲမှာ ရှိတယ်လို့ သူက လှမ်းပြောတယ်။ ကလယ်က ကျွန်တော်တို့အဖွဲ့ရဲ့ အတွင်းရေးမှူး။

ပြီးသွားပြီကွာ။ ပြီးသွားတာပဲ ကျေးဇူးတင်နေရသေးတယ်လို့ အေဒရီယံက ပြန်ဖြေလိုက်တယ်။ ကျွန်တော်တောင် ဒီကိုရောက်နေတာ နှစ်ပတ် ကျော်သွားပြီလို့ ဘာနဘီက ထပ်ပြောပြီး ပြန်ကြတော့မှာလား မေးလိုက်တယ်။ အေဒရီယံက မဖြေဘူး။ ကျွန်တော့်ကို လှမ်းကြည့်နေတယ်။ ကျွန်တော်လည်း စိတ်ထဲမှာရှိတာ ဖွင့်ပြော လိုက်မိတယ်။ အလုပ်ကတော့ ပြီးပြီကွာ။ တစ်နေရာရာ သွားချင်တယ်။ အိမ်ပြန်လည်း နှင်းဆီပင်တွေရေလောင်း။ ကြောင်ကို အစာကျွေး။ ဒါပဲ လုပ်စရာရှိတယ်။ တစ်နေရာရာကို သွားပြီး ဘာမျှမလုပ်ဘဲ ထိုင်နေချင်တယ်လို့ ပြောလိုက်မိတယ်။ ချက်ချင်းဆိုသလိုပဲ အေဒရီယံက ဒါကတော့ မိန်းမယူမိတဲ့ လူတွေရဲ့ ဒုက္ခတစ်ခုပဲ။ ချစ်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးတရားတွေကို ပေါ့ပေါ့တန်တန် တွေးခဲ့မိတဲ့လူတွေ ကြံုရတတ်တဲ့အကျိုးဆက်တွေပေါ့ကွာလို့ ပြောပြီး ခဏရပ်နေလိုက်တယ်။ ပြီးမှ မင်း စိတ်ကူးကိုတော့ ငါလည်း သဘောအကျသား။ ငါရော လိုက်ခဲ့လို့ရမလားလို့ မေးတယ်။ လိုက်ချင်လိုက်ခဲ့ပေါ့။ လိုက်တာမလိုက်တာက မင်းရဲ့လွတ်လပ်ခွင့်။ မင်းရဲ့အခွင့်အရေးပဲ။ ဒါပေတဲ့ ငါ့ရဲ့စိတ်ကူးအတွက်ကတော့ တန်ရာတန်ကြေး မင်းပေးရမယ်။ ပီနိုနွား တစ်လုံးကောင်းကောင်း မင်းဝယ်တိုက်ရမယ်လို့ ပြောတော့ အေဒရီယံက ကျွန်တော့်ကို ဘာမျှပြန်မပြောဘဲ ဘာနဘီကို ကြည့်ပြီး ပြံုးပြရင်း ကျွန်တော့်ဖက်ကို လက်ညှိုးထိုးပြနေတယ်။ မြင်ရဲ့မဟုတ်လားလို့ သူက ပြောချင်တာပဲ။ ဘာနဘီကလည်း ပြံုးတယ်။ ပြီးမှ သူက ဦးနှောက်ရောင်းစားနေတဲ့လူ။ ဦးနှောက်အတွက် အဖိုးအခကို မင်းပေးရမှာပေါ့လို့ ပြောရင်းရယ်တယ်။ ဒီတော့မှ အေဒရီယံက အိုကေလို့ ပြောပြီး ဘယ်သွားမှာလဲလို့ တစ်ဆက်တည်းမေးတယ်။

ကျွန်တော့်ဆီမှာ သွားချင်တဲ့ စိတ်ကူးပဲရှိတယ်။ ဘယ်သွားရမှန်းမသိဘူး။ အဲဒီကိစ္စတော့ ငါ့ခေါင်းထဲမှာမရှိဘူးလို့ ကျွန်တော်က ပြန်ပြောလိုက်တော့ ဘာနဘီက ကျွန်တော့်ကိစ္စတော့ မဟုတ်ဘူး။ ရိုင်းနေရင် ခွင့်လွှတ်ပါ။ ခင်ဗျားတို့က ဘယ်လိုနေရာမျိုးသွားပြီး ဘာလုပ်ချင်တာလဲလို့ မေးတယ်။ ဘယ်သွားရမှန်းတော့မသိဘူး။ အဲဒီနေရာ ရောက်ရင်တော့ ဘာမှမလုပ်ဘဲ နေချင်တယ်။ ဘာမှမလုပ်ဘဲဆိုတာက တို့စိတ်ကျေနပ်တာပဲလုပ်မယ်။ ထိုင်ချင် ထိုင်မယ်။ ထ ချင် ထမယ်။ ဘာမှမလုပ်ဘဲ လေချွန်နေမယ်ကွာ။ နာရီကို ချွတ်ထားမယ်။ တယ်လီဖုန်းမဖြေဘူး။ ရုပ်မြင်သံကြားမကြည့်ဘူး။ သတင်းစာမဖတ်ဘူး။ အဲဒီလို ခဏနေချင်တာပဲလို့ ကျွန်တော်က ဖြေလိုက်တယ်။ ဘာနဘီ မျက်နှာကို ဆရာ့ဆီက အဖြေမျှော်တဲ့ ကျောင်းသားရဲ့မျက်နှာမျိုးနဲ့ ကျွန်တော်ရော အေဒရီယံကပါ လှမ်းကြည့်လိုက်မိတယ်။ ဘာနဘီက ဒီလိုဆို ချင်းမိုင်သွားပါလား။ ခင်ဗျားတို့ နေနေကြ ရဆော့ကို သွားကြပါလား။ ခုအချိန်ဆို အဲဒီဆီမှာ ဘာ အစည်းအဝေးမှမရှိဘဲ။ အဲဒီမှာ ခင်ဗျားကြိုက်တဲ့ ဝက်အူချောင်း ပူပူစပ်စပ်လည်း ရှိတယ်။ တောသူတောင်သားတွေစားတဲ့ ဂျန်ဂလ်ကာရီလည်း ရှိတယ်။ ခင်ဗျားတို့ သူငယ်ချင်း ပရာမွတ်လည်း ရှိနေတာပဲလို့ ပြောတယ်။ ကျွန်တော်က သူ့ကို တစ်ခုခုပြောမယ်လို့ လုပ်နေတုန်း အေဒရီယံက ငါ့အကြောင်းရော မင်းဘယ်လောက်သိထားလဲလို့ နောက်သလိုလိုနဲ့ အတည်မေးလိုက်တယ်။ ဒီတော့မှ ဘာနဘီက အားနာသလိုဖြစ်သွားတယ်။ အလုပ်သဘောအရ သိထားရတာပါလို့ ပြောရင်း သူ့အတွင်း အိတ်ထဲက စာရွက်ကလေးတစ်ခုကို ထုတ်ပြီး စာအုပ်အဟောင်းဆိုင်တစ်ဆိုင် နာမည်ရေးပေးတယ်။ ပျင်းလို့ စာဖတ်ချင်ရင် သွားပါလို့ ပြောတယ်။ တကယ်တော့ စာအုပ်အဟောင်းဆိုင် ဆိုတာက သတင်းဖလှယ်တဲ့နေရာပဲ။ စာအုပ် အဟောင်းရောင်းတဲ့သူဆိုတာက စာအုပ် အသစ်ရောင်းတဲ့သူလို မဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ သိချင်တဲ့ အကြောင်းတွေကို ပြောပြလိုက်။ သူ့မှာ ရှိရင်ရှိတယ်။ မရှိရင် မရှိဘူးလို့ တန်းပြီး ပြောနိုင်တယ်။ စျေးကတော့ သူ့စျေးနဲ့ သူ။ ဘာနဘီဆီက စာရွက်ယူရင်း ကျေးဇူးတင်ကြောင်း ပြောပြီး ကျွန်တော်တို့လည်း ထွက်လာခဲ့ကြတယ်။

လက်ထောက်တွေ၊ အတွင်းရေးမှူးတွေ စောင့်တဲ့အခန်းဝမှာ ကလယ်က ရပ်စောင့်နေတယ်။ ကျွန်တော့်ကိုကြည့်ရင် ခုနက ညွှန်ကြားရေးမှူးလာပြီး ရှင်တို့ကို ရှာနေတယ်။ တာဝန်ရှိတဲ့လူတစ်ယောက် ရောက်နေလို့ တွေ့ချင်တယ်လို့ ပြောသွားတယ်လို့ ပြောတယ်။ ဘာမျှမစဉ်းစားလိုက်ရဘဲ ပါးစပ်က ဘာလို့လဲဆိုတာ ထွက်သွားတယ်။ ကလယ်ကတော့ မျက်လုံးပေကလပ်ပေကလပ်လုပ်ရင်း ပခုံးတွန့်ပြတယ်။ အေဒရီယံက မင်းလက်ဖဝါးကို ကိုင်ပြီး နှုတ်ဆက်ချင်လို့ ဖြစ်မှာပေါ့လို့ နောက်တယ်။ အမျိုးသမီးက ယောက်ျားမရှိဘူး။ ချောတယ်လို့ ကလယ်က ပြောပြီး ဒီအနားတင်ရှိမှာ။ ဘာနဘီ အလုပ်ရှုပ်နေတာပဲ ကြည့်လို့ ပြောပြီး မျက်နှာပေးနဲ့ မသိမသာပြတယ်။ ကျွန်တော်ကတော့ လောလောဆယ် သူတို့ကို မတွေ့ချင်သေးဘူး။ ကလယ်ကို ကြည့်လိုက်ရင်း ငါတို့ ချင်းမိုင်ကိုသွားပြီး တစ်ပတ်လောက် နားချင်တယ်။ ဒီနေ့ခင်းရအောင် စီစဉ်ပေးစမ်းပါလို့ ပြောပြီး ဘားရှိတဲ့ဖက်ကို မေးငေါ့ပြပြီး ထွက်လာခဲ့တယ်။ အေဒရီယံက ကလယ့်ကို လွန်ပရာဘန်ကနေ ကုန်းတစ်တန်၊ ရေ တစ်တန်သွားရတဲ့ ခရီးစဉ်မျိုးတော့ မဟုတ်ဘူးလို့ ပြောရင်းနောက်လိုက်တယ်။ ရုတ်တရက် သတိရလိုက်တာနဲ့ ကလယ်ဆီ ပြန်လှည့်သွားတော့ ကလယ်က ပြံုးနေရင်း သူ့လက်ဝါး နှစ်ဖက်ဖြန့်ထားတာ တွေ့ရလို့ သူ့လက်ထဲကို ကျွန်တော့် ပီဒီအေတို့၊ ဘလိုက်ဘယ်ရီတို့၊ နားကြပ်တို့ အကုန်ထည့်ပေးလိုက်တယ်။ အေဒရီယံကလည်း သူ့ပစ္စည်းတွေ လှမ်းပေးလိုက်တယ်။ ကလယ်က တစ်ခုလား၊ နှစ်ခုလားလို့ မေးတာနဲ့ နှစ်ခုလို့ ကျွန်တော်ဖြေလိုက်တယ်။ ကလယ်က သူ့တာဝန်ကို သိပ်သိတဲ့လူမျိုး။ သူ့အပိုင်းကို သူ မလစ်ဟင်းစေတဲ့လူမျိုး။ အလုပ်ပြီးသွားတယ်ဆိုရင် ကျွန်တော်တို့ ပီဒီအေတို့ ဘာတို့ကို မသုံးချင်ကြတော့ဘူး။ လိုကလ်နက်(တ)ဝ့ါနဲ့ ဆက်ထားတဲ့ ပိုက်ဆံကြိုပေးပြီးသား၊ သုံးပြီးလွှင့်ပစ်ရတဲ့ မိုဘိုလ်ဖုန်းတွေပဲ သုံးတော့တယ်။ ကျွန်တော်တို့ ပုံမှန်သုံးတဲ့ ဆက်သွယ်ရေး ကိရိယာတွေလို ဂျီပီအက်(စ) မပါတော့ ကျွန်တော်တို့ကို ဆက်သွယ်ဖို့ မလွယ်ဘူး။ ရှာဖို့ မလွယ်ဘူး။ ကျွန်တော်တို့ ပိုင်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ သီးခြားလွတ်လပ်မှုကို လိုတယ်။ ပီဒီအေတို့ မိုဘိုလ်ဖုန်းတို့ ဆိုတာတွေက သီးခြားလူ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လွတ်လပ်မှုနဲ့ အချိန်ကို စားသုံးနေတဲ့ ကင်ဆာ တစ်မျိုးပဲလို့ ကျွန်တော် မြင်တယ်။ အိပ်ဇက်ကတဖ်ဘားထဲ ရောက်တာနဲ့ ညွှန်ကြားရေးမှူးနဲ့ တိုးတော့တာပဲ။ သူ့ နောက်နားဆီက မှိုရတဲ့ မျက်နှာနဲ့ကတော့ တာဝန်ရှိတယ်ဆိုတဲ့ ငနဲမ။ ဘယ်သူကမှ နှုတ်ဆက်မပေးရသေးခင် သူကရှေ့တိုးလာပြီး ကွန်ဂရက်ကျူလေးရှင်းလို့ ပြောရင်း လက်ဆွဲနှုတ်ဆက်တော့ ကျေးဇူးတင်ကြောင်း ပြန်ပြောရင်း အေဒရီယံကို မိတ်ဆက်ပေးလိုက်တယ်။ နောက်နားက ကပ်ပြီးပါလာတဲ့ သံအမတ်ဆိုတဲ့ ငနဲကတော့ တစ်ခုခု သောက်ကြပါလားလို့ ပြောတယ်။ ကျွန်တော်တို့ဆီက ဘီယာလည်း ရှိတယ်လို့ သူက ဆက်ပြောတယ်။

လမ်ဘိုဂိနီး စီးတဲ့သူဆိုတော့ အေဒရီယံက ဘီယာသောက်လေ့မရှိဘူး။ “သောက်တာကိုကြည့်ရင် နောက်ပါ အကြောင်းကို သိတယ်” ဆိုတဲ့ ဆိုစကားလိုပဲ။ သောက်မယ်ဆိုရင်တောင် ဘူတိဘီယာမျိုးလောက်ကို အာစိုရုံ သောက်တဲ့လူမျိုး။ ဒီတော့ သံအမတ်ကို နောက်သလိုလိုနဲ့ ခင်ဗျားတို့ဆီက နေပူပူမှာ အုတ်စီတဲ့ပန်းရံတွေ၊ ကုန်ကားမောင်းတဲ့ ကောင်တွေ သိပ်ကြိုက်တယ်ဆိုတဲ့ ဘီယာလားလို့ ကပ်ပြီးနှိပ်လိုက်တယ်။ သံအမတ် မျက်နှာပျက်သွားပေတဲ့ သံအမတ်တွေရဲ့ ပါးရိုးဆိုတာက ကြက်ပေါင်စေးနဲ့ လုပ်ထားတာဆိုတဲ့အတိုင်း ချက်ချင်းပြန်ပြီး ပြံုးလိုက်နိုင်တယ်။ ညွှန်ကြားရေးမှူးကတော့ လုပ်ကြပြန်ပြီဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ရင်း စကားလမ်းလွှဲလိုက်တယ်။ တာဝန်ရှိတယ်ဆိုတဲ့ ခပ်ချောချောမကြီးက ကျေးဇူးတင်ကြောင်းနဲ့ ပရော်ဖက်ရှင်နယ်လစ်ဇင်အကြောင်း ကောင်းတာတွေချည်းပဲ ပြောနေတော့တယ်။ တကယ်တော့ သူ သဘောတူတာ ယုံကြည်တာတွေက သူပြောတာနဲ့ မဆိုင်ဘူး။ သူ ကျွမ်းကျင်မှုကိုက အဲဒီလိုပြောဖို့ပဲ။ အဲဒီလို ပြောနိုင်တာကိုက သူ့လိုအပ်မှု ဖြည့်ဆည်းပေးနေတာပဲ။ သူပြောတာ သဘောကျလို့ မဟုတ်ပေတဲ့လည်း ခပ်ချောချောကြီး ဆိုတော့ ရှာကြံပြီး ကောင်းတဲ့ဖက်က တွေးရင်း သူ့မျက်နှာကြည့် နားထောင်နေလိုက်ရတယ်။ ဒါပေတဲ့ တို့ ခေါင်းမီး တောက်နေတုန်းက နင် ဘယ်မှာ သွားအိပ်နေသလဲလို့တော့ စိတ်ထဲက ပြောလိုက်မိတယ်။ သူ့လောကွတ်တွေနဲ့ သူ့ရဲ့ တရားထောက် လုပ်နေတဲ့ သံအမတ်ပြောတာ နားထောင်နေတုန်း အေဒရီယံက ရေ ပုလင်းနှစ်လုံး သွားယူလာတယ်။ အနားကို ပြန်လာပြီး စကားကိုဖြတ်တဲ့ အနေနဲ့ ရေပုလင်းတစ်လုံး ကျွန်တော့်ကို လှမ်းပေးရင်း မင်းသောက်နေကျ စန်ဘာနဒက်တိုးတော့ မရှိဘူးလို့ပြောပြီး သူ့လက်ထဲက ရေပုလင်းတစ်လုံးလှမ်းပြီး ပေးလိုက်တယ်။ သံအမတ်ကတော့ အေဒရီယံ ပြောတာကို နားထောင်ရင်း ကြက်ပေါင်စေးနဲ့ လုပ်ထားတဲ့ သူ့ပါးရိုးကို အသုံးချပြီး ပြံုးပြပြန်တယ်။ အဲဒီတုန်းမှာပဲ တာဝန်ရှိတဲ့ ခပ်ချောချောမကြီးက ဘာစိတ်ကူးရတယ်မသိဘူး။ ဒီဘိုနိုရဲ့ ဦးထုပ်ခြောက်လုံး အကြောင်းပြောတယ်။ အေဒရီယံက မထိန်းမသိမ်းဘဲ ရယ်ပါလေရော။

စကားပြောနေတာတွေ အားလုံးရပ်သွားတယ်။ ငြိမ်သွားတယ်။ ဒီတော့မှ အေဒရီယံက ရေပုလင်းထဲက ရေကို တစ်ငုံသောက်လိုက်ပြီး ဒီဘိုနိုရဲ့ ဦးထုပ်ခြောက်လုံးက အခြေခံယုတ္တိဗေဒလောက်ကိုမျှ နားမလည်တဲ့ ကော့ပိုရိပ် စီအီးအိုတွေ ဖတ်ဖို့ရေးတာ။ ကျွန်တော်တို့ လုပ်ကိုင်နေရတဲ့ အနေအထားမှာ သုံးလို့မရဘူးလို့ ပြောပြီး သံအမတ်ကို လှမ်းကြည့်လိုက်တယ်။ ဒီတစ်ခါတော့ သံအမတ်ခမြာ ကြိုးစားပြံုးပေတဲ့ အေဒရီယံရဲ့စကားကို မငြင်းရဲဘူး။ ဟုတ်တာပေါ့။ ဟုတ်တာပေါ့ . . . လို့ ပြောရင်း မတင်မကျနဲ့ ထောက်ခံလိုက်တယ်။ သူကိုယ်တိုင်ကလည်း ပထမ အတွင်းဝန်ဘဝက နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်နဲ့ မဟာဝိဇ္ဇာဘွဲ့ရထားတာ။ အေဒရီယံ ပြောတာကို ဆန့်ကျင်လိုက်ရင် ကျွန်တော်တို့ မျက်စေ့ထဲမှာ မင်း ဒီလောက်တောင် တုံးပါသေးသလားလို့ အထင်သေးသွားမယ်ဆိုတာ သူရိပ်မိလိုက်ပုံရတယ်။ စနစ်တကျ အကွက်ချစိုက်ထားတဲ့ သစ်ပင်အများကြီးကို ခင်ဗျားမြင်ဖူးတယ်မဟုတ်လားလို့ အေဒရီယံက မေးတယ်။ ခပ်ချောချောမကြီးက ပြံုးပြီး ခေါင်းညိတ်ပြတယ်။ အဲဒီသစ်ပင်တွေကို အပေါ်ကနေ ဆီးကြည့်ရင် အားလုံးကို မြင်ရပေတဲ့ စိုက်ကွင်းရဲ့ ထောင့်တစ်နေရာက ရပ်ကြည့်ရင် တချို့အပင်ကို မမြင်ရဘူး။ ကြည့်တဲ့လူရဲ့ရှေ့မှာ သစ်ပင်ခံနေလို့ပဲလို့ အေဒရီယံက ပြောပြီး ရေ တစ်ငုံ သောက်လိုက်ပြန်တယ်။ ပြီးတော့မှ သူက ဆက်တယ်။ ဒီအကြောင်းကို ယူကလစ်က ပြောခဲ့တာ။ ယူကလစ်ရဲ့ သစ်ပင်တွေ Euclid’s orchard အကြောင်း ခင်ဗျားကြားဖူးရဲ့မဟုတ်လားလို့မေးတော့ ခပ်ချောချောမကြီးက ပြံုးပြီးခေါင်းခါပြတယ်။ ကျွန်တော်တောင် နည်းနည်းအားနာချင်သလို ဖြစ်လာတယ်။ အေဒရီယံက ပြံုးတယ်။ ဒီ အပြံုးကို ကျွန်တော် ကောင်းကောင်းသိတယ်။ ရိုးသားတဲ့အပြံုးမဟုတ်ဘူး။ ဆက်ရှင်းပြနေလည်း သိပ်တော့ အကျိုးမထူးမှာမဟုတ်ဘူးလို့ သူ့ဘာသာ လက်ခံလိုက်တဲ့အပြံုး။ ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲ။ အဓိက ကျွန်တော် ပြောချင်တာ ကွယ်နေတဲ့ သစ်ပင်အကြောင်း ကျွန်တော်တို့ သိချင်တာ သိရအောင်လုပ်တာ။ ဒီတော့ ဒီ-ဘိုနို ဦးထုပ်ခြောက်လုံးလောက်နဲ့ ကျွန်တော်တို့အတွက် မလုံလောက်ဘူးလို့ စကားကိုဖြေချလိုက်ပြီး ပုလင်းထဲက လက်ကျန်ရေကို အကုန်သောက်ချလိုက်တယ်။ ဘာမှ ထပ်မပြောတော့ဘူး။

ညွှန်ကြားရေးမှူးကတော့ သိပ်မျက်နှာမကောင်းပေတဲ့ ဘာမှ ဝင်မပြောဘူး။ ကျွန်တော်ကပဲ ငနဲမကြီးကို ကတ်စကိတ်ဒင်းဖေလျှာ Cascading failure တို့ ဘိုင်ဇင်တိုင်း ဖေလျှာ Byzintine failure တို့ ဆိုတာတွေ ခင်ဗျား ကြားဖူးသလားလို့ မေးလိုက်တော့ သူက ပြံုးရင်းခေါင်းခါပြတယ်။ သူ့ရဲ့ဝန်ခံမှု အတွက်တော့ တန်ဖိုးထားလိုက်မိတယ်။ တိုင်းကြီးပြည်ကြီးသားတွေရဲ့ ချစ်စရာ ကောင်းတဲ့အပြုအမူတစ်ခုဟာ မသိတာက ရှက်စရာပဲလို့ မမြင်ဘဲ မသိဘူးလို့ ဝန်ခံတဲ့အလေ့အကျင့်ပဲလို့ ကျွန်တော် မြင်တယ်။ ကက်စကိတ်ဒင်းဖေလျှာ ဆိုတာကတော့ အစုလိုက်အပြံုလိုက် ပြိုဆင်းသွားတာ။ ရေတံခွန်က ရေတွေ စီးဆင်းသွားသလိုပဲ။ အမှန်မှာတော့ ဒီအသုံးအနှုန်းက သိပ္ပံပညာကလာတာလို့ အစချီပြီး ကျွန်တော်က ရှင်းပြလိုက်တယ်။ တချို့ စနစ်၊ အဆောက်အအုံ စတာတွေဟာ အတွင်းသားမှာ၊ အပိုင်းအစပေါင်းအများကြီးဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်မှီတွယ်ပြီး ရပ်တည်နေတာ။ တည်ဆောက်ထားတာ။ အပိုင်းအစတချို့ကို ထုတ်လိုက်လို့ ဘာမျှမဖြစ်ဘူး။ ပြိုပျက်မသွားဘူး ဆိုပေတဲ့ အပိုင်းအစ ကလေးတစ်ခုကို ထုတ်လိုက်တာအခါ၊ ဖယ်လိုက်တဲ့အခါ၊ တစ်ခုပြီးတစ်ခု ဆင့်ကဲ ဆင့်ကဲ ပြိုပြီး ပျက်သွားတတ်တယ်။ လျှပ်စစ်ဓာတ်မှာ ဖျူ့စ်ကလေးတစ်ခုက မီးစက်ကြီးတစ်ခုလုံး လောင်သွားနိုင်သမျိုးပဲ။ တို့က ဘယ်အစကလေးက ပြိုတယ်ဆိုတာကို ကြည့်တာ။ သာမန် ယုတ္တိဗေဒဟာ ဒီနေရာမှာ မလုံလောက်ဘူးလို့ ကျွန်တော်က ခပ်ရှည်ရှည်ရှင်းပြလိုက်မိတယ်။ တာဝန်ရှိတဲ့ ခပ်ချောချောမကြီးကတော့ ဆိုလိုတာကို သဘောပေါက်ပုံသိပ်မပေါ်ဘူး။ ကျန်လူတွေကတော့ သိလိုက်ကြတယ်။ စိတ်သိပ်ရှည်ပုံမရတဲ့ အေဒရီယံက အတွင်းရေးမှူးစောင့်နေပြီထင်တယ်လို့ ပြောပြီး စကားကို အတင်းဖြတ်လိုက်တယ်။ ငနဲမကြီးက ဘိုင်ဇင်တိုင်းဖေလျှာအကြောင်း မရှင်းပြတော့ဘူးလားလို့ မေးတယ်။ နောက်တစ်ကြိမ် ခင်ဗျားညစာကျွေးမယ်ဆိုတဲ့အခါ ကျွန်တော်ရှင်းပြမယ်။ အဲဒီကျရင် Strategic surprises အကြောင်းပါ ရှင်းပြမယ်လို့ ကျွန်တော်က ပြောလိုက်တော့ သူက လက်ကိုကမ်းလိုက်ပြီး လက်ဆွဲနှုတ်ဆက်ရင်း အိုကေ ငါ ချိန်းလိုက်မယ်လို့ ပြောတယ်။ ညွှန်ကြားရေးမှူးက မသိမသာ မျက်စေ့မှိတ်ပြတယ်။ သံအမတ်ခမြာလည်း ခုမှ လွတ်လွတ်လပ်လပ် ပြံုးနိုင်တယ်။ ကျွန်တော်ကပဲ ညွှန်ကြားရေးမှူးကို သွားတော့မယ်။ နှစ်ပတ်လောက်ကြာမှ တွေ့မယ်လို့ ပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်တော့တယ်။ အေဒရီယံက ငနဲမကြီးကို လှမ်းကြည့်လိုက်ပြီး ကျွန်တော်ကတော့ ကိုသျှာပဲ စားတယ်လို့ ပြောရင်း နောက်တယ်။

တကယ်တော့ ကျွန်တော်တို့ ဘဝက သိပ်စိတ်ချမ်းသာစရာ ကောင်းလှတဲ့ ဘဝမျိုး မဟုတ်ဘူး။ အဆိုးဆုံးက သိပြီးသားတွေကို မသိသလိုလုပ် နားထောင်နေရတဲ့အခါ မဟုတ်မှန်းသိပေတဲ့ အဟုတ်လိုသဘောထားပြီး နားထောင်နေရတဲ့အခါမျိုးတွေ။ ရာထူးရာခံ ကောင်းကောင်းရထားပေတဲ့ ဘာမှနားမလည်တဲ့၊ မသိတဲ့ နိုင်ငံရေးသမားတွေကို ရှင်းပြရတဲ့အခါမျိုးတွေပဲ။ ဘာမျှ မသိတဲ့လူကို ငါရှင်းပြပေတဲ့ သူဘာမှ သိမှာမဟုတ်ဘူးလို့ သိနေရက်ကနဲ့ ရှင်းပြနေရတာဟာ အပင်ပန်းဆုံးပဲ။ ငါတို့ ဘာလို့များ ဒီဒုက္ခတွေ ခံနေသလဲ မသိဘူးလို့ တစ်ခါက အေဒရီယံရှေ့မှာ ပြောမိတယ်။ ဒီတော့ သူက ပိုက်ဆံကောင်းကောင်းရတာကိုးလို့ ပြန်ဖြေတယ်။ ဟုတ်တော့လည်း ဟုတ်တာပဲ။ ဒါပေတဲ့ ကျွန်တော်တို့အလုပ်မျိုးမှာက ကိုယ် ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ့်ဘာသာသိနေတဲ့အလုပ်မျိုး။ ဂေါ့သီးရိုက်တဲ့လူလိုပဲ။ ဘယ်သူကိုမျှ ထောက်ခံစာတောင်းလို့ရတဲ့အလုပ်၊ ပေးလို့ရတဲ့အလုပ်မျိုးမဟုတ်ဘူး။ အလုပ်လျှောက်ဖို့ ထောက်ခံစာလည်း မရနိုင်ဘူး။ ဒီအလုပ် လုပ်မစားချင်ရင် တို့ဘာလုပ်စားကြမလဲလို့ ကျွန်တော်ကမေးတော့ အေဒရီယံက ဒါတော့ ငါမသိဘူး။ ငါ့ဘဝအတွက်တော့ ငါ့ရဲ့လိုအပ်မှု ရနေရင် ပြီးတာပဲ။ ပိုက်ဆံမရှိရင်၊ အလုပ်မရှိရင် ဘာလုပ်မလဲ ဆိုတာထက် ပိုက်ဆံရှိနေတုန်း၊ အလုပ်ရှိနေတုန်း၊ အသက်ရှင်နေတုန်း၊ ငါရဲ့လိုအပ်မှုကို ငါဖြည့်စွမ်းပေးနိုင်ဖို့ လိုတယ်လို့ ပြောဖူးတယ်။ တကယ်တော့ ကျွန်တော်တို့ အေဒရီယံတို့ရဲ့ နေ့စဉ်ဘဝမှာ အမြဲတမ်း နှစ်ပိုင်းရှိနေတယ်။ အပြင်မှာ တစ်ဘဝ။ အတွင်းထဲမှာ တစ်ဘဝ။ အတွင်းထဲကဘဝရဲ့ လိုအပ်မှုကို မဖြည့်စွမ်းနိုင်ရင် ကျွန်တော်တို့ နေ့စဉ် ရင်ဆိုင်နေရတဲ့ဘဝကို ရင်ဆိုင်ဖို့ မလွယ်ဘူး။ ဖြေရှင်းပေးဖို့ မလွယ်ဘူး။ တစ်ခါတလေ စိတ်ရှုပ်လို့ တောက်ခေါက်တာ၊ ညည်းတာကို ကလယ်ကြားမိသွားရင် သူက ရှင်တို့ ကိုယ်ထဲမှာရှိနေတဲ့ ဘိုင်ဇင်တိုင်းအင်ပါယာက စစ်သူကြီးတွေ ဆုံးဖြတ်ချက်ချလို့ မရကြသေးဘူးလားလို့ မေးတတ်တယ်။ ဒီတော့လည်း ပြံုးရ ရယ်ရပြန်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့မှာ ကလယ်လို အတွင်းရေးမှူး ကောင်းကောင်းလိုတာပဲ။ အတွင်းရေးမှူးကောင်းကောင်းတစ်ယောက်ဟာ အမေလို၊ မိန်းမလို အစစအရာရာ သဘောပေါက်တဲ့သူမျိုးတွေပဲ။ အိမ်မှာ မွေးထားတဲ့ ခွေးလိုလည်း အငေါက်ခံနိုင်ကြရတယ်။ ကျွန်တော်တို့ သိပ်ပြီး စိတ်ပင်ပန်းနေပြီဆိုတာသိတာနဲ့ ကျွန်တော်တို့ နားဖို့လိုပြီဆိုတာ တိုက်တွန်းလေ့ နားချလေ့ရှိတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့က ဦးသွားတယ်။

ချင်းမိုင်ကို ခြေချလိုက်တာနဲ့ ကျွန်တော့်စိတ်ထဲမှာ လွတ်လပ်သွားသလိုပဲ။ အေဒရီယံကို ပြောပြလိုက်တော့ ငါကတော့ လေယာဉ်ပျံ လေထဲ ရောက်ကတည်းက ဝမ်းသာနေတာတဲ့။ တွေ့နေကျအကောက်ခွန်အရာရှိနဲ့ ခဏရပ်ပြီး ရယ်စရာပြောနေတုန်း သူ့တပည့်တစ်ယောက်က ခင်ဗျားတို့လာကြိုတဲ့သူ အပြင်မှာရှိတယ်လို့ပြောလို့ ကလယ်က ပရာမွတ်ဆီ အကြောင်းကြားထားပြီးပြီလို့ တွေးကြည့်လိုက်မိတယ်။ ကျွန်တော်တို့က မဲရင်ဖက်မှာနေမှာဆိုတော့ သက်သက်သာသာသွားရင် နာရီဝက်တော့ ကြာတာပဲ။ လမ်းမှာ ကျွန်တော်တို့နှစ်ယောက်သား တော်တော်နဲ့စကားမပြောနိုင်ဘူး။ ကားရဲ့အပြင်ဖက်ကိုကြည့်ပြီး သာယာနေမိတယ်။ ခုလို လင်းလင်းထင်းထင်း နေရောင်ခြည်မျိုးကို မတွေ့ရတာကြာပြီ။ အတော်ကလေးကြာမှ အေဒရီယံက ကားမောင်းတဲ့လူငယ်ကို မင်းတို့ကံကောင်းကြသကွာ။ တို့မှာတော့ ကွန်ကရစ် တောနက်ထဲမှာ လူလုပ် အလင်းရောင်အောက်မှာ။ အတု လုပ်ထားတဲ့ အပြံုးတွေအကြားထဲမှာ။ ပြင်သစ်ကလာတဲ့ ရေမွှေးနံ့တွေအကြားမှာ နေနေရတာ။ မင်းတို့ကတော့ နေ့စဉ် နေ့တိုင်း သဘာဝအလှအပတွေ။ ရိုးသားတဲ့အပြံုးတွေ။ သဘာဝကပေးထားတဲ့ တောနံ့တောင်နံ့တွေနဲ့ နေကြရတာလို့ လှမ်းပြောလိုက်ရင်း ကျွန်တော့်ကို လှည့်ကြည့်လိုက်တယ်။ ပြီးတော့ မဟုတ်ဘူးလားလို့ မေးတာနဲ့ ကျွန်တော်က ခေါင်းညိတ်ပြလိုက်တယ်။ ကားမောင်းတဲ့လူငယ်က တစ်ခုခုပြောချင်ပုံရတယ်။ နောက်ကြည့်မှန်ထဲက လှမ်းကြည့်တာ၊ ကျွန်တော် သတိထားလိုက်မိတယ်။ မင်း ဘာများပြောချင်လို့တုန်းလို့ ကျွန်တော်က လမ်းဖွင့်ပေးလိုက်တော့ သူက ကျွန်တော့်ကို လွတ်လွတ်လပ်လပ် စကားပြောခွင့်ပြုပါလို့ သူကပြောတယ်။ ကျွန်တော်ကပဲ ပြောပါ။ တို့ အလုပ်ကိစ္စနဲ့ လာကြတာမဟုတ်ဘူးလို့ ပြောရင်း အေဒရီယံကို မျက်စေ့မသိမသာ မှိတ်ပြလိုက်မိတယ်။ အေဒရီယံက ပြန်ပြံုးပြတယ်။ ဆိုလိုတာကတော့ ကားမောင်းတဲ့လူငယ်ဟာ အရပ်ဝတ်နဲ့ဆိုပေတဲ့ ပရာမွတ်လက်အောက်က အရာရှိငယ် တစ်ယောက်ပဲဆိုတာ သူလည်း ရိပ်မိလိုက်တဲ့သဘောပဲ။ အထက်အရာရှိတွေကို လွတ်လွတ်လပ်လပ်စကားပြောခွင့်တောင်းတယ်ဆိုတာက စနစ်တကျ လေ့ကျင့်ထိန်းကျောင်းခံထားရတဲ့သူတွေပဲ။ ကားမောင်းတဲ့ လူငယ်က ဆရာသမားတို့ပြောတဲ့အတိုင်း သဘာဝလောကဟာ သာယာဖို့ကောင်းတယ်ဆိုတာ ကျွန်တော် မငြင်းပါဘူး။ ပြဿနာကတော့ ကွန်ကရစ်တောနက်ကြီးတွေ ထဲမှာလို မှန်လုံတံခါးတွေ၊ အအေးစက်တွေ တပ်မထားတော့၊ သဘာဝတရားထဲမှာ ခြင်ကိုက်ပါတယ်။ မြောင်းပုပ်နံ့လည်း ရပါတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ပြိုင်တူလိုရယ်မိကြတယ်။ မင်းမှာ ဟာသဓာတ်ခံရှိတော့ ပရာမွတ် အနားမှာ နေတဲ့လူပဲဖြစ်ရမယ်လို့ ကျွန်တော်က ပြန်ပြောလိုက်မိတယ်။ ရင်းနှီးသလိုဖြစ်လာတော့ သူက သူ့အဆင့်ကို ပြောပြတယ်။ ပရာမွတ်ကတော့ ညနေ ခြောက်နာရီကျမှပဲ ကျွန်တော်တို့ရှိရာကိုလာပြီး ညစာ သွားစားကြမယ်ဆိုတာကိုပါ သတင်းပေးတယ်။

ကျွန်တော်တို့အခန်းတွေက နေနေကျမို့ ရင်းနှီးပြီးသားအခန်းတွေ။ ကျွန်တော့်အခန်းက အဆောက်အဦရဲ့ ထောင့်စွန်း။ အေဒရီယံက ကပ်ရက်အခန်းမှာနေတယ်။ ကျွန်တော့်အခန်းက နံရံသုံးခုစလုံးမှာ မှန်ပြတင်းပေါက် အကျယ်ကြီးတွေရှိတယ်။ သူ့အခန်းမှာတော့ နံရံတစ်ခုမှာပဲ မှန်ပြတင်းပေါက် တစ်ခုရှိတယ်။ အခန်းထဲမဝင်ခင် လက်ပတ်နာရီကို ကြည့်လိုက်တော့ နှစ်နာရီ ထိုးပြီးစပဲ ရှိသေးတယ်။ အေဒရီယံကလည်း သူ့နာရီကြည့်ပြီး တို့ နားဖို့သုံးနာရီလောက် အချိန်ရသေးတယ်လို့ ပြောတာနဲ့ ကျွန်တော်ကပဲ သူ့ကို ဂွတ်နိုက်လို့ ပြောလိုက်တယ်။ သူကလည်း ဂွတ်နိုက်လို့ ပြန်ပြောပြီး ကလယ် ဝယ်ပေးလိုက်တဲ့ဖုန်းတစ်လုံးကို ထောင်ပြတယ်။ ဂွတ်နိုက်လို့ ပြောတာ ကျွန်တော်နဲ့ သူ့အကြားက အစဉ်အလာတစ်ခုပဲ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အခန်းထဲက ပြန်ထွက်လာတဲ့အခါ ကျွန်တော်တို့အဖို့ နေ့သစ်တစ်ခုပဲ။ အခန်းထဲဝင်သွားတုန်းက ကျွန်တော်တို့ရဲ့ ဘဝအနေအထားဟာ အခန်းထဲက ထွက်လာချိန်မှာ ပြောင်းသွားပြီ။ အခန်းထဲရောက်တာနဲ့ ကျွန်တော်လည်း အားရပါးရ တစ်ကိုယ်လုံးနွေးသွားအောင် ရေပူပူနဲ့ အတော်ကြာအောင် စိမ်လိုက်တယ်။ ပြီးတော့မှ ပြတင်းပေါက်က ခန်းဆီးတွေကို ဖယ်လိုက်တယ်။ ခုတင်ပေါ်က ခေါင်းအုံးတစ်လုံးကိုယူပြီး ခုတင်နဲ့ပြတင်းပေါက်အကြားက ကြမ်းပြင်ပေါ်မှာ ချလိုက်တယ်။ ခုလောက်ဆိုရင် အေဒရီယံ တစ်ယောက်လည်း ကျွန်တော့်လိုပဲ ပြင်ဆင်နေလိမ့်မယ်လို့ တွေးကြည့်လိုက်မိတယ်။ သူကတော့ ကျွန်တော်လုပ်သလို မဟုတ်ဘူး။ ရေမိုးချိုးပြီးတာနဲ့ အခန်းက ခန်းစီးတွေကို လုံအောင်ပိတ်၊ မီးပိတ်ပြီး ပန်းချီကားတို့ ဘာတို့ချိတ်မထားတဲ့ နံရံတစ်ခုရှေ့ တစ်ပေသာသာလောက်မှာ ကုလားထိုင်တစ်လုံးချလေ့ရှိတယ်။ ပြီးတော့ ဘာအသံမျှမကြားရအောင် နားထဲမှာ နားအပိတ်တပ်ပြီး ကုလားထိုင်ပေါ်မှာထိုင်တယ်။ ကုလားထိုင်ပေါ်မှာထိုင်ရင်း သူ့ရှေ့တည့်တည့်က နံရံကို စိုက်ကြည့်နေတတ်တယ်။ ဘယ်လောက်ကြာအောင် ကြည့်သလဲလို့ ကျွန်တော်မေးကြည့်ဖူးတယ်။ မသိဘူးလို့ သူက ဖြေတယ်။ ဒါပေတဲ့ အဲဒီလို ကြည့်နေတဲ့အခါ ကာလအတိုင်းအတာဟာ အရေးမကြီးဘူး။ ပျောက်ဆုံးနေတာပဲ။ ကြည့်နေရင်းနဲ့ အားလုံးရပ်သွားတယ်။ လူမှာကပ်ငြိနေတဲ့ ပယောဂတွေ ပျောက်သွားတယ်။ လူရဲ့ဖြစ်-ရှိနေခြင်းလည်း ပျောက်သွားတယ်။ နံရံကို ဖောက်ပြီး နောက်ကွယ်ဆီက နက်ရှိုင်းရာတစ်ခုဆီကိုသွားသလိုပဲ။ အားလုံး ဘာမှ မရှိတော့သလိုပဲ။ နက်ရှိုင်းမှုရဲ့ ကြမ်းပြင်အထိ ရောက်သွားသလိုပဲ။ အဲဒီနောက် တစ်ချိန်ချိန်မှာ ကုလားထိုင်ပေါ်မှာဆိုတဲ့ အသိ ပြန်ရလာတယ်။ ဖြစ်-ရှိနေခြင်းကို ပြန်သိလာတယ်။ နံရံရဲ့ရှိနေခြင်းကို ပြန်တွေ့လာတယ်။ ငါ့ရဲ့ ဖြစ်-ရှိနေခြင်းအတွင်းမှာ လိုအပ်နေတာတွေ ရလိုက်တယ်။ အဲဒီလိုဖြစ်လာရင် ငါကတော့ ဘဝသစ်တစ်ခုကို ရလိုက်သလိုပဲလို့ သူက ပြောပြဖူးတယ်။

ကျွန်တော်ကတော့ ကြမ်းပြင်မှာ ချထားတဲ့ ခေါင်းအုံးပေါ်မှာ ခေါင်းချလိုက်ပြီး ပက်လက်လှန်နေရင်း ပြတင်းပေါက်အပြင်ဖက်က မိုးကောင်းကင်ကြီးကိုပဲ မလှုပ်မရှား ကြည့်နေမိတယ်။ ကောင်းကင်တစ်ခုလုံးပြာနေတယ်။ ကျွန်တော့်ရဲ့မြင်ကွင်းဟာ အေဒရီယံရဲ့ နံရံလို ပိတ်မနေဘူး။ လုံးဝဖွင့်ထားတယ်။ ဖွင့်ထားတဲ့အမြင်ကနေ ကျွန်တော့်စိတ်ကို လွှင့်ပစ်လိုက်တယ်။ သွားချင်ရာသွား။ နားချင်ရာနားပဲ။ အတားအဆီးမရှိဘူး။ ပက်လက်လှန်အိပ်ရင်း မိုးကောင်းကင်ကြီးကို ကြည့်နေပေတဲ့ ကျွန်တော့်အမြင်တွေဟာ အထက်ဆီးကနေ သိမ်းငှက်တစ်ကောင်က ကြည့်နေသလိုလည်း မြင်လာရတယ်။ ပေါတာလက လားမားကြီးတွေ စိတ်ကို စွန့်လွှတ်တာမျိုးများလားတော့ မသိဘူး။ ကြောင်တစ်ကောင်လို ညအမှောင်ထဲမှာ မြင်ရတာတွေလည်း တွေ့လာတယ်။ မှုန်ဝါးနေတာတွေ ကြည်လင်လာတယ်။ ကာလနဲ့ အာကာသဟာ ကျွန်တော့်အတွက်မဟုတ်တော့ဘူး။ အတိတ်နဲ့ အနာဂတ်ဟာ ပြင်ညီတစ်ခုတည်းမှာ။ ဘာသာစကားမှန်သမျှဟာ သေဆုံးနှင့်ခဲ့ကြပြီ။ အဲဒီလိုအနေအထားမျိုးမှာ အဲဒီလို အခါမျိုးမှာ ကျွန်တော်ဟာ ကျွန်တော့်ဘဝမှာလစ်ဟာနေခဲ့တဲ့ ကွက်လပ်တွေကို ပြန်ပြီးဖြည့်ရသလိုပဲ။ ဒါပေမဲ့ ဘယ်လိုအခါမျိုးမှာ ဖြစ်လာမှန်းတော့ မသိဘူး။ ပက်လက်အိပ်နေရင်းမြင်ရတဲ့ ကောင်းကင်ပြင်ကြီးထဲမှာ ကျွန်တော်ဟာ အသစ်တဖန်ဖြစ်နေရခြင်းတစ်ခုကို တည်ဆောက်လိုက်ရသလိုပဲ။ အေဒရီယံရဲ့ နံရံနဲ့ ကျွန်တော့်ရဲ့ မိုးကောင်းကင်ဟာ သာမန်အနေအထားမှာ တူပုံမရပေတဲ့ ရလဒ်ကတော့ တူကောင်းတူမယ်ထင်တယ်။ ကျွန်တော့်အမြင်ထဲက တဆင့်လွှင့်ထုတ်လိုက်တဲ့ အနှောင်အတဲမဲ့ သိမှတ်ခံစားနိုင်မှုတွေမှန်သမျှဟာ အတားအဆီးမရှိဘူး။ နာရီပေါင်း များစွာ နေ့ရက်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ရတဲ့ ကျွန်တော့်ရဲ့ ဖြစ်-ရှိနေခြင်း မှန်သမျှဟာ ဖြစ်-ရှိနေနိုင်ခြင်းမရှိမှု အတွင်းမှာ ရုပ်-ဒြပ် ကင်းပမှုအတွင်းမှာ အားသစ်အင်သစ်တွေနဲ့ ပျော်မြူးနေတယ်။ ကောင်းကင်ပြာပြာကြီးအထဲမှာ လှည့်ပတ်ပျော်မြူးနေရာက ကြမ်းပြင်ပေါ်က ခေါင်းအုံးပေါ်မှာ ပက်လက်လှန် လဲနေတဲ့ ကျွန်တော့်ဆီ ကျွန်တော် ပြန်ရောက်လာတဲ့အခါ ကျွန်တော်ဟာ ကျေနပ်မှုရလိုက်တဲ့လူတစ်ယောက်ပဲ။ နေ့အသစ်တစ်ခုထဲက လူသစ်တစ်ယောက်ပဲ။

လှဲနေရာက ထလိုက်တော့ ခရီးဝေးက ပြန်လာတဲ့လူတစ်ယောက်လိုပဲ။ ရေဆာသလိုလိုပဲမို့ ရေခဲစက်ထဲက ရေတစ်ပုလင်းယူသောက်လိုက်မိတယ်။ ခုတင်ဘေးဆီက မိုဘိုလ်ဖုန်းတစ်လုံး တစ်ချက်တစ်ချက် တုန်နေတာသတိထားမိတယ်။ ကျွန်တော်တို့ရဲ့ ဖုန်းတွေကို အသံတိတ်ထားလေ့ရှိတယ်။ တယ်လီဖုန်းထဲမှာ စာရောက်နေတယ်။ ကြည့်လိုက်တော့ တစ်ခုက အေဒရီယံဆီက ငါ အဆင်သင့်ပဲ။ မင်းအဆင်သင့်ဖြစ်ရင် ဖုန်းဆက်လိုက်ပါတဲ့။ နောက်တစ်ခုက ရဆော့ရဲ့ဧည့်ကြိုစားပွဲက။ မြို့ကပြန်လာတဲ့ မျောက်တစ်ကောင်ရောက်နေတယ်လို့ ရေးထားတာမို့ ပရာမွတ်ရောက်နေပြီဆိုတာ သိလိုက်ရတယ်။ ပရာမွတ်က ဖိုးအေ လက်ထဲမှာကြီးတာ။ သူ့ကို ငယ်ငယ်က မြို့မှာ ကျောင်းထားတော့ ကျောင်းပိတ်လို့ အဖိုးဆီပြန်လာရင် အဖိုးက သူ့ကို သိပ်ကြည့်လို့မရဘူး။ သူ့ အဖိုးက သူ့ကို မြို့က ပြန်လာတဲ့မျောက်လို့ ခေါ်လေ့ရှိတယ်။ ခုတော့ ကျွန်တော်တို့ အကြားမှာ နာမည်ဝှက်အနေနဲ့ တွင်နေတယ်။ ကျွန်တော်လည်း အဝတ်အစားလဲပြီး အေဒရီယံဆီ ဖုန်းဆက် လိုက်တယ်။ မင်း ဖုန်းဆက်တာကို စောင့်နေတာ ဝီစကီတောင် နှစ်ခွက် သောက်ဖြစ်သွားပြီလို့ သူက ပြောလို့ နာရီကို ကြည့်လိုက်မိတယ်။ ခြောက် နာရီသာသာတောင် ရှိသွားပြီ။ အပြင်မှာ နေမဝင်သေးဘူး။ သွားစို့လို့ အေဒရီယံကို ပြောပြီး ကျွန်တော်တို့နှစ်ယောက်သား ရဆော့ရဲ့ ရှေ့ဖက်ကို ထွက်လာခဲ့ကြတယ်။ စောင့်နေတဲ့ ပရာမွတ်ကို တွေ့ရတယ်။ သူ့ထုံးစံအတိုင်း သွားကြားထိုးတံ တစ်ချောင်း ပါးစပ်မှာကိုက်လို့ရယ်။ ငါ့ကို ဒီကလေးမတွေက ဂဏန်းကြော်ကျွေးလို့ မြည်းကြည့်တာလို့လည်း ပြောတယ်။ အစား စားစား မစားစား ပါးစပ်ထဲမှာ သွားကြားထိုးတံ ကိုက်ထားတာ သူ့အကျင့်ပဲ။ ပြီးတော့မှ သူက သွားကြစို့ ဆိုတာနဲ့ ကျွန်တော်တို့လည်း သူ့ကားနဲ့ ထွက်လာကြတယ်။

နေမဝင်သေးဘူးဆိုပေတဲ့ ကျနေမို့ အရောင်က ခပ်သွယ်သွယ်ဖြစ်နေပြီ။ လှပခြင်းတွေအားလုံးရဲ့ အရိုးသားဆုံးအလှဟာ နောက်ဆုံးကာလရဲ့ အလှလို့ပြောကြတာမျိုးပဲ။ အမေအို အပြံုးဆိုတာမျိုးပဲ။ ကျွန်တော်တို့အားလုံး အတော်ကြာအောင် စကားမပြောဖြစ်ကြဘူး။ အပြင်ဖက်ကို ကြည့်ရင်း ကိုယ့်အတွေးနဲ့ကိုယ် နေနေမိကြတယ်။ လမ်းဆံတစ်နေရာရောက်တော့မှ ပရာမွတ်က သူ့ကားမောင်းတဲ့လူကို အာရွှန်းပြောတဲ့နေရာ သွားကွာလို့ ပြောတယ်။ ပြီးတော့ ကားနောက်ခန်းက ကျွန်တော်တို့ကို လှည့်ပြီး ဒီနှစ် ဖားတွေဆူတယ်။ ငါ အော်ဒါလုပ်ထားတယ်။ ခု ငါတို့ဆီက ထုတ်တဲ့ ဝိုင်တွေလည်းကောင်းတယ်လို့ ပြောတယ်။ နောက်ဆုံးတစ်ခေါက် မကောဝ်ရောက်တုန်းက စားပြီးကတည်းက တို့ ဖားကြော်မစားရတာ ကြာလှပြီလို့ အေဒရီယံက ပြန်ပြောတယ်။ ပရာမွတ်က ပါးစပ်ထဲမှာ ကိုက်ထားတဲ့ သွားကြားထိုးတံကို အပြင်ဖက်ဆီ ထွေးထုတ်လိုက်ရင်း သူ့အိတ်ထဲက ပြူတာဗူးကလေးထဲက သွားကြားထိုးတံ အသစ်တစ်ချောင်းကိုထုတ်ယူပြီး ကိုက်လိုက်တယ်။ ဘာဖြစ်လို့မှန်းတော့ မသိဘူး။ မဆီမဆိုင် ကျွန်တော်က ပရာမွတ်ကို မင်းကိုကြည့်ရတာ အမြဲလို ကျေနပ်မှု ရှိနေသလိုပဲ။ လူတစ်ယောက်မှာ ဘာများလိုအပ်မှုရှိနေတယ်လို့ မင်းထင်သလဲလို့ မေးမိတယ်။ သူက လှည့်ကြည့်ပြီး ချက်ချင်းပဲဖြေတယ်။ လူဆိုတာ ဘယ်မှာ ပြည့်စုံကျေနပ်မှုရှိနေမှာလဲ။ တစ်ခုခုတော့ လိုနေတာချည်းပဲ။ လိုအပ်မှုတွေအများကြီးအထဲမှာ အဓိကကျတဲ့ လိုအပ်ချက်တစ်ခုဟာ အမြဲရှိနေတယ်။ မင်းတို့အတွက်တော့ မသိဘူး။ ငါ့ အတွက်တော့ သွားကြားထိုးတံ တစ်ချောင်း လိုတယ်လို့ ပြောတယ်။ ကျွန်တော်နဲ့ အေဒရီယံ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြတယ်။ ဘာမှတော့ ပြန်မပြောမိဘူး။ မရယ်မိ၊ မပြံုးမိကြဘူး။ ပရင်စတန်မှာ ကျောင်းသွားတက်တုန်းက ရောက်စ နှစ်ပတ်လောက်မှာ သွားကြားထိုးတံရှာမရလို့ နေမရ၊ ထိုင်မရဖြစ်ပြီး အိပ်လို့ မရတဲ့အကြောင်း သူက ဆက်ပြောနေလိုက်တာများ ပျော်ပွဲစားရုံကို ရောက်တာတောင် မပြီးတတ်ချင်သေးဘူး။

မြင့်သန်း

No comments:

Post a Comment