Wednesday, August 24, 2022

သတိ

၁၉၈၉ခုနှစ် ကျွန်မနေအိမ်မှာ အကျဉ်းချခြင်းမခံရမီ ဆရာတော်ဦးပဏ္ဍိတကို ဖူးတွေ့ခွင့်ရခဲ့ပါတယ်။ ဆရာတော်က သမ္မာဝါစာလို့ ခေါ်တဲ့ မှန်တဲ့စကားကို ပြောဆိုခြင်းဟာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို ဟောကြားဆုံးမခဲ့ပါတယ်။ လူတစ်ယောက်အနေနဲ့ မှန်သောစကားကို ပြောရုံတင်မက သူပြောတဲ့စကားဟာ သတ္တဝါအချင်းချင်း သင့်မြတ်ညီညွတ်မှုကိုဖြစ်စေရမယ်၊ နူးညံ့သိမ်မွေ့မှုရှိရမယ်၊ အကျိုးရှိရမယ်လို့လည်း ဟောကြားခဲ့ပါတယ်။ လူသားတစ်ဦးအနေနဲ့ မှန်လည်းမှန်တယ်၊ အများအကျိုးလည်းရှိတယ်ဆိုရင် ကြားရတဲ့သူအဖို့ မနှစ်သက်တောင်မှ ဒီလိုစကားမျိုးကိုသာ ပြောဆိုခဲ့တဲ့ ဗုဒ္ဓရဲ့ စံနမူနာကို အတုယူသင့်တယ်လို့ ဆိုပါတယ်။ ဆရာတော်က ကျွန်မကို ‘သတိ’ ဆိုတာကို အမြဲလက်ကိုင်ထားဖို့လည်း တိုက်တွန်းပြောကြားသွားပါသေးတယ်။ သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်မှု၊ ဝီရိယလို့ခေါ်တဲ့ အားထုတ်မှု၊ သမာဓိလို့ခေါ်တဲ့ စိတ်တည်ငြိမ်မှု၊ ပညာလို့ခေါ်တဲ့ အသိဉာဏ်ရှိမှု၊ သတိလို့ခေါ်တဲ့ မမေ့မလျော့အမှတ်ရမှု ဆိုတဲ့ တရားငါးပါးထဲမှာ သတိတရားဟာ ပိုတယ်မရှိပါဘူး။ ပညာလုံလောက်စွာမပါတဲ့ သဒ္ဓါအားကြီးမှုဟာ မျက်ကန်းယုံကြည်မှုမျိုးဖြစ်စေပါတယ်။ လုံလောက်တဲ့ သဒ္ဓါမပါတဲ့ ပညာအားကြီးမှုဟာ မလိုလားအပ်သော ဉာဏ်နီဉာဏ်နက်များမှုမျိုး ဖြစ်စေပါတယ်။ သမာဓိအားနည်းပြီး ဝီရိယလွန်ကဲမှုဟာ ဂနာမငြိမ်ခြင်းကို ဖြစ်စေပါတယ်။ ဝီရိယ မလုံလောက်ဘဲ သမာဓိအားကြီးခြင်းဟာ ပျင်းရိခြင်းကို ဖြစ်စေပါတယ်။ ဒါပေမဲ့ လူတစ်ယောက်အတွက် သတိဆိုတဲ့ အရာကတော့ ဘယ်တော့မှပိုတယ် မရှိပါဘူး။ ဒါကြောင့်လည်း ‘သတိဆိုတာ ပိုသည်မရှိ၊ လိုသည်သာ ရှိ၏’ လို့ အဆိုရှိတာပါ။ ဆရာတော်ဦးပဏ္ဍိတက အထူးဂရုစိုက်ပြီး အလေးအနက်ဟောကြားခဲ့တဲ့ ဒီဗုဒ္ဓတရားရဲ့ မှန်ကန်မှုနဲ့ အဖိုးတန်မှုဟာ ကျွန်မနေအိမ်မှာ အထိန်းသိမ်းခံနေရတဲ့ကာလအတွင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ ဗုဒ္ဓဘာသာ၀င်တွေဖြစ်ကြတဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်များစွာတို့နည်းတူ အထိန်းသိမ်းခံနေရစဉ်ကာလအတွင်း ကျွန်မရဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချနိုင်ရန် ကျွန်မ ဝိပဿနာတရားထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာလွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သင်ကြားပြသပေးမယ့် ဆရာကလည်းမရှိတော့ ပထမဦးဆုံးစပြီး ကြိုးပမ်းစဉ်တုန်းက နည်းနည်း စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ် ဆိုတာထက် ပိုပါသေးတယ်။ တရားထိုင်တဲ့အခါ ကျင့်ကြံထားရှိရမယ့် စိတ်အတိုင်း ကျွန်မရဲ့စိတ်ကို မထိန်းချုပ်နိုင်တဲ့အခါ ကျွန်မအင်မတန်စိတ်တိုပြီး ဒီလိုလုပ်နေတာဟာ ကျွန်မကိုယ်ကျွန်မ ကောင်းကျိုးထက် ဆိုးကျိုးပြုနေတာလို့ ခံစားမိတဲ့ရက်တွေ ရှိခဲ့ပါတယ်။ တရားထိုင်ချင်သည်ဖြစ်စေ၊ မထိုင်ချင်သည်ဖြစ်စေ ကိုယ့်အကျိုးအတွက် ထိုင်သင့်တယ်ဆိုတဲ့ ထင်ရှားကျော်ကြားတဲ့ ဆရာတော်တစ်ပါး ဆုံးမခဲ့တဲ့ စကားတစ်ခွန်းသာမရှိခဲ့လို့ရှိရင် ကျွန်မလက်လျှော့ခဲ့မိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်မလည်း အံကြိတ်ပြီး ဆက်လက်ကြိုးစားခဲ့ပါတယ်။ တစ်ခါတစ်ရံမှာတော့ စိတ်ဓာတ်ခပ်ကျကျနဲ့ပါပဲ။ အဲဒီနောက် ကျွန်မရဲ့ခင်ပွန်းဖြစ်သူက ဆရာတော်ဦးပဏ္ဍိတရေးသားတဲ့ In This Very Life: The Liberation Teachings of the Buddha (ဘ၀သံသရာမှလွတ်မြောက်ရန် ဗုဒ္ဓ၏ဟောကြားဆုံးမချက်များ) ဆိုတဲ့စာအုပ် ကျွန်မကိုပေးပါတယ်။ အဲဒီစာအုပ်ကို သေသေချာချာလေ့လာရင်းနဲ့ တရားထိုင်တဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာတွေ၊ အကျိုးကျေးဇူးတွေက ဘာတွေလဲဆိုတာတွေကို ကျွန်မသိရှိနားလည်ခဲ့ပါတယ်။ တရားထိုင်ခြင်းက နေ့စဉ်လှုပ်ရှားနေရတဲ့ဘ၀မှာ သတိတရားလက်ကိုင်ထားမှု ပိုပြီးတိုးတက်စေပုံကို ကျွန်မသိရှိနားလည်ခဲ့ပါတယ်။ ကျွန်မလည်း ဆရာတော်ပြောကြားခဲ့တဲ့ သတိရဲ့အရေးကြီးပုံကို ၀မ်းမြောက်၀မ်းသာ ကျေးဇူးတင်စွာနဲ့ ထပ်ခါထပ်ခါ အမှတ်ရနေမိပါတယ်။ ကျွန်မရဲ့ နိုင်ငံရေးအလုပ်တွေမှာ ဆရာတော်သံဃာတော်များရဲ့ ဟောကြားဆုံးမမှုတွေက ကျွန်မကို များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။ အားအင်တွေများစွာ ဖြစ်စေခဲ့ပါတယ်။ ကျွန်မ တစ်ပြည်လုံးအနှံ့လှည့်လည်ပြီး ပထမဦးဆုံး စည်းရုံးရေး ခရီးထွက်ခဲ့စဉ်တုန်းက တိုင်းပြည်အနှံ့မှာရှိတဲ့ ဆရာတော်များထံကနေ အဖိုးမဖြတ်နိုင်တဲ့ အကြံဉာဏ်တွေ ရရှိခဲ့ပါတယ်။ ပြည်မြို့ကိုရောက်တော့ ဆရာတော်တစ်ပါးက သံသရာ၀ဋ်ဆင်းရဲမှ တစ်ကိုယ်တည်းဦးစွာ အရင်လွတ်မြောက်နိုင်တဲ့ အခွင့်အလမ်းကိုစွန့်လွှတ်ပြီး အခြားသူတွေကို ဆင်းရဲဒုက္ခမှ လွတ်မြောက်ရေးအတွက် ကယ်တင်ဖို့ ဘဝပေါင်းများစွား ကြိုးပမ်းခဲ့တဲ့ သုမေဓာရသေ့ကြီးကို စိတ်မှာအမြဲမှတ်ထားဖို့ ဆုံးမခဲ့ပါတယ်။ အဲဒီလိုပဲ ကျွန်မအနေနဲ့ ကောင်းမြတ်တဲ့အရာတွေ၊ တရားမျှတမှုတွေ ထွန်းကားစေရေးအတွက် လိုအပ်ရင် ဘယ်လောက်အချိန်ကြာသည်ဖြစ်စေ ကြိုးပမ်းအားထုတ်ဖို့ ပြင်ဆင်ထားရမယ်လို့ ဆရာတော်က အလေးအနက် တိုက်တွန်းခဲ့ပါတယ်။ ပခုက္ကူက ဘုန်းကြီးကျောင်းတစ်ကျောင်းကိုရောက်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀)ကျော်က ကျွန်မရဲ့ဖခင် အဲဒီကိုရောက်တုန်း ကျောင်းထိုင်ဆရာတော်တစ်ပါးက ဖေဖေ့ကို ဆုံးမသြ၀ါဒပေးခဲ့တဲ့အတိုင်း ကျွန်မကို ထပ်ပြီးတော့ ဆုံးမသြ၀ါဒပေးပါတယ်။ ‘ခြောက်တိုင်လည်း မကြောက်ပါနဲ့၊ မကြောက်ဘဲနဲ့လည်း မနေပါနဲ့၊ မြှောက်တိုင်းလည်း မမြောက်ပါနဲ့၊ မမြောက်ဘဲနဲ့လည်း မနေပါနဲ့’ ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် သတ္တိနဲ့ နိဝါတတရားကို ထိန်းသိမ်းရမှာဖြစ်သလို သတိသမ္ပဇဉ်နဲ့ ရှိအပ်တဲ့ ဂုဏ်သိက္ခာကို မပစ်ပယ်သင့်ဘူးဆိုတဲ့သဘောပါ။ ဖေဖေ့ရဲ့ဇာတိမြို့ဖြစ်တဲ့ နတ်မောက်ကိုရောက်တော့ ဖေဖေငယ်စဉ်တုန်းကစာသင်ခဲ့တဲ့ ဘုန်းကြီးကျောင်းကို ကျွန်မသွားခဲ့ပါတယ်။ အဲဒီမှာ ဆရာတော်က ကျဆုံးပျက်စီးခြင်း အကြောင်းတရားလေးပါးကို ဟောကြားခဲ့ပါတယ်။ ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်ရအောင်ကြိုးပမ်းမှုမရှိခြင်း၊ ပျက်စီးသွားတဲ့အရာတွေကို ပြုပြင်ရန်ပျက်ကွက်ခြင်း၊ သင့်တင့်လျောက်ပတ်သော ခြိုးခြံချွေတာမှုပြုလုပ်ဖို့ လိုအပ်တာကို အလေးဂရုမပြုခြင်း၊ အကျင့်သီလ ဒါမှမဟုတ် စာပေပညာမရှိတဲ့သူတွေကို ခေါင်းဆောင်တင်မြှောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ တရားမျှတပြီး သာယာဝပြောတဲ့ လူ့ဘောင်အဖွဲ့အစည်းကို ထူထောင်နိုင်ဖို့ရာအတွက် အဲဒီရိုးရာအစဉ်အလာ ဗုဒ္ဓဘာသာအဆုံးအမတွေကို ဘယ်လို အဓိပ္ပာယ်ကောက်ယူပြီး နားလည်သင့်တယ်ဆိုတာကိုလည်း ဆရာတော်က ရှင်းပြလိုက်ပါသေးတယ်။ မြန်မာပြည်အလယ်ပိုင်းတစ်ခွင် ခရီးထွက်စဉ် ကျွန်မမှတ်သားခဲ့ရတဲ့ ဆုံးမစကားတွေထဲမှာ စစ်ကိုင်းမြို့က သက်တော်(၉၁)နှစ်ရှိ ဆရာတော်တစ်ပါးရဲ့ ဆုံးမစကားကို ကျွန်မ ထူးထူးခြားခြားမှတ်မိနေပါတယ်။ မြန်မာပြည်ဒီမိုကရေစီရေးအတွက် ကြိုးပမ်းအားထုတ်ရတာ ဘယ်လိုနေမယ်ဆိုတာကို ဆရာတော်က တိုတိုနဲ့ ထိထိမိမိ ရှင်းပြသွားခဲ့ပါတယ်။ ‘ရိုးသားတဲ့ နိုင်ငံံရေးလုပ်တဲ့အတွက် ကျွန်မဟာ တိုက်ခိုက်ခြင်းခံရမယ်၊ ကြမ်းတမ်းတဲ့ စကားလုံးတွေသုံးစွဲပြီး ပြစ်တင်ဝေဖန်တာ၊ စွပ်စွဲတာခံရမယ်’ လို့ ဆရာတော်က မြွက်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ‘ကျွန်မအနေနဲ့ မလျှော့သောဇွဲနဲ့ ကြိုးစားရမယ်၊ ဒုက္ခကို အရင်းအနှီးပြုလုပ်နိုင်လို့ရှိရင် သုခအကျိုးအမြတ်ကို ခံစားရလိမ့်မယ်’ လို့ ဆရာတော်က မြွက်ကြားခဲ့ပါတယ်။ အောင်ဆန်းစုကြည် စက်တင်ဘာ(၉)၊ ၁၉၉၆ ( Eternal Light Magazine, Volume 2 No.10, 2012 December )

No comments:

Post a Comment