Wednesday, November 1, 2017

သီတင်းကျွတ်ရင် ဘာအတွက်ကန်တော့ကြတာလဲ

by Ye Min Oo 20171031 3:28am ·
သီတင်းကျွတ်ရင် ကျွန်တော်တို့တွေ မိဘ၊ ဆရာကစပြီး ကန်တော့သင့်တယ်ထင်တဲ့လူတွေကို လိုက်ကန်တော့ကြလေ့ရှိတယ်။

ဘာအတွက်ကန်တော့ကြတာလဲလို့ မေးရင် အဖြေအမျိုးမျိုး ဖြစ်မယ်ထင်ပါရဲ့။ မိဘဖြစ်လို့ ကန်တော့တယ်။ 
ဆရာဖြစ်လို့ ကန်တော့တယ်။ အမျိုးထဲမှာ ကိုယ့်ထက် အသက်ကြီးလို့ ကန်တော့တယ်။ 
အလုပ်ရှင်မို့လို့ ကန်တော့တယ်။ အလုပ်ထဲမှာ အထက်အရာရှိမို့လို့ ကန်တော့တယ်။ 
အခွင့်အရေးတစ်စုံတစ်ရာ ပေးနိုင်သူမို့ အခွင့်အရေးတစ်စုံတစ်ရာအတွက် ကန်တော့တယ်။ 
အသက်ကြီးလို့ ကန်တော့တယ်။ အများက ကန်တော့ပွဲလုပ်လို့ စင်ပေါ်ရောက်နေတဲ့သူတွေကို ကန်တော့တယ်။

တချို့ကတော့ ဒီလိုမျိုး ဖြေမယ်။ ပြစ်မှားမိတာတွေ ရှိရင် ကျေဖို့ ကန်တော့တယ်။

ကျွန်တော်ငယ်ငယ်ကတော့ ပျော်လို့ ကန်တော့တယ်။ ကန်တော့ရင် မုန့်ဖိုးရတယ်။ 
အဲဒီအတွက် ပျော်တယ်။ ပျော်လို့ ကျွန်တော်ကန်တော့တယ်။

ဆရာ၊ ဆရာမတွေ သွားကန်တော့ရင် သူငယ်ချင်းတွေ စုပြီး သွားကန်တော့ကြတယ်။ 
မုန့်ဖိုးမရပေမယ့် သူငယ်ချင်းတွေနဲ့ ပစ္စည်းလိုက်ဝယ်ကြ။ 
ဆရာ၊ ဆရာမအိမ်သွားကြ။ စကားတွေပြောကြ။ စကြနောက်ကြ။ 
ပျော်ဖို့ သိပ်ကောင်းတယ်။ ပျော်လို့ ကန်တော့တယ်။

အသက်နည်းနည်းရလာတော့ ကန်တော့တာဟာ ကျွန်တော့်အတွက် ပျော်စရာ မဟုတ်တော့ဘူး။ 
မုန့်ဖိုးလည်း မရတော့ဘူးလေ။ သူငယ်ချင်းတွေလည်း မပါတော့ဘူး။

အဲဒီတော့ ကန်တော့တာဟာ ဝတ္တရားတစ်ခုလို ဖြစ်သွားမှာကို ကျွန်တော်စိုးရိမ်မိတယ်။ 
ဒါနဲ့ပဲ ဘာအတွက် ကန်တော့သင့်သလဲလို့ စဉ်းစားကြည့်တယ်။ 
ကျေနပ်လောက်တဲ့ အဖြေတစ်ခုကို ရခဲ့တယ်။ 
အဲဒီအဖြေအရ ကျေးဇူးတရားကို အာရုံပြုပြီး ကန်တော့တဲ့ အမှုကို ကျွန်တော်လုပ်တယ်။

အနာဂတ်မှာ ရလာမယ့် ကျေးဇူးတရား မဟုတ်ပါဘူး။ 
အတိတ်က ကျွန်တော့်အပေါ် ရှိခဲ့တဲ့ ကျေးဇူးတရားတွေအတွက်ပါ။

ကန်တော့ခြင်းဟာ အရိုအသေပြုခြင်းဆိုတာထက် ပိုတယ်လို့ ကျွန်တော့်စိတ်မှာ ခံစားရတယ်။ 
ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းဆိုတဲ့ ဘုရားရှိခိုးက စာသားလေးကို ကြားဖူးကြမှာပေါ့။ 
ကိုယ့်မှာရှိနေတဲ့ အရွယ်ရဲ့ မာန်၊ အဆင်းရဲ့မာန်၊ ပညာရဲ့မာန်၊ ဓနရဲ့မာန်၊ ရာထူးရဲ့မာန်။ 
အဲဒီမာန်တွေအားလုံးကို လျှော့ချပြီး ကျေးဇူးတရားကို ကန်တော့မိတယ်။

ကျေးဇူးဆိုတာ ချေလို့ မကျေပါဘူး။ ဒီအတွက် ဒီကျေးဇူးကို စိတ်ထဲကနေ မှန်းပြီး ကန်တော့တယ်။

အခုနောက်ပိုင်း ခရီးထွက်ရတာများတယ်။ အလုပ်ကများတယ်။ ကျန်းမာရေးကြောင့် ကိစ္စများတယ်။

ဒီတော့ ကန်တော့ရမယ့် ကျေးဇူးရှင်တွေကို လိုက်လံကန်တော့နိုင်မှု နည်းသွားတယ်။ 
ကျွန်တော့်ဖက်က ပျက်ကွက်မှုတွေ များလှတယ်။

ဒါပေမယ့် ကျွန်တော်သတိရရင် သတိရတိုင်း သီတင်းကျွတ်ကာလမှ မဟုတ်ဘဲ ကျေးဇူးရှိသူတွေကို 
စိတ်ထဲကနေ ကန်တော့လေ့ရှိပါတယ်။ 
ကျေးဇူးရှိသူတွေရဲ့ ကျွန်တော့်ပေါ်တင်နေတဲ့ ကျေးဇူးတွေကို သိရှိပြီး 
ကန်တော့ခြင်းနောက်မှာ သူတို့ကို စိတ်နဲ့ပဲဖြစ်ဖြစ်၊ နှုတ်နဲ့ပဲဖြစ်ဖြစ်၊ 
ကိုယ်ထိလက်ရောက်ပဲဖြစ်ဖြစ် မပြစ်မှားခြင်းဆိုတာကိုပါ 
အလိုလို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ပြစ်မှားပြီးမှ ခွင့်လွှတ်ပါလို့ 
ကန်တော့ရတာ အဆင်မပြေလှဘူးလို့ ကျွန်တော်တွေးမိလေ့ရှိတယ်။ 
ဒီတော့ ကျေးဇူးရှိသူတွေရဲ့ ကျေးဇူးကို သိရှိကန်တော့ခြင်းက 
ပြစ်မှားခြင်းတွေပါ ဆက်မဖြစ်စေတော့ဘူးလို့ ယုံကြည်တယ်။

မိဘဘိုးဘွားတွေကို လူဖြစ်လာစေမှုနဲ့ ကျွေးမွေးသွန်သင်ခဲ့မှုဆိုတဲ့ ကျေးဇူးတွေအတွက် ကန်တော့တယ်။

ဆရာ၊ ဆရာမတွေကို သင်ကြားဆုံးမပေးခဲ့မှုတွေအားလုံးအတွက် ကန်တော့တယ်။

အလုပ်နဲ့ ဆက်စပ်သူတွေကို ထိန်းကျောင်းလမ်းညွှန်မှုတွေအတွက် ကန်တော့တယ်။

ဒီလိုပဲ ကိုယ့်ထက်အသက်ငယ်လို့ ကျွန်တော်တို့ထုံးစံအရ 
ကန်တော့ဖို့ မလိုဘူးဆိုတဲ့သူတွေထဲမှာလည်း ကျွန်တော့်အပေါ် သဲမှုန်တစ်မှုန်စာ 
ကျေးဇူးပြုဖူးသူ ကျေးဇူးရှိသူတွေကစလို့ ကျေးဇူးရှိသူများကို 
သူတို့ရဲ့ ကျေးဇူးတွေကို အောက်မေ့သတိရရင်း 
သူတို့အတွက် ကောင်းတဲ့အရာတွေ ဖြစ်ပါစေလို့ ဘုရားကို ကန်တော့တယ်။

အတိတ်က ကျေးဇူးတရားတွေအားလုံးကို ဒီနေရာကနေ ကျွန်တော်ကန်တော့ လိုက်ပါကြောင်း။...

Source: https://www.facebook.com/yemin.oo.35/posts/1433847850068723 

No comments:

Post a Comment