Friday, June 13, 2014

သူ … ပန်းချီဆွဲနေတယ်

ပန်းချီ ခင်မောင်ရင် (၁၉၃၈-၂၀၁၄) ကွယ်လွန် မိုးမခ၊ မောင်မိုးသူ၊ ပန်မဂ္ဂဇင်း၊ ဇွန် ၁၁၊ ၂၀၁၄

မြန်မာပြည်၏ ရှေ့ဦးမော်ဒန်ပန်းချီဆရာ၊ အာခီတက်၊ အနုပညာရှင် ဦးခင်မောင်ရင်သည် ဇွန် ၁၀၊ ညနေ ၃ နာရီခွဲခန့်၊ ရန်ကုန်မြို့၊ ပင်လုံဆေးရုံကြီးတွင် လည်ချောင်းရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။

ဆရာဦးခင်မောင်ရင်အကြောင်း အမှတ်တရရေးခဲ့သော မောင်မိုးသူ၏ ဆောင်းပါး ပန်မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂၀၀၉ ထုတ်မှ ပြန်လည်ကောက်နုတ် ဖော်ပြလိုက်ပါသည်။

သူ … ပန်းချီဆွဲနေတယ် မောင်မိုးသူ အောက်တိုဘာ ၂၃၊ ၂ဝဝ၉မောင်မိုးသူ နှင့် ခင်မောင်ရင်

ပန်မဂ္ဂဇင်းကို ကိုနိုင်ကြီး ပြန်လုပ်မယ် ဆိုတော့ ခင်မောင်ရင်အကြောင်း ရေးဖို့ လိုတယ်လို့ ဆုံးဖြတ်ကြပါတယ်။ ဆုံးဖြတ်တော့ အသင့် အနားမှာ ရှိတဲ့ ခက်မာကို ရေးခိုင်းပေါ့၊ ရတာပဲ။ တကယ့်တကယ်ကျတော့ ခက်မာက ခင်မောင်ရင် အကြောင်း ရေးဖို့က သိပ်မလွယ်ဘူး။ ခင်မောင်ရင်က သူ့အကြောင်းကို စိတ်လိုလက်ရ ပြောချင်မှ ပြောတဲ့သူ။ သူ့ပန်းချီတွေအကြောင်း ပြောဖို့ ဆိုတာ ပိုပြီး ခက်သေး။ “စကားလုံးတွေက င့ါရဲ့ အနုပညာ ပုံဖော်မှု မဟုတ်ဘူး။ ငါက ဆေးတွေ၊ အရောင်တွေနဲ့ ပုံဖော်တာ” လို့ ပြောချင် ပြောတတ်တဲ့ လူစားလေ။ ဒီတော့ နောက်ဆုံး မိန်းမရမယ်လို့ ဟောမိတဲ့ ဗေဒင်ဆရာလို့ဲ မောင်မိုးသူကိုယ်တိုင်ပဲ ရေးရဖို့ ဖြစ်လာပါတော့တယ်။ ရေးမယ် ဆိုတော့ ခင်မောင်ရင်အကြောင်းပဲ အလွတ် ရနေပြီးသား ရေးချလိုက်ပါလား ဆိုပေမဲ့ သူရဲ့ အိမ်လေးကို တစ်ခေါက် သွားချင်သေးတယ်။ သူနဲ့ စကားတွေ ပြောချင်သေးတယ်။ ဒါနဲ့ ကိုနိုင်ကြီးကို ခေါ်ပြီး ခင်မောင်ရင့်အိမ်လေး ရှိရာကို ရောက်လာခဲ့ပါတယ်။

ရောက်မဆိုက်ဘဲ ခင်မောင်ရင်က “ဟေ့ကောင် … စိန်မြင့် ခေါ် ဘကြီးမိုး ငါ မင်းအကြောင်း စာရေးမလို့ ၅ ကြောင်း ရေးပြီးနေပြီကွ” ဆိုပြီး ရေးလက်စ စာရွက်လေးကို ပြပါတယ်။ “စာမူခက လေးထောင်ရမှာ” လို့ ကြွားပါသေးတယ်။ မောင်မိုးသူကလည်း မနေပါဘူး။ “အေး ငါလည်း မင်းအကြောင်း ရေးဖို့ အခု လာတာ” လို့ ပြောတာပေါ့။

ခင်မောင်ရင်နဲ့ ဘယ်လို ဆုံစည်းကြတာလဲ … ။

ခင်မောင်ရင်အကြောင်း၊ ခင်မောင်ရင်နဲ့ ဘယ်လို ဆုံစည်းမိကြတယ် ဆိုတဲ့ အကြောင်း ရေးရင် အေအိုင်(A.I) အကြောင်းက စရမှာ ဖြစ်ပါတယ်။ အေအိုင် ဆိုတာ ဗိသုကာ ၃ ဦး စုစည်း တည်ထောင်ထားတဲ့ ရုံးခန်းတစ်ခု ဖြစ်ပါတယ်။ ၂၄ လမ်းနဲ့ ကမ်းနားလမ်းထောင့် ပထမထပ်မှာ ရှိတာပါ။ ရုံးခန်းပေါ် တက်တဲ့ လှေကားက ၂၄ လမ်းဘက်က တက်ရပါတယ်။ ဗိသုကာ ၃ ဦး ကတော့ ဘိုကြီး၊ တင်ထွန်း နဲ့ အောင်ကြီးမြင့်တို့ ပါပဲ။ အဲဒီအထဲက အသက်အကြီးဆုံး ဖြစ်တဲ့ ဘိုကြီးက ဇော်မြင့် (ဇော်ဇော်အောင်) နဲ့ သူငယ်ချင်း။ ဇော်မြင့်က မိုးသူရဲ့ သူငယ်ချင်း။ ဒီတော့ ဇော်မြင့်ကို အောကာင်းပြုပြီး သူတို့ရဲ့ အေအိုင် ရုံးခန်းကို ရောက်ပါတယ်။ ဗိသုကာ ဆိုတာ အိမ်ဆောက်တဲ့သူလောက်ပဲ မောင်မိုးသူ အစက ထင်ထားခဲ့တာ။ သူတို့နဲ့ တွေ့မှ ဗိသုကာ ပညာရပ်ရဲ့ အနုပညာသဘောဆောင်မှု၊ လူ့လောကကို အလှဆင် ဖန်တီးနိုင်မှု၊ ခေတ်ပေါ် မော်ဒန်စိတ်ကူးတွေကို ဖန်တီး ပုံဖော်သူတွေ အဖြစ်နဲ့ သိကျွမ်းခဲ့ရပါတော့တယ်။ အဲဒီ အေအိုင် ဆိုတဲ့ ဗိသုကာရုံးကလည်း လူငယ်တွေချည်း ဆိုတော့ လွတ်လပ်ပြီး ပျော်စရာကောင်းတဲ့ စုဝေးစရာ နေရာလေးတစ်ခု ဖြစ်လာတော့တာပေါ့။ အဲဒီအချိန်မှာ မောင်မိုးသူက တက္ကသိုလ်ရုပ်ရှင်မှာ ရေပွက်ပမာ ရိုက်ဖို့ လုပ်ကြချိန် ဖြစ်ပါတယ်။ အံမယ် … မဟုတ်သေးဘူး။ “ရေပွက်ပမာ” ဇာတ်ကားကို တက္ကသိုလ်ရုပ်ရှင်က သူငယ်ချင်း တက္ကသိုလ် ကိုကိုလေးနဲ့ ရိုက်ဖြစ်တဲ့ ပထမဆုံး ဇာတ်လမ်းအစ နေရာကိုက အေအိုင်မှာ ဖြစ်ပါတယ်။ ထားပါ … ထားပါ … ရေးချင်တာ ရေးရမှာက ခင်မောင်ရင် အကြောင်းလေ။

အေအိုင် ဆိုတဲ့ ဗိသုကာ ရုံးခန်းလေးမှာ မောင်မိုးသူရဲ့ အနုပညာသည် အစုအပေါင်းတွေ အားလုံး ညနေပိုင်းမှာ စုစည်း ဆုံစည်းဖြစ်ကြပါတယ်။ သူငယ်ချင်း ရုပ်ရှင်ဒါရိုက်တာ ကိုကိုလေးနဲ့ ရုပ်ရှင်သမားတွေ၊ စာရေးဆရာတွေ ဖြစ်တဲ့ မြင့်ထွန်းသိန်း (ထွန်းထွန်း ဆေးသိပ္ပံ)၊ သိန်းသန်းထွန်း၊ ဇော်ဇော်အောင်၊ မိုးကြည် စတဲ့ သူငယ်ချင်းတွေ၊ ပန်းချီဆရာတွေ ဖြစ်တဲ့ ဗဂျီအောင်စိုးတို့၊ ပေါ်ဦးသက်တို့၊ ပြားကြီးတို့ တစ်တွေ အေအိုင်မှာ စုရပ်လေး ရောင်တဗူ လုပ်ပြီး အနုပညာ လူငယ်ဘဝကို စုဝေး ဆုံစည်းနေကြပါတယ်။ အဲဒီမှာ ခင်မောင်ရင်က အေအိုင်ရုံးခန်းမှာပဲ နေတဲ့ လူအဖြစ်နဲ့ ရောက်လာတာ။ ခင်မောင်ရင် မရောက်ခင်က အေအိုင်ဟာ ရုံးခန်းသက်သက်ပဲ ညည နေတဲ့လူ မရှိဘူး။

ခင်မောင်ရင်က အဲဒီတုန်းက ပါကစ္စတန် ဒက္ကာ ဗိသုကာ လုပ်ငန်းစု တစ်စုမှာ ဗိသုကာ လုပ်နေရင်းက အိန္ဒိယ ဒါရိုက်တာ ဆာတရာဂျစ်ရေး ရိုက်တဲ့ “အပူး” ဇာတ်လမ်းတွဲ သုံးကားကို ကြည့်မိသွားပြီး အဲဒီလို ကားမျိုး အနုပညာမြောက်တဲ့ ကားမျိုး ရိုက်မှ တော်လေမှာပဲ ဆိုပြီး မြန်မာပြည် ရန်ကုန်ကို ပြန်လာပြီး သူငယ်ချင်းတွေရဲ့ ရုံးခန်း အေအိုင်မှာ နေတော့တာကိုး။ ပြီးတော့ ဗိသုကာအလုပ်ကို သူမလုပ်ဘူး တဲ့။ သူက ပန်းချီဆွဲပြီးနေမယ်။ ပြီးတော့ ရုပ်ရှင်ရိုက်မယ်တဲ့လေ။ ခင်မောင်ရင်ပဲ ကံကောင်းတာလား၊ ဘာလားတော့ မသိဘူး။ အဲဒီအချိန်မှာ မောင်မိုးသူတို့က တက္ကသိုလ်ရုပ်ရှင် ဆိုတာ ရှိနေပြီ။ တက္ကသိုလ်ရုပ်ရှင်က “လွမ်း” တို့၊ “ဗိုလ်ကြီးမမ” တို့ ရိုက်အပြီး “ရေပွက်ပမာ” ရိုက်နေပြီလေ။ ခင်မောင်ရင်ဟာ ကိုကိုလေးတို့၊ မောင်မိုးသူတို့နဲ့ လုံးမိသွားသလို ပေါ်ဦးသက်နဲ့လည်း မခွဲနိုင် မခွာရက် ဖြစ်သွားပါတော့တယ်။

လောကကြီးမှာ တိုက်ဆိုင်မှု တရား ဆိုတာလည်း ရှိတတ်လေသေးရဲ့။ အေအိုင်က ဗိသုကာ သုံးဦးကို နိုင်ငံတော်က ဆောက်လုပ်ရေး ၀န်ကြီးဌာနမှာ အမှုထမ်းရမယ် ဆိုပြီး ဖြစ်လာရော။ ဘိုကြီး၊ တင်ထွန်း နဲ့ အောင်ကြီးမြင့်တို့က အစိုးရဝန်ထမ်းများ အဖြစ် ဆောက်လုပ်ရေးမှာ လုပ်ကြရပါတယ်။ ဒီတော့ အေအိုင်ရုံးခန်းလေးဟာ အဲဒီမှာ အိပ်တဲ့ ခင်မောင်ရင်က အပိုင်စား ရသလို ဖြစ်သွားပြီး မောင်မိုးသူတို့ အနုပညာသမားတွေရဲ့ မှီခို လွတ်လပ်တဲ့ ညနေပိုင်း စုဝေးစရာ နေရာလေး ဖြစ်လာတော့တာပါပဲ။

ခင်မောင်ရင်က ရုပ်ရှင်ရိုက်မယ် ဆိုတော့ ကိုကိုလေးတို့၊ မောင်မိုးသူတို့က တက္ကသိုလ် ရုပ်ရှင်ထုတ်လုပ်ရေးကို ပေးရတာပေါ့။ သူတင်တဲ့ ဇာတ်ကားအမည်က “နှမလက်လျှော့ နေလေတော့” ပါ တဲ့။ မောင်မိုးသူတို့က “ဟေ့ကောင် အဲဒါ တွံတေးသိန်းတန်ရဲ့ နာမည်ကြီး သီချင်းကွ” လို့ ဆိုတော့ ခင်မောင်ရင်က မျက်နှာထိ မျက်နှာထားနဲ့ “ဘယ်ကလာ တွံတေးသိန်းတန် သီချင်းရမှာလဲ၊ ရှင်မဟာ ရဋ္ဌသာရ ရဲ့ ကဗျာကွ” လို့ ပြန်ပြောတာနဲ့ မောင်မိုးသူလည်း ခေါင်းပုပြီး နေလိုက်ရပါသေးတယ်။ ခင်မောင်ရင့် နှမလက်လျှော့ နေလေတော့ ဇာတ်ကားကို ကိုကိုလေးတို့၊ မောင်မိုးသူတို့က ကုမ္ပဏီ အလကားပေး၊ ညွန့်မြန်မာဦးနေဝင်းက စက်ကို အလကားပေးတာနဲ့ပဲ ခင်မောင်ရင်က အဲဒီကားကို ဂျာနယ်ကျော်မမလေးရဲ့သား မောင်သိန်းတန်နဲ့ မင်းသမီးအသစ် သိန်းသိန်းဦးနဲ့လား မသိပါဘူး၊ ရိုက်ပါတော့တယ်။ ဇာတ်ကျောရိုးကတော့ ဆာတရာဂျစ်ရေးရဲ့ “အပူး” သုံးတွဲထဲက တစ်ပုဒ်ပါပဲ။ ခင်မောင်ရင်ဟာ ပိုက်ဆံ တစ်ပြားမှ မရှိဘဲနဲ့ အဲဒီကားကို ရိုက်ပါတယ်။ ရုပ်ရှင်အကြောင်း ထားလိုက်ဦး။

ဗိသုကာတွေ ရုံးအလုပ်တွေ ရသွားပြီး ခင်မောင်ရင်ပဲ နေတဲ့ အေအိုင်ဟာ ပန်းချီပဲ ဆွဲနေတဲ့ ခင်မောင်ရင်နဲ့ ပန်းချီဆရာများရဲ့ ပန်းချီစတူဒီယို ဖြစ်သွားပါတော့တယ်။ မန္တလေးကနေ ရန်ကုန်ကို အမြဲလိုလို ဆင်းလာရတဲ့ ပေါ်ဦးကလည်း ခင်မောင်ရင်နဲ့ပဲ အတူနေဖြစ်ပါတော့တယ်။ ခင်မောင်ရင်မှာ ကိုယ်ပိုင် ဆိုလို့ ရက်ကော့ချိန်ချာ လို့ ခေါ်တဲ့ ဓာတ်ပြားဖွင့်စက်ကြီး တစ်လုံးနဲ့ ဘီသိုဘင်၊ ချက်ကောစကီးကအစ လူဝီအမ်းစထရောင်း အထိ ဂန္ထဝင်ဓာတ်ပြားချပ်တွေ အများကြီး ရှိပါတယ်။ ခင်မောင်ရင်က အဲဒီဓာတ်စက်ကို တစ်ချိန်လုံး ဖွင့်ထားပါတယ်။ ခင်မောင်ရင်က နိုင်ငံခြားသံအဖွဲ့ဝင်တွေနဲ့လည်း အဆက်အစပ် ရှိလေတော့ အဲဒီ သံအရာရှိတွေကတစ်ဆင့် ပန်းချီဆေးများ ရအောင် ဖန်တီးပါတယ်။ အေအိုင်မှာ မနားမနေ ပန်းချီရေးကြသူတွေကတော့ ခင်မောင်ရင်နဲ့ ပေါ်ဦးသက်ပါပဲ။ မောင်မိုးသူတို့၊ ပေါ်ဦးသက်တို့ရဲ့ အပေါင်းအသင်း ပန်းချီဆရာများ ဖြစ်တဲ့ ပန်းချီ အောင်စိုးတို့၊ ဦးခင်မောင်(ဘဏ်) တို့၊ ကိုရွှေအောင်သိမ်းတို့လည်း အဲဒီမှာ စခန်းချလာဖြစ်သလို ခင်မောင်ရင်ကို အကြောင်းပြုပြီး ဒေါက်တာစံမြင့်တို့၊ ဘိုရွန်တို့လည်း ရောက်လာကြပါတယ်။ အေအိုင်ဟာ တကယ်ပဲ ပန်းချီရပ်ဝန်းလေးတစ်ခု ဖြစ်လာပါတယ်။ ဒီနေရာလေးရဲ့ ထူးခြားမှုက တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဖန်တီးမှုကို ကျန်တစ်ယောက်က ၀င်ရောက် စွက်ဖက်ခြင်း မရှိတာပါပဲ။ ခင်မောင်ရင်ကလည်း တစ်သက်လုံး ခင်မောင်ရင်လို့ဲ ရေးပြီး ပေါ်ဦးသက်ကလည်း တစ်သက်လုံး ပေါ်ဦးသက်လိုရေး၊ ကိုရွှေအောင်သိမ်းကလည်း ကိုရွှေအောင်သိမ်းလို့ဲ ရေးသွားကြတာပါပဲ။ ကြုံရာကျပန်း ဆိုသလို ပန်းချီ အရေးကောင်းလှတဲ့ ပြားကြီးကလည်း တစ်ခါတစ်ရံ ပန်းချီ ၀င်ရေးပါတယ်။ မောင်မိုးသူလည်း ပထမဆုံး ကားတစ်ကား ရေးမိပြီး ပထမဆုံး ရောင်းရဖူးတာ အဲဒီ အေအိုင်မှာပါပဲ။ အဲဒီမှာတင် မောင်မိုးသူက “ငါက ဟန်ဒရက်ပါဆင့် ပိန်တာ တစ်ကား ရေးပြီး တစ်ကားပဲ ရောင်းရတဲ့ကောင်” ဆိုပြီး မရေးဘဲ နေပါတော့တယ်။ နောက်ထပ် နှစ်ကား ရေးရင်း ၅၀ ရာခိုင်နှုန်း ပန်းချီဆရာ ဖြစ်သွားမှာ စိုးလို့လေ။ အဲဒီလို ကိုယ့်အတွေးနဲ့ကိုယ် ကြောင်တဲ့လူတွေ စုပြီး နေကြတဲ့ အရပ်ပါ။ ရေးရင်း ပြောရင်းတောင် လွမ်းမိလိုက်တာ။

ခင်မောင်ရင်က တကယ်ကို မနားမနေ ပန်းချီပဲ ရေးနေတာ။ သူ စာဖတ်တယ်၊ ခဏပဲ၊ ပန်းချီပဲ ထိုင်ရေးနေတာ။ အဲဒီ တစ်ချိန်လုံးမှာတော့ သူ့ရဲ့ ဓာတ်စက်ကြီးမှာ ဂန္ထဝင်တေးဂီတ၊ ဓာတ်ပြားတွေ အမြဲ ဖွင့်ထားပါတယ်။ ပေါ်ဦးကလည်း မရပ်မနား ပန်းချီရေးနေတဲ့သူပါပဲ။ ပေါ်ဦးက ခင်မောင်ရင်လို နိုင်ငံခြား ဂန္ထဝင် သီချင်း ဖွင့်ထားသူ မဟုတ်ပါဘူး။ သူ့ ယောက္ခမကြီး (ဆရာမြို့မငြိမ်း)သီချင်းတွေကို သံစဉ် အမျိုးမျိုးနဲ့ ပါးစပ်က ဆိုညည်းနေသူ ဖြစ်ပါတယ်။ ပေါ်ဦးကလည်း ဂီတ ၀ါသနာပါသူ၊ ရူးသူ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး စ ပန်းချီ ဆွဲပြီး ရတဲ့ ပိုက်ဆံနဲ့ ဆက်ဆိုဖုန်းတစ်လက် ၀ယ်လိုက်လို့ သူ့ရဲ့ မဒမ် ဒေါ်တင်ကြည် ဒေါပွတာတောင် ခံရဖူးသေး။

အဲဒီ အေအိုင်မှာ ပင်တိုင် ပန်းချီ ထိုင်ရေးနေကြသူများကတော့ ခင်မောင်ရင်နဲ့ ပေါ်ဦးသက်ပါပဲ။ ဒီနောက်မှာမှ ဦးရဲထွန်း စာရေးတဲ့ ဓမ္မိကဘသန်း(ယောနသံစင်ရော်)ကို အကြောင်းပြုပြီး လောကနတ်ပန်းချီပြခန်း ဖြစ်လာတာ။ ခင်မောင်ရင်၊ ပေါ်ဦးတို့ကနေ စုပေါင်းပြီး ပြပွဲတွေလည်း လုပ်ဖြစ်တယ်။ သံရုံး၊ သံအရာရှိတွေ အိမ်မှာလည်း ပြဖြစ်တယ်။ ခင်မောင်ရင်ရဲ့ ပန်းချီကားတွေ အဲဒီတုန်းက ၀ယ်သူသိပ်မရှိပေမဲ့ ပေါ်ဦးကားတွေကတော့ ရှိပါတယ်။ ပေါ်ဦးသက်ရဲ့ ၀ါတာကာလာကား ဆိုရင် တစ်ကား ရ၅ ကျပ် ရတယ်။ ခင်မောင်ရင်တို့၊ မောင်မိုးသူတို့က ၆ ကားယူရင် ၃၀၀ ကျပ်ပဲပေး ဆိုပြီး လျှော့ရောင်းပြီး စားသောက်ပစ်ကြတယ်။ ပိုတဲ့ပိုက်ဆံမှ ပေါ်ဦးကို ပေးပေါ့။ အဲဒီအချိန်မှာ နည်းနည်းထောသူက အောင်သိမ်း (ကိုရွှေအောင်သိမ်း) ဖြစ်ပါတယ်။ သူက အမာခံကိုယ်စားလှယ် ဖြစ်ပါတယ်။ နောက်တစ်ယောက်က မန္တလေးက ဆရာဦးခင်မောင် (ဘဏ်)၊ ဆရာလာရင်တော့ ခင်မောင်ရင်နဲ့ နှစ်ယောက်သား တိုးတိုး တိတ်တိတ်ပဲ ရန်ကုန်မြို့က အရက်ဆိုင်မကျန် ရောက်ဖူးမှ ဆိုပြီး ဆရာ့ပိုက်ဆံနဲ့ ခင်မောင်ရင်က လိုက်ပို့လေ့ ရှိတယ်။

ပန်းချီဆရာ ခင်မောင်ရင်

ခင်မောင်ရင်က “စကားလုံးများသည် ကျွနု်ပ်၏ အနုပညာ ဖန်တီးမှုများ မဟုတ်ပါ။ ကျွန်တော်သည ပန်းချီဆရာ ဖြစ်သည်။ ကျွန်တော်သည် အရောင်ကိုသာ အသုံးချလို့ အနုပညာကို ဖန်တီးသည်။ ကျွန်တော့စကားသည် အရောင်သာ ဖြစ်သည်။ ကျွန်တော်သည် အရောင်နှင့်သာ စကားပြောတတ်သည်။ ကျွန်တော်သည် အရောင်ကို ချစ်သည်။ ကျွန်တော်သည် အရောင်ကို အလွန်ချစ်သည်။ ကျွန်တော့်အချစ်သည် အရောင်ဖြစ်သည်” ဟု ဖွင့်ဟ ရေးသားဖူးပါတယ်။

ခင်မောင်ရင်ကို စတွေ့ခဲ့တဲ့ အချိန်က စပြီး ခုချိန်အထိ တစ်ချိန်လုံး ပန်းချီပဲ ထိုင်ရေးနေသူ ဖြစ်ပါတယ်။ အဲ … ခင်မောင်ရင် ကျောင်းလည်း ထောင်ဖူးပြီး စာလည်း သင်ဖူးပါတယ်။ မြောက်ဥက္ကလာပမှာ သူ တည်ထောင်ခဲ့တဲ့ ကျောင်း “အောင်စည်” ကျောင်းဟာ ထင်ရှားခဲ့ပါတယ်။ သူ့တပည့်တွေကလည်း သူတို့ရဲ့ ပန်းချီဆရာကြီး ခင်မောင်ရင်ကို တမ်းတမ်းတတနဲ့ အမှတ်ရနေကြပါရဲ့။ ပန်းချီဆွဲတာအပြင် ခင်မောင်ရင် နောက်ထပ် ၀ါသနာ ပါတာက ကလေးတွေကို စာသင်တာပဲ ဖြစ်ပါတယ်။ သူ စာသင်တဲ့အခါ တကယ်ပဲ ဟိုးရှေးရှေးတုန်းက ဆရာကြီးတွေလို အော်ဟစ် ငေါက်ငမ်း ရိုက်နှက်ပြီး သင်ကြားသူ ဖြစ်ပါတယ်။ အချိန်တွေ ကုန်လွန်ပြီးကာမှ တပည့်တွေက သူတို့ရဲ့ ဆရာကြီးကို တမ်းတမ်းတတ ဖြစ်နေတတ်ကြတယ်။

ပန်းချီဆရာ ခင်မောင်ရင့် အကြိုက်ဆုံး ပန်းချီဆရာတွေထဲမှာ မွန်ဒရေယွန် ပါတယ်။ ဗိသုကာသဘော နွယ်တာကြောင့်လည်း ပါနိုင်ပါတယ်။ မွန်ဒရေယွန်ရဲ့ မျဉ်းတွေ၊ အကွက်တွေမှာ အရောင်တွေ သွတ်သွင်းတဲ့ ကားမျိုးတွေ အများကြီး ခင်မောင်ရင် လိုက်ရေးဖူးပါတယ်။ နောက်တစ်ဦးကတော့ ဂျက်ဆင်ပိုးလော့ခ်။

ခင်မောင်ရင်တို့၊ ပေါ်ဦးသက်တို့တစ်တွေ ဆွဲစရာ ဆေးမရှိတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ပန်းချီဆေး အထူးသဖြင့် သူတို့ရေးနေကြတဲ့ ဆီဆေးတောင့်များနဲ့ ရှားလည်း ရှားပါး၊ ၀ယ်ယူဖို့လည်း မလွယ်ကူ၊ ခက်ခဲလှပါတယ်။ ၀ယ်ဖို့ ပိုက်ဆံမရှိတဲ့ အချိန်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆေးဖိုး မတတ်နိုင်လို့ ပန်းချီဆွဲစရာ ဆေး မရှိတာနဲ့ ခင်မောင်ရင် ပန်းချီ မရေးဘဲ မနေပါဘူး။ ခင်မောင်ရင်က သင်္ဘောဆေးရောင်စုံတွေ ၀ယ်ပြီး ကင်းဘတ်ပေါ်မှာ ဆေးတွေ အစက်ချပြီး ဂျက်ဆင်ပိုလော့ခ်ကားတွေ ဆွဲပါတော့တယ်။ ဒါကြောင့် မောင်မိုးသူတို့က ခင်မောင်ရင် ဂျက်ဆင်ပိုးလော့ခ်လို ကားတွေ ရေးနေပြီ ဆိုရင် ဘိုင်ကျနေပြီ လို့ သိပါတယ်။

ခင်မောင်ရင်ဟာ ပိုက်ဆံသာ မရှိတာ၊ အပေါင်းအသင်း အလွန်တော်သူ၊ ကောင်းသူ ဖြစ်ပါတယ်။ ၂၄ လမ်းတစ်ဝိုက်က ထမင်းဆိုင်တွေမှာ ခင်မောင်ရင်နာမည် သုံးပြီး မောင်မိုးသူတို့တစ်တွေ အကြွေး စားသောက်လို့ ရပါတယ်။ ဆိုင်ရှင်များက ခင်မောင်ရင့်မိတ်ဆွေ၊ သူငယ်ချင်းတွေပဲ ဆိုပြီး မောင်မိုးသူတို့ စားသောက်သမျှကို ခင်မောင်ရင့်စာရင်းမှာ အကြွေး မှတ်ထားလေ့ ရှိပါတယ်။ ခင်မောင်ရင်ကလည်း သူ ပိုက်ဆံရှိတာနဲ့ တစ်ပြိုင်နက် အဲဒီဆိုင်တွေမှာ အကြွေး ပြန်ဆပ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း အကြွေး ပေးနေကြတာ ဖြစ်နိုင်ပါတယ်။ ခင်မောင်ရင်ကို ခင်ကြ၊ ချစ်ကြတာကြောင့်လည်း ပါနိုင်ပါတယ်။ ခင်မောင်ရင်ဟာ အပြောအဆိုကလည်း ထော်လော်ကန့်လန့်။ လူက ချောသလောက် နှုတ်ခမ်းကြီး တစ်တောင်လောက် စူပြီး အမြဲ ကိုးလိုးကန့်လန့် စကားပြောတတ်သူ ဖြစ်ပေမဲ့ သူ့စိတ်ရင်းက ဖြူပြီး ဘာအတ္တမှ မရှိ၊ ဘာမှ လိုချင်တာ မရှိ၊ ဘာဆို ဘာမှ မရှိတဲ့သူ။ ဒီတော့ လူတွေက သူ့ကို ချစ်ကြပေမှာပေါ့။

ခင်မောင်ရင်နဲ့ မြောက်ဥက္ကလာပက ပထမအိမ်ကြီး (ကျောင်းလုပ်ဖူးတဲ့အိမ်ကြီး)ဟာ ကြမ်းခင်း ကျိုးတိုးကျဲတဲနဲ့၊ အောက်က ကန်စွန်းပင်တွေကလည်း ကြမ်းကြားထဲ ထိုးထိုးထောင်ထောင် ၀င်နေတတ်တာ။ အဲဒါကို အမြင်မတော်တဲ့ မိတ်ဆွေ ပန်းချီဆရာ စန်းမြင့် (အင်္ဂလန်မှာနေတဲ့ ပန်းချီဆရာ)က ရောက်တုန်းရောက်ခိုက် မတည်ငွေ ထုတ်ပေးခဲ့ပြီး ကိုတာတို့၊ နေမျိုးဆေးတို့ တစ်တွေက ၀ုိင်းဝန်းပြီး အခု အိမ်လေး၊ ကြမ်းကလည်း မကျဲတော့၊ အမိုးကလည်း ဓနိ မဟုတ်တော့တဲ့ အိမ်လေး ဖြစ်လာတာပါ။

ခင်မောင်ရင်ဟာ အချိန်တိုင်း ပန်းချီကားတွေ ဆွဲနေပြီး သူ့ကားတွေကို လိုချင် သိမ်းဆည်းချင်တဲ့သူတွေက သူ လက်မှတ်ထိုးပြီးတာနဲ့ ယူသွားကြတာ ဖြစ်ပါတယ်။ ခင်မောင်ရင်မှာ ပန်းချီကား လက်ကျန် မရှိပါ။ ဒါကြောင့် ခင်မောင်ရင့်ဆီမှာ ပိုက်ဆံလည်း ဘယ်တော့မှ မရှိပါ။ ပန်းချီကား ၀ယ်သူတွေက ပေးချင်သလောက် ပေးသွားတဲ့ ပိုက်ဆံတွေကို ဖျာအောက် ထိုးထည့်တာ ဒါမှမဟုတ် ဘီစကစ်ပုံးထဲ ထည့်လိုက်တာပဲ လုပ်ပါတယ်။ ခင်မောင်ရင်က ပန်းချီနဲ့ ပတ်သက်လို့ သူ့အယူအဆ တစ်ခုကို ထုတ်ဖော်ဖူးပါတယ်။

“ပန်းချီပညာတွင် ပုံဆွဲခြင်း အတတ်သည် အဓိက မဟုတ်၊ ကြည့်တတ်ခြင်းသာလျှင် အဓိက”

ဗဂျီအောင်စိုးနဲ့ ပတ်သက်ပြီး ခင်မောင်ရင်က ရေးဖူးတာရှိတယ်။

ဗဂျီအောင်စိုး၊ သူဆွဲချင်တာတွေ ဆွဲထားတာပေါ့ လို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ မှန်တယ်၊ သူ ဆွဲချင်တာ ဆွဲတာ။ သူဆွဲတာတွေကို ကောင်းလား မကောင်းလား လို့ မေးရင် အဖြေက ကောင်းတယ်၊ တစ်ခါတစ်ရံ သိပ်ကောင်းတယ်၊ ဘယ်တော့မှ မကောင်းတာ မရှိ လို့ ရေးဖူးပါတယ်။ နောက်မှတ်ချက်က

“ရိုးသားခြင်းသည် အဖိုးမဖြတ်နိုင်သော အမြုတေဖြစ်သည်” ဆိုတဲ့ စကားကို ကိုးကားပါတယ်။

ခင်မောင်ရင်နဲ့ အတူ နှစ်ရှည်လများ နေခဲ့သူ ဖြစ်လို့ ခင်မောင်ရင်တို့၊ ပေါ်ဦးတို့ ရေးသမျှကား အားလုံးနီးပါး မောင်မိုးသူ မြင်ဖူးတယ်။ ဘယ်ကားကို ဘယ်အချိန်မှာ ဘာကြောင့်ရေးဖြစ်သလဲ ဆိုတာလည်း သိနေပါတယ်။ အခုနေတဲ့ အိမ်တံခါးကို ခင်မောင်ရင် ဆေးသုတ်ထားတာ တွေ့တော့ ၂၄ လမ်းက အိမ်သာနံရံမှာ ခင်မောင်ရင် ရေးထားတဲ့ ပုံတူကားလေးကိုလည်း အမှတ်ရမိပါတယ်။ အိမ်သာရဲ့နံရံ အဖြူသားဟာ ထိုက်တန်သလောက် အိုမင်းလာပြီဖြစ်တဲ့အတွက် မြေဝါဖျော့ဖျော့ နေရာတချို့မှာ ရေညှိတွေ တက်နေပါတယ်။ အဲဒီ မူလ အရောင်တွေ ပေါ်မှာ ခင်မောင်ရင်က နှုတ်ခမ်းမွှေး ကားကားနဲ့ သူ့ပုံ ရေးပြီး အဲဒီပုံရဲ့ ခေါင်းပေါ်မှာ သရဖူတစ်ခု ဆွဲပေးထားပါတယ်။ ပြီးမှ အောက်ကစာကြောင်း “Is he a king or clown” လို့ ရေးပါတယ်။ ဒီကောင်ဟာ ဘုရင်ကြီးလား လူပြက်လားပေါ့…။

ခင်မောင်ရင် နောက်ထပ် ကြိုက်တဲ့ ပန်းချီဆရာ တစ်ဦးကတော့ မိုဒီကလရာနီ ဖြစ်ပါတယ်။ မိုဒီကလရာနီရဲ့ အမျိုးသမီးပုံတွေဟာ လက်တံရှည်ရှည်တွေနဲ့ ဖြစ်ပါတယ်။ ခင်မောင်ရင် ရေးရင်လည်း အဲဒီလို လက်တံရှည်ရှည်နဲ့ အမျိုးသမီး ပိန်ပိန်တွေရဲ့ ပုံတူ ရေးလေ့ ရှိပါတယ်။

၂၄ လမ်းထဲ အေအိုင်ခေတ်အလွန် ခင်မောင်ရင် မြောက်ဥက္ကလာပ ရောက်သွားတဲ့အချိန်က စပြီး ဟိုတုန်းကလို ခင်မောင်ရင်နဲ့ အမြဲတမ်း မတွေ့ရတော့ပါဘူး။ တစ်ခါတစ်ရံပဲ တွေ့ရပါတော့တယ်။ ဒီကြားထဲ မောင်မိုးသူက တစ်နေရာကို ရ နှစ်လောက် သွားနေလိုက်ရတော့ ပိုဝေးသွားတာပေါ့။ ဒါပေမဲ့ သူငယ်ချင်းကတော့ သူငယ်ချင်းပါပဲ။ သတိရမြဲ၊ ဆဲမြဲ၊ နှိမ်မြဲပါပဲ။ သူ့အကြောင်းကို စိတ်ကူးချိုချိုက ထင်ပါရဲ့ … စာရေးဆရာ သုံးယောက် စုပြီး ရေးထားတာကို ထုတ်ဖူးသေးတယ်။ စာအုပ် နာမည်က “ခင်မောင်ရင်” ပေါ့လေ။ ရေးသူကတော့ မောင်မိုးသူရယ်၊ ဇော်ဇော်အောင်ရယ်၊ ကိုတာရယ်ပါပဲ။ ခု ဒီဆောင်းပါး ရေးနေတဲ့ အချိန်မှာ ပြန်ကိုးကားဖို့ အဲဒီစာအုပ် မတွေ့မိတော့ဘူး။ မတွေ့ ဘာဖြစ်လဲ … ဘာမှ မဖြစ်ပါဘူး။ ခင်မောင်ရင် အကြောင်းပဲ ခုတွေ့၊ ခုတွေး၊ ခုရှိနေတာတွေ ရေးရုံပေါ့။ ရှင်းနေတာပဲ။ ခင်မောင်ရင်က သူ့တစ်သက်တာမှာ ပေါ်ဦးသက်နဲ့ အတူနေ၊ အတူဆွဲပြီး အင်မတန် ချစ်ခင်စွာ နေခဲ့ဖူးပါတယ်။ ပေါ်ဦး ကွယ်လွန်ပြီးတဲ့ နောက်မှာလည်း ပေါ်ဦးသက် အလည်လာခြင်း ဆိုပြီး တမ်းတမ်းတတ စာရေးပါတယ်။ တစ်နေ့က ခင်မောင်ရင်ဆီ ရောက်တော့ မောင်မိုးသူတို့ နှစ်ယောက်သား ပေါ်ဦးကို လွမ်းပြီး ပေါ်ဦး ဒီထက်မက အသက်ရှည်ရှည် နေထိုက်တဲ့ အကြောင်း လွမ်းလွမ်း ဆွတ်ဆွတ် ပြောဖြစ်ကြပါတယ်။

မောင်မိုးသူ စတွေ့တုန််းက ပန်းချီရေးတဲ့ ခင်မောင်ရင်ဟာ ခု သွားတော့လည်း ပန်းချီရေးနေတာပါပဲ။

ခင်မောင်ရင့် ပန်းချီကားတွေကို နှစ်ခြိုက် စွဲလမ်းပြီး စုဆောင်း သိမ်းဆည်းသူတွေလည်း အများကြီးပါ။ ခင်မောင်ရင်ကို မော်ဒန်ပန်းချီဆရာကြီး ဆိုပြီး သတ်မှတ်ထားသူတွေလည်း ရှိကြပါတယ်။ ခင်မောင်ရင်ကတော့ အဲဒါတွေကို ဘာမှ အမှတ်မထားပါ။ ဂရုလည်း မစိုက်ပါ။

သူဘာလုပ်နေလဲ။ သူ ပန်းချီဆွဲနေပါတယ်။ ခင်မောင်ရင် ပန်းချီဆွဲနေပါတယ်။ ခင်မောင်ရင်က ပန်းချီဆရာ … ။ [ မူရင်း - ၂ဝဝ၉ ဇန်နဝါရီလထုတ် ပန်မဂ္ဂဇင်း၊ စာမျက်နှာ ၃၂ ]...

No comments:

Post a Comment