Tuesday, July 1, 2014

ကော်ရင်ဂျီ(ရေးသူ- လူထုဒေါ်အမာ)

ကော်ရင်ဂျီ(ရေးသူ- လူထုဒေါ်အမာ)

{၂၀၀၁ မတ်လ၊ မာယာတွင်ဖော်ပြပြီးဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ် အတွက် ထပ်မံ ဖော်ပြခြင်းဖြစ်ပါတယ်။ }

အမေတို့ ငယ်ငယ်တုန်းက တို့အဖေက ပက်လက်ကုလားထိုင်ပေါ်မှာ စာဖတ်နေတယ်။ အမေတို့ ညီအစ်မက အဖေ့ခြေရင်းမှာ ကစားနေကြတယ်။ ကစားရင်း ဘာက ဘယ်လို ဖြစ်တယ်တော့ မမှတ်မိတော့ဘူး၊ ညီအစ်မ ရန်ဖြစ်ကြပါရော။ ရန်ဖြစ်တော့ အမေက ညီမကို "နင်က ဂန်ဂယား မယားဟဲ့" လို့ဆဲတော့၊ ညီမ အတင်က "နင်က အပ္ပနားမယားဟဲ့" လို့ပြန်ဆဲတယ်။ ညီအစ်မ "အပ္ပနားမယား၊ ဂန်ဂယားမယား" နဲ့ ဆဲနေကြတာ အခွန်းများတော့ အဖေက နားကြားပြင်းကတ်ပြီး ထရိုက်ပါလေရော။

အဖေဆိုတာ တို့ကိုသိပ်ရိုက်ခဲတဲ့ အဖေပါ။ ဒါပေမယ့် ဒီအရွယ်ကလေးတွေနဲ့ လင်ပေးစား ဆဲရမလားဆိုပြီး သိပ်စိတ်ဆိုးလို့ ရိုက်တာနေမှာပေါ့။ အခါတိုင်းဆိုရင် ရိုက်တဲ့ အလုပ်က အမေ့အလုပ်။ အဖေရိုက်တာ ဒီတခါပဲခံရဖူးတာ။ အမေတို့ ညီအစ်မကတော့ အဲဒီ ကတည်းက မဆဲဝံ့တော့ဘူး။

မင်းတို့က အမေတို့ဆဲတဲ့ အဆဲကို နားလည်ကြရဲ့လား။ အပ္ပနားတို့ ဂန်ဂယားတို့ ဆိုတာ တို့အရပ်ထဲမှာ ရေရောင်းနေတဲ့ ရေသည် ကော်ရင်ဂျီကုလားတွေရဲ့ နာမည်တွေပေါ့ကွယ်။ တို့မန္တလေးမှာက ဟိုအရင်က အဝီစိတွင်းရေဆိုတာကို ရပ်ကွက်နည်းနည်းကလေးပဲ သုံးနိုင်တာပါ။ ကျုံးပတ်လည်က အရပ်တွေက ကျုံးရေကို သုံးရတယ်။ ကျန် ရပ်ကွက်တွေ အားလုံးက တွင်းရေကိုခပ်သုံးရတာ။ အဲဒီမှာ ရေတွင်းကလည်း အတောင်၂ဝ-၂၅ ဆိုတာ တိမ်တဲ့တွင်းတွေ။ တချို့ရေတွင်းတွေက အတောင် ၃ဝ-၄ဝ နက်ကြတယ်။ ဒီလိုတွင်းထဲက ရေကို ခပ်ပြီး ၄ ဂါလံဝင် ရေနံဆီပုံး (၂)ပုံးနဲ့ အပြည့်ထည့်ပြီး အိမ်တွေကို ထမ်းပို့တဲ့အခါ လက်ငင်းဝယ်ရင် ရေတထမ်း ၁ပြား၊ လပေးဝယ်ရင် တနေ့တထမ်းယူရင် တလမှ တမတ်(၁၆)ပြား ပေးရတယ်။ အဲဒီ ရေထမ်းရောင်းတဲ့ အလုပ်ကို အများအားဖြင့် ကော်ရင်ဂျီ ကုလားတွေက လုပ်ကြတာ။ ဒါကြောင့် ရေသည်ကြီးဆိုတဲ့ စကားထက် 'ပန်နီဝါလား' ဆိုတာကို တို့တတွေက ပိုပြီး နားလည်တယ်။ အမေတို့ငယ်ငယ် အင်္ဂလိပ်ခေတ်တုန်းက ရေတထမ်း ၁ပြားနဲ့ ရောင်းစားရ တဲ့အလုပ်ကို ဗမာတွေက သိပ်မလုပ်ချင်ကြဘူး။ ပင်ပန်းသလောက် ပိုက်ဆံမရလို့။ ဒါကြောင့် မြို့တွေမှာ ကော်ရင်ဂျီတွေက ရေထမ်းရောင်းတယ်။ ရုံးတွေ၊ ကျောင်းတွေ၊ လမ်းတွေမှာ တံမြက်စည်းလှည်းတဲ့ အလုပ်ဆိုရင်လည်း ဗမာတွေ လုပ်တာနည်းတယ်။ ကုလားတွေ လုပ်ကြတာပဲ။ သူတို့ကို 'ဂျာဒူးဝါလား' လို့ခေါ်တယ်။

နောက်ပြီး တို့မန္တလေးမှာ ရထားလုံးလို့ခေါ်တဲ့ ဘီး(၄)ဘီးနဲ့ မြင်းရထား တွေရှိ တယ်။ ခုခေတ်မှာ ရှိတဲ့ ဘီး(၂)ဘီး နဲ့ မြင်းရထားကိုတော့ မြင်းရထား မခေါ်ဘူး။ မြင်းလှည်းလို့ ခေါ်တာ။ အောက်အရပ်က တချို့ မြို့တွေမှာ ဘုံပြတ် လို့ခေါ်တယ် ထင်တယ်။ မန္တလေးမှာ ဟိုတုန်းက မြင်းလှည်းမရှိသလောက်ပဲ။ မြင်းရထားပဲ လမ်းတွေပေါ်မှာ ရှိတယ်။ အဲဒီ ရထားမောင်းတဲ့ အလုပ်ကိုလည်း ကုလားတွေပဲ လုပ်တယ်။ သူတို့ကို 'ဂါလီဝါလား' လို့ခေါ်တယ်။ အဲဒီတုန်းက တို့မန္တလေးမှာ လံခြားတော့ မရှိဘူးကွဲ့။ ရန်ကုန်တို့၊ မော်လမြိုင်တို့မှာသာ ရှိတာ။ လံခြားကို ဘယ်သူတွေ ဆွဲသလဲ သိလား။ ကော်ရင်ဂျီတွေပဲပေါ့။

တို့က ကုလားမောင်းတဲ့ ရထားစီးကြတာဆိုတော့ ဒိုင်းနား-ညာချိုး။ ဘားယား-ဘယ်ချိုး၊ ဆီးတား-တည့်တည့်၊ အာစတေး-ဖြည်းဖြည်း၊ ဂျာလတီး- မြန်မြန်။ ဟိုး-ရပ်တော့ ဆိုတဲ့ကုလားစကားကို လူတိုင်း တတ်ကြတယ်။ အမေတို့ စျေးသွားတဲ့အခါ စျေးဝယ်တဲ့ စျေးဆွဲခြင်းဟာ လေးရင် ဘယ်တော့မှ ကိုယ့်ဖာသာ မဆွဲခဲ့ဘူး။ စျေးထဲမှာ တောင်းကလေးတွေ ထမ်းပြီး 'အစ်မ-ကူလီ- ကူလီ' လို့အော်နေတဲ့ ကလေးအလုပ်သမား ကော်ရင်ဂျီကလေးတွေကို ခေါ်ပြီး အကိုင်ခိုင်းလိုက်တာပဲ။ ပေးရတာက ၂ ပြား၊ ၁ ပဲကိုး။

ဟို ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်က တို့နိုင်ငံမှာ တို့လူမျိုးတွေက အောက်တန်း ကျတယ်ထင်တဲ့ အလုပ်မျိုးတွေကို တို့က မလုပ်ဘူး။ အဲဒီ ကော်ရင်ဂျီတွေက စျေးပေါပေါ နဲ့ လာလုပ်ပေးနေတယ်လေ။ တို့ကလည်း မိလ္လာသိမ်းတာကအစ ကောက်စိုက်တာ အဆုံး သူတို့ကို ခိုင်းတာပဲ။ သူတို့ တို့နိုင်ငံထဲ လာအလုပ်လုပ်နေတာက သိန်းနဲ့သန်း နဲ့ချီ ရှိတယ်ကွဲ့။ အောက်မြန်မာနိုင်ငံမှာ သာပြီး ပေါများသေးတယ်။

သူတို့ခမျာမယ် သူတို့နိုင်ငံက ဘယ်လောက်ဆင်းရဲနေလို့ တို့ဆီကိုလာပြီး ဒီလို စျေးပေါပေါနဲ့ လုပ်နေသလဲတော့ မသိဘူး။ ဒါပေမယ့် တို့နိုင်ငံမှာ သူတို့ နေကြ ထိုင်ကြပုံ ကိုပြောပြကို ပြောပြဦးမယ်နော်။ ရေထမ်းပေးနေတဲ့ ရေဖောက်သည် ကော်ရင်ဂျီတယောက်က "အစ်မ အိမ်ဘေးက အဖီကလေး အားရင်ငှားပါ။ ကျွန်တော် တလ (၅)ကျပ် ပေးပါ့မယ်" ဆိုတာမျိုး လာပြောရင် အမိုးသာရှိပြီး တခန်းသာကျယ်တဲ့အဖီမို့ အိမ်ရှင်က အဖီကလည်း အားနေတာ၊ တလ (၅) ကျပ်ဆိုတာလည်း အလကားရနေတာ ပန်နီဝါလား လာနေရင် အိမ်စောင့် ဒလဝမ်တောင် ရသေးတယ်ဆိုပြီး ငှားလိုက်မိရော။ သူတို့က အကာကလေး တောက်တီးတောက်တဲ့ ထည့်တယ်။ ပထမတော့ အဖီကလေးထဲ ကုလား ၂ - ၃ ယောက်။ နောက်တော့ ၃ - ၄ ယောက်၊ နောက်တော့ ၅ ယောက် ၆ ယောက်၊ နောက် ၁ဝ ယောက် ၁၅ ယောက်။ လူတွေ များများလာလိုက်တာ၊ ညများ ဘယ်လို အိပ်ကြပါလိမ့်လို့ စဉ်းစားလို့တောင် မရဘူး။ တချို့လည်း အပြင်မှာ ထွက်အိပ်ကြတာပါ။ သူတို့က တနေကုန်အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ကြ၊ ညနေတိုင်တော့ ထန်းရည်၊ ဓနိရည်စတဲ့ အပေါဆုံး အရက်သေစာကလေး သောက်စားပြီး ပြန်လာကြ၊ အခန်းမှာ သီချင်းညည်းတဲ့လူကညည်း၊ စကားဖောင်လောက်အောင် ပြောတဲ့လူက ပြော၊ တချို့က တကိုယ်ရေ မဟုတ်ဘူး၊ ကုလားမဇနီး ပါလာသေးတယ်။ ဒီမိန်းမနဲ့ အိမ်ထောင်သည် ဒီအခန်း ကျဉ်းကျဉ်းကလေးထဲ ဘယ်လိုနေကြမှန်းလည်း မစဉ်းစားတတ်ဘူး။ သူတို့မှာ စာတတ်တဲ့လူ မရှိဘူး။ သူတို့ နိုင်ငံပြန်ပြီး စာရေးချင်ရင် သူတို့လူမျိုးချင်းထဲ က စာတတ်တဲ့လူကို ပိုက်ဆံပေးပြီး အရေးခိုင်းတယ်။ အဲဒီလူက စားပွဲကလေး တတောင်လောက်နဲ့ လမ်းဘေးထိုင်နေတာ။ အလုပ်လုပ်လို့ ရသမျှစုဆောင်းပြီး နေရပ်ကို တလတကြိမ် ငွေပို့တယ်။ သူတို့ စားတာက ပဲဟင်းနဲ့ ငရုတ်သီးတောင့်။ ထမင်းကို ပဲဟင်းဆမ်း၊ ဆားဖြူး၊ ငရုတ်သီး အတောင့်လိုက် ကိုက်စား၊ တပန်းကန် ကုန်ပြီဆိုတော့ ပန်းကန်ထဲ ရေထည့် လက်ဆေးပြီး အဲဒီ လက်ဆေးရေ ပန်ကန်ဆေးရေကို မော့သောက်လိုက်တာ၊ သွန်မပစ်ဘူး။ ပလုတ်ကျင်းပြီးတော့လည်း မျိုချလိုက်တာ၊ ထမင်းတစေ့ မလေလွင့်ရဘူး။ တခါတရံ သိပ်ပိုက်ဆံစုမိလို့ရှိရင် အိန္ဒိယပြန်တဲ့လူက ရှိသေးတယ်။ ခဏပြန်တာနော်၊ အပြီးမဟုတ်ဘူး။ အဲဒီပြန်ရင် သူက မိန်းမနဲ့လူဖြစ်ခဲ့ရင် သူ့မိန်းမကို ပိုက်ဆံပေးနိုင်တဲ့ အတူနေ ကော်ရင်ဂျီတယောက်ကို ငှားထားခဲ့တယ်။ တလ ဘယ်ရွေ့ ဘယ်လောက်ဆိုတဲ့ စျေးနှုန်းနဲ့။ ဒီငှားခ ယူသွားတယ်၊ သူပြန်လာတော့ သူ့မိန်းမကို ပြန်ယူပြီး ပြန်ပေါင်းတယ်။ အဲဒီ ကော်ရင်ဂျီ အလုပ်သမားတွေဟာ တို့နိုင်ငံကို ကမ္ဘာစစ်မီးကြီး ရောက်ရှိ တောက်လောင်လာတော့ အိန္ဒိယကို ပြန်ပြေးကြတယ်။

ဘယ်လောက်ပြန်ရောက်လို့ ဘယ်လောက်လမ်းမှာ သေသလဲ မသိဘူး။ အများစုကြီးက ကုန်းလမ်းကနေပြီး ခြေကျင် ပြန်ကြရတာကိုး။ စစ်ကြီးပြီးတော့ ဒီအလုပ်သမားတွေ တို့နိုင်ငံက လက်မခံတော့ဘူးကွဲ့။ ဒါကြောင့် စစ်ပြီးမှ လူဖြစ်တဲ့ လူငယ်တွေက ကော်ရင်ဂျီ အလုပ်သမားတွေ အကြောင်းကို မသိကြတော့ဘူး။ စျေးပေါပေါနဲ့ အားမနာတမ်း ခိုင်းရစေရတဲ့ လူတွေ တခါတုန်းက တို့ဆီမှာ အများကြီး ရှိခဲ့ဖူးတယ်ဆိုတာကိုလည်း မသိကြတော့ဘူး။ တနေ့က မလေးရှားတို့၊ ထိုင်းတို့မှာ တို့ဆီက အလုပ်သမားတွေ တရားမဝင် သွားရောက် လုပ်ကိုင်နေကြတာ သိန်းဂဏန်းနဲ့တောင် ရှိတယ်။ ဒီအလုပ်သမားတွေက တိုင်းရင်းသားတွေ မလုပ်ချင်တဲ့ အလုပ်တွေမှာ စျေးပေါပေါနဲ့ ခိုင်းလို့ရနေလို့ ခိုးဝင်တာ ဖြစ်ပေမယ့် မပြန်စေချင်ဘူးဆိုတဲ့ သတင်းတခု ကြားလိုက်ရတာ အမေ့မှာ ကြက်သီး ထလိုက်တာ။

ကလျာမဂ္ဂဇင်း၊ အမှတ် ၁ဝ၈၊ ၁၉၉၄ ဖေဖော်ဝါရီ။

Friday, June 13, 2014

သူ … ပန်းချီဆွဲနေတယ်

ပန်းချီ ခင်မောင်ရင် (၁၉၃၈-၂၀၁၄) ကွယ်လွန် မိုးမခ၊ မောင်မိုးသူ၊ ပန်မဂ္ဂဇင်း၊ ဇွန် ၁၁၊ ၂၀၁၄

မြန်မာပြည်၏ ရှေ့ဦးမော်ဒန်ပန်းချီဆရာ၊ အာခီတက်၊ အနုပညာရှင် ဦးခင်မောင်ရင်သည် ဇွန် ၁၀၊ ညနေ ၃ နာရီခွဲခန့်၊ ရန်ကုန်မြို့၊ ပင်လုံဆေးရုံကြီးတွင် လည်ချောင်းရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။

ဆရာဦးခင်မောင်ရင်အကြောင်း အမှတ်တရရေးခဲ့သော မောင်မိုးသူ၏ ဆောင်းပါး ပန်မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂၀၀၉ ထုတ်မှ ပြန်လည်ကောက်နုတ် ဖော်ပြလိုက်ပါသည်။

သူ … ပန်းချီဆွဲနေတယ် မောင်မိုးသူ အောက်တိုဘာ ၂၃၊ ၂ဝဝ၉မောင်မိုးသူ နှင့် ခင်မောင်ရင်

ပန်မဂ္ဂဇင်းကို ကိုနိုင်ကြီး ပြန်လုပ်မယ် ဆိုတော့ ခင်မောင်ရင်အကြောင်း ရေးဖို့ လိုတယ်လို့ ဆုံးဖြတ်ကြပါတယ်။ ဆုံးဖြတ်တော့ အသင့် အနားမှာ ရှိတဲ့ ခက်မာကို ရေးခိုင်းပေါ့၊ ရတာပဲ။ တကယ့်တကယ်ကျတော့ ခက်မာက ခင်မောင်ရင် အကြောင်း ရေးဖို့က သိပ်မလွယ်ဘူး။ ခင်မောင်ရင်က သူ့အကြောင်းကို စိတ်လိုလက်ရ ပြောချင်မှ ပြောတဲ့သူ။ သူ့ပန်းချီတွေအကြောင်း ပြောဖို့ ဆိုတာ ပိုပြီး ခက်သေး။ “စကားလုံးတွေက င့ါရဲ့ အနုပညာ ပုံဖော်မှု မဟုတ်ဘူး။ ငါက ဆေးတွေ၊ အရောင်တွေနဲ့ ပုံဖော်တာ” လို့ ပြောချင် ပြောတတ်တဲ့ လူစားလေ။ ဒီတော့ နောက်ဆုံး မိန်းမရမယ်လို့ ဟောမိတဲ့ ဗေဒင်ဆရာလို့ဲ မောင်မိုးသူကိုယ်တိုင်ပဲ ရေးရဖို့ ဖြစ်လာပါတော့တယ်။ ရေးမယ် ဆိုတော့ ခင်မောင်ရင်အကြောင်းပဲ အလွတ် ရနေပြီးသား ရေးချလိုက်ပါလား ဆိုပေမဲ့ သူရဲ့ အိမ်လေးကို တစ်ခေါက် သွားချင်သေးတယ်။ သူနဲ့ စကားတွေ ပြောချင်သေးတယ်။ ဒါနဲ့ ကိုနိုင်ကြီးကို ခေါ်ပြီး ခင်မောင်ရင့်အိမ်လေး ရှိရာကို ရောက်လာခဲ့ပါတယ်။

ရောက်မဆိုက်ဘဲ ခင်မောင်ရင်က “ဟေ့ကောင် … စိန်မြင့် ခေါ် ဘကြီးမိုး ငါ မင်းအကြောင်း စာရေးမလို့ ၅ ကြောင်း ရေးပြီးနေပြီကွ” ဆိုပြီး ရေးလက်စ စာရွက်လေးကို ပြပါတယ်။ “စာမူခက လေးထောင်ရမှာ” လို့ ကြွားပါသေးတယ်။ မောင်မိုးသူကလည်း မနေပါဘူး။ “အေး ငါလည်း မင်းအကြောင်း ရေးဖို့ အခု လာတာ” လို့ ပြောတာပေါ့။

ခင်မောင်ရင်နဲ့ ဘယ်လို ဆုံစည်းကြတာလဲ … ။

ခင်မောင်ရင်အကြောင်း၊ ခင်မောင်ရင်နဲ့ ဘယ်လို ဆုံစည်းမိကြတယ် ဆိုတဲ့ အကြောင်း ရေးရင် အေအိုင်(A.I) အကြောင်းက စရမှာ ဖြစ်ပါတယ်။ အေအိုင် ဆိုတာ ဗိသုကာ ၃ ဦး စုစည်း တည်ထောင်ထားတဲ့ ရုံးခန်းတစ်ခု ဖြစ်ပါတယ်။ ၂၄ လမ်းနဲ့ ကမ်းနားလမ်းထောင့် ပထမထပ်မှာ ရှိတာပါ။ ရုံးခန်းပေါ် တက်တဲ့ လှေကားက ၂၄ လမ်းဘက်က တက်ရပါတယ်။ ဗိသုကာ ၃ ဦး ကတော့ ဘိုကြီး၊ တင်ထွန်း နဲ့ အောင်ကြီးမြင့်တို့ ပါပဲ။ အဲဒီအထဲက အသက်အကြီးဆုံး ဖြစ်တဲ့ ဘိုကြီးက ဇော်မြင့် (ဇော်ဇော်အောင်) နဲ့ သူငယ်ချင်း။ ဇော်မြင့်က မိုးသူရဲ့ သူငယ်ချင်း။ ဒီတော့ ဇော်မြင့်ကို အောကာင်းပြုပြီး သူတို့ရဲ့ အေအိုင် ရုံးခန်းကို ရောက်ပါတယ်။ ဗိသုကာ ဆိုတာ အိမ်ဆောက်တဲ့သူလောက်ပဲ မောင်မိုးသူ အစက ထင်ထားခဲ့တာ။ သူတို့နဲ့ တွေ့မှ ဗိသုကာ ပညာရပ်ရဲ့ အနုပညာသဘောဆောင်မှု၊ လူ့လောကကို အလှဆင် ဖန်တီးနိုင်မှု၊ ခေတ်ပေါ် မော်ဒန်စိတ်ကူးတွေကို ဖန်တီး ပုံဖော်သူတွေ အဖြစ်နဲ့ သိကျွမ်းခဲ့ရပါတော့တယ်။ အဲဒီ အေအိုင် ဆိုတဲ့ ဗိသုကာရုံးကလည်း လူငယ်တွေချည်း ဆိုတော့ လွတ်လပ်ပြီး ပျော်စရာကောင်းတဲ့ စုဝေးစရာ နေရာလေးတစ်ခု ဖြစ်လာတော့တာပေါ့။ အဲဒီအချိန်မှာ မောင်မိုးသူက တက္ကသိုလ်ရုပ်ရှင်မှာ ရေပွက်ပမာ ရိုက်ဖို့ လုပ်ကြချိန် ဖြစ်ပါတယ်။ အံမယ် … မဟုတ်သေးဘူး။ “ရေပွက်ပမာ” ဇာတ်ကားကို တက္ကသိုလ်ရုပ်ရှင်က သူငယ်ချင်း တက္ကသိုလ် ကိုကိုလေးနဲ့ ရိုက်ဖြစ်တဲ့ ပထမဆုံး ဇာတ်လမ်းအစ နေရာကိုက အေအိုင်မှာ ဖြစ်ပါတယ်။ ထားပါ … ထားပါ … ရေးချင်တာ ရေးရမှာက ခင်မောင်ရင် အကြောင်းလေ။

အေအိုင် ဆိုတဲ့ ဗိသုကာ ရုံးခန်းလေးမှာ မောင်မိုးသူရဲ့ အနုပညာသည် အစုအပေါင်းတွေ အားလုံး ညနေပိုင်းမှာ စုစည်း ဆုံစည်းဖြစ်ကြပါတယ်။ သူငယ်ချင်း ရုပ်ရှင်ဒါရိုက်တာ ကိုကိုလေးနဲ့ ရုပ်ရှင်သမားတွေ၊ စာရေးဆရာတွေ ဖြစ်တဲ့ မြင့်ထွန်းသိန်း (ထွန်းထွန်း ဆေးသိပ္ပံ)၊ သိန်းသန်းထွန်း၊ ဇော်ဇော်အောင်၊ မိုးကြည် စတဲ့ သူငယ်ချင်းတွေ၊ ပန်းချီဆရာတွေ ဖြစ်တဲ့ ဗဂျီအောင်စိုးတို့၊ ပေါ်ဦးသက်တို့၊ ပြားကြီးတို့ တစ်တွေ အေအိုင်မှာ စုရပ်လေး ရောင်တဗူ လုပ်ပြီး အနုပညာ လူငယ်ဘဝကို စုဝေး ဆုံစည်းနေကြပါတယ်။ အဲဒီမှာ ခင်မောင်ရင်က အေအိုင်ရုံးခန်းမှာပဲ နေတဲ့ လူအဖြစ်နဲ့ ရောက်လာတာ။ ခင်မောင်ရင် မရောက်ခင်က အေအိုင်ဟာ ရုံးခန်းသက်သက်ပဲ ညည နေတဲ့လူ မရှိဘူး။

ခင်မောင်ရင်က အဲဒီတုန်းက ပါကစ္စတန် ဒက္ကာ ဗိသုကာ လုပ်ငန်းစု တစ်စုမှာ ဗိသုကာ လုပ်နေရင်းက အိန္ဒိယ ဒါရိုက်တာ ဆာတရာဂျစ်ရေး ရိုက်တဲ့ “အပူး” ဇာတ်လမ်းတွဲ သုံးကားကို ကြည့်မိသွားပြီး အဲဒီလို ကားမျိုး အနုပညာမြောက်တဲ့ ကားမျိုး ရိုက်မှ တော်လေမှာပဲ ဆိုပြီး မြန်မာပြည် ရန်ကုန်ကို ပြန်လာပြီး သူငယ်ချင်းတွေရဲ့ ရုံးခန်း အေအိုင်မှာ နေတော့တာကိုး။ ပြီးတော့ ဗိသုကာအလုပ်ကို သူမလုပ်ဘူး တဲ့။ သူက ပန်းချီဆွဲပြီးနေမယ်။ ပြီးတော့ ရုပ်ရှင်ရိုက်မယ်တဲ့လေ။ ခင်မောင်ရင်ပဲ ကံကောင်းတာလား၊ ဘာလားတော့ မသိဘူး။ အဲဒီအချိန်မှာ မောင်မိုးသူတို့က တက္ကသိုလ်ရုပ်ရှင် ဆိုတာ ရှိနေပြီ။ တက္ကသိုလ်ရုပ်ရှင်က “လွမ်း” တို့၊ “ဗိုလ်ကြီးမမ” တို့ ရိုက်အပြီး “ရေပွက်ပမာ” ရိုက်နေပြီလေ။ ခင်မောင်ရင်ဟာ ကိုကိုလေးတို့၊ မောင်မိုးသူတို့နဲ့ လုံးမိသွားသလို ပေါ်ဦးသက်နဲ့လည်း မခွဲနိုင် မခွာရက် ဖြစ်သွားပါတော့တယ်။

လောကကြီးမှာ တိုက်ဆိုင်မှု တရား ဆိုတာလည်း ရှိတတ်လေသေးရဲ့။ အေအိုင်က ဗိသုကာ သုံးဦးကို နိုင်ငံတော်က ဆောက်လုပ်ရေး ၀န်ကြီးဌာနမှာ အမှုထမ်းရမယ် ဆိုပြီး ဖြစ်လာရော။ ဘိုကြီး၊ တင်ထွန်း နဲ့ အောင်ကြီးမြင့်တို့က အစိုးရဝန်ထမ်းများ အဖြစ် ဆောက်လုပ်ရေးမှာ လုပ်ကြရပါတယ်။ ဒီတော့ အေအိုင်ရုံးခန်းလေးဟာ အဲဒီမှာ အိပ်တဲ့ ခင်မောင်ရင်က အပိုင်စား ရသလို ဖြစ်သွားပြီး မောင်မိုးသူတို့ အနုပညာသမားတွေရဲ့ မှီခို လွတ်လပ်တဲ့ ညနေပိုင်း စုဝေးစရာ နေရာလေး ဖြစ်လာတော့တာပါပဲ။

ခင်မောင်ရင်က ရုပ်ရှင်ရိုက်မယ် ဆိုတော့ ကိုကိုလေးတို့၊ မောင်မိုးသူတို့က တက္ကသိုလ် ရုပ်ရှင်ထုတ်လုပ်ရေးကို ပေးရတာပေါ့။ သူတင်တဲ့ ဇာတ်ကားအမည်က “နှမလက်လျှော့ နေလေတော့” ပါ တဲ့။ မောင်မိုးသူတို့က “ဟေ့ကောင် အဲဒါ တွံတေးသိန်းတန်ရဲ့ နာမည်ကြီး သီချင်းကွ” လို့ ဆိုတော့ ခင်မောင်ရင်က မျက်နှာထိ မျက်နှာထားနဲ့ “ဘယ်ကလာ တွံတေးသိန်းတန် သီချင်းရမှာလဲ၊ ရှင်မဟာ ရဋ္ဌသာရ ရဲ့ ကဗျာကွ” လို့ ပြန်ပြောတာနဲ့ မောင်မိုးသူလည်း ခေါင်းပုပြီး နေလိုက်ရပါသေးတယ်။ ခင်မောင်ရင့် နှမလက်လျှော့ နေလေတော့ ဇာတ်ကားကို ကိုကိုလေးတို့၊ မောင်မိုးသူတို့က ကုမ္ပဏီ အလကားပေး၊ ညွန့်မြန်မာဦးနေဝင်းက စက်ကို အလကားပေးတာနဲ့ပဲ ခင်မောင်ရင်က အဲဒီကားကို ဂျာနယ်ကျော်မမလေးရဲ့သား မောင်သိန်းတန်နဲ့ မင်းသမီးအသစ် သိန်းသိန်းဦးနဲ့လား မသိပါဘူး၊ ရိုက်ပါတော့တယ်။ ဇာတ်ကျောရိုးကတော့ ဆာတရာဂျစ်ရေးရဲ့ “အပူး” သုံးတွဲထဲက တစ်ပုဒ်ပါပဲ။ ခင်မောင်ရင်ဟာ ပိုက်ဆံ တစ်ပြားမှ မရှိဘဲနဲ့ အဲဒီကားကို ရိုက်ပါတယ်။ ရုပ်ရှင်အကြောင်း ထားလိုက်ဦး။

ဗိသုကာတွေ ရုံးအလုပ်တွေ ရသွားပြီး ခင်မောင်ရင်ပဲ နေတဲ့ အေအိုင်ဟာ ပန်းချီပဲ ဆွဲနေတဲ့ ခင်မောင်ရင်နဲ့ ပန်းချီဆရာများရဲ့ ပန်းချီစတူဒီယို ဖြစ်သွားပါတော့တယ်။ မန္တလေးကနေ ရန်ကုန်ကို အမြဲလိုလို ဆင်းလာရတဲ့ ပေါ်ဦးကလည်း ခင်မောင်ရင်နဲ့ပဲ အတူနေဖြစ်ပါတော့တယ်။ ခင်မောင်ရင်မှာ ကိုယ်ပိုင် ဆိုလို့ ရက်ကော့ချိန်ချာ လို့ ခေါ်တဲ့ ဓာတ်ပြားဖွင့်စက်ကြီး တစ်လုံးနဲ့ ဘီသိုဘင်၊ ချက်ကောစကီးကအစ လူဝီအမ်းစထရောင်း အထိ ဂန္ထဝင်ဓာတ်ပြားချပ်တွေ အများကြီး ရှိပါတယ်။ ခင်မောင်ရင်က အဲဒီဓာတ်စက်ကို တစ်ချိန်လုံး ဖွင့်ထားပါတယ်။ ခင်မောင်ရင်က နိုင်ငံခြားသံအဖွဲ့ဝင်တွေနဲ့လည်း အဆက်အစပ် ရှိလေတော့ အဲဒီ သံအရာရှိတွေကတစ်ဆင့် ပန်းချီဆေးများ ရအောင် ဖန်တီးပါတယ်။ အေအိုင်မှာ မနားမနေ ပန်းချီရေးကြသူတွေကတော့ ခင်မောင်ရင်နဲ့ ပေါ်ဦးသက်ပါပဲ။ မောင်မိုးသူတို့၊ ပေါ်ဦးသက်တို့ရဲ့ အပေါင်းအသင်း ပန်းချီဆရာများ ဖြစ်တဲ့ ပန်းချီ အောင်စိုးတို့၊ ဦးခင်မောင်(ဘဏ်) တို့၊ ကိုရွှေအောင်သိမ်းတို့လည်း အဲဒီမှာ စခန်းချလာဖြစ်သလို ခင်မောင်ရင်ကို အကြောင်းပြုပြီး ဒေါက်တာစံမြင့်တို့၊ ဘိုရွန်တို့လည်း ရောက်လာကြပါတယ်။ အေအိုင်ဟာ တကယ်ပဲ ပန်းချီရပ်ဝန်းလေးတစ်ခု ဖြစ်လာပါတယ်။ ဒီနေရာလေးရဲ့ ထူးခြားမှုက တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဖန်တီးမှုကို ကျန်တစ်ယောက်က ၀င်ရောက် စွက်ဖက်ခြင်း မရှိတာပါပဲ။ ခင်မောင်ရင်ကလည်း တစ်သက်လုံး ခင်မောင်ရင်လို့ဲ ရေးပြီး ပေါ်ဦးသက်ကလည်း တစ်သက်လုံး ပေါ်ဦးသက်လိုရေး၊ ကိုရွှေအောင်သိမ်းကလည်း ကိုရွှေအောင်သိမ်းလို့ဲ ရေးသွားကြတာပါပဲ။ ကြုံရာကျပန်း ဆိုသလို ပန်းချီ အရေးကောင်းလှတဲ့ ပြားကြီးကလည်း တစ်ခါတစ်ရံ ပန်းချီ ၀င်ရေးပါတယ်။ မောင်မိုးသူလည်း ပထမဆုံး ကားတစ်ကား ရေးမိပြီး ပထမဆုံး ရောင်းရဖူးတာ အဲဒီ အေအိုင်မှာပါပဲ။ အဲဒီမှာတင် မောင်မိုးသူက “ငါက ဟန်ဒရက်ပါဆင့် ပိန်တာ တစ်ကား ရေးပြီး တစ်ကားပဲ ရောင်းရတဲ့ကောင်” ဆိုပြီး မရေးဘဲ နေပါတော့တယ်။ နောက်ထပ် နှစ်ကား ရေးရင်း ၅၀ ရာခိုင်နှုန်း ပန်းချီဆရာ ဖြစ်သွားမှာ စိုးလို့လေ။ အဲဒီလို ကိုယ့်အတွေးနဲ့ကိုယ် ကြောင်တဲ့လူတွေ စုပြီး နေကြတဲ့ အရပ်ပါ။ ရေးရင်း ပြောရင်းတောင် လွမ်းမိလိုက်တာ။

ခင်မောင်ရင်က တကယ်ကို မနားမနေ ပန်းချီပဲ ရေးနေတာ။ သူ စာဖတ်တယ်၊ ခဏပဲ၊ ပန်းချီပဲ ထိုင်ရေးနေတာ။ အဲဒီ တစ်ချိန်လုံးမှာတော့ သူ့ရဲ့ ဓာတ်စက်ကြီးမှာ ဂန္ထဝင်တေးဂီတ၊ ဓာတ်ပြားတွေ အမြဲ ဖွင့်ထားပါတယ်။ ပေါ်ဦးကလည်း မရပ်မနား ပန်းချီရေးနေတဲ့သူပါပဲ။ ပေါ်ဦးက ခင်မောင်ရင်လို နိုင်ငံခြား ဂန္ထဝင် သီချင်း ဖွင့်ထားသူ မဟုတ်ပါဘူး။ သူ့ ယောက္ခမကြီး (ဆရာမြို့မငြိမ်း)သီချင်းတွေကို သံစဉ် အမျိုးမျိုးနဲ့ ပါးစပ်က ဆိုညည်းနေသူ ဖြစ်ပါတယ်။ ပေါ်ဦးကလည်း ဂီတ ၀ါသနာပါသူ၊ ရူးသူ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး စ ပန်းချီ ဆွဲပြီး ရတဲ့ ပိုက်ဆံနဲ့ ဆက်ဆိုဖုန်းတစ်လက် ၀ယ်လိုက်လို့ သူ့ရဲ့ မဒမ် ဒေါ်တင်ကြည် ဒေါပွတာတောင် ခံရဖူးသေး။

အဲဒီ အေအိုင်မှာ ပင်တိုင် ပန်းချီ ထိုင်ရေးနေကြသူများကတော့ ခင်မောင်ရင်နဲ့ ပေါ်ဦးသက်ပါပဲ။ ဒီနောက်မှာမှ ဦးရဲထွန်း စာရေးတဲ့ ဓမ္မိကဘသန်း(ယောနသံစင်ရော်)ကို အကြောင်းပြုပြီး လောကနတ်ပန်းချီပြခန်း ဖြစ်လာတာ။ ခင်မောင်ရင်၊ ပေါ်ဦးတို့ကနေ စုပေါင်းပြီး ပြပွဲတွေလည်း လုပ်ဖြစ်တယ်။ သံရုံး၊ သံအရာရှိတွေ အိမ်မှာလည်း ပြဖြစ်တယ်။ ခင်မောင်ရင်ရဲ့ ပန်းချီကားတွေ အဲဒီတုန်းက ၀ယ်သူသိပ်မရှိပေမဲ့ ပေါ်ဦးကားတွေကတော့ ရှိပါတယ်။ ပေါ်ဦးသက်ရဲ့ ၀ါတာကာလာကား ဆိုရင် တစ်ကား ရ၅ ကျပ် ရတယ်။ ခင်မောင်ရင်တို့၊ မောင်မိုးသူတို့က ၆ ကားယူရင် ၃၀၀ ကျပ်ပဲပေး ဆိုပြီး လျှော့ရောင်းပြီး စားသောက်ပစ်ကြတယ်။ ပိုတဲ့ပိုက်ဆံမှ ပေါ်ဦးကို ပေးပေါ့။ အဲဒီအချိန်မှာ နည်းနည်းထောသူက အောင်သိမ်း (ကိုရွှေအောင်သိမ်း) ဖြစ်ပါတယ်။ သူက အမာခံကိုယ်စားလှယ် ဖြစ်ပါတယ်။ နောက်တစ်ယောက်က မန္တလေးက ဆရာဦးခင်မောင် (ဘဏ်)၊ ဆရာလာရင်တော့ ခင်မောင်ရင်နဲ့ နှစ်ယောက်သား တိုးတိုး တိတ်တိတ်ပဲ ရန်ကုန်မြို့က အရက်ဆိုင်မကျန် ရောက်ဖူးမှ ဆိုပြီး ဆရာ့ပိုက်ဆံနဲ့ ခင်မောင်ရင်က လိုက်ပို့လေ့ ရှိတယ်။

ပန်းချီဆရာ ခင်မောင်ရင်

ခင်မောင်ရင်က “စကားလုံးများသည် ကျွနု်ပ်၏ အနုပညာ ဖန်တီးမှုများ မဟုတ်ပါ။ ကျွန်တော်သည ပန်းချီဆရာ ဖြစ်သည်။ ကျွန်တော်သည် အရောင်ကိုသာ အသုံးချလို့ အနုပညာကို ဖန်တီးသည်။ ကျွန်တော့စကားသည် အရောင်သာ ဖြစ်သည်။ ကျွန်တော်သည် အရောင်နှင့်သာ စကားပြောတတ်သည်။ ကျွန်တော်သည် အရောင်ကို ချစ်သည်။ ကျွန်တော်သည် အရောင်ကို အလွန်ချစ်သည်။ ကျွန်တော့်အချစ်သည် အရောင်ဖြစ်သည်” ဟု ဖွင့်ဟ ရေးသားဖူးပါတယ်။

ခင်မောင်ရင်ကို စတွေ့ခဲ့တဲ့ အချိန်က စပြီး ခုချိန်အထိ တစ်ချိန်လုံး ပန်းချီပဲ ထိုင်ရေးနေသူ ဖြစ်ပါတယ်။ အဲ … ခင်မောင်ရင် ကျောင်းလည်း ထောင်ဖူးပြီး စာလည်း သင်ဖူးပါတယ်။ မြောက်ဥက္ကလာပမှာ သူ တည်ထောင်ခဲ့တဲ့ ကျောင်း “အောင်စည်” ကျောင်းဟာ ထင်ရှားခဲ့ပါတယ်။ သူ့တပည့်တွေကလည်း သူတို့ရဲ့ ပန်းချီဆရာကြီး ခင်မောင်ရင်ကို တမ်းတမ်းတတနဲ့ အမှတ်ရနေကြပါရဲ့။ ပန်းချီဆွဲတာအပြင် ခင်မောင်ရင် နောက်ထပ် ၀ါသနာ ပါတာက ကလေးတွေကို စာသင်တာပဲ ဖြစ်ပါတယ်။ သူ စာသင်တဲ့အခါ တကယ်ပဲ ဟိုးရှေးရှေးတုန်းက ဆရာကြီးတွေလို အော်ဟစ် ငေါက်ငမ်း ရိုက်နှက်ပြီး သင်ကြားသူ ဖြစ်ပါတယ်။ အချိန်တွေ ကုန်လွန်ပြီးကာမှ တပည့်တွေက သူတို့ရဲ့ ဆရာကြီးကို တမ်းတမ်းတတ ဖြစ်နေတတ်ကြတယ်။

ပန်းချီဆရာ ခင်မောင်ရင့် အကြိုက်ဆုံး ပန်းချီဆရာတွေထဲမှာ မွန်ဒရေယွန် ပါတယ်။ ဗိသုကာသဘော နွယ်တာကြောင့်လည်း ပါနိုင်ပါတယ်။ မွန်ဒရေယွန်ရဲ့ မျဉ်းတွေ၊ အကွက်တွေမှာ အရောင်တွေ သွတ်သွင်းတဲ့ ကားမျိုးတွေ အများကြီး ခင်မောင်ရင် လိုက်ရေးဖူးပါတယ်။ နောက်တစ်ဦးကတော့ ဂျက်ဆင်ပိုးလော့ခ်။

ခင်မောင်ရင်တို့၊ ပေါ်ဦးသက်တို့တစ်တွေ ဆွဲစရာ ဆေးမရှိတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ပန်းချီဆေး အထူးသဖြင့် သူတို့ရေးနေကြတဲ့ ဆီဆေးတောင့်များနဲ့ ရှားလည်း ရှားပါး၊ ၀ယ်ယူဖို့လည်း မလွယ်ကူ၊ ခက်ခဲလှပါတယ်။ ၀ယ်ဖို့ ပိုက်ဆံမရှိတဲ့ အချိန်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆေးဖိုး မတတ်နိုင်လို့ ပန်းချီဆွဲစရာ ဆေး မရှိတာနဲ့ ခင်မောင်ရင် ပန်းချီ မရေးဘဲ မနေပါဘူး။ ခင်မောင်ရင်က သင်္ဘောဆေးရောင်စုံတွေ ၀ယ်ပြီး ကင်းဘတ်ပေါ်မှာ ဆေးတွေ အစက်ချပြီး ဂျက်ဆင်ပိုလော့ခ်ကားတွေ ဆွဲပါတော့တယ်။ ဒါကြောင့် မောင်မိုးသူတို့က ခင်မောင်ရင် ဂျက်ဆင်ပိုးလော့ခ်လို ကားတွေ ရေးနေပြီ ဆိုရင် ဘိုင်ကျနေပြီ လို့ သိပါတယ်။

ခင်မောင်ရင်ဟာ ပိုက်ဆံသာ မရှိတာ၊ အပေါင်းအသင်း အလွန်တော်သူ၊ ကောင်းသူ ဖြစ်ပါတယ်။ ၂၄ လမ်းတစ်ဝိုက်က ထမင်းဆိုင်တွေမှာ ခင်မောင်ရင်နာမည် သုံးပြီး မောင်မိုးသူတို့တစ်တွေ အကြွေး စားသောက်လို့ ရပါတယ်။ ဆိုင်ရှင်များက ခင်မောင်ရင့်မိတ်ဆွေ၊ သူငယ်ချင်းတွေပဲ ဆိုပြီး မောင်မိုးသူတို့ စားသောက်သမျှကို ခင်မောင်ရင့်စာရင်းမှာ အကြွေး မှတ်ထားလေ့ ရှိပါတယ်။ ခင်မောင်ရင်ကလည်း သူ ပိုက်ဆံရှိတာနဲ့ တစ်ပြိုင်နက် အဲဒီဆိုင်တွေမှာ အကြွေး ပြန်ဆပ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း အကြွေး ပေးနေကြတာ ဖြစ်နိုင်ပါတယ်။ ခင်မောင်ရင်ကို ခင်ကြ၊ ချစ်ကြတာကြောင့်လည်း ပါနိုင်ပါတယ်။ ခင်မောင်ရင်ဟာ အပြောအဆိုကလည်း ထော်လော်ကန့်လန့်။ လူက ချောသလောက် နှုတ်ခမ်းကြီး တစ်တောင်လောက် စူပြီး အမြဲ ကိုးလိုးကန့်လန့် စကားပြောတတ်သူ ဖြစ်ပေမဲ့ သူ့စိတ်ရင်းက ဖြူပြီး ဘာအတ္တမှ မရှိ၊ ဘာမှ လိုချင်တာ မရှိ၊ ဘာဆို ဘာမှ မရှိတဲ့သူ။ ဒီတော့ လူတွေက သူ့ကို ချစ်ကြပေမှာပေါ့။

ခင်မောင်ရင်နဲ့ မြောက်ဥက္ကလာပက ပထမအိမ်ကြီး (ကျောင်းလုပ်ဖူးတဲ့အိမ်ကြီး)ဟာ ကြမ်းခင်း ကျိုးတိုးကျဲတဲနဲ့၊ အောက်က ကန်စွန်းပင်တွေကလည်း ကြမ်းကြားထဲ ထိုးထိုးထောင်ထောင် ၀င်နေတတ်တာ။ အဲဒါကို အမြင်မတော်တဲ့ မိတ်ဆွေ ပန်းချီဆရာ စန်းမြင့် (အင်္ဂလန်မှာနေတဲ့ ပန်းချီဆရာ)က ရောက်တုန်းရောက်ခိုက် မတည်ငွေ ထုတ်ပေးခဲ့ပြီး ကိုတာတို့၊ နေမျိုးဆေးတို့ တစ်တွေက ၀ုိင်းဝန်းပြီး အခု အိမ်လေး၊ ကြမ်းကလည်း မကျဲတော့၊ အမိုးကလည်း ဓနိ မဟုတ်တော့တဲ့ အိမ်လေး ဖြစ်လာတာပါ။

ခင်မောင်ရင်ဟာ အချိန်တိုင်း ပန်းချီကားတွေ ဆွဲနေပြီး သူ့ကားတွေကို လိုချင် သိမ်းဆည်းချင်တဲ့သူတွေက သူ လက်မှတ်ထိုးပြီးတာနဲ့ ယူသွားကြတာ ဖြစ်ပါတယ်။ ခင်မောင်ရင်မှာ ပန်းချီကား လက်ကျန် မရှိပါ။ ဒါကြောင့် ခင်မောင်ရင့်ဆီမှာ ပိုက်ဆံလည်း ဘယ်တော့မှ မရှိပါ။ ပန်းချီကား ၀ယ်သူတွေက ပေးချင်သလောက် ပေးသွားတဲ့ ပိုက်ဆံတွေကို ဖျာအောက် ထိုးထည့်တာ ဒါမှမဟုတ် ဘီစကစ်ပုံးထဲ ထည့်လိုက်တာပဲ လုပ်ပါတယ်။ ခင်မောင်ရင်က ပန်းချီနဲ့ ပတ်သက်လို့ သူ့အယူအဆ တစ်ခုကို ထုတ်ဖော်ဖူးပါတယ်။

“ပန်းချီပညာတွင် ပုံဆွဲခြင်း အတတ်သည် အဓိက မဟုတ်၊ ကြည့်တတ်ခြင်းသာလျှင် အဓိက”

ဗဂျီအောင်စိုးနဲ့ ပတ်သက်ပြီး ခင်မောင်ရင်က ရေးဖူးတာရှိတယ်။

ဗဂျီအောင်စိုး၊ သူဆွဲချင်တာတွေ ဆွဲထားတာပေါ့ လို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ မှန်တယ်၊ သူ ဆွဲချင်တာ ဆွဲတာ။ သူဆွဲတာတွေကို ကောင်းလား မကောင်းလား လို့ မေးရင် အဖြေက ကောင်းတယ်၊ တစ်ခါတစ်ရံ သိပ်ကောင်းတယ်၊ ဘယ်တော့မှ မကောင်းတာ မရှိ လို့ ရေးဖူးပါတယ်။ နောက်မှတ်ချက်က

“ရိုးသားခြင်းသည် အဖိုးမဖြတ်နိုင်သော အမြုတေဖြစ်သည်” ဆိုတဲ့ စကားကို ကိုးကားပါတယ်။

ခင်မောင်ရင်နဲ့ အတူ နှစ်ရှည်လများ နေခဲ့သူ ဖြစ်လို့ ခင်မောင်ရင်တို့၊ ပေါ်ဦးတို့ ရေးသမျှကား အားလုံးနီးပါး မောင်မိုးသူ မြင်ဖူးတယ်။ ဘယ်ကားကို ဘယ်အချိန်မှာ ဘာကြောင့်ရေးဖြစ်သလဲ ဆိုတာလည်း သိနေပါတယ်။ အခုနေတဲ့ အိမ်တံခါးကို ခင်မောင်ရင် ဆေးသုတ်ထားတာ တွေ့တော့ ၂၄ လမ်းက အိမ်သာနံရံမှာ ခင်မောင်ရင် ရေးထားတဲ့ ပုံတူကားလေးကိုလည်း အမှတ်ရမိပါတယ်။ အိမ်သာရဲ့နံရံ အဖြူသားဟာ ထိုက်တန်သလောက် အိုမင်းလာပြီဖြစ်တဲ့အတွက် မြေဝါဖျော့ဖျော့ နေရာတချို့မှာ ရေညှိတွေ တက်နေပါတယ်။ အဲဒီ မူလ အရောင်တွေ ပေါ်မှာ ခင်မောင်ရင်က နှုတ်ခမ်းမွှေး ကားကားနဲ့ သူ့ပုံ ရေးပြီး အဲဒီပုံရဲ့ ခေါင်းပေါ်မှာ သရဖူတစ်ခု ဆွဲပေးထားပါတယ်။ ပြီးမှ အောက်ကစာကြောင်း “Is he a king or clown” လို့ ရေးပါတယ်။ ဒီကောင်ဟာ ဘုရင်ကြီးလား လူပြက်လားပေါ့…။

ခင်မောင်ရင် နောက်ထပ် ကြိုက်တဲ့ ပန်းချီဆရာ တစ်ဦးကတော့ မိုဒီကလရာနီ ဖြစ်ပါတယ်။ မိုဒီကလရာနီရဲ့ အမျိုးသမီးပုံတွေဟာ လက်တံရှည်ရှည်တွေနဲ့ ဖြစ်ပါတယ်။ ခင်မောင်ရင် ရေးရင်လည်း အဲဒီလို လက်တံရှည်ရှည်နဲ့ အမျိုးသမီး ပိန်ပိန်တွေရဲ့ ပုံတူ ရေးလေ့ ရှိပါတယ်။

၂၄ လမ်းထဲ အေအိုင်ခေတ်အလွန် ခင်မောင်ရင် မြောက်ဥက္ကလာပ ရောက်သွားတဲ့အချိန်က စပြီး ဟိုတုန်းကလို ခင်မောင်ရင်နဲ့ အမြဲတမ်း မတွေ့ရတော့ပါဘူး။ တစ်ခါတစ်ရံပဲ တွေ့ရပါတော့တယ်။ ဒီကြားထဲ မောင်မိုးသူက တစ်နေရာကို ရ နှစ်လောက် သွားနေလိုက်ရတော့ ပိုဝေးသွားတာပေါ့။ ဒါပေမဲ့ သူငယ်ချင်းကတော့ သူငယ်ချင်းပါပဲ။ သတိရမြဲ၊ ဆဲမြဲ၊ နှိမ်မြဲပါပဲ။ သူ့အကြောင်းကို စိတ်ကူးချိုချိုက ထင်ပါရဲ့ … စာရေးဆရာ သုံးယောက် စုပြီး ရေးထားတာကို ထုတ်ဖူးသေးတယ်။ စာအုပ် နာမည်က “ခင်မောင်ရင်” ပေါ့လေ။ ရေးသူကတော့ မောင်မိုးသူရယ်၊ ဇော်ဇော်အောင်ရယ်၊ ကိုတာရယ်ပါပဲ။ ခု ဒီဆောင်းပါး ရေးနေတဲ့ အချိန်မှာ ပြန်ကိုးကားဖို့ အဲဒီစာအုပ် မတွေ့မိတော့ဘူး။ မတွေ့ ဘာဖြစ်လဲ … ဘာမှ မဖြစ်ပါဘူး။ ခင်မောင်ရင် အကြောင်းပဲ ခုတွေ့၊ ခုတွေး၊ ခုရှိနေတာတွေ ရေးရုံပေါ့။ ရှင်းနေတာပဲ။ ခင်မောင်ရင်က သူ့တစ်သက်တာမှာ ပေါ်ဦးသက်နဲ့ အတူနေ၊ အတူဆွဲပြီး အင်မတန် ချစ်ခင်စွာ နေခဲ့ဖူးပါတယ်။ ပေါ်ဦး ကွယ်လွန်ပြီးတဲ့ နောက်မှာလည်း ပေါ်ဦးသက် အလည်လာခြင်း ဆိုပြီး တမ်းတမ်းတတ စာရေးပါတယ်။ တစ်နေ့က ခင်မောင်ရင်ဆီ ရောက်တော့ မောင်မိုးသူတို့ နှစ်ယောက်သား ပေါ်ဦးကို လွမ်းပြီး ပေါ်ဦး ဒီထက်မက အသက်ရှည်ရှည် နေထိုက်တဲ့ အကြောင်း လွမ်းလွမ်း ဆွတ်ဆွတ် ပြောဖြစ်ကြပါတယ်။

မောင်မိုးသူ စတွေ့တုန််းက ပန်းချီရေးတဲ့ ခင်မောင်ရင်ဟာ ခု သွားတော့လည်း ပန်းချီရေးနေတာပါပဲ။

ခင်မောင်ရင့် ပန်းချီကားတွေကို နှစ်ခြိုက် စွဲလမ်းပြီး စုဆောင်း သိမ်းဆည်းသူတွေလည်း အများကြီးပါ။ ခင်မောင်ရင်ကို မော်ဒန်ပန်းချီဆရာကြီး ဆိုပြီး သတ်မှတ်ထားသူတွေလည်း ရှိကြပါတယ်။ ခင်မောင်ရင်ကတော့ အဲဒါတွေကို ဘာမှ အမှတ်မထားပါ။ ဂရုလည်း မစိုက်ပါ။

သူဘာလုပ်နေလဲ။ သူ ပန်းချီဆွဲနေပါတယ်။ ခင်မောင်ရင် ပန်းချီဆွဲနေပါတယ်။ ခင်မောင်ရင်က ပန်းချီဆရာ … ။ [ မူရင်း - ၂ဝဝ၉ ဇန်နဝါရီလထုတ် ပန်မဂ္ဂဇင်း၊ စာမျက်နှာ ၃၂ ]...

ဂီတသည် ကျွန်တော့် အနားတွင် ကူးခပ်် နေပါသည်

ဂီတသည် ကျွန်တော့် အနားတွင် ကူးခပ်် နေပါသည်

ဂီတသည် ကျွန်တော့် အနားတွင် ကူးခပ်် နေပါသည် မျိုးဆွေသန်း (ဒီဇိုင်း)၊ မိုးမခ၊ ဇွန် ၁၁၊ ၂၀၁၄

ကျွန်တော် စာ အုပ်ဖတ်နေတာပါ၊ ဒီဇိုင်းလုပ်ပြီးလို့ အပေါ်ထပ်က ထပ်ခိုး ကျဉ်းကျဉ်းလေးထဲမှာ စိတ်ကလေး ကို အကျယ်ချဲ့ပြီး စန့်စန့်လေးကျောခင်းနေတာပါ။ ဒီထပ်ခိုးလေးထဲမှာ ကျွန်တော့် ညီ ကျော်ဇံလှ နေတာ၊ နောက်ဆုံးနှစ် ယဉ်ကျေးမှု တက္ကသိုလ်က ပန်းချီကျောင်းသား၊ အခန်းထဲမှာ ရှုပ်ပွလို့ ပန်ချီကားတွေ ပြည့်လို့၊ သံတိုင်နဲ့ ပြတင်းပေါက် သေးသေးလေးကနေ အပြင်ကို မြင်နေရတာ ဗိုလ်အောင်ကျော်လမ်းက ဟိန္ဒူဘုရားရှိခိုးကျောင်း။ အဲဒီ ဘုရားကျောင်း က ကုလား တာပလာဗုံသံတွေ ဆူညံ နေအောင်တီးနေတယ်၊ သူနောက်ကျောက လမ်း ၄၀ က ထပ်ခိုးလေးထဲကို အဲဒီဗုံသံတွေ ၀င်လာတာပေါ့၊ အဲဒီဗုံသံတွေက ကျွန်တော့်နားမှာ ကူူးခတ်နေတာကို ပြောတာမဟုတ်ပါဘူး။ ကျွန်တော့်ညီ ပန်းချီကျောင်းသားရဲ့ အိပ်ရာဘေးက စာအုပ် တအုပ်ကို လက်လှမ်းမီလို့ ယူဖတ်နေတာ။ သူ နောက်ဆုံးနှစ် စာမေးပွဲ အတွက် တင်သွင်းရတဲ့ကျမ်း..။

အဲဒီစာအုပ်က “ခေတ်သစ် ပန်းချီ ဦးခင်မောင်ရင်၏ လက်ရာများနှင့် အနုပညာ အတွေးအမြင်များ လေ့လာချက်” ဘွဲ့ယူစာတမ်းတဲ့။

ဦးခင်မောင်ရင်၏ ဘဝဖြစ်စဉ်၊ ပန်းချီပညာလေလာသင်ကြားမှု၊ လက်ရာများနှင့်အတွေးအမြင်များ၊ တွေ့ဆုံမေးမြန်းချက်၊ ခေတ်ပြိုင် ပန်းချီပညာရှင်များ၊ အနုပညာ စွမ်းဆောင်ချက်များ ဆိုပြီးအခန်းတွေ ခွဲထားတာတွေ လျှောက်ဖတ်ရင်းနဲ့ ဦးခင်မောင်ရင်ရဲ့ အမေးအဖြေ အခန်း မေးခွန်း ၃၄ မှာ ကျော်ဇံလှက ဆရာဂီတကို ကြိုက်လားလို့ အမေးမှာ ဦးခင်မောင်ရင်ရဲ့ အဖြေက “ဂီတ က ငါအသည်းပေါ့ ကွာ၊ နားထောင်တယ် ဒါပဲ အသည်းလို့ ပြောတာ၊ အသည်းပဲ။ နှစ်ဆယ်လေးနာရီ ဂီတ၊ မီးမလာရင်လည်းဂီတ၊ လာရင်လည်း ဂီတပဲ။ “Music Swan Around Me - ဂီတသည် ကျွန်တော့် ပတ်ဝန်းကျင်မှာ အမြဲပဲ ကူးခတ်နေပါသည်။”

“ဆရာ အဲဒါဘယ်သူ့ စကားလုံးလဲဆရာ ”..။

“ငါ့ စကားပေါ့ဟ..” တဲ့..။

အဲဒီ အမေးအဖြေ (၁၁၃) ခုကို ဖတ်ပြီးတာနဲ့ ချက်ချင်းပဲ စာအုပ်ချပြီး ဆရာဆီသွားဖို့ အောက်ဆင်းလာခဲ့ တာပါပဲ၊ အဲဒီလမ်း၄၀ ထပ်ခိုးက အခန်းကျဉ်းကျဉ်းလေးထဲ မှာပဲ ခတ်သစ်ပန်းချီဆရာကြီး ဦးခင်မောင်ရင်ကို စတွေ့ခဲ့တာပါ။

ဆရာ့ ပန်းချီကား တချပ်ကို ပြပွဲ တခုမှာ တသောင်းကျပ်နဲ့ တကားဝယ်ဖူးတယ်၊ အညိုရောင် ဘုန်းကြီးကျောင်းလေးပါ။

ဆရာ့ကို လူချင်းမတွေ့ဖူးဘူး၊ အခုကျွန်တော့်ညီရဲ့ စာအုပ်ထဲမှာ ဆရာကိုတွေ့လိုက်ရပါပြီ၊ ချက်ချင်းပဲ ကားငှားပြီး စာအုပ်ထဲက လိပ်စာ အတိုင်း ဆရာနေထိုင်ရာ မြောက်ဥက္ကလာပကို ထွက်ခဲ့တယ်၊ ကျွန်တော့် ညီ ကျမ်းစာအုပ်က အကြမ်းဆိုတော့ ပန်းချီဦးခင်မောင်ရင်၏ ဘဝဖြစ်စဉ် အကျဉ်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကွက်လပ်အဖြူကြီးပဲရှိနေသေးတယ်၊ အောက်က စာတန်းကတော့ထိုးထားတယ်။ “တင်ပြ ဓာတ်ပုံ(၁) ခေတ်သစ် ပန်းချီဦးခင်မောင်ရင်၏ပုံ” တဲ့၊ ဓာတ်ပုံ ကပ်ထားတာ မတွေ့ရဘူး၊ ဆရာ ဓာတ်ပုံ နေရာမှာ စက္ကူ အဖြူသားပဲ ရှိနေသေးတယ်။ အဲဒါ.. နောင်တော့လည်း ဆရာနဲ့ တွေ့တွေ့ချင်းရော အခုထိပါ အဲဒီ အတိုင်းဆရာက အဖြူထည် သက်သက်ပါပဲ။

“ဘဝမှာ ဘာ အစွန်းအထင်းမှ မခံဘဲ လွတ်မြောက်နေသူ” ဆိုလို့ အခုထိ တယောက်တည်းတွေ့ဖူးတာ ဆရာ ဦးခင်မောင်ရင်ပါပဲ။

****************************

၁၉၃၈ နိုဝင်ဘာ မြန်မာလို ၁၃၀၀ ပြည့်နှစ်မှာ ဆရာ့ကို သာယာကုန်းရွာ ၊ အင်းတကော် ၊ ပဲခူးတိုင်းမှာ အဖ ဦသန်းမောင်၊ အမိဒေါ်မြသီတို့ကနေ မွေးပြီး မွေးချင်း ၁၀ယောက်မှာ အကြီးဆုံးသား၊ ငယ်စဉ် တနှစ်ခွဲက စပြီး အဖေ၊ အမေ နှင့်မနေရဘဲ ဘဘကြီး၊ ကြီးကြီး တို့ နှင့် ရန်ကုန်မှာနေ၊ စစ်ပြီး ဖေဖေ၊ မေမေတို့ နှင့် ပြန်တွေ့့သော်လည်း မမှတ်မိ။ စစ်ပြီးတော့ T T C ကျောင်းမှာ ၆ တန်း ၊ ရတန်း ကနေ ၁၀ တန်းအထိ ပြည်ဦးလွင် စိန်မိုက်ကယ် ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား၊ ၁၀တန်းအောင်ပြီး အင်းယားလမ်းမှာနေ တက္ကသိုလ် နှစ်နှစ်တက်။ တက္ကသိုလ်တက်ပြီး (BOC College) လိပ်ခုံးနောက်ဘက် Engineering College (၄)နှစ်တက်၊ ကျောင်းသား ပန်းချီဆွဲသူများထဲမှ တဦးတည်း ပန်းချီဆက်ဆွဲ။

၁၉၆၀မှာ ပန်းချီ စရေး၊ ဗိသုကာ (၄)နှစ် အောင်မြင်ပြီးနောက် ဦးဘိုကြီး၊ ဦးအောင်ကြီးမြင့် ဦးတင်ထွန်းတို့ စုပေါင်းဖွင်လှစ်ထားတဲ့ “AI” ရုံးခန်းတွင်နေပြီး အလွတ်ဗိသုကာ အလုပ်ကို လုပ်၊ ဗိသုကာ လုပ်ရင်း ပန်းချီဆွဲ။ ၁၉၆၁ မှာ ကြီးကြီး၏ သမီး ဒေါ်စိုးစိုးက ပန်းချီပြပွဲလုပ်ပေး၊ နောက်ပိုင်းအနည်းဆုံး တနှစ်တကြိမ် ပန်းချီဲပြပွဲ များပြုလုပ်ဖြစ် ၊အနုပညာလုပ်ငန်းများအနေဖြင့် ပန်းချီဆရာ အလုပ်အပြင် ရုပ်ရှင်ဒါရိုက်တာ လုပ်ကာ “နှမလက်လျှော့နေလေတော့ ” ရုပ်ရှင်ကားကို ရိုက်ကူးခဲ့။

စာပေ အနေဖြင့် အနုပညာစံ စာအုပ် ကို ဇော်ဇော်အောင်နှင့် အတူတူတွဲထုတ်ဝေခဲ့၊ ဗိသုကာ အနေဖြင့် ယခင် အရှေ့ပါကစ္စတန်၊ ယခု ဘင်္ဂလာဒေ့ရ်ှနိုင်ငံရှိ ဒက္ကားဘူတာရုံ ဒီဇိုင်းသည် ဆရာ လက်ရာ ဖြစ်။ အိမ်များစွာကို ဒီဇိုင်ပုံစံ ထုတ်ရေးဆွဲခဲ့၊ ပုဂံရှိ သဇင်ဟော်တယ်သည် ဆရာ့ ဗိသုကာ လက်ရာဖြစ်။

ဆရာ့ ပုံ သဏ္ဌာန် ကို ဆက် ရေးထားပါတယ်။

ဆရာ ဦခင်မောင်ရင်၏ နေအိမ်သည် သော့မရှိ၊ အခန်းမရှိသော၊ အမိုးအကာ မလုံသော တဲအိုကြီး တလုံးသာဖြစ်ပါသည်၊ ဖရိုဖရဲ ကျူရှင်ခုံများ၊ သံချေးတက် ပေရေနေသော ရေခဲသေတ္တာတလုံး၊ ပျက်စီးနေသော ပန်းချီကားများ၊ ရေးလက်စ ပန်းချီကားများ၊ အိမ်အောက်ကြမ်းပြင်မှ ထိုးထိုးထောင်ထောင် ထွက်နေသော သစ်ပင်ငယ်များ၊ ရှုပ်ပွနေသော စာအုပ်များ ၊ သင်ဖြူးဖျာနှင့် ခြင်ထောင်၊ ခေါင်းအုံး ပတ်လည်မှ အစားအစာ ဘူးများ၊ ဖာတောင်းများ၊ ပုလင်းများ၊ ဆေးလိပ်တိုများသည် ဆရာ၏ အိမ်တွင်းပစ္စည်း များဖြစ်လေသည်။ ဆရာသည် ဘူး အကြီး အသေးတို့ ဖြင့် လက်ဖက်နှင့် အကြော်များကို ထည့်ထားကာ လက်ဖက် အမြဲစားလေ့ရှိသည်၊ ရေခဲသေတ္တာဟောင်း အတွင်းအမြဲ ရှိတတ်သည်မှာ အသီးအနှံ တမျိုးဖြစ်သည်။ ဘီယာကို အလွန်ကြိုက်ကာ စကားပြောလျှင်ဘီယာသောက်လိုက်၊ ဆေးလိပ်သောက်လိုက်ဖြင့် စကားပြောလေ့ရှိသည်။ စားပွဲ အသေးလေးမှာ ခင်းထားသော သတင်းစာ စက္ကူသည် လက်သုပ်ပုဝါဖြစ်သည်။ ပုဆိုးနှင်စွပ်ကျယ်ဖြူကိုသာ အမြဲဝတ်လေ့ရှိသည်။ ပန်းချီရေးသည့် နေရာ၊ အိပ်သည့် နေရာ၊ စားသည့်နေရာနှင့် အပေါ့အပါး သွားသည့် နေရာသည် သိပ်မဝေးလှ။ ဆရာ့ အိမ်သည် ခေတ်မီသော၊ သန့်ရှင်း သပ်ရပ်သော တပည့်များ၊ မိတ်ဆွေများနှင့် စည်ကားနေတတ်သည်။

သစ်သားတုံး ငုတ်တိုင်နှင့် အိမ်တိုင်သည် ပန်းချီရေးသော Stand ပင်ဖြစ်သည်။ ပန်းချီ ရေးရာတွင် ကြမ်းပြင်ပေါ် ရေးရသည်ကို ကြိုက်သည်။ ဆရာ့ အိမ်တွင် ထူးထူးခြားခြား အကာတခုသည် အိပ်သည့်နေရာ၊ ပန်းချီရေးရာ တွင် ခွေးများ၊ ကြောင်များ မတိုးစေရန် ကာထားသည့် ခြောက်ပေ သုံးပေခန့် ပန်းချီကား တချပ်ပင်ဖြစ်သည်။ ဆရာ၏ တနေ့တာ အချိန်သည် ဂီတ နားထောင်ခြင်း၊ စာသင်ခြင်း၊ ဘီယာသောက်ခြင်း၊ ပန်းချီရေးခြင်း တို့သာ အများဆုံး ဖြစ်သည်။ ပန်းချီရေးခြင်းနှင့် အနုပညာ အကြောင်းပြောနေရပါက ဆရာ အတွက် နေ့ည မရှိပါ။ အနုပညာ အကြောင်း ပြောနေချိန်တွင်အရှိန်ရလာပြီး မျက်ရည်များ ကျလာတတ်သည်။

ဆရာ့ စကားပြောဟန်သည် နိမ့်လိုက် မြင့်လိုက် ဂီတ Rhythm တခုကဲ့သိုု့ ရှိပါသည်၊ လက်ဟန် ခြေဟန် အကိုးအကား အထောက်အထားများဖြင့်လည်း ပြောဆိုတတ်ပြီး English စကားလုံးများကိုလည်း ကြားညှပ်သုံးစွဲလေ့ရှိပါသည်။ နှုတ်ခမ်းမွေး ရေးရေးရှိပြီး အရွယ်နှင့်မမျှ ငယ်ရွယ်နုပျိုကာ အသားအရေ စိုပြေသူ တယောက်ဖြစ်ပါသည်။

ယနေ့ထိ အင်္ဂလိပ်စာ ကျူရှင်ပေးကာ စာသင်ပေးလျက်ရှိပြီး ရုပ်ရှင် ဒါရိိုက်တာ၊ ဗိသုကာ၊ စာရေးဆရာ ဘဝများနှင့် ပန်းချီဆွဲသော အနုပညာအလုပ်ကို လုပ်ရင်း လွပ်လပ်သောလူပျိုကြီး ဘဝဖြင့် ယနေ့အသက် ၆၀ ကျော်အထိ ကျန်းမာစွာဖြင့် အောင်စည်ကျော် ကျူရှင်၊ အမှတ် ၁၀၈၊ သန္တာ(၁၁) လမ်း၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တွင်နေထိုင်လျက်ရှိပါသည်။

****************************

ဆရာ့ ဓာတ်ပုံကို တွေ့စရာမလိုပါဘူး၊ ဒီလောက်မှာတင် ဆရာ့ကို မြင်ရပါပြီ။ ကျွန်တော့် ညီရေးတဲ့ ဘွဲ့ယူကျမ်းက သူအစ်ကို ဖြစ်တဲ့ ကျွန်တော့် ကိုစပြီး ဒုက္ခပေးလိုက်တာပဲ။ မြောက်ဥက္ကလာ အဝိုင်းကိုရောက်တော့ ကားဆရာက မေးပြီ၊ ဘယ်ရပ်ကွက်လဲတဲ့၊ ဟာ ရပ်ကွက်မပါဘူးဗျ၊ သန္တာ ၁၁လမ်း။ မြောက်ဥက္ကလာက အကျယ်ကြီး သန္တာလမ်းတွေ အများကြီးနေမှာဗျတဲ့၊ ဘယ်မောင်းရမှာလဲ အဲဒါ ဒုက္ခပဲ။ ကဲ ကျူရှင်တွေသိလားဗျာ ဆိုမှ ကျူရှင် ဆိုင်းဘုတ် တခုအောက်မှာ ကျွန်တော့် ကိုချထား ပေးခဲ့တော့တယ်။

စာသင်တာဟာ Performance တခုလို့ ခံယူလို့ ယနေ့ထိ စာသင်ပေးဆဲ ဆိုတဲ့ ဆရာ ဦးခင်မောင်ရင်ကို ကျူရှင်တခု ၀င်မေးလိုက်တယ်။ “အောင်စည်ကျော်” ကျူရှင်မရှိပါဘူး၊ မကြားဘူးပါဘူးတဲ့ဗျာ။ ပန်းချီတွေ ဘာတွေ ဆွဲတယ်လေ ဦးခင်မောင်ရင် ဆိုတာလို့ ပြောတော့ သြော် သိပြီ၊ သိပြီ ဟိုလမ်းအတိုင်း တည့်တည့်ဝင်သွား လမ်းထိပ်က တဲကြီးပဲတဲ့။

တံခါးလည်း ခေါက်စရာမလိုပါဘူး၊ အိမ်ရှင်တို့ လည်း ခေါ်စရာမလိုဘူး။ ကြမ်ပြင်တွေ ကြားက အပင်စိမ်းစိမ်းလေးတွေက ထောင်မတ်လို့၊ အဲဒီအပင်လေးတွေ ရှေ့က လက်တန်း တဖက်ပြုတ်နေတဲ့ ထိုင်ခုံပေါ်မှာ စွပ်ကျယ်နဲ့ ထိုင်နေတာ ဆရာဦးခင်မောင်ရင်ပဲ။ အာလုံးဟာ ကျွန်တော့် ညီ ရေးထားတဲ့ ကျမ်းထဲက အတိုင်း နေသားတကျပါပဲ။

ဆရာ ကျွန်တော်က ကျော်ဇံလှ အစ်ကိုပါ လို့ ပြောရင်းဝင်သွားလိုက်တာပဲ၊ သြော် အေး.. အေး ဒီဇိုင်း လုပ်တဲ့ လူလားဟ တဲ့၊ အေးကောင်းတယ်၊ ကောင်းတယ် ထိုင်ထိုင်ဆိုပြီး ရွှေကြက် ပဲကြီးလှော် ဖောက်လက်စလေးကို ကျွန်တော့် လက်ထိုးပေးလိုက်ပြီး စားဦး ကောင်းတယ်၊ ကောင်းတယ်၊ အခွံတွေ ကို ဟောဒီလို ကြမ်းကြားကနေ ချလိုက်တဲ့။

ဆရာ ကျွန်တော် အခုပဲ ဆရာ့ အကြောင်းရေးထားတဲ့ ကျော်ဇံလှ ရဲ့ ကျမ်းဖတ်လာတာဆိုတော့ အေးအေး၊ အေးအေးဒ ီကောင် ဘာလုပ်နေလဲလို့ မေးပြီး စကားတွေပြောကြတယ်။ တသက်လုံးက ပေါင်းသင်း သိကျွမ်းလာခဲ့တဲ့ လူတွေလိုပဲ၊ အဲဒါလည်း ဆရာက လူတိုင်းကို ချက်ချင်း ရင်းနှီးနေကြပါ။

ကျွန်တော်က ပန်းချီကားတွေ လျှောက်ကြည့်တယ်။ မှောက်ထားတာ၊ ထပ်ထားတာတွေ ကို အကုန်လှန်ပြီး တချပ်ချင်းကြည့်တယ်၊ ဆရာ ဒါကဘာတုန်းလို့ မေးတော့ “ငါလည်းမသိဘူး၊ မသိဘူးလျှောက်ရေးထားတာပဲဟ တဲ့၊ အဲဒါပြောင်းပြန်ကြီး ဒီလိုလှန်ကြည့်၊ ထိန်ပင်တောလေး ရေးထားတာဟ” တဲ့။

အဲဒီတုန်းက ပြောကြတာ ဆရာက အနုပညာအကြောင်း၊ ပေါ်ဦးသက် အကြောင်း၊ သိမ်ကြီးစျေး ရွှေကြက်ပဲကြီးလှော်အကြောင်း၊ မင်းသားကြီး ဂရေ ဂရေရီပက်အကြောင်း ရီဒါဒိုင်ဂျက် စာအုပ်အဟောင်းတွေအကြောင်း၊ ကျွန်တော်မေးတာက အရှေ့ပါကစ္စတန် ဒက္ကားမြို့က ဘာလို့ ပြန်လာတာလဲဆိုတဲ့ အကြောင်းတွေပါ။

“မသိဘူးဟ၊ အဲ့ဒီ ဒက္ကားကို မြန်မာဘောလုံးအသင်းက လာကန်တယ်။ သူတို့ နဲ့ ရောလိုက်နေရင်းက သူတို့လည်း ပြန်မယ်ဆိုရော ငါလည်း ပြန်လိုက်မယ်ဆိုပြီး ပြန်လာတာပဲ။ ဆီးသီး အစိမ်းထုတ်လေး တထုပ်ပဲပါလာတယ်။ အေးအေး အဲဒီ ဇီသီးလေးတွေက ဒီကဇီးသီးနဲ့ မတူဘူးဟ၊ ချွန်ချွန်လေးတွေ နဲ့ စိမ်းစိမ်းလေး ချစ်စရာလေးမို့ ပါဟာ၊ သိပါဘူးကွာ ရုပ်ရှင်ရိုက်ချင်လို့လည်း ပြန်လာတာ၊ မသိဘူး ၊ မသိဘူး..။”

နောက်တော့ လည်း ဆရာ့ အိမ်ကို ခဏခဏ ရောက်ပါတယ်။ ဆရာ့ ပုံရိပ်က ဒီအတိုင်းပဲ လာရင် ကုန်းကုန်းကွကွ နဲ့ ငှက်ပျောသီး သော်လည်းကောင်း မရမ်းပြား သော်လည်းကောင်း၊ ပဲကြီး လှော်သော်လည်းကောင်း တခုခုရှာပြီး ကျွေးတော့တာပဲ။

“ဘီယာ နည်းနည်း သောက်ပါဟ” လည်းရှိတယ်၊ ဘေးကပ်လျက် လက်ဖက်ရည် ဆိုင်ဖွင့်ထားတဲ့ အခေါက်တုန်းက လက်ခုပ်တီး ပြီး လက်ဖက်ရည်မှာ တိုက်တာလည်း သောက်ရဖူးတယ်။ ကက်ဆက်အစုတ်ကြီး ပလေး ခလုတ်ကို သွားကြားထိုးတံညှပ်ပြီး တီးလုံးတွေ ထဖွင့်တာလည်း ကြုံရဖူးတယ်၊ လက်ဖက်ရည်ဆိုင်က ကျွန်တော်နားမလည်နိုင်တဲ့ သီချင်းတွေ ဖွင့်နေတာမို့ နားမငြီးဖူးလား မေးတော့ “မငြီးပါဘူး၊ ငါတောင် ဖွင့်စရာမလိုဘဲ နားထောင်လို့ ရသေးတယ်” တဲ့။

ကျွန်တော်တို့ အနီးတဝိုက်မှာ ဆရာ့ အကြောင်းပြောကြရင် ဆရာရဲ့ “နှမလက်လျှော့နေလေတော့ ” ရုပ်ရှင်ကား အကြောင်း အမြဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မမီလိုက်ပါဘူး၊ မကြည့်ဖူးပါဘူး။ မူကွဲ တွေ အမျိုးမျိုးပြောနေကြတဲ့ အထဲ က ပန်းချီဆရာ မောင်ဒီက ရုံထဲမှာ ကြည့်ဖူးတယ်။

မင်းသားက ဂျာနယ်ကျော် မမလေးရဲ့သား ကိုသိန်းတန်က မင်းသား၊ ဇာတ်လမ်းက မင်္ဂလာဆောင် သတို့သား၊ မင်္ဂလာဆောင်ကိုသွားရင်း လမ်းမှာ ၀က်ရူးပြန်လို့ သတို့သား အစားထိုးတဲ့ ဇာတ်၊ မင်းသားက ကန်ဘေးမှာ ထိုင်ပြီး ရေပြင်ကိုကြည့်တော့ ရေ ကို ရိုက်ပြထားတာ ကဒ်မချိန်းဘဲ ၁၅ မိနစ်လောက်ကြာတော့ နောက် က ကြည့် နေတဲ့ လူတွေက ရေမြင်ဖူးတယ်၊ ရေမြင်ဖူးတယ် လို့ အော်ကြသတဲ့၊ တခါ ပဲပြုတ်သည်က လှည်းတန်းကနေ အင်းလျားလမ်းကို ပဲပြုတ်လာရောင်းတဲ့ အခန်းမှာ ပဲပြုတ်သည် နောက်က နေ ကင်မရာလိုက်ပြီး ပဲပြုတ်၊ ပဲပြုတ်နဲ့ ပဲပြုတ်သည် အော်ပြီး လမ်းလျှောက်နေတာ နာရီဝက်လောက် ကဒ်မချိန်းဘဲ ပြတဲ့ အခန်းရောက်တော့ နောက်က လူတွေက ခုံတွေ ဒုန်းဒုန်း ဒုန်းဒုန်း နဲ့ ထုပြီး လမ်းလျှောက်တာ မြင်ဖူးတယ်ကွ၊ လမ်းလျှောက်တာ မြင်ဖူးတယ်ကွနဲ့ အော်ပြန်ရော၊ မနေနိုင်တဲ့ လူတွေက ရုံအပြင်ထွက်မယ်လည်း လုပ်ရော ဆရာဦးခင်မောင်ရင်က ပြီးအောင် ကြည့်ဆိုတဲ့ သဘောမျိုးနဲ့ သော့ခတ်ထားသတဲ့၊ ဆရာ့ ပြန်မေးတော့ မသိဘူး၊ မသိဘူးလို့ ပဲ ဖြေပြန်တယ်။

ဆရာတပည့် ကို အောင်ကျော်ဆန်း အပြောကတော့ ပါကစ္စတန်ကနေ ရုပ်ရှင်မရိုက်ရမှာ စိုးလို့ ပြန်လာတာဟ။ ဆာဂျစ်ယေးရိုက်တဲ့ “ဆလမ်ဘုံဘေ”ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့် ပြီး “ငါလည်း ရုပ်ရှင် တကားမှ မရိုက်ဘဲ အသေမခံနိုင်ပေါင်” ဆိုပြီး ပြန်လာတာတဲ့။

(ဦး) ခင်မောင်ရင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည့် ရုပ်ရှင် ကြော်ငြာ ဓာတ်ပုံ မျှဝေသူ - မျိုးဆွေသန်း (ဒီဇိုင်း) ကိုအောင်ကျော်ဆန်းတို့ ဆရာပေါ်ဦးသက်ရဲ့ သား ကိုဖိုးဇော်တို့က ဆရာကျောင်းမှာ ကျောင်အိပ် ကျောင်းစား။ “တို့ ည ည ခြင်ထောင်ထဲ က ခြင်တွေ တဖတ်ဖတ်နဲ့ လက်ဖဝါနဲ့ ရိုက်တော့ နားငြီး တယ်ဆိုပြီ သရေဒိုးကွင်းအထုပ်ကြီး ၀ယ်လာပေးတယ်၊ ခြင်တွေ ဒါနဲ့ ပစ် နားမငြီးဘူး” တဲ့။

မြန်မာစာသင်ဖို့ ဆရာဦးသိန်းနိုင် ရောက်မလာလို့ စိတ်ဆိုးရာကနေ ကျောင်းသားတွေ ခေါ်ပြီး လာကွာ မြန်မာစာများ လွယ်ပါတယ်၊ ငါသင်ပေးမယ် လိုက်ဆို “မင်းဝံကပြာ၊ ဧရာကဖွေး” ကို ကိုအောင်ကျော်ဆန်းတို့ သံပြိုင်လိုက်ဆိုပြီးတော့ “မင်းဝံ အစ်စ် ဘလူး၊ ဧရာအစ်စ် ၀ိှုက်” ကိုင်း မလွယ်ဘူးလားတဲ့။

ဆရာ ဦးခင်မောင်ရင်ကို အသက်အများကြီးကွာတော့ ဘာမှ ကျွန်တော်တို့ မသိရပါဘူး၊ အများပြောကြတဲ့ အကြောင်းအရာနဲ့ လက်ရှိ မျက်မြင်ဆရာ ပန်းချီကားတွေ ကပဲ ဆရာကို ပြန်မြင်ရတာပါ။ အဲဒါတွေအားလုံးကပဲ ဆရာရဲ့ အနုပညာပေါ်ထားတဲ့ စိတ်နဲ့ အရာရာ ကို စိတ်ရှင်းရှင်းထားတတ်တာတွေ က အထင်းသား မြင်နေရပါတယ်။ ဆရာကိုယ်တိုင်ရဲ့ အယူအဆကလည်း အနုပညာဆိုတာ လွပ်လပ်စွာနဲ့ မိမိဖန်တီးချင်တာကို ဖန်တီးခြင်းပဲ မဟုတ်လား။ အနုပညာရှင်ဟာ လွပ်လပ်မှုကို အရသာခံရင်း အနုပညာကို ဖန်တီးတယ်၊ လွပ်လပ်မှုမရှိပဲ ချုပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရရင် ပြောင်မြောက်တဲ့ အနုပညာရှင်ဖြစ်လာမှာမဟုတ်ဘူးတဲ့။

ဆရာဦးခင်မောင်ရင်ဟာ ခေတ်သစ် ပန်းချီဆရာတယောက်ရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဆရာဟာ အခုချိန်မှာ လွတ်မြောက်အေးချမ်းတဲ့ ဘဝကို ရနေတယ်ဆိုတာ ဆရာ့ ပန်းချီကားတွေ ၊ လက်ရှိ ဆရာ့ လူမှုဘဝထဲမှာ နေထိုင်နေပုံတွေက သက်သေခံနေပါတယ်။

ကျွန်တော့် ညီ စာတမ်းရှင်ကတော့ ဦးခင်မောင်ရင်ဟာ ရဟန်းကိစ္စ ရဟန်းလုပ်မှ ပြီးတဲ့ အယူအဆလို ခေတ်သစ်ပန်းချီမှာ ကြံုတွေ ့ရတဲ့ ပြသနာတွေကို လည်း ခေတ်သစ်ပန်းချီဆရာတို့ ဖြေရှင်းမှ သာ ပြီးပေလိမ့်မယ် လို့ ယူဆကြဟန်တူတယ်။ အဲဒီလို ခေတ်သစ်ပန်းချီ ပြသနာများကို ဖြေရှင်း ဆောင်ရွက်ကြခြင်းပင်လျှင် ခေတ်သစ်ပန်းချီတို့ ၏ အနုပညာလုပ်ရပ်များ ဖြစ်လာတယ်လို့ မြင်တယ် ။

အဲဒီခေတ်သစ် ပန်းချီကို စတင်ခဲ့တဲ့ လူတွေထဲမှာ ဦးခင်မောင်ရင်ဟာ အစောဆုံးလူများထဲက တယောက်ဖြစ်တယ်လို့ ဆိုထားပါတယ်၊ ဇာတ်အငြိမ့်တွေမှာ ငယ်ငယ်က အနုပညာ၊ အနုပညာဆိုတာကို ခဏခဏ ကြားဖူးပါတယ်။ အနုပညာဟု ပြောတိုင်း အနုပညာမဟုတ်ဘူး ဆိုတာကို နားလည်ခဲ့ တယ်။ ဒါကြောင့် အနုပညာဆိုတာဘာလဲ၊ “ART ဆိုတာ SHARE” ဖြစ်တယ်၊ အနုပညာဆိုတာ မျှဝေခံစာခြင်း၊ မိမိခံစားချက်ကို သူတပါး မိမိကဲသို့ ခံစားစေလို့ လုပ်သော အလုပ်ဖြစ်တယ်၊ ဒါကြောင့် အနုပညာရှင်ဟာ ကိုယ်ကျိုးမရှိ၊ အများအကျိုး ဆောင်ရွက်ပေသည်ဟု ဆရာဦးခင်မောင်ရင် ယူဆတယ်။ သူတပါးအား မိမိကဲ့သို့ ခံစားစေလိုတဲ့ Sharing လို့ အခိုင်အမာပြောလို့ ဆရာဦးခင်မောင်ရင် ဟာ အများ အကျိုးဆောင်ရွက်လိုသူ တဦဖြစ်တယ်။

ပြီးတော့ ဆရာ ကပုံတူတွေ အရေးများတယ်၊ အဖေပုံ၊ အမေပုံ၊ အောင်မိုးပုံ၊ ကြီးကြီးပုံ၊ မခင်ဝင်းပုံ၊ ရိုစီပုံ၊ နိုင်ငံခြားသား တယောက်ပုံ၊ ကချေသည်ပုံ။ ကျွန်တော်ဖြင့် အိန္ဒြာကျော်ဇင့် ပုံတောင် ရေးထားတာ အများကြီး တွေ့တယ်။ လှလည်း မလှဘူးလို့ ပြောတော့ “မလှရင်လည်း လည်ပင်းမှာ ပတ္တမြားဘယက်ကြီးထည့် ပေးလိုက်မယ်၊ အဲဒါဆို လှရော၊ သိဘူး၊ သိဘူး” တဲ့..။

ပုံတူတွေရေးတာကို ကျွန်တော့် ညီပြောတာ ကဖြင့် အဲဒါ ဆရာက လူတွေ အပေါ် မေတ္တာစိတ် ထားနိုင်အားကြီးလို့ ပုံတူတွေ ရေးတာတဲ့၊ ဒါလည်းဟုတ်သားပဲ။

တခါက ဆရာ့ ညီ ဆရာဝန် ဒေါက်တာခင်မောင်လင်း လာတယ်တဲ့၊ ဆရာ ရေးဆွဲထားတဲ့ ဆရာ့ မိခင်ပုံကို သေသေချာချာကြည့်ပြီး “ဒါအမေ့ပုံလား” လို့ မေတော့ “အေး ဟုတ်တယ်”၊ “ဟင်.. တူလည်း မတူဘူး” ဆိုတော့၊ “မင်းက မတူဘူး ဆိုရင် ဘာလို့ အမေပုံလား မေးရတာလဲ” တဲ့။ ဆရာဦးခင်မောင်ရင်က ပန်းချီပုံတူသည် မတူသည်ကို ရှင်းပြနေမှာ မဟုတ်ဘူး။ ပန်းချီဟာ ရှင်းပြစရာမလို၊ လက်တွေ့ခံစား တွေး သိမှုသာလျှင် သဘောပေါက် နားလည်မည်လို့ တွေးမြင်ထားသူ တယောက်သာဖြစ်တယ်။ နူးညံ့၊ ခက်ခဲ ၊နက်နဲလှတဲ့ ပန်းချီပညာကို ရိုးရိုးန့ ဲရှင်းရှင်းရေးဖွဲ့ခြင်းဟာ အလှတရား တန်ဖိုးကြီး သောအနှစ်သာရလို့ ယူဆသူဖြစ်တယ်။

“Simplicity is Beauty ရိုးသားခြင်းဟာ အလှတရား” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပါတယ်။ ဆရာကပြောဖူးတယ် Inspiration လို့ခေါ်တဲ့ စိတ်ပါခြင်း တက်ကြြွခင်းမရှိတဲ့ အနုပညာရှင်ဟာ ဘာမှ လုပ်မရ တဲ့။ အက်ဒီဆင်ကပြောတယ်၊ “ချွေးထွက်ခြင်းက အဓိက၊ Inspiration က ဇီးရိုး” တဲ့။

“အေးပေါ့၊ အက်ဒီဆင်က အနုပညာရှင်မှ မဟုတ်တာ တီထွင်သူပဲ၊ ငါတို့ က အနုပညာရှင်ပဲဟာ ကိုယ့်စိတ်၊ ကိုယ့် ခံစားချက်၊ တက်ကြွမှု ပေါ်မူတည်ပြီး ဖန်တီးသူတွေပဲဟ” တဲ့။ စျာန်ဝင်စားခြင်း မရှိဘဲ မိမိကိုယ်ကို ဒဏ်ခတ်ပြီး အနုပညာကိုဖန်တီးမယ့် သူတွေထဲမှာ ခင်မောင်ရင် မပါ။

ဆရာနဲ့ ကျွန်တော့် ညီကျော်ဇံလှရဲ့ အမေးအဖြေမှာတော့ ဆရာ အဖြေတွေက ကျေနပ်စရာအပြင် ပျော်ရွင်ဖွယ်၊ အံသြဖွယ်ရာတွေ အပြင် လန်းဆန်းသွားရတာတွေ ပါ ပါဝင်ပါတယ်။

မေးခွန်း (၂) - ဆရာရဲ့ လုပ်ရပ်တွေ ကို ကြို တွေးထားတာရှိလား။
အဖြေ - မရှိပါဘူး ဘယ်လိုလုပ်သိမလဲ၊ ရေးမယ် ဟဆို ရေးလိုက်တာပဲ။
မေး - ရှေ့နိမိတ်ကို ကြို မမြင်ဘူးပေါ့။
ဖြေ - “မမြင်ပါဘူး၊ မသိဘူး။ ငါတော့ ပုံဆွဲဦးမယ်ဟေ့၊ အဲဒါ စိတ်ထဲရောက်လို့ ဆွဲလိုက်တာပဲ။
”မေခွန်း (၆) - Artistic Genius ဆိုတာ ဘယ်ပေါ်မှာမူတည်သလဲ။
အဖြေ - “ငါ ကတော့ လုပ်ယူရတဲ့လူ၊ တတ်အောင်သင်ပြီးမှ လုပ်ရတယ်၊ ကိုယ့်ဘာသာ ကိုယ် လေ့လာ ယူရတယ်၊ ပေါ်ဦးသက်တို့ကျတော့ အလို အလျောက်တော်တယ်၊ ပါရမီရှိတယ်၊ တို့မှာက မရှိဘူး၊ နမူနာနဲ့တော့ ပြောလို့ရတယ်၊ ပြောရတာခက်တယ်။
မေးခွန်း (၇) - Expression of Emotion ရှင်းပြပါဦး။
အဖြေ - ဘယ်လိုခံစားချက်နဲ့ ဆွဲတယ် ငါမသိဘူး၊ ရည်းစားလွမ်းလို့လား၊ အမေလွမ်းလို့ လား၊ ဒါတွေ မရှိတော့ဘူး၊ အဲဒါတွေ မရှိတော့ဘူး။ Abstract ပဲ။ (Abstract ဆိုတာ ဦးခင်မောင်ရင်က အဆီအနှစ်တဲ့) သူဟာ သူ ထုတ်ထားတာ ၊ မင်းက ဘယ်လိုပြောမလဲ၊ Abstract ဆိုတာ အဓိပ္ပာယ်မဲ့တာမဟုတ်ဘူး။
မေးခွန်း (၁၂) - Inspiration အကြောင်းရှင်းပြပါဦး။
အဖြေ - တခုကို မြင်ပြီးတော့ ငါ ဒီလိုလုပ်ချင်တယ်၊ အမြင်ပေါ့။ ဂီတဆိုလည်း အကြားပေါ့ ဒါလေး ကြားပြီးတော့ လုပ်ချင်တာ။ အဲဒီ အမြင်အကြားလေးတွေကို တွေးပြီးတော့၊ ကိုယ်က စိတ်ဓာတ် တက်ကြွပြီးတော့ ငါလည်း လုပ်ချင်တယ်၊ သူဒီလို ဖန်တီးထားတာမျိုး ငါလည်း ဖန်တီးချင်တယ်။ အဲဒီတော့ တခါတရံ ဘာလုပ်ရမယ် မှန်းမသိတော့ Inspiration ရအောင် ဒါလေးတွေ ဖတ်၊ ဟိုဟာလေးတွေ လျှောက်ကြည့်လိုက်၊ ကောင်းလိုက်တာ၊ ကြိုက်လိုက်တာ အဲဒီမှာ Inspiriate ဖြစ်သွားတာ။ အဲဒီတော့ Inspiration ဆိုတာ တခုခုကို မြင်ပြီးတော့ သိပြီးတော့ အဲဒါလေးကို သဘောကျပြီး၊ ကြိုက်ပြီးတော့ လုပ်တဲ့ အလုပ်။

မေးခွန်း ( ၁၆ ) - ဆရာ Intuition (ထိုးထွင်းသိမြင်မှု) က ပန်းချီနဲ့ ပတ်သက်ရင် Automatic ဖြစ်တဲ့ သဘောကို ပြောတာလား။
အဖြေ - ကိုယ်ပိုင်ရှိရမယ်လို့ ပြောထားတယ်။ ပြတင်းပေါက်မှာ ထိုင်နေတဲ့ ကောင်ကို ဟေ့ကောင် လိမ့်ကျမယ် ဆင်မြန်မြန်ဆင်းလို့ စိတ်ထဲက ရှိနေလို့ ပြောလိုက်တာ။ သူဘာသာသူ အလိုအလျောက် ပေါ်လာတာ၊ သူဟိုမှာ ထိုင်နေတာ လိမ့်ကျမှာစိုးလို့ ပြောလိုက်တာ၊ ငါပြောတဲ့ စကားက Intuition ရှိလို့ပြောလိုက်တာ၊ Intuition ဆိုတာ Auto ဖြစ်ပြီး လုပ်ယူတာ မဟုတ်ဘူး၊ အတွေအကြံုနဲ့ လည်းဆိုင်တယ်။ Experience များလေ Intuition ကများလေပဲ။ များရမယ်၊ ရှိကိုရှိရမယ်။

မေးခွန်း (၂၀) - ဆရာ Aesthetic (ရသဗေဒဆိုင်ရာ ခံစားမှု)ဆိုတာ ကကော။
အဖြေ - အဲဒါ မင်းဆီမှာ ရှိတယ်၊ မွေးထဲက ရှိတယ်။
မေးခွန်း(၂၂) - စာ သင်တာနဲ့ အနုပညာ ဘယ်လိုပတ်သက် ပါသလဲ။ အဖြေ - စာသင်တာလည်း အနုပညာပါပဲ Teacher က Actor လုပ်ရတယ်။ Actor ဆိုတာ သိလား။
မေး - Performance သဘောမျိုးလား။
အေးဟုတ်တယ် Performance လုပ်ရတာ၊ ဟေ့ကောင်.. ဟင်း ဟင်း ဘာညာ ကြောက်သွားအောင်၊ ကိုယ်ဖြစ်ချင်တာဖြစ်အောင်၊ ပြောရတာကိုယ်က မဟုတ်ဘဲနဲ့ လုပ်ပြရတာ။
မေးခွန်း (၂၆) - ဆရာ့ ရုပ်ရှင် အကြောင်းလည်း ပြောပြပါဦး။
အဖြေ - အင်း.. နှစ်ကား ရိုက်ဖူးတယ်၊ ငါ ပထမ ကား အပြီး နှစ်နှစ် လောက်ကြာတော့ ရုပ်ရှင် တကား ထပ်ရိုက်ဖို့ ကြိုးစားတယ်၊ မဖြစ်နိုင်ဘူး။ ကိုနေဝင်း (ကောလိပ်ဂျင်) တို့ကို တကား ကူရိုက်ပေးရတယ်။
မေး - ဆရာ ရိုက်တဲ့ ကားက “နှမလက်လျှော့ နေလေတော့နော်”။
ဖြေ - အင်း..။
မေး - ရုပ်ရှင်နဲ့ ပန်းချီ ဘယ်လို ပတ်သက်နေလဲ။
ဖြေ - ငါက ဇာတ်လမ်းတွေ ဘာတွေနားမလည်ဘူး။ Compose လုပ်ချင်တာ။ သိပ်လှတာ အဲဒီစကား၊ ဘာလာလာ အဲဒါပဲ၊ ငါရိုက်ချင်တယ်ဆိုတာ ဓာတ်ပုံရိုက်ချင်တာ အဲဒါ အဓိကပဲ၊ သိသွားတယ်။
မေးခွန်း (၃၀) - အဲဒီကားရိုက်တော့ စိတ်ချမ်းသာမှုရလား။
အဖြေ - ရတာပေါ့၊ ဘာလို့မရရမှာ တုန်း၊ တနှစ်နေရတယ်။ တနှစ် အကြွေးကျေတယ်။
မေး - အဲဒီအထဲမှာ ပန်းချီ အမြင်နဲ့ ဆရာ ဘယ်လိုမြင်လဲ။
ဖြေ - ဓာတ်ပုံတွေ Composition တွေဘယ်နားက ထားရမလဲ၊ အဲဒါ Frame ထဲမှာ ဘယ်လိုမြင်လည်းဆိုတော့ အမည်း၊ အလင်း ၊အမှောင်၊ သိပ်ကောင်းတဲ့ Photography တကယ်ကိုကောင်း။
မေးခွန်း(၃၂) - ဆရာ ဘာလို့ဆက်မလုပ်တာလဲ။
အဖြေ - မလုပ်နိုင်တော့ ဘူးလေ၊ နောက်တကားက ကိုနေဝင်း(ကောလိပ်ဂျင်)တို့ ထုတ်တဲ့ ကား။ နှမလက်လျှော့ အတွက် ကိုယ်မှာရှိတဲ့ပိုက်ဆံနဲ့ ဟိုကောင်ဆီကချေး၊ ဒီကောင်ဆီကချေး၊ အဲလိုလုပ်တာ၊ ကိုယ်ဟာကိုယ် ထလုပ်တာ၊ ဟိုဟာက သူများလုပ်ပေးတာက ပိုက်ဆံရတယ်။ ပြီးပြီ။ ပြီးတော့ နောက်ထပ်ရိုက်ဖို့ ကြိုးစားတယ်။ မဖြစ်လာဘူး၊ သိဘူး၊ ပြောချင်တော့ ဘူး။

မေး - ဆရာ Modern Art ရဲ့သဘောထား Autitude ဘယ်လိုရှိမလဲ။
ဖြေ - ပစ္စည်းတခုကို ရိုးရိုးမြင်ရတာ မကျေနပ်လို့ ထူဆန်းသော ပန်းချီဆရာရဲ့ အမြင်တခုနဲ့ အမြင်ကိုသိလိုက်လို့ အရသာခံတာ။
မေး - Modern Art ဆိုတာ အရာရာအားလုံးက လွတ်မြောက်နေတဲ့ အရာလို့ တချို့ကဆိုတယ်။
ဖြေ - မကြိုက်ဘူး၊ အဲဒီ စကားမကြိုက်ဘူး။
မေး - အဲဒါဆို Modern Art တို့ နိုင်ငံရေးတို့ စီးပွားရေး၊ သိပ္ပံ စတဲ့ သဘောတရားတွေနဲ့ ဆက်စပ်နေတယ်လို့ ဆရာဆိုလိုပါသလား။
ဖြေ - ဟင်အင်.. မဆက်စပ်ဘူး။
မေး - အဲဒါတွေနဲ့ လည်း လွတ်မြောက်နေတယ်ပေါ့။
ဖြေ - အင်း လွတ်မြောက်နေတယ်။ အမြင်ပဲ။ ဘာနဲ့မှမဆိုင်ဘူး။ အမြင်သက်သက်ပဲ၊ မျက်စိနဲ့ အရသာခံချင်တာကို ရသခံပေးတာ။ လုပ်ပေးတာ၊ ဒါပဲနေမှာပါ။
မေးခွန်း(၅၀) - တချို့ကလည်း Modern ပန်းချီဆရာ တယောက်နဲ့ တယောက် လွတ်လပ်တာချင်း မတူကြဘူးတဲ့။
အဖြေ - ဟင် ဘယ်လိုလုပ် တူမလဲ၊ တူလို့မရဘူး၊ Personal ခေါ်တယ်။ လူရဲ့ အကြိုက်၊ မင်းက ဘယ်လိုကြီးထွားလာတာတုန်း၊ မင်းက ဘယ်သူ့အဖေ၊ မင်းအဖေက ဘယ်သူ၊ မင်း ဘယ်မှာနေ၊ မင်းဘယ်လို ပညာသင်တာကတင် မတူတော့ဘူးလေ။ ပန်းချီလိုသိဖို့ က အဓိက၊ သိပြီးတော့ လက်ကမလိုက်နိုင်ဘူး၊ မလုပ်တတ်ဘူး၊ အဲဒါက တကဏ္ဍ။

အဝတ်စတခုကို အနီရောင်ဆိုးပေးစမ်းပါ။ ဆိုးပြီး မင်းဘာသာ ချိတ်ထားလိုက်၊ ပြီးပြီလေ။ မင်းဘာသာအနီဆိုပြီး နာမည်ပေးထားလိုက်၊ အဲဒီကျတော့ ဘာတုန်းမေးတော့ ဘာမှလည်းမဟုတ်ဘူး၊ အဲတော့ နှစ်မျိုးပဲကျန်တော့ တယ်။ Representative နဲ့ Non Representative အချုပ်ပဲ။ Modern Art လို့မင်းကပြောတာ၊ Representative က ပုလင်းတခုဖြစ်ချင်ဖြစ်မယ်၊ မီးခြစ်တခုဖြစ်ချင်ဖြစ်မယ်။ နောက် တခုက ဘာမှမဟုတ်ဘူး၊ လောကမှာမရှိတဲ့ ပစ္စည်း၊ ဒါပဲ ဒီနှစ်မျိုးပဲရှိတယ်။

အဲတော့ ပုလင်းဖြစ်လို့ Modern မဟုတ်ဘူးလို့ မင်းမပြောနဲ့ ဟုတ်ချင်လည်းဟုတ်မယ်၊ မသိဘူး။ နောက်တခုက Line and Colour မင်းဘာသာ မင်းTexture ထည့်ချင်ထည့် မထည့်ချင်နေ၊ Line and Colour လုပ်ခြင်းအားဖြင့် Texture သူ့ဘာသာပါ လာလိမ့်မယ်။ ဒီပစ္စည်းတွေ နဲ့ ဖန်းတီးတာ မင်းရဲ့Elements of Design ပဲ၊ အချုပ်က ဒါပဲ၊ Point လည်းပါတယ် Line လည်းပါတယ်။ Hermony လုပ်မလား၊ Contrast လုပ်မလား နှစ်မျိုးပဲရှိတယ်။ ဒါတွေသိပြီးတော့ မင်းလျှောက်လုပ်နေရင်လည်း မကောင်းဘူး။ မသဲဘဲနဲ့ လုပ်တော့ မှ သူဘာသာသူဖြစ်လာတာ၊ ငါက အသိကောင်ကြီးဆိုပြီး လျှောက်မလုပ်နဲ့၊ ငါကအသိကောင်ကြီးဆို မင်းဟာကြီးက မကောင်းတော့ဘူးလေ၊ မသိဘဲနဲ့လုပ်တာကောင်းတယ်၊

မသိဘဲနဲ့ဆိုဘာမှ မသိဘူး ဟေ့ ဆိုတော့ လည်း မဖြစ်သေးဘူး၊ သိသင့်တာတော့ သိထားရမယ်။ သိတာလေးကို မေးပြီးတော့ လုပ်ချင်တာလုပ် Intangible စကာလုံးမှတ်၊ Modern ဆိုတဲ့ စကားသုံးစရာ မလိုတော့ ဘူး၊ မရှိတော ့ဘူး၊ Post Modern တဲ့ ၊ Pre War ဆိုတာ စစ်မဖြစ်ခင်က Post War ဆိုတာ စစ်ဖြစ်ပြီးက၊ ဒုတိယ ကမ္ဘာစစ်မတိုင်ခင် Pre War Pre လို့ခေါ်တယ်။ စစ်ကြီးပြီးတော့ Post War ၊ အဲဒီတော့ Post Modern, Modern ပြီးသွားပြီးပြီ။

အဲဒီမေးခွန်းတွေကို ဖြေနေမယ့် ဆရာ့ပုံကိုမြင်ကြည့်လို့ရပါတယ်။ ဆရာ ဆေးပေါ့လိပ် ဖွာလိုက်၊ မျက်လုံးကြီးပြူးလိုက်နဲ့ ပလေကပ် ပုဆိုးအပြာရောင်ပေါ်ကျလာတဲ့ ဆေးလိပ်ပြာတွေကို ခါချလိုက်နဲ့ပေါ့။

Single ကဆရာသဘောနဲ့ နေတာပေါ့ Single Life ကိုကြိုက်တယ်ပေါ့ လို့ ဆက်မေးတော့ “ကြိုက်တယ်မိန်းမ မရတာ၊ ကိုယ့်ဘာသာကိုယ် ကံကောင်းတယ်” တဲ့..။
ဘာသာတရားနဲ့ပတ်သက်လို့ ကျတော့ “ဗုဒ္မဘာသာပဲ၊ ဒါပဲ အမှားတခုမှမရှိဘူး၊ ဒါပဲပြီးရော၊ ဒီလောက် ကောင်းတာလောကမှာ မရှိဘူး” တဲ့။

တကယ့် ဆရာခေတ်ပြိုင်တွေ ဘယ်သူချရေးရမှာလဲ ဆိုတော့ “ပေါ်ဦးသက်” ဒါပဲ တဲ့။

ဂီတကျတော့ “ဗီသိုဗင်၊ ချက်ကော့စကီး အကုန်ကြိုက်၊ ဂီတဆို အကုန်ကြိုက်တာပဲ၊ ငါ့စာထဲမှာ ဂီတအမြဲပါနေတာပဲ”။

အခုခေတ်ပုံစံထဲကရော “ထူးအိမ်သင် အမြဲကြိုက်၊ ဟေမာနေဝင်း၊ ခင်မောင်တိုး”။ ဆရာ ဟေမာနေဝင်းက ဆရာထိန်းခဲ့ရလို့ မဟုတ်လားဆိုတော့ “ဟုတ်ပေါင်” တဲ့ အသံကောင်းလို့ ကြိုက်တာတဲ့။ ခင်ဝမ်းကော မကြိုက်ဘူးလား ဆိုတော့ “ခင်ဝမ်းတယောက်မှလွဲ၊ ခင်းဝမ်းမှ အပ အကုန်ကြိုက်၏” တဲ့။

ဆရာ ဘာ Instrument တီးခတ်တတ်သလဲ ဆိုတော့ စန္ဒယား နှိပ်၊ ဒါပဲ။
ကျော်ဇံလှက ဆရာ ကို ဆက်မေးထားတယ်။
မေး - ဆရာ ခံစားတဲ့ အရောင်တွေ သိချင်ပါတယ်။
“ငါက Contrast အစိမ်း၊ အနီ၊ အဲဒီ ဆန့်ကျင်ဘက်က ငါ ပတ်ဝန်းကျင်မှာ အမြဲရှိနေတယ်။ ပတ်ဝန်းကျင်မှာ သိပ်လှတဲ့ အစိမ်းတွေကို ကြည့်စမ်း၊ အဲဒီနှစ်ခုက ငါ့မှာ…။
မေး - ယဉ်ကျေးမှုနဲ့ပန်းချီ ဘယ်လို ဆက်နွယ်မှုရှိပါသလဲ။
ဖြေ - “ပုဂံတမြို့လုံးလည်း Museum ကြီးပါ၊ အဲဒါ မှတ်ထား၊ ဒါလေးပဲ။
မေး - Time and Space အကြောင်းလေးလည်း ရှင်းပြပါ။

ဖြေ - လောကမှာTime and Space ပဲ ရှိတယ်၊ တချို့ကလည်းTime က အရင်လာတယ်၊ Space က အရင်လာတယ် ငြင်းကြတယ်။ ဘယ်သူပြီးမှ ဘယ်သူလာလာ နောက်ဆုံးတော့ လည်း ဘာမှ မဟုတ်ဘူး။ နှစ်ခုစလုံးကပြိုင်တူပဲ၊ Time ပြောင်းတိုင်း Space က ပြောင်းသွားတယ်။ Space ပြောင်းတိုင်း Time ကပြောင်းသွားတယ်။ ဒါလေးပဲ။ လူတွေက ကိုယ့်ကိုယ်ကို အထင်ကြီးအောင် ပြောသောစကားများသာလျှင် ဖြစ်တယ်လို့ပဲ့ ငါယူဆလိုက်တော့ တယ်။
မေး - ဆရာ့ ဆီမှာ ပန်းချီပညာသင်ချင်တယ်ဆိုရင်ကော။
ဖြေ - ပန်းချီက သင်လို့မရဘူး၊ ကိုယ့်ဘာသာကိုယ် ဆွဲ။
မေး - ပန်းချိီဆရာ တယောက်အတွက် ပုဂ္ဂလိက တန်ဖိုးဆိုတာ..။
ဖြေ - ပြောပြော၊ မင်းပြော..။

သူ့ရဲ့ အဆိုကတော့ -- ဗမာပြည် ခေတ်သစ် ပန်းချီကို အစောဆုံးလုပ်ခဲ့ ကြတဲ့ ပန်းချီဆရာတွေက သူတိ့ု တစိုက်က်မတ်မတ် လုပ်ခဲ့ ကြတဲ့ ခေတ်သစ် ပန်းချီ ပြဿနာကို လူသိထင်ရှား ရှင်းလေ့ မရှိဘူးတဲ့။ ပုဂ္ဂလိက တန်ဖိုးဟာ ခေတ်သစ်ပန်းချီရဲ့ ထင်ရှားတဲ့ ၀ိသေသ လက္ခဏာ တရပ်ဖြစ်တယ်လို့ စွဲစွဲ မြဲမြဲ ယုံကြည်ကြဟန်တူတယ်တဲ့။

အဲဒီပုဂ္ဂလိက တန်ဖိုးဆိုတဲ့ ကိစ္စကို ပယ်ဖျက်လိုက်ပါတယ်၊ သူဟာသူ ပုဂ္ဂလိ က တန်ဖိုး နာမည်ပေးတာကို မကြိုက်ဘူး။

ငါ့ဘာသာ မကြိုက်တာနော်၊ ကြိုက်ရင်လည်း ကြိုက်ကြမှာပေါ့။ ငါမှမကြိုက်တာ၊ ရှင်းပြနေစရာ မလိုဘူး၊ ဟုတ်တယ်၊ ရှင်းနေရရင် ပန်းချီ မဟုတ်ဘူး၊ ပန်းချီဆိုတာကြည့်၊ ကြည့် ပြီးရင်သိ၊ မသိရင် မသိနဲ့ ဒါပဲ။

မေး - ဆရာ ယဉ်ကျေးမှုတို့ အနုပညာတို့ တိုးတက်ဖို့ ပန်းချီဆရာအနေနဲ့ ဘယ်ကဏ္ဍမှာ ရှိသလဲ။ ဖြေ - ပုံဆွဲတဲ့ ကဏ္ဍမှာ၊ ဟဲ.. ဟဲ..။ ပုဂံ ခေတ်မှာ လုပ်ခဲ့ကြတယ်လေ၊ ပုဂံခေတ် လောက်ထွန်းကားခဲ့တဲ့ ပန်းချီခေတ်မရှိတော့ဘူး။ ပုဂံ ခေတ်ထက် ဘယ်ခေတ်မှ မသာဘူး၊ ပုဂံ ခေတ်ပန်းချီလောက် ကောင်းတာ။ တကယ်မြန်မာပန်းချီ မင်းမှတ်ထား။

မေး - ဆရာ စောစောက စကားကို ပြန်ဆက်ရအောင် Non Realism ဆိုတဲ့ ကိစ္စ။

ဖြေ - Non Realism မပြောဘူး၊ အဲဒါလက်မခံဘူး၊ Representative နဲ့ Non Representative နှစ်ခုပဲရှိတယ်။ ငါပြောချင်တာ Line မှာ ဘာတွေရှိမတုန်း၊ တိုတာတွေရှိမယ်၊ ရှည်တာ ရှိမယ်၊ ဖြောင့် တာ ကောက်တာ ရှိတယ်၊ ထူတာရှိတယ်၊ ပါးတာရှိတယ်။ အရောင်နှစ်ခုတွေ့လိုက်ရင် နှစ်ခုဖြစ်တယ်။ အသေးဆုံးပဲ၊ ဒီထက်သေးအောင် ဘယ်သူမှ မဆွဲနိုင်ဘူး၊ အဓိကLine ပဲ ဒါ မြန်မာပဲ။ အောင်စိုးက ပြောတယ်၊ ကောက်ကြောင်း ဆိုတာ အောင်စိုးက နာမည်ပေးသွားတာ။
မေး - ဆရာ ရှုခင်းတွေ အရေးများသလား၊ ရေးလား။
ဖြေ - ရေးတယ်၊ အရေးမများဘူး၊ ဒါပေမဲ့ ငါက ဘာကို စူးစမ်းနေတာလဲ ဆိုတော့ ဟိုမိုးကုပ်စက်ဝိုင်းကို ဖြုတ်ချင်တာ အဲဒီမိုးကုတ်စက်ဝိုင်း ကြီးပါလာတာ စိတ်ညစ်တယ်၊ အဲဒါဖြုတ်ချင်တာကြာလှပြီ။ ဖြုတ်ပြီးတော့ ငါဒီလိုကြည့်တော့ မိုးကုတ်စက်ဝိုင်းမပါဘူး၊ ဟိုလိုကြည့်တော့ ပါတယ်၊ ဟိုနားမှှာ မိုးကုတ်စက်ဝိုင်း၊ မင်းသိလား၊ ဘာလိို့ု ဖြုတ်ချင်တာလဲ၊ မမေးနဲ့ ဖြုတ်ချင်လို့ဖြုတ်တာ၊ ဘာအကြောင်းမှမရှိဘူး။ ဒါပေမဲ့ အမြဲပါနေတယ်။ ဒါလေးပဲ ခံနေရတယ်။ ဒါငါ့ ပြသနာ၊ ငါ့ ပြသနာ ဖြုတ်လို့လည်းရမှာ မဟုတ်ဘူး။
မေး - ဂီတနဲ့ပတ်သက်လို့ ဗမာပြည်ဂီတကို ဘယ်လိုမြင်လဲ။
ဖြေ - ဗမာပြည်ဂီတ - အခုခေတ်ပြောတာမဟုတ်ဘူး - မြန်မာ ဂီတ သိပ်ကောင်းလှတယ်၊ ကမ္ဘာ အမွှမ်းတင်ပြီးသား၊ ဆိုင်းတွေ အကုန်ကောင်းတယ်၊ အသည်း ထဲဝင်လာတယ်၊ နတ်ဆိုင်း။
မေး - နတ်ဆိုင်းသံကို သဘောကျလား။
ဖြေ - ကျတယ်။
မေး - နိုင်ငံခြား ပန်းချီဆရာတွေထဲက ဘယ်သူ့ကို သဘောကျလဲ။
ဖြေ - အကုန်လုံးပဲ၊ အကုန်ကြိုက်တာ၊ လီဒိုနာဒိုဒါဗင်ချီက စပြောမလား အများကြီးပဲ၊ ခေတ်သစ်တွေ လည်း အများကြီးပဲပေါ့လေ၊ ဒီကိုနီး၊ မိုဒီလီယာနီ၊ ကိုယ်ဘာသာ ရူးပြီးတော့ မိုဒီနီယာနီ့ ပုံတွေဆွဲ၊ လည်ပင်းရှည်ရှည်ကြီးတွေနဲ့။
မေး - အခု ဗမာပြည်က ပန်းချီဆရာတွေ ဘယ်သူကို ဆရာမျက်စိထဲ မြင်ထားလဲ။ ဖြေ - အကုန်မြင်တာ၊ ဘယ်သိမှမသိတာ၊ ဦးလွန်းကြွယ်သိတယ်လေ။
မေး - နောက်ကော..။
ဖြေ - လူကြီးထဲက ဒီတယောက်ပဲ ကျန်တော့တယ်၊ အကုန်သေကုန်ပြီလေ၊ လူငယ်တွေ ထဲ က ကျော်ဇံလှပေါ့ကွာ၊ ဒါပဲ ဟဲဟဲ။ ခင်ဝမ်း သိတယ်၊ ခင်ဝမ်းက ငါ စိတ်အညစ်ဆုံး လူတယောက်၊ မုတ်သုံသိတယ်။ ဒါပေမဲ့ ငါအကြိုက်ဆုံးသူက မိုးကုတ်က..။
မေး - ဆရာ အခုချိန် ပေါ်ဦးသက်ဘယ်ရောက်နေလောက်ပြီလဲ။
ဖြေ - ရန်ကုန်ပြန်လာမယ်တဲ့၊ ငါမသေခင် ငါနဲ့တွေဦးမှာ။
မေး - ပေါ်ဦးသက်နဲ့ ဘာလုပ်ကြမှာ တုန်း။
ဖြေ - သိဘူးလေ၊ သူပြောတာပဲ။
မေး - ဆရာ ပေါ်ဦးသက်က ဆုံးပြီးပဲ၊ ဘာလုပ်ချင်လို့ တုန်း။
ဖြေ - သိဘူး၊ မသေခင် ငါနဲ့တွေဦးမှာ ပါဆို။
မေး - ဆရာတိ့ ုပေါ်ဦးသက်တို့နဲ့ ၂၄ လမ်းမှာ နေတဲ့ကာလနဲ့ ဆရာ လက်ရှိဘဝ ဘာကွာလဲ။
ဖြေ - ဟိုးတုန်းက လွပ်လပ်တယ်၊ ပိုက်ဆံလေး နည်းနည်းလေးရပြီးတော့ အများကြီးရတယ်။ အခုပိုက်ဆံ အများကြီးရပြီးတော့ နည်းနည်းလေးရတယ်။ အဲဒါ စီးပွားရေး။ စိတ်ပိုင်းဆိုင်ရာ ကျတော့ ဟိုတုန်းက ပျော်တယ် Stuggle လုပ်ရတာ ပိုပျော်တယ်၊ ငါအခု Stuggle လုပ်စရာ မလိုတော့ဘူး။
မေး - ဆရာပြင်ဦးလွင်က လွပ်လပ်ရေးကျောက်တိုင်က ဆရာ့ဒီဇိုင်းဆို။
ဖြေ - ဟုတ်ဘူး၊ ဘိုကြီး။
ဖြေ - ရှေ့လျှောက် ဆရာရေးမယ့် ပန်းချီတွေ က မြန်မာမှုနဲ့ ဆက်စပ်ဦးမလား။
ဖြေ - သိဘူး၊ ပါချင်လည်းပါမယ်၊ မပါချင်လည်း မပါဘူး။ မြန်မာမှုကတော့ စိတ်ထဲ၊ အသည်းထဲမှာ အမြဲရှိတယ်။

ဆရာဦးခင်မောင်ရင်က မြန်မာ့ ယဉ်ကျေးမှု အဆင့်အတန်း အောက်တန်းမကျခဲ့တာကို သိသာထင်ရှားစေချင်တယ်။ ကမ္ဘာ မှာ မြန်မာအနုပညာလကို တင့်တယ်စေချင်တယ်။ မြန်မာတို့ရဲ့ ကိုယ်ပိုင်အနုပညာကို ပြည်ပ လွှမ်းမိုးမှု အောက်ရောက်သွားမှာ စိုးရိမ်သူ တယောက်ဖြစ်တယ်။ မြန်မာတို့ရဲ့ ကိုယ်ပိုင်အနုပညာကို ကိုယ်ပိုင် အနုပညာ အရိပ်အာဝါသအောက်တွင်ရှိရမည်မှာ အနုပညာရှင်တို့ရဲ့ တာဝန်လို့ ခံယူထားတယ်။ ပြည်ပ လွှမ်းမိုးမှု အနည်းနှင့်အများရှိတာကို လက်ခံ၊ ထိုဒဏ်ကို ဖောက်ထွင်း ကျော်လွှားပြီး မိမိတို့ရဲ့ ကိုယ်ပို်င်စွမ်းအင် ဖော်ထုတ်ချင်စိတ်ရှိတာကို စွပ်ကျယ် အဖြူဝတ်ထားတဲ့ ခန္မာကိုယ်ထဲက နှလုံးသားထဲမှာ ရှိနေတာကို ဆရာ့ကို ခဏ စကားပြောကြည့်တာနဲ့ မြင်လို့ ရမှာမဟုတ်ဘူးပေါ့။ ဆရာက လည်း ပါးစပ်က သိဘူး၊သိပါဘူး၊ ဟာ.. ရှုပ်လွန်းလို့ပဲ အမြဲပြောနေတာကိုး။

ဂီတကျတော့လည်း ဆရာက အကုန် နားထောင်တယ်။ မြန်မာ့ဂီတ ဘယ်သူတွေ သိထားတုန်း မေးတော့ မြို့မငြိမ်း၊ ရွှေတိုင်ညွန့်၊ ရွှေပြည်အေး၊ အဲဒါဂရိတ်တွေပဲတဲ့။

ဆရာ ဘယ်သီချင်းတွေကြိုက်လဲ။ “စိန်ဝေလျှံ၊ (ရေးတဲ့သူနာမည်)။ နောက်ပိုင်းကတော့ ဘယ်သူတွေ ရေးတာသိလည်းဆိုတော့ ထူးအိမ်သင်ရေးတာသိတာပေါ့၊ ထူးအိမ်သင်ကြိုက်လား၊ ကြိုက်ပါ့။

ကြံုရင် ဘာပြောလိုက်ရဦးမလဲဆရာ။ ဆံပင်တိုတာနဲ့ ရှည်တာကို ပြဿနာလုပ်မနေနဲ့ လို့၊ နှလုံးသားအိမ်ကို ဓားနဲ့ မမွှန်းနဲ့ လို့..။
ဆရာ လေးဖြူတို့ ဇော်ဝင်းထွဋ် တို့ရော။ ဇော်ဝင်ထွဋ် သိပ်ကြိုက်၊ လေးဖြူက ဘယ်သူတုန်း၊ အဆိုတော်ပဲ၊ အေး.. ကြိုက်မှာ ပေါ့..။
ဆရာ လွတ်လွတ်လပ်လပ် ပန်းချီကားတွေ ရေးတာမျိုး၊ သူများတွေ ကို လည်းဖြစ်စေချင်တဲ့ ဆန္ဒမရှိဘူးလား။
ဖြစ်စေချင်တဲ့ ဆန္ဒပဲ ရှိတယ်၊ မဖြစ်စေချင်တဲ့ ဆန္ဒမရှိဘူး၊ လုပ်စေချင်တာပဲ၊ ကိုယ်လုပ်ချင်တာကို လုပ်လိုက်စမ်းပါ၊ ငါလည်း ကိုယ်လုပ်ချင်တာလုပ်တာ၊ အဲဒါအဓိကပဲ။
ဆရာ ခေတ်မီခြင်း မမီခြင်းဟာ ဘာနဲ့ဆိုင်တုန်း။
အသိနဲ့ အသိနဲ့…။ ရှေးတုန်းက ဟာတွေ မသိလို့ ခေတ်မမီတာ၊ ရှေးတုန်းက ဟာတွေ သိရင် ခေတ်မှီတယ်၊ ပြန်ပြောမယ် ရှေးတုန်းက ဟာတွေ သိအောင်လုပ်ရမယ်။ ရှေးတုန်းက ဘယ်လို ဘယ်လို ဖြစ်ဘာတယ်၊ ဒီ ကိစ္စဘယ်လိုဖြစ်လာတာသိရမယ်၊ သိရရင်ခေတ်မီမယ်၊ မသိရင်ခေတ်မမှီဘူး။
အဲဒါဆို အသစ်သစ်တွေ ဖန်တီးဖို့ အဟောင်းအဟောင်းတွေ သိဖို့ လိုတယ်ပေါ့။
သိပ်မှန်ပေါ့၊ မသိလို့မရဘူး။
Intuition, Inspiration, Imagination ဒီသုံးခုက ကိုယ်ပိုင်ရှိရမယ်။ Creation ဖြစ်ဖို့ Inspiration ရှိဖိုလိုတယ်၊ Inspirationရှိရင် Automation ဖြစ်သွားတယ်၊ ဒီလိုပဲ ခင်မောင်ရင် ယူဆတယ်။
နောက်ဆုံးမေးခွန်း (၁၁၃) က “အဲဒါဆိုပြန်မယ်”..။
ဆရာ အဖြေက “ပြန်နဲ့ ဦး၊သီချင်းတပုဒ်ဆိုပြမယ်၊ ပြီးမှပြန်” တဲ့..။
ဆရာနဲ့ ကျော်ဇံလှတို့ ကြားမှာ ဆရာတို့ နှစ်ယောက်ပဲ နားလည်တဲ့ ဘာသာစကားတွေ နားလည်မှုတွေ ရှိကြပါတယ်။ ကျော်ဇံ လှက တခါတခါ ဆရာ ဆီ ကို သူငယ်ချင်းတွေ၊ ဆရာ ဦးခင်မောင်ရင်ကို တွေ့ကြရင် လူတွေက ကြည်ညိုစိတ်ချစ်ခင်လေးစားစိတ်တွေ ချက်ချင်းဖြစ်သွားတော့ တာပဲ၊ ပြီးရင် ပန်းချီကားတွေ လိုချင်လာကြရော၊ ဆရာကို ဂုဏ်ပြုခြင်တာလည်း ပါတယ် အားပေးချင်တာလည်းပါတယ်။ ကိုယ်တိုင် လိုချင်ကြတာလည်းပါတယ်။ ပြီးရင် ပန်းချီကားတွေယူကြရော ပိုက်ဆံပါတာတွေ လည်းရှိတယ်၊ မပါတာလည်းရှိတယ်။ အဲဒီလို စည်းကမ်းမကျတာကို ကျော်ဇံလှက စိတ်ညစ်လို့ ညည်းတွား ညည်းတွား နေတာကို ခဏခဏ ကြားရတယ်။

အဲဒါ မင်းပြောတဲ့ ဆရာဦးခင်မောင်ရင်ပဲလို့ ပြောရတယ်။ ဆရာ့ သဘောက အဲဒီလိုပဲ၊ လိုချင်ရင် ယူသွားအားလုံးကို ပေးလိုက်မယ်၊ ကျန်တာ စိတ်မဝင်စားပါ။ ဆရာ က ဘယ်ပူလိမ့်မလဲ၊ မျက်စောင်းထိုး ညီမအိမ်က ထမင်းပို့မယ်။ ကျန်းမာရေးဆို ဆရာ့ အပြောအရ ကျော်စိန်ရှိတယ်၊ နေမျိုးရှိတယ်ပေါ့။ ဘယ်သူတွေ ဘယ်လိုလာရှုပ်ရှုပ် ဆရာက ရှင်းပြီးသားပေါ့။

ဓာတ်ပုံမျှဝေသူ - မျိုးဆွေသန်း (ဒီဇိုင်း)
၂၀၀၄ ခုနှစ် သြဂုတ်လလောက်တုန်းက ဆရာရဲ စတုထ္တအကြိမ်မြောက် ပန်းချီပြပွဲ ကို ကျွန်တော်ရယ်၊ ကိုဇော်ထွန်းရယ်က လုပ်ပေးတယ်။ ကင်းဗတ်စ်နဲ့ ဆေးတွေ ပို့ထားပေးတယ်။ ပန်းချီကား ၃၀ မပြည့်နိိုင်ဘူး၊ ပြီးပြီလို့ ထင်လို့ သွားကြည့်လိိုက်ရင် ရှေ့က ရေးထားတဲ့ ကားတွေ ကကုန်ကုန်သွားရင်းနဲ့ ကား ၃၀ ပြည့်အောင် မနည်းတားယူရတယ်။ လိုချင်တယ်လို့ပြော ပေးလိုက်မှာပဲ။ ဒါပေမဲ့ ဆရာ က ဘယ်သူ ဘယ်လိုပုံစံမျိုးနဲ့ ယူသွားတယ်ဆိုတာကို မှတ်မိနေပြန်တယ်။

အဲဒီပန်းချီကားတွေ ပြပွဲ အတွက်သွားယူရင်း တခေါက်က သီချင်းဆိုတဲ့ ဇော်ပိုင်လိုက်လာတယ်။ ဆရာ ကိုတွေ ့တော့ သနားလို့ သနားလို့တဲ့ သူက အနုပညာရှင်ကြီး တယောက် ဒီလိုနေနေရတယ် ဆိုတဲ့ သဘောနဲ့ ပေါ့။ ကျွန်တော်က ပြန်ပြောရတယ်၊ အေးဆရာ ဦးခင်မောင်ရင်ကို သွားသနားတယ် လုပ်မနေနဲ့၊ ဟိုက မင်းပြန်ပြီးတော့ သနားလိုက်ဦးမယ်လို့။

နှစ်နာရီလောက်ကြာပြီး ဆရာအိမ်က ပြန်တော့ ဇော်ပိုင်က ဟုတ်တယ်ဗျို့ ကိုယ်ကမှ သနားစရာဖြစ်သွားပြီ။ ဆရာက တကယ်ကို လွတ်မြောက်နေတာဗျ လို့ဖြစ်သွားရော။

ဆရာဦးခင်မောင်ရင်ကို ဘယ်သူကမှ ဂုဏ်တင်လို့ မရသလို ဘယ်သူကမှလည်း ရှုတ်ချလို့မရပါဘူး၊ ဘယ်သူမှလည်း ဆရာ ဦးခင်မောင်ရင် အနီးနားရောက်အောင် ချဉ်းကပ်၊ ငြိတွယ်လို့မရပါဘူး၊ ဆရာအနားမှာသူပြောသလိုပဲ ဂီတက ပဲ ကူးခတ်နေတာပေါ့။

မနေ့ ကပဲ ကျော်ဇံလှတို့ ဆရာဦးခင်မောင်ရင်ဆီက ပြန်လာကြတယ်။ ဟင်ငါ့လည်းမခေါ်ဘူး၊ ငါလည်း ဆရာ့ ဆီသွားချင်နေတာလို့ပြောတော့၊ ဆရာက မင်းကိုမေးပါတယ်၊ ဘာလုပ်နေလဲဆိုတော့ သူခါတိုင်းလိုပဲ ဒီဇိုင်းတွေ လုပ်နေတာပေါ့ ဆိုတော့ “အရေးမပါတာတွေ လုပ်နေတယ်တဲ့ ”။

ဒကာဆိတ်က သူ့ဝတ္ထု စာအုပ်မျက်နှာဖုံးလုပ်ဖို့ ဆရာဦးခင်မောင်ရင် ပန်းချီကားသွားဝယ်တာ။ ငါးသောင်းပေးခဲ့တယ် ဒီပန်းချီကားပဲတဲ့။ အဖြူရောင်အခံမှာ ဘုန်းကြီးလေးကို ကျောင်းသားလေးက ထီးမိုးထားတဲ့ ပုံ၊ အသားရောင်နေရာမှာ အနက်ခြယ်ထားပြီး သင်္ကန်းက လိမ္မော်၊ ထီးက အနီ၊ အောက်မှာ ခင်မောင်ရင် (ဇီးရိုးဆဲဗင်း) လို့ လက်မှတ်ထိုးထားတယ်။

ဆရာက အိမ်အသစ်နဲ့ ဖြစ်သွားပြီးတဲ့။ သွပ်မိုးကာနဲ့ သူမနေတတ်ဘူးဖြစ်နေတယ်တဲ့၊ ကျန်းမာရေးကောင်းတယ်။ ကျွန်တော်တို့ ဆရာပန်းချီကားကို ကြည့်ပြီး ကြိုက်နေကြတုန်းမှာ ကျော်ဇံလှကမေးတယ်။
“ဆရာဘာလို့ ဒီဘုန်းကြီးလေးကို ဆေးရောင်အနက်နဲ့ ရေးတာတုန်း” လို့မေးတော့
“ငါ့မှာ အသားရောင် ဆေးကုန်လို့ အနက်ရောင်ခြယ်လိုက်တာပေါ့ဟ၊ သူများတွေလို ဖိုက်မန့် (Five Monks)၊ ဆစ်ခ် (Six) မယ်သီလရင် ရေးတတ်ပါဘူး၊ ဝမ်းဘုန်းကြီး၊ ဝမ်းကျောင်းသား၊ ဝမ်း အမ်ဘရဲလား၊ ဝမ်း ခင်မောင်ရင်ပေါ့ဟ..” တဲ့..။
ဟုတ်ပါတယ် ဆရာ၊ ဆရာ ဦးခင်မောင်ရင်ဟာ ONE ဦးခင်မောင်ရင်ပါ။

ဒီဇိုင်း မျိုးဆွေသန်း / ဆရာ ကျောင်း
စာရေးသူ မှတ်ချက် - ၂၀၀၈ ခုနှစ်က မြင်ကွင်းမဂ္ဂဇင်းမှာ လူ၊ မြို့၊ သစ်ပင်၊ လမင်း၊ ကြယ်စင် ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ (၁၂)ပုဒ် ရေးခဲ့ပါတယ်။ ဗမာ့ ခေတ်သစ် ပန်းချီဆရာ ဦးခင်မောင်ရင် သံသရာခရီးကို ထွက်ခွာသွားခဲ့ပြီဖြစ်လို့ ပြန်တင်ပေးလိုက်ပါတယ်။ တကယ်တော့လည်း ကျွန်တော့် ညီ ကျော်ဇံလှ ရဲ့မေးခွန်းတွေက ကျွန်တော်တို့ သိချင်တာတွေ ဖြစ်နေတော့၊ သူကောင်းလို့ပဲ ပြောရတော့မယ်၊ ဒါ့အပြင်အဲဒီကာလက ကျော်ဇံနဲ့ ကိုအောင်ကျော်ဆန်း တွဲလျက်မြင်ရတော့သူ့ခြေရာလက်ရာ မကင်းတာလည်းတွေ့ရပါတယ်။ ကျေးဇူးက ဒီ (၂)ယောက်ကိုတင်ရမှာပါ။ ဦးခင်မောင်ရင် ဆီက နှိုက်ထုတ်နိုင်တာ ဒီ(၂)ယောက်အပြင် ဘယ်သူမှ မစွမ်းပါ။

မိုးမခ မှတ်ချက် - ဇွန် ၁၀၊ ၂၀၁၄ တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည့် ဗမာ့ မော်ဒန် ပန်းချီကျော် (ဦး) ခင်မောင်ရင် (၁၉၃၈-၂၀၁၄) အမှတ်တရ အဖြစ် တင်ဆက်ခြင်း ဖြစ်သည်။ ဆောင်းပါး နှင့် ဓာတ်ပုံ အသုံးပြုခွင့် ပေးခဲ့သည့် ဆရာ မျိုးဆွေသန်း ကို မိုးမခ က ကျေးဇူးအထူး တင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ...

Tuesday, April 29, 2014

WearingThaNatKhar ThuMaung

‪ ခိုးကြည့်သည်။ တစ်ခါတစ်ရံ ခိုးကြည့်ရင်းက ဆုံမိကြလျှင်၊ တဖက်သို့ လှည့်ပစ်လိုက်ကြသည်။ ပြီးတော့ ခိုး၍ပင် ရယ်ကြသည်။ ------------------------------------------------------ ပထမဆုံး ဝတ္ထုတိုဖြစ်သည့် " သနပ်ခါးရေကျဲကျဲ " မှ အုပ်စိုး ကလောင်အမည်ဖြင့် ၁၉၇၀ ခုနှစ် ၀တ်မှုံဂျာနယ် တွင် ပထမဆုံး ပုံနှိပ်ဖေါ်ပြခဲ့တယ်လို ့ မှတ်သားဖူးပါတယ်

သနပ်ခါးရေကျဲကျဲ (သုမောင်)

သူတို့အသိုင်းအဝိုင်း သင်းတို့ပတ်ဝန်းကျင်ကဖြင့် ကဲကိုကဲသည်။ အိုးကမပူ စလောင်းကပူသည်။ ကောက်ညှင်းကမစေး၊ ဆန်ကြမ်းက စေးနေသည်။ ကာယကံရှင် ငမောင်နှင့် မိဆက်တို့ကဖြင့် ဘယ်အခြေအနေ ရှိနေသည်မသိသေး၊ သူတို့သတင်းက ဟိုးလေးကျော်နေပြီ။

"ဟဲ့၊ ငမောင်ကလေးနဲ့ ဆက်ဆက်တို့က သည်လိုသာဆို ဟန်ကျပါ့တော် ..."

အမှန်မှာ ဤသည်ပင်လျှင် ချစ်စရာကောင်းသော သူတို့အသိုင်းအဝိုင်း၏ စရိုက်ကလေးဖြစ်သည်။ ရှေ့နေရှေ့ရပ်ကြီးတွေ စုမိလျှင် တရားစကားတို့ကို ဆိုကြလိမ့်မည်သို့၊ စျေးရောင်းသမများဆုံကြလျှင် ပါးစပ်သတင်းကလေးများ ဆိုတတ်ပြောတတ်ကြသည်။ သူတို့ရင်ထဲရှိသည်တို့ကို သည်အတိုင်း သိုသိပ်မထားတတ်ကြ။ ဖွင့်ဟလိုက်ချင်ကြသည်။ ငမောင်နှင့် မိဆက်တို့ သတင်းသည်လည်း သူတို့ကလေးတွေ၏ ရင်ထဲမှ ပီတိကို လှိုင်းထသွားစေသည် ထင်ရ၏။ သင့်၏ မသင့်၏မဟူ၊ တော်၏ မတော်၏မချင့်၊ သည်လိုတဲ့အေ့ဟု ပြောလိုက်ရမှ သူတို့ကျေနပ်တတ်ကြ၏။ သည်တော့ အီကြာကွေးသည် ကိုဘကျော်ကြီးမှအစ၊ ရေခဲခြစ်သည် ဒေါ်စိန်တို့အထိ သိနေကြသည်မှာ ဆန်းလှသည်တော့ မဟုတ်။

ငမောင်သည် အကြော်သည် ဒေါ်ညက်၏ သားဖြစ်သည်။ သူ့အလုပ်က မနက်စောစော အကြော်တောင်း တဖက်စာကြီးရွက်ပြီး ရပ်ကွက်အတွင်းရှိ မုန့်ဟင်းခါးဆိုင်မှန်သမျှသွား၍ အကြော်ပို့ရသော အလုပ်ဖြစ်သည်။ သူတို့အကြော်တဲနှင့် အနီးဆုံးဆို၍ မိဆက်တို့ မုန့်ဟင်းခါးဆိုင်ရှိသည်။ သည်တော့ မနက်လေးနာရီခွဲလောက် မိဆက်ဆိုင်ပြင်နေချိန်မှာပင် ငမောင် ရောက်နှင့်နေတတ်သည်။ စကားတွေ ဖောင်ဖွဲ့သည်။ မိဆက်ကို လှောင်သည်။ ပြီးတော့ ... ရယ်သည်။ ငမောင်ကလည်း ရယ်သည်။ မိဆက်ကလည်း ရယ်သည်။ နှစ်ယောက်စလုံး ပြိုင်တူလည်း ရယ်ကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍လည်း ရယ်ကြသည်။

သည့်ပြင်ဆိုင်တွေ ပို့ပြီးလောက်ပြီဆိုလျှင်၊ ငမောင် မိဆက်တို့ဆိုင် ပြန်ရောက်သည်။ ရေနွေးကြမ်းသောက်သည်။ မုန့်ဟင်းခါး အခမဲ့ စားသည်။ သို့ပေမယ့် မိဆက်ဆိုင်က ရောင်းကောင်းတတ်သည်မို့ တစ်ခါတစ်ရံ ငတ်သည်။ သည်အခါ ငမောင် ရေနွေးကြမ်းသာ သောက်ရသည်။ မောလှပမ်းလှသည်မို့ ရေနွေးကြမ်းပူပူသည် ငမောင့်အဖို့ ကျောက်ကျစမ်းရေနှယ် ...။

ဘယ်သို့ဆိုဆို စလောင်းပူပြီဆိုမှ အိုးလည်းပူရတော့သည်။ ဆန်ကြမ်းကပင် စေးနေပြီ။ အဘယ်ကောက်ညှင်းသည် နှမ်းမနဲမဖြစ် ခံနိုင်မည်နည်း။ သစ်ငုတ်ပင်လျှင် ခလုပ်တိုက်ပါများတော့ နဲ့သေးသည်။ တုတ်နှင့်လွှဲ၍ လွှဲ၍ ရိုက်ပြီဆိုမှ မပြုတ်ခံနိုင်ပါတော့မည်လား။

အစတွင်တော့ မိဆက်ရင်၌ ဘာလိုလိုရယ်မသိ၊ ခံစားရသည်။ ရေခဲခြစ်သည် ဒေါ်စိန်ကနောက်၊ တိုရှည်သည် မတူးမကစ၊ လက်ဖက်ရည်ဆိုင်က ဦးပြားကလှောင်နှင့်ကြာတော့ မိဆက်မခံနိုင်ဖြစ်ရသည်။ မိမိကိုယ်မိမိလည်း ခုမှသိတော့သည်။ အရင်က မတွေးတတ်ခဲ့သည့်အဖြစ်ကို ခုတော့ ရေးရေးမြင်ပြီ။ ညအိပ်ရာဝင်တိုင်း မနက်မြန်မြန်ရောက်ချင်ခဲ့ရသည်ကိုလည်း ခုတော့ သိသလိုလိုရှိပြီ။

"ငမောင်ရယ် ... နင်လာရင် ငါဘာရယ်ကြောင့် ပျော်ရပါလိမ့်ဟယ် ..."

x x x x x

သည့်နောက်ပိုင်းတွင် ငမောင်သည် မိဆက် ဆိုင်မခင်းတတ်သေးသည့် အချိန်မှာပင် ရောက်လာတတ်သည်။ အကြော်တောင်းချ၊ အကြော်ရေတွက်၊ ပြီးလျှင် ချက်ချင်းထွက်သွားတတ်သည်။ မိဆက်ကလည်း သည်အခါမျိုးတွင် ခေါင်းသာ တွင်တွင်ငုံ့နေတတ်သည်။ ဘာမှလည်းမပြော၊ ဘာမှလည်းမမေး၊ ယခင်ကနှယ် အကြော်ညှက်သည်၊ ပုသည်၊ အကျိုးတွေများသည်ဟုလည်း အထွန့်မတက်၊ ငမောင်ကလည်း မစ၊ ရယ်လည်း မရယ်တော့။ မိဆက်လည်းမရယ်မိ၊ ငမောင်လည်း မရယ်မိ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍လည်း မရယ်မိတော့။

ငမောင်ထွက်သွားမှ မသိမသာ ငမောင့်ကို မိဆက်က ခိုးကြည့်တတ်သည်။ ငမောင်ကလည်း ခပ်လှမ်းလှမ်းရောက်မှ အကြော်တောင်းနှင့်ကွယ်၍ ခိုးကြည့်သည်။ တစ်ခါတစ်ရံ ခိုးကြည့်ရင်းက ဆုံမိကြလျှင်၊ တဖက်သို့ လှည့်ပစ်လိုက်ကြသည်။ ပြီးတော့ ခိုး၍ပင် ရယ်ကြသည်။

"သိပ်ဆိုးတဲ့ ငမောင်ပဲဟယ် ..."

ထူးခြားသည်တော့ တစ်ခုရှိတယ်။ ယခင် ... ငမောင် အကြော်ပို့ပြီးအပြန် မိဆက်ဆိုင်ရောက်လျှင်၊ မုန့်ကျန်နေသေးလျှင် စားရတတ်သည်။ ယခုမူ မုန့်ကုန်သည်ဖြစ်စေ၊ ကျန်သေးသည်ဖြစ်စေ ငမောင်စားရသည်။ ဖက်နှင့်ထုပ်ထားသော မုန့်ဖတ်တစ်ပန်းကန်စာနှင့် ဂျိုင့်ကလေးဖြင့် နွှေးထားသော ဟင်းရည်တစ်ခွက်စာကို ငမောင်ပြန်ရောက်လာတိုင်း မိဆက်က ထုတ်၍ကျွေးသည်။ ပြီးတော့ တစ်ခါတစ်ရံ ပြုံးကြသည်။

တစ်နေ့ ငမောင် အကြော်လာအပို့ "မန္တလေးပဲကြော် ပါသလား" ဟု မိဆက်က မေးမိသည်။ ငမောင်က မဖြေ၊ ခေါင်းခါပြသည်။ အကြော်ရေတွက်ချပေးခဲ့ပြီး၊ လှည့်ထွက်သွားသည်။ မိဆက် ဒေါသဖြစ်ရသည်။ အံကြိတ်သည်။ ငမောင့်ကျောပြင်မဲမဲကို မျက်စောင်းခဲလိုက်သည်။ နောက်နေ့တွင်မူ မိဆက်ကြေအေးလိုက်ရသည်။ ငမောင်ယူလာသော မန္တလေးပဲကြော် ပူပူနွေးနွေးနှစ်ခုကြောင့် ဖြစ်သည်။ အဲသည်နေ့မှစ၍ ငမောင် အကြော်လာပို့တိုင်း မိဆက်ဖို့ မန္တလေးပဲကြော် ပါလာတတ်တော့သည်။

"နတ်သုဒ္ဓါ ဆယ်ပြန်ကဲစေတော့ လဲရက်နိုင်ဘူး ငမောင် ..."

x x x x x

မယုံဘူးတော့လည်းမဟုတ်၊ ယုံရမည်ဆိုတော့လည်း မယုံရက်နိုင်။ စျေးသည်တွေရဲ့ ပါးစပ်ကို အခြားသူတို့ ယုံကြည်ခဲပေမည့် စျေးသည်ချင်းကတော့ ယုံတတ်ကြသည်။ သူတို့ အသိုင်းအဝိုင်းကလည်း မဟုတ်သည်ကို အဟုတ်လုပ်မပြောတတ်ကြ။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ထင်သည်ကို ထင်သည့်အတိုင်း ပြောတတ်ကြသည်။ ပြီးမှ လွဲနေရင်လည်း ခြေထောက်ဖက်၍ တောင်းပန်တတ်သည်။ ဟုတ်နေပြီဆိုရင်ဖြင့် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်ရသည်။

သည်သတင်းကို ငမောင်ကြားနေခဲ့ရသည်မှာကြာပြီ။ ငမောင်ရွာသို့ မပြန်ခင်ကပင် ကြားနေခဲ့ရသည်။ သို့ကြောင့်လည်း ရွာပြန်ခါနီးက ငမောင် အတော်ခြေလှမ်းနေးခဲ့သည်။ မိဆက်ကို စိတ်မချနိုင်။ ဖွင့်၍လည်း မပြောရက်။ မပြောရဲ၊ ကက်ကက်လန်အောင် မိဆက်ရန်တွေ့လိုက်လျှင် ငမောင်ပို၍ အခံရခက်မည်။ "အေး ဟုတ်တယ် ဘာဖြစ်လဲ" ဟုများ မိဆက်က ပြောလိုက်မှဖြင့်၊ ငမောင့်အခက်။ အကယ်ဟုတ်သည့်တိုင် သည်လိုပြောသည်ကိုဖြင့် ငမောင် မကြားလို၊ သည်လိုနှင့်ပင် 'အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်ရင်' ဖြင့် ငမောင် ရွာပြန်သွားရသည်။

x x x x x

ရွာကပြန်ရောက်တော့ ပို၍ဆိုးနေပြီ။ မိဆက်သတင်းကို နားမခံသာ ကြားရသည်။ "ကျွန်တော်နဲ့မိဆက်ကတော့ သေချာနေပြီ အမေရေ့ ..." ဟု ငမောင် ကြွားခဲ့စဉ်က ထ၍ပင် ကတော့မတတ် ဝမ်းသာသွားရသော ရေခဲခြစ်သည် ဒေါ်စိန်ကိုယ်တိုင်ကပင် ပြောလာပြီဆိုတော့ ငမောင်ယုံချင်ချင် ဖြစ်လာသည်။ သို့ပေမယ့် တဖက်ကလည်း ငမောင် လှည့်တွေးမိသည်။ သင်းတို့ရပ်ကွက်ဆိုသည်ကလည်း မုန့်ဟင်းခါးသည် အလွန်ပေါသောရပ်ကွက်၊ သည်တော့မိဆက်ခမြာ စျေးပြိုင်သူတွေနှင့် ဖြစ်သည်။ မိဆက်က ဆေးလိပ်သမလည်း မဟုတ်။ ရွှေပေးမရ အတန်းအစား၊ တက္ကသိုလ်ကျောင်းသူလည်း မဟုတ်။ မုန့်ဟင်းခါးသည်။ သည်တော့ ဆက်ဆံရေးက အလိုလိုနှောနွယ်လာသည်။ လူတကာနှင့် ရယ်လား မောလား စကားပြော လမ်းတွေ့သူတိုင်း နှုတ်ဆက်လုပ်ရသည်။ မိဆက်မှားသလော။ ငမောင်တော့ မထင်ချင်၊ မထင်ရက်။ မထင်ရက်ပေမည့် ထင်ရမလို ဖြစ်နေသည်။ တလောက သည်ကိစ္စနှင့် ပတ်သက်၍ မိဆက်ကို "ဗျိုင်းမ" က "မျက်နှာများတဲ့ကောင်မ" ဟု စသလိုလို အတည်လိုလို ပြောမိသဖြင့် ရန်ဖြစ်ကြသေးသည်တဲ့။ ခုထိ သူတို့ မခေါ်ကြသေးတဲ့။ အနာပေါ် မီးဖွားကျသည်ဆိုသည်မှာ သည်အတိုင်းပင် ဖြစ်မည်ဟု ငမောင် ထင်တော့သည်။

"နင် သိပ်ရက်စက်တယ် ဆက်ဆက် ..."

x x x x x

သည်နေ့ပဲ ပြန်ရောက်သည်။ သည်နေ့ပဲ သတင်းဆိုးက ရင်ဝဆောင့်ကန်ခံရသည်သို့ ရှိနေသည်။ သည်တော့ ညက ငမောင် အိပ်မရခဲ့။ ဘယ်လူးလည်း မိဆက်၊ ညာလှဲ့လည်း မိဆက်ဖြင့် ငမောင် မိုးလင်းခဲ့ရသည်။ နေမကောင်း၍ အကြော်မပို့နိုင်ဟု ငမောင် အမေ့ထံ ခွင့်တောင်း၍ မိဆက်တို့ဆိုင်သို့ ထွက်လာခဲ့သည်။ ညက ငမောင် ဆုံးဖြတ်ပြီးပြီ။ မိဆက်ကို သည်မနက် ထိုင်၍ အကဲခတ်မည်။ ပြီးတော့ မည်သို့ပင်ရှိစေ၊ ရင်ဖွင့်တော့မည်။ ငမောင် မအောင့်အီးနိုင်တော့၊ ကြာခဲ့ပြီ။ မနက်စောစော ထ အကြော်ပို့၊ ပြုံးပြနှုတ်ဆက်၊ ပါလာသည့် မန္တလေးကြော် ပူပူနွေးနွေးထုတ်၍ မိဆက်ကိုကျွေး၊ ပြန်လှည့်ထွက်လာ၊ အကြော်ပို့ပြီးပြန်ဝင်၊ မိဆက်ထည့်ကျွေးသော မုန့်ဟင်းခါး ပူပူနွေးနွေးကိုစား၊ ရေနွေးဆူဆူကြီးသောက်၊ ရင်မှာ အေးမြသွား၊ ပြီးပြုံးပြ၊ မိဆက်ကို ပြုံးပြတော့ ရင်ဖို၊ ဘာမျှမပြောဘဲ ရှက်ကိုးရှက်ကန်းကြီးဖြစ်၊ ဆိုင်ထဲက ပြန်ထွက်၊ ခြေလှမ်းတွေ မှား၊ တစ်နေ့လုံးပျော်၊ သူငယ်ချင်းတွေ လျှောက်ကြွား၊ ညအိပ်တော့ အိပ်မက်တွေမက်၊ ခေါင်းအုံးကို ဖက်၊ မနက်မိုးလင်းတော့ အကြော်တောင်းထမ်း၊ မိဆက်တို့ ဆိုင်လာ၊ မန္တလေးပဲကြော်ထုတ်ကြွေး ပြုံးပြ၊ သည်လိုနှင့်ပင် ကြာခဲ့ပြီ။ ဘာမျှ ထိထိရောက်ရောက် မဖြစ်ခဲ့။ သည့်အတွက်ပင် မိဆက်ဖောက်ပြန်သွားသလောဟု ကိုယ့်ကိုကိုယ် ငမောင်မကျေနပ်၊ အားမရ၊ သည်တော့ သည်မနက် မိဆက် အခြေအနေဘယ်သို့ပင်ရှိစေ၊ ငမောင် ဖွင့်ပြောတော့မည်။ မိဆက် တုံ့ပြန်သည် မတုံ့ပြန်သည်ထက်၊ ငမောင်ရင်ဖွင့်ဖို့သာ ဆန္ဒပြင်းနေသည်။ ဆရာဝန် မရှိ ဆေးမရှိသည်ကို ဘေးချိတ်၊ အနားမှာရှိသည့်လူနာကို ကိုယ့်ရောဂါအကြောင်း ဖွင့်ပြောလိုက်ရလျှင်ပင် နေသာထိုင်သာ ရှိသွားတတ်သည် မဟုတ်ပါလား။

x x x x x

မမြင်၍လည်း မဟုတ်နိုင်။ မြင်တော့ ကောင်းကောင်းကြီး မြင်နိုင်သည်။ ငမောင်ရောက်ကတည်းက ဟင်းရည်အိုးနားမှာ ထိုင်နေခဲ့သည်မို့ ဟင်းရည်စပ်တိုင်း ငမောင့်ကိုမြင်သာသည်။ သို့ပေမယ့် မိဆက်ကလုံးဝမကြည့်ခဲ့။ သည်တော့ အိမ်ကထွက်လာစဉ်၊ "ကောင်မတော့ ငါ့ကိုစပြီး စကားပြောချင်လာအောင် နေပြလိုက်မယ်" ဟု ခဲလာခဲ့သော ငမောင်တစ်ယောက် မိဆက်ကို အရှုံးပေးနေရသည်။ အိန္ဒြေကြီးတစ်ခွဲသားနှင့် ဆိုင်ထဲဝင်လာသည့် ငမောင် ခုတော့ မျက်နှာငယ်ကလေးနှင့် ဖြစ်နေပြီ။ မိဆက်က မကြည့်တော့ သူက ကြည့်ရသည်။ မိဆက် ဟိုဖက် လှည့်နေတော့ နောက်ကျောကိုကြည့်သည်။ သည်ဖက် လှည့်လာတော့ မျက်နှာကိုကြည့်သည်။ အကယ်၍များ မိဆက်ပြန်ကြည့်ပါက အဆင်သင့်ဖြစ်နေစေရန် မျက်နှာကို ပြုံး၍ထားသည်။ ဝမ်းနည်းပြုံးဖြစ်သည်။

ငမောင် အလူးအလိမ့်ခံနေရပြီ။ သူ့ကို လှည့်၍ပင် မကြည့်သော မိဆက်တစ်ယောက် ဆိုင်တွင်း ဝင်လာသူတိုင်းကို ရယ်လားမောလားဆိုသည်။ ခနဲ့သည်။ လှောင်သည်။ သူတို့က တုံ့ပြန်တော့ မိဆက်ရယ်သည်။ အားရပါးရရယ်သည်။ မျက်ရည်များပင်ထွက်အောင် ရယ်သည်။ လှောင်သူကို ပြန်၍ လှောင်သည်။ ခနဲ့သူကို ပြန်၍ ခနဲ့သည်။ ယိသူကို ပြန်၍ ယိသည်။ ပြီးတော့ သူသည် ခရာသည်။ မိဆက်ရယ် ဒါတွေနင်ဘယ်တုန်းက တတ်တာပါလိမ့်ဟယ်။

ဖင်မလီယာကားပြာလေးတစ်စင်း ဆိုင်ရှေ့တွင် ထိုးရပ်သည်။ ဒေါ်စိန်တို့ ပြောပြောနေသော အကောင်မှာ သည်အကောင်ပင်ဖြစ်ရမည်ဟု ငမောင်ထင်သည်။ သည်အကောင်ဆိုင်ထဲဝင်လာတော့ မိဆက်ကို ပြုံးပြသည်။ မိဆက်က မျက်စောင်းပြန်ခဲသည်။ "သိပ်နောက်ကျပါလား" ဟူသည့် သဘောမျိုးဖြစ်သည်။ သည်ကောင်က တက်ထရွန်အကွက်နှင့် တက်ထရက်နှင့်၊ လက်တွင်ဆီကိုနာရီနှင့်။ ငမောင် ကိုယ့်ကိုကိုယ်ပင် ရှက်မိသည်။ လုံချည်ကြမ်းကို ခေတ်ဆန်ဆန် ချုပ်ထားသော သူ့ကိုယ်သူ ဟုတ်လှပြီထင်နေသော ငမောင် ကောင်းကောင်းခံရပြီ။ ကျောက်ကျစမ်းနှင့် မြောင်းပုတ်နှယ်သို့ ကွာနေသည်။

"အသည်းနှလုံးနဲ့ တစ်ပန်းကန်" သည်လူက ပါးစပ်အလွန်ရဲသည်။

"အသည်းနှလုံးက ပေးပြီးပြီပဲ" မိဆက်က ပြန်ပြော၍ မုန့်ဟင်းခါးကို လှမ်းပေးတော့ မိဆက်လက်ကိုပါ သိမ်းကြုံး၍ ထိုသူက ကိုင်ပြီးမှ ယူသည်။

"ဘယ်သူ့ကိုလဲဟေ့၊ ငါ့ကိုလား" သွားများပင် ကျိုးနေပြီဖြစ်သော တရုတ်ကြီးတစ်ယောက်က လှမ်းနောက်သည်။

"ရှင်တော့ နံရိုးပဲရမယ်"

ပြီးတော့ သူတို့အသိုက် ရယ်ကြသည်။ မိဆက်ကလည်း ရယ်သည်။ မော်တော်ကားနှင့် အကောင်ကလည်း ရယ်သည်။ ငမောင် ဒေါသထွက်နေပြီ၊ ပွက်ပွက်ဆူနေသော ဟင်းအိုးကြီးကို ကန်၍ သွန်ချလိုက်ချင် စိတ်များပင် ပေါက်လာတော့သည်။ ငမောင် ငိုချင်နေပေပြီ။

ဆိုင်တွင်လည်း လူရှင်းသွားပြီ။ မုန့်ဟင်းခါး ကုန်သွားပြီ။ မိဆက်သည် အိမ်အပြန် သယ်သွားရမည့် ပစ္စည်းများကို တောင်းထဲထည့်ပြီးလေပြီ။ ငမောင့်ကိုမူ လှည့်မကြည့်သေး။

"မိဆက်" ... ငမောင်က ပြတ်တောင်းတောင်း ခေါ်လိုက်သည်။

မိဆက် လှည့်မကြည့်သေး။ လုပ်လက်စအလုပ်ကိုမူ ရပ်လိုက်သည်။ မိဆက် အခြေအနေ ဘယ်သို့ပင်ရှိစေ၊ ဘာကိုမျှ ငမောင် မပြောဘဲ မေတ္တာတောင်းခံရုံသာ ရင်ဖွင့်မည်ဟု ကြံခဲ့သည့် ငမောင် ခုတော့ စိတ်တစ်မျိုး ပြောင်းသွားလေပြီ ထင်၏။

"နင် ငါ့ ... ငါ့ကို ဘာလို့ စကားမပြောတာလဲ"

"နင့် ကို ငါဘယ်တုံး ... ဘယ်တုံးကများ စကားကြာကြာ ပြောဖူးလို့လဲ" မိဆက် အသံတွေ တုန်နေသည်။

"ဟိုလူကျတော့ ဘာပြုလို့ အကြောင်းမရှိ အကြောင်းရှာပြီး ဗာရာဏသီ ဖွဲ့နေရသတုန်း" ငမောင် ဒေါသကြီးပြီဆိုလျှင် ကြောက်စရာကောင်းတတ်သည်။

မိဆက် ဘာမှ ပြန်မပြောတော့၊ ငမောင့်ဘက်လည်း လှည့်မလာ၊ ခေါင်းသာ တွင်တွင်ငုံ့နေတော့သည်။ ငမောင် ပို၍ ဒေါသ ဖြစ်ရလေပြီ။

"နင် အလကားကောင်မပဲ၊ မျက်နှာသိပ်များတယ် ငါကတော့ ရိုးလှပြီထင်ခဲ့တာ နင်က ယောက်မမြင်းစီးထွက်ပြတယ်။ နင့်မှာ အရှက်မရှိဘူးလား၊ နင့်ကို အရင်ကတော့ ... အေးလေ၊ တော်ပြီ ဖွင့်မပြောတာပဲ ကောင်းတယ်။ နင့်ဆိုင်လည်း ငါနောက်မလာတော့ဘူး ငါတို့အကြော်လည်း နင်မယူချင်တော့ဘူး မဟုတ်လား၊ နင်မယူတော့ဘူးဆိုရင် ငါမနက်ဖြန်ကစပြီး ပိုမကြော်တော့ဘူး။"

မိဆက်တုတ်တုတ်မျှပင်မလှုပ်၊ ခေါင်းကိုသာ တွင်တွင်ကြီး ငုံ့ထားသည်။ ငမောင်စိတ်သည် တစ်မျိုးဖြစ်ရပြန်ပြီ။ အလွန်ဒေါသကြီးနေသော ငမောင်သည် မထုံတက်တေးဖြစ်နေသော မိဆက်ကို အားမလိုအားမရ ဖြစ်လာသည်။ သည်တော့ ငမောင် မိမိကိုယ်မိမိပင် ဘာလုပ်မိမှန်းမသိတော့။ မိဆက်ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍၊ သူနှင့် မျက်နှာချင်းဆိုင်သို့ ဆွဲလှည့်လိုက်သည်။

"ဟင်" ငမောင် ဤမျှသာ စကားဆိုနိုင်တော့သည်။ အံ့ဩခြင်း၊ ဝမ်းနည်းခြင်း၊ တုန်လှုပ်သွားခြင်းတို့ကို ငမောင် တစ်ပြိုင်တည်း ခံစားလိုက်ရသည်။

မျက်ဝန်းနှစ်ခုလုံး မျက်ရည်များဖြင့် ပြည့်သိပ်နေသော မိဆက်၏လက်ထဲတွင်မူ၊ ဖက်နှင့် ထုပ်ထားသော မုန့်ဖတ်တစ်ပန်းကန်စာ၊ ဂျိုင့်နှင့်နွှေးထားသော ဟင်းရည်တစ်ခွက် စာ ...။

"ရော့ ငမောင် ... နင့်ဖို့၊ နင်ဒီနေ့ ပြန်ရောက်မယ်ကြားလို့ ချန်ထားတာ ...နင်သွားပြီးစ တစ်ရက်နှစ်ရက်လည်း ငါဒီလိုပဲ မေ့မေ့ပြီး ချန်ထားနေမိသေးတယ်။ သိလား။" မိဆက်က ရှိုက်၍ ရှိုက်၍ ဆိုသည်။

ငမောင် ရင်မောရပြီ။ ခုမှလည်း သတိရသည်။ မိဆက်ဖို့ မန္တလေးပဲကြော် ယူမလာမိခဲ့ ...။

"ငါ ... ငါနင့်ဖို့ပဲကြော်ပို ... မေ့လာခဲ့ပြီ ဆက်ဆက် . . ."

သည်တော့မှ ဆက်ဆက် ပြုံးဖော်ရသည်။ နှုတ်ခမ်းစူပြလိုက်သည်။ ငမောင်သည် မိဆက်ပခုံးကို ခုထိ မလွှတ်သေး။ မိဆက်ကို စိုက်၍ကြည့်နေသည်။ မိဆက်ကလည်း မျက်ရည်အပြည့်ဖြင့် ပြန်၍ ကြည့်နေသည်။ မိဆက်သည် ပါးစပ်ကိုမဖွင့်ဘဲလျှက် ရှိုက်သံရော၍ ရယ်လိုက်သည်။ ငမောင်ကလည်း အားရပါးရ ရယ်လိုက်သည်။ နှစ်ယောက်စလုံး မရပ်တန်း ရယ်နေကြသည်။

သည်အချိန် ဆက်ဆက်၏ မျက်နှာပေါ်တွင် မိတ်ကပ်ကိုလည်း မတွေ့ရ၊ နှုတ်ခမ်းနီကိုလည်း မတွေ့ရ၊ ပါးနီလည်း မရှိ၊ မျက်ခုံးမွှေးလည်း ဆွဲမထား ...။

မိဆက်ပါးပြင်မှာ သနပ်ခါးရေကျဲကလေးသာလျှင် မျက်ရည်ဖြင့်ရော၍ ညစ်ထေးထေး ဖြစ်နေသည်ကို မြင်ရလေသည်။

သုမောင်

ဝတ်မုံ မဂ္ဂဇင်း ၁၉၇၁ မတ်လ

(စတိုင်သစ် မဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၀၄)

Tuesday, December 10, 2013

နတ်ကော်ဖီ - နေဝင်းမြင့်

နတ်ကော်ဖီ - နေဝင်းမြင့်

ဇီးချဉ်ကုန်းဟာ နာမည်နဲ့ လိုက်အောင်ပဲ ဇီးချဉ်ပင်တွေ တောထနေတဲ့ ရွာကလေး။ အနီးဆုံးက ကျောင်းစုဆိုတဲ့ တိုက်နယ်အဆင့်ရွာနဲ့ကိုပဲ လေးမိုင်ကျော်ကျော်လောက် ဝေးတယ်။ ရေလည်းရှား၊ နေလည်း ပူ၊ ဖုန်လည်း ထူတဲ့ ရွာတစ်ရွာလိုပါပဲ။ သိပ်တော့ မထူးဘူး။ ခေါင်တယ်၊ ဆင်းရဲတယ်၊ အိမ်ခြေနည်းတယ်။ ဇီးချဉ်ကုန်းက လူတွေဟာ ပစ္စည်းပစ္စယလေး ၀ယ်ချင်လို့၊ ဥပုသ်သီတင်းလေး ဆောက်တည်ဖို့ မုန့်လေး ပဲလေး၊ စားစရာ သောက်စရာလေး ၀ယ်ချင်ရင် ကျောင်းစုကိုပဲသွားရတယ်။ ရွာမှာက စျေးရှိတယ်ဆိုရုံကလေးပဲ ရှိတာကိုး။

ဒါပေမဲ့ ရွာမှ ဖြစ်လာပြီဆိုတော့လည်း စက်ဘီး ပြင်ဆိုင်ကလေး ရှိတယ်။ ဆံပင်ညှပ်ဆိုင်ကလေး တစ်ဆိုင်ရှိတယ်။ ရွာသားတစ်ချိူ့စိုက်တဲ့ ကြံခင်းတွေ ရှိတော့ ကြံရည်ဆိုင်ကလေး တစ်ဆိုင်ရှိတယ်။ နောက် ပျစ်ချွဲချွဲ ချိုဖန်ဖန် အရသာရှိတဲ့ အုတ်နီခဲရောင် လက်ဖက်ရည် တစ်ခွက်တစ်ဖလား ရနိုင်တဲ့ လက်ဖက်ရည်ဆိုင်ကလေး ရှိတယ်။ ရွာအနောက်မှာ အကြော်ဆိုင်ကလေး၊ ထန်းရည်ခါးဆိုင်ကလေး ရှိတယ်။ ဒါပဲ။ ဇီးချဉ်ကုန်းရွာ ရောက်လာတဲ့ ဧည့်သည်ဟာ ဆံညှပ်လို့ ရမယ်၊ စက်ဘီးပြင်ချင်ရင် ဖြစ်တယ်၊ ကြံရည်သောက်မယ် ဆိုရင် ငွေနှစ်ကျပ်လောက်နဲ့ ကြိုက်သလောက် သောက်နိုင်ခွင့်ရှိတယ်။ ထန်းရည်ခါးကြိုက်ရင် ကိုလုံး ထန်းတဲကို သွားနိုင်တယ်။ လက်ဖက်ရည်မှ သောက်ချင်ပြီဆိုရင် ကိုအီကွန်းဆိုင်ကိုသွားထိုင်ဖို့ပဲ။

အခုပြောချင်တဲ့ ကိစ္စက ကိုအီကွန်း ဆိုင်အကြောင်းပဲ၊ သည့်ထက်ပိုပြီး နည်းနည်းစိတ်ပြောရင် ကိုအီကွန်းဆိုင်ရဲ့ လက်ဖက်ရည်ခုံ ဘယ်ဘက်ထောင့်က ကော်ဖီမှုန့်ထုပ်ကလေး အကြောင်းပဲ။ သည်ကော်ဖီမှုန့်ကလေးကို အီကွန်း ၀ယ်ထားတာ ကြာပြီ။ ဘယ်လောက်ကြာပြီလဲဆိုတာတောင် သူ မမှတ်မိဘူး။ ကြာတော့ကြာပြီ။ ကြာဆို ဇီးချဉ်ကုန်းမှာ ကော်ဖီသောက်တဲ့ သူဟာ ပြောရင်ယုံမလား မသိဘူး။ တစ်ယောက်ပဲ ရှိတယ်။ အဲသည်လူ နာမည်က ချန်ထွန်းအောင်လို့ ခေါ်တယ်။ အရပ်ရှည်ကိုင်းကိုင်း၊ နှုတ်ခမ်းပြာပြာ၊ မုတ်ဆိတ်တွေ ထိုးထိုးထောင်ထောင်နဲ့၊ ကြွတ်ဆတ်ဆတ်မာကျောကျောရုပ်မျိုး။ သူဟာ မနက်တိုင်း ကိုအီကွန်း လက်ဖက်ရည်ဆိုင် ကလေးကိုလာလေ့ရှိတယ်။ လာတိုင်းလည်း ကော်ဖီတစ်ခွက် မှာထားလေ့ ရှိတယ်။ ကော်ဖီကို မက်မက် စက်စက်ကြီး ကြိုက်တယ်ဆိုတာ ချန်ထွန်းအောင်ပဲ။ ကော်ဖီတစ်ကျိူက်ကို အားရပါးရကြီး ကျိုက်ချပြီးရင် ဆင်နှစ်ကောင် ဆေးပေါ့လိပ်ကို အားရပါးရ ဖွာတော့တာပဲ။ ပြီးရင် ကော်ဖီခွက်ထဲမှာ ခပ်မည်းမည်းကျန်ရစ်ခဲ့တဲ့ ကော်ဖီနှစ်တွေကိုတောင် ရေနွေးနည်းနည်း ထပ်ထည့်ပြီး ကျိုက်ချ၊ ပြီးရင်ဆေးလိပ်ဆက်ဖွာ၊ ပြီးရင် ရေနွေးကြမ်း နှစ်ခွက်လောက်သောက်၊ ပြီးရင် ကြို့တစ်ချက်လောက်ပြင်းပြင်း ထိုးပြီးမှထပြန်လာတဲ့လူမျိုးကိုး။

အဲညဘက်မှာတော့ လက်ဖက်ရည်ဆိုင်ကလေးက စောစောပိတ်တတ် တော့ ညဦးကတည်းက ကော်ဖီတစ်ခွက်ဝယ်ပြီး မသောက်သေးဘဲ နှပ်ထားတယ်။ အိပ်တော့မယ်ဆိုမှ အေးစက်နေပြီ ဖြစ်တဲ့ ကော်ဖီကို ကျိုက်ချ အရသာခံပြီးမှ အိပ်တယ်။ ဒါမှလည်း အိပ်ပျော်တယ်။ ခက်တာက ကိုအီကွန်းရဲ့ ဆိုင်ကလေးဟာ ဆိုင်ကြီး ကနားကြီး မဟုတ်ဘူး။ ဆိုင်းဘုတ်တောင်သင်္ဘောဆေးထဲ လက်ညှိုးနှစ်ပြီး သွပ်ပြားပေါ် လက်ညှိုးနဲ့ပဲ ရေးထားတဲ့ ဆိုင်ဘုတ်ကလေးနဲ့ ဆိုင်မျိုးဆိုတော့ စဉ်းစားကြည့်ပေါ့။ ဇီးချဉ်ကုန်းရွာက လူတွေဟာ လက်ဖက်ရည်ဆိုင်ထိုင်တဲ့လူတွေမဟုတ်ဘူး။

လက်ဖက်ရည်ယဉ်ကျေးမှုဟာ သူတို့ရွာကလေးနဲ့ ဘယ်လိုမှ မပက်သက်ဘူး။ အဲသည်အချိန်က လက်ဖက်ရည်တစ်ခွက်ရဲ့ တန်ဖိုးဟာ ဘာမှမရှိပေမယ့် ဘယ်သူမှ ဟုတ်တိပတ်တိ လက်ဖက်ရည်ဆိုင် ကျောက်ချထိုင်တာမျိုး မရှိဘူး။ မရှိဘူးဆိုပေမယ့် တစ်ခုတော့ ပြောစရာရှိတယ်။ မရှိဘဲနဲ့ ကိုအီကွန်း ဘယ်သူ့ကို ရောင်းနေသလဲ။ မနက်ဘက် စျေးဖွင့်ကလေးမှာ ဏတဖြုတ် ဖြတ်သွားဖြတ်လာ မြင်းလှည်းဆရာတွေ သောက်တယ်။ ဆည်မြောင်းဘက်က ၀န်ထမ်းတစ်ချို့ သောက်တယ်။ ရွာထဲက နည်းနည်းပိုက်ဆံရှိတဲ့ လူတစ်ချို့တစ်ခါတစ်လေသောက်တယ်။ ဧည့်သည်ရောက်တဲ့ အိမ်ကထွက်ဝယ်တာ ရှိတယ်။ ဒါပဲ၊ တစ်နေ့လုံးမှ ခွက်သုံးဆယ်မပြည့်ဘူးဆိုတဲ့ ဆိုင်ကလေး။ နောက်တစ်ခုက ကိုအီကွန်းဆိုင်က လက်ဖက်ရည်တစ်မျိုးတည်း မဟုတ်ဘူး။ ဖုန်တသောသော တက်နေတဲ့ ဘိလပ်ရည်လေး၊ ဂျာဂျင်ဘီယာလေး၊ ၀င်ကာနစ်ကလေးလည်း တင်ရောင်းတယ်။ တိုလီမုတ်စလေး၊ စုံစီနဖာ ရောင်းတာလည်း ရှိတယ်။

ကိုအီကွန်းက ဒါနဲ့ စားနေတာ။ ဒါပေမယ့် ပြောခဲ့သလိုပဲ။ တစ်နေ့ ခွက်သုံးဆယ်လောက်က လက်ဖက်ရည်ဖြစ်နေတက်ပြီး ကော်ဖီသောက်တာက ချန်ထွန်းအောင်ပဲ ရှိတယ်။ ကိုအီကွန်းက တိုက်နယ်ကြီးရွာကို ကုန်သွားချိန်ရင် ကော်ဖီမှုန့် တစ်ထုပ် ၀ယ်ဝယ်လာရတာ ချန်ထွန်းအောင်ဖို့ပဲ။ တစ်ခါတစ်လေ ကော်ဖီမှုန့်ထုပ်ကလေးဟာ မှိုတောင် တက်နေလောက်တယ်။ ကြာတော့ အနံ့အရသာတောင် မဲ့နေလောက်တယ်။ တစ်ခါတလေ တစ်ခါက ကော်ဖီမှုန့်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ဂုဏ်အနည်းအကျဉ်းကလွဲရင် ကော်ဖီမှုန့်ပါ လို့ ပြောဖို့တောင် ခက်လောက်တဲ့ အခြေအနေမျိုး။ ဒါပေမယ့် ရတယ်။ ချန်ထွန်းအောင်ကတော့ရတယ်။ ကိုအီကွန်းဆိုင်မှာ ကော်ဖီတစ်ခွက်တလေရနေတာကိုပဲ ကျေးဇူးတင်နေတာ။ မနက်တစ်ခွက်၊ ညတစ်ခွက် ကိုအီကွန်းဆိုင်ကကော်ဖီရနေသရေ့ ွ ဘဝဟာပြည်စုံနေတယ်လို့ သူတွက်ထား ပြီးသား။ ကိုအီကွန်းကလည်း တရုတ်နှစ်သစ်ကူးတောင် မပိတ်တဲ့ဆိုင် ဆိုတော့ ညံ့ကာမှသာ ညံ့ရော၊ ကော်ဖီကတော့ ရနေတာ မဟုတ်လား။ ဒီလိုနဲ့ ကိုအီကွန်းရဲ့ ခပ်ည့ံညံ့ ကော်ဖီနဲ့ချန်ထွန်းအောင် မိတ်ဆွေဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာလာတယ်။

တစ်နေ့ ချန်ထွန်းအောင် အိမ်ကို ဆည်မြောင်းက အလုပ်သမားလေးတစ်ယောက် ရောက်လာတယ်။ လက်ထဲမှာ ပလတ်စတစ်ခွက်ကလေးတစ်လုံး ပါလာတယ်။ ချန်ထွန်းအောင် မိန်းမကတော့ တစ်ဖက်ခြံက ဆည်မြောင်းဘိုတဲမှာ ထမင်းချက်တဲ့ ကောင်လေးမှန်း သိတယ်။ ကောင်လေးက ဘာမှမပြောဘဲ ချန်ထွန်းအောင်ကိုပဲ ရှာတယ်။ “ဟဲ့ လာ၊ မင်း ဦးလေးရှိတယ်။ ဘာလဲ ပြောလေ”
“သည်မှာ ပေးခိုင်းလိုက်လို့”
“ဘာတွေလဲ”
“စားစရာပေါ့ဗျ၊ ဆည်မြောင်းဘိုကြီး မိန်းမက ပေးခိုင်းလို်က်လို့”

ဇီးချဉ်ကုန်းရွာသားများက ဆည်မြောင်းက အင်ဂျင်နီယာတွေကို ဆည်မြောင်းဘိုကြီးလို့ ခေါ်လေ့ရှိတယ်။ အင်္ဂလိပ်ခေတ် ကတည်းက ရှိတဲ့ ဆည်မြောင်း အင်ဂျင်နီယာတွေ နေတဲ့ ဘန်ဂလိုကိုဘိုတဲလို့လည်း ခေါ်လေ့ရှိတယ်။ ဘိုတဲနဲ့ ခြံချင်းကလည်း ကပ်နေတော့ ခိုင်းစရာရှိရင် သူတို့လင်မယားကို ခေါ်ခိုင်းလေ့ ရှိတာ။ သည်လိုပဲ မကြာခဏ ဟိုဟာလေး လာပေး၊ သည်ဟာလေး လာပေး လုပ်တတ်တာ ရှိတယ်။ သည်တစ်ခါတော့ ခွက်ကလေး တစ်လုံးနဲ့ လာပေးတာဆိုတော့ ထူးဆန်းနေတယ်။ ဘာပါလိမ့်ပေါ့လေ။ သည်မှာတင် ချန်ထွန်းအောင်လည်း အိမ်ရှေ့ကို ထွက်လာတယ်။ ခွက်ကလေး တစ်လုံးနဲ့ ရပ်နေတဲ့ ကောင်လေးကို တွေ့သွားတယ်။ “ကာဖီ လို့ ထင်တာပဲ၊ ဘိုကတော် ပေးခိုင်းလို့”

သူတို့ရွာမှာ ကော်ဖီကို ကာဖီလို့ ခေါ်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကော်ဖီဆိုကတည်းက ချန်ထွန်းအောင် ဘာမှ ပြောမနေတော့ဘူး။ ခွက်လွတ်တစ်လုံးရှာပြီး လှယ်ယူလို်က်တယ်။ ကောင်လေးပြန်သွားတော့ အိမ်ရှေ့ကွပ်ပျစ်မှာပဲ ဘိုကတော့် ကော်ဖီကို သောက်တယ်။

ကြည့်စမ်း....ဒါဘာကော်ဖီလဲ၊ သည်ကော်ဖီမျိုး ဘယ်တုန်းက ပေါ်နေတာလဲ၊ ဘယ်လိုလူတွေ တီထွင်တားသလဲ၊ ဘယ်လိုလူတွေက သောက်နိုင်တာလဲ၊ သည်ကော်ဖီမျိုး ပေါ်နေတာကို နှစ်ပေါင်းငါးဆယ်တွင်းမှာ ဒါသူ ပထမဆုံး သိလိုက်တာပဲ။ သူဟာ ကော်ဖီကို ကုန်သွားမှာဆိုးတဲ့ ပုံနဲ့ အာစွတ်ရုံပဲ သောက်တယ်။ နှုတ်ခမ်းလေး စိုရုံပဲ စွတ်ပြီး လျှာနဲ့လျက်တယ်။ လျက်လိုက်တိုင်းလည်း သူ့တစ်ကိုယ်လုံးက အကြောအခြင်တွေဟာ ဖျဉ်းခနဲ ဖျဉ်းခနဲ အငွေ့တွေ ထွက်သွားသလို ခံစားနေရတယ်။ သူ့ရင်ထဲမှာ မေးခွန်းတွေစီကာစဉ်ကာ ဖြစ်ပေါ်နေပေမယ့် သူ့မှာ အဖြေမရှိဘူး။

သူဟာ ကော်ဖီကုန်သွားတာတောင်ခွက်ကိုကိုင်ရင်းငိုင်နေလို်က်တာ တစ်မနက်ခင်းလုံးပဲ။ ကိုအီကွန်းဆိုင်ကိုလည်း မသွားဖြစ်တော့ဘူး။ သည်မနက်တော့ သွားဖို့လည်းမလိုတော့ဘူးကိုး။ ကိုအီကွန်းဆိုင်မှာ နှစ်ပေါင်းများစွာသောက်လာတဲ့ ကော်ဖီဟာ လက်စသတ်တော့ အင်မတန် ညံ့ဖျင်းတဲ့ကော်ဖီ ပါကလား။ မနက် တစ်ခွက်၊ ညဦး တစ်ခွက် ၀တ်မပျက်သောက်လာတဲ့ သည် ကော်ဖီဟာ လက်စသတ်တော့ အလွန်ဆိုးရွားတဲ့ အနံ့အရသာနဲ့ အော်ဂလီဆန်ချင်စရာ ကောင်းတဲ့ ကော်ဖီမျိုးပါလား။ လူဆိုတာ နှိုင်းယှဉ်တက်တဲ့ သတ္တဝါ မဟုတ်လား။ ဒါပေမဲ့ ကိုအီကွန်းကို သူ အပြစ်တင် တာတော့ မဟုတ်ဘူး။ ကနေ့ မနက်သောက်လိုက်ရတဲ့ ကော်ဖီမရှိခင်က ကိုအီကွန်း ကော်ဖီဟာကော်ဖီပဲ မဟုတ်လား။ ကနေ့မနက် သောက်ရတဲ့ ကော်ဖီမျိုးဟာ နေ့စဉ်ဘယ်မှာ ရနိုင်ပါ့မလဲ။ သူတစ်ခုတော့ ၀မ်းနည်းသွားတယ်။ သည်မနက် သောက်လိုက်ရတဲ့ ကော်ဖီမျိုး နောင် သူ့ဘဝတစ်လျှောက်လုံး သောက်ရတော့မှာ မဟုတ်ပါလားဆိုတဲ့ အသိကြောင့်ပဲ။

“ငါ ဘိုတဲကို သွားဦးမယ်ဟေ့။ ဒါ ဘာကာဖီလဲ၊ ငါ သွားမေးဦးမယ်”
သည်မိန်းမကို အော်ခဲ့ပြီး ခွက်ကို ကိုင်ရင်းနဲ့ပဲ ခြံစည်းရိုးကို ခွကျော်ပြီး ဘိုတဲဘက်ကို ထွက်လာတယ်။ ဆည်မြောင်းဘိုကြီးကိုတော့ မတွေ့ရဘူး။ မြောင်းကျိုးတဲ့ဆီကို သွားစစ်နေတာနဲ့တူတယ်။ ဘိုကြီးကတော်က ဧည့်သည်တွေ အများကြီးနဲ့ စကားပြောနေတယ်။ အထုပ်တွေ အပိုးတွေလည်းတွေ့တယ်။ “ဘာလဲဟေ့ ချန်ထွန်းအောင်”
သူဝင်လာတာ တွေ့တော့ လှမ်းမေးတယ်။ ပထမတော့ ဧည့်သည်တွေ ရှိတော့ သူ မေးဖို့ တွန့်သွားတယ်။ ဒါပေမဲ့ သူ မေးဖို့လာတာပဲ၊ မေးရတယ်။ ဒါ ဘာကော်ဖီလဲ သူ သိချင်နေတာ မဟုတ်လား။

“သြော် အခုန ငမှုန်လာပေးတာ ဘာကာဖီလဲလို့ပါ”
“သြော် အေး မင်း ကော်ဖီကြိုက်မှန်းသိလို့ဟဲ့၊ ငါ ပို့ခိုင်းလိုက်တာ။ အဖေတို့ မြို့ကပါလာတာ၊ နက်စ်ကော်ဖီလို့ ခေါ်တယ်”
“ဗျာ ဘာခေါ်တယ်”
“နက်စ်ကော်ဖီ”
“နတ်ကာဖီ”
“အေး နတ်ကာဖီ”
ဟုတ်ပါပြီ။ နတ်ကာဖီပဲ ဖြစ်ရမှာပေါ့။ နတ်များ၊ သိကြားများ သောက်တဲ့ ကာဖီဟာ နတ်ကာဖီပေါ့။

ချန်ထွန်းအောင်ဟာတော်တော်ပျော်သွားပုံလည်းရတယ်။ သည်ကော်ဖီတစ်ခွက်ဟာ သူ့ကို နှစ်ပေါင်း နှစ်ဆယ်လောက်နုပျိုသွားစေတယ်။ သူဟာဝမ်းသာအားရ သူ့အိမ်ကလေးဆီကို ပြန်လာတယ်။ “မကြည် အခုန ငါသောက်တာ ဘာကာဖီလဲ သိလား”
“မသိဘူး”
“နတ်ကာဖီ”
ချန်ထွန်းအောင်က နတ်ကာဖီအကြောင်းကို တစ်အိမ်ချင်း လိုက်ပြောတယ်။ လမ်းမှာတွေ့တဲ့သူတိုင်းကို ပြောတယ်။ ဆံပင်ညှပ်ဆိုင်က ကိုသန်းကို ပြောတယ်။ အကြော်ဆိုင်က ဒေါ်ကြီးစိုးကို ၀င်ပြောတယ်။ ကြံရည်ဆိုင်က ဘာဘူကို ၀င်ပြောတယ်။ စက်ဘီးပြင်ဆိုင်က ဦးလေးပေါ်ကို ၀င်ပြောတယ်။ ပြောခဲ့သမျှ လူတွေဟာ စိတ်ဝင်စားဟန် မပြဘူး။ ကိုယ်မသောက်လိုက်ရတဲ့ ကော်ဖီတစ်ခွက် အကြောင်းကို ဘယ်သူက စာစာနာနာ နားလည်နိုင်ပါ့မလဲ။ နောက်ဆုံး ကိုအီကွန်းဆီကို သူ ၀င်တယ်။ နတ်ကာဖီအကြောင်း မြန်ရေရှက်ရေ ပြောတယ်။ ကိုအီကွန်းကလည်း အင်းမလှုပ် အဲမလှုပ်ပဲ။ ကော်ဖီသာရောင်းတာ၊ ကိုအီကွန်းကိုယ်တိုင် ကော်ဖီတစ်ခွက် ဖျော်သောက်တာ မဟုတ်တာက တစ်ကြောင်း၊ သည်နတ်ကာဖီဆိုတာကို သူ ကြားလည်း မကြားဖူး၊ သောက်လည်းမသောက်ဖူးတာက တစ်ကြောင်း ဆိုတော့ ချန်ထွန်းအောင် ပြောနေတာကို သူ နားမလည်ဘူး။ ချန်ထွန်းအောင် ပြန်လာတော့ သူ့မိန်းမက ထမင်းခူးတယ်။ ဒါပေမဲ့သူ မစားတော့ဘူး။ သူ့ကိုယ်ထဲမှာ ရှိနေသေးတဲ့၊ သူ့အာရုံခံစားမှုမှာ ပျောက်ကွယ်မသွားသေးတဲ့ ကော်ဖီရဲ့ ရနံ့နဲ့ အရသာကို သူအပျောက်မခံနိုင်ဘူး။

သည်လိုနဲ့ ညရောက်လာတယ်။ သူ ကော်ဖီဝယ်ရတော့မယ်။ ကော်ဖီသောက်ရတော့မယ်။ ဘိုတဲက နက်စ်ကော်ဖီလိုမျိုး သူ နောက်တစ်ခွက် ဘယ်မှာ ရနိုင်မှာတုံး။ ဇီးချဉ်ကုန်းကိုရှားရှားပါးပါး ရောက်လာတဲ့ နက်စ်ကော်ဖီဟာ ဘာနဲ့ထည့်ထားတာလဲဆိုတာတောင် မသိတဲ့ဟာ။ နောက်တစ်ခွက် သောက်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး မဟုတ်လား။ သည်တော့သူသောက်နေကျ ကိုအီကွန်းရဲ့ ပျစ်ချွဲချွဲ ကော်ဖီတစ်ခွက်ကို သူ ၀ယ်ရတော့မယ်။ ၀ယ်ပြီးရင် သူသောက်ရတော့မယ်။ သူ တော်တော်စိတ်ပျက်သွားတယ်။ ဘာပဲဖြစ်ဖြစ် သူ ၀ယ်တာပါပဲ။ ၀ယ်ပြီးတော့ သူ ညဉ့်နက်တဲ့အထိ မသောက်ဖြစ်ဘူး။ သူ ရင်တွေ ခုန်လာတယ်၊ မျက်လုံးတွေကြောင်လာတယ်။ အာတွေ လျှာတွေ စိုစွတ်လာတယ်။ ဘယ်လိုမှကို မရနိုင်မှန်းသိတော့မှ သူကိုအီကွန်းရဲ့ ကော်ဖီကို တစ်ကျိုက်ကျိုက်ချလိုက်တယ်။

ထွီး....ကြည့်စမ်း နံလိုက်တာ၊ မကောင်းလိုက်တာ၊ အဝင်ဆိုးလိုက်တာ၊ အန်ချင်လိုက်တာ၊ နောက်တစ်ကျိုက် မဖြစ်တော့ဘူး၊ သူ ဘယ်လိုမှကို မသောက်နိုင်တော့ဘူး။ သူ့မျက်လုံးထဲမှာ မနက်က ကော်ဖီခွက်ကိုပဲ မြင်နေတယ်၊ မနက်ကအရသာကိုပဲတပ်မက်နေတယ်။ သူ့လက်ထဲက ကော်ဖီခွက်ထဲမှာ ကော်ဖီတွေ အများကြီး ကျန်နေသေးတယ်။ သူတစ်ကျိုက်ထပ်သောက်ကြည့်တယ်။ လည်ချောင်းထဲကို ၀င်သွားတဲ့ တော့ကော်ဖီ အေးစက်စက်ဟာ သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားစေတယ်။

အေးစက်နေတဲ့ ကော်ဖီကို သောက်နေပေမယ့် သူ့မှာ ချွေးတွေ ရွှဲနစ်လာတယ်။ ရင်တွေပူလာတယ်။ ညှီစို့စို့၊ အောက်စော်နံတဲ့ ကော်ဖီအနံ ့ဟာ သူ့ကို တဆတ်ဆတ် တုန်ရီစေတယ်။ တော်တော်ညဉ့်နက်တော့မှ သူ ချောက်ချောက်ချားချား အိပ်ပျော်သွားတယ်။ အိမ်မက်ထဲမှာပြောင်ပြောင် ပြောင်ပြောင်နဲ့ နတ်သားတစ်ပါးဟာ သူ့ကို ရွှေစင်ခွက်နဲ့ ကော်ဖီတစ်ခွက် လှမ်းပေးတာကို သူ သောက်ရတယ်။ သူဟာ နတ်သားပေးတဲ့ ကော်ဖီကို သောက်ရင်း ပြုံးတယ်။ ပြီးတော့ နတ်သားကို ရွှေခွက် ပြန်ပေးလိုက်တယ်။ အလို.....အိမ်မက်ထဲက နတ်သားဟာ လက်စသတ်တော့ ဆည်မြောင်းက အလုပ်သမားလေး ငမှုန်ပါလား။

နောက်တစ်နေ့က စပြီး ချန်ထွန်းအောင် ဒုက္ခရောက်တော့တာပဲ။ နက်စ်ကော်ဖီကို သူ စွဲလမ်းနေပြီ။ ဒါမျိုးကို တစ်သက်လုံး သောက်နေရရင် ဘယ်လောက်ကောင်းမလဲ။ ခက်တာက တစ်သက်လုံး နေနေသာသာ နောက်တစ်ခွက် သောက်ရဖို့တောင် မလွယ်ဘူးလေ။ ဒါမျိုး ကော်ဖီက တိုက်နယ်အဆင့် ရွာကြီးဖြစ်တဲ့ ကျောင်းစုမှာတောင် ရှိတယ်လို့ သူ မကြားဖူးဘူး။ နောက်တစ်ခုက အဲသလို ကော်ဖီမျိုး မသောက်ရတော့တာကလည်း ပြဿနာပဲ။ ညကတင် မဟုတ်ဘူး၊ မနက်ဘက်ကိုအီကွန်းဆိုင်က ကော်ဖီကို သောက်တော့လည်း ပျို့တာပဲ။ သည်လိုနဲ့ သူ ထမင်းပါ မစားနိုင် ဖြစ်လာတယ်။ သည်လိုနဲ့ သူဟာ ဘယ်ကော်ဖီမှ သောက်လို့ မဖြစ်တဲ့အခါ ထမင်းပါ မစားချင် မသောက်ချင် ဖြစ်လာတယ်။

သည်လိုနဲ့ သူဟာ အိပ်ရာထဲ လဲတယ်။ ပါးစပ်က “နတ်ကာဖီ....နတ်ကာဖီ” လို့ပဲ အော်နေတော့တယ်။သူ့မိန်းမကလည်း သူ့ယောက်ျား နတ်ကာဖီကို စွဲလမ်းရင်း မစားနိုင် မသောက်နိုင် ဖြစ်နေတာ သိပေမယ့် သည်ကာဖီမျိုး ဘယ်မှာ ထွက်ရှာမလဲ။ သူ တတ်နိုင်တာ တစ်ခုတော့ရှိတယ်။ ဘိုတဲသွားပြီး ဆည်မြောင်းဘိုကြီး မိန်းမကို နောက်ထပ်တစ်ခွက်လောက် တိုက်ပါဦး၊ သည်လို သည်လိုဖြစ်နေလို့ပါ ဆိုရင်ရနိုင်တယ်လို့ သူ တွက်တယ်။ သည်လိုနဲ့ သူ တစ်ဖက်ခြံကို ထွက်ခဲ့တယ်။ အကျိုး အကြောင်း ရှင်းပြတယ်။

“အစ်မ၊ နတ်ကာဖီ ရှိသေးလား”
“ဟဲ့ အဲဒါက ငါတို့ သောက်တာ မဟုတ်ဘူး၊ ဧည့်သည်တွေ မြို ့က ပါလာတာ။ ပုလင်းထဲမှာ နှစ်ခွက် သုံးခွက်စာတော့ ရှိဦးမယ်။ သည်လို လုပ်လေ၊ မနက်ဖြန် ဧည့်သည်တွေ ပြန်တော့မှာ။ငါတို့ မိသားစုလည်း လိုက်သွားမှာ၊ ခြံလည်း ကြည့်လိုက်ဦးနော်။ ရော့ ပုလင်းယူသွား”
“ဘယ်လို ဖျော်ရတာလဲ အစ်မ”
“ဟဲ့ ရေနွေးတည်ပြီး ဆူရင် တစ်ခွက်စာ မှန်းပြီး ဖျော်ပေါ့။ တစ်ဇွန်းခွဲလောက် ထည့်ပြီး ခလောက်ပေါ့။ အချိုကြိုက်ရင် သကြား နည်းနည်း ထည့်ပေါ့”
“ဟုတ်ကဲ့ ဟုတ်ကဲ့”

ချန်ထွန်းအောင် မိန်းမဟာ အိမ်ပြန်ရောက်ရောက်ချင်း ရေနွေးတည်တယ်။ တစ်ခွက်စာ ဖျော်တယ်။ချန်ထွန်းအောင်ကို တိုက်တယ်။ နှစ်ပေါင်း ငါးဆယ်အတွင်းမှာ ချန်ထွန်းအောင် သူ့မိန်းမကို သည်တစ်ခါ ကျေးဇူး အတင်ဆုံးပဲ။ သိလည်း သိသာတယ်။ သူဟာ ချက်ချင်း အားအင်တွေ ပြည့်ဖြိုး လာတယ်။ လန်းဆန်းလာတယ်။ ငယ်စိတ်တွေတောင် တစ်ဖျက်ဖျက် ပေါ်လာတယ်။ တစ်နေ့ တစ်နေ့ သည်ပုလင်းလေးကိုပဲ တကိုင်ကိုင် လုပ်ရင်း မဝတမ်း ကြည့်နေတယ်။

“ဒါမျိုး တစ်ပုလင်း မြို့ကို မှာရင် ရမှာပဲကွ” “စျေးကြီးမှာပေါ့တော်၊ ပြီးတော့ ဘယ်သူ့ကို ဘယ်လိုမှာမလဲ။ မြို့ဆိုတာ အဝေးကြီး”
“ဘာပဲဖြစ်ဖြစ် မြို့တော့ မှာရမှာပါပဲ။ ဒါ မသောက်ရရင် ငါ မနေနိုင်တော့ဘူး”
“တော်ကလည်း တစ်သက်လုံး ကိုအီကွန်း ကော်ဖီ သောက်လာတာ၊ သောက်ပါတော့ လား။ ဒီ နတ်ကာဖီနဲ့ ကျုပ်တို့နဲ့ မတန်ပါဘူးတော်”
“ဘာဖြစ်လို့ မတန်ရမှာလဲ။ ကိုအီကွန်း ကာဖီကို ငါမသောက်ချင်တော့ဘူး။ သောက်လို့ လည်း မရဘူး။ နတ်ကာဖီမှ ပုံမှန် မသောက်ရရင် ငါ သေလိမ့်မယ်”
“သေရင်လည်း သေဖို့ပဲ ကိုရင်ရေ့၊ ဘယ်က ရမှာတုံး။ အခုတောင် နှစ်ခွက်စာကိုဆယ်ခွက်စာ လောက် ဖြစ်ရုံ၊ အနံ့ပါရုံ ဖျော်တိုက်နေတာ။ မနက်ဖြန်ဆို ကုန်ပြီ '

ချန်ထွန်းအောင် တော်တော်စိတ်ညစ်သွားတယ်။ တကယ်လည်း ပုလင်းထဲမှာ ကုန်တော့မယ်။ ဒါကုန်ရင် ဘယ်ကမှ မရနိုင်တော့ဘူး။ ကိုအီကွန်း ဖျော်ခုံ ဘယ်ဘက်ထောင့်က ကော်ဖီမှုန့် ခါးတူးတူး အောက်တောက်တောက်ကို သူ ပြန်သောက်ရတော့မယ်။ မသောက်နိုင်ဘူး၊ ဘယ်လိုမှမသောက်နိုင်ဘူး။ သူဟာ နက်စ် ကော်ဖီပုလင်းကို တအားဆုပ်ထားတယ်။ ပုလင်းအဖုံးက စွဲနေတဲ့ အနံ ့ကို အားပါးတရ ရှူတယ်။

သည်လိုနဲ့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီ ပြတ်သွားတဲ့နေ့က စပြီး အိပ်ရာထဲမှာ ပြန်လဲတယ်။ ပုလင်းကိုပဲ ပွတ်သပ်နေရင်းက အိပ်ရာထဲမှာ လူးလှိမ့်နေတာက သုံးရက်၊ ကယောင်ကတမ်း အော်နေတာ နှစ်ရက်လောက်ဖြစ်လာတော့ သူ့မိန်းမဟာ ကိုအီကွန်းဆိုင် ပြေးတယ်။ ကိုအီကွန်းကို အကျိုးအကြောင်း ပြောတယ်။မဖြစ် ဖြစ်တဲ့နည်းနဲ့ ရှာပေးဖို့ ပြောတယ်။ တစ်သက်လုံး မပိတ်ခဲ့တဲ့သူ့ဆိုင်ကို ပိတ်ပြီး မြို့ကို နက်စ်ကော်ဖီ တက်ရှာမယ်လို့ သူ ကတိပေးလိုက်တယ်။ ပြီးတော့ ကော်ဖီတစ်ခွက်ကောင်းကောင်းလေး ဖျော်ပြီး ချန်ထွန်းအောင် မိန်းမနဲ့ လိုက်လာခဲ့တယ်။

သူတို့နှစ်ယောက် ပြန်လာတော့ ချန်ထွန်းအောင်က သေနေပြီ။ လက်တစ်ဖက်က နက်စ်ကော်ဖီပုလင်းကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း သေတာ။ ချန်ထွန်းအောင် မိန်းမကတော့ ရင်ဘတ်စည်တီးပေါ့။ ကိုအီကွန်းကလည်း ပါလာတဲ့ ကော်ဖီလေး ချန်ထွန်းအောင်ခေါင်းရင်းမှာ ထားလို်က်ရတော့တယ်။ ပြီးတော့ သေသူ့လက်ထဲက ပုလင်းကို ဆွဲယူတယ်။ မရဘူး။ ချန်ထွန်းအောင်ရဲ့ လက်ချောင်းတွေက နက်စ်ကော်ဖီ ပုလင်းကို ဘယ်လိုမှ မလွှတ်ဘူး။ မသေခင် ဘယ်လောက်အားနဲ့ ဆုပ်ထားသလဲ မသိဘူး။ ဘယ်လိုမှကို ခွာထုတ်လို့ မရဘူး။ လာသ မျှ၊သတင်းမေးသမျှ လူတွေလည်း ခွာကြတာပဲ။ လက်ချောင်း လက်ဆစ်တွေ ကျိုးခါမှ ကျိုးရော၊ ပုလင်းကို ခွာထုတ်လို့ မရဘူး။ သည်တော့ ပုလင်းကို ဆုပ်လျက်သားနဲ့ပဲ ခေါင်းသွင်းတယ်။ သည်အတိုင်းပဲ မြေမြှုပ် သင်္ဂြိုလ်ရတော့တယ်။

သည်ဖြစ်ရပ် ဖြစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့တဲ့ တစ်နေ့။ ဇီးချဉ်ကုန်း သင်္ချိုင်းမှာ နွားကျောင်းသားတစ်ယောက်ဟာ သင်္ချိုင်းထဲမှာ နွားကျောင်းရင်း အသားတွေ မရှိတော့တဲ့ ပြုတ်ထွက်နေတဲ့ လူ့လက်ဖျံရိုးတစ်ချောင်းကို သွားတွေ့တယ်။ ထူးဆန်းတာက လက်ဖျံရိုးရဲ့ အဆုံးမှာ အရိုးစုဖြစ်နေတဲ့လက်ချောင်းတွေဟာ ပုလင်းတစ်လုံးကို ဆုပ်ကိုင်ထားတာပဲ။ နွားကျောင်းသားက ပုလင်းကို လိုချင်လို့ ဆွဲယူလိုက်ပေမယ့် လက်ဖျံရိုးကြီး တစ်ချောင်းလုံးပါ ပါလာတယ်။ လက်ချောင်းတွေကြားထဲက ပုလင်းကို တအားညှစ်ပြီး ဆုပ်ထားတုန်းပဲ၊ မလွှတ်တမ်း ကိုင်ထားတုန်းပဲ။

သည်သတင်း ရွာထဲရောက်လာတော့ သည်လက်ဖျံရိုးဟာ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးပဲ ဆိုတာ ရွာက သိတယ်။ ဇီးချဉ်ကုန်း သင်္ချိုင်းမှာ ချန်ထွန်းအောင်ရဲ့ လက်ဖျံအရိုးစုဟာ နက်စ်ကော်ဖီ ပုလင်းကို မလွှတ်တမ်းဆုပ်ကိုင်ထားဦးမှာပဲ ဇီးချဉ်ကုန်းရွာထဲက ကိုအီကွန်း သားတွေရဲ့ လက်ဖက်ရည်ဆိုင်မှာ နက်စ် ကော်ဖီ ရနေပြီ၊ မာလ်တိုဗာ ရနေပြီ။ မိုင်လို ရနေပြီ။ ဟောလစ်ရနေပြီ။ တီးမစ်စ်၊ ကော်ဖီမစ်စ် တွေ ရနေပြီ။ ဘာသောက်ချင်သလဲ၊ အကုန်ရနေပြီ။

...

Sunday, September 22, 2013

အလင်းရောင်၏ အောက်၌ [မြင့်သန်း]

အလင်းရောင်၏ အောက်၌ [မြင့်သန်း]

“ငါ့နှလုံးသားတစ်ချက်ခုန်လိုက်တိုင်းလည်း မနေ့ကနဲ့ကွာ၊ မနေ့ကလို မနာတော့ပြီ…” ~ စိုင်းခမ်းလိတ်၊ အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ

အကုန်လုံး ဖွေးဖွေးဖြူနေတာပဲ။ နံရံ၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်တွေ အားလုံးက အဖြူရောင်ဆိုတော့ အခန်းတစ်ခုလုံး ဖွေးနေတယ်။ လင်းလက်နေသလိုပဲ။ အပြင်ဘက်မှာတော့ မိုးလင်းနေပြီလားမသိဘူး။ မိုးလင်းရင် အလင်းရောင်ရလာလို့ အမှောင်ပျောက်သွားလိမ့်မယ်။ အခန်းထဲမှာတော့ သိပ်ထူးမှာမဟုတ်ဘူး။ မှောင်သွားမှာစိုးလို့ အခန်းထဲမှာ အမြဲတမ်း မီးဖွင့်ထားတယ်။ အမြဲတမ်း အလင်းရောင်ရှိနေတယ်။ မကြာခင်ပဲ သူနာပြုကိုချစ်စိန် ရောက်လာတယ်။ ထုံးစံအတိုင်း ဆရာကြီး နေထိုင်ကောင်းရဲ့မဟုတ်လားလို့ပြောပြီး ပြတင်းပေါက်က အခန်းစည်း ဖယ်လိုက်တယ်။ နောက် ပြတင်းပေါက်ကိုဖွင့်တယ်။ ဟုတ်တယ်၊ အပြင်ဘက်မှာလည်း လင်းထိန်နေပြီ။ လေအေးကလေး၊ တိုးဝင်လာတယ်။ မနက်ခင်းလေလို့ ခေါ်ချင်ခေါ်ကြလိမ့်မယ်။ မှောင်ထဲမှာ ထိုင်နေရင်း လေတိုးခံရရင် ဘယ်လိုနေမလဲ၊ ညဘက်မှာတိုးလာတဲ့ လေပြေလေးနဲ့ ဘာကွာသလဲ စဉ်းစားကြည့်နေမိတယ်။ ကိုချစ်စိန်က မနက်စာလည်းယူလာတယ်။ မနက်စာဗန်းထဲကို စားပွဲကလေးမှာချလိုက်ပြီး ပြင်နေတယ်။ မနက်စာစားရင်း သောက်ရမယ့်ဆေးတွေကို ပလတ်စတစ်ခွက်ကလေးထဲမှာထည့်ပြီး စားပွဲပေါ်မှာတင်ထားတယ်။ ဒီနေ့စပြီး ဟိုဆေးတစ်ခုမပါတော့ဘူးလို့ ကျွန်တော့်ကိုမကြည့်ဘဲ လှမ်းပြောလိုက်တယ်။ သူပြောလိုက်ပုံက ၀မ်းသာစရာလိုပဲ။ ဆေးတစ်လုံးမသောက်ရရုံနဲ့တော့ ကျွန်တော့်မှာ ဘာမျှဝမ်းသာစရာမရှိဘူးထင်တယ်။ ၀မ်းသာတယ်၊ ၀မ်းနည်းတယ်ဆိုတာက ခံစားချက်ရှိမှ။ ကျွန်တော့်မှာ ခံစားချက်မရှိတာကြာပြီ။

ကိုချစ်စိန်က မျှော်လင့်ချက်ဆိုတာကို ယုံတယ်။ အရင်တုန်းက သူက ဆေးတပ်ထဲမှာ အလုပ်လုပ်ဖူးတယ်။ စစ်မြေပြင်မှာ သူကိုယ်တိုင်ဒဏ်ရာရတော့ တခြားရဲဘော်တစ်ယောက်ကကယ်လို့ အသက်ရှင်တာ။ ဒီတော့သူက အသက်ရှင်နေဖို့ဆိုတာ မျှော်လင့်ချက်နဲ့ နေတတ်ဖို့ပဲလို့ မြင်တယ်။ အသက်ရှင်နေတာဟာ အခွင့်အရေးတစ်ခုပဲလို့ မြင်တယ်။ စိတ်ရင်းက သိပ်ကောင်းတဲ့လူ။ တပ်ကနေထွက်ပြီး ဒီမှာ သူနာပြုဝင်လုပ်နေတယ်။ အရင်ကဒဏ်ရာကြောင့် လမ်းလျှောက်ရင် နည်းနည်းဖြေးတာကလွဲလို့ ဘာမှပြောစရာမရှိဘူး။ ဆေးရုံအုပ်ကြီးက ဒါကျုပ်မိတ်ဆွေဗျ သူ့မှာ ဘာဆွေမျိုးမှမရှိဘူး။ ခင်ဗျားဂရုစိုက်ပါလို့ပြောပြီး သူ့ကိုအပ်ထားတာ။ ဒီတော့လည်း သူက ကျွန်တော့်ကို အစ်ကိုကြီးလို၊ ဦးလေးလိုမျိုးသဘောထားပြီး ဆက်ဆံတယ်။ ဘာမှလိုလေသေးမရှိအောင်ပဲ။ ကျွန်တော်မနက်စာစားတိုင်း သူက ထိုင်ပြီး စကားပြောလေ့ရှိတယ်။ ဘာရယ်တော့မဟုတ်ဘူး။ ကြုံရာပဲ။ ဆရာဝန်ကြီးကမှာထားလို့ ကျွန်တော်စိတ်အနှောင့်အယှက် ဖြစ်မယ့်ဟာမျိုး မပြောဘူး။ တကယ်လို့ သူပြောလည်း ကျွန်တော့်စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်မှာမှ မဟုတ်ပဲ။ ခံစားချက်မရှိတော့ဘူးဆိုမှတော့ ဘယ်လိုလုပ်စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်တော့မှာလဲ။

ကျွန်တော်မနက်စာစားပြီးမှ လင်ဗန်းကိုသိမ်းရင်း ကိုချစ်စိန်က မေးလေ့ရှိတယ်။ ဒီနေ့ ဘယ်သူများ ဆရာကြီးကို လာတွေ့ဦးမလဲတဲ့။ ဒီနေ့တော့ ကျွန်တော့်ခေါင်းထဲမှာ မောင်ဝဏ္ဏကို သတိရလိုက်မိတယ်။ မောင်ဝဏ္ဏများ လာမလားမသိဘူး၊ မလာတာကြာပြီလို့ ပြောလိုက်မိတယ်။ ကိုချစ်စိန်က သူ့ကို အလမ္ပာယ်ဆရာလို့ညွှန်းရင်း ခေါ်လေ့ရှိတယ်။ ကျွန်တော့်တပည့်တွေထဲမှာ သူက ထူးခြားတယ်။ မြွေအလမ္ပာယ်ပြစားတယ်။ တစ်ခါက မင်းအလုပ်က အန္တရာယ်များလှပါသကွာလို့ ကျွန်တော်ကပြောဖူးတယ်။ ဒီတော့ သူက အသက်ရှင်နေရတာကကော အန္တရာယ်မများဘူးလားဆရာလို့ ပြန်မေးတယ်။ သေသေချာချာတွေးကြည့်ရင် သူမေးလည်း မေးစရာပဲ။ အသက်ရှင်နေတယ်ဆိုတာက မသေသေးလို့ကိုး။ သေတယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး။ အသက်ရှူသွင်း ရှူထုတ်လုပ်နေရင်း အသက်ဆိုတာက ကိုယ့်ဆီကနေ အချိန်မရွေး ထွက်သွားနိုင်တာပဲ။ ဒီတော့ အသက်ရှင်နေတာကိုက အန္တရာယ်ရှိနေတာပဲပေါ့။ ဟုတ်တော့ဟုတ်တယ်။ သူပြောသလို အဆိပ်ရှိတဲ့ မြွေပွေးမြွေဟောက်က ပခြုပ်ထဲမှာနေတုန်း ကိုယ့်ကို အန္တရာယ်ပေးတာမဟုတ်ဘူး။ အသက်ဆိုတာ ရှင်နေသရွေ့ ဘယ်တော့များသေမလဲဆိုပြီး အန္တရာယ်ကို မျှော်နေရသလိုပဲ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ အလမ္ပာယ်ပြရင်း မြွေပွေးကို မျိုပြသတဲ့။ ရင်ထဲရောက်တော့ မြွေပွေးက ပူလို့ထင်တယ်၊ ထပေါက်လိုက်လို့ သေရောတဲ့။ ကျွန်တော်ဒီဆေးရုံရောက်နေတဲ့ ခြောက်လခုနစ်လအတွင်းမှာတော့ မကြာမကြာလာတွေ့ပြီး စကားပြောလေ့ရှိတယ်။ ဒီနေ့မှာများ သူလာခဲ့ရင်တော့ မလာနဲ့တော့ကွာလို့ ပြောရဦးမယ်။

ကိုချစ်စိန်က ကုတင်ပေါ်က အိပ်ယာခင်းကို အတင်းဆွဲဆန့်နေတယ်။ ကျွန်တော်ကတော့ အပြင်ဘက်ကို ငေးနေမိတယ်။ ကျွန်တော့်ပြတင်းပေါက်ကနေ တွေ့ရတတ်တဲ့ ကန်စောင်းဆီက ဘဲတစ်သိုက်ကို မတွေ့ရတာကြာပြီ။ ကိုချစ်စိန် ရေဘဲတွေ မတွေ့ရတာကြာပြီဗျာ။ ဘယ်ရောက်ကုန်ပြီလဲလို့ ကျွန်တော်ကမေးတော့ ကိုချစ်စိန်က ဆောင်းဝင်ပြီလေ ဆရာကြီးရယ်၊ နွေးတဲ့ဆီပြောင်းကြပြီထင်တယ်လို့ ဖြေတယ်။ အတော်ကြာတော့မှ အပင်တွေအရောင်ပြောင်းစပြုလာတာ ဆရာကြီးသတိမထားမိဘူးထင်တယ်လို့ ထပ်ပြောတယ်။ ဒီတော့မှ ကျွန်တော်လည်း အပင်တွေကိုကြည့်လိုက်မိတယ်။ သတိမမူ ဂူမမြင်ဆိုတာကိုပဲ ကိုချစ်စိန်ရယ်လို့ ကျွန်တော်က အပြင်ဘက်ကိုဆက်ကြည့်နေရင်း လှမ်းပြောလိုက်တယ်။ သစ်ပင်တွေအများကြီး အရောင်ပြောင်းသွားတာ ကျွန်တော်မမြင်ဘူး။ ရေဘဲကလေး လေးငါးကောင် ပျောက်သွားတာကိုတော့ ကျွန်တော်သတိထားလိုက်မိတယ်။ အော် လူ့စိတ်ဟာ အတော်ဆန်းပါကလား။ စိတ်ဆိုတာထက်၊ သိပုံ, သိနိုင်ပုံတွေဟာ ဆန်းပါလားလို့ တွေးကြည့်နေမိတယ်။ လှည့်မကြည့်ပေတဲ့ ကိုချစ်စိန်တစ်ယောက် ကျွန်တော်ထိုင်နေတဲ့ ကုလာားထိုင်နောက်နားဆီမှာလာပြီး ရပ်နေမှန်း သိလိုက်မိတယ်။ သွားတော့မှာလား ကိုချစ်စိန်လို့ ကျွန်တော်က လှည့်မကြည့်ဘဲ မေးလိုက်တယ်။

သွားဦးမယ် ဆရာကြီး။ ဆရာကြီးနဲ့ နှစ်ခန်းကျော်က ရုပ်စုံဆရာကြီးဆီ သွားဦးမှ။ သူကလည်း ဆရာဝန်ကြီးမိတ်ဆွေပဲ။ ဆရာကြီးလိုပဲ စောင့်ရှောက်ဖို့ ဆရာဝန်ကြီးက မှာထားတယ်။ ဆရာကြီးနဲ့လည်း ရင်းတယ်မဟုတ်လားလို့ ကိုချစ်စိန်က ပြန်ဖြေတယ်။ ရင်းပါတယ်၊ အေးကွာ စောင့်ရှောက်ပါ၊ သူက အနုပညာသမားဆိုတော့ နူးညံ့တယ်ကွလို့ ကျွန်တော်က ပြောလိုက်တယ်။ ဟုတ်တယ် ဆရာကြီး။ မနက်စာဆိုရင် သူနာပြုဆရာမ ချောချောကလေးတွေက ပြင်ကျွေးမှ။ ကျွန်တော်တို့ ကိုမြဟန်တို့ ပြင်ကျွေးရင် မစားဘူး။ ကလေးများလိုပဲ မျက်နှာကြီးစူနေတတ်တယ်။ ခုချိန်လောက်ကျမှ ကျွန်တော်သွားရင် အတော်ပဲ။ မနက်စာစားသောက်ပြီးရင် သူက ကလေ့ရှိတယ်လို့ ကိုချစ်စိန်က ပြန်ဖြေတယ်။ ကျွန်တော်က ပြံုးလိုက်မိတယ်။ ဖိုးကျော်စွာကြီးက ကတုန်းလားကိုချစ်စိန်လို့ မေးလိုက်မိပြန်တယ်။ ကိုချစ်စိန်က ချက်ချင်းမဖြေဘူး။ အတော်ကလေးကြာမှ ခုလိုပြောတယ်။ သူ့ရုပ်သေးရုပ်ကလေးတွေ မရှိတော့ဘူးလို့ပြောပြီး မျက်ရည်ကျတတ်တယ်။ ဘယ်ရောက်သွားလဲလို့ ကျွန်တော်ကမေးရင် ပင်နိုကယိုလိုပဲ၊ အသက်ဝင်ပြီး ငါ့ဆီက ထွက်သွားကြပြီလို့ ပြောတယ်။ ခုတော့ ငါက ရုပ်သေးရုပ်ပြန်ဖြစ်သွားပြီ။ မင်းကြိုးဆွဲပေးစမ်း၊ ငါ, ကမယ်လို့ ပြောလေ့ရှိတယ်။ ကျွန်တော်လည်း သူကျေနပ်အောင် ပါးစပ်ဆိုင်းကလေးနဲ့ ရုပ်သေးရုပ်ကြိုးဆွဲသလို လုပ်ရတာပေါ့။ သူကျေနပ်လောက်တဲ့အထိ ကတယ်။ ပြီးမှ တစ်ခန်းရပ်ကြစို့ဆရာကြီးရေ ဆိုမှ သူလည်း ကုတင်ပေါ် အသာသွားလှဲနေတော့တယ်။ သူ့ကိုယ်သူ ရုပ်သေးရုပ်ကလေးလို့ထင်ပြီး ကနေတာကိုကြည့်တိုင်း ကျွန်တော့်စိတ်ထဲမှာ မချမ်းသာဘူးလို့ ကိုချစ်စိန်က ပြောတယ်။

ဘာလို့လဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ ကိုချစ်စိန်က ချက်ချင်းမဖြေဘူး။ နောက်မှ ဆရာကြီးရာ၊ ဆရာကြီးသိတဲ့အတိုင်းပဲ၊ တစ်ချိန်က ရုပ်စုံဆရာဦးကျော်စွာရယ်ဆိုပြီးနေရာက ခုတော့ သူ့ကိုယ်သူ ရုပ်သေးရုပ်လေးလို့ စိတ်ထဲမှာထင်နေတာဆိုတော့ ကျွန်တော့်စိတ်ထဲမှာ ဘယ်ချမ်းသာနိုင်ပါ့မလဲလို့ ဖြေတယ်။ မဟုတ်သေးဘူးဗျကိုချစ်စိန်လို့ ကျွန်တော်က စကားစလိုက်တယ်။ ခင်ဗျားအနေနဲ့ သနားစိတ်ဝင်နေပေတဲ့ သူ့ကိုယ်သူ ရုပ်သေးရုပ်ကလေးလို့ စိတ်ထဲမှာထင်ပြီး ကနေတဲ့အချိန်ဟာ သူ့အတွက် အကျေနပ်ဆုံး အသာယာဆုံးအချိန်ပဲ။ ခင်ဗျားက သူ့ဘက်က စဉ်းစားမကြည့်မိလို့ပဲလို့ ကျွန်တော်ကပြောလိုက်တယ်။ ကိုချစ်စိန်က ဘာမှပြန်မပြောဘူး။ အေးလေ ဆရာကြီးပြောတာလည်း ဟုတ်မှာပဲလို့ အတော်ကြာမှ ပြန်ပြောတယ်။ ကိုင်း သွားလိုက်ဦး၊ ခင်ဗျားကိုမျှော်လှရော့မယ်လို့ ကျွန်တော်ကပြောလိုက်တော့ ကိုချစ်စိန်က တစ်ခုခုသတိရလိုက်ပုံပေါ်တယ်။ မနက်စာ ဗန်းယူလာတုန်းက ကိုချစ်စိန်က လွယ်အိတ်ကြီးတစ်လုံး လွယ်လာတယ်။ ဘာတွေများလဲလို့ ကျွန်တော်က မေးမယ်လို့စိတ်ကူးသေးတယ်။ ဒါပေတဲ့ မမေးဖြစ်ဘူး။ ကိုချစ်စိန်က လွယ်အိတ်ထဲက စာအုပ်လေးငါးအုပ်ထုတ်လာပြီး ဆရာကြီးဖတ်ချင်ရင် တစ်အုပ်ယူထားလေလို့ ပြောတယ်။

ကျွန်တော်က ဘာမှမပြောသေးဘဲ ကိုချစ်စိန်ကို ကြည့်နေမိတယ်။ ဒီတော့မှ ကိုချစ်စိန်ကပြောတယ်။ ဆရာဝန်ကြီးက ဆရာကြီးယူလာတဲ့ စာအုပ်တွေထဲက လေးငါးအုပ်ယူသွားချေ၊ သူဖတ်ချင်တာရှိရင် တစ်အုပ်ပေးခဲ့လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်ယူလာတာတဲ့။ ဒီတော့မှ မင်းတို့ဆရာဝန်ကြီးကပဲ ငါ့ကို ဘာစာမှမဖတ်ရဘူးဆို လို့ ကျွန်တော်က သူ့ကို ပြန်ပြောလိုက်တယ်။ ကျွန်တော် ဒီကိုရောက်လာတော့ စာအုပ်တွေပါလာတယ်။ ဆရာဝန်ကြီးက သုံးလလောက် ဘာမှမဖတ်ရဘူးလို့ တားထားတယ်။ ခုတော့ သုံးလမကတော့ဘူး။ ခင်ဗျား ဘာသာစကားနဲ့ကင်းကင်းနေနိုင်ရင် အကောင်းဆုံးပဲ။ ခဏဖြစ်ဖြစ် နေနိုင်အောင်ကြိုးစားပါလို့ သူက ပြောတယ်။ သူငယ်ချင်းပေတဲ့ သူက ကိုယ့်ဆရာဝန်။ ကိုယ်က သူ့လူနာ။ သူပြောတာ နားထောင်ရမှာပဲ။ ဒီအကြောင်းအရာ၊ ဒီဘာသာရပ်မှာ သူကကျွမ်းတာ။ ကိုယ်က မကျွမ်းတော့ သူပြောတာ နားထောင်ရမှာပဲ။ ဘာသာစကားထဲ နက်နက်ရှိုင်းရှိုင်းရောက်လာလေ၊ ခင်ဗျားနဲ့ပြောစရာလူတွေ၊ ပြောစရာအကြောင်းအရာတွေ များလာမှာပဲ။ အဲဒီလို များလာလေ ခင်ဗျားဘာသာ ပိတ်မိလာလေပဲ။ ဘာသာစကားထဲမှာ ပိတ်မိလာတော့ ခင်ဗျားဟာ ခင်ဗျားရဲ့အတိုင်းအတာကို သိလာတယ်။ ခင်ဗျားရဲ့အတိုင်းအတာကို ခင်ဗျားသိသွားရင် လမ်းဆုံးသွားတာပဲ။ ခင်ဗျားအသက်ရှူနေတာဟာ အသက်ရှင်ဖို့မဟုတ်သလို ဖြစ်သွားတာပေါ့။ ဒီတော့ ခင်ဗျားမှာ ခံစားချက်လည်းမရှိတော့ဘူးလို့ ဆရာဝန်ကြီးပြောခဲ့တာတွေကို ကျွန်တော်သတိရလိုက်မိတယ်။

တစ်အုပ်ရွေးလေဆရာကြီးလို့ ကိုချစ်စိန်ရဲ့အသံ ကြားရတော့မှ အတွေးပြတ်သွားတယ်။ ကိ(စ)ရဲ့ ကဗျာစာအုပ် လှမ်းယူလိုက်တယ်။ ကိုချစ်စိန်က မတိုးမကျယ်နဲ့ တောက်ခေါက်လိုက်တယ်။ ကျွန်တော်လည်း အံ့အားသင့်သွားမိလို့ ဘာဖြစ်လို့လဲကိုချစ်စိန်လို့ မေးလိုက်မိတယ်။ ကိုချစ်စိန်က ခေါင်းခါလိုက်ရင်း၊ စာအုပ်တွေကို ကျွန်တော့်လွယ်အိတ်ထဲ ထည့်နေတုန်းက ဆရာဝန်ကြီးကရပ်ကြည့်နေရင်း သူဘယ်စာအုပ်ရွေးမယ်ထင်သလဲလို့ မေးတယ်။ ကျွန်တော်က မသိဘူးလို့ပြောလိုက်တော့ ဆရာဝန်ကြီးက အခု ဆရာကြီးယူလိုက်တဲ့စာအုပ်ကိုကိုင်ကြည့်ပြီး ဒီစာအုပ်သူဖတ်လိမ့်မယ်လို့ ပြောတယ်။ ပြီးတော့ မင်းနဲ့ငါလောင်းမယ်၊ ဒီစာအုပ်သူရွေးရင် မင်းကငါ့ကို ဘီယာတစ်လုံးတိုက်၊ ဒီစာအုပ်ကို မရွေးဘဲ ကျန်တဲ့လေးအုပ်ထဲက တစ်အုပ်ကိုရွေးရင် မင်းကြိုက်တာ အဝငါတိုက်မယ်လို့ ပြောတယ်။ ကိုချစ်စိန်က စကားပြောတာ ခဏနားလိုက်တယ်။ ငါးအုပ်ထဲကတစ်အုပ်ဆိုတော့ မှားမယ်ဆိုရင် သူက မှားဖို့အခွင့်အရေးများတယ်။ ကျွန်တော်က မှားနိုင်ကိန်းနည်းတယ်လို့ တွေးမိတာနဲ့ ကျွန်တော်လည်း ဆရာကြီးနဲ့ ဘီယာတစ်ပုလင်းလောင်းကြေးကို လက်ခံလိုက်တယ်လို့ ကိုချစ်စိန်ကဆက်ပြောတယ်။ ဘာဖြစ်လို့ ဒီစာအုပ်ကိုရွေးမယ်လို့ သူက ပြောတာလဲလို့ မေးလိုက်တယ်။ ကိုချစ်စိန်က ချက်ချင်းပဲပြန်ဖြေတယ်။ ကျွန်တော်လည်း ဆရာဝန်ကြီးကို မေးကြည့်လိုက်တယ်။ ဆရာဝန်ကြီးက ပြောတယ်။ ဆရာကြီးမှာ ခံစားချက်မရှိတော့ဘူးတဲ့။ ဝေဒနာကို ပြန်တည်ဆောက်ယူရမယ်တဲ့။ ဝေဒနာကိုတည်ဆောက်ဖို့ အကောင်းဆုံးအရာဟာ ကဗျာဖတ်တာပဲတဲ့။ ဟုတ်သလားဆရာကြီးလို့ ပြောရင်းမေးတယ်။

ကျွန်တော် ဘာမှပြန်မဖြေတော့ဘဲ ပြံုးနေလိုက်တယ်။ ကိုချစ်စိန်က စာအုပ်တွေ လွယ်အိတ်ထဲပြန်ထည့်လိုက်ပြီး သူယူလာတဲ့ မနက်စာဗန်းကိုကောက်ကိုင်ရင်း အခန်းဝဘက်ကို လျှောက်သွားတယ်။ အခန်းတံခါးဖွင့်မယ်လို့လုပ်နေရင်း မမအယ်မလီရော လာဦးမလားလို့ မေးပြန်တယ်။ မလာတော့ဘူးထင်တယ်လို့ ကျွန်တော်က ဖြေလိုက်တယ်။ ကိုချစ်စိန်ဟာ အံ့အားသင့်သွားတယ်။ ဗန်းကို အခန်းဝနားက စားပွဲပေါ်မှာတင်ထားလိုက်ပြီး ကျွန်တော်ထိုင်နေတဲ့ ပြတင်းပေါက်နားဆီ ပြန်လျှောက်လာတယ်။ ကျွန်တော်ကလည်း ကဗျာစာအုပ်ဖတ်မယ်လို့တွေးရင်း ကုလားထိုင်ကို ပြတင်းပေါက်ဘက် ကျောပေးလိုက်တယ်။ ကိုချစ်စိန်က ကျွန်တော့်ရှေ့တည့်တည့်မှာရပ်ရင်း မမက ဘာဖြစ်လို့ မလာတော့တာလဲလို့ မေးတယ်။ ကျွန်တော်က ကိုချစ်စိန်ကိုကြည့်ရင်း ပြံုးလိုက်မိတယ်။ ပြီးမှ၊ မင်းကိုငါပြောပြဖူးတာပဲ၊ ပြီးခဲ့တဲ့အခေါက် အယ်မလီလာတုန်းက သူနဲ့ငါ စကားပြောကြတဲ့အကြောင်း မင်းကိုငါပြောပြဖူးတာပဲမဟုတ်လားလို့ ကျွန်တော်ကမေးလိုက်တယ်။ ပြောဖူးပေတဲ့ မလာတော့ဘူးဆိုတာကို ဆရာကြီးကမှမပြောဘဲလို့ သူကပြောတယ်။ ဟုတ်လိမ့်မယ်၊ အသေးစိတ်တော့ ကျွန်တော်ပြောလိုက်မိပုံ မရဘူး။ ဒီဆေးရုံမှာ လာနေရကတည်းက ကျွန်တော့်ဆီပုံမှန်လာစကားပြောကြတဲ့ လူတွေထဲမှာ အယ်မလီလည်းပါတယ်။

အယ်မလီက ကျွန်တော်နဲ့ ငယ်ငယ်တည်းက အတူတူကြီးတာ။ ခုနစ်တန်းလောက်ကတည်းက ဆရာဝန်ဖြစ်ချင်တာ။ ဆရာဝန်မှမဖြစ်ရရင် ဘာမှမဖြစ်တာ အကောင်းဆုံးပဲတဲ့။ သူရည်ရွယ်တဲ့အတိုင်း ဖြစ်တယ်။ ဘာမှမဖြစ်ရတာဟာ ကောင်းတယ်ဆိုတာက ကျွန်တော့်ရည်ရွယ်ချက်။ ကျွန်တော့်ရည်ရွယ်ချက်လည်း အောင်မြင်တယ်။ ကျွန်တော် ဒေါသထွက်နေတဲ့အခါမျိုးတိုင်းလို အယ်မလီက ပြေရာပြေကြောင်းကလေးတွေ ပြောပြတတ်တယ်။ ကျွန်တော်ကတော့ သူနဲ့ဖက်ပြိုင်ပြီး မငြင်းဘူး။ သူက ကျွန်တော့်ကို လမ်းပျောက်နေတဲ့လူလို့ ထင်တယ်။ ဒါပေမဲ့ သူမသိတာတစ်ခုရှိတယ်။ အမှောင်ထဲမှာ ပျောက်ဆုံးနေခဲ့ရင် အလင်းရောင်ရတဲ့အခါ တွေ့လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်။ အလင်းရောင်ထဲမှာ ပျောက်ဆုံးနေခဲ့ရင် ရှာတွေ့ဖို့မလွယ်ဘူး။ လူတိုင်းဟာ ပျောက်ဆုံးနေကြတယ်ဆိုတာကို သူ, မသိဘူး။ ဘယ်မှာပျောက်ဆုံးနေသလဲကို မသိတာက ပိုဆိုးတယ်။ ဟိုတစ်နေ့က စကားပြောပြီးလို့ သူပြန်တော့မယ်လုပ်တော့ သူက မေးတယ်။ ငါ့ကို နင့်ဆီ လာတွေ့စေချင်သေးသလားတဲ့။ ဒီတစ်ခါတော့ ကျွန်တော်လည်း ရဲရဲတင်းတင်းပဲ ပြန်ပြောလိုက်တယ်၊ မလာနဲ့တော့လို့။ သူက ပြံုးတယ်။ ဘာလို့လဲလို့ မေးတယ်။ နင်နဲ့ငါနဲ့ အခုလိုစကားပြောနေကြတာဟာ ငါ့အတွေးထဲမှာ သက်သက်ပဲ။ နင့်အတွက် အချိန်မကုန်ပေတဲ့ ငါ့အတွက် အချိန်ကုန်တယ်။ နင့်လိုပဲ ငါနဲ့လာပြီး စကားပြောတဲ့ လူအတော်များများကိုလည်း မလာကြနဲ့တော့လို့ ပြောလိုက်တယ်။ အတော်များများလည်း မလာကြတော့ဘူး။ နင်လည်း မလာနဲ့တော့လို့ ကျွန်တော်ပြောလိုက်တယ်။

ကိုချစ်စိန်က ကျွန်တော်ပြောတာတွေနားထောင်နေရင်း ပြတင်းပေါက်ကနေတဆင့် အပြင်ဘက်ကို ငေးနေတယ်။ ရုပ်တရက် သူက နွေဦးရောက်လို့ ကန်စောင်းဆီရေဘဲတွေပြန်ရောက်လာရင် ဆရာကြီး ဒီဆေးရုံမှာ ရှိတော့မှာမဟုတ်ဘူး။ အဲဒီအချိန်လောက်ဆိုရင် ဆရာကြီးလည်း ဘဝရဲ့အလှအပတွေနဲ့ ပြန်ပြီးပျော်မွေ့နေတော့မှာပဲလို့ ပြောတယ်။ အတော်ကလေးကြာအောင် ကျွန်တော်က ဘာမှမပြောဘဲ သူဘာများဆက်ပြောမလဲလို့ စောင့်နေမိတယ်။ ကိုချစ်စိန်က ဘာမှထပ်မပြောဘဲ ရေကန်စပ်ဆီပဲ ငေးနေတယ်။ အတော်ကလေးကြာအောင် ကျွန်တော်တို့အကြားမျာ စကားပြောစရာမရှိကြသလိုပဲ ငြိမ်နေမိကြတယ်။ နောက်တော့မှ ကျွန်တော်ကစပြီး ပြောလိုက်တယ်။ ဘဝမှာ အလှအပရှိတယ်လို့ မင်းထင်သလား။ ငါကတော့ ဘဝဆိုတာ ဝေဒနာတွေနဲ့တည်ဆောက်ထားတာပဲလို့ မြင်တယ်။ ဘဝရဲ့အလှအပဆိုတာဟာ ဘဝရဲ့ဝေဒနာတွေပဲ။ ဝေဒနာဆိုတာ အကောင်းဝေဒနာ၊ အဆိုးဝေဒနာရယ်လို့ ရှိတယ်။ ဝေဒနာဆိုတာနဲ့ အဆိုးချည်းပဲထင်မှတ်ထားလို့မရဘူး။ ကိုချစ်စိန်က ဘာမျှမပြောဘဲ ကျွန်တော့်မျက်နှာကိုကြည့်နေတယ်။ ဝေဒနာပေါ်ပေါက်လာဖို့ ဘာသာစကားလိုတယ်။ ဘာသာစကားဆိုပေတဲ့ ရေးတာ၊ ပြောတာကိုချည်းပဲ ပြောတာမဟုတ်ဘူး။ သဘောကတော့ကွာ ပန်းချီဆရာအတွက် ဘာသာစကားဟာ အရောင်တွေ၊ မျဉ်းကြောင်းတွေလိုပေါ့။ လူတစ်ဦးချင်းစီမှာ သူတို့နားလည်တဲ့ ဘာသာစကားကိုယ်စီ ရှိကြတာပဲ။ အဲဒီဘာသာစကားပျောက်ဆုံးသွားတာနဲ့ လူမှာ ခံစားချက်မရှိတော့ဘူး။ ငါ့မှာ ပျောက်ဆုံးသွားတာကြာပြီ။ အလင်းရောင်အောက်မှာ ပျောက်ဆုံးနေတာမျိုးပဲ။ အခုတော့ ငါသိတဲ့ ဘာသာစကားတွေ ဖြည်းဖြည်းချင်းငါ့ဆီ ပြန်ရောက်လာကြပြီထင်တယ်။

ကိုချစ်စိန်က ခပ်ဖြည်းဖြည်းပြံုးတယ်။ သူပြံုးနေတုန်း ကျွန်တော်ကပဲ ဆက်ပြောလိုက်မိတယ်။ မင်းကိုလည်း ငါ ကျေးဇူးတင်တယ်လို့ ပြောလိုက်တော့ ကိုချစ်စိန် အ့ံသြသွားပုံရတယ်။ ဘာလို့လဲဆရာကြီးလို့ သူက ချက်ချင်းပြန်မေးတယ်။ ငါနဲ့ စကားပြောဖြစ်တဲ့ တကယ့်ဘဝထဲကလူဆိုလို့ မင်းနဲ့ မင်းတို့ဆရာဝန်ကြီးတို့ နှစ်ယောက်သားပဲ ရှိတာပဲ။ ငါ့အတွေးထဲကလူတွေဟာ ငါပြောတာကို နားလည်ကြတယ်။ တကယ့်ဘဝထဲကလူတွေက ငါပြောတာကို နားမလည်ကြသလို သူတို့ပြောတာတွေကိုလည်း ငါသိပ်နားမလည်ဘူး။ ခုတော့ တကယ့်ဘဝထဲကလူတွေနဲ့ ဆက်ဆံနိုင်ဖို့ သူတို့ကိုနားလည်အောင် ငါကြိုးစားကြည့်ဖို့လိုတယ်လို့ ငါမြင်လာတယ်လို့ ကျွန်တော်က ပြောပြလိုက်မိတယ်။ ကိုချစ်စိန်က အားရပါးရပြံုးတယ်။ ကိုင်း ဒါဖြင့် ကျွန်တော်သွားလိုက်ဦးမယ်လို့ပြောရင်း ကိုချစ်စိန်က အခန်းတံခါးဝဘက် လျှောက်သွားတယ်။ အခန်းဝနားရောက်တော့မှ ဘာဖြစ်လို့ ဟိုဆေးတစ်မျိုးကို ဆရာကြီးသောက်စရာမလိုတော့တာ ကျွန်တော်သိပြီလို့ပြောရင်း ခေါင်းညိတ်ပြပြီး အခန်းထဲက ထွက်သွားတော့တယ်။ သူ့ကိုကြည့်ရတာ ကျေနပ်မှုတစ်ခုခုရသွားတဲ့ လူတစ်ယောက်လိုပဲ။ ကိုချစ်စိန်အတွက်တော့ ကျွန်တော်က ဘာဖြစ်လို့ ဟိုဆေးတစ်မျိုးမသောက်ရတော့တာကို သိလိုက်ရတာဟာ ခရစ်သက္ကရာဇ် ၂၀၀၀ ရဲ့ ဒီဘက်မှာ အကြီးမားဆုံး ကြံဆတွေးတောချက်တစ်ရပ် ဖြစ်လိမ့်မယ်ထင်တယ်။

~ မြင့်သန်း

ချင်းတွင်း၊ ဇွန်၊ ၂၀၀၆

Wednesday, September 11, 2013

ကာတီရေးနဲ့မိန်းမ (မြင့်သန်း)

ကာတီရေးနဲ့မိန်းမ (မြင့်သန်း)

ဧည့်ခံပွဲလုပ်တဲ့လူက ကျွန်တော်တို့အပေါ်မှာ ကောင်းခဲ့တာတွေ ရှိတယ်။ ကျွန်တော်တို့ လောကမှာ အပြန်အလှန်ကူညီတာ၊ စောင့်ရှောက်ရတာဟာ ရေးသားမထားတဲ့ မူတစ်ခု။ ဒီတော့လည်း ကျွန်တော်တို့ အနေနဲ့ သူ အကူအညီလိုနေတာကို ကူညီရမယ့်သဘော။ သူကတော့ တည့်တည့်ချည်း ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မှာ တင်နေတဲ့ ကြွေးကို ချေပစ်ချင်တာ မဟုတ်ဘူး။ ကျွန်တော်တို့အပေါ်မှာ ထပ်ပြီး သူ အကြွေးတင်လာအောင် လုပ်ထားချင်နေကြတာ။ ဒီတော့မှ ကျွန်တော်တို့လည်း သူ့ကို အသုံးချလို့ ရမှာကိုး။ တစ်နေ့ကတော့ ဂေါက်သီးရိုက်ရင်း သူ့ကိစ္စကိုပြောတယ်။ မင်းလိုချင်တဲ့ အဖြေရဖို့ဆိုရင်တော့ အကူအညီပေးနိုင်တယ်။ ဒါပေတဲ့ တို့ လုပ်ခိုင်းတာကိုတော့ မင်းက လုပ်။ တို့ ဘာလုပ်မယ်ဆိုတာကို အသေးစိတ် မင်းသိစရာမလိုဘူးလို့ သူ့ကိုပြောတော့ သူက သဘောတူတယ်။ ဒီလိုနဲ့ သူ့အိမ်မှာ ဧည့်ခံပွဲကလေးတစ်ခု လုပ်ဖြစ်သွားတယ်။ အကြောင်းပြချက်ကတော့ အသစ်ရောက်လာတဲ့ သံတမန် တစ်ယောက်ကို ကျန်လူတွေနဲ့ မိတ်ဆက်ပေးတဲ့ ကောက်တေး(လ်)ပွဲပဲ။ ဒါကလည်း သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။

ဒီလိုနဲ့ ကျွန်တော်တို့ လေးယောက်သား သူ့ဧည့်ခံပွဲကို ရောက်လာခဲ့တာပဲ။ ကျွန်တော်တို့ဆိုတာက အေဒရီယံရယ်၊ ပက်ဒီရယ်၊ လူးရယ်၊ ကျွန်တော်ရယ်။ ပက်ဒီနဲ့ လူးတို့ နှစ်ယောက်က မှတ်တမ်းတင် ရုပ်သေ၊ ရုပ်ရှင်ရိုက်တဲ့သူတွေရဲ့ လက်ထောက် လုပ်နေကြတယ်။ အမှန်မတော့ လူးက ကျွန်တော်တို့ ကြည့်ချင်တဲ့လူတွေရဲ့ ပုံတွေကို ဘယ်လိုရိုက်ရမယ်ဆိုတာ တကယ်ရိုက်တဲ့လူတွေကို ကပ်ပြီး ညွှန်ကြားနေကြတာ။ ကျွန်တော်တို့ကတော့ ဧည့်သည်တော်တွေအဖြစ် လာပေတဲ့ အခန်းထောင့်တစ်နေရာမှာ လိမ္မော်ရည်ခွက်ကိုင်ရင်း မိုးတိုးမတ်တပ်ပဲ။ ယမကာမှီဝဲလို့ မဖြစ်သေးဘူး။ ဒီတော့လည်း ပျင်းလာတယ်။ သူတို့ အသိုင်းအဝိုင်းက ဟန်များကြတယ်။ ဟန်များတယ်ဆိုတာ ဟန်လုပ်နေကြရတာ များတာ။ လုံးလုံးချည်းမသိတာကို သိသလိုလုပ်ပြီး လိမ်နေတဲ့ လူတွေပါသလို သိနေတာကို မသိသလိုလုပ်ပြီး ညာနေတဲ့လူတွေလည်း ပါတယ်။ ကျွန်တော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့လူတွေတော့လည်း မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ နှစ်ယောက်သား အခန်းထောင့် တစ်နေရာက ရပ်ကြည့်ရင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပျင်းပြေအောင် လုပ်နေကြရတယ်။ တခြားတော့ မဟုတ်ဘူး။ တတိယကမ္ဘာက လာကြတဲ့ သံအမတ်ကတော်တွေရဲ့ လူပုံစံ၊ ဝတ်ပုံစားပုံဆိုတာတွေကြည့်ပြီး ပြက်လုံးထုတ်နေမိကြတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေဟာ ဆယ်ယောက်မှာ ကိုးယောက်လောက်က မဝတ်တတ် မစားတတ်တာများတယ်။ မစားတတ်ဘူးဆိုတာကလည်း မဟုတ်လောက်ဘူး။ အစားကောင်းလို့ ကျားကိုစီး စားလို့မကုန် ပုံကြီးတွေ များတယ်။

ကောင်းတဲ့ဘက်က ရှာကြံပြောပြရရင်တော့ တတိယကမ္ဘာက သံအမတ်ကတော်တွေဟာ ထူးခြားတယ်လို့ပဲ ပြောရမှာပဲ။ သူတို့တစ်တွေ အများစုဟာ အထိုက်အလျောက် သံတမန်လောကထဲမှာ ကျင်လည်လာခဲ့ပေတဲ့ တကယ်တော့ သူတို့ယောက်ျားတွေက ပွဲတက်မယားအဖြစ်လောက်ပဲ သဘောထားပြီး ခေါ်ခဲ့ကြပုံရတယ်။ တချို့ တတိယကမ္ဘာက သံအမတ်တွေ ကိုယ်တိုင်ဟာ အကြောင်းကြောင်းကြောင့် သံအမတ်ဖြစ်လာကြတာ။ နိုင်ငံတကာ ဆက်ဆံရေးဆိုတာကို လက်ပူတိုက်သင်ပေးထားလို့ ပြောလို့ဆိုလို့ ကောင်းရုံလောက် သိတာ။ အဓိကလုပ်ကိုင်ပေးနေကြတာက သံတမန်လောကမှာ အရိုးရင့်နေကြတဲ့ သံရုံးက ပထမနဲ့ ဒုတိယ အတွင်းဝန်တွေပဲ။ ပြောရရင်တော့လည်း မကောင်းလှဘူး။ ဆု(တ) Suit ဝတ်တာကို ကြည့်ရုံနဲ့ သင်းတော့ဖြင့် တတိယကမ္ဘာက သံအမတ်ဆိုတာ ပေါ်လွင်တယ်။ ရပ်ကြည့်နေရင်း အေဒရီယံနဲ့ ကျွန်တော်တို့နှစ်ယောက်သား သူတို့ဝတ်ထားတဲ့ ဆု(တ)ကို တန်ဖိုးဖြတ်ကြည့်ကြတယ်။ ဒါကတော့ နှစ်ရာ့ငါးဆယ်တန်။ ဒါကတော့ နည်းနည်း စျေးပိုကြီးမယ်။ နှစ်ရာ့ခုနစ်ဆယ့်ငါး ဒေါ်လာလောက် ပေးရမယ်။ ရှားရှားပါးပါး သုံးရာ့ငါးဆယ်တန်လောက် ဝတ်လာတာ တွေ့ရရင် ဒီငနဲတော့ဖြင့် သံတမန်အသိုင်းအဝိုင်းမှာ အတော်ကလေးကြာခဲ့ပုံရတယ်။ ဒီလို ဆု(တ)မျိုးကို စျေးပေါပေါနဲ့ ဘယ်မှာရတယ်ဆိုတာ သင်း သိပုံရတယ်။ သင်းတော့ဖြင့် သိပ်မဆိုးလှဘူး။ ဒီည ဧည့်ခံပွဲမှာဖြင့် သင်းကတော့ နံပါတ်တစ်ပဲဆိုပြီး ကျွန်တော်တို့အချင်းချင်းပြောရင်း တိတ်တိတ်ဟားနေကြရတယ်။ ဒီကြားထဲ ကြိုးမပါတဲ့ ရှူးဖိနပ်ဝတ်ထားတဲ့ ငနဲ၊ ခရီးဆောင်ဖုန်းကို ခါးထဲချိတ်လာတဲ့ ငနဲပါသေးတယ်။ ဒီလိုမျိုး ရာထူးရာခံနဲ့ လူတွေအဆင့်မှာမပြောနဲ့ သာမန်ညွှန်ကြားရေးမှူးအဆင့် လောက်မှာတောင် ခရီးဆောင်ဖုန်းကို ခါးကြားထဲ မချိတ်ကြဘူဆိုတာ သင်းတို့ သိပုံမပေါ်ကြဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့ အရပ်တွေမှာက ရေပိုက်ပြင်တဲ့ ငနဲတွေ၊ အုတ်စီတဲ့ငနဲတွေ။ လူငယ်ပိုင်းတွေက ခရီးဆောင်ဖုန်းကို ခါးကြားထိုးထားရတာ။ သူတို့က လမ်းပေါ်မှာ အနေများတာကိုး။ စီအီးအိုတွေ မပြောနဲ့ တော်ရုံ မန်နေဂျာလောက်၊ ညွှန်ကြားရေးမှူးလောက်ဆိုရင်တောင် အတွင်းရေးမှူးတို့၊ ကိုယ်ရေးအရာရှိတို့ စတဲ့ တပည့်လက်သား အစုံအလင်နဲ့ နေကြတော့ ခရီးဆောင်ဖုန်းကို ခါးကြားထိုးထားစရာမှ မလိုတော့ဘဲ။ လူမြင်မှာစိုးလို့ အတွင်းအိတ်ထဲမှာ ထားကြတာများတယ်။

သံအမတ်ကတော်တွေကတော့ အတော်ပြောရခက်တယ်။ ကြည့်လိုက်တာနဲ့ သူကတော့ဖြင့် တတိယကမ္ဘာက သံအမတ်ရဲ့ မိန်းမပဲဆိုတာ ဘယ်သူကမှ ပြောစရာမလိုလောက်အောင်ပဲ။ ပိန်ပိန်ပါးပါးဆိုတာတောင် အတော်ရှာရလိမ့်မယ်။ ပိန်ပိန်ညှောင်ညှောင် ဆိုပြန်ရင်လည်း လက်ပြင်ကျကျ၊ ခါးကိုင်းကိုင်း ရှေ့ကို ဟပ်ထိုးမလဲရုံပဲ။ နဝဒေးကြီးရေးတဲ့ "ဆောင်ရာဆယ်ဆ သာလွန်းလှ၍ . . " ဆိုတာမျိုးကတော့ တတိယကမ္ဘာက သံအမတ်ကတော်တွေအကြားမှာ အတော်ရှားလိမ့်မယ်။ အများစုကတော့ စားကောင်း အိပ်ကောင်းနဲ့ အဆီတစ်နေတဲ့ လိုက် ဟဲဗီးဝိတ်လောက်ဟာကြီးတွေပဲ။ ရှိတာတွေကိုလည်း အကုန်ထုတ်ဝတ်ကြသေးတာ။ သူတို့ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်၏ မလိုက်၏ဆိုတာကလည်း ထည့်တောင် စဉ်းစားကြပုံ မရဘူး။ ကျောက်တွေ၊ စိန်တွေ အရောင်ကို စုံနေတာပဲ။ ဒီအကြားထဲ အပေါစား ကိုယ်နံ့ပျောက်ဆေးနဲ့ ရေမွှေးအမျိုးကောင်းကောင်းကို မကွဲတဲ့ မိန်းမတွေ ပါလာသေးတယ်။ အကောင်းစား ရေမွှေးရဲ့အနံ့က ဘယ်လိုဆိုတာတောင် သိကြပုံမရဘူး။ ကျွန်တော်က ခပ်တိုးတိုး တောက်တစ်ချက်ခေါက်လိုက်ရင်း ဆကိုးစီ မိန်းမလိုမျိုး တစ်ယောက်လောက်ပါလာရင်တောင် သိပ်မဆိုးလှဘူး။ မျက်စိအပျင်းပြေလောက်တယ်လို့ ပြောလိုက်တော့ အေဒရီယံက ပြုံးတယ်။ ဟိုဟာမက မော်ဒလ်ကလာတာလို့ သူက ပြန်ပြောတယ်။ မော်ဒလ်ဆိုတာ ငါလည်း သိပါတယ်။ ငါပြောချင်တာက အဒက်(ပ)တေးရှင်းအကြောင်း။ ဒီအသိုင်းအဝိုင်းထဲ ရောက်လာရင် ဘယ်လိုဝတ်စားရတယ်ဆိုတာကတော့ လေ့လာယူရမှာပေါ့ကွာ။ အရင်က စျေးသည်ပဲ လုပ်လာ လုပ်လာ ကျောင်းဆရာမတို့ သူနာပြုဆရာမတို့ လုပ်လာလုပ်လာ ဒီအသိုင်းအဝိုင်းမှာ ဒီလိုဆိုတာမျိုးကို ပုံတူကူးရမှာပဲ။ သူတို့တိုင်းပြည်မှာ သူတို့ဘာသာ ဘာလုပ်လုပ် ဘယ်လိုနေနေ တစ်ပြည်တစ်ရွာမှာ သူတို့ ယောက်ျားတွေရဲ့ အသိုင်းအဝိုင်းထဲမှာတော့ သူတို့ရဲ့ ပါဝင်ပတ်သက်မှုဟာ အရေးကြီးတာပဲ။ အထူးသဖြင့် အဝတ်အစားတင်မကဘူး။ ဝတ်တတ် စားတတ်တာဟာ သိပ်အရေးကြီးတယ်ဆိုတာ ဒီမိန်းမတွေသိဖို့ ကောင်းတာပေါ့လို့ ကျွန်တော်က ပြန်ပြောလိုက်မိတယ်။ အေဒရီယံက ခေါင်းညိတ်တယ်။ ပြီးမှ ဟိုမှာလို့ပြောပြီး မသိမသာမေးငေါ့ပြတယ်။ ငါ့အထင်တော့ ဒီညအတွက် သူက ပထမပဲ။ ဝိတ်ကတော့ ဆူပါဟဲဗီးဝိတ်။ ဝတ်ထားတာက ရွှေရောင်တောက်တောက်။ လည်ပင်းမှာ၊ နားရွက်မှာ ဆွဲထားတာတွေကတော့ စုစုပေါင်း တွက်လိုက်ရင် တစ်ကီလိုလောက် လေးမလားပဲ။ သူက ဆက်ပြောတယ်။ ကျွန်တော်က မင်းပြောတာ မှန်တယ်ဆိုတဲ့သဘောနဲ့ အသာပဲ လက်မထောင်ပြလိုက်တယ်။ ကြိတ်ပြံုးမိကြတယ်။

ကော့ပရိတ်လူကြီးတွေ၊ ကုန်သည်ကြီးတွေရဲ့ မိန်းမတွေကျတော့ တတိယကမ္ဘာက သံအမတ်ကတော်တွေနဲ့ ဆန့်ကျင်ဘက်ပဲ။ ဘယ်အရပ်က ကော့ပရိတ်လူကြီးဖြစ်ဖြစ် ဘယ်အရပ်က ကုန်သည်ကြီးဖြစ်ဖြစ် သူတို့ရဲ့ မိန်းမတွေကတော့ မျက်စိကျလောက်တာချည်းပဲ။ အဓိကကတော့ စတိုင်ကျတာပဲ။ အင်္ဂလိပ်လိုပြောရင်တော့ grooming ရှိတယ်လို့ ပြောရမှာချည်းပဲ။ ဒီလူကြီးတွေနဲ့ စာရင်တော့ သူတို့မိန်းမတွေက ငယ်ကြတာ များတယ်။ တချို့ကတော့ အတော့်ကို အသက်ကွာတယ်။ ကွာတော့ ဘာဖြစ်တုန်းလို့ပဲ သဘောထားကြစို့ရဲ့။ မထားလို့လည်း မဖြစ်ဘူး။ ကော့ပရိတ်လူကြီးလောက် ဖြစ်လာရင် ငယ်ချစ်ကိုပယ်လို့ အသစ်ကို တွယ်ရမယ်ဆိုတဲ့မူက ရေးသားမထားပေတဲ့ ရှိနေတယ်။ ဒီတော့လည်း ကော့ပရိတ်လူကြီးတွေနဲ့ ကုန်သည်ကြီးတွေအဖို့ ငယ်ပေါင်းကို အကြောင်းပြ ဂျောင်းကွလို့ဆိုပြီး သက်မပြည့်ခင်ပဲ ကြိုတင်ပင်စင်ပေးလိုက်ကြတာများတယ်။ ပြောရရင်တော့ ဒီမိန်းမတွေဟာ တတိယကမ္ဘာက သံအမတ်ကတော်တွေနဲ့ တိုက်ရိုက် ဆန့်ကျင်ဘက်ပဲ။ သူတို့က ဖြီးတတ်တယ်။ အသိုင်းအဝိုင်းထဲ ဝင်ဆန့်အောင် သူတို့ယောက်ျားတွေအတွက် အကျိုးရှိအောင် တိုက်ရိုက်မဟုတ်တောင် သွယ်ကာ ဝိုက်ကာနဲ့ ညာတတ် ဖြီးတတ်တယ်။ ယှဉ်ပြောရရင်တော့ တတိယကမ္ဘာက သံအမတ်ကတော်တွေလို ဗြောင်လိမ်တာမျိုး မဟုတ်ဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေကို သူ့ ယောက်ျား ကိုယ်စားပြုတဲ့ တိုင်းပြည်အကြောင်း မဟုတ်က ဟုတ်က တစ်ခု လုပ်ကြံသာမေးလိုက်၊ မဟုတ်မှန်းသိပေတဲ့ မဟုတ်ဘူးလို့ မပြောဘူး။ မသိဘူး၊ မကြားမိဘူး။ ကျွန်မယောက်ျားနဲ့ မဆိုင်တော့ မသိဘူး ဆိုတာမျိုးပဲ ဖြေတတ်ကြတယ်။ မဟုတ်တာကို မဟုတ်ဘူးလို့မပြောဘဲ မသိဘူးလို့ လိမ်ပြောတတ်ကြတာကိုး။ သူတို့ စကားပြောနေတဲ့လူရဲ့ အရည်အသွေးကို ထည့်မတွက်တတ်ဘူး။ ကော့ပရိတ်လူကြီးတွေ၊ ကုန်သည်ကြီးတွေရဲ့ မိန်းမတွေကျတော့ သူတို့နဲ့ ပြောနေတဲ့လူကိုကြည့်ပြီး တွက်ဆ လိမ်တာ။ ဘယ်လိုပဲလိမ်လိမ် ဒီမိန်းမနှစ်မျိုးစလုံးကို အခုခေတ်မှာ Micro expression နဲ့ကြည့်ပြီး လိမ် မလိမ် အဖြေထုတ်ကြည့်လို့ စိစစ်ကြည့်လို့ရတယ်ဆိုတာ ကြားဖူးကြပုံမပေါ်ဘူး။ မလိမ်တတ်ပဲ လိမ်တဲ့မိန်းမတွေနဲ့ လိမ်လို့ ရမယ်ထင်လို့ လိမ်ကြည့်တဲ့ မိန်းမတွေပဲ။ တတိယကမ္ဘာက မိန်းမတွေကိုတော့ သိပ်အပြစ်တင်လို့ မဖြစ်ဘူး။ အကြောင်းက သူတို့ ယောက်ျား သံအမတ်မဟုတ်တော့ရင် သူလည်း သူ့ယောက်ျားရဲ့ ထမင်းချက်သာသာလောက် ပြန်ဖြစ်တော့မှာမဟုတ်လား။

ကျွန်တော်တို့အထဲမှာ လူးက အလိမ်ဖမ်းတတ်တယ်လို့ ပြောရမှာပဲ။ တော်ရုံမဟုတ်ဘူး၊ သူက ပါမောက္ခ အက်ကာမင်ရဲ့ နည်းတွေကို အများကြီး လေ့လာဖူးတယ်။ သူ့အဖေက သိပ်ချမ်းသာတယ်။ သူ့ကို အနောက်နိုင်ငံပို့ပြီး ဆရာဝန်ဖြစ်အောင် ဆေးပညာသင်ခိုင်းတာ။ သူက စိတ်ပညာသင်ပြီး ပြန်လာတယ်။ ပီအိပ်(ချ)ဒီရပြီးတော့ ကျွန်တော်တို့နဲ့လာပြီး အလုပ်လုပ်တယ်။ အရင်ကတော့ သူ့အဖေက သူ့ကို ခွေးဖြစ်မယ့်အကောင်လို့ ညွှန်းလေ့ရှိတယ်။ အဘိုးကြီးက စီးပွားရေးသမား အတော်လည်း ချမ်းသာတယ်။ အဘိုးကြီးကုမ္ပဏီတွေရှိတဲ့ အရပ်ရောက်တိုင်း ကျွန်တော်တို့က ဝင်တွေ့လေ့ရှိတော့ ခုဆို အဘိုးကြီးက သူ့သားကို ခွေးဖြစ်မယ့်အကောင်လို့ မခေါ်တော့ဘဲ မကြီးပွားချင်တဲ့ အကောင်လို့ပဲခေါ်တယ်။ အမှန်မှာတော့ လူးမှသာမဟုတ် ကျွန်တော်တို့တစ်တွေက မကြီးပွားချင်တဲ့ ကောင်တွေချည်းပဲ။ လူးက သူ့အဖေရဲ့ မိတ်ဆွေ ကုန်သည်ကြီးတချို့ကို ပြောတာဆိုတာကြည့်ပြီး အလိမ်ဖမ်းပြတယ်။ အဲဒီကတည်းက အဘိုးကြီးက သိပ်သဘောကျသွားတယ်။ မကြာခင်ကတင် ကျွန်တော်တို့နဲ့ နေ့ခင်းစာ စားရင်း အဘိုးကြီးကပြောတယ် အရင်ကတော့ မင်းတို့ကို ငါက အလကားကောင်တွေလို့ထင်တာ ခုတော့မှ ငါ သဘောပေါက်တယ်။ မင်းတို့က တကယ့်အလကားကောင်းတွေပဲလို့ ရယ်စရာပြောတယ်။ အခုလည်း လူးက မသိမသာ ကျွန်တော်တို့အနား ရောက်လာပြီး ဘားဆီကို ခဏလောက် သွားကြည့်စမ်းလို့ပြောတယ်။ ငါတော့ ချာလီနဲ့ စကားပြောလိုက်ဦးမယ်လို့ပြောပြီး ထွက်သွားတယ်။ ချာလီဆိုတာက လုံခြံုရေးရဲ့ အကြီးအကဲ။ ကျွန်တော်တို့လည်း ဘားရှိရာဘက်ကို ထွက်ခဲ့ကြတယ်။

ဘားဆီမရောက်ခင် လှမ်းကြည့်လိုက်တော့ ဘားကောင်တာမှာ အမျိုးသမီးတစ်ယောက်တည်း ထိုင်နေတာတွေ့ရတယ်။ ကျွန်တော်တို့ လက်ထဲက လိမ္မော်ရည်ခွက်ကို ဗန်းအလွတ်ကိုင် စောင့်နေတဲ့ စားပွဲထိုးရဲ့ ဗန်းထဲထည့်လိုက်ပြီး ဘားဆီလာတော့ အေဒရီယံက မင်းသွားတော့လို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်မိတယ်။ သူနဲ့ကျွန်တော် အကြားမှာလည်း နားလည်မှုတစ်ခု ရှိတယ်။ ဥရောပရုပ်ရည်နဲ့ လူ တစ်ယောက်ယောက်ကို စူးစမ်းဖို့ဆိုရင် သူ့အလုပ်။ အေရှံအသွင်အပြင်နဲ့လူဆို ကျွန်တော့် တာဝန်။ ခုတော့ ဘားမှာ ထိုင်နေတဲ့ အမျိုးသမီးက ယူရေရှံလို့ ခေါ်ကြတဲ့ ဥရောပနဲ့ အေရှံအစပ်။ ဒါပေတဲ့ ရပ်ဝန်းက အေရှံရပ်ဝန်းဆိုတော့လည်း ကျွန်တော့်တာဝန်ပဲ။ အေဒရီယံကတော့ မလှမ်းမကမ်းကို ထွက်သွားပြီး အစားအသောက် တာဝန်ခံလုပ်တဲ့ လူနဲ့ရပ်ပြီး မသိမသာ လှမ်းကြည့်နေတယ်။ ကျွန်တော်လည်း ဘားရဲ့ ဘယ်ဘက်စွန်းမှာ ထိုင်လိုက်ရင်း အမျိုးသမီးကို ခေါင်းညိတ်ရင်း နှုတ်ဆက်တဲ့သဘောနဲ့ အသိအမှတ်ပြု လိုက်တယ်။ သူက သူ့လက်ထဲက မာတီနီခွက်ကို အသာမပြီး နှုတ်ဆက်ရင်း ပြန်ပြီး အသိအမှတ်ပြုတယ်။ ဘားက ကောင်ကလေးက ကျွန်တော့်ရှေ့မှာရပ်ရင်း ဘာမှာမလဲလို့ စောင့်နေတာနဲ့ ရေခဲများများနဲ့ တောနစ်၊ သံပုရာသီး နှစ်စိတ်သုံးစိတ်လောက် ညှစ်စမ်းပါလို့ပြောရင်း မှာလိုက်တယ်။ ဒီတော့ ယူရေရှံမကပြံုးလိုက်ရင်း အလုပ်မပြီးသေးဘူးထင်တယ်လို့ လှမ်းပြောတယ်။ ကျွန်တော်က အသာခေါင်းညိတ်ပြရင်း မင်းကော ပြီးသွားပြီလားလို့ လှမ်းမေးလိုက်တယ်။ ငါက ဖိတ်လို့လာတာ အလုပ်မပါဘူးလို့ ပြန်ဖြေတယ်။ တကယ်တော့ ကောက်တေး(လ) ပွဲလိုဟာမျိုးကိုလာပြီး ကလပ်ဆိုဒါတို့၊ တောနစ်တို့ သောက်တယ်ဆိုရင်ပဲ ဒီလူတွေမှာ အကြောင်းရှိတာကို။ ဘာသာရေးကြောင့်၊ ကျန်းမာရေးကြောင့် မဟုတ်ရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ လုပ်ထုံးအရ တစ်ခုခုတော့ သောက်ကြတာပဲ။ အဲဒီ အထဲမှာ အကြောင်းကိစ္စ တစ်ခုခုကြောင့် ရောက်နေတဲ့ လူတွေသာ ကိုယ့်ကိုယ်ကို ထိန်းတဲ့မူ self displine အရ လက်ထဲမှာ ဖန်ခွက်ရှိရုံ အပြ သောက်ကြရတာ။ အဲဒါကို သိပုံရတယ်။ ဒီလိုဖြင့်တော့ ဒီမိန်းမဟာ တတိယနိုင်ငံတွေက သံအမတ်ကတော်တော့ မဖြစ်နိုင်တော့ဘူး။ တတိယနိုင်ငံတွေက သံအမတ်ကတော်တွေဟာ အဲဒီလောက်ထိ တွေးတတ်ပုံ မရရှာဘူး။ စီအီးအို တစ်ယောက်ယောက်ရဲ့ မိန်းမဖြစ်နိုင်တယ်။ စီအီးအို တစ်ယောက်ယောက်ရဲ့ မိန်းမ ဆိုရင်လည်း ဒီမှာလာပြီး တစ်ယောက်တည်း ထိုင်နေစရာ အကြောင်းမရှိဘူး။ ပြီးတော့ လူတစ်ယောက်ယောက်က ဘားမင်းကို မှာလိုက်ပုံကြည့်ပြီး အနေအထားကို ခုလို တွက်ကြည့်တတ်မှာ မဟုတ်ဘူး။

ယူရေရှံမ ဝတ်ထားတဲ့ ညနေဘက်ဝတ် အင်္ကျီအဖျားစ ကလေးတွေဟာ လေထဲမှာလွင့်နေတယ်။ ဘားကောင်တာက ပင်လယ်ဘက်ကို ကျောပေးထားတဲ့ ဝရန်တာပေါ်မှာ ကျွန်တော့်ရဲ့ ရှေ့တည့်တည့်မှာရှိတဲ့ ဘားကောင်တာရဲ့ ညာဘက်အခြမ်းကို ကျော်ပြီးကြည့်လိုက်တော့ မသိမသာ မှောင်ရိပ်ကျနေတဲ့ နေရာမှာ ရပ်နေတဲ့ ချာလီကိုတွေ့ရတယ်။ သူက လှမ်းကြည့်နေတယ်။ ကျွန်တော်လည်း တောနစ်ခွက်ကို ကောက်ကိုင်ပြီး မသောက်သေးဘဲ အနံ့ရှူသလို လုပ်နေမိတယ်။ ချာလီက သဘောပေါက်သွားပုံရတယ်။ သူ့လက်ညှိုးနဲ့ သူ့နှာခေါင်းဖျားကို မသိမသာ ပွတ်ပြတယ်။ ကျွန်တော်က ယူရေရှံမဟာ ဘယ်သူလဲလို့မေးလိုက်တာကို သူကသူလည်း မသိဘူးလို့ ပြောချင်တာပဲ။ ကျွန်တော်လည်း အမျိုးသမီးကို လှမ်းကြည့်လိုက်မိတယ်။ သူက ကျွန်တော့်ကို ကြည့်နေရင်း အကြည့်ချင်းဆုံသွားတော့ သူက ဘယ်ဘက်တံတောင်ကို ကောင်တာပေါ်မှာတင်လိုက်တယ်။ ပြီးတော့ လက်လေးချောင်းကိုဆုပ်ရင်း လက်မကို ကော့်လိုက်ပြီး ကျွန်တော့်ဘက်ကိုညွှန်တယ်။ အဲမ်ဘိုရဲ့ မြင်းသည်တော်တွေလားလို့ ပြံုးရင်း မေးတယ်။ အဲမ်ဘိုဆိုတာက သံအမတ်ကို ပြောတာ။ မြင်းသည်တော်ဆိုတာက အနောက်ကသုံးတဲ့စကား၊ စစ်ကူလို့လည်း အဓိပ္ပာယ်ရတယ်။ ဒီအသိုင်းအဝိုင်းမှာက တစ်ယောက်ယောက်က ငါ့မြင်းသည်တော်တွေ လာလိမ့်မယ်လို့ ပြောတာ ငါ့အတွက် စစ်ကူတွေလာမယ်ဆိုတဲ့ အဓိပ္ပာယ်အပြင် ငါယုံကြည်အားကိုးတဲ့လူတွေ၊ ငါ့မိတ်ဆွေတွေ လာလိမ့်မယ်လို့ ဆိုလိုတာပဲ။ ဒီရွေ့ဒီမျှ သိထားရင်တော့ ဒီအမျိုးသမီးဟာ သံအမတ်နဲ့ တိုက်ရိုက်ကို သိထားတဲ့ သူတစ်ယောက်ပဲလို့ ကျွန်တော် တွက်ကြည့်လိုက်မိတယ်။ သူ့ကိုလည်း စိတ်ဝင်စားသွားမိတယ်။ ဒါပေတဲ့ သူဟာ ဘယ်သူဖြစ်ဖြစ် ဘာလုပ်လုပ် ကျွန်တော် စိတ်အဝင်စားဆုံးကတော့ သူ့ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်ဆီက နာရီပဲ။ ကြည့်လိုက်တာနဲ့ ကျွန်တော် ချက်ချင်းသိလိုက်ရမိတယ်။ ကာတီရေး နာရီပဲ။ ဒါမျိုးက လက်ပတ်နာရီကို တန်ဖိုးထားတတ်တဲ့ သူတွေ ဝတ်လေ့ရှိတယ်။

ဒီအမျိုးသမီးဟာ ခုနက တွေ့ခဲ့ရတဲ့ တတိယကမ္ဘာက သံအမတ်ကတော်တွေနဲ့ ဘာမျှမဆိုင်ဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေကို ကာတီရေးနာရီ သွားပြီးပေးလည်း ဘာမှန်းသိမှာ မဟုတ်ဘူး။ မျောက်လက်ထဲ ရွှေတုံးရောက်တယ် ဆိုသလိုနေမှာ။ ဘယ်လက်မှာ ဘာဝတ်ရတယ်ဆိုတာတောင် သိပ်မှမသိကြပဲ။ ယူရေရှံမက ထိုင်နေရာက မသိမသာထလိုက်ပြီး လက်ကမ်းရင်း သူ့နာမည်ကို ပြောတယ်။ သူထိုင်နေတာနဲ့ ကျွန်တော်ထိုင်နေတာအကြားမှာက ခုံငါးလုံးရှိနေတော့ သူ့ရဲ့ ဘယ်ဘက်လက်ကိုထောက်ပြီး ရှေ့ကိုနည်းနည်း ငိုက်လိုက်ရတယ်။ ကျွန်တော်လည်း ထိုင်ရာက ထလိုက်ပြီး ရှေ့ကိုငိုက်ရင်း လက်ကမ်းလိုက်ပြီး နှုတ်ဆက်လိုက်တယ်။ ပါးစပ်ကတော့လည်း အသင့်ပြင်ထားတဲ့ နာမည်တစ်လုံး ပြောလိုက်မိတယ်။ မျာက်စိကတော့ ကာတီရေးဆီ ရောက်သွားတယ်။ သိပ်သေချာသွားတယ်။ ကာတီရေး တူနိုး။ သူက ကျွန်တော်တို့မိတ်ဆွေ သံအမတ်နဲ့ သူနဲ့ ကျောင်းအတူနေခဲ့ဖူးတဲ့ အကြောင်း ပြောတယ်။ သံအမတ်ကတော်က အတော်ရိုးတယ်ဆိုတာ ပြောတယ်။ ဒါပေတဲ့ သူ ဘာလုပ်တယ်ဆိုတာ မပြောဘူး။ ကျွန်တော်လည်း မသိချင်ဘူး။ စကားပြောရင်း ကျွန်တော် ဘာလုပ်သလဲလို့ မေးတယ်။ ဒီ မေးခွန်းမျိုးကိုဖြေဖို့ ကျွန်တော့်မှာ အဖြေပေါင်း နှစ်ဆယ်လောက်ရှိတယ်။ အဲဒီအထဲက သူနဲ့ အမြီးအမောက် တည့်မယ်လို့ ယူဆရတဲ့ အဖြေတစ်ခု ပေးလိုက်တယ်။ သူက ကုန်သွားတဲ့ မာတီနီဖန်ခွက်ကို ဘားမင်းကို လှမ်းပြလိုက်ရင်း ခေါင်းညိတ်ပြလိုက်တော့ နောက်တစ်ခွက်ဆိုတဲ့ သဘောပဲ။ သူ ဝတ်ထားတဲ့ ညနေခင်းဝတ်အင်္ကျီဟာ စပြီး ထွန်းလိုက်တဲ့ အပြာနုရောင် မီးအောက်မှာ ပိုပြီးပြာလာတာ ကျွန်တော် သတိထားလိုက်မိတယ်။ စတော့ပွဲစားတဲ့လားလို့ သူ့ဘာသူ ပြောသလိုလိုနဲ့ပြောရင်း ကျွန်တော့်ကို လှမ်းကြည့်တယ်။ ပြီးတော့မှ တခြားပစ္စည်းတွေအတွက် ကုန်သည်ပွဲစား မဟုတ်ဘူးလားလို့ ကျွန်တော့်ကို ကြည့်ရင်း မေးတယ်။ ကျွန်တော်က ဘာမျှပြန်မဖြေဘဲ ခေါင်းကို အသာရမ်းပြလိုက်တယ်။

ဒီတော့ သူကပြောတယ်။ မင်းတို့သူငယ်ချင်း ငါ့သူငယ်ချင်းမှာ တခြားနိုင်ငံက သံအမတ်က အကူအညီတောင်းထားတာရှိတယ်။ မင်း သိတယ် မဟုတ်လားလို့မေးပြန်တယ်။ ကျွန်တော်ကတော့ တည့်တည့်ပဲ ပြန်ဖြေလိုက်တယ်။ ငါ သိလည်းမသိဘူး။ သိလည်း မသိချင်ဘူး။ ဒီကို ငါလာတာ ငါ ဒီရောက်နေတာနဲ့ကြံုလို့ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူဖိတ်လို့ လာတာလို့ ဖြေလိုက်တယ်။ သူက ဘာမှပြန်မပြောသေးဘဲ အသစ်ထပ်ချလိုက်တဲ့ မာတီးနီခွက်အခြေကို လက်ညှိုးနဲ့ ပွတ်သပ်နေတယ်။ သူ့ဘယ်ဘက်လက် လှုပ်လိုက်တိုင်း ကာတီရေးဆီက အရောင်လက်သွားတယ်။ ဒီနေ့ နီကေး ဘယ်လိုနေသလဲလို့ ကျွန်တော့်ကိုမကြည့်ဘဲ လှမ်းမေးတယ်။ ဒီမေးခွန်းမျိုးအတွက်လည်း ကျွန်တော့်မှာ အလေ့အကျင့်က ရှိပြီးသားပဲ။ သိပ်မကောင်းလှဘူး။ ပိုင့်သုံးဆယ်လောက် ကျနေတယ်။ ဆက်ကျလိမ့်ဦးမယ်။ သူတို့ဆီမှာ ဝန်ကြီးချုပ် ပြောင်းလဲလုပ်မှာဆိုတော့ ကျဖို့ပဲရှိတယ်။ အပြောင်းအလဲ ပြီးကာမှ တခြား ကိစ္စတွေကိုကြည့်ပြီး ပြန်ပြီးငြိမ်မယ်လို့ တန်းပြီးဖြေချလိုက်တယ်။ သူက ပြံုးတယ်။ သူ့အပြံုးကို ကျွန်တော်ရိပ်မိတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း သိနေတာတစ်ခုရှိတယ်။ ကာတီရေး ပတ်ထားတဲ့ မိန်းမကို ခပ်လွယ်လွယ် ဖြီးလို့ရမယ် မထင်ဘူး။ ဒါကြောင့်လည်း ပိုင်အောင်ဖြေလိုက်ရတာ။ နောက်တော့ သူက ကျွန်တော့်ကို လှမ်းကြည့်တယ်။ သေသေချာချာကြည့်ရင်း ခုနက လုပ်သလို သူ့ဘယ်ဘက်တံတောင်ကို ကောင်တာပေါ် ထောက်လိုက်ရင်း လက်မနဲ့ ကျွန်တော့်ဘက်ကို ညွှန်တယ်။ ကျွန်တော်ကတော့ ကာတီရေးကိုပဲ ကြည့်လိုက်မိတယ်။ သူက ပြောတယ်။ သံအမတ်ကြီးရဲ့မိတ်ဆွေ သံအမတ်ကြီးက သူတို့ ကာကွယ်ရေး ဌာနအတွက် လိုချင်တာကလေးတွေ ရှိတယ်လို့ ပြောတယ်ဆိုတာ ကျွန်မကို ပြောတယ်လို့ပြောပြီး ဘာမျှ ဆက်မပြောဘဲ ရပ်တယ်။ ဒီကိစ္စကိုတော့ဖြင့် ငါ အကူအညီပေးနိုင်မယ် မထင်ဘူး။ မင်းမှာ ပိုက်ဆံပိုနေရင် အခု ဒူဘိုင်းမှာ ရောင်းနေတဲ့ အိမ်ဖြစ်ဖြစ် အခန်းဖြစ်ဖြစ်ဝယ်ပြီး အတော်ကလေးကြာအောင် ကိုင်ထား၊ မမှားဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ မနက်ကတည်းက ဖိုင်နယ်ရှယ်တိုင်း(မ) ထဲမှာ ဖတ်ထားတာတွေကို ကျွန်တော် လက်တွေ့အသုံးချ လိုက်တာပါ။

ကျွန်တော်က ညာဘက်လက်ကို မြှောက်လိုက်မိတယ်။ အတွင်းက ပေါ်လာတဲ့ ရှပ်အင်္ကျီလက်ကို အသာဆွဲတင်လိုက်ရင်း ကျွန်တော့်လက်ပတ်နာရီကို ကြည့်လိုက်မိတယ်။ ယူရေရှံမက ဒီကပြီးရင် သွားစရာ ရှိသေးသလားလို့ မေးတယ်။ တစ်နေရာရာသွားပြီး ညစာစားရမှာပဲလို့ ဖြေလိုက်တယ်။ သူက အဆက်အစပ် မရှိဘဲ ငါဖတ်ဖူးတာတစ်ခုရှိတယ်။ ညာဘက်လက်မှာ နာရီပတ်တဲ့ လူတွေဟာ မဟုတ်တာတော့ ပြောချင်ပြောမယ် မဟုတ်တာတော့ မလုပ်တတ်ကြဘူးဆိုတာ ဟုတ်သလားလို့ မေးတယ်။ ငါ ညာဘက်လက်မှာ နာရီပတ်လေ့ရှိပေတဲ့ မင်းပြောတာကိုတော့ တစ်ခါမှ မကြားဖူးဘူးလို့ သူ့ကိုပြောရင်း ကျွန်တော့်ဘာသာ ရယ်လိုက်မိတယ်။ သူကလည်း ရယ်တယ်။ ပြီးတော့မှ ငါ တကယ်ဖတ်ဖူးတာ ယူရိုပိုး(လ)က လူတစ်ယောက်ရေးတဲ့ လူတွေစရိုက်၊ လူတွေအကြောင်းထဲမှာလို့ သူက ပြောတယ်။ ကြံကြီးစည်ရာကွာလို့ပြောပြီး ကျွန်တော်က တောနစ်ခွက်ကို လှမ်းယူပြီး တစ်ကြိုက်လောက် သောက်လိုက်တယ်။ ပြီးမှ လောလောဆယ် ငါသိလိုက်ရတာ တစ်ခုကတော့ ကာတီရေးတူနိုးဝတ်တဲ့ မိန်းမတွေက အတော်တော့ ခေါင်းကောင်းကြပုံရတယ် ဆိုတာပဲလို့ ပြောလိုက်တယ်။ သူက အံ့အားသင့်သွားပုံရတယ်။ သူ့ဘယ်ဘက် လက်ကောက်ဝတ်ကို ကြည့်လိုက်ရင်း သူ့လက်ကို ထောင်ပြတယ်။ ပြီးတော့ ရယ်တယ်။ သူ့ဘာသာခေါင်းခါရင်း ပြံုးနေတယ်။ အဲဒီတုန်းမှာပဲ အေဒရီယံတစ်ယောက် ကျွန်တော့်အနား ရောက်လာလို့ ကျွန်တော်လည်း ယူရေရှံမနဲ့ မိတ်ဆက်ပေးလိုက်တယ်။ မင်းလည်း စတော့ပွဲစားပဲလားလို့ အမျိုးသမီးက မေးတယ်။ ဟုတ်တယ်လို့ပြောရင်း အေဒရီယံက မင်း ဘာဝယ်ချင်သလဲလို့ နောက်တောက်တောက်နဲ့ ယူရေရှံမကို မေးလိုက်တယ်။ ငါ့မှာ ဝယ်စရာပိုက်ဆံမရှိဘူး။ ဒါပေတဲ့ မင်း ဘယ်လက်မှာ နာရီပတ်သလဲလို့ သူက ပြန်မေးတယ်။ အေဒရီယံက သူ့လက် နှစ်ဖက်စလုံးကို လှန်ပြန်တယ်။ နှစ်ဖက်စလုံးမှာ နာရီနဲ့။ မင်း ဘယ်ဘက်လက်မှာ နာရီပတ်တာနဲ့ ညာဘက်လက်မှာ နာရီပတ်တဲ့အကြောင်း ပြောမလို့လားလို့ မေးလိုက်တယ်။ ကျွန်တော်ကပဲ ကြားဝင်ပြီး ဟုတ်တယ်။ အခုတင်ပဲ သူက ပြောပြနေတယ်လို့ ပြောလိုက်တယ်။ သူက ဘာမှမပြောတော့ဘူး။

သွားစို့လို့ အေဒရီယံက ကျွန်တော့်ကိုပြောရင်း သူ့ကိုကြည့်လိုက်ပြီး သံအမတ်ကြီးကတော်ဘက်က အမျိုးတစ်ယောက်က ရှုံးနေတဲ့ စတော့ သေနေတဲ့စတော့ ဝယ်ချင်တယ်ဆိုလို့ သွားပြီး ရှင်းပြလိုက်ဦးမယ်လို့ပြောပြီး ဆင်ခြေပေးလိုက်တယ်။ ယူရေရှံမက ဘာမျှမပြောဘဲ ထိုင်ရာကထပြီး နောက်တွေ့ကြသေးတာပေါ့လို့ ပြောတယ်။ လက်ကမ်းပေးတယ်။ လက်ဆွဲနှုတ်ဆက်နေရင်း ရှုံးနေတဲ့ စတော့ သေနေတဲ့စတော့က ဘယ်လိုအသုံးကျသလဲလို့ မေးတယ်။ အရှုံးအမြတ်ဆိုတာ ငွေရေးကြေးရေး အခြေခံမှာတင် မတည်ဘူး၊ အသုံးဝင် အသုံးတည့်မှုမှာလည်း တည်သေးတယ်။ ဒါကြောင့် တချို့လူတွေရဲ့ အရှုံးဟာ တခြားလူတစ်ယောက်ဆီမှာ အမြတ်ဖြစ်သွားနိုင်တယ်လို့ အေဒရီယံက ဖြေတယ်။ နောက်တော့ ယူရေရှံမ လက်ထဲက ကာတီရေးကို အေဒရီယံက သတိထားလိုက်မိပုံရတယ်။ မင်းလက်ထဲကနာရီကို ဟိုအထဲက သံအမတ်ကတော်တွေကို သွားပေးရင် ယူမယ်ထင်သလားလို့ မေးလိုက်တယ်။ သူက ဘာမှ ပြန်မဖြေဘဲ ပြံုးနေတယ်။ စတော့ပွဲစားတွေဟာ တခြားလူတွေ ဘာဝတ်တယ်၊ ဘာပြောတယ်ဆိုတာမှာ ဂရုစိုက်တတ်တာကတော့ အံ့သြစရာပဲ။ ရှင်တို့ဟာ ရှင်တို့ ဘာလုပ်လုပ် ကျွန်မအလုပ် မဟုတ်ဘူး။ ကံကောင်းကြပါစေ လို့ပြောပြီး နောက်ဆုံး နှုတ်ဆက်လိုက်တယ်။ ကျွန်တော်တို့လည်း ဘားကောင်တာဆီကနေ ထွက်လာပြီး ချိန်းထားတဲ့ အခန်းတစ်ခန်းဆီ လာခဲ့ကြတယ်။ ကျွန်တော်တို့မိတ်ဆွေ သံအမတ်ကြီးနဲ့ သူ့မိတ်ဆွေ သံအမတ်ကြီးတို့လည်း ရောက်နေကြတယ်။ ကျွန်တော်တို့လည်း တစ်နာရီလောက်ကြာအောင် ပြောစရာ လုပ်စရာရှိတာတွေလုပ်ပြီးတော့ အဲဒီကပြန်ဖို့ စီစဉ်ကြတယ်။ အေဒရီယံကတော့ အလွမ်းပြေ တတိယကမ္ဘာက သံအမတ်ကတော်တွေကို သွားကြည့်လိုက်ဦးမယ်လို့ ရယ်စရာပြောပြီး ကောက်တေး(လ)အခန်းထဲ ဝင်သွားလို့ ကျွန်တော်လည်း ဘားရှိရာဆီ ထွက်ခဲ့တယ်။

ကျွန်တော့်စိတ်ထဲမှာတော့ ကာတီရေးနဲ့ မိန်းမကို စွဲနေတယ်။ စွဲနေတယ်ဆိုတာကလည်း မတော်မတည့် အတွေးနဲ့ မဟုတ်ဘူး။ ဘားက ကောင်ကလေးကို အာ့ဒမိုးမော့(လ) မှာလိုက်ရင်း သူနဲ့ပြောခဲ့တဲ့ စကားတွေကို ပြန်တွေးပြီး စိစစ်ကြည့်မိတယ်။ သူပြောတဲ့စကားတွေမှာ ယုံစရာ ကောင်းလောက်အောင် အကြောင်းတွေပါလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူ့သူငယ်ချင်း သံအမတ်ကြီး အကြောင်း၊ သံအမတ်ကြီးသူငယ်ချင်း သံအမတ်ကြီးအကြောင်း စတာတွေဟာ အမှန်ပဲ။ အမှန်ဆို ကျွန်တော်တို့ တွေ့ခဲ့တာကိုး။ ဒါပေတဲ့ ကျွန်တော် ပြောတာတွေကိုတော့ သူ ယုံမှာမဟုတ်ဘူးဆိုတာ ကျွန်တော့်ခေါင်းထဲမှာ ပေါ်နေတယ်။ ဘာလို့မှန်းတော့ မသိဘူး။ သေသေချာချာချည်း တွေးနေစရာတောင် မလိုဘူး။ မကြာခင် အေဒရီယံ ရောက်လာပြီး ဝီစကီတစ်ခွက်သောက်ရင်း သွားကြရအောင်လို့ပြောတယ်။ ပက်ဒီနဲ့ လူးလည်း လိုက်လိမ့်မယ်။ အပြင်မှာ ဆုံကြမယ်လို့ ပြောတယ်။ ဘယ်သွားကြမလဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ လူလိမ်လူညာတွေ မရှိတဲ့ဆီကိုလို့ သူကပြောလို့ ကျွန်တော်က အံ့သြသွားမိတယ်။ ဘယ်သွားမလို့လဲ။ ညကြီးမင်းကြီး ဘုရားကျောင်းသွားမလို့လား လို့မေးတော့ သူက ပြောတယ်။ မဟုတ်ဘူး ဟိုဘက်ကမ်းက ကဆီနိုဆီကိုလို့ ပြောပြီး ရယ်တယ်။ ကျွန်တော်လည်း ရောပြီး ရယ်လိုက်မိတယ်။ အပြင်ရောက်တော့ ပက်ဒီနဲ့လူးလည်း ရောက်နေကြတယ်။ ကျွန်တော်တို့အတွက် ပေးထားတဲ့ ကားပေါ်တက်ပြီး ဟိုဘက်ကမ်းကူးတဲ့ လေထဲက တိုက်စီလို့ခေါ်တဲ့ ဟယ်လီကော့ပတာရပ်တဲ့ အဆောက်အဦဆီ လာခဲ့ကြတယ်။ ညနေ ခုနစ်နာရီလောက်ပဲမို့ ကောင်းကင်ရဲ့ အနောက်ဘက် အဝေးဆုံးနေရာတွေမှာ ရဲနေတုန်းပဲ။ မီးရောင်တွေလည်း စပေါ်လာပြီ။ ကားပေါ်မှာ ကျွန်တော်တို့ လေးယောက်သား အတင်းအဖျင်း ကလေးတွေ ပြောဖြစ်သွားတယ်။ အဲဒီတုန်းမှာပဲ လူးက ချာလီကပြောတယ်လို့ အစချီပြီး ကျွန်တော်နဲ့ ဘားမှာထိုင်ပြီး စကားပြောခဲ့တဲ့ ယူရေရှံမအကြောင်း ပြောတယ်။ ဒီတော့ ကျွန်တော်လည်း ဝန်ခံစရာကို ဝန်ခံလိုက်မိတော့တယ်။ ငါလည်း အထင်သားပဲ။ ငါပြောနေတာတွေလည်း ယုံမှာ မဟုတ်ဘူး။ ခေါင်းကလည်း အတော်ကောင်းပုံရတယ်။ အရေးကြီးတဲ့ တစ်နေရာရာတော့ ဖြစ်မယ်လို့ ငါ တွက်ကြည့်တယ်လို့။ မင်း ဘယ်လိုလုပ် တွေးမိသလဲလို့ ပက်ဒီက မေးတယ်။ ကျွန်တော်က မဖြေရသေးခင် အေဒရီယံက ကာတီရေးဝတ်ထားလို့ ပြောတာနဲ့ ကျွန်တော်တို့အားလုံး ရယ်လိုက်မိကြတယ်။

ကျွန်တော်လည်း ချက်ချင်းလို သတိရလိုက်တာကလေးရှိလို့ မဆင်မချင် အိတ်ထဲကဖုန်းထုတ်လိုက်ပြီး အိမ်ကို ဖုန်းဆက်လိုက်တယ်။ အတော်ကြာအောင် စောင့်ရသေးတယ်။ နောက်တော့ မိန်းမက ဖြေတယ်။ ဘယ်အချိန်ရှိပြီလို့ ရှင်ထင်သလဲဆိုတာက စမေးတော့တာပဲ။ ကျွန်တော်က ဘာမှမဖြေရသေးခင် အဲဒီနဲ့ဒီက လေးနာရီခွဲ အချိန်ကွာတာ ရှင်သတိရရဲ့လား။ ဒီမှာ ညသန်းခေါင် ကျော်နေပြီလို့ ပြောပြီးကာမှ ပြောလို့ ခွင့်ပြုချက်ချတယ်။ ဒီညနေက ကိုယ်မိန်းမတစ်ယောက် တွေ့ခဲ့တယ်လို့ ပြောတော့ အိပ်ချင်မူးတူးနဲ့ ပြန်ဖြေတဲ့ အိမ်က မိန်းမခမျာ မျက်လုံး အတော်ကျယ်သွားပုံရတယ်။ ရှင်က အဲဒီ မိန်းမကို ကြိုက်သွားရောလား။ ဒါကတော့ ကျွန်မအတွက် သိပ်မဆန်းတော့ဘူးထင်တယ်။ ရှင် ကြိုက်သွားရင်တော့လည်း ကျွန်မဆီ တကူးတက ဖုန်းဆက်ပြီး ပြောမှာမဟုတ်ဘူးလိို့ ပြောတယ်။ မဟုတ်ဘူး အဲဒီမိန်းမက ကာတီရေးနဲ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ဒီတော့ . . လို့၊ သူက စကားထောက်ပေးတယ်။ ကာတီရေးတူနိုးနဲ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ဒီတော့ . . လို့ပဲ သူက စကားဆက်ဖို့ ဖြည့်ပေးပြန်တယ်။ ကိုယ်တို့ လက်ထပ်တာ အနှစ်သုံးဆယ်ပြည့်တုန်းက အထိမ်းအမှတ်အနေနဲ့ အမှတ်တရဝယ်ပေးတဲ့ ကာတီရေးတူနိုးပဲလို့ ကျွန်တော်က ရှင်းပြ လိုက်တယ်။ ကျွန်မသိပါတယ်။ ကာတီရေးဆိုရင် လုံလောက်ပါတယ်။ အဲဒီလောက်ထိ ရှင်းပြရလောက်အောင် ကျွန်မ မညံ့ဘူးလို့ ပြန်ပြောပြီး သူက ခဏရပ်နေတယ်။ နောက်တော့မှ အဲဒီ မိန်းမက လှသလားလို့ မေးတယ်။ ကျွန်တော်တွေးထားတဲ့ မေးခွန်းပဲ။ ဒီတော့ မင်းလိုတော့ ဘယ်လှမလဲ ကြည့်ပျော်ရှုပျော်လောက်ပါပဲလို့ ချက်ချင်းဖြေလိုက်တယ်။ ဒါပဲလားလို့ သူက မေးလို့ ဒါပဲလို့ ကျွန်တော်က ဖြေလိုက်တယ်။ သူက ဂွတ်နိုက်ဆိုပြီး တယ်လီဖုန်း ချသွားတယ်။ ကာတီရေးနဲ့ မိန်းမနဲ့ ပတ်သက်လို့ ကျွန်တော့်ရင်ထဲမှာ ပေါ့သွားတယ်။ အိတ်ထဲကို တယ်လီဖုန်းပြန်ထည့်နေတုန်း ပက်ဒီက လှမ်းပြောတယ်။ လောကမှာ လိမ်လို့ ညာလို့ မရမယ့်သူတွေကို လိမ်ဖို့ညာဖို့ မကြိုးစားတာဟာ အကောင်းဆုံးပဲတဲ့။

ဒါကလည်း ဟုတ်လောက်တာပဲ။

မြင့်သန်း